← Chapters

အခန်း (၇၉၃-၇၉၆)

Vol. 40 Ch. 793-796

အခန်း (၇၉၃-၇၉၆)

Vol. 40 Ch. 793-796

Space and Rebirth 793

တစ်ခန်းလုံး အရက်နံ့များဖြင့် ပြည့်နှက်ပြင်းထန်နေ၏။ မကြာခဏဆိုသလို အမျိုးသမီးတစ်ဦး၏ရှက်သွေးဖြာသောရယ်သံကို ကြားနေရသည်။ ချီကျုံးမူးနေပြီဖြစ်၍ လီရှောက်ယွင်မှ အတင်းအကြပ်ထပ်တိုက်စရာမလိုတော့ပေ။ သူ၏နံဘေးရှိအမျိုးသမီးမှာ သူ့အား တစ်ခွက်ပြီးတစ်ခွက်ငှဲ့ပေးနေ၏။

“သူ၏ခန္ဓာကိုယ်အောက်ပိုင်းက သားရဲကြီးလိုပဲ၊ ကျင်းယွင်ကျောင်း၊ သူ့ကိုကြည့်စမ်း ဟိုအမျိုးသမီးရဲ့ ရင်ဘတ်ကို တဏှာမျက်လုံးနဲ့ ကြည့်နေလိုက်တာဆိုတာ ငါ့ထက်နည်းနည်းပဲပိုကြီးတာမဟုတ်ဘူးလား?”

ဟော်ထျန်းရှန်းဒေါသတကြီးဖြင့် ပြောလိုက်၏။ သူမသည်လည်း တစ်ခွက်၊ နှစ်ခွက်ဝင်ထားသဖြင့် သူမမျက်နှာသည် နီမြန်းနေလေသည်။

ကျင်းယွင်ကျောင်းစကားစရှာမရဖြစ်သွားသည်။ ဟော်ထျန်းရှန်းသည် ချီကျုံးအား စူးစိုက်ကြည့်နေ၏။ ဧကန္တ...

သူမထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။ ဧကန္တ ဟော်ထျန်းရှန်းသည် ချီကျုံးအား အမှန်တကယ် သဘောကျသွားခြင်းလော? သူမစဥ်းစားနေသောအချိန်တွင် လီရှောက်ယွင်သည် သူမအားပြုံးပြပြီး သူမနားထဲသို့ တီးတိုးရေရွတ်လိုက်သည်။

“အရှုံးကိုလက်ခံပြီလား?”

“ဒီလိုပုံစံနဲ့ ချီကျုံးကိုနှိပ်စက်တာ ရှင့်အတွက်မကောင်းဘူးနော်?”

ကျင်းယွင်ကျောင်းစကားလမ်းကြောင်းလွှဲလိုက်သည်။

သူတို့သည် ညီအစ်ကိုများဖြစ်သည်မဟုတ်လော? ဤသည်မှာ အလွန်နှလုံးသားကင်းမဲ့လွန်းလှသည်။ သူ့အား နာခံကျိုးနွံနေဆဲဖြစ်သော ချီကျုံးမှာ သနားစရာကောင်းလှသည်။

“ဘာမကောင်းစရာရှိမှာလဲ ညီအစ်ကိုတွေအချင်းချင်း စနောက်ကြတာ သဘာဝပဲလေ ပြီးတော့ ဒုတိယညီလေးက အရမ်းခေါင်းမာလွန်းတယ် တစ်ခါတစ်လေတော့လည်း သူနည်းနည်းဒုက္ခခံပါစေပေါ့ စိတ်မပူပါနဲ့ သူ့ကိုလွန်လွန်ကျူးကျူးတွေဖြစ်တဲ့အထိ မလွှတ်ထားပါဘူး”

လီရှောက်ယွင်ပြောလိုက်သည်။

သူ၏ညီလေးအား အရက်အနည်းငယ်သောက်ခိုင်းခြင်းသာဖြစ်သည်။ ဤအမျိုးသမီးများမှ ချီကျုံး၏အိပ်ရာထဲသို့ မတက်နိုင်ပါချေ။ ချီကျုံးဆန္ဒရှိလျှင်ပင် သူသဘောတူမည်မဟုတ်ပေ။

သူ၏ညီအစ်ကိုများသည် သွေးတော်သားစပ်ခြင်းမရှိသော်လည်း ညီအစ်ကိုအရင်းများထက် ရင်းနှီးပေ၏။ သူတို့သည် ဆယ်နှစ်သားအရွယ်ကတည်းကပင် အတူလေ့ကျင့်ရေးဆင်းခဲ့ကြပြီး နောက်ပိုင်းတွင် စစ်ဆင်ရေးများကို အတူတကွဆောင်ရွက်ခဲ့ကြသည်။ သူတို့အန္တရာယ်တွင်းထဲသို့ ကျရောက်သည်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ရှိနေပြီး မိမိအသက်ကို အခြားညီအစ်ကို၏လက်ထဲသို့ ပုံအပ်နိုင်လောက်သည်ထိ အချင်းချင်းယုံကြည်ကြပေသည်။ ချီကျုံးမှာ ခေါင်းမာသောစရိုက်ရှိပြီး ဖြောင့်မတ်တည်ကြည်၏။ မြာပွေသော ညီအစ်ကိုခြောက်ကဲ့သို့မဟုတ်ပေ။ သူသည် မိန်းကလေးတစ်ဦးကို ချစ်ကျွမ်းဝင်သွားသည်နှင့် သူ၏တစ်ဘဝစာလုံး ထိုအမျိုးသမီးကိုသာ ပိုင်ဆိုင်လိုတော့မည်ဖြစ်သည်။ သူသည် ထိုမျှလောက် ခေါင်းမာပေ၏။ ထို့ကြောင့် သူ၏အမျိုးသမီးဖြစ်ရမည့်သူသည် သူ့ကဲ့သို့ ဖြောင့်မတ်တည်ကြည်ပြီး စာရိတ္တကောင်းရမည်။ မဟုတ်လျှင် သူ၏ညီအစ်ကိုများအား ဓားထောက်ခြိမ်းခြောက်လျှင်ပင် သူသဘောတူမည်မဟုတ်ချေ။

လီရှောက်ယွင်၏အသံမှာ မကျယ်လှပေ။ ကျင်းယွင်ကျောင်းသာ ကြားနိုင်၏။ သူမသက်ပြင်းချလိုက်သည်။

“စောင့်ကြည့်ကြတာပေါ့ ဟော်ထျန်းရှန်းကလည်း ဘုဘောက်ဆန်တာမို့ အဆုံးထိတောင့်ခံနိုင်ကြမလား ကြည့်ကြမယ်...”

သူမစကားပြောပြီးသည်နှင့် အမျိုးသမီးတစ်ဦးသည် ချီကျုံး၏လက်အား တိတ်တခိုးဆွဲယူပြီး သူမရင်ဘတ်ပေါ်သို့ တင်လိုက်သည်ကို မြင်လိုက်ရ၏။ ထိုအမျိုးသမီးသည် ချီကျုံးဘေးသို့ တိုးကပ်ကာ သူ၏နားထဲသို့ တစ်ခုခုကို တီးတိုးရေရွတ်လိုက်သည်။ ၎င်းကိုတွေ့လိုက်သော ဟော်ထျန်းရှန်းသည် ထိုနေရာသို့ အပြေးအလွှားသွားပြီး ထိုအမျိုးသမီးအားဖမ်းဆုပ်ကာ အခန်းထဲမှနှင်ထုတ်လိုက်၏။

“ထွက်သွားစမ်း! အနေအထိုင်မတတ်လိုက်တာ!”

ထိုအမျိုးသမီးသည် ကြက်သေသေပြီး သခင်လေးလီအား ဝေ့ကြည့်လိုက်သည်။ လီရှောက်ယွင်မှ ဂရုမစိုက်ကြောင်း မြင်လိုက်ရသောအခါ သူမစိတ်အေးသွားပြီး ပြောလိုက်၏။

“သခင်မလေး၊ ဒုတိယသခင်လေးချီကို အဖော်ပြုပေးဖို့ပြောခဲ့တဲ့လူက သခင်လေးလီပါ အနေအထိုင်မှားတာရှိရင် တောင်းပန်ပါတယ် ကျွန်မတို့ကဒီနယ်ပယ်ထဲမှာရှိနေတဲ့လူတွေမို့ အနေအထိုင်တတ်အောင် သင်ပေးလို့ရမလားရှင့်?”

ဟော်ထျန်းရှန်း ဒေါသပုန်ထသွားသည်။

“ထွက်သွား!”

အမျိုးသမီးများအားလုံး ခေတ္တမျှ ကြောင်အမ်းသွားတော့သည်။

“သခင်လေးလီ...”

လီရှောက်ယွင်သည် ဝိုင်ခွက်အားလက်ထဲတွင်ကစားပြီး ခါးမတ်မတ်ထိုင်လိုက်သည်။

“မိန်းကလေး‌ဟော်၊ ကျွန်တော့်ရဲ့ဒုတိယညီလေးက စိတ်ထိန်းထားတာ တော်တော်ကြာပါပြီ၊ သူချုပ်တည်းထားတာတွေ ပွင့်ထွက်ဖို့အခွင့်အရေးပေးနေတာပါ မိန်းကလေးဟော်မှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး ပြီးတော့ သူအခုမူးနေတာမို့ သူ့အတွက် ကျွန်တော်ပဲ ဆုံးဖြတ်ချက်ချပေးရမှာပါ”

“ရှောက်ယွင် တော်တော့ သူတို့ကိုအပြင်ထွက်ခိုင်းလိုက်တော့”

ဟော်ထျန်းရှန်းဖြစ်ပျက်နေပုံကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်းမလုံမလဲဖြစ်သွား၏။

လီရှောက်ယွင် ခေါင်းကိုခါယမ်းလိုက်သည်။ ဤမိန်းကလေးသည် သူမသူငယ်ချင်းများနှင့်ပတ်သတ်လာလျှင် အလွန်စိတ်နုပေသည်။

သူသည် ဆိုးရွားသောလုပ်ရပ်မျိုးကို လုပ်နေခြင်းမဟုတ်ပေ။ ဟော်ထျန်းရှန်းမှာ အနည်းငယ်ဟိတ်ဟန်ကြီးသော်လည်း လူကောင်းတစ်ဦးဖြစ်ပေသည်။ ဤရက်ပိုင်းအတွင်းတွင် သူ၏ဒုတိယညီလေးသည် အမည်မသိဖုန်းနံပါတ်များမှ ဖုန်းအဝင်ခေါ်များကို ရရှိနေခဲ့သည်။ သူသည် ထိုဖုန်းများကို ပြန်စကားမပြောသော်လည်း ဖုန်းတစ်ဖက်အခြမ်းမှအသံများကို ကြားသောအခါ သူ၏မျက်နှာအသွင်အပြင်သည် ခါတိုင်းနှင့်မတူဘဲ ညင်သာနူးညံ့သွားတတ်သည်။ ထို့အပြင် ယနေ့သူတို့အပြင်ထွက်စဥ်က သူ၏ဒုတိယညီလေးသည် စိတ်ကြည်လင်နေဟန်ရှိလေသည်။ လီရှောက်ယွင်၏ခန့်မှန်းချက် မှန်ကန်သည်ဆိုလျှင် ထိုအမည်မသိဖုန်းနံပါတ်မှာ ဟော်ထျန်းရှန်းလက်ချက်ဖြစ်လောက်မည်။

သူတို့သည် အချင်းချင်းချစ်ကျွမ်းဝင်နေသော်လည်း နှစ်ဦးလုံးသည် ခေါင်းမာလွန်းလှ၏။ လီရှောက်ယွင်သည် အစ်ကိုကြီးတစ်ဦးအနေနှင့် သေချာတွေးတောကြံဆကာ ဤကဲ့သို့ဉာဏ်ဆင်လိုက်ခြင်းဖြစ်သည်။

“အားကျောင်း မင်းပြောတာနဲ့ ငါလူဆိုးဖြစ်သွားပြီ ငါ့ကိုမနှစ်သိမ့်ချင်ဘူးလား?”

ဤသည်မှာ အလောင်းအစားတစ်ခုအားနိုင်ရန် ပထမဆုံးအနေဖြင့် သူ့ကိုယ်သူစတေးလိုက်ခြင်းဖြစ်၏။

လီရှောက်ယွင်ရေရွတ်နေချိန်တွင် ဟော်ထျန်းရှန်း ဒေါသတကြီးဖြင့် အော်လိုက်သည်။

“ရှင်ကသူ့အစ်ကိုကြီးဆိုပေမယ့် ကျွန်မက သူ့ရဲ့အနာဂတ်ကောင်မလေးပဲ! ကျွန်မကောင်လေးက တခြားမိန်းကလေးနဲ့ အကြည်ဆိုက်နေတာမျိုးကို ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး!”

Space and Rebirth 794

ဟော်ထျန်းရှန်းသည် အမှန်အကန်ဒေါသထွက်နေ၏။ လီရှောက်ယွင်ကြောင့်မဟုတ်ဘဲ ချီကျုံးကြောင့်ဖြစ်သည်။

သူမသည် အခြေစိုက်စခန်း၌ ချီကျုံး၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော်လည်း သူမမျက်လုံးထဲတွင် ချီကျုံးသည် အခြားသူများနှင့်မတူချေ။ ချီကျုံးသည် ဒေါသကြီးပြီး ခိုင်မာသောစိတ်ဓာတ်ရှိ၏။ ရှင်းရှင်းပြောရလျှင် သန်မာသောစရိုက်ရှိပေသည်။ ဤကဲ့သို့သောယောက်ျားမျိုးသည် မိမိကိုယ်ကိုလုံခြုံသောစိတ်အပြည့်ဖြင့် မွေးဖွားလာသူဖြစ်သောကြောင့် သူမသည် ချီကျုံးအား အခြားသူများနှင့်မတူ ဆက်ဆံခဲ့လေသည်။

သူမသိကျွမ်းခဲ့သော သူဌေးသားလေးများမှာ ချီကျုံးနှင့်လုံးဝမတူပေ။ ထိုယောက်ျားများသည် မိန်းမများထက်ပင် နုနယ်ပြီး ကလွဲ့ကလျနိုင်၏။ စိတ်ထားများမှာလည်း နူးညံ့ပျော့ပြောင်းကာ မိမိ၏ဂုဏ်သိက္ခာကို အလွန်ငဲ့ကွက်တတ်ကြသောသူများဖြစ်သည်။ နားဝင်ကောင်းအောင်ပြောရလျှင် သူတို့သည် စိတ်ထားနူးညံ့သောသူများဖြစ်ပြီး ဘွင်းဘွင်းပြောရလျှင် သူတို့သည် မိန်းမဆန်သူများဖြစ်၏။

ပထမဆုံးအနေဖြင့် ယောက်ျားတစ်ဦးသည် ဤမျှလောက်ခန့်ညားနိုင်ကြောင်းကို ချီကျုံးက သူမအား ပြသခဲ့သည်။

သူမသည် မဝန်ခံချင်သော်လည်း သဝန်တိုမိပေသည်။ တခြားအမျိုးသမီးများမှ ချီကျုံးအနားကပ်သည်ကို မုန်းတီးလှသည်။ ချီကျုံးသည် ရုတ်ချည်းဆိုသလို သူရဲဘောကြောင်သူတစ်ဦးဖြစ်သွားပြီး သခင်လေးလီ၏စကားများအား နာခံနေသည်ကိုလည်း မုန်းမိပေသည်။

သူတို့သည် ရဲဘော်ရဲဘက်များဖြစ်ပြီး သခင်လေးလီမှာ သူ၏အထက်လူကြီးဖြစ်သည်။ သေချာပေါက် သူ့စကားအား နားထောင်ရပေမည်။ သို့ရာတွင် အမျိုးသမီးတစ်ဦးအားအဖော်ပြုခိုင်းခြင်းကဲ့သို့သော အရာမျိုးကို သူအဘယ်သို့ခေါင်းငုံ့လက်ခံနိုင်သနည်း?

ဟော်ထျန်းရှန်း၏ရုတ်တရတ်ဆန်သော စကားများကြောင့် ကျင်းယွင်ကျောင်းမယုံနိုင်ဘဲ မျက်လုံးပြူးသွားတော့သည်။

“ထျန်းရှန်း?”

ဟော်ထျန်းရှန်းမျက်နှာ ရဲတွတ်သွားသည်။

“ညီမလေးကျင်း၊ နင့်လူကိုပြောပြီး သူတို့ကိုမြန်မြန်မောင်းထုတ်လိုက်တော့ သူ့ကိုဒီလောက်အကြာကြီး ကိုင်နေကြတာ ရွံဖို့ကောင်းတယ်!”

သူမပြောခဲ့သောအရာများကို ပြန်ရုတ်သိမ်း၍လည်းမရတော့သဖြင့် သူမဆက်ရှက်စရာမရှိတော့ချေ။

ဟော်ထျန်းရှန်းမှာ မာနကြီးသောမိန်းကလေးတစ်ဦးဖြစ်သည်။ သူမလုပ်ရဲလျှင် ခံရဲသောသတ္တိရှိ၏။ သူမသာ တစ်စုံတစ်ဦးကို သဘောကျလျှင် ထိုလူနောက်သို့ မဆိုင်းမတွလိုက်ပေမည်။ သူမသဘောကျသောသူအား မရရှိနိုင်လျှင် ရရှိနိုင်မည့်နည်းလမ်းကို တွေးတောကြံဆပေမည်။ သို့ရာတွင် ထိုမတိုင်ခင်၌ သူမမျက်စိကျနေသောလူအား ထိပါးရဲသူမှန်သမျှကို အလွတ်ပေးမည်မဟုတ်ချေ!

လီရှောက်ယွင်သည် ကျေနပ်အားရဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအမျိုးသမီးများသည် ချက်ချင်းဆိုသလို ငှက်များကဲ့သို့ လူစုခွဲလိုက်သည်။

ထိုမှသာ ဟော်ထျန်းရှန်းသက်မချပြီး ထိုင်ချလိုက်၏။ သူမသည် ဆိုဖာပေါ်တွင်လှဲလျောင်းနေပြီး အိပ်မောကျတော့မည့် ချီကျုံးအားကြည့်ကာ သူမနှုတ်ခမ်းများကိုစေ့လိုက်သည်။

“ထျန်းရှန်း၊ နင်ခုနကပြောတာတွေကအမှန်တွေလား? အနာဂတ်ကောင်မလေးဆိုတော့...နင်သူ့ကိုကြိုက်နေတာလား?”

ကျင်းယွင်ကျောင်းထပ်မေးလိုက်၏။

သူမသည် အချစ်ရေးနှင့်ပတ်သတ်၍ သိပ်မသိပေ။ ယခင်ဘဝက သူမသဘောကျသောသူတစ်ဦးကိုမျှ မတွေ့ခဲ့သောကြောင့်ဖြစ်သည်။ သူမသူငယ်ချင်းများပင်လျှင် ရည်းစားမရှိချေ။ ထို့ကြောင့် တစ်စုံတစ်ဦးအား နှစ်သက်ရင်ခုန်ရသောခံစားချက်ကို မသိပါပေ။

ထို့အပြင် ယခင်ဘဝက ချောင်ဝေ့မင်၏ အကြမ်းဖက်မှုများကြောင့် သူမသည် ရင်ခုန်ရမည့်အစား ယောက်ျားများကို အတန်ငယ်ရွံစရာကောင်းသောအရာဟု ခံစားနေရဆဲဖြစ်သည်။

ဟော်ထျန်းရှန်းမျက်နှာနီမြန်းသွားသော်လည်း သူမခေါင်းကို အခိုင်အမာငြိမ့်လိုက်သည်။

“ထင်တာပဲ ဒါပေမယ့် လောလောဆယ်တော့ သူ့ကိုမပြောနဲ့ဦး အရမ်းမာန်တက်သွားမှာစိုးလို့၊ ပြီးတော့...ချီကျုံးအတွက် မိန်းကလေးတွေမရှာပေးဖို့လည်း နင့်လူကိုပြောပေးဦး”

“ကိစ္စမရှိပါဘူးဗျာ”

လီရှောက်ယွင် လိုက်လျောသည့်ဟန်ဖြင့် လက်ဖြန့်ပြလိုက်သည်။

သူသည် တစ်ပါးသူ၏ကိစ္စများအား ထိုမျှလောက် ဝင်ရောက်မစွက်ဖက်တတ်ချေ။ အားကျောင်းကိုအနိုင်ယူလိုခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူ၏ညီအစ်ကိုတစ်ဦးကို ဤကိစ္စမျိုး လုပ်ခိုင်းမည်မဟုတ်ပေ။

ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်သည်။ သို့ရာတွင် သူမအရမ်းစိတ်မပျက်သွားချေ။ ချီကျုံးမှာ လူကောင်းတစ်ဦးဖြစ်သည်မဟုတ်လော။ ဟော်ထျန်းရှန်းသာ သူ့အား အောင်အောင်မြင်မြင်ပိုးပန်းနိုင်လျှင် ကောင်းသောအရာဖြစ်ပေမည်။ အစက လီရှောက်ယွင်အား ဒုက္ခခံစေလိုသော သူမအကြံအစည်ပျက်ပြားသွားသည်ကိုသာ နောင်တရမိသည်။

“သူ...ဒီမှာနေခဲ့မှာလား? ငါစိတ်ပူတယ်”

ဟော်ထျန်းရှန်း ရှက်သွေးဖြာသွား၏။ ဤနေရာတွင် အမျိုးသမီးများစွာရှိသည်ဖြစ်ရာ မတော်တဆတစ်ခုဖြစ်လျှင် အဘယ်သို့လုပ်မည်နည်း?

“သူ့အိမ်ဆီကားမောင်းပြန်ပို့ပေးလိုက်မယ် အခုနောက်ကျနေပြီဆိုတော့ သွားရအောင်”

လီရှောက်ယွင် မတ်တပ်ထရပ်လိုက်သည်။

“ဒါဆို သူ့ကိုတွဲကူပေးလိုက်နော်...”

လီရှောက်ယွင်လျှောက်လာသောအခါ ဟော်ထျန်းရှန်းပြောလိုက်၏။

သို့ရာတွင် လီရှောက်ယွင်သည် သူမအားဝေ့ကြည့်ရုံသာကြည့်ပြီး အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်။

“မင်းက သူ့အနာဂတ်ကောင်မလေးဆိုတော့ သူ့ကိုဂရုစိုက်ပေးဖို့တာဝန်က မင်းဆီမှာရှိတယ်မဟုတ်ဘူးလား? ဒီအခွင့်အရေးကိုသုံးပြီး အချင်းချင်းပိုရင်းနှီးအောင်လုပ်တော့ ကောင်းတာပေါ့”

ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ ဟော်ထျန်းရှန်း၏မျက်နှာသည် ပုစွန်တစ်ကောင်ကဲ့သို့ နီမြန်းနေသော်လည်း သူမသည် စိတ်ပိုင်းဖြတ်လိုက်ဟန်ရသည်။ ဟမ့်ခနဲအသံပြုကာ ချီကျုံးကိုတွဲ၍ တံခါးဝမှထွက်လိုက်သည်။

Space and Rebirth 795

ချီကျုံး၏ခန္ဓာကိုယ်သည် သန်မာသောကြွက်သားများဖြင့် ပြည့်နှက်နေသဖြင့် အတော်အတန်လေးပေသည်။ ဤအချိန်တွင် သူ၏တစ်ကိုယ်လုံးသည် ဟော်ထျန်းရှန်းအပေါ်ရောက်နေလေ၏။

တစ်ဖက်တွင်မူ ဟော်ထျန်းရှန်း၏ခြေထောက်များမှာ ဒဏ်ရာရထားပေသည်။ ဒဏ်ရာသက်သာစေရန် ကျင်းယွင်ကျောင်းမှ ဆေးလူးပေးထားခဲ့ပြီး လမ်းလျှောက်လျှင် မသိသာလှသော်လည်း သူမသည် ယခုအချိန်၌ ဆယ်စင်တီမီတာမြင့်သော ဒေါက်ဖိနပ်ကို စီးထား၏။ သူမသည် ချီကျုံးအားဆွဲခေါ်ပြီး အပြင်သို့ထွက်ရာ၌ ထော့နဲ့ထော့နဲ့ဖြစ်နေသဖြင့် ချက်ချင်းဆိုသလို စိတ်မကောင်းဖွယ်မြင်ကွင်းဖြစ်သွားတော့သည်။ သူမ၏ပုံစံသည် အလွန်သနားစရာကောင်းပြီး သူမ၏ခေါင်းမာသောဟန်ပန်ကို အပြည့်အဝဖော်ပြနေလေသည်။

ကျင်းယွင်ကျောင်းသည် သူမအား သွားရောက်ကူညီချင်သော်လည်း လီရှောက်ယွင်၏ဆွဲခေါ်ထုတ်ခြင်းကို ခံလိုက်ရ၏။

“ဒါသူ့အတွက်အခွင့်အရေးကောင်းပဲ အားကျောင်း၊ သူတို့ပျော်နေတာကို သွားမနှောင့်ယှက်နဲ့”

လီရှောက်ယွင်ပြုံးလိုက်သည်။ သူတို့နှစ်ဦးသည် ကားထဲမှသာ ငြိမ်ငြိမ်ထိုင်စောင့်လိုက်တော့သည်။

ကျင်းယွင်ကျောင်းမှာ ချွေးစေးများပြန်နေလေပြီ။ လီရှောက်ယွင်သည် အလွန်တရာပင် ကလိမ်ကကျစ်ကျလှသည်ဟု သူမရုတ်ချည်းဆိုသလို ခံစားရ၏။ လီရှောက်ယွင်၏မျက်လုံးများသည် အန္တရာယ်များသောမီးပွားများဖြင့် ပြည့်နှက်နေပြီး ကျောချမ်းဖွယ်ကောင်းလှသည်။

နှစ်ဦးသားသည် ကားထဲတွင် အချိန်တော်ကြာစောင့်ပြီး နောက်ဆုံးတွင် ဟော်ထျန်းရှန်းမှ လူတစ်ဦးအား ကားဆီသို့တရွတ်တိုက်ဆွဲလာသည်ကို မြင်လိုက်ရတော့သည်။ သူမသည်လက်ထဲတွင် ယွမ်ငါးသန်းထည့်ထားသော လက်ဆွဲအိတ်ကို ကိုင်ထားဆဲဖြစ်ပြီး သူမဝတ်ထားသောသားရေအင်္ကျီများကြောင့် အနည်းငယ်အကြပ်ရိုက်နေဟန်ရသည်။ ကျင်းယွင်ကျောင်းသည် သူမကိုမြင်လိုက်သောအခါ အနည်းငယ်ပူပန်သွားသည်။

“မိန်းမလှလေးရဲ့လှည့်ကွက်က တကယ်အကျိုးရှိတာပဲ၊ အားကျောင်း၊ မင်းသူ့ကိုအခုသွားကူညီလိုက်ရင် ဒုတိယညီလေးနိုးလာတာနဲ့ ကျေးဇူးတင်မယ့်သူက သူ့ကိုမဟုတ်ဘဲ မင်းဖြစ်သွားလိမ့်မယ်၊ အဲ့အချိန်ကျရင် သူ့ကြိုးစားအားထုတ်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်သွားမှာပဲ”

လီရှောက်ယွင် ထပ်လောင်းပြောလိုက်သည်။

ကျင်းယွင်ကျောင်းကြားလိုက်သောအခါ ဤသည်မှာ အဓိပ္ပာယ်ရှိသောစကားဖြစ်ကြောင်း သိလိုက်သည်။

“ရှင့်ရဲ့ပုံစံနဲ့တကယ်မတူတာပဲ ရှင်လည်းအောင်သွယ်တော်မလုပ်တာ နှမြောစရာကောင်းလိုက်တာ”

ကျင်းယွင်ကျောင်းသည် သူ့အားကြည့်ကာ အံ့သြနေ၏။

“အခုမင်းအတွက်သာမင်းစဥ်းစားစမ်းပါ ငါ့သတ်မှတ်ချက်က တကယ်တော့ရိုးရှင်းတယ် မနက်ဖြန်ကျရင် မင်းကငါ့အပိုင်ဖြစ်သွားပြီ ငါပြောသလိုသာလုပ် အဲ့လိုလုပ်ပေးနိုင်တယ်မလား?”

လီရှောက်ယွင်ပြုံးကာ အနားသို့တိုးလာလိုက်သည်။

ကျင်းယွင်ကျောင်းကြောင်အမ်းသွား၏။ သူမသည် ဤကိစ္စနှင့်ပတ်သတ်၍ မေ့နေချေပြီ။

“ရှင်ကတကယ်မိန်းကလေးရွေးတတ်တဲ့အမြင်မရှိတာပဲ မဟုတ်မှလွဲရော ကလေးထိန်းဖြစ်ချင်နေတာများလား?”

လီရှောက်ယွင်မျက်ခုံးများကိုပင့်လိုက်သည်။

“အလောင်းအစားလုပ်ဖို့သဘောတူထားရင် ကိုယ့်အရှုံးကိုလက်ခံနိုင်ရမှာပေါ့၊ ဒါပေမယ့် မင်းကလက်မခံနိုင်ဘူးဆိုရင်လည်း ငါဘယ်တတ်နိုင်မှာလဲ”

“စိတ်မပူပါနဲ့ ကျွန်မကကတိမတည်တဲ့လူစားမျိုးမဟုတ်ဘူး”

ကျင်းယွင်ကျောင်းသည် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

“မင်းကတိတည်နိုင်မယ်လို့ပဲ မျှော်လင့်ပါတယ်”

လီရှောက်ယွင်သည် သူမအား လုံးဝမယုံသည့်ပုံပေါက်နေလေသည်။

သို့ရာတွင် လီရှောက်ယွင်၏မေးခွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် ကျင်းယွင်ကျောင်းသည် အနည်းငယ်နေရခက်သွားသည်။ မနက်ဖြန်တွင် သူ့အားကိုင်တွယ်ရသည်မှာ ခက်ခဲလိမ့်မည်ဟု သူမခံစားမိလိုက်သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်-သုံးနှစ်အတွင်း လီရှောက်ယွင်၏လုပ်ရပ်များအရ သူမမခံမရပ်နိုင်လောက်သည်ထိ အလွန်အကျူးဖြစ်လောက်မည်မဟုတ်ချေ...

ကျင်းယွင်ကျောင်းသည် သူမကိုယ်သူမ အချိန်အတော်ကြာနှစ်သိမ့်ပြီးချိန်တွင် ရုတ်ချည်းဆိုသလို အပြင်ဘက်မှ အော်သံတစ်သံထွက်လာ၏။

သူမခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ခေါင်းစွပ်ဖြင့်လူနှစ်ဦးသည် လက်ဆွဲအိတ်အားကိုင်ကာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရ၏။ ဟော်ထျန်းရှန်းနှင့် ချီကျုံးမှာ မြေပြင်ပေါ်သို့ တွန်းချခံထားရပြီး သူတို့ခန္ဓာကိုယ်များမှာ ဖရိုဖရဲဖြစ်နေသည်။ သူတို့လည်ပင်းပေါ်ရှိ ဆွဲကြိုးများနှင့် သူတို့လက်ထဲရှိအရာများပါ အလုခံလိုက်ရပြီဖြစ်သည်။

“လက်ထဲမှာ ငွေသားကြီးပဲငါးသန်းနဲ့ လျှောက်သွားနေပြီး အလုမခံရတာကမှ ထူးဆန်းနေဦးမှာ”

လီရှောက်ယွင်သည် ကားစက်ကိုနှိုးကာ သူခိုးနှစ်ဦးထွက်ပြေးသွားသောလမ်းကြောင်းသို့ ဦးတည်မောင်းသွားလိုက်သည်။

ဤသည်မှာ လမ်းမကြီးဖြစ်သဖြင့် လမ်းအချိုးအကွေ့တစ်ခုသို့ရောက်ရှိရန် သူတို့သည် အနည်းဆုံး သုံး-လေးရာမီတာခန့် ပြေးရဦးပေမည်။ ကားမောင်းမထွက်ခင်တွင် ကျင်းယွင်ကျောင်းသည် ကားပေါ်သို့တက်လိုက်၏။ မကြာမီတွင် လီရှောက်ယွင်သည် လမ်းမကြီးနှင့် မီတာ ၄၀၀ ကွာဝေးသောနေရာတွင် ကားကိုရပ်လိုက်သည်။

“ဂျိန်း!”

ထို့နောက် သူသည် ကားတံခါးကိုပိတ်ကာ အင်္ကျီလက်များကိုခေါက်တင်ပြီး သူခိုးနှစ်ဦးရှိရာနေရာသို့ လှမ်းသွားလိုက်၏။ သူခိုးများ၏အနောက်တွင် ကျင်းယွင်ကျောင်းမှလမ်းပိတ်ရပ်ထားသဖြင့် သူတို့ပြေးစရာမြေမရှိတော့ချေ။

ဟော်ထျန်းရှန်းသည် အစက ဒရိုင်ဘာနှင့်အတူ ငွေအိတ်ကို ပြန်ထည့်ပေးလိုက်ချင်သော်လည်း ဤအကြံကို ချီကျုံးမှ စတင်ပြောကြားခဲ့သဖြင့် အမြင်ကတ်စွာဖြင့် သူမစဥ်းစားထားသည့်အတိုင်းမလုပ်ဘဲ ပေကပ်နေလိုက်သည်။ ချီကျုံးပျော်သွားမည်စိုးသဖြင့် သူမသည် ငွေအိတ်အား တမင်တကာ ကိုယ်တိုင်သယ်ဆောင်လိုက်ခြင်းဖြစ်သည်။

သို့သော် ယခုတွင် သူမသည် အလုခံရလေပြီ။

မြို့တော်ထဲတွင် လုံခြုံရေးကောင်းသည်မှန်သော်လည်း ဟော်ထျန်းရှန်းမှာ တုံးအပြီး ငွေများစွာကိုပိုက်သွားခဲ့၏။ ငွေနံ့ရလျှင် လူများသည် စိတ်မထိန်းနိုင်ဖြစ်တတ်ကြသည်မဟုတ်လော။ ထို့အပြင် သူမခန္ဓာကိုယ်ရှိ လက်ဝတ်လက်စားများနှင့် ငွေပမာဏအားလုံးပေါင်းလိုက်လျှင် နှစ်ပေါင်းများစွာ အလုပ်မလုပ်ဘဲ သက်တောင့်သက်သာနေနိုင်၏။

“ကောင်လေး၊ လမ်းဖယ်စမ်း!”

သူခိုးတစ်ဦးမှ လီရှောက်ယွင်အား အော်လိုက်သည်။

Space and Rebirth 796

ကျင်းယွင်ကျောင်း၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမစိတ်ထဲတွင် သိချင်လိုစိတ်တစ်ခုက ပေါ်ပေါက်လာသည်။ သူမသည်လည်း လီရှောက်ယွင်၏အဆင့်ကို မြင်ချင်မိ၏။

လီရှောက်ယွင်၏ အတိုက်အခိုက်စွမ်းရည်ကို သူမနှစ်ကြိမ်နှစ်ခါမြင်ဖူးသည်။ ပထမတစ်ကြိမ်မှာ ရွာသားများက သူ့အားဝိုင်းဝန်းရိုက်နှက်သောအချိန်တွင်ဖြစ်သည်။ ထိုအချိန်က လီရှောက်ယွင်သည် သိပ်မလှုပ်ရှားဘဲ မိမိကိုယ်ကိုကာကွယ်ရန်အတွက်သာ အလေးအနက်ထားလုပ်ဆောင်ခဲ့သည်။ ဒုတိယအကြိမ်တွင်မူ သူသည် သေနတ်တစ်လက်ကို အသုံးပြုခဲ့၏။ သူ၏သေနတ်ပစ်စွမ်းရည်မှာ အံ့သြစရာကောင်းသော်လည်း သူ၏ကျွမ်းကျင်မှုအဆင့် အစစ်အမှန်ကိုမူ သူမမသိသေးချေ။

လီရှောက်ယွင်၏နှုတ်ခမ်းစွန်းသည် အပေါ်သို့အနည်းငယ်ကွေးညွှတ်သွား၏။ သူ၏ခြေလှမ်းများသည် မလေးလံသော်လည်း သူလှမ်းလိုက်သောခြေလှမ်းတိုင်းသည် အခြားသူများအား စိုးရွံ့စေသည်။ သူတဖြည်းဖြည်းချည်းကပ်လာချိန်တွင် သူခိုးလေးနှစ်ဦးသည် အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်နေချေပြီ။

“ဖယ်စမ်း! မင်းမဖယ်ရင် ငါတို့လုပ်မှာ...”

နှစ်ဦးသားလုံးသည် စကားပြောရင်းဖြင့် အိတ်ကပ်ထဲမှဓားတစ်ချောင်းစီ ထုတ်လိုက်ကြသည်။ သို့သော် ၎င်းမှာ သာမန်အိမ်သုံးဓားတစ်ချောင်းဖြစ်သည်။ ကြုံရာဆိုင်တစ်ဆိုင်မှ ဝယ်ခဲ့ကြဟန်ရပေသည်။ ထို့အပြင် ဓားကိုင်ထားသော သူတို့လက်များမှာလည်း တုန်ယင်နေ၏။ ဤကဲ့သို့ပြစ်မှုမျိုးအား ကျူးလွန်ဖူးသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိသာပေသည်။

သို့ရာတွင် ပထမဆုံးအကြိမ်တွင်ပင် ဤမျှလောက်များပြားသောငွေပမာဏအား လုရဲသောကြောင့် သူတို့သတ္တိမှာလည်း မသေးလှဟုပြောရမည်။

ကျင်းယွင်ကျောင်းသည် မလှမ်းမကမ်းတွင်ရပ်ပြီး စောင့်ကြည့်နေ၏။ လီရှောက်ယွင်သည် ဤကိစ္စအား လုံးလုံးဂရုမစိုက်သည့်အတိုင်း တည်ငြိမ်နေသည်။ သူသည် အေးအေးဆေးဆေးဖြင့် ထိုနှစ်ဦးရှေ့မှောက်သို့ လျှောက်သွားလိုက်သည်။

သူခိုးလေးနှစ်ဦးသည် မလှုပ်ရှားသေးချေ။ ထိုအစား သူတို့သည် လီရှောက်ယွင်အား တစ်ပတ်ပတ်ကာ ထွက်ပြေးရန် ပြင်ဆင်ထားကြ၏။ သို့ရာတွင် သူတို့ခြေတစ်လှမ်းမျှ မလှမ်းနိုင်ခင်တွင် ရုတ်ချည်းဆိုသလို ဝမ်းဗိုက်နေရာအား အထိုးခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ တစ်ယောက်ပြီးတစ်ယောက် လီရှောက်ယွင်၏ကန်ချက်ဖြင့် မြေပြင်ပေါ်လဲကျသွား၏။

သူတို့ခုခံနိုင်စွမ်းမရှိလိုက်ချေ။

ကျင်းယွင်ကျောင်းသည် အနည်းငယ်စိတ်ပျက်မိသွား၏။ လီရှောက်ယွင်၏စွမ်းရည်နှင့်ပတ်သတ်၍ အပေါ်ယံကိုပင် သူမမမြင်လိုက်ရပေ။

“လ-လွှတ်ပေးပါ....ကျွန်တော်တို့ မဆင်မခြင်လုပ်မိသွားပါတယ်...”

သူခိုးလေးနှစ်ဦးမှ အလျင်အမြန်ပြောလိုက်သည်။

လီရှောက်ယွင်မှာ မျက်ခွံပင် လှန်မကြည့်ချေ။ သူသည် ဖုန်းတစ်ချက်ဆက်လိုက်ပြီး ထိုနေရာ၌ ရပ်စောင့်နေလိုက်သည်။

ကျင်းယွင်ကျောင်းနှုတ်ခမ်းများကို ကွေးလိုက်၏။

“ဒီနေ့တော့ ရှင့်စွမ်းရည်တွေကို ကျွန်မမြင်နိုင်မယ်လို့ ထင်ခဲ့တာ”

“မင်းတွေ့ချင်တာလား? အနာဂတ်ကျရင် မင်းတစ်ယောက်တည်းကိုပဲ သီးသန့်ပြမယ်လေ အဆင်ပြေတယ်မလား?”

လီရှောက်ယွင်၏ပြုမူပြောဆိုပုံသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားလိုက်၏။

“အစ်ကိုကြီး၊ အစ်ကိုကြီး...ဒါကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်ပါ...လွှတ်ပေးပါဗျာ နောက်တစ်ခါမလုပ်ဘူးလို့ ကတိပေးပါတယ်! သူ့မှာငွေတွေအများကြီးရှိတာတွေ့တော့ လောဘတက်မိသွားတာပါ ကျွန်တော့်ဇနီးက နေမကောင်းဖြစ်နေလို့ သူ့ကိုဆေးကုစရာပိုက်ဆံမရှိတာနဲ့ ကျွန်တော့်မှာလည်း ရွေးချယ်စရာမရှိခဲ့ပါဘူး...”

မြေပြင်ပေါ်တွင်လဲနေသောလူတစ်ဦးမှ ပြောလိုက်သည်။

လီရှောက်ယွင်၏မျက်နှာအသွင်အပြင် မပြောင်းလဲသည့်အပြင် သူသည် စကားပင်ပြန်မပြောချေ။

သူခိုးတစ်ယောက်မှ ၎င်းကိုမြင်သည်နှင့် ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းဘက်လှည့်ပြီး တောင်းပန်ခယတော့သည်။

“မိန်းကလေး၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်တို့ထောင်ထဲမသွားချင်ပါဘူး ဒါတကယ်ပဲ ပထမဆုံးအကြိမ်ပါ မ-မင်းတို့လည်း ဘာမှမပျောက်သွားခဲ့ဘူးလေ ဘာမှမဖြစ်သလိုနေပေးလို့မရဘူးလားဟင်? ကျွန်တော်သာ ထောင်ထဲသွားရင် ကျွန်တော့်မိန်းမက....”

သူ၏မျက်နှာပေါ်သို့ မျက်ရည်များစီးဆင်းကျလာပြီး လေသံမှာလည်း စိတ်ရင်းမှန်ဖြစ်ဟန်ရသည်။

ကျင်းယွင်ကျောင်းသည် အနည်းငယ်မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။ သူမစိတ်မပျော့သွားချေ။

“ငါ့ကိုရက်စက်တယ်ဆိုပြီး မင်းအပြစ်တင်တော့မယ်ထင်နေတာ”

လီ‌ရှောက်ယွင် ညင်သာစွာပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် ခါးသီးသောအပြုံးတစ်ခုဖြင့်သာ ပြန်ပြောလိုက်သည်။

“ကျွန်မအဲ့လောက်မတုံးဘူး”

နှစ်ဦးသားသည် သူတို့အား ဤနေရာထိ နောက်ယောင်ခံလိုက်နိုင်ခဲ့သဖြင့် ဟော်ထျန်းရှန်း၏လက်ဆွဲအိတ်ထဲမှ ငွေပမာဏအား အစကတည်းက မြင်ခဲ့သူများဖြစ်ပေမည်။ ထို့ကြောင့် ဤကိစ္စအား ကြိုတင်စီစဥ်ထားခြင်းဟု ပြောနိုင်သည်။ သူတို့သည် အချိန်အတော်ကြာစောင့်ကြည့်နေခဲ့ပြီး ဟော်ထျန်းရှန်းတို့နှစ်ဦးသား ခေါင်းမထောင်နိုင်‌သောအချိန်မှသာ အလစ်သုတ်ခဲ့ခြင်းဖြစ်သည်။ ယခုသူတို့အား ဖမ်းမိပြီဖြစ်သောကြောင့် နောင်တရ၍လည်း အကျိုးမရှိချေ။

ထို့အပြင် ဤလူသည် သူ၏ဇနီးသည်မှာ ဆေးရုံရောက်နေကြောင်း ပြောကြားခဲ့သော်လည်း ဤသည်မှာ အခြားသူများအား လုယက်ရန် ကောင်းမွန်သောအကြောင်းပြချက်မဟုတ်သဖြင့် ခွင့်လွှတ်ရန် မထိုက်တန်ပါချေ။

ထိုမျှမက ငွေငါးသန်းရှိသောလက်ဆွဲအိတ်ဖြင့် မလုံလောက်သလော? ငွေအိတ်အားယူပြီးသည့်နောက်တွင် ဟော်ထျန်းရှန်း၏လက်ဝတ်လက်စားများကိုပါ လုယက်ချင်သေး၏။ သူတို့သည် လောဘအတောမသတ်နိုင်သောလူများဖြစ်မှန်း သိသာသည်။ သူတို့အားလွှတ်ပေးလိုက်လျှင် သူမအတွက် အရှုံးမရှိသော်လည်း ဟော်ထျန်းရှန်းလန့်ဖျပ်သွားသည်ကို မည်သူကပြန်ပေးဆပ်မည်နည်း? အခြားသူများလည်း သူတို့ကဲ့သို့ဖြစ်နေပြီး ငွေလိုနေတိုင်း လူများအားလိုက်လံလုယက်နေပါက တစ်လောကလုံးဖရိုဖရဲဖြစ်ကုန်မည်မဟုတ်လော?

သို့ရာတွင် ရဲအရာရှိများရောက်လာသောအခါ သူမသည် အရှိကိုအရှိအတိုင်း သက်သေထွက်ဆိုခဲ့လေသည်။

လီရှောက်ယွင်ဖုန်းဆက်ပြီးနောက် ဤကိစ္စအားရှင်းလင်းရန် လူတစ်ယောက်ရောက်ရှိလာခဲ့သည်။ နှစ်ဦးသားပြန်ရောက်သောအခါ ဟော်ထျန်းရှန်း၏ဒေါက်ဖိနပ်သည် ကျိုးနေပြီး သူမခြေထောက်မှာလည်း အယောင်ပြန်ထနေကြောင်း မြင်လိုက်ရ၏။ သူမသည် နာကျင်လွန်း၍ မျက်နှာရှုံ့မဲ့နေသည်။ အစောပိုင်းက သူမ၏အော်သံကြောင့် ချီကျုံးသည် နိုးလာပြီး ခေါင်းကိုစောင်းကာ အနည်းငယ်အမူးပြေနေပြီဖြစ်သည်။ သူသည် တုံဏှိဘာဝေဖြစ်နေသောမျက်နှာဖြင့် ဟော်ထျန်းရှန်း၏ခြေထောက်အား ပွတ်ပေးနေသည်။

“ပြောသားပဲ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင်လုပ်တဲ့လှည့်ကွက်က အကျိုးရှိပါတယ်လို့”

လီရှောက်ယွင်မှ ထူးဆန်းသောလေသံဖြင့် ပြောလိုက်၏။

All Chapters