← Chapters

အခန်း (၇၅၇-၇၆၀)

Vol. 38 Ch. 757-760

အခန်း (၇၅၇-၇၆၀)

Vol. 38 Ch. 757-760

Space and Rebirth 757

ဟော်ထျန်းရှန်းသည် ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင်များစွာပေါ့သွား၏။ ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် သူမနှင့်ကွာခြားပေသည်။ သူတို့၏စမှတ်ပင်လျှင် မတူညီကြချေ။ သူတို့နှစ်ဦးကို အဘယ်သို့ယှဥ်နိုင်မည်နည်း? ထိုမျှမက နှစ်ဦးသားသည် သူငယ်ချင်းကောင်းများဟုမှတ်ယူနိုင်၏။ ပန်းနီနီများနှင့် သစ်ရွက်စိမ်းများတွင် အဘယ်သို့ကွာခြားချက်ရှိနိုင်မည်နည်း?

“ငါပဲအလကားလျှောက်မေးနေမိတာ ထင်ပါတယ်၊ ဒါပေမယ့် ငါ့ကိုလည်းအပြစ်တင်လို့မရဘူးလေ ဘယ်သူကနင့်ကိုလျှို့ဝှက်ချက်တွေအများကြီးရှိခိုင်းလဲ?”

ဟော်ထျန်းရှန်းသည် သဘောထားကြီးစွာဖြင့် ပြုံးလိုက်၏။ သူမစိတ်ထဲတွင် ကျင်းယွင်ကျောင်းနှင့်သူငယ်ချင်းဖြစ်ချင်ရသောအကြောင်းရင်းမှာ ကျင်းယွင်ကျောင်း၏ထူးခြားသောအရှိန်အဝါကြောင့် ဖြစ်သည်ကိုမူ ဝန်ခံရပေမည်။

ဝန်းရံနေသောလူအုပ်မှ လူစုမခွဲသေးချိန်ထိ နှစ်ဦးသားသည် အချိန်အတော်ကြာမျှ တီးတိုးတီးတိုးဖြင့် ဆွေးနွေးလိုက်ကြ၏။ သို့ရာတွင် ကျင်းယွင်ကျောင်းရေးမှတ်ထားသောအရာများကို မြင်လိုက်ရသောအခါ ကျောင်းသားများသည် အလွန်ပင်အံ့အားသင့်သောအခြေအနေဖြစ်သွားကြသည်ဟု ပြောရမည်။

သာမန်လူများဆိုလျှင် ဤကဲ့သို့သော အကြားအာရုံမျိုး၊ လက်အမြန်နှုန်းနှင့် ဦးနှောက်မြန်ဆန်ပုံအား လိုက်မမှီနိုင်ပါချေ။

အတန်းခေါင်းဆောင်ဟန်နန်သည် ကျင်းယွင်ကျောင်းအား အကြိမ်အနည်းငယ်ခန့် ထပ်ကြည့်လိုက်ကာ မအံ့သြဘဲမနေနိုင်ဖြစ်နေလေ၏။ ထို့နောက် သူသည် ဘေးသို့လှည့်၍ သူ၏နံဘေးမှကျောင်းသားများနှင့် နောက်ပြောင်ကျီစယ်လိုက်တော့သည်။

ပထမနေ့သည် ထိုသို့ဖြင့် ငြိမ်းချမ်းစွာကုန်ဆုံးသွားလေသည်။ နေ့လယ်ခင်းအတန်းချိန်များသည် စောစောစီးစီးပြီးဆုံးသွား၏။ ထိုအချိန်တွင် နေပင်မဝင်သေးချေ။ ကျင်းယွင်ကျောင်း၏ဦးနှောက်တစ်ခုလုံးအား ဟယ့်ဒိ၏အတွေးများဖြင့် ပြည့်နှက်နေသည်။ သူမသည် အတန်းမှထွက်ရန် ကတိုက်ကရိုက်ပြင်ဆင်လိုက်သည်။

“ကျင်းယွင်ကျောင်း”

သူတို့အတန်းထဲမှမထွက်ခင်မှာပင် သူတို့ရှေ့မှောက်မှ နူးညံ့ညင်သာသောအသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံသည် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးကို ရည်ရွယ်၍ စကားပြောလိုက်သည်။

“ငါကျင်းယွင်ကျောင်းနဲ့ စကားနည်းနည်းပြောချင်လို့ နင်တို့အပြင်မှာခဏစောင့်ပေးလို့ရလား?”

ကျင်းယွင်ကျောင်း မော့ကြည့်လိုက်သောအခါ အသံပိုင်ရှင်မှာ ဟန်နန်ဖြစ်၏။ ဟန်နန်သည် ၁.၈ မီတာနီးပါး အရပ်ရှည်လေသည်။ သူသည် ရုပ်ရည်ခန့်ညားပြီး ခန္ဓာကိုယ်တောင့်တင်းသည်။ ယခုမှ ကျောင်းစတက်သော သက်တူရွယ်တူကောင်လေးများနှင့် မတူချေ။ သူ့တွင် စီနီယာတစ်ဦး၏အငွေ့အသက်များရှိပြီး မျက်နှာတောက်ပကာ ဖော်ရွေဟန်ရှိပေသည်။

ဟော်ထျန်းရှန်းသည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်သည်။ သူမသည် စကားတစ်ခွန်းမျှမဟဘဲ ယန်ရှင်းယွဲ့နှင့် ဘေဘီယောင်အား ဆွဲခေါ်ကာ အပြင်သို့ထွက်သွားလိုက်၏။

“ဘာဖြစ်လို့လဲ?”

ကျင်းယွင်ကျောင်းသည် အနောက်သို့ခြေနှစ်လှမ်းမျှ ဆုတ်လိုက်ကာ အန္တရာယ်ကင်းသောအကွာအဝေးတစ်ခုကို ထားလိုက်လေ၏။

ကျင်းယွင်ကျောင်းမှ အနောက်သို့ခွာသွားသည်ကို အာရုံခံမိလိုက်သောအခါ ဟန်နန်သည် ခေတ္တမျှကြောင်အမ်းသွားတော့၏။ သို့ရာတွင် သူသည် လျင်မြန်စွာပင် စိတ်ပြန်ထိန်းကာ ပြုံးလိုက်သည်။

“ငါခုနကနင့်မှတ်စုတွေကို တွေ့လိုက်တယ် နင့်မှတ်ဉာဏ်ကတကယ်ကောင်းတာပဲ ပြီးတော့ လက်ရေးလည်းအရမ်းလှတယ်...”

“အဲ့တော့?”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်ပြန်သည်။

သူမသည် ယောက်ျားလေးများနှင့် လိုအပ်သည်ထက် နီးကပ်ရသည်ကို မကြိုက်ပေ။ ဤသည်မှာ နှစ်ပေါင်းများစွာတစ်လျှောက် သူမကျင့်သုံးလာသော အကျင့်တစ်ခုဖြစ်သည်။ အထက်တန်းကျောင်းတွင် ကန်ကျင်းချန်၊ ထန်ကျစ်ဟွားတို့နှင့် သူငယ်ချင်းဖြစ်စဥ်ကလည်း ထိုနည်း၎င်းသာဖြစ်၏။ ထူးထူးခြားခြားအကြောင်းရင်းမရှိလျှင် သူမသည် ယောက်ျားလေးများနှင့် နှစ်ဦးတည်းမနေတတ်ပေ။ အခြားသူများမှ ကောလဟာလလွှင့်မည်ကို တားဆီးရန်ဖြစ်၏။

ဟန်နန်သည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေဟန်ရသည်။ အချို့လူများက ကျင်းယွင်ကျောင်းအား ချည်းကပ်ရန် ခက်ခဲသည်ဟုပြောကြပြီး ယောက်ျားလေးများကလည်း သူမအား အေးစက်သောမိန်းမလှလေးဟု တင်စားခေါ်ဝေါ်ကြသည်။ ထင်ထားသည့်အတိုင်းပင် သူတို့ပြောသည်မှာ မှန်ကန်နေပေသည်။

သို့ရာတွင် သူသည် ဤကဲ့သို့သောမိန်းကလေးမျိုးကို ပို၍နှစ်သက်၏။ သူမသည် အခြားယောက်ျားလေးများနှင့် ပရောပရည်မလုပ်ဘဲ အလွန်သန့်ရှင်းရိုးသားဟန်ရလေသည်....

“အထင်မလွဲပါနဲ့”

ဟန်နန်အလျင်စလို ရှင်းပြလိုက်သည်။

“တကယ်တော့ ငါ့အင်္ဂလိပ်စာစကေးက အရမ်းမကောင်းလို့၊ ငါစဥ်းစားနေတာ...နင်ဆရာတုရဲ့ သင်ခန်းစာတွေကို မှတ်ထားပြီးတိုင်း အဲ့မှတ်စုတွေကို ငါတစ်ညလောက်ငှားလို့ရမလား? ငါအကုန်လုံးကို ကူးရေးထားချင်လို့ ပြီးတော့...ပြီးတော့...လူတိုင်းကနင့်ကိုအတန်းခေါင်းဆောင်ဖြစ်စေချင်တဲ့အချိန်မှာ နင်ကအလုပ်လုပ်ချင်တယ်လို့ပြောတယ်လေ ဒါဆိုရင်...ငါ့ကိုအင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး စာကူသင်ပေးလို့ရလား? တစ်နာရီကြေးနဲ့ပေးမယ်လေ?”

ဟန်နန်သည် စကားပြောပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ကျင်းယွင်ကျောင်းအား ကြည့်လိုက်သည်။

“မှတ်စုတွေငှားလို့ရပေမယ့် စာသင်ဖို့ကိုတော့ ငြင်းလိုက်မယ်”

ကျင်းယွင်ကျောင်းသည် ရိုးရှင်းစွာသာ ပြန်ဖြေလိုက်ပြီး သူမမှတ်ထားသောမှတ်စုများကို ကမ်းပေးလိုက်၏။

သူမသည် ၎င်းအားနားထောင်ပြီး ဦးနှောက်ထဲ၌ အလွတ်ကျက်ထားနှင့်လေပြီ။ ထိုမျှမက သူမကိုယ်တိုင် ဘောပင်တစ်ချောင်းဖြင့် ချရေးထားသဖြင့် ဤသင်ခန်းစာနှင့်ပတ်သတ်၍ နှံ့နှံ့စပ်စပ်မှတ်မိနေပြီဖြစ်သည်။ သူမအိမ်ပြန်ရောက်လျှင် ၎င်းတို့အား ပြန်ရေးရသည်မှာ အချိန်ကြာလောက်မည်မဟုတ်ချေ။

မဖြစ်မနေ ပြန်ရေးရမည်မဟုတ်သော်လည်း ဆရာတုမှာ သူမအပေါ်အလွန်ရန်လိုနေပြီး သူမအား အထူးတလည်ပေးအပ်ထားသောတာဝန်ဖြစ်သဖြင့် ဖြစ်လာနိုင်သည့်ကိစ္စအဝဝအတွက် ကြိုတင်ပြင်ဆင်ထားရပေမည်။ ဤမှတ်စုများမှာ သူမအတန်းဖော်များက ဖတ်ရန်မဟုတ်လော။ သူမသာ ထိုမှတ်စုများအား ပျောက်ဆုံးသွားလျှင် ဆရာတုအား ရှင်းပြနိုင်တော့မည်မဟုတ်ချေ။ ထိုအခါ ဆရာတုသည် သူမအား အရှက်ခွဲရန် အကြောင်းပြချက်ခိုင်ခိုင်လုံလုံရသွားပေလိမ့်မည်။

Space and Rebirth 758

ကျင်းယွင်ကျောင်း၏ ရှင်းလင်းပြတ်သားသော ငြင်းဆိုမှုကြောင့် ဟန်နန်မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်သွားသည်။ သို့ရာတွင် သိပ်မကြာလိုက်ခင်တွင် သူသည် ပေါ့ပါးသောအပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်၏။ ကျင်းယွင်ကျောင်း အခန်းထဲမှထွက်သွားသည်ကို ကြည့်ပြီးနောက် သူသည်ခေါင်းကိုငုံ့ကာ မှတ်စုစာအုပ်ကို လှန်လျောဖတ်ရှုလိုက်သည်။ စာအုပ်ပေါ်ရှိ သေသပ်လှပသောလက်ရေးအားထိရန် လက်ကိုလှမ်းလိုက်သောအခါ သူ၏ရင်ထဲတွင် မတူညီသောခံစားချက်တစ်မျိုး မြင့်တက်လာတော့၏။

“အတန်းခေါင်းဆောင်ဟန်က နင့်ကိုသဘောကျနေတာမှတ်လား?”

အပြန်လမ်းတွင် ဟော်ထျန်းရှန်းမှမေးလိုက်သည်။

“နင်အတွေးလွန်နေပြီ”

ဤကိစ္စနှင့်ပတ်သတ်၍ ကျင်းယွင်ကျောင်းဆက်မပြောချင်သဖြင့် ရိုးရှင်းစွာသာ ပြန်ဖြေလိုက်သည်။

ဟော်ထျန်းရှန်း၏နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။ သူမသည် လူကိုကောင်းစွာအကဲခတ်တတ်သေး၏။ အစောပိုင်းက ဟန်နန်သည် ကျင်းယွင်ကျောင်းထံမှ မျက်လုံးမခွာနိုင်ဖြစ်နေလေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် ယောက်ျားလေးများနှင့် အရောဝင်တတ်သော မိန်းကလေးမျိုးမဟုတ်သည်မှာ စိတ်မကောင်းစရာပင်။ အတန်းခေါင်းဆောင်ဟန်နန်သည် အငြင်းခံလူဖြစ်ရန် ကံဇာတာပါလာဟန်ထောက်၏။

သူတို့အုပ်စုသည် အ‌ဆောင်သို့ပြန်လိုက်ကြသည်။ ကျင်းယွင်ကျောင်းသည် အဆောင်တွင် ကြာကြာမနေပေ။ စောသေးသည်ကို အခွင့်ကောင်းယူ၍ သူမပစ္စည်းပစ္စယများကို သန့်ရှင်းရေးလုပ်ပြီး အပြင်ထွက်သွား၏။ သူမသည် အစက မိမိနှင့်အတူ ဟယ့်ဒိကို ခေါ်သွားချင်ခဲ့သော်လည်း ဘေဘီယောင်နှင့် အခြားသူများ၏ မကျေမနပ်ဖြစ်ဟန်များကိုတွေ့လိုက်ရသဖြင့် မခေါ်သွားရန် ဆုံးဖြတ်လိုက်လေသည်။

သူမသည် သူမ၏နေရာလွတ်နယ်မြေထဲတွင် မြေနေရာများစွာရှိသော်လည်း အပင်မျိုးများ မစုံလင်ပေ။ ထို့ကြောင့် ၎င်းအတွက် စျေးသို့သွားချင်နေခဲ့သည်။ ထိုမျှမက ဟယ့်ဒိနှင့်သင့်တော်လောက်မည့် ပစ္စည်းများကိုရှာဖွေရန် ပန်းစျေး၊ ငှက်စျေးများကိုလည်း သွားကြည့်ချင်မိ၏။

A တက္ကသိုလ်အရှေ့တွင် မြို့တော်၏နေရာအနှံ့သို့သွားသော ဘတ်စ်ကားများရှိလေသည်။ ကျင်းယွင်ကျောင်းသည် ၎င်းအား ကရိကထများသည်ဟု မစဥ်းစားဘဲ တက်စီးလိုက်၏။

ဘတ်စ်ကားပေါ်၌ ကျောင်းသားအတော်များများရှိနေသည်။ ညနေခင်း ၄ နာရီသာရှိသေးသည်မဟုတ်လော။ ထို့ကြောင့် ကျောင်းသားများစွာသည် ဤအချိန်တွင် အပြင်ထွက်အလုပ်လုပ်ရန် သို့မဟုတ် စျေးဝယ်ထွက်ရန် ကားပေါ်သို့ရောက်နေကြ၏။

သို့ရာတွင် ကားပေါ်တွင် လူများသည့်အလျောက် ထိုင်စရာနေရာလည်းမရှိပေ။ ကျင်းယွင်ကျောင်းအနောက်တွင် အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်ဝန်းကျင်ရှိသော အဘိုးကြီးတစ်ဦးလည်း ကပ်လျက်လိုက်လာ၏။ ထိုလူကိုမြင်သောအခါ ကျင်းယွင်ကျောင်းသည် အဘိုးရှုကို သတိရမိသွားပြီး စိတ်ထဲ၌ ကြိတ်သက်ပြင်းချလိုက်မိသည်။

ထိုအဘိုးအိုသည် မီးခိုးရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး အားမာန်တက်ကြွနေဟန်ရှိ၏။ ဘတ်စ်ကားပေါ်တက်ပြီးပြီးချင်း သူသည် ထိုင်စရာခုံမရှာပေ။ ထိုအစား ကျင်းယွင်ကျောင်းနံဘေးတွင်သာရပ်ကာ အပြင်ဘက်ရှိရှုခင်းကို ရွှင်မြူးစွာဖြင့် ကြည့်လိုက်သည်။

“ကျောင်းသားလေး၊ ဒီအဘိုးကို ထိုင်ခုံပေးလို့ရမလား? ကျေးဇူးပါ”

ကျင်းယွင်ကျောင်းသည် အဘိုးအိုအားဝေ့ကြည့်ကာ သူမနံဘေးတွင် ထိုင်နေသောကောင်လေးတစ်ဦးအား လှည့်ပြောလိုက်သည်။

“မလိုပါဘူးကွယ် မလိုပါဘူး မကြာခင်ရောက်တော့မှာပဲဟာ”

အဘိုးအိုသည် အလျင်စလိုဖြင့် လက်ခါပြလိုက်သည်။

“အဘိုးခြေထောက်တွေက နည်းနည်းယောင်နေပြီ ပြီးတော့ ကားထဲမှာလည်း လူနည်းနည်ကြပ်တော့ ထိုင်နားလိုက်တာကောင်းပါတယ်”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

အဘိုးအိုသည် ၎င်းကိုကြားသောအခါ ကျင်းယွင်ကျောင်းအား အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်ကြည့်မိလိုက်သည်။ သူသည် မမြိုသိပ်နိုင်တော့သဖြင့် မေးလိုက်တော့၏။

“အဘိုးဘောင်းဘီရှည်ဝတ်ထားတာပါ သမီးဘယ်လိုပြောနိုင်လဲ?”

“အဘိုးကားပေါ်တက်လာတုန်းက အဘိုးဘောင်းဘီတွေအပေါ်တက်သွားလို့ ခြေကျင်းဝတ်တွေကိုမြင်လိုက်ရတယ်လေ အဲဒါအပြင် အဘိုးလမ်းလျှောက်တဲ့ပုံစံက သာမန်လူတွေနဲ့မတူဘူး၊ အဘိုးကိုယ်ပေါ်က တိုင်းရင်းဆေးအနံ့တွေလည်းရနေတယ် သမီးက အနံ့ခံကောင်းတော့ အဲ့အနံ့ကို ရလိုက်တယ်လေ”

ကျင်းယွင်ကျောင်းရှင်းပြလိုက်သည်။

ထိုအဘိုးအို၏ခန္ဓာကိုယ်အချိုးအစားသည် အလယ်အလတ်စားမျှရှိပြီး ပိန်လည်းမပိန်သလို ဝလည်းမဝချေ။ သူ့ကြည့်ရသည်မှာ အလွန်ပင်ကျန်းမာရေးကောင်းပြီး ဖျတ်လတ်တက်ကြွသော်လည်း လမ်းလျှောက်တိုင်း သူ၏မျက်နှာထားသည် တစ်ခုခုဖြစ်သွား၏။ အနည်းငယ်ရုန်းကန်နေရဟန်ရှိသည်။ အဘိုးအိုသည် သူမအနောက်မှ ကားပေါ်တက်လာသဖြင့် သူမနေရာယူပြီးနောက် အဘိုးအို၏အခြေအနေကို သတိထားမိရန်လွယ်ကူပေသည်။

လူတိုင်းသည် အနည်းနှင့်အများဆိုသလို ပြသာနာအချို့ရှိတတ်လေသည်။ သူမသည် လူများကို အကဲခတ်ရာ၌ ကျွမ်းကျင်သော်လည်း လူအများစုမှာ သာမန်ချောင်းဆိုးနှာစေးခြင်း၊ အအေးမိခြင်း၊ ပြင်ပဒဏ်ရာအသေးစားများနှင့် အသားပေါ်တွင် အဆီပြန်ခြင်းပြသာနာများ စသည်ဖြင့်သာရှိတတ်ကြ၏။ ၎င်းတို့အားလုံးမှာ အသေးအဖွဲသာဖြစ်သဖြင့် သူမဘာမှသိပ်မပြောချေ။ သို့ရာတွင် အဘိုးအို၏အခြေအနေမှာ ပိုပြင်းထန်ပေသည်။

သူ၏ခြေထောက်များသည် ယောင်ယမ်းနေပြီး ယောင်ယမ်းနေသည့်အကြောင်းရင်းများစွာလည်းရှိသည်။ အဘိုးအို၏မျက်နှာသည် အနည်းငယ်မှိုင်တိုင်တိုင်ဖြစ်နေပြီး အင်္ကျီများဖုံးအုပ်ထားသော သူ၏လည်ပင်းအပေါ်တွင်လည်း ပင့်ကူသဏ္ဍာန်အစက်များရှိနေသည်။ သူမခန့်မှန်းသည်မှာမှန်လျှင် အဘိုးအိုသည် အသည်းရောဂါရှိနေလောက်မည်။

သူသည် A တက္ကသိုလ်၏ကျောင်းဂိတ်ပေါက်မှ ဘတ်စ်ကားပေါ်သို့ တက်လာခဲ့ပြီး ပညာရှင်တစ်ဦး၏အငွေ့အသက်များရှိနေသည်။ သူ၏အသံသည် အားကောင်းသော်လည်း အနည်းငယ်အက်ကွဲနေသည်။ ဤတက္ကသိုလ်၏ဆရာတစ်ဦးဖြစ်နိုင်ချေများပေသည်။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ရိုးရှင်းစွာပြောလိုက်သဖြင့် ကောင်လေးသည် မငြင်းဆန်နိုင်တော့ချေ။ သူသည် လျင်မြန်စွာထလိုက်ပြီး အဘိုးအိုကိုသာ ပေးထိုင်လိုက်သည်။

Space and Rebirth 759

အဘိုးအိုသည် ငြင်းမနေတော့ဘဲ ထိုကောင်လေးအား ကျေးဇူးတင်ကာ ထိုင်လိုက်သည်။ သူသည် ကျင်းယွင်ကျောင်းအား မော့ကြည့်ကာ မေးတော့၏။

“A တက္ကသိုလ်က ကျောင်းသူလား? ဘာမေဂျာတက်နေတာလဲ?”

သူတို့အချင်းချင်းတွေ့သည်မှာ တစ်မိနစ်ပင်မကြာသေးသော်လည်း ဤမိန်းကလေးသည် သူ၏ခြေထောက်မကောင်းကြောင်း၊ တိုင်းရင်းဆေးများကိုလိမ်းထားကြောင်း သိနေလေပြီ။ ဤကဲ့သို့သော ပါရမီရှင်မျိုးက ဆရာဝန် သို့မဟုတ် ရဲအရာရှိတစ်ဦး မလုပ်သည်မှာ နှမြောစရာကောင်းလှ၏။

“စီးပွားရေးပညာသင်နေတာပါ”

ကျင်းယွင်ကျောင်းမှ ယဥ်ကျေးစွာပြောလိုက်သည်။

အဘိုးအိုသည် အနည်းငယ်အံ့အားသင့်ကာ ဝမ်းနည်းသွားတော့၏။ ကျင်းယွင်ကျောင်းသည် သူ့ကိုကြည့်ပြီး ခေတ္တမျှတွေးကာ ပြောလိုက်သည်။

“အဘိုးက တိုင်းရင်းပညာက ဆရာဖြစ်မယ် ဟုတ်တယ်မလား? ဒါမှမဟုတ် ပါမောက္ခလား?”

“ငါ့ကိုသိနေတာလား?”

အဘိုးအိုသည် ပို၍ပင် စိတ်ပျက်ဝမ်းနည်းဖြစ်သွားတော့သည်။ ဤမိန်းကလေးသည် လူကဲခတ်စွမ်းရည် ထူးချွန်သည်ဟု သူထင်ခဲ့သော်လည်း သူမသည် သူ့အားသိနှင့်လေသည်။

“အဘိုးက A တက္ကသိုလ်ဂိတ်ပေါက်ဝမှာ ကားပေါ်တက်တာလေ၊ အသံကလည်း အက်ရှရှဖြစ်နေပြီးတော့ သပ်သပ်ရပ်ရပ်လည်းဝတ်စားထားတယ်ဆိုတော့ ဆရာတစ်ယောက်ဖြစ်ဖို့များတယ်၊ သမီးက စီးပွားရေးပညာသင်နေတယ်လို့ပြောတော့ အဘိုးနည်းနည်းဝမ်းနည်းသွားပုံရတယ် သာမန်ဆရာတွေဆို ဒီလိုဖြစ်မှာမဟုတ်ပေမယ့် တိုင်းရင်းဌာနက ဆရာတွေက မာနပိုရှိတတ်တယ်၊ သူတို့က ငွေနံ့ဟောင်နေတဲ့မေဂျာတွေကို စိတ်မဝင်စားတတ်ကြဘူး တချို့တိုင်းရင်းဆရာတွေဆို အနာဂတ်မှာ စီးပွားရေးသမားဖြစ်လာမယ့်ကျောင်းသားတွေကိုပါ အထင်သေးတတ်ကြတယ်လေ အဲဒါအပြင် အဘိုးလက်မှာ အသားမာတွေရှိတာကို ကြည့်ရသလောက် အဘိုးက တိုင်းရင်းလက်ရေးပညာရှင်ဖြစ်မယ်ထင်တယ်”

ကျင်းယွင်ကျောင်း ပြတ်သားပီပြင်စွာ ရှင်းပြလိုက်သည်။

သူမသည် အဘိုးအိုအား များများစားစားပြောရန် မရည်ရွယ်ထားခဲ့ချေ။ သူနဲ့ရင်းနှီးအောင်လုပ်ကာ သူ၏ရောဂါအကြောင်း ဆက်ဆွေးနွေးချင်သောဆန္ဒသာရှိသည်။

ထိုအဘိုးအိုအား ဆေးရုံသွားပြရန် ကမူးရှူးထိုးအကြံပေးလိုက်ပါက အလွန်ရုတ်ချည်းဆန်သွားလိမ့်မည်။ အနည်းငယ်ဆက်ဆွေးနွေးပြီးမှ ပြောသည်က ပိုကောင်းပေမည်။

အဘိုးအို၏မျက်လုံးများ ဝင်းလက်သွားသည်။

“အင်း အဘိုးက တိုင်းရင်းပညာက ပါမောက္ခတစ်ယောက်ပဲ၊ ခုနက အတွေးလွန်မိသွားတယ် ဒီနှစ်နှစ်အတွင်း အထွေထွေဆေးရုံကြီးကို မသွားဖြစ်လို့လေ၊ သမီးလိုမိန်းကလေးငယ်ငယ်လေးတစ်ယောက်က ကြည့်လိုက်တာနဲ့ ကျောင်းသားသစ်မှန်းသိသာတယ် ဘယ်လိုလုပ်ဆရာ့ကိုသိနိုင်မှာလဲ? ခုနက သမီးကို အထင်မှားမိသွားတယ် လူဆိုတာ အသက်ကြီးလာရင် အမှားလုပ်ဖို့ပိုလွယ်လာတယ်ထင်ပါရဲ့ သမီးပြောသလိုပဲ မာနကြီးတာမကောင်းဘူး”

“သမီးမပြောသင့်တာတွေပြောမိသွားရင် အဘိုးစိတ်ထဲမထားဖို့မျှော်လင့်ပါတယ်”

ကျင်းယွင်ကျောင်းယဥ်ကျေးစွာပြောလိုက်၏။

“အဘိုးကအဲ့လောက်စိတ်သဘောထားမသေးသိမ်ပါဘူးကွယ်”

အဘိုးအိုမှပြုံးလိုက်သည်။

“ကျောင်းသူလေးက ဘယ်သွားနေတာလဲ?”

“ကျွိ-ကျွိ-“

အဘိုးအိုမေးနေသောအချိန်တွင် ရုတ်ချည်းဆိုသလို ကားဘရိတ်အုပ်လိုက်၏။

ကျင်းယွင်ကျောင်းတစ်ကိုယ်လုံးယိမ်းယိုင်သွားသည်။ သူမအရှေ့သို့ကြည့်လိုက်သောအခါ ဒရိုင်ဘာဖြစ်သူသည် အလွန်နာကျင်ဟန်ဖြစ်နေကြောင်း မြင်လိုက်ရတော့၏။ ဘတ်စ်ကားဒရိုင်ဘာသည် ဇောချွေးများပြန်နေပြီး ကားစတီယာတိုင်အား ကသုတ်ကရက်ဖြင့် လှည့်နေလေသည်။ ကားထဲရှိလူများအားလုံး ကြောက်လွန်းသဖြင့် စူးရှစွာအော်ဟစ်လိုက်ကြတော့၏။

ကျင်းယွင်ကျောင်းသည်လည်း ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူမသည် သူမကိုယ်သူမ ဟန်ချက်ညီအောင်ထိန်းလိုက်ပြီး အရှေ့သို့သွားရောက်ကူညီလိုက်၏။ သူမ၏အင်အားများစွာကို အသုံးပြု၍ ဒရိုင်ဘာအားတားဆီးကာ ကားကိုရပ်လိုက်မှ ထိုကိစ္စရပ်တစ်ရပ်လုံး အဆုံးသတ်သွားတော့သည်။

သူမသည် ထိုကားဒရိုင်ဘာ၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သောအခါ အလွန်ပင်မြန်ဆန်နေကြောင်း သူမအသေအချာခံစားလိုက်ရ၏။ ထို့အပြင် သူသည် အမောဖောက်နေဟန်ရလေသည်။ အပြင်ပန်းမှကြည့်လျှင် သူသည် ရောဂါပြန်ထသည့်ပုံပေါက်နေသော်လည်း မူးယစ်ဆေးများဖြင့် ထိုးသွင်းခံထားရသည်ဆိုလျှင် ပိုမှန်ပေမည်...

သူမသည် လျင်မြန်စွာဖြင့် ဒရိုင်ဘာ၏အင်္ကျီများကို မွှေနှောက်ရှာဖွေကြည့်လိုက်ပြီး သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ဒရိုင်ဘာ၏လက်မောင်းတွင် အစိမ်းရောင်အပ်ပေါက်ရာတစ်ခုကို တွေ့လိုက်ရလေသည်။

ထိုအချိန်တွင် ကားရပ်သွားပြီဖြစ်သဖြင့် ကားထဲရှိလူတိုင်းသည် အုတ်သောင်းအုတ်နင်းဖြင့် ကားထဲမှပြေးထွက်ကြတော့၏။ လူအုပ်ကြီး၏ အရှုပ်အထွေးများကြားတွင် ဆေးအပ်ထိုးခဲ့သောတရားခံကို ရှာမတွေ့နိုင်ပါပေ။ ကားထဲတွင် စီစီတီဗီကင်မရာရှိသော်လည်း ကင်မရာထဲမှပုံမှာ ကြည်လင်လောက်မည်မဟုတ်ချေ။ ထိုမျှမက ဤတရားခံသည် လူကြားသူကြားထဲတွင်ပင် ရဲတင်းစွာ ဆေးအပ်ဖြင့်ထိုးရဲသဖြင့် သတိချပ်နေမည်မှာ သေချာပေသည်။

သို့သော် ကားဒရိုင်ဘာတစ်ဦးကို အဘယ်ကြောင့် ပစ်မှတ်ထားရသနည်း?

ကျင်းယွင်ကျောင်းသည် အနည်းငယ်ရင်တုန်မိသွား၏။ ဤသည်မှာ အလွန်ရုတ်တရတ်ဆန်လွန်းပြီး အနည်းငယ်တိုက်ဆိုင်လွန်းနေသည်မဟုတ်လော။

ကျင်းယွင်ကျောင်းသည် သူမစိတ်ကိုပြန်ထိန်းကာ ထိုရှုပ်ထွေးသောအတွေးများကို ခေါင်းထဲမှထုတ်လိုက်သည်။ သူမသည် အလျင်အမြန်ပင် နေရာလွတ်နယ်မြေထဲမှ ဆေးလုံးအချို့ယူကာ ဒရိုင်ဘာ၏ပါးစပ်ထဲ ထိုးထည့်ပေးလိုက်၏။ မကြာမီတွင် ထိုဒရိုင်ဘာ၏အသားအ‌ရောင်သည် ပြန်ကောင်းလုနီးပါးရှိသွားတော့သည်။

သို့ရာတွင် အပြင်ဘက်ရှိလူအချို့မှာ ကြောက်လွန်း၍ သေလုမတတ်ဖြစ်နေလေပြီ။ ကားဒရိုင်ဘာပြန်ကောင်းလျှင်ပင် ကားထဲ၌ ပြန်ထိုင်ရဲသည့်သတ္တိမရှိတော့ချေ။

Space and Rebirth 760

ကျင်းယွင်ကျောင်းသည် ဤအချိန်တွင် အလွန်ပင် ဇဝေဇဝါဖြစ်နေ၏။ ဤကိစ္စ၏တရားခံသည် မည်သူ့အားပစ်မှတ်ထားနေကြောင်း သူမမသိသော်လည်း ထိုပစ်မှတ်မှာ သူမဆိုလျှင် ဤအရာအား မယုံကြည်ရဲပါပေ။

သူမသည် မြို့တော်ထဲသို့ ရောက်သည်မှာ မကြာသေးသလို လူများများစားစားလည်း မသိသေးချေ။ သူမနှင့်မတည့်သောလူအချို့ရှိသော်လည်း ထိုလူတို့မှာ ကျိုးမေ့ကျွန်းကဲ့သို့ မိန်းကလေးငယ်များသာ ဖြစ်သည်။ ကျိုးမေ့ကျွန်းသည် လက်ရှိထက် ဆယ်ဆမျှသတ္တိရှိလျှင်ပင် လူအပြည့်ရှိနေသောဘတ်စ်ကားအား မဆင်မခြင်လုပ်ရဲမည်မဟုတ်ပေ။

သူမမဟုတ်ဘဲ ပစ်မှတ်မှာ အခြားတစ်ယောက်ဆိုလျှင် သူမအားချွေးအေးများပြန်စေသော ထိုမကောင်းသောအနိဌာရုံမှာ အဘယ်နည်း?

ကျင်းယွင်ကျောင်းသည် စိတ်ထဲတွင် အတွေးများအပြည့်ဖြင့် ဒရိုင်ဘာကို မြေပြင်ပေါ်ချလိုက်သည်။ ထို့နောက် သူမသည် အနောက်သို့လှည့်ပြီး ကားထဲမှထွက်ရန်ဟန်ပြင်လိုက်ချိန်တွင် ထိုအဘိုးအိုသည် သူမအနောက်တွင်ရှိနေဆဲဖြစ်သဖြင့် သူမထိတ်လန့်အံ့အားသင့်သွားလေ၏။

“ကျောင်းသူလေး၊ မင်းကတကယ်လက်မြန်တာပဲ၊ စီးပွားရေးလုပ်တာထက် ရဲမေလုပ်တာက မင်းအတွက်ပိုသင့်တော်မယ်ထင်တယ်...”

ရုတ်ချည်းဆိုသလို အဘိုးအိုမှပြောလိုက်၏။

အစောပိုင်းက ကားထဲတွင် အလွန်အုတ်သောင်းအုတ်နင်းဖြစ်နေသဖြင့် သူသည် မလှုပ်ရှားရဲခဲ့ပေ။ သူသည် အသက်ကြီးသောအဘိုးအိုတစ်ဦးဖြစ်သည်မဟုတ်လော။ သူထိတ်ထိတ်ပျာပျာဖြစ်လေလေ သူ့အတွက် ပြသာနာဖြစ်စေရန် ပိုလွယ်ကူပေ၏။ ထိုမျှက သူအမှတ်မထင်တွေ့ဆုံခဲ့သော ဤမိန်းကလေးသည်လည်း ကားထဲ၌ရှိသေးသည်။ သူမလုပ်ရန်ကြိုးစားနေသောအရာကို သူကြည့်ချင်သောကြောင့် ဆက်နေနေခဲ့သော်လည်း သူမသည် ဤမျှလောက်ကျွမ်းကျင်မည်ဟု သူမထင်ခဲ့ချေ။ ဒရိုင်ဘာဖြစ်သူအား ရူးသွပ်မသွားစေရန် သူမချုပ်ထားနိုင်ခဲ့သည့်အပြင် ကားကိုလည်း ချက်ချင်းရပ်ခဲ့လေသည်။ နောက်ပိုင်းတွင် သူမသည် ထူးဆန်းသောအရာတစ်ခုကို ထုတ်လိုက်ပြီး ဒရိုင်ဘာပါးစပ်ထဲထည့်လိုက်သေးသည်။ ခဏအကြာမှသာ ဒရိုင်ဘာသည် ငြိမ်သွားပြီး မြေပြင်ပေါ်သို့ မေ့လဲသွားလေ၏။

ဤဖြစ်ရပ်တစ်ခုလုံးမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ သူသည် အသက်ကြီးရင့်ပြီဖြစ်သော်လည်း ဤမျှလောက် စိတ်လှုပ်ရှားဖွယ်ကောင်းသောအရာကို မကြုံတွေ့ရသည်မှာ အချိန်အတော်ကြာပေပြီ။

“အဘိုးကတကယ်နောက်တတ်တာပဲ”

ကျင်းယွင်ကျောင်းခြောက်ကပ်စွာ ရယ်လိုက်ပြီး အဘိုးအိုအား ကားထဲမှထွက်နိုင်ရန် ကူညီပေးလိုက်သည်။

မကြာမီတွင် အရေးပေါ်ကားရောက်လာပြီး မေ့လဲနေသောဒရိုင်ဘာကို ခေါ်သွားတော့၏။ ကားထဲရှိလူများမှာ မိမိတို့ဖုန်းနံပါတ်များကို ရဲသားများထံပေးခဲ့ပြီး အိမ်ပြန်ကြတော့သည်။

ဒရိုင်ဘာသည် မူးယစ်ဆေးနှင့် ထိုးသွင်းခံလိုက်ရသည်ကို သိကြသော်လည်း ဤအမှု၏တရားခံကို ရှာဖွေ၍မရနိုင်ချေမှာ ၈၀% မှ ၉၀% အထိရှိကြောင်း ကျင်းယွင်ကျောင်းတပ်အပ်သိနေ၏။ အစောပိုင်းက ဘတ်စ်ကားပေါ်တွင် လူများစွာရှိနေပြီး လူကောင်းနှင့်လူဆိုးများ ရောထွေးနေသည်။ မည်သူမဆို ဒရိုင်ဘာအားချည်းကပ်နိုင်သဖြင့် တရားခံရှာနိုင်ချေမှာ အလွန်ပင်နည်းလှ၏။

အသေအချာစဥ်းစားကြည့်ပြီးနောက် ကျင်းယွင်ကျောင်းအနည်းငယ်နားလည်သွားသည်။ အစောပိုင်းက သွားရာလမ်းတွင် သူမသည် ကားတံခါးနားတွင် ရပ်နေခဲ့သည်။ ကားပေါ်သို့တက်ခါစကျောင်းသားများ ရှိနေသဖြင့် ကားထဲတွင် လူသိပ်မများချေ။ ထို့ကြောင့် တရားခံသည် သူမအား ထိခိုက်လိုလျှင် သူမအား တိုက်ရိုက်ဆေးထိုးလိုက်သည်က ချက်ချင်းလူမိသွားနိုင်ချေရှိသော်လည်း ဒရိုင်ဘာအတွက်မူ ထိုသို့မဟုတ်ပေ။

ထိုတရားခံ၏ ပစ်မှတ်မှာ သူမလော၊ အခြားသူလော သူမသေချာမသိသေးချေ။ ဤအရာများကို ခန့်မှန်းနေရုံသာရှိသည်။

နှမြောစရာဟုပြောရမည်။ တစ်ဖက်လူသာ သူမအားဆေးထိုးလိုက်ပါက ထိုအခိုက်အတန့်အတွင်းတွင် သူမသည် ထိုလူအား မြေပြင်ပေါ်လဲသည်အထိ ချက်ချင်းထိုးနှက်လိုက်ပေမည်။ ထိုသို့ဆိုလျှင် ဤဖြစ်ရပ်တစ်ခုလုံးအား ရှောင်လွှဲနိုင်ခဲ့မည်ဖြစ်၏။

“ကျောင်းသူလေး၊ ဘယ်သွားမလို့လဲ? လမ်းကြုံတယ်ဆိုရင် တက္ကစီအတူစီးကြမလား?”

အဘိုးအိုမှ‌မေးလိုက်သည်။

“သမီး ပန်းစျေးနဲ့ငှက်စျေးကို သွားကြည့်မလို့၊ ဘတ်စ်ကားတစ်စီးတည်း စီးခဲ့တာဆိုတော့ တစ်လမ်းတည်းပဲဖြစ်ရမယ်”

ကျင်းယွင်ကျောင်းပြောလိုက်၏။

ထင်ထားသည့်အတိုင်းပင် အဘိုးအိုသည် ခပ်ဟဟရယ်ကာ ခေါင်းငြိမ့်လိုက်သည်။

“အဘိုးရဲ့မျိုးရိုးနာမည်က မို တဲ့”

ကားထဲဝင်ပြီးနောက် အဘိုးအိုမှ သူ့ကိုယ်သူမိတ်ဆက်လိုက်၏။

“ပါမောက္ခမို၊ သမီးနာမည်က ကျင်းယွင်ကျောင်းပါ”

“သမိုင်းထဲက စစ်သူကြီးတစ်ယောက်ရဲ့နာမည်ပါလား၊ ယွင်ကျောင်း...တကယ်ကောင်းတဲ့နာမည်ပဲ”

ပရော်ဖက်ဆာမိုသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် သူမအားချီးကျူးတော့သည်။

အမျိုးသားပညာဌာန၏ ပါမောက္ခတစ်ဦးပီသပါပေသည်။ သူ၏ပါးစပ်မှပထမဆုံးထွက်လာသောအရာမှာ စာသံပေသံဖြစ်၏။ ကျင်းယွင်ကျောင်းသည် ထိုသို့ချီးကျူးသံကို တစ်ခါမှမကြားဖူးသဖြင့် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ခဏအကြာတွင် သူမသည် သူမတွေးနေသောအရာကို ပြောလိုက်တော့၏။

“ပါမောက္ခမို၊ ခုနက ဆရာ့ခန္ဓာကိုယ်ပေါ်က တိုင်းရင်းဆေးအနံ့တွေအကြောင်း သမီးမေးလိုက်တယ်လေ အဲဒါ အယောင်ကျအောင်လုပ်ပေးတဲ့ ပလာစတာအနံ့မှတ်လား?

“ဟုတ်တယ် အခုတလော လမ်းလျှောက်များလို့လားမသိဘူး ခြေကျင်းဝတ်က နည်းနည်ယောင်နေတယ်လေ”

ပရော်ဖက်ဆာမိုမှ ပြန်ဖြေလိုက်သည်။

“ပါမောက္ခမို၊ ဒီလိုပြောရတာ ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ် ဒါပေမယ့် ဆရာဝန်တစ်ယောက်နဲ့ သေချာပြသင့်တယ်လို့ထင်တယ်၊ သမီးလည်း သမီးအကြီးအကဲတွေဆီက ဆေးပညာသင်ထားတော့ ဒါက အသည်းယိုယွင်းမှုလက္ခဏာတွေဆိုတာ သမီးပြောလို့ရတယ်၊ တစ်နည်းပြောရရင် အသည်းအလုပ်လုပ်ပုံက မူမမှန်ဘူးပေါ့၊ အစမှာတော့ ခြေကျင်းဝတ်ယောင်ရုံပဲဆိုပေမယ့် နောက်ဆက်တွဲအနေနဲ့ ပင့်ကူပုံအစက်တွေ၊ အသည်းနေရာနားမှာ ထုံကျင်သလိုခံစားရတာတွေ၊ ပင်ပန်းတာ၊ ခံတွင်းပျက်တာ၊ ထမင်းစားပြီး ဗိုက်ပွလာတာ၊ ပျို့တာ၊ အန်တာနဲ့ တခြားလက္ခဏာတွေ လိုက်လာနိုင်တယ်၊ မကုဘဲထားထားရင် ဖောယောင်နေတဲ့အပိုင်းက ခန္ဓာကိုယ်အောက်ပိုင်းကနေ အပေါ်ပိုင်းထိတက်လာပြီး တဖြည်းဖြည်းနဲ့ ရေဖျဥ်းစွဲလာလိမ့်မယ်၊ ဒီထက်ပိုဆိုးလာရင် အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တာပေါ့”

All Chapters