အခန်း (၈၀၁-၈၀၄)
Vol. 41 Ch. 801-804
Space and Rebirth 801
လီရှောက်ယွင်သည် မျက်လုံးများကိုမှေးပြီး နှုတ်ခမ်းများကိုကွေးညွှတ်ထားသဖြင့် အကြံကြီးလှသော မြေခွေးအိုတစ်ကောင်နှင့်တူနေလေ၏။ ကျင်းယွင်ကျောင်းသည် ထိုစကားကိုကြားသောအခါ သူမလက်ထဲရှိပန်းစည်းအား မသိစိတ်၏စေ့ဆော်မှုအတိုင်း ပြန်တွန်းပို့လိုက်သည်။ သို့သော်လည်း လီရှောက်ယွင်သည် အပြစ်ကင်းစင်သောမျက်နှာဖြင့် ၎င်းအား ချက်ချင်းတားဆီးလိုက်၏။
“မင်းပဲပြောတယ်လေ ဒီနေ့ကငါ့အပိုင်ဆို? ကတိမတည်ချင်တော့ဘူးပေါ့?”
အစောပိုင်းက သူပြောလိုက်သောစကားမှာ သူမအားကျီစယ်ချင်၍သာဖြစ်သည်။ လီရှောက်ယွင်အတွက် သူမသည် ရတနာတစ်ပါးနှယ်ဖြစ်၏။ ဤကဲ့သို့အလောင်းအစားမျိုးကြောင့် အတင်းအကြပ်လုပ်ရသည်ထက် သူမလိုလိုလားလားဖြစ်သည်ကိုသာ လိုချင်ပေသည်။
အချိန်အနည်းငယ်ထပ်ယူရလျှင်ပင် ကိစ္စမရှိချေ။ လီရှောက်ယွင်ဖြစ်သော သူ သည် စောင့်နိုင်သေးပေ၏။
ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်သည်။
“စည်းကမ်းသတ်မှတ်ထားမှဖြစ်မယ် လာမငြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့မျိုးကို လိုအပ်တာထက်ခွင့်မပြုဘူး၊ ရှင့်သတ္တိရှိရင် အကွက်ရွှေ့ကြည့်လိုက် ကျွန်မတို့ရန်ဖြစ်ရလိမ့်မယ်၊ သတ္တိရှိရင် စမ်းကြည့်လိုက်ပေါ့”
“ဪ မင်းက စိတ်ထဲမှာ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့ကိုတောင် စဥ်းစားနေပြီကိုး...”
လီရှောက်ယွင်သည် လေးနက်သောမျက်နှာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ငါက တည်ကြည်တဲ့လူပါ အားကျောင်းရဲ့၊ မင်းစိတ်ထဲမှာ ငါ့ကိုအဲ့လိုလူလို့တွေးတာ အရမ်းလွန်တာပဲ...”
“ဒါနဲ့...မင်းကဘယ်အဆင့်ထိတွေးထားတာလဲ? ငါ့ကိုပြောကြည့်လေ ပုံဖော်ကြည့်တာပေါ့၊ ပုံဖော်ကြည့်လို့ကောင်းတယ်ဆိုရင် မင်းကိုခွင့်လွှတ်ပေးမယ်”
လီရှောက်ယွင်ဆက်ပြောလိုက်၏။
Space and Rebirth 802
ကျင်းယွင်ကျောင်းမှာလည်း ထက်မြက်သောသူဖြစ်သည်။ ပုံမှန်ဆိုလျှင် သူမသည် အခြားသူများ၏စကားအဓိပ္ပာယ်ကို ရှင်းလင်းစွာနားမလည်နိုင်သော်လည်း ယခု လီရှောက်ယွင်၏စကားများကို ကြားလိုက်သောအခါ သူမကိုယ်သူမ အရူးတစ်ယောက်သာ ဖြစ်စေချင်မိတော့သည်။
“လီရှောက်ယွင်...တပ်ထဲမှာ ရှင့်ရာထူးကဘာလဲ?”
ကျင်းယွင်ကျောင်းစဥ်းစားကြည့်ပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည်။
“သာမန်စစ်သားတော့မဟုတ်ဘူး အထူးလျှို့ဝှက်တပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်မှူးပေါ့၊ တပ်ထဲကရာထူးကိုပြောရမယ်ဆိုရင် လောလောဆယ်မှာတော့ ဗိုလ်ချုပ်တစ်ယောက်သာသာပဲ ပုံမှန်အားဖြင့် ရှုပ်ထွေးပြီးအရေးကြီးတဲ့စစ်ဆင်ရေးတွေကို တာဝန်ယူရတယ်၊ ကျန်တဲ့အချိန်တွေမှာတော့ လက်အောက်ငယ်သားတွေကို လေ့ကျင့်ပေးရတယ် အဲဒါအပြင် ငါကိုယ်တိုင်စီမံခန့်ခွဲစရာမလိုတဲ့ ပိုင်ဆိုင်မှုတချို့၊ လုပ်ငန်းတချို့လည်းရှိသေးတယ် စျေးတက်နေတဲ့ရှယ်ယာတချို့လည်းပိုင်တယ် ငါ့ကိုချမ်းသာတယ်ဆိုရုံလေးရှိတယ်လို့ ပြောလို့ရမှာပေါ့”
လီရှောက်ယွင်မှစတင်ရှင်းပြပြောဆိုလိုက်သည်။
“ထပ်သိချင်တာရှိသေးရင် ခဏနေကျ မင်းအတွက်စာရင်းလုပ်ပေးမယ်”
ကျင်းယွင်ကျောင်းမျက်လုံးများ ဝင်းလက်သွားသည်။
“ဒါဆိုရင်...”
“ငါ့မိသားစုအခြေအနေကတော့ မင်းအတွက် နည်းနည်းရှုပ်ထွေးတဲ့ပုံပေါက်လိမ့်မယ်၊ မင်းအများကြီးတွေးမိပြီး စိတ်ဖိစီးသွားမှာကို စိုးရိမ်လို့ ငါအရင်ကမပြောခဲ့ပေမယ့် မင်းဆီကနေ ထပ်ပြီးမဝှက်ထားချင်တော့ဘူး”
“ငါ့အဘိုးက စစ်တပ်ထဲမှာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအသက်ကြီးပြီဆိုတော့ အိမ်မှာပဲ အေးဆေးအနားယူနေတယ် သူ့မှာသြဇာအာဏာတော့ နည်းနည်းကျန်သေးတာပေါ့၊ ငါ့အဘိုးအပြင် တခြားလူကြီးတွေလည်း ရှိသေးတယ်၊ ငါ့အဖေက အစိုးရအရာရှိတစ်ယောက်လေ သူ့ရာထူးကတော့ မမြင့်ဘူး ငါ့အဘိုးက အာဏာကို သဘောမကျတဲ့လူမို့လို့ ငါ့အမေရဲ့မိသားစုကလည်း အရမ်းကြီးအထက်တန်းစားမဟုတ်ဘူး၊ ငါ့မိဘတွေအပြင် အဒေါ်နှစ်ယောက်လည်းရှိသေးတယ် တစ်ယောက်က အစိုးရဘက်မှာအလုပ်လုပ်ပြီး နိုင်ငံရေးသမားတစ်ယောက်ကို လက်ထပ်ထားတယ်၊ နောက်တစ်ယောက်ကတော့ လုပ်ငန်းရှင်သူဌေးတစ်ယောက်ကိုလက်ထပ်ပြီး သိပ်မကြာခင်မှာ မုဆိုးမဖြစ်သွားတယ်၊ မြို့တော်ထဲက လီမီသားစုက....မဆိုးဘူးလို့ပြောရမှာပေါ့”
“မဆိုးဘူး” ဟူသည့်စကားဖြင့်ပင် ကျင်းယွင်ကျောင်းအပြည့်အဝနားလည်သွားလေသည်။ လီရှောက်ယွင်သည် ဘယ်သောအခါမှ မော်ကြွားသောဟန်ပန်ဖြင့် မပြောဖူးပေ။ “မဆိုးဘူး” ဟူသောစကားအဓိပ္ပာယ်မှာ ကြားရသလောက် မရိုးရှင်းမှန်း သေချာလေ၏။
“လီမီသားစုက မြို့တော်ထဲမှာ အင်အားကြီးတယ်ဆိုပေမယ့် ငါနဲ့သိပ်ဆိုင်တဲ့အရာတော့မဟုတ်ဘူး၊ အားကျောင်း၊ ငါ့အလုပ်ကြောင့် မင်းငါ့ကို မုန်းသွားမှာတော့မဟုတ်ပါဘူးနော်?”
လီရှောက်ယွင်စကားလမ်းကြောင်းလွှဲလိုက်သည်။
ကျင်းယွင်ကျောင်းသည် အစက စိတ်ံခံစားချက်များစွာဖြင့် ပြည့်နှက်နေခဲ့သော်လည်း နောက်ဆုံးစကားကိုကြားလိုက်သောအခါ သူမအနည်းငယ်စကားစရှာမရဖြစ်သွားသည်။
သူမသည် စစ်တပ်နှင့်ပတ်သတ်၍ သိပ်မသိသော်လည်း ဗိုလ်ချုပ်ဆိုသည်မှာ မည်သည့်ရာထူးဖြစ်ကြောင်း သူမသိလေသည်။ လီရှောက်ယွင်မှာ အသက်အားဖြင့် ၂၆-၂၇ သာရှိသေးသည်။ သူမသိထားသလောက်ဆိုလျှင် သတင်းမီဒီယာများအရ အငယ်ဆုံးဗိုလ်ချုပ်မှာ အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။
ကျင်းယွင်ကျောင်းအတွေးများ ရှုပ်ထွေးသွားသည်။ လီရှောက်ယွင်သည် သူမဝမ်းဗိုက်အတွင်းကျင်လည်သော လိပ်ပြာတစ်ကောင်နှင့်တူလှပေသည်။ သူမစိတ်အာရုံကိုပြန်လည်စုစည်းပြီး မေးခွန်းများထပ်မေးရန် ပြင်နေဆဲတွင် သူတို့ကားသည် ကုန်တိုက်တစ်ခုရှေ့တွင်ရပ်သွားပြီး လီရှောက်ယွင်မှ သူမအားအပြင်သို့ခေါ်ထုတ်လိုက်၏။
ကျင်းယွင်ကျောင်းဇဝေဇဝါဖြစ်သွားသည်။
ဤနေရာသည် အထက်တန်းကျသောဆိုင်များဖြင့် ပြည့်နှက်နေပြီး ဆိုင်အတွင်းရှိအင်္ကျီများမှာလည်း ယွမ်ထောင်ဂဏန်း၊ သောင်းဂဏန်းရှိပေ၏။ သူမသည် ငွေကြေးအားဖြင့် မချို့တဲ့သော်လည်း ဤကဲ့သို့သောဇိမ်ခံပစ္စည်းများအတွက် သူမငွေကို ဘယ်သောအခါမှ သုံးမည်မဟုတ်ပေ။
လီရှောက်ယွင်သည် လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားလိုက်၏။ လေပွေတစ်ခုကဲ့သို့ သူသည် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ကာ မိန်းကလေးအဝတ်အစားအချို့ကို ရွေးချယ်လိုက်သည်။
“ဝတ်ကြည့်လေ”
“ဂါဝန်လား?”
ကျင်းယွင်ကျောင်းမျက်လုံးများပြူးသွားသည်။
သူမသည် ဂါဝန်ဝတ်ခြင်းနှင့်ပတ်သတ်၍ ပြသာနာမရှိသော်လည်း ၎င်းကိုဝတ်နေစဥ်အတွင်း အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့လာခဲ့လျှင် သူမလှုပ်ရှားရန် အခက်အခဲတွေ့ချေမည်။ သို့ရာတွင် လီရှောက်ယွင်၏အလျှော့ပေးဟန်မရသော အကြည့်များကို မြင်လိုက်ရသောအခါ သူမလည်းမတတ်သာဘဲ အင်္ကျီများကိုယူ၍ အဝတ်လဲခန်းသို့ ဝင်လိုက်ရတော့သည်။
ဤအင်္ကျီများသည် လက်ရာသေသပ်စွာ ချုပ်လုပ်ထားသဖြင့် စျေးကြီးရခြင်း၏အကြောင်းရင်းဖြစ်ပေသည်။
သူမအတွက် လီရှောက်ယွင်ရွေးပေးထားသောအင်္ကျီများမှာ လှပ်ပေါ်လျော်လီမရှိဘဲ အရောင်များသည်လည်း အနုဘက်သန်းလေသည်။ ၎င်းတို့အထဲမှ အလှဆုံးအင်္ကျီမှာ ခရမ်းနုရောင် ဒီဇိုင်းကွက်များအား ပန်းထိုးထားသော ဂါဝန်ရှည်တစ်စုံဖြစ်သည်။ ဒီဇိုင်းကွက်များသည် မစိတ်လှသဖြင့် အထူးတလည် ကြော့ရှင်းသပ်ရပ်နေလေသည်။ အင်္ကျီအနောက်ဘက်ရှိ ခရမ်းနုရောင်ဇာပါးစနှစ်စမှာ အောက်ငိုက်နေသော နတ်သမီးတောင်ပံပါးများကဲ့သို့ပင် အင်္ကျီနှင့်လိုက်ဖက်နေသည်။
ကျင်းယွင်ကျောင်းသည် အင်္ကျီများကို တစ်စုံပြီးတစ်စုံဝတ်ကြည့်၏။ လီရှောက်ယွင်သည် အပြင်ဘက်တွင် နှုတ်ခမ်းများကိုစေ့ပြီး တည်ငြိမ်စွာစောင့်နေသောကြောင့် အနည်းငယ်လေးနက်နေဟန်ရှိသည်။
အင်္ကျီ ခုနစ်စုံ-ရှစ်စုံခန့် ဝတ်ကြည့်ပြီးနောက် ကျင်းယွင်ကျောင်းသက်မချလိုက်တော့သည်။ သို့ရာတွင် လီရှောက်ယွင်၏စကားသံကို ကြားလိုက်ရသည်။
“အားကျောင်း၊ ခုနက ငါပြောတာကို ရုတ်သိမ်းတယ်...ငါ့ကိုလုပ်ချင်တာလုပ်ခွင့်ပေးလို့ မရဘူးလား?”
Space and Rebirth 803
အနီးတစ်ဝိုက်ရှိ အရောင်းစာရေးများအားလုံး အားကျသောအကြည့်ဖြင့် သူတို့အားကြည့်လိုက်ကြသည်။ အစက သူတို့သည် မနာလိုဖြစ်နေခဲ့ကြသော်လည်း ကျင်းယွင်ကျောင်းမှအဝတ်အစားလဲပြီး ပြန်ထွက်လာသောအခါ သူတို့မျက်နှာများသည် ချက်ချင်းဆိုသလို အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့၏။
ကျင်းယွင်ကျောင်း၏အသွင်အပြင်သည် အစကတည်းကပင် မဆိုးလှချေ။ သူမသည် ပါးလျသောခန္ဓာကိုယ်အချိုးအစားဖြင့် ပိန်သွယ်ပြီး အရပ်အမောင်းကောင်း၏။ သူမရင်ဘတ်မှာ အုန်းအုန်းကြွကြွဖြစ်မနေသော်လည်း အရွယ်အစားလှပြီး ကြော့ရှင်းနေသေးသည်။ ထို့အပြင် သူမ၏တည်ငြိမ်သောစရိုက်နှင့် ငွေခရမ်းဖျော့ရောင် ဂါဝန်ရှည်အား ပေါင်းဖက်လိုက်သောအခါ သူမသည် ချက်ချင်းဆိုသလိုပင် နတ်သမီးလေးတစ်ပါးနှယ်ဖြစ်သွားလေသည်။ သူမ၏မျက်နှာထားဖြစ်စေ၊ ခန္ဓာကိုယ်ဖြစ်စေ အရာအားလုံးက ပြီးပြည့်စုံနေ၏။
ဤဂါဝန်၏ဒီဇိုင်းသည် ခေတ်မီသောဘက်သို့ ပိုရောက်ပြီး သူမအသက်အရွယ်ဖြင့်လည်း လိုက်ဖက်သည်။ သူမအား ရှိသောအသက်ထက် ပိုရင့်ကျက်စေမည့်အစား သူမ၏နုပျိုသောအသားအရေနှင့် အသွင်အပြင်ကို ကွက်ကွက်ကွင်းကွင်းထင်ဟပ်စေ၏။
လီရှောက်ယွင်၏အကြည့်များမှာ နူးညံ့နေသည်။ သူ၏စကားကိုကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် ရှက်သွေးဖြာသွားပြီး လေးနက်သောမျက်နှာထားဖြင့် ပြန်ပြောလိုက်တော့၏။
“နှာဘူးတွေကို ကျွန်မဘယ်လိုအပြစ်ပေးလဲရှင်သိလား?”
“ငါကနှာဘူးမဟုတ်ပါဘူး အမှန်အတိုင်းပဲပြောနေတာ မင်းငါ့ကိုမယုံရင် သူတို့ကိုသာမေးကြည့်လိုက်တော့ ငါတို့မလိုက်ဖက်ဘူးလား?”
လီရှောက်ယွင်သည် လေးနက်သောအကြည့်များဖြင့် နူးညံ့ချိုသာစွာပြောလိုက်၏။
လီရှောက်ယွင်သည် ပြောပြောဆိုဆိုဖြင့် ကျင်းယွင်ကျောင်းဘေးတွင်ရပ်ကာ မှန်ကိုလက်ညှိုးထိုးပြလိုက်သည်။ မှန်ထဲတွင် လီရှောက်ယွင်သည် သူမထက်ခေါင်းတစ်လုံးစာ အရပ်မြင့်ပေ၏။ သူ၏မျက်နှာပေါ်တွင်လည်း အနည်းငယ်ပါးနပ်သောအပြုံးတစ်ခုရှိနေသည်။ သူ၏မျက်ခုံးများမှာ ဖြေလျော့နေပြီး သူ၏မျက်လုံးများမှာ မှင်ရောင်ကဲ့သို့ဖြစ်သည်။ သို့သော် သူ၏အကြည့်များရှိ နူးညံ့ညင်သာမှုအရိပ်အယောင်များကို မြင်နေရသေးသည်။ အတန်ငယ်နီရဲစူးရှနေသော ဖီးနစ်ငှက်အလား မျက်လုံးများနှင့် ဦးမော့ထားသဖြင့် သူသည် အလွန်ပင်ညှို့ယူဖမ်းစားဖွယ်ကောင်းနေပြီး မရုန်းထွက်နိုင်သော ဆွဲဆောင်မှုမျိုးဖြင့် ပြည့်နှက်နေ၏။ သူသည် ချီကျုံးလောက် ယောက်ျားပီသပြီး ခေါင်းမာသောစရိုက်မရှိသော်လည်း ယောက်ျားတစ်ဦး၏ခန့်ညားမှုကို အပြည့်အဝပိုင်ဆိုင်ကာ ဖြည်းညှင်းနူးညံ့သော ညင်သာမှုတစ်မျိုးရှိလေသည်။ သူသည် ခါးကိုမတ်မတ်ထားပြီး တစ်ကိုယ်လုံးတောင့်တင်းနေသည်။ သူပြုံးလိုက်လျှင် ပျော်နေသည်လော၊ ဒေါသထွက်နေသည်လော ဝေခွဲရခက်ပြီး ကျီစားနေဟန်အနည်းငယ်ရှိ၏။
သူ၏ဆွဲဆောင်မှုများကြောင့်ပင် သူသည် အလွန်မျက်စိကျဖွယ်ကောင်းပြီး သူ့အနားရှိမိန်းကလေးများက ဝိညာဥ်ရောင်းစားရရ၊ ခန္ဓာကိုယ်ရောင်းစားရရ သူ့အား အပိုင်လိုချင်ကြခြင်းဖြစ်သည်။
သို့ရာတွင် မှန်ထဲရှိမိန်းကလေးမှာ အသွင်အပြင်ဖြစ်စေ၊ စရိုက်သဘာဝအရဖြစ်စေ လီရှောက်ယွင်နှင့် အလွန်လိုက်ဖက်သောသူဖြစ်ကြောင်းကိုမူ သူမဝန်ခံရပေမည်။
“ကြည့်လို့ပြီးပြီလား? ကျွန်မပြန်အဝတ်လဲတော့မယ်”
ကျင်းယွင်ကျောင်းသည် ဤအခြေအနေကို လုံးဝနားလည်မှုမရှိဘဲ မှန်ထဲမှလူအား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။
လီရှောက်ယွင်လိုလူမျိုးမှ မရနိုင်သောမိန်းကလေး ရှိသလော? ထိုအစား သူသည် သူမကိုမှ လာပစ်မှတ်ထားရလေသည်။ သူမသည် အရူးတစ်ယောက်ဖြစ်လျှင်ပင် လီရှောက်ယွင်ပြောသော အရိပ်အမြွက်စကားများကို သူမနားလည်နိုင်ပေသည်။ သို့ရာတွင် ရှေးခေတ်ကတည်းကပင် လူနှစ်ဦးပေါင်းဖက်ရာ၌ လူမှုရေးအဆင့်တူရမည်ဖြစ်သည်။ သူမသည် ခေါင်းမာပြီး ရှေးရိုးစွဲသောလူတစ်ဦးမဟုတ်သော်ငြား လီရှောက်ယွင်အရှေ့တွင် ခေါင်းငုံ့မခံလိုပေ။
မိတ်ဆွေဖြစ်သည်မှာ ကိစ္စမရှိသော်လည်း ရည်းစားအနေနှင့်တွဲလိုက်လျှင် အရာအားလုံး ပြောင်းလဲသွားပေမည်။ တစ်ဦး၏ဘဝထဲသို့ တစ်ဦးက ထဲထဲဝင်ဝင်ရောက်ရှိလာမည်ဖြစ်ပြီး ထိုကွာခြားချက်အသေးစားလေးကပင် မိမိတို့ဆက်ဆံရေးကို အဆုံးသတ်စေနိုင်၏။
“လဲစရာမလိုဘူး ဒါပဲဝတ်လိုက်တော့”
ရုတ်ချည်းဆိုသလို လီရှောက်ယွင်ပြုံးကာ သူမဆံပင်များကို သပ်တင်ပေးလိုက်ကာ နှစ်ကိုယ်ကြားလေသံဖြင့် တီးတိုးရေရွတ်လိုက်၏။
“ကြည့်လို့အရမ်းကောင်းတယ်”
ကျင်းယွင်ကျောင်းခေါင်းကို ဘေးသို့လှည့်လိုက်သည်။
“အရိုက်ခံချင်နေပြီလား? နောက်တစ်ခါကိုင်ရဲကိုင်ကြည့်လိုက်”
“အားကျောင်း၊ မင်းကအရမ်းရက်စက်တာပဲ လာပါကွ ပြုံးပြပါဦး”
လီရှောက်ယွင်ခေါင်းကိုငုံ့ကာ အကျင့်မကောင်းသောဟန်ဖြင့် ပြုံးလိုက်သည်။
ယခင်ကတည်းကပင် လီရှောက်ယွင်သည် လေးနက်တည်ကြည်ကာ လူကြီးလူကောင်းပီသ၏။ ဤအခိုက်အတန့်တွင် သူ၏မျက်နှာထားသည် သူ၏ပုံမှန်ပုံစံနှင့် အလွန်ကွာခြားနေလေသည်။ အလွန်ပင် ကလေးဆန်လှ၏။
ကျင်းယွင်ကျောင်းခေတ္တမျှ ဆွံ့အသွားသည်။ သူမငိုရမည်လော၊ ရယ်ရမည်လော မဝေခွဲတတ်တော့ချေ။
“ရှင်ကတကယ်အာရုံနောက်စရာကောင်းတဲ့လူပဲ”
မြင်ပြင်းကတ်ဟန်စွတ်နေသောလေသံဖြင့် ကျင်းယွင်ကျောင်းတိုးဖွဖွ ရေရွတ်လိုက်သည်။
သူတို့နံဘေးရှိ အရောင်းစာရေးများသည် ၎င်းကိုကြားသောအခါ သူတို့အားလုံး ပြုံးဖြီးဖြီးဖြင့် ကြိတ်ရယ်ကြတော့သည်။
ပုံမှန်ဆိုလျှင် ယောက်ျားများကသာ မိန်းကလေးများကို အာရုံနောက်သည်ဟု ထင်တတ်ကြ၏။ မိန်းကလေးတစ်ဦးမှ သူမဘေးနားရှိ အမျိုးသားအား လေးနက်သောမျက်နှာထားဖြင့် မြင်ပြင်းကတ်နေသည်ကို သူတို့ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဤမိန်းကလေးမှာ အသက်လည်းအရမ်းမကြီးလှဘဲ အေးစက်ပြီးချစ်စဖွယ်ကောင်းသောစရိုက်ကို ပိုင်ဆိုင်၏။ သူမကိုကြည့်လိုက်သောအခါ ထိုအရောင်းစာရေးများသည် စိတ်ထဲတွင် အဓိပ္ပာယ်ဖော်၍မရသော ချိုသာမှုကို ခံစားလိုက်ရသည်။
လီရှောက်ယွင်သည် ခေါင်းကိုငုံ့ကာ သူမကိုဝေ့ကြည့်လိုက်၏။ ထို့နောက် သူသည် ဘေးသို့လှည့်ကာ အရောင်းစာရေးများကို နှုတ်ဆက်လိုက်သည်။ သို့သော် အရောင်းစာရေးများထံမှ အကြည့်လွှဲလိုက်သောအခါ သူ၏မျက်နှာထားသည် ချက်ချင်းဆိုသလို သူစိမ်းဆန်ပြီး အေးစက်သွားတော့၏။
“ဒါတွေအားလုံးထုပ်ပေးပါ”
လီရှောက်ယွင်စကားပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ ငွေချေရန် ပြင်လိုက်သည်။ ကျင်းယွင်ကျောင်းသည် ၎င်းကိုတစ်ချက်ကြည့်ပြီး သူမကတ်အား တစ်ခါတည်းထုတ်လိုက်တော့၏။
“ကျွန်မမှာပိုက်ဆံရှိတယ်”
Space and Rebirth 804
ဤအင်္ကျီများ၏ စုစုပေါင်းတန်ဖိုးသည် မသေးလှချေ။ အရောင်းစာရေး၏ မိတ်ဆက်ပေးပုံအရ ဤနေရာရှိ အင်္ကျီတိုင်းသည် တစ်မူထူးခြားပေသည်။ ထိုအရောင်းစာရေးပြောသလိုပင် အင်္ကျီများ၏စတိုင်နှင့်အသားသည် အမှန်တကယ်ပင် အလွန်ထူးခြား၏။ ကျင်းယွင်ကျောင်းလည်း ၎င်းတို့ကိုနှစ်သက်သော်ငြား မိမိအတွက် ယောက်ျားတစ်ဦးကို ငွေရှင်းခိုင်းသည်မှာ သူမအကျင့်မဟုတ်ပေ။
ကျင်းယွင်ကျောင်းမှ ကတ်ထုတ်လိုက်ပုံကြောင့် နံဘေးရှိအရောင်းစာရေးမလေး အံ့သြသွားတော့သည်။ ထို့နောက် သူမသည် ဝေခွဲရခက်ဟန်ဖြင့် လီရှောက်ယွင်ကိုကြည့်လိုက်သည်။ မည်သူ၏ကတ်မှာ ပိုသင့်တော်ကြောင်း သူမမသိပေ။
လီရှောက်ယွင်မျက်ခုံးများကို ပင့်လိုက်သည်။
“ဒီနေ့က ငါ့အပိုင်ဆိုတာ မင်းမေ့သွားပြီလား?”
ကျင်းယွင်ကျောင်း မှိုင်ကျသွားတော့သည်။
“ဒါဆိုလည်း...ဟုတ်ပြီလေ မနက်ဖြန်ကျမှ ရှင့်ကိုပြန်ပေးမယ်”
ထို့နောက် သူမသည် ကတ်ကိုပြန်သိမ်းလိုက်၏။ သို့သော် အခြားသူတစ်ဦးထံမှ ဤမျှလောက်တန်ဖိုးကြီးသောလက်ဆောင်ကို အတွန့်တက်ခြင်းမရှိဘဲ လက်ခံရသည်မှာ သူမအတွက် ပထမဆုံးဖြစ်သည်။ သူမစိတ်ထဲတွင် ခံစားချက်များအနည်းငယ် ရှုပ်ထွေးသွားတော့၏။ သို့ရာတွင် လီရှောက်ယွင်သည် ၎င်းကိုအာရုံလုံးဝမစိုက်ချေ။ သူသည် ပြတ်ပြတ်သားသားဖြင့် ငွေပေးချေလိုက်ပြီး ဘောင်ချာတွင်လက်မှတ်ထိုးကာ ထိုပစ္စည်းများကို သူကိုယ်တိုင်ကားထဲပြန်သယ်ရန် ပြင်လိုက်တော့သည်။ ထိုနေရာရှိ အမျိုးသမီးများအားလုံး အော်ဟစ်လုမတတ်ဖြစ်သွား၏။
သူတို့နှစ်ဦးသား ဆိုင်ထဲမှထွက်လာချိန်တွင် ကျင်းယွင်ကျောင်းသည် သူမအနောက်မှ အမျိုးသမီးများ၏စိတ်လှုပ်ရှားသံများကို ကြားနေရဆဲဖြစ်သည်။
“ဝါး သူကတကယ်ချောတာပဲ ကိုယ့်ကောင်မလေးကို ဒီလောက်တောင်ချစ်ပြီး ရုပ်လည်းချောတဲ့အစ်ကိုကြီးမျိုး ငါတစ်ခါမှမမြင်ဖူးဘူး! သူ့ကောင်မလေးအင်္ကျီလဲဝတ်နေတုန်းက စိတ်ရှည်လက်ရှည်နဲ့စောင့်နေတာ၊ ငါအရင်တုန်းက မြင်ဖူးသလိုမျိုး ဝတ်ကျေးတန်းကျေစောင့်တဲ့ယောက်ျားတွေလိုမဟုတ်ဘူး သူ့မိန်းကလေးကို အားကျလိုက်တာ!”
“ဟုတ်တယ် သူ့ကောင်မလေးဖြစ်ရတာ တကယ်ကံကောင်းတာပဲ ကြည့်လိုက်စမ်း ဘယ်လောက်တောင် လူကြီးလူကောင်းပီသလဲဆိုတာ...သူ့ကောင်မလေးအတွက် ကားတံခါးတောင်ဖွင့်ပေးတယ် အရမ်းချောတာပဲ!”
“အဲ့ကားက တော်တော်စျေးကြီးတယ်မှတ်လား? ဒါပေမယ့် သေချာစဥ်းစားလိုက်ရင် သူတို့ဝယ်သွားတဲ့ အင်္ကျီတစ်ထည်စီကို ယွမ်တစ်သောင်းကျော်ကျတာဆိုတော့ ဒီလိုကားမျိုးစီးတာ မဆန်းပါဘူး...”
...
“အားကျနေလည်း အလကားပဲ သူ့ကောင်မလေးကအရမ်းလှတာ၊ တစ်ချက်ကြည့်လိုက်တာနဲ့ နေနဲ့လ ရွှေနဲ့မြလိုမျိုး လိုက်ဖက်နေကြမှန်း သိသာတယ် ပြီးတော့ မိန်းကလေးရဲ့ဟန်ပန်အရ သူဌေးသမီးတစ်ယောက်ဖြစ်မှာ သေချာတယ်၊ သာမန်လူတွေက သူ့ကိုသွားယှဥ်လို့မရဘူး”
စကားများနေကြသော အမျိုးသမီးအုပ်စုအား ဆိုင်မန်နေဂျာဖြစ်သူမှ ကြည့်လိုက်ပြီး မောင်းထွက်သွားသော ဇိမ်ခံကားအနောက်ကိုကြည့်ကာ စိတ်အချဥ်ပေါက်နေသောလေသံဖြင့် ပြောလိုက်၏။
ထိုမိန်းကလေး၏ကံကြမ္မာသည် သူတို့နှင့်မတူပါချေ။
ကားမောင်းထွက်သွားပြီးမှသာ ကျင်းယွင်ကျောင်း၏နားများအေးသွားသလို ခံစားလိုက်ရသည်။ အကြားအာရုံထက်မြက်ရသည်မှာလည်း ကောင်းသောအရာမဟုတ်ပေ။ သူမမကြားချင်သောအရာများကိုပါ ရှင်းရှင်းလင်းလင်းကြားနေရ၏။
ထို့နောက် လီရှောက်ယွင်သည် တိုင်းရင်းဆေးအချို့ဝယ်ရန် သူမအား အခြားဆိုင်များသို့ ခေါ်သွားလိုက်သည်။
“လူကြီးတွေအတွက်လား?”
ကျင်းယွင်ကျောင်း အနည်းငယ်အံ့သြသွားသော်လည်း လီရှောက်ယွင်မှ များများစားစားမရှင်းပြချေ။ စျေးဝယ်ထွက်ပြီးနောက် သူသည် ကျင်းယွင်ကျောင်းအား အိမ်ကြီးတစ်အိမ်ဆီသို့ ခေါ်သွားလေ၏။
ထိုအိမ်သည် မကြီးလွန်းလှသော်လည်း ရှုခင်းလှပြီး လေသန့်သောနေရာတွင်ရှိသည်။ အနည်းငယ်လူခြေတိတ်သောနေရာတွင် တည်ရှိသဖြင့် သူတို့သည် အထဲသို့မောင်းဝင်ပြီး အိမ်ကြီး၏အနီးတွင် ကားကိုရပ်လိုက်သည်။
အိမ်ကြီးဆီသို့သွားရာတွင် သစ်ပင်များစီတန်းနေသော လမ်းသွယ်လေးကိုဖြတ်ရ၏။ လေတစ်ချက်တိုက်သည်နှင့် သစ်ကိုင်းခြောက်များ၏လှုပ်ရှားသံကို ကြားနေရသည်။ ဆောင်းဦးဝင်ပြီဖြစ်သောကြောင့် သစ်ပင်ပေါ်ရှိ သစ်ရွက်များသည် များစွာအိုမင်းခြောက်သွေ့နေလေပြီ။ သစ်ရွက်အချို့၏ အရောင်များသည် အနည်းငယ်ဝါကျင်ကျင်ဖြစ်နေသဖြင့် သစ်ရွက်စိမ်းများနှင့် သစ်ရွက်ဝါများ၏ ပေါင်းစည်းတည်ရှိမှုသည် အလွန်ပင်မျက်စိပသာဒဖြစ်စေပေသည်။
သစ်ပင်များအောက်တွင် ပက်လက်ထိုင်ခုံအချို့ရှိနေ၏။ ထိုအနားတွင် ပုဂ္ဂိုလ်နှစ်ဦးရှိပြီး တစ်ဦးမှာ မတ်တပ်ရပ်နေကာ တစ်ဦးမှာ ထိုင်နေသည်။
လီရှောက်ယွင်သည် သူ၏လက်ကိုအနည်းငယ်ကွေးကာ ကျင်းယွင်ကျောင်း၏လက်အား သူ၏လက်မောင်းအောက်သို့လျှို၍ ထိုသူတို့ထံ လျှောက်သွားလိုက်၏။
အနီးသို့ရောက်သောအခါ အဘိုးအိုတစ်ဦးသည် လက်ထဲ၌သမိုင်းစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ခေါင်းငုံ့၍ဖတ်နေကြောင်း ကျင်းယွင်ကျောင်းတို့ မြင်လိုက်ကြရသည်။ သို့ရာတွင် သေချာအကဲခတ်ကြည့်ရှုလိုက်သောအခါတွင် ထိုအဘိုးအို၏မျက်လုံးများမှာ မှိတ်ထားပြီး မလှုပ်မယှက်ရှိနေ၏။ သူ့အားကြည့်ရသည်မှာ အိပ်နေသည့်ပုံပေါ်လေသည်။ သူ၏ဘေးတွင် အသက်လေးဆယ်ဝန်းကျင် သက်လတ်ပိုင်းလူကြီးတစ်ဦးရှိ၏။ ထိုသူမှာ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ထားပြီး အိမ်တော်ထိန်းတစ်ဦးပုံစံပေါက်လေသည်။
လီရှောက်ယွင် အနားကပ်လာသောအခါ ထိုအဘိုးအိုသည် ရုတ်ချည်းဆိုသလို လှုပ်ရှားသွားတော့သည်။ ထိုအဘိုးအို၏လက်ထဲရှိစာအုပ်သည် လီရှောက်ယွင်ထံသို့ ပျံလာ၏။ ထို့နောက် သူသည်နံဘေးရှိ တုတ်ကောက်ကိုဆွဲယူကာ ချက်ချင်းဆိုသလို လီရှောက်ယွင်အား စတင်ရိုက်နှက်တော့သည်။
ကျင်းယွင်ကျောင်းလန့်ဖျပ်သွားသည်။ ဤအဘိုးသည် အမှန်တကယ်ပင်...အိုသော်လည်း စွမ်းပေသေးသည်။ လေအလျင်အတိုင်း လျင်မြန်ပေ၏။
“အဘိုး၊ ဧည့်သည်ပါလာတယ်”
လီရှောက်ယွင်သည် အဘိုးအို၏လက်ကို ကာဆီးကာ သူ့အားသတိပေးရန် ချောင်းဟန့်လိုက်၏။
အဘိုးအိုသည် ကျင်းယွင်ကျောင်းအားကြည့်လိုက်သည်။
“ကောင်လေး၊ ငါ့မြစ်လေးကို ခေါ်လာပြီလား?”