← Chapters

အခန်း (၇၄၅-၇၄၈)

Vol. 38 Ch. 745-748

အခန်း (၇၄၅-၇၄၈)

Vol. 38 Ch. 745-748

Space and Rebirth 745

တုရုန်းယန်သည် ထိုဘဏ်ကတ်အား ပိုက်ဆံအိတ်ထဲသို့ထည့်လိုက်ပြီး ကားပြတင်းပေါက်မှတဆင့် ဗီလာအိမ်ကြီးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူသည် တိတ်ဆိတ်စွာဖြင့် ကားကိုစက်နှိုးကာ မောင်းထွက်သွားတော့လေသည်။

သို့သော် အပြန်လမ်းတွင် သူသည် ကျိုးမေ့ကျွန်းကိုခေါ်လိုက်၏။

“မေ့ကျွန်း? ဦးလေးပါ မနက်ဖြန်အတန်းတွေရှိတယ်နော် ဒီနေ့ပျော်ခဲ့ရဲ့လား?”

သူ၏အသံသည် ဂရုစိုက်မှု၊ ချစ်ကြင်နာမှုများဖြင့် ယိုဖိတ်နေသည်။

ကျိုးမေ့ကျွန်းသည် ဤဦးလေးအား အမြဲတစေ ချစ်ခင်ခဲ့သည်။ သူ၏အသံကိုကြားလိုက်ရသောအခါ သူမစိတ်ထဲမှမကျေမနပ်ဖြစ်မှုများပင် ပပျောက်သွားတော့၏။ သူမသည် လူကြီးများအား ချွဲ့နွဲ့သောလေသံဖြင့် ပြောလိုက်သည်။

“လေးလေး၊ ဒီနေ့လေ မေမေနဲ့သမီးက အပြင်မှာ အနိုင်ကျင့်ခံခဲ့ရတယ် အရမ်းစိတ်တိုဖို့ကောင်းတာပဲ! ယွမ်တစ်သိန်းကို အလကားပေးလိုက်ရတယ်လေ!”

“ယွမ်တစ်သိန်း? ဘာတွေဖြစ်တာလဲ?”

တုရုန်းယန်၏အသံသည် အေးစက်နေ၏။ သူ၏မျက်လုံးထဲတွင် သူ့အစ်မ၏ငွေသည် သူ့ငွေသာဖြစ်သည်။ ယွမ်တစ်သိန်းဟူသည်မှာ ကျိုးမိသားစုအတွက် ဘာမှမဟုတ်သော်လည်း သူ့အတွက်မူ ၎င်းမှာ သေးငယ်သောပမာဏမဟုတ်ပေ။ ထိုငွေပမာဏအား တစ်ရက်တည်းဖြင့် ကုန်ဆုံးလိုက်ရသည်မှာ နှမြောစရာဖြစ်၏။

“အခုတစ်လော သမီးအသားအရေက သိပ်မကောင်းလို့ မေမေနဲ့အလှပြင်ဆိုင်ကို တူတူသွားခဲ့တယ်၊ အဲ့ဆိုင်မှာ အာရုံနောက်စရာကောင်းတဲ့လူတချို့နဲ့ တွေ့မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ? အထူးသဖြင့် အဲဒီကျင်းယွင်ကျောင်းပေါ့! မေမေနဲ့သမီးကို အလှပြင်ဆိုင်ထဲဝင်ခွင့် ပိတ်လိုက်ရုံမကလို့ မေမေ့ရဲ့လက်ကောက်ကိုပါ အတုလို့ပြောသေးတယ်၊ အဲဒါနဲ့ မေမေလည်း အဲ့နေရာမှာပဲ လောင်းကြေးလုပ်လိုက်တယ်လေ၊ လက်ကောက်မှာ ပြသာနာရှိနေမယ်လို့ ဘယ်လိုထင်မှာလဲ? အဲဒါနဲ့ပဲ ယွမ်တစ်သိန်းရှုံးသွားတာ! စဥ်းစားလိုက်တာနဲ့တင် ခံပြင်းတယ်!”

“အာ ဟုတ်သားပဲ လေးလေး၊ မေမေ့ရဲ့ အဲဒီလက်ကောက်ကို ‌လေးလေးဝယ်ပေးထားတာမှတ်လား? ဘယ်လိုလုပ်ပြသာနာရှိနိုင်မှာလဲ?”

ကျိုးမေ့ကျွန်းထပ်မေးလိုက်၏။

သူမသည် ထိုအကြောင်းကိုတွေးလိုက်မိသောအခါ သူမလေသံသည် ရွံရှာမုန်းတီးဟန်ဖြင့် ပြည့်နှက်သွားတော့သည်။

တုရုန်းယန်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် တောင်းပန်ခယစွာ ပြောလိုက်၏။

“အားလုံးကဦးလေးအပြစ်တွေပါကွယ်၊ ဦးလေးလည်း အလိမ်ခံလိုက်ရတာ ဟူး...ဦးလေးက ပါမောက္ခအသေးစားလေးပဲဆိုတော့ သိပ်များများစားစားမသိဘူး၊ သိခဲ့ရင် အဲဒီသစ်မွှေးလက်ကောက်အတုကိုဝယ်ပြီး ကျက်သရေဆောင်တဲ့ပုံစံလို မပြောခဲ့ပါဘူးကွယ်”

“လေးလေးကို သမီးအပြစ်တင်ချင်တာမဟုတ်ပါဘူး၊ ငွေအများကြီးမကုန်သင့်ဘဲ ကုန်လိုက်ရလို့ ခံပြင်းမိရုံပါ”

ကျိုးမေ့ကျွန်းပြောလိုက်၏။

“သိပါတယ်ကွယ် ဒါနဲ့သမီးပြောတဲ့ကျင်းယွင်ကျောင်းက...A တက္ကသိုလ်က ကျောင်းသူပဲလား?”

“ဟုတ်ပါ့ ဘယ်သူပြောနိုင်မလဲ ‌လေးလေးတောင် သူနဲ့ဆုံချင်ဆုံရမှာ၊ လေးလေးကျောင်းရောက်တော့မှ အသေးစိတ်ပြောပြမယ် ဘယ်လိုပဲဖြစ်ဖြစ် ကျင်းယွင်ကျောင်းကိုတွေ့တာနဲ့ သူမှန်း တန်းသိမယ်ဆိုတာ သမီးအာမခံတယ်!”

….

တူဝရီးနှစ်ဦးသည် ခေတ္တမျှစကားပြောပြီးနောက် ဖုန်းချလိုက်လေ၏။

“ကျင်းယွင်ကျောင်း...”

တုရုန်းယန်တီးတိုးရေရွတ်လိုက်သည်။ သူသည် ထိုနာမည်ကို ဦးနှောက်ထဲ၌ မှတ်ထားလိုက်ပြီး အေးချမ်းစွာဖြင့် ဆက်မောင်းနှင်သွားတော့၏။

...

A တက္ကသိုလ်၏ ညပိုင်းအချိန်သည် ပွဲလမ်းသဘင်၏စည်ကားအသက်ဝင်မှုမျိုးနှင့် ပြည့်နှက်နေသည်။ ကျင်းယွင်ကျောင်းမှ သူမ၏အဆောင်သို့ပြန်ရောက်ပြီး နာရီပိုင်းခန့်ကြာသောအခါ သူမဖုန်းသည် မက်ဆေ့ချ်ဝင်သံတစ်ခုဖြင့် မြည်သွား၏။ ဖန်သားပြင်ပေါ်ရှိ စကားလုံးအချို့ကိုမြင်လိုက်ရသောအခါ သူမနှလုံးခုန်သံမှားလုမတတ်ဖြစ်သွားပြီး အိပ်ရာပေါ်မှထကာ အပြင်သို့ထွက်သွားရန်ပြင်လိုက်သည်။

“ဒီညနက်သန်းခေါင်ကြီးဘယ်ကိုထွက်မလို့လဲ? မဟုတ်မှလွဲရော...နင့်ချစ်သူနဲ့ သွားတွေ့မလို့လား?”

ဟော်ထျန်းရှန်းသည် ပါးစပ်ထဲတွင် နေကြာစေ့ကိုက်ဝါးပြီး အေးအေးလူလူဖြင့် ပြောလိုက်သည်။

ကျင်းယွင်ကျောင်းတစ်ကိုယ်လုံး တောင့်တင်းသွားတော့၏။

“သူငယ်ချင်းတစ်ယောက်က ငါ့ဆီလာလည်လို့ပါ ခဏနေပြန်လာခဲ့မယ်”

“အဆောင်ပိတ်ချိန်က ၁၁ နာရီနော်၊ ဒါပေမယ့် နင်အပြင်ထွက်အိပ်ချင်တယ်ဆိုလည်း ရပါတယ်၊ ငါတို့တွေက လူငယ်အချင်းချင်းပဲဟာ နားလည်တာပေါ့!”

ဟော်ထျန်းရှန်းမှ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းများတွန့်သွားပြီး အခန်းထဲမှ အလျင်အမြန်ထွက်သွားတော့သည်။ သူသည် ဤအဓိပ္ပာယ်မရှိသောစကားများကို ဟော်ထျန်းရှန်းနှင့်အတူ ဆက်မပြောချင်ပါချေ။

ထိုမက်ဆေ့ချ်မှာ လီရှောက်ယွင်ထံမှဖြစ်ပြီး သူမအား ကျောင်းဂိတ်ပေါက်တွင်စောင့်နေမည်ဟု ပြောထားခြင်းဖြစ်သည်။ သူမသည် မြို့တော်ထဲသို့ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း လီရှောက်ယွင်အား မတွေ့ရသေးချေ။ ထို့ကြောင့် သူ့အားထွက်တွေ့မှဖြစ်ပေမည်။

ကျောင်းဝင်းထဲတွင် လူများစွာရှိနေသေး၏။ ကျောင်းသားသစ်များ၏တက်ကြွမှုက လေထုထဲတွင် ပျံ့နှံ့နေဆဲမဟုတ်လော။ ကျောင်းပတ်ဝန်းကျင်နှင့် နေသားကျအောင် လိုက်လံစူးစမ်းနေကြသောလူများရှိနေ၏။ ကျင်းယွင်ကျောင်းသည် ကျောင်းဂိတ်ပေါက်သို့ တဖြည်းဖြည်းဖြင့် နီးကပ်လာသောအခါ အပြင်ဘက်သို့ လက်ညှိုးတထိုးထိုးဖြစ်နေကြသော မိန်းကလေးအချို့ကို ဝိုးတဝါးမြင်လိုက်ရသည်။ ထိုလက်ညှိုးထိုးရာသို့ သူမကြည့်လိုက်သောအခါ အပြာနုရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်လေကာအင်္ကျီကိုဝတ်ထားသော လီရှောက်ယွင်ကို မြင်လိုက်ရလေသည်။ သူသည် သူ၏ကားရှေ့ကိုမှီရင်းစောင့်နေ၏။ လက်ထဲတွင်လည်း စက္ကူဘူးတစ်ဘူးကို ကိုင်ထားသည်။ အထဲတွင် မည်သည့်အရာရှိကြောင်း သူမမခန့်မှန်းတတ်ချေ။

Space and Rebirth 746

ကျင်းယွင်ကျောင်းမှာ အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတိုဖြင့် ရိုးရှင်းစွာဝတ်စားဆင်ယင်ထား၏။ သူမ၏သွယ်လျဖြောင့်တန်းသော ခြေတံရှည်များဖြင့် ပေါင်းစပ်လိုက်လျှင် သူမသည် အလွန်ခန့်ညားသပ်ရပ်နေသည့်ပုံပေါက်နေလေသည်။

“သူ့ကိုနောက်တစ်ယောက်က စကားသွားပြောပြန်ပြီ ဒါနဲ့ဆို ၇ ယောက်မြောက်ရှိနေပြီမှတ်လား?”

လီရှောက်ယွင်နှင့် လေး-ငါးမီတာအကွာတွင် မိန်းကလေးတစ်ဦးမှ ပြောလိုက်သည်။

“ဒါပေမယ့် ဒီမိန်းကလေးက အရမ်းလှတယ်ဟ၊ အဲဒီရုပ်ချောချောအစ်ကိုကြီးက ဒီမိန်းကလေးကိုတော့ စကားပြန်ပြောလောက်မယ်မထင်ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် ငါသာဆိုရင် အဲ့မိန်းကလေးအလှအောက်မှာ ကြွေဆင်းနေလောက်ပြီ”

နောက်မိန်းကလေးတစ်ဦးမှ ပြောလိုက်သည်။

“အဲ့လိုတော့လည်းမဟုတ်ပါဘူး ဒီအစ်ကိုကြီးက ကြည့်လိုက်တာနဲ့ တစ်ယောက်ယောက်ကိုစောင့်နေတာသိသာတယ်၊ ဘယ်လိုလုပ်သူစိမ်းကောင်မလေးတွေကို အာရုံစိုက်နိုင်မှာလဲ? ပြီးတော့ ခုနတုန်းက သူ့ကိုသွားစကားစတဲ့မိန်းကလေးတွေက စီနီယာအစ်မကြီးတွေဖြစ်နေလောက်ပြီ၊ သူတို့အားလုံးအပျံစားဝတ်ထားကြတာလေ ဒါပေမယ့် နောက်ဆုံးတော့လည်း အဲ့အစ်ကိုကြီးရဲ့ အဆဲအဆိုကိုခံရတာပဲမဟုတ်ဘူးလား?”

....

ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ အတန်ငယ်အံ့အားသင့်သွားသည်။ လီရှောက်ယွင်သည် မိန်းကလေးတစ်ဦးကို ကျိန်ဆဲလိုက်သည်လော? သူလိုလူကြီးလူကောင်းပီသသော ယောက်ျားတစ်ဦးက လုပ်မည့်လုပ်ရပ်မျိုးမပေါက်ပါချေ။

“ဘာလို့ညနက်မှ ရောက်လာတာလဲ?”

ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်ကိုပြုံးကာ ပြောလိုက်၏။

သူတို့သည် အချင်းချင်းမတွေ့ရသည်မှာ အလွန်ကြာမြင့်နေသောအချိန်တွင် လီရှောက်ယွင်မှ သူမအား လာတွေ့သဖြင့် သူမဘက်မှ ကောင်းမွန်သောအပြုအမူရှိရပေမည်။

လီရှောက်ယွင်သည် မတ်မတ်ရပ်လိုက်ပြီး သူမအား ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။

“ကြည့်ရတာ ကောင်းကောင်းစစ်ရေးလေ့ကျင့်ခဲ့တဲ့ပုံပဲ ညီလေးနှစ်က မင်းကိုအနိုင်မကျင့်လိုက်ဘူးမှတ်လား?”

ကျင်းယွင်ကျောင်းခေါင်းခါယမ်းလိုက်သည်။

“နည်းပြချီက တရားမျှတတဲ့လူလေ ကျွန်မကလည်း လိမ္မာတဲ့ကလေးဆိုတော့ ဘာလို့အနိုင်ကျင့်စရာအကြောင်းရှိမှာလဲ?”

(တရားမျှတတယ်?)

လီရှောက်ယွင်၏ နှုတ်ခမ်းစွန်းများတွန့်သွားသည်။

သူ၏ညီလေးနှစ်သည် သူ၏ညီအစ်ကိုများထဲတွင် အမှန်တကယ်ပင် ရှေးအကျဆုံး၊ စည်းကမ်းအတင်းကြပ်ဆုံးနှင့် လုံခြုံမှုအရှိဆုံးလူဖြစ်ပေသည်။ ညီလေးနှစ်၏ထိုစရိုက်ကြောင့်ပင် လီရှောက်ယွင်သည် အခြားညီအစ်ကိုများထက်စာလျှင် သူ့ကိုသာ နည်းပြလုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သူအဝေးရောက်နေစဥ်တွင် သူလျာထားသောအမျိုးသမီးအား သူ၏ညီအစ်ကိုများနှင့် လိုအပ်သည်ထက် ပိုမရင်းနှီးစေလိုပေ။

“သွေးတိတ်ဆေးကို မင်းပေးလိုက်တယ်ကြားတယ်”

လီရှောက်ယွင် ထပ်မေးလိုက်ပြန်၏။ သူစကားပြောနေချိန်တွင် သူ၏လက်ထဲရှိစက္ကူပုံးထဲမှ တစ်စုံတစ်ရာကျိုးသံအား ကျင်းယွင်ကျောင်းဝိုးတဝါးကြားလိုက်ရသည်။ မသိလျှင် ၎င်းအထဲ၌ သက်ရှိသတ္တဝါတစ်ကောင်ရှိနေသည့်အတိုင်းပင်။

“ချီကျုံးနဲ့ ဆွေးနွေးပြီးသွားပြီ ဒါပေမယ့် အထက်လူကြီးတွေကို အစီရင်ခံတင်ရဦးမယ်လို့ သူပြောတယ်၊ သူ့ကိုတော့ ကျွန်မဘက်က သတ်မှတ်ချက်တွေကို ပြောပြပြီးသွားပြီ”

ကျင်းယွင်ကျောင်းသည် သူ၏မေးခွန်းကိုဖြေပြီးနောက် ပြန်မေးလိုက်၏။

“အရင်တုန်းက ကျွန်မပေးထားတဲ့ သွေးတိတ်ဆေးကို အကုန်သုံးလိုက်ပြီလား? ကုန်သွားရင် ကျွန်မဆီမှာထပ်ရှိသေးတယ်နော်”

“အားကျောင်း၊ ငါဒဏ်ရာရမှာကို မင်းစိတ်ပူနေတာမှတ်လား?”

လီရှောက်ယွင်သည် ညင်သာသောအပြုံးနှင့်အတူ မျက်လုံးများဖျတ်ခနဲလင်းသွားပြီး ပြောလိုက်၏။

“စိတ်မပူပါနဲ့ နည်းနည်းတော့အန္တရာယ်များတယ်ဆိုပေမယ့် ကိုယ့်ကိုယ့်ကိုကာကွယ်နိုင်စွမ်းတော့ ရှိပါသေးတယ် ဒါပေမယ့် မင်းက...”

သူသည် ထိုစကားပြောရင်းဖြင့် လက်ကိုလှမ်းကာ သူမခေါင်းပေါ်မှ ဆံပင်ကုတ်ဝဲအား ပွတ်သပ်လိုက်သည်။

“နှမြောစရာပဲ ဒီဆံပင်ပြန်ရှည်လာဖို့ အနည်းဆုံးတစ်နှစ်လောက် စောင့်ရမှာ”

ကျင်းယွင်ကျောင်းသည် ဤဆံပင်တိုပုံစံဖြင့် အလွန်သပ်ရပ်သားနားနေ၏။ အထူးသဖြင့် အဖြူရောင်ရှပ်အင်္ကျီကို သူမဝတ်ထားချိန်တွင်ဖြစ်သည်။ သူမထံမှ သန့်ရှင်းလတ်ဆတ်သောခံစားချက်မျိုး ရရှိနေ၏။ သို့ရာတွင် သူမသည် ခန့်ညားသောဟန်ပန်များရှိနေသော်လည်း ယောက်ျားလျာတစ်ဦးနှင့် မတူချေ။ ကျင်းယွင်ကျောင်း၏ခန္ဓာကိုယ်အချိုးအစားသည် အလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းလှ၏။ သူမ၏သန့်စင်လှပသောအသွင်အပြင်ကြောင့်သာ အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးအတွက် ဆွဲဆောင်ဖွယ်ကောင်းနေခြင်းဖြစ်သည်။

လီရှောက်ယွင်၏လက်ပေါ်တွင် မွှေးရနံ့တစ်ခုရှိသော်လည်း အနံ့မပြင်းလှချေ။ သူမခေါင်းအားနှစ်ကြိမ်မျှပွတ်ပြီးနောက် သူ၏လက်အား‌ အေးအေးလူလူဖြင့် ရုတ်သိမ်းလိုက်သည်။

အချိန်တိုင်း ဤသို့အတိုင်းပင်ဖြစ်သည်။ သူမသည် လီရှောက်ယွင်၏ အိမ်မွေးခွေးတစ်‌ကောင်ဖြစ်နေသည့်အတိုင်းပင်။ သူမအားပွတ်သပ်ပြီးနောက် သူ၏မျက်နှာသည်အေးစက်ပြီး ဂရုမစိုက်သည့်ဟန်ပေါက်နေလေ၏။ သူမသည် ရှက်လွန်း၍ စကားစရှာမရတော့ချေ။

“ဒီစက္ကူဘူးထဲမှာ ဘာလဲ? ဘာလို့အဲ့ထဲမှာ အသက်ရှိတဲ့အကောင်ရှိနေတယ်လို့ ခံစားနေရတာလဲ?”

ကျင်းယွင်ကျောင်းသည် သူမခေါင်းအား နှစ်ကြိမ်မျှကုတ်ပြီးနောက် ပြန်သပ်လိုက်သည်။ ထို့နောက် သူမသည် မနေနိုင်မထိုင်နိုင် မေးလိုက်တော့၏။

“စိတ်ဝင်စားလား”

လီရှောက်ယွင်ပြုံးလိုက်သည်။

“ရတယ်လေ ရှင်မပြောချင်လည်း ထားလိုက်ပါ”

လီရှောက်ယွင်အား အချိန်ကြာမြင့်စွာ သိကျွမ်းထားခဲ့သဖြင့် သူမသည် လီရှောက်ယွင်၏စရိုက်နှင့်ပတ်သတ်၍ အနည်းငယ်သိထားလေသည်။ သူမသိချင်သည့်ဟန်ပြလေလေ လီရှောက်ယွင်သည် တမင်တကာဖြင့် မပြောပြချင်ဟန်ဆောင်လေဖြစ်သည်။

Space and Rebirth 747

လီရှောက်ယွင်သည် မျက်ခုံးများကိုပင့်ကာ အနားသို့တိုးလာ၏။ သူ၏ခန့်ညားသောမျက်နှာသည် ကျင်းယွင်ကျောင်းရှေ့သို့ နီးကပ်လာတော့သည်။ သူသည် ညင်သာသောလေသံဖြင့် ပြောလိုက်၏။

“သိချင်နေတာကို ဘာလို့ခေါင်းမာနေတာလဲ?”

“ခေါင်းမာနေတာမဟုတ်ပါဘူး”

ကျင်းယွင်ကျောင်းလည်း ပြာပြာသလဲဖြင့် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

သို့ရာတွင် ချက်ချင်းဆိုသလိုပင် လီရှောက်ယွင်မှ သူမ၏လက်မောင်းကို ပြန်ဆွဲယူလိုက်၏။ လက်တစ်ဖက်တွင် စက္ကူဘူးကိုကိုင်ထားရင်းဖြင့် အပြုံးပန်းဆင်ကာပြောလိုက်သည်။

“တကယ်လား? မင်းစိတ်မဝင်စားဘူးဆိုရင် ငါဒါကိုလွှင့်ပစ်လိုက်တာပေါ့”

ကျင်းယွင်ကျောင်းသည် အသက်ဘယ်နှစ်နှစ်ရှိသနည်း? လီရှောက်ယွင်မှ သူမအား ပထမဆုံးတွေ့စဥ်ကတည်းကပင် သူမသည် အဘိုးအိုလေးတစ်ဦးနှင့် တူနေခဲ့သည်။ မည်သည့်ကိစ္စမျိုးဖြစ်ပါစေ သူမသည် တည်ငြိမ်သောအသွင်အပြင်ဆောင်နေခဲ့၏။ ဤသည်မှာ သူမ၏စရိုက်သဘာဝဖြစ်ပြီး ထိုစရိုက်ကိုလည်း လီရှောက်ယွင်လေးစားပေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူမအသက်အရွယ်နှင့် လျော်ညီသော အခြားအရာများကိုစူးစမ်းလေ့လာလိုစိတ်အား မြိုသိပ်ထားကြောင်းကိုလည်း သူသိထားလေ၏။ အများစုတွင် သူမသည် မိန်းကလေးငယ်တစ်ဦး၏ မဝံ့မရဲစိတ်များရှိတတ်သော်လည်း သူမမျက်လုံးထဲတွင် ထိုမဝံ့မရဲစိတ်များသည် သူမ၏အားနည်းချက်ဖြစ်သည်။ ထိုအားနည်းချက်ကိုသာ ထုတ်ဖော်ပြသလိုက်လျှင် အခြားသူများမှ သူမအားအနိုင်ကျင့်ရလွယ်ကူသူဟုထင်မည်ကို စိုးနေမိသည်။

ထို့ကြောင့် သူမသည် အဆူးအချွန်များအား အကာအကွယ်အနေဖြင့်ထုတ်ထားသော ဖြူကောင်တစ်‌ကောင်နှင့်တူနေလေသည်။ သို့ရာတွင် လီရှောက်ယွင်ရှေ့မှောက်တွင် ဤဖြူမလေးသည် ပို၍ပင်ချစ်စဖွယ်ကောင်းနေတော့သည်။ အခြားသူများအား ကိုင်တွယ်ဖြေရှင်းသည့်အချိန်တွင် အဆိပ်ကိုသုံးစွဲရသည်က ပိုကောင်းပေသည်။

လီရှောက်ယွင်စကားပြောပြီးနောက် သူ၏လက်ကိုစောင်းလိုက်သည်။ ဘူးသည် သူ၏လက်ပေါ်မှပြုတ်ကျလုမတတ်ဖြစ်နေလေ၏။

ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ၎င်းအား ဆွဲယူကူညီလိုက်သည်။

“အထဲမှာ သတ္တဝါတစ်ကောင်ကောင်ရှိနေရင်ဘယ်လိုလုပ်မလဲ? မြေကြီးပေါ်ပြုတ်ကျရင် သေသွားမှာပေါ့”

“အားကျောင်း၊ မင်းဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ?”

ရုတ်ချည်းဆိုသလို လီရှောက်ယွင်ပြုံးလိုက်သည်။ သူသည် ဘေးဘီဝဲယာပတ်ကြည့်ပြီး ထိုဘူးအား သူမရှေ့မှောက်သို့ တွန်းပို့လိုက်၏။

“ဒါကမင်းအတွက် တက္ကသိုလ်ရောက်အမှတ်တရလက်ဆောင်ပဲ ဖွင့်ကြည့်လိုက်”

“ကျွန်မအတွက်လား?”

ကျင်းယွင်ကျောင်းအံ့အားသင့်သွား၏။

“ကြောင်ပေါက် ဒါမှမဟုတ် ခွေးပေါက်လား?”

“ကိုယ်တိုင်သာကြည့်လိုက်ဗျာ”

ကျင်းယွင်ကျောင်းသည် အနည်းငယ်ချီတုံချတုံဖြစ်နေ၏။ လမ်းမီးတိုင်များအောက်တွင် သူမ၏နားရွက်စွန်းများသည် အတန်ငယ်ပူနွေးနီမြန်းနေသည်။ သူမသည် လီရှောက်ယွင်ထံမှ လက်ဆောင်ရလိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ဖူးချေ။ သူမသည် ပထမအဆင့်ဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိစဥ်တွင် လူများစွာမှ ဂုဏ်ပြုလက်ဆောင်များပို့ပေးခဲ့သော်လည်း အများစုမှာ ကျောင်းသားများအတွက် လိုအပ်သောတရားဝင်ပစ္စည်းများသာဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များမဟုတ်ခဲ့ချေ။

သို့ရာတွင် သူမသည် အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။ စဥ်းစားကြည့်ပြီးနောက် သူမသည် လက်ဆောင်ဘူးကိုယူကာ ဂရုတစိုက်ဖြင့် အသာအယာဖွင့်ကြည့်လိုက်တော့သည်။

အထဲတွင်ရှိနေသောအရာကို မြင်လိုက်ရသည်နှင့် ကျင်းယွင်ကျောင်းကြက်သေသေသွား၏။ စက္ကန့်ပိုင်းခန့်ကြာသောအခါ သူမမျက်နှာတွင် အံ့အားသင့်သောအရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

“ငှက်? ဒါကကျီးကန်းလား?”

“ရိုးရိုးကျီးကန်းမဟုတ်ဘူး၊ ကျီးနက်၊ စစ်ဆင်ရေးတစ်ခုလုပ်နေရင်း တွေ့ခဲ့တာ၊ အမေငှက်က သေသွားတာနဲ့ ငါကိုယ်တိုင်ပဲ သူ့ကိုသားဖောက်ခဲ့တာလေ”

လီရှောက်ယွင်၏မျက်နှာထားသည် ထိုငှက်ကလေးအား တုန်နေအောင်ချစ်ခင်သောဟန်ပန်ဖြစ်သည်။

“ရှင်သားဖောက်ခဲ့တာ?”

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။

(ဘာလို့အဲ့စကားလုံးတွေက ကြားရတာ အဲ့လောက်ထူးဆန်းနေတာလဲ?)

“မတတ်နိုင်ဘူးလေ ကျန်တဲ့ဥတွေအားလုံးကိုမြွေမျိုလိုက်လို့ ဒီတစ်ကောင်ပဲကျန်ခဲ့တာ၊ ပထမတော့ချက်စားမလို့ပဲ ဒါပေမယ့် ကျီးနက်မျိုးက လူဝံတစ်ကောင်နဲ့တောင် ယှဥ်လို့ရတဲ့အထိ ဉာဏ်ရည်မြင့်တယ်ကြားလို့ မလုပ်တော့တာ၊ မင်းနဲ့ဆိုအံကိုက်ပဲ”

လီရှောက်ယွင်အေးဆေးရှင်းပြလိုက်၏။

သို့သော် ဤသည်မှာ တစ်ခုတည်းသောအကြောင်းအရင်းမဟုတ်ပါပေ။

ကျီးနက်ဟူသည်မှာ အလွန်လှပသောငှက်မျိုးဖြစ်ရုံမက ဉာဏ်ရည်အလွန်ထက်မြက်ပြီး ပါးနပ်ပေသည်။ လူသားဘာသာစကားကိုပါ လေ့လာနားလည်နိုင်စွမ်းရှိ၏။ အရေးအကြီးဆုံးအနေနှင့် ဤငှက်မျိုးသည် အဓိကအားဖြင့် အုပ်စုဖွဲ့မနေဘဲ တစ်‌ကောင်တည်းသာနေလေ့ရှိလေသည်။ သူ၏ကြင်ဖော်မှအပ အခြားလူများနှင့် အပေါင်းအသင်းမဖွဲ့တတ်ပေ။ တစ်လင်တစ်မယားစနစ်ရှိသော ငှက်မျိုးဖြစ်၏။

ကျင်းယွင်ကျောင်းမှာမူ ဤအရာများကို သိပ်အာရုံမထားချေ။ သူမရှေ့မှောက်ရှိ အနက်ရောင်ငှက်ကိုသာကြည့်ပြီး အမှန်တကယ်ရင်သပ်ရှုမောနေ၏။

၎င်း၏ကိုယ်ထည်တစ်ခုလုံး နက်မှောင်နေသော်လည်း အခြားငှက်များနှင့်မတူပေ။ ၎င်း၏ခန္ဓာကိုယ်တွင် ခရမ်းပြာအလင်းတစ်ခုက ရောင်ပြန်ဟပ်နေပြီး အမွေးအတောင်များမှာလည်း အလွန်သပ်ရပ်နူးညံ့၏။ ၎င်း၏လည်တိုင်သည် မြင့်မားမော်ကြွားစွာရှိနေပြီး နှုတ်သီးထဲတွင် နှင်းဆီတစ်ပွင့်ကို ကိုက်ချီထားသည်။

အရွယ်အစားအရ အလွန်မကြီးလှပေ။ သူ၏အမွေးအတောင်များသာ စုံနေ၏။ သို့ရာတွင် သူ၏မျက်လုံးတစ်စုံသည် လွန်စွာအသက်ဝင်နေလေသည်။ ၎င်းအားပွတ်သပ်ရန် သူမလက်လှမ်းလိုက်သောအခါ ၎င်းသည် နှုတ်သီးဖြင့်ကိုက်ထားသောနှင်းဆီပွင့်ကို သူမလက်ထဲချလိုက်၏။

“အားကျောင်း~”

ရုတ်ချည်းဆိုသလို သူမအရှေ့ရှိ ကျီးနက်သည် နှုတ်သီးကိုဟပြီး အတန်ငယ်ထူးဆန်းပြီး တိုးဖွသောအသံဖြင့် သူမအားခေါ်တော့၏။

Space and Rebirth 748

ကျင်းယွင်ကျောင်းထိတ်လန့်အံ့အားသင့်သွား၏။ သူမမျက်လုံးများပြူးသွားပြီး ပါးစပ်အဟောင်းသားဖြင့် ထိုအကောင်လေးအား လက်ညှိုးထိုးတော့သည်။

“သူကစကားပြောတတ်တာလား?”

ကျင်းယွင်ကျောင်းသည် ၎င်းအား အချိန်အတော်ကြာ ကိုင်ဆောင်ထားပြီးနောက် မျက်နှာအနည်းငယ်နီမြန်းနေလေသည်။

၎င်း၏အသံသည် ကြက်တူရွေးအသံလောက် မစူးရှပေ။ ဆန့်ကျင်ဘက်သာဖြစ်သည်။ လူတစ်ဦးချောင်းဆိုးသည့်အသံနှင့်ပိုတူသဖြင့် ဆူညံသလိုမဖြစ်ချေ။ ထိုအစား သူမအား ထိတ်လန့်အံ့အားသင့်သည့် ခံစားချက်ကိုသာ ပေးစွမ်းနေလေ၏! သူမရှေ့မှောက်ရှိ ဤအကောင်ပေါက်လေးမှာ အလွန်ပင်ငယ်ရွယ်သည့်ဟန်ပေါက်နေသော်လည်း လီရှောက်ယွင်သည် ဤမျှလောက်စောစောစီးစီး ၎င်းအား လူသားဘာသာစကားကို တုပတတ်ရန် သင်ပေးနိုင်ခဲ့လေသည်!

“ဒီလိုအချိန်မျိုးမှာ သူ့ကိုစားစရာတစ်ခုခုနဲ့ ဆုချရမယ်”

လီရှောက်ယွင်နှုတ်ခမ်းများ ကွေးတက်သွားပြီး သူ၏မျက်လုံးထဲမှ ပြုံးရိပ်ပြုံးယောင်များကို မထိန်းချုပ်နိုင်တော့ချေ။

“ဒါပေမယ့် ကျွန်မမှာမရှိ...”

ကျင်းယွင်ကျောင်းအသံသည် အနည်းငယ်စိတ်လှုပ်ရှားသလိုဖြစ်သွားသော်လည်း ချက်ချင်းဆိုသလိုပင် ပြန်စိတ်ထိန်းလိုက်သည်။ သူမသည် နှစ်ကြိမ်မျှချောင်းဟန့်၍ ရှက်ကိုးရှက်ကန်းဖြင့် လီရှောက်ယွင်အားကြည့်လိုက်၏။

“ကျေးဇူးပါ ကျွန်မသူ့ကိုအရမ်းသဘောကျတယ် ဒါနဲ့ လီရှောက်ယွင်၊ သူဘာစားလဲ? ဆူညံတတ်လား? ကျွန်မကအဆောင်နဲ့နေတာလေ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းရှိတာလည်းမဟုတ်ဘူး...”

“အစုံစားသတ္တဝါဆိုတော့ အသားငါး၊ အသီး၊ အင်းဆက်အကုန်စားတယ်၊ ပြီးတော့ မဆူညံစေရဘူးလို့ ငါအာမခံတယ်၊ သူ့ဆီကအသံထွက်လာရင် အများအားဖြင့် မင်းဆီက အစာတောင်းစားဖို့ပဲ၊ လောလောဆယ်မှာတော့ သူက “အားကျောင်း” ဆိုတဲ့စကားနှစ်လုံးပဲ ပြောတတ်တယ် တခြားစကားလုံးတွေကို မင်းသင်ပေးလိုက်ပေါ့ လုံးဝလိမ္မာတဲ့အကောင်လေးဖြစ်မယ်ဆိုတာ ငါအာမခံတယ်”

လီရှောက်ယွင်မျက်နှာမှ ဂုဏ်ယူဝံ့ကြွားမှုအချို့ ထွက်ပေါ်နေသည်။

ကျင်းယွင်ကျောင်း၏အာရုံအားလုံးသည် ဤကောင်လေးကြောင့် အပြည့်အဝဖမ်းစားခံနေရလေသည်။ ၎င်းပုံစံမှာ အလွန်ချစ်စရာကောင်းလှ၏။

ဤကျီးလေးသည် အရောင်နက်မှောင်နေပြီး ကြောင်ပေါက်များ၊ ခွေးပေါက်များလောက် ချစ်စဖွယ်မကောင်းသော်လည်း အခြားသတ္တဝါများနှင့်မတူပေ။ ၎င်း၏ဝင်းလက်တောက်ပနေသောမျက်လုံးများမှာ ရေပြာရောင်လဲ့နေ၏။ အထူးသဖြင့် သူမအားစိုက်ကြည့်နေချိန်တွင် မိမိ၏မိသားစုဝင်တစ်ဦးကို ကြည့်နေသကဲ့သို့ဖြစ်နေလေသည်။ ဤသတ္တဝါလေးအပေါ် ရွံရှာစက်ဆုပ်ခြင်းမျိုး သူမသည် မြူတစ်မှုန်မျှမခံစားရချေ။

“အားကျောင်း”

“အင်း...”

ကျင်းယွင်ကျောင်းပြုံးလိုက်ပြီး သူမမျက်နှာထားသည် များစွာပို၍နွေးထွေးလာ၏။ သူမခေါင်းပင်မမော့နိုင်တော့ချေ။

“သူဘာကြိုက်တတ်လဲ? ပြီးတော့ အထီးလေးလား အမလေးလား...”

လီရှောက်ယွင် နားထင်များကျိန်းသွားသည်။

“အထီးလေး၊ တောက်တောက်ပပပစ္စည်းတွေကိုကြိုက်တယ် အဲဒါအပြင် ဉာဏ်ရည်မြင့်တဲ့အလျောက် တစ်ခါတလေမှာလည်း နည်းနည်းကလေးဆန်တယ်...”

“ကြည့်ရတာတော့ အရမ်းတော်မယ့်ပုံလေးပါ နာမည်တစ်ခုပေးလိုက်ရမလား?”

ကျင်းယွင်ကျောင်းသည် စကားပြောရင်းနှင့် ထိုစက္ကူဘူးလေးအား တင်းတင်းကြပ်ကြပ်ဖက်ထားနှင့်ပြီးဖြစ်၏။

ဤအပြုအမူကိုကြည့်ရင်း လီရှောက်ယွင်၏နှလုံးသားတွင် ထိချက်ပြင်းပြင်းအား ခံစားလိုက်ရသလိုဖြစ်သွားတော့သည်။ သူသည် အိမ်မွေးတိရစ္ဆာန်တစ်ကောင် လက်ဆောင်ပေးခဲ့သော်လည်း သူ၏ကိုယ်ပိုင်တန်ဖိုးမှာမူ ကျဆင်းသွားသလော? မိမိမွေးထားသည့် သားပေါက်အောက်တွင် အရေးနိမ့်နေရလေပြီ။

ကျင်းယွင်ကျောင်းသည် ထက်မြက်ပုံပေါ်သည့် ဤကောင်လေးအား စိတ်ဝင်စားမည်ဟု သူခန့်မှန်းထားခဲ့သော်လည်း သူစိတ်ကူးထားသည်ထက် သူမ၏တုံ့ပြန်ပုံသည် ကြီးမားနေလေသည်။

“နာမည်မပေးရသေးဘူး မင်းတစ်ခုရွေးလိုက်လေ”

လီရှောက်ယွင်သည် ရုတ်ချည်းဆိုသလို အနည်းငယ်ပူနွေးသလိုဖြစ်သွား၏။ သူ၏အပေါ်ရုံအင်္ကျီအားချွတ်ပြီး လက်ထဲတွင်ကိုင်ထားလိုက်သည်။ ကျင်းယွင်ကျောင်းသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ခေါင်းကိုငုံ့ကာ စက္ကူဘူးထဲရှိကျီးနက်လေးကို ကြည့်လိုက်၏။

“မဟူရာဧကရာဇ်”

၎င်းသည် တစ်ကိုယ်လုံးအနက်ရောင်လွှမ်းခြုံထားသော်လည်း သူ၏အနီးတစ်ဝိုက်တွင် ထွက်ပေါ်နေသော ခရမ်းပြာအလင်းကြောင့် သူ့အား သားနားခန့်ညားစေလေသည်။ သူမသည် ဤနာမည်အား အတော်အတန်ကျေနပ်မိ၏။

လီရှောက်ယွင် နားထင်များကို ဖိလိုက်သည်။

မဟူရာဧကရာဇ်....

(နေတော့ ငှက်တစ်ကောင်နာမည်နဲ့ မငြင်းတော့ဘူး)

“ဒီလက်ဆောင်ကို သဘောကျတယ်ပေါ့?”

လီရှောက်ယွင်သည် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် မေးလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလိုပင် သူမ၏လေးနက်တည်ကြည်သောမျက်နှာထား ပြန်ဖြစ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။

“ကျေးဇူးပါ သခင်လေးလီ”

“မင်းက ငါ့တပည့်လား?”

လီရှောက်ယွင်မျက်ခုံးပင့်ကြည့်လိုက်၏။

“ဟင်?”

ကျင်းယွင်ကျောင်း စကားစရှာမရဖြစ်သွားသည်။

“မင်းကငါ့လက်ဆောင်ကိုလည်း လက်ခံထားတယ် ငါတို့အချင်းချင်းသိတာလည်း နှစ်နှစ်ခွဲရှိပြီ၊ ဘာလို့သခင်လေးလီလို့ခေါ်နေတာလဲ? ငါနဲ့မရင်းနှီးတဲ့လူတွေပဲ အဲ့နာမည်ကိုခေါ်တာ”

လီရှောက်ယွင် စကားကိုခေတ္တရပ်ပြီး ခါးကိုအနည်းငယ်ကိုင်းလိုက်ကာ သူမနားရွက်နားထိ နှုတ်ခမ်းကို တိုးသွားလိုက်သည်။

“တကယ်တော့ ငါ့ကချွဲတဲ့စကားတွေကြားရတာကြိုက်တယ် ဥပမာပေးရရင် အစ်ကိုလီ၊ ရှောက်ယွင်...ဒါမှမဟုတ် ကိုကို”

ကျင်းယွင်ကျောင်းစိတ်အခြေအနေတစ်ရပ်လုံး ချက်ချင်းဆိုသလို မှောင်ကျသွားသည်။ သူမမျက်နှာအေးစက်သွားပြီး တစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ထသွားတော့၏။

ရှောက်ယွင်ဟု ခေါ်ရသည်မှာ အဆင်ပြေသော်လည်း အမှန်တကယ်ပင် ကိုကိုဟုခေါ်ခိုင်းနေသည်လော?

All Chapters