← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

🫧 Chapter 3

ညဉ့်နက်သန်းခေါင်ယံ၌...

မြို့ပြင်တွင် လေပြင်းများ တဟူးဟူး တိုက်ခတ်နေ၏။

တုတုလေး၏ တစ်ကိုယ်လုံးကို အနက်ရောင် မြူခိုးများ ဖုံးလွှမ်းသွားကာ သူမ မျက်နှာပေါ်တွင် သွေးမျက်ရည်များ စီးကျလာပြီး သူငယ်အိမ်ထဲတွင်လည်း နီရဲသောအလင်း တန်းများ ဖျတ်ခနဲ ဖျတ်ခနဲနှင့် တလက်လက် ပေါ်နေသည်။

၎င်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်၏။

Host ဘာမှ ရှင်းပြနေစရာမလိုဘဲ ကြည့်ရှုသူများ အားလုံး သိလိုက်ကြသည်။

ဤဝိညာဉ်လေးသည် 'ရန်ငြိုးဖွဲ့ဝိညာဉ်' အဖြစ် ပြောင်းလဲတော့မည်ဖြစ်သည်။

ကျန်းလင် မျက်မှောင်ကြုတ်လိုက်သောအခါ သူ့လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုးမှာ လေထဲမှ ဗလာနယ်အတွင်း ရုတ်တရက် ပေါ်ထွက်လာပြီး ထိုတံပိုးပေါ်တွင် ထိတွေ့ကိုင်တွယ်၍ ရလု နီးပါး ထူထပ်လှသော ယင်ချီ ဝိညာဉ်အငွေ့အသက်များ ကိန်းအောင်းနေကာ ၎င်းမှာ ကလေးမလေး၏ယင်ချီ ထက် အဆပေါင်းများစွာပိုမိုပြင်းထန်လှ၏။

ဝိညာဉ်ခေါ်တံပိုးသည် တောင်တန်းကြီးတစ်ခု ပြိုကျလာသကဲ့သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီးနောက် ကလေးမလေး၏ငယ်ထိပ်တည့်တည့်သို့ အသာအယာတို့ထိလိုက်သည်။

တစ်ခဏချင်းမှာပင် ကလေးမလေး ဘေးပတ်လည်ရှိ အမည်းရောင် အငွေ့အသက်များမှာ လွင့်စင်ထွက်သွားပြီး သူမ မျက်လုံးများမှာလည်း ပုံမှန်အတိုင်းပြန်လည်ကြည်လင်လာတော့သည်။

"စိတ်အေးအေးထား၊ မင်း ဒီအတိုင်းဆက်ဖြစ်နေရင် မင်းအမေကိုပါ ဒုက္ခပေးမိလိမ့်မယ်"

ကျန်းလင် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

သူ့ မျက်နှာထက် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းအရိပ်အ ယောင်များမရှိပေ။

ဤကဲ့သို့သောဖြစ်ရပ်မျိုးကို သူ မရေမတွက်နိုင်အောင်မြင်တွေ့ဖူးပြီးသားဖြစ်သည်။

ဝိညာဉ်ခေါ်တံပိုးသည် ဝိညာဉ်များကို ထုံထိုင်းသွားအောင် လုပ်နိုင်သလို၊ အသိစိတ်ပြန်ဝင်လာအောင်လည်း စွမ်းဆောင်နိုင်သည်။

ကလေးမလေး သတိပြန်ဝင်လာသောအခါ ကားလေးကို မခွာနိုင်မခွာရက် ငေးကြည့်ရင်းမေးရှာသည်။

"အစ်ကိုကြီး... သမီး သွားလိုက်ရင် အမေနဲ့ ဘယ်တော့မှပြန်မတွေ့ရတော့ဘူးလားဟင်"

"မင်း အကောင်းဆုံးလုပ်ပေးခဲ့ပြီးပါပြီ"

ထိုနောက်ကျန်းလင်သည် ကလေးမလေး၏လက်ကို ဆွဲကာ တဖြည်းဖြည်း ဝေးရာသို့ ထွက်ခွာလာခဲ့သည်။

ပတ်ဝန်းကျင်အနေအထားမှာ မည်သည့်အချိန်က စတင်၍ ဝေဝါးလာသည် မသိတော့ပေ။

[Host ကတော့ ကြမ်းပြီ]

[ဒီဝိညာဉ်ခေါ်တံပိုးထုတ်လာတာက တော့ သရုပ်ဆောင်တာ တကယ်ပီပြင်တယ်]

[အမှန်အတိုင်း ပြောရရင် ခုနက Host တံပိုးကြီးကို မြှောက်လိုက်တုန်းက အဲ့ဒီ ကောင်မလေး ခေါင်းကို ရိုက်ခွဲတော့မယ် ထင်နေတာ]

[ကျွန်တော်လည်း အဲ့လိုပဲ ထင်တာ၊ အသက်တောင် ဝအောင် မရှူရဲဘူး]

Live Room ထဲရှိ ကြည့်ရှုသူများမှာ ယခုမှပင် သက်ပြင်းချနိုင်ကြတော့သည်။

ခုနက တံပိုးကြီးကို မြှောက်လိုက်သည့် အရှိန်အဟုန်မှာ စစ်သည်တော် အင်အားသောင်းချီကို ရင်ဆိုင်နေရသကဲ့သို့ ပြင်းထန်လွန်းလှသဖြင့် ထိုသို့ ရိုက်ချလိုက်လျှင် ကောင်မ လေးမှာ ပျောက်ကွယ်သွားတော့မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြခြင်းဖြစ်သည်။

[အမှန်အတိုင်းပြောရရင် Host က တော်တော်လေး ကြင်နာတတ်သားပဲ]

[အပေါ်ကလူပြောတာ ထောက်ခံတယ်]

[ဟော... ဟိုမှာ ကြည့်ဦး၊ လမ်းဘေးက အနီရောင် ပန်းလေးတွေမှာ အရွက် တစ်ရွက်မှမရှိဘူး၊ ဒါက 'ပိအန်း,ပန်း' (ပင့်ကူနီလီလီပန်း) မလား]

လိုက်ဖ် မြင်ကွင်းက မည်သည့်အချိန်တွင် ပြောင်းလဲသွားသည် မသိရဘဲ သူတို့ရှေ့တွင် ကျောက်တုံးအမျိုးမျိုးဖြင့် စီခင်းထားသော လမ်းမကြီးတစ်ခုသာ ရှိတော့သည်။

ထိုလမ်းပေါ်တွင် ဝိညာဉ်တန်းကြီးမှာ တဖြည်းဖြည်းချင်း ရှေ့သို့ ချီတက်နေကြ၏။

လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင်မူ အရွက်မရှိဘဲ အပွင့်သာရှိသော ပင့်ကူနီလီလီပန်းများမှာ ဝေဝေဆာဆာ ပွင့်လန်းနေကြသည်။

သွေးရောင်ကဲ့သို့ နီရဲလှပလွန်းလှသဖြင့် လူ့စိတ်ကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလှသည်။

[ဘုရားရေ 'ပန်းပွင့်ချိန်မှာ အရွက်မရှိ၊ အရွက်ရှိချိန်မှာ ပန်းမပွင့်၊ တစ်သက်လုံး လွမ်းဆွတ်နေရပေမဲ့ ထာဝရ ဝေးကွာနေရတယ်' ဆိုတာ ဒါပါလား]

[ဒါက အဝါရောင်ရေပန်းလမ်း လား ပြင်ဆင်ထားတာ တကယ်ကို လက်တွေ့ကျလွန်းတယ်]

[ဘုရားရေ... တစ်ယောက်ယောက်ကသာ အဲ့ဒီလမ်းက ပန်းတစ်စည်းကို ငါ့ကို လာပေးရင် ငါ သူ့ကို ယူလိုက်မှာ၊ အရမ်းလှလွန်းတယ်]

[အပေါ်ကလူ... ဒါက အဝါရောင်ရေပန်းလမ်းနော်၊ သတိလေး ဘာလေးထားဦး]

ကျန်းလင် အဘိုးအိုနှင့် မိန်းကလေးငယ်ဝိညာဉ်နှစ်ခုကို လွှတ်ပေးလိုက်သည်။ ထိုအခါ သူတို့နှစ်ဦးမှာ လမ်းညွှန်စရာ မလိုဘဲ ဝိညာဉ်တန်းကြီး၏အနောက်ဆုံးသို့ ဝင်ရောက်ကာ လိုက်ပါသွားကြတော့သည်။

ဝိညာဉ်များကို ဤနေရာအထိ ပို့ဆောင်ပေးပြီးလျှင် ကျန်းလင် အလုပ်မှာ ပြီးမြောက်ပြီဖြစ်သည်။

သူ လေထဲတွင် လက်ပိုက်လျက် ဝိညာဉ်တန်းကြီးကို အပေါ်စီးမှ ကြည့်လိုက်ကာ ပရိတ်သတ်မျအားရှင်းပြလိုက်၏။

"ဒါက အဝါရောင်ရေပန်းလမ်းပါ။ လူ တွေသေပြီးနောက် ဝိညာဉ်တွေက ဒီကနေတစ်ဆင့် ဝင်ရတာပါ။ ရှေ့မှာတော့ 'နိုင်းဟယ်တံတား' ၊ 'စန်းရှန့်ကျောက်တုံး' (သုံးဘဝကျောက်တုံး) နဲ့ 'မုန့်‌ပေါ်ဟင်းရည်' တိုက်တဲ့နေရာတို့ ရှိပါတယ်"

ကျန်းလင် ရှင်းပြနေစဉ်မှာပင် လိုက်ဖ်လူကြည့်နှုန်းမှာ တရဟောမြင့်တက်လာခဲ့သည်။

[ဒင် ... စနစ်ပိုင်ရှင်၏ ပထမဆုံး လိုက်ဖ်တွင် လူကြည့်နှုန်း တစ်သောင်း ပြည့်သွားသည့်အတွက် ဂုဏ်ယူပါသည်]

[ဆုလာဘ် - အမှတ် ၅၀ဝ ]

[ဒင်... အိမ်ရှင်မှ ငရဲဘုံနယ်မြေ (အဝါရောင်ရေပန်းလမ်း) ကို လူအများသိအောင် ဖြန့်ဝေပေးသည့်အတွက် အမှတ် ၁၀ဝ ထပ်ပေါင်းပေးပါသည်]

[ဒင်... အိမ်ရှင်၏အမှတ် ၁၀ဝ ကျော်သွားသဖြင့် ကုန်တိုက် ကို ဖွင့်လှစ်ပေးလိုက်ပါပြီ]

ကျန်းလင်မှာ ခဏမျှ ဆွံ့အသွားပြီး

"လူတစ်သောင်းတောင် ရှိသွားပြီလား" ဟု ရေရွတ်လိုက်မိသည်။

ညအချိန်တွင် လူနည်းသည်ဟု ဆိုသော်လည်း ညဇီးကွက် များမှာ မနည်းလှပေ။

ထို့ပြင် အစောပိုင်း ကားတိုက်မှုဖြစ်ရပ်ကြောင့်လည်း လူအများအပြား ရောက်ရှိလာခြင်းဖြစ်သည်။

လူအတော်များများမှာ ထို Host သည် တကယ်ပဲ ဝိညာဉ်တမန်တော်လား သို့မဟုတ် လူကြည့်များအောင်လုပ်နေသည့် အရူးတစ်ယောက်လားဆိုသည်ကို ဝေခွဲမရ ဖြစ်နေကြ၏။

"ဒီနေ့တော့ ဒီလောက်ပဲ၊ ပိတ်လိုက်တော့မယ်"

ဝိညာဉ်နှစ်ခု လမ်းအဆုံးသို့ ရောက်သွားသည်ကို မြင်ရသော အခါ ကျန်းလင် လိုက်ဖ် ကို ပိတ်လိုက်‌တော့သည်။

လိုက်ဖ်မျက်နှာပြင်မှာ ချက်ချင်း မှောင်အတိ ကျသွားသဖြင့် ကြည့်ရှုသူများမှာ ကြောင်တောင်တောင်ဖြစ်ကျန်ခဲ့သည်။

[ဟင်... ပိတ်ချင်သလို ပိတ်သွားတာလား.. Host ရေ... မင်း လူကြည့်နှုန်းကို မနှမြောဘူးလား]

[Host ကတော့ ရှယ်ပဲ၊ လူကြည့်အများဆုံးအချိန်မှာ ပိတ်ချလိုက်တယ်]

[ရဲစခန်းမှာရှိတဲ့ ငါ့ဝမ်းကွဲဆီကနေ အတည်ပြုချက် ရပြီ၊ မြို့ပြင်မှာ တကယ်ပဲ ကားတိုက်မှု ဖြစ်တာတဲ့။ မနက်ဖြန် သတင်းတွေမှာ တွေ့ရလိမ့်မယ်]

[ဒါဆို အဲ့ဒီကားတိုက်မှုက သရုပ်ဆောင်တွေ မဟုတ်ဘူးပေါ့]

[Host က ကားတိုက်မှုကို ကြိုတင်စီစဉ်ထားတာလား]

[ဘုရားရေ ...ဒါဆို Host က တကယ်ပဲ ပိုင်ဝူချန် လား ဟ]

အဆက်အသွယ် ရှိသူများမှာ သက်ဆိုင်ရာ နေရာများမှတစ်ဆင့် အဖြစ်မှန်ကို စုံစမ်းနေကြပြီဖြစ်သည်။

အချို့က Host သည် လူသတ်မှုကို ကြိုတင်စီစဉ်ထားသူဟု ယူဆကြပြီး အချို့ကမူ သူသည် တကယ်ပင် ဝိညာဉ်တမန်တော်ဖြစ်နိုင်သည်ဟု ယူဆကြသည်။

သို့သော် Live Room ထဲတွင် မည်သို့ပင် ဆွေးနွေးနေကြပါစေ၊ ကျန်းလင် ကမူ ဂရုမစိုက်တော့ပေ။

သူသည် မိမိ၏နေအိမ်ဖြစ်သော သစ်သားအိမ်လေးဆီသို့ ပြန်လာခဲ့သည်။

ဝိညာဉ်တမန်တော်များမှာလည်း မိမိတို့ စွမ်းဆောင်ရည်နှင့် ကြွယ်ဝမှုအပေါ် မူတည်၍ နေစရာကိုယ်စီ ရှိကြသည်။

လေတိုးလျှင်ပင် တဂျိဂျိမြည်နေသော ဤသစ်သားအိမ်လေးကိုကြည့်ခြင်းဖြင့် ကျန်းလင်၏ အဆင့်အတန်းမှာ မည်မျှသာရှိသည်ကို ခန့်မှန်းနိုင်ပေသည်။

ငရဲဘုံတွင် အိမ်နှင့် မြေနေရာမှာ နေထိုင်ရန်သာမက ကျင့်ကြံရန်အတွက်လည်း အသုံးဝင်သည်။ အိမ်ကောင်းလေလေ ယင်ဝိညာဉ်အငွေ့အသက် (ယင်ချီ) ပိုမိုသိပ်သည်းလေလေ ဖြစ်ကာ ကျင့်ကြံမှုနှုန်းမှာလည်း ပိုမိုမြန်ဆန်လေဖြစ်သည်။

သို့သော် အချက်အလက်များအရ သူ့ အရင်ဘဝက ဆင်းရဲမွဲတေစွာဖြင့် သေဆုံးခဲ့ပုံရသည်။

အမျိုးအဆွေလည်း မရှိသဖြင့် အမွေရစရာလည်း မရှိသလို၊ သူ့အတွက် အလှူအတန်းလုပ်ပြီး ငွေစက္ကူတု မီးရှို့ပေးမည့်သူလည်း မရှိပေ။

အိမ်ပြန်ရောက်သောအခါ ကျန်းလင်သည် စနစ်၏ကုန် တိုက်ကို ဖွင့်ကြည့်လိုက်သည်။ ပစ္စည်းအမျိုးမျိုး ရှိသော် လည်း သူ့အတွက် စွမ်းအား မြင့်တင်ရန်မှာ အရေးကြီးဆုံး ဖြစ်သည်။ ယခု သူ လုပ်နေသော အလုပ်မှာလွယ်ကူသည်ဟု ထင်ရသော်လည်း မည်သည့်အချိန်တွင် အန္တရာယ်နှင့် ကြုံရမည်ကိုမသိနိုင်ပေ။

"ငါ့မှာ အမှတ် ၆၀ဝ ရှိတယ်..."

သူသည် အမှတ် ၂၀ဝ တန်သော 'ယင်ချီစွမ်းအင်လုံး' ၃ လုံးကို ဝယ်ယူလိုက်သည်။

၎င်းမှာ အဆင့်တက်စေသော ဆေးလုံးများနှင့် ဆင်တူသည်။

ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ထိုဆေးလုံးမှာ အရည်ပျော်သွားပြီး များပြားလှသော ယင်ချီ အငွေ့အသက်များက သူ့ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။

ထို့နောက်ကျန်းလင်သည် ချက်ချင်းပင် တရားထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

... လူ့လောက ...

မနက် ၆ နာရီ နိုးစက်မြည်လာသောအခါ ကျိုးဟယ်သည် အလုပ်သွားရန်အတွက် အလျင်အမြန်ထလိုက်သည်။

မနေ့ညက ဖုန်းတစ်လုံး လက်ခံခဲ့သည်ကိုလည်း လုံးဝ မေ့လျော့နေခဲ့၏။

သူ့အတွက်မူ အလုပ်သွားရန်အတွက် တစ်နာရီကျော်မျှ ခရီးနှင်ရသည်။

ထို့နောက် ရထားပေါ်ရောက်သောအခါ လူများပြည့်နှက်နေပြီး သူသည်လည်း လူအုပ်ကြားတွင် ညပ်ပါသွားတော့သည်။

အလုပ်ရောက်သော်လည်း တစ်စုံတစ်ခုကို မေ့နေသကဲ့သို့ ခံစားနေရသော်လည်း အတိအကျမမှတ်မိပေ။ ဤသို့ဖြင့် နှစ်ရက်ခန့် ကုန်လွန်သွားပြီး တတိယမြောက်နေ့ မနက်ပိုင်းတွင် ကုမ္ပဏီ၏စာရင်းဇယားများကို စစ်ဆေးနေစဉ် သားဖြစ်သူ၏ကျောင်းမှ ဖုန်းဝင်လာခဲ့သည်။

"ဟယ်လို... 'မျောက်ကလေး'(ရှောင်ဟော်ဇီ)ရဲ့ အဖေလားရှင့်"

"ဟုတ်ပါတယ်..."

ကျိုးဟယ်၏စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုကိုသတိရသကဲ့သို့ရဖြစ်လာတော့သည်။

🫧 Chapter 4

"ဟယ်လို... ကျွန်မက 'မျောက်ကလေး' ရဲ့ အတန်းပိုင်ဆရာမပါ၊ ဖြစ်တာက ဒီနေ့ မျောက်ကလေးကျောင်းကို ရောက်မလာသေးလို့ပါ၊ သူ့အဘိုးကိုလည်း ဖုန်းဆက်လို့ မရလို့ရှင့်"

"ဟုတ်ကဲ့ ပြောပြပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ၊ ကျွန်တော် အခုပဲ အိမ်ကို ဖုန်းဆက်မေးကြည့်လိုက်ပါ့မယ်"

ဖုန်းချပြီးနောက် ကျိုးဟယ် သည် ချက်ချင်းနေအိမ်ရှိ ကြိုးဖုန်းသို့ ခေါ်ဆိုလိုက်၏။

ဖုန်းမြည်သံက အကြိမ်ကြိမ် ထွက်ပေါ်နေသော်လည်း မည်သူမျှ ကိုင်မည့်သူ မရှိပေ။

သူ့ စိတ်ထဲတွင် မတင်မကျဖြစ်နေသော စိုးရိမ်စိတ်ကပိုမိုကြီးထွားလာသည်။

"အိပ်ရာထ နောက်ကျလို့ လမ်းမှာ ရောက်နေတာ ဖြစ်မှာပါ"

ဟု သူကိုယ်သူ ပြန်လည်နှစ်သိမ့်ရင်း အိမ်နီးချင်းဖုန်းနံပါတ်ကို ရှာကာ ဆက်လိုက်တော့သည်။

"ကျိုးဟယ်လား၊ အေး... ငါလည်း ထူးဆန်းနေတာနဲ့ အတော်ပဲ၊ ဒီနှစ်ရက်အတွင်း မျောက်ကလေးနဲ့ သူ့အဘိုးကို လုံးဝ မတွေ့ရဘူး၊ မင်းတို့ မိသားစုလိုက်သွားကြပြီလားလို့တောင် ထင်နေတာ"

ဖုန်းထဲမှ အိမ်နီးချင်းကလည်း အံ့သြနေပုံရသည်။

ပုံမှန်ဆိုလျှင် မျောက်ကလေးသည် အဘိုးဖြစ်သူနှင့်အတူ လမ်းထွက်လျှောက်လေ့ရှိသော်လည်း ယခု နှစ်ရက်တိုင်တိုင် အရိပ်အယောင်မျှ မတွေ့ရခြင်း ဖြစ်သည်။

"အဘိုး... အကူအညီတစ်ခုလောက်ပေးပါဦး၊ အိမ်ရှေ့က ခြေသုတ်ကော်ဇောအောက်မှာ အပိုသော့ရှိပါတယ်၊ သွားကြည့်ပေးလို့ ရမလားဗျ"

အဘိုးအိုသည် သော့မေ့တတ်သဖြင့် အပိုသော့တစ်ချောင်းကို အမြဲဝှက်ထားလေ့ရှိသည်။ထို့နောက် အိမ်နီးချင်းက သဘောတူလိုက်ပြီး ဖုန်းချသွားသည်။

၁၀ မိနစ် ကုန်သွားသည်...

မိနစ် ၃၀ ကုန်သွားသည်...

ကျိုးဟယ်မှာ ထိုင်မရ ထရမရ ဖြစ်နေပြီး ဖုန်းကို ကိုင်လိုက်၊ ချလိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေတော့သည်။

နောက် တဒင်္ဂ မျှကြာ‌သော်ရုတ်တရက် ဖုန်းမြည်လာသော အခါ သူ အမြန်ပင် ထထိုင်ကာ ကိုင်လိုက်၏။

"ဟယ်လို"

"ကျိုးဟယ်ရေ... မင်းအဖေ ဆုံးသွားပြီ"

ဖုန်းထဲမှ ကြားလိုက်ရသော အသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျိုးဟယ်၏ နားထဲတွင် အုန်းအုန်းမြည်သွားတော့သည်။

"မင်းအဖေ ဆုံးတာလွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ထင်တယ်၊ မျောက်ကလေးကတော့ အိမ်ထဲမှာပဲ အစာပြတ်ပြီး မူးလဲနေတာ။ ငါ အခုပဲ ရဲကိုဖုန်းဆက်လိုက်ပြီ၊ မင်းတို့ အမြန်ပြန်လာခဲ့ကြတော့။"

စကားပြောရင်း အိမ်နီးချင်း၏သက်ပြင်းချသံကိုပါကြား လိုက်ရသည်။ လူကောင်းတစ်ယောက်က ယခုကဲ့သို့ ဘာသံမှမကြားရဘဲ တိတ်တဆိတ်ထွက်ခွာသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

"ကောင်းပါပြီ... ကောင်းပါပြီ... ဟုတ်ကဲ့"

ကျိုးဟယ် မိမိဘာတွေ ပြောနေမှန်းပင် မသိတော့ဘဲ 'ကောင်းပါပြီ' ဆိုသည့် စကားကိုသာ ထပ်ခါတလဲလဲ ပြောနေမိသည်။ သတိပြန်ဝင်လာချိန်တွင် သူသည် အလုပ်ခွင်မှ ပြေးထွက်လာခဲ့ပြီးဖြစ်သည်။

ခြေထောက်တွင်လည်း ဖိနပ်တစ်ဖက်ကျွတ်ကျကျန်ခဲ့ကာ သူ့ မျက်ဝန်းများမှာ ဗလာနတ္ထိ ဖြစ်နေပြီး ဘာလုပ်ရမှန်း မသိဘဲ လမ်းပျောက်နေရှာသည်။

သူ့အဖေ ဆုံးသွားပြီ။ ကျိုးဟယ် ဦးနှောက်ထဲတွင် ထိုနေ့ သန်းခေါင်ယံက လက်ခံရရှိခဲ့သော ဖုန်းကိုပြန်လည် မြင်ယောင်လာသည်။

အဘိုးအိုကိုယ်တိုင် ခေါ်ခဲ့သည့် ဖုန်း။ ထိုစဉ်က သူ ဂရုတ စိုက် နားမထောင်ခဲ့သော်လည်း ယခုအချိန်တွင်မူ စကားလုံးတိုင်းမှာ အတိုင်းသားပြန်ကြားနေရသည်။

'မနက်ဖြန် တစ်ခေါက်လောက် ပြန်လာခဲ့ပါဦး'

'မင်း မိန်းမနဲ့လည်း အဆင်ပြေအောင်နေကြနော်'

"ဘာလို့ ဒီလို ဖြစ်ရတာလဲ အဖေရယ်..."

ကျိုးဟယ် မျက်နှာကို လက်နှင့်အုပ်ကာ ကားမှတ်တိုင်ဆိုင်း ဘုတ်ကို မှီ၍ အားကိုးရာမဲ့စွာ ငိုကြွေးနေတော့သည်။ ဘာကြောင့် သူ စောစောစီးစီး သတိမထားမိခဲ့ပါလိမ့်။

...

ဆေးရုံတွင်...

အမျိုးသမီးငယ်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်နှာပေါ်တွင် ဒဏ်ရာအနည်းငယ် ရှိနေ၏။

လက်တွင်လည်း ဆေးပုလင်း ချိတ်ထားဆဲ ဖြစ်ကာ သတိမေ့မြောနေဆဲ ဖြစ်သည်။

အခန်းပြင်ရှိ ထိုင်ခုံတွင်မူ အမျိုးသားတစ်ဦးထိုင်နေပြီး မျက်ကွင်းများမှာ ညိုမည်းကာ မုတ်ဆိတ်မွှေးများလည်း ရိတ်ထားခြင်းမရှိပေ။

သူသည် အခန်းထဲသို့ ခဏခဏ လှမ်းကြည့်နေသော်လည်း အထဲသို့ မဝင်ရဲရှာပေ။

ထိုစဉ် လူအချို့ ရောက်လာပြီး သူ့ရှေ့တွင် ရပ်လိုက်ကြသည်။

"လူကြီးမင်းဖန့်ဝေတုန်း လားခင်ဗျာ ၊ ကျွန်တော်တို့က လင်ချန်စခန်းတပ်ခွဲကပါ"

ထိုသူမှာ အရပ်ဝတ်ဖြင့် ဖြစ်သော်လည်း သူ့ သက်သေခံကတ်ပြားကို စနစ်တကျ ထုတ်ပြလိုက်သည်။

ထိုအခါ ဖန့်ဝေတုန်းက ဖြည်းညှင်းစွာ ထလိုက်ပြီး အက်ကွဲသောအသံဖြင့် "ဟုတ်ပါတယ် ကျွန်တော်ပါ" ဟု ဖြေလိုက်သည်။

"အဲ့ဒီညက ကားတိုက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးစရာလေးတွေ ရှိလို့ပါ"

"ကောင်းပါပြီ။"

ကျိုးကျိကော်သည် ကျန်ရစ်သူ မိသားစုဝင်၏စိတ်ခံစားချက်ကို နားလည်ပါသည်။

အခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီးနောက် တရားခံကို ဖမ်းမိထားပြီ ဖြစ်သဖြင့် အားလပ်သည့်အချိန်တွင် စခန်းသို့ လာခဲ့ရန် အကြောင်းကြားလိုက်သည်။ အားလုံးပြီးနောက် နောက်ဆုံးတွင် သူက မေးခွန်းတစ်ခု မေးလိုက်၏။

" 'မရဏလောကထဲက အံ့ဖွယ်နေ့ရက်များ' Live room အကြောင်းကို သိလားဗျ"

ဖန့်ဝေတုန်း ခေါင်းခါပြလိုက်သည်။

ကျိုးကျိကော်က A4 စက္ကူတစ်ရွက်ကို ထုတ်ပြလိုက်၏။

၎င်းမှာ ကြည့်ရှုသူများ၏ ပြောပြချက်အရ ပန်းချီဆရာတစ်ဦးကို အရေးပေါ် ဆွဲခိုင်းထားသည့် ပုံဖြစ်၏။

ပုံထဲတွင် လူတစ်ဦးမှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ခေါင်းတွင် '一見發財' (တစ်ချက်မြင်ရုံနှင့် ချမ်းသာကြွယ်ဝ‌စေ သည်) ဟု ရေးထားသော ဦးထုပ်အမြင့်ကြီးကို ဆောင်းထားသည်။

မျက်နှာမှာ ခန့်ညားပြီး နှာတံပေါ်လွင်သော်လည်း မျက်ဝန်းအစုံမှာ အနည်းငယ် စူးရှပြီး ဆွဲဆောင်မှုရှိသော အသွင်မျိုး ဖြစ်သည်။

ဖန့်ဝေတုန်း မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး အကြည့်ကို ချက်ချင်းလွှဲလိုက်ကာ "မတွေ့ဖူးပါဘူး" ဟု ပြောလိုက်သည်။

သမီးဖြစ်သူ ဝိညာဉ်မှာ ထိုသူနှင့်အတူ... ဆိုသည်ကို သူ မတွေးဘဲ မနေနိုင်တော့ပေ။

"စိတ်မကောင်းပါဘူး လူကြီးမင်းဖန့်၊ စေတနာရှင် ပြည်သူတွေရဲ့ သတင်းပေးချက်အရ ဒီလူဟာ ကားတိုက်မှုဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့လို့ပါ။ သူ့အကြောင်းသတင်းရရင် ကျွန်တော် တို့ကို ဆက်သွယ်ပေးပါ။"

ကြည့်ရှုသူများ၏ အဆိုအရ ဤလူသည် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေရုံသာမက မိန်းကလေးငယ်၏ဝိညာဉ်ကိုပါ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

သို့သော် ကျိုးကျိကော်က ထိုအချက်ကို ထုတ်မပြောပေ။

'တစ်ချက်မှာ ဖန့်ဝေတုန်းကို စိတ်ဓာတ်မကျစေလိုခြင်းဖြစ်ပြီး၊ နောက်တစ်ချက်မှာ ထိုကိစ္စမှာ မယုံနိုင်စရာ ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။ Live ပြန်ကြည့်ရန် ရုပ်သံမှတ် တမ်းလည်း ရှာမတွေ့တော့သလို ကြည့်ရှုသူများ ပေးပို့သော Screenshot များတွင်လည်း မြို့ပြင်မြင်ကွင်းများသာ ပါဝင်ပြီး 'ဝှိုက်အင်ပါမင်းနန့်' အသွင်နှင့် လူကိုမူ မတွေ့ရပေ။'

ဤသည်မှာ မတော်တဆမှုလား သို့မဟုတ် ကြိုတင်စီစဉ်ထားသော လူသတ်မှုလားဆိုသည်ကို ဆုံးဖြတ်ရန် စောလွန်းနေသေးသည်။

"ဟုတ်ကဲ့"

ဖန့်ဝေတုန်း ခပ်ထုံထုံပင် ခေါင်းငြိမ့်လိုက်သည်။

ရဲများထွက်သွားပြီးနောက် တစ်စုံတစ်ခု ထူးဆန်းနေသဖြင့် အခန်းဝသို့ လှည့်ကြည့်လိုက်ရာ အမျိုးသမီးငယ်မှာ မည်သည့်အချိန်ကတည်းက နားထောင်နေသည် မသိ၊ လက်ခုံရှိ ဆေးသွင်းသည့်နေရာမှ သွေးစက်များကျနေသည်ကိုသာ တွေ့လိုက်ရသည်။

"တုတုကော၊ တုတု ဘယ်မှာလဲ"

ဖန့်ဝေတုန်း ခက်ခက်ခဲခဲပင် ပါးစပ်ဟလိုက်သော်လည်း

"တုတုက..." ဟူသော စကားမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားတော့သည်။

ရင်ခွဲရုံအတွင်း...

အဖြူရောင် ပိတ်စ ဖုံးအုပ်ထားသော သေးငယ်သည့် ခန္ဓာ ကိုယ်လေးမှာ အသက်ရှူခြင်းအလျင်းကင်းမဲ့နေပြီ ဖြစ်၏။

"ဆေးရုံက ပြောတာတော့... ကားတိုက်တဲ့အချိန်မှာ တုတုက မင်းကို ကာကွယ်ပေးခဲ့တာတဲ့၊ သူက မင်းကို ပွေ့ဖက်ထားပြီး အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေကို သူကပဲ ခံယူသွားတာ..."

အမျိုးသမီးသည် အင်အားကုန်ခမ်းသွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ တုန်ရီနေသောလက်များဖြင့် အဖြူရောင် ပိတ်စကို လှန်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် မျက်ရည်များ အတားအဆီးမရှိ စီးကျလာတော့သည်။

"တုတုရယ်..."

အဆုံးမဲ့နောင်တများက သူမကိုဝါးမြိုသွားကာ ပြန်လည် စဉ်းစားမိလိုက်၏။

အကယ်၍ သူမသာ စောစောစီးစီး သတိထားမိခဲ့လျှင်... အကယ်၍ သူမသာ ကားမောင်းတာကို ပိုအာရုံစိုက်ခဲ့လျှင်...

"တုတု... မေမေနဲ့ စကားပြန်ပြောပါဦးနော်၊ ဟုတ်ပြီလား"

သူမသည် နှုတ်ခမ်းများ တုန်ရီစွာဖြင့် ထိုစကားကို ပြောအပြီးတွင် သတိလစ်မေ့မြောသွားတော့သည်။

...

ကျန်းခယ့်သည် သူငယ်ချင်းဖြစ်သူ၏ ဖုန်းသံကြောင့် နိုးလာခဲ့သည်။ ဖုန်းကို ကိုင်လိုက်ရင်း ခေါင်းကိုကုတ်ကာ နာရီကြည့်လိုက်ရာ နေ့လယ် ၁၂ နာရီပင် ရှိပြီဖြစ်သည်။

"ဟေ့ကောင် ကျန်းခယ့် မင်း ဒီတစ်ခါတော့ တကယ် သရဲနဲ့ တိုးပြီဟ"

ကျန်းခယ့် မျက်မှောင်ကြုတ်လိုက်ပြီး

"မင်းကတော့ ကွာ... မနက်စောစောစီးစီး ဘာတွေလာပြောနေတာလဲ၊ တောက်"

သူသည် သရဲကားများကို မကြောက်သော်လည်း မိမိကို ထိုသို့ ပြောသည်ကိုတော့ မည်သူမျှ ကြိုက်မည်မဟုတ်ပေ။

"မင်း လွန်ခဲ့တဲ့ရက်ပိုင်းက တင်ထားတဲ့ ဗီဒီယိုကိုပြန်ကြည့်ဦး၊ Comment တွေမှာ ပေါက်ကွဲနေပြီ" ဟု သူငယ်ချင်းဖြစ်သူက ပြောပြီး‌ နောက်ဖုန်းချသွားသည်။

'ဗီဒီယို၊ ကျန့်ခဲ့က ကွန်ပျူတာကို ဖွင့်ရင်း ပြန်စဉ်းစားကြည့်၏။

လွန်ခဲ့သော ရက်ပိုင်းက သူသည် လျှို့ဝှက်ဆန်းကြယ် ဗီဒီယိုများကို အတုဟု ဖော်ထုတ်သည့် ဗီဒီယို တစ်ခုကိုတည်းဖြတ်ခဲ့သည်။

ထိုနေ့က တည်းဖြတ်ပြီးချိန်တွင် မနက် ၂ နာရီပင် ရှိပြီဖြစ်ကာ နောက်ပိုင်းတွင် သူငယ်ချင်း၏မင်္ဂလာဆောင် သွားစရာ ရှိသဖြင့် ထိုကိစ္စကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

' ဘာလဲ... လူတွေ လာဆဲနေကြလို့လား'

ကျန့်ခဲ့ ဗီဒီယိုလုပ်လာသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ပြီး Follower ၂ သိန်းကျော် ရှိကာ ဗီဒီယို တစ်ခုတင်လျှင်လည်း အနည်းဆုံး ကြည့်ရှုသူ ၇ သောင်း၊ ၈ သောင်းခန့် ရှိတတ် သည်။

"ကြည့်ရှုသူ ၅ သန်း၊ မှတ်ချက် ၂ သောင်း ၂ ထောင်"

ကျန်းခယ့်မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

'ထိုဝေဖန်ရေး ဗီဒီယိုက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပေါက်သွားရတာလဲ '

ထို့နောက် သူသည် အလေ့အကျင့်အတိုင်း Comment များကို ဖတ်ကြည့်လိုက်သည်။

[ဗီဒီယိုတည်းဖြတ်သူ‌ ရေ... အဆင်ပြေရဲ့လား]

[မြစ်ကမ်းဘေး ခဏခဏ လမ်းလျှောက်ရင် ဖိနပ်စိုတတ်တယ်ဆိုတာ ဒါမျိုးပေါ့၊ ဒီတစ်ခါတော့ တည်းဖြတ်သူ တကယ် အမှားကြီး မှားသွားပြီ]

[အကိုရေ... ငါ့အဘိုးအိမ်က ဘုရားတရား အရမ်းလုပ်တာ၊ မင်းကို လိပ်စာပို့ပေးမယ်၊ သွားကြည့်ဦး]

[ဟ ... ဒါက ဘာတွေ ပြနေတာလဲ၊ သန်းခေါင်ယံကြီး အဘိုးကြီး အိပ်နေတာကို သွားကြည့်နေတာလား]

[အမင်္ဂလာတွေ ကင်းဝေးပါစေ]

Comment များမှာ တစ်ခုခု ထူးဆန်းနေသည်။ ကျန်းခယ့်က Like အများဆုံး ရထားသော Comment တစ်ခုကို မေးလိုက်သည်။

[ဘာတွေဖြစ်နေလို့လဲ]

ထို့နောက်၂ မိနစ်ပင် မပြည့်မီ ပြန်စာ ရောက်လာ၏။

[ညီကို... မင်းကိုယ်တိုင်တင်ထားတဲ့ ဗီဒီယိုကို ပြန်ကြည့်ဦး၊ ပြီးတော့ ဒီသတင်း Link ကိုလည်း ကြည့်လိုက်ဦး]

"ငါ တင်ထားတဲ့ ဗီဒီယို"

ကျန်းခယ့်သည် သံသယများဖြင့် မိမိ၏ဗီဒီယိုကို နှိပ်ကြည့်လိုက်တော့သည်။

All Chapters