← Chapters

အခန်း (၇၄၉-၇၅၂)

Vol. 38 Ch. 749-752

အခန်း (၇၄၉-၇၅၂)

Vol. 38 Ch. 749-752

Space and Rebirth 749

ကျင်းယွင်ကျောင်းခန္ဓာကိုယ်သည် ခဲတံတစ်ချောင်းကဲ့သို့ ဖြောင့်တန်းသွားပြီး အလျင်စလိုဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

“အဲဒါက...”

“ရှောက်..ယွင်! အဆောင်ပိတ်ချိန်ရောက်တော့မှာမို့ အရင်ပြန်နှင့်တော့မယ် ကားကိုဂရုစိုက်မောင်းပြန်နော်”

ထိုသို့ပြောပြီးနောက် သူမသည် အနောက်သို့လှည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားတော့သည်။ သူမဆက်မနေရဲတော့ချေ။ သူမ၏နှလုံးခုန်သံသည် တဖြည်းဖြည်းမြန်လာသည်ကို ခံစားနေရသောကြောင့်ဖြစ်သည်။ ဤသည်မှာ သူမနေမကောင်းဖြစ်တော့မည့် လက္ခဏာတစ်ခုဖြစ်ပေသည်။

သူမသာ ကြာကြာနေလျှင် ထိတ်ထိတ်ပျာပျာဖြစ်လာပြီး အသက်ရှုမဝတော့ဘဲ အာခေါင်များခြောက်၍ တစ်ကိုယ်လုံးချိနဲ့သွားမည့်အပြင် မျက်နှာများနီမြန်းလာပေမည်။ ထိုသို့မဖြစ်သင့်ချေ။

သူမသည် လီရှောက်ယွင်အား အချိန်အတော်ကြာမတွေ့ခဲ့ရသောကြောင့် သို့မဟုတ် ယခုတလောတွင် ချီကျုံးထံမှ မရီးဟုခေါ်သည်ဟု နေသားကျသွားသောကြောင့် သို့မဟုတ် လီရှောက်ယွင်၏ ရုတ်တရတ်ဆန်သောလက်ဆောင်ကြောင့် သူမအနည်းငယ်နေရခက်နေခြင်းဖြစ်မည်။

အဘယ်ကြောင့်ဆိုသော် မည်သူကမှ သူမအား ဤကဲ့သို့ တစ်ခါမှမဆက်ဆံဖူးပေ။ သူမဒုက္ခရောက်စဥ်တိုင်း သူမ၏ လေသံနှင့်အပြောအဆိုများကို ဂရုမစိုက်ဘဲ သူမအားတုံ့ဆိုင်းခြင်းမရှိ ကူညီခဲ့သောသူဖြစ်သည်။ သူမဘဝ၏အရိုးရှင်းဆုံး၊ သာမန်အဆန်ဆုံးအချိန်တွင် လီရှောက်ယွင်သည် စည်ကားသောမြို့တော်မှထွက်ခွာပြီး သူမအား အဖော်ပြုပေးရန် အကြောင်းပြချက်မျိုးစုံရှာဖွေခဲ့သည်။

အကျင့်ဟူသည်မှာ ကမ္ဘာပေါ်တွင် အစွဲမြဲစေတတ်ဆုံးအရာဖြစ်၏။

အေးမြသောလေညင်းတိုက်ခတ်သည်နှင့် ပြာပြာသလဲဖြစ်နေခဲ့သော ကျင်းယွင်ကျောင်းလည်း အနည်းငယ်စိတ်ငြိမ်သွားတော့သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ သူမဖုန်းထပ်မြည်လာပြန်၏။ သူမထုတ်ကြည့်လိုက်သောအခါ လီရှောက်ယွင်ထံမှ မက်ဆေ့ချ်နောက်တစ်စောင်ဖြစ်ကြောင်း မြင်လိုက်ရလေသည်။

“မင်းဘယ်လိုခေါ်ခေါ် ငါကျေနပ်တယ်၊ ငါ့ကို A တက္ကသိုလ်ရဲ့ ဆရာ ရုတ်တရတ်ကြီးမဖြစ်စေချင်ရင် ညတိုင်း မဟူရာဧကရာဇ်ရဲ့ အခြေအနေကို လှမ်းအစီရင်ခံဖို့ မမေ့နဲ့၊ အဲဒါကငါသားဖောက်ထားတဲ့ ငှက်လေးပဲလေ”

ကျင်းယွင်ကျောင်းဆွံ့အသွားတော့၏။ လီရှောက်ယွင်သည် ငှက်ဥတစ်လုံးအား သားဖောက်ထားသောအချက်ကို အဘယ်ကြောင့် ထိုမျှလောက်ဂုဏ်ယူနေရသနည်း?

“အင်း”

ကျင်းယွင်ကျောင်းစာပြန်လိုက်သည်။

ထိုအချိန်တွင် ကျောင်းဂိတ်ပေါက်၌ရပ်နေဆဲဖြစ်သော လီရှောက်ယွင်သည် ဖုန်းမြည်သံကြားလိုက်ရ၏။ သူထုတ်ကြည့်လိုက်သောအခါ ရိုးရှင်းသောပြန်စာကြောင့် သူ၏မျက်နှာထား ပျော့ပြောင်းသွားလေသည်။ ထိုငှက်အား ပျိုးထောင်ခဲ့သည်မှာ အမှန်တကယ်အသုံးဝင်သောအရာဖြစ်၏။

သူသည် အပြုံးတစ်ခုဖြင့် ကားတံခါးကိုဖွင့်လိုက်သည်။ သို့ရာတွင် သူ၏အင်အားကို သွယ်လျသောလက်ညှိုးတစ်ချောင်းက တားဆီးလိုက်လေ၏။

“ကောင်ချောလေး၊ ကားအတူပတ်စီးချင်လား?”

သူ၏ရှေ့မှောက်တွင် ပရောပရည်လာလုပ်သောအမျိုးသမီးတစ်ဦး ရောက်နေလေသည်။

လီရှောက်ယွင်သည် မျက်ခုံးကိုပင့်ကာ သူမအား ဝေ့ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် သူမခန္ဓာကိုယ်နှင့်ပတ်သတ်၍ ပြသာနာရှိပုံပေါက်ကြောင်း သူမြင်လိုက်၏။ သူမ၏တင်ပါးသည် မရပ်မနားလှုပ်ခါနေပြီး သူမ၏ကိုယ်လုံးသည်လည်း အ‌ရှေ့သို့ ကိုင်းညွှတ်နေသည်။ မသိလျှင် သူမကိုယ်ပေါ်မှ ထိုရွံစရာအရာနှစ်ခုကို လီရှောက်ယွင်ထံသို့ ပူးကပ်လိုသည့်အလားပင်။

လီရှောက်ယွင်မျက်လုံးများ အေးစက်သွားသည်။

“ဟုတ်ပြီလေ”

သူ၏အသံသည်လည်း ရေခဲတမျှ‌အေးစက်နေ၏။

အမျိုးသမီးမှ ထိုစကားကိုကြားလိုက်ရသောအခါ ပျော်ရွှင်မှုဖြင့်ထခုန်လိုက်ပြီး ကားရှေ့ရှိခရီးသည်တင်ခုံသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။ သို့ရာတွင် လီရှောက်ယွင်ပြောသောစကားကြောင့် သူမတန့်သွားလေ၏။

“အနောက်မှာထိုင်”

ထိုအမျိုးသမီး အံ့အားသင့်သွားတော့၏။ သို့ရာတွင် ဒုတိယတစ်ခေါက်ပြန်တွေးကြည့်သောအခါ ဤအမျိုးသား၏ပုံစံမှာ လေးနက်တည်ကြည်ဟန်ရှိသည်။ ထို့ကြောင့် သူ့အား အခြားသူများမှတွေ့ပြီး အတင်းတုပ်မည်ကို ကြောက်နေသည့်ပုံစံပေါက်လေသည်။ အနီးအနားတွင် မည်သူမျှမရှိလျှင် ထိုသို့ဖြစ်လောက်မည်မဟုတ်ပေ။ ထိုအတွေးဖြင့် သူမသည် ကျေနပ်စွာ ကားနောက်ခန်းတွင် ထိုင်လိုက်သည်။

လီရှောက်ယွင် ဟက်ခနဲလှောင်ရယ်သံပြုလိုက်၏။ များမကြာမီတွင် ကားသည် အံ့သြစရာကောင်းလောက်သောအမြန်နှုန်းဖြင့် မောင်းနှင်ထွက်ခွာသွားလေသည်။

“ဖြည်း-ဖြည်းဖြည်းမောင်းပါလား....”

ထိုအမျိုးသမီးသည် ချွေးစေးများပြန်လာတော့၏။

သို့ရာတွင် လီရှောက်ယွင်မှ ခွန်းတုံ့မပြန်ချေ။ နှစ်နာရီကျော်မောင်းပြီး နောက်ဆုံးတွင် ကားရပ်သွားတော့၏။ ကားသည် မြို့ပြင်သို့ပင်ရောက်နေလေပြီ။ အနီးအနားတွင် လူတစ်ဦးမှမရှိပေ။ လှမ်းမျှော်ကြည့်နိုင်သောအကွာအဝေးတွင် အဝေးပြေးလမ်းမတစ်ခုရှိသော်လည်း ကားတစ်စီးနှစ်စီးမျှသာ မောင်းနှင်သွားလာနေ၏။

ထိုအမျိုးသမီးသည် ထိုမှသာ သက်မကိုချလိုက်ပြီး သူမကိုယ်သူမ စိတ်ငြိမ်အောင်လုပ်ရန် ကားထဲမှ လျင်မြန်စွာထွက်လိုက်သည်။ သို့ရာတွင် ထိုအမျိုးသမီးကားထဲမှထွက်သည်နှင့် လီရှောက်ယွင်သည် စကားတစ်ခွန်းမျှမဟဘဲ စက်ပြန်နှိုးလိုက်၏။

“ဟင်! ငါ-ငါကားထဲမဝင်ရသေးဘူးလေ! ပြီးတော့ ငါ့အိတ်-ငါ့အိတ်...”

ထိုအမျိုးသမီးသည် ကားအနောက်မှပြေးလိုက်ပြီး အော်ဟစ်နေသော်လည်း လီရှောက်ယွင်၏ဇိမ်ခံကားသည် အစအနပင်မချန်ဘဲ ည၏အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။ သူမ ကြက်သေသေသွား၏။ ဘေးဘီဝဲယာကြည့်လိုက်သောအခါတွင်လည်း ပိန်းပိတ်အောင်မှောင်နေသည်ကိုသာ မြင်ရသည်။ အေးစက်သောညလေကြောင့် သူမတစ်ကိုယ်လုံးချမ်းလာသည်။ သူမသည် အတွင်းတွင် ဘရာစီယာတစ်ထည်ကိုသာဝတ်ဆင်ထားသဖြင့် အအေးဒဏ်ကြောင့် တုန်ယင်လာတော့သည်။ ထိုတင်မက သူမအနီးတွင် တကျွတ်ကျွတ်မြည်သံတစ်ခုကို ကြားလိုက်ရ၏။ မကောင်းသောအရာတစ်စုံတစ်ခုက သူမအနီးတွင်ရှိနေသကဲ့သို့ပင်။

“ဟေ့ကောင် ခုနှစ်၊ ငါခဏနေကျရင် မင်းဆီလာခဲ့မယ် ငါ့ကားထိုင်ခုံတွေအားလုံးကို ဖြုတ်ပြီးအသစ်လဲပေးစမ်း!”

ထိုအချိန်တွင် ကားထဲမှ လီရှောက်ယွင်၏အေးစက်သောအသံ ထွက်ပေါ်နေ၏။

Space and Rebirth 750

လီရှောင်ယွင်သည် ညလယ်ခေါင်၌ မိန်းမလှတစ်ဦးအား လူခြေတိတ်သောတောကြီးမျက်မည်းနေရာတွင် ချူးတစ်ပြားမှမပါဘဲ ပစ်ထားခဲ့သည်ကို ကျင်းယွင်ကျောင်းမှာမူ မသိပါချေ။ သူမသည် အဆောင်သို့ပြန်ရောက်သောအခါ လူသုံးဦး၏ မီးဝင်းဝင်းတောက်သောအကြည့်များကို ရင်ဆိုင်လိုက်ရသဖြင့် သူမမျက်နှာ‌သည် နေရခက်ဟန်ဖြင့် ပြည့်နှက်သွား၏။

“ကျီးကန်းကဒီလိုပုံစံရှိတာလား? သူ့အမွှေးတွေက ခရမ်းပြာရောင်လေးနဲ့ ဝင်းလက်တောက်ပနေတာပဲ...”

“နင်တုံးလိုက်တာ ဒါကရိုးရိုးကျီးမဟုတ်ဘူး ကျီးနက်ဟဲ့ ဟုတ်ပြီလား? ဒီလိုဟာမျိုးတွေက ရုပ်ရှင်တွေထဲမှာပါလာတတ်တယ် အလောင်းပြတဲ့အခန်းတွေဆို ဒီကျီးမျိုးတွေကိုပါ တွဲရိုက်တယ်လေ ဒီအကောင်က နိမိတ်ကောင်းတဲ့ဟာမဟုတ်ဘူး”

ဟော်ထျန်းရှန်းမှ တမင်ပြောလိုက်၏။

မည်သည့်ကျီးမျိုးပင်ဖြစ်ပါစေ ကျီးဟူသမျှ နိမိတ်မရှိသောငှက်ဟု လူအများကသတ်မှတ်ထားကြလေသည်။ သို့ရာတွင် ကျီးများသည် ငှက်အုပ်စုထဲ၌ ဉာဏ်ရည်အမြင့်ဆုံးငှက်မျိုးဖြစ်သည်ကိုလည်း ဟော်ထျန်းရှန်းသိထား၏။ ထိုမျှမက ၎င်းတို့အများစုသည် ဘဝတစ်သက်စာတွင် ကြင်ဖော်တစ်ဦးသာရွေးတတ်ပြီး အလွန်ပင်သစ္စာရှိကြလေသည်။

“အားကျောင်း၊ အားကျောင်း...”

မဟူရာဧကရာဇ်ခေါ် ဟယ့်ဒိသည် လုံးဝလူမကြောက်တတ်ပေ။ ဤအချိန်တွင် ၎င်းသည် ကျင်းယွင်ကျောင်း၏ခုံပေါ်၌ ခုန်ဆွခုန်ဆွဖြင့် လျှောက်သွားနေပြီး ကျင်းယွင်ကျောင်းနာမည်အား ခေါ်နေလေ၏။

ထိုနာမည်ခေါ်ပုံကြောင့် လူတိုင်းချက်ချင်းဆိုသလို ကျောက်ရုပ်ပမာဖြစ်သွားကြသည်။ စက္ကန့်ပိုင်းလောက်ကပင် ၎င်းအား ကြည့်မရဖြစ်နေခဲ့သော ဟော်ထျန်းရှန်းပင် မျက်လုံးပြူးသွား၏။

“စကားပြောတတ်တာလား?! သူ့မျက်လုံးတွေကိုကြည့်စမ်း ငှက်သားပေါက်လေးပဲရှိသေးတာပဲ!”

ကျီးနက်လေးများ၏မျက်လုံးများသည် ရေပြာရောင်လဲ့နေတတ်ပြီး အကောင်ကြီးလာမှသာ တဖြည်းဖြည်းဖြင့် အညိုရင့်ရောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ သို့ရာတွင် ယေဘုယျပြောရလျှင် မည်ကဲ့သို့ပင် လူကိုယ်တိုင် လက်ပွန်းတတီးမွေးမြူထားသောငှက်ဖြစ်ပါစေ စကားပြောသင်ပေးရသည်မှာ ညတွင်းချင်းဖြစ်မြောက်သောအရာမဟုတ်ပါပေ....

ကျင်းယွင်ကျောင်းအကြည့်များ နူးညံ့ညင်သာသွားသည်။ သူမသည် အလျင်အမြန်ပင် သူမအိတ်ဖြင့်ဖုံးအုပ်လိုက်ပြီး သူမ၏နေရာလွတ်နယ်မြေထဲမှ သစ်သီးသစ်ဖုများနှင့် အစေ့အဆံများပါဝင်သော အိတ်ငယ်လေးတစ်အိတ်အား ထုတ်လိုက်လေသည်။ ထို့နောက် ထိုအိတ်ထဲမှ အမျိုးအစားအချို့ကိုရွေးပြီး ဟယ့်ဒိရှေ့မှောက်တွင်ချလိုက်သည်။ ၎င်းကြိုက်လောက်မည့်စားစရာပါမပါကို ကြည့်ချင်သောကြောင့်ဖြစ်သည်။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဤအကောင်လေး၏ဉာဏ်ရည်မြင့်မားမှုကို သေချာပေါက်မေ့လျော့သွားခဲ့လေသည်။ ဟယ့်ဒိသည် သလဲသီးအချို့ကို မြိုချလိုက်ပြီး ၎င်း၏တောင်ပံများကိုသုံးကာ ကျန်စားစရာအားလုံးကို ၎င်းအနောက်တွင် ဆွဲယူသိမ်းထားလိုက်သည်ကို ကျင်းယွင်ကျောင်းမြင်လိုက်ရ၏။ ထိုသို့လုပ်ပြီးသောအခါ ၎င်းသည် ကျင်းယွင်ကျောင်းနှင့်အခြားသူများကို လိမ္မာစွာဖြင့် ကြည့်လိုက်လေသည်။

“အားကျောင်း၊ အားကျောင်း...”

ငှက်ငယ်လေးထံမှခေါ်သံ ထပ်ထွက်လာပြန်သည်။

ဟော်ထျန်းရှန်း တံထွေးမြိုချလိုက်သည်။

“ဒီနိုင်ငံတည်ထောင်ပြီးတဲ့နောက်မှာ...တိရစ္ဆာန်နတ်တွေအားလုံးကို နှင်ထုတ်လိုက်တယ်လို့ ပြောကြတယ်မလား...”

“တကယ့်နတ်ဆိုးလေးပဲ နင့်နာမည်ခေါ်ပြီး အစာလိမ်တောင်းနေပါ့လား...”

ဘေဘီယောင်သည်လည်း ဇဝေဇဝါဖြစ်နေ၏။

“ချစ်စရာကောင်းလိုက်တာ၊ ယွင်ကျောင်း...ဟယ့်ဒိကတကယ်အံ့သြစရာကောင်းတာပဲ”

ယန်ရှင်းယွဲ့၏မျက်လုံးများ ဝင်းလက်သွားသည်။

ကျင်းယွင်ကျောင်းသည်လည်း ခေတ္တမျှကြောင်အသွား၏။ သူမသည် အစက ဟယ့်ဒိ၏ခေါင်းအား ပွတ်ပေးချင်သောကြောင့် သူမလက်ကိုလှမ်းလိုက်သော်လည်း ဟယ့်ဒိသည် မျက်နှာပေါ်တွင် လိမ္မာကျိုးနွံသောအမူအရာဖြင့် သူမ၏ထိုလက်ပေါ်သို့ တက်ကာမတ်တပ်ရပ်လိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း?

ကျင်းယွင်ကျောင်းနှုတ်ခမ်းများစေ့ကာ ပြုံးလိုက်သည်။

“ရှောင်ဒိက အရမ်းလိမ္မာပါတယ် ငါသူ့ကိုအခုတလောစောင့်ရှောက်ပေးရမှာ သူဆူညံတာရှိရင်...”

“မဆူညံပါဘူး!”

“ဘာမှမဆူညံဘူး!”

“လုံးဝပြသာနာမရှိပါဘူး!”

သုံးဦးသား ပြောလိုက်ကြ၏။

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။

“ငါသူ့ကိုတတ်နိုင်သမျှအကောင်းဆုံး သင်ပေးထားမှာပါ ဒါပေမယ့် ဟယ့်ဒိလည်း ညဘက်ဆို အနားယူဖို့အိပ်ရမှာဆိုတော့ အနှောင့်အယှက်ဖြစ်အောင်နေမှာမဟုတ်ဘူး အဲဒါအပြင် သူက ဆူညံသံတွေလုပ်ဖို့ ပါးစပ်တောင်ဖွင့်ခဲတယ်လို့ ငါ့သူငယ်ချင်းကပြောလိုက်တယ်”

သို့သော် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးမှာ ၎င်းကိုလုံးဝအာရုံမထားဘဲ သူတို့၏လက်များကိုသာ ဝှေ့ယမ်းလိုက်သည်။

‘ဟယ့်ဒိက အနာဂတ်မှာ ငါတို့အဆောင်ရဲ့ ဧကရာဇ်လေးဖြစ်တော့မှာ ဘယ်သူကဒီလိုဉာဏ်ကောင်းတဲ့ ကလေးလေးကို မကြိုက်ဘဲနေနိုင်မှာလဲ? ဒါနဲ့ ငါကိုယ်တိုင်လည်း ဘာလို့ဒီလိုငှက်မျိုးကို မွေးဖို့ မစဥ်းစားဖူးပါလိမ့်? ကြည့်ရတာ မိုက်ရုံမက ချစ်စရာလည်းအရမ်းကောင်းတယ် အထူးသဖြင့် ဒီလိုလည်ပုံမျိုးနဲ့ဆိုရင် သူနဲ့သက်တူရွယ်တူခွေးပေါက်တွေထက်တောင် အများကြီးသာတယ်!”

“ကျင်းကျင်း၊ ငါ့လက်ပေါ်မှာ ရပ်ခိုင်းပြီး သူနဲ့ခဏလောက်ဆော့လို့ရလား? ငါလည်းစမ်းကြည့်ချင်တယ်...”

ဘေဘီယောင်မှ စိတ်အားထက်သန်စွာ ပြောလိုက်၏။

သူမသည် အခြားအိမ်မွေးတိရစ္ဆာန်မပြောနှင့်၊ ခွေးတစ်‌ကောင် သို့မဟုတ် ကြောင်တစ်ကောင်ကိုပင် မမွေးခဲ့ဖူးချေ။ သူမမွေးစကပင် သူမမိဘများသည် အိမ်မွေးတိရစ္ဆာန်များအားလုံးကို ပိုးမွှားများကပ်ပါလာသောအရာများဟု ပြောကာ အခြားသူများကို ပေးပစ်ခဲ့၏။ သူတို့အမြင်အရ သူမသည် ကျန်းမာရေးအားနည်းသောကြောင့် ၎င်းတို့အား ထိတွေ့လျှင် မကောင်းနိုင်ချေ။

သို့သော် လက်တွေ့တွင် သူမသည် ဒေါင်ဒေါင်မြည်ကျန်းမာလေသည်။ အိမ်မွေးတိရစ္ဆာန်များ ပိုင်ဆိုင်သော အခြားလူများအားတွေ့တိုင်း သူမသည် အလွန်အားကျခဲ့လေ့ရှိသည်။

Space and Rebirth 751

သူမအား ဟယ့်ဒိကို လီရှောက်ယွင်မှပေးထားသော်လည်း ၎င်းအား မိမိတစ်ဦးတည်း အပိုင်သိမ်းထားလောက်သည်ထိ သူမသည် သဘောထားမသေးသိမ်ပါပေ။ ဟယ့်ဒိအား ဘေဘီယောင်ဆီ သူမကမ်းပေးလိုက်တော့၏။

ဘေဘီယောင်သည် ဂရုတစိုက်ဖြင့် ဟယ့်ဒိကိုကိုင်ရန် သူမလက်ကိုဆန့်တန်းလိုက်သော်လည်း ဟယ့်ဒိသည် ၎င်၏ခြေထောက်များကိုလှုပ်ရှားကာ ကျင်းယွင်ကျောင်း၏လက်မှ သူမလက်မောင်းပေါ်သို့ တွားသွားလိုက်၏။ ဘေဘီယောင်အား အသိအမှတ်မပြုချင်သကဲ့သို့ပင်။

ဟော်ထျန်းရှန်းမှာ အရှုံးမပေးတတ်သူဖြစ်သည့်အလျောက် သူမလည်း ဝင်ရောက်ဆင်နွှဲသည့်အနေဖြင့် လျင်မြန်စွာ လက်လှမ်းလိုက်သည်။ သို့ရာတွင် ဟယ့်ဒိ၏တောင်ပံများသည် တဖျတ်ဖျတ်ဖြင့်ခါကာ ချက်ချင်းဆိုသလို အပေါ်သို့ပျံတက်သွား၏။ နှစ်စက္ကန့်ကြာသော် ၎င်းသည် ကျင်းယွင်ကျောင်း၏ပုခုံးပေါ်သို့ အခိုင်အမာနားလိုက်လေသည်။ ၎င်းတစ်ကိုယ်လုံးသည် ကျင်းယွင်ကျောင်း၏လည်တိုင်နှင့် ဖိကပ်နေပြီး မည်သည့်နေရာကိုမှ မသွားချင်သည့်ဟန်ဖြစ်နေ၏။

“ဟယ့်ဒိနဲ့ နင်ပထမဆုံးတွေ့ဖူးတာရောဟုတ်ရဲ့လား?”

ဟော်ထျန်းရှန်းမျက်လုံးများ ကျွတ်ကျမတတ်ဖြစ်နေသည်။

ဘေဘီယောင်သည် ပို၍ပင် အားကျသွား၏။ သူမလည်း ကျင်းယွင်ကျောင်းကဲ့သို့ဖြစ်ချင်ကာ ဟယ့်ဒိနဲ့ အချိန်အတော်ကြာဆော့ချင်နေမိသည်။

ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ်အံ့အားသင့်သွား၏။ ဟယ့်ဒိသည် အစက သူမနှင့်အလွန်တရင်းတနှီးရှိသော်လည်း ဤအတိုင်းအတာလောက်ထိမဟုတ်ပေ။ ဧကန္တ အစောပိုင်းက သူမသည် ဟယ့်ဒိအား အစာကျွေးခဲ့ခြင်းကြောင့်လော?

“စားပွဲပေါ်ကဟာတွေယူပြီး သူ့ကိုကျွေးကြည့်ပါလား?”

ကျင်းယွင်ကျောင်းသည် မရေရာစွာဖြင့် ပြောလိုက်သည်။

ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးခေါင်းငြိမ့်လိုက်၏။ သူတို့သည် သလဲသီးများကိုကောက်ယူရန် ကြိုးစားလိုက်သော်လည်း သလဲသီးများကို ထိလိုက်သည်နှင့် ဟယ့်ဒိသည် တဟုန်ထိုးပြေးလာပြီး တုံ့ဆိုင်းမှုမရှိ ဟော်ထျန်းရှန်း၏လက်ချောင်းများကို သူ၏နှုတ်သီးဖြင့် အသာအယာဆိတ်လိုက်၏။ မသိလျှင် သူ၏စားနပ်ရိက္ခာများကို ကာကွယ်နေသလိုပင်။

“မဖြစ်နိုင်တာ နင်စောင့်နေဦး!”

ဟော်ထျန်းရှန်းသည် အလွန်ပင်ကြောင်အမ်းသွားသည်။ သူမသည် ထိုင်နေရာမှ လျင်မြန်စွာထပြီး သူမစားနေကျအသီးများကို လက်ထဲထည့်ကာ ဟယ့်ဒိအား ဆွဲဆောင်ရန်ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့် ဟယ့်ဒိမှာ ထိုအသီးများကို ဝေ့တောင်မကြည့်ပေ....

“ဟယ့်ဒိကတကယ်နတ်ဆိုးလေးဖြစ်နေတာပဲ”

ဟော်ထျန်းရှန်းသည် ဇဝေဇဝါဖြင့် သူမခေါင်းကိုခါယမ်းလိုက်သည်။

“ကြည့်ရတာ နောက်ကျရင် ငါတို့တော့ အားကျင်းနဲ့ ဟယ့်ဒိတို့ ကြည်နူးတီတူးနေတာကို ထိုင်ကြည့်ရတော့မယ်ထင်ပါတယ်”

မိမိရှေ့မှောက်တွင် မှော်ဆန်ပြီး ချစ်စရာကောင်းသော ငှက်မျိုးစိတ်လေးရှိနေသော်လည်း သူမသည် အနားပင်မကပ်နိုင်ပါချေ။ ဤခံစားချက်မျိုးမှာ မိန်းကလေးငယ်တစ်ဦးအတွက် အလွန်ဝမ်းနည်းစရာကောင်းလှ၏။

ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးပြီးနောက် ဟော်ထျန်းရှန်း၏အသီးနှင့် တူညီသောအသီးကို သူမအိတ်ကပ်ထဲမှထုတ်လိုက်ပြီး ၎င်းအားကမ်းပေးလိုက်သည်။

“ဒါနဲ့ကျွေးကြည့်”

“ဘယ်အသီးဖြစ်ဖြစ် အတူတူပဲမဟုတ်ဘူးလား? မဟုတ်မှလွဲရော နင့်အသီးတွေက ငါ့အသီးထက် ပိုကောင်းနေ....”

သူမစကားပင်မဆုံးခင်တွင် ဟယ့်ဒိသည် ချက်ချင်းဆိုသလို ဟော်ထျန်းရှန်း၏လက်ပေါ်ခုန်တက်ကာ ထိုပစ္စည်းကိုကုတ်ချီပြီး အနောက်လှည့်ပျံထွက်သွားတော့၏။ ထိုအခိုက်အတန့်သည် တိုတောင်းလှသော်လည်း အစောပိုင်းက ဂရုမစိုက်မှုထက် အပုံကြီးသာလွန်နေပေသေးသည်!

ကျင်းယွင်ကျောင်းသည် သက်မချလိုက်ပြီး “ငါဒီလိုထင်သားပဲ” ဟူသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။

ဟယ့်ဒိ ဤကဲ့သို့ပြုမူနေရသောအကြောင်းအရင်းသည် သစ်သီးများထုတ်လုပ်သောနေရာနှင့် သက်ဆိုင်နေဟန်ရသည်။ နေရာလွတ်နယ်မြေထဲရှိ အသီးအနှံများအားလုံးကို အပြာရောင်စမ်းရေတွင်းမှသွယ်ယူထားသောရေများဖြင့် စိုက်ပျိုးထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လတ်ဆတ်ရုံမက ထူးကဲစွာ ချိုမြနေပေသည်။ အပြင်မှသစ်သီးများနှင့်လုံးဝမတူဘဲ ခန္ဓာကိုယ်အတွက်လည်း အလွန်ကောင်း၏။ ဟယ့်ဒိသည် သူမပေးခဲ့သောစားစရာများ၏ ကွာခြားချက်ကို သတိပြုမိသဖြင့် ဤကဲ့သို့ ရုတ်ချည်းဆိုသလို မူမမှန်ဖြစ်သွားရခြင်းဖြစ်သည်။

သို့ရာတွင် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးမှာ ဤကိစ္စ၏နောက်ကွယ်မှအကြောင်းရင်းကို မသိကြချေ။ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူတို့မျက်နှာများသည်သာ ခါးသီးသွားကြ၏။

သူတို့သည် ဤမျှလောက် အစာရွေးပြီးချေးများသောငှက်တစ်ကောင်ကို မမြင်ဖူးပါပေ။ ဧကန္တ ကျင်းယွင်ကျောင်းပေးသော စားစရာများသည် အရသာပိုရှိနေသောကြောင့်လော?

ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမသည် အိပ်ရာပေါ်မှ ခရီးဆောင်အိတ်ကြီးတစ်အိတ်အားယူကာ လတ်ဆတ်သောသစ်သီးမျိုးစုံကို ထုတ်ယူလိုက်၏။

“ဒီအသီးအနှံတွေအားလုံးကို ငါ့ဆရာစိုက်ထားတာ၊ သူတို့က တခြားအသီးတွေထက် နည်းနည်းပိုထူးခြားပြီး အရသာပိုရှိတယ် ဒီမဟူရာဧကရာဇ်လေးက အစားရွေးလို့ဖြစ်မယ်ထင်တယ် နင်တို့လည်းစားကြည့်ကြလေ”

“အဲ့လိုလား?”

ဟော်ထျန်းရှန်းသည် အနည်းငယ်မယုံသင်္ကာဖြစ်နေသော်လည်း သူမလက်ထဲတွင် ပန်းသီးတစ်လုံးအား ယူနှင့်နေပြီဖြစ်သည်။ ‘ဂျွတ်’ ဟူသောအသံဖြင့် သူမသည် ပန်းသီးကိုကိုက်ချလိုက်ပြီး ချက်ချင်းဆိုသလို လက်မထောင်ပြလိုက်သည်။

“ချိုလိုက်တာ ပြီးတော့ အီလည်းမအီဘူး ဒါကြောင့်မို့ကိုး!”

သူတို့သည် ဤတစ်ချိန်လုံးစစ်အခြေစိုက်စခန်းတွင် ရှိနေခဲ့သဖြင့် ဤသစ်သီးများကို စားသုံးရန် အပြင်သို့မထုတ်နိုင်ခဲ့ချေ။

ဟော်ထျန်းရှန်း၏စကားများကို ကြားလိုက်ရသောအခါ ကျန်နှစ်ဦးလည်း တုံ့ဆိုင်းမနေတော့ချေ။ တစ်ကိုက်စာမျှစားပြီးသည်နှင့် သူတို့အားလုံး ထိတ်လန့်အံ့အားသင့်သောဟန်ပန်ဖြစ်သွားကြတော့သည်။ သူတို့သည် သစ်သီးတစ်လုံးပြီးတစ်လုံးဖြင့်ယူရင်း ဗိုက်ပြည့်သည်အထိ နှစ်လုံး၊ သုံးလုံးမျှ စားလိုက်ကြ၏။ ထိုမှသာ မိမိတို့၏အာသီသပြေသွားလေသည်။

Space and Rebirth 752

ကျင်းယွင်ကျောင်း၏ နေရာလွတ်နယ်မြေထဲတွင် ထုတ်လုပ်သောသစ်သီးများသည် အပြင်လောက၌ အလွန်တရာရှားပါးအဖိုးတန်သောအရာများဖြစ်၏။ လက်ရှိတွင် ၎င်းတို့အားလုံးကို ယွီထျန်းရှန်း၌ သူမရောင်းထားသည်။ ဤသစ်သီးများကို အပြင်၌ ထုတ်လုပ်ရောင်းချခြင်းမရှိသဖြင့် လူများစွာသည် ၎င်းတို့အား အရသာခံနိုင်ရန် ယွီထျန်းရှန်းသို့ အထူးတလည်သွားရောက်ကြလေသည်။ ထို့ကြောင့် ထိုစားသောက်ဆိုင်သည် တဖြည်းဖြည်းဖြင့် ရေပန်းစားသထက်စားလာတော့၏။

ယခင်ပွဲတော်ရက်များအတွင်းတွင် တုလင်းသည် သူတို့နှစ်ဦးနာမည်ဖြင့် မြေများစွာကို ကန်ထရိုက်ယူထားခဲ့လေသည်။ ကြီးထွားရန် အချိန်သိပ်မယူသော အသီးအနှံအချို့အား ထိုနေရာ၌ စိုက်ထားသဖြင့် ၎င်းတို့အား အပင်ပန်းခံ၍ သယ်ယူပို့ဆောင်စရာမလိုတော့ပေ။ ထိုအသီးအနှံများ၏အရည်အသွေးအတွက် ၎င်းတို့၏မျိုးစေ့အားလုံးကို နေရာလွတ်နယ်မြေထဲရှိ အပြာရောင်စမ်းရေတွင်းမှ ရေကိုယူကာ နှစ်ထားခဲ့လေသည်။ နေရာလွတ်နယ်မြေထဲတွင် စိုက်ပျိုးသည်ထက် မကောင်းလှသော်လည်း အပြင်ဘက်မှအသီးအနှံများနှင့်စာလျှင် အဆထောင်သောင်းချီသာလွန်ပေသည်။

ထိုမျှမက တုလင်းသည် ခရိုင်နယ်အသေးစားတွင်သာ ကျင်လည်တတ်သောသူဌေးတစ်ဦးမဟုတ်ပေ။ သူမ၏ယခင်ဘဝတွင် တုလင်း၏အောင်မြင်မှုများသည် မနည်းလှဟုပြောရမည်။ ယခုတွင် သူသည် မြို့တော်ထဲ၌ ဆိုင်ခွဲကြီးတစ်ဆိုင်အားဖွင့်ရန် ပြင်ဆင်နေပေပြီ။ သို့ရာတွင် ၎င်းအားဖွင့်နိုင်ရန် ဆိုင်နေရာရှာရာ၌ အချိန်ယူရဦးမည်။

ထို့နောက် ထိုစားသောက်ဆိုင်အသစ်အတွက် သူမနှင့်လီရှောက်ယွင်တို့နှစ်ဦးစလုံး ရှယ်ယာများရရှိပေမည်။

သို့ရာတွင် ဤကိစ္စအားတွေးမိလိုက်သောအခါ ကျင်းယွင်ကျောင်းမျက်နှာပေါ်၌ အပြုံးဖျဖျလှစ်ဟပေါ်ပေါက်လာ၏။

ပြန်လည်မွေးဖွားလာပြီးနောက် သူမသည် အရာပေါင်းများစွာကို ပြောင်းလဲခဲ့သည်။ ထို့ကြောင့် သူမနှင့်ပတ်သတ်သောနယ်ပယ်များသည် တဖြည်းဖြည်းများပြားလာတော့၏။ သူမသည် ကုမ္ပဏီများနှင့် မြေယာများကို ပိုင်ဆိုင်သော်လည်း ယခုအချိန်ထိ အိမ်တစ်လုံးမရှိသေးပေ။ မည်သို့ပင်ဖြစ်စေ သူမသည် တစ်ဦးတည်းသမားဖြစ်သောကြောင့် အိမ်တစ်အိမ်ဝယ်ရန် အလျင်လိုမနေပါချေ။

သူမအဆောင်ထဲရှိလူများမှာ ကျင်းယွင်ကျောင်းလက်ထဲ၌ ဤမျှလောက်ကောင်းသောအရာရှိနေမည်ဟု မထင်မှတ်ထားကြချေ။ သူတို့သည် တစ်ဦးပြီးတစ်ဦး သုတ်သုတ်ပြာပြာဖြင့် သူမ၏လျှို့ဝှက်ဆန်းကြယ်သောဆရာ၏ စိုက်ပျိုးရေးအကြောင်း မေးမြန်းကြတော့၏။ ကျင်းယွင်ကျောင်းသည် ထိုမေးခွန်းများကို ရှောင်တိမ်းရန် အကြောင်းပြချက်မျိုးစုံ ရှာဖွေရတော့သည်။ အနာဂတ်တွင် ဤကဲ့သို့လတ်ဆတ်သောသစ်သီးများရှိပါက သူတို့အား မချန်ထားဘဲ ပေးမည်ဖြစ်ကြောင်းကိုသာ ကတိပေးလိုက်ရ၏။

ဟယ့်ဒိသည် အမှန်တကယ်ပင် အလွန်အေးဆေးတည်ငြိမ်သော သတ္တဝါလေးဖြစ်သည်။ တစ်ခါတစ်ရံတွင် သူ၏နှုတ်ကိုဖွင့်၍ “အားကျောင်း” ဟုခေါ်တတ်သည်မှအပ ပုံမှန်အားဖြင့် လွန်စွာလိမ္မာရေးခြားရှိလေသည်။ ထိုညက သူသည် ကျင်းယွင်ကျောင်း၏အိပ်ရာနံဘေးတွင်ပင် အိပ်ခဲ့သေး၏။ သူအိပ်သောကိုယ်နေဟန်ထားမှာ သာမန်ငှက်များနှင့် အနည်းငယ်ကွဲပြားပေသည်။ သူသည် သူမခေါင်းအုံးနံဘေးတွင် ကျောပြင်ကိုဆန့်၍ ခြေကားယားလက်ကားယားအိပ်လေသည်။ ပျံသန်းနိုင်စွမ်းရှိသော ခွေးပေါက်လေးတစ်‌ကောင်ကဲ့သို့ပင်။

ကျင်းယွင်ကျောင်းသည် တဖြည်းဖြည်းဖြင့် လီရှောက်ယွင်မှ ဤသတ္တဝါလေးအား မည်ကဲ့သို့ထိန်းကျောင်းပညာပေးခဲ့သည်ကို သိချင်လာမိတော့သည်။

နောက်တစ်နေ့မနက်တွင် သူတို့သည် အတန်းထဲသို့အတူသွားလိုက်ကြ၏။ ဟယ့်ဒိမှာမူ လိုက်၍မဖြစ်ပါပေ။ ၎င်းအား နေရာလွတ်နယ်မြေထဲတွင် ထည့်လိုက်ပါက သူတို့အဆောင်သို့ပြန်ရောက်ပြီး သူ့အားမမြင်ရလျှင် အခြားသူများက စိတ်ပူကြလေမည်။ ထို့ကြောင့် သူမသည် ဟယ့်ဒိအား အဆောင်ခန်းထဲတွင် တစ်ကောင်တည်းသာ ထားခဲ့နိုင်တော့သည်။

အတန်းတက်ရန်မထွက်ခင်တွင် သူတို့သည် ဟယ့်ဒိအထီးကျန်နေမည်စိုးသဖြင့် ထွက်သွားရန် တုံ့ဆိုင်းနေခဲ့ကြသည်။ သို့ရာတွင် သူတို့သည် မဟူရာဧကရာဇ်အား အထင်သေးမိလိုက်ဟန်တူသည်။

ဤသတ္တဝါလေးသည် ကျင်းယွင်ကျောင်းပြုလုပ်ထားသော ဒန်းအသေးစားလေးပေါ်တွင် ဆော့ကစားကာ ပျော်ရွှင်မြူးတူးနေ၏။ စားပွဲပေါ်တွင်လည်း ဟော်ထျန်းရှန်းနှင့် အခြားသူများမှပေးထားသော တောက်ပဝင်းလက်သည့်အရာများစွာဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းသည် အလွန်ပင်စိတ်ကြည်လင်နေလေ၏။

ဤသည်မှာ တက္ကသိုလ်စာသင်နှစ်၏ ပထမနှစ်ဝက်သာရှိသေးသည်။ စာလုပ်ခြင်းကဏ္ဍမှာ ထိုမျှလောက်အရေးမကြီးသေးပေ။ သို့ရာတွင် ကျောင်းသားအားလုံးတက်ရမည့်အတန်းချိန် ပိုများပေ၏။

A တက္ကသိုလ်ဟူသည်မှာ လူတစ်ဦး၏ ဂုဏ်ရည်အဆင့်အတန်းကိုပါ မြှင့်တင်ပျိုးထောင်ပေးသောကျောင်းဖြစ်လေသည်။ မဖြစ်မနေတက်ရောက်ရမည့်အတန်းအချို့အပြင် စာသင်နှစ်အစကတည်းက တက်ရောက်ရမည့် ကျင့်ဝတ်အတန်းများလည်းရှိပေသည်။ ကျင်းယွင်ကျောင်းသည် စီးပွားရေးမေဂျာအထူးပြုဖြစ်သောကြောင့် သူမသည်လည်း စီးပွားရေးကျင့်ဝတ်များကို သင်ရပေမည်။ ထိုမျှမက ကော့တေးပါတီ၊ ပြပွဲစသည့် လှုပ်ရှားမှုများနှင့် ပွဲပေါင်းများစွာ၌ ကျင့်သုံးရမည့် ယဥ်ကျေးမှုကျင့်ဝတ်များလည်း သင်ပေးသေး၏။ အခြေခံအားဖြင့် ကျောင်းသားများအား အထက်တန်းစားပညာရှင်များအဖြစ် ပုံသွင်းပျိုးထောင်ပေးလိုခြင်းဖြစ်ပေသည်။

သူတို့သည် အတန်းမစချိန်တွင် အတန်းထဲသို့ အချိန်မှီရောက်ရှိခဲ့လေသည်။ အတန်းထဲရှိကျောင်းသားများအားလုံးမှာ စစ်ရေးလေ့ကျင့်မှု၌ အချင်းချင်းတွေ့ဆုံခဲ့သဖြင့် အလွန်ပင် ခင်မင်ရင်းနှီးနေကြလေသည်။ ကျင်းယွင်ကျောင်းကိုမြင်သောအခါ အားလုံးသည် တစ်ပြိုင်နက်တည်းတွင် လှည့်ကြည့်လိုက်ကြ၏။

“ခုနက အတန်းပိုင်ဆရာလာသွားပြီး အတန်းခေါင်းဆောင်ရွေးဖို့ပြောလိုက်တယ်၊ ကျင်းယွင်ကျောင်း၊ နင်က စစ်ရေးလေ့ကျင့်တုန်းကလည်း ကောင်းကောင်းဦးဆောင်နိုင်ခဲ့တော့ နင့်ကိုပဲငါတို့ဆက်ဦးဆောင်စေချင်တယ်...”

သူတို့အတန်းထဲဝင်သည်နှင့် ကျောင်းသားတစ်ဦးမှရှေ့ထွက်ပြီး ပြောလိုက်၏။

ဤအတန်းထဲရှိ ကျောင်းသားအများစုမှာ ချမ်းသာကြွယ်ဝသော သူဌေးသားသမီးများအုပ်စုဖြစ်သည်။ သူတို့သည် အတန်းခေါင်းဆောင်နေရာအား လုံးလုံးစိတ်မဝင်စားချေ။ သူတို့အတွက်မူ အတန်းခေါင်းဆောင်ဖြစ်ရသည်မှာ ပြသာနာကို မီးထွန်းရှာသလိုပင်ဖြစ်၏။

ဤသူဌေးသား သခင်လေးများ၊ သခင်မလေးများသည် အတန်းခေါင်းဆောင်များမဖြစ်ချင်ကြသော်လည်း အခြားသာမန်ကျောင်းသားများမှာမူ ထိုသို့တွေးမည်မဟုတ်ကြောင်း ကျင်းယွင်ကျောင်းသိထား၏။ အတန်းခေါင်းဆောင်ရာထူးမှာ ဆရာ၊ ဆရာမများနှင့် ဆက်ဆံရာ၌ မိမိအားပို၍အထင်ကြီးလေးစားစေပြီး အခြားအကျိုးခံစားခွင့်များလည်းရှိသေးသည်မဟုတ်လော။

All Chapters