← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

🫧 Chapter 1

"အားလုံးပဲ မင်္ဂလာပါ၊ ပရိတ်သတ်တို့မြင်တွေ့နေရတဲ့အတိုင်း ကျွန်တော်က‌တော့ ဝိညာဉ်တမန်တော်တစ်ဦး ဖြစ်ပါတယ်"

"ငရဲဘုံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို မြှင့်တင်ဖို့အတွက် ဒီနေ့ကစပြီး ကျွန်တော့်ရဲ့နေ့စဉ်အလုပ်ခွင်ကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ"

တိုက်ရိုက်လွှင့်ခြင်း စတင်လိုက်ပြီဖြစ်သည်။

လိုက်ဖ်မျက်နှာပြင်ပေါ်တွင် ပေါ်လာသူမှာ တစ်ကိုယ်လုံး အဖြူရောင်ဝတ်ဆင်ထားသော ကျန်းလင်ပင်။

အဖြူရောင်ဝတ်ရုံတစ်ခု 'တစ်ချက်မြင်ရုံနဲ့ စည်းစိမ်ကိုတိုးပွားစေတယ် ' ဟု ရေးသားထားသော အဖြူရောင်ဦးထုပ်နှင့် လက်ထဲတွင် အဖြူရောင် "ဝိညာဉ်ခေါ်တံပိုး" တစ်ခုကို ကိုင်ဆောင်ထားသည်။

[ Host က ပိုင်ဝူချန် ကို Cosplay လုပ်နေတာလား] ဟု မှတ်ချက်တစ်ခုက မေးမြန်းလာသည်။

ကျန်းလင်သည် ယနေ့မှ စတင်လွှင့်ခြင်းဖြစ်သောကြောင့် ကြည့်ရှုသူ သိပ်မများသေးပေ။

ယနေ့နံနက်ပိုင်းကပင် သူသည် ငရဲဘုံရှိ ဝိညာဉ်များနှင့် ဆက်သွယ်ပြောဆိုနေစဉ်...

ဤ 'ငရဲဘုံကုစားမှု တိုက်ရိုက်လွှင့်စနစ်' သည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။

ငရဲဘုံ၏ယဉ်ကျေးမှုအဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် သက်ဆိုင်ရာ ဆုလာဘ်များ ရရှိနိုင်မည်ဟု စနစ်ကဆိုသည်။

သူသည် ဝိညာဉ်တမန်တော်တစ်ဦးဖြစ်ပြီး၊ ငရဲဘုံယဉ်ကျေး မှု အဆင့်အတန်းဆိုသည်မှာလည်း လူတွေကို ငရဲဘုံအကြောင်း ပိုသိအောင်လုပ်ပေးခြင်းပင်ဖြစ်ရာ ၎င်းမှာ သူ့ရဲ့နေ့စဉ်အလုပ် မဟုတ်ပါလား ?

သူ့အလုပ်အတွက် အပိုဆုလာဘ်များပင် ရရှိနိုင်ဦးမည်ဖြစ်ရာ ကျန်းလင်သည် ဤအရံအလုပ်အပေါ် တော်တော်လေး စိတ်ကျေနပ်မိသည်။

လိုက်ဖ်ထဲသို့ လူများပိုမိုဝင်ရောက်လာကြ၏။

တိုက်ရိုက်လွှင့်သည့်အမည်မှာ 【မရဏလောကထဲက အံ့ဖွယ်နေ့ရက်များ】 ဖြစ်နေသည်ကို မြင်သောအခါ ကြောက်စရာကောင်းသည့် အရာတစ်ခုခုကို ထုတ်လွှင့်တော့မည်ဟု သူတို့ ထင်မှတ်နေကြသည်။

[Host က ဘယ်လို သရဲတစ္ဆေမျိုးတွေကို ပြမှာလဲ]

[သန်းခေါင်ယံကြီး၊ Host ရေ... ကြောက်စရာကောင်းတာလေး တစ်ခုလောက် လုပ်ပြပါဦး]

ယနေ့ညတွင် ကျန်းလင် အလုပ်သိပ်မရှိဘဲ ဝိညာဉ်လမ်းပြရမည့် တာဝန်နှစ်ခုသာ ရှိသည်။

သူသည် ပထမဆုံးတာဝန်ရှိရာနေရာသို့ သွားနေခြင်းဖြစ် သည်။

မကြာသေးမီနှစ်များအတွင်း ဆေးပညာတိုးတက်လာမှုကြောင့် သူတို့၏အလုပ်ပမာဏမှာ လျော့ကျသွားခဲ့သည်။

လိုက်ဖ်မှ မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းလင် တည်ငြိမ်စွာပြောလိုက်၏။

"Cosplay မဟုတ်ပါဘူး"

"ကျွန်တော်က အဖြူရောင်ဝိညာဥ်တမန်တော်ပါ၊ သမိုင်းထဲက ရှဲ့ပိအန်းတော့ မဟုတ်ဘူးပေါ့"

"ခဏနေရင် ဝိညာဉ်ကိုလမ်းပြပေးရတော့မှာမို့ ငရဲဘုံရဲ့ နေ့စဉ်ဘဝကို တစ်စေ့တစ်စောင်း ပြသပေးပါ့မယ်"

တိုက်ရိုက်လွှင့်သည့် ကိရိယာမှာ စနစ်မှအခမဲ့ပေးထားသည့် ပျံသန်းနိုင်သော အလုံးလေးအချို့ဖြစ်သည်။

၎င်းတို့မှာ ဝိညာဉ်များကို ရိုက်ကူးနိုင်ရုံသာမက ရုပ်မြင်သံ ကြားကဲ့သို့ ရှုထောင့်များကိုလည်း ပြောင်းလဲပေးနိုင်သည်။

မှတ်ချက်များကို ကြည့်ရန် သူခေါင်းလှည့်လိုက်သောအခါ ကင်မရာမှာ သူ့တစ်ကိုယ်လုံးရိုက်ချက်မှ မျက်နှာဆီသို့ အနီးကပ်ပြောင်းလဲသွား၏။

ကျန်းလင် မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး နှုတ်ခမ်းသည်သာလျှင် နှင်းဆီရောင်သမ်းနေသည်။

သူ့ အသားအရောင်နှင့် ယှဉ်လိုက်လျှင် သူ့ မျက်ဆန်များမှာ ပိုမှောင်မှိုက်နက်ရှိုင်းနေပုံရသည်။

ကျန်းလင်သည် လူသားဘဝတုန်းကလည်း ရုပ်ချောခဲ့သူဖြစ်သောကြောင့် ယခု ဝိညာဉ်ဖြစ်သွားချိန်တွင်မူ သူ့မျက်နှာမှာ ဗီလိန်ဆန်ဆန်ကျော့ရှင်းသော ဆွဲဆောင်မှု တစ်မျိုးတိုးလာခဲ့သည်။

မှတ်ချက်များ တရဟောတက်လာပြီး ကြည့်ရှုသူအရေ အတွက်မှာ တစ်ရာကျော်သွားပြီဖြစ်သည်။

[ဝိုး... သူက အရမ်းချောတာပဲ]

Big White Milk Candy က Lollipop ၉၉ ခု လက်ဆောင်ပေးလိုက်ပါပြီ!

[Big White Milk Candy: ငါတော့ Fan ဖြစ်သွားပြီ]

ကျန်းလင်သည် သူ့လက်ထဲမှ မှတ်စုစာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ငါးလွှာသို့ တိုက်ရိုက်ပျံတက်သွားကာ နံရံကို ဖောက်ဝင်သွားခဲ့သည်။

၎င်းမှာ ဟောင်းနွမ်းနေသော သားရေဆိုဖာတစ်ခုရှိသည့် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းဟောင်းတစ်ခုဖြစ်သည်။

သစ်သားလေးထောင့်စားပွဲတစ်ခုရှိပြီး ဧည့်ခန်းထောင့်တွင် ကတ်ထူပြားများနှင့် ပုလင်းခွံအလွတ်အချို့ စုပုံထား၏။

[ဟာ... ဟာ... သူ ဘယ်လိုဝင်သွားတာလဲ လိုက်ဖ်မှာ မြင်လိုက်တဲ့သူ ရှိလား]

[ဒါ Host ရဲ့ အိမ်လား]

[ဒါနဲ့လေ…Host ရဲ့ ခြေထောက်တွေ မြေကြီးနဲ့ လုံးဝမထိတာကို သတိထားမိတာ ကျွန်တော်တစ်ယောက်တည်းပဲလား]

[စဉ်းစားကြည့်ရင် ကြောက်စရာကြီး]

Big White Milk Candy မှလိုက်ဖ်ကို Share ပေးလိုက်ပါပြီ။

[ကောင်းတာလေးတွေကို အားလုံးနဲ့ မျှဝေရမယ်လေ၊ ငါ တစ်ယောက်တည်းတော့ အကြောက်မခံနိုင်ဘူး]

အချက်အလက်များအတိုင်း ကျန်းလင်သည် အိပ်ခန်းတစ်ခုအတွင်းသို့ ဝင်လိုက်သည်။

အခန်းထဲတွင် အဘိုးအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးသည် ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေကြ၏။

ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ် ကလေးငယ်မှာ ဘေး စောင်းအိပ်နေပြီး အဘိုးဖြစ်သူ၏လက်မောင်းကို ဖက်တွယ်ထားကာ တစ်ခါတစ်ရံ နှုတ်ခမ်းကို စူလိုက် လျော့သွားလိုက် လုပ်နေသည်။

ထို့‌ နောက် ကျန်းလင် မှတ်စုစာအုပ်ကို စစ်ဆေးလိုက်ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

"ဒီအဘိုးအိုက ခဏနေရင် ကွယ်လွန်တော့မှာပါ၊ သူ့ကို ငရဲဘုံဆီ ကျွန်တော် လမ်းပြပေးရမယ်"

"မိနစ် ၂၀ ပဲ လိုတော့တယ်"

...

မိနစ် ၂၀ ပြည့်ရန် ၁၀ မိနစ်အလိုတွင် ကုတင်ပေါ်မှ အဘိုးအိုမှာ လှုပ်ရှားလာသည်။

သူသည် မျက်လုံးဖွင့်လိုက်ပြီး အသာအယာ ထထိုင်ကာ ဘေးနားရှိ မြေးဖြစ်သူကို ကြည့်လိုက်သည်။

သူ့ မှုန်ဝါးနေသော မျက်လုံးများမှာ ခါတိုင်းထက် ကြည်လင် နေပုံရသည်။

သူသည် ထလာပြီး ဗီရိုဆီသို့ သွားကာ သူအမြဲ နှမြောတွန့်တိုနေခဲ့သော အဝတ်အစားသစ်များကို ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်သည်။

ထို့နောက် ရေချိုးခန်းမှန်ရှေ့တွင် ဂရုတစိုက် မျက်နှာသစ်ကာ ခေါင်းဖြီးလိုက်၏။

သူ့ခြေလှမ်းများမှာ ပေါ့ပါးနေပြီး သေအံ့ဆဲဆဲ လူတစ်ယောက်နှင့် လုံးဝမတူပေ။

လိုက်ဖ်မှ ကြည့်ရှုသူများ ဝေဖန်ထင်ကြေးပေးနေကြစဉ်တွင် ကျန်းလင် မှာမူ လက်ပိုက်လျက် အဘိုးအိုကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ပြင်ဆင်ပြီးနောက် အဘိုးအိုသည် သူ့ ဖုန်းအဟောင်းလေးကို ယူကာ ဖုန်းခေါ်လိုက်သည်။

"ဟေ့... သား၊ မနက်ဖြန် ပြန်လာခဲ့ဦး"

"အင်း... ကိစ္စလေး ရှိလို့ပါ၊ မင်းနဲ့ ရှောင်ရုံတို့ အတူတူအဆင် ပြေအောင်နေကြ၊ ကိစ္စသေးသေးလေးတွေနဲ့ ရန်မဖြစ်ကြနဲ့ဦး၊ သူ့အပေါ်မှာ ပိုပြီးအလိုလိုက်ပေးလိုက်ပါ"

ဖုန်းတစ်ဖက်မှ သားဖြစ်သူမှာ ညဉ့်နက်သန်းခေါင်မှ ဖုန်းဆက်ခြင်းဖြစ်သဖြင့် သူသည် အိပ်ချင်မူးတူးဖြင့် "အင်း... အဲ..." လုပ်ကာ ဖုန်းချပြီး ပြန်အိပ်သွားသည်။

အဘိုးအို သက်ပြင်းချလိုက်ပြီး ဘာတုံ့ပြန်မှုမှ မရှိတော့သော သူ့ဖုန်းကို အကြာကြီး ငေးကြည့်နေမိသည်။

"အဘိုး..."

ကုတင်ပေါ်မှ ကလေးငယ်မှာ မျက်လုံးပွတ်ကာ "အဘိုး... အဘိုးလည်း အပေါ့သွားချင်လို့လား"

ထိုအခါ အဘိုးအိုပြုံးကာ ခေါင်းညိတ်ပြပြီး မြေးဖြစ်သူ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။

"မျောက်ကလေး... စာကြိုးစားပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်လာပါစေနော်"

ကလေးငယ်က ခေါင်းညိတ်ကာ အိမ်သာသွားပြီးနောက် ကုတင်ပေါ် ပြန်တက်လာကာဗီရိုတွင် ကပ်ထားသော ထူးချွန်ဆု လက်မှတ်များကို လက်ညှိုးထိုးပြလိုက်သည်။

"အဘိုး... မစိုးရိမ်နဲ့နော်၊ သား နောက်ကျရင် ထူးချွန်ဆုတွေ အများကြီး ထပ်ယူပေးမယ်"

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ! ငါ့မြေး မျောက်ကလေးက ငါ့အတွက် ထူးချွန်ဆုကြီးတွေ ယူပေးမှာပေါ့"

အချိန်ပြည့်ရန် ၂ မိနစ်သာ လိုတော့သည်။ အိပ်ပျော်နေသော မြေးဖြစ်သူကို ကြည့်ရင်း အဘိုးအိုသည် မျက်ရည်များကို သုတ်လိုက်ကာ ကုတင်ခေါင်းရင်းကိုမှီလျက် မျက်လုံးမှိတ် လိုက်၏။

လရောင်က ပြတင်းပေါက်မှတစ်ဆင့် အဘိုးအိုပေါ်သို့ ကျရောက်လာစဉ်မှာပင် 'အဘိုးအို' သည် ရုပ်အလောင်းထဲမှ ဖြည်းညင်းစွာ ထရပ်လိုက်တော့သည်။

ကျန်းလင် ကိုယ်ကိုမတ်လိုက်ပြီး "သွားကြစို့" ဟု ပြောလိုက်သည်။

'အဘိုးအို' ခေါင်းညိတ်ပြကာ မထွက်ခွာမီ အိပ်ပျော်နေသော မြေးဖြစ်သူကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်သည်။

လရောင်သည် အခန်းအများစုကို လင်းထိန်စေနေခဲ့ကာ ကလေးငယ်မှာမူ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေဆဲဖြစ်၏။

အဘိုးအိုမှာမူ ကုတင်ခေါင်းရင်းကို မှီလျက် ငြိမ်သက်နေတော့သည်။

...

[ဒါကိုတော့ တစ်ပြားတန် အထူးပြုလုပ်ချက်လို့ခေါ်ရမယ်]

[တကယ်ကို အစစ်လိုဖြစ်လွန်းတယ်၊ တစ်ရှူးတစ်ထုပ်တောင် ကုန်သွားပြီ... ချီး...]

[ဒါက သေခါနီးမှာ အားအင်တွေ ပြန်တက်လာတာမျိုးလား၊ လူကြီးတချို့ဆို သူတို့ မသေခင်မှာ ကြိုသိကြတယ်လို့ ကြားဖူးတယ်]

[ဒါက တကယ် ဖြစ်နိုင်မလား]

[အပေါ်ကလူ... မင်းက နမော်နမဲ့နိုင်လိုက်တာ၊ တကယ်လို့ သရဲတွေ ရှိတယ်ဆိုရင်တောင် ကင်မရာနဲ့ ဘယ်လိုရိုက်လို့ ရမှာလဲ]

[Host က ပိုင်ဝူချန်ဖြစ်နေတာကို မမြင်ဘူးလား]

ကျန်းခယ့်သည် သဘာဝလွန် ဖြစ်ရပ်များအကြောင်း ဗီဒီယိုအတိုများ တင်ဆက်သည့် ဘလော့ဂါတစ်ဦးဖြစ်သည်။

သူသည် ထူးခြားဆန်းပြားသည့် ရုပ်ရှင်များကို ကြည့်ရသည်ကိုနှစ်သက်သော်လည်း စိတ်လှုပ်ရှား၍ သို့မဟုတ် ကြောက် ၍မဟုတ်ပေ။

သူ့ ဝါသနာမှာ ထိုရုပ်ရှင်များထဲမှ လူသားများ ပြုလုပ်ထားသည့် အထူးပြုလုပ်ချက်များနှင့် ရိုက်ကွင်းများယွင်းမှုများကို ရှာဖွေပြီးနောက် ဗီဒီယိုအဖြစ် ပြန်လည်ဖော်ထုတ်ရန်ဖြစ်သည်။

သူသည် ဗီဒီယိုအကြောင်းအရာသစ်များကို စဉ်းစားနေစဉ်မှာပင် သူ့ ဖန် တစ်ဦးက လိုက်ဖ်တစ်ခုကို မျှဝေလာသည်။

【မရဏလောကထဲက အံ့ဖွယ်နေ့ရက်များ 】

လိုက်ဖ်ထဲသို့ မဝင်ခင်မှာပင် ၎င်းမှာ ဘာအကြောင်းအရာဖြစ်မည်ကို သူ ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။

ဇာတ်ကောင်တစ်ခုခုကို Cosplay လုပ်ကာ အသံပြောင်းထားခြင်း သို့မဟုတ် တန်ဖိုးနည်း အထူးပြုလုပ်ချက်များဖြင့် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

သူ ထူးခြားတာလေးများ ရှိမလားဆိုပြီး ဝင်ကြည့်လိုက်ခြင်းသာ။

စိတ်ဝင်စားစရာကောင်းမည်ဆိုလျှင် သူ ဗီဒီယိုလုပ်ရန် အကြောင်းအရာအသစ်ရရှိမည်ဖြစ်သည်။

လိုက်ဖ်ထဲသို့ဝင်လိုက်သောအခါ ကျန်းခယ့်သည် ကျန်းလင် တစ်ထပ်မှ ငါးထပ်သို့ ရုတ်တရက် ခုန်တက်သွားပြီး လူနေတိုက်ခန်းတစ်ခုထဲသို့ဝင်သွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် ၎င်းတို့ သရဲဇာတ်လမ်းတစ်ခုကို ကိုယ်တိုင်ဖန်တီးပြီး သရုပ်ဆောင်နေကြသည်ကို မြင်ရပြန်သည်။

ထိုကဲ့သို့ အကြောင်းအရာများကို ရုပ်ရှင်များထဲတွင် သူ မရေမတွက်နိုင်အောင် မြင်ဖူးပြီးသားဖြစ်၏။

ခဏကြာ ကြည့်ပြီးနောက် သူ ငြီးငွေ့လာပြီး ကီးဘုတ်ကို ကိုင်ကာ စတင်ရိုက်နှိပ်လိုက်သည်။

[ကျန်းခယ့် : မြင်ကွင်းတွေက တကယ့်ကို လက်တွေ့ကျပါတယ်၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကလည်း ကောင်းမွန်သလို ငါးပြားတန် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးအဆင်ပြေပါတယ်၊ ဒါပေမဲ့ ထူးခြားတာတော့ ဘာမှမရှိပါဘူး]

🫧 Chapter 2

[ကျန်းခယ့် : မြင်ကွင်းတွေက တကယ့်ကို လက်တွေ့ကျပါတယ်၊ သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုကလည်း ကောင်းမွန်သလို ငါးပြားတန် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးအဆင်ပြေပါတယ်၊ ဒါပေမဲ့ ထူးခြားတာတော့ ဘာမှမရှိပါဘူး]

[ပထမထပ်ကနေ ငါးထပ်ကို တက်သွားတာက ရိုးရှင်းပါတယ်၊ ကင်မရာက Host ဆီမှာပဲ အမြဲရှိနေတာ မဟုတ်ဘူးလေ၊ ကျွန်တော်တို့ ခန့်မှန်းကြည့်လို့ရတာကတော့ Host ပထမထပ်မှာ ရပ်နေတဲ့အချိန်မှာ နောက်တစ်ယောက်က ငါးထပ်မှာ ကြိုစောင့်နေတာမျိုးပေါ့]

[နံရံကို ဘယ်လို‌ ဖောက်ဝင်လဲဆိုတာကို ကြည့်ဦးမလား ? ကင်မရာကို ပိတ်လိုက် ဖွင့်လိုက်လုပ်ရုံနဲ့လုပ်လို့ရတာပဲ။ ဝိညာဉ်က ခန္ဓာကိုယ်ကနေထွက်ခွာတာ ဆိုတာမျိုးကရော... အခုခေတ်မှာ ငါးပြားတန် အထူးပြုလုပ်ချက်တွေက ရှားလို့လား]

(TL/note : ငါးပြားတန် အထူးပြုလုပ်ချက် = ဈေးပေါပေါ special effects)

ပြောရင်းဆိုရင်းနှင့်ပင် အလုပ်လုပ်ချင်သည့်ရောဂါကထ ကြွလာခဲ့သည်။ ထို့ကြောင့် ကျန်းခယ့်သည် ဤအချက် အလက်များကို စုစည်းတည်းဖြတ်လိုက်ပြီး ဗီဒီယိုအသစ်တစ်ပုဒ် ဖန်တီးလိုက်၏။

သိမ်းဆည်းမည်၊ upload လုပ်ရမည်၊ ထိုအရာ အားလုံးက တစ်ထိုင်တည်းနှင့်ပင် ပြီးမြောက်သွားသည်။

သူက ဗီဒီယိုအတွက် အချက်အလက်များ ရရှိသွားပြီးနောက် Live Room ထဲမှ ထွက်ခွာသွားတော့၏။ သူ့အတွက်တော့ ဆက်ကြည့်နေဖို့ အဓိပ္ပာယ်မရှိတော့ပေ။

...

ကျန်းခယ့်၏ ကျွမ်းကျင်သောအကဲဖြတ်ချက်များ ထွက်ပေါ်လာပြီးနောက် ကြည့်ရှုသူအများအပြားက လိုက်ခ်ပေးကြပြီး မိမိတို့၏ထင်မြင်ချက်များကို စတင်ရေးသားလာကြတော့သည်။

[အတုဆိုတာ သေချာသလောက် ရှိပေမဲ့ သရုပ်ဆောင်တွေရဲ့ အရည်အချင်းကတော့ တကယ်အားရစရာပဲ]

[Host ငှားထားတဲ့ သရုပ်ဆောင်တွေရဲ့ အခကြေးငွေက မနည်းလောက်ဘူးထင်တယ်]

နို့သကြားလုံးက Host ကို Cake တစ်ခု လက်ဆောင်ပေးလိုက်ပါပြီ။

[နို့သကြားလုံး : Host ရဲ့ Live က ကျွန်မရဲ့ အဘွားကိုသတိ ရစေတယ်။ သူ မဆုံးခင်တုန်းကလည်း အခုလိုပဲ အားအင်တွေ ပြန်ပြည့်လာပြီး ဖျတ်ဖျတ်လတ်လတ် ရှိနေခဲ့တာ၊ ဖျာပေါ်မှာ ခဏလောက် အနားယူမယ်လို့ပြောပြီး လှဲလိုက်ရာကနေ... (ငိုနေသော emoji ဖြင့်)]

မူယန်ရှို့က Host ကို တစ်ရှူး တစ်ထုပ် လက်ဆောင်ပေးလိုက်ပါပြီ။

[Host က ဒီလောက်ညကြီးမင်းကြီး မြို့ပြင်ကို သွားနေတာလား ဒါက သရဲထွက်ဖမ်းဖို့ ပြင်နေတာလား]

[အပေါ်ကလူ ဘာတွေပြောနေတာလဲ၊ Host က ဒီည ဝိညာဉ်လမ်းပြပေးရမယ်လို့ ပြောထားတယ်လေ၊ ဒါက 'အဝါရောင်ရေပန်းလမ်း' ပဲဖြစ်မှာပေါ့]

...

လိုက်ဖ် ကင်မရာ၏မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြီး အဖြူရောင်ဝတ်စုံနှင့် ကျန်းလင်အား။လင်ချန်မြို့၏ မြို့ပြင်တစ်နေရာတွင် တွေ့ကြရ၏။

ဤကဲ့သို့ တောကျသောနေရာမျိုးသို့ ပုံမှန်အားဖြင့် စက်ဘီးစီးထွက်သည့် လူငယ်အချို့မှလွဲ၍ မည်သူမျှလာလေ့မရှိပေ။

ပျော်ပွဲစားထွက်သူများပင် ဤနေရာသို့ မလာကြချေ။

ထို့ကြောင့် ညသန်းခေါင်ယံတွင် လူသူကင်းမဲ့နေပြီး လမ်းဘေးမီးတိုင်အောက်တွင် ဝဲပျံနေသော ခြင်အုပ်ကြီးသာရှိတော့သည်။

ကျန်းလင် Live Room ကို တစ်ချက်ကြည့်လိုက်သည်။

မယုံကြည်ကြသူများအတွက် သူ အထူးတလည် ရှင်းပြမနေတော့ပေ။

'ကြည့်ရှုသူအရေအတွက် တစ်သောင်းပြည့်လျှင် ဆုလာဘ်ရမည် ဖြစ်သော်လည်း...

တိုက်ရိုက်လွှင့်ခြင်းက သူ့အတွက် ဘေးထွက်အလုပ်သာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လူတွေကအစစ်အမှန်ကို သိလာကြမည်ဖြစ်သည်။ သို့ဖြစ်ရာ များများပြောနေလည်း အကျိုးမရှိပါချေ။

သူ အလုပ်မှတ်စုစာအုပ်လေးကို သိမ်းလိုက်ပြီး ရှေ့ရှိ ကွန်ကရစ်လမ်းမကြီးကို ကြည့်ကာပြောလိုက်သည်။

"ပထမဆုံး ဝိညာဉ်ကိုတော့ ကျွန်တော် လက်ခံရရှိပြီးပါပြီ၊ ၁၂:၄၃ နာရီမှာ ကျွန်တော်တို့ ဒုတိယမြောက်ဝိညာဉ်ကို ထပ်မံလက်ခံရရှိပါလိမ့်မယ်"

"ဝိညာဉ်နှစ်ခုလုံးရပြီဆိုမှ 'အဝါရောင်ရေပန်းလမ်း' ဆီ အတူတူ ပို့ဆောင်ပေးသွားမှာပါ"

ပထမဆုံး အဘိုးအို၏ဝိညာဉ်ကိုမူ သူ့ခါးကြားရှိ ဝိညာဉ်သိုလှောင်အိတ် ထဲသို့ ထည့်သွင်းထားပြီးဖြစ်သည်။

၂၄ နာရီအတွင်း 'အဝါရောင်ရေပန်းလမ်း' သို့ ခေါ်ဆောင် သွားနိုင်လျှင် ဝိညာဉ်များအတွက် မည်သည့်ထိခိုက်မှုမျှ ရှိမည်မဟုတ်ပါချေ။

သို့မဟုတ်ပါက ဝိညာဉ်များတွင် လူ့လောက၏အငွေ့အသက်များ စွဲကပ်သွားလျှင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။

...

လမ်းမကြီးပေါ်တွင် ကားလေးတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်လာ၏။

မောင်းနှင်သူမှာ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး နောက်ခန်းတွင် ပန်ဒါအရုပ်လေးကို ဖက်ထားသည့် ဆံပင်နှစ်ဖက်ကျစ်ထားသော ချစ်စရာကောင်းသည့် မိန်းကလေးငယ်လေး တစ်ဦး ထိုင်နေသည်။

"ဘာလို့ ငါ ညတိုင်း ဒီလောက် နောက်ကျမှပြန်လာရလဲ ဟုတ်လား ငါ အလုပ်မလုပ်ဘဲ နင့်ရဲ့လစာလေးနဲ့ဆို ငါတို့သားအမိနှစ်ယောက် ထမင်းစားရပါ့မလား "

အမျိုးသမီးလေးက ကားမောင်းရင်း အော်ဟစ်နေသည်။ သူမ နားကြပ်လေးက လင်းလက်နေသည်ကိုကြည့်လျှင် ဖုန်းပြောနေသည်မှာ ထင်ရှားသည်။

"နင်က သမီးအကြောင်း သိသေးလို့လား ငါ တစ်ယောက် တည်း အလုပ်လည်းလုပ်၊ ကလေးလည်းထိန်းရတာ၊ ငါ့ကို ဘယ်လိုလုပ်စေချင်တာလဲ"

"ဖန့်ဝေတုန်း... နင် လင်မယားကွာရှင်းချင်တာလား၊ ကောင်းပြီလေ၊ ငါ ပြန်ရောက်လာတဲ့အထိ စောင့်နေ၊ နင်..."

ရှေ့တည့်တည့်မှ စူးရှသော အလင်းဖြူကြီးတစ်ခုထိုးလာသဖြင့် အမျိုးသမီး‌က မျက်လုံးကို မှေးလိုက်မိသည်။

ကျွီ......

တာယာနှင့် လမ်းမကြီးပွတ်တိုက်သံနှင့်အတူ ကားမှောက်သွားသည့် အသံကြီးထွက်ပေါ်လာကာ ကားလေးမှာ နှစ်ပတ်ခန့် လိမ့်သွားပြီး လမ်းဘေးရှိမြက်တောထဲသို့ ရောက်ရှိသွားတော့သည်။

ကုန်တင်ကားကြီးက ဘရိတ်အုပ်လိုက်သော်လည်း ခဏမျှ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် လီဗာကိုနင်းကာ အရှိန်မြှင့်၍ မောင်းထွက်သွားတော့၏။

...

[ဟ...တိုက်ပြီး ထွက်ပြေးတာပဲ]

[ဟာ... ဒါကရော ကိုယ်တိုင် ဇာတ်လမ်းဆင်ထားတာ မဟုတ်ဘူးမလား]

[ကျွန်တော် ကားနံပါတ်ကို မှတ်ထားလိုက်ပြီ]

Live Room ထဲရှိလူများမှာ မျက်လုံးပြူးမျက်ဆံပြူးဖြစ် သွားကြသည်။

ဤကဲ့သို့ မြင်ကွင်းမျိုးကို လိုက်ဖ်ထဲတွင် မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားကြပေ။

ကားလေးထဲတွင် မည်သည့်လှုပ်ရှားမှုမျှမရှိတော့။

မကြာမီမှာပင် မြက်တောထဲသို့ သွေးများ စီးကျလာတော့သည်။

[ဟယ်လို၊ ရှုရန်... နင် ဘာဖြစ်သွားတာလဲ]

[ရှုရန် ၊ တုတု]

ကားအောက်ခြေသို့ လွင့်စင်သွားသော Bluetooth နားကြပ်လေးက လင်းလက်နေဆဲ ဖြစ်သော်လည်း မည်သူမျှ ပြန်မထူးတော့ပေ။

နာရီလက်တံက တစ်စက္ကန့်ချင်းစီ ရွေ့လျားလာပြီး နောက်ဆုံး တွင် ၁၂:၄၃ သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ကားထဲမှ သေးငယ်သော အရိပ်လေးတစ်ခုလွင့်ထွက်လာ၏။

မိန်းကလေးငယ်လေး၏လက်ထဲရှိ ဝက်ဝံရုပ်လေးမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကုန်တင်ကားကြီး ဝင်တိုက်ခါနီးအချိန်တွင် သူမ အမေက သတိမထားမိခဲ့သော်လည်း... သူမက ကားကိုမြင်ခဲ့သည်။သို့သော် သတိပေးရန်အချိန်မရှိခဲ့၍ သူမသည် အရှေ့သို့တိုးသွားကာ မိခင်ဖြစ်သူ၏ခေါင်းကိုပွေ့ဖက်၍ ကာကွယ်ပေးခဲ့သည်။

မိန်းကလေးငယ်လေးက အဖြူရောင်ဝတ်စုံနှင့်အစ်ကိုကြီးကို ကြည့်ကာ... သူ့ ဝတ်ရုံစကိုဆွဲလိုက်သည်။

"အစ်ကိုကြီး... သမီး အမေကို ကာကွယ်ပေးနိုင်ခဲ့ရဲ့လားဟင်"

မိန်းကလေးငယ်လေး၏ရုပ်သွင်မှာ လူရုပ်ပင် မပေါက်တော့ ချေ။

ကွဲအက်နေသော မှန်စများက သူမ၏မျက်နှာနှင့် လက်များတွင် စိုက်ဝင်နေသည်။ အသက်အန္တရာယ်ကိုအပေးနိုင်ဆုံးမှာ သူမ လည်ပင်းတွင် စိုက်ဝင်နေသော မှန်စအကြီးကြီး ဖြစ်သည်။

သွေးများ တသွင်သွင်စီးကျနေ၏။ မျက်နှာတွင် သွေး၊ လက်မောင်းတွင် သွေး၊ သူမ၏အပြာရောင် ဂါဝန်လေးမှာ အနီရောင်သို့ ပြောင်းလဲလုနီးပါးဖြစ်နေပြီ။ သို့သော် သူမ မေးနေသည်မှာ...

'သမီး အမေကို ကာကွယ်ပေးနိုင်ခဲ့ရဲ့လား' ဆိုသည်ကိုပင်။

ကျန်းလင် ကလေးငယ်၏ခေါင်းကို ပွတ်ပေးလိုက်ပြီး

"အင်း..."ဟု တစ်လုံးတည်း ဖြေလိုက်သည်။

"ဟူး...ဒါဆိုရင် တော်သေးတာပေါ့"

ထိုအခါ မိန်းကလေးငယ်လေးက ပြုံးပြလိုက်ကာ သက်ပြင်းချလိုက်၏။

Live Room ထဲမှ လူများမှာမူ တစ်ရှူးဘူးကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီဖြစ်သည်။

[ဟီးး... တကယ့်ကို နတ်သမီးလို ကလေးမလေးပါပဲ...]

[ဒါကသာ အထူးပြုလုပ်ချက် ဖြစ်မယ်ဆိုရင် ကျွန်တော် Host ကို ဒူးထောက်ကန်တော့လိုက်မယ်]

[ဇာတ်လမ်းနာမည်နဲ့ ကွက်တိပဲ၊ စိတ်ဓာတ်ကျစရာ လိုက်ဖ် ကြီးပါလား]

[ကျွန်တော် ရဲကို အကြောင်းကြားလိုက်ပြီ၊ Host ရေ... ဒါက အတုဆိုရင်လည်း မြန်မြန်ရှင်းပြလိုက်ပါဦး]

...

မိန်းကလေးငယ်လေး၏ပုံစံကို မြင်တွေ့ရပြီးနောက် လိုက်ဖ် ထဲမှ လက်သွက်သူအချို့မှာ ရဲစခန်းနှင့် ဆေးရုံသို့ဖုန်းဆက်နေကြပြီဖြစ်သည်။

မြင်ကွင်းက တကယ့်ကိုလက်တွေ့ကျလွန်းလှ၍ ဖုန်းဆက်ကြသောကြောင့် ညဉ့်နက်ပိုင်းတွင် ရဲစခန်းနှင့် ဆေးရုံမှဖုန်းများ ဆက်တိုက်ဆိုသလို မြည်လာတော့သည်။

ရဲစခန်းတွင် ကျိုးကျိကော်သည် ဖုန်းတစ်လုံးကို ချလိုက်ရုံရှိသေး၊ ဖုန်းပြန်မြည်လာပြန်သည်။

"ဟယ်လို၊ ဒါ လင်ချန် ရဲစခန်းခွဲကပါ"

"ကျွန်တော် တိုင်ချက်ဖွင့်ချင်လို့ပါ၊ အခုလေးတင် လင်ချန်မြို့ပြင်မှာ H မြို့ဘက်ကို သွားတဲ့လမ်းမှာ ကားတိုက်ပြီး ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်! ကားနံပါတ်က Lxxxxx ပါ!"

"ကုန်တင်ကားကြီးက ကားလေးကို ဝင်တိုက်သွားတာလား"

ဟု ကျိုးကျိကော်က မေးလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်"

အချက်အလက်များကိုသိရှိပြီးနောက် ကျိုးကျိကော်နှင့် သူ၏အဖွဲ့သားများက ချက်ချင်းစတင်စုံစမ်းကြတော့သည်။

လိုက်ဖ် ထဲတွင် ကြည့်ရှုသူ များပြားလာသည်နှင့်အမျှ လူအချို့ကလည်း 'အလွန်အမင်း သွေးထွက်သံယို ဖြစ်သည်' ဟူသော အကြောင်းပြချက်ဖြင့် Live ကို Report ထုနေကြသည်။

...

ကျန့်လင်း လက်ကမ်းပေးလိုက်ပြီး "သွားကြစို့" ဟု ခေါ်လိုက်သည်။

"သမီးတို့ ဘယ်ကိုသွားကြမှာလဲ အစ်ကိုကြီး"

မိန်းကလေးငယ်လေးသည် ကျန့်လင်း နောက်သို့ နှစ်လှမ်းခန့် လိုက်ပါသွားပြီးမှ ရုတ်တရက်ပြန်ရပ်လိုက်သည်။

"ခဏလေးပါ အစ်ကိုကြီး၊ သမီးရဲ့ဝက်ဝံရုပ်လေး မပါသေးဘူး"

ပြောပြောဆိုဆိုနှင့် ကျန့်လင်းလက်မှ ရုန်းထွက်ကာ ကားလေးဆီသို့ ပြေးသွားတော့သည်။

သူမမှာ ရုပ်ဝတ္ထုခန္ဓာကိုယ် မရှိတော့သဖြင့် ကားထဲသို့ လွယ်လွယ်ကူကူပင် ဖောက်ဝင်သွားသည်။ ကျန့်လင်း တားဆီးရန်ပင် အချိန်မရလိုက်ပေ။

ဝက်ဝံရုပ်လေးကို ရပြီးနောက် မိန်းကလေးငယ်လေးလှည့်ကြည့်လိုက်ချိန်တွင်... ကားမောင်းသူနေရာမှ မြင်ကွင်းကို မြင်တွေ့လိုက်ရ‌တော့သည်။

'သူမ' သည် မိခင်ဖြစ်သူ၏ခေါင်းကို ပွေ့ဖက်ထားပြီး တစ်ကိုယ်လုံးတွင် မှန်စများစိုက်ဝင်နေလေသည်။ နေရာအနှံ့တွင် ပြန့်ကျဲနေသောသွေးစများ...

သူမသည် ထိုနေရာတွင် ငေးမှိုင်ရပ်နေမိနေကာ တခဏချင်း ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက စတင်နာကျင်လာတော့ သည်။ မျက်နှာ၊ လည်ပင်း ၊ လက်များကလည်းလည်း နာကျင်လာသည်။

"သမီး သေသွားပြီလား"

"ဟင့်အင်း... သမီး အမေ့နားက မခွာချင်ဘူး"

ကျန်းလင်ရောက်လာသည်ကို မြင်သောအခါ မိန်းကလေးငယ်လေးသည် မိခင်ဖြစ်သူ၏လည်ပင်းကို ပြေးဖက်လိုက်သည်။

"သမီး မသွားချင်ဘူး"

ထိုစဉ်မမြင်ရသော သရဲဝိညာဉ်အငွေ့အသက် ယင်ချီများ စုစည်းလာပြီး လိုက်ဖ်မြင်ကွင်းထဲတွင် လေပြင်းများစတင်တိုက်ခတ်လာတော့သည်။

All Chapters