← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) နတ်ဘုရားအဆင့် စတင်သူဆုလာဘ်များ...မူလရုပ်ခန္ဓာကိုယ် နှစ်ခု

ဤစကားကို ကြားသောအခါ စနစ်သည် လုံးဝ တိတ်ဆိတ်သွားပေ၏။

တစ်ဖက်လူက အမှန်တကယ်ပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ ခုံးဝူတောက်ကို စတင်သူလက်ဆောင်ထုပ်တစ်ခု သူ ပေးတော့မည်သာ ဖြစ်သည်။

သို့သော် ထိုမဟာဧကရာဇ်ကြီးများ၏ ရတနာများနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် စနစ်၏ စတင်သူလက်ဆောင်ထုပ်မှာ အနည်းငယ် နိမ့်ကျနေသကဲ့သို့ ဖြစ်နေသည်။

"ဝူးဝူးဝူး... ဒါပေမယ့် စနစ်ပုံစံခွက်ကို မကြာသေးခင်က အဆင့်မြှင့်တင်တာနဲ့ ဖောက်ထွင်းတာတွေမှာ ငါ့ရဲ့ ရန်ပုံငွေတွေ အားလုံးကို သုံးလိုက်ရပြီလေ..."

"ငါ့မှာ ရန်ပုံငွေ တကယ်မကျန်တော့ဘူး... သခင်က နည်းနည်းလောက် ညှာတာပေးလို့ မရဘူးလား... ငါ့ကို မနှင်ထုတ်ပါနဲ့လား... ဝူးဝူးဝူး..."

စနစ်၏ ငိုယိုသံများကို နားထောင်ရင်း ခုံးဝူတောက်၏ ခံစားချက်များက တည်ငြိမ်နေဆဲပင်။

"အသုံးမကျတဲ့ကောင်... အမြဲတမ်း ငိုနေတာပဲ..."

စနစ်သည် ငိုနေခြင်းကို ရပ်တန့်လိုက်ပြီး ချက်ချင်းတိတ်ဆိတ်သွားသည်။

စနစ်ကို အသုံးမကျဟု ခေါ်လိုက်ခြင်းလော...

သည်းမခံနိုင်ပေ... တကယ်ကို သည်းမခံနိုင်ပေ...

စတင်သူလက်ဆောင်ထုပ်ကို အဆင့်မြှင့်တင်ရန် ရန်ပုံငွေ မလုံလောက်ခြင်းလော...

သူ၏သခင်က မုန်းတီးခြင်းကိုပင် ခံရတော့မည်လော...

ထိုသို့ဆိုလျှင် သူ ဆက်လက် ဖောက်ထွင်းပြီး အဆင့်မြှင့်တင်ပစ်မည်။

သေသည်အထိ အလုပ်မလုပ်နိုင်လျှင်ပင် သူ အလုပ်လုပ်ရင်း သေပါစေတော့ ..

"အခု နတ်ဘုရားသားတော် ခုံးဝူတောက်က နိုးထလာပြီဆိုတော့ နောင်တစ်ချိန် ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေကို သွားလာရတော့မှာ သေချာတယ်..."

"ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် တစ်ပါးအနေနဲ့ သင့်တော်တဲ့ စီးတော်ယာဉ်တစ်ခုတော့ လိုအပ်မှာပဲ..."

တခြားမဟာဧကရာဇ်တစ်ပါးက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအင်များရှိသည့် အဖြူရောင် ကောင်းကင်အလင်း မိုးပြာနဂါးတစ်ကောင်ကို မဟာတာအိုဟင်းလင်းပြင်ထဲမှ ထုတ်ယူလိုက်သည်။

ကောင်းကင်အလင်း မိုးပြာနဂါးသည် အစစ်အမှန်နဂါး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး နဂါးမျိုးနွယ်စုများကြားတွင် ဘုရင်တစ်ပါးပင်။

ထိုကောင်းကင်အလင်း မိုးပြာနဂါး၏အဖြူရောင် အကြေးခွံများက တောက်ပသော အလင်းတန်းများဖြင့် လင်းလက်နေပြီး ခန္ဓာကိုယ်မှာ ပေဆယ်ပေါင်းများစွာ ကြီးမားသည်။ နဂါးခန္ဓာကိုယ်က သန်မာတောင့်တင်းပြီး လှုပ်ရှားလိုက်တိုင်း ခမ်းနားသော နဂါးအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုအကောင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူတော်စင်နယ်ပယ်သို့ပင် ရောက်ရှိနေလေပြီ။

သို့သော် ထိုကောင်းကင်အလင်း မိုးပြာနဂါးကို ကြည့်ရသည်မှာ ကြီးထွားဆဲအရွယ်သာ ရှိသေးသည်မှာ ထင်ရှားပေ၏။

ကြီးထွားဆဲ အရွယ်မှာပင် သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေသည်ဆိုလျှင် အရွယ်ရောက်လာသောအခါ မဟာဧကရာဇ်နယ်ပယ်နှင့် အလွန် နီးကပ်သွားရန် ဖြစ်နိုင်ခြေ များလှသည်။

ဤသို့သော ကောင်းကင်အလင်း မိုးပြာနဂါးမျိုးကိုသာ ထိပ်တန်းနတ်ဆိုးသားရဲမျိုးနွယ်စု အင်အားစုတစ်ခု၌ ထားရှိပါက အဓိကပြုစုပျိုးထောင်ခံရမည့် တည်ရှိမှုတစ်ခု ဖြစ်လာမည်မှာ သေချာပေါက်ပင်။

သို့သော် ယခုတော့ ခုံးဝူတောက်၏ စီးတော်ယာဉ်သာ ဖြစ်လာရရှာသည်။

နဂါးများသည် ကမ္ဘာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှု အရှိဆုံး သတ္တဝါများအဖြစ် ကျော်ကြားသည်။

နဂါးမျိုးနွယ်စုတွင် ထူးချွန်ထက်မြက်သည့် ကောင်းကင်အလင်း မိုးပြာနဂါးအကြောင်းကိုမူ ပြောစရာပင် မလိုတော့ပေ။

ခုံးဝူတောက်သည် သူ၏အရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်ခြင်း မရှိသော်လည်း ကောင်းကင်အလင်း မိုးပြာနဂါး၏ မျက်လုံးထဲတွင်တော့ လူငယ်နတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်သော ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေသည်။

မမြင်ရသော ဖိအားများ၏ လွှမ်းခြုံမှုကို ခံလိုက်ရသဖြင့် ကောင်းကင်အလင်း မိုးပြာနဂါးသည် သူ၏ခန္ဓာကိုယ် စတင်ကျုံ့ဝင်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်မှာ အဆက်မပြတ် ဟိန်းဟောက်နေပြီး ကြီးမားသော နဂါးခန္ဓာကိုယ်ကြီးကလည်း ထိန်းချုပ်မရအောင် တုန်ယင်နေသည်။

ထို့နောက် အံ့သြမှင်သက်နေကြသော ရှေးဟောင်း မဟာဧကရာဇ်များစွာ၏ အကြည့်များအောက်တွင် ထိုနဂါးက ခုံးဝူတောက်ရှေ့တွင် သူ၏ဝင့်ကြွားသော ခေါင်းကို ငုံ့ကာ အညံ့ခံမှုကို ပြသလိုက်သည်။

ခုံးဝူတောက် အနည်းငယ် တွေဝေသွားသည်။

"ဒီကောင်လေးက အကျင့်စရိုက် တော်တော်ကောင်းတဲ့ပုံပဲ..."

သူက အပြုံးဖျော့ဖျော့ဖြင့် ကောင်းကင်အလင်း မိုးပြာနဂါး၏နဂါးခေါင်းကို ပွတ်သပ်ရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"ရှီး..."

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော မဟာဧကရာဇ်အနည်းငယ်မှာ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး လေအေးများကို ရှူသွင်းလိုက်မိကြသည်။

သူတော်စင်နယ်ပယ် အဆင့်ရှိသော ကောင်းကင်အလင်း မိုးပြာနဂါးတစ်ကောင်က ကျင့်ကြံခြင်းအဆင့်အရ သူ့ထက် အားနည်းသော တည်ရှိမှုတစ်ခုကို အညံ့ခံ ဦးညွှတ်ခြင်းမှာ မဟာတာအို သမိုင်းတစ်လျှောက် တစ်ခါမှ မကြားဖူးသော ကိစ္စဖြစ်ပေ၏။

ကောင်းကင်အလင်း မိုးပြာနဂါးသည် နဂါးများကြားတွင် ဘုရင်ဖြစ်သောကြောင့် အလွန် ဝင့်ကြွားသော သဘာဝဖြင့် မွေးဖွားလာသည်ကို သိထားရပေမည်။

သို့သော် ယခု​၌မူ ထိုနဂါးက ခုံးဝူတောက်ကို ဤကဲ့သို့ အညံ့ခံ၍ ဦးညွှတ်နေသည်။

ဤသည်က အမှန်တကယ်ပင် ဝင့်ကြွားသော ကိုယ်ရည်ကိုယ်သွေးရှိသည့် ကောင်းကင်အလင်း မိုးပြာနဂါး ဟုတ်ပါရဲ့လော...

အထူးသဖြင့် ကောင်းကင်အလင်း မိုးပြာနဂါးကို ခုံးဝူတောက်ထံ ပေးအပ်ခဲ့သော မဟာဧကရာဇ်ပင်။

သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားကာ အံ့သြလွန်းသဖြင့် အောက်မေးရိုးများ မြေကြီးပေါ် ပြုတ်ကျမတတ် ဖြစ်သွားပေ၏။

ဤကောင်းကင်အလင်း မိုးပြာနဂါးကို သူ ဖမ်းဆီးခဲ့စဉ်က ထိုအကောင်၏ ဒေါသက အလွန်ခေါင်းမာသည်ဟု နာမည်ကြီးခဲ့သည်မဟုတ်လော...

သူက မဟာဧကရာဇ်တစ်ပါး ဖြစ်နေသည့်တိုင် ဤအကောင်က သူ့ကို မျက်နှာသာ လုံးဝမပေးဘဲ အညံ့ခံမည့်အစား သေရန်သာ ရွေးချယ်မည့် ပုံစံမျိုး ရှိခဲ့သည်။

ယခု သူတို့၏ နတ်ဘုရားသားတော်ကို မြင်တော့မှ မည်သို့ ဤမျှလောက် သိမ်မွေ့ပြီး လိမ္မာသွားရသနည်း...

ကောင်းကင်အလင်း မိုးပြာနဂါးက ခုံးဝူတောက်၏ ပွတ်သပ်မှုကို သာယာစွာ ခံယူရင်း ထို မဟာဧကရာဇ်ကို မထီမဲ့မြင်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။

ဤမဟာဧကရာဇ်များက ခုံးဝူတောက်အပေါ်ထားသည့် သဘောထားကို ကြည့်ခြင်းအားဖြင့် သူ၏ နောက်ခံက ထူးခြားပြီး အလွန် ကြောက်မက်ဖွယ်ကောင်းတာ ထင်ရှားနေသည်။

ထို့အပြင် သူ့ထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် စွမ်းအားများကြောင့်...

သူတောင်မှ အလွန်အမင်း ထိတ်လန့်မှုကို ခံစားနေရသည်။

သူက နဂါးများထဲတွင် မြင့်မြတ်သူ ဖြစ်ပြီး သူ၏ဝင့်ကြွားသော သဘာဝက အမှန်တကယ်ဖြစ်သော်လည်း အရူးမဟုတ်ပေ။

ဤသို့သော တားမြစ်ပါရမီရှင်၏ နောက်ကို လိုက်ရလျှင် သက်တောင့်သက်သာ နေရရန် မဆိုထားနှင့် သူ၏ နဂါးဘဝကြီးက စိုးရိမ်စရာများ လုံးဝကင်းဝေးသွားနိုင်သည်။

ထိုအချိန်မှာပင် စနစ်၏အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဒင်... ငါ့ရဲ့ မမောမပန်း ကြိုးစားအားထုတ်မှုတွေကြောင့် စတင်သူလက်ဆောင်ထုပ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့ပြီး နတ်ဘုရားအဆင့် စတင်သူဆုလာဘ်များကို အလိုအလျောက် ထုတ်ပေးသွားပါမယ်..."

"ဒင်... စနစ်က သခင်အတွက် အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ ပထမဆုံး နတ်ဘုရားအဆင့် စာရင်းသွင်းခြင်းကို အလိုအလျောက် ပြီးစီးသွားပါပြီ... ဆုလာဘ် အဆတိုးခြင်းကို အသက်သွင်းလိုက်ပါပြီ..."

"ဂုဏ်ယူပါတယ် သခင်... နတ်ဘုရားအဆင့် စတင်သူဆုလာဘ်များ ဖြစ်တဲ့ မူလရုပ်ခန္ဓာကိုယ်....မူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခုကို ရရှိပါပြီ..."

"မူလဘူတ မဟာတာအိုအရိုး...ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေရဲ့ ပထမဆုံး ဟုန်မုန့်ခရမ်းရောင်ချီ အငွေ့အသက်ကနေ ဖြစ်တည်လာတာဖြစ်ပြီး လက်ခံသူကို ဟုန်မုန့်ခရမ်းရောင်ချီတွေကို ထိန်းချုပ်နိုင်အောင်နဲ့ ခေတ်အဆက်ဆက်က ရုပ်ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်ပါတယ်..."

"မူလသွေးမျိုးဆက် ...ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေး... ဒဏ္ဍာရီခေတ်က ကောင်းကင်ဝါးမျို နတ်မိစ္ဆာရဲ့ မူလ အနှစ်သာရ သွေးဖြစ်ပြီး ကောင်းကင်ဘုံအားလုံးကို ဝါးမျိုနိုင်... တာအိုအားလုံးကို ဝါးမျိုနိုင်ပြီး ကမ္ဘာပေါ်က အရာအားလုံးကို လက်ခံသူအတွက် အာဟာရအဖြစ် ပြောင်းလဲပေးနိုင်တယ်..."

"ဂုဏ်ယူပါတယ် သခင်... သေသူကို ပြန်ရှင်စေနိုင်ပြီး ရောဂါအားလုံးကို ကင်းစင်စေနိုင်တဲ့ သေမျိုးကင်းလွတ် နတ်ဘုရားဆေးလုံးငါးရာကို ရရှိပါပြီ..."

"ကောင်းကင်နဲ့ မြေပြင်ရဲ့ အနှစ်သာရတွေကို စုဆောင်းထားပြီး နေနဲ့ လရဲ့ စိတ်ဝိညာဉ်ချီတွေကို စုစည်းထားတဲ့ ရှေးဟောင်းအင်မော်တယ်သစ်ပင်တစ်ထောင်..."

"သီးသန့်ကျင့်ကြံခြင်းနဲ့ တွဲဖက်အသုံးပြုတဲ့အခါ အသုံးပြုသူရဲ့ ကျင့်ကြံခြင်းကို အလွန် မြှင့်တင်ပေးနိုင်တဲ့ မဟာတာအို နတ်ဘုရားရည်အစက်တစ်ထောင်..."

"ဒင်... ဂုဏ်ယူပါတယ် သခင်... နတ်ဘုရားအဆင့် စာရင်းသွင်းခြင်းကို ပြီးစီးပါပြီ..."

"ဂုဏ်ယူပါတယ် သခင်... အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်ကို အောင်မြင်စွာ ရရှိပါပြီ..."

"ဒဏ္ဍာရီခေတ်မှာ မွေးဖွားလာတဲ့ မွေးရာပါ စိတ်ဝိညာဉ်ရတနာ တစ်ခုဖြစ်ပြီး လက်ခံသူရဲ့ ဆန္ဒအလျောက် နတ်ဘုရားလက်နက်ပုံစံကို ပြောင်းလဲနိုင်ပါတယ်..."

"ဒီအရာရဲ့လက်ရှိအဆင့်က သူတော်စင်လက်နက် ဖြစ်ပြီး လက်ခံသူရဲ့ ကျင့်ကြံခြင်းနဲ့အတူ လက်နက်ရဲ့အဆင့်ကို အလိုအလျောက် အဆင့်မြှင့်တင်နိုင်ပါတယ်..."

"တာအိုယန် အင်မော်တယ်ကျင့်စဉ် ... ကောင်းကင်ကို အရင်းခံပြီး တာအိုကို အခြေခံထားတဲ့ ဒီကျင့်စဉ်က ကောင်းကင်နဲ့ မြေပြင်ကို ထိန်းချုပ်နိုင်ပြီး အထွတ်အထိပ်အထိ ကျင့်ကြံသူတွေက ဒဏ္ဍာရီလာ အင်မော်တယ်တာအိုဆီကိုတောင် တက်လှမ်းနိုင်တယ်..."

"ဒီကျင့်စဉ်မှာ အဆင့်သတ်မှတ်ချက် မရှိဘဲ သခင်ရဲ့ ကျင့်ကြံခြင်းနဲ့အတူ အဆင့်တက်နိုင်ပါတယ်..."

"ဂုဏ်ယူပါတယ် သခင်... အောင်မြင်စွာ ရရှိပါပြီ..."

အခန်း (၆) ကောင်းကင်ဘုံများကို အမဲလိုက်ခြင်း...ကောင်းကင်ဘုံများ၏ ဓားပညာရပ်များကို အမဲလိုက်ခြင်း

ဆက်တိုက် ထွက်ပေါ်လာသော စနစ်၏ ဆုလာဘ်များကို နားထောင်ရင်း ခုံးဝူတောက် အနည်းငယ် မိန်းမောသွားသည်။

စနစ်သည် သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ စီနီယာများနှင့် အပြိုင်အဆိုင် ဖြစ်နေသကဲ့သို့ သူ အမြဲတမ်း ခံစားနေရသည်။

ဤစတင်သူလက်ဆောင်ထုပ်များက အရင်တစ်ခါထက် အမှန်တကယ်ကို ပိုပြီးရက်ရောလွန်းနေသည်။

အထူးသဖြင့် မူလရုပ်ခန္ဓာကိုယ်နှင့် မူလသွေးမျိုးဆက်များပင်။

သူ၏ မူလအစ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်နှင့် ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်တို့သည်လည်း ထိုကဲ့သို့ မူလရုပ်ခန္ဓာကိုယ်များ ဖြစ်ကြ၏။

သို့သော် စနစ်မှ ဆုချီးမြှင့်သော မူလဘူတ မဟာတာအိုအရိုးနှင့် ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေးတို့သည် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်မှ သီးခြားကင်းလွတ်နေသော မူလရုပ်ခန္ဓာကိုယ်များ ဖြစ်ကြသည်။

ထို့ပြင် မူလဘူတ မဟာတာအိုအရိုး အရေအတွက်က အပြည့်အဝ နှစ်ရာ့ခြောက်ခုပင် ရှိနေသည်။

သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် မွေးရာပါ စိတ်ဝိညာဉ်ရတနာ အများအပြား ရှိပြီး ထို့ထက် ပို၍မြင့်မားသော အဆင့်ရှိသည့် တည်ရှိမှုများပင် ရှိသော်လည်း...

အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်ကဲ့သို့ လွတ်လပ်စွာ ပုံစံပြောင်းလဲနိုင်သော မွေးရာပါ စိတ်ဝိညာဉ်ရတနာများမှာမူ အတော်လေး ရှားပါးလှသည်။

"ဒီစနစ်က ဒီလို နတ်ဘုရားပစ္စည်းမျိုးကို အလွယ်တကူ ထုတ်ပေးနိုင်တယ်ပေါ့... ပြီးတော့ စောစောက သူပြောတဲ့ စနစ်နတ်ဘုရားရဲ့ မူလအစက ဘာများလဲ..."

ခုံးဝူတောက် တွေးတောနေစဉ်မှာပင် စနစ်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဒင်... နေ့စဉ် ကောင်းကင်ဘုံအမဲလိုက်စနစ် စတင်ပါပြီ... တကယ်လို့ လက်ခံသူက အသုံးမပြုဘူးဆိုရင် စနစ်က လက်ခံသူအတွက် အလိုအလျောက် စုဆောင်းပေးသွားပါမယ်..."

"ကောင်းကင်ဘုံတွေကို အမဲလိုက်တာလား... အဲဒါက ဘာအဓိပ္ပာယ်လဲ..."

"လက်ခံသူက ကောင်းကင်ဘုံအမဲလိုက်ခြင်းကို အသက်သွင်းလိုက်တာနဲ့ ဒီစနစ်က ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေမှာ ကျပန်းအမဲလိုက်မှုတစ်ခုကို လုပ်ဆောင်နိုင်ပါတယ်... အဲ့ဒီနယ်ပယ်ထဲမှာ အမျိုးမျိုးသော ကောင်းကင်နဲ့ မြေပြင်ရဲ့ နတ်ဘုရားပစ္စည်းတွေ... ရှေးဟောင်း အမွေအနှစ်တွေနဲ့ မဟာတာအို သုံးထောင်တောင် ပါဝင်ပါတယ်..."

"မဟာတာအို သုံးထောင်လား..."

ဤစကားကို ကြားသောအခါ ခုံးဝူတောက် အနည်းငယ် တွေဝေသွားသည်။

တာအိုဆိုသည်မှာ ဝေဝါးသောတည်ရှိမှုတစ်ခုဖြစ်ပြီး အထွတ်အထိပ် ကျင့်ကြံသူများပင်လျှင် ထိုအရာ၏ နက်ရှိုင်းမှုကို သိမြင်နိုင်ရန် ခက်ခဲလှသည်။

စနစ်က မဟာတာအို သုံးထောင်ကို ကိုယ်တိုင် ကိုယ်ကျ အမဲလိုက်နိုင်တာလား...

"ဒါဆိုရင် ဒီနေ့အတွက် ကောင်းကင်ဘုံအမဲလိုက်ခြင်းကို အသက်သွင်းလိုက်..."

"ဒင်... ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များကို ရှာဖွေနေပါသည်... လောလောဆယ် ကောင်းကင်ဘုံများကို အမဲလိုက်နေပါသည်..."

"လက်ခံသူကို ဂုဏ်ယူပါတယ်... သူတော်စင်အဆင့်ကျင့်စဉ်ဖြစ်တဲ့ ကောင်းကင်ဖြတ်တောက်ခြင်း ဓားနည်းစနစ်ကို အောင်မြင်စွာ ရရှိပါပြီ..."

"ဓားတာအို အပိုင်းအစ ၁၈၆ ခု... အမဲလိုက်ရရှိသော ကောင်းကင်ဘုံ ဓားတာအို တိုးတက်မှု အခြေအနေ ...၉၉၉၉၉၉ / ၁၈၆"

စနစ်၏အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်...

ခုံးဝူတောက်သည် မမြင်ရသော ဓားတာအို စွမ်းအားတစ်ခုက သူ၏ဒန်တျန်အတွင်းသို့ တဖြည်းဖြည်း ပေါင်းစပ်ဝင်ရောက်သွားသည်ကို ခံစားလိုက်ရသည်။

သူသည် ဓားတာအိုကို ကျင့်ကြံခဲ့သော်လည်း ရှားရှားပါးပါးသာ အသုံးပြုလေ့ရှိသည်။

ယခုတော့ ခုံးဝူတောက် ရှင်းလင်းစွာ အာရုံခံစားနိုင်လေပြီ။

ဤမမြင်ရသော ဓားတာအို စွမ်းအားကို စုပ်ယူပြီးနောက် ဓားတာအိုအပေါ် သူ၏ နားလည်မှုက အသစ်တဖန် ဖြစ်သွားခဲ့ပေ၏။

သူ မသိလိုက်ခင်မှာပင် သူ၏ဓားတာအိုက ပို၍ အစွမ်းထက်လာသကဲ့သို့ ဖြစ်နေသည်။

အံ့သြနေစဉ်မှာပင် ခုံးဝူတောက် တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး အမဲလိုက်ခံရသော ကောင်းကင်ဘုံ ဓားတာအို၏ တိုးတက်မှု အခြေအနေကို ကြည့်လိုက်သည်။

"စနစ်... တကယ်လို့ အမဲလိုက်ခံရတဲ့ ကောင်းကင်ဘုံ ဓားတာအိုရဲ့ တိုးတက်မှု အခြေအနေက ပြည့်စုံသွားရင် ငါက ကောင်းကင်ဘုံ ဓားတာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ဆိုလိုတာလား..."

"ဒင်... လက်ခံသူ ပြောသလိုပါပဲ... အမဲလိုက်ခြင်း တိုးတက်မှု အခြေအနေ ပြည့်သွားတာနဲ့ ကောင်းကင်ဘုံ ဓားတာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ..."

"သေချာတာပေါ့... လက်ခံသူက တခြားမဟာတာအို သုံးထောင်ကိုလည်း အမဲလိုက်နိုင်ပါတယ်... အမဲလိုက်ခြင်း တိုးတက်မှု အခြေအနေ ပြည့်စုံသွားသရွေ့ ကောင်းကင်ဘုံတွေရဲ့ မဟာတာအို သုံးထောင်ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်..."

"တစ်နေ့ကျရင် လက်ခံသူကလည်း အထွတ်အထိပ်ကို ရောက်ရှိနိုင်ပြီး မဟာတာအို သုံးထောင်ရဲ့အထက်ကို ကျော်လွန်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်မှာပါ..."

ဤစကားကို ကြားသောအခါ ခုံးဝူတောက်၏ နှလုံးသားထဲတွင် တမ်းတမှုတစ်ခု ပထမဆုံးအကြိမ် ပေါ်ပေါက်လာသည်။

အထွတ်အထိပ် ကျင့်ကြံခြင်း တစ်ခုခုသို့ ရောက်အောင် ကျင့်ကြံရန် သူ ဂရုမစိုက်ပေ။

အကယ်၍ သူက ဤမဟာတာအို သုံးထောင်ကို အမဲလိုက်နိုင်ပြီး ထိုအရာများ၏ စစ်မှန်သော သခင် ဖြစ်လာနိုင်မည်ဆိုလျှင် စဉ်းစားကြည့်ရုံနှင့်ပင် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေလေပြီ။

"ဒါပေမယ့် မင်းရဲ့ အမဲလိုက်ခြင်း တိုးတက်မှုက အဲဒီလောက် မြင့်နေတာကို တစ်ခါအမဲလိုက်တိုင်း တာအိုအပိုင်းအစ နည်းနည်းလေးပဲ ပေးတယ်ဆိုတော့... မဟာတာအို သုံးထောင်လုံးကို အမဲလိုက်ဖို့ ငါ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ..."

"စိတ်ချပါ လက်ခံသူ... လက်ခံသူရဲ့ ကျင့်ကြံခြင်း မြင့်မားလေလေ ကောင်းကင်ဘုံအမဲလိုက်ခြင်း တစ်ခါလုပ်တိုင်း တာအို အပိုင်းအစတွေ ပိုရလေလေ ဖြစ်မှာပါ..."

"ဒါ့ပြင်...အစက ကောင်းကင်ဘုံအမဲလိုက်ခြင်းကို အသက်သွင်းဖို့ ကောင်းကင်အမိန့်တော်အမှတ်တွေ အများကြီး လိုအပ်ပါတယ်..."

"အခု ဒီစနစ်က ကိုယ်တိုင်ဖောက်ထွင်းလိုက်ပြီဖြစ်လို့ လက်ခံသူကို နေ့စဉ် အခမဲ့ ကောင်းကင်ဘုံအမဲလိုက်ခြင်း အခွင့်အရေး တစ်ကြိမ် ပေးနိုင်နေပါပြီ..."

"ကောင်းကင်အမိန့်တော်အမှတ်တွေလား... အဲ့ဒါက ဘာလဲ..."

"ကောင်းကင်အမိန့်တော်အမှတ်တွေဆိုတာ လက်ခံသူက ပစ်မှတ်တစ်ခုကို အောင်မြင်စွာ အမဲလိုက်ပြီးတဲ့နောက်မှာ အလိုအလျောက် တွက်ချက်ပြီး ထုတ်ပေးတာပါ..."

"ကောင်းကင်ဘုံအမဲလိုက်ခြင်းတာဝန် ဆိုတာက လက်ခံသူအနေနဲ့ နယ်ပယ်သောင်းချီက အထွတ်အထိပ် ကောင်းကင်ကံကြမ္မာပိုင်ရှင်တွေ ဒါမှမဟုတ် ကြီးမားတဲ့ ကံကြမ္မာပိုင်ရှင်တွေကို အမဲလိုက်ဖို့ လိုအပ်ပါတယ်..."

ခုံးဝူတောက် မကျေနပ်မည်ကို စိုးရိမ်သည့်အလား စနစ်က အလျှင်အမြန် ထပ်ပြောလိုက်သည်။

"ကောင်းကင်ဘုံအမဲလိုက်ခြင်းတာဝန်ကို ယူမယ် မယူဘူးဆိုတာက လက်ခံသူရဲ့ ဆန္ဒအပေါ်မှာ လုံးဝမူတည်ပါတယ်... ဒီစနစ်လေးက လက်ခံသူရဲ့ ဆန္ဒကိုပဲ အစေခံမှာပါ..."

"စနစ်လေးက ပစ်မှတ်ရဲ့ ကောင်းကင်အမိန့်တော် ကံကြမ္မာအဆင့်ပေါ် မူတည်ပြီး လက်ခံသူအတွက် ပိုကောင်းတဲ့ အမဲလိုက် ပစ်မှတ်တွေကိုပဲ အကြံပြုပေးမှာပါ..."

"တကယ်လို့ လက်ခံသူက အမဲမလိုက်ချင်ဘူးဆိုရင်လည်း အမဲလိုက်တာဝန်ရဲ့ ပစ်မှတ်ကို လက်ခံသူကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်..."

"ကောင်းကင်ဘုံတွေရဲ့ မုဆိုးတစ်ယောက်အနေနဲ့ လက်ခံသူက ရွေးချယ်ထားတဲ့ သားကောင်ကို ပစ်မှတ်ရဲ့ ကောင်းကင်အမိန့်တော် ကံကြမ္မာ ရိုက်ခတ်မှုအတွက် စိတ်ပူစရာမလိုဘဲ တိုက်ရိုက် အမဲလိုက်နိုင်ပါတယ်..."

"အမဲလိုက်မလား... သားကောင်ကို အမဲလိုက်ရတဲ့ လုပ်ငန်းစဉ်ကို ခံစားမလား ဆိုတာ လက်ခံသူရဲ့ အတွေးတစ်ချက်အပေါ်မှာပဲ မူတည်ပါတယ်..."

စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ခုံးဝူတောက်သည် ပထမဆုံးအကြိမ်အဖြစ် စိတ်ဝင်စားမှု ဖြစ်ပေါ်လာသည်။

သူက ပျင်းရိမှုကြောင့် သူ့ကိုယ်သူ ချိပ်ပိတ်ကာ အိပ်စက်နေခဲ့ခြင်း ဖြစ်ပေ၏။

အကယ်၍ သူသာ ဤကောင်းကင်ဘုံတွေ၏ မုဆိုး ဖြစ်လာနိုင်မည်ဆိုလျှင် သူ၏ ငြီးငွေ့ဖွယ်ကောင်းသော တာအိုဘဝအတွက် စိတ်ဝင်စားစရာကောင်းသည့် အရာများစွာကို ထပ်မံ၍တိုးပေးနိုင်လောက်သည်။

ဤကောင်းကင်ဘုံများ၏မုဆိုး ဖြစ်လာမည့်အတူ သူက အရည်အချင်းပြည့်မီသော မုဆိုးတစ်ယောက် ဖြစ်ရပေမည်။

အစစ်အမှန် အရည်အချင်းပြည့်မီသော မုဆိုးဆိုသည်မှာ အရူးအမူး မဖြစ်ဘဲ ရလဒ်ထက် အမဲလိုက်ရသည့် လုပ်ငန်းစဉ်ကို ပိုပြီး တန်ဖိုးထားလေ့ရှိကြသည်။

"ဒါနဲ့ စနစ်... မင်းမှာ အကြံပြုချင်တဲ့ သားကောင် ရှိလား..."

ဤစကားကို ကြားသောအခါ စနစ်လည်း အနည်းငယ် အံ့သြသွားသည်။

စနစ်က ခုံးဝူတောက်ကို ခွင့်ပြုချက်အားလုံး ပေးထားပြီးသည်တောင်မှ သူက လာမေးနေတာလား....

စောစောက သူလုပ်ပြခဲ့သည်များကြောင့် ဤစနစ်က သခင်၏နှလုံးသားထဲ၌ နေရာနည်းနည်းလေး ရသွားပြီထင်သည်။

ဤထက်မက သူ ကြိုးစားပြီး ပိုကောင်းအောင် လုပ်ပြရပေမည်။

"လက်ခံသူကို ပြန်လည်ဖြေကြားရရင်... ကောင်းကင်ကံကြမ္မာပိုင်ရှင်တွေမှာ အထူးတာအိုအကာအကွယ်တွေ ရှိကြပြီး ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်တွေကလည်း ကျယ်ဝန်းပြီး အဆုံးအစမရှိတဲ့အတွက် သူတို့အားလုံးကို မှတ်သားဖို့ မဖြစ်နိုင်ပါဘူး..."

"မကြာသေးခင်က စနစ်ရဲ့ ထောက်လှမ်းမှုအရ လက်ခံသူရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တာအိုနယ်မြေ အနည်းငယ်မှာ ကောင်းကင်ကံကြမ္မာပိုင်ရှင်တွေရဲ့ ထူးခြားတဲ့ စွမ်းအင် အတက်အကျတွေ ရှိနေပါတယ်..."

"ဘာ..."

ခုံးဝူတောက် အနည်းငယ် တွေဝေသွားပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အံ့သြသွားပုံရသည်။

ဤပြန်လည်နိုးထလာသောခေတ်က သူ စိတ်ကူးထားသည်ထက်ပင် ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပုံရသည်။

သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေ ပတ်ဝန်းကျင်က တာအိုနယ်မြေများ၌ ကောင်းကင်ကံကြမ္မာပိုင်ရှင်များ ရှိနေခြင်းက ကြည်နူးစရာ အံ့အားသင့်မှုတစ်ခုပင်။

ခုံးဝူတောက်က စနစ်၏ ဆုလာဘ်များကို သန့်စင်ရန်အတွက် သီးသန့်ကျင့်ကြံရန် နေရာတစ်ခု ရှာဖွေတော့မည့် အချိန်မှာပင် သူ၏ဖခင်က ရုတ်တရက် ပြောဆိုသည်။

"ခုံးဝူတောက်... ငါက အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ဘိုးဘေးနယ်မြေကို သွားတော့မယ်..."

"အကြီးအကဲတွေ အားလုံးက အချိန်လေဟာနယ် နတ်ဘုရားခန်းမထဲမှာ မင်းကို စောင့်နေကြတယ်... အခု မင်း နိုးလာပြီဆိုတော့ သွားပြီး သူတို့နဲ့ တွေ့လိုက်အုံး..."

"ဒါနဲ့ ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ်သားတော်နဲ့ ဧကရာဇ်သမီးတော်တွေလည်း အချိန်လေဟာနယ် နတ်ဘုရားခန်းမ ထဲမှာ ရှိနေလောက်တယ်..."

"နောက်ဆုတ်နေစရာ မလိုဘူး... ရဲရဲဝံ့ဝံ့သာ သွားလုပ်လိုက်... အရာအားလုံးကို ငါက တာဝန်ယူ ဖြေရှင်းပေးမယ်..."

စကားအဆုံးတွင် ခုံးဝူကျီက သူ၏ လက်ချည်းသက်သက်ဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ တခြားမဟာဧကရာဇ် လေးပါးနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားသည်။

ဖခင်၏စကားကို ကြားသောအခါ ခုံးဝူတောက် နားလည်သွားသည်။

သူတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်များအနေဖြင့် သူတို့က မောက်မာဝင့်ကြွားနေပေမည်။

သူ နတ်ဘုရားသားတော် အနေဖြင့် ရုတ်တရက် ပေါ်လာသဖြင့် သူတို့ အနည်းငယ် မကျေမနပ် ဖြစ်နေကြမည်ကို ရှောင်လွှဲ၍ မရနိုင်ချေ။

ဤပြဿနာကို ဖြေရှင်းရသည်မှာလည်း အလွန် ရိုးရှင်းလှသည်... စွမ်းအားဖြင့် တိုက်ရိုက် ဖိနှိပ်လိုက်ရုံပင်။

"ဒီ ကောင်းကင်ဘုံအားလုံးရဲ့ ပြန်လည်နိုးထလာသောခေတ်က အရင်ပျက်စီးခြင်းခေတ်ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလောက်တယ်..."

ခုံးဝူတောက်က ရယ်မောလိုက်ပြီး ကောင်းကင်အလင်း မိုးပြာနဂါးပေါ်သို့ တက်ကာ အချိန်လေဟာနယ် နတ်ဘုရားခန်းမဆီသို့ ဦးတည်သွားလေသည်။

...

တစ်ချိန်တည်းမှာပင်။

ရှန်းဟိုင် တာအိုနယ်မြေ...နေလနတ်ဘုရား အင်ပါယာ။

ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခုအတွင်း၌...

နေလနတ်ဘုရား အင်ပါယာမှ မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများနှင့် အမတ်ကြီးများသည် ဤနေရာတွင် စုရုံးနေကြပြီး သူတို့၏ မျက်နှာအမူအရာများ လေးနက်နေကြသည်။

အမြင့်ဆုံး နေရာတွင် နီရွှေရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ရှိကာ...

သူ၏လှုပ်ရှားမှုတိုင်းတွင် တော်ဝင် အရှိန်အဝါကို ထုတ်လွှတ်ထားပြီး သူက နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။

ထိုသူသည် နေလ နတ်ဘုရား အင်ပါယာ၏ ဧကရာဇ်ရှားရွှမ်ယွမ်ပင်။

နေလတတ်ဘုရား အင်ပါယာသည် ရှန်းဟိုင် တာအိုနယ်ပယ်၏ အကြွင်းမဲ့အုပ်စိုးသူအင်အားစုဖြစ်ပေ၏။

နှောင်းပိုင်းခေတ်များတွင် သူတို့သည် အစွမ်းထက်စွာ ထကြွလာခဲ့ပြီး ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များတွင် ကျော်ကြားသော အင်မော်တယ် တာအိုအမွေအနှစ်မြေတစ်ခု ဖြစ်လာခဲ့သည်။

သူတို့၏ ဘက်စုံ စွမ်းအားသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များအားလုံးကို ခြုံကြည့်လျှင် ထိပ်တန်းအဆင့်တွင် ရှိနေသည်။

သို့သော် နေလနတ်ဘုရားအင်ပါယာတွင် ထူးခြားသော အားနည်းချက်တစ်ခု ရှိနေသည်။

ထိုအရာက သူတို့၏ပထဝီဝင် အနေအထားမှာ အနည်းငယ် အဆင်မပြေဘဲ အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် အလွန်နီးကပ်နေခြင်းပင်။

All Chapters