← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) ကံကြမ္မာပိုင်ရှင်ကို အချုပ်အနှောင်ထဲမှာထားပြီး အကျိုးအမြတ်တွေ ရိတ်သိမ်းမယ်

"ဘုန်း..."

ဤအချိန်အခိုက်အတန့်တွင် ယဲ့ချန်သည် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူက မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး သူ၏ဦးရေပြား ထုံကျဉ်ကာ သူ၏စိတ်ထဲတွင် ဗလာကျင်းသွားသည်။

သူ၏ဆရာသခင် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ၏ ထိပ်တန်းကျွမ်းကျင်သူ ဟင်းလင်းပြင် မဟာဧကရာဇ်သည်...

အပြန်အလှန် တိုက်ခိုက်မှုတစ်ချက်ပင် တောင့်မခံနိုင်ဘဲ လုံးဝဖိနှိပ်ခံလိုက်ရလေပြီ။

သူ၏ဆရာသခင်သည် ပျက်စီးနေသော နတ်ဘုရားစိတ်ဝိညာဉ်တစ်မျှင်သာ ဖြစ်သော်လည်း သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်နေဆဲပင်။

သူက အပြန်အလှန် တိုက်ခိုက်မှုတစ်ချက်ကိုပင် မည်သည်ကြောင့် တောင့်မခံနိုင်ရသနည်း။

"ကြည့်ရတာ မင်းရဲ့ နောက်ဆုံးအားကိုးရာက ဒီလောက်ပဲ ထင်တယ်..."

ယဲ့ချန်သည် အရိပ်တစ်ခုက သူ့ကို လုံးဝဖုံးအုပ်သွားသည်အား ခံစားလိုက်ရသည်။

သူ မသိစိတ်အရ မော့ကြည့်လိုက်သောအခါ ခုံးဝူတောက်၏ နှိမ့်ချကြည့်နေသော အကြည့်နှင့် ဆုံတွေ့သွားသည်။

ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းသော သူ၏မျက်လုံးများထဲတွင် ယခင် မောက်မာမှုမျိုး ရှိနေဆဲဖြစ်ပြီး သူ့အပေါ် ပို၍နက်ရှိုင်းသော အထင်သေးမှုများပင် ရှိနေသည်။

ခရက်... ခရက်... ခရက်...

သူ သတိပြန်ဝင်လာပြီးနောက် ယဲ့ချန်၏မျက်နှာ ရှုံ့မဲ့သွားပြီး သူ၏မျက်လုံးများက သွေးရောင်လွှမ်းနေကာ အံ့တင်းတင်းကြိတ်ထားလွန်းသဖြင့် သူ၏မေးရိုးများပင် အသံမြည်သွားသည်။

သူ ယခုလောက်ထိ လူတစ်ယောက်ကို မည်သည့်အချိန်ကမျှ မမုန်းခဲ့ဖူးချေ။

သူ၏ချစ်သူနှင့်သူ၏ ဆရာသခင်တို့သည် တစ်ဖက်လူကြောင့် ဘာမှမဟုတ်သည့် အရာများ ဖြစ်သွားခဲ့လေပြီ။

ယခင်က သူသည်လည်း လောကကြီးက မနာလိုရသော အရာအားလုံးကို ပိုင်ဆိုင်ခဲ့သည်။

သို့သော် ယခုချိန်၌ သူသည် အရာအားလုံးကို ချက်ချင်းဆုံးရှုံးသွားပြီး ခုံးဝူတောက်၏ ကြေမွှပျက်စီးအောင် ဖိနှိပ်ခြင်းကို ခံလိုက်ရလေပြီ။

သို့သော် သူ မည်မျှပင် ဒေါသထွက်နေပါစေ မည်မျှပင် ခွန်အားထုတ်သုံးနေပါစေ မြေကြီးပေါ်မှထရန် ခက်ခဲနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ခုံးဝူတောက်ထံမှ ထွက်ပေါ်လာသော မမြင်ရသည့် ဖိအားသည် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်တောင်အလား သူ့ကို အလွန် တင်းကျပ်စွာ ဖိနှိပ်ထားသဖြင့် သူ လှုပ်ရှား၍ပင် မရတော့ပေ။

"ဟဲ ဟဲ... မင်းရဲ့ အခုသနားစရာကောင်းတဲ့ ပုံစံနဲ့ ယှဉ်ရင် မင်းရဲ့ အရင်က ထိန်းချုပ်မရတဲ့ ပုံစံကို ငါ ပိုသဘောကျတယ်..."

"ဘာလို့လဲဆိုတော့ ငါ့ရဲ့သားကောင်တွေက နည်းနည်း ပိုပြီးရူးသွပ်နေတာကို ငါ ပိုသဘောကျလို့ပဲ..."

"မင်း..."

ထိုစကားများကို ကြားသောအခါ ယဲ့ချန်သည် ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ကျောရိုးတလျှောက် စိမ့်တက်သွားမှုကိုပင် ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် သူ၏မျက်လုံးထဲ၌..

ခုံးဝူတောက်သည် ကောင်းကင်ဘုံများ၏ ကြောက်မက်ဖွယ်ကောင်းသော မုဆိုးတစ်ယောက် အမှန်တကယ် ဖြစ်လာပုံရသည်။

ကောင်းကင်ဘုံများကို အမဲလိုက်သော မုဆိုးတစ်ယောက်...

ခုံးဝူတောက်သည် နောက်ထပ်အဓိပ္ပာယ်မရှိသော စကားများ ဆက်မပြောတော့ဘဲ သူ၏လက်ကို ဆန့်တန်းကာ ယဲ့ချန်၏ဦးခေါင်းခွံကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

ဝုန်း...

ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားတစ်ရပ်က ခုံးဝူတောက်၏လက်ဝါးမှ ပေါက်ကွဲထွက်လာသည်။

ထိုသို့သော စွမ်းအား၏ သက်ရောက်မှုအောက်တွင် ယဲ့ချန်သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ် နှင့် သူ၏ ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို စွမ်းအားတစ်ခုက ဆွဲထုတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပါးလွှာလာပြီး ခုံးဝူတောက်က သူ၏ရုပ်ခန္ဓာကိုယ်ကို ထုတ်ယူချင်နေခြင်း ဖြစ်ပေ၏။

"ဝါးမျိုခြင်း ဥပဒေသ..."

ဧကရာဇ်သားတော် အစဉ်အဆက်များသည် အံ့အားတသင့် ရေရွတ်ခြင်းမပြုဘဲ မနေနိုင်ကြတော့ပေ။

"နတ်ဘုရားသားတော် ခုံးဝူတောက်က ဝါးမျိုခြင်း ဥပဒေသကို တကယ် ကျွမ်းကျင်နေတာလား..."

မဟာတာအို သုံးထောင်အနက် ဝါးမျိုခြင်း ဥပဒေသသည် ထိပ်တန်းဥပဒေသတစ်ခုဖြစ်ပြီး ကျွမ်းကျင်ရန်လည်း အလွန်ခက်ခဲသည်။

ထိုဥပဒေသကို ကျွမ်းကျင်ရန် အနည်းဆုံး သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရပေမည်။

သို့သော် သူတို့၏နတ်ဘုရားသားတော် ခုံးဝူတောက်သည် ယခုလောလောဆယ်တွင် တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်၌သာ ရှိသေးသော်လည်း သူက ထိုသို့သော တာအိုဥပဒေသ မျိုးကို ကျွမ်းကျင်နေလေပြီ။

သူတို့၏နတ်ဘုရားသားတော် ခုံးဝူတောက်သည် ဓမ္မဆုတ်ယုတ်ခြင်းခေတ်တွင် တာအိုနန်းတော်နယ်ပယ်ထိ ကျင့်ကြံခြင်းဖြင့် နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

...

"ခုံးဝူတောက်..."

အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ယဲ့ချန်သည် သူ၏နောက်ဆုံးစွမ်းအား အကြွင်းအကျန်ကို အသုံးပြုကာ ရူးသွပ်စွာ ခုခံနေသည်။

သို့သော် သူ၏စွမ်းအားများအားလုံးကို အသုံးပြုပြီး သူ၏ကြွင်းကျန်နေသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ပေါက်ကွဲစေသည့်တိုင် အသုံးမဝင်ပေ။

ခုံးဝူတောက်၏ မူလရုပ်ခန္ဓာကိုယ်နှစ်ခုသည် ကစားစရာများ မဟုတ်ချေ။

တစ်ဖက်လူ၏ အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ် သည် သူ၏ရှေ့တွင် လုံးဝမယှဉ်နိုင်ဘဲ ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။

ယဲ့ချန်၏အရှိန်အဝါသည် ပို၍ပို၍ အားနည်းလာပြီး သူ၏အသက်စွမ်းအား လျင်မြန်စွာ လျော့ကျသွားကာ ယခင် ဆံပင်အနက်ရောင်ရှိသော လူငယ်လေးသည် ယခုအချိန်၌ ဆံပင်များဖြူဖွေးသွားလေပြီ။

ဝုန်း...

ယဲ့ချန်သည် စွမ်းအားများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ မြေကြီးပေါ်သို့ လဲကျသွားသည်။

"ဒါက အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ်လား..."

ခုံးဝူတောက်က သူ၏ညာလက်ကို ဖွင့်လိုက်ရာ သူ၏လက်ဝါးအထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် သွေးတစ်စက် လွင့်မျောနေပြီး ထိုအရာအတွင်းတွင် ဖီးနစ်ငှက်တစ်ကောင် ငိုကြွေးနေသကဲ့သို့ အသံတစ်သံ ရှိနေသည်။

...

[ဒင်... သခင်က ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်ရဲ့ အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ် ကို အောင်မြင်စွာ လုယူနိုင်ခဲ့တာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၁၀၀၀ ကို အောင်မြင်စွာ ရရှိတဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်မှာ လောလောဆယ် ကောင်းကင်အမိန့်တော်အမှတ် ၁၀၅၀ ကျန်ရှိနေပါတယ်...]

စနစ်၏ကြေညာသံကို ကြားသောအခါ ခုံးဝူတောက် မျက်မှောင်ကြုတ်မိသွားသည်။

ထိုအရာက စနစ်ဆုလာဘ်သည် ပြင်းထန်သော ထိုးနှက်ချက် အကျိုးသက်ရောက်မှုကို မဖြစ်ပေါ်စေခဲ့၍ မဟုတ်ပေ။

ယုတ္တိတန်တန် တွေးကြည့်လျှင် ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးသည် သေဆုံးသွားခဲ့လေပြီ။

ယဲ့ချန်၏ ဆရာသခင်သည်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးကြီး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။

ယဲ့ချန်၏ ရုပ်ခန္ဓာကိုယ်နှင့် သွေးမျိုးဆက်ကိုပင် သူ ထုတ်ယူလိုက်ပြီဖြစ်ရာ တစ်ဖက်လူထံတွင် ကောင်းကင်အမိန့်တော်အမှတ်များ ဤမျှလောက် ကျန်နေသေးသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

ဝီ...

သို့သော် ဤအခိုက်အတန့်တွင် မြေကြီးပေါ်၌ လဲလျောင်းနေသော ယဲ့ချန်၏ခန္ဓာကိုယ် ရုတ်တရက် တောက်ပစွာ လင်းလက်လာသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးကို နတ်ဘုရားမီးတောက်ဖြင့် မီးရှို့လိုက်သကဲ့သို့ သူ၏ ခန္ဓာကိုယ်သည် တစ်လက်မချင်း မီးပွားများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားပေ၏။

"ဒါက..."

ဤမြင်ကွင်းကို မြင်ချိန်၌ ခုံးဝူတောက် ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ထိုယဲ့ချန်ဆိုသည့်ကောင်တွင် အမှန်တကယ်ကို ကောင်းကင်ကိုဆန့်ကျင်သော ကံကြမ္မာ ရှိနေသည်။

သူသည် အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ်၏ ဒဏ္ဍာရီလာ နတ်ဘုရားဖီးနစ် မီးတောက်မှတစ်ဆင့် ပြန်လည်မွေးဖွားခြင်း နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ခြင်းဖြစ်ပေ၏။

အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ်သည် ပြင်းထန်သော ဒဏ်ရာကြောင့် သေဆုံးသွားပါက နတ်ဘုရားဖီးနစ် မီးတောက်မှတစ်ဆင့် ပြန်လည်မွေးဖွားခြင်း အတွက် အခွင့်အရေးတစ်သန်းပုံလျှင်တစ်ပုံရှိသည်။

သို့သော် ထိုသို့သော ဖြစ်နိုင်ခြေ နည်းပါးမှုက ဤကောင်စုတ် ယဲ့ချန်ထံတွင် အမှန်တကယ် ဖြစ်လာခဲ့သည်။

ဤကောင်စုတ်သည် ကံကြမ္မာအရဆိုလျှင် ကောင်းကင်ကံကြမ္မာပိုင်ရှင် တစ်ယောက်၏အရှိန်အဝါမျိုး အမှန်တကယ် ရှိသည်ဟု ဆိုရပေမည်။

သို့သော် ဤကောင်စုတ်သည် သူ၏ရှေ့မှာပင် နတ်ဘုရားဖီးနစ် မီးတောက်မှတဆင့် ပြန်လည်မွေးဖွားခြင်း လုပ်နေသည်ကို သူ ဤအတိုင်း ကြည့်နေမည် မဟုတ်ပေ။

သူ လှုပ်ရှားပြီးပြီဖြစ်သဖြင့် ယဲ့ချန်ကို အပြတ်ရှင်းပြီး သတ်ပစ်ရပေမည်။

ဤသည်က သူ အမြဲတစေ လုပ်လေ့လုပ်ထရှိသည့် ပုံစံပင်။

ဝုန်း...

ခုံးဝူတောက်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သော ယဲ့ချန်ဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ပြင်းထန်သော ဥပဒေသ စွမ်းအားများက လှိုင်းထသွားပြီး ယဲ့ချန်ကို လွှမ်းမိုးသွားပေ၏။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားအောက်တွင် ယဲ့ချန်နှင့်သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် လုံးလုံးလျားလျား ပျက်စီးသွားသည်။

သို့သော် ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ယဲ့ချန် အမဲလိုက်ခံလိုက်ရကြောင်း စနစ်၏အသိပေးချက်က ထွက်ပေါ်မလာခဲ့ချေ။

"ဟင်..."

ခုံးဝူတောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

သူ၏ အာရုံခံစားမှုအရ ယဲ့ချန်၏ အရှိန်အဝါသည် ထိုဟင်းလင်းပြင်ပြိုကျမှုနှင့်အတူ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

ဤကောင်စုတ်သည် မည်သည်ကြောင့် မသေသေးသနည်း။

"ဒီနတ်ဘုရားဖီးနစ်မီးတောက်ကတစ်ဆင့် ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်အတွင်းမှာ ကြားဖြတ်နှောင့်ယှက်လို့ မရတာများလား..."

ခုံးဝူတောက် နှုတ်ခမ်းမဲ့လိုက်သည်။

ဤကောင်းကင်ကံကြမ္မာပိုင်ရှင်ဆိုသူ၏ စွမ်းအားက အမှိုက်ဖြစ်သော်လည်း သူ့၏ ကံကြမ္မာက အမှန်တကယ်ကို ပေါက်ကွဲနိုင်လောက်သည်ဟု ဆိုရပေမည်။

ဤကောင်းကင်ကံကြမ္မာပိုင်ရှင်ဆိုသူကို မဟာတာအို သုံးထောင်က တမင်သက်သက် ရွေးချယ်ထားခြင်းလောဟု သူ အမှန်တကယ် သံသယဝင်နေမိသည်။

ထိုသို့ဖြင့် သူ သေရမည့် အခြေအနေမှ လွတ်မြောက်သွားခြင်း ဖြစ်ပေ၏။

အကယ်၍ ဒဏ္ဍာရီလာ အထူးမဟာတာအို၏ ကာကွယ်မှုသာ မဟုတ်လျှင် ထိုအကြောင်းကို ပြောပြပါက မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။

သို့သော် သူ ဂရုမစိုက်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပေ။

အကြောင်းအရင်းမှာ ယဲ့ချန်သည် သူ၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်သဖြင့် သာမန် လမ်းဘေးခွေး တစ်ကောင်ဟုပင် ခေါ်၍မရနိုင်ပေ။

သူ လိုချင်သည့် အချိန်တိုင်း ယဲ့ချန်ကို ကြေမွှအောင် နင်းခြေသတ်ဖြတ်နိုင်သည်။

ထို့ပြင် ဘုန်းတော်ကြီးက ကျောင်းကို ထားခဲ့ပြီး ထွက်ပြေး၍ ရနိုင်မည်လော...

သူ ကံကောင်းပြီး ထွက်ပြေးသွားနိုင်သော်လည်း...

သူ၏မိသားစုဝင်များ သူနှင့် ပတ်သက်နေသော လူများအားလုံးက ထွက်ပြေး၍ မရနိုင်ပေ။

ထို့အပြင် သူ အတည်ပြုချင်သော အရာတစ်ခုလည်း ရှိနေသေးသည်။

ကောင်းကင်ကံကြမ္မာပိုင်ရှင်က နတ်ဘုရားဖီးနစ် မီးတောက်မှတဆင့် ပြန်လည်မွေးဖွားခြင်း လုပ်ပြီးသည့်နောက် သူ လုယူခဲ့သည့် ကောင်းကင်အမိန့်တော်အမှတ်များက ပြန်လည်ပြည့်ဖြိုးလာမည်လော။

ထိုသို့မဟုတ်ပါက ထပ်တိုးလာအုံးမည်လော...

အကယ်၍ ထိုသို့သာ အမှန်တကယ်ဖြစ်ခဲ့လျှင်...

သူသည် ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးများနှင့် ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားများကို အမဲလိုက်ရန် များစွာအားထုတ်နေရန် မလိုတော့ပေ။

သူတို့ကို အချုပ်အနှောင်ထဲတွင်ထားပြီး ကြက်သွန်မြိတ်များကဲ့သို့ ရိတ်သိမ်းသည်မှာ ပိုမကောင်းသလော...

[ဒင်... သခင် အမဲလိုက်ခဲ့တဲ့ ပထမဆုံး ကောင်းကင်ကံကြမ္မာပိုင်ရှင်က ကံကြမ္မာ မဟာတာအိုရဲ့ အထူးကာကွယ်မှုကို ရရှိခဲ့ပြီးတော့ နတ်ဘုရားဖီးနစ်မီးတောက်ကတစ်ဆင့် ပြန်လည်မွေးဖွားခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာကို စနစ်က ထောက်လှမ်းတွေ့ရှိရပါတယ်...]

[သခင်ရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လိုက်နာပြီး စနစ်က ကံကြမ္မာအတားအဆီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးတော့ သူ့ရဲ့ တည်နေရာကို မှတ်သားထားပါတယ်... သခင်က အချိန်မရွေး ကြည့်ရှုနိုင်ပါတယ်...]

ခုံးဝူတောက်က မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

ဒီစနစ်က သူ ထင်ထားသလောက် သောက်သုံးမကျတာတော့ မဟုတ်ဘူးပဲ...

ခုံးဝူတောက်၏အတွေးများ အနည်းငယ် ပြောင်းလဲသွားပြီး ယဲ့ချန်၏ အချက်အလက်များ လျှင်မြန်စွာ ထွက်ပေါ်လာသည်။

[ယဲ့ချန်ရဲ့ လက်ရှိ တည်နေရာက... အနောက်ဘက်ရွှမ် တာအိုနယ်မြေ တောင်တန်းတစ်သိန်း....သခင်က တိကျတဲ့ တည်နေရာကို အသေးစိတ် ကြည့်ရှုနိုင်ပါတယ်...]

[လက်ရှိ အခြေအနေ...သူ့ရဲ့မရီဒါန်းတွေ ကြေမွနေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကြောင့် ကျင့်ကြံခြင်းက တာအိုနန်းတော်နယ်ပယ် အဆင့်တစ်အထိ ကျဆင်းသွားပါတယ်...]

ခုံးဝူတောက်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

သူ့ရဲ့ခြေတိုလေးနှစ်ချောင်းက တကယ် ပြေးနိုင်တာပဲ...

"ဒီနတ်ဘုရားသားတော်အတွက် အနောက်ဘက်ရွှမ် တာအိုနယ်မြေကို ခရီးတစ်ခေါက် သွားပေးချင်တဲ့သူ မင်းတို့ထဲမှာ ဘယ်သူရှိလဲ..."

ထိုစကားကို ကြားသောအခါ ဧကရာဇ်သားတော် အစဉ်အဆက်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ နတ်ဘုရားသားတော် ဘာလုပ်ချင်သည်ကို နားမလည်သကဲ့သို့ ရှိနေကြသည်။

ခုံးကျန်ယွဲ့ က စကားပြောရန် ဟန်ပြင်လိုက်သည်။

သို့သော် သူမ၏ဘေးရှိ ပုံရိပ်တစ်ခုက ခြေတစ်လှမ်း ပိုမြန်သွားသည်။

ခုံးရွှမ်ယန်သည် လူအုပ်ထဲမှ ရှေ့ထွက်လာပြီး ခုံးဝူတောက်ဆီသို့ ဦးတည်၍ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်၏။

"ရွှမ်ယန်က နတ်ဘုရားသားတော် သခင် အတွက် သွားလုပ်ပေးဖို့ ဆန္ဒရှိပါတယ်..."

ခုံးဝူတောက်၏ ယခင်လုပ်ရပ်များက ခုံးရွှမ်ယန်ကို ပို၍ပင် ကြောက်ရွံ့သွားစေခဲ့ပြီး ယခင်က သူသည် အရမ်းရဲတင်းပြီး ရူးသွပ်စွာ စကားပြောခဲ့မိကြောင်း တွေတောမိသည်။

ဤကိစ္စကြောင့် နတ်ဘုရားသားတော်က သူ့အပေါ် မကျေမနပ်ဖြစ်ပြီး သူ၏ပြာများကို လွင့်စင်သွားအောင် လုပ်ပစ်မည်ကို သူ တကယ် ကြောက်နေမိသည်။

ယခုချိန်သည် သူ၏သစ္စာရှိမှုကို ပြသပြီး မျက်နှာသာရအောင် လုပ်ရမယ့် အချိန်ပင်။

ငါ လုံးဝလက်လွတ်ခံလို့ မဖြစ်ဘူး...

...

အခန်း (၂၄) ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို သတ်ခြင်း.. ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ဒဏ္ဍာရီလား

"ကောင်းပြီ... မင်း အနောက်ဘက်ရွှမ် တာအိုနယ်မြေကို အခုချက်ချင်း ထွက်သွားလိုက်..."

"ယဲ့ချန်နဲ့ စုချင်းကဲတို့အကြောင်း အရာအားလုံးကို စုံစမ်းစစ်ဆေးပြီး သူတို့ မိသားစုဝင်တွေ အားလုံး သူတို့နဲ့ ပတ်သက်နေတဲ့သူ အားလုံးကို ငါ့ဆီ ခေါ်လာခဲ့..."

ထို့နောက် ခုံးဝူတောက်သည် သူ၏တံဆိပ်ပြား ကို ခုံးရွှမ်ယန်ဆီသို့ ပစ်ပေးပြီး ပြောဆိုလိုက်သည်။

"သူတို့က ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို ရန်စရဲမှတော့... အရာအားလုံး ဆုံးရှုံးရတဲ့ ခံစားချက်ကို သူတို့ မြည်းစမ်းကြည့်ပါစေ..."

သူ၏စရိုက်က အတော်လေး ထူးဆန်းသည်။ သူ လုပ်သမျှ ကိစ္စတိုင်းကို အစွန်းရောက်အောင် လုပ်ရသည်အား နှစ်သက်ပေ၏။

ရှေးဟောင်းခေတ်မှ ပါရမီရှင် တစ်ယောက်အနေဖြင့် ပေါင်းပင်များကို ရှင်းလင်းရန် အမြှစ်များကို ဖယ်ရှားရမည်ဖြစ်ကြောင်း သူ သဘာဝကျကျ သိထားသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူနှစ်ယောက်သည် ကောင်းကင်ကံကြမ္မာပိုင်ရှင်များဖြစ်သဖြင့် သူတို့၏မိသားစုများမှ အလားတူ ကောင်းကင်ကံကြမ္မာပိုင်ရှင် တွေ မွေးထုတ်ပေးနိုင်မည်မှာ မလွဲမသွေပင်။

သို့သော် ဤသို့ အရေးမပါသည့် လူများအတွက် အချိန်ဖြုန်းစရာ မရှိသည့်အတွက် ဤကိစ္စကို အရင်းအမြစ်မှ တိုက်ရိုက်ဖြေရှင်းရပေမည်။

ထို့အပြင် ဤဖြစ်ရပ်ကို အသုံးပြုပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်သည်ဖြစ်ရာ နည်းလမ်းတိုင်းတွင် အကျိုးရှိသည်။

သူ၏အမြင်အရ ယဲ့ချန်ကသာ အသိဉာဏ်ရှိမည်ဆိုလျှင် ပြန်လည်မွေးဖွားခြင်းကို အောင်မြင်စွာ ဖြတ်သန်းပြီးနောက် အနောက်ဘက်ရွှမ် တာအိုနယ်မြေသို့ ပြန်သွားရန် ရွေးချယ်လိမ့်မည် မဟုတ်ဘဲ သူ့ဘာသာသူ ထောင်ချောက်ထဲသို့ ဝင်သွားလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအရာက အရေးမကြီးချေ။ သူ မည်သည့်နေရာသို့ သွားစေကာမူ စနစ်မှတစ်ဆင့် သူ့ကို စောင့်ကြည့်၍ ရနေသည်။

"ဟုတ်ကဲ့... ရွှမ်ယန် က နတ်ဘုရားသားတော် ရဲ့ ယုံကြည်မှုကို ပျက်ယွင်းစေမှာ မဟုတ်ပါဘူး..."

ခုံးရွှမ်ယန်က ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။

"အော်... ပြီးတော့ မင်းရဲ့ စွမ်းအားကလည်း အထင်ကြီးစရာ ကောင်းတာမို့ ဒီအကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် သွေးတစ်စက် ငါ မင်းကို ဆုချီးမြှင့်လိုက်မယ်..."

ထိုစကားကို ကြားသောအခါ ခုံးရွှမ်ယန် အနည်းငယ် တွေဝေသွားသော်လည်း သူ မတုံ့ပြန်နိုင်မီမှာပင် တက်ကြွသော သွေးချီစွမ်းအားများ ပြည့်နှက်နေသည့် ထိုအကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် သွေးတစ်စက်သည် သူ၏ရှေ့သို့ ဖြည်းညှင်းစွာ ကျဆင်းလာပေ၏။

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ တခြားဧကရာဇ်သားတော် အစဉ်အဆက်များသည် သူတို့၏ နှလုံးသားထဲတွင် ဗြောင်းဆန်သွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

အစောပိုင်းက မွေးရာပါ အထွတ်အထိပ်အရိုးကို ခုံးကျန်ယွဲ့ဆီ ပေါ့ပေါ့ပါးပါး ပေးလိုက်သည်ကပင် အံ့သြစရာ ကောင်းနေလေပြီ။

ယခု ထိပ်တန်းရုပ်ခန္ဓာကိုယ်တစ်ခုဖြစ်သည့် အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ်သွေးကို ခုံးရွှမ်ယန်ဆီ ဤမျှထိ ပေါ့ပေါ့ပါးပါး ပေးလိုက်ပြန်သလော....

သူတို့၏ နတ်ဘုရားသားတော်သည် အမှန်တကယ်ကို လက်ဖွာလွန်းနေသည် မဟုတ်လော..

တစ်ချိန်တည်းမှာပင် သူတို့သည် အနည်းငယ် နောင်တလည်း ရသွားကြ၏။

အစောပိုင်းက သူတို့ မည်သည်ကြောင့် နည်းနည်းပို၍ မြန်မြန်ဆန်ဆန် မလုပ်နိုင်ခဲ့ရသနည်းဟု သူတို့ တွေးမိကြသည်။

အချိန်အတော်ကြာပြီးမှသာ ခုံးရွှမ်ယန်သည် သူ၏ မိန်းမောနေမှုမှ ပြန်လည်သတိရလာပြီး အလျင်အမြန် ဒူးတစ်ဖက် ထောက်ကာ လက်နှစ်ဖက်ကို ပူးဆုပ်လိုက်ပြီး သူ၏လေသံက ပို၍ ရိုသေလေးစားမှု ရှိလာသည်။

"ကျေးဇူးအများကြီးတင်ပါတယ် နတ်ဘုရားသားတော်သခင်... နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့ ကြီးမားတဲ့ ကျေးဇူးကို ရွှမ်ယန် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

"နတ်ဘုရားသားတော်သခင်ရဲ့နောက်ကို သေတဲ့အထိ လိုက်ဖို့ ရွှမ်ယန်က သစ္စာဆိုပါတယ်... ဓားတောင်တွေကို ဖြတ်ကျော်ပြီး မီးပင်လယ်တွေကို ဖြတ်သန်းရရင်တောင်မှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး..."

ဤသည်ကိုမြင်ချိန်၌ ခုံးဝူတောက်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"ကိစ္စမရှိပါဘူး... ဒီနတ်ဘုရားသားတော် မင်းကို ညွှန်ကြားထားတဲ့အတိုင်းသာ သွားလုပ်လိုက်ပါ..."

ဥပဒေသ အလင်းပုံရိပ်ယောင်ကားချပ်မှတစ်ဆင့် ဤမြင်ကွင်းကို စောင့်ကြည့်နေကြသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးကြီး များစွာသည်လည်း ဤကိစ္စကို အဆုံးမရှိ ချီးကျူးခဲ့ကြသည်။

ဤအဖြစ်အပျက်ငယ်လေးအပြီးတွင် ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ လူငယ်မျိုးဆက်များကြားတွင် သူ၏အမြင့်မြတ်ဆုံးနေရာကို အပြည့်အဝ တည်ဆောက်နိုင်ခဲ့သည်။

ထို့ပြင် သူသည် ဧကရာဇ်သားတော် အစဉ်အဆက်များ၏စိတ်နှလုံးသားများကို ရယူနိုင်ခဲ့သည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော လုပ်ရပ်က အမှန်တကယ်ကို ထူးခြားပြောင်မြောက်လှသည်။

...

အနောက်ဘက်ရွှမ် တာအိုနယ်မြေ...

တောင်တန်းတစ်သိန်းရှိ လှိုဏ်ဂူတစ်ခုအတွင်းတွင် ...

"အဟွတ်... အဟွတ်... အဟွတ်..."

"ကံကောင်းလို့ အဲဒီတုန်းက ဒီနေရာမှာ နတ်ဘုရားဖီးနစ် မီးတောက်တစ်စုကို ငါ ချန်ထားခဲ့မိတယ်..."

အားနည်းနေသော ယဲ့ချန်သည် ကျောက်နံရံကို မှီကာ လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညှင်းစွာ ထွက်လာသည်။ သူ၏ ယခင်က ပြတ်တောက်သွားသော လက်များသည် ယခုအချိန်၌ အပြည့်အဝ ပြန်လည်ကောင်းမွန်လာလေပြီ။

သို့သော် သူသည် ဒဏ္ဍာရီလာ ဖီးနစ်ငှက်ကဲ့သို့ နတ်ဘုရားဖီးနစ်မီးတောက်မှတစ်ဆင့် ပြန်လည်မွေးဖွားခြင်းပြီးနောက် ပို၍ကြီးမားသော စွမ်းအားများကို ရရှိလာခြင်း မဟုတ်ပေ။

သူ၏ အရှိန်အဝါသည် အလွန် အားနည်းနေပြီး သူ၏ အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် သွေးမျိုးဆက် လုံးဝဆုံးရှုံးသွားရုံသာမက သူ၏ကျင့်ကြံခြင်းသည်လည်း တာအိုနန်းတော်နယ်ပယ် အဆင့်ကိုးမှ တာအိုနန်းတော်နယ်ပယ် အဆင့်တစ်သို့ တိုက်ရိုက်ကျဆင်းသွားခဲ့သည်။

သူ၏မှော်ရတနာများအားလုံးလည်း ပျောက်ကွယ်သွားခဲ့ကာ ယခု သူ လုံးဝ မွဲတေနေလေပြီ။

နတ်ဘုရားဖီးနစ်မီးတောက်သည် မရေမတွက်နိုင်သော အားထုတ်မှုများနှင့် ကောင်းကင်နှင့်မြေကြီးရတနာများကို အသုံးပြုကာ နှစ်များတလျှောက် သူ ဖန်တီးထားခဲ့သော အသက်ကယ် နည်းလမ်းတစ်ခုပင်။

အကယ်၍ သူသည် အသက်အန္တရာယ်ရှိသော အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရပါက ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ မီးထဲမှ ပြန်လည်မွေးဖွားရန် သူ၏ကျင့်ကြံခြင်း ကို စတေးနိုင်ပြီး ထို့နောက် ကောင်းကင်ကို အာခံနိုင်သော နည်းလမ်းဖြင့် ပြန်လည်နိုးထလာနိုင်သည်။

သို့သော် ဤအားကိုးရာလျှို့ဝှက်ချက်ကို ဤမျှထိ မြန်မြန်ဆန်ဆန် အသုံးပြုရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ထိုအားကိုးရာလျှို့ဝှက်ချက် ကို အသုံးပြုပြီးနောက် ယခုအချိန်၌ သူသည် ဒုက္ခိတတစ်ယောက် ဖြစ်သွားလေပြီ။

အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် သွေးကို လုံးဝဆုံးရှုံးသွားရုံသာမက သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်သော ဟင်းလင်းပြင် မဟာဧကရာဇ်ကိုပင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးကြီး က တိုက်ရိုက်ဖိနှိပ်လိုက်သည်။

သူ၏ချစ်သူသည်လည်း ခုံးဝူတောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ယခု သူသည် အထွတ်အထိပ် မှ အောက်ဆုံးသို့ လုံးဝကျဆင်းသွားခဲ့လေပြီ။ ကောင်းကင်ကို အာခံနိုင်သော နည်းလမ်းဖြင့် သူ ပြန်လည်ထကြွလိုခြင်းသည် အိပ်မက်တစ်ခုသာ ဖြစ်တော့သည်။

"ခရက်...ခရက်... ခရက်..."

ယဲ့ချန်သည် သူ၏လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်ရာ သူ၏ လက်ဆစ်များပင် အက်ကွဲသံ မြည်သွားသည်အထိ အားစိုက်ထားသည်။

သို့သော် သူ၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခုံးဝူတောက်က လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ဖယ်ရှားပစ်ခဲ့ပုံကို ပြန်လည်အမှတ်ရချိန်တွင် သူ၏ ခွန်အားများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးပေါ်သို့ လဲကျသွားလေသည်။

မိစ္ဆာ... အဲ့ဒီလို ကြောက်စရာကောင်းတဲ့ မိစ္ဆာကို လက်စားချေဖို့ သူ့မှာ တကယ်ပဲ စွမ်းရည်ရှိရဲ့လား...

သို့သော် သူ၏ဒေါသကို မြိုသိပ်ကာဒုက္ခိတ တစ်ယောက်ဖြစ်သွားရန် သူ ပို၍ပင် ဆန္ဒမရှိပေ။

သူ စိုးရိမ်ပူပန်နေစဉ်မှာပင် ရုတ်တရက် အကြံတစ်ခု ရလာသည်။

"ဟုတ်တယ်... ယွင်ရှောင်က အခု ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဖြစ်နေပြီ မဟုတ်ဘူးလား..."

"ဖရိုဖရဲ မြင့်မြတ်နယ်မြေမှာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာရဲ့ အမွေအနှစ် တွေ ရှိတယ်... အဲ့ဒီနေရာရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းတယ်... ယွင်ရှောင်ဆိုရင် ငါ့ကို သေချာပေါက် ကူညီနိုင်မှာပဲ..."

ယွင်ရှောင်သည် သူ အပြင်ဘက်သို့ ခရီးသွားစဉ် တွေ့ဆုံခဲ့သော သူငယ်ချင်းကောင်းတစ်ယောက်ပင်။ သူတို့နှစ်ယောက်သည် အကျင့်စရိုက် တူညီကြပြီး ချက်ချင်းအဆင်ပြေသွားကာ သွေးသောက်ညီအစ်ကိုများပင် ဖြစ်လာခဲ့ကြသည်။

သူ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသော်လည်း တကယ်တမ်းပြောရလျှင် ယွင်ရှောင်၏ ပါရမီနှင့်ကျင့်ကြံခြင်းသည် သူ့ထက် အမှန်တကယ်ကို ပို၍အစွမ်းထက်ပေ၏။

ယွင်ရှောင်သည် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်၏ ထိပ်တန်းဆယ်ခုစာရင်းတွင် ပါဝင်သော ဖရိုဖရဲရုပ်ခန္ဓာကိုယ်ကိုပင် ပိုင်ဆိုင်ထားသေးသည်။

တိုက်ခိုက်ရေးစွမ်းအားအရဆိုလျှင် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်သည် မူလရုပ်ခန္ဓာကိုယ် များထက် များစွာနိမ့်ကျသော်လည်း မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်သည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခြင်း ဖြစ်သည်။

စည်းမျဉ်းများကို ကျော်လွန်သော ထိုမူလရုပ်ခန္ဓာကိုယ်များနှင့် နှိုင်းယှဉ်လျှင် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင် သည် ကောင်းကင်နှင့် မြေကြီးမှ ဥပဒေသများ၏စွမ်းအားကို ငှားရမ်းရန် ပို၍လွယ်ကူကြသည်။

ထိပ်တန်းစာရင်းဝင် ဖရိုဖရဲရုပ်ခန္ဓာကိုယ် အကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။ ထိုအရာသည် အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် မူလရုပ်ခန္ဓာကိုယ်များစွာထက်ပင် ပို၍အစွမ်းထက်သည်။

ထိုအချိန်တုန်းက ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ နှစ်စဉ် တပည့်စုဆောင်းရေး အခမ်းအနား၌...

သူသည် ဒဏ္ဍာရီလာ ဖရိုဖရဲခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် မြည်အောင် လုပ်နိုင်ခဲ့ပြီး အပြင်စည်းတပည့်ဘဝမှ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ အမြင့်မြတ်ဆုံးသူတော်စင်အဖြစ် တိုက်ရိုက်တိုးမြှင့်ခံခဲ့ရသည်။

ဤကဲ့သို့လုပ်ရပ်မျိုးက ဖရိုဖရဲ မြင့်မြတ်နယ်မြေ အတွက် စံချိန်သစ်တစ်ခုကိုလည်း တင်နိုင်ခဲ့ပြီး သူ့ကို ဖရိုဖရဲမြင့်မြတ်နယ်မြေတစ်ခုလုံး၌ အတောက်ပဆုံး တည်ရှိမှု ဖြစ်လာစေ၏။

ယခု သူ ကျရှုံးသွားပြီဖြစ်ရာ ခုံးဝူတောက်ကို လက်စားချေရန် ယွင်ရှောင် တစ်ယောက်တည်းသာ သူ့ကို ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မည်။

သူ၏ မိသားစုအတွက်ကမူ...

သူ သေချာပေါက် ပြန်သွား၍ မရတော့ပေ။

ခုံးဝူတောက်သည် သူ မီးထဲမှ ပြန်လည်မွေးဖွားခြင်း အကြောင်းကို သိပြီးလောက်လေပြီ။ အကယ်၍ ခုံးဝူတောက်က လူများကို မိသားစုဆီ ကြိုလွှတ်ပြီး သူ့ကို စောင့်ခိုင်းထားမည်ဆိုလျှင် သူ ပြန်သွားခြင်းက ထောင်ချောက်ထဲ ဝင်သွားခြင်းဖြစ်ပြီး သေချာပေါက် သေရပေလိမ့်မည်။

မိသားစုကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးရခြင်းက အနည်းငယ် ရှက်စရာကောင်းသော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။

အကြောင်းအရင်းကိုသိသော သူ၏မိသားစုက သူ့ကို အပြစ်တင်မည် မဟုတ်ဟု ယူဆရသည်။

အကယ်၍ ခုံးဝူတောက်၏ လူများက သူ၏ မိသားစုကို ဖျက်ဆီးရဲမည်ဆိုလျှင် သူ အောင်မြင်မှုပြန်ရချိန်၌ အချိန်လေဟာနယ် တားမြစ်နယ်မြေကို သေချာပေါက် ဖျက်ဆီးပြီး ယနေ့၏ အရှက်ကွဲမှုကို အဆတစ်ရာ ပြန်ဆပ်မည်ဟု ကြွေးကြော်လိုက်သည်။

...

အချိန်လေဟာနယ် တားမြစ်နယ်မြေ…..

ကြွယ်ဝသော ဥပဒေသ ချီ များ ရောယှက်နေသည့် ခမ်းနားထည်ဝါသော ခန်းမကြီး တစ်ခုအတွင်း၌...

ခုံးဝူတောက် သီးသန့်တံခါးပိတ်ကျင့်ကြံတော့မည်ကို သိရှိပြီးနောက် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ရာထူးမြင့်အကြီးအကဲများစွာက ရတနာသေတ္တာအများအပြားကို ပို့ဆောင်ပေးရန် အမိန့်ပေးခဲ့ကြသည်။

အမျိုးမျိုးသော အင်မော်တယ် စိတ်ဝိညာဉ် ဆေးဝါးများနှင့် ထိပ်တန်းအဆင့် အင်မော်တယ် စိတ်ဝိညာဉ်ကျောက်တုံးများ သည် တောင်ကြီးများကဲ့သို့ ပုံနေသည်။

ဧရာမ နန်းတော်ကြီးသည် မွှေးပျံ့ပြီး မူးယစ်စေသော ရနံ့များဖြင့် ပြည့်နှက်နေပေ၏။

စိတ်ဝိညာဉ်ချီ နှင့် ဥပဒေသ များသည် အလွန် ပေါကြွယ်ဝသဖြင့် အစိုင်အခဲအဖြစ် ဖြစ်တည်လုနီးပါးပင်။ ဤနေရာ၌ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရုံဖြင့် အပြင်ဘက်တွင် နှစ်အတော်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံရခြင်းနှင့် ညီမျှနိုင်သည်။

"နတ်ဘုရားသားတော်သခင်... ဒါက နတ်ဘုရားသားတော် တစ်ချိန်တုန်းက ကျင့်ကြံခဲ့တဲ့ အချိန်လေဟာနယ် သူတော်စင်ခန်းမပါ..."

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစေခံဖြစ်သော အကြီးအကဲတစ်ဦးက ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။

"နတ်ဘုရားသားတော် အိပ်မောကျနေတဲ့ နှစ်တွေအတွင်းမှာ တားမြစ်နယ်မြေသခင်က အဲ့ဒါကို အမြဲတမ်း ထိန်းသိမ်းဖို့ လူတွေကို ခိုင်းစေခဲ့ပြီးတော့ ရှေးဟောင်း စိတ်ဝိညာဉ်စွမ်းအား စုစည်းခြင်း မဟာဝင်္ကပါတစ်ခုကိုလည်း ခင်းကျင်းထားပါတယ်..."

"နတ်ဘုရားသားတော်ကက အဲ့ဒါကို တိုက်ရိုက် အသက်သွင်းနိုင်ပါတယ်... ပြီးတော့ မိုင်ပေါင်းသိန်းချီပတ်လည်က စိတ်ဝိညာဉ်ချီတွေက ဒီနေရာကို စုစည်းလာပါလိမ့်မယ်..."

"တကယ်လို့ နတ်ဘုရားသားတော်က တစ်ခုခု လိုအပ်ရင် အချိန်မရွေး ကျွန်တော့်ကို ခေါ်နိုင်ပါတယ်..."

အစေခံ အကြီးအကဲသည် လက်နှစ်ဖက်ကို ထပ်မံပူးဆုပ်ကာ ဦးညွှတ်ပြီး နောက်ဆုတ်သွားလေသည်။

ခုံးဝူတောက်သည် ကောင်းကင်အလင်း မိုးပြာနဂါးကို အပြင်ဘက်တွင် စောင့်ခိုင်းထားပြီး သူ တစ်ယောက်တည်း အချိန်လေဟာနယ် သူတော်စင်ခန်းမထဲသို့ ဝင်ရောက်ကာ အကာအကွယ်ဝင်္ကပါကို အသက်သွင်းလိုက်သည်။

သူ၏စိတ် အနည်းငယ် လှုပ်ရှားသွားပြီး စနစ်ဇယားက ချက်ချင်းထွက်ပေါ်လာသည်။

[သခင်..ခုံးဝူတောက်]

ဤသည်ကို မြင်သောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ဤစနစ်က သူ ထပ်နှင်ထုတ်မည်ကို အလွန်ကြောက်နေပုံရပြီး သူ့ကို ဤကဲ့သို့ ဘွဲ့နာမည်မျိုးပေးထားခြင်း ဖြစ်ပေမည်။

All Chapters