အခန်း (၇၅၃-၇၅၆)
Vol. 38 Ch. 753-756
Space and Rebirth 753
ကျင်းယွင်ကျောင်းသည် ဘယ်သောအခါကမှ ပြသာနာရှာရသည်ကို မနှစ်မြို့ပေ။ သူမသည် အထက်တန်းကျောင်းတွင် အတန်းခေါင်းဆောင်မဖြစ်ခဲ့သော်လည်း အဘိုးချီလက်အောက်၌ နှစ်နှစ်ကြာမျှ အစေခံခဲ့ရ၏။ ယခုသူမသည် ထိုအဘိုးကြီးလက်အောက်မှ လွတ်ပြီဖြစ်၍ မိမိကိုယ်မိမိ ထပ်မံပူဇော်ရလောက်သည်ထိ မတုံးအပါပေ။
“စိတ်မကောင်းပေမယ့် ငါ့မှာအချိန်သိပ်မရှိဘူး...”
ကျင်းယွင်ကျောင်းယဥ်ကျေးစွာ ပြောလိုက်၏။
ထင်ထားသည့်အတိုင်းပင် ကျင်းယွင်ကျောင်းသည် ကျောင်းသားအချို့ထံမှ သက်မချသံများကို သဲ့သဲ့ကြားလိုက်ရ၏။
“ဒါပေမယ့် နင့်ထက်ပိုသင့်တော်မယ့်လူကို ငါစဥ်းစားလို့ကိုမရဘူး....”
ဟော်ထျန်းရှန်းပြောလိုက်သည်။
“ငါ့ကိုလွှတ်ပေးစမ်းပါဟာ ငါအားတဲ့အချိန်မှာ အလုပ်လုပ်ရင်းငွေရှာဖို့ စီစဥ်ထားတာ၊ အတန်းခေါင်းဆောင်လုပ်ရင် အရမ်းအလုပ်ရှုပ်သွားမှာ၊ A တက္ကသိုလ်ရဲ့ အတန်းခေါင်းဆောင်ဆိုပိုဆိုးတာပေါ့ ဒီလိုကိစ္စမျိုးကို တခြားတစ်ယောက်ဆီအပ်လိုက်တာက ပိုကောင်းပါတယ်”
ကျင်းယွင်ကျောင်းလက်ကိုခါယမ်းကာ ထိုင်စရာနေရာရှာလိုက်သည်။
“အလုပ်လုပ်မယ်? နင်ငွေလိုနေလို့လား?”
ဟော်ထျန်းရှန်းဆွံ့အသွားသည်။ မနေ့တစ်နေ့ကတင် ကျင်းယွင်ကျောင်းသည် ယွမ်ဆယ်သန်းအား ရင်းနှီးမြုပ်နှံလိုက်သည်မဟုတ်လော? ထိုအလှပြင်ဆိုင်အား ပြန်လည်မွမ်းမံပြုပြင်ပြီးပါက နှစ်စဥ်နှစ်တိုင်း ငွေများအလုံးအရင်းနှင့် ဝင်လာပေလိမ့်မည်။ သူမအဘယ်ကြောင့် အလုပ်လုပ်စရာ လိုမည်နည်း?
အလုပ်ဟူသောစကားလုံးသည် သူမနှင့်အလွန်သူစိမ်းဆန်လွန်းနေ၏။
ကျင်းယွင်ကျောင်းမှ အလုပ်လုပ်မည်ဟူသောစကားသည် အလိမ်အညာမဟုတ်ပေ။ မကြာခင်တွင် ဆေးဝါးစက်ရုံအား တည်ဆောက်တော့မည်ဖြစ်သောကြောင့် သူမသည် အလွန်အလုပ်ရှုပ်ရပေတော့မည်။ ထို့အပြင် သူမ၏ဆေးပညာစွမ်းရည်များအား လေ့ကျင့်မှုကို ရပ်ဆိုင်းထား၍မရပေ။ သူမသည် သူမစွမ်းရည်များအား လက်တွေ့လေ့ကျင့်အသုံးချရန် ဆေးခန်းတစ်ခုအားရှာရန် စဥ်းစားနေ၏။ A တက္ကသိုလ်၏ အတန်းခေါင်းဆောင်ရာထူးမှာမူ အတန်းပိုင်ဆရာထက်ပင် အလုပ်များသေးသည်။ ထိုတာဝန်အား ထမ်းဆောင်ရန် သူမတွင် အင်အားမရှိပါချေ။
“ငွေမလိုတဲ့သူဆိုတာရှိလား?”
ကျင်းယွင်ကျောင်းမှ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
ဟော်ထျန်းရှန်းနင်သွားသည်။ သူမ၏မေးခွန်းသည် အနည်းငယ်စဥ်းစားဉာဏ်ကင်းမဲ့သလိုဖြစ်သွား၏။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူပင်လျှင် မိမိတွင်ငွေလုံလောက်သည်ဟု ထင်မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် သာမန်မိသားစုမှလာကြောင်း လူတိုင်းသိထား၏။ သူမကိုယ်တိုင်က ရှင်းရှင်းလင်းလင်းငြင်းဆန်နေလျှင် သူမအား အတင်းအကြပ်မတိုက်တွန်းလိုတော့ပေ။ နောက်ဆုံးတွင် ဝိုင်းဝန်းဆွေးနွေးကြပြီးနောက် ဆရာပုံစံပေါက်သောယောက်ျားလေးတစ်ဦးအား အတန်းခေါင်းဆောင်လုပ်ရန် ရွေးချယ်လိုက်ကြလေသည်။ သူသည် မျက်မှန်ဝတ်ထားကာ အလွန်စိတ်ထားနူးညံ့မည့်ပုံပေါက်၏။ သူ၏နာမည်မှာ ဟန်နန်ဖြစ်သည်။ ကျင်းယွင်ကျောင်းသည် ယခင်က သူ့အားစကားမပြောဖူးသဖြင့် သူ့အကြောင်းသိပ်မသိပေ။ သို့ရာတွင် သူ၏ပုံစံကိုကြည့်လိုက်သောအခါ သူသည် စိတ်သဘောထားနူးညံ့ပြီး ကြင်နာယဥ်ကျေးမည့်ပုံပေါက်သော်လည်း လူမကြောက်ဘဲ အလွန်ဖော်ရွေလေသည်။ ရွေးချယ်မှုကောင်းတစ်ခုဖြစ်မှန်း သိသာပေ၏။
အတန်းပိုင်ဆရာမှာမူ စေ့စပ်တိကျပုံရသော သက်လတ်ပိုင်းယောက်ျားကြီးတစ်ဦးဖြစ်သည်။ သူနှင့်ပတ်သတ်၍ ထူးခြားမှုမရှိပေ။
အတန်းတာဝန်များကို ဆုံးဖြတ်ပေးအပ်ပြီးနောက် အတန်းအား တရားဝင်စမည့်အချိန်ရောက်လာလေသည်။ သို့ရာတွင် အတန်းချိန်အားလုံးနီးပါးအား ကျောင်းသားများ၏ အိပ်ချင်မပြေသေးသောအမူအရာများဖြင့် စတင်လေ၏။
ဤအရာအတွက် ကျောင်းသားများအား အပြစ်တင်၍လည်းမရပါပေ။ ပထမနှစ်ကျောင်းသားများသည် စိတ်အားထက်သန်နေဆဲဖြစ်သော်လည်း သင်ခန်းစာအများစုမှာ ယခုမှစတင်မိတ်ဆက်ရသည်ဖြစ်၍ အနည်းငယ်ပျင်းစရာကောင်းပေသည်။ အထူးသဖြင့် အတွေးအခေါ်ပညာနှင့် စာရိတ္တပိုင်းဆိုင်ရာ သင်ခန်းစာများမှာ အတန်း၏လေထုတစ်ခုလုံးအား ပျင်းရိငြီးငွေ့မှုများဖြင့် ပြည့်နှက်စေလေ၏။
“ကျောင်းသားတို့၊ မင်းတို့အားလုံးကျောင်းသားသစ်တွေဖြစ်သလို ဒီနေ့ကလည်း ပထမနေ့ဖြစ်တာမို့ ဆရာ့ကိုယ်ဆရာ တရုတ်စကားနဲ့ပဲ မိတ်ဆက်မယ် ဒါပေမယ့် အနာဂတ်မှာ လူတိုင်းရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ တရားဝင်အတန်းစတာနဲ့ အင်္ဂလိပ်လိုပဲပြောမှာဖြစ်တယ် အဆင်ပြေကြလား?”
အတန်းစသောအခါ အတန်းရှေ့စင်ပေါ်မှ သက်လတ်ပိုင်းဆရာမှ ပြောလိုက်သည်။
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ သူတို့သည် အချိန်ကြာမြင့်စွာ အင်္ဂလိပ်စကားကို သင်ယူနေခဲ့သော်လည်း အချို့ခက်ခဲရှုပ်ထွေးသောစကားလုံးများအား သင်ယူရန် အကြပ်ရိုက်နေဆဲဖြစ်သည်။
“ဒီဆရာက ပါမောက္ခဆိုပေမယ့် သူကလက်ထောက်ပါမောက္ခသာသာပဲ တွဲဖက်ပါမောက္ခထက်တစ်ဆင့်နိမ့်တယ်ပြောရမှာပေါ့ ဒါပေမယ့် ငါကြားတာတော့ သူ့ကိုလူတွေက လက်ထောက်ပါမောက္ခလို့ခေါ်တာကို အမုန်းဆုံးပဲတဲ့ ပုံမှန်အားဖြင့်ကျောင်းသားတွေက သူ့ကိုပရော်ဖက်ဆာတုလို့ပဲခေါ်ကြတယ် အဲဒါအရမ်းအသုံးဝင်တယ်လေ”
ကျင်းယွင်ကျောင်းအနောက်မှ မိန်းကလေးတစ်ဦးက ပြောလိုက်သည်။
ကျင်းယွင်ကျောင်း ဦးမော့ကာ ပရော်ဖက်ဆာတုအား ဝေ့ကြည့်လိုက်သည်။ သူမသည် ဤဆရာအား အကောင်းမမြင်နိုင်ပေ။
ဤလူ၏ စိတ်ထားကောင်းသောအသွင်အပြင်သည် သူ၏အတွင်းစရိုက်နှင့်မလိုက်ဖက်လှကြောင်း သူမခံစားနေရ၏။ သူ၏မေးပေါ်ရှိ အနက်ရောင်မှဲ့ကြီးမှာ သူ၏မျက်နှာတစ်ပြင်လုံး၏ ဟန်ချက်ကို ဖျက်ဆီးလုနီးပါးရှိနေသည်။ သူ့အားကြည့်ရသည်မှာ အနည်းငယ်မတရားပြီး ယုတ်မာမည့်ဟန်ရှိသည်။
“အထက်တန်းကျောင်းတုန်းက မင်းတို့အမှတ်တွေကမဆိုးပါဘူး ဆရာကြားတာတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ တစ်မှတ်ပဲလိုတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်ကြားတယ် ဟုတ်လား? ဒါဆို ဒီကျောင်းသားကို အတန်းထဲမှာ ဆရာပြောတဲ့စကားတိုင်း ထိုင်မှတ်ပြီး အတန်းပြီးတိုင်းပြန်ပေးစေချင်တယ် အဲဒါမှ နားမလည်လိုက်တဲ့ကျောင်းသားတွေ ပြန်ကြည့်နိုင်မှာလေ အဆင်ပြေရဲ့လား?”
တုရုန်းယန်ထပ်ပြောလိုက်ပြန်သည်။
Space and Rebirth 754
အားလုံးသည် တုရုန်းယန်၏စကားများကြောင့် ကြက်သေသေသွားကြ၏။ နှစ်စက္ကန့်ပင်မကြာလိုက်ဘဲ တစ်တန်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
“အမှတ်ပြည့်ရဖို့ တစ်မှတ်ပဲလိုတဲ့ကျောင်းသားတဲ့လား? မဖြစ်နိုင်ဘူးမှတ်လား? အဲ့လောက်ထိစာကြောင်တဲ့လူ ရှိသေးလို့လား?”
ဟော်ထျန်းရှန်းမှ ဟမ့်ခနဲအသံပြုကာပြောလိုက်သည်။
“အဲ့တစ်ယောက်သာ ခိုးမချဘဲဖြေထားတာဆိုရင် မကောင်းဆိုးဝါးပဲဖြစ်ရမယ် ပြီးတော့ ဒီလိုကျောင်းသားမျိုးက ငါတို့တက္ကသိုလ်ထဲဝင်ခွင့်ရရင် တစ်လောကလုံးသိအောင် ကျောင်းခေါင်းဆောင်တွေက ကြေညာရမှာမဟုတ်ဘူးလား? ပုံမှန်အားဖြင့် သူ့ကိုကြိုဆိုဖို့ ကျောင်းဂိတ်မှာ စာတန်းတွေချိတ်ကြရမှာလေ ဟုတ်တယ်မလား?”
လူတိုင်းတီးတိုးတီးတိုးဖြင့် ရေရွတ်နေကြသည်။ အချင်းချင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်များအား မေးနေသံများကို တစ်တန်းလုံးအနှံ့ကြားနေရ၏။
တုရုန်းယန်၏အကြည့်များသည် ကျောင်းသားများအားလုံးကို ဝေ့ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ကျင်းယွင်ကျောင်းအပေါ်သို့ သက်ရောက်သွားတော့သည်။ သူသည် ဖော်ရွေသောလေသံဖြင့် ပြောလိုက်၏။
“ကျောင်းသားဓာတ်ပုံကို ဆရာတွေ့လိုက်တယ်၊ ဒီကျောင်းသူလေးမှတ်လား?”
လူတိုင်းသည် သူ၏အကြည့်များနောက်သို့ လိုက်လံကြည့်ရှုလိုက်သောအခါ ကျင်းယွင်ကျောင်းနှင့် ဟော်ထျန်းရှန်းတို့အား မြင်လိုက်ရ၏။ ဟော်ထျန်းရှန်း ဆွံ့အသွားသည်။ သူမသည် ဘေးသို့လှည့်ကာ ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်လိုက်သည်။
“နင်ကအဲဒီမကောင်းဆိုးဝါးလား?”
“အားလုံးကိုမှတ်ရမှာလား ဆရာ?’
ကျင်းယွင်ကျောင်း မေးလိုက်သည်။
“ဟုတ်တယ် မင်းရဲ့ နှုတ်တိုက်ရေးတဲ့စွမ်းရည်ကို လေ့ကျင့်ဖို့ဆိုလည်းမမှားဘူး အင်္ဂလိပ်စာမှာ အမှတ်ပြည့်ရခဲ့တာဆိုတော့ ဒီလောက်တော့လုပ်နိုင်တယ်မလား?”
တုရုန်းယန်ထပ်ပြောလိုက်ပြန်သည်။
ကျင်းယွင်ကျောင်းသည် တုရုန်းယန်အား ဝေ့ကြည့်လိုက်သည်။ သူ၏ရိုးသားဟန်ရသောမျက်လုံးများထဲတွင် သူမအား အငြိုးအတေးတစ်ခုခုထားနေသည်ဟု ခံစားလိုက်ရ၏။ သူမအား သားကောင်ကဲ့သို့ ပစ်မှတ်ထားအမဲလိုက်နေသလိုပင်။
သူမသည် သိုင်းပညာရှင်တစ်ဦးဖြစ်သောကြောင့် စူးရှသောအာရုံများကို ပိုင်ဆိုင်၏။ သူမမှားနိုင်စရာအကြောင်းမရှိပါချေ။
“ဟုတ်ကဲ့”
ကျင်းယွင်ကျောင်းသည် မှောင်ရိပ်သန်းသောမျက်လုံးများနှင့်အတူ ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
တုရုန်းယန် ကျေနပ်ပီတိဖြစ်စွာ ပြုံးပြီး ဆက်ပြောလိုက်၏။
“တက္ကသိုလ်ဆိုတာ ဘဝကိုအသစ်ပြန်စရတဲ့နေရာတစ်ခုပဲ ဒါကြောင့်မို့ မင်းတို့အားလုံး နာခံချင်စိတ်အပြည့်နဲ့ စာကိုလေ့လာဖို့ ဆရာမျှော်လင့်တယ် မင်းတို့ရဲ့အတိတ်ကအောင်မြင်မှုတွေက ဒီမှာဘာအဓိပ္ပာယ်မှမရှိဘူး A တက္ကသိုလ်ထဲရောက်တာနဲ့ အားလုံးကအတူတူပဲ...”
သူသည် သူ၏ရှည်လျားသောမိန့်ခွန်းကိုဆက်ပြောလိုက်သည်။ သူစကားဆက်ပြောလေလေ ကျင်းယွင်ကျောင်းမှ ထူးဆန်းသလိုခံစားရလေလေဖြစ်သည်။ မသိလျှင် သူမကြားစေရန် တမင်တကာပြောနေသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်၏။
လွန်ခဲ့သောစက္ကန့်ပိုင်းလောက်ကပင် ဤလူသည် သူမ၏စာမေးပွဲရလဒ်များကို ပြောနေခဲ့ပြီး ယခုတွင် လူတိုင်းမှာ အတူတူသာဖြစ်ကြောင်း မိန့်ခွန်းပြောကြားနေလေသည်။ လူတိုင်းသည် အတူတူသာဖြစ်သည်ဟု သူတကယ်တွေးထင်လျှင် သူမအား မှတ်တမ်းရေးသူအဖြစ် ခန့်အပ်မည်လော?
သို့ရာတွင် ကျင်းယွင်ကျောင်းမှအပ မည်သူမျှ ဤကိစ္စအား ဂရုမစိုက်ကြောင်း သိသာ၏။ လူများစွာသည် အိပ်ချင်မူးတူးဖြင့် ငေးတိငေးကြောင်ဖြစ်နေဆဲဖြစ်သည်။
ဟော်ထျန်းရှန်းသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကျင်းယွင်ကျောင်းကို ပြူးကြည့်နေ၏။ သူမသည် အစောပိုင်းကအချက်ကို လက်မခံနိုင်သေးချေ။
“ငါကတော့ နင့်ကို တခြားလူတွေထက် အားနည်းနည်းပိုသာတဲ့လူလို့ပဲထင်ထားတာ...”
သူမသည် အမှတ်ပြည့်ရရန် တစ်မှတ်သာလိုသည်ဖြစ်သဖြင့် ထိပ်သီးကျောင်းသားတစ်ဦး ဖြစ်လောက်မည်မဟုတ်လော? ဤကဲ့သို့သော လူရှေ့သူရှေ့မထွက်ဘဲ အေးအေးဆေးဆေးနိုင်လှသည့် ထိပ်သီးကျောင်းသားတစ်ဦးကို သူမပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ဘက်စုံတော်သောလူတစ်ယောက်ဟု သူမယခင်ကတည်းကပင် ခံစားခဲ့ရသည်။ မည်သို့သောပြသာနာကြုံတွေ့ရပါစေ သူမမမှုချေ။ သူမ၏အိမ်မွေးတိရစ္ဆာန်ပင်လျှင် အခြားသူများနှင့်ကွာခြား၏။ ထို့ကြောင့် ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်း၏လျှို့ဝှက်ထားသောချစ်သူကို သိချင်စိတ် ပို၍ပင်ပြင်းပြလာတော့သည်။ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသောလူတစ်ယောက်နှင့် ရင်ဘောင်တန်းနိုင်ပြီး သူမအား ဤကဲ့သို့သောအိမ်မွေးသတ္တဝါမျိုးကို လက်ဆောင်ပေးခဲ့သောသူမှာ သာမန်လူတစ်ဦး၏ဦးနှောက်နှင့် ဖွဲ့စည်းပုံ အနည်းငယ်ကွာခြားလောက်မည်မဟုတ်လော?
“နင်စာမေးပွဲအဖြေတွေကို ဝယ်ခဲ့တာလား?”
ဟော်ထျန်းရှန်းသည် ထူးဆန်းထွေလာဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
ကျင်းယွင်ကျောင်းမှ သူမအား ဝေ့ကြည့်လိုက်၏။
“မိန်းကလေးဟော်၊ နင်တောင် မဝယ်နိုင်မှတော့ ငါဘယ်လိုဝယ်နိုင်မှာလဲ?”
“အဲဒါတော့ဟုတ်ပါတယ် ငါ့တုန်းကတော့ အရင်တုန်းကစာမေးပွဲမေးခွန်းလုပ်ခဲ့ဖူးတဲ့ ဆရာမတွေအများကြီးကိုရှာပြီး မေးခွန်းကိုမှန်းခိုင်းခဲ့တာ ငါမေးခွန်းတော်တော်များများကို အဖြေမှန်အောင် မှန်းနိုင်ခဲ့တယ် နင်က ငါ့ထက်ပိုမှန်းနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး”
ဟော်ထျန်းရှန်း သက်ပြင်းချလိုက်၏။
“ဒီတိုင်းပြောလိုက်စမ်းပါ ငါတို့ကိုလျှိုထားတာ ဘာရှိသေးလဲ?”
“အနာဂတ်မှာ မသိသေးတဲ့အရာတွေကို သိလာနိုင်မယ့်အခွင့်အရေးတွေရှိလာလိမ့်မယ်”
ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် ရိုးရှင်းစွာပြောလိုက်၏။
ဟော်ထျန်းရှန်းမှာ အာကျယ်သောသူဖြစ်သည်။ ကျင်းယွင်ကျောင်းဦးစီးနေသော ကုမ္ပဏီအကြောင်းကိုသာ သူမသိသွားလျှင် ကျန်သောသူများအားလုံးလည်း သိသွားမည်မှာ အနှေးနှင့်အမြန်ပင်။ ထိုအချိန်ရောက်လျှင် သူမသည် အလွန်ပင်ဘေးကြပ်နံကြပ်ဖြစ်လိမ့်မည်။
သို့ရာတွင် သူမသည် ၎င်းအား တစ်သက်လုံးလျှို့ဝှက်ထားရန် မစီစဥ်ထားပေ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအတွက် စျေးကွက်ကို တည်ထောင်လိုက်ပြီဖြစ်၍ အရာအားလုံးသည် တဖြည်းဖြည်း တည်ငြိမ်လာလေပြီ။ ၎င်းသည် ပုဂ္ဂလိကပိုင်ကုမ္ပဏီမဟုတ်သဖြင့် စီမံခန့်ခွဲရေးအပိုင်း၌ ပြောင်းလဲမှုလုပ်ရာတွင် ထိုအပြောင်းအလဲများကို တောင့်ခံနိုင်စွမ်းရှိပေသည်။ ကျင်းမြို့တော်တွင် ဖွံ့ဖြိုးရေးလုပ်ခြင်း ပြီးစီးသွားလျှင် သူမသည် ဟော်ထျန်းရှန်းနှင့် အခြားသူများကို ပြောပြပေမည်။
Space and Rebirth 755
ကျင်းယွင်ကျောင်းသည် သူမကိစ္စများကို လျှို့ဝှက်တတ်သည်မှာ တစ်ရက်တစ်လေပင် မဟုတ်တော့သဖြင့် ဟော်ထျန်းရှန်းသည် ဤကိစ္စနှင့်ပတ်သတ်၍ ဆက်မမေးတော့ချေ။ သို့သော် သူမသည် အနည်းငယ်နာကျင်ခံစားမိ၏။ သူမ၏မာန်မာနများမှာ ကျင်းယွင်ကျောင်းအရှေ့တွင် အင်အားမဲ့ပြီး မှေးမှိန်သွားသည်မဟုတ်လော။
သူမတူးဆွ၍မရနိုင်သော မရေမတွက်နိုင်သည့်လျှို့ဝှက်ချက်များ၏ပိုင်ရှင် ကျင်းယွင်ကျောင်းသည် သူမရှိခဲ့ဖူးသမျှ သူငယ်ချင်းဟောင်းများအနက် တစ်ယောက်နှင့်မှ မတူပါချေ။
ယခုတွင် တုရုန်းယန်မိန့်ခွန်းပြောပြီးပြီဖြစ်၍ အတန်းလည်း တရားဝင်စချေပြီ။ သို့ရာတွင် ဤသည်မှာ နိုင်ငံခြားဘာသာစကားအတန်းဖြစ်သည့်တိုင် တုရုန်းယန်၏စကားလုံးများမှာ လွယ်ကူရိုးရှင်းနေဆဲဖြစ်သည်။ သူသည် မိမိပြောချင်သောစကားများကို ဖော်ညွှန်းရာ၌ အများသုံးနေကျစကားလုံးများကိုသာ ကြိုးစားအသုံးပြုလေသည်။ စတင်မိတ်ဆက်သည့်နေ့ကတည်းက ကျောင်းသားများနားမလည်နိုင်အောင်ပြောမိလျှင် အနာဂတ်၌ ပြသာနာကြီးဖြစ်မည်မဟုတ်လော။
ဤဘာသာရပ်တွင် ကျင်းယွင်ကျောင်း၏အမှတ်များမှာ မဆိုးလှချေ။ သူမသည် စာရေးတော်သည်သာမက ပုံမှန်နှုန်းဖြင့် စကားပြောဆိုရာ၌လည်း ပြသာနာမရှိပေ။ ထို့အပြင် သူမသည် မှတ်ဉာဏ်ကောင်းသဖြင့် လွယ်လင့်တကူပင် ရေးမှတ်နိုင်၏။
ဟော်ထျန်းရှန်းမှာ အစကမယုံကြည်ခဲ့သော်လည်း ကျင်းယွင်ကျောင်းမှ စာကြောင်းများကို လျင်မြန်စွာရေးချနေသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်လွန်း၍ စကားစရှာမရဖြစ်သွားသည်။
သာမန်လူဆိုလျှင် အင်္ဂလိပ်စကားမပြောနှင့် မိခင်ဘာသာစကားဖြစ်သော တရုတ်ဘာသာကိုပင် ရေးမှတ်ရာ၌ အလျင်မမီကြချေ။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ ကျွမ်းကျင်လှပေသည်။ သူမသည် စကားလုံးတစ်လုံးမျှမလွတ်သည့်အပြင် အင်္ဂလိပ်စကားလုံးများကိုရေးသော သူမ၏လက်ရေးဟန်မှာလည်း ပုံနှိပ်စာလုံးများကဲ့သို့ သေသပ်လှပနေ၏။ ဆရာတု၏လက်ရေးထက်ပင် သေသပ်လှပသည်ဟု ပြောရမည်။
ကျင်းယွင်ကျောင်းမှာ အတန်း၏သင်ခန်းစာများကို ရေးမှတ်နေရသဖြင့် ဟော်ထျန်းရှန်းသည် သူမကိုစကားသွားမပြောရဲချေ။ အတန်းဆင်းခေါင်းလောင်းမြည်မှသာ သူမပြောလိုက်သည်။
“ငါအရင်ကနင့်လက်ရေးကိုတစ်ခါမှမမြင်ဖူးဘူး ငါကြည့်လို့ရအောင် တရုတ်စာလုံးတချို့ရေးပြပါလား?”
ကျင်းယွင်ကျောင်းသည် သူမပြောလိုသောအဓိပ္ပာယ်ကို နားမလည်ပေ။ ဘောပင်အားကောက်ကိုင်၍သာ စာရွက်ပေါ်တွင် ဆွဲရေးပြလိုက်သည်။ ထိုစာရွက်အားကြည့်လိုက်သောအခါ ဟော်ထျန်းရှန်း အလွန်ပင်အံ့အားသင့်သွားတော့၏။
ကျင်းယွင်ကျောင်း၏လက်ရေးသည် အလွန်ပင် ခမ်းနားလှပနေသည်။ သူမသိကျွမ်းသော တရုတ်စာလက်ရေးပညာရှင်များ၏ လက်ရေးထက်ပင် သာလွန်ကောင်းမွန်နေသည်ဟု သူမခံစားမိသည်။
“နင်အရင်က လက်ရေးကို ဆရာတွေဘာတွေခေါ်ပြီး လေ့ကျင့်ခဲ့ဖူးသေးလား? ကျင်းယွင်ကျောင်း၊ နင်ကတကယ် မူကိုမမှန်ဘူး နတ်ဘုရားတွေက တရားတယ်လို့ ငါထင်ခဲ့ပေမယ့် သူတို့က နင့်ကိုတော့ နည်းနည်းမျက်နှာသာပေးလွန်းတယ်မထင်ဘူးလား?”
ဟော်ထျန်းရှန်း အံ့သြနေလေ၏။
ထိုအချိန်တွင် တုရုန်းယန်သည် ကျင်းယွင်ကျောင်းအား စူးရဲစွာကြည့်ပြီး အတန်းထဲမှထွက်သွားလေ၏။ သူသည် စကားသိပ်မပြောပေ။ ကျင်းယွင်ကျောင်းသည် သူ့အတန်း၏မှတ်တမ်းများကို မှတ်တမ်းတင်မည်ဖြစ်ကြောင်းကိုသာ ကျောင်းသားများအား ထပ်မံအသိပေးလိုက်သည်။ ထိုအခါ သူမရေးသားထားသောအရာများကို စစ်ဆေးရန် လာရောက်ကြသောလူများရှိနေပြီဖြစ်သည်။
ဆရာပြောသောအကြောင်းအရာများကို စိတ်ဝင်စားကြ၍မဟုတ်ဘဲ ကျင်းယွင်ကျောင်းမှ အလွန်ထူးချွန်လွန်းသည်ဟု ဆရာမှချီးကျူးနေခဲ့ပေသည်။ ရလဒ်အနေဖြင့် အမှတ်ပြည့်ရရှိရန် တစ်မှတ်သာလိုသော ဤထိပ်သီးကျောင်းသူသည် အမှန်တကယ်ပင် အပြောနှင့်အလုပ်ကိုက်ညီသူဟုတ်မဟုတ် အားလုံးက သိချင်သွားကြလေသည်။
တုရုန်းယန်မှ ဆိုလိုသောအဓိပ္ပာယ်ကို ကျင်းယွင်ကျောင်း ချက်ချင်းသဘောပေါက်လေသည်။ သူမမှားမှတ်မိလျှင် သူမအတန်းဖော်များမှ သူမ၏စွမ်းဆောင်ရည်ကို သံသယဝင်နိုင်ပြီး သူမ၏စာမေးပွဲရလဒ်ကိုပင် မေးခွန်းထုတ်နိုင်လေသည်။
ကျင်းယွင်ကျောင်းသည် တုရုန်းယန်၏ကျောပြင်ကိုကြည့်ကာ ခပ်ဟဟရယ်လိုက်၏။ ထို့နောက် ဟော်ထျန်းရှန်းဘက်သို့လှည့်ပြောလိုက်သည်။
“နင်က နတ်ဘုရားတွေကို တရားတယ်ထင်တယ်ပေါ့?”
ဟော်ထျန်းရှန်းသည် ခေတ္တမျှ ကြောင်အသွားပြီး အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်၏။
“ထင်တာပေါ့ ငါဒီတိုင်းပြောလိုက်တာပါ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့နင့်ကိုပဲ မျက်နှာလိုက်တယ်”
ကျင်းယွင်ကျောင်းသည် ကြည့်ကောင်းရုံသာမက ပညာအရာလည်းထူးချွန်ပြီး အင်အားလည်းသန်စွမ်းသည်။ သူမမျက်နှာမလိုက်ဘဲ အဘယ်သို့နေနိုင်မည်နည်း?
“အဲ့လိုပြောချင်လည်းပြောလို့ရတာပေါ့”
ကျင်းယွင်ကျောင်းသည် မကြားတကြားဖြင့်သာ ပြောလိုက်၏။
သူမ၏ယခင်ဘဝတွင် နတ်ဘုရားများသည် သူမအပေါ် ရက်စက်လွန်းလှသည်ဟု ခံစားမိသည်။ သူမသည် နှစ်နှစ်ဆယ်ကျော်မျှ လှည့်စားခံရပြီး ချောင်မိသားစု၏ ကံကောင်းခြင်းအဆောင်ဖြစ်ခဲ့ရသည်။ သူမသည် ငယ်စဥ်ကတည်းက ဒုက္ခပေါင်းများစွာခံစားခဲ့ရပြီး သေသည့်အချိန်ထိ တရားမမျှတစွာ သေဆုံးခဲ့ရလေသည်။ ကံကောင်းစွာဖြင့် သူမသည် ပြန်လည်မွေးဖွားခဲ့ပြီး အရာအားလုံးသည် ပြောင်းလဲသွားခဲ့၏။
သို့ရာတွင် နတ်ဘုရားများက မျက်နှာသာပေးခြင်းထက် သူမကိုယ်တိုင်က ဘဝအသစ်စရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်ဆိုလျှင် ပိုမှန်ပေမည်။
ပညာအရည်အချင်းဖြစ်စေ ခန္ဓာကိုယ်ခွန်အားဖြစ်စေ အဆင့်တစ်ခုရောက်ရှိနိုင်ရန် သူမကြိုးစားခဲ့လေသည်။ တစ်ခါမှ အလေမလိုက်ရဲခဲ့ပေ။ သူမ၏လက်ရေးသည်လည်း ထိုနည်း၎င်းသာဖြစ်သည်။ သူမယခင်ဘဝ၌ ကျောင်းထွက်ပြီးချိန်တွင် လုပ်နိုင်သောအရာဟူ၍ လက်ရေးလေ့ကျင့်ရန်သာရှိခဲ့သည်။ သူမပြန်လည်မွေးဖွားလာသောအခါ ၎င်းသည် အကျင့်ဖြစ်သွားပြီး သူမကိုယ်တိုင်ကလည်း စာရေးရသည်ကို နှစ်သက်သဖြင့် လက်ရည်မကျသွားခဲ့ပေ။
“အားကျင်း၊ ခုနက အဲဒီဆရာတုက နည်းနည်းထူးဆန်းတယ်မထင်ဘူးလား?”
ဟော်ထျန်းရှန်းသည် ကျောင်းသားများစွာမှ ကျင်းယွင်ကျောင်းရေးသားထားသောအရာများအား လာရောက်စစ်ဆေးကြသည်ကိုကြည့်ရင်း ရုတ်ချည်းဆိုသလို တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားရသဖြင့် မေးလိုက်လေသည်။
Space and Rebirth 756
ဟော်ထျန်းရှန်းမှာ သာမန်ကျောင်းသူမဟုတ်ပေ။ သူမသည် ငယ်စဥ်ကတည်းကပင် မသမာသောအကြံထုတ်နည်းပေါင်းစုံကို မြင်ခဲ့ဖူးလေသည်။ သူမသည် ၎င်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမှားယွင်းသည်ဟု မထင်သော်လည်း ပရော်ဖက်ဆာတုအား လူကောင်းတစ်ဦးဟု မြင်သည်တော့မဟုတ်ပေ။
ကျင်းယွင်ကျောင်းအား အခြားသူများနှင့်ခွဲထုတ်လိုက်သည်နှင့်ပတ်သတ်၍ ဟော်ထျန်းရှန်းသည်လည်း တစ်ခုခုမှားနေကြောင်း ခံစားမိ၏။ ပရော်ဖက်ဆာတုရုန်းယန်သည် ကျင်းယွင်ကျောင်းအား အမွမ်းတင်သည့်ပုံပေါ်သော်လည်း လက်တွေ့တွင် သူမအား ပစ်မှတ်ထားနေခြင်းသာဖြစ်သည်။ သို့ရာတွင် တုရုန်းယန်နှင့် ကျင်းယွင်ကျောင်းတို့မှာ ယခင်ကမဆုံဖူးကြသူများဖြစ်သဖြင့် ဟော်ထျန်းရှန်းသည် မသေချာပေ။
“ထူးဆန်းတာတော့အမှန်ပဲ”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
“သူငါ့ကိုသဘောမကျဘူးထင်တယ် ဒါပေမယ့်လည်း ငါ့ကိုသဘောမကျတာ သူပထမဆုံးမဟုတ်ဘူး”
“အရင်က သူ့ကိုသိလား?”
ဟော်ထျန်းရှန်းခေတ္တမျှတွေးပြီး ပြောလိုက်၏။
“သာမန်ဆရာတွေဆို ကျောင်းသားတွေကို မှတ်တမ်းမရေးခိုင်းဘူး ငါတို့က အခုမှတက္ကသိုလ်စတက်တဲ့နေ့ပဲရှိသေးတာကို ပြီးတော့ နိုင်ငံခြားဘာသာစကားလက်မှတ်တောင်မရသေးဘူး အရင်က ငါတို့စာမေးပွဲအမှတ်ဘယ်လောက်ပဲကောင်းကောင်း စကားလုံးတိုင်းကို မှတ်မိနိုင်တဲ့ဉာဏ်တော့ ဘယ်လိုရှိနိုင်မှာလဲ? ကောင်းကောင်းမမှတ်ထားနိုင်ရင် ကိုယ့်စွမ်းဆောင်ရည်က အစစ်မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ ကောင်းကောင်းလုပ်နိုင်ရင်တော့ ဖြစ်သင့်တဲ့ကိစ္စပဲလို့ တွက်ကြမယ် ဒီအလုပ်က အရမ်းမတရားလွန်းဘူး”
ဟော်ထျန်းရှန်း ချက်ချင်းဆိုသလို နားလည်သွားသည်။
“နင်ပြောတာမှန်ပေမယ့် သူကဆရာလေ သူငါ့ကိုလုပ်စေချင်တာက ငါကောင်းဖို့အတွက်ပဲဆိုတော့ ငြင်းလို့မရဘူး”
ကျင်းယွင်ကျောင်းအနောက်သို့မှီချကာ တိုးဖွသောအသံဖြင့် ပြောလိုက်သည်။
တုရုန်းယန်သည် သူမအားအချိန်ကြာမြင့်စွာ ချီးကျူးခဲ့သဖြင့် ဤဆရာသည် သူမအား အလွန်ကောင်းမွန်စွာဆက်ဆံသည်ဟု သူမအတန်းဖော်များက ထင်သွားလောက်ပေမည်။ ဤကဲ့သို့အခြေအနေမျိုးတွင် သူမသည် မကျေမနပ်ဖြစ်ခြင်းကို ထုတ်ဖော်ပြသ၍မရပေ။
“ဒါပေမယ့် ဒါကရှင်းပါတယ်”
ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းမှ အေးစက်စွာပြောလိုက်၏။
“ဘာအဓိပ္ပာယ်လဲ?”
ဟော်ထျန်းရှန်းမျက်ခုံးများကိုပင့်ကာ မေးလိုက်သည်။
“သူကငါ့ကိုအကြောင်းမရှိဘဲပစ်မှတ်ထားနေတာမဟုတ်ဘူး ထျန်းရှန်း၊ နင့်မိသားစုက ဘေကျင်းမှာ အတော်လေးအာဏာရှိတော့ ဖြစ်နိုင်ရင် တုရုန်းယန်ရဲ့အခြေအနေကို ကူစုံစမ်းပေးလို့ရလား?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။
ဟော်ထျန်းရှန်း ချက်ချင်းပင်ပြန်ဖြေလိုက်သည်။
“အလွယ်လေးပါ ခဏနေငါ့အမေကိုဖုန်းဆက်လိုက်မယ် ဒါပေမယ့် ဒီလောက်ပဲလား? သူ့ကိုပြန်ပေးဆပ်ရအောင်လုပ်မယ်ထင်ထားတာ!”
ကျင်းယွင်ကျောင်းပြုံးလိုက်သည်။ အမှန်တကယ်ပင် ထိုမျှနှင့်မလုံလောက်ပါပေ။ ဆရာတစ်ဦးအနေနှင့် တုရုန်းယန်မှာ အသာစီးရနေသော်လည်း သူမမှာလည်း သာမန်မိန်းကလေးတစ်ဦးမဟုတ်ချေ။ သူမသာ တုရုန်းယန်အား သင်ခန်းစာပေးချင်လျှင် ပေးနိုင်သေး၏။
သူမတွင် အခွင့်အရေးတစ်ခုသာလိုသည်။
ကျင်းယွင်ကျောင်း၏အပြုံးကြောင့် အကြံအစည်တစ်ခုခုရှိမှန်း ဟော်ထျန်းရှန်းခံစားမိလိုက်သည်။ သူမစိတ်ထဲတွင် စိတ်အားထက်သန်မှုတစ်မျိုး ကြွတက်လာတော့သည်။ သို့ရာတွင် ဤခံစားချက်သည် သူမရင်ထဲတွင်ပေါ်ပေါက်လာသောအခါ သူမသည် အနည်းငယ်ဇဝေဇဝါဖြစ်မိသွား၏။ သူမသည် ကျင်းယွင်ကျောင်း၏အဆိပ်ခတ်ခြင်းကို ခံလိုက်ရသလော? အမြဲတစေ ဂုဏ်သိက္ခာရှိသောသခင်မလေးတစ်ဦးအဖြစ်နေခဲ့သည့် သူမသည် လက်တလောပိုင်းတွင် ကျင်းယွင်ကျောင်းအားဗဟိုပြုပြီးနေထိုင်သော ကပ်ပါးတစ်ကောင်နှယ်ဖြစ်နေလေပြီ။
“အားကျင်း၊ ငါနဲ့နင် ဘယ်သူပိုလှတယ်ထင်လဲ?”
ဟော်ထျန်းရှန်း၏လေသံသည် ချက်ချင်းဆိုသလို အတန်ငယ်ထူးဆန်းသွားကာ သူ၏မျက်နှာသည် နူးညံ့သွား၏။ သာမန်ခေါ်နေကျ ‘အားကျင်း’ ဟူသောစကားလုံးကိုပင် ကြားရသည်မှာ အနည်းငယ်မူမမှန်ဖြစ်နေသည်။
ဟော်ထျန်းရှန်းသည် ပြီးပြည့်စုံသောဘဲဥပုံသဏ္ဍာန်မျက်နှာရှိ၏။ သူမသည် လှပချောမောပြီး စတိုင်ကျသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ အခြားသူများအား ချီးကျူးတတ်သောလူမျိုးမဟုတ်ပေ။ သူမသည် ဟော်ထျန်းရှန်းအား အနီးကပ်စေ့စေ့ကြည့်ပြီး ပြောလိုက်၏။
“ဘယ်ဟာကိုယှဥ်နေတာလဲအပေါ်မူတည်တယ်”
“ဟင်?”
ဟော်ထျန်းရှန်းမျက်ခုံးများကို ပင့်လိုက်သည်။
“ဆွဲဆောင်မှုနဲ့ အလှအပရေးရာမှာဆို ငါကနင့်လောက်မတော်ဘူး၊ အရှိန်အဝါနဲ့ စရိုက်အရဆိုရင် နင်ကငါ့ထက်ဆိုးတယ် တကယ်တော့ နင်ငါနဲ့ယှဥ်စရာမလိုပါဘူး ငါတို့နှစ်ယောက်ကမတူဘူးလေ၊ နင်က ရဲတိုက်ထဲမှာနေတဲ့ မင်းသမီးလေးဆိုရင် ငါက အမြဲတမ်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့စစ်သူကြီးပဲ ကွာခြားချက်ကကြီးတယ်”
ကျင်းယွင်ကျောင်း အမှန်တရားကိုသာ ပြောလိုက်သည်။
“ဖွီး...”
ဟော်ထျန်းရှန်း မထိန်းနိုင်မသိမ်းနိုင် ထရယ်မိတော့၏။
“ကိုယ့်ကိုယ်ကိုဒီလိုပုံစံမျိုးနဲ့ အမွှမ်းတင်တဲ့သူကို ငါပထမဆုံးတွေ့ဖူးတာပဲ ငါ့ကိုယ်ငါတော်တော် ဖင်ခေါင်းကျယ်လှပြီထင်တာ နင်လည်းမဆိုးဘူးပဲ ငါလည်းနင့်ကိုဘယ်လိုလုပ် တည်ငြိမ်တဲ့လူလို့ထင်မိပါလိမ့်?”