အခန်း (၉-၁၀)
Vol. 1 Ch. 9-10
🫧 Chapter 9
[ကျွန်မ အခင်းဖြစ်တဲ့နေရာမှာ ရှိနေတယ်၊ ရဲလည်း တိုင်ထားပြီးပြီ၊ Host က တကယ်ပဲ ကတိအတိုင်း လုပ်နိုင်ပါစေလို့ မျှော်လင့်တယ်]
ဤမှတ်ချက်ကို ရေးပြီးနောက် ရှုခယ့်ခယ့်သည် အိမ်တံခါးဝကို ဒေါသတကြီးကြည့်နေတော့သည်။
တုတုသည် သူမ၏ဝမ်းကွဲညီမလေးဖြစ်ပြီး အလွန်ချစ်စရာကောင်းသော မိန်းကလေးငယ်လေးဖြစ်သည်။
တုတု ဆုံးပါးသွားကြောင်း သိရချိန်တွင် သူမ အလွန်ဝမ်း နည်းခဲ့ရပြီး ဆရာမထံခွင့်တိုင်ကာ ချက်ချင်းပြန်လာခဲ့သည်။
သို့သော်ပြန်ရောက်လာချိန်တွင်မူ သူမ အဒေါ်ဖြစ်သူက ဝမ်းကွဲညီမလေးအတွက် ကောင်းကောင်းမွန်မွန် နာရေးမလုပ်ဘဲ ကောလာဟလများကို ယုံကြည်ကာ Live Room တစ်ခုထဲသို့ ငွေများ ပုံအောပေးနေသည်ဟု ကြားလိုက်ရသည်။
ဝမ်းကွဲညီမလေးနှင့် ပြန်တွေ့ရမည်ဟူသော စကားကို ကြားရသောအခါ ရှုခယ့်ခယ့်မှာ ဒေါသထွက်လွန်း၍ အသက်ရှူပင် ရပ်လုနီးနီးဖြစ်သွား၏။
'ယခုခေတ်ကြီးမှာ ဒီလောက်တောင် အယူသီးနေကြတုန်းလား'
အကယ်၍ အဒေါ်ဖြစ်သူ စိတ်သက်သာရာရစေရန် ဘုရားကျောင်းသွားပြီး အမွှေးတိုင်ထွန်းသည်ဆိုလျှင် သူမ လက်ခံနိုင်သေးသည်။
သို့သော် ဤ Live Room မှာ သိသိသာသာပင် ငွေလိမ်နေခြင်း ဖြစ်သည်။
' အိပ်မက်ပေးတာတို့၊ ဝိညာဉ်ခေါ်တာတို့ ၊ခုနစ်ရက်ပြည့် ရက်လည်မှ ပြန်လာတာတို့၊ဒါတွေက လမ်းဘေးက ဗေဒင်ဆရာတွေ လိမ်စားတဲ့ နည်းလမ်းတွေ မဟုတ်လား'
"ဒီနေ့တော့ ငါ ဒီမှာပဲ စောင့်ကြည့်နေမယ်၊ ရှင် လူတွေကို ဘယ်လိုလိမ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ရှုခယ့်ခယ့် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
သူမ က ရဲပင်တိုင်စရာမလိုအပ်ပါပဲနှင့်ပတ်ဝန်းကျင်တွင် ရဲအရာရှိများ ဝိုင်းရံထားပြီးဖြစ်သည်။
၎င်းတို့အထဲတွင် ကျိုးကျိကော်သည်လည်း အရပ်ဝတ်ဖြင့် လူအုပ်ကြားတွင် ပုန်းကွယ်နေသည်။
ပထမအချက်မှာ ဤကိစ္စက အလွန်ဂယက်ထနေသဖြင့် လာရောက်ကြည့်ရှုသူ များပြားလှသောကြောင့် သက်ဆိုင်ရာဌာနများက စနစ်တကျရှိစေရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ် သည်။
ဒုတိယအချက်မှာ တုတု အမှုကတည်းက ဤ Live Room ကိုယ်တိုင်က သက်ဆိုင်ရာ၏စောင့်ကြည့်ခြင်းကို ခံနေရသောကြောင့်ပင်။
ခဏအကြာတွင် ညမှောင်လာပြီး မီးရောင်များ လင်းထိန်လာသည်။
တုတု၏အမေသည် အမွှေးတိုင်များကို စတင်ထွန်းညှိနေပြီဖြစ်၏။ လင်ချန်မြို့ပြင်မှ အိမ်တံခါးဝအထိ အကွာအဝေးတစ်ခုစီခြားကာ အမွှေးတိုင်တစ်တိုင်စီ ထွန်းညှိထားသည်။
၎င်းမှာ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ ဖန့်ဝေတုန်းသည်လည်း သူမ၏လုပ်ရပ်ကို လက်မခံသော်လည်း ယခုအချိန်တွင် ကူညီပေးရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။
အမွှေးတိုင်များ တဖြည်းဖြည်းလောင်ကျွမ်းနေကာ အမွှေးတိုင်မှ ထွက်လာသော အခိုးအငွေ့များသည် လေထဲတွင် ပျောက်ကွယ်မသွားဘဲ တစ်စထက်တစ်စ စုစည်းသွားကာ ထူးခြားသော 'အငွေ့တံတား' တစ်ခုအဖြစ် ကောင်းကင်ယံ၌ ဖြစ်တည်လာသည်ကို မည်သူမျှ သတိမထားမိကြပေ။
ထိုတံတားသည် လင်ချန်မြို့ပြင်မှ တုတုတို့ အိမ်တံခါးဝအထိ သွယ်တန်းနေသည်။
လေလွင့်ဝိညာဉ်များစွာမှာ ၎င်းကို မြင်သောအခါ လမ်းဖယ်ပေးကြပြီး မျက်ဝန်းများတွင် မနာလိုစိတ်များဖြင့် ကြည့်နေကြသည်။
သူတို့အမြင်တွင် ၎င်းမှာ အိမ်ပြန်လမ်းဖြစ်သည်။ ဘဝကူး ပြောင်းမည့်လမ်းလည်း ဖြစ်သည်။
သို့သော် သူတို့မှာမူ ထိုသို့လုပ်ရန် အရည်အချင်းမရှိကြတော့ပေ။
...
[၁၂ နာရီ ထိုးတော့မယ်၊ Host က အခုထိ ပေါ်မလာသေးဘူး]
[Host က ငွေတွေယူပြီး ထွက်ပြေးသွားတာများလားအချုပ်ခန်းထဲမှာ တစ်ခန်းလောက် ကြိုတင်ဘိုကင်လုပ်ထားလိုက်တော့]
[၁၂ နာရီကျော်မှ ခုနစ်ရက်ပြည့်မှာလေ၊ မလောကြနဲ့ ငါ့လိုမျိုး နေကြာစေ့လေးစားပြီး စောင့်ကြစမ်းပါ]
[အပေါ်ကလူ... ငါ့ကိုလည်း နည်းနည်းပေးဦး၊ အတူတူစားရအောင်]
လိုက်ဖ်ကြည့်ရှုသူများ မျှော်လင့်တကြီး စောင့်စားနေစဉ်မှာပင် နာရီလက်တံမှာ ၁၂ နာရီသို့ ညွှန်ပြလိုက်၏။
ကလစ်..
သုည နာရီ သုည တစ် စက္ကန့်...
ခုနစ်ရက်ပြည့်သည့် အချိန်သို့ ရောက်လာပြီဖြစ်ကာ လိုက်ဖ်ကလည်း စတင်ပြီဖြစ်သည်။
လင်ချန်မြို့ပြင်၊ ထိုလမ်းမကြီးပေါ်၊ ထိုလမ်းမီးတိုင်အောက်မှာပင် အရုပ်ဝက်ဝံလေးကိုဖက်ထားသော သေးငယ်သည့် အရိပ်လေးတစ်ခုသည် လေထဲမှပေါ်လာသည်။
သူမမှာ အရပ်ပုပုလေးနှင့် အပြာရောင်ဂါဝန်လေး ဝတ်ထားကာ အပြစ်ကင်းစင်လှသည်။ သေချာကြည့်လျှင်မူ ထိုမိန်းကလေးငယ်၏မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး ခြေထောက်များမှာလည်း မြေပြင်ပေါ်တွင်မရှိပေ။
လေထဲတွင် လွင့်မျောနေခြင်းဖြစ်သည်။
တုတုသည် အမွှေးတိုင်အခိုးအငွေ့များဖြင့် တည်ဆောက်ထားသော တံတားရှည်ကြီးကို ကြည့်ကာ ၎င်းမှာ အိမ်ပြန် လမ်းဖြစ်ကြောင်း အလိုအလျောက်သိနေသည်။
ထို့နောက် သူမသည် သူမကိုလာပို့သော ကျန်းလင်ကို လှည့်ကြည့်ရာ ကျန်းလင်က မလှမ်းမကမ်းမှ ခေါင်းညိတ်ပြလိုက်ပြီး "အမြန်သွားတော့" ဟု ပြောလိုက်၏။
ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် တုတုသည် တံတားပေါ်သို့ပျော်ရွှင်စွာ တက်လှမ်းကာ သူမအချစ်ဆုံး ဝက်ဝံရုပ်လေးကိုဖက်ပြီး အိမ်သို့ပြေးသွားတော့သည်။
ကျန်းလင်သည်လည်း လက်ပိုက်ကာ တစ်မီတာအကွာမှ အေးအေးလူလူ လိုက်ပါသွားသည်။
လိုက်ဖ်လွှင့်သည့် စက်လုံးလေးမှာလည်း ဘေးနားမှ အလို အလျောက် လွင့်မျောလိုက်ပါနေ၏။
...
လူအများစုမှာ တုတုတို့ အိမ်ရှေ့တွင် စောင့်နေကြသော် လည်း အနည်းငယ်သောလူများမှာ လမ်းမကြီးဘေးတွင် ရှိနေကြသည်။
'ချန်' ဆိုသူမှာ ည ၁၀ နာရီကတည်းက ဤနေရာတွင် စောင့်နေခြင်းဖြစ်ပြီး လက်ရှိတွင် အပြင်မှမှာထားသော ခေါက်ဆွဲပြုတ်ကို အားရပါးရစားနေသည်။
Host က လိုက်ဖ် စတင်လိုက်သည်ကို မြင်သောအခါ သူသည် ပန်းကန်ကိုချက်ချင်းချကာ ဖုန်းကို ဖွင့်လိုက်၏။
လက်ချောင်းများက စာရိုက်ရန် အဆင်သင့်ပင်။
[ဟားဟားဟား... ငါက အခင်းဖြစ်တဲ့နေရာမှာကွ]
ဟု ကြွားဝါပြီးနောက်မှ လိုက်ဖ် ကို ကြည့်လိုက်သည်။
ဤသည်တွင် 'ချန်' တစ်ယောက် ကြောင်အသွားတော့သည်။
သူသည် လိုက်ဖ် ကို ကြည့်လိုက်၊ လူသူကင်းမဲ့နေသော လမ်းမကြီးကို ကြည့်လိုက်နှင့်...
"......"
သူသည် တံတွေးတစ်ချက် မျိုချလိုက်ကာ ဘေးနားတွင် ခေါက်ဆွဲပြုတ်စားနေဆဲဖြစ်သော သူငယ်ချင်းကို တွန်းလိုက်သည်။
"ဘရိုရေ... လမ်းပေါ်မှာ တစ်ခုခု ရှိနေလားဆိုတာ မင်းကြည့်ပေးစမ်းပါဦး"
ထိုသူမှာ သူငယ်ချင်းဖြစ်သူခေါ်၍သာ ပါလာခြင်းဖြစ်ပြီး လိုက်ဖ်ကို လုံးဝ စိတ်မဝင်စားပေ။
ထိုစကားကို ကြားသောအခါ စားရင်းနှင့်မှ ခေါင်းမော့ကြည့်လိုက်သည်။
ညဉ့်နက်သဖြင့် လမ်းပေါ်တွင် လူနေသာသာ ကားတစ်စီးပင် မရှိ။ လမ်းမီးတိုင်များသာ လင်းနေသည်။
ခပ်ဝေးဝေးတွင်မူ အမှောင်ထဲ၌ တစ်မီတာခန့် မြင့်သော မြက်ရိုင်းများ ရှိနေသည်။
ပြောရလျှင် အနည်းငယ်ပင် ကြောက်စရာကောင်းလှသည်။
သူသည် လက်မောင်းမှ ကြက်သီးများကို ပွတ်လိုက်ကာ
"ဘာမှမရှိပါဘူးကွ"ဟု ပြောပြီး ခေါက်ဆွဲကို ဆက်စားနေ လေသည်။
"မင်း လိုက်ဖ်ကြည့်လို့ မပြီးသေးဘူးလား၊ ပြီးရင် မြန်မြန်ပြန်ရအောင်၊ အရူးကျနေတာပဲ၊ သန်းခေါင်ယံကြီး မြို့ပြင်ကွင်းပြင်ထဲ လာနေရတယ်လို့။"
"ချန်" ထံမှ အကြောင်းပြန်သံ မကြားရ။
ထိုသူက ခေါင်းမော့ကြည့်လိုက်ရာ 'ချန်' မှာ သရဲမြင်လိုက်ရသည့်အတိုင်း ဖြစ်နေသည်။
Live ကို ကြည့်လိုက်၊ လမ်းမကြီးကို ကြည့်လိုက်နှင့် သူ့ မျက်နှာမှာ တုန်လှုပ်မှုရော၊ ကြောက်လန့်မှုပါ ပြည့်နှက်နေသည်။
သူသည်လည်း စပ်စုချင်စိတ်ဖြင့် လိုက်ဖ်ထဲသို့ ငုံ့ကြည့်လိုက်ရာ သူလည်း ကြောင်အသွားတော့သည်။
လက်ထဲမှ ပန်းကန်မှာလည်း မြေပြင်ပေါ်သို့ ခွမ်း ခနဲ ပြုတ်ကျသွားတော့သည်။
Live ထဲတွင် လမ်းဘေးက ဆိုင်းဘုတ်၊ လမ်းမီးတိုင်နှင့် မြက်ရိုင်းများကို မကြည့်ဘဲ တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ လင်ချန်မြို့ပြင်ဖြစ်ကြောင်း သူ အတည်ပြုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် Live ထဲတွင် လမ်းဘေး၌ အရူးလို ရပ်နေသော လူနှစ်ယောက်၏အရိပ်ကို မြင်နေရသောကြောင့် ဖြစ်သည်။
၎င်းတို့မှာ သူနှင့် 'ချန်' မဟုတ်လျှင် မည်သူ ဖြစ်ဦးမည်နည်း။
'သို့သော် လမ်းပေါ်က တံတားကြီးက ဘာလဲ'
' တံတားပေါ်က ကလေးမလေးနှင့် မလှမ်းမကမ်းက အဖြူရောင်ဝတ်၊ ဦးထုပ်အရှည်ကြီး ဆောင်းထားသော အမျိုးသားကရော ဘယ်သူလဲ'
အထူးသဖြင့် ထိုအမျိုးသားမှာ အလွန်ပင် ပိုင်ဝူချန်၏ဝတ်စုံအတိုင်း ဖြစ်နေသည်။
သူသည် အမြဲတမ်း အေးအေးဆေးဆေး နေတတ်သော် လည်း ယခုတော့ တစ်ကိုယ်လုံး ကြက်သီးများ ထလာတော့သည်။
"ချန်... ချန် မင်းကြည့်နေတာ ဘာကြီးလဲ"
ဤလမ်းမကြီးကလည်း ကျောချမ်းစရာကောင်းလှကာ ဤ လိုက်ဖ်ကလည်း ပိုကျောချမ်းစရာကောင်းလှသည်။
သူ့ အော်သံကြောင့် 'ချန်' တစ်ယောက် ကြောက်လန့်နေရာမှ နိုးထလာ တော့သည်။
ထို့နောက်သူသည် ဗုန်းခနဲ ဒူးထောက်ကျသွားကာ ပါးစပ်မှ အော်နေတော့သည်။
"သခင်ကြီး ဘုန်းတန်ခိုးကြီးမားပါစေ၊ ကျွန်တော်က လမ်း ကြုံလို့ ရောက်လာတာပါ"
အေးစိမ့်သောလေကြောင့် တုန်ရီနေသော သူ့သူငယ်ချင်းသည်လည်း ဤစကားကို ကြားသောအခါ ကျောရိုးတစ် လျှောက် အေးစိမ့်သွားတော့သည်။
တစ်ခဏချင်းမှာပင် လည်ပင်းနောက်မှာ အေးစိမ့်လာပြီး ဘာကိုကြည့်ကြည့် မူမမှန်တော့သလို ခံစားရလာရ၏။
လိုက်ဖ်ထဲတွင်မူ ဝေးလံသောနေရာမှ ကြည့်နေကြသည့် လူများမှာ မြူးနေကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ မှတ်ချက်များကို အရှိန်ကုန် ရိုက်နေကြတော့သည်။
[ဟားဟားဟား... အခင်းဖြစ်တဲ့နေရာက သူငယ်ချင်း... မင်း အဆင်ပြေရဲ့လား၊ သခင်ကြီးရေ... သူ့ကို သွားပြီး ဂရုစိုက်ပေးလိုက်ပါဦး]
[သခင်ကြီး... ဒီလူသားက သခင်ကြီးကို ဖားနေတာ၊ မြန်မြန် ရိုက်လိုက်စမ်းပါ၊ ကျွန်တော်တို့ သခင်ကြီးကို ဖားရအောင် မင်းက ဘာမို့လို့လဲ]
[Screenshot ရိုက်ထားပြီးပြီ၊ ပုံထဲမှာ သခင်ဖြူကြီးနဲ့ တုတု လုံးဝ မပါဘူး]
[အပေါ်ကလူက တကယ် ပါးနပ်တာပဲ]
.....
မြို့ပြင်မှ မြို့ထဲသို့ သွားရန်မှာ အကွာအဝေးတစ်ခု ရှိသည်။
လူလျှောက်မည်ဆိုလျှင် အချိန်အတော်ကြာမှ ရောက်မည် ဖြစ်သည်။
သို့သော် ဝိညာဉ်များအတွက်မူ ထိုကန့်သတ်ချက် မရှိပေ။
သူမ လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း အမှန်မှာ လွင့်မျောနေခြင်း ဖြစ်သည်။
ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်ဟု ထင်ရသော် လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားတစ်နေရာသို့ ရောက်သွားခြင်းဖြစ်သည်။
ထို့ကြောင့် မကြာမီမှာပင် တုတုသည် မြို့ထဲသို့ ဝင်ရောက်ကာ သူမ အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
အမွှေးတိုင် အခိုးအငွေ့တံတားသည်လည်း အဆုံးသတ်သွားပြီဖြစ်၏။
ယနေ့ အိမ်ရှေ့တွင် အလွန်စည်ကားနေသော်လည်း တုတုသည် ထိုလူများကို လှည့်မကြည့်ပေ။
🫧 Chapter 10
တုတုသည် တံတားပေါ်မှ ဆင်းလိုက်သည့် တစ်ခဏမှာပင် တံခါးဝတွင် စောင့်နေကြသော တုတု၏ မိဘနှစ်ပါးစလုံးသည် လိုက်ဖ်ကြည့်နေရာမှ ခေါင်းမော့လာကြသည်။
လိုက်ဖ်ထဲတွင်မူ သူတို့ကိုယ်တိုင် ထွန်းညှိထားသော အမွှေးတိုင်များက အိမ်ပြန်လမ်းအဖြစ် တည်ဆောက်ထားသည်ကို မြင်နေရ၏။
တံတား၏အခြားတစ်ဖက်မှ သူတို့ဆီသို့ လျှောက်လာနေသော တုတုကိုလည်း မြင်နေရသည်။
သို့သော် သူတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ ရှေ့တွင် ဘာမှမရှိဘဲ ဟာလာဟင်းလင်းသာဖြစ်နေတော့သည်။
အငွေ့တံတားလည်း မရှိ...
တုတု၏အရိပ်အယောင်လည်း မရှိပေ။
"တုတု.. သမီးလား..."
Live ထဲတွင် တုတုပေါ်လာသည်ကို မြင်ကတည်းက ရှုရန်၏ မျက်စိများမှာ ဝေဝါးနေခဲ့ပြီဖြစ်သည်။
ယခုတော့ မျက်ရည်များမှာ တစ်စက်ပြီးတစ်စက် ပိုးပိုးပေါက်ပေါက် ကျလာခဲ့တော့သည်။
"မေမေ"
တုတုသည် သူမ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
ရင်းနှီးသော အသံလေးထွက်ပေါ်လာချိန်တွင် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
သို့သော် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သောအခါမည်သည့်ကလေးကိုမျှ မတွေ့ရပေ။ ထိုအသံမှာ ဖုန်းထဲမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။
တစ်ညလုံး စောင့်နေခဲ့သော ရှုခယ့်ခယ့်မှာ အလွန်ဒေါသထွက်သွားပြီး တံတားအစပြုသည့်နေရာဟု ယူဆရသော ကွင်းပြင်ထဲသို့ ဖုန်းကိုကိုင်ကာ ပြေးသွားပြီး အော်ဟစ်လိုက်သည်။
"ဒါ ရှင့်ရဲ့မျက်လှည့်တွေလား"
"ပိုက်ဆံလိမ်ချင်ရင်တောင် ဘယ်လိုဟာမျိုးကို လုပ်သင့်လဲဆိုတာ စဉ်းစားသင့်တယ် မဟုတ်လား"
သူမသည် လေထဲကိုသာ ဒေါသတကြီး စိုက်ကြည့်နေသည်။
လက်တွေ့မှာ ဘာမှမရှိဘဲ ဖုန်းထဲမှာပဲရှိနေခြင်းက သူမ အဒေါ်ဖြစ်သူ၏ ခံစားချက်ကိုကစားနေခြင်းဟု သူမ ယူဆ၏။
ထိုလိမ်လည်သူ ဘယ်မှာရှိမှန်း သူမ မသိသော်လည်း သူမအော်လိုက်သည်ကို သူ ကြားနိုင်လိမ့်မည်ဟု ထင်သည်။
"ရှင် ဘယ်လို Software တွေ သုံးထားလဲ၊ ဘယ်လို နည်းတွေနဲ့ လူကို စိတ်ညို့ထားလဲ ကျွန်မ ဂရုမစိုက်ဘူး၊ ရှင့်ကို တရားရုံးမှာ တရားစွဲလို့ ရတယ်နော်"
"အခုချက်ချင်း၊ အခုချက်ချင်း တောင်းပန်လိုက်စမ်း"
"......"
ကျန်းလင်သည် ထိုမိန်းကလေး၏ဘေးမှ အေးအေးလူလူ လွင့်မျောသွားသော် မိန်းကလေးမှာ အလိုအလျောက်တစ်ချက်တုန်သွားကာ တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရ၏။
ထို့နောက် သူမ ညာဘက်မျက်လုံးထဲသို့ အေးမြသော ရေတစ်စက်ကျလာသလိုမျိုး ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်သွားသည်။
ထို့ကြောင့် ရှုခယ့်ခယ့်သည် အလိုအလျောက် မျက်လုံးမှိတ်လိုက်မိသည်။
နားထဲတွင်လည်း တစ်စုံတစ်ယောက်က စကားပြောလိုက်သလို ခံစားလိုက်ရ၏။
"တကယ်တော့ တစ်စက်ပဲ ကျန်တော့တာ၊ ဒါပေမဲ့ မင်းကိုပဲ ပေးလိုက်တော့မယ်။"
သူတို့မိသားစုကို တုတုနှင့် တွေ့ခွင့်ပေးမည်ဟု ပြောထားသဖြင့် ကျန့်လင်းသည် သူတို့ကို သာမန်မျက်စိဖြင့် မြင်နိုင်အောင် လုပ်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် ရှုခယ့်ခယ့်မှာ ထိုစကား၏အဓိပ္ပာယ်ကို နားမလည်သေးပေ။
သူမ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင်မူ မြင်ကွင်းများမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
သူမ တစ်ခုခုကို မြင်လိုက်ရသလိုလို၊ ဘာမှ မမြင်ရသလိုလိုပင်။
ဘယ်ဘက်မျက်လုံးနှင့် ညာဘက်မျက်လုံး မြင်နေရသည့် ကမ္ဘာမှာ မတူညီတော့ပေ။
ထို့နောက် သူမသည် ခုနက အသံကို သတိရကာ ဘယ်ဘက်မျက်လုံးကို အလိုအလျောက် ပိတ်လိုက်သည်။
ရှေ့မှ ကမ္ဘာမှာ ရင်းနှီးနေကျ ကမ္ဘာပင် ဖြစ်သည်။
သူမ လက်ပြန်ချကာ ဘယ်ဘက်မျက်လုံးကို အုပ်လိုက်ပြန်သည်။
ထိုအခါမှ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားကာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသလိုပင်။
လိုက်ဖ်ထဲတွင် မြင်ခဲ့ရသော ထိုတံတားကြီးကို မြင်လိုက်ရသဖြင့် သူမ လန့်သွားကာ တံတားနှင့် ဝေးရာသို့အမြန်ဖယ်လိုက်သည်။
ထို့နောက် အဒေါ်ဖြစ်သူရင်ခွင်ထဲတွင် ရောက်နေသော တုတု နှင့်... တစ်ကိုယ်လုံး အမည်းရောင် အငွေ့အသက်များ ဝန်းရံထားကာ အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသားကို မြင်လိုက်ရသည်။
တစ်ချက်ကြည့်ရုံဖြင့် သူမ မှာ မှာ ကြောင်အ သွားရတော့ သည်။
မျက်စိကိုလည်း မခွာနိုင်တော့ပေ။
လိုက်ဖ်ကြည့်ရသည်နှင့် လူချင်းတွေ့ရသည်မှာ လုံးဝ မတူပေ။
ဤလူနှင့် တိုက်ရိုက် ရင်ဆိုင်ရချိန်တွင်မှ ထိုကြောက်ရွံ့မှုကို သူမ အမှန်တကယ် ခံစားလိုက်ရသည်။
တောင်ကြီးတစ်လုံးက ဖိထားသလိုမျိုး၊ တစ်စုံတစ်ယောက်က လည်ပင်းကို ညှစ်ထားသလိုမျိုး သေခြင်းတရားနှင့် ရင်ဆိုင်နေရသလို ခံစားချက်မျိုးပင်။
သူမသည် အရိုးထဲမှ၊ ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာမှ စတင် တုန်ရီလာသည်။
အသက်ပင် ရှူရခက်လာသလို... သို့သော် မျက်လုံးကိုမူ တစ်စက္ကန့်လေးတောင် မလွှဲနိုင်သေးပေ။
"......"
ကျန်းလင်မှာ နောက်မှ သတိရသွားသည်။
"အော်... လူသားတွေက ငါ့ရဲ့ 'ဆွဲဆောင်မှု' ကို မခံနိုင်တာ မေ့သွားလို့"
ပြောပြောဆိုဆိုနှင့် လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်မှ ယင်ချီများ စုစည်းလာကာ သူ့ မျက်နှာကို ဖုံးကွယ်သွားတော့သည်။
ထိုအခါမှသာ ရှုခယ့်ခယ့်မှာ သတိပြန်ဝင်လာ၏။
သူမသည် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားကာ ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်နေပြီး ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေတော့သည်။
သေဘေးမှ သီသီလေးလွတ်မြောက်လာသကဲ့သို့ပင်။
Live Room သည် သူမ၏ အမူအရာ ပြောင်းလဲမှုအားလုံးကို မှတ်တမ်းတင်ထားသဖြင့် ကြည့်ရှုသူဦးရေမှာ တစ်သန်းနီးပါး ရှိလာပြီဖြစ်သည်။
[အချိန်တိုအတွင်းမှာတင် ဒီတစ်ခါတော့ တကယ်ကို ပါးရိုက်ခံလိုက်ရတာပဲ]
[သူ ဘာတွေမြင်သွားတာလဲ၊ Host က ဒီလောက်တောင် ကြောက်စရာကောင်းလို့လား]
[တကယ့်ကို 'အစစ်' ကြီးပဲ]
[လာလေ... Host ကို ဆက်ပြီး တောင်းပန်ခိုင်းဦးလေ၊ မင်းရဲ့ နုနယ်တဲ့ နှလုံးသားကို လိမ်လိုက်လို့ဆိုပြီး]
[တကယ်တော့ ကျွန်တော်လည်း အရင်က ဒါတွေကို မယုံဘူး၊ ဒီထူးဆန်းတဲ့ Live Room ကို ကြည့်မိတဲ့အထိပေါ့]
ရှုခယ့်ခယ့်မှာ ထိုလူကို ထပ်မကြည့်ရဲတော့ဘဲ အဒေါ်ဖြစ်သူတို့မိသားစုဆီသို့သာ အကြည့်လွှဲလိုက်သည်။
တုတု၏မိဘနှစ်ပါးစလုံး မျက်လုံးထဲသို့ ကျန်းလင် 'မျက်စဉ်း' ခတ်ပေးထားသဖြင့် သူတို့ဆီပြေးလာသော တုတုကို သူတို့လည်း မြင်နေရသဖြင့် နှစ်ယောက်သားသည် တုတုကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားကာ နမ်းရှုံ့နေကြသည်။
ယခုအချိန်တွင် သူတို့ကြားရှိ အာဃာတများအားလုံးပျောက်ကွယ်သွားကာ သူတို့မျက်လုံးထဲတွင် တုတုကို ပြန်လည်ဆုံတွေ့ရသည့် ဝမ်းသာပီတိများသာကျန်တော့သည်။
"တုတု... တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ မေမေ သမီးကို သေချာမကြည့်မိလို့ပါ"
ရှုရန်က ရှိုက်ကြီးတငင် ငိုနေသလို ဖန့်ဝေတုန်းသည်လည်း မျက်ရည်များ ဝိုင်းနေသည်။
ရင်ခွင်ထဲက တုတုမှာမူ လူသားတစ်ယောက်၏အပူချိန် မရှိတော့ပေ။
တစ်ကိုယ်လုံး အေးစိမ့်နေကာ ရေခဲတုံးကြီး တစ်တုံးကဲ့သို့ပင်။
"ဟင့်အင်း..."
တုတုက အဖေနှင့် အမေကို ပြန်ဖက်ထားကာ မျက်နှာလေးတွင် ပြုံးပန်းလေး ဝေနေမိ၏
"တုတု ကျေနပ်ပါပြီ"
"နောက်ဘဝကျရင်လည်း တုတုက ဖေဖေနဲ့ မေမေဆီကို ပြန်လာရှာမယ်နော်"
လိုက်ဖ်ကြည့်နေသူများမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ မျက်ရည်ဝိုင်းကုန်ကြသည်။
[ငါလည်း နောက်ဘဝကျရင် ငါ့မေမေ့ဆီမှာပဲ ပြန်လူဖြစ်ချင်တယ်]
[အပေါင်း တစ်၊ ဒါပေမဲ့ ငါ့မေမေက သူဌေးကြီးတစ်ယောက်နဲ့ ညားနေတာမျိုးပဲ မျှော်လင့်မိတယ်]
[ကမ္ဘာပေါ်မှာ အနာကျင်ရဆုံးက မိဘက သားသမီးကို အသုဘပို့ရတာပါပဲ]
ထိုမိသားစုသုံးယောက်ကို မနှောင့်ယှက်ဘဲ ကျန့်လင်းသည် လက်ပိုက်ကာ ဘေးမှရပ်ကြည့်နေသည်။
ထို့နောက် သူ့ အကြည့်မှာ လူအုပ်ကြားထဲက မျက်နှာလေး ထောင့်ကျကျနှင့် အမျိုးသားတစ်ဦးဆီသို့ ရောက်သွားသည်။
ထိုသူမှာ အရပ်ဝတ်ဝတ်ထားသော်လည်း အရပ်အမောင်း ကောင်းကာ ဖြောင့်မတ်သည့် အရှိန်အဝါ ရှိနေသည်။
သာမန်ပြည်သူဟု ထင်ရသော်လည်း ခန္ဓာကိုယ်မှာ တောင့် တင်းနေပြီး ပတ်ဝန်းကျင်ကို အမြဲသတိထားနေသည်။
ထို့အပြင် ကျန်းလင်သည် သူ့ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းလေးများကို မြင်နေရသည်။
၎င်းမှာ ကုသိုလ်အလင်း ဖြစ်၏။
ဤကဲ့သို့သော လူမျိုးကိုတွေ့လျှင် သာမန်ဝိညာဉ်လေးများမှာ လမ်းဖယ်ပေးတတ်ကြသည်။
လူအုပ်ကြားတွင် ပုန်းနေသော ကျိုးကျိကော်သည် မျက် မှောင်ကြုတ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် သူ့အား တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလို ခံစားလိုက်ရသောကြောင့် ဖြစ်၏။
သူ ယူနီဖောင်း မဝတ်လာခြင်းမှာ လှုပ်ရှားရလွယ်ကူစေရန်နှင့် လူထုကိုကဲခတ်ရန် ဖြစ်သည်။
'တစ်စုံတစ်ယောက်က သူ့ကို ရိပ်မိသွားတာလား'
...
ကျန်းလင်သည် အချိန်ကိုတွက်ချက်လိုက်ပြီး အချိန်တန်ပြီဟု မြင်သောအခါ တုတုကို အမွှေးတိုင်တံတားပေါ်သို့ ပြန်တင်ပေးလိုက်သည်။
"သွားကြစို့"
"နေပါဦး သခင်ဖြူကြီး"
ရှုရန်အမြန်အော်လိုက်သည်။
ယခင်က ထက်မြက်လှသော ရုံးဝန်ထမ်း အရှိန်အဝါများမှာ ယခုတော့ ပျောက်ကွယ်နေပြီ ဖြစ်သည်။
ကျန်းလင် လှည့်ကြည့်လိုက်သည်။
"သူက အခု မသွားရင် နောက်ကျသွားလိမ့်မယ်၊ ဒါမှမဟုတ်... မင်းက သူ နောက်ဘဝကူးပြောင်းတာကို မလိုလားတာလား"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"
ရှုရန် ခေါင်းကို အမြန်ခါယမ်းကာ တောင်းဆိုလိုက်သည်။
"သခင်ကြီး... ကျွန်မ သိချင်တာက တုတုက နောက်ဘဝမှာ ကျွန်မတို့ဆီမှာပဲ ပြန်လူဖြစ်နိုင်ဦးမလား"
ကျန်းလင်သည် သူမကို စကားမပြောဘဲ စိုက်ကြည့်လိုက်သည်။
အသံတိတ် ဖိအားများမှာ သေခြင်းတရား အငွေ့အသက်များနှင့်အတူ သူမထံသို့ရောက်ရှိလာကာ ရှုရန်သည် အလိုအ လျောက် ပုခုံးလေးများတွန့်သွားကာ တစ်ကိုယ်လုံး အေးစိမ့်သွား တော့သည်။
"ဒါဆို... တုတု အတွက် ကျွန်မ ဘာတွေထပ်လုပ်ပေးလို့ ရမလဲဟင်"
ထိုအခါ ကျန်းလင်သည် တုတုကို ခေါ်ကာ တံတားပေါ်သို့ လျှောက်သွားရင်း ပြောလိုက်၏။
"ကုသိုလ်တွေ များများလုပ်ပါ"
ရုပ်ပုံလွှာ နှစ်ခုဝေးကွာသွားသည်ကို ကြည့်ရင်း... ရှုခယ့်ခယ့် သည် အနည်းငယ် ရှက်နိုးနိုးဖြစ်သွားကာ ကျန်းလင်ထွက်ခွာသွားသည့် ဘက်သို့ လှည့်၍ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်"
"... သခင်ကြီး"
အဝေးမှ ဝိညာဉ်တမန်တော်ကြီးမှာ ကြားလိုက်ပုံရသလို၊ မကြားလိုက်ပုံလည်း ရသည်။
ဘာမှ တုံ့ပြန်ခြင်းမရှိဘဲ အမွှေးတိုင် အခိုးအငွေ့ တံတားနှင့်အတူ ပျောက်ကွယ်သွားတော့၏။
ထို့နောက် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
တုတု မိဘများသည်လည်း တစ်ဦးကိုတစ်ဦးတွဲကာ အိမ်ထဲသို့ ဝင်သွားကြသည်။
သတင်းထောက်များ၏ အင်တာဗျူးများကို ရဲအရာရှိများက တားဆီးပေးလိုက်သည်။
ပတ်ဝန်းကျင်ရှိ စပ်စုသူများမှာလည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။
သို့သော် ယနေ့ညသည် မည်သူမျှ အိပ်ပျော်နိုင်မည့် ညတစ်ည မဟုတ်ပေ။
နက်ဖြန်တွင် အမွှေးတိုင်နှင့် စက္ကူငွေ လုပ်ငန်းများမှာ နောက် ထပ် တစ်ခါ အကြီးအကျယ်အရောင်းသွက်ဦးမည်မှာ သေချာလှသည်။
တူတု မိသားစု၏အမူအရာများမှာ လုပ်ယူထားခြင်း မဟုတ်မှန်း လူတိုင်း သိကြသည်။
ယနေ့အထိ ခုနစ်ရက်ပြည့် ပြန်လာသည့်ဓလေ့မှာ လူတို့မေ့လျော့နေကြပြီ ဖြစ်သော်လည်း ယနေ့နောက်ပိုင်းတွင်မူ လူငယ်များမှာ ဤဓလေ့ကိုပြန်လည် သတိရကြမည်ဖြစ်တော့သည်။