← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

🫧 Chapter 7

ည ၆ နာရီတိတိရောက်မှ တံခါးဝမှ သော့ဖွင့်သံထွက်ပေါ် လာသည်။

"မေမေ ပြန်လာပြီလား"

တံခါးဝမှာ စောင့်နေတဲ့ ဝတုတ်ကလေးက ဝမ်းသာအားရ ထရပ်လိုက်ပြီး ခါးထောက်ကာ ဂုဏ်ယူဝင့်ကြွစွာ ရပ်နေလိုက်သည်။

'ဒီတစ်ခါတော့ မေမေ ဘာပြောဦးမလဲ ကြည့်ကြသေးတာပေါ့'

ကျူးလဲ့လဲ့၏ အမေသည် တစ်နေကုန် အလုပ်လုပ်ထားရသဖြင့် လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

တံခါးဖွင့်လိုက်သည်နှင့် အိမ်ရှေ့တွင် ဇောင်းကြွကြွဖြင့် အဆဲခံချင်စဖွယ် ရပ်နေသည့် သားဖြစ်သူကို မြင်လိုက်ရသော အခါ နေ့လယ်က ဖုန်းဆက်ခဲ့သည်ကို သတိရသွားကာ ဒေါသက ဝုန်းခနဲ ထွက်လာတော့သည်။

"ကောင်းပြီလေ ကျူးလဲ့လဲ့၊ မင်းက အတောင်စုံလာပြီပေါ့၊ မင်းအမေကိုတောင် လိမ်ရဲနေပြီ"

ပြောပြောဆိုဆိုနှင့် အင်္ကျီလက်ကို မတင်ကာ ကြက်မွေးသုတ်တံကို ကောက်ကိုင်ပြီး ရိုက်ရန် ပြေးလာတော့သည်။

"အား... မေမေ၊ သားပြောတာ အရင်နားထောင်ဦး၊ သား မလိမ်ဘူး"

"ဖုန်းကစားတာကို ထားပါဦး၊ စာသင်ချိန်မှာ အိပ်ငိုက်နေသေးတယ် ဟုတ်လား"

"မေမေ၊ သား ပြောတာကို..."

"ငါက မင်းအမေ မဟုတ်ဘူး၊ သွား... မင်းရဲ့ နေ့ခင်းကြောင် တောင် အိပ်မက်တွေဆီပဲ ပြန်သွားတော့၊ အဲ့ဒါကမှ မင်းအမေ"

ထိုကောင်လေးမှာ အိမ်ထဲတွင် ပတ်ပြေးနေရရှာသည်။

သို့သော်နောက်ဆုံးတွင် ဆိုဖာပေါ်က သစ်သားသေတ္တာလေးကိုကောက်ကိုင်ပြီး ရှေ့သို့ ထိုးပေးလိုက်သည်။

"မယုံရင် ကြည့်၊ ဒါ အဘွား ခုတင်ခေါင်းရင်းမှာ ရှာတွေ့တာ"

ကံကောင်းစွာဖြင့် ကြက်မွေးသုတ်တံမှာ ကျူးလဲ့လဲ့၏ တင်ပါးနှင့် ၀.၁ စင်တီမီတာအကွာတွင် ရပ်တန့်သွား၏။

သူ့အမေသည် သံသယဖြင့် သေတ္တာကို လှမ်းယူလိုက်ရာမှ သူမ မျက်နှာမှာ တဖြည်းဖြည်း တုန်လှုပ်ခြောက်ခြားမှုမှသည် မယုံကြည်နိုင်မှုသို့ ပြောင်းလဲသွားသည်။

သေတ္တာထဲက အရာတွေကို သေချာမြင်လိုက်ရချိန်မှာတော့ သူမမျက်နှာမှာ အတိုင်းအထက်အလွန် ဝမ်းသာပီတိဖြစ်မှုတွေ ဖုံးလွှမ်းသွားတော့သည်။

ကျူးလဲ့လဲ့မှာ နာနေတဲ့ တင်ပါးကို ပွတ်နေတုန်းမှာပင် အမေဖြစ်သူက သူ့ကို ဆွဲပွေ့ပြီး ပါးကို အားရပါးရ နှစ်ခါနမ်းလိုက်တော့သည်။

"မေမေ့ရဲ့ ရတနာလေး၊ မင်းက တကယ့်ကို အစွမ်းထက်တာပဲ"

...

ကျူးလဲ့လဲ့ ကျောင်းဆင်းပြီးနောက် ကျန်းလင်နောက်မှလိုက်မသွားတော့ပေ။

အိပ်မက်ပေးခြင်း အောင်မြင်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျောင်းဆင်းပြီးနောက် ဘာတွေဖြစ်ခဲ့သည်ကို လိုက်ဖ် ကြည့်နေသူများက မသိကြပေ။

သို့သော် နောက်တစ်နေ့တွင်၊ လူအများအပြားမှာ လင်ချန်သတင်းစာတွင် ဤကဲ့သို့သော သတင်းများကို တွေ့လိုက်ရသည်။

【တုန်လှုပ်ဖွယ်သတင်း ၊ အလယ်တန်းကျောင်းသားလေး အိမ်ခြံမြေ သိန်းသောင်းချီ အမွေရခြင်းမှာ အဘွားဖြစ်သူ အိပ်မက်ပေးခဲ့ခြင်းကြောင့်ဖြစ်】

【တုန်လှုပ်ဖွယ်သတင်း၊ အမျိုးသမီးတစ်ဦး အလုပ်ထွက်စာကို အထက်လူကြီးမျက်နှာသို့ ပစ်ပေါက်ကာ သိန်းသောင်းချီ အမွေဆက်ခံရန် အိမ်ပြန်ပြီဟု ကြွေးကြော်】

【အဘွားဖြစ်သူက မြေးလေးကို အိပ်မက်ပေးကာ အိမ်ခြံ မြေ လက်မှတ်အများအပြား ချန်ထားရစ်ခဲ့】

သတင်းကို နှိပ်ကြည့်လိုက်လျှင် အလယ်တန်းကျောင်းသားတစ်ဦးကျောင်းမှာရှိစဉ် အဘွားဖြစ်သူက အိပ်မက်ပေးကာ အိမ်မှာ အိမ်ခြံမြေလက်မှတ်တွေ အများကြီးရှိကြောင်းပြောပြခဲ့သည့်အကြောင်းဖြစ်သည်။

အိမ်ပြန်ရှာကြည့်သောအခါ တကယ်ရှိနေသဖြင့် မိဘများမှာ ချက်ချင်းအလုပ်ထွက်ကာ အိမ်ငှားစားသည့် အိမ်ရှင်အသစ် စက်စက်များ ဖြစ်သွားကြပြီဖြစ်သည်။

"ဒါတွေက လုပ်ကြံထားတဲ့ ပုံပြင်တွေပါကွာ" ဟု အချို့က ဖတ်ပြီး ဂရုမစိုက်ဘဲ ကျော်သွားကြသည်။

'အိပ်မက်ပေးတာတို့၊ သိန်းသောင်းချီ အမွေတို့ဆိုတာ မီဒီယာတွေက ချဲ့ကားရေးတတ်တာပဲလေ'

'အဘိုးအဘွားပစ္စည်းတွေ ရှင်းရင်းရှာတွေ့တာကို အိပ်မက် ပေးတယ်ဆိုပြီး လုပ်တာနေမှာပါ၊ ငါကတော့ မနာလိုမဖြစ်ပါဘူး'

လူအများစုက မယုံကြသော်လည်း မနေ့က Live ကြည့်ခဲ့သူများမှာမူ သတင်းခေါင်းစဉ်ကို မြင်သည်နှင့် အိပ်ချင်စိတ်များပါ ပျောက်ကုန်ကြသည်။

သတင်းကို အမြန်ဖတ်ပြီးနောက်၊ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ တစ်ကိုယ်လုံး ကြက်သီးများထသွားတော့ သည်။

'အခြားသူတွေ မသိပေမဲ့ သူတို့ သိသည်၊ မနေ့က အိပ်မက် ပေးသည့် ဖြစ်စဉ်ကို သူတို့က အစမှအဆုံး မြင်ခဲ့ရသည် မဟုတ်ပါလား'

[ဟောက်ကျိုးနဲ...Host ကတော့ နတ်ဘုရားပဲ]

[ဒါ Host ကိုယ်တိုင် စီစဉ်ထားတာများလား]

[အပေါ်ကလူ မင်းကတော့ လူအ,ပဲ၊ Host က ဒီလောက် ချမ်းသာနေရင် ဘာလို့ Live လွှင့်နေဦးမလဲ]

[Host ရေ... ကျွန်တော့်ကိုလည်း အိပ်မက် ပေးပါဦး၊ ကျွန်တော့အဖေကလည်း ကျွန်တော့်အတွက် သိန်းသောင်းချီ ချန်ထားနိုင်တယ်]

[Host ရေ... ကျွန်တော့် သက်တမ်း ဘယ်လောက်ကျန်သေးလဲ ကြည့်ပေးလို့ ရမလား]

[တကယ်တော့ Host ပထမဆုံး Live လွှင့်ကတည်းက တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားမိတယ်]

အချို့ကလည်း ကျန်းလင်၏ Live များကို မှတ်တမ်းတင်ကာ ဆန်းစစ်လာကြသည်။

[ပထမဆုံး Live မှာ အဘိုးကြီးတစ်ယောက်ဆီ သွားတယ်၊ နောက်တော့ ကားတိုက်မှု ဖြစ်တယ်။ အကယ်၍ Host က သာမန်လူဆိုရင်တောင် ကလေးမလေး သွေးအိုင်ထဲ လဲနေတဲ့ မြင်ကွင်းက Live မှာ အပိတ်ခံရမှာပဲ။]

[ဒါ့အပြင် သက်ဆိုင်ရာ ဌာနတွေကနေ သိရသလောက်တော့ Live ကို Report ထုတဲ့သူတွေ တစ်ယောက်မှ မအောင်မြင်ဘူး၊ Platform က မမြင်တာ မဟုတ်ဘဲ ပိတ်လို့မရတာပဲ]

[Host ရဲ့ ကိုယ်ရေးအချက်အလက်ကိုလည်း လုံးဝ ရှာမတွေ့ဘူး]

[.....]

[ဒါပေမဲ့ အကယ်၍ Host က လူမဟုတ်ဘူးဆိုရင်တော့ ဒါတွေအားလုံးက အဓိပ္ပာယ်ရှိသွားပြီ]

...

Live room အောက်တွင် ပုဂ္ဂိုလ်ကျော်ကြီး(ကျန်းလင်)ကို ကိုးကွယ်ပူဇော်သူများက ပြည့်နှက်နေသည်။

အချို့က စာမေးပွဲနီး၍စာတော်သည့် ဝိညာဉ်ကိုအိပ်မက်ပေးခိုင်းနေသလို၊ အချို့ကလည်း အိမ်မှာ ဝှက်ထားတဲ့ ရတနာရှိမရှိကြည့်ခိုင်းနေကြသည်။

တစ်ခဏချင်းမှာပင် Live Room မှာ နာမည်ကြီးသွားတော့ သည်။

တစ်ချက်တည်းနှင့်ကမ္ဘာကျော်သွားပြီဖြစ်သည်။

'ဝိညာဉ်ပို့ဆောင်တာကို မယုံသူရှိသော်လည်း 'အိပ်မက်ပေး၍ ချမ်းသာခြင်း' ဆိုသည့် ကိစ္စကိုတော့ လူတိုင်းက "ရှိနိုင်ကောင်းပါရဲ့" ဟု ယုံကြည်ချင်နေကြသည်။

လူတွေမှာ အများနောက် လိုက်တတ်သည့် စိတ်ရှိသဖြင့် မယုံသူများပင်လျှင် လာရောက်ကြည့်ရှုကြတော့သည်။

ထို့ကြောင့် Live နာမည်ကြီးလာသည်နှင့်အမျှ တမလွန်ဘဝနှင့် ဆက်စပ်လုပ်ငန်းများလည်း နာမည်ကြီးလာတော့သည်။

ပုံမှန်ဆိုလျှင် ပွဲတော်ရက်မှသာလူရှိတတ်သည့် အမွှေးတိုင်နှင့် ငွေစက္ကူဆိုင်များတွင် လူငယ်များဖြင့် စည်ကားလာသည်။

လူငယ်လေးများက အမွှေးတိုင်တွေ၊ ငွေစက္ကူများကို လာဝယ်ကြသော်လည်း နာရေးသုံးပစ္စည်းများကိုမူမဝယ်ကြပေ။

ဆိုင်ပိုင်ရှင်မှာ အံ့သြနေရတော့၏ "အခုခေတ် လူငယ်တွေက ဘိုးဘွားတွေကို ကန်တော့ဖို့ ဒီလောက်တောင် တက်ကြွနေကြတာလား"

ဟုတ်သည်၊ ဘိုးဘွားကန်တော့ခြင်းပင်။

ချုံနွယ်ပိတ်ပေါင်းများဖုံးနေသည့် သင်္ချိုင်းဂူများမှာ လူငယ်များကြောင့် သန့်ရှင်းသွားကာ အမွှေးတိုင်နှင့် ငွေစက္ကူများဖြင့် စည်ကားသွားတော့သည်။

"ဘိုးဘွားတို့ရေ... ကျွန်တော်တို့အိမ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ပစ္စည်းတွေ ကျန်သေးလား၊ ရှိရင် အိပ်မက်ထဲမှာ တစ်ခု၊ နှစ်ခုလောက်ပြောပြရင် တော်ပါပြီ"

"ကျွန်တော် လောဘမကြီးပါဘူး၊ အိပ်မက်ထဲမှာ စောင့်နေမယ်နော်"

"ဘိုးဘွားတို့ ဘာလိုချင်လဲပြောပါ၊ အိမ်ကြီးလား၊ ရုပ်ချောချော စက္ကူရုပ်လား၊ အကုန် ရှို့ပေးပါ့မယ်"

ဆုတောင်းပြီးနောက် လူငယ်များသည် ဟိုဟိုဒီဒီကြည့်ကာ အမြန်ထွက်သွားကြသည်။

...

မိဘများစွာမှာလည်း အံ့သြနေရသည်။

'သားသမီးတွေက ဘိုးဘွားသင်္ချိုင်းဘယ်မှာလဲ လိုက်မေးနေသလို၊ အမွှေးတိုင်တွေဝယ်ကာ တစ်နေကုန် လျှို့ဝှက်ချက်တွေ ရှိနေသလိုပင်'

ပုံမှန်ဆိုလျှင် ည ၁၂ နာရီမှ အိပ်တတ်သော လူငယ်များမှာ ယခုရက်ပိုင်းအတွင်း ည ၁၀ နာရီဆိုလျှင် အိပ်ရာဝင်နေကြပြီ ဖြစ်၏။

အမှန်တကယ်ပင် ထူးဆန်းလှပေသည်။

၎င်းတို့ကြောင့်ပင် ကျန်းလင်၏အလုပ်များမှာလည်း ပိုမိုများပြားလာခဲ့သည်။

အသက် ၂၀ ကျော် လူငယ်ဟုန်ယွိလည်း ထိုအုပ်စုထဲမှ တစ်ယောက်ဖြစ်သည်။

မုန်လာဥတစ်ဝက်ကို အမွှေးတိုင်ထိုးစရာ လုပ်ကာ တီဗီရှေ့တွင် ထားပြီး... အကြိမ်ကြိမ်ဦးချကာ အိပ်ရာဝင်ခဲ့သည်။

ဟုန်းရွေ့သည် မျှော်လင့်ချက်အပြည့်ဖြင့် အိပ်ရာဝင်ခဲ့ခြင်းဖြစ်၏။

ထိုစဉ်က နာရီမှာ ၁၀ နာရီကိုသာ ညွှန်ပြနေသေးသည်။

တစ်တော့ တစ်တော့....

ဟုန်းရွေ့ နိုးလာချိန်တွင် ဧည့်ခန်းထဲ ရပ်နေကြောင်းတွေ့လိုက်ရသည်။

ပတ်ဝန်းကျင်က နေဝင်ရီတရောအချိန်လို မှောင်မှောင်မည်းမည်း ဖြစ်နေသည်။

ရုတ်တရက် တံခါးခေါက်သံ ကြားရသဖြင့် သွားဖွင့်ပေးလိုက်ရာ သူ့ အဘိုးဖြစ်သူ ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုအခါသူက ဝမ်းသာအားရဖြင့် "အဘိုး... သားအတွက် အမွေတွေ ချန်ထားခဲ့တာ ရှိလား"

အဘိုးအိုက သူ့ကို စိုက်ကြည့်ကာ "မင်းကတော့ အိပ်မက်ယောင်နေတာပဲ" ဟု အော်လိုက်သည်။

"ငါ့အတွက် အိမ်ကြီးတွေ၊ ကားတွေ အများကြီး ရှို့ပေးဦးလေတစ်နေကုန် အိပ်မက်ယောင်ဖို့ပဲ သိတယ်"

"ငါ အောက်မှာ အစားဆင်းရဲ၊ အဝတ်ဆင်းရဲ ဖြစ်နေတာကို မင်းက ဒီမှာ အိပ်ကောင်းနေတယ် ဟုတ်လား"

ထို့နောက်ဟုန်ယွိ မှာ အဘိုး၏ကန်ချက်ဖြင့် လန့်နိုးလာခဲ့သည်။

နိုးလာချိန်တွင် မှောင်မည်းနေသော အခန်းကိုကြည့်ကာ ကြောက်စိတ်ဝင်လာပြီး မိုးမလင်းခင်ကတည်းက အဘိုးခိုင်းသည့် ပစ္စည်းများသွားဝယ်လိုက်တော့သည်။

"......"

အချို့က ဝမ်းနည်းရသော်လည်း အချို့ကမူ ဝမ်းသာရသည်။

တက္ကသိုလ်ကျောင်းသားတစ်ဦးမှာ ဘိုးဘွားများ၏အမိန့်အရ အိမ်ဟောင်းကြီး၏မြေအောက်မှ ရှေးဟောင်းပစ္စည်းများကို တူးဖော်ရရှိခဲ့သည်။

ထိုပစ္စည်းများ၏တန်ဖိုးမှာ အလွန်ကြီးမားသဖြင့် သက် ဆိုင်ရာ ဌာနများပင် လာရောက်စစ်ဆေးရသည်အထိဖြစ်သွားရသည်။

အမွှေးတိုင် လုပ်ငန်းများမှာလည်း ရုတ်တရက် ကြီးပွားလာကြသည်။

ဆိုင်ပိုင်ရှင်များမှာ ကျန်းလင်ဆိုတာ ဘယ်သူမှန်းမသိသော် လည်း ဤအရာအားလုံးမှာ Live Room တစ်ခုကြောင့် ဖြစ်သည်ဟုသာ ကြားသိထားကြရသည်။

🫧 Chapter 8

ငရဲဘုံ၌ လှည့်လည်သွားလာနေသော ကျန့်လင်းသည် ရုတ်တရက် စနစ်၏အသံကို ကြားလိုက်ရသည်။

[ဒင် ဂုဏ်ယူပါသည် အရှင်၊ Live Room ၏ လူကြည့်နှုန်းမှာ တစ်သိန်းကျော်သွားပါပြီ]

[ဆုလာဘ် - အမှတ် ၅၀ဝ]

[ဒင် အရှင်သည် ငရဲဘုံ၏ 'အိပ်မက်ပေးခြင်း'အကြောင်း အရာ ကို ပြန့်ပွားစေခဲ့သဖြင့် အမှတ် ၃၀ဝ ရရှိပါသည်]

အခြေအနေကိုနားလည်သွားပြီးနောက် ကျန့်လင်းသည် Live Room အပေါ် အမြင်ပြောင်းလဲသွားသည်။

ရှေးခေတ်က သတင်းအချက်အလက်ပေးပို့ရန် ခက်ခဲသဖြင့် သတင်းပြန့်နှံ့မှုမှာ အလွန်နှေးကွေးခဲ့သည်။

သို့သော် ဤခေတ်တွင်မူ လူတို့၏သတင်းပေးပို့မှုမှာ အလွန်ပင် လွယ်ကူလှပုံရသည်။

ကိစ္စရပ်တစ်ခုကို လူတိုင်းသိရှိစေရန်မှာ အလွန်လွယ်ကူလှပေသည်။

"Live Room ရဲ့ မစ်ရှင် တွေက ပြီးမြောက်ဖို့ သိပ်မခက်ဘူးပဲ"

"အရင်က ငရဲပြည်အကြောင်းကို ပြန့်ပွားအောင်လုပ်တုန်းက အမှတ် ၁၀ဝ ပဲ ရခဲ့တာ၊ အခုတော့ ၃၀ဝ တောင် ရတယ်။ ဒီအမှတ်တွေက Live Room ရဲ့ လူကြည့်နှုန်းနဲ့ ဆိုင်ပုံရတယ်။"

"ဒါမှမဟုတ် လူ့လောကအပေါ် သက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတာနဲ့ ဆိုင်တာလား"

စဉ်းစားပြီးနောက် ကျန့်လင်းသည် Fan များ ပေးထားသော လက်ဆောင်ငွေများကို ထုတ်ယူရန် setting ထဲသို့ဝင်လိုက်‌ တော့သည်။

မကြာသေးမီက အိပ်မက်ပေးခြင်းလုပ်ငန်းမှာ နာမည်ကြီးလာသဖြင့် Live Room ထဲတွင် လက်ဆောင်ပေးသူများ ပိုမိုများပြားလာခဲ့သည်။

ဤငွေများသည် အလိုအလျောက် ငရဲသုံးငွေကြေးအဖြစ် ပြောင်းလဲသွားသဖြင့် အသုံးပြုရအလွန်လွယ်ကူသည်။

ကျန့်လင်းသည် ငွေအချို့ကို ထုတ်ယူပြီးခါစမှာပင် setting ထဲရှိ ဂဏန်းများမှာ ရုတ်တရက် ပြောင်းလဲသွားကာ ၀ မှ ၅၀ဝ၀ သို့ ရောက်သွားသည်။

"နောက်ထပ် လက်ဆောင်ပေးတာလား၊ ငါ Live တောင် မလွှင့်ရသေးဘူးလေ"

ကျန့်လင်း setting ထဲမှ ထွက်လိုက်သည်။

Live Room မျက်နှာပြင်မှာ အမည်းရောင်ဖြစ်နေဆဲဖြစ်သော် လည်း အပေါ်ရှိ မှတ်ချက်များမှာမူ ရေစီးသကဲ့သို့ အလွန်မြန်ဆန်စွာ စီးဆင်းနေသည်။

ခုနကတစ်စုံတစ်ယောက်က ငွေ ၅၀ဝ၀ လက်ဆောင်ပေး လိုက်သဖြင့် Live Room တစ်ခုလုံးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်နေသည်။

အခြားမှတ်ချက်များအားလုံးပျောက်ကွယ်သွားပြီး ရွှေရောင်တောက်နေသော မှတ်ချက်တစ်ခုသာ ထင်ထင်ရှားရှား ပေါ်နေတော့သည်။

[ကျွန်မက တုတုရဲ့အမေပါ၊ ကျေးဇူးပြုပြီး အဖြူရောင် သခင်ကြီး ကူညီပေးပါဦး၊ တုတုနဲ့ နောက်ဆုံးတစ်ခေါက်လောက် တွေ့ခွင့်ပေးပါ]

[ကျွန်မက တုတုရဲ့ အမေပါ၊ ကျေးဇူးပြုပြီး ကူညီပေးပါဦး၊တူးတူးနဲ့ နောက်ဆုံးတစ်ခေါက်လောက် တွေ့ခွင့်ပေးပါ]

[ကျွန်မက တုတုရဲ့ အမေပါ၊ ကျေးဇူးပြုပြီး ကူညီပေးပါဦး၊ တုတုနဲ့ နောက်ဆုံးတစ်ခေါက်လောက် တွေ့ခွင့်ပေးပါ]

တူညီသော မှတ်ချက်ကို သုံးကြိမ်ဆက်တိုက် ရိုက်ထားခြင်းဖြစ်သည်။

သုံးကြိမ်ပြည့်ပြီးနောက် လက်ဆောင်‌ပေး၍ရလာသော အထူးပြုလုပ်ချက်များမှာ ပျောက်ကွယ်သွားကာ အခြားမှတ်ချက်များ ပြန်တက်လာသည်။

တုတု...

ကျန်းလင်သည် ထိုအမည်ကို အစက ချက်ချင်း သတိမထားမိပေ။

Live Room မှ မှတ်ချက်များကို ကြည့်လိုက်မှသာ ထိုညက ကားတိုက်မှုတွင် ပါဝင်ခဲ့သည့် ကလေးမလေးဖြစ်ကြောင်း သိလိုက်ရသည်။

"ဒါဆို ဒီ 'အဖြူ‌ရောင်သခင်ကြီး' ဆိုတာ ငါ့ကို ပြောတာပေါ့"

ငရဲဘုံတွင် ' ဝိညာဉ်တမန်တော်' များစွာရှိသဖြင့် ခွဲခြားရလွယ်ကူစေရန် အိပ်မက်ပေးခိုင်းသူများက သူ့ကို 'ဝိညာဉ်တမန်တော်ကျန်း' သို့မဟုတ် 'သခင်ကျန်း' ဟုသာ ခေါ်ကြသည်။

ထို့ကြောင့် ယခု 'အဖြူ‌ရောင်သခင်ကြီး' ဟု ခေါ်သည်ကို သူ ချက်ချင်း သတိမမူမိခြင်းဖြစ်သည်။

"အဲ့ဒီကလေးမလေးနဲ့ တွေ့ချင်တာလား..."

ထိုမိန်းကလေးငယ်မှာ အဝါရောင်ရေပန်းလမ်းပေါ် ရောက်နေသည်မှာ ရက်အနည်းငယ်သာရှိသေးသဖြင့် မုန့်‌ပေါ်ဆေးရည် သောက်ရဦးမည် မဟုတ်ပေ။

အကယ်၍ နောက်ဆုံးတစ်ခေါက် တွေ့ခွင့်ပေးရုံဆိုလျှင်... ၎င်းမှာ ကျန့်လင်းအတွက် မခက်ခဲလှပေ။

သို့သော် လက်ဆောင်ပေးသူက သူ့ တုံ့ပြန်မှုမရှိခြင်းကို အဓိပ္ပာယ်လွဲသွားပုံရသည်။

နောက်တစ်ခဏတွင် ငွေတစ်သောင်းလက်ဆောင်မှာ Live Room တစ်ခုလုံးကို ဖြတ်သန်းသွားပြန်သည်။

Live Room အတွင်းတွင်လည်း ရောင်စုံအလံများ တလူလူ လွင့်နေတော့သည်။

[ကျွန်မက တုတုရဲ့ အမေပါ၊ ကျေးဇူးပြုပြီး သခင်ကြီး ကူညီပေးပါဦး]

[ကျေးဇူးပြုပြီးတုတုနဲ့ နောက်ဆုံးတစ်ခေါက် တွေ့ခွင့်ပေးပါ]

...

လက်ဆောင်အထူးပြုလုပ်ချက်များ ပျောက်ကွယ်သွားပြီးနောက် ထိုကားတိုက်မှုကို မျက်မြင်တွေ့ခဲ့သူများက မှတ်ချက်များ စတင်ရေးသားလာကြသည်။ တစ်ယောက်ချင်းစီမှာ ဒေါသထွက်နေကြသည်။

[အခုမှ တွေ့ချင်နေတာလား၊ လူရှိစဉ်က မတန်ဖိုးထားဘဲနဲ့ အခုတော့ နောက်ကျသွားပြီ]

[နတ်သမီးလေးတုတုက သေသွားတာတောင် မင်းတို့အတွက် စိတ်ပူနေခဲ့တာ၊ မင်းတို့နဲ့ တန်လို့လား]

[အခုမှ နောင်တရနေတာလား၊ ဖုန်းပြောပြီး ကားမမောင်းရင် ပြီးတာပဲကို]

[အဲ့ဒီ ကီးဘုတ်ဖိုက်တာ တွေက ပါးစပ်ပိတ်ထားလို့ မရဘူးလား၊ ကားတိုက်မှုက အဓိက တရားခံက ယာဉ်မောင်းလေ၊ နစ်နာသူကိုပဲ အပြစ်လိုက်မတင်ကြစမ်းနဲ့]

[ယာဉ်မောင်းက အဓိက တရားခံပေမဲ့ မိဘတွေမှာလည်း အပြစ်ရှိတာပဲ]

...

ဤမှတ်ချက်များကို ကြည့်ရင်း ရှုရန် (ဝါ) တုတုအမေသည် ရှိုက်ကြီးတငင် ငိုကြွေးနေ၏။

သမီးလေး ဆုံးပါးသွားသည့် သတင်းက သူမကို အကြီးအ ကျယ် ရိုက်ခတ်ခဲ့သည်။

သူမသည် ဝိညာဉ်လွင့်နေသူကဲ့သို့ ဖြစ်နေပြီး အသက်ရှင်လိုစိတ်လည်း မရှိတော့ပေ။

သူငယ်ချင်းများက လာကြည့်ချိန်တွင်ပင် လန့်သွားကြသည်။

သူမ၏အလှအပကို အမြဲဂရုစိုက်တတ်သော သူငယ်ချင်းမလေးမှာ ယခုကဲ့သို့ စုတ်ပြတ်သတ်နေမည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

သူငယ်ချင်းတစ်ယောက်က စမ်းကြည့်သည့်အနေဖြင့် အင်တာနက်ပေါ်တွင် မကြာသေးမီက နာမည်ကြီးနေသော ကားတိုက်မှုနှင့် Live Room အကြောင်းကို ပြောပြခဲ့သည်။

ရှုရန်သည် သတင်းများကို မကြည့်ရုံတင်မက ဖုန်းကိုပင် ပိတ်ထားခဲ့သူဖြစ်သည်။

ဤကိစ္စကို ကြားသည်နှင့် ဖုန်းကို ချက်ချင်း ဖွင့်လိုက်သည်။

ထိုအခါမှသာ တုတု သေဆုံးပြီးနောက် ပထမဆုံး မေးခဲ့သည်မှာ 'မေမေ ဘာဖြစ်သွားသေးလဲ' ဆိုသည့်အကြောင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သူမ မျက်ရည်များမှာ တားမရအောင်ကျလာခဲ့ကာ သူမသည် မိခင်ကောင်းတစ်ယောက် မဟုတ်မှန်း သူမကိုယ်သူမ သိသော်လည်း တုတု ကို နောက်ဆုံးတစ်ခေါက်လောက် တွေ့ချင်ပါသေးသည်။ စကားပြောချင်သေးသည်၊ ထပ်ပြီး ဖက်ထားချင်သေးသည်။

ဤ Live Room က အစစ်ဖြစ်စေ၊ အတုဖြစ်စေ... မျှော်လင့် ချက် အနည်းငယ်ရှိလျှင်ပင် သူမ စမ်းကြည့်ချင်သည်။

သူမသည် နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသကဲ့သို့ အလွှတ်မပေးလိုတော့ပေ။

ဘေးနားတွင် ဖန့်ဝေတုန်းသည်လည်း မျက်လုံးများနီမြန်းနေသည်။

တုတု အဖြစ်ဆိုးကြုံခဲ့ရကတည်းက သူတို့နှစ်ဦးလုံး နောင်တ များကြားတွင် ပိတ်မိနေခဲ့ကြသည်။

ရှုရန်က အရူးအမူးလက်ဆောင်များ ပေးနေသည်ကို မြင်သောအခါ သူက မနေနိုင်ဘဲပြောလိုက်သည်။

"မင်း ရူးနေတာလားဒီလိုလုပ်လို့ ဘာထူးမှာလဲ"

ရှူရန်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"ဘာထူးထူး၊ ဘာမှ မလုပ်ဘဲနေတာထက်စာရင် အများကြီး သာတယ်"

"ဒါ Live Room တစ်ခုပဲလေ တုတုအတွက် ဆုတောင်းပေးချင်ရင် ကိုယ် ဘုရားကျောင်းကို လိုက်ပို့ပေးမယ်"

"ဖယ်စမ်း၊ ရှင့်အလုပ် မဟုတ်ဘူး"

သူတို့နှစ်ဦးအငြင်းပွားနေစဉ်မှာပင် တုံ့ပြန်မှု မရှိတော့ဟု ထင်ထားသော Live Room မှာ ရုတ်တရက် လင်းထိန်လာသည်။

မှောင်မိုက်ကာအေးစိမ့်သော နောက်ခံမြင်ကွင်းနှင့်အတူ အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးပေါ်လာသည်။

အမျိုးသား၏မျက်နှာမှာ ထင်ရှားပြီး အသားမှာ ပုံမှန်ထက် ပိုဖြူကာ မျက်ဝန်းများတွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့ အသက်များ ရှိနေသည်။ ကြည့်ရသည်မှာ အလွန်ပင် 'တ‌စ္ဆေ' ဆန်လှသည်။

သူပြောလိုက်သော စကားမှာလည်း အလွန်ပင် တည့်တိုးဆန်လှ၏။

"ရက်လည်တဲ့နေ့မှာ အမွှေးတိုင်‌တွေကို အဆင်သင့်ပြင်ထားပါ။ မြို့ပြင်ကနေထွန်းညှိပြီးတော့ အိမ်တံခါးဝအထိ တန်းစီထားရမယ်"

"ကောင်းပါပြီ၊ ကောင်းပါပြီ"

ဝမ်းနည်းပူဆွေးနေသော ရှုရန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။

ထို့နောက်တွင်မှ ကျန်းလင်က သူမ၏ အသံကို ကြားနိုင်မည်မဟုတ်ကြောင်း သတိရသွားသည်။

နောက်တစ်ခဏတွင် Live Room အတွင်း ရောင်စုံအလံများ သုံးကြိမ်ဆက်တိုက် လွင့်ပျံသွားပြန်သည်။

ထို့နောက်အောက်တွင် ရှုရန်၏အကြောင်းပြန်ချက် ပေါ်လာ‌ တော့သည်။

[ကောင်းပါပြီ၊ အမိန့်အတိုင်း လုပ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် သခင်ကြီး]

[ကောင်းပါပြီ၊ အမိန့်အတိုင်း လုပ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် သခင်ကြီး]

[ကောင်းပါပြီ၊ အမိန့်အတိုင်း လုပ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် သခင်ကြီး]

...

တုတု၏ ရက်လည်ရောက်ရန်က ၂ ရက် လိုသေးသည်။

ဤ ၂ ရက်အတွင်း စောင့်ဆိုင်းနေသူများအတွက်မှာမူ အလွန် ရှည်လျားလှပေသည်။

ကျန်းလင်အတွက်မူ ၂ ရက်ဆိုသည်မှာ တခဏသာရှိသည်။

သူသည် ဝိညာဉ်ဈေးတွင် နွားမျက်ရည်အချို့ ဝယ်ယူပြီးနောက် အဝါရောင်ရေပန်းလမ်းသို့သွားကာ တန်းစီနေသော တုတုကို ခေါ်ထုတ်ခဲ့သည်။

ခုနစ်ရက်ပြည့် ဝိညာဉ်ပြန်လာခြင်း ဆိုသည်မှာ ခုနစ်ရက်ပြည့်သည့်နေ့တွင် ဝိညာဉ်တိုင်းပြန်လာနိုင်သည်ဟု မဆိုလိုပေ။

လူတစ်ယောက်သေဆုံးပြီး ခုနစ်ရက်ပြည့်ချိန်တွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ အကန့်အသတ်တစ်ခုသို့ရောက်ရှိသွားခြင်း ဖြစ်သည်။

ခုနစ်ရက်ကြာ စုဆောင်းထားသော ဝိညာဉ်အငွေ့အသက်များကြောင့် ပုံမှန်မလုပ်ဆောင်နိုင်သော အရာများကို လုပ်ဆောင်နိုင်ခြင်းဖြစ်၏။

...

တုတု၏ ရက်လည်ည...

၂ ရက်တာ သတင်းပြန့်နှံ့သွားမှုကြောင့် ဤကိစ္စအပေါ် စိတ်ဝင်စားမှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွား၏။

အင်တာနက်အသုံးပြုသူတိုင်းနီးပါး ဤကိစ္စကို သိရှိနေကြပြီ ဖြစ်သည်။

လိုက်ဖ်မစတင်မီကတည်းက လူကြည့်နှုန်းမှာ ဂဏန်း ၆ လုံးသို့ တက်လှမ်းနေပြီ ဖြစ်သည်။

[ဖျာတွေ၊ ပေါက်ပေါက်ဆုပ်တွေ အဆင်သင့်ပဲ၊ ပွဲကြည့်ဖို့ အသင့် စောင့်နေတယ်]

[သူငယ်ချင်းတို့... တစ်ရှူးတွေနဲ့ ၁၂၀ အရေးပေါ်ဖုန်းနံပါတ်တွေ အဆင်သင့် ပြင်ထားကြနော်]

[လူသစ်မို့လို့ မသိလို့ပါ၊ တစ်ရှူးက ဘာလုပ်ဖို့လဲ]

[မင်း ငိုမိမှာ စိုးလို့လေ ]

[ဒါဆို အရေးပေါ် ဖုန်းနံပါတ်ကရော]

[မင်း လန့်ဖျပ်ပြီး မေ့လဲသွားမှာ စိုးလို့လေ။ 'မရဏ‌လောက' Live Room ဆိုတာ နာမည်နဲ့ တကယ်လိုက်တာနော်]

[......]

[ကျွန်မ အခင်းဖြစ်တဲ့နေရာမှာ ရှိနေတယ်၊ ရဲလည်း တိုင်ထားပြီးပြီ၊ Host ကတကယ်ပဲ ကတိအတိုင်း လုပ်နိုင်ပါစေလို့ မျှော်လင့်တယ်]

ဤမှတ်ချက်ကို ရေးပြီးနောက် ရှုရန်သည် အိမ်တံခါးဝကို စိတ်ပူပန်စွာ ကြည့်နေတော့သည်။

All Chapters