← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃)ဒါက စစ်မှန်သော ပြိုင်ဘက်ကင်း ပါရမီရှင်..ကောင်းကင်ကံကြမ္မာပိုင်ရှင် ရောက်ရှိလာခြင်း

"အဟွတ်... အဟွတ်..."

ဤအချိန်အခိုက်အတန့်တွင် ဆက်တိုက် ချောင်းဆိုးသံများနှင့်အတူ...

ခုံးရွှမ်ယန်သည် ပြိုကျနေသော အပျက်အစီးများထဲမှ ရုန်းကန်ကာ အစွမ်းကုန် ကြိုးစား၍ တွားသွားထွက်လာသည်။

သူ၏ ယခင် ဧကရာဇ်သားတော် အသွင်အပြင်နှင့် နှိုင်းယှဉ်လျှင် ယခုအချိန်၌ အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသည်။

သူသည် အနည်းငယ် တွေဝေမိန်းမောနေပြီး နေရာတွင်ပင် အံ့သြမှင်သက်နေသည်။

မည်သည့်အရာ ဖြစ်ပျက်သွားသနည်း။ သူ ဤအတိုင်း ရှုံးနိမ့်သွားသလော။

ဤအတိုင်းပင်... သူသည် ခုံးဝူတောက်၏ လှုပ်ရှားမှု တစ်ကွက်ကိုပင် မခံနိုင်ခဲ့ပေ။

"ရှီး..."

စောင့်ကြည့်နေကြသော ပါရမီရှင် များစွာသည်လည်း အနည်းငယ် မှင်သက်သွားကြပြီး အံ့အားသင့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြသည်။

သူတို့သည် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ခုံးရွှမ်ယန်ကိုတစ်လှည့် အစွန်းအထင်းကင်းစင်သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်သည့် ခုံးဝူတောက်ကိုတစ်လှည့် ကြည့်လိုက်ကြသည်။

ဤကဲ့သို့ မြင်ကွင်းက အမှန်တကယ်ကို အလွန်အမင်း တုန်လှုပ်စရာ ကောင်းလှသည်။

လူအုပ်ကြီးသည် တခဏတာ တိတ်ဆိတ်သွားပြီးနောက် တခဏအတွင်းမှာပင် နေရာတစ်ခုလုံး ဆူပွက်သွားကာ လောကကြီးကို တုန်ခါစေသော ဆူညံသံများ ပေါက်ကွဲထွက်လာသည်။

"ကျစ်... နတ်ဘုရားသားတော် ခုံးဝူတောက် က အရမ်းအစွမ်းထက်လွန်းနေတာ မဟုတ်ဘူးလား..."

"ငါက အစတုန်းက ဧကရာဇ်သားတော်ရွှမ်ယန် က နတ်ဘုရားသားတော်ခုံးဝူတောက်နဲ့ အနည်းဆုံး လှုပ်ရှားမှု နည်းနည်းလောက်တော့ အပြန်အလှန် တိုက်ခိုက်နိုင်မယ်လို့ ထင်ထားတာ... ဒါပေမယ့် သူက လှုပ်ရှားမှု တစ်ကွက်တည်းနဲ့တင် ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားဘူး..."

"ဒီကိစ္စက ဧကရာဇ်သားတော် ရွှမ်ယန် အားနည်းလွန်းတာကို အပြစ်တင်လို့ မရဘူး... နတ်ဘုရားသားတော် ခုံးဝူတောက်က အရမ်း အစွမ်းထက်လွန်းတာကိုပဲ အပြစ်တင်ရမယ်... စောစောက နတ်ဘုရားသားတော် ထုတ်လွှတ်လိုက်တဲ့ ချီကို ကြည့်ရုံနဲ့တင် ဒီမှာရှိတဲ့ လူဘယ်နှစ်ယောက်ကများ အဲဒါကို ခံနိုင်ရည်ရှိမှာလဲ..."

"အရင်တုန်းက တချို့လူတွေက ပြောတယ်လေ... ဓမ္မဆုတ်ယုတ်ခြင်းခေတ်ကလာတဲ့ နတ်ဘုရားသားတော် ခုံးဝူတောက်က ဧကရာဇ်သားတော် အစဉ်အဆက်တွေနဲ့ အဆင့်တူလောက်ပဲ ရှိမယ်တဲ့... အဲ့ဒီလူတွေက ဒါကို အဆင့်တူလို့ ပြောချင်တာလား..."

"ငါ ပြောနိုင်တာကတော့ နတ်ဘုရားသားတော် က ပြိုင်ဘက်ကင်းတယ်ဆိုတာပဲ... အခုကစပြီး နတ်ဘုရားသားတော်က ငါ့ရဲ့ ထာဝရ နတ်ဘုရားပဲ..."

"..."

ပါရမီရှင်များ တက်ကြွစွာ ဆွေးနွေးနေကြစဉ် လူအုပ်ကြားထဲမှ ခုံးကျန်ယွဲ့သည် စစ်တလင်း ၏အလယ်ဗဟိုရှိ ဝတ်ရုံဖြူပုံရိပ်ကို ငေးကြည့်နေပြီး သူမ၏လှပသော မျက်လုံးများ၌ တောက်ပမှုများဖြင့် လင်းလက်နေသည်။

အစွမ်းထက်လိုက်တာ....

သူမ၏စိတ်နှလုံးသားထဲမှ နတ်ဘုရားသားတော်သည် သူမ စိတ်ကူးယဥ် တွေးတောထားသည်ထက်ပင် ပို၍အစွမ်းထက်နေသည်။

ခုံးရွှမ်ယန်ဆိုသည့် ထိုဖားပြုတ်က နတ်ဘုရားသားတော်၏နေရာကို အစားထိုးချင်နေသလော...

ယခု သူသည် လှုပ်ရှားမှု တစ်ကွက်ကိုပင် မခံနိုင်ဘဲ သူ၏မျက်နှာကို ပြရဲသေးသလော....

သူသည် တကယ်ကို ဘာမှမဟုတ်သောကောင်ပင်။

ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုသည်မှာ မည်သည့်အရာနည်း။ ဤသည်က ပြိုင်ဘက်ကင်း ပါရမီရှင်ပင်။

...

ပါရမီရှင်များ၏ တက်ကြွသော ဆွေးနွေးမှုများနှင့် နှိုင်းယှဉ်လျှင် အချိန်လေဟာနယ် တားမြစ်နယ်မြေအသီးသီးမှ အကြီးအကဲများသည်လည်း အံ့အားသင့်လေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။

သူတို့၏အကြည့်များသည် ခုံးဝူတောက်အပေါ် ချီးကျူးမှုများ အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်နေသည်။

"ခုံးဝူတောက် က အိပ်မောကျနေတာ အချိန်အတော်ကြာသွားပြီ... သူ့ရဲ့ လက်ရှိ နယ်ပယ်က တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်ပဲ ရှိသေးတယ်... ရွှမ်ယန်က ခုံးဝူတောက်ထက် အဆင့်ငယ်နှစ်ခုတောင် ပိုမြင့်နေတာ... ဒါပေမယ့် သူတို့ရဲ့ စွမ်းအားကွာဟချက်က ဒီလောက်တောင် ကြီးမားလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားဘူး..."

"သေချာတာပေါ့... နတ်ဘုရားသားတော် ခုံးဝူတောက်က ဘယ်လို ရုပ်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားလဲဆိုတာ မမေ့နဲ့လေ... အခုလက်ရှိ ခေတ်မှာတောင်မှ သူက ပြိုင်ဘက်ကင်းတဲ့ အနေအထားလို့ ခေါ်ဆိုနိုင်သေးတယ်..."

"ဒါပေမယ့် စောစောက ခုံးဝူတောက်က အလျှော့ပေးထားခဲ့သေးတယ် မဟုတ်လား..."

"အင်း... မှန်တာပေါ့... ငါ့ရဲ့ အာရုံခံစားမှုအရ အဲ့ဒီ ကောင်လေးခုံးဝူတောက် က နောက်ဆုံးမှာ အလျှော့ပေးလိုက်တယ်... အဲဒီလိုမှ မဟုတ်ရင် စောစောက လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့တင် ရွှမ်ယန်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်တယ်..."

"ဟား ဟား... ဒီလို ပြိုင်ဘက်ကင်းပြီး အစွမ်းထက်တဲ့ ပါရမီနဲ့ဆိုတော့ ခုံးဝူတောက် က ဒီတစ်သက်မှာ မဟာဧကရာဇ် ဖြစ်လာဖို့ သေချာနေပြီ... ပြီးတော့ ဒဏ္ဍာရီလာ အစစ်အမှန် အင်မော်တယ် အဆင့်ကိုတောင် ရောက်နိုင်လောက်တယ်..."

အကြီးအကဲများစွာ ဆွေးနွေးနေကြစဉ် အကြီးအကဲတစ်ဦးက ရယ်မောပြီး ခုံးချန်ချင်း ကို ကြည့်လိုက်၏။

"ချန်ချင်း... ကြည့်ရတာ ရွှမ်ယန် ရဲ့ နတ်ဘုရားသားတော် ဖြစ်ချင်တဲ့ ဆန္ဒက ခက်ခဲကြမ်းတမ်းပြီး ရှည်လျားတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာတော့မယ် ထင်တယ်..."

"ဟား ဟား... လူငယ်တွေဆိုတာ တက်ကြွမှုတွေ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ပြည့်နှက်နေတာပဲလေ... အခက်အခဲလေး နည်းနည်းပါးပါး ကြုံရတာက တကယ်တော့ အတော်လေး အကျိုးရှိပါတယ်..."

"ချန်ချင်း... မင်းရဲ့သားက လှုပ်ရှားမှု တစ်ကွက်တည်းနဲ့ ရှုံးသွားတာကို မင်း ရှက်စရာမလိုပါဘူး... ရွှမ်ယန် က ငယ်ပါသေးတယ်... သူ ဆက်ပြီး ကြိုးစားလို့ ရပါသေးတယ်..."

ဤအကြီးအကဲများ၏ မှတ်ချက်စကားများသည် အနည်းငယ် နောက်ပြောင်သော လေသံမျိုး ရှိနေပြီး ပျော်ရွှင်ကျေနပ်မှု အရိပ်အယောင်များလည်း မသိမသာ ပါဝင်နေသည်။

မည်သို့ပင်ဆိုစေကာမူ ခုံးရွှမ်ယန်၏ စွမ်းအားသည် ဧကရာဇ်သားတော် အစဉ်အဆက် များထဲတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံထားရသည်။

သူက ယှဉ်ပြိုင်လေ့ကျင့်သည်ဆိုသော အကြောင်းပြချက်ကို အသုံးပြုကာ သူတို့၏ သားသမီးများကို သဲအိတ်များကဲ့သို့ မကြာခဏ အသုံးချလေ့ရှိသည်။

ထို့ပြင် အကြိမ်တိုင်းတွင် အဘိုးအို ခုံးချန်ချင်းက လူငယ်များဆိုသည်မှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေပြီး ဤသို့ ယှဉ်ပြိုင်လေ့ကျင့်ခြင်းများက ပုံမှန်ပင်ဖြစ်ကာ ပို၍ကျယ်ပြန့်သော အမြင်ရှိသင့်သည်ဟု အမြဲပြောလေ့ရှိသည်။

ယခုချိန်၌ ခုံးရွှမ်ယန်သည် ခုံးဝူတောက်၏ လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားပြီဖြစ်ရာ ဤသည်မှာ အမှန်တကယ်ကို အခြေအနေ ပြောင်းပြန်ဖြစ်သွားခြင်းပင်။ သူတို့ကို တစ်ကြိမ်တစ်ခါမျှ အောင်ပွဲရစေပြီး စိတ်ကျေနပ်မှုကို ခံစားရစေသည်။

...

ထို့အတွက် ခုံးချန်ချင်းက အနေခက်စွာ ပြုံးပြရုံသာ တတ်နိုင်တော့သည်။

ခုံးဝူတောက်ကို အစွမ်းကုန် တိုက်ခိုက်ရန် သူက ပြောခဲ့သူ ဖြစ်သော်လည်း သူ၏ အသုံးမကျသောသားက လှုပ်ရှားမှု တစ်ကွက်ကိုပင် တောင့်မခံနိုင်ဘဲ နေလိမ့်မည်ဟု သူ အမှန်တကယ်ကို တွေးထင်မထားခဲ့ပေ။

ဤကောင်စုတ်လေးသည် များသောအားဖြင့် မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်နေတတ်သည်။ ယခုတော့ သူ၏မျက်နှာအိုကြီးကို ဤသို့ အရှက်ကွဲအောင် လုပ်လိုက်လေပြီ။

သူ ပြန်ရောက်သွားချိန်၌ သူ့ကို မဟာတာအို နတ်ဘုရားကြာပွတ် ဖြင့် ရိုက်ချက်ပေါင်းများစွာ ရိုက်နှက်ရပေမည်။ ထိုသို့ပြုလုပ်မှသာ စစ်မှန်သော နှိမ့်ချမှုဆိုသည်ကို သူ သင်ယူနိုင်ပေမည်။

ခုံးရွှမ်ယန်သည် သူ့ဖခင်၏ ခက်ထန်သော အကြည့်ကို သဘာဝကျကျ မြင်လိုက်ရပြီး သူ ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ဤကိစ္စကို သူ့အပေါ် အပြစ်တင်၍ မရပေ။

သူသည် ခုံးဝူတောက်ကို ယခင်က မတွေ့ဖူးသောကြောင့် သူ့ကိုယ်သူ မျက်ကန်းယုံကြည်မှုများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ခုံးဝူတောက်၏ စစ်မှန်သော ကိုယ်ဟန်ကို မြင်ပြီးနောက်တွင် သူသည် နောက်ဆုတ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်ပေ၏။

ဤအဘိုးအိုကသာ သူ့ကို အတင်းရှေ့တက်ခိုင်းခြင်း မဟုတ်လျှင် သူ မည်သည်ကြောင့် ဤမျှထိ အရှက်ကွဲရမည်နည်း။

ခုံးဝူတောက်၏ ဖိနှိပ်နိုင်သော စွမ်းအားကို ကြုံတွေ့ပြီးနောက်တွင် သူသည် အမှန်တကယ်ကို ယုံကြည်သွားပြီး အထင်ကြီးသွားခဲ့လေပြီ။

သူသည် လှုပ်ရှားမှု တစ်ကွက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။ အကယ်၍ သူက ထင်မြင်ချက်များ သို့မဟုတ် မကျေနပ်မှုများကို ထပ်ပြီးထုတ်ဖော်ရဲသေးလျှင် သူသည် အရည်အချင်းမရှိဘဲ ဒေါသထွက်နေသော တိရစ္ဆာန်တစ်ကောင်သာ ဖြစ်သွားပေမည်။

"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်..."

ခုံးရွှမ်ယန်သည် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ခုံးဝူတောက်ဆီသို့ လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပေးပြီး နံဘေးဘက်သို့ အလျင်အမြန် ဆုတ်ခွာသွားသည်။

သူသည် နောက်ထပ် အရှက်ကွဲစရာတစ်ခု ထပ်အဖြစ်မခံရဲတော့ပေ။

ခုံးဝူတောက်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်ရှိနေသော ဧကရာဇ်သားတော် အစဉ်အဆက်များကို ကြည့်ကာ အပြုံးဖျော့ဖျော့ဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး ဒီနတ်ဘုရားသားတော် နဲ့ ယှဉ်ပြိုင်ချင်ကြသေးလား..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်သားတော်များ၏ စိတ်ထဲတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး သူတို့၏ မျက်နှာများ ဖြူဖျော့သွားကာ လက်များကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်ကြသည်။

"မလိုပါဘူး... မလိုပါဘူး..."

"နတ်ဘုရားသားတော် ရဲ့ စွမ်းအားက ကျွန်တော်တို့ ရောက်ရှိနိုင်တဲ့ အတိုင်းအတာထက် အများကြီး သာလွန်နေပါတယ်... ကျွန်တော်တို့ လုံးဝကို ယုံကြည်လက်ခံသွားပါပြီ..."

ခုံးဝူတောက်က ခုံးရွှမ်ယန်ကို အနိုင်ယူရန် လှုပ်ရှားမှု တစ်ကွက်တည်းကိုသာ အသုံးပြုခဲ့သည်။ သူတို့ကိုလည်း ထိုနည်းတူ လုပ်ဆောင်နိုင်ခြေ အလွန်မြင့်မားသည်။

ဤသည်က မည်သည်ကြောင့် ယှဉ်ပြိုင်ခြင်း ဖြစ်နိုင်မည်နည်း။

ဤသည်က ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရန် တက်သွားခြင်းနှင့် အတူတူသာ ဖြစ်ပေမည်။

သို့သော် ခုံးဝူတောက်ကို ကပ်ရောဂါတစ်ခုကဲ့သို့ ရှောင်ရှားနေကြသည့် အခြားသူများနှင့်မတူဘဲ လူအုပ်ကြားထဲမှ ခုံးကျန်ယွဲ့၏ လှပသော မျက်လုံးများတွင် လှိုင်းဂယက်များ ထနေပြီး သူမသည် လှုပ်ရှားရန် အနည်းငယ် စိတ်အားထက်သန်နေလေပြီ။

ယှဉ်ပြိုင်သည်ဖြစ်စေ မယှဉ်ပြိုင်သည်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။

သူမ၏အဓိက ရည်ရွယ်ချက်သည် နတ်ဘုရားသားတော် နှင့် သူမ၏ ဆက်ဆံရေးကို ပို၍နက်ရှိုင်းစေရန်ပင်။

အကယ်၍ နတ်ဘုရားသားတော်က သူမ၏ ပါရမီနှင့် စွမ်းအားကို သဘောကျသွားမည်ဆိုလျှင် သူမလည်း အနာဂတ်တွင် နတ်ဘုရားသားတော်နှင့်အတူ ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ၌ ခရီးသွားလာခွင့် ရလာမည် မဟုတ်လော။

"နတ်ဘုရားသားတော်... ကျွန်မ..."

သို့သော် ခုံးကျန်ယွဲ့၏စကား မဆုံးမီမှာပင် နတ်ဘုရားသက်တန့်တစ်ခုက မိုးကောင်းကင်ယံတွင် ရုတ်တရက် ဖြတ်ပြေးသွားသည်။

သက်တော်စောင့်တစ်ဦးသည် ဤနေရာသို့ ရုတ်တရက် ဆင်းသက်လာပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အကြီးအကဲများဆီသို့ လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပေးလိုက်သည်။

"အကြီးအကဲတို့... အနောက်ဘက်ရွှမ် တာအိုနယ်မြေက ထိပ်တန်း ပါရမီရှင် နှစ်ယောက်က ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေ အပြင်ဘက်ကို ရောက်လာကြပါတယ်..."

"သူတို့က ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ ဧကရာဇ်သားတော်တွေကို စိန်ခေါ်ချင်တယ်လို့ ပြောနေကြတယ်..."

တစ်ချိန်တည်းမှာပင် စနစ်၏အသံက ခုံးဝူတောက်၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

"ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင်နှစ်ယောက်ကို အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ အပြင်ဘက်မှာ ထောက်လှမ်းတွေ့ရှိရပါတယ်... သူတို့က အလွန် ထူထပ်သိပ်သည်းတဲ့ ကံကြမ္မာနဲ့ ကံတရားကို ပိုင်ဆိုင်ထားကြပါတယ်... အမဲလိုက်ဖို့ အကြံပြုပါတယ်..."

ခုံးဝူတောက် မကျေနပ်မည်ကို စိုးရိမ်သည့်အလား စနစ်က အလျှင်အမြန် ထပ်ပြောလိုက်သည်။

"အမဲလိုက်ဖို့ ဒါမှမဟုတ် မလိုက်ဖို့ဆိုတာက သခင် ရဲ့ ဆန္ဒအပေါ်မှာ လုံးဝမူတည်ပါတယ်..."

ခုံးဝူတောက် မကျေနပ်ပါက သူ့ကို ထပ်မံ၍ ချိတ်ဆက်မှု ဖြုတ်ချမည်အား သူ တကယ်ကို ကြောက်ရွံ့နေသည်။

ခုံးဝူတောက်အပေါ် မည်သည့် တင်းကျပ်သော တောင်းဆိုမှုကိုမျှ မပြုလုပ်ရဲပေ။ အမဲလိုက်ခြင်း တာဝန်ကို လုပ်မည် သို့မဟုတ် မလုပ်မည်နှင့် မည်သို့လုပ်မည် ဆိုသည်မှာ ခုံးဝူတောက်၏ ဆန္ဒအပေါ်တွင် အကြွင်းမဲ့မူတည်သည်။

"အော်... ကောင်းကင်ကံကြမ္မာပိုင်ရှင်တွေလား..."

ခုံးဝူတောက်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ချက်ချင်းပင် အနည်းငယ် စိတ်ဝင်စားသွားသည်။

စနစ်က ကောင်းကင်ကံကြမ္မာပိုင်ရှင်များဟု ခေါ်သော သူများသည် စွမ်းရည်အချို့တော့ ရှိရပေမည်။

ယခု သူတို့က သူ၏တံခါးဝသို့ ကိုယ်တိုင်ရောက်လာနေကြပြီဆိုမှတော့ သူသည် ဤ ပြန်လည်နိုးထလာသောခေတ်၏ ကောင်းကင်ကံကြမ္မာပိုင်ရှင်များနှင့် တွေ့ဆုံရပေမည်။

...

အခန်း (၁၄) ထူးခြားသော ပြသမှုတစ်ခု... ဒါပေမယ့် ဒါက ဒီလောက်ပဲ ကောင်းတယ်လို့ ထင်နေတာလား

အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ အပြင်ဘက် ...

ပုံရိပ်နှစ်ခုသည် ကြယ်တာရာနယ်မြေ၏ အထက်တွင် ရပ်နေပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ ယဲ့ချန် နှင့်စုချင်းကဲ တို့ပင်။

"အချိန်လေဟာနယ် တားမြစ်နယ်မြေ... ကောင်းကင်ဘုံတွေရဲ့ သင်္ချိုင်းမြေ..."

ယဲ့ချန်သည် လက်နောက်ပစ်ကာ ရပ်နေပြီး ရှေ့ရှိ ကျယ်ပြန့်ကာ လူသူကင်းမဲ့နေသော ကြယ်တာရာနယ်မြေ ကို ငေးကြည့်ရင်း သူ၏ မျက်လုံးများတွင် ရည်မှန်းချက်များ ပြည့်နှက်နေသည်။

"ဒါပေမယ့် အချိန်တန်ရင် ငါ တာအိုကို ရရှိပြီး ဧကရာဇ် တစ်ပါး ဖြစ်လာတဲ့အချိန်မှာ... အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို ငါ့ရဲ့ခြေထောက်အောက်မှာ သေချာပေါက် နင်းခြေပစ်မယ်..."

သူ၏နံဘေးတွင်ရှိသော စုချင်းကဲသည် ယဲ့ချန်၏ ခမ်းနားထည်ဝါသော ကျောပြင်ကို ကြည့်နေပြီး သူမ၏ လှပသော မျက်လုံးများတွင်လည်း လေးစားမှုများ ပြည့်နှက်နေသည်။

သူမ၏အမြင်တွင် ယဲ့ချန်၏ပါရမီသည် အမှန်တကယ်ပင် ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

သုံးနှစ်မပြည့်မီ အချိန်အတွင်းတွင် သူသည် အနောက်ဘက်ရွှမ် တာအိုနယ်မြေ၏ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

သူမနှင့် ယဲ့ချန်တို့ကို အနောက်ဘက်ရွှမ် တာအိုနယ်ပယ် ၏ အမြွှာကြယ်နှစ်ပွင့်ဟု စုပေါင်းခေါ်ဆိုကြသော်လည်း တိုက်ခိုက်ရေးစွမ်းအားအရဆိုလျှင် သူမနှင့်သူကြားတွင် ကြီးမားသော ကွာဟချက် ရှိနေဆဲဖြစ်ကြောင်း စုချင်းကဲ၏ နှလုံးသားထဲတွင် သိနေသည်။

အချိန်တန်လျှင် ယဲ့ချန်သည် ပို၍အစွမ်းထက်လာသည်နှင့်အမျှ အနာဂတ်တွင် ဤအချိန်လေဟာနယ် တားမြစ်နယ်မြေကို သူ၏ခြေထောက်အောက်တွင် အမှန်တကယ်ကို နင်းခြေပစ်နိုင်ကောင်း ပစ်နိုင်လိမ့်မည်။

သို့သော် စုချင်းကဲသည် သူမကိုယ်သူမလည်း ယုံကြည်မှုရှိသည်။

မွေးရာပါ အထွတ်အထိပ်အရိုး နိုးထလာကတည်းက စုချင်းကဲသည် ယနေ့ အချိန်လေဟာနယ်တားမြစ်နယ်မြေသို့ လာရောက်၍ သူမ၏အစ်ကိုကြီးအတွက် လက်စားချေနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့သည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်များကိုပင် သူမ ဖိနှိပ်နိုင်စွမ်းရှိမည်ဟု ယုံကြည်နေသည်။

ဝုန်း...

ဤအချိန်အခိုက်အတန့်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ အဝင်ဝရှိ ကြယ်တာရာနယ်မြေ တွင် လောကကြီးကို တုန်ခါစေသော ဟိန်းဟောက်သံများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အလင်းဥပဒေသများက လှိုင်းထကာ ကောင်းကင်ယံတခွင် ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်လမ်းကြောင်းများ ရုတ်တရက် ပေါ်လာကာ ထိုအရာများထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သော ပုံရိပ်အများအပြားသည် ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"ဒါက..."

ယဲ့ချန်နှင့်စုချင်းကဲတို့၏ မျက်လုံးများထဲတွင်...

ဤပုံရိပ်များသည် အလွန် ငယ်ရွယ်ပုံရသော်လည်း သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် လူငယ်မဟာဧကရာဇ်များအလားပင်။

သူတို့တစ်ယောက်ချင်းစီတိုင်းသည် မွေးရာပါ သာလွန်မှု အရှိန်အဝါကို သယ်ဆောင်လာကြပြီး ထိုအရာက တမင်သက်သက် မပြသလျှင်ပင် ရိုသေလေးစားမှုကို ဖြစ်ပေါ်စေသည်။

"ဒါက အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ ဧကရာဇ်သားတော် အစဉ်အဆက်လား..."

ကြိုတင်ပြင်ဆင်ထားသော်လည်း သူတို့နှစ်ယောက်သည် အံ့သြတုန်လှုပ်မှုကို မတားဆီးနိုင်ခဲ့ပေ။

ကြီးမြတ်သော ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦး တပြိုင်နက်တည်း ဆင်းသက်လာသည်နှင့်အမျှ သူတို့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့ကာ ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်နယ်ပယ် ကို အဆက်မပြတ် တုန်ခါသွားစေသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ်သားတော် အစဉ်အဆက် ကိုးဦးကို စေလွှတ်လိမ့်မည်ဟု ယဲ့ချန် နှင့်စုချင်းကဲတို့ လုံးဝမျှော်လင့်မထားမိချေ။

သူတို့သည် အံ့အားသင့်သွားပြီးနောက် သူတို့၏စိတ်နှလုံးသားထဲတွင် ထူးဆန်းသော ဂုဏ်ယူမှုတစ်ခုပင် ဖြစ်ပေါ်လာသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ်သားတော် အစဉ်အဆက် ကိုးဦးကို စေလွှတ်ခဲ့သည်...

ဤသည်က ဘာကို ကိုယ်စားပြုသနည်း...

ထိုအရာက သူတို့၏ စွမ်းအားနှင့် ပါရမီကို အချိန်လေဟာနယ် တားမြစ်နယ်မြေက အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့သွားကြောင်း ကိုယ်စားပြုခြင်းပင်။ ထိုကြောင့် တစ်ဖက်လူက ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးကို စေလွှတ်ခဲ့ခြင်း ဖြစ်ပေမည်။

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်များက သူတို့ စိတ်ကူးယဉ်တွေးတောနေခြင်းသာဖြစ်ကြောင်း ပြသခဲ့သည်။

ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦး ထွက်ပေါ်လာပြီးနောက် ယဲ့ချန်နှင့်စုချင်းကဲတို့၏စိတ်ကူးယဉ်နေသော အမူအယာများကို သူတို့က လုံးဝလျစ်လျူရှုထားခဲ့သည်။

ထိုလူများသည် သူတို့ကို အပိုအကြည့်တစ်ချက်ပင် မပေးခဲ့ပေ။

ထို့အစား သူတို့က လူတစ်ယောက်ကို စောင့်နေသကဲ့သို့ ဟင်းလင်းပြင် လမ်းကြောင်းများ၏ တစ်ဖက်တစ်ချက်တွင် ရိုသေလေးစားစွာ ရပ်နေကြသည်။

ဝီ...

မကြာမီ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာမှုနှင့်အတူ...

ခုံးဝူတောက်သည် လက်နောက်ပစ်ကာ ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။

"အဲဒါက..."

ယဲ့ချန် နှင့် စုချင်းကဲတို့သည် ခုံးဝူတောက်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အံ့သြတုန်လှုပ်မှုနှင့် ထိတ်လန့်မှုများက သူတို့၏ နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

အံ့အားသင့်တုန်လှုပ်မှုက လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏အရှိန်အဝါကြောင့်ပင်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ကြီးမြတ်သော ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးပင်လျှင် သူ၏ရှေ့တွင် အရောင်မှေးမှိန်သွားပုံရပေ၏။

သူသည် ကြယ်တာရာနယ်မြေတွင် အတောက်ပဆုံး နေမင်းကဲ့သို့ ဖြစ်နေပြီး တခြားဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးက သူ့ကို လှည့်ပတ်နေသော ကြယ်များကဲ့သို့ သူ၏ အရန်များ ဖြစ်သွားကြသည်။

ထိတ်လန့်မှုက သူ ထွက်ပေါ်လာခြင်းနှင့်အတူ ဖော်ပြ၍မရနိုင်သော မမြင်ရသည့် ဖိအားတစ်ခုက ဤနေရာသို့ ဆင်းသက်လာပြီး သူတို့ကို ကြီးမားသော ဖိနှိပ်မှုများ ယူဆောင်လာခြင်းကြောင့်ပင်။

ဤထူးခြားသော ဝတ်ရုံဖြူဝတ် လူငယ်သည် မည်သူဖြစ်သနည်း...

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးက သူ့အပေါ် မည်သည်ကြောင့် ဤမျှထိ ရိုသေလေးစားနေရသနည်း။

သူသည် ဧကရာဇ်သားတော်ခေါင်းဆောင် ဖြစ်နိုင်မည်လော...

သို့သော်... ဧကရာဇ်သားတော်ကိုးဦးလုံးက သူ၏နံဘေးတွင် ရောက်နေပြီ မဟုတ်လော...

"နတ်ဘုရားသားတော် သခင်..."

ခုံးဝူတောက် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ အပြည့်အဝ ထွက်ပေါ်လာသည်နှင့်အမျှ ဧကရာဇ်သားတော်များသည် ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။

ယခင် ယှဉ်ပြိုင်မှုသည် မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သော်လည်း ခုံးဝူတောက် ပြသခဲ့သော အစွမ်းထက်သည့် စွမ်းအားသည် ဧကရာဇ်သားတော်အားလုံးကို လက်အောက်ခံဖြစ်သွားစေခဲ့သည်။

သူတို့၏ အစကနဦး သံသယဖြစ်မှုများနှင့် နှိုင်းယှဉ်လျှင် ယခုချိန်၌ သူတို့တွင် အကြွင်းမဲ့ လေးစားမှုသာ ရှိတော့သည်။

"နတ်ဘုရားသားတော်..."

ထိုစကားကို ကြားသောအခါ ယဲ့ချန်နှင့် စုချင်းကဲတို့၏ စိတ်ထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားမိုးကြိုးများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူတို့၏သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ သူတို့၏ မျက်နှာအမူအရာများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေ၏။

အချိန်လေဟာနယ် တားမြစ်နယ်မြေ တွင် ကြီးမြတ်သော ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးသာ ရှိသည် မဟုတ်လော...

နောက်ထပ် နတ်ဘုရားသားတော်တစ်ပါး မည်သည့်အချိန်က ထွက်ပေါ်လာရသနည်း...

"အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်... သူများ ဖြစ်နိုင်မလား..."

ထိုအချိန်မှာပင် ယဲ့ချန်၏ဆရာသခင် ဖြစ်သော ဟင်းလင်းပြင် မဟာဧကရာဇ်ထံမှ ရုတ်တရက် အံ့အားတသင့်ရေရွတ်သံ ထွက်ပေါ်လာသည်။

သူ့ဆရာသခင်၏ အံ့အားတသင့်ရေရွတ်သံကို နားထောင်ရင်း ယဲ့ချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စိတ်ချင်းဆက်သွယ်၍ မေးမြန်းလိုက်သည်။

"ဆရာသခင်... ဒီ အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ နတ်ဘုရားသားတော် ဆိုတဲ့သူ အကြောင်းကို ဆရာ သိလို့လား..."

ဟင်းလင်းပြင်မဟာဧကရာဇ် က ချက်ချင်းမတုံ့ပြန်ဘဲ သူ၏ခံစားချက်များကို ထိန်းညှိနေသည့်အလားပင်။

အသက်ရှုချိန်အနည်းငယ် ကြာပြီးမှသာ ဟင်းလင်းပြင် မဟာဧကရာဇ်က ဆက်ပြောသည်။

"သေချာတာပေါ့... တကယ်လို့ ငါ မှန်းတာ မမှားဘူးဆိုရင်... ဒီလူက အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ နတ်ဘုရားသားတော်... ခုံးဝူတောက် ပဲ..."

"ဒဏ္ဍာရီတွေအရ သူက ဓမ္မဆုတ်ယုတ်ခြင်းခေတ်မှာ မွေးဖွားခဲ့ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားပြီး သူ့မျိုးဆက်ထဲမှာ ပြိုင်ဘက်မရှိဘူးလို့ နာမည်ကြီးတယ်..."

"သူက တစ်ချိန်တုန်းက ခေတ်တစ်ခေတ်လုံးရဲ့ ပါရမီရှင်တွေကို ဖိနှိပ်ခဲ့ပြီးတော့ ဓမ္မဆုတ်ယုတ်ခြင်းခေတ်က မရေမတွက်နိုင်တဲ့ ပါရမီရှင်လူငယ်တွေရဲ့ နှလုံးသားထဲမှာ ကျော်လွှားလို့မရတဲ့ နတ်ဘုရားတောင်ကြီးတစ်လုံး ဖြစ်ခဲ့တယ်..."

"ဒါပေမယ့် အကြောင်းရင်း အတိအကျမသိရဘဲ ခုံးဝူတောက်ကို အချိန်လေဟာနယ် တားမြစ်နယ်မြေက ချိပ်ပိတ်လိုက်ပြီး လူမြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်..."

"သူက ဒီခေတ်မှာ ပြန်နိုးထလာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး..."

ထို့နောက် ဟင်းလင်းပြင် မဟာဧကရာဇ် သည် တခြားတစ်ခုခုကို တွေးမိသွားသကဲ့သို့ ရေရွတ်လိုက်သည်။

"စောစောက အချိန်လေဟာနယ် တားမြစ်နယ်မြေ ကနေ ပေါက်ကွဲထွက်လာတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ထူးခြားတဲ့ သဘာဝလွန်ဖြစ်စဉ်က ခုံးဝူတောက် ထွက်ပေါ်လာတာကြောင့် ဖြစ်နေမလား..."

...

"ဓမ္မဆုတ်ယုတ်ခြင်းခေတ် က... နတ်ဘုရားသားတော် ခုံးဝူတောက်..."

ထိုစကားများကို ကြားသောအခါ ယဲ့ချန် တွေးတောလိုက်သည်။

တကယ်တမ်းတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏သမိုင်းကြောင်းနှင့် ပတ်သက်၍ သူ သိပ်မသိပေ။

သူ၏ဆရာသခင် ပြောစကားအရဆိုလျှင်...

ထိုနတ်ဘုရားသားတော်ဟု ခေါ်သောသူသည် ဓမ္မဆုတ်ယုတ်ခြင်းခေတ်တွင် စိတ်ဝိညာဉ်ချီများ အလွန်နည်းပါးလွန်းသဖြင့် အောင်မြင်မှုရရန် ခက်ခဲသောကြောင့် သူ့ကိုယ်သူ ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ရမည်ဟု ယူဆရသည်။

ယခု ကောင်းကင်ဘုံများအားလုံး ပြန်လည်သက်သာလာသောခေတ်သို့ ရောက်ရှိပြီး မဟာတာအို ပြန်ပေါ်လာကာ စိတ်ဝိညာဉ်ချီနှင့် ဥပဒေသများ ပေါကြွယ်ဝလာသောအချိန်ကျမှ သူသည် သူ၏အိပ်မောကျနေရာမှ နိုးထလာပြီး ဤကမ္ဘာတွင် တာအိုကို ရရှိကာ ဧကရာဇ် တစ်ပါး ဖြစ်လာလိုခြင်းပင်။

ဤသို့သော ဇာတ်ကွက်မျိုးကို သူ မကြာခဏ မြင်တွေ့ဖူးပြီးဖြစ်သည်။

ဓမ္မဆုတ်ယုတ်ခြင်းခေတ်ဆိုသည်မှာ စိတ်ဝိညာဉ်ချီများ ရှားပါးပြီး စည်းမျဉ်းများကလည်း မပြည့်စုံပေ။ ထို့ပြင် ကောင်းကင်ဘုံများအားလုံးအတွက် ဓမ္မဆုတ်ယုတ်သောခေတ်ဟုပင် ခေါ်ဆိုကြသေးသည်။

ဓမ္မဆုတ်ယုတ်ခြင်းခေတ်တွင် ပေါ်လာသော ကျင့်ကြံသူ တစ်ယောက်သည် မည်မျှပင် အစွမ်းထက်နေပါစေ လက်ရှိ ကောင်းကင်ဘုံများအားလုံး ပြန်လည်သက်သာလာသောခေတ် ၏ ထိပ်တန်းကျင့်ကြံသူများနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

All Chapters