← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) ပျောက်ဆုံးသွားသော မိခင်.... မူလဘူတ မဟာတာအိုအရိုးကို သန့်စင်ခြင်း

စနစ်သည် ခုံးဝူတောက် ဘာတွေတွေးနေသည်ကို သိနေသည့်အလားပင်။

စနစ်၏ သတိထားနေသော အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"သခင်... ဒီခေါ်ဝေါ်မှုလေးကို သဘောမကျလို့လား..."

"သခင်က အချိန်မရွေး ပြောင်းခိုင်းလို့ ရပါတယ်..."

ယခုအချိန်၌ စနစ်များနတ်ဘုရားထံတွင် အကြွေးများ တောင်ပုံယာပုံတင်နေပြီဖြစ်ပြီး အနက်ရောင်အဆင့်သို့ အဆင့်မြှင့်တင်ရန် ပိုက်ဆံမရှိတော့ပေ။

ခုံးဝူတောက် မကျေနပ်ပါက သူ့ကို ထပ်မံ၍ ချိတ်ဆက်မှု ဖြုတ်ချမည်အား သူ အမှန်တကယ်ပင် ကြောက်ရွံ့နေသည်။

"မလိုပါဘူး... ဒီအသုံးအနှုန်းကို ငါ အရမ်း သဘောကျတယ်..."

သူ၏ အာရုံခံစားမှုအရ စနစ်များသည် အမြဲတစေ ကပ်ပါးကောင်ပုံစံတစ်မျိုး ဖြစ်နေခဲ့သည်။

ထိုကပ်ပါးဆက်ဆံရေးက သူ့ကို တစ်ဖက်လူ၏ ရုပ်သေးရုပ် ဖြစ်သွားစေမည်အား အလွန်မကျေမနပ် ဖြစ်စေခဲ့သည်။

အကယ်၍ စနစ်က သူ့ကို သခင်ဟုခေါ်ပြီး အရာအားလုံးက သူ့ကို အစေခံနေမည်ဆိုလျှင်... ထိုအရာသည် သူလိုအပ်နေသော နာခံမှုရှိသည့် စနစ်ပင်။

ခုံးဝူတောက်က အောက်သို့ဆက်ကြည့်လိုက်သည်။

"ကိုယ်ပိုင်အမှတ်အသား... အချိန်လေဟာနယ် တားမြစ်နယ်မြေ နတ်ဘုရားသားတော်.. အချိန်လေဟာနယ် မဟာဧကရာဇ်၏သားတော်... နူးညံ့သိမ်မွေ့ ဧကရီ၏ သားတော်..."

ဤသည်ကိုမြင်တွေ့ချိန်၌ ခုံးဝူတောက် အနည်းငယ် တွေဝေသွားသည်။

သူ၏အကြည့်က "နူးညံ့သိမ်မွေ့ ဧကရီ" ဆိုသည့် စကားလုံးများပေါ်တွင် ရပ်တန့်သွားသည်။

နူးညံ့သိမ်မွေ့ ဧကရီ ယွင်ရှီး... မူလဘူတ တားမြစ်နယ်မြေ၏သခင်မလေးဖြစ်ပြီး သူ၏ မိခင်လည်းဖြစ်သည်။

သို့သော် ထိုအချိန်က ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပွားပြီးနောက်တွင်...

သူ၏မိခင်နှင့် မူလဘူတ တားမြစ်နယ်မြေသည် အတူတကွ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့် သတင်းမျှ ထပ်မကြားရတော့ပေ။

ဤမရေမတွက်နိုင်သော နှစ်များတလျှောက်တွင် သူ၏ဖခင်သည်လည်း သူမကို ရှာဖွေရန် ကြိုးစားခဲ့သည့်တိုင် မတွေ့ရှိသေးပေ။

ဤသည်မှာ မရေမတွက်နိုင်သော ခေတ်ကာလများတိုင်အောင် ခုံးဝူတောက် လွှတ်မချနိုင်ခဲ့သော သူ၏နှလုံးသားထဲမှ အဖုအထုံးတစ်ခုလည်း ဖြစ်ပေ၏။

"မယ်တော် ဘေးကင်းလုံခြုံမယ်လို့ ငါ မျှော်လင့်မိတယ်..."

ခုံးဝူတောက်က ခေါင်းခါယမ်းပြီး အောက်သို့ ဆက်ကြည့်လိုက်သည်။

"ရုပ်ခန္ဓာကိုယ်... ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ် ၁၀၀၀/၉၉၉၉၉၉...မူလဘူတ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ် ၁၀၀၀/၉၉၉၉၉၉..."

"ကျင့်စဉ်...အချိန်လေဟာနယ် တားမြစ်ကျမ်းစာ ကောင်းကင်ဘုံ ဖိနှိပ်ခြင်း တာအိုကျင့်စဉ် ဆယ့်နှစ်ခု မဟာအထွတ်အထိပ် ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်..."

"ရတနာများ...အချိန်လေဟာနယ် ရတနာစည်းတံဆိပ် (အထွတ်အထိပ်အဆင့် သူတော်စင်လက်နက်)၊ နက်နဲသိမ်မွေ့ စိတ်ဝိညာဉ် နတ်ဘုရားပုလဲ (မွေးရာပါ သူတော်စင်လက်နက်)၊ ကောင်းကင်မူလအစ နတ်ဘုရားသံချပ်ကာ (အထွတ်အထိပ်အဆင့် နတ်ဘုရားလက်နက်)..."

"စနစ် ဆုလာဘ်များ: မူလဘူတ မဟာတာအိုအရိုး ၂၀၆ခု...ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေး...အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက် တာအို ဆင်းသက်ခြင်း အင်မော်တယ်ကျင့်စဉ် (သင်ယူနိုင်သည်) ကောင်းကင်ဖြတ်တောက်ခြင်း ဓားနည်းစနစ် (သင်ယူနိုင်သည်)၊သေမျိုးကင်းလွတ် နတ်ဘုရားဆေးလုံး အလုံး ၅၀၀ မဟာတာအို နတ်ဘုရားအရည် အစက် ၁၀၀၀ မူလဘူတ အင်မော်တယ်သစ်ပင် အပင် ၁၀၀၀..."

"ကောင်းကင်အမိန့်တော်အမှတ်...၁၈၆၅၀..."

"မဟာတာအို သုံးထောင် အမဲလိုက်ခြင်း တိုးတက်မှု...

ဓားတာအို...၁၉၈၆/၉၉၉၉၉၉

ရေခဲ မဟာတာအို ၁၈၀၀/၉၉၉၉၉၉

မီးတောက်မဟာတာအို..၁၀၀၀/၉၉၉၉၉၉..."

စနစ်ဇယားပေါ်ရှိ အချက်အလက်များကို ကြည့်ရင်း ခုံးဝူတောက် အနည်းငယ် တွေးတောလိုက်သည်။

"စနစ်... ဒီ ကောင်းကင်အမိန့်တော်အမှတ်တွေကို မဟာတာအို သုံးထောင်ရဲ့ အမဲလိုက်ခြင်း တိုးတက်မှုကို မြှင့်တင်ဖို့ပဲ သုံးလို့ရတာလား..."

"သခင်ကို ပြန်လည်ဖြေကြားရရင် ကောင်းကင်အမိန့်တော်အမှတ်တွေကို လက်ခံသူရဲ့ ရုပ်ခန္ဓာကိုယ် နိုးထမှု အဆင့်ကို မြှင့်တင်ဖို့လည်း သုံးလို့ရပါတယ်..."

"နိုးထမှုအဆင့်..."

တစ်နည်းအားဖြင့် သူ၏လက်ရှိရုပ်ခန္ဓာကိုယ် သည် အပြည့်အဝ မသက်ဝင်သေးဘဲ ကောင်းကင်အမိန့်တော်အမှတ်များက သူ၏ ရုပ်ခန္ဓာကိုယ်ကို အများဆုံး အသက်ဝင်လာစေရန် ကူညီပေးနိုင်သည်ဟု ဆိုလိုခြင်းပင်။

"ဒါပေမယ့် သဘောတရားအရ တွေးကြည့်ရင် မင်းတို့ စနစ်တွေ အားလုံးမှာ စနစ်စျေးဆိုင် ရှိသင့်တာ မဟုတ်ဘူးလား..."

"သခင်... ဒီစနစ်က အထူးအဆင့်မြှင့်တင်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီးပြီမို့ စနစ်စျေးဆိုင်က ကောင်းကင်ဘုံအမဲလိုက်စနစ်နဲ့ လုံးဝပေါင်းစပ်သွားပါပြီ..."

"သခင်က နတ်ဘုရားပစ္စည်းတွေကို ဝယ်ယူဖို့ ကောင်းကင်အမိန့်တော်အမှတ်တွေ သုံးစရာ မလိုပါဘူး... စနစ်ကနေ လက်ခံသူကို နေ့တိုင်း ပေးအပ်တဲ့ ကောင်းကင်ဘုံအမဲလိုက်စနစ်ကနေ မဟာထောင်ပေါင်းများစွာ ရတနာတွေကို ကျပန်းထုတ်ပေးနိုင်ပါတယ်..."

ထိုစကားကို ကြားသောအခါ ခုံးဝူတောက် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

စနစ်အဆင့်မြှင့်တင်မှုများအကြောင်း ပြောရလျှင် စောစောက စနစ် ပြောခဲ့သော နတ်ဘုရားအဆင့် စာရင်းသွင်းခြင်းကို သူ သတိရသွားသည်။

"နောက် စာရင်းသွင်းခြင်းက ဘယ်နေရာမှာ ဖြစ်မလဲ..."

"စိတ်ချပါ သခင်... သခင် အတွက် သင့်တော်တဲ့ စာရင်းသွင်းမယ့် နေရာကို စနစ်က ရွေးချယ်ပေးမှာပါ... သခင်က အကောင်းဆုံး မဟာတာအို ရတနာတွေ ရရှိမယ်လို့ အာမခံပါတယ်..."

ခုံးဝူတောက် ခေါင်းညိတ်လိုက်ပြီး အများကြီး ထပ်မတွေးတော့ဘဲ ယခင်က စနစ် ပေးအပ်ခဲ့သော မူလရုပ်ခန္ဓာကိုယ်ကို သန့်စင်ရန် ပြင်ဆင်လိုက်သည်။

သူ အနည်းငယ် စိတ်ဝင်စားနေသည်။ ယခု သူသည် အစွမ်းထက်သော မူလရုပ်ခန္ဓာကိုယ်နှစ်ခုကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

တခြား မူလရုပ်ခန္ဓာကိုယ်နှစ်ခုကို အောင်မြင်စွာ သန့်စင်ပြီးနောက် သူ၏စွမ်းအား မည်မျှထိ ပြောင်းလဲသွားမည်ကို သူ သိချင်နေမိသည်။

ခုံးဝူတောက်သည် များစွာတုံ့ဆိုင်းမနေဘဲ ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေး နှင့် မူလဘူတ မဟာတာအိုအရိုးကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး သန့်စင်ရန် ပြင်ဆင်လိုက်၏။

ဝီ...

ပုံစံမဲ့ မဟာတာအို ဟင်းလင်းပြင်တွင် မူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခု အပြည့်အဝ ထွက်ပေါ်လာသည်။

မူလဘူတ မဟာတာအိုအရိုးများသည် စိတ်ကူးယဉ်ဆန်သော ရောင်စုံဖန်သားအရောင်များဖြင့် ထွက်ပေါ်လာပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည်။

ထို့ပြင် ခမ်းနားထည်ဝါသော ဟုန်မုန့်ခရမ်းရောင်ချီများက ထိုအရိုးများကို ရစ်ပတ်နေပြီး ထိုအရာများအတွင်းတွင် ကျယ်ဝန်းပြီး အဆုံးအစမရှိသော ဟုန်မုန့်ကမ္ဘာတစ်ခု ပါဝင်နေသည့်အလားပင်။

"မူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခု... တကယ်လို့ ငါက အဲ့ဒါတွေ အားလုံးကို သန့်စင်ချင်တယ်ဆိုရင် ငါ့ရဲ့ အရိုးတွေအားလုံးကို လုံးဝ အစားထိုးရမယ်လို့ ဆိုလိုတာလား..."

ခုံးဝူတောက်သည် ​ပလ္လင်ခွေထိုင်ကာ တီးတိုးရေရွတ်လိုက်၏။

ဤမူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခု အပြင် ခမ်းနားထည်ဝါသော တာအိုတေးသွားများကို ထုတ်လွှတ်နေပြီး ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ၏ နတ်မိစ္ဆာများမှ ချီများဖြင့် ပြည့်နှက်နေပုံရသော ငါးရောင်ခြယ်သွေးတစ်စက်လည်း ရှိနေသည်။

နေမင်းငယ်လေး တစ်စင်းအလား ထိုအရာသည် ခုံးဝူတောက်၏ရှေ့တွင် လွင့်မျောနေသည်။

သူ့ကို ပို၍ရင်ခုန်သွားစေသည်မှာ သူသည် ဝါးမျိုခြင် ဥပဒေသ ကို ရှင်းလင်းစွာ ထိန်းချုပ်ထားသော်လည်း ဤသွေးစက်တွင် သူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော ဝါးမျိုခြင်း စွမ်းအားများ ပါဝင်နေခြင်းပင်။

ထိုအထဲတွင် ပါဝင်သော စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိပုံရသည်။

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ ၏ နတ်မိစ္ဆာများပင်လျှင်.....

ထိုသို့သော စွမ်းအားရှေ့တွင် မဟာတာအို ဥပဒေသများအားလုံးသည် ဤသွေးစက်အတွက် အာဟာရသာ ဖြစ်လာပေလိမ့်မည်။

"ကောင်းကင်ဝါးမျို နတ်မိစ္ဆာ သွေးမျိုးဆက်... ဒါက ရှေးဟောင်းခေတ်တုန်းက ပေါ်ထွက်ခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သွေးမျိုးဆက်ပဲ..."

"ငါ မှတ်မိသလောက်ဆိုရင်... တစ်ချိန်တုန်းက ကောင်းကင်ဘုံတွေအားလုံးကို အရောင်မှေးမှိန်သွားစေခဲ့တဲ့ ဝါးမျိုခြင်း တားမြစ်နယ်မြေက နတ်မိစ္ဆာ တားမြစ်နယ်မြေသခင်က ဒီလိုသွေးမျိုးဆက်ကို နိုးထစေခဲ့ပုံပဲ..."

ခုံးဝူတောက် အိပ်မောမကျမီက မရေမတွက်နိုင်သော ရှေးဟောင်းမှတ်တမ်းများမှတစ်ဆင့် ထို ဂုဏ်ကျက်သရေရှိသော ခေတ်အကြောင်းကို များစွာလေ့လာခဲ့ဖူးသည်။

ဝါးမျိုခြင်း တားမြစ်နယ်မြေ၏ နတ်မိစ္ဆာ တားမြစ်နယ်မြေသခင်သည် သူ့အပေါ် အလွန် နက်ရှိုင်းသော အထင်အမြင်ကို ချန်ရစ်ခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ဒဏ္ဍာရီလာ ကောင်းကင်ဝါးမျို နတ်မိစ္ဆာ သွေးမျိုးဆက်ကို နိုးထစေခဲ့ပေ၏။

သူ၏ကိုယ်ပိုင်စွမ်းအားကို အားကိုးကာ သူသည် ဝါးမျိုခြင်း တားမြစ်နယ်မြေကို အစွမ်းထက်စွာ ထကြွလာစေရန် ဦးဆောင်ခဲ့သည်။ သူသည် ဂုဏ်ကျက်သရေရှိသော ခေတ်မှ မရေမတွက်နိုင်သော ရှေးဟောင်းကျွမ်းကျင်သူများ ကြောက်ရွံ့ရသည့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

မူလဘူတ မဟာတာအိုအရိုးအကြောင်းကို သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးသော်လည်း ခွန်အားမဟာတာအို၏ အမြင့်ဆုံး ကိုယ်စားပြုမှုဖြစ်သည့် ဟုန်မုန့်ခရမ်းရောင်ချီ အကြောင်းကိုမူ သူ ကြားဖူးသည်။

မူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခုဖြင့် သူသာ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါက သူ၏ ရုပ်ခန္ဓာကိုယ် ကန့်သတ်ချက်များကို တိုက်ရိုက် ချိုးဖျက်နိုင်မည်မှာ သေချာပေါက်ပင်။

ခုံးဝူတောက်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မူလဘူတ မဟာတာအိုအရိုးမှ စတင် သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။

သူ အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် မူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခုသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ချက်ချင်းလွင့်မျောလာသည်။

ထိုအရာများမှ ကြယ်များကဲ့သို့ တောက်ပသော ဟုန်မုန့် ခရမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပေ၏။

ထို့နောက် ဟုန်မုန့်ခရမ်းရောင်ချီအမျှင်တန်းများ ထောင်နှင့်ချီ၍ ဆင်းသက်လာကာ သူ၏တစ်ကိုယ်လုံးကို တင်းကြပ်စွာ လွှမ်းခြုံထားလိုက်သည်။

မူလဘူတ မဟာတာအိုအရိုးကို ပြီးပြည့်စုံစွာ သန့်စင်ရန် ခုံးဝူတောက်သည် သူ၏ မူလအရိုးများအားလုံးကို အထူးနည်းလမ်းဖြင့် အရင်ဆုံး အစားထိုးရပေမည်။

အစားထိုးနေစဉ်အချိန်အတွင်း နာကျင်မှုသည် ဒီရေကဲ့သို့ အဆက်မပြတ် လှိုင်းထလာပြီး ခုံးဝူတောက်၏မျက်နှာကို အနည်းငယ် ဖြူဖျော့သွားစေသည်။

ခရက် ခရက်...

သူ၏အရိုးများ အက်ကွဲသွားသံကိုသာ သူ ကြားလိုက်ရပြီး အဆစ်များတွင် ဖရိုဖရဲ ကောင်းကင်မိုးကြိုးများကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာသည်။

ဟုန်မုန့်ခရမ်းရောင်ချီများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် မဟာတာအို သတ်ဖြတ်ခြင်းစက်များသည် အဆက်မပြတ် ဆင်းသက်လာပြီး ခုံးဝူတောက်၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲကာ အက်ကွဲသွားစေသည်။

သူ၏ မူလအရိုးများကို ဖယ်ရှားလိုက်ပြီးနောက် မူလဘူတ မဟာတာအိုအရိုးများက သူ့ထံသို့ ပေါင်းစပ်ဝင်ရောက်လာသည်။

တခဏအတွင်းမှာပင် ခုံးဝူတောက်၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးစွန်းနေသော ချီစွမ်းအားများက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

သို့သော် ခုံးဝူတောက်၏ ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်သည် ပို၍ပင် အစွမ်းထက်ပေ၏။

ကျယ်ပြန့်ပြီး အဆုံးမဲ့သော သက်စောင့်ချီ များသည် သူ့ထံမှ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ဖရိုဖရဲ အလင်းတန်းများက ဒီရေကဲ့သို့ လှိုင်းထလာကာ သူ၏ပျက်စီးနေသော ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်ပေးလိုက်သည်။

သို့သော် အရိုးများကို ဖယ်ရှားပြီး အစားထိုးရသည့် ဤ နာကျင်မှုကို ခုံးဝူတောက်က အကြိမ်ပေါင်း နှစ်ရာ့ခြောက်ကြိမ် အပြည့်အဝ ခံစားရပေမည်။

ဤလုပ်ငန်းစဉ်အတွင်း သူ၏ ရုပ်ခန္ဓာကိုယ် သည် ဟုန်မုန့်ခရမ်းရောင်ချီများဖြင့် ဖွဲ့စည်းထားသော မဟာတာအို သတ်ဖြတ်ခြင်းစက်များ ၏ အဆက်မပြတ် ဖြတ်တောက်ခြင်းကို ခံရမည်ဖြစ်ပြီး ပြန်လည်အစားထိုးရမည်ဖြစ်ကာ ဤအတိုင်း သံသရာလည်နေပေမည်။

အကယ်၍ စိတ်ဓာတ်ခိုင်မာမှု အားနည်းသူသာဆိုလျှင် နာကျင်မှုကြောင့် အချိန်အတော်ကြာကတည်းက ခံနိုင်ရည်မရှိဘဲ သတိလစ်သွားလောက်လေပြီ။

သို့သော် ခုံးဝူတောက်ကမူ အနည်းငယ် ဖြူဖျော့နေသော မျက်နှာမှလွဲ၍ ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့သည်။

...

အခန်း (၂၆) မဟာတာအိုရဲ့ ထူးခြားတဲ့ သဘာဝလွန်ဖြစ်စဉ်က လူတိုင်းကို အံ့အားသင့်စေခဲ့တယ်

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးနယ်မြေ....

တားမြစ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးကြီး အမြောက်အများ ဤနေရာတွင် စုရုံးနေကြသည်။

ဟင်းလင်းပြင် မဟာဧကရာဇ်ကို အကျဉ်းချထားသော စွမ်းအင်အလင်းလုံးသည် ယခုလောလောဆယ်တွင် သူတို့၏အလယ်၌ လွင့်မျောနေသည်။

"ဟဲဟဲ... ဟင်းလင်းပြင် ဥပဒေသကို နဘိးနည်းလောက် ကျွမ်းကျင်ထားရုံနဲ့ ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေထဲကို ခုန်ပေါက်ပြီး ဝင်လာရဲတယ်ပေါ့... သူက တကယ်ကို သေချင်နေတာပဲ..."

"ဒီကောင်က အကြွင်းအကျန် စိတ်ဝိညာဉ်တစ်မျှင်ဆိုပေမယ့် သူက မဟာဧကရာဇ် တစ်ပါး ဖြစ်နေတုန်းပဲ... ဘာလို့ သူ့ကို ရုပ်သေးရုပ်တစ်ရုပ်အဖြစ် တိုက်ရိုက်မသန့်စင်လိုက်တာလဲ..."

"ဟမ့် .. အနိမ့်ဆုံးအဆင့်ရှိတဲ့ အဆင့်ကိုး မဟာဧကရာဇ်... ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကနေတစ်ဆင့် တာအိုကို ရရှိခဲ့တဲ့သူတောင် မဟုတ်ဘူး... အဲဒီလို အဆင့်နိမ့်တဲ့ တည်ရှိမှုက ဘာများ အသုံးဝင်မှာလဲ..."

"ဒီ ရှေးဟောင်းဘိုးဘေးကြီးရဲ့ အမြင်အရတော့ သူ့ကို အမှုန့်ဖြစ်အောင် တိုက်ရိုက်ကြိတ်ချေပြီးတော့ မြေသြဇာအဖြစ် သုံးလိုက်တာက ပိုကောင်းတယ်... တန်ဖိုးက တကယ်ကို ပိုကြီးလိမ့်မယ်..."

"..."

အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ ရှေးဟောင်းဘိုးဘေးကြီးများ၏ မှတ်ချက်စကားများကို နားထောင်ရင်း ဟင်းလင်းပြင် မဟာဧကရာဇ်၏ အကြွင်းအကျန် စိတ်ဝိညာဉ်သည် တုန်ယင်နေလေ၏။

အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များမှ သက်ရှိများ ခန့်မှန်းထားသကဲ့သို့ ဆုတ်ယုတ်နေခြင်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ဆက်လက်၍ ကြီးပွားတိုးတက်နေဆဲဖြစ်ပြီး ဤနယ်မြေ၏ အခြေခံအုတ်မြစ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အဆုံးအစမရှိပေ။

အထူးသဖြင့် သူ၏ရှေ့ရှိ ထိုမွန်းစတားအိုကြီးများ....

သူတို့တစ်ယောက်ချင်းစီတိုင်းသည် ရှေးဟောင်းဘိုးဘေးကြီး တစ်ပါး သို့မဟုတ် ထို့ထက်ပင် ပို၍ အစွမ်းထက်ကြသည်။

မဟာဧကရာဇ်များကို အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ အဆင့်တစ်မှ အဆင့်ကိုးအထိ ခွဲခြားထားသည်။

အဆင့်သုံးနှင့်အထက်သည် ထိပ်တန်းအဆင့် မဟာဧကရာဇ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အဆင့်တစ် မဟာဧကရာဇ်သည် အန္တိမတာအိုကျွမ်းကျင်သူပင်။

သေချာသည်မှာ အန္တိမတာအိုကို ချိုးဖျက်နိုင်သော တည်ရှိမှုများလည်း ရှိနေသေးသည်။ ထိုသို့သော မဟာဧကရာဇ်များသည် ယေဘုယျအားဖြင့် မရေမတွက်နိုင်သော ခေတ်ကာလများကြာအောင် အသက်ရှင်နေထိုင်ခဲ့ကြပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားရှိသည့် ရှေးဟောင်းဘိုးဘေးကြီးများ ဖြစ်ကြ၏။

"စီနီယာ... ဒါက အထင်လွဲမှု တစ်ခုပါ..."

ဖိနှိပ်ခံထားရသော ဟင်းလင်းပြင် မဟာဧကရာဇ်သည် သူ၏စွမ်းအားအားလုံးကို အသုံးပြုကာ နောက်တစ်ကြိမ် တောင်းပန်လိုက်သည်။

"ကျေးဇူးပြုပြီး စီနီယာတို့... ကျွန်တော့်ကို လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲဖို့ အခွင့်အရေးလေး ပေးပါ..."

ထိုစကားကို ကြားသောအခါ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ရှေးဟောင်းဘိုးဘေးကြီးတချို့သည် အပြုံးများ ဖလှယ်လိုက်ကြ၏။

"အခွင့်အရေး..."

"သေချာတာပေါ့... မင်းရဲ့ နောက်ဘဝမှာ သတိထားဖို့ အခွင့်အရေး ပေးမယ်လေ..."

ဟင်းလင်းပြင် မဟာဧကရာဇ်ကို ဖိနှိပ်ထားသော ရှေးဟောင်းဘိုးဘေးကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ကြီးမားသော လက်ကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။

ဟင်းလင်းပြင် ကွဲအက်သွားသည့် "ခရက်က်" ဆိုသော အသံတစ်သံသာ ပဲ့တင်ထပ်သွားသည်။

ဟင်းလင်းပြင် မဟာဧကရာဇ်၏ ကျန်ရှိနေသော စိတ်ဝိညာဥ်ခန္ဓာကိုယ်သည် လေထဲသို့ လုံးဝပျောက်ကွယ်သွားလေ၏။

ဟင်းလင်းပြင် မဟာဧကရာဇ်သည် သူ မသေဆုံးမီတွင် ပို၍ပင် ထိတ်လန့်သွားခဲ့သည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ယခင်တုန်းက အချိန်လေဟာနယ် တားမြစ်နယ်မြေ အတိုင်းဖြစ်ကာ အခြေခံအုတ်မြစ်ကို ခန့်မှန်း၍မရနိုင်ပေ။

သူ့ကဲ့သို့ သာမန်အဆင့်ကိုး မဟာဧကရာဇ်ကိုတော့ ပြောနေရန်ပင် မလိုတော့ချေ။

ထို့ပြင် ပို၍မြင့်မားသော အဆင့်တွင်ရှိသော မဟာဧကရာဇ်များပင်လျှင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ စွမ်းအားကို ရင်ဆိုင်ရပါက နာကျည်းမုန်းတီးမှုများဖြင့် သေဆုံးရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူ့ထံ၌ အဆုံးမရှိသော နောင်တများဖြင့် ပြည့်နှက်နေသည်။

ဤသို့ဖြစ်မည်မှန်း သူ သိခဲ့လျှင်...

သူသည် ယဲ့ချန်ကို ယုံယုံကြည်ကြည်ဖြင့် သဘောတူပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေကို ရန်စရန် တင်းခံခဲ့မည် မဟုတ်ပေ။

...

ဟင်းလင်းပြင် မဟာဧကရာဇ်၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို ပေါ့ပေါ့ပါးပါး ခြေမွှဖျက်ဆီးပြီးနောက် ရှေးဟောင်းဘိုးဘေးကြီးများသည် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ကြပေ။

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ တွင် အစွမ်းထက်ဆုံးဖြစ်သော မဟာဧကရာဇ် များသည် သူတို၏မျက်လုံးထဲတွင် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ရှိ နယ်ပယ်တစ်ခုမျှသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မဟာဧကရာဇ်များ၏ အထက်တွင် သာလွန်သူ ရှိပြီး ဒဏ္ဍာရီများထဲမှ အင်မော်တယ်များနှင့် ထိုထက်ပင် ပို၍မြင့်မားသော နယ်ပယ်များ ရှိနေသည်။

"ခုံးဝူတောက်က အခုမှ မွေးဖွားလာတာကို သူ့ကို လာပြီး ရန်စဖို့ အကြောက်အလန့်မရှိတဲ့ ကောင်တွေ ရှိနေပြီ..."

ရှေးဟောင်းဘိုးဘေးကြီး တစ်ပါးက အကြံပြုလိုက်သည်။

"ငါ့ရဲ့အမြင်အရတော့ ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက အရပ်မျက်နှာ အားလုံးက အဲ့ဒီသေးသိမ်တဲ့ လူတွေကို ဟန့်တားဖို့အတွက် ဒီကိစ္စကို ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်မြေတွေအားလုံးကို ကြေညာသင့်တယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တခြားသော ရှေးဟောင်းဘိုးဘေးကြီးများစွာ၏ သဘောတူညီချက်ကို ချက်ချင်းရရှိခဲ့သည်။

ခုံးဝူတောက်သည် မူလကတည်းက အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဂုဏ်ယူရဆုံး နတ်ဘုရားသားတော်ပင်။

ယခု၌ သူသည် သူ၏အိပ်မောကျရာမှ နိုးထလာပြီး ပြန်လည်ပေါ်ထွက်လာပြီဖြစ်ရာ သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေသည် သဘာဝကျကျပင် သူ့ကို ထောက်ခံအားပေးရပေမည်။ ထို့ပြင် သူတို့သည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များကိုပင် ထုတ်ပြန်ကြေညာရပေမည်။

ရှေးဟောင်းဘိုးဘေးကြီး ဆွေးနွေးနေကြစဉ် အချိန်လေဟာနယ် သူတော်စင်ခန်းမဘက်မှ လောကကြီးကို တုန်ခါစေသော မြည်ဟီးသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ရှေးဟောင်းဘိုးဘေးကြီးများသည် သူတို့၏ နတ်ဘုရားစိတ်အာရုံများကို ဖြန့်ကျက်လိုက်ပြီး အချိန်လေဟာနယ် သူတော်စင်ခန်းမဘက်သို့ စူးစမ်းလိုက်ကြ၏။

သို့သော် သူတို့၏မျက်စိရှေ့ရှိ မြင်ကွင်းက ရှေးဟောင်းဘိုးဘေးကြီးများအားလုံးကို အံ့အားသင့်သွားစေသည်။

သူတို့ မြင်တွေ့လိုက်ရသည်မှာ...

အချိန်လေဟာနယ် သူတော်စင်ခန်းမကို ဗဟိုပြု၍ ဟုန်မုန့်ခရမ်းရောင်ချီ စွမ်းအားလှိုင်းများသန်းရာပေါင်းများစွာ လှိုင်းထလာပြီး ပုံရိပ်ထင် ဟပ်လာသော နေ လနှင့် ကြယ်များမှ ခရမ်းရောင်အလင်းတန်းများ ကျဆင်းလာသည်။

ထို့ပြင် ဧရာမ ခရမ်းရောင်ချီသမုဒ္ဒရာကြီးထဲတွင် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များရှိ သက်ရှိအားလုံး၏ ပုံရိပ်ယောင်များ ထင် ဟပ်လာပြီး အချိန်လေဟာနယ် သူတော်စင်ခန်းမဆီသို့ ရိုသေကိုင်းရှိုင်းစွာ ဝပ်တွားနေကြကာ ကောင်းချီးမင်္ဂလာ အလင်းတန်းများ ကျဆင်းလာသည့်အလားပင်။

ဤအချိန်အခိုက်အတန့်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေရှိ လူများအားလုံး အံ့အားသင့်သွားရုံသာမက....

အချိန်လေဟာနယ် တားမြစ်နယ်မြေ နှင့် နီးစပ်သော တာအိုနယ်မြေများစွာရှိ သက်ရှိများပင်လျှင် ထိုသို့သော ခမ်းနား ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မယုံကြည်နိုင်မှု အမူအရာများကို ပြသနေကြသည်။

"ဒီ ဦးတည်ရာက... အချိန်လေဟာနယ် တားမြစ်နယ်မြေလား..."

"အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတာလဲ... ဘာလို့ ဒီလို ကြောက်စရာကောင်းတဲ့ ထူးခြားတဲ့ သဘာဝလွန်ဖြစ်စဉ်က ထပ်ပြီးထွက်ပေါ်လာရတာလဲ..."

အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ကြီးကျယ်ခမ်းနားသော ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်များ ဆက်တိုက်ပေါ်ထွက်လာခြင်းကို လူများ ပို၍ပို၍သတိထားမိလာကြသည်။

အိပ်မောကျနေသော ရှေးဟောင်းဘိုးဘေးကြီး များစွာသည် ဤကိစ္စကြောင့် နိုးထလာကြပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေကို ထိတ်လန့်မှု အပြည့်ဖြင့် ကြည့်နေကြ၏။

"ဒီအရှိန်အဝါက... မဟာတာအို နတ်ဘုရားရတနာတစ်ခု ထွပ်ပေါ်လာတာနဲ့ မတူဘူး... လူတစ်ယောက်က ကြောက်စရာကောင်းတဲ့ မူလရုပ်ခန္ဓာကိုယ်ကို နိုးထစေခဲ့တာနဲ့ တူတယ်..."

"ဒီလောက် ထူထပ်သိပ်သည်းတဲ့ ဟုန်မုန့်ခရမ်းရောင်ချီ... တစ်စုံတစ်ယောက်က ဒဏ္ဍာရီလာ မူလဘူတ မဟာတာအိုအရိုးကို နိုးထစေခဲ့တာ များလား..."

"မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်ဘူး..."

တစ်စုံတစ်ယောက်က ပြန်လည်ချေပလိုက်သည်။

"သမိုင်းမှတ်တမ်းတွေအရ မူလဘူတ မဟာတာအိုအရိုးက မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ် အတွင်းမှာပဲ ပေါ်ထွက်ခဲ့တာလေ... အခု ကောင်းကင်ဘုံတွေ အားလုံး ပြန်လည်သက်သာလာပြီ ဆိုပေမယ့် စိတ်ဝိညာဉ်ချီ အရည်အသွေးအရဆိုရင် မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ်ထက် အများကြီး နိမ့်ကျနေတုန်းပဲ..."

"ဒီခေတ်မှာ မူလဘူတ မဟာတာအိုအရိုးကို ဘယ်သူကများ နိုးထစေနိုင်မှာလဲ..."

"..."

တာအိုနယ်မြေ အမြောက်အများ၌ ဆူပွက်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ တက်ကြွစွာ ဆွေးနွေးနေကြသည်။

ဆက်တိုက်ဖြစ်ပေါ်နေသော မဟာတာအို၏ ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်များက လူတိုင်း၏အာရုံကြောများကို အနည်းငယ် တင်းမာသွားစေသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် မည်သည့် တည်ရှိမှုမျိုး မွေးဖွားလာသနည်း....

မည်သည်ကြောင့် ဤသို့သော ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်များ အဆက်မပြတ် ဖြစ်ပေါ်နေရသနည်း...

ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း...

ပြန်လည်ဝင်စားခြင်း မဟာဧကရီ ချူယွင်ရှီး၏ လှပသော မျက်လုံးများသည် အချိန်လေဟာနယ် တားမြစ်နယ်မြေဆီသို့ ကြည့်နေပြီး သူမ၏ ယခင်ဘဝမှ မှတ်ဉာဏ်များက သူမ၏ စိတ်ထဲတွင် ပြန်လည်၍ ထွက်ပေါ်လာသည်။

တာအိုနယ်မြေများ ဆူညံပွက်လောရိုက်နေသည့် ဤမြင်ကွင်းကို သူမ ဝေဝါးဝါး မှတ်မိနေဆဲပင်။

ကံမကောင်းစွာဖြင့်... အမှောင်ခေတ် ရောက်ရှိလာသည့်တိုင်အောင် ခုံးဝူတောက်သည် မည်သည့် မူလရုပ်ခန္ဓာကိုယ်ကို နိုးထစေခဲ့မှန်း သူမ မသိခဲ့ပေ။

သို့သော် သူမ၏ ယခင်ဘဝတွင် ခုံးဝူတောက်၏ အမျိုးမျိုးသော စွမ်းဆောင်ရည်များမှတစ်ဆင့် ဤသည်က ဒဏ္ဍာရီများထဲမှ ဟုန်မုန့်စွမ်းအားနှင့် သက်ဆိုင်သော ရုပ်ခန္ဓာကိုယ်တစ်ခုဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

သို့သော် ခုံးဝူတောက်သည် မူလဘူတ မဟာတာအိုအရိုး နှစ်ရာ့ခြောက်ခုကို နိုးထစေခဲ့လိမ့်မည်ဟု သူမ လုံးဝစိတ်ကူးယဉ်မိမည် မဟုတ်ပေ။

ထို့ထက်ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ခုံးဝူတောက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းတာအိုကိုလည်း ကျွမ်းကျင်ပုံရပြီး ထိုအရာသည် သူ၏ မူလရုပ်ခန္ဓာကိုယ်နှင့်လည်း ဆက်စပ်နေနိုင်သည်။

"အပြည့်အဝ ကြီးမားတဲ့ မူလရုပ်ခန္ဓာကိုယ် လေးခု... ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်မြေတွေမှာ မကြုံစဖူးပဲ..."

"ဒီလို ကြောက်စရာကောင်းတဲ့ တားမြစ်တည်ရှိမှု... သူက ကောင်းကင်ဘုံတွေမှာ ကြီးပွားတိုးတက်လာဖို့ အသေအချာပဲ..."

"ငါက အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို အလည်အပတ်သွားဖို့ ပြင်ဆင်ရမယ်..."

သို့သော် ပြန်လည်ဝင်စားခြင်း မဟာဧကရီသည် အခြားတစ်ခုခုကို တွေးမိသွားပုံရပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုများ ထင်ဟပ်လာသည်။

"ယန်အာကို ခုံးဝူတောက်အနား ကပ်ခိုင်းဖို့က အရမ်းစောလွန်းနေမလား..."

"ယန်အာရဲ့ပါရမီက ကြီးမားပေမယ့် သူက နည်းနည်းတော့ မောက်မာတယ်..."

"သူ့ရဲ့အလှအပနဲ့ အမျိုးသားတွေကို ထိန်းချုပ်နိုင်တယ်လို့ သူက အမြဲတမ်း စိတ်ကူးယဉ်နေတတ်တယ်..."

"ဒီကိစ္စရဲ့ အရေးကြီးပုံကို သူ့ကို သေချာ အလေးအနက်ထားပြီး ပြောပြရမယ်..."

ပြန်လည်ဝင်စားခြင် မဟာဧကရီသည်လည်း ဤကိစ္စကြောင့် အလွန်ဒုက္ခရောက်နေသည်။

ဤကိစ္စသည် အလွန်အရေးကြီးပြီး ခုံးဝူတောက်ထံသို့ သူမ ကိုယ်တိုင် သွားရောက်ချင်သည်။

သို့သော်... ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း ၏ ရှေးဟောင်းဘိုးဘေးကြီး တစ်ပါးအနေဖြင့် သူမ၏ရာထူးသက်တမ်းသည် ခုံးဝူတောက်ထက် များစွာသာလွန်နေသည်။

ထိုသို့သော မျိုးဆက်ဟောင်း အဆင့်အတန်းဖြင့် သူ့ထံ ချဉ်းကပ်ပါက အချိန်လေဟာနယ် တားမြစ်နယ်မြေက သတိထားမိပြီး သူမတွင် လျှို့ဝှက်ရည်ရွယ်ချက်များ ရှိသည်ဟု တွေးထင်ပါက သူမ သေချာပေါက် သေဆုံးရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ ယခင်ဘဝတွင် သေဆုံးသွားသည့်တိုင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ်သည် တကယ်တမ်း မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ မသိခဲ့ပေ။

All Chapters