← Chapters

အခန်း (၇၇၇-၇၈၀)

Vol. 39 Ch. 777-780

အခန်း (၇၇၇-၇၈၀)

Vol. 39 Ch. 777-780

Space and Rebirth 777

မိုကျန်းယန်သည် စိတ်ဆတ်သောသူဖြစ်ကြောင်း ဌာနမှူးသိထား၏။ နှစ်ဦးသားသိကျွမ်းသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် သူတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများဖြစ်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာကျမည်မဟုတ်ပေ။

“မယုံနိုင်စရာပဲ! သောက်ရမ်းဒေါသထွက်စရာကောင်းလိုက်တာ!”

မိုကျန်းယန်သည် စိတ်တိုလွန်းသဖြင့် လူကြီးလူကောင်းမပီသသောစကားကို လွှတ်ခနဲပြောထွက်မိသွား၏။

မကောင်းသောကိစ္စတစ်ခုခုဖြစ်ခဲ့ကြောင်း ဌာနမှူးချက်ချင်းသိလိုက်တော့သည်။ မိုကျန်းယန်သည် ဒေါသကြီးသော်လည်း အခြေအနေများ၊ ဖြစ်ရပ်များအပေါ်သာ ဒေါသထွက်တတ်ပြီး လူများအား ဒေါသထွက်လေ့မရှိချေ။ ဤမျှလောက် ဒေါသတကြီး ဖြစ်ခဲပေသည်။

“ဘာတွေဖြစ်နေတာလဲ?”

ဌာနမှူးသည် ကျင်းယွင်ကျောင်းအားကြည့်ကာ မကျေနပ်သောလေသံဖြင့် မေးလိုက်သည်။

မိုကျန်းယန်ဘေးတွင်ရှိသော ကျောင်းသားဟူ၍ သူမသာရှိပြီး သူမသည် မိုကျန်းယန်အနောက်တွင် တစ်ဖဝါးမခွာလိုက်ခဲ့သည်မဟုတ်လော။

“ဘာလို့သူ့ကိုသွားအော်နေတာလဲ?”

မိုကျန်းယန်သည် ချက်ချင်းဆိုသလို ဒေါသအရှိန်မြင့်တက်လာကာ ပြောလိုက်သည်။

“ဒီကျောင်းရဲ့ ပတ်ဝန်းကျင်က ဘယ်တုန်းကတည်းက ဒီလောက်တောင် ဆိုးရွားသွားတာလဲ? ဟမ်? ငါ့အရှေ့မှာတောင် ငါ့ကို အသက်ကြီးပြီး အချိန်မစီးတဲ့လူလို့ ပြောရဲတယ်! ခုနက ကျောင်းသားတွေကို ငါသွားမေးချင်တယ် ဘယ်သူ့ကို အသက်ကြီးပြီးအချိန်မစီးတဲ့လူလို့ ပြောတာလဲလို့?!”

သူသည် သူ၏ဘဝအား အကြောက်တရားများ၊ စိုးရိမ်သောကများ ရောပြွန်းကာ အသက်ရှင်နေထိုင်ခဲ့သည်။ ကွယ်လွန်သွားသော သူ၏ချစ်သူအတွက် မိုကျန်းယန်သည် ဆန့်ကျင်ဘက်လိင်နှင့်ဝေးရာတွင် နေခဲ့၏။ သူငယ်စဥ်ကတည်းကပင် အနီးအနားတွင် အသစ်သောအမျိုးသမီးများစွာရှိခဲ့သော်လည်း စည်းမကျော်ရဲခဲ့ပေ။ ထို့ကြောင့် သူသည် တစ်ဘဝလုံး မှဲ့တစ်ပေါက်မစွန်းသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ခဲ့ရသည်။ သူသည် ဤဂုဏ်သိက္ခာဖြင့် ဝမ်ယွဲ့အား တမလွန်တွင် တွေ့ချင်ခဲ့သော်လည်း အသက်ကြီးလှပြီဖြစ်သောသူ့အား ဤနည်းဖြင့် စွပ်စွဲကြလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဌာနမှူး ဇဝေဇဝါဖြစ်သွား၏။ အစက သူသည် မိုကျန်းယန်အား ဒေါသဖြစ်စေသောတရားခံမှာ ဤမိန်းကလေးဟု ထင်ခဲ့သော်လည်း ထိုသို့မဟုတ်ခဲ့ပေ။

သူသည် အလျင်အမြန်ပင် ကျောင်းသားအချို့အား အခေါ်လွှတ်ကာ မေးလိုက်တော့၏။

‘”ပြောစမ်း ဘာတွေဖြစ်နေတာလဲ?”

ကျောင်းသားများသည်လည်း ထိတ်လန့်အံ့အားသင့်နေ၏။ သူတို့၏မျက်နှာသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

ကျင်းယွင်ကျောင်းမျက်ခုံးများကိုပင့်လိုက်သည်။ သူမနှုတ်ခမ်းစွန်းတွင် ပြုံးယောင်သန်းနေသော်လည်း အနည်းငယ်ယုတ်မာဟန်ရှိနေလေ၏။ လူအုပ်ကြားထဲတွင် ဤအခြေအနေအား အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့သော ဟော်ထျန်းရှန်းနှင့် အခြားသူများသည် နှလုံးသားပေါက်ထွက်လုမတတ်ဖြစ်နေသည်။

“အဲဒါက...အဲဒါက ဟစ်တိုင်ပေါ်က ကောလဟာလကြောင့်...”

ယခင်က ကျောင်းသားဟစ်တိုင်ပေါ်တွင် ဓာတ်ပုံထဲရှိအဘိုးကြီး၏ကျောပြင်မှာ မိုကျန်းယန်နှင့်တူသည်ဟု ပြောကြသောလူများရှိသော်လည်း မိုကျန်းယန်ဟူသည်မှာ အဘယ်နည်း? ဘဝတစ်လျှောက်လုံး ဂုဏ်သိက္ခာစောင့်ထိန်းပြီး တည်ကြည်စွာနေလာခဲ့သောသူဖြစ်ပေသည်။ သူသည် အဘယ်သို့ ကျောင်းသားသစ်တစ်ဦးနှင့် တွဲနိုင်မည်နည်း?

ထို့ကြောင့် ဤသုံးသပ်ချက်အား မဖြစ်နိုင်သောအရာဟုသတ်မှတ်ကာ ဖယ်လိုက်ခဲ့ကြသည်။

“ကောလဟာလ? ဘာကောလဟာလလဲ? ဘာတွေဖြစ်နေကြတာလဲ?!”

မိုကျန်းယန်‌ဒေါသတကြီးဖြင့် ပြောလိုက်သည်။

သူသည် အင်တာနက်နှင့်ပတ်သတ်၍ စိတ်ဝင်စားမှုမရှိသော အဘိုးအိုတစ်ဦးဖြစ်ပြီး မိမိတို့ဖုန်းနှင့် ကွန်ပြူတာများကို တစိုက်မတ်မတ်ကြည့်နေတတ်သော ယနေ့ခေတ်ကလေးများ၏ အမူအကျင့်ကိုလည်း သဘောမကျလှပေ။ သူသည် လက်ရေးလှပညာရှင်တစ်ဦးဖြစ်သဖြင့် ဤအရာများကို အဘယ်သို့အာရုံစိုက်နိုင်မည်နည်း?

ထိုကျောင်းသား၏တင်ပြချက်ကြောင့် ဌာနမှူးနံဘေးမှလူတစ်ဦးသည် ချက်ချင်းပင် သွားရောက်စစ်ဆေးလိုက်သည်။ သူ၏ဖုန်းကိုစစ်လိုက်သောအခါ သူသည် ချွေးစေးများပြန်လာပေတော့သည်။

မိုကျန်းယန်မှာ သူတို့ကျောင်း၏ သက်ရှိဆိုင်းဘုတ်ဟုပင် တင်စားခေါ်ဝေါ်ရသော ကိုယ်စားပြုတစ်ဦးဖြစ်၏။ သူသာ ဒေါသအဟုန်ဖြင့် အလုပ်ထွက်လိုက်လျှင် A တက္ကသိုလ်သည် တရုတ်အမျိုးသားရေးရာနယ်ပယ်ရှိ ကျော်ကြားသောပုဂ္ဂိုလ်တစ်ဦးကို စော်ကားမိသလိုဖြစ်ပေမည်။ ကျောင်းသားများအတွက်လည်း ဆုံးရှုံးနစ်နာမှုကြီးတစ်ခုဖြစ်၏!

ဌာနမှူးသည် ထိုပို့စ်အား အချိန်အတော်ကြာစူးစိုက်ကြည့်ပြီး ကျင်းယွင်ကျောင်းအား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

“အဘိုးကြီးမို၊ ဒီကျောင်းသားတွေက အဓိပ္ပာယ်မရှိတာတွေ ပြောနေရုံသက်သက်ပဲ...”

“အဓိပ္ပာယ်မရှိတာ? ဒီအရေးမပါတဲ့ဓာတ်ပုံကြောင့်နဲ့ ပြောနေကြတယ်တဲ့လား? ဓာတ်ပုံကအစစ်ဆိုပေမယ့် ဒီကလေးတွေက အဲ့လောက်တောင် စာရိတ္တပျက်ပြားနေကြတာလား? ငါတို့က ကားတစ်စီးတည်းမှာ အတူထိုင်ခဲ့တယ်ဆိုတာနဲ့ပဲ ငါ့ကို သူ့စပွန်ဆာလို့ ပြောနေကြတယ်? သက်သေအထောက်အထားမရှိဘဲ ဇာတ်လမ်းတွေ လုပ်နေကြတာပဲ! ဒီကိစ္စကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးမှဖြစ်မယ်!”

“ပြီးတော့ ဒီကလေးက ငါ့တပည့်ပဲ၊ ငါမိုကျန်းယန်ရဲ့ ဘဝတစ်လျှောက်လုံးမှာ တပည့်ဆိုလို့ သူတစ်ယောက်ပဲ လက်ခံထားတာ!”

မိုကျန်းယန် ဆက်ပြောလိုက်၏။

ဤစကားများကြောင့် ထိုနေရာတွင်ရှိနေကြသောလူများအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။

မိုကျန်းယန်မှာ တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် မရေမတွက်နိုင်သော တပည့်ကျောင်းသားများစွာရှိ၏။ သို့ရာတွင် ယခုသူပြောသော တပည့်ရဲ့အဓိပ္ပာယ်မှာ ထိုတပည့်များနှင့် မတူညီပေ။

မိုကျန်းယန်သည် ယခင်က ကျောင်းသားများစွာကို လက်ခံခဲ့ပြီး သူကိုယ်တိုင်သင်ကြားပေးခဲ့၏။ သူသည် အလွန်အာရုံစိုက်ပေးခဲ့သော်လည်း သူ၏ကျောင်းသားများအတွက် မျှော်လင့်ချက်ကြီးမားစွာ ထားတတ်သူဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ငွေ၏သားကောင်မဖြစ်ဘဲ မနေနိုင်သောလူများစွာလည်း မရှိသည်ဖြစ်ရာ အဆုံးတွင် သူသည် သူ၏ကျောင်းသားအများစုကို တပည့်အဖြစ်လက်ခံရန်ငြင်းဆိုခဲ့ပြီး ဆရာတပည့်ဟောင်းဆက်ဆံရေးအဖြစ်သာ ချန်ခဲ့လိုက်သည်။

သို့သော် ယခုတွင် မိုကျန်းယန်ပြောသော တပည့်၏အဓိပ္ပာယ်မှာ လုံးဝကွာခြားနေပေပြီ။ ဤသည်မှာ ဘဝတစ်သက်စာခံမည့် ဆရာတပည့်ဆက်ဆံရေးဖြစ်ပြီး အနီးကပ်သင်ကြားမည့် သူ၏ကိုယ်ပိုင်တပည့်ဖြစ်၏။ သူတို့၏ဆက်ဆံရေးမှာ အခြားကျောင်းသားများကိုဆက်ဆံသည်ထက် ပိုမိုနီးကပ်ကာ အားကောင်းလေသည်။ ထို့အပြင် ကျင်းယွင်ကျောင်း၏အနာဂတ်မှာ သူနှင့်နီးကပ်စွာ သက်ဆိုင်နေသဖြင့် သူသည် ဤကိစ္စအတွက် ကြီးလေးသောတာဝန်ကို ယူထားရသည်ဟူသောသဘောဖြစ်သည်။

ဤတာဝန်နှင့်ပတ်သတ်၍ မည်သူကမှ အပြစ်ပြောစရာရှိပါပေ။ ထိုအစား ကျင်းယွင်ကျောင်းသည် ဤနေရာနှင့် မထိုက်တန်သောသူဟုသာ လူတိုင်းက ခံစားမိလိုက်ကြသည်!

Space and Rebirth 778

ထိုအခိုက်အတန့်တွင် လူတိုင်းနီးပါးသည် အံ့သြမှု၊ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသောအကြည့်ဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်ကြသည်...

မိုကျန်းယန်ကဲ့သို့ဆရာတစ်ဦးဖြင့်ဆိုလျှင် ကျင်းယွင်ကျောင်း၏အနာဂတ်သည် အခြားသူများထက် ပိုမိုအဆင်ပြေချောမွေ့မည်မှာ သေချာပေသည်။ ထို့အပြင် မိုကျန်းယန်မှာ ပါရမီရှင်အစစ်ဖြစ်၏။ သူ၏ပညာသည် သူတို့ကဲ့သို့ကျောင်းသားများအတွက် အလွန်အရေးကြီးပေသည်။ မည်သူကမှ မိုကျန်းယန်၏ပညာအမွေကို မဆက်ခံနိုင်ခဲ့‌သော်လည်း ယခုမူ ကျင်းယွင်ကျောင်းတွင် ထိုရပိုင်ခွင့်ရှိနေလေပြီ။

“ဒါပေမယ့် ပရော်ဖက်ဆာမို...သူကတရုတ်အမျိုးသားရေးရာဌာနက ကျောင်းသားဟုတ်လို့လား?”

လူအုပ်ထဲမှတစ်ယောက်က ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။ ထိုစကားကိုကြားလိုက်သောအခါမှသာ လူတိုင်းသည် ဖြစ်ပျက်နေသောအခြေအနေကို နားလည်သွားလေ၏။

လွန်ခဲ့သောနှစ်ရက်အတွင်းတွင် ကျင်းယွင်ကျောင်းသည် အလွန်ပင်နာမည်ကြီးသွားခဲ့၏။ သူမတက်ရောက်နေသောမေဂျာနှင့်ပတ်သတ်၍ အပြင်လူများသည် သိကျွမ်းနားလည်ထားကြသော်လည်း အစောပိုင်းက သူတို့သည် အံ့အားသင့်နေခဲ့သဖြင့် မစဥ်းစားမိခဲ့ချေ။ သို့သော် ယခုတွင် တစ်စုံတစ်ဦးမှ ပါးစပ်ဖွင့်ပြီး သတိပေးလိုက်သောအခါ မိုကျန်းယန်၏လုပ်ရပ်များကို အားလုံးကနားမလည်နိုင်ဖြစ်သွားကြတော့သည်။

သူသာ တပည့်တစ်ဦးခေါ်ယူလိုလျှင် တရုတ်အမျိုးသားရေးရာဌာနမှ ကျောင်းသားတစ်ဦးကို ရွေးချယ်နိုင်ပေသည်။ သူသည် သာမန်ကျောင်းသားများအား အားရကျေနပ်မှုမရှိနိုင်သော်လည်း ဘွဲ့လွန်ကျောင်းသားများ၊ မာစတာကျောင်းသားများ၊ ပါရဂူဘွဲ့သင်ကျောင်းသားများလည်း ရှိသေးသည်မဟုတ်လော? ထိုလူအများစုသည် မိုကျန်းယန်နှင့်ပတ်သတ်၍ ဆည်းပူးလေ့လာချင်သူများသာဖြစ်သည်။ သူတို့အား အဘယ်ကြောင့်မရွေးရသနည်း?

တရုတ်အမျိုးသားရေးရာဌာနမှ မည်သူမဆို အဆင်ပြေပေလိမ့်မည်။ သို့ရာတွင် အဘယ်ကြောင့်....သူနှင့်လုံးဝမဆက်စပ်သောကျောင်းသားတစ်ဦးကို ရွေးချယ်ခဲ့ရသနည်း?

ထို့အပြင် ကျင်းယွင်ကျောင်း၏မေဂျာမှာ စီးပွားရေးစီမံခန့်ခွဲမှုပညာဖြစ်သည်။ သူမသည် အနာဂတ်တွင် သေချာပေါက် စီးပွားရေးလောကသို့ဝင်မည့်သူဖြစ်လေသည်။ မိုကျန်းယန်မှာ စီးပွားရေးသမားများကို အမုန်းဆုံးဖြစ်ကြောင်း လူတိုင်းသိထား၏။

“အမျိုးသားရေးဌာနက မဟုတ်တော့ရော ဘာဖြစ်လဲ? ဒီမိန်းကလေးက နိုင်ငံခြားသားလည်းမဟုတ်ဘူး ငါ့ဆီကနေတရုတ်ရိုးရာပညာတွေကိုသင်တာ ဘာများမှားလို့လဲ?”

မိုကျန်းယန်၏မျက်နှာသည် မကျေမနပ်ဖြစ်ဟန်များဖြင့် ပြည့်နေ၏။ သူ၏ဒေါသသည် လုံးဝကွယ်ပျောက်မသွားသေးချေ။ သူဆက်ပြောလိုက်၏။

“ဌာနမှူး၊ ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ?”

ဤသည်မှာ သူ၏ဂုဏ်သိက္ခာအတွက် အလွန်အထိနာစေသောဖြစ်ရပ်ဖြစ်၏။

ပို့စ်ထဲတွင် ပုံတစ်ပုံသာတင်ထားသည်။ ထိုပုံအရ ကျင်းယွင်ကျောင်းနှင့် မိုကျန်းယန်သည် အမှန်တကယ်ပင် ကားပေါ်မှ အတူတကွဆင်းခဲ့ကြသော်လည်း ထိတွေ့မှုစိုးစဥ်းမျှပင်မရှိခဲ့ချေ။ ယခင်က ပို့စ်အောက်မှ ကောမန့်များထဲတွင် လူတိုင်း၏ကနဦးအမြင်မှာ အပြင်းထန်ဆုံးဖြစ်နေခဲ့သော်လည်း ယခုမူ စဥ်းစားကြည့်လိုက်သောအခါ အဘိုးကြီးအပေါ် ကျင်းယွင်ကျောင်း၏ပြုမူပြောဆိုပုံသည် ကြည့်လိုက်သည်နှင့် လေးစားမှု၊ ယဥ်ကျေးမှုများဖြင့် ပြည့်နေကြောင်း သိသာလှ၏။ ယုံမှားသံသယဖြစ်စရာ အနည်းငယ်မျှပင် မရှိချေ။

ကျောင်းသားများမှာ အနည်းနှင့်အများ အတင်းပြောတတ်ကြပြီး မကောင်းမှုအား မိမိတို့၏ကိုယ်ပိုင်ရန်သူအဖြစ် သဘောထားကာ မုန်းတီးကြလေသည်။ အစက သူတို့သည် လူတစ်ဦးမကောင်းမှုကျူးလွန်နေသည်ကို မိမိတို့မျက်လုံးဖြင့် မြင်တွေ့လိုက်ရသောကြောင့် ၎င်းအား အမှန်တရားဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့်လည်း ကျင်းယွင်ကျောင်းသည် A တက္ကသိုလ်၏မျက်နှာ၊ အမျိုးသမီးများ၏မျက်နှာကို အိုးမည်းသုတ်နေသူတစ်ဦးဟု ခံစားမိခဲ့လေသည်။ သို့သော် ယခုတွင်...သူတို့၌ပြောစရာစကားမရှိတော့ချေ။

သူတို့သည် အနည်းငယ်ပင် မလုံမလဲဖြစ်သွားကြ၏။

ဤအချိန်တွင် ဌာနမှူး၏ဒေါသသည်လည်း မသေးချေ။

မိုကျန်းယန်မှာ ဖြောင့်မတ်တည်ကြည်သောသူဖြစ်၏။ နှစ်ပေါင်းများစွာတစ်လျှောက် သူ၏အောင်မြင်မှုများသည် သူတို့၏ကျောင်းတော်အတွက် ဂုဏ်သရေများကို ဆောင်ကြဥ်းပေးခဲ့သည်။ ကျောင်းဘက်မှ သူ့အားချီးကျူး၍ပင်မဝသေးချိန်တွင် သူ၏ဂုဏ်သိက္ခာအား စွန်းထင်းစေသောကိစ္စရပ်မျိုး အဘယ်သို့လုပ်နိုင်မည်နည်း? ထို့အပြင် ဤတစ်ခေါက်တွင် သူသည် သူ၏ကျောင်းသားများအရှေ့၌ ဝေဖန်ခံခဲ့ရသည်။ ဤသတင်းသာပျံ့နှံ့သွားလျှင် A တက္ကသိုလ်သည် လူတိုင်း၏လှောင်ပြောင်ကဲ့ရဲ့စရာဖြစ်သွားတော့မည်။

ထိုမျှမက အနာဂတ်တွင် မိမိတို့ကျောင်းသားများနှင့် တရင်းတနှီးဆက်ဆံရဲသောဆရာများ ရှိနိုင်တော့မည်လော?

ဆရာတပည့်ဆက်ဆံရေး၊ လူကြီးနှင့် လူငယ်ကြားမှဆက်ဆံရေးသည် အပြင်လူများ၏မျက်လုံးထဲတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်ပေတော့မည်။ ပညာအမွေပေးနေသည်မှာ သိသာသော်လည်း အဆုံးတွင် သူတို့သည် ရွံရှာဖွယ်ကောင်းသောလူများအဖြစ် အထင်လွဲမှားခံရပေ၏။ စာရိတ္တတရားများ မရှိကြတော့သလော?

“နည်းပညာဌာနကို ဒီကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းခိုင်းလိုက်၊ ဒီပို့စ်ကိုဘယ်သူတင်လဲဆိုတာ ငါတို့ရှာမှဖြစ်မယ် ပြီးတော့ ပို့စ်ထဲမှာ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ထားတဲ့သူတွေအားလုံးကို စာရင်းလုပ်ထားလိုက်!”

ဌာနမှူးမှ ရုတ်ချည်းဆိုသလို ပြောလိုက်သည်။

သူပြောလိုက်သည်နှင့် အားလုံးထိတ်လန့်တုန်လှုပ်သွားတော့သည်။

သို့ရာတွင် ယခုနောက်ကျသွားချေပြီ။ ပို့စ်အား ဖျက်လိုက်လျှင်ပင် လက်စလက်နများကျန်ရစ်ဦးမည်ဖြစ်သဖြင့် အနှောင့်အသွားမရှိဘဲ စုံစမ်းနိုင်ပေသေးသည်။

ချက်ချင်းဆိုသလိုပင် ကျောင်းသားများအားလုံး ထိတ်ထိတ်ပျာပျာဖြစ်သွားကြပြီး မလုံမလဲဖြစ်သောစိတ်ကို ခံစားလိုက်ရ၏။

ဤပို့စ်အောက်တွင် ရာထောင်ချီသောကောမန့်များရှိနေ၏။ ၎င်းတို့အထဲတွင် ကျင်းယွင်ကျောင်းအား ပြစ်ပြစ်နှစ်နှစ်ဆဲရေးထားသော ကီးဘုတ်ဖိုက်တာအချို့လည်းရှိပေသည်။ အချို့လူများဆိုလျှင် အတန်းထဲတွင် ထိုကောမန့်များအား လိုက်လံဖတ်ရှုနေကြသေး၏။ ယခုတွင် တင်းကြပ်သောစုံစမ်းရေး လုပ်ဆောင်နေပြီဖြစ်သဖြင့် ပြစ်ဒဏ်ခံရမည့်လူအရေအတွက်မှာ သေးငယ်မည်မဟုတ်ချေ။

Space and Rebirth 779

လူတိုင်းသည် အနည်းငယ်ဇဝေဇဝါဖြစ်နေကြ၏။ ဤသို့သောအခြေအနေမျိုးထိ ဖြစ်မည်ဟု မထင်မှတ်ခဲ့ကြချေ။ ကျင်းယွင်ကျောင်းသည် လူအုပ်ကြီးအားဝေ့ကြည့်ရင်း သူမနှုတ်ခမ်းစွန်းများ အနည်းငယ်ကွေးတက်သွားလေသည်။ သူမမျက်လုံးထဲတွင် ရက်စက်ပြီး အထင်သေးဟန်ရှိသော အပြုံးရိပ်တစ်ခုက သန်းနေ၏။

“ဆရာ၊ ပြပွဲကမပြီးသေးဘူး ပြီးတော့ ကျောင်းသားတွေကြိုးစားထားတဲ့လက်ရာပဲဟာ”

သူမ၏အေးစက်သောအသံကြောင့် လူတိုင်းရင်တုန်သွားကြသည်။ မည်သို့ပြောရမည်ကို မသိကြတော့ချေ။

ဤစကားမှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု သူတို့ခံစားနေရသည်။ ဘယ်နေရာမှလာမှန်းမသိသော ဖိအားတစ်ခုသည် သူတို့အနီးတစ်ဝိုက်တွင် ပျံ့နှံ့လာသလိုပင်။

ထိုအချိန်တွင် မိုကျန်းယန်သည် ဒေါသမပေါက်ကွဲရသေးသော်လည်း ကျင်းယွင်ကျောင်းစကားများကိုကြားလိုက်သောအခါ မျက်မှောင်ကြုတ်ပြီး ဟမ့်ခနဲအသံပြုလိုက်၏။

“ကောင်းပြီလေ ဆက်ကြည့်ကြတာပေါ့!”

မိုကျန်းယန်မှာ တုံးအသူမဟုတ်ပေ။ သူသည် ကျင်းယွင်ကျောင်း၏အသုံးချခြင်းအား ခံနေရသည်ကို သိသော်လည်း ကျင်းယွင်ကျောင်း၏လုပ်ရပ်မှာ မှားသည်ဟု မမြင်ပါချေ။ ထိုအစား သူသည် အခြားသူများကိုသာ ဒေါသထွက်မိ၏။ ကျင်းယွင်ကျောင်း၏ပါးနပ်မှုကို သူအကောင်းမြင်လေသည်။ သူမသည် အသင့်တော်ဆုံးအချိန်တွင် သူ့အား လူရှေ့သို့ခေါ်လာခဲ့ပြီး တစ်ချက်တည်းဖြင့် သူ့အား စကားစရှာမရအောင်လုပ်နိုင်၏။ ထိုသို့မဟုတ်ဘဲ စိတ်နုသောမိန်းကလေးတစ်ဦးဖြစ်နေလျှင် လူတိုင်းက အနိုင်ကျင့်ရသော လမ်းဘေးကြွက်စုတ်လေးတစ်‌ကောင်ဖြစ်သွားမည်မှာ သေချာပေသည်။

သူသည်လည်း သူ့ဒေါသမာနနှင့်သူရှိသည်။ ထို့ကြောင့် သူ၏ကျောင်းသားများကိုလည်း အခြားသူများ၏အနိုင်ကျင့်ခြင်းကိုမခံသော ရဲဝင့်သည့်သူများဖြစ်စေလိုပေသည်။ ထို့အပြင် ဤကိစ္စမှာ အမှန်တကယ်ပင် သူနှင့်သက်ဆိုင်နေ၏။ သူကိုယ်တိုင်ရှေ့ထွက်ပြီး ဖြေရှင်းသည်ကမှ မှန်ကန်သောလုပ်ရပ်ဖြစ်ပေမည်။

ကျင်းယွင်ကျောင်းသည် မိုကျန်းယန်ဘေးတွင် ငြိမ်သက်စွာနေနေ၏။ အစောပိုင်းကဖြစ်ပျက်ခဲ့သောအရာများကို သူမမေ့လျော့သွားသည့်အတိုင်းပင်။ သူမမျက်လုံးများသည် လက်ရာမြောက်သောပန်းချီကားများထဲသို့ နစ်မြောစီးဝင်နေသည်။

သူမသည် တရုတ်ရိုးရာပန်းချီကို သင်ယူသည်မှာ နှစ်ရက်၊ သုံးရက်သာရှိသေးသည်။ သူမသည် စာရွက်၊ စုတ်တံတို့နှင့်ပတ်သတ်သော အခြေခံပညာနှင့် သမိုင်းကြောင်းအချို့ကို သင်ယူခဲ့ပြီးဖြစ်သော်လည်း ဆွဲရေးပြီးသားပန်းချီကားများကို ပိုစိတ်ဝင်စားကာ စိတ်ရင်းမှန်ဖြင့် ၎င်းတို့အား ရှုစားအကဲခတ်နေလေ၏။

သို့ရာတွင် မိုကျန်းယန်အပြင် သူမနံဘေး၌ ဌာနမှူးနှင့် အခြားသောကျောင်းခေါင်းဆောင်များလည်း ရှိသေးသည်။

သို့တိုင်အောင် သူမသည် ၎င်းကို နည်းနည်းမှဂရုမစိုက်ချေ။ သူမလုပ်ချင်သောအရာကို လုပ်နေပြီး အနားတွင်မည်သူမှမရှိသကဲ့သို့ ပန်းချီကားများကို ရှုစားနေ၏။

ဤအရာကိုတွေ့လိုက်သောအခါ ဌာနမှူးသည် အနည်းငယ်အံ့အားသင့်သွားသည်။ ကျင်းယွင်ကျောင်းအား မြင်ဖူးနေကြောင်း သူသတိရသွားတော့၏။ ခဏအကြာတွင် သူမေးလိုက်သည်။

“ဒီမိန်းကလေးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းတွေရခဲ့တဲ့ကျောင်းသူမှတ်လား?”

သူသည် ကျောင်းဝင်ခွင့်နှင့်ပတ်သတ်၍ အာရုံများစွာစိုက်ခဲ့လေသည်။ နှစ်စဥ်နှစ်တိုင်း သူသည် ပါရမီရှင်အသစ်များကို သတိပြုအာရုံစိုက်လေ့ရှိသည်။ ဤနှစ်တွင် သူ၏မျက်စိကိုအဖမ်းစားနိုင်ဆုံးသူမှာ အမှတ်ပြည့်နီးပါးရခဲ့သည့် နယ်မြို့လေးမှကလေးတစ်ဦးဖြစ်သည်။ ဤကလေးအား သွားရောက်စကားပြောရန် ကျောင်းဘက်မှ လူတစ်ဦးပင်လွှတ်ခဲ့သော်ငြား သူမသည် သူတို့အား လုံးဝမတွေ့ဆုံခဲ့ချေ။ ထို့ကြောင့် သူမအား အခြားကျောင်းတစ်ကျောင်းမှ လုသွားပြီဟု သူထင်လိုက်သော်လည်း သူမသည် မိမိတို့ကျောင်းအားဝင်ခွင့်လျှောက်လွှာတင်သည်ကို မြင်လိုက်ရသောအခါ အလွန်ပင်အံ့အားသင့်သွားခဲ့၏။

သူမကျောင်းထဲသို့ဝင်ချိန်တွင် ကျောင်းဘက်မှ သူမအားဆက်သွယ်ပြီး သူမအား လူသိရှင်ကြားပွဲထုတ်ရန် ကမ်းလှမ်းခဲ့သော်လည်း ကမ်းလှမ်းချက်များအားလုံးကို သူမငြင်းဆိုခဲ့သည်။ သူမအားကြိုဆိုသော ကြော်ငြာစာတန်းတစ်ခုပင် မရှိခဲ့ချေ။ ဤသတင်းများကို ဖတ်ထားသောကြောင့်သာ သူသည် ဤကျောင်းသူနှင့်ပတ်သတ်၍ မှတ်မိနေခြင်းဖြစ်သည်။

မိုကျန်းယန်သည် ခေတ္တမျှကြောင်အမ်းသွားသည်။

“ငါသူ့စာမေးပွဲအမှတ်တွေကို မမေးဖူးဘူး သေချာလည်းသွားမစစ်ဖူးဘူး”

သူသာ တပည့်တစ်ဦးခေါ်ယူလိုလျှင် ဤအတိုင်းသာ ခေါ်ယူလိုက်ပေမည်။ သူမရခဲ့သောတက္ကသိုလ်ဝင်ခွင့်ရမှတ်ကို အဘယ်သို့ဂရုစိုက်ရမည်နည်း?

ဌာနမှူးနင်သွားပြီး မိုကျန်းယန်ပြောသောစကားကြောင့် ဆွံ့အသွား၏။

“ကျင်းယွင်ကျောင်း၊ မင်းက ဒီနှစ် ယန်ခရိုင်မှာ တက္ကသိုလ်ဝင်ခွင့်အမှတ်အများဆုံးမှတ်လား?”

ဌာနမှူးမှ အတည်ပြုစစ်ဆေးလိုက်သည်။

ဤနာမည်နှင့် ဤအသွင်အပြင်ကို သူကြားဖူးနားဝရှိနေသဖြင့် မှားနိုင်စရာမရှိချေ။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ်”

ထင်ထားသည့်အတိုင်းပင် ဌာနမှူးအနည်းငယ်အံ့သြသွားသည်။

“ဒါကြောင့်ကိုး...အဘိုးကြီးမို၊ ဒီကလေးက တကယ်ပါရမီရှင်ပဲ တရုတ်စာပေကလွဲလို့ တခြားဘာသာရပ်တွေအားလုံးမှာ အမှတ်ပြည့်ရခဲ့တယ်လေ၊ အဲဒါအပြင် တရုတ်စာမှာ အမှတ်လျှော့ထားတာကလည်း လုပ်ရိုးလုပ်စဥ်အရ လျှော့ရုံပဲ မင်းလည်းသိတာပဲ အဲဒီတစ်မှတ်က ပညာလိုက်စားတဲ့နေရာမှာ အဆုံးမရှိကြောင်း၊ အမြဲတမ်းတိုးတက်အောင်လုပ်ဖို့ နေရာရှိကြောင်း ကျောင်းသားတွေကို ပြောပြပေးတဲ့ တစ်မှတ်ပဲလေ”

အမှတ်ပြည့်မပြောနှင့်၊ အမှတ်ပြည့်အားကျော်လျှင်ပင် အဆင်ပြေလိမ့်မည်။

ဤကလေးသည် အထက်တန်းကျောင်းကတည်းကပင် ကောင်းမှုများလုပ်ခဲ့ကြောင်း သူစစ်ဆေးသိရှိနှင့်ပြီးဖြစ်သည်။ အစက သူမအား အမှတ်ပြည့်ပေးရန် စီစဥ်ထားကြသော်လည်း သူမသည် အမှတ်မြင့်မားလွန်းသောကြောင့် ပြည်နယ်အစိုးရမှ သူမ၏အမှတ်များအား ပေါင်းထည့်ရန်နေရာမရှိတော့သဖြင့် ဤကိစ္စအား လက်လွှတ်လိုက်လေသည်။

Space and Rebirth 780

အစက ဆရာမိုသည် တပည့်မှားခေါ်မိသည်ဟု တွေးနေခဲ့သော်လည်း ယခုမူ ထိုသို့မတွေးတော့ချေ။

သူမသည် အလွန်ငယ်ရွယ်သေးသော်ငြား ပညာအရည်အချင်းထူးချွန်ရုံမက သူရဲကောင်းလုပ်ရပ်များစွာကိုလည်း လုပ်ဆောင်ခဲ့ပေသည်။ သူမသည် အကျင့်စာရိတ္တလည်းကောင်းပြီး ဉာဏ်ရည်လည်းမြင့်မားသဖြင့် ကြိုးစားအားထုတ်ကာ ပျိုး‌ထောင်ပေးရမည့်ကျောင်းသူတစ်ဦးဖြစ်လေသည်။

မိုကျန်းယန် ထိတ်လန့်အံ့အားသင့်သွားတော့သည်။ အံ့အားသင့်ပြီးနောက်တွင် သူ၏ရင်ထဲ၌ ဂုဏ်ယူသောစိတ်တစ်ခုက တဖွားဖွားပေါ်ပေါက်လာတော့၏။

“ငါကတော့ သူ့အရည်အချင်းကို သဘောကျသွားပြီ”

ကျင်းယွင်ကျောင်းစိတ်မဝင်စားချေ။ သူမစိတ်ထဲတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသည်မှာ ကြာချေပြီ။ ယခု သူမသင်ယူလေ့လာနေသောအရာများအားလုံးမှာ အသစ်အဆန်းများဖြစ်၏။ အတိတ်မှ အောင်မြင်မှုများကို စားမြုံ့ပြန်၍ အကျိုးမရှိပါပေ။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းဖြတ်သွားတိုင်း သူမအနီးရှိလူများသည် အလိုအလျောက် သူမအတွက် လမ်းဖယ်ပေးကြတော့၏။ ခံစားချက်မျိုးစုံရောထွေးနေသာမျက်နှာဖြင့် သူမအားကြည့်နေကြပြီး အချို့ဆိုလျှင် အနည်းငယ်ထိတ်လန့်တုန်လှုပ်နေဟန်ပါရှိကြသည်။ သူမအနီးအနားရှိ လူများအားလုံးမှာ ကျောင်း၏နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သောကြောင့်ဖြစ်သည်။ သာမန်ကျောင်းသားများဆိုလျှင် ထိုလူများရှေ့မှောက်တွင် အနည်းနှင့်အများဆိုသလို ကြောက်ရွံ့တုန်လှုပ်ကြပေမည်။ မည်သူက သူမကဲ့သို့ နေရဲမည်နည်း?

ခဏအကြာတွင် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးကို ကျင်းယွင်ကျောင်းမြင်လိုက်၏။ သူမသည် လက်ကိုဝှေ့ယမ်းကာ သူတို့အား လာခိုင်းလိုက်သည်။ ဟော်ထျန်းရှန်းမှာ ခါတိုင်းထက် စိတ်လှုပ်ရှားနေလေသည်။ သူမ၏ လေးနက်တည်ကြည်ပြီး ရိုကျိုးနေသောပုံစံအားမြင်ရသည်မှာ ရှားပါးလှ၏။ ပြပွဲပြီးခါနီးတွင် ဟော်ထျန်းရှန်းသည် အရဲစွန့်ကာ မိုကျန်းယန်နှင့်သူမအတူရပ်နေသည့်ပုံအား ဓာတ်ပုံရိုက်ပေးရန် ကျင်းယွင်ကျောင်းအား တောင်းဆိုလိုက်၏။

မိုကျန်းယန်မှာ စိတ်ဆတ်သောသူဖြစ်သော်လည်း လူမှုရေးမသိသောအဘိုးကြီးတစ်ဦးမဟုတ်ပေ။ အနည်းဆုံးအနေဖြင့် အဘိုးရှုထက် များစွာသာပေ၏။ ထို့ကြောင့် ဟော်ထျန်းရှန်း၏ဖခင်မှာ သူ၏ပန်းချီကားများကို စုဆောင်းတတ်သူဖြစ်ကြောင်း သိသောအခါ သူသည် အလွန်ပင်လိုက်လျောပေးလေသည်။

“ငါကစီးပွားရေးသမားတွေကို မကြိုက်ဘူးဆိုပေမယ့် ဒီကမ္ဘာက စီးပွားရေးသမားတွေမရှိရင် လည်ပတ်နိုင်မှာမဟုတ်ဘူးဆိုတာတော့ ဝန်ခံရမယ်၊ မင်းအဖေက ငါ့ပန်းချီကားတွေကို စုတတ်တယ်ဆိုတော့ ပရဟိတလေလံပွဲတွေမှာ ပါတတ်ပြီး အလှူအတန်းလုပ်တတ်တဲ့သူပဲဖြစ်ရမယ်”

မိုကျန်းယန်ပြောလိုက်၏။

သူသည် စီးပွားရေးသမားများကို မကြိုက်သော်လည်း သူအဓိကမကြိုက်သောသူမှာ တစ်ပါးသူများအား အမြတ်ထုတ်သူများဖြစ်၏။ သို့ရာတွင် အချို့စီးပွားရေးသမားများသည် ကမ္ဘာကြီးအတွက် များစွာလုပ်ဆောင်ပေးနိုင်ကြောင်းကိုမူ ဝန်ခံရပေမည်။ လူများစွာအား ကယ်တင်ပေးနိုင်ပြီး သဘောထားကြီးသောစီးပွားရေးသမားများစွာလည်းရှိကြ၏။

မိုကျန်းယန်၏ချီးကျူးစကားကို ကြားလိုက်ရပြီးနောက် ဟော်ထျန်းရှန်းမျက်လုံးများ ဝင်းလက်သွားသည်။ သူမသည် လိမ္မာရေးခြားရှိသောကလေးတစ်ဦးနှင့် တူနေတော့၏။

ဌာနမှူးဖြစ်သူသည် ဟော်ထျန်းရှန်း၏ဖခင်နှင့် သိကျွမ်းသဖြင့် သူမအား အထူးဂရုစိုက်လေ၏။ ဖြစ်နိုင်လျှင် ဟော်ထျန်းရှန်း၏ စီးပွားရေးလုပ်ငန်းရှင်ဖခင်အား ကျောင်းတွင် မိန့်ခွန်းပေးရန် ဖိတ်ခေါ်ချင်သည်ဟုပင် ပြောလိုက်လေသည်။

သူမ၏မိဘများမှာ မိန့်ခွန်းပြောရာ၌ စိတ်မဝင်စားကြောင်း ဟော်ထျန်းရှန်းသိထားသော်လည်း ဌာနမှူးစကားအား မငြင်းဆန်ဘဲ ယဥ်ကျေးသောစကားအချို့ကိုသာ ပြန်ပြောလိုက်လေသည်။ သူမသည် ကျောင်းသူတစ်ဦးနှင့်မတူဘဲ လူမှုရေးပွဲမျိုးစုံ၌ ကြီးပြင်းခဲ့သောအမျိုးသမီးတစ်ဦးနှင့် တူနေတော့သည်။ ထိုအချိန်တွင် သူမသည် ကျောင်းနှင့်အံဝင်ခွင်ကျမဖြစ်သော စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး၏ လေသံနှင့်စရိုက်အသွင်အပြင်မျိုး ရှိနေလေသည်။

အပြင်ပန်းအရ အေးချမ်းသောပြပွဲပြီးဆုံးသွားသည်နှင့် အလွန်တုန်လှုပ်ဖွယ်လုပ်ငန်းစဥ်တစ်ခု စတင်တော့သည်။

နည်းပညာဌာနသည် ဖြစ်ပျက်ခဲ့သောကိစ္စအား စုံစမ်းနေဆဲဖြစ်၏။ ဤပို့စ်အားတင်ခဲ့သူမှာ မည်သူဖြစ်ကြောင်း သူတို့သိနေသော်လည်း စိတ်အားထက်သန်သောကောမန့်များစွာရှိနေသဖြင့် သူတို့သည် အနည်းငယ်အကြပ်ရိုက်နေရတော့သည်။

နေ့လယ်ခင်းအတန်းချိန်အပြီးတွင် ကျိုးမေ့ကျွန်းသည် တံခါးဝ၌ပေါ်လာခဲ့သည်။

“ကျင်းယွင်ကျောင်း၊ ငါတမင်လုပ်တာမဟုတ်ဘူး”

ကျင်းယွင်ကျောင်းထွက်လာသည်နှင့် ကျိုးမေ့ကျွန်းပြောလိုက်၏။

“မိန်းကလေးကျိုး၊ နင်ဘာပြောနေလဲဆိုတာ ငါမသိဘူး”

ကျင်းယွင်ကျောင်းသည် အဖြေကိုသိလျက်ဖြင့်ပင် ပြန်မေးလိုက်၏။

“နင်သိပြီးသားလေ! ဟိုပို့စ်က...ငါတင်ထားတာဆိုပေမယ့် အဲ့တုန်းက ပရော်ဖက်ဆာမိုမှန်း ငါမသိခဲ့ဘူး! ပြီးတော့ ငါပို့စ်တင်မယ်လို့ နင့်ကိုပြောခဲ့တုန်းက နင်ဘာလို့ငါ့ကိုအမှန်အတိုင်းမပြောခဲ့တာလဲ? ကိစ္စတွေဒီလောက်အကြီးအကျယ်ဖြစ်သွားတာ နင့်မှာလည်းတာဝန်ရှိတယ်!”

ကျိုးမေ့ကျွန်း ပြာပြာသလဲဖြင့် ပြောလိုက်တော့၏။ သူမမျက်လုံးများ နီမြန်းနေသည်။

သူမသည် နေ့လယ်က ပြပွဲနေရာတွင် ရှိမနေခဲ့ချေ။ သူမအဆောင်သို့ရောက်မှသာ ကြားလိုက်ရခြင်းဖြစ်၏။ ကျင်းယွင်ကျောင်းသည် တရုတ်အမျိုးသားရေးရာဌာနမှ နာမည်ကြီးပရော်ဖက်ဆာမို၏ တပည့်ဖြစ်ကြောင်း လူအများက ပြောနေကြသည်။ ပရော်ဖက်ဆာမိုမှာ ကျောင်းတွင် အလွန်သြဇာအာဏာရှိသူဖြစ်ပြီး ကောလဟာလလွှင့်သူများကို ဌာနမှူးကိုယ်တိုင်က အပြစ်ပေးမည်ဟု သူမသတင်းကြားလိုက်လေသည်။

ထိုအချိန်တွင် သူမသည် ထိတ်ထိတ်ပျာပျာဖြစ်သွားတော့၏။

သူမအတွက် A တက္ကသိုလ်သို့ဝင်ခွင့်ရသည်မှာ မလွယ်ကူခဲ့ချေ။ A တက္ကသိုလ်သို့ဝင်ခွင့်ရသောကြောင့် သူမမိခင်နှင့် သူမ၏ပထွေးဖြစ်သူသည် သူမအတွက် အမြဲတစေဂုဏ်ယူနေခဲ့ရ၏။ ကျောင်းမှသူမအား အပြစ်ပေးခြင်း သို့မဟုတ် ကျောင်းထုတ်ခြင်းများ လုပ်ဆောင်ပါက သူမမျက်နှာပျက်စရာဖြစ်ရချေတော့မည်။

All Chapters