← Chapters

အခန်း (၇၆၉-၇၇၂)

Vol. 39 Ch. 769-772

အခန်း (၇၆၉-၇၇၂)

Vol. 39 Ch. 769-772

Space and Rebirth 769

ထိုစကားအား ကျိုးမေ့ကျွန်းကြားသောအခါ သူမမျက်နှာတွင် ပြာပြာသလဲဖြစ်ဟန်များ ပေါ်ပေါက်လာ၏။ သူမသည် မျက်မှောင်ကြုတ်ကာ သူမကိုယ်သူမ တိတ်တခိုးဖြင့် ရှူနမ်းကြည့်လိုက်သော်လည်း သူမခန္ဓာကိုယ်နှင့်ပတ်သတ်၍ တစ်စုံတစ်ရာမှားနေသည်ဟု မခံစားရချေ။

အနံ့အနည်းငယ်ထွက်နေသော်လည်း မဆိုစလောက်သာဖြစ်သည်။ ထို့အပြင် ဆေးလိပ်များအားလုံး အနံ့အတူတူသာမဟုတ်လော? သူမကိုယ်ပေါ်မှ အဘယ်သို့ဆေးလိပ်သုံးမျိုး၏အနံ့ထွက်နိုင်မည်နည်း? သို့ရာတွင် ကျင်းယွင်ကျောင်းပြောသည်မှာ မှန်ပေသည်။ သူမသည် အစောပိုင်းက ယောက်ျားလေးသူငယ်ချင်းအချို့နှင့် အတူရှိခဲ့၏။ စုစုပေါင်း ယောက်ျားလေးငါးယောက်ဖြစ်သည်။ သူတို့ထဲမှသုံးဦးမှာ တူညီသောဆေးလိပ်အမျိုးအစားကိုသာ သောက်တတ်ပြီး အခြားတစ်ဦးမှာလည်း‌ ရေမွှေးဆွတ်ရသည်ကို နှစ်သက်သောလူဖြစ်သည်...

ဤသည်မှာ တိုက်ဆိုင်မှုဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကျင်းယွင်ကျောင်းကိုယ်တိုင်မြင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤအရာကို တွေးကြည့်လိုက်သောအခါ ကျိုးမေ့ကျွန်းအနည်းငယ်နေမထိထိုင်မသာဖြစ်သွား၏။

“ခုနကနင်ဘယ်သွားတာလဲ?”

“ဘာလဲ နင့်ရဲ့ပျက်ဆီးနေတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေထဲကို ငါချောင်းကြည့်မှာစိုးလို့လား?”

ကျင်းယွင်ကျောင်းသည် သူမအား အထင်သေးစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

“နင်! ငါက သူငယ်ချင်းတချို့နဲ့ ဆုံခဲ့ရုံပဲ နင်ကတော့အဲ့လိုမဟုတ်ဘူး အဘိုးကြီးတစ်ယောက်ရဲ့ကားကိုစီးပြီး ပြန်လာတာလေ၊ အဲ့အဘိုးကြီးကပဲ နင့်ကိုလက်ဆောင်တွေအများကြီး ပေးခဲ့တာမဟုတ်ဘူးလား? ဒီသတင်းသာပျံ့သွားရင် အရှက်ကွဲမှာဘယ်သူလဲ? ပြီးတော့ ခုနကကိစ္စကို ငါဓာတ်ပုံရိုက်ထားပြီးပြီ ငါ့မှာသက်သေရှိတယ်!”

ကျိုးမေ့ကျွန်းသည် သူမဖုန်းအားထုတ်ကာ ကြွားလုံးထုတ်လိုက်သည်။

ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းပြုံးလိုက်သည်။

“ဟုတ်လား? ကံမကောင်းတာက ငါက ဓာတ်ပုံတစ်ပုံဝယ်ဖို့အတွက်နဲ့ ပိုက်ဆံတွေသုံးလိုက်မယ့်သူမဟုတ်ဘူး ငါ့ငွေ‌တွေကို ခွေးမတစ်ယောက်ဆီမပေးပစ်နိုင်ဘူး”

ကျင်းယွင်ကျောင်းသည် လူများအား ဤမျှလောက် တိုက်ရိုက်ဆန်စွာ ကျိန်ဆဲလေ့မရှိသော်လည်း “ခွေးမ” ဟုခေါ်ပြီးနောက်တွင် သူမရင်ထဲ၌ အလွန်ပေါ့သွားတော့၏။ သူမစကားပြောပြီးသည်နှင့် အထင်သေးမှုအပြည့်ဖြင့် အနောက်သို့လှည့်ထွက်ကာ သူမအဆောင်ခန်းသို့ ပြန်လျှောက်သွားလိုက်သည်။

ကျိုးမေ့ကျွန်းသည် ဒေါသတကြီးဖြင့် သူမကျောပြင်ကိုကြည့်ရင်းကျန်ခဲ့ပြီး တစ်စုံတစ်ဦးအား ဖုန်းဆက်လိုက်၏။

ကျင်းယွင်ကျောင်းအဆောင်သို့ပြန်ရောက်သည်မှာ ငါးမိနစ်ပင်မကြာလိုက်ခင်တွင် လူတစ်စုသည် အခန်းတံခါးဝသို့ ရောက်လာခဲ့သည်။

ကျင်းယွင်ကျောင်းတို့သည် ဟယ့်ဒိနှင့်အတူ ကစားစရာအသစ်တစ်ခုကို ဆော့ကစားနေကြပြီး မိန်းကလေးအုပ်စုတစ်စုကို ရုတ်တရတ်မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ဟော်ထျန်းရှန်း တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“တံခါးမခေါက်တတ်ဘူးလား? အခြေခံလူကျင့်ဝတ်တောင် နားမလည်ကြဘူးပဲ”

ထိုမိန်းကလေးအုပ်တွင် လူငါးယောက်၊ ခြောက်ယောက်ခန့်ရှိပြီး သူတို့လက်ထဲတွင် မှတ်စုစာအုပ်များကိုင်ထားကာ လေးနက်သောမျက်နှာထားဖြင့် ရှိနေကြ၏။

ကျိုးမေ့ကျွန်းသည် လူအုပ်၏အနောက်ဆုံးတွင်ရှိနေသည်။ သူမစကားတစ်ခွန်းမျှမပြောဘဲ သူမဖုန်းဖြင့် ဓာတ်ပုံရိုက်နေ၏။ ဖုန်းအသံကိုပင် တမင်ကျယ်ထားဟန်ရှိသည်။ ဓာတ်ပုံတစ်ချက်ရိုက်တိုင်း “ချလပ် ချလပ်” ဖြင့် မြည်နေတော့၏။

“ငါတို့က ကျောင်းသားသမဂ္ဂကလေ နင်တို့အဆောင်ရဲ့သန့်ရှင်းမှုကို လာစစ်ဆေးတာ”

ကျိုးမေ့ကျွန်းပြုံးကာ ပြောလိုက်၏။

“အဆောင်ထဲမှာ တိရစ္ဆာန်မွေးခွင့်မရှိဘူးဆိုတဲ့စည်းကမ်းကို မသိကြဘူးလား? နင်တို့ကိုအမှတ်လျှော့ရမယ် ပြီးတော့ အဲ့ငှက်ကိုလည်းသိမ်းမယ်”

ကျိုးမေ့ကျွန်းစကားပြောနေစဥ်တွင် ကျန်မိန်းကလေးများသည် အဆောင်ထဲသို့ စီးနင်းဝင်ရောက်ကာ အခြားနေရာများကို လက်ညှိုးထိုးအပြစ်ရှာနေပြီဖြစ်သည်။

“ဒါဘယ်သူ့စောင်လဲ? သန့်ရှင်းမှုသတ်မှတ်ချက်နဲ့မညီရင် နင်တို့အခန်းကို အမှတ်လျှော့မယ်၊ စားပွဲကလည်းရှုပ်ပွနေတာပဲ ပြီးတော့ ဒါဘယ်လိုအရှုပ်ထုပ်မျိုးလဲ? စားပွဲဆိုတာ စာလုပ်ရမယ့်နေရာ၊ နင်တို့အလှကုန်ပစ္စည်းတွေထားရမယ့်နေရာမဟုတ်ဘူး ကြမ်းပြင်ပေါ်က ဒီအထုပ်ကရောဘာလဲ? ရွံစရာကောင်းလိုက်တာ! ဘုရားရေ ဒါကို ရေချိုးခန်းလို့ခေါ်လို့ရသေးရဲ့လား...”

သူတို့သည် စကားများကို တရစပ်ပြောနေတော့၏။

ကျင်းယွင်ကျောင်းသည် သန့်ရှင်းမှုကို မဆန့်ကျင်သော်လည်း ကျိုးမေ့ကျွန်းမှ သူမလူများကိုခေါ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းလျှင်မူ သူမအကောင်းမမြင်နိုင်ပါချေ။

ဘေဘီယောင်သည် ဟော်ထျန်းရှန်းနှင့် အလောင်းအစားရှုံးခဲ့သဖြင့် သူမသည် ဤတစ်လလုံး အဆောင်ခန်းအား သန့်ရှင်းရေးလုပ်ရာ၌ တာဝန်ယူရလေသည်။ ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ဦးမှာလည်း သန့်ရှင်းရေးကဲ့သို့ ဘဝအတွက်လိုအပ်သောစွမ်းရည်များကို သူမအား သင်ကြားလေ့ကျင့်ပေးလိုသဖြင့် သူမအား သိပ်မကူညီခဲ့ချေ။ အခန်းမှာ အမှန်တကယ်ပင် အနည်းငယ်ရှုပ်ပွနေသည်ဆိုသော်လည်း ရွံစရာကောင်းလောက်သည်ထိမဟုတ်ပါပေ။

ကြမ်းပြင်ပေါ်ရှိအထုပ်မှာ စက္ကူပုံးဖြစ်၏။ အခန်းထဲတွင် သူတို့နှစ်ဦး၊ သုံးဦးသာရှိသဖြင့် ပစ္စည်းများကို စုပုံထားခြင်းဖြစ်သည်။ စားပွဲများမှာလည်း အမှန်တကယ်တွင် အတော်အတန်သန့်ရှင်းနေပေသည်။ အမှိုက်တစ်စမှလည်းမရှိချေ။ စောင်ဟူသည်မှာလည်း မနက်အိပ်ရာထလျှင် ရှုပ်ပွပြီးကျန်ခဲ့သည်မှာ သာမန်ကိစ္စသာမဟုတ်လော။ ရေချိုးခန်းကိုမူ ပြောစရာမလိုချေ။ အထဲတွင် အသားအရေထိန်းသိမ်း‌ရေး အလှကုန်ပစ္စည်းများစွာရှိ၏။ ထို့အပြင် အစောပိုင်းကတင် ဘေဘီယောင်ရေချိုးထားသဖြင့် ရေချိုးခန်းအနှံ့တွင် ရေငွေ့များ၊ ရေကွက်များကျန်နေသေးသည်။

မျက်လုံးဒေါက်ထောက်ကြည့်ပြီး အပြစ်မရှိအပြစ်ရှာနေကြသောကြောင့် ကျင်းယွင်ကျောင်းတို့ရှင်းပြလျှင်ပင် သူတို့နားထောင်ကြမည်မဟုတ်ပေ။

“ကျင်းယွင်ကျောင်း၊ နင်ဘာတွေစောင့်နေတာလဲ? နင့်ငှက်ကိုပေးလို့ပြောနေတယ်လေ အမှတ်ထပ်လျှော့ခံချင်လို့လား?”

Space and Rebirth 770

ကျိုးမေ့ကျွန်း၏မျက်နှာပေါ်တွင် လှောင်ရိပ်သန်းသောအပြုံးတစ်ခုရှိနေသည်။ သူမသည် စကားပြောပြီးသည်နှင့် အရှေ့သို့လှမ်းလာကာ စားပွဲပေါ်မှ ဟယ့်ဒိအား ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

သို့ရာတွင် သူမလက်လှမ်းလိုက်သည်နှင့် ဟယ့်ဒိသည် တဖျတ်ဖျတ်ဖြင့် ပျံပြေးသွားတော့သည်။ ၎င်းသည် တစ်လသားသာရှိသေးပြီး အကောင်သိပ်မကြီးသေးချေ။ သို့တိုင်အောင် ကျီးနက်များဟူသည်မှာ အခြားငှက်များထက် ဉာဏ်ရည်မြင့်ပေ၏။ ကျိုးမေ့ကျွန်း၏ အကြံဆိုးများကို အာရုံခံမိသော ဟယ့်ဒိသည် ချက်ချင်းဆိုသလို သူမ၏လက်များကို နှုတ်သီးဖြင့် ဆိတ်လိုက်တော့သည်။

“အား!”

နာကျင်မှုဖြင့် ကျိုးမေ့ကျွန်းထအော်တော့၏။

ဟယ့်ဒိသည် လေထဲတွင် ပတ်ချာလည်ပျံသန်းပြီး ကျင်းယွင်ကျောင်း၏ပုခုံးပေါ်တွင် နားလိုက်သည်။ ၎င်း၏အနက်ရောင်အမွေးအတောင်များသည် အလင်းရောင်အောင်တွင် ခရမ်းပြာရောင်သန်းနေသဖြင့် နန်းဆန်သောခံစားချက်တစ်မျိုးကို ပေးစွမ်းနေလေသည်။ ၎င်း၏လည်တိုင်မှာ မော်ကြွားမြင့်မားနေ၏။ မသိလျှင် ၎င်း၏ရှေ့မှောက်တွင်ရှိနေသော ကျိုးမေ့ကျွန်းအား မြင်ပြင်းကတ်နေသကဲ့သို့ပင်။

“ဒီငှက်က သူမွေးထားတဲ့ပိုင်ရှင်နဲ့တကယ်တူတာပဲ!”

ကျိုးမေ့ကျွန်း ဒေါသတကြီးဖြင့် ပြောလိုက်၏။

ကျင်းယွင်ကျောင်း၏အဆောင်ထဲတွင် ငှက်တစ်ကောင်ရှိနေလိမ့်မည်ဟု သူမမထင်မှတ်ထားခဲ့ချေ။ သူမသည် တစ်စုံတစ်ဦးအားခေါ်၍ ကျင်းယွင်ကျောင်းအားအမှတ်လျှော့ရန် သူမတို့အဆောက်အဦးထဲ ဝင်စစ်ဆေးလိုခြင်းသာဖြစ်သည်။ သို့ရာတွင် သူမသည် တံခါးဝမှဝင်လာသောအခါ လူလေးဦးမှဝန်းရံထားသော အနက်ရောင်ငှက်တစ်ကောင်အား တွေ့မည်ဟု မထင်မှတ်ထားခဲ့ချေ။ ဤငှက်သည် အစောပိုင်းက အခြားသူများနှင့် ကောင်းမွန်စွာဆော့ကစားနေခဲ့သော်လည်း သူမအပေါ် အလွန်ပင်ကြမ်းကြုတ်ရိုင်းစိုင်းလေသည်။ သူမသည် အစက ဤငှက်အားသိမ်းပြီး ရောင်းစားလျှင်ရောင်းစား သို့မဟုတ် အခြားသူများထံပေးပစ်ရန် လုပ်ထားသော်လည်း ယခုကြည့်ရသလောက် ၎င်းသည် သေသင့်ပေသည်!

“ငါ့ဟယ့်ဒိလေးက လူရွေးတော်သားပဲ၊ တော်လွန်းလို့ ဆုချရမယ်”

ဟယ့်ဒိသည် ဤမျှလောက် ပြင်းထန်စွာ တုံ့ပြန်လိမ့်မည်ဟု ကျင်းယွင်ကျောင်းမထင်ထားခဲ့ချေ။ သူမသည် ဟယ့်ဒိအတွက် မုန့်တစ်ကိုက်စာဖဲ့ပေးလိုက်ပြီး ၎င်းအားကျွေးလိုက်၏။

“ငါ့ကိုပေးစမ်း! ကျင်းယွင်ကျောင်း၊ အဆောင်ထဲမှာ တိရစ္ဆာန်တွေ မွေးခွင့်မပြုတာ နင်မသိဘူးလား?!”

ကျိုးမေ့ကျွန်းထပ်ပြောလိုက်ပြန်သည်။

“ငါမပေးဘူးဆိုရင်ရော?”

ကျင်းယွင်ကျောင်းမျက်နှာသည် တည်ငြိမ်နေပြီး သူမမျက်လုံးများမှာ အေးစက်နေသည်။

“အမှတ်လျှော့မှာပေါ့!”

“ဒါဆိုလည်း လျှော့လိုက်လေ”

ကျင်းယွင်ကျောင်းပြုံးလိုက်၏။

“လူကသာဘာမှမဟုတ်ပေမယ့် တခြားသူတွေကို အာဏာလာပြတတ်တဲ့သူတွေအများကြီး ငါတွေ့ဖူးတယ် နင်လည်းအဲဒါပဲလုပ်တတ်တယ်မလား? နေ့တိုင်းငါ့ဆီအချိန်မှန်လာပြီး ခြိမ်းခြောက်နေရတာ နင့်အတွက်ပင်ပန်းမှာပဲ”

သူမသည် ကျိုးမေ့ကျွန်းအား ခေါင်းထဲမထည့်ချေ။ ယခုတွင်ပင် ကျိုးမေ့ကျွန်း၏ဒေါသပုန်ထပြီး ကြမ်းကြုတ်သောအသွင်အပြင်ကို မြင်နေရသော်ငြား သူမစိတ်ထဲတွင် ရယ်ချင်စဖွယ်သာကောင်းနေလေ၏။

ကျင်းယွင်ကျောင်း၏စကားကို ကြားလိုက်ရသောအခါ ကျိုးမေ့ကျွန်းမျက်နှာ ကွက်ခနဲပျက်သွားသည်။ သူမအံကိုတင်းတင်းကြိတ်၍ ပြောလိုက်တော့၏။

“တိရစ္ဆာန်တစ်ကောင်မွေးထားလို့ နေ့တိုင်း အမှတ်နှစ်ဆယ်စီနှုတ်မယ်! အဲ့လောက်ဆို နင်သိသင့်ပြီ!”

“အဲ့တော့ ဒီစည်းကမ်းတွေကို ကျောင်းသားသမဂ္ဂက ချမှတ်ထားတာပဲ ငါမသိသေးတာတွေ သိလိုက်ရတာပေါ့”

ကျင်းယွင်ကျောင်းမှာ မတုန်မလှုပ်ဖြင့်ရှိနေဆဲဖြစ်သည်။

သူမသည် အဆောင်စည်းကမ်းများကို သိလေသည်။ အမှန်တကယ်ပင် အိမ်မွေးတိရစ္ဆာန်များအား အဆောင်သို့ခေါ်လာခွင့်မရှိချေ။ အထူးသဖြင့် သန့်ရှင်းမှုစစ်ဆေးချက်မလုပ်ထားပြီး ကာကွယ်ဆေးလည်းမထိုးရသေးသော တိရစ္ဆာန်များဖြစ်၏။ ၎င်းမှာ စည်းကမ်းတစ်ခုဟုဆိုသော်လည်း အဆောင်သူများအား စိတ်ကြိုက်လုပ်ခွင့်ပေးထားလေသည်။ အဆောင်အများစုတွင် လိပ်များ၊ ရွှေငါးများအပြင် ယုန်ကဲ့သို့သတ္တဝါငယ်များပါ မွေးတတ်ကြသည်။ သူတို့သည် နေရာသိပ်မယူသလို အခြားအခန်းဖော်များကိုလည်း အနှောင့်အယှက်မပေးချေ။ သန့်ရှင်းမှုစစ်ဆေးချက်ရှိလျှင်ပင် သူတို့အား အသိပေးရုံသာပေးလေ့ရှိသည်။ ကြောင်များ၊ ခွေးများမဟုတ်သရွေ့ အဆင်ပြေပေသည်။ ဤတိရစ္ဆာန်များမှာမူ ဆူညံတတ်သဖြင့် အမှတ်လျှော့ခံရနိုင်ပေ၏။

အဆုံးစွန်ထိပြောရပါက အမှတ်လျှော့ခံရလျှင်ပင် နေ့စဥ်ရက်ဆက် အမှတ်လျှော့မည်မဟုတ်ချေ။

“အတန်းဖော်၊ တိရစ္ဆာန်မွေးတာကတော့ တကယ်စည်းကမ်းဖောက်ဖျက်ရာကျတယ်၊ ငါတို့ကျောင်းသားသမဂ္ဂက နင့်ကိုပဲရွေးပြီး ပြောနေတာမဟုတ်ဘူး”

ကျိုးမေ့ကျွန်းဘေးမှမိန်းကလေးသည် ရုတ်ချည်းဆိုသလို ပြောလိုက်၏။

ကျင်းယွင်ကျောင်းပြုံးလိုက်တော့သည်။

“ငါ့ကိုပဲရွေးပြောနေတာမဟုတ်ဘူးဆိုရင် ဒီအဆောင်ထဲမှာရှိတဲ့ တိရစ္ဆာန်တွေအားလုံးကိုရှာပြီး အတူတူအမှတ်လျှော့လိုက်ရင်မကောင်းဘူးလား? ပြီးတော့ ငါက တိရစ္ဆာန်တစ်ကောင်မွေးနေတော့ ဒါနဲ့ပတ်သတ်တဲ့အချက်အလက်တွေကိုလည်း ငါကြည့်ထားတယ် ငါသိရသလောက်ဆိုရင် သက်ဆိုင်ရာသန့်ရှင်းမှုလက်မှတ်တွေ ပေးနိုင်ပြီး ကိုယ့်အခန်းဖော်တွေကလည်း သဘောတူရုံမက တခြားကျောင်းသားတွေရဲ့ လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုကို အာမခံနိုင်သရွေ့ တိရစ္ဆာန်တွေမွေးလို့ရတယ်လို့ အကြံပေးခဲ့တဲ့စီနီယာတစ်ယောက်ရှိခဲ့တယ် ဒီအကြံပေးချက်ကို အများကလည်းသဘောတူထားတယ်မဟုတ်ဘူးလား? တိရစ္ဆာန်မွေးတာနဲ့ ပတ်သတ်လို့ ကန့်သတ်ချက်တွေရှိကောင်းရှိပေမယ့် စည်းကမ်းကိုလုံးဝမပြောင်းလဲဘဲ ထားလိုက်တာတော့ မဟုတ်ဘူးမှတ်လား?”

တစ်ဖက်အဖွဲ့ ကြက်သေသေသွား၏။ ပထမနှစ်ကျောင်းသူဖြစ်သော ကျင်းယွင်ကျောင်းမှ ဤအရာများကို သိလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

“အပေါ်ကအစ်မကြီးက အာရုံစိုက်တဲ့နေရာလွဲနေပြီ၊ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီအခန်းက ဘယ်လောက်အဆင့်အတန်းရှိလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့သိတယ်! စားပွဲပေါ်က အလှကုန်ပစ္စည်းတွေဆို ရွှေထက်တောင် စျေးကြီးသေးတယ် ဒီအခန်းထဲနေတဲ့လူထဲမှာ သေချာပေါက် သူဌေးသမီးလေးတစ်ယောက်ပါတာပဲဖြစ်ရမယ်!”

Space and Rebirth 771

အချို့စီနီယာများသည် ဤနှုတ်စည်းကမ်းနှင့်ပတ်သတ်၍ ရှင်းလင်းစွာပြောပြခဲ့သည်။ ကျင်းယွင်ကျောင်းဘက်မှ သက်သေအချို့ပြနိုင်သရွေ့ သူတို့သည် ဤကိစ္စအား ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါချေ။

“အမှတ်လျှော့ချင်လည်းလျှော့လေ ကိစ္စမရှိဘူး ဒါပေမယ့် စည်းကမ်းအတိုင်းတော့ လုပ်ရမှာပေါ့၊ ဒီအခန်းက သတ်မှတ်ချက်နဲ့အပြည့်အဝမကိုက်ညီဘူးဆိုရင်တောင် သတ်မှတ်ချက်နဲ့ အကွာကြီးကွာနေတာတော့မဟုတ်ဘူး၊ ငါသာ အမှတ်လျှော့တာကို သဘောမတူဘူးဆိုရင် ကျောင်းသားသမဂ္ဂရဲ့လုပ်ရပ်တွေကို ကျောင်းသားဟစ်တိုင်မှာ ရေးတင်လို့ရတယ်မလား?”

ကျင်းယွင်ကျောင်းပြောလိုက်၏။ သူမသည် ပြောပြီးပြီးချင်းတွင် ဖုန်းကိုထုတ်ကာ ဗီဒီယိုစတင်ရိုက်ကူးတော့သည်။ အခန်းတစ်ခန်းလုံးအား ထောင့်စေ့အောင် ရိုက်ကူးသည့်အပြင် တစ်စုံတစ်ယောက်အား ဖမ်းစားမည့်ပုံပေါက်နေသော ကျိုးမေ့ကျွန်း၏ စိန်းစိန်းဝါးဝါးမျက်နှာကိုပါ သူမထည့်သွင်းရိုက်ကူးလိုက်၏။

ထိုမှသာ ကျိုးမေ့ကျွန်းတို့မှ အမှတ်လျှော့ချင်လျှင်ပင် သူတို့သည် အမှတ်များစွာမလျော့ဘဲနေမည်ဖြစ်သည်။

“ညီမလေးကျင်းပြောတာမှန်တယ် ငါအခုကျောင်းသားဟစ်တိုင်မှာ အကောင့်တစ်ခုသွားလုပ်ရမယ်၊ နင်တို့ပြန်လာစစ်တိုင်း လူတိုင်းမျက်မြင်သက်သေအနေနဲ့ရှိအောင် လိုင်းပေါ်မှာ live လွှင့်ပစ်မယ်၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှ စိတ်ဝင်စားစရာကောင်းမှပေါ့ ပြီးတော့ ငါတို့အခန်းထဲမှာ ယောက်ျားလေးတွေလည်း ခေါ်ပြီးမဝှက်ထားတော့ ဘာကြောက်စရာရှိမှာလဲ?”

ဟော်ထျန်းရှန်းမျက်လုံးများ ဝင်းလက်သွားသည်။ သူမသည် စကားပြောပြီးသည်နှင့် ကွန်ပြူတာကိုတစ်ခါတည်းဖွင့်၍ A တက္ကသိုလ်၏ ကျောင်းသားဟစ်တိုင်ထဲသို့ ဝင်လိုက်ပြီး အကောင့်တစ်ခုလုပ်လိုက်၏။

နှစ်ဦးသားစကားပြောပြီးသောအခါ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မျက်နှာမကောင်းတော့ချေ။ သူတို့သည် ကျိုးမေ့ကျွန်းဘက်မှ ရပ်တည်ပေးရန် ဆန္ဒရှိခဲ့သော်လည်း ယခုမူ သူတို့လုပ်ချင်တိုင်းလုပ်၍မရတော့သောကြောင့်ဖြစ်သည်။

“ကြမ်းပြင်ပေါ်မှာ အမှိုက်တွေရှိတာမို့ အခန်းခေါင်းဆောင်ဆီက ငါးမှတ်လျှော့မယ်၊ အခန်းထဲမှာ ကိုယ်ပိုင်ပစ္စည်းတွေကို ရှုပ်ပွအောင်ထားတာမို့ လူတိုင်းကိုငါးမှတ်လျှော့မယ်၊ အခန်းခေါင်းဆောင်က ဦးဆောင်ပြီး တိရစ္ဆာန်တစ်ကောင်မွေးနေပေမယ့် ဘာအထောက်အထားမှ မတင်ပြခဲ့တဲ့အတွက် သူ့ဆီက အမှတ်နှစ်ဆယ်လျှော့မယ်”

သုန်မှုန်သောမျက်နှာဖြင့် ပြောပြီးနောက်တွင် သမဂ္ဂခေါင်းဆောင်သည် ဟော်ထျန်းရှန်းနှင့် ကျင်းယွင်ကျောင်းတို့၏ ဖုန်းကင်မရာအား ဝေ့ကြည့်ကာ စကားတစ်ခွန်းမျှဆက်မပြောဘဲ ထွက်သွားလေ၏။

သမဂ္ဂခေါင်းဆောင် ထွက်သွားပြီးနောက် ကျင်းယွင်ကျောင်းသည် သူမဖုန်းအား အေးအေးလူလူဖြင့် အိပ်ရာပေါ်သို့ပစ်တင်လိုက်သည်။ တစ်ဖက်တွင်မူ ဟော်ထျန်းရှန်းသည် ဗီဒီယိုအား Save နေဟန်ရသည်။ သူမသည် သူမကွန်ပြူတာဖြင့်အလုပ်ရှုပ်နေပြီး ခဏအကြာတွင် ထိုဗီဒီယိုအားတင်လိုက်တော့သည်။

“ထျန်းရှန်း၊ ငါတို့အဆောင်ခန်းထဲကပုံတွေကို လိုင်းပေါ်မှာတင်တာ နည်းနည်းမသင့်တော်ဘူးလို့ မထင်ဘူးလား?”

ဘေဘီယောင်၏မျက်နှာသည် စိုးရွံ့နေဟန်ရှိသည်။ သူမသည် ရေချိုးခါစဖြစ်၍ ယုန်ပေါက်ပုံစံ ညအိပ်ဝတ်စုံအပါးတစ်ထည်အား ဝတ်ဆင်ထားသည်။ သူမ၏ထိုပုံစံမှာ ဗီဒီယိုထဲတွင် ပါသွားကြောင်းမသိလိုက်ချေ။ ဗီဒီယိုထဲတွင် သူမပုံသည် အလွန်ရုပ်ဆိုးနေမည်ကို စိုးရိမ်နေလေ၏။

“တင်မှဖြစ်မှာပေါ့ မဟုတ်ရင် ငါတို့က သူတို့ကိုအလကားလေကျယ်ပြီး ခြောက်နေတယ်လို့ ထင်သွားမှာ၊ ပြီးတော့ ကြမ်းပြင်ပေါ်မှာ အမှိုက်ရှိတယ်လို့ သူတို့ပြောသွားပေမယ့် ဒါကိုအမှိုက်လို့ခေါ်လို့ရလား? စက္ကူအိတ်နှစ်အိတ်ပဲဟာ၊ ငါတို့ပစ္စည်းတွေက တခြားအခန်းတွေထက် အများကြီးပိုသန့်ရှင်းသပ်ရပ်တယ်! ဟွန့်...”

ဟော်ထျန်းရှန်းသည် တိုးဖွစွာဖြင့် မကျေမနပ်ဖြစ်သံပြုလိုက်ပြီး သူမအနီးတစ်ဝိုက်တွင် မှောင်ရိပ်သန်းသောအငွေ့အသက်များ ရှိနေလေသည်။

ကျင်းယွင်ကျောင်းသည်လည်း သူမစကားအား သဘောတူ၏။ သူတို့အခန်းထဲရှိ လူလေးဦးမှာ တစ်ယောက်တစ်မျိုးစီ ဇီဇာကြောင်ကြသောလူများဖြစ်သည်။ အထူးသဖြင့် ဟော်ထျန်းရှန်းဖြစ်၏။ သူမသည် သူမ၏ကိုယ်ရေးကိုယ်တာဘဝတွင် ကြောင်တောင်တောင်နိုင်သော သတ်မှတ်ချက်တစ်ခုရှိပြီး ၎င်းမှာ အရာအားလုံး ပြီးပြည့်စုံနေရမည်ဟူသော သတ်မှတ်ချက်ဖြစ်သည်။ ထို့ကြောင့် သူမဘက်အခြမ်းတွင် ရှုပ်ပွနေခြင်းလုံးဝမရှိပေ။ သူမ၏ပစ္စည်းများ များပြားနေခြင်းသာဖြစ်၏။

မျက်စိစပါးမွေးစူးစရာဟူ၍ ဟယ့်ဒိသာရှိသည်။

သို့ရာတွင် ဟယ့်ဒိနှင့်ပတ်သတ်၍ သန့်ရှင်းမှုစစ်ဆေးချက်မှတ်တမ်းမှာလည်း ရယူရန် လွယ်ကူပေသည်။ လီရှောက်ယွင်တွင်ပင် ရှိချင်ရှိနိုင်၏။ နောက်ပိုင်းမှသာ ကျင်းယွင်ကျောင်းသည် သူ့အားမေးရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုဗီဒီယိုအားတင်လိုက်သည်နှင့် လူများစွာက တုံ့ပြန်ကြလေသည်။

ထိုတုံ့ပြန်သူအများစုမှာမူ ယောက်ျားလေးများဖြစ်၏။ မိန်းကလေးအဆောင်ဟူသောနေရာမှာ ယောက်ျားလေးများအတွက် ငြင်းရက်စရာမရှိသောဆွဲဆောင်မှုတစ်ခုပင် မဟုတ်လော။ သို့ရာတွင် ယောက်ျားလေးများအပြင် လိုင်းပေါ်၌ ဟိုကြည့်ဒီကြည့်ရင်း မြင်သွားကြသော မိန်းကလေးအချို့လည်းရှိ၏။

“မဖြစ်နိုင်တာ? ဒါအတွက်နဲ့ အမှတ်လျှော့တယ်တဲ့လား? ဒါဆို သူတို့သာ ငါတို့အခန်းထဲလာရင် တစ်နေ့တည်းနဲ့ အမှတ် ၅၀၀ လောက် အလျှော့ခံရမလားမသိဘူး...”

“ပစ္စည်းတွေအားလုံး ဒီလောက်သပ်ရပ်နေတာကို...ပြီးတော့ အမှိုက်တစ်စမှမရှိဘူး၊ ကျောင်းသားသမဂ္ဂရဲ့လုပ်ရပ်တွေကို ငါတကယ်နားမလည်နိုင်ဘူး ပြီးတော့ ငါ့သူငယ်ချင်းတွေမှာလည်း တိရစ္ဆာန်တွေမွေးထားတယ် သူတို့ဆို အမှတ်မလျှော့ခံရတာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ ကျောင်းသားသစ်တစ်ယောက်ကို ဒီလိုပုံစံနဲ့ ပထမဆုံးအမှတ်လျှော့တာ တကယ်စိတ်မကောင်းစရာပဲ”

Space and Rebirth 772

“ဘူးတွေခွက်တွေပဲမဟုတ်ဘူးလား? ရွှေထက်ပိုစျေးကြီးတယ်လို့ပြောတာတော့ နည်းနည်းပိုလွန်းသလိုပဲ ငါ့ကိုအလကား‌ပေးရင်တောင် လိုချင်မှာမဟုတ်ဘူး”

လူတစ်ဦးမှ ရေးလိုက်သည်။

“အပေါ်ကလူက တကယ်အရူးမပဲ၊ မလိုချင်ရင်လည်းနေ ငါတို့ယူတာပေါ့ အသားအရေထိန်းသိမ်းရေးအလှကုန်တစ်ဘူးက ကျောင်းစရိတ်ထက်တောင် စျေးကြီးတယ် ကျောင်းသားသမဂ္ဂကလူတွေက အဲဒီမိန်းကလေးလှလှတွေကို မနာလိုဖြစ်နေလို့သာ ဒီလိုလုပ်တာပဲဖြစ်ရမယ် မဟုတ်ရင် ဘာလို့အဲ့လောက်မတရားအမှတ်လျှော့နေမှာလဲ?”

...

“အမှတ် ၂၀ အနှုတ်ခံရတဲ့ အမည်းရောင်ငှက်လေးက အရမ်းမာနကြီးတဲ့ပုံပေါက်တယ်လို့ သတိထားမိတာ ငါတစ်ယောက်တည်းလား?”

“နင်တစ်ယောက်တည်းမဟုတ်ဘူး...”

“+၁...”

...

ဟယ့်ဒိ၏ ပရိသတ်များအား ဖမ်းစားနိုင်စွမ်းမှာ မြင့်မားလှသည်။ အထူးသဖြင့် သူသည် အလွန်ဓာတ်ပုံစားသောကြောင့်ဖြစ်သည်။ သူသည် လိမ္မာကျိုးနွံစွာဖြင့် အသံတစ်သံမှမထွက်ဘဲ ရုပ်ရှင်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော သက်တော်စောင့်နတ်တစ်ဦးကဲ့သို့ ကျင်းယွင်ကျောင်းပုခုံးပေါ်တွင် ရပ်နေ၏။ မည်သည့်မိန်းကလေးမဆို သူ၏ခန့်ညားမော်ကြွားသော ဆွဲဆောင်မှုအောက်တွင် ရုန်းထွက်နိုင်မည်မဟုတ်ချေ။

“ညီမလေးကျင်း၊ လူတစ်ယောက်က ဟယ့်ဒိနာမည်ကို ငါ့ဆီမက်ဆေ့ချ်ပို့ပြီး မေးနေတယ် ငါပြောပြလိုက်ရမလား? ပြီးတော့ ဟယ့်ဒိကို အနီးကပ်ရိုက်ထားတဲ့ပုံလည်း လိုချင်တယ်တဲ့...”

ဟော်ထျန်းရှန်းသည် မုန့်စားရင်း ကျင်းယွင်ကျောင်းကိုမေးလိုက်သည်။

“ရတယ်လေ”

ကျင်းယွင်ကျောင်း တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။

ကျင်းယွင်ကျောင်းထိုသို့ပြောလိုက်သည်နှင့် ဟော်ထျန်းရှန်းသည် စကားတစ်ခွန်းမျှဆက်မပြောဘဲ ဟယ့်ဒိအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမသည် ဖုန်းကိုအပေါ်သို့မြှောက်ကာ ဟယ့်ဒိနှင့်အတူ ဆယ်လ်ဖီရိုက်လိုက်၏။ သို့ရာတွင် ဟယ့်ဒိမှာ ယခင်ကနှင့် အနည်းငယ်ကွာခြားနေသည်။ သူသည် ဟော်ထျန်းရှန်း၏ပုခုံးအပေါ်တွင် ရပ်နေသော်လည်း သူ၏ခေါင်းသည် ဘေးသို့လှည့်ထားပြီး ဟော်ထျန်းရှန်း၏လည်တိုင်နှင့်ဝေးရာတွင် ရှိနေ၏။ သူမအနား မကပ်ချင်သည့်ဟန်ဖြစ်နေလေသည်။

“အမှတ်လျှော့မယ်၊ အမှတ်လျှော့မယ်...”

ရုတ်တရတ်ဆိုသလို ဟယ့်ဒိထအော်လိုက်၏။

ဟော်ထျန်းရှန်းကြောင်အမ်းသွားသည်။

“ဟမ်? ငါ့မှာတော့ သူငါ့နာမည်ခေါ်တတ်ဖို့ သင်ပေးလိုက်ရတာ ဒီလိုပေါက်ကရမျိုးကျ လွယ်လွယ်တတ်ပါလား!”

ကျင်းယွင်ကျောင်းသည်လည်း အံ့အားသင့်သွား၏။ ဟယ့်ဒိ၏ သင်ယူလေ့လာရေးစွမ်းရည်သည် မြင့်မားလွန်းလှပေသည်။

“ကျောင်းသားသမဂ္ဂကျေးဇူးနဲ့ ငါတို့ဟယ့်ဒိက စကားလုံးနောက်တစ်ခုတတ်သွားပြီ ဘာလဲဆိုတာ ခန့်မှန်းတတ်ကြလား?”

ဟော်ထျန်းရှန်းသည် မကျေနပ်သောရုပ်ဖြင့် လိုင်းပေါ်သို့ ပို့စ်တင်လိုက်သည်။ ဤတစ်ခေါက်တွင်မူ သူမသည် ဟယ့်ဒိ၏ပုံကိုပါ တွဲတင်ခဲ့၏။ ပြန်စာများသည် တစ်ခုပြီးတစ်ခုဖြင့် ဒီရေအလား ဒလဟောရောက်ရှိလာတော့သည်။

“စစ်ဆေးချက်?”

ပထမတစ်ဦးမှ စာပြန်လိုက်သည်။

“ကျောင်းသားသမဂ္ဂ?”

ဒုတိယတစ်ဦးမှ အနောက်မှလိုက်ပြောလိုက်၏...

“အမှတ်လျှော့မယ်!”

ပဥ္စမမြောက်လူမှ ထပ်လောင်းပြောကြားလိုက်လေသည်။

...

“ခဏလေး သူကဘယ်လိုလုပ်စကားပြောတတ်မှာလဲ? မင်းတို့တွေကအရမ်းရယ်ရတာပဲ”

ကောမန့်ဆယ်ခုမြောက်တွင် အဓိကအချက်ကို ရှာတွေ့သွားကြ၏။

“အပေါ်ကလူက အဲ့လောက်မတုံးနဲ့လေ အချက်အလက်လေးတွေကို ကိုယ့်ဘာသာရိုက်ရှာကြည့်ဦး ဒါကကျီးနက်တဲ့ လူစကားကို သင်နိုင်ရုံမက ပတ်ဝန်းကျင်အသံတွေကိုလည်း လိုက်တုနိုင်တယ် ဗဟုသုတမရှိတဲ့လူတွေက ကြောက်ဖို့ကောင်းလိုက်တာ!”

“တကယ်တော့ ဟယ့်ဒိပထမဆုံးပြောတတ်တဲ့စကားကို ငါသိချင်တယ် ‘မေမေ’ တော့မဟုတ်ပါဘူးနော်?”

...

ဟော်ထျန်းရှန်းသည် သူမပို့စ်ဖြင့် ပျော်ရွှင်မြူးတူးနေသဖြင့် ကျင်းယွင်ကျောင်းသည် သူမကို အာရုံသိပ်မစိုက်ချေ။ သူမအိပ်ရာပေါ်တွင် လှဲလိုက်သည်နှင့် ဟယ့်ဒိသည် ဟော်ထျန်းရှန်းအား လျစ်လျူရှုကာ ကျင်းယွင်ကျောင်းနံဘေးသို့ တန်းပျံလာတော့၏။ ကျင်းယွင်ကျောင်းမှ သူ့အတွက်ဝယ်ပေးထားသော အိမ်ငယ်လေးအား တစ်ချက်မျှပင်မကြည့်ဘဲ သူမပုခုံးပေါ်တွင် လိမ်မာစွာနေ၍ သူမကိုသာစူးစိုက်ကြည့်နေ၏။ ထိုအရာကိုမြင်သောအခါ ဟော်ထျန်းရှန်း အံ့သြလွန်း၍ အာမေဋိတ်သံပြုလိုက်တော့သည်။

“ဟယ့်ဒိကငါ့ကိုပစ်ပြီး သူ့သခင်ဆီတန်းသွားတော့တာပဲ”

နောက်ဆုံးပို့စ်ကို တင်ပြီးနောက် ဟော်ထျန်းရှန်းသည် အားကျရိပ်သန်းနေသောမျက်နှာဖြင့် ကွန်ပြူတာကိုပိတ်လိုက်သည်။

ဤအချိန်တွင် ကျင်းယွင်ကျောင်းမှာ လီရှောက်ယွင်အား မက်ဆေ့ချ်တစ်စောင်ပို့နေ၏။ ထိုမက်ဆေ့ချ်ထဲတွင် သန့်ရှင်းမှုစစ်ဆေးချက်ကိစ္စနှင့် ကာကွယ်ဆေးထိုးမည့်ကိစ္စအား အတိုချုံးရှင်းပြထားသည်။ လီရှောက်ယွင်မှာ လိုရင်းကိုသာတန်းဖြေသည့်အနေဖြင့် မနက်စောစောတွင် လိုအပ်သောစာရွက်စာတမ်းများကို ပို့လိုက်မည်ဟု ပြောလိုက်၏။ ထိုမှသာ သူမစိတ်အေးသွားရပြီး ခေါင်းခဲစရာကိစ္စများအားလုံး ဖြေရှင်းပြီးသားဖြစ်သွားလေသည်။

“ဒီနေ့ဘယ်လိုလဲ?”

လီရှောက်ယွင်မေးလိုက်သည်။

ကျင်းယွင်ကျောင်းခေတ္တမျှတွေးပြီးမှ ဖြေလိုက်၏။

“ဒီနေ့ထမင်းအများကြီးစားခဲ့တယ် အရမ်းလည်းပျော်ခဲ့ရတယ် ရန်သူကိုပါ တိုက်ခိုက်နိုင်ခဲ့တယ်လေ မဆိုးဘူးပြောရမှာပေါ့”

သူမသည် ဟယ့်ဒိအကြောင်းပြောနေခြင်းသာဖြစ်သည်။ သို့ရာတွင် လီရှောက်ယွင်သည် စကားတန်းအားမြင်လိုက်ရသောအခါ နှုတ်ခမ်းစွန်းများတွန့်သွားတော့သည်။

“ဘယ်လိုတိုက်ခိုက်ခဲ့တာလဲ?”

“ဆိတ်ပြီးတော့လေ?”

သိသာသည့်အရာကို မေးရန်ကောဟု ကျင်းယွင်ကျောင်းခံစားလိုက်ရ၏။

“ဟုတ်လား? တချို့နေရာတွေက သမားရိုးကျနည်းသုံးတာပဲ ပိုကောင်းပါတယ် နောက်တစ်ခါဆိုရင် မင်းပါးစပ်ကိုမသုံးဘဲ ခြေတွေလက်တွေသုံးပေါ့”

ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်း ချက်ချင်းဆိုသလို ရှက်သွေးဖြာသွားတော့သည်။

All Chapters