← Chapters

အခန်း (၈၄၀-၈၄၁)

Vol. 49 Ch. 840-841

အခန်း (၈၄၀-၈၄၁)

Vol. 49 Ch. 840-841

Chapter 840

Restart 3

ဒက် ဒက် ဒက် အုန်း အုန်း

ရှေ့ဆုံးမှ ကျိုးကျင်း၏ သံချပ်ကာကားပေါ်မှ အဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်နေကြပြီး ကားတာယာများမှာ သံမဏိကြမ်းပြင်ပေါ်တွင် တကျိကျိ အသံများ ထွက်ပေါ်နေသည် ။ လင်းရှန်က ကားဘေးတစ်ဖက်တစ်ချက်မှ တိုက်ခိုက်မှုများကို ကာကွယ်ရန် AT Field အကာကွယ်ကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက တိုက်ခိုက်ရေးဒရုန်း ရာပေါင်းများစွာကို လွှတ်တင်လိုက်ရာ လျှပ်စီးသိန်းငှက် ၂၀၀၀ မှ ထွက်ပေါ်လာသည့် အနီရောင် လျှပ်စစ်တန်းများ၊ မိုးကြိုးအကျဉ်းထောင်ဒရုန်းများမှ ပေါက်ကွဲထွက်လာသည့် သံလိုက်မုန်တိုင်းများနှင့် သံမဏိမိုးစက်ဒရုန်းများ၏ ထိုးဖောက်သံများမှာ ဥမင်လိုဏ်ခေါင်းအတွင်း စူးရှတောက်ပစွာ ပြည့်နှက်သွားသည်၊၊

ရွှီးခနဲ အသံနှင့်အတူ သံမဏိအကာကွယ် ဒရုန်းဒါဇင်ပေါင်းများစွာက ကာကွယ်ရေးသံချပ်ကာများကို ဖြန့်ကျက်လိုက်ပြီး ကားနှစ်စီးလုံး၏ ပတ်ပတ်လည်တွင် ပျံသန်းနေသည့် ဒိုင်းကာတစ်ခုအဖြစ် ဝိုင်းရံလိုက်ကြသည်၊၊

ဖိအားများ ချက်ချင်း လျော့ကျသွားသည် ။ ဥမင်လိုဏ်ခေါင်းအတွင်း ရုတ်တရက် ရောက်လာသည့် ဒရုန်းတပ်ဖွဲ့၏ တိကျသော လုပ်ဆောင်ချက်များကို ကြည့်ရင်း ချူယန်က နောက်ကြည့်မှန်မှတစ်ဆင့် လင်းရှန်ကို လှမ်းကြည့်ကာ မေးလိုက်သည်၊၊

“နင် ဒီဒရုန်းတွေကို တိုက်ရိုက်လုပ်လိုက်တာလား… ဘယ်လိုလုပ် ဒီလောက်မြန်နေတာလဲ”

တကယ်တော့ သူမတွင် ထိုမေးခွန်းက မနေ့ညကတည်းက ရှိနေခြင်း ဖြစ်သည်၊၊ အကြောင်းမှာ လင်းရှန်သည် တိုက်ပွဲတွင် ကူညီရန် ဒရုန်းများကို လွှတ်တင်ရုံသာမက မြို့ပတ်လမ်းကို ပြုပြင်ရန် ကိရိယာများကိုလည်း ဖန်တီးနေခြင်းကြောင့် ထိုဒရုန်းများမှာ လင်းရှန် လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထွက်ပေါ်လာသည်ဟု သူမက ထင်နေမိခြင်း ဖြစ်သည်၊၊

“အဲဒီလိုသဘောပါပဲ”

လင်းရှန်က ထိန်းချုပ်မှုကို ဂရေ့စ်ထံ လွှဲပြောင်းပေးပြီး လမ်းကြောင်းကို စတင်စစ်ဆေးလိုက်သည်၊၊

ဤဒရုန်းရာပေါင်းများစွာ၏ ပစ်အားကြောင့် အမှောင်ထဲမှ ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှုများကို ရေဒါဖြင့် တိကျစွာ ခွဲခြားသတ်မှတ်ပြီး ဖယ်ရှားနိုင်ခဲ့သည်။ မကြာမီ ရှေ့ရှိ လမ်းကြောင်းတွင် အလင်းရောင်များပေါ်လာပြီး မြင်ကွင်းမှာ ရှင်းလင်းသွားသည် ။ ထူးဆန်းသော လူသားများ၏ အရေအတွက်မှာလည်း နည်းပါးသွားရာ သူတို့ ပေါ်ထွက်လာခြင်းမှာ နယ်မြေအလိုက် ထိန်းချုပ်ခံထားရသည့်ပုံစံမျိုး ဖြစ်နေသည်၊၊

ထိုလူသားများကို ထိုးဖောက်ပြီးနောက် သံချပ်ကာကားနှစ်စီးသည် ဧရာမ မြေအောက်အဆောက်အအုံ ယန္တရားကြီးတစ်ခုအတွင်းသို့ ဖြည်းဖြည်းချင်း မောင်းဝင်လာကြသည်၊၊ ထိုနေရာတွင် နေရာလွတ်မှာ စတင် ကျယ်ပြန့်လာသည်၊၊

သံချပ်ကာကားများ ဥမင်လိုဏ်ခေါင်းမှ ထွက်လာသည်နှင့် မီတာရာပေါင်းများစွာ အချင်းရှိသည့် ဧရာမ မြို့တံခါးကြီး၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ရှေ့မှနေ၍ ပြင်းထန်သော ပစ်ခတ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး မြေအောက်မြို့တော်အတွင်းမှ ဒရုန်းအမြောက်အမြား ပျံထွက်လာကာ လင်းရှန်၏ အဖွဲ့နှစ်ဖွဲ့လုံးနှင့် ထိတွေ့ကာ တိုက်ပွဲဖြစ်သွားသည်၊၊

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဘန်း ဘန်း ချွင် ချွင် အုန်း

တစ်ခဏချင်းအတွင်း လင်းရှန်သည် တပ်ခွဲတစ်ခုလုံး၏ ပစ်ခတ်မှုကို ခံနေရသလို ခံစားလိုက်ရသည်။ လေထုတစ်ခုလုံးပြည့်နှက်နေသော ကျည်ဆန်များနှင့် လျှပ်စစ်တန်းများက သူ၏ မြင်ကွင်းကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ကျည်ဆန်များနှင့် သံမဏိများ ပေါက်ကွဲထိခိုက်မိသံများက နားထဲတွင် ပွက်လောရိုက်သွားခဲ့သည်၊၊

“သတိထားကြ”

“ဘယ်ဘက်ကို”

ကျိုးကျင်းက ဆက်သွယ်ရေးစက်ထဲမှနေ၍ အားကုန်အော်လိုက်သည်။ ထို့နောက် သံချပ်ကာယာဉ်နှစ်စီးသည် ကျည်ဆန်မုန်တိုင်းများကြားမှ တိုးထွက်လာပြီး ဘယ်ဘက်ရှိ သံဆူးကြိုးတံတိုင်းကို တိုက်ဖြတ်ကာ မြေအောက်မြို့တော်၏ မပြီးပြတ်သေးသော လမ်းကြားတစ်ခုထဲသို့ အတင်းဝင်ရောက်သွားကြသည်။ မြေပြင်မှာ စံနှုန်းမီကွန်ကရစ်ပြားများဖြင့် ခင်းကျင်းထားပြီး အသစ်စက်စက် ရုံးခန်းနေရာ နံရံများမှာမူ အသုံးမပြုရသေးခင်မှာပင် စွန့်ပစ်ခြင်း ခံထားရသည်။

အခြေအနေ အလွန်အမင်း ထိတ်လန့်စရာကောင်းနေသဖြင့် သံချပ်ကာယာဉ်နှစ်စီးသည် စတီးနံရံအချို့ကို တိုက်ချ၍ အတွင်းပိုင်းလမ်းမတစ်ခုထဲသို့ ဝင်ခဲ့ကြသည်။

လင်းရှန်၏ “သံမဏိအကာကွယ်” ဒရုန်းများနှင့် AT စွမ်းအင်ဒိုင်းကာသာမရှိလျှင် ထိုခဏအတွင်း ကျရောက်လာသော ပြင်းထန်လှသည့် ပစ်ခတ်မှုများက သံချပ်ကာယာဉ်များကို အပြီးတိုင် အရည်ပျော်သွားစေရန် လုံလောက်နေပေသည်။ တစ်ဖက်တွင်လည်း လင်းရှန်၏ ဒရုန်းများနှင့် လိုက်လံတိုက်ခိုက်နေသော ရန်သူ့ဒရုန်းများသည် ပြင်းထန်စွာ တိုက်ပွဲဖြစ်နေကြပြီး လင်းရှန်သည် သူ၏ ယန္တရားစွမ်းအားကို အသုံးပြု၍ ရန်သူ့ဒရုန်းများကို အုပ်စုလိုက် ရပ်တန့်သွားအောင် လုပ်ဆောင်နေသည်။ သို့သော် အခြားတစ်ဖက်မှလည်း အနီရောင်ကမ္ဘာ၏ စွမ်းအားဝတ်စုံဝတ် ဆင်ထားသော လက်နက်ကိုင်များစွာက စတင်လိုက်လံ တိုက်ခိုက်လာကြသည်။

ရုတ်တရက်ဆိုသလို ရူးသွပ်ဖွယ်ရာ လိုက်လံတိုက်ခိုက်မှုကြီး စတင်တော့သည်။ လက်နက်ကိုင်များပြည့်နှက်နေသော လေယာဉ်တစ်စင်းသည် အောက်ဘက်မှ ပျံတက်လာပြီး သံချပ်ကာယာဉ်နှစ်စီးကို စွမ်းအင်တန်းများဖြင့် ပစ်ခတ်လိုက်သည်။ အပူချိန်မြင့်မားလှသော ထိုစွမ်းအင်တန်းများသည် နံရံများနှင့် ကွန်ကရစ်တိုင်များကို ဖောက်ထွက်သွားပြီး “သံမဏိအကာအကွယ်” ဒရုန်းများ၏ အကာအကွယ်အလွှာမှာလည်း အပေါက်များစွာ ဖြစ်သွားရသည်။

ထိုအချိန်တွင် ချူယန်သည် စတီယာရင်ကို အားကုန်လှည့်ကာ သံချပ်ကာယာဉ်၏ လမ်းကြောင်းကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်သည်။ ထို့နောက် စက်ရုပ်လက်တံကို အသုံးပြုကာ လျှပ်စစ်တူဖြင့် ကားရှေ့မှန်ကို ရိုက်ခွဲလိုက်သည်။ သူမ၏ မျက်လုံးများ ခဏတာ နီမြန်းသွားပြီး ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ နောက်ခန်းတွင် ထိုင်နေသော လင်းရှန်နှင့် အခြားသူများသည် တစ်ကိုယ်လုံး တုန်ခါသွားကြသည်။ ရုတ်တရက်ဆိုသလိုပင် လေယာဉ်ပေါ်ရှိ ဒါဇင်နှင့်ချီသောလက်နက်ကိုင်များသည် သူတို့၏ ဝတ်စုံအတွင်းမှာပင် သွေးအိုင်အဖြစ် ပေါက်ကွဲသွားကာ ဘာသံမှမထွက်ဘဲ ချက်ချင်းပင် အသက်ပျောက်သွားကြသည်။

လင်းရှန်က ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးအပြူးသားဖြင့် ပြောလိုက်မိသည်၊၊

“မင်းက လူတွေကို ခေါင်းနည်းနည်းပဲ ကိုက်အောင် လုပ်မှာဆို”

“ဒါက တကယ်ကို ခေါင်းကိုက်သွားတာပဲလေ” ကီကီက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

စွမ်းအားဝတ်စုံကို မဖျက်ဆီးနိုင်သော်လည်း လူကိုမူ ချက်ချင်း သေစေနိုင်ခဲ့သည်။ ချူယန်၏ စွမ်းအားကို ပထမဆုံးအကြိမ်မြင်တွေ့ရသော လင်းရှန်မှာ ဦးရေပြားပင် ယားကျိကျိဖြစ်သွားရသည်။

“လူသတ်ရတာက သန္ဓေပြောင်းသတ္တဝါတွေကို သတ်ရတာထက် ပိုလွယ်တယ်”

ချူယန်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ဒါကြောင့် ငါ့ရဲ့စွမ်းအားက တွင်းနက်ရဲ့ ထောက်လှမ်းရေးအလုပ်တွေမှာ ပိုပြီး သင့်တော်တာပဲ”

“ရှေ့မှာ လမ်းမရှိတော့ဘူး”

ကျိုးကျင်းက အော်ပြောလိုက်ပြီး အထူးတပ်ဖွဲ့ဝင်များသည် သွေးချောင်းစီးသော လမ်းကို ဖောက်ထွက်လာခဲ့ကြသည်။

ယခုအခါ အလွှာပေါင်းစုံရှိသော မြေအောက်မြို့တော် လမ်းကြောင်းများတွင် အနီရောင်ကမ္ဘာမှ လက်နက်ကိုင် ရာနှင့်ချီပေါ်လာပြီး သူတို့၏ ကားများကို တောက်လျှောက်ပစ်ခတ်နေကြသည်။ သို့သော် လက်နက်ကြီးများကိုမူ အသုံးမပြုကြပေ။ နောက်ဆုံးတွင် ကားများမှာ လမ်းပိတ်သွားပြီး တာယာများလည်း လုံးဝပျက်စီးသွားသဖြင့် အဖွဲ့နှစ်ဖွဲ့လုံး ကားပေါ်မှဆင်းကာ တိုက်ခိုက်ရင်း အကာအကွယ်နောက်သို့ ဝင်ခဲ့ကြရသည်။

“ဂရေ့စ် သွားတော့”

ဒရုန်းအမြောက်အမြားကို ရှင်းလင်းပြီးနောက် လင်းရှန်သည် ဂရေ့စ်ကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။ ဂရေ့စ်သည် သူမ၏ ဒရုန်းတပ်ကို ဦးဆောင်ကာ ရန်သူများကို ရှင်းလင်းပေးသည်။ တစ်ဖက်တွင်လည်း ကီကီနှင့် ချူယန်တို့က သူတို့၏ စွမ်းအားများကို အသုံးပြုကာ အနီရောင်ကမ္ဘာ၏ လက်နက်ကိုင်များကို ရင်ဆိုင်နေကြသည်။ ချူယန်ပြောသည်မှာ မှန်ပေသည်။ သန္ဓေပြောင်းသတ္တဝါများနှင့် ယှဉ်လျှင် လူသားများ၏ အကြီးမားဆုံးသော အားသာချက်မှာ လျင်မြန်ဖျတ်လတ်မှုနှင့် သေနတ်များသာ ဖြစ်သည်။ လင်းရှန်၏ ကာကွယ်ရေးဝတ်စုံနှင့် စွမ်းအားများကြောင့် ရန်သူ့ကျည်ဆန်များကို တားဆီးနိုင်ခဲ့သဖြင့် မကြာခင်မှာပင် အခြေအနေကို ပြောင်းလဲကာ ရန်သူကို ပြန်လည်ဖိနှိပ်နိုင်ခဲ့သည်။

သို့သော် ရန်သူ့ဘက်မှ ပုန်းကွယ်ပစ်ခတ်သူများမှာ များပြားလွန်းလှသဖြင့် လင်းရှန်သည် AT စွမ်းအင်ဒိုင်းကာနှင့် စွမ်းအားဝတ်စုံကိုသာ အားကိုး၍ တိုက်ရိုက်ရင်ဆိုင်မနေတော့ဘဲ ဂရေ့စ်ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် အသစ်ထုတ်လုပ်ထားသော ဒရုန်းများကိုလည်း တိုက်ပွဲထဲသို့ ပိုမိုစေလွှတ်လိုက်သည်။

လင်းရှန်၏ အမိန့်ကို ရသည်နှင့် ဂရေ့စ်၏ ပတ်ပတ်လည်တွင် ဒရုန်းပေါင်း ၈၀၀ ကျော် ဝိုင်းရံသွားပြီး ထူထပ်သော ဒရုန်းအုပ်ကြီးတစ်ခု ဖြစ်သွားသည်။ သူမ၏ စူပါကွန်ပျူတာ တွက်ချက်နိုင်စွမ်းနှင့် ဒရုန်းများ၏ ရေဒါစနစ်ကြောင့် ၀.၀၁ စက္ကန့်အတွင်း အလွှာအသီးသီးမှ ရန်သူများနှင့် လေယာဉ်၊ ဒရုန်းများကို အတည်ပြုနိုင်ခဲ့သည်။ ထိုခဏ၌ပင် တိကျသော ပစ်ခတ်မှုများ ပျံ့နှံ့သွားသည်။ ရန်သူ့ဒရုန်းများသည် အားကောင်းသော ဉာဏ်ရည်တုတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသည့်အလား လင်းရှန်နှင့် အခြားအဓိကလူများကို လျင်မြန်စွာ တိုက်ခိုက်လာကြသည်။ သို့သော် ယန္တရားစွမ်းအားရှင် လင်းရှန်အတွက်မူ ဤဒရုန်းများသည် EMP ရှေ့မှ ခြင်များကဲ့သို့သာ ဖြစ်သည်။ သူ၏ ယန္တရားထိန်းချုပ်မှု စွမ်းအားဖြင့် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဒရုန်းဒါဇင်ပေါင်းများစွာမှာ စက်ရပ်ကာ ရှော့ခ်ဖြစ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။

တစ်ဖက်တွင်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော ရှီဇီသည် လင်းရှန်၏ နောက်ကွယ်တွင် တုန်တုန်ရင်ရင်ဖြင့် ပုန်းနေပြီး လင်းရှန်ကို သူမ၏ အစိမ်းရောင်စွမ်းအားဖြင့် ရံဖန်ရံခါ အားဖြည့်ပေးနေသည်။

Chapter 841

Restart 4

မကြာမီမှာပင် ဂရေ့စ်က တိုက်ပွဲကို အသာစီးရယူနိုင်ခဲ့သည်။ လင်းရှန်၊ ကီကီ၊ ချူယန်၊ ကျိုးကျင်းတို့ကဲ့သို့ အစွမ်းထက်သော စွမ်းအားရှင်များ၏ ကြိုးပမ်းမှုကြောင့် ရန်သူ့အစောင့်များနှင့် ဒရုန်းများမှာ လျင်မြန်စွာပင် ချေမှုန်းခြင်း ခံလိုက်ရသည်။

“ဒီနေရာက ဒုံးပျံလွှတ်တင်တဲ့နေရာပဲ။ အနီရောင်ကမ္ဘာရဲ့ S-Class သုတေသနအခြေစိုက်စခန်းလည်း ဖြစ်တဲ့အတွက် ဒီမှာ အနီရောင်သတ္တဝါတွေ မရှိဘူး”

ဒရုန်းများမှ ပေးပို့သော ရုပ်သံမှတ်တမ်း အချက်အလက်များကို ကြည့်ပြီး လင်းရှန်က ချူယန်နှင့် ကျိုးကျင်းတို့ကို ချက်ချင်းပင် မျှဝေပေးလိုက်သည်။

“လူအိုကြှီးချီတို့အဖွဲ့က အဲဒီမိစ္ဆာတွေကို လမ်းလျှောက်လမ်းမှာ ထိန်းထားပေးတယ်၊ ငါတို့ မြန်မြန်လုပ်ရမယ်”

ကျိုးကျင်းက ပြန်ပြောသည်။

ထို့နောက် လင်းရှန်နှင့် သူ၏အဖွဲ့သည် ဂရေ့စ်၏ ဒရုန်းများ ရှင်းလင်းပေးထားသော လမ်းကြောင်းအတိုင်း ရှေ့ဆက်ခဲ့ကြသည်။ နောက်ဆုံးလက်နက်ကိုင်အုပ်စုကို ရှင်းလင်းပြီးနောက် သေနတ်သံများလည်း ရုတ်တရက် ငြိမ်ကျသွားသည်။

အတွင်းဘက်သို့ ပိုဝင်လေလေ မီးအလင်းရောင်များက ပိုမိုတောက်ပလာလေလေဖြစ်သည်။ တည်ဆောက်ရေး စွမ်းအင်အားလုံးကို အောက်ခြေမှစ၍ အပေါ်သို့ တည်ဆောက်ထားသည့်အလားပင်။ မြေအောက်လှိုဏ်ခေါင်းကြီးအတွင်းမှ သံထည်ပစ္စည်းများ၏ ဆူညံသံများသည် သတ္တဝါကြီးတစ်ကောင်၏ အသက်ရှူသံကဲ့သို့ပင် ပဲ့တင်ထပ်နေသည်။ မူလက အာရုဏ်ဦးမြို့တော်နှင့် ဆက်သွယ်ထားသော လူတစ်သန်းနေထိုင်ရန် ရည်ရွယ်ခဲ့သည့် ဤမပြီးပြတ်သေးသော မြေအောက်မြို့တော်မှာ ယခုအခါ ဒုံးပျံလွှတ်တင်ရေးစခန်းကြီးတစ်ခုအဖြစ် အကြမ်းဖျင်းပြောင်းလဲခြင်း ခံထားရသည်။

မပြီးပြတ်သေးသော ကွန်ကရစ်အဆောက်အအုံများကြားတွင် ကြီးမားသော ဟိုက်ဒရောလစ် တိုင်ကြီးများက မြေအောက်နံရံများကို ထောက်ထားပေးသည်။ အလယ်ဗဟိုရှိ ဒေါင်လိုက်လမ်းကြောင်းကြီးမှာ အချင်းမီတာငါးရာကျော်ရှိပြီး အလွှာလိုက် ပြုပြင်ထိန်းသိမ်းရေး စင်မြင့်များဖြင့် တည်ဆောက်ထားကာ လိမ္မော်ရောင် သတိပေးမီးများ လင်းထိန်နေသည်။

လင်းရှန်နှင့် ချူယန်တို့အဖွဲ့သည် အလုပ်သမားသုံး ပလက်ဖောင်းတစ်ခုကို စီးနင်းကာ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာကြရာ ကြီးမားရှုပ်ထွေးလှသော ဒုံးပျံလွှတ်တင်ရေး ကိရိယာကြီးကို မြင်တွေ့လိုက်ရသည်။ မြေအောက်မြို့တော်၏ အမိုးပေါက်ပတ်လည်တွင် သတ္တုပိုက်လိုင်းများစွာ ယှက်နွယ်နေပြီး လောင်စာဖြည့်တင်းရေး တာဝါတိုင်ကြီးများမှာလည်း ထိုးထိုးထောင်ထောင်ရှိနေကြပေသည်၊၊

“ဒီအောက်မှာ အမှောင်ထုရဲ့ အငွေ့အသက်က တော်တော်ပြင်းထန်တယ်”

ရှီဇီ၏မျက်နှာမှာ ဖြူလျော်နေပြီး သူမ ရှူထုတ်လိုက်သော လေများပင် အေးစိမ့်နေသည်။ မြေအောက်သို့ ပိုဆင်းလေလေ အပူချိန်က ပို၍ ကျဆင်းလာလေဖြစ်ပုံရသည်။

“ဟိုမှာ မြန်မြန်ကြည့်လိုက်စမ်း”

ကီကီက ထိုခဏ၌ပင် အံ့အားသင့်တုန်လှုပ်စွာ အော်ပြောလိုက်သည်။ လူတိုင်း၏ အကြည့်များမှာ အောက်ဘက်သို့ ရောက်သွားကြပြီး မြေအောက် မီတာ ၃၀၀ အကွာတွင် ကြီးမားလှသော ဇီဝသတ္တဝါကြီးတစ်ကောင်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ ဇီဝသတ္တဝါနှင့်လည်း တူသလို အလွန်ကြီးမားသော ယန္တရားစက်ရုပ်ကြီးနှင့်လည်း ဆင်တူနေသည်။ ချွန်ထက်သော ဦးခေါင်းပိုင်း အကာအကွယ်တွင် ထိန်းချုပ်ရေးကိရိယာများစွာ တပ်ဆင်ထားပြီး အကာအကွယ်အောက်ရှိ ဖိနှိပ်မှုစနစ်မှလည်း ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသည်။ အချက်ပြမီးရောင်မျိုးစုံအောက်တွင် ဤကြီးမားလှသော အကာကွယ်ချိုးဖျက်ကိရိယာကြီးမှာ လူတိုင်း၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ကြီးမားလာသည်။ အဖြူရောင် အပြင်ဘက် အကာအကွယ်ကို ကြယ်သင်္ဘောများတွင် သုံးသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး လွှတ်တင်ရန် ပြင်ဆင်နေသည့်အတွက် အောက်ဘက်ရှိ အလိုအလျောက်စနစ်များမှာ စတင်လည်ပတ်နေပြီ ဖြစ်သည်။

ထိုအကာအကွယ်ဝတ်စုံ၏ ခြောက်ခြားဖွယ်ရာ မျက်နှာသွင်ပြင်ကို မြင်ရသောအခါ လင်းရှန်သည် ချူယန်နှင့်အတူ အိမ်မက်ထဲတွင် တွေ့ခဲ့ရသည့် အရေပြားမွဲခြောက်ကာ အရိုးဆူးများ ပြည့်နှက်နေသော မြူမီးခိုးမွန်းစတား၏ ကြောက်မက်ဖွယ် ပုံသဏ္ဌာန်ကို ပြန်အမှတ်ရလာသည်။ ယခု ဤမျှကြီးမားသော ကိရိယာကြီးကို မြင်လိုက်ရသောအခါ သူတို့အားလုံး အသက်ရှူပင် မှားသွားကြရသည်။

“သောက်ကျိုးနည်း… သူတို့က ကြယ်သင်္ဘောကို ယူနစ် ၀၁ စက်ရုပ်နဲ့ ပေါင်းစပ်ပြီး S-Class သတ္တဝါကြီးပေါ်မှာ တပ်ဆင်ထားတာလား”

ကျိုးကျင်း၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။

“ဒါတင်မကဘူး အာကာသတွန်းကန်စက် အကြီးစားရှစ်လုံးတောင် ပါသေးတယ်။ တွက်ကြည့်မယ်ဆိုရင် အနည်းဆုံး ကြယ်သင်္ဘော လေးစင်းစာ ရှိတယ်”

လီစူးက ဘေးမှနေ၍ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီလောက်ကြီးတာကြီးက တကယ်ရော ပျံတက်နိုင်ပါ့မလား”

“အဓိက အထောက်အပံ့က S-Class မြူမီးခိုးမွန်းစတားရဲ့ ကိုယ်ထည်ပဲ။ ပင်မတည်ဆောက်ပုံမှာ ပြဿနာမရှိသရွေ့တော့”

ကီကီက အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

“ပျံနိုင်မှာပါ”

“ဒါက အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာတို့ ပူးပေါင်းထားတာလေ။ ဒါကြီးကို ကောင်းကင်အကာကွယ်ဆီ လွှတ်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ တည်ဆောက်ထားတာပဲ”

လင်းရှန်သည် အဘယ်ကြောင့် အာရုဏ်ဦးမြို့တော်က ကြယ်သင်္ဘောများ တည်ဆောက်ရေးကိုသာ အားစိုက်နေရသည်ကို နားလည်သွားပြီ ဖြစ်သည်။ အစိတ်အပိုင်းများစွာကို ဤနေရာအတွက် ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဖီးနစ်၏ အင်ပါယာပရောဂျက်နှင့် အခြေခံအားဖြင့် ကွာခြားသည်။ အမှန်အတိုင်း ပြောရလျှင် အင်ပါယာပရောဂျက်ကို ထုတ်လုပ်ရန် ခက်ခဲမှုမှာ ပိုမြင့်မားနိုင်သော်လည်း ဤအရာမှာ အနီရောင်ကမ္ဘာ၏ ဦးနှောက်-ယန္တရား ပေါင်းစပ်ဖိနှိပ်မှု နည်းပညာကို အဓိကထားပြီး ကြယ်သင်္ဘော၏ တွန်းကန်စက်များနှင့် အကာအကွယ်များကို အထပ်ထပ်တပ်ဆင်ထားခြင်း ဖြစ်သည်။ အကယ်၍ အလွန်ကြီးမားသော စက်ရုပ်ကိုသာ ထုတ်လုပ်မည်ဆိုလျှင် လက်ရှိလူသားတို့၏ ပစ္စည်းများမှာ ဤမျှကြီးမားသော တည်ဆောက်ပုံကို ထိန်းထားနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ကမ္ဘာ့ဆွဲငင်အားအောက်တွင် မဖြစ်နိုင်သလောက်ပင်။

တည်ဆောက်ရေးဓာတ်လှေကားမှာ သတ္တဝါကြီး၏ ရင်ဘတ်အကာအကွယ်၊ နူကလီးယားအင်ဂျင်ရှိရာ ပလက်ဖောင်းတစ်ခုသို့ ဆင်းသက်သွားသည်။ တစ်လွှာလုံးမှာ အင်ဂျင်နီယာ သုတေသနဌာနတစ်ခုအဖြစ် ပြောင်းလဲထားပုံရသည်။ လင်းရှန်နှင့် အခြားသူများ အတွင်းသို့ ဝင်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် သေဆုံးနေသော သုတေသီများနှင့် အင်ဂျင်နီယာများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။

ကျိုးကျင်းက အနီးရှိ အလောင်းတစ်လောင်းကို ခြေထောက်ဖြင့် လှန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ငါတို့ ဒီကိုမရောက်ခင်လေးတင် သေသွားတာပဲ”

ချူယန်နှင့် လင်းရှန်တို့သည် သုတေသနဌာနလမ်းကြောင်းများအတိုင်း ရှေ့ဆက်သွားစဉ် ရုံးခန်းများ၊ ဓာတ်ခွဲခန်းများနှင့် ကွပ်ကဲမှုစင်တာများတွင် ဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော အလောင်း ရာနှင့်ချီကို တွေ့ရသည်။ ထိုအထဲတွင် လင်းရှန် အဖြူရောင်မြို့တော်၌ တွေ့ခဲ့ဖူးသော ကိုယ်ပွားများနှင့် သာမန်လူအချို့လည်း ပါဝင်သည်။

“သူတို့အားလုံးကို နှုတ်ပိတ်လိုက်တာပဲ” ချူယန်က မှတ်ချက်ပေးလိုက်သည်။

“နှုတ်ပိတ်တယ် ဟုတ်လား ဘာဖြစ်လို့လဲ” လင်းရှန်က ချက်ချင်းပင် မေးလိုက်သည်။

သူ စကားဆုံးသည်နှင့် ကွပ်ကဲမှုစင်တာရှိ ဆက်သွယ်ရေးစက်မှ ဆွဲငင်နိုင်စွမ်းရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဘာလို့လဲဆိုတော့ မြင့်မြတ်တဲ့ မစ်ရှင်က ပြီးမြောက်သွားပြီး သူတို့အားလုံး ပြန်လည်မွေးဖွားကြတော့မှာလေ”

“ဂျူးလိယပ်စ်”

“သူ တကယ်ပဲ ဒီမှာ ရှိနေတာပဲ”

ထိုအသံကို ကြားသည်နှင့် ချူယန် ချက်ချင်းမှတ်မိသွားသည်၊၊

ရှီး...

ထိုအချိန်တွင် ရှေ့ရှိ ပင်မထိန်းချုပ်ခန်းတံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ လူတိုင်းက သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ အတွင်းဘက်တွင် ကြီးမားလှသော အဖြူရောင်ခန်းမကြီးတစ်ခုကို မြင်လိုက်ရသည်။ တံခါးရှေ့သို့ လျှောက်သွားသောအခါ အတွင်းမှ မြင်ကွင်းမှာ ပိုမိုကျယ်ပြန့်လာသည်။ ခန်းမကြမ်းပြင်ပေါ်တွင် ဆလင်ဒါပုံစံ ကိရိယာများစွာကို စီတန်းထားပြီး အကြည်ရောင်ကန်များထဲတွင် အစိမ်းနုရောင်ဆေးရည်များ ပြည့်နေကာ ကန်တစ်ခုစီတွင် လူသားခန္ဓာကိုယ်တစ်ခုစီသည် မတ်တပ်အနေထားဖြင့် မျောလွင့်နေသည်။

အထူးဆန်းဆုံးမှာ ထိုလူသားခန္ဓာကိုယ်များ အားလုံးမှာ လူတစ်ဦးတည်းသာ ဖြစ်နေခြင်းပင်။

ခန်းမ၏ အလယ်ဗဟိုရှိ အဖြူရောင် စားပွဲတစ်ခုတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အသက်လတ်ပိုင်း လူဖြူတစ်ဦးသည် စားပွဲပေါ်ရှိ ဝိုင်နီနှင့် အသားစတိတ်ကို အေးအေးလူလူဖြင့် စားသောက်နေသည်၊၊

ထိုသူမှလွဲ၍ ခန်းမတစ်ခုလုံးတွင် အခြားမည်သူမျှ မရှိပေ။

“အိုး အိုး အိုး တကယ့်ကို ရှားပါးတဲ့ မြင်ကွင်းပဲ။ ငါ အလေ့လာချင်ဆုံး စွမ်းအားရှင်နှစ်ယောက်ဖြစ်တဲ့ ချူယန်နဲ့ လင်းရှန်တို့က ငါ့ရှေ့ကို ရောက်လာကြတာပဲ။ ဒီနေ့က ငါ့အတွက် ကံကောင်းတဲ့နေ့လို့ ထင်တယ်”

သူတို့ရှေ့မှ ထိုလူဖြူမှာ လင်းရှန် အိမ်မက်ထဲတွင်လည်းကောင်း၊ နက္ခတာယာလေ့လာရေးစခန်းတွင်လည်းကောင်း တွေ့ခဲ့ဖူးသော ဂျူးလိယပ်စ်လစ်ပင် ဖြစ်သည်။ ထိုအကြည်ရောင်ကန်များထဲတွင် ရှိနေသည်မှာလည်း သူ၏ ကိုယ်ပွားများသာဖြစ်သည်။

“ဂျူးလိယပ်စ် ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့”

ချူယန်က တည်ငြိမ်သော အမူယာဖြင့် ဦးအောင် ပြောလိုက်သည်။

ဂျူးလိယပ်စ်က ဓားနှင့် ခရင်းကို ချလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်ကာ ချူယန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“တကယ်တော့ သက်ရှိတစ်ဦးချင်းစီအနေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပါပဲ”

ထိုစကားကို ကြားသောအခါ ကီကီက လင်းရှန်၏ ဘေးမှနေ၍ တိုးတိုးလေး ပြောလိုက်သည်။

“ကိုယ်ပွားတွေ အများကြီးပဲ။ ဘယ်တစ်ခုက အစစ်လဲ မသိဘူး”

“ဖာ့ခ်… အနည်းဆုံး ရာနဲ့ချီ ရှိမှာပဲ”

ကျိုးကျင်းက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အနေရာတိုင်းတွင် ထိုကဲ့သို့သော အကြည်ရောင်ကန်များရှိနေပြီး အတွင်းမှ လူတိုင်းမှာ ပုံတူကူးထားသည့်အလား ထပ်တူကျနေကြသည်။

All Chapters