← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) အချိန်လေဟာနယ် တားမြစ်နယ်မြေ

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ၏ အဆုံးသတ်....အချိန်လေဟာနယ် တားမြစ်နယ်မြေ..

ဝုန်း...

ကောင်းကင်ယံ မှေးမှိန်သွားပြီး မိုးကုပ်စက်ဝိုင်းကြီး တုန်ခါသွားသည်။

ပြင်းထန်သော လျှပ်စီးတန်းများက ကမ္ဘာဖျက်မုန်တိုင်းကြီးအဖြစ် စုစည်းသွားကာ မိုးကြိုးပစ်ခတ်သံများနှင့်အတူ အဆုံးမဲ့ ကြယ်တာရာနယ်မြေကို တိုက်ခတ်သွားသည်။

ခရက်... ခရက်... ခရက်...

မရေမတွက်နိုင်သော ကြယ်စင်ကောင်းကင်ယံများက ထိုစွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရပုံပေါ်ကာ ပြိုကျကွဲအက်သွားပြီး ပင့်ကူအိမ်ကဲ့သို့ ထူထပ်နေသော ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ထုတ်ဖော်ပြသလိုက်သည်။

"ဒီဟာက..."

ကောင်းကင်ဘုံများနှင့်နယ်ပယ်များရှိ မရေမတွက်နိုင်သော သက်ရှိများက ထိတ်လန့်တကြား ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး သူတို့၏ စိတ်အာရုံများ ထိန်းချုပ်မရအောင် တုန်လှုပ်သွားကြသည်။

သူတို့၏နတ်ဘုရားစိတ်အာရုံခံစားမှုထဲတွင် တစ်လောကလုံး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကြောင့် တုန်လှုပ်နေပုံရသည်။

ဘိုးဘေးနယ်မြေများတွင် အိပ်မောကျနေကြသော သက်တမ်းရှည် ရှေးဟောင်းမိသားစုကြီးများနှင့် အင်မော်တယ်တာအိုအမွေအနှစ်မြေများမှ မွန်းစတားအိုကြီးများသည် တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြကာ သူတို့အားလုံးက ကောင်းကင်ဘုံ၏ အဆုံးသတ်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်ကြသည်။

အလွန်အမင်း ထိတ်လန့်သွားမှုကြောင့် သူတို့ စကားပြောဆိုရာတွင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားကြသည်။

"အဲ့ဒါ... အဲ့ဒါက... အချိန်လေဟာနယ် တားမြစ်နယ်မြေရှိတဲ့ အရပ်ဘက်ကပဲ..."

"ကောင်းကင်ဘုံတွေ ပြန်လည်စတင်ပြီ... အချိန်လေဟာနယ်က ပြန်ပေါ်လာပြီ... မဟာတာအိုတွေတောင် ငိုကြွေးနေကြတယ်..."

"ဒဏ္ဍာရီက... အမှန်ပဲ... မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေအထိ ငြိမ်သက်နေခဲ့တဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဒီခေတ်မှာ တကယ်ပဲ ပြန်လည်နိုးထလာတော့မှာလား..."

...

အချိန်လေဟာနယ် တားမြစ်နယ်မြေ... ကောင်းကင်ဘုံများ၏ အဆုံးသတ်...နတ်ဘုရားများနှင့် နတ်ဆိုးများအတွက် တားမြစ်နယ်မြေ... မရေမတွက်နိုင်သော သက်ရှိများ၏ မျက်လုံးထဲတွင် တားမြစ်ချက်တစ်ခု...

ဒဏ္ဍာရီများအရ မရေမတွက်နိုင်သော ခေတ်ကာလများစွာက...

ကောင်းကင်ဘုံ၏ ဥပဒေသများ ပြည့်စုံခဲ့ပြီး စိတ်ဝိညာဉ်ချီများ ပေါကြွယ်ဝကာ မဟာတာအိုက ပဲ့တင်ထပ်ခဲ့သည်။ မရေမတွက်နိုင်သော တာအိုအမွေအနှစ်များ ရပ်တည်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော တားမြစ်တည်ရှိမှုများ ပေါ်ထွက်လာကာ ကောင်းကင်ဘုံများကို ကြီးပွားတိုးတက်သော ခေတ်တစ်ခုဆီသို့ ဦးဆောင်ခဲ့ကြသည်။

ထိုကြီးပွားတိုးတက်သောခေတ်ကို 'မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ်'ဟုလည်း ခေါ်ဆိုကြသည်။

ထိုခေတ်တွင် အဓိကအင်အားစုကြီး ဆယ့်ခြောက်ခု၏စွမ်းအားသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များရှိ တခြားသော အင်မော်တယ်တာအိုအမွေအနှစ်မြေများထက် များစွာသာလွန်ခဲ့သည်။ သူတို့၏ အခြေခံအုတ်မြစ်များသည် ကောင်းကင်ဘုံတခွင်လုံးတွင် ပြိုင်ဘက်ကင်းဖြစ်ပြီး အခြားအရာအားလုံးထက် မြင့်မားစွာ ရပ်တည်နေသည်ဟု ဆိုကြသည်။

လောက၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဤအဓိက အင်အားစုကြီး ဆယ့်ခြောက်ခုကို 'ကောင်းကင်ဘုံ၏ တားမြစ်နယ်မြေများ' ဟု ခေါ်ဆိုခဲ့ကြ၏။ ဤကဲ့သို့ ဘွဲ့နာမည်က ကောင်းကင်ဘုံရှိ သက်ရှိအားလုံး၏ သူတို့အပေါ်ထားရှိသော အကြွင်းမဲ့ စွမ်းအားအပေါ် ရိုသေလေးစားမှုကို ကိုယ်စားပြုသည်။

ထိုရှေးဟောင်းဂုဏ်ကျက်သရေရှိသောခေတ်တွင် တားမြစ်နယ်မြေ ဆယ့်ခြောက်ခုသည် ကောင်းကင်ဘုံ၏အုပ်စိုးသူများ ဖြစ်ခဲ့ကြသည်။ မရေမတွက်နိုင်သော ရှေးဟောင်း တာအိုအမွေအနှစ်များနှင့် ထောင်ပေါင်းများစွာသော တားမြစ်တည်ရှိမှုများအားလုံးသည် သူတို့၏ နတ်ဘုရားစွမ်းအားအောက်တွင် ဒူးထောက်အညံ့ခံခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံအားလုံးက ရိုသေလေးစားရသော ဘုရင်များ ဖြစ်ကြ၏။

သို့သော် နောက်ပိုင်းတွင်... အကြောင်းအရင်း မသိရဘဲ ဤတားမြစ်နယ်မြေ ဆယ့်ခြောက်ခုကြားတွင် အငြင်းပွားမှုများနှင့် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့သည်။

ထို့နောက် မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် ထိုပွတ်တိုက်မှုက ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် တားမြစ်နယ်မြေ ဆယ့်ခြောက်ခုက ဦးဆောင်သော ကောင်းကင်ဘုံ စစ်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကောင်းကင်ဘုံ စစ်ပွဲကြီးသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များရှိ သန်းရာထောင်ချီသော သက်ရှိများအပေါ် သက်ရောက်မှုရှိခဲ့သည်။ ထိုစစ်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာက မရေမတွက်နိုင်သော ကမ္ဘာများကိုပင် ပျက်စီးစေခဲ့ပြီး မရေမတွက်နိုင်သော ရှေးဟောင်းကျင့်ကြံသူများလည်း ထိုစစ်ပွဲကြောင့် မြေမြှုပ်သင်္ဂြိုဟ်ခံခဲ့ရသည်။ ဒဏ္ဍာရီလာ မဟာတာအိုသုံးထောင်ပင်လျှင် သက်ရောက်မှုခံခဲ့ရပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့သည်။

ဤသည်က အရာအားလုံး၏အစလည်း ဖြစ်ပေ၏။

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များရှိ စိတ်ဝိညာဉ်ချီ ဥပဒေသအများစု ဖျက်ဆီးခံခဲ့ရပြီး သူတော်စင်များ ပေါ်ထွက်မလာတော့သလို မဟာဧကရာဇ်များလည်း မမွေးဖွားလာတော့ဘဲ၊ ကမ္ဘာလောကသည် ထိုအချိန်မှစ၍ ဓမ္မဆုတ်ယုတ်ခြင်းခေတ်သို့ ဝင်ရောက်သွားခဲ့သည်။

ဒဏ္ဍာရီလာ တားမြစ်နယ်မြေ ဆယ့်ခြောက်ခုနှင့်ပတ်သက်၍ ထိုအရာများအနက် တစ်ခုမှလွဲ၍... တခြားတားမြစ်နယ်မြေ ဆယ့်ငါးခုသည် ထိုဂုဏ်ကျက်သရေရှိသော ခေတ်နှင့်အတူ အချိန်မြစ်ကြောင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ တခြား တားမြစ်နယ်မြေ ဆယ့်ငါးခုသည် အချိန်မြစ်ကြောင်းထဲတွင် ပုန်းကွယ်နေသလား သို့မဟုတ် အချိန်၏ ဖုန်မှုန့်များအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီလား ဆိုသည်ကို မည်သူမျှ မသိကြပေ။ ထိုစစ်ပွဲကြီး၏ ရလဒ်ကို လုံးဝမသိရပေ။

သို့သော် သေချာသောအရာတစ်ခုမှာ ကမ္ဘာပေါ်တွင် ယခုတိုင်တည်ရှိနေဆဲဖြစ်သော တစ်ခုတည်းသော တားမြစ်နယ်မြေမှာ အချိန်နှင့်လေဟာနယ်၏ သင်္ချိုင်းမြေဟု လူသိများသော 'အချိန်လေဟာနယ် တားမြစ်နယ်မြေ' ဖြစ်သည်။

...

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သက်ရှိများက ကောင်းကင်ဘုံ၏ တားမြစ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားသော ဤအချိန်လေဟာနယ် တားမြစ်နယ်မြေအတွင်း၌...

အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်နေပြီး ခန္ဓာကိုယ်များတွင် အချိန်နှင့်လေဟာနယ် ဥပဒေသများ ဝန်းရံနေသော ခမ်းနားထည်ဝါသည့် ပုံရိပ်ရှစ်ခုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကောင်းကင်သို့ ထိုးထွက်နေသော နတ်ဘုရားတောင်တစ်လုံးအောက်သို့ အတူတကွ ဆင်းသက်လာခဲ့ကြသည်။ သူတို့ ရပ်နေရုံမျှဖြင့်ပင် သူတို့၏ လှုပ်ရှားမှုတိုင်းမှ ထွက်ပေါ်လာသော ကျယ်ပြန့်သည့် ဧကရာဇ်အရှိန်အဝါသည် ဤနေရာရှိ ဟင်းလင်းပြင်ကို ကစဉ့်ကလျားဖြစ်ကာ ပုံပျက်သွားစေရန် လုံလောက်နေသည်။

တကယ်လို့ ဤမြင်ကွင်းကို ပြင်ပလူများသာ မြင်တွေ့သွားပါက ကြီးမားသော ရုတ်ရုတ်သဲသဲ မှုကြီးကို ဖြစ်ပေါ်စေပေမည်။ မဟာဧကရာဇ်များ ပေါ်ထွက်မလာတော့သော ဤခေတ်တွင် ရှေးဟောင်း မဟာဧကရာဇ်သိုင်းပညာရှင် ရှစ်ယောက်က ဤနေရာ၌ အတူတကွ ထွက်ပေါ်လာခဲ့ကြသည်။

အထူးသဖြင့် နဂါးကိုးကောင်ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် ခေါင်းဆောင်အမျိုးသားပင်။ သူ၏ပတ်လည်တွင် လည်ပတ်နေသော ဧကရာဇ်တာအို အရှိန်အဝါက အခြားခုနစ်ယောက်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။ သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ လက်ရှိခေတ် အရှင်သခင်ပင်။

တစ်ချိန်က အချိန်လေဟာနယ်မှတစ်ဆင့် မဟာတာအိုကို သက်သေပြခဲ့ပြီး ထာဝရ အင်မော်တယ် ကောင်းကင်ကြီးကိုပင် အရောင်အဝါ မှေးမှိန်သွားစေခဲ့သော ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခုဖြစ်သော အချိန်လေဟာနယ် မဟာဧကရာဇ် ခုံးဝူကျီပင်။

သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ရှေးဟောင်း မဟာဧကရာဇ် သိုင်းပညာရှင်များစွာကို ဤနေရာသို့ ဦးဆောင်လာခဲ့ခြင်းမှာ တစ်စုံတစ်ယောက်ကို နိုးထစေရန် ဖြစ်ပေ၏။

ရှေးဟောင်းခေတ်တွင် ပြိုင်ဘက်အားလုံးကို တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းပစ်ခဲ့ပြီး ခေတ်တစ်ခေတ်လုံး၏ ပါရမီရှင်များကို ဖိနှိပ်ခဲ့သော အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အထူးချွန်ဆုံး လူငယ်တားမြစ်ပါရမီရှင်....

သူသည် ခုံးဝူကျီ၏သားဖြစ်သလို အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်လည်း ဖြစ်သည့် ခုံးဝူတောက်ပင်။ ထို ခုံးဝူတောက်သည် ကောင်းကင်ထွင်းဖောက်လုမတတ် အလွန်မြင့်မားသော အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်အတွင်း၌ အိပ်စက်နေခြင်း ဖြစ်ပေ၏။

အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်တွင် ကျယ်ပြန့်သော အချိန်လေဟာနယ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထိုထဲသို့ ဝင်ရောက်အိပ်စက်လိုက်သည်နှင့် ရုပ်ခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်သည် အချိန်လေဟာနယ်၏ လွှမ်းခြုံမှုကို ခံရပြီး နက်နဲဆန်းကြယ်သော အေးခဲရပ်တန့်မှု အခြေအနေတစ်ခုသို့ ကျရောက်သွားပေမည်။ ဤလုပ်ငန်းစဉ်အတွင်း မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်ဆုံးသွားလျှင်ပင် ကျင့်ကြံသူ၏ သက်တမ်းနှင့် နတ်ဘုရားစိတ်ဝိညာဉ်သည် အနည်းငယ်မျှပင် ဆုံးရှုံးမှု ရှိမည်မဟုတ်ပေ။

သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဤမျှ ထူးချွန်သော လူငယ်တားမြစ်ပါရမီရှင်ကို အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်၌ ချိပ်ပိတ်ချင်ခဲ့၍ မဟုတ်ပေ။ အမှန်အားဖြင့် ဤသည်မှာ ခုံးဝူတောက်ကိုယ်တိုင်၏ တောင်းဆိုချက်ဖြစ်ပေ၏။

အကြောင်းအရင်းမှာ တခြားမဟုတ်ဘဲ ခုံးဝူတောက်၏စွမ်းအားက အလွန်ကြီးမားနေသောကြောင့်ပင်။ ထိုရှေးဟောင်းခေတ်တွင် ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းဟု ကြွေးကြော်ခဲ့သော ပါရမီရှင်များပင်လျှင် ခုံးဝူတောက်ရှေ့တွင် ခွေးများ ကြက်များကဲ့သို့ ဖြစ်ခဲ့ပြီး လှုပ်ရှားမှု တစ်ချက်ကိုပင် မခံနိုင်ခဲ့ကြပေ။

ခုံးဝူတောက်သည် ကျော်လွှား၍မရသော နတ်ဘုရားတောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်ပြီး မရေမတွက်နိုင်သော ပါရမီရှင်များကို မျှော်လင့်ချက်မဲ့စေခဲ့သည်။ သို့သော် အလားတူပင် အလွန်အမင်း အစွမ်းထက်နေမှုကြောင့် ခုံးဝူတောက်အတွက် ထိုက်တန်သော ပြိုင်ဘက်များကို ရှာတွေ့ရန် ခက်ခဲစေခဲ့ပြီး မဟာတာအိုသည် ပျင်းစရာကောင်းသည်ဟု သူ ခံစားခဲ့ရသည်။

ထို့ကြောင့် သူက အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်ထဲသို့ သူ့အား ချိပ်ပိတ်ပေးရန် သူ၏ဖခင်ကို တောင်းဆိုခဲ့သည်။ နောင်လာမည့် မျိုးဆက်များတွင် မဟာတာအို ပြန်လည်နိုးထလာပြီး ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ ဂုဏ်ကျက်သရေရှိသော ခေတ်တစ်ခုသို့ ပြန်လည်ဝင်ရောက်လာမည့် အချိန်ရောက်မှသာ သူ့ကို ပြန်လည်နိုးထစေရန် ဖြစ်ပေ၏။

သူ၏ မဟာတာအို ခရီးလမ်းသည် ဤမျှ ပျင်းစရာ မကောင်းစေရန်အတွက် နောင်လာမည့် ပြန်လည်နိုးထသောခေတ်ဟုခေါ်သည့် အချိန်တွင် သူ့ကဲ့သို့သော တားမြစ်နတ်ဆိုးများ ပေါ်ထွက်လာလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

"ငါ့သား... ကောင်းကင်ဘုံတွေ ပြန်လည်စတင်ပြီ... မဟာတာအိုတွေ အပြိုင်အဆိုင် ဖြစ်နေကြပြီ... မင်း မျှော်လင့်ထားတဲ့ ဂုဏ်ကျက်သရေရှိတဲ့ ခေတ်ကြီး ရောက်လာပြီမို့ နိုးထရမယ့် အချိန်ရောက်ပြီကွ..."

သူ၏ အသံထွက်ပေါ်လာပြီးနောက် ခုံးဝူကျီနှင့် အခြားသော မဟာဧကရာဇ် သိုင်းပညာရှင် အများအပြားက တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

ဝုန်း...

ရုတ်တရက် သူတို့ကို ဗဟိုပြုကာ ပြင်းထန်သော ဧကရာဇ်တာအို အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ကျယ်ပြန့်သော ဧကရာဇ်တာအို နတ်ဘုရားစွမ်းအားက အချိန်ကို ရပ်တန့်စေပြီး ဥပဒေသများကို ပြောင်းပြန်လှန်ပစ်လိုက်၏။

အချိန်နှင့်လေဟာနယ် ဥပဒေသများမှ ပြောင်းလဲလာသော မဟာတာအို နတ်အလင်းတန်းများ ကျဆင်းလာကာ အရပ်မျက်နှာအားလုံးရှိ ဟင်းလင်းပြင်ကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ရှေးဟောင်းအချိန်ကာလများအထက်တွင် ရပ်တည်နေပုံရသော နတ်ဘုရားတောင်ကြီးသည် ထိုအရာ၏ သက်ရောက်မှုကြောင့် တုန်ခါသွားပြီး ကျယ်လောင်စွာ မြည်ဟီးသွားသည်။

ဘုန်း...

ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော အနက်ရောင်အလင်းတန်းများနှင့် ကပ်ဘေးမိုးကြိုးများက အချိန်လေဟာနယ် တားမြစ်နယ်မြေ အထက်တွင် စုစည်းလာကာ ရူးသွပ်စွာ သောင်းကျန်းနေပြီး ဤအခိုက်အတန့်တွင် တဝုန်းဝုန်းထနေခဲ့သည်။

ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲက မရေမတွက်နိုင်သော အကြည့်များဖြင့် ဤနေရာသို့ စုစည်းကြည့်ရှုနေကြသော ရှေးဟောင်းသိုင်းပညာရှင်များကို ပို၍ပင် အံ့အားသင့်ကာ မသေချာမရေရာ ဖြစ်သွားစေသည်။

"အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတာလဲ..."

"ဘာကြောင့် ဒီလို ကြောက်စရာကောင်းတဲ့ ရုတ်ရုတ်သဲသဲနိုင်မှုကြီး ပေါက်ကွဲထွက်လာရတာလဲ..."

"ကျစ်... ဒီကောင်တွေက သူတို့ရဲ့လူတစ်ယောက် အိပ်မောကျနေရာကနေ အခုမှ နိုးလာတာကို ကြီးမားတဲ့ လှုပ်ရှားမှုတွေ လုပ်နေကြတာလား..."

"သူတို့က ဒီကောင်းကင်ဘုံတွေကို နောက်တစ်ကြိမ် လွှမ်းမိုးဖို့ ကြိုးစားနေကြတာတော့ မဟုတ်ပါဘူးနော်..."

ဤစကားကို ကြားသောအခါ အချို့သော ခေါင်းမာသည့် ရှေးဟောင်းသိုင်းပညာရှင်များက ပြန်လည်ချေပကြသည်။

"ဟမ့်... စိုးရိမ်စရာ ဘာရှိလို့လဲ... တားမြစ်နယ်မြေ ဆယ့်ခြောက်ခုနဲ့ သက်ဆိုင်တဲ့ခေတ်ရဲ့ အချိန်ကြာမြင့်စွာကတည်းက မီးခိုးငွေ့တွေလို လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ..."

"အခုချိန်မှာ ကောင်းကင်ဘုံတွေနဲ့အင်္သချေနယ်ပယ်တွေက ရှေးဟောင်းအင်အားစုတွေလည်း ပြန်လည်နိုးထလာကြပြီ... ပြီးတော့ နှောင်းပိုင်းခေတ်တွေမှာ ထကြွလာပြီးတော့ အရမ်းအစွမ်းထက်လာကြတဲ့ ဧရာမ အင်အားစုကြီးတွေတောင် အများကြီး ရှိနေတယ်..."

"တကယ်ပါပဲ... အကြီးအကျယ် ပျက်စီးယိုယွင်းမှုကို ကြုံတွေ့ခဲ့ရတဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ကောင်းကင်ဘုံတွေနဲ့အင်္သချေနယ်ပယ်များကို နောက်တစ်ကြိမ် လွှမ်းမိုးဖို့ အိပ်မက်မက်နေတာက အရူးတစ်ယောက်ရဲ့ ယောင်ယမ်းမှုသက်သက်ပဲ..."

တစ်ချိန်က ​ဂုဏ်ကျက်သရေရှိသော ခေတ်၏ တားမြစ်နယ်မြေ ဆယ့်ခြောက်ခုအနက်မှ တစ်ခုအဖြစ် အချိန်လေဟာနယ် တားမြစ်နယ်မြေသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ခဲ့သည်။ သို့သော် ထိုနယ်မြေသည် မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် ငြိမ်သက်နေခဲ့သည်။

ဤလုပ်ငန်းစဉ်အတွင်း ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ၏ ဥပဒေသများသည် အလိုအလျောက် ပြန်လည်နိုးထလာခဲ့ပြီး ဖြစ်သည်။ ဤအကြောင်းကြောင့် အင်မော်တယ်တာအိုအမွေအနှစ် များစွာသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များတွင် ပေါ်ထွက်လာခဲ့ပြီး ယခင်ခေတ်များက တားမြစ်နယ်မြေ ဆယ့်ခြောက်ခုထက် အားမနည်းကြောင်း ကြွေးကြော်ခဲ့ကြသည်။

သို့သော် ဤသည်မှာ သူတို့ကိုယ်တိုင် သတ်မှတ်ချက်သက်သက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ လွှမ်းမိုးနိုင်ခဲ့သော တားမြစ်နယ်မြေ ဆယ့်ခြောက်ခု၏ စွမ်းအားကို မည်သူက စိတ်ကူးယဉ်ကြည့်နိုင်မည်နည်း။

အချိန်လေဟာနယ် တားမြစ်နယ်မြေသည် သူတို့အထဲတွင် ပထမဆုံး တားမြစ်နယ်မြေအဖြစ် အသိအမှတ်ပြုခံထားရသောကြောင့် ဤနှောင်းပိုင်းခေတ်များမှ အရေးမပါသော အင်အားစုများနှင့် ယှဉ်နိုင်မည့်အရာ ပို၍ပင် မဟုတ်တော့ပေ။

အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွင်း၌..

စောင့်ဆိုင်းနေကြသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူအများအပြားသည် အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်သို့ မော့ကြည့်လိုက်ကြသည်။

"ဒဏ္ဍာရီလာ နတ်ဘုရားသားတော် ဝူတောက်က... နောက်ဆုံးတော့ ဒီခေတ်မှာ ထွက်ပေါ်လာတော့မှာလား..."

"နတ်ဘုရားသားတော် ဝူတောက်က ပြိုင်ဘက်ကင်းလွန်းပြီး မဟာတာအိုကို ပျင်းစရာကောင်းတယ်လို့ ထင်တဲ့အတွက် သူ့ကိုယ်သူ ချိပ်ပိတ်ခဲ့တာလို့ ငါ ကြားဖူးတယ်... အခု ကောင်းကင်ဘုံတွေ ပြန်လည်စတင်ပြီဆိုတော့ နတ်ဘုရားသားတော်က ထိုက်တန်တဲ့ ပြိုင်ဘက်ကို ရှာတွေ့နိုင်ပါ့မလားလို့ ငါ တွေးမိတယ်..."

"ဟီးဟီး... အခု နတ်ဘုရားသားတော် ဝူတောက်က နောက်ဆုံးတော့ နိုးထလာပြီဆိုတော့... ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ်သားတော် ကိုးပါးအတွက် နောက်ဆုံး ခေါင်းဆောင်တစ်ယောက် ရသွားပြီပဲ..."

အချိန်လေဟာနယ် တားမြစ်နယ်မြေကို မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် လက်ဆင့်ကမ်းလာခဲ့ရာ မရေမတွက်နိုင်သော တောက်ပသည့် ပါရမီရှင်များ ပေါ်ထွက်လာခဲ့သည်။ သူတို့အထဲမှ အထူးချွန်ဆုံး ကိုးယောက်ကို အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ်သားတော် သို့မဟုတ် ဧကရာဇ်သမီးတော်များအဖြစ် သတ်မှတ်ခဲ့သည်။

သို့သော် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးကြီးများအားလုံး ကောင်းစွာ သိရှိထားသည်မှာ...

ဤကိုးယောက်လုံး အလွန်အစွမ်းထက်ကြကာ တခြားသော ပြိုင်ဘက်ကင်း တာအိုအမွေအနှစ်မြေများမှ လူများကို အလွယ်တကူ ရှင်းလင်းပစ်နိုင်စွမ်း ရှိကြသော်လည်း...

ခုံးဝူတောက်၏ ပါရမီ စွမ်းအားတို့နှင့် ယှဉ်လိုက်ပါက သူတို့သည် များစွာ လိုအပ်နေဆဲပင်။

အခန်း (၂) စနစ် ဟုတ်လား... အသုံးမကျတဲ့ ပစ္စည်းလေးတစ်ခုပဲ...

အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်...

တောက်ပသော အချိန်လေဟာနယ် နတ်ဘုရားအလင်းတန်းများက ရေတံခွန်ကဲ့သို့ ကျဆင်းလာကာ ဧရာမနတ်ဘုရားတောင်ကြီးကို လင်းထိန်သွားစေပြီး ပို၍ပင်တောက်ပသွားစေသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ထို့နောက် ရှေးဟောင်းအချိန်ကာလမှ လာသကဲ့သို့ စည်းချက်ကျသော နှလုံးခုန်သံများက အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်မှ ထွက်ပေါ်လာကာ နယ်နိမိတ်မရှိသော ကောင်းကင်နှင့် မြေပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။

"ဝှီး..."

ကျယ်ပြန့်လှသော အချိန်နှင့်လေဟာနယ် ဥပဒေသများက အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်၏ တောင်ခြေတွင် စုစည်းသွားကာ ဟင်းလင်းပြင် အဖြူရောင်တွင်းနက်တစ်ခုကို ဖြစ်ပေါ်စေသည်။

အင်မော်တယ်တာအိုအသံများက ထိုအတွင်း၌ ပဲ့တင်ထပ်သွားသည်နှင့်အမျှ မဟာတာအို၏ ပန်းပွင့်များသည် ကောင်းကင်ယံတစ်ခွင် ပွင့်လန်းလာကြသည်။ ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုသည် အချိန်လေဟာနယ် မြစ်ကြောင်းအပေါ်သို့ ခြေချလာပြီး ဖော်ပြ၍မရသော နေရာတစ်ခုမှ ရှေ့သို့ လျှောက်လှမ်းလာသည်။

"ခုံးဝူတောက်..."

"နတ်ဘုရားသားတော် ခုံးဝူတောက်..."

စောင့်ဆိုင်းနေကြသော ခုံးဝူကျီနှင့် မဟာဧကရာဇ်ကြီး အများအပြားက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက် လေထဲတွင် လွင့်မျောနေသော မသေမျိုးမြူခိုးများ တဖြည်းဖြည်း ပြယ်လွင့်သွားချိန်တွင် အတွင်းရှိ ပုံရိပ်သည် နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်သာလာပေ၏။

ထိုလူငယ်သည် နတ်ဘုရားတစ်ပါး၏ ကိုယ်နေဟန်ထားနှင့် ကျောက်စိမ်းအရိုးများ ပါရှိပြီး မြင့်မားသွယ်လျသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူက လမင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ၏ မည်းနက်သော ဆံကေသာသည် တောက်ပကာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ကြယ်တာရာ ရေတံခွန်ကဲ့သို့ ဖြာကျနေသည်။

မရေမတွက်နိုင်သော ပျော်ရွှင်စွာ လည်ပတ်နေသည့် အချိန်လေဟာနယ် သင်္ကေတစာလုံးများက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံနေပြီး သူ၏ ခမ်းနားထည်ဝါနေပြီဖြစ်သော ပုံရိပ်ကို လူ့လောကသို့ ဆင်းသက်လာသည့် မသေမျိုးတစ်ပါးနှင့် တူသွားစေသည်။ အထူးသဖြင့် သူ၏ မျက်လုံးများသည် စကြဝဠာကဲ့သို့ ကျယ်ပြောလှပြီး မရေမတွက်နိုင်သော အချိန်နှင့်လေဟာနယ် အပိုင်းအစများ လည်ပတ်နေကာ မဟာတာအို နတ်ဘုရားပုံစံများ တစ်ကွင်းပြီးတစ်ကွင်း ဖြစ်ပေါ်နေသည်။

မူလအစ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်....

ဤသည်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေအတွက် သီးသန့်ဖြစ်သော မူလရုပ်ခန္ဓာကိုယ်တစ်ခုပင်။

မူလရုပ်ခန္ဓာကိုယ်များသည် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်ကို ကျော်လွန်ပြီး ခေတ်အဆက်ဆက်တွင် မြင်တွေ့ရခဲကာ အနာဂတ်တွင် ကမ္ဘာလောက၏ မဟာတာအိုကို ကျော်လွန်ရန် ကံကြမ္မာဖန်တီးခံထားရသူများ ဖြစ်သည်။ ဤနတ်ဘုရားမျက်လုံးကို ပိုင်ဆိုင်သူများသည် အချိန်နှင့်လေဟာနယ် မဟာတာအိုနှင့် လိုက်ဖက်ညီကြသည်။ အထွတ်အထိပ်အထိ ကျင့်ကြံလိုက်သောအခါ သူတို့သည် ဒဏ္ဍာရီလာ အချိန်နှင့်လေဟာနယ် မဟာတာအိုကို သူတို့အတွက် အသုံးချရန် ကိုင်တွယ်နိုင်သည်။ သူတို့သည် ဧရိယာတစ်ခု၏ အချိန်နှင့် လေဟာနယ်ကိုပင် ယာယီအားဖြင့် စုစည်းနိုင်ပြီး တာအိုအားလုံးကို ဆုတ်ခွာသွားစေနိုင်သည်။

သို့သော် မူလအစ နတ်ဘုရားသူငယ်အိမ်အပြင် ခုံးဝူတောက်သည် ဖရိုဖရဲဖြစ်မှုကို ဖွင့်လှစ်ပေးသည့် ကောင်းကင်ဘုံအားလုံး၏ အစနှင့် အရာခပ်သိမ်း၏ မူလအစဖြစ်သော ဟင်းလင်းပြင် ဖရိုဖရဲဖြစ်မှုတာအိုကို စုစည်းပေးသည့် ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုအရာက ကမ္ဘာကြီးကို ကျော်လွန်ပြီး မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်နှင့် မသက်ဆိုင်သည့် သီးခြား မူလရုပ်ခန္ဓာကိုယ်တစ်ခုပင်။

ဤမျှ ကြောက်စရာကောင်းသော မဟာရုပ်ခန္ဓာကိုယ်နှစ်ခုနှင့်အတူ ခုံးဝူတောက်၏ အလွန်မြင့်မားသော နားလည်သဘောပေါက်နိုင်စွမ်းတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအားနှင့် ပါရမီက မည်မျှထိ ကြောက်စရာကောင်းမည်ကို စိတ်ကူးကြည့်နိုင်သည်။

"ခမည်းတော်... နောင်လာမယ့် မျိုးဆက်တွေရဲ့ ဂုဏ်ကျက်သရေရှိတဲ့ခေတ်က တကယ် ရောက်လာတော့မှာလား..."

အချိန်လေဟာနယ် ကောင်းကင်ဘုံတောင်တွင် ချိပ်ပိတ်ခံထားရသော နှစ်များအတွင်း ခုံးဝူတောက်သည် ပြင်ပကမ္ဘာအကြောင်းကို သိပ်မသိခဲ့ပေ။ သို့သော် သူ၏ အာရုံခံစားမှုထဲတွင် လက်ရှိကမ္ဘာကြီးရှိ စိတ်ဝိညာဉ်ချီ ဥပဒေသများသည် ပျက်စီးခြင်းခေတ်ကထက် အမှန်တကယ်ပင် ပို၍အားကောင်းနေပြီး ယခင်ကထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေသည်။

ဤမျှကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်တွင် ထူးခြားဆန်းကြယ်သော ပါရမီရှင်များစွာ မွေးဖွားလာသင့်သည် မဟုတ်လော...

ထိုပျက်စီးခြင်းခေတ်တွင် သူသည် အမှန်တကယ်ပင် အလွန် ပျင်းရိခဲ့ရသည်။ အထွတ်အထိပ် ပြိုင်ဘက်ကင်း ပါရမီရှင်များပင်လျှင် သူ့ကို အများဆုံး လှုပ်ရှားမှု ငါးကွက်မျှသာ တောင့်ခံနိုင်ခဲ့ပြီး သနားစရာကောင်းလောက်အောင် အားနည်းခဲ့ကြသည်။ ဤနောက်ပိုင်း ပြန်လည်နိုးထလာသော ခေတ်တွင် တော်သင့်ရုံ ပြိုင်ဘက်တချို့ ပေါ်ထွက်လာရန် သူ မျှော်လင့်ခဲ့သည်။

ဤအခိုက်အတန့်တွင် တိုးညှင်းပြီး လေထဲတွင် လွင့်မျောနေပုံရသော အသံတစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒင်... ကံကြမ္မာဖန်တီးခံထားရသူ ပေါ်လာတာကို ထောက်လှမ်းမိပါပြီ..."

"ကောင်းကင်ဘုံအမဲလိုက်စနစ် ကို အောင်မြင်စွာ အသက်သွင်းလိုက်ပါပြီ... လက်ခံသူကို ကောင်းကင်ဘုံများတွင် ပြိုင်ဘက်ကင်းဖြစ်လာရန် ကူညီပေးပါမည်..."

"လက်ခံသူကို ချိတ်ဆက်ခြင်း လုပ်ဆောင်နေပါသည်..."

"ချိတ်ဆက်ခြင်း ကျရှုံးသွားပါပြီ..."

"ဒင်... လက်ခံသူ နှင့်ပတ်သက်နေသော ကံတရားသည် အလွန်အမင်း အစွမ်းထက်လွန်းသဖြင့် အတင်းအကြပ် ချိတ်ဆက်၍မရကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်... လက်ခံသူ ၏ ဆန္ဒကို တောင်းခံရန် လိုအပ်ပါသည်..."

"လက်ခံသူအနေနဲ့ ကောင်းကင်ဘုံအမဲလိုက်စနစ်နဲ့ ချိတ်ဆက်ချင်ပါသလား... ဒီကောင်းကင်ဘုံတွေရဲ့ မုဆိုးတစ်ယောက် ဖြစ်လာချင်ပါသလား..."

"စနစ် ဟုတ်လား..."

ဤစကားများကို ကြားသောအခါ ခုံးဝူတောက် အနည်းငယ် မှင်သက်သွားသည်။ ဤစကားလုံးနှစ်လုံးကို သူ မကြားရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းလာချိန်တွင် သူသည် အနှီးထဲရှိ မွေးကင်းစကလေးငယ်မျှသာ ဖြစ်သေးသည်။ သို့သော် သူမျှော်လင့်ထားသော စနစ်က ပေါ်မလာခဲ့ဘဲ နှစ်များတလျှောက်တွင်လည်း မည်သည့်စနစ်၏ အရိပ်အယောင်မျှ မရှိခဲ့ပေ။

ခုံးဝူတောက်က ဤအကြောင်းကို ဂရုမစိုက်ခဲ့ပေ။ နောက်ဆုံးတော့ နောက်ခံအဆင့်အတန်းနှင့် ပါရမီ ရှုထောင့်မှကြည့်လျှင် သူသည် လုံးဝကို ပြိုင်ဘက်ကင်းဖြစ်နေပြီးသား ဖြစ်သည်။ သူ၏ဖခင်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေရှိ တားမြစ်နယ်မြေ၏သခင်ဖြစ်ပြီး သူကိုယ်တိုင်မှာလည်း အချိန်လေဟာနယ် တားမြစ်နယ်မြေမှ မရေမတွက်နိုင်သော ဘိုးဘေးကြီးများ၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသည်။

သူ၏အဘိုးဖြစ်သူမှာမူ ဤလောကကြီးကို ကျော်လွန်သွားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပေ၏။ သူ၏ မွေးရာပါ စွမ်းအားနှင့် ပါရမီအကြောင်းကို ပြောနေစရာပင် မလိုတော့ပေ။ သူသည် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင် ကို ကျော်လွန်သော မူလရုပ်ခန္ဓာကိုယ်နှစ်ခုကို နိုးထလျက်သား မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အထွတ်အထိပ်ဆုံး မဟာတာအို ကျင့်ကြံခြင်း နည်းစနစ်များကိုပင် သူအလိုရှိသလို ရယူနိုင်သည်။

ပြိုင်ဘက်ကင်း ပါရမီ ပြိုင်ဘက်ကင်း နောက်ခံ....

စနစ်၏ ကောင်းချီးမပါလျှင်ပင် သူသည် ကမ္ဘာလောကတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ ပါရမီရှင်များကို ဖိနှိပ်နိုင်သည်။ နတ်ဘုရားဘုရင်နယ်ပယ် သိုင်းပညာရှင်ကိုပင် သူ အလွယ်တကူ ဖိနှိပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်မှုရှိသည်။

ဤမျှ အလွန်အမင်း အစွမ်းထက်နေမှုကြောင့် ခုံးဝူတောက်သည် ဘဝကို ပျင်းစရာကောင်းသည်ဟု ထင်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ ချိပ်ပိတ်ခဲ့ရခြင်း ဖြစ်သည်။ စနစ် ဖြစ်စေ မဖြစ်စေသူ့အတွက် လုံးဝ အရေးမကြီးပေ။

"ဟင်..."

ရုတ်တရက် အခြားအရာတစ်ခုကို တွေးမိလိုက်သဖြင့် ခုံးဝူတောက်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

"ငါ ဒီ စနစ်ဆိုတဲ့အရာနဲ့ တစ်ခါမှ မကြုံဖူးပါဘူး... ဒါဆို ဘာလို့ 'စနစ်' ရဲ့ အဓိပ္ပာယ်ကို ဒီလောက် ရှင်းရှင်းလင်းလင်း သိနေရတာလဲ..."

ခုံးဝူတောက်၏ ခေါင်း အနည်းငယ် ကိုက်ခဲသွားသည်။ သူ ဤကမ္ဘာမှ မဟုတ်ကြောင်း သူသိသည်။ သို့သော် သူ မည်သည့်ကမ္ဘာမှ လာခဲ့သည်ကို မည်သည့်အခါမျှ မှတ်မိနိုင်ခြင်း မရှိပေ။ သူ၏ ယခင်ဘဝမှ အရာများကို မှတ်မိရန် ကြိုးစားလိုက်သည်နှင့် သူ၏ခေါင်းက ထိန်းချုပ်မရအောင် ကိုက်ခဲလာတတ်သည်။

အမှန်တရားအချို့ကို သူ မသိရှိစေရန် မမြင်ရသော စွမ်းအားတစ်ခုက တားဆီးနေပုံရသည်။

သူ၏ စိတ်ကို ငြိမ်သက်စေလိုက်ပြီးနောက် ခုံးဝူတောက်သည် သူ၏ခေါင်းထဲရှိ အတွေးများကို ဖယ်ရှားလိုက်ကာ သူ၏ မျက်နှာအမူအရာကလည်း ခံစားချက်ကင်းမဲ့သော အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

"အခုချိန်မှာ ငါ လိုချင်တာ မှန်သမျှကို ရယူဖို့ ငါ့ကိုယ်ပိုင် စွမ်းအားကို လုံးဝ အားကိုးလို့ ရနေပြီ..."

"ငါ့အတွက်တော့ စနစ်က အပိုပစ္စည်းတစ်ခုထက် မပိုပါဘူး..."

"ဒါ့ပြင် အသုံးမကျတဲ့ အပိုပစ္စည်းလေးပဲ... အဲ့ဒါရှိတော့ရော ဘာထူးမှာမို့လို့လဲ..."

ဤစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် ခုံးဝူတောက်က သူ၏စိတ်ထဲရှိ စနစ် ဆွံ့အသွားပုံရသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

စနစ်ကို စတင်ဖန်တီးစဉ်က စနစ်များ၏ နတ်ဘုရားက ပြောခဲ့သည်မှာ ဤပိုင်ရှင်များသည် စနစ်များကို မြင်သောအခါ နတ်ဘုရားများကဲ့သို့ ရိုသေကိုင်းရှိုင်းစွာ ကိုးကွယ်ကြလိမ့်မည် ဟူ၍ဖြစ်ပေ၏။ သို့သော် ယခုချိန်၌ ရွေးချယ်ထားသော လက်ခံသူသည် စနစ်အပေါ် မည်သည့်ခံစားချက်မှ မရှိရုံသာမက စနစ်ကို အပိုပစ္စည်းတစ်ခုနှင့်ပင် နှိုင်းယှဉ်လိုက်သေးသည်။ ထို့ပြင် သူက အသုံးမကျသည့် အရာတစ်ခုအဖြစ်လည်း သတ်မှတ်လိုက်၏။

အသုံးမကျရင်လည်း အသုံးမကျဘူးပေါ့...

အနည်းငယ်မျှ အသုံးဝင်သည်ဟုပင် မပြောဘဲ လုံးဝ အသုံးမကျသောအရာတစ်ခုနှင့် နှိုင်းယှဉ်လိုက်သေးသည်။

ဒီအပြုအမူက စနစ်ကို အနိုင်ကျင့်လွန်းရာ ကျနေပြီလေ...

"ကောင်းပြီ... ကောင်းပြီလေ... လက်ခံသူက ဒီလိုစကားမျိုး ပြောမှာလား... ဒီစနစ်ကို စောင့်ကြည့်နေလိုက်..."

"ငါ နောက်တစ်ကြိမ် ပြန်လာရင် လက်ခံသူက ငါ့ကို အမီလိုက်နိုင်မှာတောင် မဟုတ်ဘူးလို့ သေချာပေါက် ပြောရဲတယ်..."

စနစ်၏အသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ခုံးဝူတောက်သည် စနစ်နှင့် သက်ဆိုင်သော စွမ်းအားများ တဖြည်းဖြည်း လွင့်စင်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး အမှန်တကယ် ထွက်ခွာသွားသည့်အလားပင်။ ဤသည်ကို မြင်ချိန်၌ ခုံးဝူတောက် သိပ်ပြီးတုံ့ပြန်မှု မရှိခဲ့ပေ။ သူက အမှန်တရားကို ပြောပြနေခြင်းသာ ဖြစ်ပေ၏။

တခြားသော ကူးပြောင်းလာသူများသည် စနစ်တစ်ခုကို အမှန်တကယ် လိုအပ်နိုင်သော်လည်း သူကတော့ စနစ်တစ်ခုကို လိုချင်ရန် အမှန်တကယ် ပျင်းရိလွန်းနေပြီး သေချာပေါက်လည်း မလိုအပ်ပေ။ ဤစနစ်များသည် ပါရမီပါသော ပါရမီရှင်အချို့နှင့် ချိတ်ဆက်ရန် ရွေးချယ်ပါက ပို၍စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

အကယ်၍ ဤကိစ္စသည် ပျက်စီးခြင်းခေတ်တုန်းကကဲ့သို့ ဖြစ်နေဆဲဆိုလျှင်...

သူ့ကို အမှန်တကယ် တိုက်ခိုက်နိုင်စွမ်းရှိသော ပါရမီရှင် တစ်ယောက်မျှ ပေါ်မလာပါက အလွန် ပျင်းစရာကောင်းပေလိမ့်မည်။

"ခုံးဝူတောက်... ဘာဖြစ်လို့လဲ..."

"ဘာလို့ မင်းကြည့်ရတာ နည်းနည်း နေမကောင်းတဲ့ပုံ ပေါက်နေတာလဲ..."

ခုံးဝူကျီက ရုတ်တရက် မေးလိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ အလွန်တရာ အစွမ်းထက်နေပြီဖြစ်ပြီး မဟာဧကရာဇ် အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။ စောစောက ခုံးဝူတောက် ခဏတာ ငေးမောသွားမှုကိုလည်း သူက သေချာစွာ ဖမ်းယူမိခဲ့သည်။

"ဘာမှမဖြစ်ပါဘူး... ခမည်းတော် ပြောတဲ့ ဒီပြန်လည်နိုးထလာတဲ့ ခေတ်ကို သား နည်းနည်း စိတ်ဝင်စားသွားလို့ပါ..."

ခုံးဝူတောက်က အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်လိုက်သည်။

ပြန်တွေးကြည့်လျှင် သူသည် သူ၏ နာမည်ခံဖခင်ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေ၏။ သူ ကူးပြောင်းလာခဲ့သော်လည်း ပြီးခဲ့သော ပျက်စီးခြင်းခေတ်တစ်လျှောက်လုံးတွင် သူ၏ဖခင်သည် သူ့အပေါ် အလွန်အမင်း အလိုလိုက်ခဲ့သည်။ ဤအကြောင်းကြောင့် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ မရေမတွက်နိုင်သော သယံဇာတ အရင်းအမြစ်များကို သူ့အပေါ် ပုံအောပေးခဲ့ပြီး အလွန်အမင်း မျက်နှာသာပေးမှုကို ပြသခဲ့သည်။

"ဟားဟား... မင်းရဲ့ ကျင့်ကြံမှုက တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်မှာ ရှိနေပြီဆိုပေမယ့်လည်း..."

"ဒါပေမယ့် မင်းက နှစ်သန်းပေါင်းများစွာ ငြိမ်သက်နေခဲ့ရတော့ မင်းရဲ့ ကျင့်ကြံမှုကလည်း အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားမှာပဲ..."

"တကယ်လို့ မင်း ကျင့်ကြံခြင်း အရင်းအမြစ်တွေ လိုအပ်တယ်ဆိုရင်... တားမြစ်နယ်မြေ နတ်ဘုရားဘဏ္ဍာတိုက်ထဲက အရင်းအမြစ်တွေ အားလုံးကို မင်းဆီ ယူလာဖို့ ငါ တိုက်ရိုက် အမိန့်ပေးလိုက်မယ်..."

လက်ရှိ ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များတွင် နယ်ပယ်များကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ခွဲခြားထားသည်။

ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်၊ သွေးလှည့်ပတ်ခြင်းနယ်ပယ်၊ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်၊ ခရမ်းစံအိမ်နယ်ပယ်၊ ဟင်းလင်းပြင်ထိန်းညှိခြင်း နယ်ပယ်။

ဥပဒေသနားလည်ခြင်းနယ်ပယ်၊ နတ်ဘုရားဘဏ္ဍာတိုက်နယ်ပယ်၊ တာအိုနန်းတော်နယ်ပယ်၊ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်၊ နတ်ဘုရားဘုရင်နယ်ပယ်။

သူတော်စင်နယ်ပယ်၊ သူတော်စင်သခင်နယ်ပယ်၊ အထွတ်အထိပ်နယ်ပယ်၊ ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ်၊ မဟာဧကရာဇ်နယ်ပယ်...

ထိုအရာများ၏အလွန်တွင် ပို၍မြင့်မားသော နယ်ပယ်များ ရှိသေးသည်ဟု ကောလာဟလများ ရှိသော်လည်း ထိုကိစ္စမှာ နောက်မှပြောရမည့် ကိစ္စဖြစ်သည်။

"ခမည်းတော်... ဒီနှစ်တွေအတွင်းမှာ တခြားသော မဟာတားမြစ်နယ်မြေ ဆယ့်ငါးခုရဲ့ အရိပ်အယောင်တချို့ကိုများ ရှာတွေ့ခဲ့တာ ရှိလား..."

သူ အိပ်မောမကျမီကတည်းက ထိုကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံအမဲလိုက်ပွဲကြီး ပြီးဆုံးသွားခဲ့​သည်။ သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေမှလွဲ၍ ကောင်းကင်ဘုံများ၏ တခြားတားမြစ်နယ်မြေ အားလုံးသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထို့ပြင် သူတို့သည် လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့ရာ သူတို့၏ အရိပ်အယောင်များကို ရှာဖွေရန် ခက်ခဲစေခဲ့သည်။ သူ၏ဖခင်သည် ဤအဆုံးမဲ့ နှစ်များတစ်လျှောက်တွင် သူတို့ကို ရှာဖွေနေခဲ့သည်။

ခုံးဝူကျီသည် အနည်းငယ် ရပ်တန့်သွားပြီး ခဏတာ စဉ်းစားကာ ပြောဆိုလိုက်၏။

"ဒီကိစ္စက ကြီးမားတဲ့ မဟာတာအို ကံတရားတွေ ပါဝင်ပတ်သက်နေတယ်... မင်းရဲ့ လက်ရှိစွမ်းအားက အားမနည်းဘူး ဆိုပေမယ့်လည်း ဒီကိစ္စကို ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ ခုံးဝူတောက်..."

"အခု ကောင်းကင်ဘုံတွေ ပြန်လည်စတင်ပြီး ပြန်လည်နိုးထလာတဲ့ခေတ် ရောက်လာပြီ... မင်း ဒီခေတ်မှာ တာအိုကို ရရှိပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာတဲ့ အချိန်ရောက်မှသာ ဒီလျှို့ဝှက်ချက်တွေ အားလုံးကို နားလည်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်..."

ဤစကားကို ကြားချိန်၌ ခုံးဝူတောက်၏မျက်လုံးများ တောက်ပသွားသည်။

သူ၏ နာမည်ခံဖခင်သည် အရာများစွာကို သိနေသော်လည်း သူ့ကို တမင်သက်သက် ဖုံးကွယ်ထားသည်ဟု သူ အမြဲတစေ ခံစားခဲ့ရသည်။ သူက ဤအကြောင်းကို ဆက်တွေးရန် ပျင်းရိလွန်းနေသည်။ သူ၏ လက်ရှိစွမ်းအားဖြင့် အမှန်တရားအားလုံးကို နားလည်ရန် အမှန်တကယ်ပင် မလုံလောက်သေးပေ။

ခုံးဝူကျီ က ရုတ်တရက် ထပ်ပြောလိုက်သည်။

"အော်... ဒါနဲ့ ခုံးဝူတောက်... အခု မင်းက နိုးထလာပြီဆိုတော့ ကောင်းကင်ဘုံတွေနဲ့အင်္သချေနယ်ပယ်တွေကို ခရီးသွားလာရဖို့ များတယ်..."

"မင်း သင့်တော်တဲ့ နောက်လိုက်တချို့ကို ရွေးချယ်ချင်လား..."

"မင်း ငြိမ်သက်နေခဲ့တဲ့ ဒီခေတ်တွေအတွင်းမှာ ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ်သားတော်နဲ့ ဧကရာဇ်သမီးတော်ကိုးပါး မွေးထုတ်ပေးနိုင်ခဲ့တယ်... သူတို့ရဲ့ ပါရမီက ထူးခြားဆန်းကြယ်ပြီး သူတို့က မင်းရဲ့ နောက်လိုက်တွေ ဖြစ်လာဖို့ သေချာပေါက် အရည်အချင်းပြည့်မီတယ်လို့ ငါ ယုံကြည်တယ်..."

တခြားသော မဟာဧကရာဇ်ကြီးများက ဤစကားကို ကြားချိန်၌ ခါးသီးသော အပြုံးများ မဖလှယ်ဘဲ မနေနိုင်ကြပေ။

သူတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော်များအားလုံး အလွန်အမင်း အရည်အချင်းရှိပြီး အစွမ်းထက်ကြကာ တစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင်နောက်လိုက်များကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ယခု သူတို့၏ နတ်ဘုရားသားတော် နိုးထလာချိန်တွင် သူ၏ စွမ်းအားသည် ဤဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော်များထက် များစွာပို၍ ကြီးမားနေလေပြီ။

ဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော်များကဲ့သို့သော အထွတ်အထိပ် ပုဂ္ဂိုလ်များသာလျှင် သူ၏ နောက်လိုက်များဖြစ်လာရန် အရည်အချင်းပြည့်မီပေလိမ့်မည်။

All Chapters