အခန်း (၈၀၉-၈၁၂)
Vol. 41 Ch. 809-812
Space and Rebirth 809
အဘိုးအိုသည် ပျော်ရွှင်နေဟန်ရသည်။ သမာဓိသိက္ခာကြီးသော ဗိုလ်ချုပ်ကြီးလီသည် ဤသို့သောလူဖြစ်နေသည်ကို ကျင်းယွင်ကျောင်းမယုံကြည်နိုင်ချေ။ သူသည် သာမန်သက်ကြီးရွယ်အိုများထက်ပင် စကားပြောရလွယ်ကူပေ၏။
သို့ရာတွင် အဘိုးလီမှာ အလွန်ကာကွယ်ပေးတတ်သောလူဖြစ်ကြောင်းကို ကျင်းယွင်ကျောင်းမသိခဲ့ချေ။ လူများအား ပြောဆိုဆက်ဆံပုံမှာလည်း ကွာခြားပေ၏။
ဤတစ်ချိန်တွင် အဘိုးလီ၏စကားကိုကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်အား အနည်းငယ်အားကျသွားသည်။ ဤကဲ့သို့နာမည်ဂုဏ်သိက္ခာကြီးပြီး မာန်မာနပလွှားခြင်းမရှိသော အဘိုးအားပိုင်ဆိုင်ရသည်မှာ အလွန်ပင်ကံကောင်းလှပေ၏။
အစက ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်၏အစီအစဥ်ကို လမ်းလွှဲအောင်လုပ်ရန် အခွင့်အရေးရှာပြီး ထိုအခွင့်အရေးအားအသုံးချကာ ထွက်သွားရန် ပြင်ဆင်ခဲ့သည်။ သို့သော် ယခုတွင် ဤကဲ့သို့သော အဘိုးအိုအား ရင်ဆိုင်နေရသဖြင့် အစောပိုင်းက သူမပြောချင်ခဲ့သောစကားများကို ပြောမထွက်တော့ချေ။ ထိုအစား အဘိုးအိုဖြင့်သာ ပျော်ပျော်ရွှင်ရွှင် စကားဆက်ပြောလိုက်၏။
အဘိုးလီပြောသောအကြောင်းအရာအများစုမှာ သူ၏တိုက်ပွဲဟောင်းများဖြစ်သည်။ သွေးသံတရဲရဲဖြင့် ရင်တုန်ဖွယ်အကြောင်းအရာများဟု ထင်စရာရှိသော်လည်း ထိုဇာတ်လမ်းများမှာ တီဗီတွင်ပြသော အချစ်ဇာတ်လမ်းများထက် များစွာသာလှသည်ဟု ကျင်းယွင်ကျောင်းခံစားမိသည်။ အထူးသဖြင့် အဘိုးလီ၏နှုတ်မှ ထွက်လာသောကြောင့် သမိုင်းကြောင်း၏ကြီးလေးမှုကို သူမခံစားနိုင်ပေသည်။ ဇာတ်လမ်းများအားနားထောင်ရင်း သူမသည် စိတ်မလှုပ်ရှားမိဘဲမနေတော့ချေ။
“ငါ့ခြေထောက်က သေနတ်ရာကိုကြည့်လိုက်...ငါ့ခန္ဓာကိုယ်က တိုက်ပွဲကရတဲ့ဆုတံဆိပ်တွေနဲ့ပြည့်နေပေမယ့် ငါလည်းအိုပြီလေ၊ မိုးရွာတိုင်း တစ်ကိုယ်လုံးကိုက်တတ်တယ်”
အဘိုးအိုသည်လည်း အချိန်ကြာမြင့်စွာရှိပြီးမှ တစ်စုံတစ်ဦးနှင့် စကားပြောရသဖြင့် အလွန်ပျော်နေလေ၏။ သူသည် သူ၏ဘောင်းဘီစအားဆွဲကာ အသေးစိတ်ကျကျဖြင့် ဆက်ပြောနေတော့သည်။
သူ၏ခြေထောက်ပေါ်တွင် ဒဏ်ရာပေါင်းသုံး-လေးခုခန့်ရှိသည်။ နှစ်ခုမှာ သေနတ်ရာများဖြစ်ပြီး ကျန်တစ်ခုမှာ ဓားဒဏ်ရာဖြစ်၏။ ၎င်းတို့မှာ အလွန်ပင်ပုံပျက်ဆင်းပျက်ဖြစ်နေလေသည်။ ဒဏ်ရာကျက်သွားပြီဖြစ်သော်လည်း အမာရွတ်များကျန်ခဲ့သေး၏။ နှစ်ပေါင်းများစွာကြာသည့်တိုင် ထိုဒဏ်ရာများသည် တစ်နေရာတည်းတွင် အမှတ်အသားကျန်နေခဲ့သေးသည်။
ကျင်းယွင်ကျောင်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
“အဘိုး၊ သမီးအိမ်ပြန်ရောက်ရင် လိမ်းဆေးတချို့လုပ်ခဲ့ပေးမယ်၊ နေ့တိုင်းပုံမှန်လိမ်းပြီး တစ်နှစ်ခွဲလောက်ကြာရင် ဆက်နာတော့မှာမဟုတ်ဘူး”
“ကောင်းတာပေါ့၊ ဒါနဲ့ လိမ်းဆေးယူလာရင်း ငါတို့အတူသောက်လို့ရလား? သိပ်မကြာသေးခင်ကတင် အဘိုးလက်အောက်ကလူတစ်ယောက်က အရမ်းအရသာရှိတဲ့ဝိုင်တစ်မျိုးကို ပို့ပေးလိုက်တယ်၊ ဘယ်လောက်ကောင်းလဲဆို တစ်ခါပဲသောက်ရသေးတယ် ရပ်လို့မရတော့ဘူးလေ!”
အဘိုးအိုမှ ထပ်ပြောလိုက်၏။
ကျင်းယွင်ကျောင်းမျက်လုံးများ ဝင်းလက်သွားသည်။
“အဘိုးသောက်တဲ့ဝိုင်နာမည်က ဘာလဲ?”
“ကြယ်စင်ခုနစ်ဖော်ဝိုင်တဲ့ အရမ်းအရသာရှိတယ်၊ တခြားအမျိုးအစားတွေလည်းအများကြီးရှိသေးတယ် သူတို့အားလုံးကိုတစ်ကုမ္ပဏီတည်းက ထုတ်တယ်ကြားတာပဲ”
အဘိုးအိုသည် ဝိုင်အကြောင်းစဥ်းစားလိုက်သောအခါ မျက်နှာထားပြောင်းလဲသွားတော့သည်။
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းနှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသည်။ သူမသည် စိတ်မလှုပ်ရှားမိဘဲမနေတော့ချေ။
“အဘိုး၊ အဲဒီကြယ်စင်ခုနစ်ဖော်ဝိုင်က တကယ်တော့ အထူးတန်းအဆင့်မဟုတ်ဘူး၊ အဘိုးသာကြိုက်မှန်းသိရင် သမီးသီးသန့်စုထားတဲ့ ကြယ်စင်ခုနစ်ဖော်ဝိုင်တွေကို ယူလာခဲ့ပါတယ် သူတို့အရသာက စျေးကွက်ထဲမှာရှိတဲ့ဟာတွေထက် ပိုကောင်းမယ်ဆိုတာ သမီးအာမခံတယ်...”
ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ်ဝမ်းနည်းသွားသည်။ အဘိုးလီမှ ရှားရှားပါးပါး သူမဝိုင်အားကြိုက်သော်လည်း ၎င်းအား နေရာလွတ်နယ်မြေထဲမှ ထွက်ပေါ်လာရန် သူမမလုပ်နိုင်ပေ။
လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ မလိုက်ချင်လိုက်ချင်ဖြစ်နေသော မျက်နှာရှိနေသဖြင့် ဤနေရာထိ သူဆွဲခေါ်လာရသော မိန်းကလေးမှာ မည်သူဖြစ်ကြောင်း မသိတော့ပါချေ....
သူ၏အားကျောင်းတွင် ဤမျှလောက်ချစ်စဖွယ်ကောင်းသော အမူအရာရှိကြောင်း သူယခင်က အဘယ်ကြောင့်သတိမပြုမိခဲ့သနည်း?
ကျင်းယွင်ကျောင်းနှင့် အဘိုးလီမှာမူ လီရှောက်ယွင်အား နည်းနည်းမှ အာရုံမစိုက်မိကြချေ။ ဤအခိုက်အတန့်တွင် အဘိုးလီသည် ထိပ်သီးအဆင့်ဝိုင်အကြောင်း ကြားလိုက်ရသဖြင့် အားအင်များတက်ကြွသွားတော့သည်။
“တော်တယ်၊ နောက်တစ်ခါကျရင် အဘိုးဆီသာပို့လိုက်၊ မင်းမှာရှိသမျှ အဘိုးဝယ်မယ်၊ မင်းဆီကညာမစားပါဘူးကွယ် ဒီအခန်းကသူများတွေပေးထားတဲ့ ပန်းချီကားအစုတ်တွေ၊ ကရားအစုတ်တွေနဲ့ပြည့်နေတာမို့ ရောင်းစားရင် ငွေတော်တော်ရလောက်မယ်”
ကျင်းယွင်ကျောင်းဝင်လာစဥ်က ဤအခန်းထဲရှိပစ္စည်းများ၏တန်ကြေးမှာ မနည်းလှကြောင်း သူမမြင်မိသည်။ နာမည်ကြီးပန်းချီကားများစွာနှင့် ရှေးဟောင်းပစ္စည်းများစွာရှိနေသည်။
သို့ရာတွင် အဘိုးလီ၏မျက်လုံးထဲတွင် ထိုရှေးဟောင်းကျမ်းများ၊ ပစ္စည်းများမှာ အလှဆင်ပစ္စည်းသက်သက်သာဖြစ်သည်။ သူ့အတွက် တန်ကြေးလုံးဝမရှိပေ။
“အဘိုး၊ သမီးကိုယ်တိုင်ဝိုင်ချက်တတ်တာမို့ နောက်ကျရင် အဘိုးကြိုက်သလောက်တောင်းသောက်လို့ရတယ်၊ ဒါပေမယ့် ဒီဝိုင်က ခန္ဓာကိုယ်အတွက် ဆိုးကျိုးမရှိဘူးဆိုတိုင်း တစ်ခါတည်းနဲ့ အများကြီးသောက်လို့တော့မဖြစ်ဘူးနော် အဲ့လိုဆိုရင်တော့ မပေးနိုင်ဘူး”
ကျင်းယွင်ကျောင်းမှ လျင်မြန်စွာ ထပ်လောင်းပြောလိုက်၏။
Space and Rebirth 810
ကျင်းယွင်ကျောင်းမှ ဝိုင်ချက်တတ်ကြောင်း အဘိုးလီကြားလိုက်သည်နှင့် သူ၏မျက်နှာအိုသည် ပို၍ပင် ပြုံးပျော်သွား၏။ ကျင်းယွင်ကျောင်းအားကြည့်သောပုံမှာ သူ၏မြေးမလေးတစ်ဦးအား ကြည့်နေသကဲ့သို့ဖြစ်သွားပြီး လီရှောက်ယွင်၏ဖြစ်တည်မှုကို လုံးလုံးမေ့လျော့သွားလေ၏။
ကျင်းယွင်ကျောင်းသည်လည်း ခပ်ဟဟရယ်လိုက်သည်။ သူမပုံစံမှာ အလွန်ယဥ်ကျေးပြီး တစ်ပါးသူအတွက် တွေးပေးတတ်သောပုံပေါက်နေလေ၏။ သူမမျက်လုံးများမှာလည်း တောက်ပနေသောကြောင့် ကလေးမလေးတစ်ဦးနှင့် တူလှသည်။
အချိန်အတော်ကြာစကားပြောပြီးနောက် ကျင်းယွင်ကျောင်းမှ ဟင်းချက်ပေးရန် ကမ်းလှမ်းလိုက်သည်။ အိမ်ကြီးထဲတွင် အိမ်တော်ထိန်းမှအပ အခြားလူများမရှိသဖြင့် သူမ၏ဟင်းချက်စွမ်းရည်များကို ထုတ်ဖော်ပြသနိုင်ပေသည်။ အဘိုးလီမှာ အလွန်ပင်ကျေနပ်ပီတိဖြစ်နေတော့သည်။ သူသည် လီရှောက်ယွင်ဖြင့် စစ်တုရင်ကစားရင်း စောင့်ဆိုင်းနေလိုက်သည်။ သူသည် အလွန်စိတ်ကြည်လင်နေ၍ဖြစ်မည်၊ ပွဲတိုင်းနိုင်နေလေ၏။ သူ၏ရယ်သံမှာ ခေါင်းလောင်းသံကဲ့သို့ အလွန်ကျယ်လောင်စွာထွက်ပေါ်လာသည်။
မီးဖိုချောင်ထဲတွင် ဟင်းချက်ပစ္စည်းအမျိုးအစားစုံလင်သော်လည်း ကျင်းယွင်ကျောင်းသည် သူမနေရာလွတ်နယ်မြေထဲရှိပစ္စည်းများနှင့် အစားထိုးလိုက်၏။ ဟင်းပွဲများမှာ တစ်ဝက်သာချက်ပြီးသော်လည်း ဟင်းရနံ့များ ပျံ့နှံ့နေပြီဖြစ်သည်။ အဘိုးအိုသည် ဆက်လက်ဆော့ကစားရန် စိတ်ပါတော့ဘဲ စားချင်ဇောဖြင့် မျှော်လင့်စောင့်ဆိုင်းနေတော့၏။
ကျင်းယွင်ကျောင်း၏ဟင်းချက်စွမ်းရည်များမှာ ပြောင်မြောက်လှသည်။ ထို့အပြင် နေရာလွတ်နယ်မြေထဲရှိ ပါဝင်ပစ္စည်းများ၏အရသာသည်လည်း အလွန်ပင်ကောင်းလှသဖြင့် ဟင်းပွဲများအား တည်ခင်းလိုက်သည်နှင့် လေပွေတစ်ခုမှ တိမ်တိုက်များကြားမွှေနှောက်လိုက်သကဲ့သို့ အဘိုးလီသည် ချက်ချင်းဆိုသလို မွှေနှောက်စားသောက်လိုက်၏။
လီရှောက်ယွင်မှာ အလွန်ပင်ဣန္ဒြေရှိစွာ စားသောက်သော်လည်း အဘိုးလီမှာ ထိုသို့မဟုတ်ချေ။ သူသည် ဘွင်းဘွင်းရှင်းရှင်းဖြင့် တစ်ကိုယ်လုံးလှုပ်ရှားကာ အသားကိုစား၊ ဝိုင်ကိုသောက်သောကြောင့် ကျင်းယွင်ကျောင်းအလွန်ပင် ပီတိဖြစ်မိသွားသည်။
“မိန်းကလေး၊ မင်းဟင်းချက်စွမ်းရည်တွေက တကယ်ကောင်းတာပဲ!”
အဘိုးလီမှ လက်မထောင်ပြလိုက်သည်။ သူအလွန်ဗိုက်ပြည့်သွားဟန်ရလေသည်။
သူသည် ယခင်ကတည်းကပင် အသားစားရသည်ကိုနှစ်သက်ပြီး ဟင်းသီးဟင်းရွက်များကို ထိလေ့မရှိချေ။ ယနေ့ ဤလိမ္မာသောမိန်းကလေး၏ ကြင်နာမှုအား လေးစားသမှုဖြင့်သာ တစ်ခါတစ်ရံတွင် အသီးအရွက်များကို ကောက်ယူစားသုံးပြခြင်းဖြစ်သည်။ တစ်လုတ်မျှသာစားရသေးသော်လည်း သူသည် စိတ်မထိန်းနိုင်တော့ဘဲ စွပ်ပြုတ်ပန်းကန်ကို အပြောင်လျက်လိုက်၏။
သူသည်ငယ်စဥ်က သစ်ခေါက်များ၊ မြက်ပင်များစွာကို စားခဲ့ရသဖြင့် အစိမ်းရောင်ရှိသောအစားအစာများကို အလွန်မုန်းပေသည်။ သို့ရာတွင် ထိုမြက်များတွင်သာ ဤကဲ့သို့အရသာမျိုးရှိခဲ့ပါက သူ၏တစ်ဘဝလုံး ဟင်းသီးဟင်းရွက်များစားရလျှင်ပင် ပြသာနာရှိမည်မထင်ချေ။
အဘိုးလီသည် စား၍မဝသည့်အတိုင်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အိမ်တော်ထိန်းသည် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွားသည်။ အနာဂတ်တွင် မိန်းကလေးကျင်းမှ နေ့တိုင်းလာရန်ပင် သူမျှော်လင့်မိသွားတော့သည်။ ထိုမှသာ သူသည် အဘိုးလီအား ဟင်းသီးဟင်းရွက်များစားရန် ကြိုးစားပမ်းစားစည်းရုံးသိမ်းသွင်းစရာမလိုတော့ပေ။
နာရီအနည်းငယ်ခန့် စားသောက်ပြီးနောက် ဧည့်သည်ဖြစ်သော ကျင်းယွင်ကျောင်းမှ အိမ်ပြန်ရန်အချိန်တန်လာလေသည်။
သို့ရာတွင် သူမရောက်ခါစကအချိန်နှင့်ယှဥ်လျှင် ကျင်းယွင်ကျောင်း၏မျက်နှာထားမှာ နူးညံ့ပျော့ပျောင်းနေပြီး သူမစိတ်အခြေအနေမှာလည်း အလွန်ကောင်းနေ၏။
“မင်းအဲ့အဘိုးကြီးကို ရှိခိုးမတတ်လေးစားနေမှန်းသာ သိခဲ့ရင် မင်းကိုစောစောခေါ်လာခဲ့ပါတယ်၊ ဒါပေမယ့် အားကျောင်း၊ မင်းသူ့ကိုအဘိုးလို့ခေါ်လက်စနဲ့ ဒီထက်တရားဝင်သွားအောင်လုပ်လိုက်ပါလား?”
လီရှောက်ယွင်မှ သူမအား မမေ့မလျော့သတိပေးလိုက်သည်။
“အဘိုးကအဘိုး၊ ရှင်ကရှင်ပဲ”
ကျင်းယွင်ကျောင်းမှ သူ့အားဝေ့ကြည့်ကာ ပြုံးလိုက်၏။
သူမသည် သက်ကြီးရွယ်အိုများနှင့် စကားပြောဆိုရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။ အသက်ကြီးသူများထံမှ သူမများစွာသင်ယူနိုင်ပေသည်။ သူတို့၏ဘဝအတွေ့အကြုံများသည် သူမအတွက်အလွန်အဖိုးတန်ပေ၏။
“မင်းငါ့ကိုစိတ်မကောင်းဖြစ်အောင်လုပ်နေတာပဲ”
လီရှောက်ယွင်ဝမ်းနည်းချင်ယောင်ဆောင်လိုက်၏။ သို့သော် သူသည်ချက်ချင်းဆိုသလို လေသံကိုပြောင်းကာ ပြောလိုက်သည်။
“တစ်ရက်လို့ ငါတို့သဘောတူထားတယ်မလား? သေချာတွက်ကြည့်လိုက်မယ်ဆိုရင် အချိန်က နောက်တစ်နေ့ နေထွက်မှကုန်မှာပေါ့ ကျန်တဲ့အချိန်တွေက...”
လီရှောက်ယွင်စကားပင်မဆုံးသေးသော်လည်း ကျင်းယွင်ကျောင်း၏မျက်နှာမှာ အနည်းငယ်စိတ်လှုပ်ရှားနေဟန်ဖြစ်နေလေပြီ။
သူတို့သည် အိမ်ကြီးထဲတွင် အချိန်အတော်ကြာနေခဲ့သဖြင့် ယခုတွင် မှောင်ရိပ်ပျိုးစပြုနေချေပြီ။
“အဲ့လောက်လန့်သွားစရာမလိုပါဘူး ကျန်တဲ့အချိန်မှာ မင်းကိုအိမ်ပြန်ပို့ပေးမှာပါ”
လီရှောက်ယွင်မှ မျက်လုံးများကိုမှေးကာ ကျီစယ်ဟန်ဖြင့် ပြုံးလိုက်သည်။
ကျင်းယွင်ကျောင်းမှာ ဤတစ်ချိန်တွင် လီရှောက်ယွင်၏ တမင်တကာနောက်ပြောင်မှုများနှင့် အသားကျနေပေပြီ။ သူမရိုးရိုးရှင်းရှင်းသာပြောလိုက်၏။
“လီရှောက်ယွင် ရှင်ကတကယ်အချိန်ဖြုန်းတတ်တာပဲ”
“ဟုတ်တယ် အားကျောင်း၊ ဒါပေမယ့် ငါကမင်းအပေါ်ပဲဒီလိုလုပ်တာ မင်းနဲ့ဆိုရင် အချိန်ပိုဖြုန်းလည်းကိစ္စမရှိဘူး”
လီရှောက်ယွင်သည် နူးညံ့ညင်သာသောမျက်နှာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
ကျင်းယွင်ကျောင်းနှုတ်ခမ်းများကိုစေ့လိုက်သည်။ သူမမျက်လုံးများသည် အရည်လဲ့သွားပြီး နှလုံးခုန်သံများလည်း မြန်လာတော့သည်။ သူမသည် လီရှောက်ယွင်ပြောသောစကားများကို မကြားချင်ဟန်ဆောင်ကာ ကားပြတင်းမှန်အပြင်ဘက်မှ ရှုခင်းကိုလှည့်ကြည့်လိုက်၏။ သို့ရာတွင် သူမအပြင်ဘက်သို့ကြည့်နေဆဲတွင် ကားသည်ရုတ်ချည်းဆိုသလို ရပ်သွားတော့သည်။ ပဟေဠိဖြစ်စွာဖြင့် သူမသည် လီရှောက်ယွင်ကိုလှည့်ကြည့်လိုက်သောအခါ သူမနှုတ်ခမ်းပေါ်တွင် နူးညံ့သောအထိအတွေ့တစ်ခုကိုသာ ခံစားလိုက်ရ၏။
Space and Rebirth 811
နွေးထွေးသောအသက်ရှူငွေ့များကို ခံစားလိုက်ရသဖြင့် ကျင်းယွင်ကျောင်းမျက်နှာသည် ချက်ချင်းဆိုသလို နီမြန်းသွားတော့၏။ သူမသည် ဒေါသထွက်ရမည်လော၊ ပြာပြာသလဲဖြစ်ရမည်လော မဝေခွဲတတ်တော့သဖြင့် လီရှောက်ယွင်အား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
“မင်းငါ့ကိုနမ်းလိုက်တာလား?”
လီရှောက်ယွင်မှ အရင်စပြောကာ မတရားခံရသူကဲ့သို့ ပြုမူနေလေသည်။
ကျင်းယွင်ကျောင်းကြက်သေသေသွား၏။ သူမသည် မကျေနပ်စွာဖြင့် နှုတ်ခမ်းကိုစူလိုက်သော်လည်း စကားတစ်ခွန်းမျှမဟနိုင်ချေ။
သူမသည် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသောကြောင့် လီရှောက်ယွင်ချည်းကပ်လာသည်ကို သတိမထားမိချေ။ ထို့ကြောင့် သူမဘေးသို့လှည့်လိုက်သောအခါ နှစ်ဦးသား တိုက်မိသွားလေသည်....
“ကျွန်မ...တမင်လုပ်တာမဟုတ်ဘူး ဒါနဲ့ဘာလို့ရုတ်တရတ်ကြီး ကျွန်မအနားကပ်လာတာတုန်း?”
ကျင်းယွင်ကျောင်းမှ မျက်လုံးပြူးမျက်ဆန်ပြာဖြင့် မေးလိုက်သည်။
သူမ၏နီရဲနေသောနားရွက်များမှာ ချစ်စရာကောင်းလှသည်။ လီရှောက်ယွင်၏မှင်ရောင်သဖွယ်မျက်လုံးများသည် ချက်ချင်းဆိုသလို ပျော်ကျသွားဟန်ရှိလေသည်။ သူသည် အလွန်ခန့်ညားပြီး သိမ်မွေ့နေလေ၏။
“အားကျောင်း၊ ငါမင်းအနားကပ်လာတယ်ဆိုတာ ဟုတ်ပေမယ့် မင်းကတော့ ဒီလောက်ထိ...တဲ့တိုးနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး”
လီရှောက်ယွင်သည် အပြစ်ကင်းစင်သောမျက်နှာဖြင့် သူမရှေ့မှောက်ရှိရေဘူးကို လက်ညှိုးထိုးပြလိုက်၏။
ကျင်းယွင်ကျောင်းသည် အသက်ကိုပြင်းပြင်းရှူကာ သူမစိတ်အားတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူမ၏စိတ်ထိန်းချုပ်နိုင်စွမ်းမှာ အလကားဖြစ်သည်။ သူမတစ်ကိုယ်လုံးရှိ ဆဲလ်တိုင်းသည် အထိန်းအကွပ်မဲ့ အော်ဟစ်နေသလိုပင်။ သူမဦးနှောက်သည် သူမ၏ညွှန်ကြားမှုကို နားမထောင်တော့ချေ။
ဆန့်ကျင်ဖက်လိင်ဖြင့် လက်ပွန်းတတီးထိတွေ့ဖူးသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပေ၏!
သူမ၏အတိတ်ဘဝတွင် ချောင်ဝေ့မင်မှ သူမအားထိကိုင်ခဲ့ဖူးသော်လည်း သူမသည် သူ့အား အတတ်နိုင်ဆုံးရှောင်တိမ်းခဲ့သည်။ ထို့ကြောင့် သူမသည် များများစားစား ဒုက္ခမခံခဲ့ရချေ။ သူမ၏အတိတ်ဘဝတွင် သူမသည် ယောက်ျားတစ်ဦးနှင့် လက်ပွန်းတတီးနေရန်မပြောနှင့် ရည်းစားထားရန်ပင် မစဥ်းစားခဲ့ပေ!
သူမပြန်မွေးဖွားလာသောအခါတွင်လည်း...သူမသည် ဆယ်ကျော်သက်အရွယ်သာရှိသေးသည်။ ထိုအရာများအား တွေးနိုင်ရန် ပို၍ပင်မဖြစ်နိုင်ပါချေ!
“လီရှောက်ယွင်၊ ကျွန်မကိုအရူးများမှတ်လား? ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ရှိနိုင်မှာလဲ?!”
ကျင်းယွင်ကျောင်းဒေါသပုန်ထနေလေပြီ။
ဤခံစားချက်သည် သူမနှင့်သူစိမ်းတရံဆန်လွန်း၏။ သူမသည် စိတ်လှုပ်ရှားလွန်း၍ အသက်ရှူသံများ မြန်လာတော့သည်။ လီရှောက်ယွင်၏မျက်လုံးများအား စေ့စေ့ပင်မကြည့်ရဲချေ။ ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဤတစ်ခေါက်တွင် ခံစားချက်များသည် အထူးသဖြင့် ပြင်းထန်နေပေ၏။ ကျင်းယွင်ကျောင်းသည် မိမိတို့ဆက်ဆံရေးအား မပြောင်းလဲလိုပေ။
“မင်းစိတ်ဆိုးသွားလား?”
လီရှောက်ယွင်မျက်မှောင်ကြုတ်ကာ အလေးအနက်ထားပြောလိုက်သည်။
“ငါ့ကိုအသားယူလိုက်တာမင်းဆိုပေမယ့် ငါ့အပြစ်တွေပါပဲ၊ ငါသတိမထားမိလို့ မင်းကိုတို့မိသွားတယ်...”
(တို့ မိ သွား တယ်)
ဤစကားလုံးလေးလုံးသည် ကျင်းယွင်ကျောင်း၏စိတ်ထဲတွင် စွဲကျန်ရစ်နေပြီး ထိုအခိုက်အတန့်ရှိခံစားချက်အား နက်ရှိုင်းသွားစေ၏။
တစ်စက္ကန့်ပင်မကြာလိုက်ကာ အလွန်တိုတောင်းသောအချိန်ဖြစ်သော်လည်း အာနိသင်များမှာ သိသိသာသာရှိလှသည်။
ကျင်းယွင်ကျောင်း၏မျက်လုံးများမှာ အနည်းငယ်နီမြန်းနေ၏။
“ကျွန်မကားထဲကထွက်ချင်တယ် လီရှောက်ယွင်၊ ကျွန်မတို့နှစ်ယောက်လုံးစိတ်ငြိမ်အောင်လုပ်မှဖြစ်မယ်ထင်တယ်၊ ကျွန်မရှင့်ကိုကျေးဇူးကြွေးတွေတင်နေတာသိပါတယ် တစ်ခါနှစ်ခါလည်းမကတော့ဘူး၊ ဒါပေမယ့် ကျွန်မတို့သာ မိတ်ဆွေတွေဆိုရင် ဒီနည်းကလွဲလို့ တခြားဘယ်နည်းနဲ့မဆို ကျွန်မရှင့်ကို ကျေးဇူးကြွေးပြန်ဆပ်နိုင်တယ်”
“ဘာလို့ဒီနည်းနဲ့မဖြစ်တာလဲ?”
လီရှောက်ယွင်၏မျက်လုံးများ မှောင်ရိပ်သန်းသွားသည်။
“ဘာလို့လဲဆိုတော့...”
“မင်းကြောက်လို့လား? ငါနဲ့ဆက်ဆံရေးပြောင်းသွားရင် မင်းရဲ့လွတ်လပ်ခွင့်တွေပါ ဆုံးရှုံးသွားမှာကိုစိုးနေတာလား? အရင်က ချောင်မိသားစုလိုမျိုး ငါမင်းကိုအနိုင်ကျင့်မှာကို ကြောက်နေတာလား?”
ကျင်းယွင်ကျောင်းမှာ အကြောင်းပြချက်တစ်ခုခု မစဥ်းစားရသေးသော်လည်း လီရှောက်ယွင်မှာ သူ၏ထင်မြင်ချက်များကို ပြောနှင့်နေလေပြီ။
“အားကျောင်း၊ မင်းငါ့ကိုသိပါတယ်”
“ငါကအဲ့လိုလုပ်မှာမဟုတ်ဘူး ငါသာမင်းကို အကျဥ်းချချင်ရင် ဒီနေ့အထိ စောင့်နေမှာမဟုတ်ဘူး၊ တကယ်တော့ မင်းကြောက်စရာမလိုဘူး မင်းက ခုခံနိုင်စွမ်းမရှိတဲ့ ကျင်းယွင်ကျောင်းမဟုတ်တော့ဘူးလေ၊ အတိတ်ကအတိတ်မှာကျန်ခဲ့ပြီ အခုအချိန်မှာ မင်းပညာတွေသင်၊ အလုပ်တွေလုပ်ပြီး ငါ့လိုမျိုးယောက်ျားတစ်ယောက်ရှာလို့ရပြီ၊ ပြီးတော့ ခုနကဖြစ်သွားတာက တကယ်မတော်တဆပါ ငါရှောင်ချင်ရင်ရှောင်လို့ရခဲ့ပေမယ့် စိတ်မထိန်းနိုင်ခဲ့ဘူး”
လီရှောက်ယွင်၏အသံသည် တိုးဖွညင်သာပြီး သူ၏အကြည့်များမှာလည်း ကျင်းယွင်ကျောင်းဆီမှ မလွှဲချေ။ သူ၏ရှေ့မှောက်တွင်ရှိနေသောအမျိုးသမီးအား ထွက်မပြေးနိုင်ရန် ထွေးပိုက်ထားချင်နေသလိုပင်။
လီရှောက်ယွင်ထံမှ ချိုအီသောစကားလုံးများအား တရစပ်ကြားရခြင်းမှာ ကျင်းယွင်ကျောင်းအတွက် ပထမဆုံးဖြစ်သည်။ ထူးဆန်းစွာဖြင့် သူမသည် နွေးထွေးသွားတော့သည်။
Space and Rebirth 812
လီရှောက်ယွင်၏ခန္ဓာကိုယ်သည် သူမနှင့်နီးကပ်လွန်းသဖြင့် သူ၏နှလုံးခုန်သံများကိုပါ ကျင်းယွင်ကျောင်းကြားနေရသည်။ ပုံမှန်ထက် မြန်ဆန်နေဟန်ရှိလေသည်။ သူ၏မျက်နှာပေါ်ရှိ မျှော်လင့်ချက်နှင့် ပြာပြာသလဲဖြစ်နေဟန်အချို့ကိုလည်း သူမအတိုင်းသားမြင်နေရသည်။
သူမရင်ထဲတွင် ထိန်းချုပ်၍မနိုင်သော ချိုမြိန်မှုတစ်ခုက ပေါ်ပေါက်လာတော့သည်။
သူမသည် လီရှောက်ယွင်အား ပထမဆုံးမြင်စဥ်က ဤလူမှာ မြာပွေသူတစ်ဦးဖြစ်လောက်မည်ဟု ခံစားခဲ့မိသည်။ လီရှောက်ယွင်ကဲ့သို့ ကြောင်သူတော်ကြွက်သူခိုးတစ်ဦးမှ လူကောင်းမဖြစ်နိုင်ဟု သူမထင်မိခဲ့ပေသည်။ ထို့ကြောင့် မသိစိတ်ထဲမှ သူ့အားခပ်ခွာခွာနေခဲ့သည်။ သို့သော် အချိန်များစွာကြာမြင့်ပြီးနောက် လီရှောက်ယွင်မှာ သူမ၏နိစ္စဓူဝဘဝထဲ ထိုးဖောက်ဝင်ရောက်လာပြီး သူ့အကြောင်းတွေးလိုက်တိုင်း သူမအား ဆင်ခြင်တုံတရားများကင်းမဲ့စေတော့သည်။ သူမ၏နေရာလွတ်နယ်မြေထဲတွင် အထက်တန်းစားဆေးဖက်ဝင်အပင်များစွာ ရှိသော်လည်း သူမ၏ ဤရောဂါကိုမူ ကုသနိုင်မည်မထင်ချေ။
သို့သော် လီရှောက်ယွင်မှာ သူမအတွက် အမှန်တကယ်သင့်တော်သော လူဖြစ်ကောင်းဖြစ်နိုင်သည်။
ဤသို့အတွေးများဝင်နေသော ကျင်းယွင်ကျောင်း၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသောအရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ စက္ကန့်ပိုင်းခန့်ကြာသောအခါ သူမရေရွတ်လိုက်၏။
“ခုနက ရှင်တမင်လုပ်လိုက်တာလို့ ဝန်ခံလိုက်တာမှတ်လား?”
လီရှောက်ယွင်သည် သူ၏နှုတ်ခမ်းများအား လက်ဖမိုးဖြင့် ပွတ်လိုက်သည်။
“ငါတခြားဘယ်သူကိုမှ ဒီလိုမျိုးမထိဖူးဘူး၊ ငါ့ရဲ့ အသက် ၂၇ နှစ်စာဘဝမှာ ဒါကပထမဆုံးပဲ အားကျောင်း၊ မင်းတကယ်ဘာမှမဆုံးရှုံးသွားဘူး ငါ့ကိုတာဝန်ယူသင့်တယ်မထင်ဘူးလား?”
“ပြောချင်တာက ကျွန်မအပြစ်ပေါ့?”
ကျင်းယွင်ကျောင်းမျက်လုံးများသည် အရှက်ရခြင်းများ၊ ဒေါသများဖြင့် ပြည့်နှက်နေသည်။
“မင်းတာဝန်မယူချင်ရင်လည်း ထားလိုက်ပါ၊ ဒါပေမယ့် အားကျောင်း၊ မင်းရဲ့အခုလက်ရှိပုံစံက ယောက်ျားအတွက် တကယ်အန္တရာယ်များလောက်အောင် ဆွဲဆောင်မှုရှိနေတယ်၊ ပြီးတော့ ခုနကငါ့မှာတော့ စကားတွေအများကြီးပြောလိုက်ပေမယ့် မင်းကတော့ တစ်ခွန်းမှပြန်မပြောဘူး၊ ငါ့ခံစားနေရတာတွေကို မင်းလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်လား?’
လီရှောက်ယွင်၏ညင်သာရိပ်သန်းသော မျက်လုံးများသည် အနည်းငယ်ဝိုးတဝါးဖြစ်နေသော်လည်း အလွန်လေးနက်တည်ကြည်နေလေသည်။
ကျင်းယွင်ကျောင်းအနည်းငယ် မွန်းကြပ်သွားသည်။
ဤအချိန်တွင် လီရှောက်ယွင်မှ ရုတ်ချည်းဆိုသလို အနားသို့တိုးကပ်လာပြန်၏။ ကျင်းယွင်ကျောင်း၏နှလုံးခုန်သံများ ပို၍ပင်မြန်ဆန်သွားပြီး လီရှောက်ယွင်အားရိုက်ရန် သူမလက်ကိုမြှောက်လိုက်၏။
ချက်ချင်းဆိုသလို နှစ်ဦးသားသည် အပြန်အလှန်တိုက်ခိုက်ကြတော့သည်။ ခန္ဓာကိုယ်နှစ်ခု၏ ပွတ်တိုက်သောအသံများကို ကြားနေရသည်။ လီရှောက်ယွင်သည် လိုက်လျောစွာဖြင့် ရှောင်တိမ်းလိုက်၏။
ကျင်းယွင်ကျောင်းသည်အစက မသိလိုက်ဘာသာဖြင့် တုံ့ပြန်လိုက်ခြင်းသာဖြစ်သော်လည်း ယခုသူမမြင်လိုက်ရသောအခါ ရက်စက်သောအရိပ်အယောင်သန်းနေသည့် အပြုံးတစ်ခုပေါ်ပေါက်လာတော့သည်။ သူမသည် တစ်လှမ်းချင်းစီ တမင်တကာအနားကပ်လာပြီး လီရှောက်ယွင်အား လည်ပင်းညှစ်ရန် ကြိုးစားတော့သည်။
သို့သော် လီရှောက်ယွင်မှာလည်း သာမန်လူတစ်ဦးမဟုတ်ပေ။ ကြက်တစ်ကောင်ကိုပင် အသာလေး ချည်တုပ်နိုင်၏။ ကျင်းယွင်ကျောင်း၏အားများအားလုံးသည် ကာဆီးခံလိုက်ရသည်။ သူသည် အလွန်ပင် လက်လျင်ပြီး သူ၏တွက်ချက်ပုံမှာလည်း အလွန်ရှင်းလင်းပြတ်သားနေ၏။ သူသည် တဒင်္ဂမျှ အသာစီးရသွားတော့သည်။
ကျင်းယွင်ကျောင်းတွင် နေရာလွတ်နယ်မြေရှိပြီး ငါးဆသောအချိန်ကို ပိုင်ဆိုင်သော်လည်း လီရှောက်ယွင်သိုင်းပညာသင်ယူထားသောအချိန်မှာ သူမထက် ပိုကြာခဲ့ပေသည်။ ထို့အပြင် လီရှောက်ယွင်မှာ ငယ်စဥ်တောင်ကျေးဘဝမှစ၍ သန်သန်မာမာယောက်ျားသားများကြားထဲတွင် ဝန်းရံကြီးပြင်းလာရကြောင်း အဘိုးလီထံမှ ယနေ့ကြားခဲ့ရသေးသည်။ စစ်စခန်းတွင် လူမျိုးစုံရှိ၏။ ထို့ကြောင့် သူသည် အခြားသူများ၏သိုင်းကွက်များအား သင်ယူလေ့လာရန် နည်းမျိုးစုံသုံးခဲ့ရပြီး တဖြည်းဖြည်းဖြင့်လေ့ကျင့်ကာ သူ့ကိုယ်သူတိုးတက်အောင်လုပ်ခဲ့သည်။ သူ၏အင်အားမှာ မဆိုးလှချေ။
လီရှောက်ယွင်မှာ အင်အားကြီးလွန်း၍ သူမတွင် ခုခံနိုင်စွမ်းပင်မရှိတော့ကြောင်း သူမသတိထားမိလိုက်၏။
သို့သော် သူတို့မှာ ကားအတွင်းပိုင်းတွင်ရှိနေလေသည်။ သူတို့သာအပြင်ဘက်တွင်ရောက်နေပြီး လီရှောက်ယွင်ကဲ့သို့ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရပါက သူမအနိုင်မယူနိုင်လျှင်ပင် ယခုကဲ့သို့ စုတ်ပြတ်သတ်သောအခြေအနေ၌ ရောက်နေမည်မဟုတ်ပေ။
မကြာမီတွင် လီရှောက်ယွင်မှစတင်ကာ သူ၏ခန္ဓာကိုယ်ကို ကျင်းယွင်ကျောင်းကိုယ်ပေါ်တွင် ဖိကပ်ပြီး သူမ၏ခါးကို ကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ တဖြည်းဖြည်းဖြင့် အနားတိုးလာတော့သည်။
ကျင်းယွင်ကျောင်းသည် နီတွတ်နေသောမျက်နှာဖြင့် သူ့အား စူးစူးရဲရဲကြည့်လိုက်သည်။
“မင်းကိုငါဘယ်လိုလုပ်ရမလဲ တကယ်မသိဘူး အားကျောင်း၊ မင်းကိုအချိန်အကြာကြီးစောင့်နေခဲ့ရတာဆိုတော့ ငါ့ကိုအချိုနည်းနည်းကျွေးသင့်တယ်မထင်ဘူးလား?”
လီရှောက်ယွင်၏အသံမှာ ညင်သာနေပြီး စွဲမက်ယစ်မူးနေဟန်ရှိလေသည်။
ကျင်းယွင်ကျောင်းနှုတ်ခမ်းများကို စေ့လိုက်သည်။ မထင်မှတ်ထားစွာဖြင့် သူမသည် လီရှောက်ယွင်အား ပြင်းပြင်းထန်ထန်ဆန့်ကျင်လိုစိတ်မရှိချေ။ ရုတ်ချည်းဆိုသလို ယောက်ျားတစ်ဦး၏ဆွဲဆောင်မှုအောက်တွင် သူမသည် လမ်းလွဲသွားသလို ခံစားလိုက်ရသည်။
“အားကျောင်း...တစ်ခါပါပဲကွာ၊ ပြီးရင် မင်းငါ့ကိုစိတ်ရှိသလောက် အော်ချင်အော်၊ ရိုက်ချင်ရိုက်လို့ရတယ်”
လီရှောက်ယွင် အနားတိုးလာပြန်၏။
ကျင်းယွင်ကျောင်းတစ်ကိုယ်လုံးတုန်ယင်သွားပြီး သူမမျက်နှာပူလောင်သွားသည်။
သူမကိုယ်သူမထိန်းချုပ်နိုင်စွမ်းမှာ တဖြည်းဖြည်းပိုဆိုးလာနေသည်ဟု ခံစားရတော့သည်။
“အားကျောင်း...”
သူမနားထဲသို့ တိုးဖွသော တီးတိုးရေရွတ်သံတစ်သံက ဝင်ရောက်လာသည်။
သူမရှေ့မှောက်တွင် နွေးထွေးတိုးပျသော အသက်ရှူငွေ့ကို ခံစားနေရ၏။ ကျင်းယွင်ကျောင်းစူးစိုက်ကြည့်လိုက်သောအခါ လီရှောက်ယွင်ကိုယ်ပေါ်မှ စန္ဒကူးအနံ့ကိုသာ ပိုမို၍ကြည်လင်စူးရှစွာ ခံစားလာရသည်။ သူမတစ်ကိုယ်လုံးမူးဝေနေ၏။ သို့သော် ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ မီးအလင်းရောင်များဖြာသွားပြီး တစ်စုံတစ်ယောက်မှ ထအော်လိုက်သည်။
“ဘာလုပ်နေကြတာလဲ! လူမြင်ကွင်းကြီးမှာ! မြန်မြန်! ကားပေါ်ကထွက်ကြ!”