အခန်း (၅-၆)
Vol. 1 Ch. 5-6
🫧 Chapter 5
ကျန်းခယ့်သည် သံသယများဖြင့် ထိုနေ့က သူတည်းဖြတ်ခဲ့သော ဗီဒီယိုကို နှိပ်ကြည့်လိုက်သည်။
ယင်းဗီဒီယိုအစတွင် အထပ် ၇ ထပ်ရှိသော အိမ်ဟောင်းကြီးတစ်လုံး ပေါ်လာ၏။
ထို့နောက် မြင်ကွင်းက ဟောင်းနွမ်းနေသော ဧည့်ခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
တစ်လျှောက်လုံးတွင် မြင်ကွင်းထဲ၌ လူလည်းမရှိ၊ အသံလည်းမရှိ... ရုပ်ငြိမ်ပြကွက်တစ်ခုကို ရိုက်ကူးထားသကဲ့သို့ပင်။
ထိုအချိန်တွင် သူကိုယ်တိုင်ထည့်ထားသော နောက်ခံစကား ပြောက ဤခြောက်ခြားဖွယ်ရာ အထူးပြုလုပ်ချက်ကို မည်သည့်နည်းပညာများ အသုံးပြု၍ ဖန်တီးထားကြောင်း ရှင်းပြနေသည်။
"ငါ အဲ့ဒီနေ့က တည်းဖြတ်တုန်းက လူကို ဖြတ်ထုတ်လိုက်မိတာလား"
ကျန်းခယ့်သည် သူကိုယ်တိုင် အိပ်ရေးပျက်လွန်း၍ ဦးနှောက်များ ချောင်သွားပြီလားဟု သံသယဝင်လာသည်။
ဗီဒီယိုက ဆက်လက်ပြသနေကာ မြင်ကွင်းထဲမှ အဘိုးအိုမှာ ရုတ်တရက် နိုးလာပြီး သန်းခေါင်ယံကြီး အဝတ်အစားလဲခြင်း၊ ကိုယ်လက်သန့်စင်ခြင်းများ ပြုလုပ်ကာ ကလေးငယ်တစ်ဦးနှင့် စကားပြောနေသည်။
နောက်ဆုံးတွင် အဘိုးအိုမှာ ကုတင်ကိုမှီရင်း ငြိမ်သက်သွားတော့သည်။
သူ့နောက်ခံရှင်းပြချက်တွင်မူ အဘိုးအို၏ ဝိညာဉ်ခန္ဓာကိုယ် ထွက်ခွာသွားပုံကို မည်သည့် Software များဖြင့် ဖန်တီးထားကြောင်း၊ ဤပြကွက်မှာ အိုင်ဒီယာသစ် မဟုတ်ကြောင်းနှင့် သရုပ်ဆောင်များ၏ အရည်အချင်းမှာ ကောင်းမွန်သော် လည်း ကြည့်ရှုရန် မထိုက်တန်ကြောင်း ဝေဖန်နေလေသည်။
"ဒါ... ဒါ ငါတည်းဖြတ်ထားတဲ့ ဗီဒီယို ဟုတ်ရဲ့လား"
ကျန်းခယ့် တစ်ယောက် ကြောင်အသွားသည်။
'သူ ဘယ်လိုများ Live Room ထဲက Host နဲ့ အထူးပြုလုပ်ချက် တွေကို ဖြတ်ထုတ်မိလိုက်တာလဲ'
သူသည် ဤဗီဒီယိုကို ဖျက်ပစ်ပြီးမှ အသစ်ပြန်တည်းဖြတ်ရန် စဉ်းစားလိုက်၏။
ထို့နောက် Mouse ကို ရွှေ့ကာ Comment ထဲမှ Link တစ်ခုကို နှိပ်လိုက်သည်။
၎င်းမှာ [ကားတိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းမိ၊ ခြောက်နှစ်အရွယ် ကလေးငယ်သေဆုံး] ဟူသော သတင်းဖြစ်၏။
သတင်းထဲတွင်လွန်ခဲ့သော ရက်ပိုင်းက မြို့ပြင်တွင် ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ခြောက်နှစ်အရွယ် ကလေးငယ် သေဆုံးသွားခဲ့ကြောင်းနှင့် သတင်းပေးပို့ခဲ့သော စေတနာရှင် ပြည်သူများကို ကျေးဇူးတင်ကြောင်း ရေးသားထားသည်။
ကျန့်ခဲ့သည် ဝက်ဘ်စာမျက်နှာကို ပိတ်ရန် ပြင်လိုက်စဉ် အောက်ရှိ မှတ်ချက်များက သူ့အကြည့်ကို ဖမ်းစားလိုက်သည်။
[ကျွန်တော် ရဲကို ဖုန်းဆက်တိုင်ခဲ့တဲ့ စေတနာရှင်တွေထဲက တစ်ယောက်ပါ။ 'မရဏလောကထဲက အံ့ဖွယ်နေ့ရက်များ' လိုက်ဖ်ကို ကြည့်ခဲ့တဲ့သူတွေ ဒီအောက်မှာ စုကြမယ် (စာပြန်ကြားသူများ ၁၀၈၀ )]
[တကယ် ကျေးဇူးတင်ရမှာက Host ကိုပါ။ သူ Live လွှင့်လို့သာ ကျွန်တော်တို့ သိခဲ့ရတာ (ပြန်ကြားစာ ၈၆)]
[ကျေးဇူးတင်ရမလား... ဒါက Host ကိုယ်တိုင် စီစဉ်ထားတာလည်း ဖြစ်နိုင်တာပဲ (ပြန်ကြားစာ ၆၆၉)]
[ကျွန်မ တစ်ခု ပြောမယ်နော်၊ Host က အရမ်းချောလို့ ကျွန်မ Screenshot ရိုက်ထားတာ။ ဒါပေမဲ့ ဒီနေ့ ပြန်ကြည့်တော့ ဓာတ်ပုံထဲမှာ Host ကို လုံးဝ ရှာမတွေ့တော့ဘူး (ပြန်ကြားစာ ၅၆၇)]
[ဒါလုံးဝ သရဲခြောက်တာပဲ]
အဝါရောင်ရေပန်းလမ်းပေါ်ရှိ ပင့်ကူနီ လီလီပန်းများမှာ အလွန်လှပလွန်းသဖြင့် လူအများအပြား Screenshot ရိုက်ခဲ့ကြသည်။
သို့သော် အချိန်အနည်းငယ်ကြာပြီးနောက် ပြန်ကြည့်သည့်အခါ ပုံများမှာ အမည်းရောင်သက်သက်သာဖြစ်နေတော့ သည်။
လှပသော ပန်းရိပ်ယောင်မျှပင် မကျန်တော့ချေ။
...
ငှားထားသော အခန်းလေးအတွင်း၌ ကျန်းခယ့်သည် ကွန်ပျူတာကို ပိတ်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။
သေချာကြည့်လျှင် သူ့လက်များမှာ တုန်ရီနေသည်ကို တွေ့ရလိမ့်မည်။
သူ့ မူရင်းဗီဒီယိုဖိုင်ကို ပြန်စစ်ကြည့်သည့်အခါမှ သူ တည်း ဖြတ်မှု မမှားခဲ့ကြောင်း သိလိုက်ရသည်။
ပြဿနာမှာ မူရင်းဗီဒီယိုဖိုင်၌ ရှိနေခြင်း ဖြစ်သည်။ မူရင်းဗီဒီယိုဖိုင်ထဲတွင် Host ဆိုသော လူ လုံးဝ မပါဝင်ပေ။
ကျန့်ခဲ့သည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။
ခဏအကြာတွင် စီးကရက်တိုကို လွှင့်ပစ်ကာ ဖုန်းထုတ်လိုက်သည်။
"ဟယ်လို စီနီယာ... အစ်ကိုသိတဲ့ အထက်လမ်းဆရာကြီးတစ်ယောက်လောက် မိတ်ဆက်ပေးပါဦး"
ဖုန်းထဲမှ လှောင်ပြောင်သံ ထွက်လာသည်။
"ဘာလဲ၊ မင်းက ဒီလိုမျိုးတွေကို ဘယ်တုန်းကမှ မယုံဘူးဆို၊ဘာလို့ ဆရာကြီး ရှာနေတာလဲ"
ခုနက ဗီဒီယိုကို ပြန်တွေးမိသည်နှင့် ကျန်းခယ့်၏ ခန္ဓာကိုယ်မှာ တုန်ရီလာကာပြောလိုက်သည်။
"ဒီတစ်ခါတော့ တကယ် မတူဘူး အစ်ကို၊ ကျွန်တော်... တကယ် သရဲနဲ့ တိုးပြီ ထင်တယ်၊ မြန်မြန် နည်းလမ်းတစ်ခုခု ရှာပေးပါဦး"
'တောက်၊ စောစောစီးစီး သိခဲ့ရင် အဲ့ဒီ Live Room Link ကို ဘယ်တော့မှ နှိပ်မိမှာ မဟုတ်ဘူး'
...
"ဟူးးး"
သစ်သားအိမ်လေးထဲတွင် ကျန်းလင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။
"ဒီ ယင်ချီဘောလုံးတွေက တော်တော်လေး သုံးလို့ကောင်းတာပဲ"
သာမန်အားဖြင့် ဝိညာဉ်အငွေ့အသက်များကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီးလျှင် မိမိ၏ကျင့်ကြံမှုအဖြစ် ပြောင်းလဲရန် ပြန်လည် သန့်စင်ရသေးသည်။
သို့သော် ဤဆေးလုံးများထဲမှ အငွေ့အသက်မှာ အလွန်စင်ကြယ်သဖြင့် တိုက်ရိုက် စုပ်ယူနိုင်ခြင်း ဖြစ်သည်။
ရှေ့က ဆေးလုံး ၃ လုံးကြောင့် သူသည် တစ္ဆေတပ်သား အဆင့်၏ နှောင်းပိုင်းကာလသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ဝိညာဉ်များ၏ အဆင့်အတန်းတွင် 'လေလွင့်ဝိညာဉ်' မှာ အနိမ့်ဆုံး ဖြစ်သည်။
ထို့နောက် တစ္ဆေဝိညာဉ်၊ တစ္ဆေတပ်သား၊ တစ္ဆေ စစ်သူကြီး၊ တစ္ဆေ စစ်သေနာပတိ၊ တစ္ဆေ ဧကရာဇ် စသည်ဖြင့် အဆင့်ဆင့် ရှိသွားသည်။
တစ္ဆေစစ်သူကြီးအဆင့်သို့ ရောက်လျှင် အခြားအလုပ်များကို လက်ခံဆောင်ရွက်နိုင်ပြီး မိမိ၏လက်အောက်ခံ ဝိညာဉ်လေးများကိုပါ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
"နောက်ထပ် အလုပ်လုပ်ရမယ့် နေ့တစ်နေ့ပဲ"
ကျန်းလင်ထကာ ပျင်းကြောဆန့်လိုက်သည်။ သူ နေထိုင်သော သစ်သားအိမ်မှာ သေးငယ်သော်လည်း အပြင်ဘက်ရှိ လေလွင့်ဝိညာဉ်များနှင့် ယှဉ်လျှင် အများကြီး သာလွန်သည်။
သူက ငရဲဘုံ၏အမြဲတမ်းဝန်ထမ်း ဖြစ်သဖြင့် 'ဝိညာဉ်ခေါ်တံပိုး' ကဲ့သို့သော အခမဲ့ပစ္စည်းများကိုလည်း ရရှိထားသည်။
"ဒင် Live Room မှ လက်ဆောင်များမှာ ၁၀ဝ ကျော်သွားသဖြင့် ငွေထုတ်ယူနိုင်ပါပြီ"
ထိုသည်မှာ လိုက်ဖ်မှရရှိသော ငွေများကို ငရဲဘုံသုံးငွေကြေးအဖြစ် အလိုအလျောက်ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
"လိုက်ဖ် မလွှင့်ဘဲနဲ့တောင် လက်ဆောင်တွေ ရနေတာလား"
ကျန်းလင် အံ့ဩလွန်း၍ကြည့်လိုက်ရာ လိုက်ဖ်ထဲတွင် လူပေါင်းတစ်သောင်းကျော် ရောက်ရှိနေသည်ကို တွေ့ရသည်။
မျက်နှာပြင်မှာ အမည်းရောင် ဖြစ်နေသော်လည်း
[ဘယ်တော့ ပြန်လွှင့်မှာလဲ]
[တကယ်ပဲ ပိုင်ဝူချန် လား]
ဟူသော မှတ်ချက်များ မှာ ဆက်တိုက် စီးဆင်းနေ၏။
ဒေါက် ဒေါက်~
တံခါးခေါက်သံနှင့်အတူ အပြင်ဘက်မှ တစ်စုံတစ်ယောက်က မေးလာသည်။
"ခွင့်ပြုပါဦး၊ ဒါ ဝိညာဉ်ဖြူတမန်တော် ကျန်းလင်ရဲ့ အိမ်လားခင်ဗျာ"
ဤအသံကို ကြားသည်နှင့် ကျန်းလင် သည် သူ့ အရံအလုပ် ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
သူသည် တံခါးကို ဖွင့်ပေးလိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် လိုက်ဖ်ကိုပါ ဖွင့်လိုက်တော့သည်။
တံခါးဝတွင် ဆံပင်ဖြူဖွေးကာ ခါးကိုင်းနေသော အဘွားအိုတစ်ဦးရပ်နေ၏။
"အမှန်အတိုင်း ပြောရရင်... ကျွန်မရဲ့ မြေးလေးအတွက် လူ့လောကမှာ ပစ္စည်းလေးတချို့ ချန်ထားခဲ့မိလို့ပါ၊ တမန်တော်က ကူညီပေးနိုင်မလားလို့ပါ"
ကူညီပေးသည်ဆိုသည်မှာ စကားပါးပေးခြင်း ဖြစ်၏။
ငရဲဘုံနှင့် လူ့လောကကြား အသုံးအများဆုံးဆက်သွယ်မှု နည်းလမ်းမှာ 'အိပ်မက်ပေးခြင်း' ဖြစ်သည်။
အိပ်မက်ပေးခြင်း အောင်မြင်သွားလျှင် ထိုက်တန်သော အခကြေးငွေရရှိမည် ဖြစ်သည်။
ဤသည်မှာ ဝိညာဉ်တမန်တော်များကြားတွင် သိရှိထားကြသော အရံအလုပ် ဖြစ်၏။
[Host က အိပ်မက်ပေးတော့မှာလား]
[မြေးလေး... မင်း အဘွားအတွက် စက္ကူငွေ မီးမရှို့ပေးသေးဘူးလား]
[အခုက နေ့ခင်းကြောင်တောင်ကြီးလေ၊ Host က ဘယ်လို အိပ်မက်ပေးမှာလဲ]
ခေတ်မီ နည်းပညာများကြောင့် ထိုညက ဖြစ်ရပ်မှာ လူတစ်ဆင့် စကားတစ်ဆင့်ဖြင့် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
မယုံနိုင်စရာ ကောင်းသော်လည်း လူအများအပြားမှာ မတော်တဆအမှား ရှာရန်အတွက် လိုက်ဖ် ထဲသို့ ရောက်လာကြခြင်း ဖြစ်သည်။
အဘွားအိုနှင့် ကျန်းလင် ကြားစကားပြောဆိုမှုများကို လိုက်ဖ် တွင် မပြသော်လည်း ကြည့်ရှုသူများမှာမူ ခန့်မှန်းနေကြသည်။
[အိပ်မက်ပေးတာက များသောအားဖြင့် သုံးမျိုးပဲ ရှိတာ။ (၁) စက္ကူငွေ မီးရှို့ခိုင်းတာ၊ (၂) မပြီးပြတ်သေးတဲ့ စကားတွေ မှာတာ၊ (၃) အရင်ဘဝက ရန်ငြိုးတွေကို ပေါက်ကွဲတာ]
[ဟ ... Host က ကျောင်းထဲကို ဝင်သွားပြီ၊ ငါ့ညီလေးက အဲ့ဒီ ချောင်ယန် အထက်တန်းကျောင်းမှာ တက်နေတာ]
[Host က တကယ်အတုပဲ၊ သရဲက နေ့ခင်းကြီး နေပူထဲထွက်ရဲလို့လား]
[ဟဟ ...အပေါ်ကလူက အဲ့ဒီညက လိုက်ဖ်ကို မကြည့်ဖူးလို့ နေမှာပါ...]
🫧 Chapter 6
ယခုမှာ စာသင်ချိန်ဖြစ်သဖြင့် စာသင်ခန်းများအတွင်းမှ စာဖတ်သံများ ပျံ့လွင့်နေပြီး၊ အားကစားကွင်းထဲတွင်မူ အတန်းသား အချို့မှာ အပြေးလေ့ကျင့်ခြင်း သို့မဟုတ် ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။
ကျန်းလင်သည် ကျောင်းတံတိုင်းကို တိုက်ရိုက်ဖြတ်သန်းကာ အလယ်တန်းပြဆောင်သို့ ရောက်လာခဲ့သည်။
စင်မြင့်ပေါ်တွင် ဆရာမက စာသင်နေပြီး သူမ၏အသံမှာ အိပ်ငိုက်စေသော ဂါထာတစ်ခုကဲ့သို့ပင် ကျောင်းသားကျောင်းသူ အများစုကို သက်ရောက်စေ၏။
အဘွားအို၏ မြေးလေးအမည်မှာ ကျူးလဲ့လဲ့ဖြစ်သည်။
ပါးဖောင်းဖောင်း၊ အသားဖြူဖြူနှင့် လူကြီးများ ချစ်ခင်တတ်သည့် ရုပ်ရည်မျိုးရှိသည်။
ကျန်းလင် သူ့ကို ရှာတွေ့ချိန်တွင် ထိုကလေးမှာ နောက်ဆုံးတန်း ပြတင်းပေါက်ဘေး၌ အိပ်မောကျနေခြင်းဖြစ်၏။၎င်းကကျန်းလင်အတွက် အလုပ်ပိုသက်သာစေခဲ့သည်။
ကျန်းလင်သည် ဝိညာဉ်ခေါ်တံပိုးကို ထုတ်လိုက်ရာ ၎င်းထက်တွင် ဝိညာဉ်အငွေ့အသက်များ ထူထပ်စွာစုစည်းနေပြီး မကောင်းဆိုးဝါးများ၏အော်ဟစ်သံများကို သဲ့သဲ့ကြားနေရသည်။
သို့သော် သေချာနားထောင်လျှင်၎င်းသည် လေတိုက်သံနှင့်လည်း ဆင်တူနေပြန်သည်။
သူသည် ထိုတံပိုးကို ထိုဝတုတ်ကလေး၏ ခေါင်းပေါ်တွင် အသာအယာ ဝှေ့ယမ်းလိုက်၏။
ထိုအခါ ဝိညာဉ်အငွေ့အသက် တစ်ခုသည် ကောင်လေး၏ ဦးနှောက်အတွင်းသို့ ဝင်ရောက်သွားကာ ရုပ်ပုံလွှာများအဖြစ် ပြောင်းလဲသွားတော့သည်။
ဤတံပိုးမှာ ဝိညာဉ်များအတွက်သာ အသုံးဝင်သည်ဆိုသော် လည်း ကြားခံနယ်တစ်ခုအနေဖြင့် အသေးစား မှော်ပညာအချို့ကို အသုံးပြုရန် ဖြစ်နိုင်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူးလဲ့လဲ့အိပ်မက်ထဲတွင် ပုံရိပ်များ ပေါ်လာတော့သည်။
"အဘွား"
အိပ်မက်ထဲတွင် လက်တစ်ဖက်က ကြက်ပေါင်၊ လက်တစ် ဖက်က ပေါက်စီကိုကိုင်ထားသော ကျူးလဲ့လဲ့သည် မျက်လုံးကို ပွတ်ကာ ရှေ့မှလူကို မယုံကြည်နိုင်စွာကြည့်နေသည်။
ဆံပင်ဖြူဖြူ၊ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော် လည်း ရင်းနှီးသောအပြုံးရှိသည့် ဤသူမှာ အဘွားမဟုတ်လျှင် မည်သူဖြစ်ဦးမည်နည်း။
သူသည် အဘွားကိုပြေးဖက်ချင်သော်လည်း အဘွားမှာ ဆုံးပါးသွားပြီဖြစ်ကြောင်း စိတ်ထဲမှ ရှင်းရှင်းလင်းလင်း သိနေသည်။
"အဘွား... သားဆီကို လာကြည့်တာလား"
"လဲ့လဲ့လေး လိမ္မာရဲ့လား"
အဘွားအိုက ကြင်နာစွာကြည့်၍ မေးလိုက်၏။
"လိမ္မာပါတယ်၊ ဒါပေမဲ့... ဒါပေမဲ့..."
ထိုအခါ ကျူးလဲ့လဲ့မှာ အနည်းငယ် ရှက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယခု သူ သည်စာသင်ခန်းထဲမှာ အိပ်ပျော်နေသောကြောင့် ဖြစ်သည်။
"မင်းလေးကတော့လေ" အဘွားအို၏အသံတွင်မူ နွေးထွေးမှုများ အပြည့်ပါနေ၏။
...
လိုက်ဖ် ကြည့်နေသူများမှာ ကျန်းလင်၏ဝိညာဉ်ခေါ်တံပိုးကို မြင်ကတည်းက စတင်ကိုးကွယ်နေကြပြီဖြစ်သည်။
[ဒီတံပိုးက တကယ်ကို အစစ်အတိုင်းပဲ၊ ဟိုနေ့က ကြည့်ပြီးတော့ ငါ အိပ်မက်ဆိုးတွေတောင် မက်တယ်]
[မပြောနဲ့တော့၊ ခုနကတင် ငါလည်း ကြက်သီးတွေ ထသွားတယ်]
ဆရာမကတော့ စာသင်နေတုန်းပင်။
"ချမ်းသာ ကြွယ်ဝခြင်း၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး..."
[Report ထုလိုက်ပြီ၊ Cosplay လုပ်တာကို ထားပါဦး၊ ကျောင်းသားတွေ စာသင်တာကို ဘယ်လိုဖြစ်ဖြစ် မနှောင့် ယှက်သင့်ဘူး၊ ခွင့်ပြုချက်ရထားရင်တောင် ဒါက ပညာရေးပတ်ဝန်းကျင်ကို ပျက်စီးစေတယ်လေ]
Live ထဲတွင် Report သူများမှာ တန်းစီနေကြပြီး အလွန်အ မင်း စိတ်လှုပ်ရှားနေကြသည်။
Live အပိတ်ခံရမည့် မြင်ကွင်းကို ကြိုမြင်နေကြသကဲ့သို့ပင်။
ထိုစဉ် အိပ်မက်မက်နေသော ကျူးလဲ့လဲ့မှာ ရုတ်တရက် အော်ဟစ်လိုက်သည်။
"အဘွား၊ မသွားပါနဲ့ဦး"
သူသည် အဘွားနောက်သို့အပြေးလိုက်ရာ ခြေထောက်က ရှေ့မှ ခုံတန်းနှင့် ဗုန်း ခနဲ တိုက်မိပြီး နာကျင်စွာဖြင့် နိုးလာတော့သည်။
တစ်ခဏချင်းမှာပင် တစ်တန်းလုံးက သူ့ကို လှည့်ကြည့်ကြသည်။
စာသင်နေသော ဆရာမပင် လန့်သွားခဲ့၏။
အားလုံး၏အကြည့်များအောက်တွင် ကျူးလဲ့လဲ့မှာ မျက်စိကလည်ကလည် ဖြစ်သွားပြီး သူ့ ၁၀ နှစ်ကျော် သရုပ်ဆောင်ပညာကို ထုတ်သုံးလိုက်သည်။
မျက်နှာကို ချက်ချင်း ရှုံ့မဲ့လိုက်ပြီး မျက်ရည်များဝဲလာတော့သည်။
"ဆရာမ... သား ဗိုက်နာလို့၊ အိမ်သာသွားချင်လို့ပါ"
ဆရာမကလည်း စိတ်သဘောထားကောင်းစွာဖြင့် "ကောင်းပြီ မြန်မြန်သွားတော့" ဟု ခွင့်ပြုလိုက်ရာ စကားပင်မဆုံးသေးမီ ကျူးလဲ့လဲ့မှာ ဗိုက်ကိုအုပ်ကာ အပြင်သို့ပြေးထွက်သွားတော့သည်။
ကျန်းလင်လည်း နောက်မှ လိုက်သွားခဲ့၏။
အိပ်မက်ပေးခြင်း အောင်မြင်၊ မအောင်မြင် သိချင်သလို၊ လိုက်ဖ် ကြည့်သူများကိုလည်း ငရဲဘုံ၏အစွမ်းကို ပြသချင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် လိုက်ဖ် ကြည့်နေသူများ မြင်လိုက်ရသည်မှာ ကျူးလဲ့လဲ့သည် အိမ်သာသို့ မသွားဘဲ ကျောင်းဝင်းထဲမှ တောအုပ်ငယ်လေးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခြင်းပင်။
ထိုပုံစံမှာ ဗိုက်နာနေသူနှင့် မတူဘဲ တစ်ခုခုကို အကြောင်းပြကာ အပြင်ထွက်လာသူနှင့် ပိုတူနေသည်။
တောအုပ်ထဲရောက်သောအခါ ကျူးလဲ့လဲ့သည် ဟိုဟိုဒီဒီ ကြည့်ရှုကာ လူမရှိသည်ကို အတည်ပြုပြီးနောက် အဘွားချန်ထားခဲ့သော ဖုန်းအဟောင်းလေးကို ထုတ်လိုက်သည်။
ဖုန်းမြည်သံ သုံးချက်အပြီးတွင် တစ်ဖက်မှ ဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို မေမေ... အလုပ်မသွားနဲ့တော့"
ကျူးလဲ့လဲ့မှာ ရင်တုန်ပန်းတုန်ဖြင့် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"အဘွားကပြောတယ်၊ သားတို့အတွက် အိမ်ခြံမြေစာချုပ်တွေ အများကြီး ချန်ထားခဲ့တယ်တဲ့၊ မေမေ မြန်မြန်လာပြီး သားကို အိမ်ပြန်ခေါ်တော့"
Live Room ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
[ဟမ် ဒီလိုလည်း ရတာလား]
[Host ရေ... ကျွန်တော့်ကိုလည်း အိပ်မက်ပေးပါဦး၊ ကျွန်တော်လည်း အဲ့လိုအိပ်မက်မျိုး မက်ချင်တယ်]
[ကျွန်တော့်ကိုလည်း အဲ့လို အဘွားမျိုး တစ်ဒါဇင်လောက် ပေးပါ]
ကျူးလဲ့လဲ့ 'ဆရာမ... သား ကျောင်းမတက်တော့ဘူး၊ အိမ်ပြန်ပြီး အမွေဆက်ခံတော့မယ်'
"လခွမ်း ဒီကောင်လေးက ငါ့ညီမရဲ့ အတန်းဖော်ပဲ"
...
တောအုပ်ထဲတွင် ကျူးလဲ့လဲ့မှာ မျက်နှာကလေး နီမြန်းနေပြီး
"မေမေ၊ သား အတည်ပြောနေတာ၊ မြန်မြန်လာပြီး အိမ်ခြံမြေလက်မှတ်တွေ အတူတူရှာရအောင်" ဟု ပြောလိုက်၏။
ဖုန်းတစ်ဖက်မှ အသက်ရှူသံမှာ ခေတ္တရပ်တန့်သွားပြီးနောက် ဆူပူသံများက ထွက်ပေါ်လာသည်။
"သေချာ စာသင်စမ်း၊ ဘာအိပ်မက်တွေ ယောင်နေတာလဲ"
ထို့နောက် စကားသံပြောင်းသွားကာ "အော်... ကျူးလဲ့လဲ့၊ မင်း စာသင်ချိန်မှာ အိပ်နေတယ်ပေါ့လေ၊ ငါ အလုပ်ကပြန်လာမှ တွေ့ကြသေးတာပေါ့"
ဤစကားကြောင့် ကျူးလဲ့လဲ့မှာရေအေးဖြင့် အလောင်းခံလိုက်ရသလို ဖြစ်သွားပြီး ညှိုးငယ်သွားတော့သည်။
'တကယ်ပဲ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာလား၊ဒါပေမဲ့ ငါ့အဘွားက ငါ့ကို မလိမ်ပါဘူး...'
လိုက်ဖ်ထဲတွင်မူ လူများမှာ ရယ်မောကုန်ကြသည်။
[ဒါက တကယ့်ကို နေ့ခင်းကြောင်တောင် အိပ်မက်မက်တာပဲ]
[ငါ ကျောင်းတက်တုန်းကလည်း ဒီလိုနည်းမျိုး သုံးဖူးတယ်၊ မင်းအမေက မင်းထက် တစ်ဆင့် ပိုမြင့်တယ်ကွ]
[ဟားဟား... ငါ့အစ်မက တစ်ခါတုန်းက အိမ်မှာ သိန်းတစ်ထောင် ပေါက်တယ်လို့ ပြောလို့ ငါ ဆရာမကို ကျောင်းထွက်စာ ပစ်ပေါက်ခဲ့ဖူးတယ်]
[ဟေး...အပေါ်ကလူ... နောက်ဆုံး ဘာဖြစ်သွားလဲ]
...
တစ်ချိန်တည်းမှာပင်၊ Report ထုထားသူများသည် Shark Live Platform မှ အကြောင်းပြန်စာ ရရှိခဲ့သည်။
"မင်္ဂလာပါ၊ စနစ်တွင် အမှားအယွင်း ဖြစ်ပေါ်နေပါသည်။ လက်ရှိတွင် အမြန်ဆုံးပြုပြင်နေပါသဖြင့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။"
Report ထုသူများ: "..."
'ဘာအခြေအနေလဲ၊ Platform က ဒီ Live Room ကို ကာကွယ်ပေးထားတာလား'
အမှန်မှာ Shark Live Platform သည် ထိုညကတည်းက တိုင်တန်းမှုများစွာ ရရှိခဲ့သည်။
ဝန်ထမ်းများက Live ကို ပိတ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ပေါင်းများစွာ ပြုလုပ်သော်လည်း ထို Live Room မှာ ရှိမြဲအတိုင်း ရှိနေခဲ့သည်။
ယနေ့နံနက်တွင် နည်းပညာရှင်များ လာရောက်စစ်ဆေးရာ၌ "Live Room ပိတ်ခြင်း အောင်မြင်ပါသည်" ဟု စနစ်က ပြနေသော်လည်း Refresh လုပ်လိုက်လျှင် ထို live room မှာ ရှိနေဆဲဖြစ်သည်။
ရဲစခန်းမှလည်း ဤ Live Room နှင့် ပတ်သက်၍ အချက်အ လက်များ လာရောက်စုံစမ်းခဲ့သည်။
သို့သော် မည်သည့် အချက်အလက်မျှ ရှာမတွေ့ပေ။ ဤ Live Room မှာ လေထဲမှ ပေါ်လာသကဲ့သို့ပင်။
ယခုထပ်မံ၍ Report များ ရောက်လာသောအခါ ဝန်ထမ်းများမှာလည်း ဘာမှမတတ်နိုင်တော့ဘဲ အထက်လူကြီးများထံသာ ထပ်မံတင်ပြရတော့သည်။
အကယ်၍ ဤအရာသည် Hacker တစ်ယောက်ယောက်၏ လက်ချက်ဆိုလျှင် သူတို့လည်း မည်သည်မျှမတတ်နိုင်တော့ပေ။
...
အမေ၏အငေါက်ခံလိုက်ရသော်လည်း ၎င်းက ကျူးလဲ့လဲ့၏ ရတနာရှာဖွေလိုသော စိတ်ကို မတားဆီးနိုင်ခဲ့ပေ။
ကလေးသဘာဝအရ အခြားသူက မယုံလေလေ၊ သူက မှန်ကြောင်း သက်သေပြချင်လေလေဖြစ်သည်။
ကျောင်းဆင်းခေါင်းလောင်း မြည်သည်နှင့် ကျူးလဲ့လဲ့သည် အိမ်သို့ မြားတစ်စင်းကဲ့သို့ ပြေးသွားတော့သည်။
လမ်းတွင် အဘိုးအိုများက "အိမ်မှာ ကြက်ပေါင်ကျွေးလို့ ဒီလောက်မြန်မြန် ပြေးနေတာလား"ဟု စနောက်ကြသော်လည်း သူ ဂရုမစိုက်နိုင်ပေ။
အိမ်ရောက်လျှင် အဘွားနေခဲ့သော အခန်းသို့ပြေးဝင်ကာ အဘွား၏ခုတင်ခေါင်းရင်းကို လှန်ရှာတော့သည်။
"ဟာ...တကယ်ပဲ သေတ္တာလေး ရှိနေတယ်"
ကျူးလဲ့လဲ့မှာ ဝမ်းသာအားရ ဖြစ်သွားသည်။
အဘွားပြောသည့်အတိုင်း အနီရောင် သေတ္တာလေးနှင့် ရွှေရောင်သော့ခလောက်လေး၊ အဘွား သူ့ကို မလိမ်ပါဘူး၊ မေမေကသာ မယုံတာ၊ သို့သော်သူသည် သူ့အမေထံ ချက် ချင်း ဖုန်းဆက်ချင်သော်လည်း ခုနကအဖြစ်အပျက်ကို သတိရကာ ဖုန်းကို ပြန်ချလိုက်တော့သည်။