← Chapters

အခန်း (၇၈၁-၇၈၄)

Vol. 40 Ch. 781-784

အခန်း (၇၈၁-၇၈၄)

Vol. 40 Ch. 781-784

Space and Rebirth 781

ကျိုးမေ့ကျွန်းသည် သနားစရာသတ္တဝါလေးတစ်‌ကောင်ကဲ့သို့ ပြာပြာသလဲဖြစ်နေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်း ဆက်လက်ဖိအားပေးလိုက်၏။

“ပရော်ဖက်ဆာမိုပါလို့ ငါကဘာလို့နင့်ကိုပြောပြရမှာလဲ? ဒါကောင်းတာပဲမဟုတ်ဘူးလား?”

ကျိုးမေ့ကျွန်း နှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသည်။

“အဲ့ပုံတွေကို ငါတင်မယ်ဆိုတာ နင်သိနေပြီးသားမဟုတ်လား?!”

ကျိုးမေ့ကျွန်း အာမေဋိတ်သံပြုလိုက်သောအခါ ကျင်းယွင်ကျောင်းလှောင်ရယ်ရယ်လိုက်၏။

“ငါကအကြားအမြင်ဆရာမှမဟုတ်တာ နင့်ဘာသာနင် ဒရမ်မာဆန်ဆန်တင်လိုက်ဖို့ ရွေးချယ်လိုက်တာပဲ မဟုတ်ဘူးလား? နင်ကမဆိုးဘူးပဲ”

ကျိုးမေ့ကျွန်းသည် အရေးမပါလှသောသက်သေအနေဖြင့် ထိုဓာတ်ပုံများကိုရိုက်လိုက်ကြောင်း သူမသိလိုက်စဥ်တွင် လုံးလုံးဂရုမစိုက်ခဲ့ချေ။ ကျိုးမေ့ကျွန်းဘာသာ ၎င်းတို့အားတင်ပြီး ဂယက်ဖြစ်အောင်လုပ်လုပ်၊ မလုပ်လုပ် အဆုံးတွင် နာကျင်ရမည့်သူမှာ သူမ ကျင်းယွင်ကျောင်းမဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမသိပ်အာရုံမထားခဲ့ပေ။ သို့သော် ကျိုးမေ့ကျွန်းမှာ သူမစိတ်ကူးထားသည်ထက် များစွာပိုရဲတင်းပေ၏။ ဤမျှလောက် မျက်စိစပါးမွေးစူးစရာ သတင်းခေါင်းစီးကို အသုံးပြုလောက်သည်ထိ အတင့်ရဲခဲ့ပေသည်။

“ကျင်းယွင်ကျောင်း၊ ဒီတစ်ခေါက်တော့ ငါ့ကိုလွှတ်ပေးပါဟာ၊ ငါဒီတစ်ခေါက်မှားပါတယ် နင့်ကိုလည်းတောင်းပန်ပါမယ် နင်ကပရော်ဖက်ဆာမိုရဲ့တပည့်ဆိုတော့ ဒီကိစ္စကိုဒီမှာပဲပြီးပေးဖို့ သူ့ကိုပြောပေးလို့ရမလား? နင်လိုချင်ရင် ငါပိုက်ဆံပေးလို့လည်းရတယ် နင်လိုချင်သမျှရအောင် ငါအတတ်နိုင်ဆုံးကူညီပေးမယ်...”

ဤအခိုက်အတန့်တွင် သူမ၏မော်ကြွားသောမျက်နှာကို အောက်ကျို့ရုံမှအပ အခြားရွေးချယ်စရာမရှိပေ။ သူမသည် အလွန်အမင်းအရှက်ခွဲခံထားရသည့်အတိုင်း သူမလက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်နေ၏။ ကျင်းယွင်ကျောင်းညင်သာစွာ ပြုံးလိုက်သည်။

“ငါ့ကိုအဲ့လိုလူစားမျိုးလို့ထင်နေတာလား?”

သူမအားလွှတ်ရမည်? ဤစကားလုံးများမှာ ဖြစ်နိုင်ချေမရှိသောအရာများဖြစ်သည်မက အတန်ငယ်ရယ်ချင်စရာလည်းကောင်းပေသည်။

ကျိုးမေ့ကျွန်း နှလုံးခုန်သံများ မှားလုမတတ်ဖြစ်သွား၏။

“ငါ့ကိုကန်ထုတ်လို့လည်း နင့်အတွက်ဘာအကျိုးရှိမှာလဲ?! ကျင်းယွင်ကျောင်း၊ ငါ့ကိုခွင့်လွှတ်ပေးစမ်းပါ!”

ကျိုးမေ့ကျွန်းအော်လိုက်၏။

“နင်တောင်းပန်တယ်ဆိုတာနဲ့ပဲ ငါလက်ခံပေးရမှာလား? နင့်ကိုယ်နင်အထင်ကြီးလွန်းနေပြီ၊ ကိုယ်အမှားလုပ်ထားရင် အဲ့အမှားအတွက် ပြန်ပေးဆပ်ရမှာ သဘာဝပဲ သဘောပေါက်လား? အာ ဟုတ်သားပဲ ပရော်ဖက်ဆာက ဒီကိစ္စနဲ့ပတ်သတ်လို့ ငါ့အမြင်ကိုမေးထားသေးတယ် ဘယ်လိုမြင်လဲဆိုတာ ငါနင့်ကိုပြောပြရမလား...ဒီကိစ္စကအရမ်းလေးနက်လွန်းတယ် စံနမူနာဖြစ်အောင် အပြစ်ပေးမှဖြစ်မယ် ဒါကြောင့်မို့ ကျိုးမေ့ကျွန်း၊ နင့်ရဲ့ကျောင်းဝင်ခွင့် ဖျက်သိမ်းခံရလိမ့်မယ် ဆက်ဆွေးနွေးစရာအကြောင်းမရှိဘူး၊ ပြီးတော့ နင့်အဆက်အသွယ်တွေကိုအားကိုးပြီး တခြားတက္ကသိုလ်တွေထဲ ဝင်ဖို့ကြိုးစားနေတာဆိုရင် မဖြစ်နိုင်ဘူးလို့ ငါကြိုပြောလိုက်မယ်၊ တရုတ်အမျိုးသားရေးရာနယ်ပယ်ထဲမှာ ပရော်ဖက်ဆာမို ဘယ်လောက်သြဇာညောင်းလဲဆိုတာကို နင်မသိသေးပုံပဲ”

ကျင်းယွင်ကျောင်းပြောလိုက်၏။

A တက္ကသိုလ်ကဲ့သို့နာမည်ရှိသောကျောင်းများနှင့် အခြားအထင်ကရတက္ကသိုလ်များသည် ကျောင်းဝင်ခွင့်ပယ်ဖျက်ခံရသောကျောင်းသားတစ်ဦးကို သေချာ‌ပေါက်လက်ခံကြမည်မဟုတ်ပေ။

ကျိုးမိသားစုမှာ သြဇာအာဏာရှိသောမိသားစုဖြစ်သည်မှန်သော်လည်း အဆုံးတွင် သူတို့သည် ထိုမျှလောက် အင်အားမကြီးကြချေ။ သူမ၏ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကိုပင် မယှဥ်နိုင်သောအခြေအနေတွင်ရှိနေ၏။ သူတို့လုပ်နိုင်သောအရာဟူ၍ ငွေဖြင့်ကိုင်ပေါက်ခြင်းသာဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ငွေကအရာအားလုံးကို မဖြေရှင်းပေးနိုင်ချေ။

တတိယတန်းစားကျောင်းများထဲကိုမူ ငွေပေး၍ဝင်နိုင်လောက်မည်။

ကျိုးမေ့ကျွန်းသည် ၎င်းကိုကြားသောအခါ ရူးမတတ်ဖြစ်သွားတော့၏။

ကျိုးမိသားစုတွင် သားမရှိချေ။ သူမ၏ပထွေးဖြစ်သူတွင် ကျန်းမာရေးပြသာနာအချို့ရှိသဖြင့် ကလေးနှစ်ဦးကိုသာ ပျိုးထောင်ခဲ့သည်။ ထိုကလေးနှစ်ဦးမှာ မယားပါသမီးဖြစ်သော သူမနှင့် တူမဖြစ်သူ ယန်ရှင်းယွဲ့ဖြစ်သည်။

ထို့ကြောင့် အနာဂတ်တွင် ကျိုးမိသားစု၏ပိုင်ဆိုင်မှုများသည် သူတို့နှစ်ဦးလက်ထဲသို့ ကျရောက်လာမည်ဖြစ်သည်။ အစက သူမလက်ထဲသို့ အမွေရောက်နိုင်ချေမှာ အလွန်မြင့်ခဲ့သည်။ သူမမိခင်ကိုယ်တိုင်ကလည်း သက်ရှိထင်ရှားရှိနေဆဲမဟုတ်လော။ သို့သော် ယခုတွင် သူမသာ ကျောင်းထုတ်ခံရပါက ထိုသို့ဖြစ်တော့မည်မဟုတ်ချေ။ သူမအပေါ် သူမပထွေး၏အမြင်များသည် အောက်ဆုံးသို့ထိုးကျသွားပေလိမ့်မည်။ သူသည် အစကတည်းကပင် ယန်ရှင်းယွဲ့အား မျက်နှာလိုက်နေပြီဖြစ်သည်။ ဤဖြစ်ရပ်သာဖြစ်ပွားပါက သူမ၏အနာဂတ်ဘဝသည် ပို၍ပင် ခက်ခဲသွားချေမည်။

ဤအရာများအားလုံးမှာ ကျင်းယွင်ကျောင်းကြောင့်ဖြစ်၏။

ကျင်းယွင်ကျောင်းသည် သူမထက် ဘက်ပေါင်းစုံ၌ သာလွန်နေသည်။ ယခင်က သူမသည် ကျင်းယွင်ကျောင်းနှင့် ယှဥ်တုမိသည်ကိုပင် နောင်တရနေတော့၏။ မဟုတ်လျှင် ဤအတိုင်းအတာအထိ ဖိနှိပ်ခံရမည်မဟုတ်ပေ။

သူမဘာဆက်လုပ်ရမည်နည်း?

ဤအတွေးပေါင်းများစွာဖြင့် သူမသည် ထိတ်ထိတ်ပျာပျာဖြစ်နေတော့သည်။

သူမသည် သူမ၏ဦးလေးဖြစ်သူကို သွားရောက်ရှာဖွေခဲ့သော်လည်း သူမဦးလေးမှာလည်း လက်ထောက်ပါမောက္ခတစ်ဦးသာဖြစ်သည်။ သူမအတွက် ဘာမှမလုပ်ပေးနိုင်ချေ။ ထို့အပြင် ဤသည်မှာ ဌာနမှူးထံမှ အမိန့်ဖြစ်၏....

“ကျင်းယွင်ကျောင်း၊ နင်ကများရာရာစ ငါ့ကိုဒီလိုဆက်ဆံရဲတယ် ငါနင့်ကိုခွင့်မလွှတ်ဘူး!”

သူမသည် အံကိုကြိတ်ကာ မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ငါ့ကိုခွင့်မလွှတ်ဘူးလို့ပြောတဲ့လူက နင်ပထမဆုံးမဟုတ်ဘူး ငါစောင့်ကြည့်ပေးတာပေါ့”

ကျင်းယွင်ကျောင်းအေးတိအေးစက်ဖြင့် ပြောလိုက်သည်။

ခွင့်မလွှတ်မည့်လူက မည်သူဖြစ်မည်ကို ဤကိစ္စပြီးမှသာ သိပေလိမ့်မည်။

Space and Rebirth 782

ကျိုးမေ့ကျွန်းသည် ရှုပ်ထွေးပွေလီနေသောစိတ်ဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။ သူမသည် ချက်ချင်းဆိုသလို သန်မာချင်ယောင်ဆောင်ပြီး ခေါင်းမာသောစကားလုံးများကို ပြောလိုက်မိသဖြင့် နောင်တရသွားတော့သည်။ သူမသာ ထပ်တောင်းပန်လိုက်လျှင်....

သို့သော် ဤအတွေးများ သူမခေါင်းထဲတွင် ‌ပေါ်လာသည်နှင့် ချက်ချင်းဖယ်ရှားခံလိုက်ရ၏။ ကျင်းယွင်ကျောင်းရှေ့မှောက်တွင် အောက်ကျို့ရမည်ကို စဥ်းစားလိုက်သောအခါ သူမတစ်ကိုယ်လုံး အပ်များဖြင့်ထိုးဆွခံရသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမလှည့်ထွက်သွားလိုက်တော့သည်။

ကျင်းယွင်ကျောင်းသည် ပြုံး‌ယောင်သန်းကာ သူမ၏ကျောပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏နေရာလွတ်နယ်မြေထဲမှ ကျောက်တုံးတစ်တုံးကိုယူကာ ကျိုးမေ့ကျွန်းခြေထောက်တည့်တည့်သို့ တောက်ပစ်လိုက်လေ၏။

“ဝုန်း” ဟူသောအသံဖြင့် ကျိုးမေ့ကျွန်း မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

ဤနေရာတွင် ဖြတ်သွားဖြတ်လာနေကြသော ကျောင်းသားများအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။ သို့သော် ဤအချိန်တွင် ကျောင်းဘက်မှ ပြစ်ဒဏ်မထုတ်ရသေးသဖြင့် အပြင်လူများသည် စပွန်ဆာကျောင်းသူကိစ္စအား စခဲ့သည့်တရားခံမှာ မည်သူဖြစ်ကြောင်း မသိကြချေ။ အရှက်ရနေသောကျိုးမေ့ကျွန်းကို မြင်လိုက်ရသောအခါ အားလုံးက အပြေးအလွှားဖြင့် လာရောက်ဝိုင်းဝန်းကူညီကြတော့သည်။

ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်းတစ်ဘဝစာလုံး ပြန်မထနိုင်အောင်လုပ်နိုင်သော်လည်း မလုပ်ခဲ့ပေ။

သူမတွင်လည်း သူမ၏စည်းမျဥ်းနှင့်သူမရှိလေသည်။ သူမတွင်ရွေးချယ်စရာမရှိသည့်အချိန်မှလွဲ၍ မိမိ၏ဆေးပညာကိုသုံးကာ အခြားသူများအား ထိခိုက်အနာတရဖြစ်အောင်လုပ်မည်မဟုတ်ပေ။ သူမတွင် နေရာလွတ်နယ်မြေရှိပြီး သူမဘိုးဘေးများမှ ချန်ရစ်ပေးအပ်ခဲ့သောအကျိုးခံစားခွင့်များကို အခွင့်ကောင်းယူနေသည်မဟုတ်လော။ ဤအကျိုးခံစားခွင့်များကို မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများအတွက် သုံးလိုက်လျှင် သူမဆေးပညာစွမ်းရည်များအား စော်ကားရာကျပေမည်။

ထို့ကြောင့် သူမသည် ထိုသို့မလုပ်ဖြစ်ရန် ကြိုးစားရှောင်တိမ်းခဲ့၏။

သို့ရာတွင် သူမဆေးပညာကိုမသုံးဘဲ ထိခိုက်အနာတရဖြစ်အောင် လုပ်သောနည်းလမ်းများလည်း ရှိပေသည်။

နေ့လယ်ခင်းသည် လျင်မြန်စွာကုန်ဆုံးသွားလေ၏။ လူများစွာသည် ကျောင်း၏ကြော်ငြာစာဆိုင်းဘုတ်နားတွင် ရပ်ကာ ‌ကျောင်း၏ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။ ဤအချိန်အတွင်း လူများစွာသည် ကျောင်းအုပ်ကြီး၏ရုံးခန်းသို့ အခေါ်ခံနေရလေသည်။ အပြစ်လွတ်သောသူမရှိချေ။ မိမိအလှည့်ရောက်မည်ကို စိတ်ပူပန်စွာ စောင့်ဆိုင်းနေရ၏။ ပြစ်ဒဏ်ပေးသင့်သောလူများလွန်းလှသည်မဟုတ်လော။

ကျောင်း၏နည်းပညာဌာနသည် အလွန်ပြင်းထန်သောအပြုအမူရှိခဲ့သည့် ကျောင်းသားများကိုသာ စစ်ဆေးခဲ့လေသည်။ စာရင်းထွက်လာသောအခါ ကျင်းယွင်ကျောင်းသည်လည်း ဆင့်ခေါ်ခံလိုက်ရ၏။

သူမတံခါးပေါက်ဝမှဝင်သောအခါ အခန်းထဲတွင် လူအယောက် ၃၀ ကျော်ရှိနေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားလေ၏။

သို့သော် ကျိုးမေ့ကျွန်းအပြင် သူမသိကျွမ်းနေသောလူနောက်တစ်ဦးလည်း ရှိနေသည်။ ထိုလူမှာ ထောင်ကဲ့ဖြစ်သည်။ ထောင်ကဲ့နှင့် ကျိုးမေ့ကျွန်းတို့အုပ်စုနှင့် ခင်မင်ကြသောကျောင်းသားများလည်းရှိပေသည်။ သူတို့သည် အချင်းချင်းအလွန်သစ္စာရှိကြပုံရ၏။

ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ရယ်ချင်ပက်ကျိဖြစ်သွားသည်။ သူမနှင့်ထောင်ကဲ့ကြားမှ မကျေနပ်ချက်များကို ရှင်းလင်းကိုင်တွယ်ပြီးသည်မှာ ကြာချေပြီ။ ထောင်ကဲ့ပင်လျှင် သူမအား လူအားလုံးရှေ့တွင် တောင်းပန်ကာ အနာဂတ်တွင် သူမအားလမ်းတွင်တွေ့လျှင် ရှောင်သွားရန် ကတိပေးထားခဲ့၏။ သူမသည် ထိုလုပ်ရပ်များကို လုပ်ခဲ့သော်လည်း လူနောက်ကွယ်တွင် ကြိတ်၍ မကျေနပ်နိုင်ဖြစ်နေသေးမည်ဟု မထင်မှတ်ခဲ့ချေ။

သူမသည် မိမိသေတွင်းကို ပြန်တူးနေတော့၏။ မျှော်လင့်စရာမရှိလောက်အောင် တုံးအပေသည်။

“ကျင်းယွင်ကျောင်း၊ မင်းက ဒီကိစ္စမှာ ခံရတဲ့သူဆိုတော့ သူတို့ကိုလာကြည့်ခိုင်းလိုက်တာ”

လက်ထောက်ဌာနမှူးမှ ပြောလိုက်သည်။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။

“သမီးအကြောင်း သူတို့ဘာပြောခဲ့လဲဆိုတာ သိခွင့်ရှိမလား?”

အစက ဤကိစ္စအား လက်ထောက်ကျောင်းအုပ်ကိုယ်တိုင် ကိုင်တွယ်စရာမလိုအပ်ခဲ့ပေ။ သို့ရာတွင် ဤကိစ္စ၌ မိုကျန်းယန် ပါဝင်ပတ်သတ်နေပေသည်။ ထို့အပြင် သက်ဆိုင်ရာကျောင်းသားအရေအတွက်မှာလည်း မနည်းလှချေ။ ထို့ကြောင့်လည်း ကျောင်းဘက်မှ ဤကိစ္စအား အထူးအာရုံစိုက်လိုက်ခြင်းဖြစ်သည်။

လက်ထောက်ကျောင်းအုပ်သည် စာရွက်စာတမ်းတစ်အုပ်အား ကမ်းပေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် ထိုစာရွက်စာတမ်းများအား တစ်ရွက်ချင်းလှန်လျောဖတ်ရှုလိုက်သည်။

ကျိုးမေ့ကျွန်းအပါအဝင် လူစုစုပေါင်းသုံးဆယ့်ခြောက်ယောက်ရှိ၏။ ကျိုးမေ့ကျွန်းမှာ ဦးဆောင်သူဖြစ်ပြီး အတင်းအဖျင်းများအားလုံးကို အကွက်ကျကျဖြန့်ခဲ့သူဖြစ်သည်။ သူတို့၏ကျောင်းဝင်ခွင့်ကို ဖျက်သိမ်းသင့်သည်မှာ ပြောစရာပင်မလိုချေ။ အခြားကျောင်းသားများမှာလည်း...စိတ်ဝင်စားစရာကောင်း၏။

ကျင်းယွင်ကျောင်းနှင့် သူတို့ကြားတွင် ကိုယ်ရေးကိုယ်တာမုန်းတီးရေးများ မရှိသော်ငြား သူမအား မပြီးနိုင်မစီးနိုင်ဖြင့် ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်ခဲ့သည်။ သူတို့၏စကားလုံးများမှာ ကြမ်းတမ်းရိုင်းစိုင်းပြီး အချို့ဆိုလျှင် အကြိမ်ပေါင်းရာချီကောမန့်ပေးထား၏။ သူတို့သည် အဖြစ်မရှိသောကီးဘုတ်ဖိုက်တာများသာဖြစ်သည်။ ထို့အပြင် ဤသုံးဆယ့်ခြောက်ဦးသာ ကြီးလေးသောပြစ်မှုများကို ကျူးလွန်ခဲ့သည်မဟုတ်ပေ။ အခြားကျောင်းခွဲများ၌လည်း ပြစ်မှုကျူးလွန်သောလူအချို့ရှိသေး၏။ သို့ရာတွင် ၎င်းအရေအတွက်မှာ အလွန်နည်းပေသည်။

“ကျင်းယွင်ကျောင်း...ငါတို့တောင်းပန်ပါတယ် တကယ်တမင်လုပ်တာမဟုတ်ဘူး ငါတို့ထင်တာက...”

“ငါ့ကိုဘာထင်တာလဲ? အသက်ကြီးတဲ့အဘိုးတစ်ယောက်နဲ့ တစ်ခုခုဖြစ်နေတယ်လို့ထင်တာလား? ပြောချင်တာက ငါသာအခုနင်တို့ကိုဓာတ်ပုံရိုက်ပြီး မဟုတ်တရုတ်တွေလုပ်ိဖု့ တရားမဝင်စုဝေးနေကြပါတယ်လို့ လိုင်းပေါ်မှာတင်ရင် ရတယ်ဆိုတဲ့သဘောလား?”

ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် ကျင်းယွင်ကျောင်းပြောလိုက်သည်။

သူမသည် သနားညှာတာစိတ်တစ်စက်မှမရှိဘဲ စာရွက်စာတမ်းများကို စားပွဲပေါ်သို့ ပြန်ထားလိုက်၏။

Space and Rebirth 783

ဤကျောင်းသားများထဲတွင် ယောက်ျားလေးရော မိန်းကလေးများပါ ပါဝင်လေသည်။ အချို့ကျောင်းသားများသည် အပြင်ပန်းတွင် ယဥ်ကျေးလိမ္မာမည့်ပုံပေါက်ကာ အချို့မှာ တိတ်ဆိတ်နေကြပြီး သူရဲဘောကြောင်သည့်ရုပ်ပေါက်ကြသည်။ မထင်မှတ်ထားစွာဖြင့် ဖန်သားပြင်၏နောက်ကွယ်တွင်မူ သူတို့အားလုံးသည် သားရဲအရိုင်းများကဲ့သို့ပင် ကြမ်းတမ်းပြီး အခြားမတူညီသောလူများအဖြစ် အသွင်ပြောင်းသွားကြလေ၏။

“ငါတို့ကို...ခွင့်လွှတ်ပေးပါ...တကယ်တမင်လုပ်ရတာမဟုတ်ပါဘူး...”

“ကျင်းယွင်ကျောင်း၊ ငါကျောင်းပြီးဖို့ တစ်နှစ်ပဲလိုတော့တာပါ ငါသာကျောင်းထုတ်ခံရရင် ငါ့အနာဂတ်က...ငါ့အနာဂတ်က....ခွင့်လွှတ်ပေးပါဟာ”

တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်တောင်းပန်ကြတော့၏။

ကျင်းယွင်ကျောင်းမှာမူ သူတို့အား ဂရုမစိုက်ဟန်ပေါက်နေသည်။ ဤကဲ့သို့အောက်ကျို့မှုမျိုးသည် အစောပိုင်းက မည်သည့်နေရာ၌ ပျောက်နေခဲ့သနည်း?

“လက်ထောက်ဌာနမှူး၊ သူတို့ကိုခါတိုင်းအပြစ်ပေးသလိုပဲ ပေးပေးပါ၊ သမီးသူတို့ကိုခွင့်လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး”

ကျင်းယွင်ကျောင်းတစ်ခါတည်း ပြောလိုက်၏။

လက်ထောက်ဌာနမှူးမှ သူမအား အလကားလာကြည့်ခိုင်းခြင်းမဟုတ်ကြောင်း ကျင်းယွင်ကျောင်းသိနေသည်။ သူမစိတ်ပျော့သွားအောင် လုပ်လိုခြင်းသာဖြစ်သည်။ ပါဝင်ပတ်သတ်နေသောကျောင်းသားအရေအတွက်မှာ များလှသည်မဟုတ်လော။ ဤမျှများပြားသောကျောင်းသားများအား တစ်ပြိုင်နက်တည်း အပြစ်ပေးရသောအခြေအနေမှာ A တက္ကသိုလ်ရာဇဝင်တွင် မကြားစဖူးဖြစ်၏။

ထို့အပြင် အချို့လူများမှာ ဤနေရာကိုလာ၍ အချိန်ဖြုန်းကြသူများဖြစ်သော်လည်း အနာဂတ်တောက်ပသောကလေးများလည်း ရှိသေး၏။ ထို့ကြောင့် စိတ်ထားနူးညံ့သော လက်ထောက်ဌာနမှူးသည် သူတို့အား နောက်ဆုံးအခွင့်အရေးတစ်ခု ပေးချင်မိပေသည်။

သို့ရာတွင် ကျင်းယွင်ကျောင်း၏စိတ်မှာ အလွန်ခိုင်မာပြတ်သားနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။

“ကျင်းယွင်ကျောင်း၊ နင်ကတကယ်သတ္တိရှိတာပဲ၊ ငါကတော့ ဒီတက္ကသိုလ်မှာ ဆက်တက်လို့မရတော့တာသိတယ် ဒါပေမယ့် နင်ကတော့ အနာဂတ်မှာ A တက္ကသိုလ်ကို တက်နေရဦးမှာ၊ ဒီလောက်လူတွေအများကြီးကို ရန်ဖြစ်ထားပြီး ရှေ့လျှောက်အသက်ဆက်မရှင်နိုင်မှာကို မကြောက်ဘူးလား?”

ကျိုးမေ့ကျွန်းပြောလိုက်၏။

သူမသည် အခြားသူများအပြစ်လွတ်ငြိမ်းရန် ကာကွယ်ပြောဆိုနေခြင်းမဟုတ်ပေ။ အခြားသူများအား ပြစ်ဒဏ်လျှော့ပေါ့အောင် လုပ်ပေးနိုင်လျှင် သူမသည်လည်း ကျောင်းထုတ်ခံရခြင်းမှ ကျောင်းယာယီရပ်ဆိုင်းခြင်းအဖြစ်သို့ ပြစ်ဒဏ်လျှော့ပေါ့ခံရနိုင်ကြောင်းကို သိနေ၍ဖြစ်သည်။

ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်သည်။

“ငါ့ကိုခြောက်နေတာလား? နင်မေ့တော့မမေ့သေးပါဘူးနော်? နင်တင်တဲ့ပို့စ်တွေနဲ့ပတ်သတ်လို့ ငါသာကျောင်းရဲ့နည်းလမ်းအတိုင်းမကိုင်တွယ်ဘဲနေခဲ့ရင် နင်အခုထောင်ထဲရောက်နေလောက်ပြီ”

ကျိုးမေ့ကျွန်းတစ်ကိုယ်လုံးတောင့်တင်းသွားသည်။

ကျင်းယွင်ကျောင်းသည် ဤကိစ္စအား ဥပဒေအတိုင်းမဖြေရှင်းခဲ့ပေ။ ကျိုးမေ့ကျွန်းအား လွှတ်ပေးချင်၍မဟုတ်ဘဲ ကိစ္စများအား ရုပ်ပျက်ဆင်းပျက်မဖြစ်စေလိုသောကြောင့်ဖြစ်သည်။ သူမသာ တိတ်တိတ်ဆိတ်ဆိတ်ဖြေရှင်းလျှင် မည်သူမှထိခိုက်မည်မဟုတ်သော်လည်း ဤအမှုအား ရဲလက်ထဲသာအပ်လိုက်ပါက သူမနှင့် ပရော်ဖက်ဆာမိုအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပေမည်။

ကျိုး‌မေ့ကျွန်း ဆွံ့အသွားတော့၏။ အခြားသူများလည်း ဤစကားကိုကြားလိုက်သောအခါ ငြိမ်ကျသွားတော့သည်။

“ကျိုးမေ့ကျွန်းရဲ့ ကျောင်းဝင်ခွင့်ကိုဖျက်သိမ်းပြီတော့ ကျောင်းကနေထုတ်မယ်၊ တခြားလူတွေကိုတော့ ကျောင်းယာယီရပ်နားထားမယ်”

လက်ထောက်ဌာနမှူးမှပြောလိုက်သည်။

သူ၏စကားကိုကြားလိုက်သောအခါ အားလုံးကြက်သေသေသွားကြသည်။ သူတို့သည် ဘွဲ့လက်မှတ်ပင်မရသေးခင်တွင် ကျောင်းအား အစမှနေ၍ ပြန်တက်ရတော့ပေမည်။ ဤသည်မှာကရိကထများရုံမက အရေးကြီးဆုံးအနေဖြင့် ပြစ်မှုမှတ်တမ်းဝင်သွားလေပြီ။ စွန်းထင်းနေသောကျောင်းသားမှတ်တမ်းသည် အနာဂတ်တွင် အဆင်မပြေမှုများစွာကိုသာ ဖိတ်ခေါ်နေ၏....

အားလုံးသည် ဒေါသတကြီးဖြင့် ကျင်းယွင်ကျောင်းအား ကြည့်လိုက်ကြသည်။ သို့သော် သူတို့၏ဒေါသသည် ကျင်းယွင်ကျောင်းအား အနည်းငယ်မျှပင် မထိခိုက်ချေ။

သူမအား ဆဲရေးခဲ့သူမှာ သူတို့သာမဟုတ်ပေ။ ဤလူများမှာ အဆိုးဝါးဆုံးလူများသာဖြစ်၏။ ဤလူများကိုသာ သူမအပြစ်မပေးလျှင် သူမအား အနိုင်ကျင့်ရလွယ်ကူသူဟု အခြားသူများက ထင်သွားလိမ့်မည်။ ထို့အပြင် သူတို့သည် သူမအပေါ်လုပ်ခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ခံသင့်သောသူများဖြစ်၏။

ကျင်းယွင်ကျောင်းမျက်နှာသည် တည်ငြိမ်နေသည်။ မှားနေသောသူမှာ သူမမဟုတ်သောကြောင့်ဖြစ်သည်။

ဤလူများမှာ ရလဒ်ကိုလက်မခံချင်သော်လည်း သူတို့လုပ်နိုင်သောအရာမရှိပါပေ။ ကျိုးမေ့ကျွန်းမှာမူ မျှော်လင့်ချက်လုံးဝဆုတ်သုဥ်းသွားဟန်ရှိ၏။ သူမကြည့်ရသည်မှာ အနည်းငယ်ပင် စိတ်ဖောက်ပြန်သွားဟန်ရှိသည်။

သို့ရာတွင် သူမမည်မျှပင် ရူးချင်ယောင်ဆောင်ပါစေ အကျိုးမရှိချေ။ နာခံကျိုးနွံစွာဖြင့် သူမ၏ပစ္စည်းများကို ထုပ်ပိုးပြီးသာ ထွက်သွားနိုင်၏။ သူမ၏အထုပ်အပိုးများနှင့်အတူ ကျောင်းထဲမှ မထွက်ချင်ထွက်ချင်ဖြင့် ထွက်နေသောအချိန်တွင် ကျင်းယွင်ကျောင်းသည် ဟယ့်ဒိနှင့်အတူ သူမရှေ့တွင် ပေါ်လာတော့သည်။ ကျင်းယွင်ကျောင်းသည် သူမအားကြည့်ကာ ပြုံးလိုက်၏။

“ဒါက ဟယ့်ဒိရဲ့ ဆေးစစ်ချက်လက်မှတ်တွေလေ ကံမကောင်းတာက နင့်မှာကြည့်ပိုင်ခွင့်မရှိတော့ဘူး၊ အတန်းဖော်ကျိုးမေ့ကျွန်း အသွားလမ်းဖြောင့်ဖြူးပါစေ”

“တာ့တာ၊ တာ့တာ...”

ဟယ့်ဒိသည် တောင်ပံကို တဖျတ်ဖျတ်ဖြင့်ခါကာ အော်ဟစ်လိုက်သည်။

ကျင်းယွင်ကျောင်းမျက်လုံးများကိုမှေးလိုက်၏။

“တော်တယ် ကောင်လေး”

ကျိုးမေ့ကျွန်းသည် ဒေါသထွက်လွန်း၍ မူးဝေသွားတော့သည်။ ယခုတွင် တိရစ္ဆာန်များပါ သူမအားအနိုင်ကျင့်နေလေပြီ! ဘာမဟုတ်သောငှက်တစ်ကောင်က သူမအား အနိုင်ကျင့်နေလေ၏!

Space and Rebirth 784

ဟော်ထျန်းရှန်းနှင့် အခြားသူများသည် ရယ်ရလွန်း၍ အူနာနေချေပြီ။ သူတို့သည် ဟယ့်ဒိအား အသေအလဲချစ်ကြ၏။ ယန်ရှင်းယွဲ့မှာ အခြားသူများထက် ပိုအံ့အားသင့်နေ၏။ သူမဦးလေးအိမ်တွင် သူမအားအော်ငေါက်နေခဲ့သော ကျိုးမေ့ကျွန်းမှာ ဤမျှလောက်ရိုးရှင်းစွာဖြင့် ကျောင်းထုတ်ခံလိုက်ရသည်ကို မြင်လိုက်သောကြောင့်ဖြစ်သည်။

သူမအနည်းငယ်ပျော်မိသည်ကိုမူ ဝန်ခံရပေမည်။

သူမသည် သူမဦးလေး၏ပိုင်ဆိုင်မှုများနှင့်ပတ်သတ်၍ စိတ်မဝင်စားသော်လည်း သူမအားအကြံဆိုးများရှိနေသည်ဟု တစ်ထစ်ချမှတ်ယူထားသော ကျိုးမေ့ကျွန်းမှာ သူမအား မကြာခဏပြသာနာရှာလေ့ရှိ၏။ သူမသည် ပြသာနာဖြစ်ရသည်ကိုမကြိုက်ပေ။ တစ်ပါးသူ၏အိမ်အမိုးအောက်တွင် နေနေရသောကြောင့် အေးအေးချမ်းချမ်းသာနေချင်၏။ သူမရင်ထဲတွင် အနည်းငယ်သောမကျေနပ်မှုများရှိသော်လည်း ယနေ့တွင် ထိုမကျေနပ်ချက်များလည်း ထွက်ပေါက်တွေ့သွားပေပြီ။ အထူးသဖြင့် သနားစရာပုံစံဖြင့် ထွက်သွားရန်ပြင်နေသော ကျိုးမေ့ကျွန်းကိုတွေ့လိုက်သောအခါ သူမစိတ်သည် ခါတိုင်းထက် ပိုကြည်လင်သွားတော့၏။

“ရှင်းယွဲ့၊ မပျော်သေးနဲ့ဦး။ ပျော်စရာတွေမကုန်သေးဘူး”

ကျင်းယွင်ကျောင်းအနောက်သို့ ကြော့ကြော့မော့မော့ဖြင့် လှည့်လိုက်သည်။ ဟယ့်ဒိသည်လည်း သူမပုခုံးပေါ်တွင် ခေါင်းမော့ရင်ကော့၍ရပ်နေလေသည်။ သူ့အား ချည်နှောင်တားဆီးထားသောအရာ မရှိသော်လည်း သူသည် လျှောက်ပတ်မပျံချေ။ သူသည် အပြင်ဘက်ရှိကောင်းကင်ကြီးအား စိတ်ဝင်စားမှုလုံးဝမရှိသည့်ပုံပေါက်လေသည်။

ဟယ့်ဒိသည် သူမထင်ထားသည်ထက် များစွာဉာဏ်ရည်မြင့်မားကြောင်း ကျင်းယွင်ကျောင်းသိလိုက်ရသည်။ ဤနှစ်ရက်အတွင်း အခြားသူများအိပ်ပျော်ချိန်တိုင်း သူမသည် ဟယ့်ဒိအား နေရာလွတ်နယ်မြေထဲသို့ လွှတ်ပေးလိုက်ခြင်းကြောင့်ဖြစ်မည်။

နေရာလွတ်နယ်မြေတစ်ခုလုံးသည် ဘိုးဘေးစိုက်ပျိုးခဲ့သော အပင်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ ထိုအရာများအား စားသုံးလျှင် ခန္ဓာကိုယ်အတွက်ကောင်းပေ၏။ အထူးသဖြင့် တုနှိုင်းမမှီနိုင်အောင် ပျိုးထောင်ထားသော ဆေးဖက်ပင်အဝင်များဖြစ်သည်။

“ဘာအဓိပ်ပာယျလဲ?”

ယန်ရှင်းယွဲ့ ဇဝေဇဝါဖြစ်သွားသည်။

“သူ့ကိုနောက်ယောင်ခံလိုက်ဖို့ လူတစ်ယောက်ငှားထားတယ်၊ အဲ့လူဆီက စိတ်ဝင်စားစရာသတင်းတွေ နင်မကြာခင်ကြားလာရလိမ့်မယ်”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်၏။

ကျိုးမေ့ကျွန်းနံဘေးရှိ အမျိုးသားမှာ သေချာပေါက်မရိုးသားသောလူဖြစ်သည်။ ထိုယောက်ျားအား လူသူရှေ့မှောက်သို့ သူမဆွဲခေါ်ထုတ်ချင်နေလေပြီ။

ကျောင်းထွက်ရုံဖြင့် အဘယ်သို့လုံလောက်နိုင်မည်နည်း? မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကိုပေးဆပ်မှသာ မှန်ကန်သောလုပ်ရပ်ဖြစ်ပေမည်။ ကျိုးမေ့ကျွန်းသည် ကျောင်းမတက်လျှင်ပင် ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်သေး၏။ ဤကဲ့သို့သောရလဒ်မှာ ကြီးမားသောပြစ်ဒဏ်လုံးဝမဟုတ်ပါချေ။

ယန်ရှင်းယွဲ့မှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။ ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်းနောက်သို့လိုက်ရန် လူတစ်ဦးကို ငှားခဲ့သလော? ဧကန္တ ကျိုးမေ့ကျွန်း၏လျှို့ဝှက်ချက်အား ရှာဖွေရန်အတွက် ထိုသို့လုပ်ခဲ့ခြင်းလော? သို့သော် ကျိုးမေ့ကျွန်းမှာ သူမတို့နှင် သက်တူရွယ်တူမိန်းကလေးတစ်ဦးသာဖြစ်၏။ သူမတွင် မည်မျှကြီးကျယ်သောလျှို့ဝှက်ချက်မျိုးကို ပိုင်ဆိုင်နိုင်မည်နည်း?

ကျင်းယွင်ကျောင်း၏အပြုအမူများမှာ နားလည်ရခက်လှသည်။ သူတို့သည် ဤကိစ္စနှင့်ပတ်သတ်၍ မည်သို့တွေးရမည်ကိုမသိသော်လည်း ကျောင်းဝင်းအတွင်းလျှောက်သွားရင်း သူတို့ဆီသို့ ဦးတည်လာသောအကြည့်များကို တစ်ဦးပြီးတစ်ဦးခံစားလိုက်ရသည်။ သူတို့အားလုံးသည် ကျင်းယွင်ကျောင်းအားကြည့်ကာ အလွန်အမင်းအားကျနေကြ၏။

ကျင်းယွင်ကျောင်းသည် နာမည်ကြီးရသောခံစားချက်ကို မနှစ်မြို့လှသော်လည်း ယခုတွင် သူမလုပ်နိုင်သောအရာမရှိပေ။ မမြင်ချင်ယောင်ဆောင်၍သာ မိမိအလုပ်ကို ဆက်လုပ်နိုင်တော့သည်။

နှစ်ရက်ပင်မကြာလိုက်ဘဲ ကျင်းယွင်ကျောင်းသည် သူမလိုချင်သောအရာကို ရရှိသွားလေ၏။ သူမငှားရမ်းထားသောလူများမှာ ဟွားနင်ခရိုင်တွင် လူများအားနောက်ယောင်ခံလိုက်ရာ၌ သူမအားကူညီပေးခဲ့သောလူမိုက်များဖြစ်သည်။ သူတို့၏စွမ်းရည်မှာ မြင့်မားလှပြီး အချိန်တိုင်းတွင် ပေးထားသောတာဝန်များကို ပြည့်ဝတိကျစွာဆောင်ရွက်နိုင်ကြ၏။ ထို့ကြောင့် ဤတစ်ခေါက် သူမသည် သူတို့အား မြို့တော်သို့ခေါ်ပြီးနောက် သူမ၏ကိုယ်ပိုင်စုံစမ်းရေးသမားများအဖြစ် အခြေချခိုင်းလိုက်တော့လေသည်။

ဤလူများမှာ သတ္တိရှိပြီး ဉာဏ်ရည်မြင့်မားသဖြင့် ရှေ့တန်းအလုပ်များအတွက် သင့်တော်သည်။ သို့ရာတွင် သူတို့သည်လည်း ကွန်ပြူတာသိပ္ပံနှင့် သက်ဆိုင်ရာစွမ်းရည်များကို တတ်မြောက်သောလူများလည်း လိုအပ်ပေသည်။ အလျင်တော့မလိုလှချေ။ ထိုကွန်ပြူတာပညာရှင်များအား အချိန်ယူရှာဖွေနိုင်၏။ ထို့အပြင် A တက္ကသိုလ်၏ ကွန်ပြူတာသိပ္ပံဌာနသည် ပါရမီရှင်များဖြင့် ပြည့်နှက်နေလေသည်။ ထိုနေရာတွင် သင့်တော်သောလူနှစ်ဦး၊ သုံးဦးခန့် ရှာဖွေနိုင်၏။

ကျိုးမေ့ကျွန်း၏ဓာတ်ပုံများကိုမူ ကျင်းယွင်ကျောင်းသည် အလျင်စလိုမသုံးဘဲ လက်တလောအတွင်း သိမ်းထားရန်သာ ဆုံးဖြတ်လိုက်သည်။

ကျိုးမေ့ကျွန်းသည် ထိုယောက်ျားများအား မိမိ၏အတွင်းရေးကိစ္စများနှင့်ပတ်သတ်၍ ယုံကြည်ပုံအပ်ထားခြင်းမျိုး မရှိလောက်ချေ။ ထိုယောက်ျားများသည် သူမနောက်ကွယ်တွင် အကြံအစည်ထုတ်နေသောလူများလည်းဖြစ်နိုင်၏။ ကျင်းယွင်ကျောင်းတွင် အရံအစီအစဥ်တစ်ခုထားရပေဦးမည်။

ကျောင်းထဲတွင် ကျိုးမေ့ကျွန်းမရှိတော့သဖြင့် ကျောင်းထဲမှလေထုသည် ပို၍ပင် သန့်ရှင်းလတ်ဆတ်သွားသည်ဟု ကျင်းယွင်ကျောင်းခံစားမိသည်။

ထောင်ကဲ့ကိုမူ ကျင်းယွင်ကျောင်းခေါင်းထဲမထည့်ချေ။ သူမသည် သာမန်မိသားစုနောက်ခံမှလာခဲ့သဖြင့် သူမထံလွယ်လင့်တကူရောက်ချလာသော အခွင့်အလမ်းအား တန်ဖိုးထားခဲ့သင့်သည်။ သူမသည်သာ A တက္ကသိုလ်တွင် ပြသာနာမရှာဘဲ ကောင်းကောင်းမွန်မွန်ပညာသင်လျှင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် လူအများကြားထင်ပေါ်နိုင်ပေမည်။ သို့သော် သူမသည် မိမိ၏တက်လမ်းကို ပြန်ဆွဲချခဲ့၏။

အခြားကျောင်းများနှင့်မတူသည်မှာ A တက္ကသိုလ်သည် ပြစ်မှုမှတ်တမ်းများကို လွယ်လွယ်မှတ်တမ်းမတင်တတ်ချေ။ သို့ရာတွင် ပြစ်မှုမှတ်တမ်းရှိသွားသည်နှင့် ထိုအချိန်က ကျောင်းထုတ်ခံရလျှင်ပင် ထိုကျောင်းသား၏ဖိုင်တွဲ၌ တစ်သက်လုံးပါသွားမည်ဖြစ်ပြီး ဤတစ်ဘဝတွင် မဖယ်ရှားနိုင်သောအစွန်းအထင်းဖြစ်သွားချေလိမ့်မည်။

All Chapters