← Chapters

အခန်း (၇၉၇-၈၀၀)

Vol. 40 Ch. 797-800

အခန်း (၇၉၇-၈၀၀)

Vol. 40 Ch. 797-800

Space and Rebirth 797

ကျင်းယွင်ကျောင်းစကားစရှာမရဖြစ်နေ၏။ သို့သော်လည်း ဤကိစ္စမျိုးတွင် လီရှောက်ယွင်သည် သူမထက်အမှန်တကယ်ပင် အသိပညာကြွယ်ဝကြောင်းကိုမူ သူမဝန်ခံရပေမည်။ ချီကျုံး၏စရိုက်သည် ဖြောင့်မတ်တည်ကြည်ပြီး ပွင့်လင်း၏။ ဟော်ထျန်းရှန်းအား ဒုက္ခပေးမိသဖြင့် သူသည် မလုံမလဲဖြစ်မည်မှာ သေချာပေသည်။ အနာဂတ်တွင် နှစ်ဦးသားသည် ယခင်ကကဲ့သို့ တကျက်ကျက်ရန်ဖြစ်မနေတော့ဘဲ အချင်းချင်းနူးနူးညံ့ညံ့ဖြင့် ဆက်ဆံကာ တည့်သွားကြလိမ့်မည်။

သို့သော် ဤသည်မှာ ကျင်းယွင်ကျောင်း၏အတွေးများသာဖြစ်ပေသည်။

ဟော်ထျန်းရှန်းသည် အသေအလဲကြောက်ရွံ့နေ၏။ ချီကျုံးလည်း သတိပြန်လည်လာပြီဖြစ်သဖြင့် ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်သည် နှစ်ဦးသားအား ကားထဲသို့ပြန်တွဲခေါ်သွားလိုက်သည်။

“ဒီတစ်ခေါက်တော့...ငါမင်းကိုကျေးဇူးကြွေးတင်သွားပြီ”

အချိန်တစ်ခုကြာသောအခါ ချီကျုံးမှစတင်ပြောလိုက်၏။

ဟော်ထျန်းရှန်းသည် ဤစကားကိုကြားလိုက်သောအခါ အမြီးယမ်းခါလုမတတ်ဖြစ်သွားသော်လည်း သူမကြာကြာမပျော်နိုင်ခင်တွင် ချီကျုံးဆက်ပြောလိုက်သည်။

“ဒါပေမယ့် ကိုယ့်ပိုင်ဆိုင်မှုတွေကို လူကြားထဲထုတ်မပြရဘူးဆိုတာ မင်းနားမလည်ဘူးလား? ဒီတစ်ခေါက်သတ္တိမရှိတဲ့သူခိုးနဲ့တိုးတာကို ကံကောင်းတယ်မှတ်လိုက်၊ မဟုတ်ရင် မင်းပိုက်ဆံတွေဆုံးရုံမက အသက်ပါ ပါသွားနိုင်တယ်”

စဥ်းစားကြည့်လိုက်သောအခါ သူအနည်းငယ်ကြောက်ရွံ့သွား၏။

အစောပိုင်းက သူသည် မူးဝေနေသဖြင့် စဥ်းစားရန်အချိန်မရှိလိုက်ချေ။ အန္တရာယ်များသောလက်နက်ကို ပိုင်ဆိုင်သည့် လက်ရဲဇက်ရဲသူခိုးတစ်ဦးနှင့် ကြုံရလျှင် ဟော်ထျန်းရှန်း၏ ကိန်းကြီးခမ်းကြီးဆန်သောအသွင်အပြင်သည် သေချာပေါက်အာရုံနောက်စရာဖြစ်ပေမည်။ သူသည် တစ်ချက်တည်းဖြင့်ပင် လည်အလှီးခံရနိုင်၏။

သူသည် ယခင်က ဤမျှလောက်မသောက်ဖူးသဖြင့် ဤမတော်တဆမျိုးအား ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

ချီကျုံးအသံသည် အေးတိအေးစက်နိုင်နေသဖြင့် ဟော်ထျန်းရှန်း ချက်ချင်းဆိုသလို စိတ်ပျက်သွားသည်။

“ကျွန်မက ပိုင်ဆိုင်မှုတွေကိုကြွားဖို့ မွေးလာတာ! အဲ့တော့ ဘာဖြစ်ချင်လဲ? ရှင်ရောခုနက ဘာအသုံးကျလို့လဲ? သခင်လေးလီနဲ့ ယွင်ကျောင်းကြောင့်သာမဟုတ်ရင် ကျွန်မရှိသမျှအကုန်ပါတော့မလို့!”

သူမအား ကျေးဇူးမတင်သည်မှာ ကိစ္စမရှိသော်လည်း သူမအား ဆုံးမရဲသေးသလော?

ထို့အပြင် ထိုအချိန်က သူမသည် ချီကျုံးအား တွဲကူထားသဖြင့် ခုခံရန်အင်အားမရှိခဲ့ချေ။ မဟုတ်လျှင် သူမသည် ဤမျှလောက် သုန်မှုန်နေမည်မဟုတ်ပေ!

ချီကျုံးမျက်နှာသည် ချက်ချင်းဆိုသလို မှောင်မည်းသွားသည်။ ဟော်ထျန်းရှန်း၏စိတ်ကြီးပုံမျိုးဖြင့် အကျိုးအကြောင်းပြပြော၍မရပါပေ။ သူသည် သူမအတွက် ဤကိစ္စများကို ပြောနေခြင်းသာဖြစ်သည်။ သူမသည် ဤတစ်ကြိမ်တွင် ဘေးမသီရန်မခ ရှောင်တိမ်းနေခဲ့သော်လည်း နောက်တစ်ကြိမ် ဤသို့ဖြစ်လျှင် အဘယ်သို့လုပ်မည်နည်း?

နှစ်ဦးသား ပြန်ရန်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်းအနည်းငယ်အံ့အားသင့်သွား၏။ သူမနားမလည်နိုင်ချေ။ လွန်ခဲ့သောစက္ကန့်ပိုင်းက သင့်မြတ်နေခဲ့ကြသောအခြေအနေသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်မဟုတ်လော?

သို့သော် လီရှောက်ယွင်၏သတိပေးချက်ကြောင့် ကျင်းယွင်ကျောင်းသည် သူတို့နှစ်ဦးကြား ဝင်ဖျန်ဖြေရန် မကြိုးစားခဲ့ချေ။ လက်ရှိ သူတို့၏စကားအချေအတင်အရ...သူတို့အား ရန်သူများဟု သတ်မှတ်နိုင်သလော?

ကျင်းယွင်ကျောင်းသည် နှစ်ဦးသားအား တစ်ချက်တစ်ချက်ဆိုသလို အကဲခတ်လိုက်သည်။ သို့ရာတွင် နှစ်ဦးသားသည် ဘေးနားတွင် မည်သူမှမရှိသည့်အတိုင်း ပြုမူနေကြ၏။ သူတို့သည် ရန်ဖြစ်သည့်အချိန်ကြာလေလေ အသံကျယ်လာကြလေဖြစ်သည်။ သို့ရာတွင် ချီကျုံးမှာ ယောက်ျားလေးဖြစ်သဖြင့် စကားသိပ်မပြောချေ။ သို့တိုင်အောင် သူစကားပြောတိုင်းတွင် ဟော်ထျန်းရှန်းပါးစပ်ပိတ်သွားပြီး စကားစရှာမရဖြစ်သွားစေ၏။

ကျင်းယွင်ကျောင်းမှ နှစ်ဦးသားအား အမှတ်တမဲ့ကြည့်နေသောအချိန်တွင် လီရှောက်ယွင်မှ သူမအား စိတ်ရှည်လက်ရှည်ဖြင့် စိုက်ကြည့်နေသည်ကို သူမသတိမထားမိချေ။

ထိုညတွင် လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းတို့နှစ်ဦးအား ကျောင်းသို့ပြန်ပို့လိုက်၏။ သူတို့ကားပေါ်မှမဆင်းခင်တွင် လီရှောက်ယွင်၏မှိန်ပျပျအပြုံးကြောင့် ကျင်းယွင်ကျောင်းအနည်းငယ်နေရခက်သွားသည်။

သူတို့ကျောင်းထဲဝင်လိုက်သည်နှင့် ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်း၏အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ရယ်လိုက်တော့သည်။

“နင်သူနဲ့မခွဲနိုင်ဘူးလား?”

သူမလက်အားကိုင်ထားသော ကျင်းယွင်ကျောင်းသည် ခဏတာမျှရပ်တန့်သွားပြီး ခေါင်းကိုခါယမ်းလိုက်၏။

“ဒီသခင်လေးလီက လျှို့ဝှက်ချက်တွေများတာပဲ၊ အမှန်အတိုင်းပြောရရင် သူ့လိုမျိုးမြင့်မြတ်တဲ့အငွေ့အသက်တွေရှိတဲ့ ယောက်ျားမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး၊ တစ်ချက်ကြည့်လိုက်တာနဲ့ သွားရှုပ်လို့မရတဲ့လူမှန်း ပြောလို့ရတယ်၊ အထက်တန်းမိသားစုကလာတဲ့လူမှတ်လား?”

ဟော်ထျန်းရှန်းမေးလိုက်၏။

ကျင်းယွင်ကျောင်းခေါင်းကိုခါယမ်းလိုက်ပြန်သည်။

“ငါလည်းသေချာမသိဘူး”

“သေချာမသိဘူး? နင်တို့သိတာဘယ်လောက်ကြာပြီလဲ?”

“သုံးနှစ်နီးပါးလောက်ရှိပြီ”

ကျင်းယွင်ကျောင်းထပ်ပြောလိုက်၏။

၎င်းကိုကြားလိုက်သောအခါ ဟော်ထျန်းရှန်းမျက်လုံးများ ပြူးသွားတော့သည်။ သူမပါးစပ်အဟောင်းသားဖြစ်နေ၏။

“နင်သူ့ကိုသိတာ သုံးနှစ်တောင်ရှိနေပြီကို သူ့မိသားစုနောက်ခံအကြောင်းတောင် မသိဘူးလား? ဒါပေမယ့် နင်တို့နှစ်ယောက်ကြည့်ရတာ အရမ်းရင်းနှီးတဲ့ပုံပေါက်ပါတယ် ပြီးတော့ သူနင့်ကိုကြည့်တဲ့ပုံကိုလည်း ငါမြင်လိုက်တာပဲ...”

ဟော်ထျန်းရှန်း စကားဆက်မပြောတော့ချေ။

ကျင်းယွင်ကျောင်းသည် အချစ်ရေးနှင့်ပတ်သတ်လာလျှင် နှလုံးသားကင်းမဲ့သူဖြစ်ကြောင်း သိသာနေ၏။ အချို့အရာများမှာ သူမထုတ်ပြောစရာမလိုပေ။ ကျင်းယွင်ကျောင်းကိုယ်တိုင် ရှာဖွေတွေ့ရှိသည်က ပိုကောင်းပေမည်။

Space and Rebirth 798

သူမသည် သခင်လေးလီအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သော်လည်း အလွန်အထင်ကြီးသွားခဲ့သည်။ ဟော်မိသားစု၏သမီးအနေဖြင့် သူမသည် အခြေအနေပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး ယောက်ျားပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ သို့ရာတွင် လီရှောက်ယွင်ကဲ့သို့ယောက်ျားမျိုးအား မြင်ရခဲပေသည်။ လီရှောက်ယွင်၏အပြင်ပန်းပုံစံမှာ ဖော်ရွေပုံပေါက်သော်လည်း သူ၏ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် လူအများအား ချည်းကပ်ရခက်ခဲစေ၏။

သို့ရာတွင် ဤလူသည် ကျင်းယွင်ကျောင်းအားဆက်ဆံပုံမတူချေ။

လူကဲခတ်ရာတွင် သူမ၏အာရုံသည် အလွန်စူးရှပေ၏။ သူမသည်သာ ကျင်းယွင်ကျောင်း၏သူငယ်ချင်းမဟုတ်ခဲ့လျှင် ဤလီရှောက်ယွင်သည် သူမအား တစ်ချက်မျှပင် ဝေ့ကြည့်မည်မဟုတ်ကြောင်း သူမသေချာသိနေသည်။ သို့သော် သူသည် ကျင်းယွင်ကျောင်းအားကြည့်သောအချိန်တွင်မူ မိမိကိုယ်ကိုမထင်မရှားဖြစ်အောင်နေပြီး နေရာ၊ အချိန်မရွေး ကျင်းယွင်ကျောင်း၏စိတ်ခံစားချက်များကို အာရုံစိုက်နေသည့်ပုံပေါက်လေသည်။ သူ၏အကြည့်များသည် ညင်သာလွန်း၍ စိတ်ကူးယဥ်ဆန်သလိုပင် ခံစားရ၏။ လူကြီးလူကောင်းပုံပေါက်သော ယောက်ျားတစ်ဦးသည် ပုံစံနှင့်ဆန့်ကျင်ဘက်ဖြစ်နေသော စရိုက်ရှိနေသည်ကို သူမမယုံကြည်နိုင်ဖြစ်နေသည်။

စိတ်မကောင်းစွာဖြင့် ကျင်းယွင်ကျောင်းသည် သူ့အား သတိပင်မထားမိဘဲရှိနေ၏။

ဟော်ထျန်းရှန်း မည်သို့ဆက်ပြောရမည်ကို မသိတော့ချေ။

“သူငါ့ကိုကြည့်တဲ့ပုံကဘာဖြစ်လို့လဲ?”

ကျင်းယွင်ကျောင်း မေးမိသွားတော့သည်။

“ဘာမှမဖြစ်ပါဘူး ငါဒီတိုင်းလျှောက်ပြောနေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူကမဆိုးဘူး၊ သူ့ကို ကိုင်တွယ်နိုင်တဲ့သူသိပ်ရှိမှာမဟုတ်ပေမယ့် နင်သာဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်”

ဟော်ထျန်းရှန်း အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

လီရှောက်ယွင်၏မျက်နှာထားကိုကြည့်သည်နှင့် သူမအား ချစ်ကျွမ်းဝင်နေသည်မှာ သေချာသည်။ လီရှောက်ယွင် သဘောကျနေသောသူမှာ ရိုးသားဖြူစင်သော သာမန်မိန်းကလေးတစ်ဦးဖြစ်လျှင် သူမသည် ဟိုးယခင်ကတည်းကပင် ထိုအကြည့်များအောက်၌ ပျော်ကျသွားလောက်ပေပြီ။ သို့သော် လီရှောက်ယွင်၏ စူးရှသောမျက်လုံးများသည် ဤရေခဲတမျှအေးစက်သော ကျင်းယွင်ကျောင်းကိုမှ မျက်စိကျသွားရ၏။

ကျင်းယွင်ကျောင်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူမကိုယ်သူမသေသေချာချာမရှင်းပြနိုင်သလို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

ယခင်က လီရှောက်ယွင်၏ရဲဘော်ရဲဘက်များသည် သူမအား “မရီး”ဟု ခေါ်လေ့ရှိကြသည်။ သူမရှင်းပြရန်ကြိုးစားခဲ့သော်လည်း သူတို့နားမထောင်ကြချေ။ ယခု ဟော်ထျန်းရှန်းကိုယ်တိုင်ကပင် ဤအထင်လွဲမှုကြီးအား လက်ခံနေလေပြီ....

ဤအတွေးကြောင့် ကျင်းယွင်ကျောင်းကြောင်အမ်းသွားသည်။ လူများစွာက ဤသို့အထင်လွဲနေရခြင်းမှာ အကြောင်းအရင်းတစ်ခုရှိပုံရသည်...

သူမမျက်လုံးများ လက်ခနဲဖြစ်သွားပြီး သူမရင်ထဲတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ သူသည်သာ လီရှောက်ယွင်မဟုတ်ဘဲ ကန်ကျင်းချန် သို့မဟုတ် ထန်ကျစ်ဟွားကဲ့သို့ သာမန်ကောင်လေးတစ်ဦးဆိုလျှင် သူမသည် စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် သူ့အား ရင်ဆိုင်နိုင်ခဲ့ပေမည်။ သို့ရာတွင် ဟော်ထျန်းရှန်းပြောသလိုပင် သုံးနှစ်ကြာသည့်တိုင် လူတစ်ဦး၏မိသားစုနောက်ခံကို မသိရသေးပါက ထိုလူသည် သူမအတွက် အဘယ်သို့သင့်တော်သောသူဖြစ်နိုင်မည်နည်း?

ကျင်းယွင်ကျောင်း ငေးတိငေးကြောင်ဖြစ်နေသည်။ သူမသတိပြန်လည်လာသောအချိန်တွင် သူမသည် အဆောင်ထဲသို့ ရောက်နှင့်နေပြီဖြစ်၏။ သူမ၏အခြားအခန်းဖော်နှစ်ဦးမှာ အခန်းထဲတွင်မရှိချေ။ ဟယ့်ဒိသည် သူမကိုမြင်သည်နှင့် ချက်ချင်းပျံသန်းလာတော့သည်။ သို့ရာတွင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ရှိနေဆဲဖြစ်၏။

“ထျန်းရှန်း၊ နင်ချီကျုံးကိုသဘောကျနေတယ်လို့ ဘာလို့သေချာနေရတာလဲ? နင်တို့နှစ်ယောက် လေ့ကျင့်ရေးစခန်းမှာ လတစ်ဝက်လောက်ပဲ တွေ့ခဲ့ကြတာလေ”

ကျင်းယွင်ကျောင်းသိချင်စိတ်ဖြင့် မေးလိုက်သည်။

“အရူးမလေး၊ လူတစ်ယောက်ကို သဘောကျတာ အချိန်နဲ့ဆိုင်လား?”

ဟော်ထျန်းရှန်းမှ သူမ၏ခြေထောက်များကို နှိပ်နယ်ကာ ပြောလိုက်သည်။

“တကယ်တော့ သူမှသူဆိုပြီး ဖြစ်နေတဲ့အထိတော့မဟုတ်ဘူး၊ သူဆိုရင်တော့ ငါ့လက်တွဲဖော်ဖြစ်နိုင်ချေရှိတယ်လို့ စဥ်းစားရုံပဲရှိသေးတယ်၊ အနည်းဆုံးအနေနဲ့ ငါ့အနားက နုနုဖတ်ဖတ်ယောက်ျားလေးတွေထက် သူ့ကိုငါပိုသဘောကျတယ်”

“ဒါပေမယ့် နင်တို့နှစ်ယောက်က တွေ့တိုင်းရန်ဖြစ်နေတာမဟုတ်ဘူးလား?”

ကျင်းယွင်ကျောင်းအေးအေးလူလူဖြင့် မေးလိုက်၏။

“ညီမလေးကျင်းရဲ့၊ စကားများကြတဲ့စုံတွဲတွေက သံယောဇဥ်ပိုတွယ်သွားတတ်တယ်ဆိုတာကို နင်မသိဘူးလား? လူနှစ်ယောက်ကြားထဲမှာ အငြင်းပွားစရာနည်းနည်းမှမရှိတာကမှ ထူးဆန်းတာလေ မဟုတ်ဘူးလား? ဒီလိုစဥ်းစားကြည့် ငါသာ နင်နဲ့စကားပြောနေတဲ့အချိန်မှာ နင့်အရိပ်အကဲကိုကြည့်နေရရင် ငါနင့်အတွက်တွေးပေးတာကို နင်မခံစားရဘဲ ငါအေးတိအေးစက်နိုင်တယ်လို့ပဲ နင်မြင်မှာမှတ်လား?”

ဟော်ထျန်းရှန်း၏မျက်နှာထားသည် ပို၍လေးနက်သွား၏။

ကျင်းယွင်ကျောင်းပြန်မဖြေနိုင်ခင်တွင် ဟော်ထျန်းရှန်းဆက်ပြောလိုက်သည်။

“တကယ်တော့ နင့်ကိုဟိုးအရင်ကတည်းက ပြောချင်နေတဲ့ဟာတချို့ရှိတယ်....ငါနင့်ကိုစတွေ့တဲ့အချိန်ကစပြီး အခုအချိန်ထိ ငါတို့အပေါ် ဒေါသထွက်တာတွေ၊ မကျေမနပ်ဖြစ်တာတွေ တစ်ခါမှမမြင်ဖူးဘူး၊ နင့်ကိစ္စတွေနဲ့ပတ်သတ်လို့ ငါတို့ကိုအရင်စပြောတာမျိုးလည်းမရှိသလို ငါတို့ကိစ္စတွေကိုလည်း နင့်ဘက်က စမမေးဖူးဘူး၊ ယွင်ကျောင်း၊ ငါတို့ဘက်က နင်နဲ့ပတ်သတ်လို့ ထူးထူးခြားခြားသိတာမရှိဘူး ငါတို့ကနင့်ရဲ့သာမန်အခန်းဖော်တွေပဲ သူငယ်ချင်းတွေလို့တောင်ပြောလို့မရဘူး၊ ငါတို့အားလုံးတစ်မိုးအောက်တည်းနေနေရလို့ အားလုံးသင့်မြတ်အောင်သာ နင်တည်တည်ငြိမ်ငြိမ်နေနေတာ၊ နင့်အခန်းဖော်က ငါတို့မဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်နေရင်တောင် နင့်ပုံစံကဒီလိုပဲဖြစ်မှာပဲ”

Space and Rebirth 799

“တကယ်တော့ အဲ့လိုဖြစ်နေလို့လည်း ကိစ္စတော့မရှိပါဘူး”

ဟော်ထျန်းရှန်းပြုံးလိုက်သည်။

“နင့်ရဲ့အဲဒီပုံစံနဲ့ နင့်ကိုယ်နင်ထိန်းချုပ်နိုင်တဲ့အစွမ်းကိုပဲ ငါတို့ကလေးစားနေရတာ၊ နင့်လိုမျိုးတည်ငြိမ်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ သက်တူရွယ်တူမိန်းကလေးမျိုး သိပ်မရှိဘူးလေ ဒါပေမယ့် နင့်ဘဝက တကယ်ခက်ခဲမှာပဲလို့တော့ ငါတို့ခံစားမိတယ်”

ခက်ခဲရုံတင်မဟုတ်ပေ။ လူသားမဆန်သောဘဝဆိုလျှင် ပိုမှန်မည်။

အတန်းပြီးတိုင်းတွင် သူတို့သည် အတူတကွစုဝေးပျော်ပါးတတ်ကြသည်။ ကျင်းယွင်ကျောင်းသည် ဤကဲ့သို့သောအဖွဲ့လိုက်လှုပ်ရှားမှုမျိုးကို မငြင်းဆန်သော်လည်း သူမအိမ်ပြန်ရောက်တိုင်းတွင် ညလုံးပေါက်စာလုပ်ကာ သူမဖြုန်းခဲ့သောအချိန်များအတွက် နှစ်ဆပိုကြိုးစားအားထုတ်တော့သည်။ အကြိမ်အနည်းငယ်ရှိသောအခါ သူတို့သည် အပြင်သို့ထွက်ပျော်ပါးရသည်ကို ရှက်ဖွယ်ကောင်းသောလုပ်ရပ်ဟု ထင်လာတော့သည်။

ဤကဲ့သို့သောကြိုးစားအားထုတ်မှုမျိုးသည် လေးစားစရာကောင်းသော်လည်း သာမန်လူများဆိုလျှင် ခံနိုင်မည်မဟုတ်ချေ။ အထူးသဖြင့် ဤအသက်ဤအရွယ်တွင်ဖြစ်၏။ လူတစ်ဦးသည် လွတ်လပ်မှုကိုဆုပ်ကိုင်ပြီး တစ်ပါးသူ၏ထိန်းချုပ်မှုအောက်မှထွက်သင့်သည်။ နေရာတကာတွင် စည်းမျဥ်းများကို လိုက်နာ၍ အဘယ်သို့ပျော်စရာရှိနိုင်မည်နည်း? ကျင်းယွင်ကျောင်းမှာ လိုအင်လောဘများ လုံးဝပျောက်ဆုံးကာ စိတ္တဇဆန်သောလူတစ်ဦးကဲ့သို့ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ကောင်းကင်ဘုံမှပေးသနားထားသော ကောင်းကြီးသဖွယ်သတ်မှတ်လေ၏။ သူမသည် အရာရာတိုင်းကို အလေးအနက်ထားလွန်းပေသည်။

ရလဒ်အနေဖြင့် သူမအား အေးတိအေးစက်နိုင်လှသည်ဟု အခြားသူများက ခံစားရတော့သည်။

ကျင်းယွင်ကျောင်းကြောင်အမ်းသွားတော့၏။

သူမဘဝအား ခက်ခဲသည်ဟု မခံစားရပါချေ။ ဤဘဝမျိုးမှာ သူမ၏အိပ်မက်ဖြစ်၏။ အရာအားလုံးသည် သူမအတွက် အသစ်အဆန်းများဖြစ်သော်လည်း သူမကြောက်ရွံ့နေဆဲဖြစ်သည်။ တစ်နေ့ သူမနိုးလာသောအခါတွင် အေးစက်သောအကျဥ်းထောင်ထဲသို့ ပြန်ရောက်မည်ကို စိတ်ပူနေလေ၏။ ထို့ကြောင့် သူမသည် တတ်နိုင်သမျှ ပညာအားလုံးကို လေ့လာမှတ်သားနေခြင်းဖြစ်သည်။ ထိုမှသာ သူမသည် အိပ်မက်မှပြန်နိုးလာလျှင်ပင် နောင်တသိပ်မကျန်တော့မည်ဖြစ်သည်။

သို့ရာတွင် ဟော်ထျန်းရှန်း၏သတိပေးချက်ကြောင့် သူမသည် အနည်းငယ်ခေါင်းမာလွန်းလှကြောင်း မိမိကိုယ်ကို သတိထားမိတော့သည်။

သူမဘဝ၏လက်ရှိအခြေအနေသည် သူမပြန်မွေးဖွားခါစအခြေအနေနှင့် အနည်းငယ်တူနေပေသည်။ မိမိ၏အရှုံးအမြတ်များနှင့်ပတ်သတ်၍ စိတ်ပူနေခဲ့ပြီး ခေါင်းအလွန်မာခဲ့ပေသည်။

“ငါတောင်းပန်ပါတယ်”

ခဏအကြာတွင် ကျင်းယွင်ကျောင်းနှုတ်ကိုဖွင့်၍ပြောလိုက်သည်။

ဟော်ထျန်းရှန်း နှုတ်ခမ်းစွန်းများတွန့်သွား၏။

“ငါဒီအတိုင်းနင့်ကိုဆူနေတာပါဟ ငါတို့ကိုမျက်နှာလွှဲခဲပစ်လုပ်တဲ့ခံစားချက်မျိုးကို ငါမကြိုက်ဘူးလေ၊ နင်သတိထားမိတယ်ဆိုရင်ပြီးတာပဲ နင်ကနင့်စာအုပ်တွေထဲပဲ လုံးဝနစ်မြုပ်ပြီး အပြင်လောကနှင့် အဆက်အသွယ်ပြတ်မှာကို ငါတို့တကယ်စိုးရိမ်နေတာ”

ကျင်းယွင်ကျောင်းအား အနည်းငယ်စိတ်လျှော့စေလိုသောကြောင့် သူမပြောလိုက်ခြင်းဖြစ်သည်။ ကျင်းယွင်ကျောင်းတွင်သာ ချစ်ရသူတစ်ဦးရှိလာနိုင်လျှင် အကောင်းဆုံးဖြစ်မည်။

ကျင်းယွင်ကျောင်းသည် အပြုံးတစ်ခုဖြင့်သာ သူမအား ပြန်နှစ်သိမ့်လိုက်သည်။

သူမတစ်ခါမှမကြုံဖူးသော တက္ကသိုလ်ဘဝမှာ အသက်ဝင်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နှက်နေရမည်ဖြစ်ကြောင်း ဟော်ထျန်းရှန်းမှ သူမအားသတိပေးလိုက်၏။ သူမသည် အလွန်အကျူးပူပန်မနေသင့်သည့်အပြင် သူမကိုယ်သူမလည်း ဖိအားများစွာမပေးသင့်ချေ။

ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်နေရာမှ ချက်ချင်းပြေလျော့သွားတော့သည်။ သူမမေးလိုက်၏။

“ထျန်းရှန်း၊ လီရှောက်ယွင်သာ ငါ့ရဲ့ အချိန်တစ်နေ့စာ လောင်းကြေးနိုင်သွားရင် ငါ့ကိုဘာလုပ်ခိုင်းမယ်ထင်လဲ?”

ဤကိစ္စသည် သူမအား အချိန်အတော်ကြာခေါင်းကိုက်စေခဲ့သော်လည်း ယခုအချိန်ထိ သူမအဖြေရှာမတွေ့သေးချေ။

ဟော်ထျန်းရှန်းမျက်လုံးများ ဝင်းလက်သွားသည်။

“နင်ပြောစမ်း နင်နဲ့သခင်လေးလီကြားဘာတွေဖြစ်ခဲ့တာလဲ!”

“ဒါကြောင့်မို့ နင်ပြန်လာတုန်းက ကြောင်တောင်တောင်လေးဖြစ်နေတာကိုး၊ မနက်ဖြန် သခင်လေးလီနဲ့ချိန်းတွေ့မှာပေါ့!”

ဟော်ထျန်းရှန်း အမှန်တရားကိုဖော်ထုတ်ကာ ပြောလိုက်သည်။

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။

“ထားလိုက်တော့ ငါမမေးခဲ့ဘူးလို့ပဲသဘောထားလိုက်”

သူမသည် ထောင်ချောက်ထဲသို့ တန်းဝင်မိသွားခဲ့ပေသည်။ ဟော်ထျန်းရှန်းမှာ နှုတ်ဖွာသောသူဖြစ်ကြောင်း သူမသေချာသိထားလျက်ဖြင့် သူမလျှို့ဝှက်ချက်များကို ပြောမိသွားသည်။ သူမဦးနှောက်သည် အစောပိုင်းက အလုပ်လုပ်ရန် မေ့လျော့သွားသည့်ပုံပေါက်လေသည်။

“မထားပါဘူး! ငါကဒီအပိုင်းမှာ အတွေ့အကြုံရှိတယ်!”

ရုတ်ချည်းဆိုသလို ဟော်ထျန်းရှန်း ထအော်လိုက်၏။ သူမသည် အလျင်အမြန်ပင် ကျင်းယွင်ကျောင်းအား ဖမ်းဆုပ်ကာ စကားများကိုတရစပ်ပြောတော့သည်။

“ယောက်ျားတွေအားလုံးကအတူတူပဲ၊ နင်ကဒီလောက်လှတာဆိုတော့ ငါသာသခင်လေးလီဆိုရင် သေချာပေါက် ဒီအခွင့်အရေးကိုယူပစ်မှာ...သူကအဲ့လောက်ထိ အဆင့်ကျော်တက်မယ့်လူလို့တော့ ငါမထင်ဘူးပေါ့ ဒါပေမယ့် အခြေအနေတွေက အဲ့အဆင့်ထိမတက်ရင်တောင် တိုးတက်မှုတချို့တော့ရှိကိုရှိရမယ်...”

ဟော်ထျန်းရှန်းသည် စကားပြောရင်းဖြင့် ကျင်းယွင်ကျောင်း၏ခါးကိုဖက်လိုက်သည်။ ထို့နောက် “ငါပြောတဲ့အဓိပ္ပာယ်ကိုသိလား” ဟူသောမျက်နှာထားဖြင့် ကျင်းယွင်ကျောင်း၏နှုတ်ခမ်းများကို စူးစိုက်ကြည့်လိုက်၏။

ချက်ချင်းဆိုသလိုပင် ကျင်းယွင်ကျောင်းမျက်နှာတစ်ခုလုံး ပြာနှမ်းသွားတော့သည်။

Space and Rebirth 800

ဟော်ထျန်းရှန်း၏ကျေးဇူးကြောင့် ကျင်းယွင်ကျောင်းသည် တစ်ညလုံးလူးလွန့်ကာ အိပ်မပျော်နိုင်ခဲ့ချေ။ သူမသည် ညဘက်တွင် အိပ်မက်များသိပ်မမက်ဘဲ အိပ်မောကျနိုင်ရန် သူမကိုယ်တိုင်ဖျော်စပ်ထားသော ပန်းလက်ဖက်ရည်အား သောက်လေ့ရှိသည်။ သို့သော် ယနေ့တွင် ထိုပန်းလက်ဖက်ရည်လည်း အလုပ်မဖြစ်ပေ။ သူမမျက်လုံးများမှိတ်လိုက်သည်နှင့် ရှုပ်ထွေးသောပုံရိပ်အချို့ကိုသာမြင်ရ၏။ ထိုပုံရိပ်များသည် ထိတ်လန့်အံ့အားသင့်စရာကောင်းလွန်းသဖြင့် သူမ၏မျက်နှာနှင့် နားရွက်များ နီမြန်းသွားသည်။

မနက်ခင်း၌ သူမနိုးလာ‌သောအခါတွင် သူမဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး သူမမျက်လုံးများသည် အနည်းငယ်ဝိုးတဝါးဖြစ်နေ၏။ သူမ၏ထိုပုံစံကို မြင်လိုက်ရသောအခါ အခြားသူများအံ့သြသွားတော့သည်။

ချိန်းချက်ထားသောအချိန်ရောက်လာသောအခါ သူမဖုန်းတွင် မက်ဆေ့ချ်ဝင်သံတစ်ခု မြည်သွား၏။ လီရှောက်ယွင်သည် ကျောင်းဂိတ်ပေါက်ဝ၌ စောင့်နှင့်နေပြီဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ထိုမက်ဆေ့ချ်ကိုမြင်လိုက်သောအခါ ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။ ဘေဘီယောင်သည် ဟော်ထျန်းရှန်းများ၏ပစ္စည်းများကို အောင်မြင်စွာအသုံးချပြီးနောက် သိချင်ဇောဖြင့် မေးလိုက်၏။

“ကျင်းကျင်း၊ နင့်မျက်နှာကနီနေတာပဲ အဖျားတက်နေတာလား?”

“ဘုန်း” ဟူသောအသံဖြင့် ကျင်းယွင်ကျောင်းလက်ထဲမှအရာသည် မြေပြင်‌ပေါ်သို့ ပြုတ်ကျသွားတော့သည်။ စက္ကန့်ပိုင်းအတွင်းတွင် သူမသည် ထိုပစ္စည်းအား ပြာပြာသလဲဖြင့် ကောက်ယူလိုက်တော့၏။ ဤအရာကိုမြင်လိုက်ရသောဟော်ထျန်းရှန်းသည် အလွန်တရာမှ ကျီစယ်ဟန်ရှိနေသောအကြည့်ဖြင့် ချက်ချင်းထရယ်တော့သည်။၊ ကျင်းယွင်ကျောင်းသည် သူမအားစူးစိုက်ကြည့်ကာ သူမလက်ထဲမှခွက်အား ခွမ်းခနဲ ညှစ်ခွဲလိုက်၏။ ဤသည်မှာ လက်တုံ့ပြန်မှုအသေးစားဟု သတ်မှတ်နိုင်ပေသည်။

ယမန့်နေ့ညက သူမအား မည်သူက ပေါက်ကရများပြောခိုင်းသနည်း?

ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းအရှေ့တွင် မရယ်ရဲတော့ချေ။ ထိုအစား စောင်အောက်တွင်သာပုန်းကာ ခါတိုင်းထက် ပိုပြင်းထန်စွာတုန်ယင်ပြီး ရယ်နေတော့သည်။

“ဘေဘီ၊ ထျန်းရှန်းရဲ့ခြေကျင်းဝတ်က တော်တော်ဆိုးဆိုးထိထားတာ၊ ဒါငါညွှန်းထားတဲ့ဆေးပဲ နင်ပြန်ရင် သူ့ခြေထောက်ကိုလိမ်းပေးလိုက်”

ခက်ခဲစွာဖြင့် သန့်ရှင်းရေးလုပ်ပြီးနောက် ကျင်းယွင်ကျောင်းသည် မမေ့မလျော့ပြောသွားသေးသည်။ သို့ရာတွင် သူမစကားပြောပြီးပြီးချင်းတွင် သူမမျက်နှာပေါ်၌ အလွန်ကျောချမ်းဖွယ်အပြုံးတစ်ခုပေါ်လာ၏။

ဤဆေးဝါးများမှာ အာနိသင်ရှိသည်မှန်သော်လည်း အသုံးပြုလိုက်လျှင် အသုံးပြုသူအား ယားယံထုံကျင်စေသည်။ ဟော်ထျန်းရှန်း ဒုက္ခခံရမည်မှာ သေချာပေ၏။

ဘေဘီယောင်သည် သူမအား အူတူတူဖြင့် ကြည့်လိုက်သည်။ သူမထွက်သွားသောအခါ ဘေဘီယောင်သည် ဟော်ထျန်းရှန်း၏အိပ်ရာဆီသို့ အလျင်အမြန်ပြေးလိုက်၏။

“ထျန်းရှန်း! ကျင်းကျင်းဘာဖြစ်နေတာလဲ? ခုနကပုံစံကိုတွေ့လိုက်လား? သူရှက်နေတာလေ! ပြီးတော့ ငါ့ကိုကြည့်တဲ့ပုံကလည်း အရမ်းညင်သာလိုက်တာဆိုတာ ငါများပေါက်ကရတွေမြင်နေတာလား?”

ယခင်က ကျင်းယွင်ကျောင်းသည် စကားပြောလျှင် အလွန်ယဥ်ကျေးသော်လည်း ယနေ့တွင် သူတို့အား အပြင်လူများကဲ့သို့ မဆက်ဆံတော့ချေ။

ဟော်ထျန်းရှန်းသည် ရယ်မောနေဆဲဖြစ်၏။

“ဘေဘီ၊ ငါ့ကိုမတားနဲ့ နည်းနည်းထပ်ရယ်ပါရစေဟာ!”

“….”

ဘေဘီယောင် ပြောစရာစကားများပျောက်ဆုံးသွားတော့သည်။ ယန်ရှင်းယွဲ့ပင်လျှင် ဇဝေဇဝါဖြစ်သွား၏။

ကျင်းယွင်ကျောင်းမှာမူ အောက်ထပ်သို့ ရောက်နေချေပြီ။ နောက်ဆုံးတွင် သူမသည် ဟော်ထျန်းရှန်း၏နတ်ဆိုးသဖွယ်အသံကို မကြားနိုင်တော့ပေ။ သူမသည် အသက်ကိုဝဝရှူကာ ကျောင်းဂိတ်ပေါက်ဆီသို့ လျှောက်သွားလိုက်၏။ ကားအသစ်တစ်စီးဘေးတွင်ရပ်နေသော လီရှောက်ယွင်အား သူမအဝေးတစ်နေရာမှ မြင်နေရသည်။ ထိုကားသည် ငွေရောင်အဆင်းရှိပြီး အဆင့်အတန်းမြင့်သည့်ပုံပေါက်လေသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုကားတန်ဖိုးမှာ ကြီးလှကြောင်း သူမသိပေ၏။

သို့သော် ဤတစ်ခေါက်တွင် ဒရိုင်ဘာအပါအဝင် အခြားမည်သူမှ ရှိပုံမရချေ။

သူတို့နှစ်ဦး မီတာအနည်းငယ်ခန့်သာ ကွာဝေးသောအချိန်တွင် လီရှောက်ယွင်သည် ခါးကိုကိုင်းကာ ကားတံခါးကိုဖွင့်လိုက်ပြီး နှင်းဆီအနီရောင်ပန်းစည်းတစ်ခုကို ထုတ်ယူလိုက်၏။ ကျင်းယွင်ကျောင်းတစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူမ၏နှလုံးခုန်သံများမြန်လာပြီး သူမအပြုံးကိုလည်း ထိန်းချုပ်မရတော့ချေ။

“အားကျောင်း၊ လက်မခံတော့ဘူးလား?”

ကျင်းယွင်ကျောင်းစက္ကန့်ပိုင်းမျှ ကြက်သေသေနေသောအချိန်တွင် လီရှောက်ယွင်မှ ဖြည်းဖြည်းချင်းပြုံးပြလိုက်သည်။

သူတို့တွေ့သောအချိန်မှာ အလွန်စောလွန်းပြီး ကျောင်းပိတ်ရက်လည်းဖြစ်သဖြင့် ကျောင်းဂိတ်ဝတွင် ကျောင်းသားများများစားစားမရှိချေ။ မဟုတ်ပါက သူမသည် ထပ်မံ၍ နာမည်ကြီးသွားဦးမည်။

မျှော်လင့်ချက်အပြည့်ဖြင့် လီရှောက်ယွင်သည် လက်ထဲတွင်ပန်းစည်းကိုကိုင်ကာ ကျေနပ်အားရနေဟန်ဖြင့် ပြုံးလိုက်သည်။ သူသည် ညင်သာသောအကြည့်ဖြင့် ကားအရှေ့တံခါးကို ဖွင့်ပေးလိုက်လေသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ရွေးချယ်စရာမရှိတော့သဖြင့် ဝင်ထိုင်လိုက်ရတော့၏။

ကားတစ်စီးလုံး သန့်ရှင်းနေသည်။ အခြားလူများ၏အနံ့အသက်များ လုံးဝမရှိချေ။ လီရှောက်ယွင်သည် ယနေ့တွင် အနက်ရောင်ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ ရှပ်အင်္ကျီမှာ ကိုယ်ကြပ်ဖြစ်သောကြောင့် သူ၏တောင့်တင်းသောခန္ဓာကိုယ်အား ရေးတေးတေးမြင်နေရသည်။ အင်္ကျီကော်လံမှာ အနည်းငယ်ဟနေပြီး သူ၏အနီးတစ်ဝိုက်တွင် ပြင်းထန်သောအရှိန်အဝါတစ်ခုရှိလေသည်။ ထိုအရှိန်အဝါသည် ယခင်ကနှင့်တူပုံမရချေ။

“အားကျောင်း၊ ဒီနေ့တော့ မင်းရဲ့စိတ်‌ရောကိုယ်ရော ကိုယ့်အပိုင်ပဲမှတ်လား?”

လီရှောက်ယွင်သည် ကားထဲဝင်ပြီးသောအခါ မေးလိုက်၏။

သူ၏အကြည့်များသည် နက်ရှိုင်းလွန်း၍ အဆုံးအစမဲ့နေဟန်ရှိလေသည်။ လူများအား ဆင်ခြင်တုံတရားမဲ့စေသော ဆွဲငင်အားတစ်ခုရှိနေသကဲ့သို့ပင်။ ကျင်းယွင်ကျောင်း စကားစရှာမရဖြစ်နေသည်။

“ကျွန်မအထင်...စည်းကမ်းတချို့တော့ရှိမှဖြစ်မှာပေါ့ အလွန်အကျူးဖြစ်သွားရင်...”

“မင်းခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ? မင်းနားရွက်တွေလည်းနီနေပြီ ယောက်ျားလေးတွေပဲလုပ်တတ်တဲ့ကိစ္စမျိုးကို ငါလုပ်မှာစိုးလို့လား?”

လီရှောက်ယွင်သည် ရုတ်တရတ်ဆိုသလို ပြုံးကာ သူမ၏နားရွက်ဖျားများကို ထိလိုက်သည်။ ကျင်းယွင်ကျောင်းတစ်ကိုယ်လုံးကျုံ့ဝင်သွားသော်လည်း လီရှောက်ယွင်၏စကားပြောသံကို ထပ်ကြားလိုက်ရ၏။

“မင်းငါ့ကိုလုပ်ချင်တဲ့အတိုင်း ပေးလုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ?”

All Chapters