အခန်း (၇၇၃-၇၇၆)
Vol. 39 Ch. 773-776
Space and Rebirth 773
လီရှောက်ယွင်၏ ထူးဆန်းသောအပြုအမူမှာ သူမနှင့်သူစိမ်းဆန်သောအရာမဟုတ်သဖြင့် ကျင်းယွင်ကျောင်းမမှုတော့ချေ။ သို့ရာတွင် တစ်စုံတစ်ယောက်အား နေ့ရက်စဥ်တိုင်း မက်ဆေ့ချ်ဖြင့် မိမိ၏တစ်နေ့တာဖြစ်ရပ်များကို အစီရင်ခံရသည်က အနည်းငယ်ထူးခြားလှသည်ဟု သူမခံစားမိသည်။ သူမတွင် မိသားစုဝင်တစ်ဦး ရှိသွားသကဲ့သို့ပင်။
သို့သော်ငြား အချိန်အတော်ကြာစကားပြောပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏အာရုံများကို ဖုန်းမှတဆင့် စာအုပ်များထံလွှဲပြောင်းလိုက်သည်။ ထို့နောက် မီးပိတ်ချိန်ရောက်သောအခါတွင် သူမသည် အိပ်မောကျစွာ အိပ်လိုက်တော့သည်။
ထိုညတွင်မူ ကျင်းယွင်ကျောင်းနှင့် အခြားသူများမသိလောက်သောကိစ္စများစွာ ဖြစ်ပွားခဲ့၏။
ကျောင်းထဲရှိ ကျောင်းသားများစွာသည် ဟယ့်ဒိမျက်နှာကို မှတ်မိကြပေသည်။ အထူးသဖြင့် ဟော်ထျန်းရှန်းမှ “ဟယ့်ဒိက သူ့သခင်ဆီသွားပြီ” ဟူသောပို့စ်ကိုတင်ပြီး ထွက်သွားသောအချိန်တွင် ဟယ့်ဒိ၏ထူးခြားဆန်းကြယ်သောပိုင်ရှင်သည် မည်သူဖြစ်သည်ကို လူများစွာက သိချင်သွားကြတော့၏။
ဗီဒီယိုထဲတွင် ဟယ့်ဒိမှ သူ့သခင်ပုခုံးပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ကြရသော်လည်း ဟော်ထျန်းရှန်းသည် စိတ်ထိန်းလိုက်ပြီး ကျင်းယွင်ကျောင်းမျက်နှာကို မရိုက်ခဲ့ချေ။ ထို့ကြောင့် လူများစွာက သိချင်စိတ်ပြင်းပြသွားကြတော့၏။ ကျီးနက်တစ်ကောင်အား လက်သပ်မွေးသည့် မိန်းကလေးတွင် မည်သို့သောထူးဆန်းသည့်စရိုက်မျိုးရှိမည်နည်း?
ထိုမျှမက ကျိုးမေ့ကျွန်းသည်လည်း အိမ်ပြန်ရောက်သည်နှင့် သူမကွန်ပြူတာအားချက်ချင်းဖွင့်ကာ ပို့စ်များကို ကြည့်ရှုခဲ့၏။ လူစုံတက်စုံဖြင့် ကျောင်းသားသမဂ္ဂအား ဝိုင်းအပြစ်တင်နေကြသည်ကို သူမတွေ့လိုက်ရသောအခါ သူမစိတ်ထဲတွင် မခံမရပ်နိုင်လောက်အောင် ဒေါသမီးများဖြင့် လောင်မြိုက်သွားတော့သည်။ အထူးသဖြင့် လူများစွာက ကျင်းယွင်ကျောင်းပုခုံးပေါ်ရှိ အလွန်ကြမ်းကြုတ်သော အမည်းရောင်တိရစ္ဆာန်အား ချီးကျူးနေကြသည်ကို မြင်သောအခါ သူမစိတ်ထဲတွင် မခံချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာတော့၏။
သူမသည် ဆက်လက်မမြိုသိပ်ထားနိုင်တော့သဖြင့် ကျင်းယွင်ကျောင်းနှင့် အဘိုးကြီးတစ်ဦး ကားပေါ်မှအတူတကွဆင်းလာသည့်ပုံကို တင်လိုက်သည်။
ထိုပုံမှာ ပဓာနမဟုတ်ချေ။ အဓိကပြသာနာမှာ ကျိုးမေ့ကျွန်း၏စကားလုံးများဖြစ်၏။
“မိဘလည်းမရှိ၊ ဆင်းလည်းဆင်းရဲတဲ့ ကျင်းမျိုးရိုးနာမည်နဲ့ မိန်းကလေးက အသက်ခြောက်ဆယ်ဝန်းကျင်အဘိုးကြီးတစ်ယောက်နဲ့ လူသိရှင်ကြားတွဲသွားတွဲလာလုပ်နေပြီး ဇိမ်ခံကားပေါ်မှာ စျေးဝယ်ထွက်ကြပုံ”
ဓာတ်ပုံထဲတွင် အဘိုးကြီး၏မျက်နှာကို မမြင်ရပေ။ သူ၏ကျောပြင်ကိုသာမြင်ရ၏။ သို့ရာတွင် ကျင်းယွင်ကျောင်းမျက်နှာကိုမူ ကြည်လင်ပြတ်သားစွာ မြင်နိုင်လေသည်။
နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်းအဆောင်မှ ထွက်လာသောအခါ လူများစွာက သူမအား အထင်သေးဟန်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။ အထက်တန်းကျောင်းတက်စဥ်က သူမ၏သွားပုပ်လေလွင့်သတင်းများထွက်သည့်အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ပင်ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် လိုရင်းတိုရှင်းသမားဖြစ်၏။ လမ်းပေါ်ရှိ လူတစ်ဦးအား သူမတားကာ မေးလိုက်သည်။
“ဘာလို့ငါ့ကိုအဲ့လိုကြည့်နေကြတာလဲ?”
ကျင်းယွင်ကျောင်းသည် ဤမျှလောက်တဲ့တိုးဆန်မည်ဟု တစ်ဖက်လူမှမထင်မှတ်ထားခဲ့ချေ။ ကျင်းယွင်ကျောင်း၏အကြည့်ကြောင့် သူသည် ထိတ်လန့်သွားပြီး ကပြာကယာပြောလိုက်၏။
“ကျောင်းဟစ်တိုင်မှာ....မင်းကအဲဒီတစ်ယောက်...”
ကျင်းယွင်ကျောင်းကြက်သေသေသွား၏။ ဤသည်မှာ ဟယ့်ဒိကြောင့်လော? မဖြစ်နိုင်ပေ။ သူမမျက်နှာအား မရိုက်ရန် ဟော်ထျန်းရှန်းအား သေချာပြောထားခဲ့၏။ အခြားသူများက သူမမျက်နှာအား စိုက်ကြည့်နေသောခံစားချက်အား သူမမနှစ်မြို့ပေ။ ထို့အပြင် ဤသည်မှာ ဟယ့်ဒိကြောင့်ဆိုလျှင် လူတိုင်း၏မျက်နှာအသွင်အပြင်သည် ရွံရှာစက်ဆုပ်ဟန်များဖြင့် ပြည့်နေမည်မဟုတ်ချေ။
“မင်းကအသက်ခြောက်ဆယ်အဘိုးကြီးနဲ့ တွဲနေတဲ့ ကျင်းယွင်ကျောင်းမဟုတ်ဘူးလား...ငါပြောတာမဟုတ်ဘူးနော် ကျောင်းဟစ်တိုင်မှာ မင်းပုံတွေရှိနေတာ”
ထိုလူမှ ချက်ချင်းဆိုသလို ပြောလိုက်သည်။
၎င်းကိုကျင်းယွင်ကျောင်းကြားသောအခါ သဘောပေါက်သွားတော့၏။ သူမသည် ဖုန်းထဲရှိ ကျောင်းဟစ်တိုင်သို့ အလျင်အမြန်သွားရောက်ကြည့်ရှုလိုက်သည်။
ဤသည်မှာ ကျောင်းဟစ်တိုင်ဖြစ်သဖြင့် အလွန်အမင်းရေပန်းမစားလှချေ။ သို့ရာတွင် ပို့စ်အောက်မှ ကောမန့်များမှာ ထောင်ချီနေလေပြီ။ ကောမန့်အများစုမှာ တစ်ဖက်သတ်ဆန်လှ၏။ ယောက်ျားလေးကျောင်းသားအများစုမှာ ဤဖြစ်ရပ်ကို လွန်စွာရွံရှာမုန်းတီးနေကြကာ လှပသောမိန်းကလေးအများစုမှာ လိုက်ပတ်အိပ်နေကြသည်ဟု ပြောကြပြီး မိန်းကလေးကျောင်းသူများမှလည်း ယောက်ျားလေးကျောင်းသားများအား တစ်ယူသန်သည်ဟု ပြန်ပက်နေကြ၏။
အတိုချုံးပြောရလျှင် သူမသည် မိဘမဲ့ဖြစ်ပြီး လှပသည့်အပြင် ပထမနှစ်ကျောင်းသူသာရှိသေးသော်လည်း သူဌေးအဘိုးကြီးတစ်ဦးအား ချိတ်နိုင်ခဲ့သဖြင့် ကျောင်းတွင်အလွန်ရေပန်းစားနေလေသည်။
ကျင်းယွင်ကျောင်းသည် အစက သူမကိုယ်သူမဒေါသထွက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင် ၎င်းနှင့်ဆန့်ကျင်ဘက်သာဖြစ်သည်။ သူမမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့၏။
အချို့လူများသည် မိမိသေတွင်းထဲသို့ ခုန်ဝင်တတ်ကြလေသည်။
ဟယ့်မိသားစုနှင့် ချောင်မိသားစုများမှ ငှားရမ်းခဲ့သော သတင်းထောက်အုပ်စုများကဲ့သို့ပင် သူတို့ပြသာနာရှာလေလေ သူမအတွက် ပိုကောင်းလေလေဖြစ်ပေသည်။
ကျင်းယွင်ကျောင်း၏အပြုံးကြောင့် သူမအား ရူးသွပ်သွားချေပြီဟု အားလုံးကထင်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သွားကြတော့၏။ ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးမှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားကြသည်။
“နင်အဆင်ပြေရဲ့လား? ငါလူရှာပြီး ကျောင်းဟစ်တိုင်ကို hack ပေးရမလား? အဲဒါမှအလုပ်မဖြစ်ရင် ကျိုးမိသားစုကိုဖိအားပေးပြီး ကျိုးမေ့ကျွန်းကိုကျောင်းထွက်ခိုင်းဖို့ ငါ့မိဘတွေကိုပြောပေးမယ်”
Space and Rebirth 774
ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် အလွန်ဒေါသထွက်နေလိမ့်မည်ဟု ဟော်ထျန်းရှန်းထင်နေလေသည်။ သူမသည် ထိုအဘိုးကြီးအား မသိသည့်အပြင် ထိုကားမှာလည်း “ဇိမ်ခံကား” ပုံစံနှင့်ဝေးစွရှိနေသော်ငြား အလွန်စျေးကြီးနေပေသေးသည်။ ကျင်းယွင်ကျောင်းမှာလည်း မိဘမဲ့တစ်ဦးဖြစ်ပြီး ဆွေမျိုးသားချင်းမရှိပေ။ အခြားလူများ၏ တံထွေးခွက်ထဲ၌ သူမပက်လက်မြောနိုင်၏။
“မလိုဘူး ငါကတော့ဒီကောလဟာလကို တကယ်ကောင်းတယ်လို့မြင်တယ်”
ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်ကာ လေညှင်းတမျှကြည်လင်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
“ဘာ?”
ဟော်ထျန်းရှန်း အံ့အားသင့်သွား၏။ သူမလက်ကိုလှမ်းကာ ကျင်းယွင်ကျောင်း၏နဖူးကို စမ်းလိုက်သည်။
“နင့်အဖျားတက်နေတာမဟုတ်ဘူးမှတ်လား? ကျင်းယွင်ကျောင်း၊ နင်ဒါကိုဘယ်လိုသည်းခံနိုင်တာလဲ? ‘စပွန်ဆာ’ ဆိုတဲ့စကားက ကြားမကောင်းဘူးနော် ပြီးတော့ အခုတောင် တစ်ညပဲရှိသေးတယ် နောက်နှစ်ရက်လောက်နေရင် နင်နဲ့ပတ်သတ်တဲ့သတင်းတွေက တစ်ကျောင်းလုံးပျံ့နေတော့မှာ အဲ့အချိန်ကျရင် နင်သိက္ခာလုံးလုံးကျရလိမ့်မယ်”
“စိတ်မပူပါနဲ့”
သူမလက်အား ကျင်းယွင်ကျောင်းတွန်းထုတ်၍ သူမအား အတန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။
ယခင်က ကျင်းယွင်ကျောင်းသည် သူမ၏အလှနှင့် အရည်အချင်းကြောင့် အလွန်ရေပန်းစားနေခဲ့သော်လည်း ယခုမူ ဤကိစ္စဖြစ်ပွားပြီးနောက် သူမအတန်းဖော်များ၏ ပြောဆိုဆက်ဆံပုံမှာလည်း ပြောင်းလဲသွားတော့သည်။
“မင်းမှတ်စုတွေ...”
အတန်းခေါင်းဆောင်ဖြစ်သူ ဟန်နန်သည် စကားစရှာမရဖြစ်နေသောမျက်နှာဖြင့် မှတ်စုများကို ပြန်ပေးလိုက်၏။
ကျင်းယွင်ကျောင်းစိတ်မဝင်စားချေ။ ပုံမှန်အတိုင်းသာ သူမအတန်းများကိုတက်လေသည်။
ဟော်ထျန်းရှန်းပြောသလိုပင် လွန်ခဲ့သောနှစ်ရက်အတွင်း အခြေအနေသည် တဖြည်းဖြည်းဖြင့် ကြမ်းလာ၏။ သူမနှင့် မိုကျန်းယန်တို့အတူလမ်းလျှောက်နေသောပုံအား ဖြတ်ညှပ်ကပ်လုပ်ပြီး သူမ၏ပရိုဖိုင်ပုံအား ဖြတ်ထုတ်ကာ အခြားညစ်ညမ်းသောပေ့ချ်များတွင် တမင်ပြန်တင်ကြသောလူအချို့ပင် ကျောင်းသားဟစ်တိုင်ထဲတွင် ရှိလာသည်။ မသိလျှင် သူမသည် အလွန်အောက်တန်းကျသောပြစ်မှုကို ကျူးလွန်ခဲ့သဖြင့် လူများအား စိတ်ရှိသလို အပြစ်ပုံချခွင့်ပေးလိုက်သည့်အတိုင်းပင်။
ကျင်းယွင်ကျောင်းသည် ထိုရက်ပိုင်းများအတွင်း အလွန်တိတ်ဆိတ်နေခဲ့သည်။ သူမစိတ်အခြေအနေမှာ ပုံမှန်ထက်ပင် ကောင်းနေ၏။ နေ့တိုင်းဆိုသလို အတန်းများအပြီးတွင် နာရီပိုင်းခန့် ပျောက်ဆုံးသွားတတ်သည်။ သူမ၏အခန်းဖော်များအားလုံး ဇဝေဇဝါဖြစ်ကုန်ကြ၏။
“မကောင်းတဲ့မိန်းမကများ ရိုးသားဖြူစင်ချင်ယောင်ဆောင်ချင်သေးတာလား? ကိုယ့်ကိုယ်ကို သူများတွေထက်မြင့်မြတ်တဲ့မိန်းမလိုလို ဟန်ဆောင်နေတာ တကယ့်ဟာသပဲ”
မကြာခဏဆိုသလို ကျင်းယွင်ကျောင်းအဆောင်ခန်းဘေးမှ ဖြတ်သွားသူအချို့သည် ကျယ်လောင်စွာ အော်ဟစ်သွားတတ်သည်။
“ဒုန်း!”
ဟော်ထျန်းရှန်းမျက်နှာတစ်ခုလုံး ဒေါသဖြင့်စိမ်းနေချေပြီ။ သူမသည် သူမ၏ဘီးအား စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။
“ကျင်းယွင်ကျောင်း၊ နင် အ သွားပြီလား? ဒီလိုအဓိပ္ပာယ်မရှိတာတွေ ပြောနေအောင် ဘာလို့လွှတ်ပေးထားတာလဲ? နင့်လောက်သူရဲဘောကြောင်တဲ့လူမျိုး ငါတစ်ခါမှမမြင်ဖူးဘူး ငါသာနင့်နေရာမှာဆိုရင် အဲ့ပါးစပ်တွေကို ဆွဲဖြဲပစ်နေလောက်ပြီ!”
ဟော်ထျန်းရှန်း ဒေါသတကြီးဖြင့် ကြိမ်းဝါးတော့၏။
ကျင်းယွင်ကျောင်းသည် သူမစာအုပ်ကို အောက်ချကာ ညင်သာသောလေသံဖြင့် ပြောလိုက်သည်။
“ဒေါသမထွက်ပါနဲ့ မကြာခင်ပြီးတော့မှာပါ”
“ဒါဘာစကားလဲ?”
ဟော်ထျန်းရှန်း ဒေါသအရှိန်မသေသေးချေ။
“ကိစ္စတွေဒီလောက်ထိမရှုပ်ထွေးခင်မှာ နင်တို့အမှန်အတိုင်းပြောလိုက်ကြမှာစိုးလို့ ငါနင်တို့ကိုမပြောပြခဲ့တာ ဒါပေမယ့် နင်တို့ဒီလောက်ဒေါသထွက်သွားမယ်လို့ မထင်ခဲ့ဘူး ငါ့ကိုခွင့်လွှတ်ပါ တကယ်တော့ ငါ့မှာအစီအစဥ်တွေချထားပြီးသား...ပုံထဲက အသက်ခြောက်ဆယ်ကျော်အဘိုးကြီးက ငါ့ဆရာပဲ”
ကျင်းယွင်ကျောင်းရှင်းပြလိုက်သည်။
“နင့်ဆရာ?”
သုံးဦးသားသည် ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။
“လမ်းမှာတိုက်ဆိုင်လို့တွေ့မိတာနဲ့ သူ့တပည့်အဖြစ် သတ်မှတ်လိုက်တာလေ၊ သူ့နာမည်က မိုကျန်းယန်တဲ့ တရုတ်အမျိုးသားရေးရာနယ်ပယ်ထဲမှာတော့ သူကဆရာတစ်ဆူပဲ၊ သူ့ဘဝမှာ တစ်ခါမှ အိမ်ထောင်မပြုခဲ့ဖူးသလို သိက္ခာသမာဓိရှိပြီး တည်ကြည်တယ်၊ လူတစ်ယောက်ရဲ့ စာရိတ္တနဲ့ပတ်သတ်လာရင် အရမ်းဇီဇာကြောင်တဲ့လူပေါ့ ဒီနှစ်ရက်အတွင်း အတန်းပြီးတိုင်း ငါသူ့ဆီက စာသင်ဖို့ သူ့အိမ်ကိုသွားနေခဲ့တာ၊ ငါ့ဆရာက အွန်လိုင်းအကြမ်းဖက်မှုတွေအကြောင်း မသိသလို ဒီအတင်းအဖျင်းတွေကိုလည်း အာရုံမစိုက်တတ်သလို သူသိမယ်မထင်ဘူး ဒါပေမယ့် မနက်ဖြန်ကျရင်တော့ သူကငါ့ကို တရုတ်ပန်းချီကားနဲ့ လက်ရေးလှပြပွဲဆီ ခေါ်သွားလိမ့်မယ်”
ကျင်းယွင်ကျောင်း အသေးစိတ်ရှင်းပြလိုက်၏။
တရုတ်ပန်းချီကားနှင့် လက်ရေးလှပြပွဲမှာ ကျောင်းထဲတွင်သာကျင်းပမည့်ပွဲဖြစ်သည်။ ပြသမည့် ပန်းချီကားများ၊ အနုပညာလက်ကွက်များအားလုံးမှာလည်း ကျောင်းသားများ၏လက်ရာဖြစ်၏။ အချိန်တစ်ခုရောက်လာလျှင် သစ်ပင်ပန်းမာန်များဖြင့် ပြည့်နှက်နေသည့် ကျောင်းမိန်းလမ်းမနှစ်ဖက်ခြမ်းလုံးတွင် ပန်းချီကားများကို ပြသထားမည်ဖြစ်သည်။ ထိုပန်းချီကားများအား သုံးသပ်ချက်ပေးရန် ထိုနေရာသို့လာခဲ့မည်ဟု မိုကျန်းယန်ပြောခဲ့သည်။ ထို့ကြောင့် ကျောင်းမှတာဝန်ရှိသူများက ဤပွဲအား အထူးအရေးပေးအာရုံစိုက်ထားလေသည်။ ဌာနမှူးကိုယ်တိုင်က ကျောင်းသားများအား ဆုချရန် လာရောက်မည်ဖြစ်၏။
မိုကျန်းယန်မှာမူ ဤပြပွဲသို့တက်ရောက်ရန် စိတ်ကူးမရှိခဲ့ချေ။ သူမနှစ်မြို့သောပန်းချီကားများသာဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ဤနှစ်ရက်အတွင်း သူ၏တပည့်ဖြစ်သူ ကျင်းယွင်ကျောင်း၏တောင်းဆိုချက်များကို မလွန်ဆန်နိုင်သဖြင့် သူသည် တက်ရောက်ရန် စီစဥ်ခဲ့လေသည်။
Space and Rebirth 776
ပန်းချီကားအများစုမှာ လူများ၊ ပန်းများ၊ ငှက်များ၊ တောတောင်ရေမြေများနှင့်ပတ်သတ်သော ပန်းချီကားများဖြစ်၏။ ၎င်းတို့အားလုံးမှာ အနုပညာလက်ရာမြောက်လှသဖြင့် ရှုစားနေကြသောလူများစွာသည် ထိုပန်းချီကားများ၏အလှတွင် နစ်မြောစီးဝင်သွားကြတော့သည်။
ကျင်းယွင်ကျောင်းသည် မိုကျန်းယန်နှင့်အတူသွားမည်ဟု ပြောခဲ့သဖြင့် သူမသည် အတန်းပြီးသည်နှင့် ချက်ချင်းဆိုသလို မိုကျန်းယန်၏စာသင်ကြားသောနေရာသို့ သွားလိုက်သည်။ မိုကျန်းယန်၏အင်္ကျီများကို သူမတွေ့လိုက်ရသောအခါ နှုတ်ခမ်းများကိုစေ့ကာ ပြုံးမိတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ပရော်ဖက်ဆာမိုသည် ထိုနေ့က သူမနှင့်အတူစျေးသို့သွားခဲ့သော အဝတ်အစားများအား ဝတ်ဆင်ထားလေ၏။
“ရှောင်ကျင်း၊ မင်းဒီနေ့စိတ်ကြည်တဲ့ပုံပေါက်နေပါလား”
ပရော်ဖက်ဆာမိုသည် ကျင်းယွင်ကျောင်းအားကြည့်ကာ တစ်ခုခုလွဲနေသည်ဟု ခံစားမိလိုက်သည်။
ဤကလေးမှာ ပုံမှန်အားဖြင့် အလွန်တည်ငြိမ်ပြီး ခံစားချက်များကို ထုတ်ဖော်မပြတတ်ချေ။ သို့သော် သူမသည် ယနေ့တွင် စိတ်ကြည်လင်နေဟန်ထောက်၏။ သူမမျက်နှာပေါ်တွင် အပြုံးပန်းပွင့်လန်းနေသဖြင့် အနည်းငယ်ကျောချမ်းစရာကောင်းပေသည်။
“ဟိုပန်းချီကားတွေကို ကြည့်ချင်နေလွန်းလို့ပါ ဆရာရဲ့”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
“ဟုတ်လား?”
ထိုသို့ဖြစ်ဟန်မတူပါချေ။
သို့ရာတွင် ဤသုံးရက်အတွင်း သူမနှင့်ပြောဆိုဆက်ဆံပြီးနောက် သူသည် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ အလွန်ကျေနပ်အားရလေသည်။ လူတစ်ဦး၏အပြုအမူအရ ထိုလူ၏စရိုက်လက္ခဏာကို မြင်နိုင်၏။ သူသည် လူများနှင့်ပတ်သတ်လာလျှင် သတ်မှတ်ချက်မြင့်မားသူဖြစ်သည်။ အထူးသဖြင့် အရေးအသားနှင့် ပန်းချီပိုင်းဆိုင်ရာတွင် သူသည် အလွန်စည်းကမ်းတင်းကြပ်လေသည်။ သို့ရာတွင် ဤမိန်းကလေး၏သည်းခံနိုင်စွမ်းမှာ အလွန်မြင့်မားပေသည်။ သူမည်သို့ပင်ပြောဆိုစေကာမူ သူမသည် စိတ်ရှည်ရှည်ဖြင့် နာခံတတ်စမြဲသာဖြစ်သည်။ သူမလိုအပ်နေသောနေရာကို သိသည်နှင့် အမှန်ပြင်တတ်ပေသည်။
သူမသည် အလွန်ပါးနပ်ပြီး အရိပ်အယောင်ပြရုံဖြင့် အရာအားလုံးကို နားလည်သဘောပေါက်လေသည်။ ဤမိန်းကလေးသည် သူပြောသမျှအရာအားလုံးကိုလည်း အတိအကျမှတ်မိနေသေး၏။
အစက သူသည် တပည့်မွေးရာ၌ အနည်းငယ်အလျင်စလိုနိုင်သွားသည်ဟု ခံစားမိခဲ့သော်လည်း ယခုတွင်မူ သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားနေရသည်။
သူမသည် မျိုးကောင်းလေသည်။ စိတ်ရှည်သည်းခံတတ်ပြီး ဉာဏ်ရည်မြင့်မားကာ စရိုက်အသွင်အပြင်ထူးခြား၏။ သူမသည် ပန်းချီဆွဲရာ၌ စီးမြောသွားတိုင်း စုတ်တံနှင့်တစ်သားတည်းဖြစ်သွားသလိုပင် ခံစားရသည်။ သူမအား မိုကျန်းယန်မအံ့သြမိဘဲမနေနိုင်ချေ။
သူမသည် ဤပညာအား ယခုမှသင်နိုင်သည်မှာ နှမြောစရာပင်။ မဟုတ်ပါက သူမ၏ပါရမီဖြင့်ဆိုလျှင် သူမသည် ယခင်ကတည်းကပင် နာမည်ကျော်ကြားနေလောက်ပေမည်။
မိုကျန်းယန်သည် သက်ပြင်းချကာ ကျင်းယွင်ကျောင်းနှင့်အတူ အောက်ဆင်းလိုက်သည်။
မိုကျန်းယန်သည် အနှောင့်အယှက်များကို မုန်းတီးသဖြင့် အဆောက်အဦးတစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေ၏။ သူ၏ဝန်ထမ်းများနေထိုင်သော အဆောင်လည်းဖြစ်သဖြင့် လူများများစားစားသိပ်မရှိချေ။ နှစ်ဦးသားသည် လမ်းကျဥ်းအား ဖြတ်သန်းလျှောက်လှမ်းပြီးနောက် လူအုပ်ကြီးထဲသို့ ဝင်လိုက်သည်။
မိုကျန်းယန်တစ်ဦးတည်းဆိုလျှင် အခြားသူများအာရုံစိုက်မိမည်မဟုတ်ချေ။ ဤကမ္ဘာပေါ်တွင် သန်းချီသော အဘိုးအိုများရှိသည်မဟုတ်လော။ သတင်းထွက်နေသောဓာတ်ပုံများတွင် သူ၏မျက်နှာကိုမမြင်ရသဖြင့် သူမှန်း မည်သူမှမသိချေ။ သို့သော် ယခုတွင် သူသည် ကျင်းယွင်ကျောင်းနှင့်အတူ ပေါ်ထွက်လာသဖြင့် အခြေအနေမတူတော့ချေ။
မိုကျန်းယန်အားသိသော ကျောင်းသားများစွာရှိသော်လည်း ပြပွဲအားလာကြည့်သောသူ ပိုများပေသည်။ ထိုလူများမှာ မိုကျန်းယန်မည်သူဖြစ်ကြောင်း မသိကြသဖြင့် ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်သွားကြတော့၏။
“ဘုရားရေ၊ ဒါကလွန်လွန်းတယ်မထင်ဘူးလား? ဒီရွံစရာအဘိုးကြီးကို ကျောင်းထဲခေါ်လာရလောက်တဲ့ထိ သူတကယ်မျက်နှာပြောင်တာပဲ!”
“တစ်ယောက်က လက်ဆော့တဲ့အဘိုးကြီး နောက်တစ်ယောက်က ငွေမက်တဲ့ကောင်မ၊ လောကကြီးအပေါ်ထားတဲ့ ငါ့အမြင်တွေတောင် လုံးဝပြောင်းလဲသွားပြီ!”
“ဟုတ်ပါ့ ဒီလောက်အရှက်မရှိတဲ့လူကို ငါတစ်ခါမှမမြင်ဖူးဘူး၊ အဘိုးကြီးတစ်ယောက်ဆီက ကပ်စားချင်ရင်တောင် တိုးတိုးတိတ်တိတ်နေမှပေါ့...”
...
“ဒါနဲ့ ဒီအဘိုးကြီးကို အရမ်းရင်းနှီးနေတယ်လို့ နင်မထင်ဘူးလား...”
...
လူအုပ်ကြီးသည် ပွတ်လောရိုက်နေ၏။ မိုကျန်းယန်မှာလည်း နားကန်းနေသည်မဟုတ်ပေ။ သူအဘယ်သို့မကြားဘဲနေနိုင်မည်နည်း? အစက သူသည် အနည်းငယ်ဇဝေဇဝါဖြစ်နေခဲ့သော်လည်း ထိုစကားများကို ကြားလေလေ သူဒေါသထွက်လေလေဖြစ်၏။ ဤလူများသည် သူနှင့်ကျင်းယွင်ကျောင်းအကြောင်း ပြောနေကြသည်လော?
မည်သည့်ကိစ္စများဖြစ်ပွားနေသနည်း?
ကျင်းယွင်ကျောင်းသည် မိုကျန်းယန်ဖြစ်နေပုံကိုကြည့်ကာ သူ့အား ခဏတာမျှ သနားသွားသည်။ သူသည် ဤမျှလောက် အသက်ကြီးနေပြီဖြစ်သည့်တိုင် အခြားသူများ၏ဝေဖန်မှုကို ခံနေရသေး၏။ သူသည် မခံမရပ်နိုင်ဖြစ်လောက်မည်ဆိုသော်လည်း ဆရာတပည့်ဟူသည်မှာ မိသားစုတစ်ခုဖြစ်သည်။ သူမသည် သုံးရက်သုံးညတိုင်တိုင် လှောင်ပြောင်သရော်ခံခဲ့ရသော်လည်း ခေတ္တမျှသာဖြစ်၏။ ထိုလှောင်ပြောင်သံများမှာလည်း ငြိမ်ကျသွားချေပြီ။
ထိုမျှမက လက်ခုပ်ဟူသည်မှာ နှစ်ဖက်တီးမှမြည်သောအရာဖြစ်၏။ သူမသည် ဤကိစ္စနှင့်ပတ်သတ်၍ စွပ်စွဲခံရသဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးအနေနှင့် မိုကျန်းယန်တွင် ဤကိစ္စအား သိပိုင်ခွင့်ရှိလေသည်။
“အဲဒါပရော်ဖက်ဆာမိုလေ...”
လူအုပ်ထဲမှ တစ်စုံတစ်ဦးက ပြောလိုက်သည်။
မိုကျန်းယန်သည် ဒေါသထွက်လွန်း၍ သူ၏အင်္ကျီလက်များကိုခါကာ ထွက်သွားတော့သည်။ သူထွက်သွားနေစဥ်တွင် အပြေးအလွှားရောက်ချလာသော ဌာနမှူးနှင့် ကျောင်းတာဝန်ရှိသူအချို့တို့အား ပက်ပင်းတိုးတော့သည်။
“အဘိုးကြီးမို၊ ဘာ...ဖြစ်တာလဲ?”
ဌာနမှူးဖြစ်သူမှ သိချင်လိုစိတ်ဖြင့် မေးလိုက်၏။