အခန်း (၇၆၅-၇၆၈)
Vol. 39 Ch. 765-768
Space and Rebirth 765
အနောက်ဘက်အဆောင်မှာ ရိုးရှင်းပြီး အလှမဆင်ထားချေ။ ပြတင်းပေါက်များအားလုံးကိုဖွင့်ထားပြီး အခန်းထဲတွင် လတ်ဆတ်သောသစ်ခွပန်းအချို့ရှိ၏။ သစ်ခွပန်း၏အနံ့မှာ မပြင်းလှချေ။
သူမသည် အထဲဝင်လိုက်သည်နှင့် စားပွဲပေါ်တွင်တင်ထားသော လူသေအထိမ်းအမှတ်ကျောက်ပြားများကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ အခန်းနံရံများတွင် လူပုံတူပန်းချီကားများကိုလည်း ချိတ်ဆွဲထားသည်။ အချို့မှာအိုဟောင်းပြီး အချို့မှာ ပိုသစ်လွင်နေသော်လည်း မည်သို့ပင်ဆိုစေကာမူ ဤအခန်းသည် အနည်းငယ်ထူးဆန်းသလိုခံစားရပေသည်။
ရှေးခေတ်အတိုင်းဆိုလျှင် ဤသည်မှာ မိမိတို့ဘိုးဘေးများအား ပူဇော်သည့် ဘိုးဘေးများခန်းမဖြစ်လေမည်။ သို့ရာတွင် ယနေ့ခေတ်အခါတွင် ဤကဲ့သို့နေရာမျိုးသည် စည်ကားသောမြို့လယ်ခေါင်တွင် ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာသဖြင့် သူမစိတ်ငြိမ်ငြိမ်ထားနိုင်ရန် ခက်ခဲပေသည်။
“မင်းကိုလန့်အောင်လုပ်မိသွားလား?”
ပရောက်ဖက်ဆာမိုသည် မျက်ခုံးများကိုပင့်ကာ မေးလိုက်သည်။
အစောပိုင်းက ကျင်းယွင်ကျောင်းကားပေါ်တက်စဥ်တွင် ဖြစ်သွားသည့်ပုံစံအား သူမမြင်လိုက်ရချေ။
“ဒါက...”
“အမတကြိုးကြာခန်းမရဲ့ ဘိုးဘေးတွေကို ဒီနေရာမှာ ပြထားတယ်၊ ဒီဆေးခန်းရဲ့လက်ရှိပိုင်ရှင်က အမတကြိုးကြာခန်းမက ကျန်ရစ်တဲ့ တစ်ဦးတည်းသောဆက်ခံသူလေ၊ အမတကြိုးကြာခန်းမကတော့....ထားလိုက်ပါ မင်းလိုကလေးတစ်ယောက်က သိလို့လည်း ဘာအကျိုးမှမရှိပါဘူး”
ပရော်ဖက်ဆာမိုအား ကြည့်ရသည်မှာလည်း အနည်းငယ်မူမမှန်ဖြစ်နေ၏။
ကျင်းယွင်ကျောင်းကိုတွေ့ပြီးနောက်တွင် သူသည် မပြောသင့်သောစကားများကို ပြောထွက်မိနေသည်။ အလွန်ထူးဆန်းလွန်းလှပေသည်။
ကျင်းယွင်ကျောင်းသည် ခေါင်းကိုမော့ကာ အထိမ်းအမှတ်ကျောက်ပြားများကို ကြည့်လိုက်သည်။ ဤကျောက်ပြားများအားလုံးကို အနက်ရောင်အဝတ်တစ်ခုဖြင့် ဖုံးအုပ်ထားသဖြင့် ကြည့်ရသည်မှာ မှုန်မှိုင်းနေလေသည်။ နံရံပေါ်ရှိ ရုပ်ပုံများကိုမူ ကျင်းယွင်ကျောင်းသည် တစ်ကြိမ်ထက်မနည်း ဝေ့ကြည့်မိ၏။
ရုပ်ပုံများထဲတွင် အမျိုးသားများရော အမျိုးသမီးများပါရှိသည်။ အချို့မှာ ဆံပင်ဖြူနှင့် ငယ်ရွယ်နုပျိုသောမျက်နှာများရှိနေ၏။ အချို့မှာ မသေမျိုးများ၏အသွင်အပြင်နှင့်တူလှသည်။ ရှေးခေတ်အချိန်မှ ယခုအထိကြည့်လျှင် နောက်ဆုံးချိတ်ဆွဲထားသောရုပ်ပုံမှာ အသက်နှစ်ဆယ်အစောပိုင်းဝန်းကျင်ရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုဓာတ်ပုံသည် အဖြူအမည်းဖြင့်ရှိနေပြီး အမျိုးသမီး၏ဆံပင်ပုံစံမှာ လွန်ခဲ့သောဆယ်စုနှစ်အချို့မှ ပုံစံဖြစ်ဟန်တူသည်။ သူမသည် ဖော်ရွေပြီး လှပချောမောသည့်ပုံပေါက်နေ၏။ သူမအား တစ်ချက်ကြည့်ရုံဖြင့် အကြည်ဓာတ်ရှိသောရုပ်မျိုးဖြစ်သည်။
“သူ့နာမည်က ဝမ်ယွဲ့တဲ့၊ သူသာအသက်ရှိနေသေးရင် မင်းအဘွားအရွယ်လောက်ရှိနေပြီ”
ပရော်ဖက်ဆာမိုသည် လွမ်းဆွတ်ရိပ်များ၊ အဓိပ္ပာယ်မဖော်နိုင်သောခံစားချက်များ ပြည့်နှက်နေသောမျက်နှာဖြင့် ရုပ်ပုံကို ကြည့်လိုက်သည်။ ထို့နောက် သူသည် နှုတ်ကိုဖွင့်ကာ ရယ်လိုက်၏။
စကားပြောပြီးနောက်တွင် သူသည် ကျောက်ပြားများဆီသို့လျှောက်သွားကာ အခန်းထဲဝင်မှသာ နာမည်မြင်ရသောလူတို့အတွက် အမွှေးတိုင်သုံးတိုင်ထွန်းလိုက်သည်။
အလွန်ထူးဆန်းသောနေရာပင်ဖြစ်၏။
ကျင်းယွင်ကျောင်းသည် ရှေးခေတ်ကမ္ဘာဆီသို့ ကူးပြောင်းသွားသလို ခံစားလိုက်ရသည်။ လက်တွေ့ဘဝနှင့်ကင်းကွာသလို ခံစားမှုကြီးသည် သူမရင်ထဲ၌ အလိုအလျောက်ဖြစ်ပေါ်လာတော့၏။
“ယုဖူ”
ပရော်ဖက်ဆာမိုသည် အခန်းထဲဝင်ပြီးနောက် စားပွဲပေါ်တွင် စာကြည့်မျက်မှန်တစ်လက်ဝတ်ဆင်၍ စာအုပ်ဖတ်နေသော အဘွားအိုတစ်ဦးအား ခေါ်လိုက်သည်။
ထိုအမျိုးသမီးသည် အသက်ငါးဆယ်ဝန်းကျင်ရှိ၏။ သူမမျက်နှာမှာ အေးစက်မာကြောနေသည်။ သူမသည် ပရော်ဖက်ဆာမိုကို မြင်သောအခါ ရွံရှာစိတ်ပျက်ရိပ်သန်းသောမျက်လုံးများဖြင့် ကြည့်လိုက်၏။
“မိုကျန်းယန်၊ နင်အသက်ရှိသေးတာလား?”
ထိုအဘွားအိုမှ အေးစက်စွာမေးလိုက်သည်။
ပရော်ဖက်ဆာမို ထိုင်ချလိုက်၏။
“အရိုးတွေလည်းဆွေးလာပါပြီ မကြာခင်သေရင်သေမှာပေါ့”
အဘွားအိုသည် သူ့အား မျက်လုံးချင်းပင် ဆုံမကြည့်ချေ။ ကျင်းယွင်ကျောင်းသည် အနည်းငယ်ပဟေဠိဖြစ်သွား၏။ မိုကျန်းယန်သည် အလွန်မာနကြီးသောလူဖြစ်သည်ဟု အဘိုးရှုပြောခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူသည် သူရဲဘောကြောင်သောလူတစ်ဦးနှင့်သာ တူနေသည်။ အဘွားအိုထံမှ ဤသို့ဆက်ဆံခံနေရသော်လည်း သူ၏မျက်နှာတွင် လိုက်လျောသောဟန်ပန်သာရှိပြီး စိတ်ခုသည့်အရိပ်အယောင်လုံးဝမရှိချေ။ အမှန်ပင် ထူးဆန်းလှ၏။
“ဘာလို့ငါ့ကိုရှာနေတာလဲ? ဒီနေရာက နင်လာချင်တိုင်းလာလို့မရတဲ့နေရာလို့ ငါနင့်ကိုပြောထားတယ်လေ!”
အဘွားအိုမှ ဒေါသပြည့်နှက်သောလေသံဖြင့် ထပ်ပြောလိုက်သည်။
“ငါ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးလို့ ဒီမိန်းကလေးကပြောလို့ ငါမင်းဆီလာချင်ရုံပါ”
ပရော်ဖက်ဆာမိုပြောလိုက်သောအခါ အဘွားအိုမှ ဟမ့်ခနဲအသံပြုလိုက်သည်။
“နင့်လက်ပေး”
ပရော်ဖက်ဆာသည် လိုလိုလားလားဖြင့် သူ၏လက်ကောက်ဝတ်အား ဆေးခန်းသုံးခေါင်းအုံးပေါ်တွင် တင်လိုက်သည်။ ကျင်းယွင်ကျောင်းပို၍ပင် ဇဝေဇဝါဖြစ်သွားတော့၏။ ဤအဘွားသည် ပရော်ဖက်ဆာမိုကို မုန်းနေသည်မဟုတ်လော? အဘယ်ကြောင့် သူ့အား ဆေးကုသလိုစိတ်ရှိနေရသနည်း?
အသက်ကြီးသောမျိုးဆက်များ၏ ကမ္ဘာသည် အမှန်ပင် ရှုပ်ထွေးပေသည်။
“အသည်းကျပြီး ချီစွမ်းအင်မငြိမ်တာ၊ လောလောဆယ်မှာတော့ ပြင်းပြင်းထန်ထန်မဟုတ်သေးဘူး နင့်ကိုဆေးညွှန်းတချို့ပေးလိုက်မယ် အချိန်ကိုက်ဆေးသောက်ရင် အဆင်ပြေသွားလိမ့်မယ်”
အဘွားအို၏မျက်နှာထားသည် မပြောင်းလဲချေ။
ပရော်ဖက်ဆာမိုသည် အံ့အားသင့်စွာဖြင့် သူ၏လက်ကိုပြန်ရုတ်သိမ်းပြီး ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်သည်။
“ကောင်မလေး၊ မင်းပြောတာ တကယ်မှန်နေတာပဲ”
Space and Rebirth 766
သူသည် စမ်းသပ်ကြည့်ချင်ရုံသာဖြစ်သော်လည်း ကျင်းယွင်ကျောင်းမှ ရောဂါအခြေအနေနှင့်ပတ်သတ်၍ မှန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ!
ဝမ်ယွဲ့ ကွယ်လွန်သည့်အချိန်မှစ၍ အမတကြိုးကြာခန်းမတွင် ဆက်ခံသူမရှိတော့ချေ။ ယုဖူအား ဆက်ခံသူဟု သတ်မှတ်ထားသော်လည်း သူမ၏စိတ်ထဲတွင် သူမသည် ဘိုးဘေးများ၏ပညာအမွေအား ယာယီထိန်းသိမ်းနေခြင်းသာဖြစ်သည်။ ထို့အပြင် သူမသည် ခေါင်းမာသောသူဖြစ်သည်။ ဝမ်ယွဲ့သည် သူမအား တပည့်တစ်ဦးအနေဖြင့် လက်မခံခဲ့ဖူးသောကြောင့် သူမအား အမည်ခံတပည့်တစ်ဦးအနေဖြင့်သာ သတ်မှတ်နိုင်ကြောင်း အမြဲတစေပြောလေ့ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ကွယ်လွန်ခဲ့သောဝမ်ယွဲ့အတွက် သူမသည် တပည့်တစ်ဦးလက်ခံချင်ခဲ့သော်လည်း ယုဖူ၏သတ်မှတ်ချက်များသည် မြင့်မားလွန်းပြီး သူမမျက်စိကျသောလူလည်းမရှိခဲ့ပါချေ။
သို့ရာတွင် ဤကျင်းယွင်ကျောင်းမှာ အခြားသူများနှင့်မတူပေ။ သူမသည်သာဆိုလျှင်...အမတကြိုးကြာခန်းမ၏ နှစ်တစ်ထောင်ပညာအမွေအား ဆက်ခံနိုင်လောက်မည်မဟုတ်လော?
“ယုဖူ၊ တကယ်တော့ ဒီကောင်မလေးက ငါ့ခြေထောက်နည်းနည်းယောင်တာကို မြင်ရုံနဲ့ ငါ့ခန္ဓာကိုယ်တစ်ခုခုဖြစ်နေတယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့တာ၊ သူ့ပါရမီက တကယ်ချီးကျူးချင်စရာပဲ သူ့ကိုခေါ်ထားချင်လား...”
“မိုကျန်းယန်၊ နင့်အကြံကမသေးဘူးပဲ၊ ဘယ်သူမဆို သခင်မဝမ်ယွဲ့ရဲ့ ပညာအမွေကိုဆက်ခံနိုင်မယ်လို့ ထင်နေတာလား? နင်သာအဲ့တုန်းက နင့်ရဲ့အရေးမပါတဲ့ဂုဏ်သိက္ခာကို ဂရုစိုက်မနေခဲ့ရင် သူလည်းမျိုးဆက်ပြတ်ခဲ့မှာမဟုတ်ဘူး၊ နှစ်တစ်ထောင်ပညာအမွေက နင့်ကြောင့်ပျက်စီးခဲ့ရတာ၊ ဒီမိသားစုကြီးတစ်ခုလုံးကို တခြားသူဆီလက်လွှဲလိုက်ရတာလည်း နင့်ကြောင့်ပဲ၊ ဒါကိုတောင် သခင်မဝမ်ယွဲ့အတွက် တပည့်တစ်ယောက်ဆိုပြီး ငါ့ကိုမိတ်ဆက်ပေးလောက်တဲ့ထိ မျက်နှာပြောင်ရဲသေးတာလား? နင်ထွက်သွားစမ်း!”
အဘွားအိုသည် ဒေါသပုန်ထနေပြီး သူမမျက်နှာမှာ ကြမ်းကြုတ်နေသည်။
ကျင်းယွင်ကျောင်းသည် အစက ပရော်ဖက်ဆာမိုဘက်မှ စကားအနည်းငယ်ပြောပေးချင်ခဲ့သော်လည်း တစ်ဖက်လူ၏စကားများကို ကြားလိုက်သောအခါ ကူညီတောင်းပန်ပေးချင်စိတ် ပျောက်သွားလေသည်။
နှစ်တစ်ထောင်ပညာအမွေဟူသည်မှာ...ပေါ့ပေါ့တွေး၍ရသောအရာမဟုတ်ချေ။
“ပရော်ဖက်ဆာမို”
ခေတ္တမျှကြာပြီးနောက် ကျင်းယွင်ကျောင်းသည် သူမအတွေးကို ထုတ်ဖော်ပြောလိုက်သည်။
“တကယ်တော့ သမီးမှာ...ဆေးဝါးသင်ပေးတဲ့ဆရာအပြင် ဆေးပညာကျင့်စဥ်တွေသင်ပေးတဲ့ ဆရာတစ်ယောက်လည်းရှိပါသေးတယ်...”
ဆေးဝါးဆရာမှာ အကြီးအကဲရှုဖြစ်ပြီး ဆေးကျင့်စဥ်ဆရာမှာ ဘိုးဘေးကျင်းဟယ်ဖြစ်ပေသည်။
သူမ၏လက်ရှိအောင်မြင်မှုများအားလုံးကို ဤအဘိုးအိုနှစ်ဦးကြောင့် ရရှိခဲ့ခြင်းဖြစ်သဖြင့် သူမသည် အဘယ်သို့ ဆရာအား လွယ်လွယ်ပြောင်းလဲနိုင်မည်နည်း? ဤအဘွားအိုမှ သဘောတူလျှင်ပင် သူမငြင်းဆန်ပေမည်။
ပရော်ဖက်ဆာမို ကြက်သေသေသွား၏။ သူသည် ဤသို့ဖြစ်မည်ဟု မထင်ခဲ့ချေ။
သူသည် ဝမ်ယွဲ့အပေါ်မှားမိခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းမှ ဆေးပညာစွမ်းရည်အနည်းငယ်ရှိသည်ကို သိလိုက်ရသောအခါ ဆင်ခြင်တုံတရားများအားလုံးပျောက်ဆုံးသွားပြီး ရှေ့မကြည့်နောက်မကြည့်ပြောမိလိုက်၏။ အမှန်တကယ်ပင် ကမူးရှူးထိုးနိုင်သွားပေသည်။
ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သောသူဖြစ်သည်ကိုသာ သူမြင်လိုက်ပြီး ဤအရွယ်ရှိသမားတော်အများစုမှာ ဆရာတစ်ဆူရှိနှင့်ပြီးဖြစ်ကြောင်း သူမေ့လျော့သွားခဲ့လေသည်။ တိုင်းရင်းသမားတော်များအုပ်စုရှိ လူအများစုသည် တင်းကြပ်သောစည်းမျဥ်းများရှိသဖြင့် ဆရာတစ်ဦးအား လက်လွတ်စပယ်အသိအမှတ်ပြုရန် မဖြစ်နိုင်ချေ။
သို့သော်လည်း ဤသည်မှာ အလွန်နှမြောစရာကောင်းလှ၏။
ကျင်းယွင်ကျောင်းသည် အံ့သြစရာကောင်းလောက်သော လူကဲခတ်စွမ်းရည်များရှိပြီး အနံ့ခံအာရုံကောင်းပေသည်။ ထိုမျှမက ဤအသက်အရွယ်ဖြင့် အလွန်ထူးချွန်သော ဆေးပညာစွမ်းရည်ကိုလည်း ပိုင်ဆိုင်၏....
မိုကျန်းယန် သက်ပြင်းချလိုက်သည်။
“ခုနက ငါအတွေးလွန်သွားတယ်”
အဘွားအိုသည် အနည်းငယ်အံ့အားသင့်သွား၏။ သူမရှေ့မှောက်ရှိ မိန်းကလေးမှာ မိုကျန်းယန်နှင့်အတူ ခယတောင်းပန်ရန် အသင့်ဖြစ်နေလောက်မည်ဟု သူမထင်ခဲ့၏။ ရုတ်တရတ်ဆန်စွာ ဤသို့ပြောလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ကြည့်ရသလောက်ဆိုလျှင် ဤသည်မှာ အထင်လွဲမှားမှုတစ်ခုဖြစ်လောက်မည်။
“နင့်ရောဂါကို ဖတ်နိုင်ခဲ့တယ်လို့ ပြောလိုက်တာလား?”
အဘွားအိုမှ ပြောလိုက်သည်။
“အင်း လုံးဝအတိအကျပဲ၊ ဒီမှာကြည့် ဒါသူပေးထားတဲ့ဆေးညွှန်း မင်းဆေးညွှန်းနဲ့တစ်ပုံစံတည်းပဲ”
ပရော်ဖက်ဆာမိုသည် စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။
အဘွားအိုသည် ၎င်းအားယူကြည့်လိုက်သောအခါ မျက်လုံးထဲတွင် ထိတ်လန့်အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။ သူမသည် ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“မိန်းကလေး၊ မင်းနာမည်ကဘာလဲ?”
“ကျင်းယွင်ကျောင်းပါ”
“မျိုးရိုးနာမည်က ကျင်း လား?”
အဘွားအို၏လက်များ တုန်ယင်လာသည်။
ကျင်းယွင်ကျောင်းလည်း ဇဝေဇဝါဖြင့် ခေါင်းငြိမ့်လိုက်၏။
“မိုကျန်းယန်၊ နင်တကယ်တမင်လုပ်တာမဟုတ်ဘူးလား?”
ကျင်းဟူသော မျိုးရိုးနာမည်ရှိပြီး ဆေးပညာအစွမ်းထက်သော မိန်းကလေးတစ်ဦးကို ခေါ်လာသည်မှာ အံ့သြစရာကောင်းလောက်သော တိုက်ဆိုင်မှုဖြစ်သည်။ ဤသည်မှာ ကြိုတင်စီမံထားခြင်းမရှိသည့်ကိစ္စဆိုလျှင် သူမအဘယ်သို့ယုံကြည်နိုင်မည်နည်း!
“ယုဖူ၊ ငါ မိုကျန်းယန်ကသာ အဲ့လိုလူမျိုးဖြစ်ခဲ့ရင် အဲ့တုန်းက ခေါင်းငုံ့ခံပြီး ဝမ်ယွဲ့ကိုလက်ထပ်ခဲ့မှာပဲ ငါတို့နှစ်ယောက် နှစ်ပေါင်းများစွာ ပြောဆိုဆက်ဆံခဲ့တဲ့အပြင် ငါအသက်ကြီးလို့သေတဲ့နေ့အထိ ငါ့ဘဝတစ်လျှောက်လုံး ဝမ်ယွဲ့အပေါ်လုပ်မိတဲ့ကိစ္စကို နောင်တရရင်း ငါအသက်ရှင်နေမှာလို့ ကတိပေးထားတယ်၊ ဝမ်ယွဲ့လည်းအဲ့လိုပြောခဲ့သလို မင်းလည်းငါ့ကိုအဲ့လိုပဲပြောခဲ့တာ။ မင်းရဲ့ဆန္ဒအတိုင်းပဲ ဒီနှစ်တွေတစ်လျှောက်လုံးနေခဲ့တယ် ငါ့မှာ တခြားဘာအကြံအစည်မှမရှိသလို လီမိသားစုဝင်တစ်ယောက်လည်းမဟုတ်ဘူး အဲ့တော့ မင်းငါ့ကိုအဲ့လိုမစဥ်းစားလိုက်ပါနဲ့”
Space and Rebirth 767
ပရောက်ဖက်ဆာမိုစကားပြောပြီးနောက် တစ်ခန်းလုံးတိတ်ဆိတ်သွားတော့သည်။ ကျင်းယွင်ကျောင်းသည် ခေါင်းပေါက်ထွက်လုမတတ်ခံစားလိုက်ရ၏။
ယနေ့သည် အနည်းငယ်ထူးဆန်းနေသည်။ အစက သူမအား ရုတ်တရတ်ဆန်စွာ ပစ်မှတ်ထားခဲ့သူမှာ တုရုန်းယန်ဖြစ်၏။ ထို့နောက် ဘတ်စ်ကားပေါ်တွင် သူစိမ်းရန်ကို ကြောက်ရပြန်သည်။ ယခုတွင်မူ သူမသည် အခြားမိသားစုတစ်စု၏ အတိတ်ဇာတ်ကြောင်းကို သိရှိရလေပြီ။ အရာအားလုံးသည် သူမနှင့်မဆိုင်သော်ငြား အလိုလိုပင် သူမတံခါးဝသို့ ရောက်လာခဲ့ကြ၏။ အလွန်ထူးဆန်းလွန်းလှ၏။ မသိလျှင် ဤပုံပြင်အား ကြိုတင်စီစဥ်ဇာတ်တိုက်ထားသလိုပင်။
သို့သော် ယခုတွင် သူမသည် အနည်းငယ်နားလည်လာပြီဖြစ်သည်။
မိမိ၏ဂုဏ်သိက္ခာကြောင့် မိုကျန်းယန်သစ္စာဖောက်ခဲ့သော မိသားစုကြီးတစ်စုမှ သခင်မလေးမှာ နံရံပေါ်ရှိဓာတ်ပုံမှ ဝမ်ယွဲ့ဖြစ်လောက်မည်။ သူမသည် သခင်မလေးဖြစ်သော်ငြား ၎င်းမှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်၍ အသက်အရွယ်အရဆိုလျှင် သူမအား အဘွားဟုခေါ်နိုင်ပေသည်။ ထို့အပြင် ဤအဘွားဝမ်ယွဲ့မှာ နောက်ပိုင်းတွင် သူမမိသားစုထဲသို့ သားမက်တစ်ဦးကို ခေါ်လာခဲ့၏။ ထိုသားမက်၏မျိုးရိုးနာမည်မှာ လီဖြစ်သည်။ ထိုလီမျိုးနွယ်အမျိုးသားသည် တဖြည်းဖြည်းဖြင့် အဘွားဝမ်ယွဲ့အား အမှီသဟဲပြု၍ ထိုဆေးရုံကြီးများ၏ပိုင်ရှင်ဖြစ်လာခဲ့လေသည်။
သူဌေးသူကြွယ်များ၏အသိုင်းအဝိုင်းသည် အလွန်ပင်ရှုပ်ထွေးလှ၏။
သို့သော် ဤသည်မှာ အနည်းငယ်ထူးဆန်းပေသည်။ အဘွားဝမ်ယွဲ့သည် ဆယ်စုနှစ်ပေါင်းများစွာက မီးတွင်း၌သေဆုံးခဲ့သည်ဟု အဘိုးရှုမှ သေချာပေါက်ပြောခဲ့၏။ မိခင်သာသေဆုံးသည်ဟုပြောခဲ့ပြီး ကလေးပါ တစ်ပါတည်းသေဆုံးခဲ့ခြင်းရှိမရှိ မပြောခဲ့ချေ။ အဘယ်ကြောင့် မျိုးဆက်မကျန်ဘဲ ဖြစ်သွားရသနည်း?
“မိုကျန်းယန် နင်ပြောတာမှန်တယ် နင်ကဘဝတစ်လျှောက်လုံး နင့်မာနနဲ့နင်နေလာတဲ့လူမို့လို့ ဒီလိုဟာမျိုးကို တကယ်လုပ်နိုင်မှာမဟုတ်ဘူး၊ စိတ်မပူပါနဲ့ နင့်ရဲ့ဆရာဝန်တစ်ယောက်အနေနဲ့ ငါနင့်ကိုပေးသေမှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် နင်အသက်ရှည်ရှည်နေနိုင်အောင် ငါလုပ်ပေးမယ်”
အဘွားအိုမှ ကျောချမ်းဖွယ်ကောင်းအောင် ပြောလိုက်သည်။
သူသာသေဆုံးသွားလျှင် အတိတ်မှဝဋ်ကြွေးများကို အဘယ်သို့ဆပ်နိုင်တော့မည်နည်း?
ထိုစဥ်က သခင်မလေးသည် သူ့အား တောင်းပန်ခယခဲ့သည်။ သူ၏အရေးမပါသောဂုဏ်သိက္ခာအား စွန့်ပစ်ပြီး သူမအတွက် ခြေတစ်လှမ်းဆုတ်၍ အလျှော့ပေးရန် မျှော်လင့်ခဲ့သည်။ သို့သော် မည်သို့ပင်တောင်းပန်စေကာမူ သူငြင်းဆိုခဲ့၏။
အမျိုးသားတစ်ဦးသည် ဇနီးမယားမရှိလျှင်ပင် စိတ်ပူစရာမဟုတ်ဟု သူပြောခဲ့သည်။ မိမိဇနီးသည်၏မျိုးရိုးနာမည်ကိုယူကာ သူမမိသားစုထဲသို့ ဝင်ရသည်က သူ၏ဘိုးဘေးများအား အရှက်ရစေသောလုပ်ရပ်ဖြစ်ကြောင်း ပြောခဲ့၏။
အမှန်တကယ်ပင် သူ့အတွက်ခက်ခဲခဲ့လေသည်။ သို့သော် ထိုစဥ်က သခင်မလေးသည် အကြီးဆုံးသားဖြစ်သူမှ သူမ၏မျိုးရိုးနာမည်ကိုယူသရွေ့ သူတို့၏အခြားသောသားသမီးများအား မိုမျိုးရိုးနာမည်ပေးနိုင်သည်ဟု ရှင်းရှင်းလင်းလင်းပြောပြခဲ့သည်။ သို့တိုင်အောင် ထိုကိစ္စကို မဖြစ်နိုင်သောအရာကဲ့သို့ သူသတ်မှတ်ထားခဲ့လေသည်။ မိမိမိသားစုအား ဦးစားပေးလွန်းသည်ဟု သခင်မလေးအား အပြစ်တင်ကာ သူ့အားတန်ဖိုးထားသည်ထက် ငွေကြေးနှင့်စည်းစိမ်အာဏာကို ရှေ့တန်းတင်သည့်လူအဖြစ် သခင်မလေးအား စွပ်စွဲခဲ့လေသည်။
ထိုစကားများကြောင့် သခင်မလေးသည် အချိန်အတော်ကြာ စိတ်ဓာတ်ကျဆင်းခဲ့ရသည်။
သခင်မလေးတွင် နှစ်တစ်ထောင်ပညာအမွေ၊ မိသားစုအဆုံးအမများ၊ ဘိုးဘေးအဆုံးအမများနှင့် သူမမိဘများ၏ဆန္ဒများဖြင့် ပိနေသည်ကို သူလုံးဝဂရုမစိုက်ခဲ့ချေ။ ဤယောက်ျားသည် ထိုမျှလောက် တစ်ကိုယ်ကောင်းဆန်ခဲ့ပေသည်။ သူသာ သခင်မလေး၏အသည်းကို မခွဲခဲ့လျှင် သူမမိသားစုထဲသို့ လုံးလုံးရွှေ့ပြောင်းရန်ဆန္ဒရှိနေသည့် အိမ်တော်ထိန်း၏သားဖြင့်လည်း သူမလက်ထပ်ခဲ့မည်မဟုတ်ချေ။ အဆုံးတွင် သခင်မလေး၏အမွေနှင့်စည်းစိမ်များသည်လည်း ထိုလီမျိုးနွယ်ယောက်ျား၏ လက်အောက်တွင် အသိမ်းခံရမည်မဟုတ်ပေ။
မိုကျန်းယန်မျက်နှာ မှောင်ရိပ်သန်းသွားသော်လည်း သူသည် အဘွားအို၏ပြောဆိုပုံများကို နေသားကျနေဟန်ရှိသည်။ သူသည် နံရံပေါ်ရှိပုံအား အချိန်အတော်ကြာစူးစိုက်ကြည့်ပြီးမှသာ ထထွက်သွားတော့၏။
ကျင်းယွင်ကျောင်းသည်လည်း လှည့်ပြန်ရန် ပြင်လိုက်သည်။ သို့သော် ခြေနှစ်လှမ်းမျှလှမ်းပြီးနောက် အဘွားအို၏စကားပြောသံကို ကြားလိုက်ရ၏။
“ကျင်းယွင်ကျောင်း၊ သမီးနေခဲ့လို့ရလား? ပြောစရာတစ်ခုရှိတယ်”
ကျင်းယွင်ကျောင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ ယနေ့သည် အပြင်ထွက်ရန် နေ့ကောင်းတစ်နေ့မဟုတ်ခဲ့ပါပေ။
“ဘာဖြစ်လို့လဲ ဆရာမ?”
ကျင်းယွင်ကျောင်းမေးလိုက်သည်။
“မင်းက A တက္ကသိုလ်က ကျောင်းသူမှတ်လား?”
အဘွားအိုမေးလိုက်သည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။
“ဒီနေရာက ဆေးပညာကို လေ့လာသင်ယူပြီး ဆေးကုသခံလို့ရတဲ့ အမတကြိုးကြာခန်းမပဲ၊ မင်းရဲ့ဆေးပညာစွမ်းရည်က သိပ်မဆိုးဘူး အချိန်ရရင် ဒီကိုလာပြီးကူညီပေးလို့ရမလား?”
အဘွားအိုမှမေးလိုက်၏။
ကျင်းမျိုးရိုးနာမည်ဖြင့် ဆေးပညာအစွမ်းထက်သော ဤမိန်းကလေးအား ကောင်းကင်ဘုံ၌ရှိသော သခင်မလေးဝမ်ယွဲ့၏ဝိညာဥ်သည် သေချာပေါက်နှစ်သက်ပေလိမ့်မည်။
ကျင်းယွင်ကျောင်းကြက်သေသေသွား၏။ ထိုအချိန်တွင် အဘွားအိုမှဆက်ပြောလိုက်သည်။
“မင်းကဆေးအကြောင်းနားလည်တော့ အချိန်ပိုင်းအလုပ်လို့တွေးလို့ရတာပေါ့၊ အချိန်ရှိရင် ဒီနေရာကိုလာပြီး ဆေးဝါးယူတဲ့နေရာမှာ တာဝန်ယူပေးလို့ရသလို ဒီအထိမ်းအမှတ်ကျောက်ပြားတွေအတွက် တစ်ခါတစ်ခါ လာပြီးအမွှေးတိုင်ထွန်းပေးလို့လည်းရတယ်၊ အမွှေးတိုင်ထွန်းရုံပါပဲ သန့်ရှင်းရေးလုပ်စရာမလိုပါဘူး လတိုင်းလည်း လစာတစ်ခုပေးမယ်”
ကျင်းယွင်ကျောင်းသည် ဤအရာကိုကြားလိုက်သောအခါ ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။ ဤအမျိုးသမီးမှ သူမအားငှားရမ်းလိုသည့် အဓိကအကြောင်းရင်းမှာ ဆေးဝါးပိုင်း၌တာဝန်ပေးချင်သောကြောင့်မဟုတ်ဘဲ အမွှေးတိုင်ထွန်းပေးစေချင်သောကြောင့်ဟု သူမအသေအချာခံစားလိုက်ရသည်။
အမွှေးတိုင်ထွန်းရန် အလုပ်ငှားသောသူအား သူမပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမသည် ဤဆေးခန်းနှင့်ပတ်သတ်၍ အတန်ငယ်စိတ်ဝင်စားမှုရှိသော်လည်း မိမိနှင့်ဆွေမျိုးသားစပ်ခြင်းမရှိ၊ ရင်းနှီးမှုမရှိသော လူအားရည်စူး၍ အမွှေးတိုင်ထွန်းပေးရခြင်းမှာ အနည်းငယ်ထူးဆန်းလွန်းလှ၏။ ဤကမ်းလှမ်းချက်အား သူမအဘယ်သို့လက်ခံနိုင်မည်နည်း?
Space and Rebirth 768
ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ခေါင်းခါယမ်းပြီး ပြောလိုက်၏။
“ဆရာမ၊ ဆေးဝါးပိုင်းမှာ ကူညီပေးဖို့ သမီးကိုခေါ်တာဆိုရင်တော့ ငြင်းမှာမဟုတ်ပါဘူး ဒါပေမယ့် အမွှေးတိုင်ထွန်းဖို့ဆိုရင်တော့ မေ့လိုက်ပါ၊ ဒါက ဘိုးဘေးခန်းမဆိုတော့ သမီးလိုမျိုးအပြင်သူစိမ်းတစ်ယောက်က ဝင်ထွက်ရန် သင့်တော်မှာမဟုတ်ပါဘူး လာနှောင့်ယှက်မိလို့တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်းထွက်သွားလိုက်သည်။
အရှေ့ဘက်တွင် လူနာများအားကြည့်ရန် တာဝန်ယူထားသော ဆရာဝန်တစ်ဦးရှိပြီး အနောက်ဘက်အဆောင်မှာ သီးသန့်နယ်မြေတစ်ခုဖြစ်၏။ သူနာပြုတစ်ဦးတစ်ယောက်မျှပင်မရှိချေ။ ထူးထူးခြားခြားအကြောင်းရင်းမရှိသရွေ့ အခြားသူများလာတတ်သောနေရာမဟုတ်ကြောင်း သိသာလှ၏။
သူမအနောက်မှ အဘွားအိုသည် ဆွံ့အသွားတော့သည်။ ကျင်းယွင်ကျောင်းမှ ဤမျှလောက် ခိုင်ခိုင်မာမာငြင်းလိမ့်မည်ဟု သူမမထင်မှတ်ထားခဲ့ချေ။
ဤမိန်းကလေးမှာ မိုကျန်းယန်နှင့်အတူလာခဲ့သောသူမဟုတ်ပါလော။ သူမစိတ်ထဲတွင် ဤမိန်းကလေးမှာ မိုကျန်းယန်၏ညွှန်ကြားချက်အတိုင်း အလွန်လိမ္မာရိုကျိုးစွာ လာခဲ့သောသူတစ်ယောက်ဖြစ်သည်ဟု သူမထင်နေခဲ့လေသည်။ သူမထင်နေသည့်အတိုင်း မဖြစ်သောကြောင့် အံ့အားသင့်သွားတော့သည်။
သို့ရာတွင် ကျင်းယွင်ကျောင်းမှ ငြင်းဆန်လိုက်ပြီဖြစ်သဖြင့် သူမဆက်ပြောစရာစကားမရှိတော့သလို ကျင်းယွင်ကျောင်းအား နားချရန်လည်း အနောက်မှမလိုက်တော့ချေ။
ထိုအချိန်တွင် ပရော်ဖက်ဆာမိုမှာ အပြင်ဘက်ရှိကားထဲတွင် စောင့်နေဆဲဖြစ်သည်။ ကျင်းယွင်ကျောင်းထွက်လာသောအခါ သူမအားခေါ်၍ မောင်းထွက်သွားပြီး ကျောင်းသို့ပြန်လိုက်သည်။
အပြန်လမ်းတွင် ပရော်ဖက်ဆာမိုသည် မျက်လုံးများကိုမှိတ်၍ အနားယူလိုက်၏။ သူသည် နေထိုင်မကောင်းသည့်ဟန်ပေါက်သည်။
ကျင်းယွင်ကျောင်းမှာမူ စိတ်မောခြင်းမရှိချေ။ ယနေ့သည် သူမအတွက် မထင်မှတ်စရာများ အနည်းငယ်များပြားသော်လည်း ဤကဲ့သို့အသေးအဖွဲကိစ္စရပ်ဖြင့် သူမစိတ်ပင်ပန်းခံစရာအကြောင်းမရှိသောကြောင့်ဖြစ်သည်။ ထိုမျှမက ဤအရာများသည် သူမနှင့်မသက်ဆိုင်သည့်အပြင် အခြားသူများ၏ကိစ္စများထဲဝင်ရှုပ်ရန်လည်း သူမတွင် ဆန္ဒမရှိချေ။
“အဲ့အဘိုးကြီးကဘယ်သူလဲ?”
ကျင်းယွင်ကျောင်း အဆောင်ထဲသို့မဝင်ခင်တွင် သူမအနောက်မှ ကျိုးမေ့ကျွန်း၏အသံထွက်လာသည်။
ကျိုးမေ့ကျွန်းသည် သူမနှင့်အဆောက်အဦးတစ်ခုတည်းတွင် နေထိုင်သော်လည်း သူမထက်ပင် လူများကိုမိတ်ဖွဲ့ရာ၌ အလွန်တော်ပေ၏။ ကျောင်းတက်သည့်ပထမနေ့တွင်ပင် သူမသည် သူမအတန်းဖော်များအားလုံး၏အဆောင်များကို သိရှိနှင့်ပြီးဖြစ်ကာ ထိုအဆောင်များဆီသို့ သူမကိုယ်တိုင်သွားရောက်၍ လက်ဆောင်များပေးခဲ့လေသည်။
“နင်နဲ့ဘာဆိုင်လဲ?”
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။
“အဲဒီယွမ်ဆယ်သန်းက အဲ့အဘိုးကြီးနင့်ကိုပေးထားတာမှတ်လား? သနားစရာကောင်မလေးပဲ၊ အဘိုးကြီးနဲ့တွဲနေရတယ် နင့်အစားငါရှက်လိုက်တာ”
ကျိုးမေ့ကျွန်းသည် အထင်သေးဟန်ဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။ ဤကဲ့သို့သောလူစားမျိုးကို သူမပြောစရာစကားမရှိချေ။ ကျိုးမေ့ကျွန်း၏ခေါင်းထဲတွင် ညစ်ပတ်သောအတွေးများသာရှိ၏။
“ကျင်းယွင်ကျောင်း၊ နင်ကစာလည်းတော်ပြီး အရည်အချင်းလည်းရှိတာကို ဘာလို့ကိုယ့်ကိုယ်ကို သိက္ခာချနေတာလဲ? နင့်ကိုကြည့်စမ်း၊ နင်ကျောင်းဆင်းပြီးရင် ကုမ္ပဏီကြီးတစ်ခုခုထဲ အကပ်နဲ့ဝင်ချင်လို့ စပွန်ဆာရှာဖို့စဥ်းစားနေတာမှတ်လား? ဒါပေမယ့် နင့်ကိုယ်နင်အရမ်းအထင်ကြီးလွန်းနေပြီ ဒီလောကကြီးကအရမ်းလက်တွေ့ဆန်တယ်ဆိုတာ နင်မသိသေးဘူးပဲ၊ အဲ့ယောက်ျားတွေက နင့်ကိုငယ်ပြီးလှလို့သာ သဘောတွေ့နေတာ၊ လူသစ်တစ်ယောက်အနေနဲ့ နင်ဘယ်လောက်ပဲတော်တော် အရည်အချင်းပြည့်မီတဲ့ဝန်ထမ်းတွေနေရာမှာ နင့်ကိုအစားထိုးပြီး စီနီယာအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဘယ်တော့မှ ရာထူးတိုးပေးမှာမဟုတ်ဘူး စိတ်ကူးယဥ်မနေနဲ့”
ကျိုးမေ့ကျွန်းထပ်ပြောလိုက်ပြန်သည်။
ကျင်းယွင်ကျောင်းခြေလှမ်းများကို ရပ်ပြီး နောက်လှည့်လိုက်၏။
ကျိုးမေ့ကျွန်းသည် ယခင်ကထက် အနည်းငယ်တက်ကြွနေဟန်ရှိသည်။ ဤအတန်းအပြီးတွင် သူမ၏မာန်စွယ်များ ပြန်လည်ပေါက်ဖွားလာပြီး သူမ၏ပလွှားမှုသည်လည်း ပြန်လည်ရောက်ရှိလာပုံထောက်သည်။
သူမနှင့်ကျိုးမေ့ကျွန်းသည် မေဂျာတစ်ခုတည်းမဟုတ်သော်လည်း အချင်းချင်း အလွန်နီးကပ်စွာနေထိုင်ကြ၏။ အတန်းသို့သွားရာလမ်းတွင်ပင် အချင်းချင်းတိုးမိနိုင်သည်။
“နင်စကားကို ဒီလိုပဲအဆင်အခြင်မရှိ ပြောတတ်တာလား?”
ကျင်းယွင်ကျောင်းအေးစက်စွာ ပြောလိုက်၏။
“ခုနလေးကတင် နင်လည်း ယောက်ျားလေးတချို့နဲ့ အတူရှိနေတာမှတ်လား? အဲဒါကြောင့်မို့များ နင့်အတွေးတွေက ဒီလောက်ညစ်ပတ်တာလား? ကျိုးမေ့ကျွန်း၊ နင်ဘာလုပ်လုပ်ငါဂရုမစိုက်ဘူး ဒါပေမယ့် ငါ့အနားမှာ ဒီလိုညစ်ပတ်ပြီးရွံစရာကောင်းတဲ့ခန္ဓာကိုယ်မျိုးနဲ့တော့ လာမနေနဲ့ ငါအော်ဂလီဆန်လို့”
“ငါကညစ်ပတ်တယ်? ကျင်းယွင်ကျောင်း၊ နင့်ကိုယ်နင်အရင်ပြန်ပြောလိုက်ဦး!”
“နင့်ကိုယ်ပေါ်ကနေ မကောင်းတဲ့ယောက်ျားတွေရဲ့ ရေမွှေးနံ့ရနေတယ် အဲဒါအပြင် ဆေးလိပ်အမျိုးအစားသုံးခုရဲ့အနံ့တွေလည်းကပ်နေတယ် နင့်ပါးစပ်ကလည်းနည်းနည်းနီပြီး ယောင်နေတာဆိုတော့ ယောက်ျားလေးတစ်ယောက်နဲ့ ပလူးပလဲလုပ်ခဲ့တာမဟုတ်ဘူးလား? ကိုယ်ညစ်ပတ်တာတော့ မမြင်ဘူး သူများကိုတော့ကိုက်ချင်နေတယ် တကယ့်ခွေးရူးပဲ”
ကျင်းယွင်ကျောင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
အနည်းဆုံး ယောက်ျားသုံးဦးခန့် ကျိုးမေ့ကျွန်းနှင့်ဆက်ဆံခဲ့ပြီး သုံးဦးထဲမှတစ်ဦးမှာ သူမနှင့် နီးကပ်သောဆက်ဆံရေးရှိကြောင်း ကျင်းယွင်ကျောင်းသေချာနေသည်။