← Chapters

အခန်း (၈၀၅-၈၀၈)

Vol. 41 Ch. 805-808

အခန်း (၈၀၅-၈၀၈)

Vol. 41 Ch. 805-808

Space and Rebirth 805

ထိုအရာကိုကြားလိုက်သောအခါ ကျင်းယွင်ကျောင်းကြောင်တောင်တောင်ဖြစ်သွားသည်။ သူမခေါင်းကိုမော့ပြီး လီရှောက်ယွင်အား ကြည့်လိုက်သောအခါ လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများလည်း တွန့်နေကြောင်း မြင်လိုက်ရ၏။ သူမဘာမှပြန်မပြောနိုင်ခင်တွင် အဘိုးအိုမှလက်ကိုလှမ်းကာ သူမအားဆွဲခေါ်လိုက်သည်။

“ဘာလို့အဲ့လောက်ပိန်နေတာလဲ? ရှောက်ယွင်က မင်းကိုအနိုင်ကျင့်ပြီး ထမင်းအငတ်ထားလို့လား? ဒီကောင်စုတ်လေးက တကယ်အကျင့်မကောင်းဘူး သူ့စကားနားမထောင်နဲ့ အသားနည်းနည်းပိုတက်အောင်လုပ် ဒါမှမင်းကလေးတွေလည်း ဝတုတ်တုတ်လေးတွေဖြစ်မှာပေါ့ ကလေးတစ်ယောက်နှစ်ယောက်လောက် ထပ်ရရင် အိမ်ကြီးက ပိုအသက်ဝင်သွားမှာပဲ...”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်၏။ လီရှောက်ယွင်မှ ချက်ချင်းပင် ပြောလိုက်သည်။

“ကဲပါဗျာ ဟန်ဆောင်မနေနဲ့တော့ အဘိုးလုပ်လို့ သူကြောက်သွားရင် တစ်သက်လုံးမြစ်ချီဖို့ မစဥ်းစားနဲ့တော့”

အဘိုးအို၏မျက်နှာ သုန်မှုန်သွားသည်။

“မဖြစ်ဘူး! ကောင်စုတ်လေး၊ မင်းဒီအသက်အရွယ်ရောက်နေတာတောင် အိမ်ကို မိန်းကလေးတစ်ယောက်ပဲခေါ်လာဖူးတယ် ငါ့ကိုစိတ်ပူအောင်လုပ်နေတာလား?”

“အဘိုးရဲ့အတွေးတွေက မျိုးဆက်တစ်ဆက်စာလောက် ကျန်ခဲ့ပြီ”

လီရှောက်ယွင်သည် မျက်ခုံးကိုပင့်ကာ ကျင်းယွင်ကျောင်းအား အနားသို့ဆွဲခေါ်လိုက်၏။

“အားကျောင်း၊ ဒါငါ့အဘိုးလေ”

“ကျွန်မ...”

“မင်းငါ့ကိုကတိပေးထားတာ မမေ့လိုက်နဲ့”

လီရှောက်ယွင်အနားကပ်ကာ အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

“အဘိုးကို ဒေါသထွက်ပြီးသေအောင် လုပ်ချင်တာတော့မဟုတ်ပါဘူးနော်?”

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။ ထို့နောက် သူမသည် အဘိုးအိုဘက်သို့လှည့်ကာ ပြောလိုက်၏။

“အဘိုး...”

“ကောင်းတယ် ကောင်းတယ်၊ အဘိုးကတော့ မင်းကိုပေးစရာဘာမှမရှိဘူးကွယ်...”

သူသည် ပြောပြောဆိုဆိုဖြင့် ထိုင်ခုံပေါ်မှ ဘရိုကိတ်ဘူးတစ်ဘူးကို ထုတ်လိုက်သည်။ ထို့နောက် ၎င်းကိုဖွင့်လိုက်ပြီး အတွင်းတွင်ရှိနေသော ကျောက်စိမ်းလက်ကောက်အား ကျင်းယွင်ကျောင်းလက်ပေါ်သို့စွပ်ပေးလိုက်သည်။

“သေချာသိမ်းထားနော် ဒါက မိသားစုအမွေပစ္စည်းလေ”

ကျင်းယွင်ကျောင်း ခေါင်းကိုက်ချင်လာတော့သည်။

“မသင့်တော်ပါဘူး...အဘိုး သမီးဒီကိုခုမှရောက်တာပါ...”

“မသင့်တော်စရာမရှိဘူး! ငါ့ရဲ့ မြေးတူတွေဆိုရင် အရက်ထွယ်ဝယ်လို့ရလောက်တဲ့ထိ အသက်ကြီးနေကြပြီ၊ သူတို့ဆို ဆယ်ကျော်သက်အရွယ်ကတည်းက မိန်းကလေးတွေအိမ်ခေါ်လာတာလေ၊ ဒီကောင်စုတ်လေးကတော့ ဒီနှစ် ၂၇ နှစ်ပြည့်တာတောင် ကြက်ပေါက်လေးပဲရှိသေးတယ် ရှက်စရာကောင်းလိုက်တာ!”

အဘိုးအိုသည် မျက်မှောင်ကြုတ်ရင်းပြောကာ သူ၏မုတ်ဆိတ်မွေးသည်လည်း ကြမ်းတမ်းစွာ တုန်ယင်သွား၏။

ဤအရာကိုကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းမူးဝေသွားတော့သည်။ ငိုရမည်လော၊ ရယ်ရမည်လော သူမမသိတော့ချေ။

ဤအဘိုးအိုသည် စကားပြောရာ၌ အလွန်တုတ်ထိုးအိုးပေါက်နိုင်လှ၏။

ကြက်ပေါက်လေး...

ကျင်းယွင်ကျောင်းသည် ခေါင်းကိုအနည်းငယ်ငုံ့ကာ ကြိတ်ရယ်လိုက်သည်။ သူမနံဘေးတွင်ရှိသော လီရှောက်ယွင်မှ ထူးဆန်းသောလေသံဖြင့် ပြောလိုက်၏။

“ရယ်ချင်ရင် ပေါ်တင်ရယ်လေ ခိုးရယ်ရတာ ဗိုက်မနာဘူးလား?”

“တကယ်‌တော့...အဲ့လောက်ကြီးလည်းမဆိုးပါဘူး...”

ကျင်းယွင်ကျောင်းသည် မိမိကိုယ်မိမိ ထိန်းချုပ်ရန်ကြိုးစားရင်း နှုတ်ခမ်းများ အနည်းငယ်တုန်ယင်သွားသည်။

“အဘိုး၊ စကားကိုထိန်းပြောတာကောင်းမယ်နော် သူကအခုထိငယ်သေးတာမို့ အဘိုးစကားတွေကြောင့် ကြောက်သွားရင် အနာဂတ်မှာ သူ့ကိုတွေ့ရတော့မှာမဟုတ်ဘူး”

လီရှောက်ယွင်မှ ဟမ့်ခနဲအသံပြုလိုက်သည်။

အဘိုးအိုမှ ၎င်းကိုကြားသောအခါ ကျင်းယွင်ကျောင်းအား လေးနက်တည်ကြည်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။

“ကလေး၊ ငါ့ပုံကကြောက်ဖို့ကောင်းနေလား?”

ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။

ဤအဘိုးအိုသည် ခန့်ညားထည်ဝါသည့်ပုံပေါက်လေသည်။ အသက်ကြီးသော်လည်း အလွန်သန်မာသည့်ဟန်ရှိသည်။ သူ့အား ကိန်းကြီးခမ်းကြီးဆန်သောအငွေ့အသက်များက ဖုံးလွှမ်းထားလေသည်။ သူသည် စကားကို လိုရင်းတန်းပြောသော်လည်း မျက်လုံးများမှာ အလွန်ကြင်နာ၏။ သူနှင့်ပတ်သတ်၍ မကောင်းသောအရာမရှိပေ။

သူမသည် သက်ကြီးရွယ်အိုများနှင့်ပတ်သတ်လာလျှင် အမြဲတစေ မိတ်ဆွေကောင်းကောင်းဖွဲ့တတ်ပြီး လေပေးတည့်ပေ၏။

မြေပြင်ပေါ်သို့ကျနေသော သမိုင်းစာအုပ်ကို သွားရောက်ကောက်ယူလိုက်ပြီးနောက် ကျင်းယွင်ကျောင်းမေးလိုက်သည်။

“အဘိုး၊ ခုနကဘယ်မြစ်ကို ပြောလိုက်တာလဲ?”

“မိန်းကလေး၊ အလေးအနက်မထားပါနဲ့ကွယ် ဒီအဘိုးကြီးက ပေါက်ကရတွေပြောနေတာပါ၊ တစ်ခါတစ်လေလောက် မရူးရရင် အေးအေးချမ်းချမ်းနေလို့မရဘူးလေ”

အဘိုးအိုသည် အိမ်ကြီးဆီသို့ ပြန်လျှောက်ရန် ကြိုးစားလိုက်သည်။ သူ၏နံဘေးရှိ အိမ်တော်ထိန်းသည် ချက်ချင်းဆိုသလို ရှေ့ထွက်လာကာ သူ့အားတွဲကူလိုက်၏။ ထိုသူ၏အလုပ်လုပ်ပုံမှာ တိကျမြန်ဆန်ပေသည်။

ကျင်းယွင်ကျောင်းသည် အနည်းငယ်ပဟေဠိဖြစ်နေ၏။ သို့ရာတွင် လီရှောက်ယွင်မှ လျင်မြန်စွာ အဖြေပေးလိုက်သည်။

“အဘိုးက ကျန်းမာရေးကြောင့် အနားယူဖို့ ဒီအိမ်မှာနေနေတာ၊ သူ့ကို နည်းအမျိုးမျိုးနဲ့ လာတွေ့တဲ့သူတွေအများကြီးရှိလို့ သူလည်း စိတ်ပင်ပန်းနေပြီလေ”

ထိုအရာကိုကြားလိုက်သောအခါ ကျင်းယွင်ကျောင်းနားလည်သွားသည်။

အပြင်လူများ၏အမြင်တွင် အဘိုးအိုသည် ကယောင်ကတမ်းဖြစ်နေဟန်ပေါက်လောက်ပေမည်။ ထို့ကြောင့်လည်း အစောပိုင်းက သူမအား ထူးဆန်းသောစကားများကို ပြောလိုက်ခြင်းဖြစ်သည်။ သူမအား တမင်စနောက်ကာ သူ၏မြေးချွေးမအနေဖြင့် ဆက်ဆံနေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ၏မြစ်အား ခေါ်လိုက်ခြင်းဖြစ်၏။

သို့ရာတွင် သူမစဥ်းစားကြည့်လိုက်သောအခါ ရာထူးမြင့်သောလူများသည် လူအချင်းချင်းဆက်ဆံရာ၌ ပြသာနာရှိလောက်ပေမည်။ အဘိုးအိုသည် အိမ်တွင်သာ အနားယူနေသော်လည်း သူ၏ယခင်ကရာထူးအဆင့်သည် မနိမ့်လောက်ချေ။ သူသြဇာအာဏာညောင်းနေသရွေ့ အခြားသူများက သူ့အားမေ့လျော့ထားရန် ခက်ခဲပေမည်။

Space and Rebirth 806

ကျင်းယွင်ကျောင်းသည် သူ့နောက်လိုက်ကာ အိမ်ကြီးထဲသို့ဝင်လိုက်သည်။ သူမလက်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်ကို မြင်လိုက်သောအခါ သူမမျက်လုံးများ မှောင်ရိပ်သန်းသွား၏။

သူမအိမ်ကြီးထဲမှပြန်ထွက်လျှင် လက်ကောက်ကိုယူကာ လီရှောက်ယွင်အား ပြန်ပေးရဦးမည်။ ထို့အပြင် ဤလက်ကောက်မှာ လီမိသားစု၏အမွေပိုင်ပစ္စည်းဖြစ်သည်။ သာမန်လက်ဝတ်လက်စားတစ်ခုဆိုလျှင်ပင် သူမလွယ်လင့်တကူယူသွားနိုင်သောအရာ မဟုတ်ပေ။

ခဏကြာသောအခါ သူတို့သည် အိမ်ကြီးထဲသို့ရောက်သွားကြသည်။ အိမ်ကြီးမှာ အလွန်ပင်တိတ်ဆိတ်နေသော်လည်း အတွင်းတွင် အခြားလူအချို့ရှိနေကြောင်း ကျင်းယွင်ကျောင်းခံစားမိသည်။ ထိုသူများမှာ သက်တော်စောင့်များဖြစ်ချေမည်။

ကျင်းယွင်ကျောင်းသည် စာအုပ်အား စားပွဲပေါ်သို့တင်လိုက်သည်။ အဘိုးအိုဖြစ်သူမှ ၎င်းအားဝေ့ကြည့်ကာ ပြောလိုက်၏။

“ဒီစာအုပ်ကိုဖတ်တိုင်း ငါအိပ်ငိုက်တယ်၊ ရှောက်ယွင် လေ့ကျင့်ရေးအရုပ်တချို့ယူလာစမ်းပါ ငါနဲ့အတူ လေ့ကျင့်ဖို့ ကိုယ်ခံပညာအဖွဲ့က လူတချို့ခေါ်လာနိုင်ရင်အကောင်းဆုံးပဲ၊ တစ်နေ့တစ်နေ့ ဒီမှာ ထိုင်ရင်ထိုင် မထိုင်ရင်လှဲနေရတော့ ငါ့အရိုးတွေဆွေးတော့မယ်!”

“မရဘူး အဘိုးလက်မခံချင်ပေမယ့် ဒါအမှန်တရားပဲ”

လီရှောက်ယွင်သည် သူ့အားနည်းနည်းမှ မလိုက်လျောချေ။

ထိုအရာကိုကြားလိုက်သောအခါ အဘိုးအိုသည် ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် ကွေးတက်သွားသည်။

“မိသားစုရဲ့ ကျက်သရေတုံးလေး”

“မိန်းကလေး၊ မင်းကလေးရရင် ဒီအဘိုးကြီးက ပြုစုပျိုးထောင်ပေးမယ် မဟုတ်ရင် ဒီကောင်စုတ်လေးလိုမျိုး တစ်ထေရာတည်းဖြစ်သွားမှာ!”

အဘိုးအိုမှ ထပ်ပြောလိုက်ပြန်၏။

ကျင်းယွင်ကျောင်းတီးတိုးသက်ပြင်းချလိုက်သည်။

“စိတ်ကူးယဥ်မနေနဲ့”

လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအတွက် ရေတစ်ခွက်ငှဲ့ပေးကာ ညင်သာစွာပြောလိုက်သည်။

“အဘိုးပျိုးထောင်ထားတဲ့ အဘိုးသားကိုကြည့်လိုက်ဦး၊ သူဘယ်လိုစရိုက်မျိုးရှိလဲဆိုတာ အဘိုးပိုသိမှာပေါ့”

၎င်းကိုကြားလိုက်သောအခါ အဘိုးအိုသည် ချက်ချင်းဆိုသလို ငြိမ်ကျသွားတော့၏။

ကျင်းယွင်ကျောင်းခေတ္တမျှတွေးလိုက်သည်။ ယနေ့လီရှောက်ယွင်၏စကားများအရ သူ့တွင် ဦးလေးမရှိဘဲ အဒေါ်များသာရှိကြောင်း ပြောခဲ့သည်ကို မှတ်မိသွား၏။ ထိုသို့ဆိုလျှင် သူပြောနေသော အဘိုး၏သားမိုက်မှာ သူ၏အဖေအရင်းမဟုတ်လော?

ကျင်းယွင်ကျောင်းသည် စဥ်းစားတွေးတောရန် ဦးနှောက်နေရာလွတ်မရှိတော့သဖြင့် လိမ်လိမ်မာမာဖြင့်သာ ရေကိုသောက်ပြီး မေးခွန်းများထပ်မမေးတော့ချေ။

“မိန်းကလေး၊ ဒီကောင်စုတ်လေးကို မင်းဘယ်လိုသည်းခံနိုင်တာလဲ? အနာဂတ်မှာကလေးရတာနဲ့ သူ့ကိုကွာရှင်းလိုက် ငါတို့လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မင်းနဲ့မင်းရဲ့သားဆီကို အမွေပေးခဲ့မယ် ဒီကောင်လေးကို တစ်ပြားမှမချန်ခဲ့ဘူး”

အဘိုးအို၏တွေးခေါ်ပုံသည် သာမန်လူတစ်ဦးနှင့် လုံးဝမတူပါချေ။

ကျင်းယွင်ကျောင်း စိတ်ငြိမ်ရုံသာရှိသေးသော်လည်း အဘိုးအို၏စကားများကြောင့် ထပ်မံထိတ်လန့်သွားရပြန်သည်။ သူမလည်ပင်းတွင် ရေအချို့ကျန်နေသေးသဖြင့် သီးသွားတော့သည်။

လီရှောက်ယွင်သည် အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်ကာ သူမကျောအားထုပေးလိုက်၏။ ထို့နောက် သူသည် အဘိုးအိုလီအား ဝေ့ကြည့်၍ ပြောလိုက်သည်။

“အဘိုးရဲ့ပိုက်ဆံတွေကို အဘိုးသားဆီပဲပေးလိုက်၊ ကျွန်တော့်မိန်းမနဲ့ကလေးအတွက် စိတ်ပူပေးစရာမလိုဘူး”

ကျင်းယွင်ကျောင်းသည် အတွင်းဒဏ်ရာနောက်တစ်ခု ရသွားပြန်သည်။

သူမသည် လီရှောက်ယွင်နှင့် အလောင်းအစားမရှုံးခဲ့လျှင်...

အလောင်းအစားကို တွေးလိုက်သောအခါ ကျင်းယွင်ကျောင်း၏မျက်လုံးများ ဝင်းလက်သွားသည်။ လီရှောက်ယွင်သည် သူမအား အကာအကွယ်တစ်ခုအနေဖြင့်သာ သုံးချင်သော်လည်း ၎င်းအတွက် သူမစိတ်ဆန္ဒအပေါ် မူတည်နေလေသည်။

“အဘိုး၊ သမီးကတော့ ရှောက်ယွင်ပြောတာသဘောမတူဘူး၊ ငွေများလေ ကောင်းလေပဲ၊ ငယ်ငယ်ကတည်းက ချို့ချို့တဲ့တဲ့နေရမှာကို ကြောက်နေခဲ့ရတာလေ အဲ့တော့ အနာဂတ်မှာ မိသားစုအမွေတွေအားလုံး ရနိုင်ရင် အကောင်းဆုံးပဲ”

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။ လီရှောက်ယွင်အား တိတ်တခိုးရန်စနေခြင်းဖြစ်သည်။

ငွေကိုသည်းသည်းလှုပ်ဖြစ်သော မိန်းကလေးတစ်ဦးအား မည်သည့်လူကြီးကမှ နှစ်သက်မည်မဟုတ်ပေ။

အဘိုးအိုသည် ၎င်းကိုကြားသောအခါ ဒေါသထွက်ရမည့်အစား ရယ်မောလိုက်သည်။

“မင်းက အလိမ္မာဆုံးနဲ့ ဦးနှောက်အရှိဆုံးကလေးပဲ၊ မိသားစုအမွေဆိုတာ အရည်အချင်းရှိတဲ့သူကို လက်ဆင့်ကမ်းရမှာဆိုပေမယ့် ဒီကောင်စုတ်လေးကလည်းမယူဘူး၊ ငါဒေါသထွက်လိုက်တာဆိုတာ...ကောင်းပါတယ်လေ မင်းရှိနေတော့ ငါစိတ်ချလက်ချနေနိုင်ပြီ အနာဂတ်မှာ မိသားစုငွေတွေကို ကောင်းကောင်းထိန်းသိမ်းပေးရမယ်နော်၊ ဇနီးဖြစ်တဲ့သူက မိသားစုကိုဂရုမစိုက်ရင် ခင်ပွန်းဖြစ်တဲ့သူကလည်း လိမ္မာမှာမဟုတ်ဘူး”

ကျင်းယွင်ကျောင်းမျက်လုံးပြူးသွားကာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွား၏။

လီရှောက်ယွင် နှုတ်ခမ်းစွန်းများ ကွေးညွှတ်သွားသည်။

“အဘိုးပြောတာမှန်တယ် အားကျောင်း၊ အနာဂတ်မှာ ငါမင်းစကားနားထောင်ပါ့မယ်”

ကျင်းယွင်ကျောင်းမျက်နှာ တောင့်တင်းသွား၏။ သူမသည် လက်ကိုပွတ်ကာ လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်အားထိလိုက်သည်။ ထို့နောက် သူမသည် အံကိုကြိတ်၍ပြောလိုက်တော့သည်။

“ရှောက်ယွင်၊ ဒီလက်ကောက်က တော်တော်တန်ဖိုးကြီးမှာပေါ့ ဟုတ်လား? ကျွန်မတို့ရောင်းလိုက်ကြမလား?”

သူမသည် မိသားစုအမွေပစ္စည်းများကိုပင် အလွတ်မပေးသောကြောင့် အဘိုးလီသည် သူမကို သဘောမကျလောက်တော့ချေ...

“ပစ္စည်းတွေကသက်မဲ့ဆိုပေမယ့် လူတွေကတော့ အသက်ရှိတယ်၊ ရောင်းတော့လည်းဘာဖြစ်လဲ? ငါတို့မိသားစုက ဒါတွေကိုဂရုမစိုက်ဘူး ဒီဇိုင်းကလည်း နွမ်းနေပြီဆိုတော့ ရောင်းပြီးအသစ်ဝယ်လိုက်ရင် ကောင်းတာပေါ့”

အဘိုးအိုသည် မျက်မှောင်တစ်ချက်မှမကြုတ်ဘဲ လက်ဖက်ရည်ကို တစ်ငုံ‌သောက်လိုက်သည်။

Space and Rebirth 807

အဘိုးလီသည် စိတ်မဆိုးရုံသာမက အတော်အတန်ပျော်ရွှင်နေသည့်ပုံပေါက်လေသည်။ ကျင်းယွင်ကျောင်းအနည်းငယ်ဇဝေဇဝါဖြစ်သွား၏။

ဤနေရာသို့ လာရာလမ်းတွင် သူမသည် လီရှောက်ယွင်ဝယ်လာခဲ့သော လက်ဆောင်များနှင့် တိုင်းရင်းဆေးများကို တွေ့ခဲ့သဖြင့် သူမတွေ့မည့်လူကို ခန့်မှန်းနိုင်ခဲ့ပေသည်။ ထိုအချိန်က သူမသည် အတန်ငယ်စိတ်လှုပ်ရှားနေခဲ့မိသည်။ လီရှောက်ယွင်၏မိသားစုနောက်ခံမှာ ကြီးလှသည့်အပြင် သူ၏အဘိုးဖြစ်သူမှာလည်း အလွန်သြဇာညောင်းပြီး ရာထူးကြီးသောပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ လီရှောက်ယွင်၏အဘိုးသည် သူမအပေါ် ကောင်းကောင်းဆက်ဆံချင်မှ ဆက်ဆံပေမည်။ ထို့ကြောင့် သူမသည် မိမိကိုယ်ကိုကာကွယ်ရန် စိတ်ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဤအဘိုးအိုမှ ဤမျှလောက်ဖော်ရွေလိမ့်မည်ဟု သူမမထင်မှတ်ထားခဲ့ချေ။

ကျင်းယွင်ကျောင်းခေတ္တမျှတွေးလိုက်သည်။ ခဏအကြာတွင် သူမပြောလိုက်တော့သည်။

“အဘိုးလီ၊ သမီးရဲ့မိသားစုနောက်ကြောင်းကိုသိလား?”

သူမသည် သူမ၏မိသားစုနောက်ခံနှင့်ပတ်သတ်၍ မည်သည့်အမြင်မျိုးမှမရှိသလို ထိုအတွက်နှင့် မိမိကိုယ်ကိုနိမ့်ကျသူဟုလည်း မခံစားရချေ။ သို့သော် အခြားသူများ၏အမြင်တွင် သူမကိုယ်သူမရှက်နေလိမ့်မည်ဟု ထင်စရာအကြောင်းရှိသည်။

ထို့ကြောင့် သူမပြောလိုက်ခြင်းဖြစ်သည်။

လီရှောက်ယွင်၏အကြည့်များ နက်ရှိုင်းသွားသော်လည်း တစ်ခွန်းတစ်ပါမျှ ဝင်မပြောချေ။

“နောက်ကြောင်း? အဲဒါဘာအရေးပါလို့လဲ? ငါတပ်ထဲမှာရှိတုန်းက ဗိုလ်မှူးသားတွေအများကြီးတွေ့ဖူးတယ် ဒါပေမယ့် သူတို့တွေကြာကြာမခံကြဘူး အခက်အခဲတွေကိုမခံနိုင်လို့ အိမ်ပြန်ရင်ပြန်၊ မပြန်ရင် သွေးမြင်တာနဲ့လန့်ဖျပ်ပြီး ရှေ့တန်းထွက်ဖို့ငြင်းကြတဲ့လူတွေချည်းပဲ နောက်ဆုံးတော့ ငါပဲဦးစီးချုပ်ဖြစ်လာခဲ့တယ် နောက်ဆုံးမှာ အဲဒီအသုံးမကျတဲ့လူတွေက ငါ့စကားကိုပဲနားထောင်ရတာမဟုတ်ဘူးလား?”

အဘိုးအိုသည် ဂုဏ်ယူဝံ့ကြွားဟန်အပြည့်ဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။

၎င်းကိုကျင်းယွင်ကျောင်းကြားသောအခါ သူမသည် အဘိုးအို၏မျိုးရိုးနာမည်ကို တွေးမိသွားသည်။ သူမစိတ်ထဲတွင် တစ်စုံတစ်ရာကို သတိရသွား၏။

“အဘိုးက မဟုတ်မှလွဲရော....ဗိုလ်ချုပ်ကြီးလီကျွန်းဝေလား?”

ဖတ်စာအုပ်များတွင် သူ၏နာမည်ကို ဖော်ပြထားသော်လည်း အချက်အလက်များမှာ အသေးစိတ်မကျပေ။ ဤကဲ့သို့ အင်အားကြီးသော ပထမတန်းစားအဆင့် တည်ထောင်သူဗိုလ်ချုပ်တစ်ဦးရှိသည်ကိုသာ သူမဝိုးတဝါးမှတ်မိ၏။

ကျင်းယွင်ကျောင်းအသံတုန်ယင်သွားသည်။ အကြောက်တရားကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သည်။

သူမသည် ယခင်က ဗိုလ်ချုပ်ကြီးလီနှင့်ပတ်သတ်၍ စာဖတ်ဖူးသည်။ အချက်အလက်များစွာမဟုတ်သော်လည်း ရှိရင်းစွဲအချက်အလက်များအား သုံးသပ်ထားပုံမှာ သူမအတွက် မမေ့နိုင်ဖွယ်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး၏မိသားစုသည် ယန်ခရိုင်မှ လာခဲ့သူများဖြစ်သည်။ သူ၏မိဘများသည် စစ်ထဲ၌သေဆုံးခဲ့၏။ သူသည် ဆယ်ကျော်သက်အရွယ်က ထောင်ချီသောရန်သူစစ်သားများကို အနိုင်ယူနိုင်သည်ဟု ပြောစမှတ်တွင်ကြသည်။ သူသည် အလွန်ပင်သန်မာပြီး တိုက်ပွဲမြေပြင်တွင် ပြိုင်ဘက်မရှိချေ။

သို့ရာတွင် ကျင်းယွင်ကျောင်းတွေးကြည့်လိုက်သောအခါ သူမတုံ့ပြန်ပုံမှာ အလွန်နှေးသွားကြောင်း သတိထားမိလိုက်သည်။

အဘိုးလီ၏မိသားစုသည် ယန်ခရိုင်ရှိ နင်းမြို့တော်မှဖြစ်၏။ မည်သူမှအတိအကျမသိသော်လည်း သူမသည် လီရှောက်ယွင်ကိုတွေ့ခဲ့စဥ်က လီရှောက်ယွင်သည် သူ၏ဘိုးဘေးများအား အရိုအသေပြုရန် ဟွားနင်ခရိုင်သို့သွားခဲ့လေသည်။

ထိုသို့ဆိုလျှင် သူမဖတ်ခဲ့သောအရာများသည် ပို၍ပင်မှန်နေလေသည်။

“ငါ့နာမည်ကို မခေါ်ကြတာ ကြာပြီဆိုပေမယ့် မှန်သေးပါတယ်၊ ဒီနာမည်ကို ငါအသက်ခုနစ်နှစ်တုန်းက ငါ့တပ်မှူးကပေးခဲ့တာပေါ့ ငါတို့ခေတ်တုန်းကတော့ အဆင့်အတန်းနိမ့်ကျတဲ့ကလေးတွေရဲ့နာမည်က နားဝင်ဆိုးတယ်လေ၊ တချို့ဆို ဂိုးရှန်၊ တချို့ဆို ထီကျူ ဒါမှမဟုတ် ထီတန်းလို့ ခေါ်ကြတယ် ငါ့နာမည်ကတော့ ယုန်ရှုတဲ့၊ ငါနဲ့နာမည်တူတဲ့လူတချို့ရှိခဲ့ပေမယ့် ကြည့်ရတာ ငါ့ကိုသေမလိုကြောက်ကြတယ်ထင်ပါတယ် သူတို့နာမည်ကို ပြောင်းလိုက်ကြတယ်လေ အဲ့တော့ ကောင်မလေး၊ မင်းရဲ့မျိုးရိုးအဆင့်ဆိုတာ ဘာမှမဟုတ်ဘူး၊ အလေးအနက်ထားမနေနဲ့!”

အဘိုးလီသည် ရဲဝင့်သောဟန်ပန်ဖြင့် ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် ဤအဘိုး၏နှင်ထုတ်ခြင်းကို ခံချင်ခဲ့သော်လည်း ယခု ထိုသူမှာ ဗိုလ်ချုပ်ကြီးလီဖြစ်မှန်း သိလိုက်ရသဖြင့် သူမထိုသို့မလုပ်နိုင်တော့ချေ။ ဤမျှလောက် ရာဇဝင်တွင်သောလူတစ်ဦးအား မျက်မြင်ကိုယ်ကျမြင်ရလိမ့်မည်ဟု သူမမထင်ခဲ့သောကြောင့်ဖြစ်သည်။

သူ၏အဘိုးဖြစ်သူမှာ အနည်းငယ်သြဇာညောင်းသည်ဟုသာ လီရှောက်ယွင်ပြောခဲ့သလော? သူသည် မိမိကိုယ်ကို အလွန်နှိမ့်ချလွန်းပေသည်။ လီကျွန်းဝေ၏နာမည်ကြားရုံဖြင့်ပင် လူများစွာ၏နှလုံးသာကို တုန်ယင်စေနိုင်၏။

“အဘိုးလီပြောတာမှန်ပါတယ်”

ကျင်းယွင်ကျောင်း၏မျက်နှာသည် အနည်းငယ်နီမြန်းနေ၏။ သူမသည် အဘိုးလီအား အတန်ငယ်လေးစားနေပေသည်။

သို့ရာတွင် ဗိုလ်ချုပ်ကြီးမှာ သူမငယ်စဥ်က စိတ်ကူးထားသလိုမဟုတ်ပေ။ ဗိုလ်ချုပ်ကြီးမှာ အလွန်ဟိတ်ဟန်ကြီးပြီး အလွန်တရာကြောက်မက်ဖွယ်ကောင်းမည့်ပုဂ္ဂိုလ်ဟု သူမထင်ခဲ့၏။ လက်တွေ့တွင်မူ သူသည် ကြမ်းကြုတ်သောလူတစ်ဦးမဟုတ်ဘဲ ရိုးရိုးသားသားနေထိုင်သော အဘိုးအိုတစ်ဦးသာဖြစ်သည်။

ယနေ့အချိန်ထိ ကျင်းယွင်ကျောင်း၏ဘိုးဘေးအပြင် သူမလေးစားသမှုရှိသော အကြီးအကဲဟူ၍ အဘိုးရှုနှင့် ဗိုလ်ချုပ်ကြီးလီသာရှိပေသည်။

Space and Rebirth 808

ယခင်က ဗိုလ်ချုပ်ကြီးလီဟူသည်မှာ သူမအတွက် သမိုင်းဖတ်စာအုပ်များထဲတွင်သာ ရှင်သန်သော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။ ဗိုလ်ချုပ်ကြီးအား သူမလေးစားသော်လည်း သူမဘဝနှင့်အလွန်အလှမ်းဝေးနေသဖြင့် ခံစားချက်များများစားစားမရှိချေ။ သို့ရာတွင် ယခုမူ ထိုသို့မဟုတ်တော့ပေ။ ဤသို့သောလေးစားမှုမျိုးသည် သူမရင်တွင်းဖြစ် ဖြစ်၏။

ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းသည် ကြောင်ပေါက်လေးတစ်‌‌ကောင်ကဲ့သို့ လိမ္မာသွားသည်ကို လီရှောက်ယွင်မြင်လိုက်ရသဖြင့် သူ၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။

ကျင်းယွင်ကျောင်း၏အာရုံမှာ သူ့ဆီမရောက်ဘဲ သူ၏အဘိုးဆီသာရောက်သွားသောခံစားချက်မှာ မကောင်းလှချေ။ ဤအဘိုးကြီး၏ဝါသနာမှာ သူ၏အောင်မြင်မှုများကို ကြွားဝါတတ်ခြင်းဖြစ်၏။

လီရှောက်ယွင်သည် အဘိုးလီအား ဝေ့ကြည့်လိုက်သည်။ ထိုအခါ အဘိုးလီသည် ခြောက်ကပ်စွာရယ်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။

“ကလေး၊ စိတ်မပူပါနဲ့ ငါကမင်းမိသားစုနောက်ခံကို လုံးဝမကြည့်ဘူး၊ နောက်ရက်ပိုင်းလောက်နေရင် ငါတို့မိသားစုနှစ်စုတွေ့ပြီး စေ့စပ်ပွဲအတွက် အရင်ဆွေးနွေးကြတာပေါ့၊ နောက်နှစ်နှစ်လောက်နေရင် မင်းတို့နှစ်ယောက်အိမ်ထောင်ပြုလို့ရပြီ ဘယ်လိုလဲ?”

“အဘိုး၊ သမီးမိသားစုထဲမှာ ဘယ်သူမှမရှိပေမယ့် မွေးစားအဘိုးနဲ့ ဆရာတော့ရှိ...”

ကျင်းယွင်ကျောင်းဘက်မှ စာကြောင်းတစ်ကြောင်းဖြင့် ပြန်ဖြေလိုက်သော်လည်း သူမစကားမဆုံးခင်တွင်ပင် တစ်ခုခုလွဲနေကြောင်း ခံစားမိလိုက်သဖြင့် လျင်မြန်စွာ ပြင်ဆင်ပြောလိုက်သည်။

“စေ့စပ်ပွဲကိုတော့ မေ့ထားလိုက်ပါ အဘိုး၊ သမီးအဲ့အထိမတွေးရသေးပါဘူး...”

ယနေ့တွင် လောင်းကြေးရှုံးသူအနေနှင့် လီရှောက်ယွင်အတွင် ဟန်ဆောင်ပေးရန်သာ လာခဲ့ခြင်းဖြစ်သည်။ သူမသာ အမှန်တကယ် စေ့စပ်ခံလိုက်ရလျှင် အလွန်တုံးအသောသူဖြစ်သွားပေမည်။

“ဟုတ်တယ် မင်းတို့ကငယ်သေးတာပဲ အလျင်လိုစရာမရှိပါဘူး”

အဘိုးလီသည် ပျော်ရွှင်အားရဟန်ဖြင့်ရယ်ကာ သက်ပြင်းချလိုက်သည်။

“ဒီနှစ်တွေထဲမှာ ဒီကောင်စုတ်လေးက စိတ်မမှန်လို့ စိတ်ပူနေခဲ့ရတာ၊ ကံကောင်းလို့ ကံကောင်းလို့...”

လီရှောက်ယွင်သည် ၎င်းကိုကြားလိုက်သောအခါ နှုတ်ခမ်းစွန်းများတွန့်သွား၏။

“အဘိုး၊ စကားတွေအများကြီးပြောရတာမမောဘူးလား?”

“ဒေါင်ဒေါင်မြည်ပဲ ဘာလို့မောရမှာလဲ?”

အဘိုးလီ၏စိတ်သည် ကြေးမုံတစ်ချပ်ကဲ့သို့ ကြည်လင်နေတော့၏။

လီရှောက်ယွင်နှိပ်ကွပ်ခံလိုက်ရကြောင်း တွေ့လိုက်ရသဖြင့် ကျင်းယွင်ကျောင်းစိတ်ပျော်သွားသည်။

“အဘိုး၊ သူ့ကိုစိတ်မမှန်ဘူးလို့ပြောတာ ဘာအဓိပ္ပာယ်လဲဟင်?”

“အဲဒါက...ဟားဟား၊ သူယောက်ျားလေးတွေကြိုက်မှာကို စိတ်ပူနေတာလေ...”

အဘိုးလီသည် တွေးတောခြင်းအလျင်းမရှိ ပြောချလိုက်၏။ လီရှောက်ယွင်အား တမင်အရှက်ခွဲရန် ကြိုးစားနေသည်လောဟုပင် ကျင်းယွင်ကျောင်းထင်သွားသည်။ ထိုသို့ပြောပြီးနောက် သူဆက်ပြောလိုက်သေးသည်။

“ငါတို့မိသားစုက အရင်တုန်းက လူတွေအများကြီးနဲ့သိခဲ့တယ်လေ၊ သူငယ်ငယ်တုန်းကဆို ငါတို့မိသားစုရဲ့ချွေးမဖြစ်ချင်တဲ့သူတွေချည်းပဲ ဒါပေမယ့် တခြားမိန်းကလေးတွေကို တွေ့တိုင်း သူအဲ့လောက် မပျော်မရွှင်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? အစတုန်းကတော့ စိတ်ဆိုးလွန်းလို့ ထမင်းလည်းမစား၊ ရေလည်းမသောက်ဘဲ လူတိုင်းကိုလျစ်လျူရှုထားတတ်တယ်လေ၊ နောက်ကျ သူအသက်ကြီးလာတော့ ဝံပုလွေနှစ်ကောင်ကို လူမသိအောင်မွေးပြီး မိန်းကလေးတွေအားလုံးကို အဲ့နှစ်ကောင်နဲ့ ရှူးတိုက်ခဲ့တာ၊ နှစ်တော်တော်ကြာတဲ့ထိ ငါတို့လီမိသားစုအိမ်ကို ဘယ်မိန်းက‌လေးမှမလာရဲတော့ဘူး”

“ဒါပေမယ့် ငါအပြစ်လည်းပါပါတယ်၊ သူမွေးပြီးသိပ်မကြာခင်မှာပဲ တပ်ထဲခေါ်သွားခဲ့တာလေ၊ ဘယ်သူမှ သူ့ကိုဂရုမစိုက်ကြဘူး၊ တစ်ခါတစ်လေဆို သူက အပေါ်အောက်ဆင်းလိုက်တက်လိုက်နဲ့ တစ်ယောက်တည်းစားစရာရှာတတ်တယ်၊ သူတွေ့သမျှလူတိုင်းကလည်း ယောက်ျားကြီးတွေချည်းပဲ...”

ကျင်းယွင်ကျောင်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် အဘိုးအို၏စကားများကို နားထောင်နေ၏။ သူမသည် အတွေးထဲတွင် နစ်မြောနေတော့သည်။

“အန်ကယ်နဲ့အန်တီကရောဂရုမစိုက်ဘူးလား?”

“သူတို့လား? သူတို့အလိုလိုက်တာထက် ကလေးတွေကို လွတ်လွတ်လပ်လပ်ကြီးပြင်းခိုင်းတာပိုကောင်းတယ် အခုကြည့်ပါလား သူဘယ်လောက်တောင် အလားအလာရှိနေပြီလဲ?”

အဘိုးအို၏မျက်နှာသည် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

လီရှောက်ယွင်စိတ်မဆိုးချေ။ အဘိုးလီ၏ပါးစပ်မှ စကားကောင်းကောင်းမွန်မွန် ထွက်လိမ့်မည်မဟုတ်ဟု သူထင်မှတ်ထားနှင့်ပြီဖြစ်သည်။ သူသည် သက်ပြင်းသာချကာ ကျင်းယွင်ကျောင်းဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် လိမ္မော်သီးတစ်လုံးကိုအခွံခွာပြီး သူမအ‌ရှေ့တွင်ချပေးလိုက်သည်။ မသိလျှင် ပြဇာတ်တစ်ခုအား ထိုင်ကြည့်နေသကဲ့သို့ပင်။

“တပ်ထဲမှာ အန္တရာယ်များတယ်မဟုတ်ဘူးလား? သူတစ်ခုခုဖြစ်သွားမှာ အဘိုးစိတ်မပူဘူးလား?”

ကျင်းယွင်ကျောင်းသိချင်လိုစိတ်ဖြင့် မေးလိုက်၏။

“ဘာစိတ်ပူစရာရှိမှာလဲ? ငါတိုက်ပွဲထွက်တုန်းက လီမိသားစုရဲ့မျိုးဆက်ဆိုလို့ ငါပဲကျန်တော့တာ၊ အဲ့အချိန်ကတည်းက မိသားစုမျိုးဆက်အဆုံးသတ်သွားဖို့ စိတ်ပြင်ဆင်ပြီးသွားပြီ၊ အသုံးမကျတဲ့သားနဲ့ မြေးတွေရှိတာထက် မျိုးဆက်ပြတ်တာပဲကောင်းတယ်၊ မိန်းကလေး ငါသာ သာမန်လူတစ်ယောက်ဆိုရင် သူတို့လုပ်ချင်တာလုပ်လို့ရတယ်၊ ဒါပေမယ့် ငါ့မှာလည်း အာဏာနည်းနည်းရှိတယ်လေ ငါ့သားနဲ့ငါ့မြေးကသာ ငါ့အာဏာကိုသုံးပြီး သူတို့လုပ်ချင်တာလုပ်မယ်ဆိုရင် လူတစ်ယောက်နှစ်ယောက်ပဲ ထိခိုက်မှာမဟုတ်ဘူး”

အဘိုးအို၏လေသံသည် လေးနက်မှုများစွတ်နေ၏။

ကျင်းယွင်ကျောင်းနားထောင်ကာ ခေါင်းငြိမ့်သဘောတူလိုက်သည်။

“မိန်းကလေး၊ ဒါကြောင့်မို့ အနာဂတ်မှာ ငါတို့မိသားစုထဲဝင်လာရင် ခေါင်းမော့ရင်ကော့ပြီးသာဝင်ခဲ့၊ ဒီမိသားစုကလူတွေ အချိုးမပြေတာရှိရင် ငါ့ကိုသာပြော၊ ဒီအဘိုးက မင်းအတွက် သူတို့ကိုသင်ခန်းစာပေးပစ်မယ်၊ ငါကအခုချိန်ထိ လူကဲခတ်တော်ပါသေးတယ် မင်းကတကယ်ရည်ရည်မွန်မွန်ရှိတဲ့ကလေးပါ အနာဂတ်ကျရင် မင်းလက်ထဲမှာ ငါ့မြစ်လေးက တကယ်ကောင်းတဲ့ကလေးဖြစ်လာမှာ၊ အဲဒါဆို သေပျော်ပါပြီ!”

All Chapters