အခန်း (၇၄၁-၇၄၄)
Vol. 38 Ch. 741-744
Space and Rebirth 741
မဒမ်ကျိုး၏မျက်နှာသည် လုပ်ချင်ကိုင်ချင်စိတ်မရှိသည့်ဟန်ဖြင့် ပြည့်နှက်နေသည်။ သူမသည် ပုတီးနှစ်လုံးကို တစ်လုံးပြီးတစ်လုံးဆွဲဖြုတ်လိုက်ကာ ထပ်မံစမ်းသပ်လိုက်သော်လည်း ရလဒ်မှာ ဆိုးရွားသောအနံ့အသက်ဖြစ်နေဆဲဖြစ်သည်။
သူမမျက်နှာသည် ဒေါသအရိပ်အယောင်များဖြင့် ပေါက်ကွဲလုမတတ်ဖြစ်နေတော့၏။
ဤအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းထင်ထားသလိုပင် မဒမ်ကျိုးသည် စိတ်ထဲ၌ သူမမောင်အရင်းကို သူမကျိန်ဆဲနေလေသည်။
ထိုအချိန်က သူမသည် ကျောက်စိမ်းနှင့်ရွှေများကို အလွန်တောဆန်လွန်းသည်ဟု ထင်ခဲ့သည်။ သစ်မွှေးလက်ကောက်မှာ ၎င်းတို့ထက်ပိုကောင်းကြောင်း၊ အသိတစ်ယောက်ဆီမှ သူမအတွက်ဝယ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သူမှာ သူမမောင်ဖြစ်၏။ ထိုအချိန်က သူမမောင်သည် ရိုးသားဟန်ရှိခဲ့ပြီး လူများစွာက ဤလက်ကောက်ကို ဝယ်ချင်နေသော်လည်း သူသည် အရောင်းသမားနှင့် ခင်သောကြောင့် ဝယ်ပေးနိုင်ခြင်းဖြစ်သည်ဟု ပြောခဲ့ပေသည်။ ထိုစဥ်က သူမမောင်လေးသည် အစ်မဖြစ်သူအတွက် စဥ်းစားပေးတတ်သည်ဟု တွေးခဲ့ပြီး သူမအား လက်ကောက်အတုပေးမည်ဟု လုံးဝမထင်မှတ်ခဲ့ချေ။
ဤသစ်၏အမည်မှာ လူသေသစ်ကိုင်းဖြစ်၏။ ကြားလိုက်သည်နှင့် ကျက်သရေမရှိပေ!
လက်ရှိအချိန်တွင် မဒမ်ကျိုးသည် မသန့်ရှင်းသောတစ်စုံတစ်ရာက သူမကိုစိုက်ကြည့်နေသကဲ့သို့ တစ်ကိုယ်လုံးကို ထိုင်းမှိုင်းသောခံစားချက်များ လွှမ်းခြုံသွားတော့၏။ သူမသည် အလွန်ပင်နေမထိထိုင်မသာဖြစ်နေသည်။ လေထုထဲရှိ ဆိုးရွားသောအနံ့အသက်က သူမအား ကြက်သီးမွေးညင်းများ ထစေ၏။ သူမသည် ဒေါသတကြီးဖြင့် နှာခေါင်းကိုလက်ဖြင့်ပိတ်ကာ ရွံရှာဟန်အပြည့်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူမသည် စိတ်ပျက်လက်ပျက်ဖြင့် အနောက်သို့လှည့်ထွက်သွားရန် ဟန်ပြင်လိုက်တော့သည်။
ဟော်ထျန်းရှန်း ပါးစပ်ကိုဖွင့်ကာ သူမအနောက်မှ တီးတိုးပြောလိုက်၏။
“မဒမ်ကျိုး တစ်ခုခုမေ့နေပြီမထင်ဘူးလား?”
ထိုအရာကို ကြားလိုက်သောအခါ မဒမ်ကျိုးသည် သူမအိတ်ထဲမှ ယွမ်တစ်သိန်းအုပ်ကို ဆိုဖာပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်သည်။
သူတို့လောင်းကြေးထပ်ခဲ့စဥ်က နှစ်ဦးနှစ်ဖက်လုံးသည် ငွေထုတ်ထားနှင့်ပြီဖြစ်၏။ မိမိစကားအား မတည်ကြမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်သည်။ ဟော်ထျန်းရှန်းသည် ပိုက်ဆံပစ်ချပေးသည်ကို လုံးဝစိတ်မဆိုးဘဲ ၎င်းအား ပျော်ရွှင်ကျေနပ်စွာ လက်ထဲသို့ကောက်ယူလိုက်၏။ ငွေသားအချို့ကို ကျင်းယွင်ကျောင်းအား သူမပေးလိုက်သည်။
“နင်တစ်ဝက် ငါတစ်ဝက်ပေါ့၊ နင့်ကျေးဇူးကြောင့် ငါလည်းမုန့်ဖိုးနည်းနည်းပါးပါး ရှာနိုင်ခဲ့တာလေ၊ နောက်တစ်ခါ ဒီလိုမျိုးပွဲကြီးပွဲကောင်းရှိရင် ငါ့ကိုခေါ်ရမယ်နော်”
မည်သူက နိုင်ရန် သေချာနေသည့် လောင်းကြေးမျိုးကို မပါဝင်လိုဘဲ နေမည်နည်း?
မဒမ်ကျိုးသည် ဒေါသထွက်လွန်းသဖြင့် သူမနားထင်ရိုးများ ကိုက်လာတော့သည်။ သူမသည် ကျင်းယွင်ကျောင်းအား စူးရဲစွာ စိုက်ကြည့်ပြီး ကျိုးမေ့ကျွန်းအားဆွဲကာ ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်ဖြင့် အလှပြင်ဆိုင်မှ ထွက်သွားတော့၏။
မဒမ်ကျိုးနှင့် သူမသမီးထွက်သွားသည်နှင့် ချက်ချင်းဆိုသလို လူများစွာ အသက်ဝင်လာကြတော့သည်။
“ကျင်းကျင်း၊ နင်အရမ်းမိုက်တာပဲ! ခုနက ကျိုးမေ့ကျွန်းမျက်လုံးတွေ ပြူးထွက်နေတာ ကျွတ်တောင်ကျတော့မယ်၊ နင့်လက်ထဲက ငွေအုပ်ကို မြင်လိုက်ရတုန်းက သူ့မျက်နှာဖြစ်သွားတဲ့ပုံစံက အရမ်းရယ်ရတာပဲ ရင်ထဲအသည်းထဲထိ ခံစားသွားရတာနေမယ်!”
ဘေဘီယောင်သည် ကြည်ညိုလေးစားသောအကြည့်များဖြင့် ပြောလိုက်သည်။
ရှန်တုန်းသည်လည်း အလွန်အံ့အားသင့်နေ၏။
“အစက သူတို့ကိုတမင်ဒေါသထွက်အောင်လုပ်ဖို့ နောက်ပြောနေတာထင်တာ၊ လက်စသတ်တော့ အမှန်တွေဖြစ်နေတာပဲ တကယ်အထင်ကြီးစရာကောင်းလိုက်တာ...ဒါနဲ့ အဲ့လက်ကောက်က သစ်မွှေးအစစ်မဟုတ်မှန်း ဘယ်လိုသိလဲ? အဲဒါအပြင် သူ့ရဲ့ အနံ့နဲ့ အသွင်အပြင်က သစ်မွှေးနဲ့တစ်ပုံစံတည်းပဲလို့ ပြောခဲ့သလားလို့...”
“ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ သုံးလို့ရတဲ့အပင်တွေကို အထိအတွေ့များခဲ့လို့ အတုအစစ်ခွဲနိုင်တာပါ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှန်တုန်းခေါင်းငြိမ့်ကာ ချက်လက်မှတ်နှင့်စာချုပ်ကို ထုတ်လိုက်သည်။
“ဒါတွေက...”
“အန်တီတုန်း၊ သမီးနောက်နေတာမဟုတ်ပါဘူး၊ အန်တီတုန်း ရင်းနှီးမြုပ်နှံမှုလိုတယ်ဆိုရင် ငွေကိုလက်ခံလိုက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့်ကိစ္စပဲလေ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“အာ...အန်တီ့ရဲ့ရှယ်ယာရှင်ဖြစ်သွားပြီဆိုတော့ အလှပြင်ဆိုင်နဲ့ပတ်သတ်တဲ့ အခြေအနေတွေကို ပုံမှန်အစီရင်ခံပါ့မယ်၊ ဒီငွေကို အလဟာသမဖြစ်စေရဘူးလို့ ကတိပေးတယ်”
ရှန်တုန်းသည် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
သူမစိတ်ထဲတွင် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ သိချင်စိတ်သည် ကြီးမားသထက် ကြီးမားလာလေသည်။
သူမရှေ့မှောက်ရှိ မိန်းကလေးငယ်မှာ အနည်းငယ်လျှို့ဝှက်ဆန်းကြယ်ပြီး သူမ၏ပြုမူပြောဆိုပုံကြောင့် အခြားသူများ၏မျက်လုံးများ ဝင်းလက်လာစေ၏။ သို့ရာတွင် သူမသည် မိဘမဲ့တစ်ဦးဖြစ်ပြီး နယ်မှတက်လာသူတစ်ဦးဖြစ်ကြောင်း ကျိုးမေ့ကျွန်းမှ ပြောခဲ့သည်။၏
“အန်တီတုန်းက အရမ်းယုံကြည်ရတဲ့လူပါ နင်စိတ်ချနေလို့ရတယ်”
ဟော်ထျန်းရှန်းမှ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
“ဒါနဲ့ ငါတို့ကိုထမင်းလိုက်ကျွေးမယ်လို့ နင်အရင်တုန်းကပြောဖူးတာ ငါမှတ်မိသေးတယ် ငါတို့တွေဒီနေ့ငွေအများကြီးရှာနိုင်ခဲ့တော့ ကျွေးရင် အားမနာတမ်းစားပြီနော်!”
ကျင်းယွင်ကျောင်းမတတ်သာဟန်ဖြင့် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
“ဆိုင်ကိုနင်တို့ပဲရွေးလိုက်ကြတော့”
ဟော်ထျန်းရှန်းမျက်ခုံးများကို ပင့်လိုက်ကာ ပျော်ရွှင်မှုဖြင့် မျက်နှာတစ်ခုလုံး ဝင်းလက်တောက်ပသွားတော့၏။
ကျင်းယွင်ကျောင်း၏ မိသားစုသည် သူမတို့လောက် စားနိုင်သောက်နိုင်မည်မဟုတ်ဟု အစက သူမထင်ခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းဘက်မှ ထမင်းကျွေးမည်ဟုပြောစဥ်က သူမသည် မိမိကိုယ်ကိုစိတ်ထိန်းရန် ဆုံးဖြတ်ခဲ့၏။ ထိုမိန်းကလေးသည် တစ်ချီတည်းဖြင့် ယွမ်ဆယ်သန်းအား ထုတ်ပေးနိုင်မည့်သူဟု မည်သူကထင်ခဲ့မည်နည်း? သူမ ဟော်ထျန်းရှန်းထက်ပင် ရက်ရောနေသေးသည်။ သူမအတွက် ဟော်ထျန်းရှန်းစိတ်ပူစရာ လုံးဝမရှိခဲ့ချေ။
Space and Rebirth 742
ယခင်က သူတို့သည် ကျင်းယွင်ကျောင်းနှင့် ပြောဆိုဆက်ဆံခဲ့စဥ် ကျန်သုံးဦးသည် အမြဲတစေ စကားကိုသတိထားပြောနေခဲ့ကြသည်။ ကျင်းယွင်ကျောင်းမှာ ငွေလိုနေသည့်ပုံမပေါက်သော်လည်း မိဘမဲ့တစ်ဦးဖြစ်နေသေးသည်မဟုတ်လော။ သူမလိုလူမျိုးက ငွေကိုလိုအပ်နိုင်ချေရှိသည်ဟု ပြောလျှင် မှားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စကားပြောသော်လည်းကောင်း၊ ဤတစ်ခေါက် အပြင်ထွက်လျှင်သော်လည်းကောင်း သူတို့သည် မိမိတို့ကိုယ်ကိုထိန်းပြောရန် အဆင်သင့်ဖြစ်နေခဲ့ကြ၏။ ကျင်းယွင်ကျောင်းနှင့် အထိအတွေ့မရှိခဲ့သောအရာများကို မဆင်မခြင်ပြောမိပြီး သူမအား အနေရခက်အောင် မလုပ်ချင်လိုခဲ့ကြပေ။
သို့ရာတွင် ယခုမူ အခြေအနေပြောင်းပြန်လှန်သွားချေပြီ။
ငွေကြေးပိုင်ဆိုင်ခြင်း၊ မပိုင်ဆိုင်ခြင်းက ကွာခြားမှုသိပ်မရှိလှချေ။ ဤအခိုက်အတန့်တွင် သူတို့သည် စကားထိန်းပြောရန် မလိုအပ်တော့ခြင်းသာဖြစ်သည်။
ယခင်ကဆိုလျှင် တစ်ခါတစ်ရံ၌ ဤစျေးကြီးပစ္စည်းများအကြောင်း ဆွေးနွေးနေလျှင် အနည်းနှင့်အများ ကြွားလုံးထုတ်နေသည်ဟု ထင်စရာအကြောင်းရှိသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဤပစ္စည်းများကို လုံးဝမလိုအပ်ခဲ့ပေ။ ဤအရာများကို အသေးအဖွဲတမျှ ပြောနေခဲ့၏။
လေးဦးသားသည် အရေပြားထိန်းသိမ်းရေးလုပ်ရင်း တစ်ဝက်တစ်ပျက်ဖြင့် နှောင့်ယှက်ခံခဲ့ရလေသည်။ သို့သော် အချိန်ကြာမြင့်စွာ နှောင့်ယှက်ခံလိုက်ရသဖြင့် ထိုအလှပြုပြင်ရေးအား ဆက်လက်ခံယူရန် စိတ်မပါကြတော့ချေ။ သူတို့သည် အခြားအရာများဖြင့်သာ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး အပြင်တွင် ထမင်းထွက်စားသောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
သို့ရာတွင် ကုန်ကျစရိတ်ကြီးမားသောနေရာမဟုတ်ပေ။ ကျင်းယွင်ကျောင်းသည် ငွေကိုဖြုန်းတတ်သူမဟုတ်သောကြောင့်ဖြစ်သည်။ ထို့အပြင် သူမသည် စျေးထက် အရည်အသွေးကိုသာ ဦးစားပေးတတ်ပေသည်။ ထို့ကြောင့် သူတို့သည် အလယ်တန်းစား စားသောက်ဆိုင်တစ်ဆိုင်သို့ သွားလိုက်ကြ၏။ ဟော်ထျန်းရှန်းမှာမူ ရောက်သည့်နေရာတွင် လိုက်လျောညီထွေနေနိုင်စွမ်း မြင့်မားသဖြင့် စျေးကြီးသည်၊ မကြီးသည်ကို ဂရုမစိုက်ချေ။
ဟော်ထျန်းရှန်းသည် စားသောက်ရင်းတန်းလန်းဖြင့် ထမေးလိုက်၏။
“အာ ဟုတ်သားပဲ ငါအရင်ကတည်းက မေးချင်နေတဲ့မေးခွန်းတစ်ခုရှိတယ်၊ ချီကျုံးနဲ့ပတ်သတ်တာလေ...သူငါ့ကို ဆေးဌာနထဲမခေါ်သွားခင်က နင့်ကို မရီးလို့ခေါ်လိုက်တယ်မှတ်လား?”
ကျင်းယွင်ကျောင်းသည် သူမပါးစပ်ထဲရှိ ထမင်းများကို ထွေးထုတ်လုမတတ်ဖြစ်သွားသည်။
“နင်နားကြားမှားတာနေမှာပါ”
ကျင်းယွင်ကျောင်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။
“ဟုတ်လား?”
ဟော်ထျန်းရှန်း မျက်ခုံးများကိုပင့်လိုက်သည်။
“ညီမလေးကျင်း၊ နင်က လိမ်ရတာကို ကြိုက်တဲ့ပုံမပေါ်ဘူး နင့်နားတွေနီနေတာသိလား?”
“ငါလည်းအဲ့တုန်းကကြားလိုက်မိတယ်ထင်တယ် ထျန်းရှန်းကိုစိတ်ပူနေလို့ ငါလည်းပြောဖို့မေ့သွားတယ် ကျင်းကျင်း၊ သူပြောတာဟုတ်တယ် နည်းပြက နင့်ကိုသေချာပေါက် မရီးလို့ခေါ်လိုက်တာ!”
ဘေဘီယောင်သည်လည်း သေချာမှုပြည့်နေသောအကြည့်ဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။
“ပြောစမ်း အဲဒီအစ်ကိုကြီးကဘယ်သူလဲ? ဒါပေမယ့် ချီကျုံးဆိုတာ မခံမရပ်နိုင်စရာကောင်းလောက်အောင် သူ့ကိုယ်သူအထင်ကြီးနေပြီး မိန်းကလေးတွေကို ညှာတတ်တဲ့လူမဟုတ်ဘူး၊ သူလိုလူမျိုးက တခြားတစ်ယောက်ကို အစ်ကိုကြီးလို့ခေါ်တယ်ဆိုကတည်းက အဲ့လူက သူ့အစ်ကိုရင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဉာဏရော ခွန်အားပါ နှစ်မျိုးစလုံး သူ့ကိုအနိုင်ပိုင်းခဲ့တဲ့လူပဲဖြစ်မယ်၊ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် ငါတို့ထက်တော့ အနည်းဆုံး ရှစ်နှစ်၊ ကိုးနှစ်လောက်ကြီးတယ်မလား?”
ဟော်ထျန်းရှန်းသည် သူမတူအား ပန်းကန်ပြားပေါ်သို့ ခေါက်ရင်း ဖြည်းဖြည်းချင်းပြောလိုက်၏။
လီရှောက်ယွင်သည် ယခုအချိန်ဆိုလျှင် ၂၆-၂၇ နှစ်ခန့်ရှိနေလေပြီ။ သူမပြောနေသည်မှာ သွေးထွက်အောင် မှန်နေ၏။
သူ၏ဉာဏ်ရည်နှင့် ခွန်အားအပိုင်းတွင်မူ...
လီရှောက်ယွင်သည် သူ့ကိုယ်သူဖုံးကွယ်ရာ၌ အလွန်ကျွမ်းကျင်သဖြင့် သူနှင့်ပတ်သတ်သောအရာများကို ကျင်းယွင်ကျောင်းသိပ်မသိချေ။ ဟွားနင်ခရိုင်တွင်ရှိစဥ်က သူသည် လူမြင်ကွင်းထဲသို့မရောက်ရန် ကြိုးစားနေထိုင်ခဲ့သည်။ သူသည် သာမန်လူများထက် အနည်းငယ်ထူးခြားသည့်ပုံသာပေါက်သော်လည်း လက်တွေ့တွင် သူ၏ဉာဏ်ရည်သည် နိမ့်မည်မဟုတ်သလို သူ၏စွမ်းရည်မှာလည်း မသေးလောက်ချေ။
လီရှောက်ယွင်အကြောင်းတွေးလိုက်သောအခါ ကျင်းယွင်ကျောင်း၏ရင်ထဲတွင် ထူးခြားသောခံစားချက်တစ်မျိုးကို ခံစားလိုက်ရသော်လည်း သူမဘာမှထုတ်မပြောချေ။
“နောက်ကျမှ ဒီအကြောင်းဆက်ပြောမယ်”
ကျင်းယွင်ကျောင်းတည်ငြိမ်စွာ ပြောလိုက်၏။
ဟော်ထျန်းရှန်းပြုံးလိုက်တော့သည်။
“ကြည့်စမ်း ဒီလူကနင့်အတွက် တော်တော်ထူးခြားတဲ့ပုံပဲ”
သူမသည် အစက ဤအတိုင်းမေးလိုက်ခြင်းသာဖြစ်သည်။ ကျင်းယွင်ကျောင်း၏စရိုက်မှာ အေးစက်တည်ငြိမ်လွန်းလှသည်မဟုတ်လော။ သူမဘက်မှ အခြားလူတစ်ယောက်အား သဘောကျနိုင်ချေမှာ သိပ်မမြင့်မားလှပေ။ သို့ရာတွင် ယခု သူမ၏တုံ့ပြန်ပုံကို ကြည့်လိုက်ရသောအခါ သူမဘက်ကမကြိုက်လျှင်ပင် ထိုလူသည် အခြားသူများနှင့်အတန်ငယ်ကွာခြားနေဟန်ရ၏။ မဟုတ်လျှင် ကျင်းယွင်ကျောင်းမျက်နှာသည် ထိုသို့ဖြစ်နေမည်မဟုတ်ပေ။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် တဖြည်းဖြည်း ပို၍သိချင်လာမိသည်။ သာမန်ယောက်ျားတစ်ဦးမှ ကျင်းယွင်ကျောင်း၏ရင်ထဲတွင် ထူးထူးခြားခြားနေရာတစ်နေရာယူနိုင်သည်မှာ လွယ်ကူမည်မဟုတ်ချေ။ ကြည့်ရသလောက် ချီကျုံး၏အစ်ကိုကြီးသည် ကျင်းယွင်ကျောင်းအပေါ် အလွန်ကောင်းဟန်တူ၏။
ကျင်းယွင်ကျောင်းမျက်နှာသည် ခဏတာမျှ ပြာပြာသလဲလဲဖြစ်သွားသော်လည်း ချက်ချင်းဆိုသလို ဣန္ဒြေကိုထိန်းလိုက်လေ၏။
Space and Rebirth 743
ဟော်ထျန်းရှန်းသည် မည်သည့်အချိန်တွင် ကျီစယ်မှုရပ်တန့်ရမည်ကို သိပေ၏။ ကျင်းယွင်ကျောင်း၏မျက်နှာထားကို ခေတ္တမျှ စောင့်ကြည့်အကဲခတ်ပြီးနောက် မေးခွန်းများထပ်မမေးတော့ချေ။ သို့ရာတွင် ကျင်းယွင်ကျောင်းဖြစ်သွားသည့်ပုံစံအရ သူမသည် ဤကိစ္စအား တဖြည်းဖြည်းပို၍ စိတ်ဝင်စားလာမိသည်။
ညစာစားပြီးနောက် လေးဦးသားသည် A တက္ကသိုလ်အနီးတစ်ဝိုက်ရှိ လမ်းများတွင် လမ်းလျှောက်ထွက်လိုက်သည်။ ကျင်းယွင်ကျောင်းသည် နေ့စဥ်သုံးပစ္စည်းများစွာကို ဝယ်ယူခဲ့ပြီး နောက်ဆုံးတွင် အဆောင်သို့ပြန်ချိန်၌ ၎င်းတို့ကိုပြန်သယ်ဆောင်သွားလေသည်။
ထိုအချိန်တွင် ကျိုးမေ့ကျွန်းသည် ကျောင်းသို့ပြန်ရောက်နေလေပြီ။ မဒမ်ကျိုးမှာမူ အိမ်တွင် တစ်ယောက်တည်း ဒေါသဖြင့်လောင်မြိုက်နေ၏။
သူမအမျိုးသားမှာ ပွဲလမ်းသဘင်တစ်ခုတက်ရောက်နေသဖြင့် အိမ်တွင်မရှိချေ။ သူမသည် သစ်မွှေးလက်ကောက်အတုတစ်ကွင်းအပေါ်တွင် ယွမ်ရာထောင်ချီသုံးစွဲခဲ့ကြောင်းသာ သူမအမျိုးသားသိလျှင် ယခင်ကလောက် သူမ၏မောင်လေးအား ချီးကျူးယုံကြည်တော့မည်မဟုတ်ပါပေ။
“အစ်မ၊ ဘာလို့ရုတ်တရတ်ကြီးခေါ်လိုက်တာလဲ? သိတဲ့အတိုင်း ကျောင်းလည်းစနေပြီမို့လို့ နောက်နှစ်ရက်အတွင်း အတန်းတွေအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတော့မှာ...”
ထိုလူမှာ စိတ်ရှုပ်ဟန်ဖြင့် ပြောလိုက်သည်။
မဒမ်ကျိုးသည် အသက်လေးဆယ်အစောပိုင်းတွင်ရှိနေပြီး သူမမောင်လေးမှာ အသက်သုံးဆယ်ဝန်းကျင်ဖြစ်သည်။ ထိုသူသည် အဖြူရောင်ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဘောင်ရွှေကွပ်ထားသောမျက်မှန်များကို ဝတ်ဆင်ထားပြီး စတုရန်းကျသောမျက်နှာပေါက်ရှိ၏။ သူ့အားကြည့်ရသည်မှာ ဗဟုသုတကြွယ်ဝသော ပညာတတ်တစ်ဦးဖြစ်ဟန်တူသည်။
သို့ရာတွင် သူ၏တစ်ခုတည်းသောပြစ်ချက်မှာ သူ၏မေးနားတွင် ဧရာမမှဲ့တစ်ပေါက်ရှိသဖြင့် လူလိမ်လူညစ်ပုံစံပေါက်နေခြင်းဖြစ်သည်။
မဒမ်ကျိုးသည် ဆိုဖာပေါ်တွင်ထိုင်ရင်း သူမမောင်ဖြစ်သူကို မော့ကြည့်လိုက်၏။ သူမရင်အစုံသည် ဒေါသဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမလက်ထဲမှပစ္စည်းများကို ရှေ့မှောက်ရှိ စားပွဲခုံပေါ်သို့ ဆောင့်ချပြီး ပြောလိုက်၏။
“တုရုန်ယန်း! နင်ဘယ်လောက်ကြာကြာ ငါ့ကိုလိမ်နေမှာလဲ?!”
တုရုန်ယန်း လန့်ဖျပ်သွားတော့၏။ သူသည် စားပွဲပေါ်မှ ပြန့်ကျဲနေသောပုတီးလုံးများကို ဝေ့ကြည့်ပြီး အနည်းငယ်မလုံမလဲဖြစ်သွားသည်။
“အစ်မ၊ ဒါဘာအဓိပ္ပာယ်လဲ? ဒီနေ့ မေ့ကျွန်းနဲ့အတူ မျက်နှာပေါင်းတင်ဖို့သွားတာမဟုတ်ဘူးလား? ဘာလို့ရုတ်တရတ်ကြီးဒေါသထွက်နေတာလဲ?”
“မျက်နှာပေါင်းတင်တာတွေ ဘာတွေ ငါ့ကိုလာမပြောနဲ့! ရုန်ယန်း၊ ငါ့မှာတော့ နင့်အပေါ်ကောင်းခဲ့တာကို နင်ကအခု ငါ့ကိုပါလိမ်နေပြီလား?!”
မဒမ်ကျိုးသည် ဒေါသစိတ်ဖြင့် တုန်ယင်နေ၏။ သူမသည် ပုတီးလုံးများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ငါဒီနေ့ဘယ်လောက်တောင် အရှက်ကွဲခဲ့ရလဲနင်သိလား? ငါဝတ်ထားတဲ့ဟာက သစ်မွှေးလုံးဝမဟုတ်ဘဲ လူသေသစ်ကိုင်းတဲ့! အတုတဲ့လေ!”
ရုန်ယန်းနှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသည်။ သူသည် ခြောက်ကပ်စွာရယ်မောကာ ပြောလိုက်၏။
“ဒါအတွက်နဲ့ ဒေါသထွက်နေတာလား? အစ်မရယ်၊ အစစ်ကိုအစစ်မှန်းမသိတဲ့လူတွေ ဒီလောက်များတာကို၊ ဒီပစ္စည်းက ကြည့်လိုက်တာနဲ့ အစစ်မှန်းသိသာတယ်၊ ဘယ်သူကများအတုလို့ပြောရဲတာလဲ? ကျွန်တော်သွားပြောပေးမယ်!”
မဒမ်ကျိုးသည် လှောင်ရယ်သံပြုလိုက်ပြီး သူမမောင်ဖြစ်သူကို ကြည့်လိုက်၏။
“နင်တကယ်မသိတာလား?”
“အစ်မ! ကျွန်တော်က အစ်မကို ဘယ်တုန်းကလိမ်ဖူးလို့လဲ? ပြီးတော့ အစ်မမောင်လေးက တက္ကသိုလ်ပါမောက္ခတစ်ယောက်ပါဗျ လုပ်စရာရှိရင် လူသိရှင်ကြားပဲလုပ်တယ် ဘယ်လိုလုပ်အစ်မကို လိမ်မှာလဲ?”
သူ၏နဖူးပြင်မှ ဇောချွေးများသည် အောက်သို့စီးကျလုနီးပါးရှိနေလေပြီ။
ဤပစ္စည်းသည် အတုဖြစ်ကြောင်း သူ၏အစ်မသိသွားသည်ကိုသာ သူကြားထားခဲ့လျှင် မိမိကိုယ်မိမိစိတ်ပြင်ဆင်ရန် မေ့ကျွန်းအား ကြိုတင်ဖုန်းဆက်ခဲ့ပေမည်...
“အခုထိငြင်းချင်သေးတာလား? ငါဒီနေ့ဆိုးဆိုးရွားရွား အရှက်ခွဲခံခဲ့ရလွန်းလို့ ခေါင်းတောင်မဖော်နိုင်ခဲ့ဘူး”
မဒမ်ကျိုးသည် သူမမောင်ဖြစ်သူ၏ အူကြောင်ကြောင်မျက်နှာထားကိုကြည့်ပြီး ဒေါသအနည်းငယ်ပြေသွားသည်။
“နင်တကယ်လွန်လွန်းတယ် ဒီပစ္စည်းတွေရဲ့အရည်အသွေးကို စစ်ကြည့်နိုင်တဲ့ နည်းလမ်းကောင်းရှိတယ်ဆို? နောက်ဆုံးတော့ မီးရှို့ကြည့်လိုက်တာနဲ့ ချက်ချင်းပေါ်တာပဲ အနံ့ကဆိုးလိုက်တာဆိုတာ၊ ငါတော့ နောက်ရက်ပိုင်းအတွင်း အိမ်ပြင်မထွက်ချင်တော့ဘူး၊ ဘာလို့ ဒီသစ်မွှေးလက်ကောက်ကို မဝတ်တော့တာလဲလို့ ငါ့သူငယ်ချင်းတွေကသာမေးရင် ငါဘယ်လိုပြန်ဖြေရမယ်ဆိုတာ တကယ်မသိဘူး!”
ကျင်းယုသည် အမှန်ပင်တောဆန်သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းအား အတုမှန်း မသိခဲ့ချေ။ ဤသည်မှာ ယွမ်ပေါင်းရာထောင်ချီတန်သောပစ္စည်းဖြစ်၏။ သာမန်မိသားစုတစ်စုလျှင် ထိုပမာဏအား ရရှိရန် နှစ်နှစ်ဆယ်မျှ အလုပ်လုပ်ရမည်ဖြစ်သည်!
တုရုန်ယန်းသည် စိတ်ထဲတွင် သက်မချလိုက်သော်လည်း အနည်းငယ်သင်္ကာမကင်းဖြစ်သွားသည်။ သူ၏အစ်မဖြစ်သူသည် အဘယ်ကြောင့် အတုအစစ်ခွဲခြားရန်အတွက် မီးမြှိုက်ဖို့စဥ်းစားလိုက်ရသနည်း?
“အစ်မ၊ ကျွန်တော်လည်း အခုမှသိတာ၊ တကယ်တောင်းပန်ပါတယ် အားလုံးကျွန်တော့်အပြစ်တွေပါပဲ။ ကျွန်တော် အဆင်အခြင်မဲ့လွန်းပြီး အလိမ်ခံလိုက်ရလို့ အစ်မမျက်နှာပျက်အောင် လုပ်မိသွားပြီ၊ ဒီလိုလုပ်ပါလား? အဲ့ငွေကို ပြန်လျော်ပေးမယ် ကျွန်တော့် တစ်လဝင်ငွေက သိပ်မများပေမယ့် တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်နေတုန်းပဲလေ...”
တုရုန်ယန်းသည် အရှက်ရသည့်ဟန်ပေါက်နေပြီး အနည်းငယ်ချီတုံချတုံဖြစ်နေလေသည်။ မဒမ်ကျိုးသည် ထိုအရာကို မြင်လိုက်သောအခါ ချက်ချင်းပင် စိတ်ပျော့သွားတော့၏။
Space and Rebirth 744
သူတို့၏ တုမိသားစုသည် သာမန်လူလတ်တန်းစားမိသားစုဖြစ်ခဲ့ပြီး သူတို့၏မိဘများမှာ ပညာသိပ်မတတ်လှချေ။ သူမမောင်လေးသည် နောက်ဆုံးတွင် တက္ကသိုလ်ကောင်းတစ်ခုသို့ တက်ရောက်နိုင်ခဲ့ပြီး ထိုကျောင်းတွင်သာ စာသင်ရန်ပြန်နေခဲ့သည်။ သူမကိုယ်တိုင်သည်လည်း ခင်ပွန်းကောင်းတစ်ဦးကို ရထားသဖြင့် ယွမ်တစ်သိန်းနှစ်သိန်းအတွက်နှင့် သူမမောင်လေးအား စိတ်ဒုက္ခပေးစရာမလိုချေ။
“ထားလိုက်တော့ နင့်မှာလည်း ပြန်ကြည့်စရာ မိန်းမနဲ့ကလေးတွေရှိသေးတယ် ငွေတစ်သိန်းနှစ်သိန်းလောက်ပဲဟာ၊ ဒီငွေပမာဏလောက်က နင့်ယောက်ဖအတွက် ဘယ်လောက်မှမရှိတော့ ဒီငွေကိုမက်နေမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်တစ်ခါကျရင် နင်သတိထားမှဖြစ်မယ် နင့်မှာလည်းလူရှေ့သူရှေ့ထားရမယ့်သိက္ခာရှိသေးတယ်လေ၊ ကိုယ့်အစ်မကို ထိခိုက်မိတာကိစ္စမရှိပေမယ့် တခြားလူတွေပါ ဆွဲထည့်မိရင် နင့်အတွက်မကောင်းနိုင်ဘူး…”
မဒမ်ကျိုးမှ စိတ်ပူပန်စွာ ပြောလိုက်သည်။
ဤအချိန်တွင် တုရုန်းယန်၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေလေပြီ။
“အစ်မအခုပြောလိုက်တော့ ဒီလိုလက်ကောက်ကို ကျွန်တော် လုပ်ဖော်ကိုင်ဖက်တစ်ယောက်အတွက် ဝယ်ပေးခဲ့သေးတယ်၊ သူလည်း ဒီလက်ကောက်ကို အတုမှန်းသိသွားရင် ဘယ်လိုလုပ်မလဲ? ကျွန်တော် ဘာလုပ်ရမလဲ အစ်မ? သူသိသွားရင် ကျွန်တော့်ကိုသေချာပေါက်အလျော်ပြန်တောင်းလိမ့်မယ်၊ ကျောင်းသားတွေကိုပါ အသိပေးရင်ပေးလိုက်မှာ အဲ့လိုဆိုရင် ကျွန်တော်…”
သူသည် ပြာပြာသလဲဖြစ်သွားပြီး ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ ခေါင်းပြတ်နေသောယင်တစ်ကောင်ကဲ့သို့ ရှေ့သို့သွားချည်ပြန်ချည်ဖြင့် ဖြစ်နေတော့၏။
စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူဆက်ပြောလိုက်သည်။
“မဖြစ်ဘူး ဒီမှာပဲထိုင်ပြီးစောင့်နေလို့မဖြစ်ဘူး၊ အဲ့လုပ်ဖော်ကိုင်ဖက်ကို ကျွန်တော့်ဆီ လက်ကောက်ပြန်ရောင်းပေးဖို့ ပြောရမယ် ဒါပေမယ့်...ပိုက်ဆံက...ဟူး...ထားလိုက်ပါတော့ဗျာ...ပိုက်ဆံထက် ကိုယ့်ဂုဏ်သိက္ခာက ပိုအရေးကြီးပါတယ် ကျွန်တော်တို့ဒီနှစ်တွေတစ်လျှောက် စုထားတဲ့ငွေတချို့ရှိတယ်၊ ကျွန်တော့်မိန်းမဆိုင်ကနေ တစ်ခုခုရောင်းလိုက်ရင် သေချာပေါက်ငွေထွက်လာမှာပါ၊ အစ်မ၊ ဒီတစ်တစ်ခေါက်တော့ အစ်မကိုကျေးဇူးကြွေးတင်ရပြီ၊ မဟုတ်လို့ကတော့ အဲ့လက်ကောက်ကအတုမှန်း သိလိုက်မှာမဟုတ်ဘူး! အဲ့သောက်အဘိုးကြီးလီက ကျွန်တော့်ကိုတကယ်လိမ်ရောင်းလိုက်တာပဲ!”
သူသည် စကားပြောရင်းနှင့် တုန်ယင်နေသောလက်ဖြင့် စားပွဲပေါ်မှတစ်ရှုးတစ်ရွက်ကိုထုတ်ကာ သူ၏ချွေးများကိုသုတ်လိုက်၏။ သူ့ကြည့်ရသည်မှာ အနည်းငယ်စိုးထိတ်နေဟန်ရလေသည်။
မဒမ်ကျိုးသည် ဤအခြင်းအရာကိုမြင်လိုက်ရသောအခါ သူမသည်လည်း သူမမောင်ဖြစ်သူအတွက် ရင်ပူသွားရ၏။
“ဘာကိုရောင်းမှာလဲ? နင့်မိသားစုမှာ ဘာရောင်းစရာမှမရှိဘူးမှတ်လား?”
မဒမ်ကျိုးချက်ချင်းမေးလိုက်သည်။
သူမမောင်လေးသည် ကျောင်းတက်စဥ်က စာကိုသာတစိုက်မတ်မတ်လုပ်ခဲ့၏။ သူသည် ရိုးသားကြိုးစားသူဖြစ်သဖြင့် ရံဖန်ရံခါ ငွေလိမ်ခံခဲ့ရလေသည်။ နောက်ပိုင်းတွင် အလုပ်တစ်ခုကို ရရှိသွားသောအခါ ထိုခက်ခဲသောအချိန်များသည် ကုန်လွန်သွားပြီဟု ထင်စရာရှိသော်လည်း အလုပ်စဝင်သည်နှင့် ဖယ်ကြဥ်ခံရပြီး မိမိအထက်လူကြီးများကို မကြာခဏထမင်းလိုက်ဝယ်ကျွေးခဲ့ရသည်။
သူသည် မိသားစုကောင်းတစ်ခုမှလာသော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ရက်သားကျသော်လည်း ထိုအမျိုးသမီးတွင် အစ်ကိုများရှိသဖြင့် သူမမိသားစု၏ပိုင်ဆိုင်မှုကို အမွေမဆက်ခံနိုင်ပေ။ သူမကလေးများနှင့် ဆော့ကစားရင်းဖြင့်သာ သူမအချိန်အများစုကို ကုန်ဆုံးတတ်သဖြင့် သူမ၏စရိတ်မှာလည်း မြင့်မားပေသည်။ ထိုမျှမက သူမ၏အစ်ကိုများရှေ့၌ မျက်နှာမငယ်ရစေရန် မဒမ်ကျိုး၏မောင်သည် နှစ်စဥ်နှစ်တိုင်း သူမအစ်ကိုများကို အရက်များ၊ ဆေးလိပ်များဝယ်ပေးရ၏။ သူတို့၏ဘဝသည် ကြပ်တည်းသည်ဟု ပြောနိုင်ပေသည်...
ဤအရာကို စဥ်းစားလိုက်သောအခါ မဒမ်ကျိုးသက်ပြင်းချမိသည်။ သူသည် အနောက်သို့လှည့်ပြီး အိတ်ထဲမှကတ်တစ်ကတ်ကို ထုတ်လိုက်၏။
“ဒီထဲမှာငွေခြောက်သိန်းရှိတယ်၊ ဒါရှိတာ နင့်ယောက်ဖမသိဘူး အဲ့တော့ သွားမပြောနဲ့ဦး၊ ဒီငွေကိုယူပြီးလက်ကောက်ကိုဝယ်လိုက် နောက်ကျရင်သာ သတိထား”
“အစ်မ၊ ဒီလိုလုပ်လို့ကောင်းမယ်မထင်ဘူး အမြဲတမ်းအစ်မဆီက ငွေပဲလက်ဖြန့်တောင်းနေရတယ်...”
တုရုန်းယန်သည် ချီတုံချတုံဖြစ်နေပြီး ကျေးဇူးတင်သည့်ဟန်ပေါက်နေသည်။
“အဲဒါဘာဖြစ်လဲ? ငါသာနင့်ယောက်ဖကို စောစောသိခဲ့ရင် နင်အဲ့မှာ အနုတ်စုတ်ဂုတ်စုတ်ပါမောက္ခလေးပဲဖြစ်နေဦးမှာ မဟုတ်ဘူး၊ အဲ့အချိန်တုန်းက နင့်မေဂျာနဲ့ကိုက်တဲ့အလုပ်ကို နင့်ယောက်ဖကုမ္ပဏီမှာ လုပ်နေရမှာ၊ နင့်အနာဂတ်က အခုလက်ရှိအချိန်ထက် ပိုကောင်းနေမှာ အသေအချာပဲ!”
မဒမ်ကျိုးသည် ၎င်းကိုနှမြောတသဖြစ်နေသောလေသံဖြင့် ဆက်ပြောလိုက်သည်။
“နင့်ယောက်ဖက အရမ်းချွေတာသုံးတာ၊ ပုံမှန်ဆိုရင် ငါ့ကိုငွေအလုံးအရင်းနဲ့အပ်တာမဟုတ်ဘူး၊ မဟုတ်ရင် နင့်ကိုပိုပေးနိုင်တယ်၊ ဒီပိုက်ဆံကိုကောင်းကောင်းသုံးခဲ့”
တုရုန်းယန်သည် ကျေးဇူးတင်သောမျက်ဝန်းများဖြင့် အသံပင်အက်ကွဲလုမတတ်ဖြစ်နေသည်။
“အစ်မ၊ အားလုံးကအစ်မကျေးဇူးတွေကြောင့်ပါ”
“ကဲပါ နင့်ကငါ့မောင်လေးပဲ ငါကနင့်ကိုမကူညီလို့ ဘယ်သူ့ကိုကူညီရမှာလဲ? ခုနက ငါနင့်ကိုအလောတကြီးခေါ်မိသွားပြီ အခုဘာမှဆက်လုပ်စရာမရှိတော့ဘူးဆိုတော့ အိမ်စောစောပြန်လိုက်တော့”
မဒမ်ကျိုးသည် မာန်ချလိုက်သောလေသံဖြင့် ပြောလိုက်သည်။
“ဟုတ်”
တုရုန်းယန်ခေါင်းငြိမ့်လိုက်သည်။ သူ၏မဒမ်ကျိုး၏မြင်ကွင်းမှ အပြီးပိုင်ပျောက်သွားသည်ထိ တည်ကြည်ဖြောင့်မတ်သောမျက်နှာထားဖြင့် ရှိနေခဲ့၏။
သို့ရာတွင် ကျိုးမိသားစုအိမ်တံခါးမှထွက်ပြီး ကားထဲရောက်သည်နှင့် သူ၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကော့ညွှတ်တက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ငွေခြောက်သိန်းကိုရရှိခဲ့လေပြီ။ သို့ရာတွင် ချမ်းသာလေလေ ကပ်စေးကုပ်လေလေဟုပြောရမည်။ သူ၏ယောက်ဖသည် နှစ်စဥ်နှစ်တိုင်း ငွေပေါင်းသန်းရာချီဝင်နေသော်လည်း သူ့မိန်းမ၏တစ်ဦးတည်းသောမောင်လေးအား တစ်ပြားမျှပင် မပေးခဲ့ဖူးပေ။ ကံကောင်းစွာဖြင့် သူသည် ဉာဏ်နီဉာဏ်နက်သုံးပြီး သူ၏အစ်မဆီမှ ငွေတောင်းနိုင်ခဲ့သည်။ မဟုတ်လျှင် သူသည် ဆင်းရဲလွန်း၍ သေပင်သေနိုင်လောက်သည်မဟုတ်လော?