အခန်း (၇၈၅-၇၈၈)
Vol. 40 Ch. 785-788
Space and Rebirth 785
ကျင်းယွင်ကျောင်းသည် ဟယ့်ဒိနှင့်အတူအပြင်ထွက်သည်မှာ ခဏသာရှိသေးသော်လည်း သူမ၏ဓာတ်ပုံသည် ကျောင်းဟစ်တိုင်ပေါ်သို့ ရောက်နှင့်နေလေပြီ။ ဟယ့်ဒိ၏လျှို့ဝှက်ဆန်းကြယ်သောသခင်သည် ထွက်ပေါ်လာပြီဖြစ်သော်လည်း ကျောင်းဟစ်တိုင်ပေါ်ရှိ ကောမန့်များမှာ ရုတ်ချည်းဆန်စွာ ရပ်တန့်သွားလေသည်။
ကောမန့်ကိစ္စကြောင့် လူတစ်ယောက်ကို ကျောင်းထုတ်လိုက်ပြီး အခြားလူသုံးဆယ်ကျော်မှာလည်း ပြစ်မှုမှတ်တမ်းရေးခံလိုက်ရပြီမဟုတ်လော။ ကျင်းယွင်ကျောင်း၏နာမည်မှာ ကျောင်းသားများကြားတွင် တားမြစ်စကားတစ်ခုနှယ်ဖြစ်သွားလေ၏။ ဤနာမည်ကြီးသောကိစ္စမှာ မပြီးဆုံးသေးသည်ဖြစ်ရာ ဤအချိန်တွင် မည်သူက ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးရဲမည်လော?
သို့ရာတွင် ဟယ့်ဒိ၏သခင်မှာ ကျင်းယွင်ကျောင်းမှန်းသိလိုက်သည်နှင့် လူတိုင်း၏ခေါင်းပေါ်တွင် မိုးသားတိမ်တိုက်များ ပိကျလာသလို ခံစားလိုက်ရ၏။ ဟယ့်ဒိအား ချစ်စရာကောင်းသည်ဟု မထင်ကြတော့ချေ။ ဟယ့်ဒိ၏အနက်ရောင်အတောင်များသည် ကျင်းယွင်ကျောင်း၏ ယုတ်မာသောစရိုက်ကို ထင်ဟပ်နေသည်ဟုသာ ထင်လိုက်ကြသည်။
ဤကမ္ဘာတွင် အရူးများသာရှိသည်မဟုတ်ပေ။ ပရော်ဖက်ဆာ၏ပေါ်ထွက်လာပုံနှင့် သူ၏ဒေါသမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း ဦးနှောက်ရှိသောလူအချို့မှ ပြောနိုင်ပေသည်။ ထို့အပြင် ထိုကိစ္စမှာ ကျင်းယွင်ကျောင်းမပေါ်လာသည့် နှစ်ရက်၊ သုံးရက်အတွင်းတွင ဖြစ်ပျက်နေခဲ့ခြင်းဖြစ်သည်။ မသိလျှင် သူမသည် ဤကိစ္စအား ကြွတက်လာအောင် တမင်လွှတ်ပေးထားသကဲ့သို့ပင်။ သေချာစဥ်းစားကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် သူတို့အားလုံးကို တစ်ချက်တည်းဖြင့် ဝါးလုံးသိမ်းရှင်းထုတ်ရန် ကလိမ်ကကျစ်ကျစွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သတိထားမိလိုက်ကြတော့သည်။
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလိုပင် A တက္ကသိုလ်၏နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သွားတော့၏။ တတိယနှစ်ကျောင်းသားများနှင့် နောက်ဆုံးနှစ်ကျောင်းသားစီနီယာအချို့၏ ရေပန်းစားကျော်ကြားမှုပင်လျှင် သူမ၏အရှိန်အဝါအောက်တွင် လွှမ်းမိုးခံလိုက်ရတော့သည်။
အပြင်ပန်းတွင် သူမအား လူသိရှင်ကြားဝေဖန်သောသူမရှိသော်လည်း လူနောက်ကွယ်မှထွက်ပေါ်လာသော ကောလဟာလအချို့ရှိသေး၏။ အချို့လူများမှ ကျင်းယွင်ကျောင်း၏အတိတ်နှင့်ပတ်သတ်၍ လိုက်လံစုံစမ်းကြည့်သောအခါ ကိစ္စအချို့ကို သိလိုက်ရသည်။
ကျင်းယွင်ကျောင်းမှာ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ကြောင်း သတင်းထွက်လာသည်။ မူလတန်းကျောင်းမှ တက္ကသိုလ်ရောက်သည်အထိ သူမသည် မရေမတွက်နိုင်သောဆုများကို ရရှိခဲ့ပြီး အမြဲတစေ ပထမနေရာတွင် အခိုင်အမာရှိနေခဲ့သည်။ မည်သူမှ သူမအား မကျော်လွန်ခဲ့ဖူးပေ။
ကျင်းယွင်ကျောင်းသည် အေးစက်ပြီး ကြမ်းတမ်းသောစရိုက်ရှိသည်ဟုလည်း သတင်းထွက်လာ၏။ အထက်တန်းကျောင်းတွင် သူမသည် အခြားသူများအား အကြောင်းအရင်းမရှိဘဲ ရိုက်နှက်တတ်သော စိတ္တဇလူတစ်ယောက်ဖြစ်ခဲ့သည်ဟူ၍ဖြစ်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏စရိုက်မှာ အလွန်ကောင်းပြီး လူတိုင်း၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးကာ ဖော်ရွေသောသူဖြစ်သည်ဟု ပြောကြသည့်လူများလည်းရှိသည်....
ဒုတိယသတင်းအားဖြန့်သောသူမှာ ကျင်းယွင်ကျောင်း၏အတန်းဖော်များဖြစ်ပေသည်။ အထက်တန်းကျောင်းတွင် ကျင်းယွင်ကျောင်းသည် သူမမုန်းသောသူများမှအပ ကျန်သောသူအားလုံးအပေါ် ကောင်းခဲ့၏။ အများအားဖြင့် လူများမှ သူမအားမေးခွန်းများလာမေးလျှင် တစ်ဖက်သားနားလည်သည်ထိ သည်းခံစိတ်ရှည်စွာ ရှင်းပြတတ်ပေသည်။ တစ်ခါတစ်ရံတွင် ကျင်းယွင်ကျောင်းသည် ဆရာဝန်တစ်ဦးအနေဖြင့် လုပ်ဆောင်ပေးတတ်ပြီး သူတို့အား ကြိုတင်သတိပေးသင့်သည်များကို သတိပေးတတ်သေးသည်။ သူမအတန်းဖော်အများစုသည် သူမနှင့်ပတ်သတ်လာလျှင် လေးစားမှုတစ်ခုရှိပေသည်။
သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ ကျင်းယွင်ကျောင်းသည် ကျောင်းသားများစွာ၏မျက်လုံးထဲတွင် အလွန်တစ်မူထူးခြားသောဖြစ်တည်မှုတစ်ခုဖြစ်၏။
ဤကျောင်းသားများထဲတွင် သူမအားမုန်းတီးသူများရှိသော်လည်း သူမအား အရူးအမူးစွဲလမ်းကြသူများလည်းရှိသည်။ ထိုသူတို့အများစုမှာ မိန်းကလေးများဖြစ်သည်။ ကျင်းယွင်ကျောင်းမှ ကျောင်းသို့သွားတိုင်း သူမအားပိုးပန်းသောမိန်းကလေးအရေအတွက်မှာ ယခင်ကထက်များလာတော့သည်။ တစ်ခါတစ်ရံတွင် ယောက်ျားလေးများ၏အားကျသောအကြည့်များကို သူမခံရတတ်သည်။
ဤသို့သောကြိုဆိုမှုမျိုးမှာ သူမအတွက် အတန်ငယ်သူစိမ်းဆန်နေလေ၏။
ငြိမ်းချမ်းသောကာလတစ်လမျှ ဖြတ်သန်းပြီးနောက် သူမသည် တက္ကသိုလ်ဘဝနှင့် အပြည့်အဝနေသားကျသွားလေပြီ။
ဤကာလအတွင်းတွင် ချီကျုံးသည် စက်ရုံနှစ်ခု၏တည်နေရာကို ရွေးချယ်လိုက်ပြီဖြစ်ကာ လက်ရှိတွင် ထိုစက်ရုံများအား အလျင်စလို တည်ဆောက်နေလေ၏။ ဤကိစ္စမှာ စစ်တပ်နှင့်ပတ်သတ်သောကိစ္စဖြစ်သဖြင့် အမြန်နှုန်းမှာ မနှေးလှချေ။ ကျင်းယွင်ကျောင်းသည်လည်း ၎င်းမှ ကြီးမားသောအကျိုးအမြတ်တစ်ခုကို ရရှိသွား၏။
ထို့အပြင် ပိုင်ယွီအန်းသည်လည်း မြို့တော်ထဲတွင် ကုမ္ပဏီ၏စျေးကွက်ကို ချဲ့နေပြီဖြစ်သည်။ သို့ရာတွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ကျော်ကြားမှုမှာ ယခင်ကကဲ့သို့ မမှေးမှိန်တော့သဖြင့် အရာအားလုံးကို ချောချောမွေ့မွေ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လေသည်။
စနေနေ့တွင် ကျင်းယွင်ကျောင်းသည် အနည်းငယ်ပြင်ဆင်ပြီး ဟော်ထျန်းရှန်းနှင့်အတူ အပြင်ထွက်လိုက်၏။ ဟော်ထျန်းရှန်းသည် အထူးတလည် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားလေသည်။ သူမသည် အနက်ရောင်သားရေစကတ်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမဆံပင်ကို အပေါ်သို့စည်းထား၏။ သူမ၏မိတ်ကပ်မှာ တော်ဝင်ဘုရင်မတစ်ဦး၏ အငွေ့အသက်များရှိနေကာ သူမ၏ခြေထောက်တွင် ဆယ်စင်တီမီတာအရှည်ရှိသော ဒေါက်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသေးသည်။ သူမ၏အရပ်အမောင်းမှာ ကျင်းယွင်ကျောင်းလောက်ရှိသဖြင့် ကြည့်ရသည်မှာ လှပပြီးခံ့ညားထည်ဝါနေလေသည်။
“နင့်ကိုဒီလိုကြည့်လိုက်တော့ မသိရင် စစ်ထွက်တိုက်မှာကျနေတာပဲ”
ကျင်းယွင်ကျောင်းမရယ်ဘဲမနေနိုင်တော့ချေ။
ချီကျုံးနှင့်တွေ့ဆုံခြင်းသာ ဖြစ်သော်လည်း ဟော်ထျန်းရှန်းသည် ဤကမ္ဘာပေါ်တွင် သခင်မလေးတစ်ဦး၏ အရှိန်အဝါများကို ထုတ်ဖော်ပြသနိုင်သည့် အရာများအားလုံးကိုပင် ဝတ်ချင်နေမိသည်။
Space and Rebirth 786
ဟော်ထျန်းရှန်း၏အဝတ်အစားများသည် ခေါင်းမှခြေအဆုံး ကိန်းကြီးခမ်းကြီးဆန်လှသည်။ သူမ၏ရင်ပေါ်တွင် ရိုးရှင်းသော်ငြား တန်ဖိုးကြီးသော စိန်လည်ဆွဲတစ်ကုံးကို ဝတ်ဆင်ထားပြီး သူမလက်ကောက်ဝတ်ပေါ်တွင် လက်တိုင်းဖြင့်လုပ်ပေးထားသော လက်ကောက်တစ်ခုကို ဝတ်ဆင်ထား၏။ သူမ၏နားတွင်ပင် စျေးကြီးပြီး ထည်ဝါသော နားကတ်များဖြင့် ဆင်မြန်းထားပြီး သူမလက်တွင်လည်း ကမ္ဘာပေါ်တွင် တစ်မျိုးတည်းသောရှိသော လက်ကိုင်အိတ်တစ်လုံးကို ကိုင်ထားသည်။
သူမ၏အဝတ်အစားများအပြင် ဟော်မိသားစုအိမ်မှ အထူးတလည်သွားယူထားသော အနီရောင်တောက်တောက် ပြိုင်ကားတစ်စီးလည်း အပြင်မှာရှိနေသေးသည်....
သူမအဝတ်အစားသည်သာ ပုံမှန်အချိန်နှင့်မတူသောအရာဟု ကျင်းယွင်ကျောင်းထင်ခဲ့သော်လည်း သူမ၏ကားပါ ဤမျှလောက်ဖြစ်နေမည်ဟု မထင်ထားခဲ့ချေ...
ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို နောင်တရသွားသည်။ ဤပြိုင်ကားသည် အမှန်တကယ်ပင် ကြည့်ရသည်မှာ မိုက်သော်လည်း ၎င်းနှင့်ယှဥ်လိုက်လျှင် အရောင်ပိုငြိမ်ပြီး မော်ဒယ်ပိုနိမ့်သောကားကို သူမပိုနှစ်သက်၏။ မိမိ၏ကြွယ်ဝချမ်းသာမှုကို ဤကဲ့သို့ကြွားဝါနေလျှင် အခြားသူများ၏ မြင်ပြင်းကတ်မှုကိုသာ ခံစားရနိုင်သည်။
“ဟုတ်ပြီ ကျင်းယွင်ကျောင်း၊ ဒီကားက ငါ့ကလေးလိုပဲ ပုံမှန်ဆိုရင် သူ့ကိုအပြင်ထုတ်မစီးဘူး ဒီကားထဲမှာ ပထမဆုံးထိုင်ရတဲ့မိန်းကလေးက နင်ပထမဆုံးပဲ!”
ဟော်ထျန်းရှန်းသည် ခေါင်းမော့ရင်ကော့ကာ ကျင်းယွင်ကျောင်း၏မေးကို ဆွဲမော့လိုက်သည်။ ထို့နောက် သူမသည် စကားတစ်ခွန်းမှဆက်မပြောဘဲ ကားထဲဝင်လိုက်၏။
ကျင်းယွင်ကျောင်းသည် ကူကယ်ရာမဲ့သောဟန်ဖြင့် သူမနံဘေးတွင် ဝင်ထိုင်လိုက်၏။
“ချီကျုံးကို ဖိနှိပ်ဖို့ ကြိုးစားနေတာလား? ဒါပေမယ့် သူကတော့လွယ်လွယ်အနှိမ်ခံမယ်လို့ ငါမထင်ဘူး”
“သူဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ငါ့ကိုယ်ငါအထင်သေးစရာဖြစ်အောင်နေလို့မရဘူးလေ အခြေစိုက်စခန်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးတိုင်း ငါမျက်နှာပူတယ်၊ သူ့မျက်လုံးထဲမှာတော့ ငါ့ကိုသူဌေးလက်သစ်တစ်ယောက်လို့ ထင်နေမှာပေါ့ ဒီနေ့တော့ အထက်တန်းစားအသိုင်းအဝိုင်းကလာတဲ့သူက ဘယ်လိုပုံစံလဲဆိုတာ သူ့ကိုသေချာပြရမယ်!”
ဟော်ထျန်းရှန်းသည် လက်ကိုမြှောက်ကာ သူမ၏ကြီးမားသော ဘဲဥပုံသဏ္ဍာန်ခေါင်းကို ပွတ်လိုက်သည်။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွား၏။ ဟော်ထျန်းရှန်း၏အသွင်အပြင်နှင့် အရှိန်အဝါသည် အထက်တန်းစားမိန်းကလေးတစ်ဦးနှင့် အလွန်ပင်တူပေသည်။၊ သို့ရာတွင် သူမလုပ်ဆောင်ထားသောလုပ်ရပ်များအပြီးတွင် သူမသည် ချမ်းသာခါစ သူဌေးလက်သစ်တစ်ဦးနှင့်သာ တူ၏။
“အာ ဟုတ်သားပဲ ငါသူ့ဖုန်းနံပါတ်ကိုသိတယ်လို့ ချီကျုံးကိုသွားမပြောနဲ့ဦး၊ မဟုတ်ရင် သူ့ကိုနှောင့်ယှက်နေတဲ့လူက ငါလို့ထင်သွားလိမ့်မယ်”
ဟော်ထျန်းရှန်း ချက်ချင်းပင်ဆက်ပြောလိုက်၏။
ကျင်းယွင်ကျောင်းမျက်ခွံများတွန့်သွားသည်။ “နင်ပဲမဟုတ်ဘူးလား?” လို့သူမပြောချင်နေမိပေသည်။
ဟော်ထျန်းရှန်းအား ချီကျုံး၏ဖုန်းနံပါတ်ကို သူမပေးလိုက်သောညတွင် ဟော်ထျန်းရှန်းသည် ရူးသွပ်မတတ်ဖြစ်သွားခဲ့၏။ သူမသည် ရာချီသောဖုန်းအလုံးပေါင်းများစွာမှ ချီကျုံးအား မက်ဆေ့ချ်များပို့ပြီး စိတ်ဖောက်ပြန်သွားသူတစ်ဦးကဲ့သို့ ရယ်မောနေခဲ့သည်။ ထိုမက်ဆေ့ချ်ပါ အကြောင်းအရာများမှာလည်း အလွန်ပင် အံ့အားသင့်ဖွယ်ဖြစ်၏။ ၎င်းတို့မှာ ကဗျာများ သို့မဟုတ် အင်တာနက်ပေါ်မှ ဗန်းစကားလုံးများဖြစ်သည်။ သူမသည် ချီကျုံး၏တရားဝင်ဇနီးကဲ့သို့ ဟန်ဆောင်ကာ သူ့အား မယားငယ်ရှာတွေ့သောသူတစ်ဦးကဲ့သို့ စွပ်စွဲသောတစ်ကြိမ်ကိုပင် ကျင်းယွင်ကျောင်းမြင်ခဲ့သေးသည်...
ဤမျှသာဆိုလျှင် အဆင်ပြေပေလိမ့်မည်။
ပြသာနာမှာ ဟော်ထျန်းရှန်းသည် ဘယ်နေရာမှလာမှန်းမသိသော အသံပြောင်းစက်တစ်ခုကိုသုံးကာ ဖုန်းများပါဆက်ခဲ့၏။ အများအားဖြင့် ချီကျုံးသည် အသံကိုကြားသည်နှင့် ဖုန်းချတတ်သော်လည်း နောက်ပိုင်းတွင် မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ၊ သူသည် ဖုန်းကိုဖွင့်ထားကာ သူမအား ပေါက်ကရများပေးပြောတတ်၏။
ဟော်ထျန်းရှန်း၏ကျေးဇူးဖြင့် ဟယ့်ဒိ၏ ဝေါဟာရများသည် အလွန်ပေါများကြွယ်ဝလာခဲ့ပေသည်။
ကျင်းယွင်ကျောင်းနံဘေးတွင် ထိုင်နေသော ဟော်ထျန်းရှန်းသည် တွေ့ရန်သဘောတူထားသော ကော်ဖီဆိုင်အား တဖြည်းဖြည်းချည်းကပ်လာသည်ကို မြင်သည်နှင့် စိတ်လှုပ်ရှားသထက် လှုပ်ရှားလာတော့သည်။
“မြန်မြန်မောင်း၊ မြန်မြန်မောင်း...”
သူမ၏ဒရိုင်ဘာအား လောနေမိသည်။ ဟော်မိသားစု၏ဒရိုင်ဘာမှာ ရင်တုန်လွန်းသဖြင့် ချွေးစေးများပါပြန်လာတော့သည်။ သူ၏သခင်မလေး ဘာဖြစ်နေသည်ကို သူသေချာမသိပါချေ။
မိနစ်လေးဆယ်စာကြာသောခရီးအား အချိန်တစ်ဝက်မျှ တိုတောင်းသွား၏။
ကျင်းယွင်ကျောင်း၏တည်ငြိမ်သောဟန်ပန်ကြောင့်သာ မဟုတ်ခဲ့လျှင် သူမသည် ကားနောက်ခန်းတွင် စိတ္တဇဆန်စွာ အော်ဟစ်နေခဲ့လောက်ပေမည်။
သို့ရာတွင် ကားရပ်လိုက်သည်နှင့် ဟော်ထျန်းရှန်းသည် ချက်ချင်းဆိုသလို သူမအိတ်ထဲမှ မှန်တစ်ချပ်ကိုထုတ်ပြီး သူမမိတ်ကပ်အပြင်အဆင်ကို ပြန်လည်ခြယ်သလိုက်သည်။ မိတ်ကပ်ဖို့ပြီးသောအခါ သူမသည် ကြိုတင်ပြင်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်လှသည့် ခရီးဆောင်အိတ်တစ်အိတ်ကို ကောက်ယူသယ်ဆောင်ကာ ဂုဏ်မောက်သောမျက်နှာဖြင့် ကားထဲမှထွက်သွားလိုက်၏။
သူတို့အနားတွင် လူများစွာ၏အကြည့်များသည် တစ်ခုပြီးတစ်ခုသက်ရောက်လာကြသည်။ ကျင်းယွင်ကျောင်းရှက်လွန်း၍ မျက်နှာမပြနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
“ကျင်းယွင်ကျောင်း၊ ဘာလို့အရူးတစ်ယောက်လို အဲ့မှာရပ်နေတာလဲ? သွားမယ်လေ!”
ကျင်းယွင်ကျောင်းသည် အကွာအဝေးတစ်ခုခြားပြီး လိုက်လာချင်ခဲ့သော်လည်း ဟော်ထျန်းရှန်း၏ချိုသာသောခေါ်သံကြောင့် သူမ၏ကံကြမ္မာကို လက်မခံချင်ဘဲ လက်ခံလိုက်ရတော့၏။ သို့ရာတွင် တံခါးဝမှဝင်သောအခါ သူမသည် သူမမျက်နှာကို လက်ဖြင့်အနည်းငယ်ဖုံးအုပ်လိုက်သေးသည်။ အခြားသူတစ်ဦးမှ သူတို့အားဓာတ်ပုံရိုက်မိပြီး မိမိ၏ပိုင်ဆိုင်မှုများကို ကြွားလုံးထုတ်သူတစ်ဦးအဖြစ် သတင်းစာခေါင်းစီးတွင် မပါလိုသောကြောင့်ဖြစ်သည်။
Space and Rebirth 787
ဟော်ထျန်းရှန်းသည် ကော်ဖီဆိုင်ထဲဝင်သည်နှင့် တစ်လောကလုံး၏အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ သူမသည် ထိုအာရုံစိုက်မှုကို ပျော်မွေ့နေကာ သူမ၏ပစ်မှတ်ထံသို့ အပြုံးတစ်ပွင့်ဖြင့် လျှောက်သွားလိုက်၏။
“ဟိုင်း!”
ဟော်ထျန်းရှန်းသည် အမည်မသိသောအိတ်အား စားပွဲပေါ်တွင်တင်လိုက်ပြီး ချီကျုံးအား နှုတ်ဆက်လိုက်သည်။
လီရှောက်ယွင်မှာ ချီကျုံးနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။ သူသည် ထရပ်ပြီး ကျင်းယွင်ကျောင်းထံ လျှောက်သွားလိုက်၏။ ထို့နောက် သူသည် ချီကျုံးအားဝေ့ကြည့်ကာ ကျင်းယွင်ကျောင်းနှင့်အတူထိုင်ရန် ထိုင်ခုံအသစ်ကို ရှာဖွေလိုက်သည်။
“မင်းကဘယ်သူလဲ?”
ချီကျုံးသည် နှုတ်ခမ်းစွန်းများတွန့်ကာ အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။
ဟော်ထျန်းရှန်းသည် နေကာမျက်မှန်များကိုချွတ်၍ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
“နည်းပြချီ၊ မဟုတ်မှလွဲရော ကျွန်မကိုမေ့သွားတာတော့ မဟုတ်ပါဘူးနော်? ကျွန်မမှာတော့ ရှင့်ကိုသတိရလိုက်ရတာ!”
သူမသည် အံကိုကြိတ်ပြီးပြောနေခြင်းဖြစ်သည်။
“မင်းနာမည်ကဘာပါလိမ့်? ဟော်....”
ချီကျုံးဆွံ့အနေ၏။ သူတမင်တကာမေးလိုက်သည်။
“ဒီအင်္ကျီကိုရော ဘယ်ကငှားလာတာလဲ?”
ဟော်ထျန်းရှန်းသည် ထိုအရာကိုကြားလိုက်သောအခါ ကျောက်ရုပ်တမျှဖြစ်သွားတော့၏။ သူမဒေါသပုန်ထသွားသည်။
“ချီကျုံး၊ ဟန်ဆောင်မနေနဲ့တော့! ရှင်ကျွန်မကိုမမှတ်မိဘူးဆိုတာ ကျွန်မမယုံဘူး!”
ကျင်းယွင်ကျောင်းသည် တိတ်ဆိတ်စွာဖြင့် သူမနားထင်များကိုပွတ်လိုက်သည်။ ဟော်ထျန်းရှန်းအား ကြည့်ရန် သူမအလွန်ရှက်နေလေ၏။
လွန်ခဲ့သောစက္ကန့်ပိုင်းတွင်ပင် အရှိန်အဟုန်ဖြင့် အလွန်တက်ကြွနေခဲ့သော ဟော်ထျန်းရှန်းသည် နောက်ဆုံးတွင် စကားလုံးအချို့ဖြင့် ချီကျုံးရှေ့မှောက်တွင် အရေးနိမ့်သွားခဲ့၏။ အလွန်ပင်ရှက်စရာကောင်းလှပေသည်။
ကျင်းယွင်ကျောင်းသည် မျက်လုံးများကိုပင့်ကာ လီရှောက်ယွင်အားကြည့်လိုက်သည်။ ချီကျုံးနှင့်ယှဥ်လိုက်လျှင် သူသည် ပို၍လူကြီးလူကောင်းတစ်ဦးပီသပြီး ယခင်ကလောက် မအေးစက်တော့ချေ။ လီရှောက်ယွင်သည် မီနူးကိုယူကာ ကော်ဖီနှစ်ခွက်နှင့် အချိုပွဲနှစ်စုံမှာယူလိုက်သည်။ စားပွဲထိုးမိန်းကလေးမှာ သူ၏ဆွဲဆောင်မှုတွင် ကျရှုံးသွားသဖြင့် လမ်းပင်မလျှောက်နိုင်တော့ချေ။
“မင်းအခန်းဖော်လား? အနာဂတ်ကောင်းတဲ့ကလေးမလေးပဲ”
လီရှောက်ယွင်ပြုံးလိုက်၏။ ဟော်ထျန်းရှန်းအား ချီးကျူးနေခြင်းလော၊ အထင်သေးနေခြင်းလော သူမမဝေခွဲတတ်ချေ။
“ချီကျုံးသာသူ့ကိုအဲ့လိုပြောရင် သူရူးသွားလောက်မယ်၊ ဒီကိစ္စအတွက် သူပြင်ဆင်ထားတာ တော်တော်ကြာပြီ”
ကျင်းယွင်ကျောင်းသည် ဟော်ထျန်းရှန်း၏သုန်မှုန်နေသောမျက်နှာကို ကြည့်ကာ မရယ်မိဘဲမနေနိုင်ပေ။
“သူသဘောကျနေတဲ့လူအတွက် လှလှပပဝတ်တတ်တဲ့မိန်းကလေးပဲ၊ မင်းရော ပြင်ပြင်ဆင်ဆင်မနေတတ်ဘူးလား?”
လီရှောက်ယွင်သည် ခန္ဓာကိုယ်အား အရှေ့သို့ကိုင်းကာ ကျင်းယွင်ကျောင်း၏ သပ်သပ်ရပ်ရပ်ကြယ်သီးတပ်ထားသော ရှပ်အင်္ကျီအား လက်ညှိုးထိုးပြလိုက်သည်။
ကျင်းယွင်ကျောင်းသည် ပုံမှန်အတိုင်းသာ ဝတ်စားထား၏။ သူမသည် ပိန်သွယ်သော်လည်း ခန္ဓာကိုယ်အချိုးအစားလှသူဖြစ်သည်။ သို့ရာတွင် သူမသည် မိမိအသားအားဖော်ရသည်ကို မနှစ်သက်သော ရှေးရိုးစွဲအမျိုးသမီးတစ်ဦးဖြစ်သဖြင့် သူမရင်ဘတ်ပေါ်ရှိကြယ်သီးများကို တင်းတင်းကြပ်ကြပ်တပ်ဆင်ထားပြီး ပရော်ဖက်ရှင်နယ်ပီသသောပုံစံပေါက်နေသည်။
လီရှောက်ယွင်၏အကြည့်ထဲတွင် စူးစမ်းအစ်အောက်သောဟန်ပန်များပါနေသဖြင့် ကျင်းယွင်ကျောင်းသည် မသက်မသာဖြစ်စွာဖြင့် သူမခန္ဓာကိုယ်အား အနောက်သို့မှီလိုက်သည်။
“ချီကျုံးသဘောခွေ့အောင်လို့ သူဒီလိုဝတ်လာတာမဟုတ်ဘူး...”
ဟော်ထျန်းရှန်းသည် အဝတ်အစားပြင်ဆင်ရာတွင် ချီကျုံးအားမမေ့ခဲ့ချေ။ မိမိသဘောကျသူကိုလာတွေ့သည်ထက် ရန်သူနှင့်တိုက်ပွဲဝင်ရန် အသင့်ပြင်လာပုံနှင့် ပိုတူပေသည်။
၎င်းကိုလီရှောက်ယွင်ကြားသောအခါ ချက်ချင်းဆိုသလို လက်ကိုလှမ်းပြီး ကျင်းယွင်ကျောင်း၏နဖူးကို တို့လိုက်သည်။
“မင်းကအမြင်မရှိဘူး”
“မင်းရဲ့အခန်းဖော်က ဒုတိယညီလေးကို စိတ်ဝင်စားနေတယ်ဆိုတာ ငါအာမခံတယ်၊ သဘောကျတဲ့အကြောင်း မဝန်ခံဘဲသာ နေနေတာ၊ မင်းငါ့ကိုမယုံဘူးလား?”
လီရှောက်ယွင်သည် ဘေးသို့ဝေ့ကြည့်ပြီး အသံကိုနှိမ့်ကာပြောလိုက်၏။
ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်သည်။
“မယုံပါဘူး”
ဟော်ထျန်းရှန်းမှာ အလိုလိုက်ခံရသော သူဌေးသမီးတစ်ဦးဖြစ်သည်။ သူမဘဝတွင် တစ်ခါမှ အကြောမခံဖူးချေ။ သို့ရာတွင် မကြာခဏဆိုသလို ချီကျုံးလက်အောက်တွင် အရေးနိမ့်ခဲ့ရ၏။ ထိုသို့သောလူမျိုးက မိမိကြီးကျယ်ကြောင်း သက်သေပြချင်မည်မှာ သဘာဝကျပေသည်။ သူမစိတ်ဝင်စားခြင်း၊ မစားခြင်းနှင့် မသက်ဆိုင်ပါချေ။
“ဒါဆို အလောင်းအစားတစ်ခုလုပ်ရအောင်၊ ငါလူတချို့ခေါ်ပြီး လူများတဲ့တစ်နေရာရှာပြီးတော့ လျှောက်လည်ဖို့ပြောကြည့်မယ် မင်းသူငယ်ချင်းကစိတ်မဝင်စားရင် ငါရှုံးတယ်၊ မဟုတ်ရင်တော့ ငါနိုင်တယ် လောင်းကြေးအတွက်ကတော့...မင်းဘာလိုချင်လဲ?”
လီရှောက်ယွင်မျက်လုံးထဲတွင် ရိပ်ခနဲ အလင်းရောင်တစ်ခုဖြတ်ပြေးသွားသည်။ သူ၏ခေါင်းထဲတွင် မည်သည့်အတွေးများရှိနေသည်ကို ခန့်မှန်းရခက်ပေသည်။ သူသည် လေးနက်သောလေသံဖြင့် မေးနေလေ၏။
ကျင်းယွင်ကျောင်းပြုံးလိုက်သည်။ ဤအလောင်းအစားကို သူမစိတ်ဝင်စားသွားလေသည်။ သူမသိသောလီရှောက်ယွင်မှာ မျက်နှာများပြီး မာနကြီးသောယောက်ျားတစ်ဦးဖြစ်၏။ သူမသာ ယနေ့နိုင်ခဲ့လျှင်...
“လောင်းတာပေါ့ မနက်ဖြန်ကကျောင်းပိတ်ရက်ဆိုတော့ ကျွန်မလည်းအတန်းတက်စရာမလိုဘူး၊ ဘယ်လိုလဲ?”
ကျင်းယွင်ကျောင်းအကြံပြုရင်း သူမမျက်လုံးများ ဝင်းလက်သွားသည်။
Space and Rebirth 788
လီရှောက်ယွင်သည် မျက်ခုံးကိုပင့်ကာ သူ၏ရှေ့မှောက်ရှိ ယုံကြည်ချက်ပြည့်ဝသောကျင်းယွင်ကျောင်းကို ကြည့်လိုက်သည်။ ထိုအခါ သူ၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးညွှတ်သွားပြီး ခန့်ညားထည်ဝါသောအငွေ့အသက်ဖြင့် ခုံပေါ်သို့မှီချလိုက်သည်။ ထို့နောက် သူသည် ဟက်ခနဲရယ်ကာ ပြောလိုက်၏။
“ကောင်းပြီလေ သတ်မှတ်ချက်တစ်ခုတော့ရှိတယ် မနက်ဖြန်က နောက်ဆုံးရက်ပဲ”
စကားပြောပြီးနောက် သူ၏မျက်လုံးများသည် ကျင်းယွင်ကျောင်း၏ရင်ဘတ်အပေါ်ရှိ ကြယ်သီးနှစ်လုံးကို ဝေ့ကြည့်လိုက်ပြီး လျင်မြန်စွာ အကြည့်လွှဲလိုက်သည်။
“ဒါပေမယ့် အဲဒါမတိုင်ခင် အလုပ်ကိစ္စအကြောင်းအရင်ပြောသင့်တယ်မထင်ဘူးလား? စက်ရုံကဘယ်လိုလဲ?”
ကျင်းယွင်ကျောင်းမေးလိုက်၏။
ကျင်းယွင်ကျောင်းစကားပြောပြီးသည်နှင့် လီရှောက်ယွင်သည် သူ၏နံဘေးတွင်ထားထားသော လက်ဆွဲအိတ်အားထုတ်ယူကာ သူမရှေ့မှောက်တွင် တင်လိုက်သည်။
“ကျောက်စိမ်းဆေးဝါးစက်ရုံဆိုတဲ့နာမည်လို့ ငါပေးလိုက်တယ်၊ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ အခွဲကုမ္ပဏီလို့သတ်မှတ်လို့ရမှာပေါ့၊ ဒါတွေက စက်ရုံနဲ့ပတ်သတ်တဲ့စာချုပ်တွေ၊ လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ပဲ ဒီနေ့ကစပြီး ဒီဆေးဝါးစက်ရုံနှစ်ရုံက မင်းအပိုင်ဖြစ်သွားပြီ၊ တပ်ဘက်ကလူကြီးတွေနဲ့လည်း ငါဆွေးနွေးထားတယ်၊ အသက်ဖြတ်ကူးရေးဆေးကို စစ်တပ်ကိုပဲရောင်းချခွင့်ရှိမှာဆိုတော့ မင်းဘက်က အရှုံးနည်းနည်းရှိတယ်၊ ဒါကြောင့်မို့ အဲ့အတွက် လျော်ကြေးအနေနဲ့ မင်းစက်ရုံအတွက် ဆောက်လုပ်ရေးခနဲ့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ၊ ကုန်ကျစရိတ်တွေအားလုံးကို စစ်တပ်ဘက်က ပေးမယ်၊ ဒီစက်ရုံနဲ့ပတ်သတ်လို့ မင်းဘာမှစိတ်ပူစရာမလိုဘူး”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ လီရှောက်ယွင်သည် သူမ၏ရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ပေးခဲ့သဖြင့် သူမသည် အနည်းငယ်အံ့အားသင့်မိသည်။
လက်တွေ့တွင် သူမ၌ အရှုံးသိပ်မရှိချေ။ အသက်ဖြတ်ကူးရေးဆေးအား စစ်တပ်၏ကာကွယ်မှုနှင့် သူမအလဲအလှယ်လုပ်ထားသည်မဟုတ်လော။ သူမလက်ထဲတွင် အသက်ဖြတ်ကူးရေးဆေး၏ အဓိကပါဝင်ပစ္စည်းရှိနေသရွေ့ မည်သူကမှ သူမအား အခွင့်ကောင်းမယူနိုင်ပေ။
“အားကျောင်း....မင်းအတွက်အနှောင့်အယှက်ဖြစ်နိုင်တဲ့ကိစ္စတစ်ခုရှိသေးတယ်၊ အသက်ဖြတ်ကူးရေးဆေးနဲ့ပတ်သတ်ပြီး သိတဲ့လူက မင်းတစ်ယောက်တည်းရှိတာဆိုတော့ စစ်တပ်က မင်းကို အချိန်ပြည့်စောင့်ကြည့်ချင်မှာ သေချာတယ်၊ အဲဒါအပြင် မင်းအနားကပ်တဲ့လူအားလုံးကိုလည်း သေချာပေါက်စုံစမ်းကြလိမ့်မယ်၊ ပထမအချက်အနေနဲ့ လျှို့ဝှက်ချက်မပေါက်ကြားသွားအောင်လို့၊ ဒုတိယအနေနဲ့ မင်းမတော်တဆတစ်ခုခုဖြစ်မှာကို ကာကွယ်ဖို့ပဲ”
လီရှောက်ယွင်မှ လေးနက်သောလေသံဖြင့် ပြောလိုက်၏။
တိုတိုတုတ်တုတ်ပြောရလျှင် သူမသည် အကျိုးခံစားခွင့်အချို့ ရရှိသွားဟန်ရပေသည်။ သို့ရာတွင် သူမသာ ဆေးညွှန်းအား ဆက်လက်လျှို့ဝှက်ထားပါက အနာဂတ်တွင် သူမ၏လွတ်လပ်ခွင့်အားလုံးကို ဆုံးရှုံးရနိုင်ပေသည်။
လီရှောက်ယွင်သည် သူမ၏စရိုက်ကိုနားလည်ပေသည်။ သူမသည် နေ့တိုင်းလိုလို ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိဘဲ အခြားသူများ၏ စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် နေထိုင်လိုသောသူ လုံးဝမဟုတ်ပေ။
“ကျွန်မဒီကိစ္စနဲ့ပတ်သတ်ပြီး စဥ်းစားပြီးပြီ”
ကျင်းယွင်ကျောင်းပြုံးကာ သူမအိတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်၍ ကမ်းပေးလိုက်သည်။
“ကျွန်မက စစ်တပ်ထဲကလူတွေနဲ့ မရင်းနှီးဘူး၊ ကျွန်မရှင့်ကိုပဲယုံတယ်”
ချီကျုံးနှင့် ဆွေးနွေးစဥ်က သူမသည် ဤအရာကိုအာရုံမထားမိသော်လည်း နောက်ပိုင်းတွင် သူမမှတ်မိသွား၏။
သူမသာ တပ်ခေါင်းဆောင်တစ်ဦးဆိုလျှင် မိမိ၏စစ်သားများအတွက် စာချုပ်ချုပ်ပြီးသည်နှင့် ဆေးညွှန်းကိုင်ထားသောလူ၏ လွတ်လပ်ခွင့်ကို မချုပ်ချယ်လျှင်ပင် နောက်ကွယ်မှ စောင့်ကြည်အကဲခတ်နေဦးမည်ဖြစ်သည်။ အမှားတစ်စုံတစ်ရာရှိ၍မဖြစ်ချေ။
သူမ၏ဆေးသည် အလွန်ပင်အာနိသင်ရှိသောအရာဖြစ်သည်။ လူများစွာ၏အသက်ကို ကယ်တင်နိုင်၏။
ထို့ကြောင့် သေချာစဥ်းစားကြည့်လိုက်လျှင် လီရှောက်ယွင်သည် ပိုယုံကြည်ရသောသူဖြစ်သည်။
လီရှောက်ယွင်သည် တပ်ထဲတွင် မည်သည့်ရာထူးမျိုးရှိကြောင်း သူမမသိသော်လည်း ဆိုးလှမည်တော့မဟုတ်ချေ။ သူမနှင့် လီရှောက်ယွင်သည် သိကျွမ်းလာသည်မှာ နှစ်နှစ်၊ သုံးနှစ်ခန့်ရှိပြီဖြစ်၍ သူမသည် သူ့အား အနည်းငယ်ယုံကြည်မှုပိုပေ၏။ စစ်တပ်ဘက်မှ သူမ၏ဆေးညွှန်းအားလုံးကို လိုချင်သော်လည်း သူမသေချာမသိသောလူများဆီသို့ သူမ၏လျှို့ဝှက်ချက်များအားလုံးကို ကမ်းမပေးနိုင်ချေ။ သို့ရာတွင် လီရှောက်ယွင်မှာ ထိုသို့မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သူမအား ထိခိုက်နာကျင်စေမည့်သူမဟုတ်သောကြောင့်ဖြစ်သည်။
တပ်မှလူများသည် ဆေးညွှန်းနှင့်ပတ်သတ်၍ လူများစွာကိုပေးသိလောက်သည်ထိ တုံးအမည်မဟုတ်ကြောင်း ကျင်းယွင်ကျောင်းယုံကြည်သဖြင့် လီရှောက်ယွင်သည်လည်း ဖိအားများစွာမခံရလောက်ပေ။ နှစ်ဦးနှစ်ဖက်အကျိုးရှိသောအရာဖြစ်၏။
“အားကျောင်းကတကယ်ဉာဏ်ပြေးတာပဲ၊ ငါပြောတာကို တန်းသဘောပေါက်တယ်၊ ဆေးညွှန်းကိုယူလိုက်ပြီး မင်းကိုစွန့်ပစ်လိုက်မှာ မကြောက်ဘူးလား? အဲ့လိုဆိုရင် မင်းရဲ့ဆေးဝါးစက်ရုံကိုလည်း ငါကြည့်ပေးတော့မှာမဟုတ်ဘူး”
လီရှောက်ယွင်ပြောလိုက်၏။
“ဆေးညွှန်းတစ်ခုကိုရင်းပြီး သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်ထားအစစ်အမှန်ကိုသိလိုက်ရတော့ တန်တယ်ပဲပြောရမှာပေါ့”
ကျင်းယွင်ကျောင်းသည် ပလုတ်ပလောင်းဖြင့် အချိုပွဲကိုစားလိုက်သည်။
လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးတက်သွား၏။ သူ့ကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေဟန်ပေါက်လေသည်။ မျက်မှောင်ကိုကြုတ်၍ လက်ဖက်စိမ်းကိတ်အားစားနေသော သူမအားကြည့်ရင်း လီရှောက်ယွင်၏နှုတ်ခမ်းပါးများ အကြိမ်အနည်းငယ်ခန့်လှုပ်ရှားသွားသည်။ ဤမြင်ကွင်းမှာ အနည်းငယ်ညှို့ယူဖမ်းစားဖွယ်ကောင်းပေ၏။