အခန်း (၈၁၃-၈၁၆)
Vol. 41 Ch. 813-816
Space and Rebirth 813
ကျင်းယွင်ကျောင်းသည် အပြင်ဘက်မှအသံကို ကြားလိုက်သောအခါ လန့်ဖျပ်ပြီးထခုန်တော့သည်။ သူမသည် ချက်ချင်းဆိုသလို လီရှောက်ယွင်အား ဘေးသို့တွန်းဖယ်လိုက်ပြီး ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့လှည့်ကြည့်လိုက်သည်။ သူမသည် ထိုအလင်းရောင်အောက် မျက်စိကျိန်းသွားသော်လည်း အပြာနုရောင်ယူနီဖောင်းကိုမူ ဝိုးတဝါးမြင်ရသေး၏။ ချက်ချင်းဆိုသလို သူမသည် စကားစရှာမရဖြစ်သွားပြီး သူမမျက်နှာအား ဖုံးအုပ်ရန် ခေါင်းကိုငုံ့လိုက်သည်။
သူမအမှန်တကယ်ပင် အရှက်ရမိသည်...
သူမဘဝသက်တမ်းနှစ်ခုလုံးတွင် ဤမျှလောက်အရှက်ရဖွယ်ကိစ္စမျိုးကို မလုပ်ဖူးချေ။
ထိုလုပ်ရပ်မျိုးအား လုပ်ခဲ့သူမှာ သူမလော? ထိုပုဂ္ဂိုလ်သည် သေချာပေါက် သူမမဟုတ်ပါပေ!
လီရှောက်ယွင်သည် မှောင်ရိပ်သန်းသောမျက်နှာဖြင့် အပြင်ဘက်မှာ ကင်းလှည့်သည့်ရဲသားကို ဝေ့ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် လူသတ်ချင်နေသည့်ဟန်ဖြစ်နေသော်လည်း ကင်းလှည့်ရဲမှာ ဂရုမစိုက်ချေ။ ပြတင်းပေါက်ကိုသာ ဆက်လက်၍ စူးစူရဲရဲကြည့်နေလေ၏။
“ထွက်လာခဲ့! ကားနံပါတ်ကိုမှတ်ထားလိုက်ပြီ မထွက်လာရင် ပြစ်ဒဏ်ကပိုကြီးသွားမှာနော်!”
ကျင်းယွင်ကျောင်းသည် ကားတံခါးအားဖွင့်ရန်ပြင်ရင်း နှုတ်ခမ်းစွန်းများတွန့်သွားသည်။
လီရှောက်ယွင်သည် သူ၏မျက်ကြောများကိုနှိပ်ကာ သက်ပြင်းချလိုက်၏။
“လိမ်လိမ်မာမာနဲ့ ထိုင်နေခဲ့”
ထိုသို့ပြောပြီးနောက် သူသည် ကားထဲမှထွက်လိုက်သည်။ လီရှောက်ယွင်သည် သူ၏တစ်ဘဝတာလုံးတွင် ရန်ပွဲတစ်ပွဲဆီကမှ မထွက်ပြေးခဲ့ဖူးချေ။ သူ၏အစီအစဥ်များအား နှောင့်ယှက်ဖျက်ဆီးခဲ့သော ကင်းသမား၏ပုံစံကိုလည်း ကြည့်ချင်နေမိပေသည်!
ကင်းလှည့်ရဲသည် လီရှောက်ယွင်အား မြင်လိုက်သောအခါ ထိတ်လန့်သွား၏။ သူသည် ဤခေတ်တွင် ချောမောခန့်ညားသောယောက်ျားလေးပေါင်းများစွာကို မြင်ခဲ့ဖူးသော်လည်း ဤမျှလောက်ကြမ်းကြုတ်ပြီး အေးစက်သောလူမျိုးကိုမူ မမြင်ခဲ့ဖူးချေ။ သို့ရာတွင် ကြမ်းကြုတ်အေးစက်၍ အဘယ်သို့အကျိုးရှိမည်နည်း? သူသည် လွယ်လွယ်ဖြင့် ကြောက်ရွံ့တတ်သောသူမဟုတ်ပေ!
“မှတ်ပုံတင်ထုတ်ပြစမ်း၊ ပြီးတော့ အထဲကတစ်ယောက်လည်း မှတ်ပုံထုတ်ပြ...”
လီရှောက်ယွင်သည် တဇွတ်ထိုးတဇောက်ကန်းသမားအား စူးစိုက်ကြည့်ကာ အံကိုကြိတ်လိုက်သည်။ သူသည် ဤအတိုင်းမောင်းထွက်သွား၍ရသော်လည်း သူကိုယ်တိုင်က စစ်သားတစ်ဦးဖြစ်နေသောကြောင့် ယခင်ကတည်းကပင် စည်းကမ်းကြီးစွာနေထိုင်သူဖြစ်သည်။ မည်သို့သောအလုပ်မျိုးဖြစ်ပါစေ တစ်ကြိမ်တစ်ခါမျှ မပူးပေါင်းဘဲနေခဲ့ခြင်းမျိုး မရှိပေ။ သို့ရာတွင် နောက်တစ်ခေါက်တွင် သူ၏ ဤအကျင့်အား ပြောင်းလဲလိုက်သည်က ပိုကောင်းမည်ဟု တွေးထင်နေမိသည်။
လီရှောက်ယွင်သည် သူ၏မှတ်ပုံတင်အား ထုတ်ပြလိုက်၏။ ထိုအခါ ကင်းလှည့်ရဲမှ ပြောလိုက်သည်။
“ဟိုအမျိုးသမီးလည်းထွက်လာခဲ့၊ ကြည့်စမ်းမယ်...”
ထိုအချိန်တွင် လီရှောက်ယွင်မှာ ကားတံခါးကို သော့ခတ်နှင့်ပြီဖြစ်၏။ ကျင်းယွင်ကျောင်းလုံးဝဖွင့်၍မရချေ။ သူမသည် ကားထဲတွင်သာ ငြိမ်ငြိမ်ထိုင်ပြီး သူမခေါင်းအား ငုံ့ထားနိုင်တော့သည်။ သူမမျက်နှာမှာ နီမြန်းနေပြီး ငိုရမည်လော၊ ရယ်ရမည်လော မသိတော့ချေ။
“ဒဏ်ကြေးပဲမှတ်လား? ငွေပဲယူထားလိုက် လက်ဗွေဘယ်လိုနှိပ်ရမလဲဆိုတာသိတယ် တော်လောက်ပြီ”
လီရှောက်ယွင်မှ အေးစက်စွာပြောလိုက်သည်။
“မဖြစ်ဘူး! စည်းကမ်းအတိုင်းလုပ်မှဖြစ်မယ် သူ့ကိုကားထဲကခေါ်ထုတ်လိုက် ခင်ဗျားက ပြန်ပေးဆွဲတဲ့သူဟုတ်မဟုတ် ကြည့်ရမယ်”
ရဲသားသည် သတိအနေအထားဖြင့် စကားပြောနေ၏။ သူသည် လျင်မြန်စွာပင် စကားပြောစက်ကို ဆွဲယူလိုက်ပြီး တပ်ကူခေါ်ရန် အသင့်ပြင်ထားသည်။ လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများ တွန့်သွားပြီး ဒေါသထွက်လွန်း၍ သွေးကြောများထောင်တက်လာ၏။ သူသည် အေးအေးလူလူဖြင့် လက်တစ်ချက်ဝှေ့ကာ ထိုစကားပြောစက်အား တံတားအောက်သို့လွှင့်ပစ်လိုက်သည်။
“မင်း-မင်းကများ ရဲအရာရှိတစ်ယောက်ကို တိုက်ခိုက်ရဲတယ်!”
သူသည် ချက်ချင်းဆိုသလို သူ၏လက်ကိုင်တုတ်ကိုယူကာ လီရှောက်ယွင်ထံ ညွှန်လိုက်သည်။
“အထဲကမိန်းကလေးကို မြန်မြန်လွှတ်လိုက် မဟုတ်ရင် မင်းအတွက် နောက်ဆက်တွဲဖြစ်မယ့်အရာတွေက အရမ်းဆိုးသွားလိမ့်မယ်...”
လီရှောက်ယွင်မျက်ခွံများတွန့်သွား၏။ သူသည် အသက်ကိုရှူထုတ်ကာ သူ၏ဖုန်းကိုထုတ်ပြီး ဖုန်းတစ်ချက်ဆက်လိုက်သည်။
ကင်းသမားသည် ကြောင်အမ်းသွားသော်လည်း သူ၏လက်ကိုင်တုတ်မှာ လီရှောက်ယွင်အား ညွှန်ထိုးနေဆဲဖြစ်၏။
“ညီလေးသုံး၊ ကင်းအဖွဲ့ကို ဆက်သွယ်ပြီး ဖူချင်းတံတားရှည်ပေါ်က ဒီသောက်ရူးကင်းရဲကို ငါ့မျက်စိအောက်က ချက်ချင်းပျောက်သွားအောင် လုပ်ပေးစမ်း!”
လီရှောက်ယွင်သည် ဖုန်းတစ်ဖက်ခြမ်းမှလူအား တစ်ခါတည်းညွှန်ကြားလိုက်သည်။
“အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ? အစ်ကိုကြီးလမ်းကို တစ်ယောက်ယောက်က ပိတ်ထားလို့လား? အစ်ကိုကြီးကအရမ်းကားမောင်းကျွမ်းတာလေ သူ့ကိုရှောင်သွားလို့မရဘူးလား?”
တတိယညီလေးသည် ဇဝေဇဝါဖြစ်သွား၏။
“အရေးမပါတာတွေမပြောနဲ့ မြန်မြန်လုပ်ကွာ!”
လီရှောက်ယွင်မှ ထူးဆန်းသောလေသံဖြင့် ပြောလိုက်သည်။ ချက်ချင်းဆိုသလို ဖုန်းတစ်ဖက်ခြမ်းမှလူသည်လည်း လေးနက်သွားတော့၏။
“ဟုတ်ပြီ အစ်ကို၊ ကျွန်တော့်ကိုခဏစောင့်ပေး၊ သူတို့ကိုဖုန်းဆက်လိုက်မယ် ဒါပေမယ့် သူတို့ကိုတစ်ယောက်ချင်းစီ ခိုင်းဖို့ဆိုရင်တော့ အချိန်နည်းနည်းယူရမယ်ထင်တယ်”
သူတို့ညီအစ်ကိုများထဲတွင် နည်းဗျူဟာရှင်ဖြစ်သော တတိယညီလေးသည် ရင်ထဲတွင်ခါးသီးသွားတော့သည်။ ပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့အား ဆက်သွယ်ရမည်လော? သူ့တွင် အဆက်အသွယ်များသည်ဆိုသော်လည်း မဖြစ်စလောက်သော လူများစွာကိုမူ သိပ်မသိချေ။ ထို့ကြောင့် သူသည် အထက်မှနေ၍သာ ဖိအားပေးနိုင်သည်။
လီရှောက်ယွင်သည်လည်း တစ်ခါတည်းမောင်းထွက်သွားချင်သော်ငြား သိက္ခာကျခံ၍မဖြစ်ပေ။
ထို့အပြင် သူသာ မောင်းထွက်သွားပြီး ထိုကင်းသမားမှ တပ်ကူခေါ်ကာ သူ့အားတားဆီးလျှင် ပိုအာရုံနောက်စရာဖြစ်ပေမည်။
Space and Rebirth 814
ဤတစ်ခေါက်တွင် လီရှောက်ယွင်ဖုန်းဆက်ပြီး မကြာခင်၌ ကင်းလှည့်ရဲအချို့သည် အပြေးအလွှားရောက်ချလာပြီး တဇောက်ကန်းသမားအား ဆွဲခေါ်သွားတော့သည်။ သို့သော် ထိုလူ၏မျက်နှာတွင် မသွားချင်သောဟန်ဖြင့် ပြည့်နှက်နေသည်။ မသိလျှင် လီရှောက်ယွင်မှာ အပျိုဖြန်းမလေးတစ်ဦးအား ပြန်ပေးဆွဲထားသော လူဆိုးကြီးတစ်ဦးကဲ့သို့ပင်။
“ခေါင်းမာလိုက်တာ”
လီရှောက်ယွင်သည် အံကိုကြိတ်ပြီး ကားထဲသို့ဝင်လိုက်၏။ သူ၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး လေထုတစ်ခုလုံးအေးစက်သွားသလို ခံစားရသည်။
ထိုအချိန်မှသာ သူသည် ကားကိုအန္တရာယ်ကင်းစွာဖြင့် မောင်းထွက်သွားတော့၏။
သို့သော် နှစ်မိနစ်ပင်မကြာလိုက်ခင်တွင် လီရှောက်ယွင်၏တတိယညီသည် ထိုတဇောက်ကန်းသမားအား အခြေအနေမေးလိုက်တော့သည်။ ထိုကင်းသမားမှာ ကြောင်တိကြောင်တောင်ဖြစ်နေဆဲဖြစ်သည်။ ဖုန်းထဲမှလူမှာ သူ၏အထက်လူကြီးဖြစ်မှန်းသိသော်လည်း လီရှောက်ယွင်မည်သူဖြစ်ကြောင်းကိုမူ မသိချေ။ သူသည် မိမိကိုယ်ကိုဟုတ်လှပြီအထင်နှင့် ပြောလိုက်၏။
“ဆရာ၊ အဲ့လူကပြန်ပေးသမားပါ! သူ့ကိုဘာလို့လွှတ်လိုက်တာလဲဗျ?! လူတွေအများကြီးရှိနေတဲ့ တံတားလိုမျိုး လူမြင်ကွင်းကြီးမှာ မတော်တရားတွေလုပ်နေတာပါ အဲ့မိန်းကလေးအတွက်အန္တရာယ်ရှိပါတယ်...”
တတိယညီသည် ၎င်းကိုကြားလိုက်သောအခါ ပါးစပ်ထဲမှရေများ ဖွီးခနဲထွက်သွား၏။
ထို့ကြောင့်လည်း အာစရိသည် ထိုမျှလောက် ဒေါသကြီးနေခြင်းဖြစ်သည်။ ဤတစ်ဦးကြောင့်ပင်...
သို့သော် အဆင့်တက်ခြင်း အလွန်မြန်လွန်းလှသည်မဟုတ်လော? မရီးမှာလည်း ထိုသို့သောလူမျိုးမဟုတ်ပါပေ။
ထိုအချိန်တွင် လီရှောက်ယွင်သည် သူ၏ခေါင်းကိုပွတ်နေ၏။ သူ၏မျက်နှာအနေအထားသည် အေးစက်လွန်းသဖြင့် လူတစ်ဦးကိုပင်အေးခဲသွားစေနိုင်သည်။ ကျင်းယွင်ကျောင်းသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသော်လည်း ထိုမှအပ သူမသည် ကျေနပ်အားရနေလေ၏။ အစောပိုင်းက လီရှောက်ယွင်ဒေါသထွက်နေပုံမှာ အလွန်ရယ်ရပေသည်။
“အဲ့ကင်းသမားမှာ အပြစ်မရှိပါဘူး”
ကျင်းယွင်ကျောင်းမှ အေးအေးလူလူပြောလိုက်သည်။
“ဟုတ်တယ် အပြစ်လုံးဝမရှိဘူး”
ဤစကားလုံးများသည် လီရှောက်ယွင်ပါးစပ်မှ မနည်းထွက်လာရခြင်းဖြစ်သည်။
“သူကအကြောင်းရင်းမရှိဘဲ သူများကိုပြသာနာရှာတဲ့လူလို့ သူ့အထက်လူကြီးတွေထင်သွားတော့မှာပဲ၊ သူ့ခမျာ ရဲတစ်ယောက်ရဲ့ တာဝန်သိစိတ်အပြည့်နဲ့ လုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ အလုပ်ပြုတ်သွားမှာစိုးတယ်...”
ကျင်းယွင်ကျောင်းတမင်ပြောလိုက်၏။
“အားကျောင်း၊ သူ့ကိုကာမပြောပေးနဲ့၊ ငါအနောက်ပြန်လှည့်ပြီး သူ့ကိုလည်ပင်းညှစ်ချင်နေတာ”
လီရှောက်ယွင်မျက်နှာသည် အစိမ်းရောင်နှင့် အနီရောင်များ ရောပြွန်းနေ၏။
ကျင်းယွင်ကျောင်းမရယ်မိဘဲမနေနိုင်တော့ချေ။
“ခုနက ကျွန်မစဥ်းစားကြည့်လိုက်တယ် ကျွန်မရှင်နဲ့ခွာနေလို့လည်းမရမှတော့ လက်ခံဖို့ ရွေးချယ်လိုက်တော့မယ် လီရှောက်ယွင်၊ ရှင့်အပေါ်ခံစားချက်ရှိနေတယ်ဆိုတာတော့ ကျွန်မဝန်ခံပါတယ်၊ ဒီနှစ်နှစ်အတွင်း ကျွန်မကိုအဖော်ပြုပေး၊ ကူညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်တယ် ဒါပေမယ့် ကျွန်မစရိုက်က ထူးဆန်းပြီး အူကြောင်ကြောင်နိုင်တာမို့ ရှင်အဲဒါကိုဆက်သည်းခံပေးနိုင်တယ်ဆိုရင် ကျွန်မတို့နှစ်ယောက်စမ်းကြည့်လို့ရတယ်လေ”
ကျင်းယွင်ကျောင်းစကားပြောပြီးသည်နှင့် သူမနံဘေးတွင် လီရှောက်ယွင်သည် တိတ်ဆိတ်သွား၏။
လီရှောက်ယွင်မှ သူမစကားများကို မကြားလိုက်ဟု ထင်သောကြောင့် သူမဘေးသို့လှည့်ကြည့်လိုက်ချိန်တွင် လီရှောက်ယွင်၏ မျက်မှောင်ကြုတ်နေခြင်းများ ပြေလျော့သွားပြီး သူသည် ချက်ချင်းဆိုသလို ဘရိတ်အား ဆောင့်နင်းလိုက်သည်။
“မင်းကငါ့အပေါ်ခံစားချက်ရှိနေတယ်တဲ့လား?”
လီရှောက်ယွင်၏လေသံသည် အတန်ငယ်ကြောင်တိကြောင်တောင်ဖြစ်နေ၏။
ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ်ရှက်သွေးဖြာသွားသော်လည်း စဥ်းစားကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
လီရှောက်ယွင် ကားထဲမှထွက်ပြီး ကင်းသမားနှင့်စကားပြောနေချိန်တွင် ဤအတွေးသည် သူမခေါင်းထဲဝင်လာခဲ့၏။ ဤယောက်ျားသည် ဟိတ်ဟန်ကြီးပြီး မာနပလွှားသည့်လူဟု သူမထင်ခဲ့သောကြောင့် သူမစိတ်ဝင်စားသည့်တိုင် စိတ်ကိုထိန်းခဲ့လေသည်။ သို့သော် ထိုအခိုက်အတန့်တွင် လီရှောက်ယွင်မှာ သူမထင်နေသလိုမဟုတ်ကြောင်း ခံစားမိသွားပြီး သူတို့ယခင်က တွေ့ခဲ့သောအချိန်များကို ပြန်တွေးမိသွားသည်။
အချိန်တိုင်း လီရှောက်ယွင်သည် ဤပုံစံအတိုင်းဖြစ်ခဲ့ပေသည်။ သူမနှင့်ရှိနေသောအချိန်တိုင်းတွင် အလွန်စိတ်ရှည်သည်းခံခဲ့၏။ သူမအားကြည့်သောပုံမှာလည်း အခြားသူများအားကြည့်သောပုံနှင့် လုံးဝမတူညီချေ။ ယခင်က သူမသတိမထားမိခြင်း သို့မဟုတ် မသိစိတ်ထဲမှ ဂရုမပြုမိခြင်းသာဖြစ်၏။
သူမသာ ချစ်ခြင်းမေတ္တာဖလှယ်ပြီး ရင်သွေးများအတူမွေးရန် လူတစ်ဦးရှာရမည်ဆိုပါက လီရှောက်ယွင်မဟုတ်သော အခြားယောက်ျားများကို လက်ခံနိုင်မည်မထင်ချေ။
“အားကျောင်း၊ ခုနကဟာကို ပြန်ဆက်...”
“အခုကျွန်မစိတ်ထဲမှာ ကင်းသမားအစ်ကိုကြီး၏မျက်နှာပဲ ပြေးမြင်နေတယ် ပြီးတော့ ဖြည်းဖြည်းချင်းအဆင့်တက်တာ ကောင်းမယ်လို့ ကျွန်မထင်တယ်...”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်၏။ ချောင်ဝေ့မင်ကြောင့် သူမသည် ယောက်ျားများနှင့် လက်ပွန်းတတီးနေရာ၌ အနည်းငယ်ချီတုံချတုံဖြစ်မိသည်။ သူမနှင့်လီရှောက်ယွင်ကြားမှ အခြေအနေမှာမူ ခြွင်းချက်ဖြစ်၏။
“အဲဒီရဲပဲလား...”
လီရှောက်ယွင်နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။
“အဲ့ကင်းသမားလေးက ဒေါသတော့ကြီးပေမယ့် သူသာဆက်အလုပ်လုပ်လို့ နောက်သုံးနှစ်လောက်ကြာရင် ဒီဒေါသကြီးတာလည်း ပျောက်သွားလောက်ပြီ၊ အဲ့လိုဆိုရင် အားကျောင်း၊ သူထင်ပေါ်ဖို့ အခွင့်အရေးကိုယ်ပေးလိုက်ရမလား?”
လီရှောက်ယွင်၏တပ်ဖွဲ့ထဲသို့သာ ထိုကင်းသမားအားခေါ်လိုက်လျှင် လစာအရာ၌ဖြစ်စေ၊ အနာဂတ်ဖြစ်စေ ပိုမိုတောက်ပသောဘဝကိုသာ ပိုင်ဆိုင်ရပေမည်။ လူအများကြား ထင်ပေါ်မည်မှာလည်း သေချာသလောက်ရှိပေ၏။ သို့သော်...
လီရှောက်ယွင်၏တပ်ဖွဲ့ထဲတွင်သာ လေ့ကျင့်ခိုင်းလျှင် ထိုကင်းသမားသည် မသေလျှင်ပင် အသားတစ်လွှာခန့်ကွာကျပေလိမ့်မည်။ ဘဝအသစ်ကို ပိုင်ဆိုင်လိုပါက တန်ရာတန်ကြေးတစ်ခုရှိသင့်သည်မဟုတ်လော?
Space and Rebirth 815
လီရှောက်ယွင်၏အေးစက်သောမျက်နှာပေါ်တွင် အထိန်းအကွပ်မဲ့သောအပြုံးတစ်ခုရှိနေ၏။ ကျန်ရစ်ခဲ့သောကင်းသမားလေးသည် ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသည့်အလား ကြက်သီးများထပြီး ကျောချမ်းသွားတော့သည်။
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းမှာ ဤကိစ္စနှင့်ပတ်သတ်၍ အတွေးများများစားစားမရှိချေ။ သူမသည် လီရှောက်ယွင်အား များစွာယုံကြည်ထား၏။ သူသည ယခုအချိန်တွင် အနည်းငယ်ကြောက်စရာကောင်းသည့်ပုံပေါက်သော်ငြား သူသာ ထိုကင်းသမားလေးအား အမှန်တကယ်ရှင်းထုတ်ချင်းလျှင် အစောပိုင်းက သူ၏စစ်ဆေးမှုထဲ၌ ပူးပေါင်းပါဝင်ခဲ့မည်မဟုတ်ချေ။
ထို့အပြင် သူမလီရှောက်ယွင်ကို သိကျွမ်းခဲ့သောအချိန်ကာလတစ်လျှောက်တွင် လီရှောက်ယွင်မှ သူ၏အာဏာကိုသုံးပြီး အခြားသူများအား အနိုင်ကျင့်သောဖြစ်ရပ်မျိုးကို မမြင်ခဲ့ဖူးပေ။ သူ၏ပုံံစံမှာ အနည်းငယ်အကျင့်ယုတ်ပြီး အကြံဆိုးရှိမည့်ပုံပေါက်သော်လည်း သူသည် အလွန်အကျင့်စာရိတ္တကောင်းသောသူဖြစ်၏။ အဘိုးလီအား ထည့်သွင်းမစဥ်းစားဘဲ လီရှောက်ယွင်၏ရာထူးတစ်ခုတည်းအားကြည့်လျှင်ပင် သူ့အားဒေါသထွက်စေသောလူမှန်သမျှအား သတ်ပစ်သည့်တိုင်အောင် မည်သူမှ သူ့အားပြသာနာရှာနိုင်မည်မဟုတ်ပေ။
သူ၏လက်ရှိအသွင်အပြင်မှာ အခြားသောအင်အားကြီးမိသားစုများမှာ သခင်လေးများနှင့်ယှဥ်လျှင် လူမသိသူမသိနေထိုင်သောစရိုက်ဖြစ်သည်။
လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအား ကျောင်းဆီသို့ တစ်ခါတည်းပြန်ပို့လိုက်၏။ ကျင်းယွင်ကျောင်း၏တစ်နေ့တာသည် အနည်းငယ်ဂယက်ထခဲ့သော်လည်း ဤအချိန်တွင် သူမသည် ချိုမြိန်မှုအနည်းငယ်ကိုပါ ခံစားနေရသည်။
လီရှောက်ယွင်သည် သူမအတွက် ကိုယ်တိုင်ကိုယ်ကျကားတံခါးကို ဖွင့်ပေးကာ သူမပစ္စည်းများကို သယ်ပေးလိုက်၏။ သူသည် လိမ္မာကျိုးနွံလွန်းသဖြင့် ညားခါစဇနီးသည်လေးတစ်ဦးနှင့် တူနေတော့သည်။ ကျင်းယွင်ကျောင်းသည် သူ့အား အနိုင်ကျင့်နေသလို ခံစားလိုက်ရသည်။ ထွက်မသွားခင်တွင် လီရှောက်ယွင်သည် အနည်းငယ်နှမြောတသဖြစ်နေသည်ကို သူမမြင်လိုက်ရသဖြင့် သူမစိတ်အားခိုင်ခိုင်ထားကာ မိမိတို့ကြားမှရင်းနှီးမှုအားပြသရန် သူ၏လက်မောင်းထဲသို့ ပြေးဝင်လိုက်တော့၏။
သူတို့နှစ်ဦးကြားပွေ့ဖက်မှုသည် စက္ကန့်အနည်းငယ်ခန့်ကြာလိုက်သည်။ ကျင်းယွင်ကျောင်းမျက်နှာမှာ နီမြန်းပူနွေးနေသဖြင့် ကျောင်းဘက်သို့ အလျင်အမြန်ပြန်တော့သည်။ သူမ၏ကျောပြင်ကို လီရှောက်ယွင်မှ ညင်သာသောမျက်လုံးများဖြင့် ကြည့်လိုက်၏။
ကျင်းယွင်ကျောင်းလက်ထဲတွင် ပန်းစည်းကို ကိုင်ထားဆဲဖြစ်သည်။ ထို့အပြင် သူမဝတ်ထားသောအရာမှာလည်း လီရှောက်ယွင်ရွေးပေးထားသော အဝတ်အစားများဖြစ်၏။ သူမသည် အလွန်ပင်ကျေနပ်ပီတိဖြစ်ဖွယ်ကောင်းသောခရီးမှ ပြန်လာသည့်ပုံနှင့်တူလေသည်။ ထို့ကြောင့် သူမသည် အဆောင်ခန်းထဲသို့ ဝင်လိုက်သောအခါ ဟော်ထျန်းရှန်းနှင့် အခြားသူများသည် ထိတ်လန့်အံ့အားသင့်မှုအပြည့်ဖြင့် သူမအားဝန်းရံပြီး ဘယ်တစ်ပြန်ညာတစ်ပြန် ဝေ့ကြည့်လိုက်ကြ၏။
“ရည်းစားရသွားတဲ့မိန်းကလေးတွေက တကယ်သာမန်လူတွေနဲ့ကွာသွားတာပဲ၊ သူ့မျက်နှာကိုကြည့်စမ်း ပန်းရောင်သန်းပြီး နူးညံ့နေလိုက်တာ...”
ဟော်ထျန်းရှန်းသည် မုန့်စားရင်း သူမအား ဆက်လက်ကြည့်နေ၏။ သူမအကြည့်များသည် ကျင်းယွင်ကျောင်းဝတ်ထားသောအင်္ကျီများအပေါ် ရောက်သွားသောအခါ အနည်းငယ်အံ့သြသွားတော့သည်။
“ကျင်းကျင်း၊ ဒီဂါဝန်က နင်နဲ့တော်တော်လိုက်တာပဲ အရမ်းလှလိုက်တာ၊ နင်ကငါတို့အဆောင်မှာ အလှဆုံးမိန်းကလေးပဲဖြစ်ရမယ်”
ဘေဘီယောင်မှ လျင်မြန်စွာသံယောင်လိုက်ပြောလိုက်သည်။
“နင်က တစ်ကျောင်းလုံးရဲ့အလှဆုံးမိန်းကလေးဆိုရင်တောင် ပိုပြောတာဖြစ်မယ်မထင်ဘူး”
ယန်ရှင်းယွဲ့ ထပ်လောင်းပြောလိုက်၏။
“ငါလည်းသဘောတူတယ်”
ဟော်ထျန်းရှန်းဆီမှလည်း ချီးကျူးသံထွက်လာသည်။ အခြားမိန်းကလေးတစ်ဦးဆိုလျှင် သူမသည် အနည်းငယ်မနာလိုဖြစ်လောက်မည်ဆိုသော်လည်း ကျင်းယွင်ကျောင်းကိုမူ ထိုသို့သောခံစားချက်မျိုး လုံးဝမပေါ်လာနိုင်ချေ။ နှစ်ဦးသားသည် အတော်အတန်ရင်းနှီးကြသဖြင့် ကျင်းယွင်ကျောင်းသည် အခြားသူများ၏အမြင်ကို သိပ်ဂရုမစိုက်တတ်ကြောင်း သူမသေချာသိနေ၏။ သူမအသေအလဲမနာလိုဖြစ်လျှင်ပင် ကျင်းယွင်ကျောင်းမည်သို့မှခံစားရမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့အကျိုးယုတ်သောလုပ်ရပ်မျိုးအား မလုပ်ရန် သူမဆုံးဖြတ်လိုက်သည်။
ကျင်းယွင်ကျောင်းမျက်လုံးများဝင်းလက်သွားသည်။ သူမသည် အင်္ကျီအဝတ်အစားများကို လျင်မြန်စွာသိမ်းဆည်းပြီး ပန်းများထည့်ရန် ပန်းအိုးတစ်လုံးရှာလိုက်သည်။
ဟယ့်ဒိသည် နှင်းဆီများကိုတွေ့သောအခါ ချက်ချင်းပြေးလာတော့၏။ သူသည် ပန်းတစ်ပွင့်အား ပါးစပ်တွင်ကိုက်ချီလိုက်သောအခါ အလွန်ချစ်စဖွယ်ကောင်းသွားတော့သည်။ လီရှောက်ယွင်မှ ဟယ့်ဒိအား လက်ဆောင်ပေးသောအချိန်တွင် ဟယ့်ဒိသည် ယခုပုံစံနှင့် တစ်ပုံစံတည်းဖြစ်သည်ကို ကျင်းယွင်ကျောင်းရုတ်တရတ်ဆိုသလို မှတ်မိသွား၏။ ကြည့်ရသလောက် လီရှောက်ယွင်သည် သူ့အား အပြင်းအထန်လေ့ကျင့်ခဲ့သည့်ပုံပေါ်လေသည်။
ဘေဘီယောင်နှင့် အခြားသူများသည် တီးတိုးတီးတိုးဖြင့် ပြောနေကြဆဲဖြစ်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းမှ အစကတည်းက စကားနည်းသူဖြစ်ရာ သူမအဖြေများမှာလည်း မရှင်းမလင်းဖြစ်နေ၏။ နောက်ဆုံးတွင် သူမသည် ရှက်ကိုးရှက်ကန်းဖြင့် သူမစာအုပ်ထဲသာခေါင်းထိုး၍ ငြိမ်းချမ်းမှုကို ရှာဖွေလိုက်သည်။
သို့သော် ထိုညတွင် အားလုံးအိပ်မောကျသွားချိန်၌ ကျင်းယွင်ကျောင်းသည် နှင်းဆီပန်းများကို သူမ၏နေရာလွတ်နယ်မြေထဲတွင်ထည့်ပြီး ရေပြာရောင်စမ်းရေတွင်းမှ ရေထဲတွင် အချိန်အတော်ကြာနှစ်ထားလိုက်သည်။ ထိုအခါ ထိုနှင်းဆီပန်းများသည် ပိုမိုနုဖတ်အိထွေးပြီး လှပသွားတော့သည်။ နောက်တစ်လကုန်ဆုံးသွားလျှင်ပင် ဤပန်းများသည် ညှိုးတော့မည်မထင်ချေ။
သူမအိပ်စက်လိုက်သောအခါ ရှားရှားပါးပါးအနေဖြင့် အိပ်မက်ကောင်းတစ်ခုကို မက်ခဲ့သည်။ သူမခေါင်းထဲတွင် ‘လီရှောက်ယွင်’ ဟူသောစကားလုံးသုံးလုံးသည် ရစ်ဝဲနေလေ၏။
နောက်တစ်နေ့အတန်းတက်ချိန်အထိ ကျင်းယွင်ကျောင်းသည် အနည်းငယ်နေမထိထိုင်မသာဖြစ်နေဆဲဖြစ်သည်။
“ကျင်းယွင်ကျောင်း၊ ဒီရက်ပိုင်းအတွင်း မှတ်ထားတဲ့ မှတ်စုတွေပြပါဦး”
တုရုန်းယန်မှ အတန်းထဲတွင်မေးလိုက်သည်။
အတန်းများစသည်မှာ တစ်လခန့်ရှိလေပြီ။ ကျင်းယွင်ကျောင်းသည် ထိုတစ်လစာအကြောင်းအရာများကို အမှားတစ်လုံးမှမရှိဘဲ မှတ်မိနိုင်လိမ့်မည်ဟု သူမယုံကြည်ပါချေ။
Space and Rebirth 816
တုရုန်းယန်၏စကားများအပြီးတွင် အတန်းထဲရှိလူအားလုံးသည် ကျင်းယွင်ကျောင်းအား ကြည့်လိုက်ကြ၏။ အချို့မှာ သူမအရှက်ကွဲမည်ကို စောင့်ကြည့်နေကြခြင်းဖြစ်ကာ အချို့မှာ သူမအတွက် စိုးရိမ်ပူပန်နေကြသည်။ အချို့မှာမူ သူမအတွက် ယုံကြည်ချက်အပြည့်ရှိနေကြ၏။
ကျင်းယွင်ကျောင်း၏အတန်းဖော်အများစုသည် သူမမှတ်စုများကို ငှားရမ်းဖူးသောကြောင့် သူမသည် အချောင်ခိုနေခြင်းမဟုတ်ကြောင်း အသေအချာသိကြလေသည်။ ထို့ကြောင့် ထိုမှတ်စုများအားထုတ်ရန်သာ စောင့်ဆိုင်းနေကြတော့၏။
“ကျင်းယွင်ကျောင်း? ဘာလို့မထုတ်ဘဲနေနေတာလဲ?”
တုရုန်းယန်မျက်မှောင်ကြုတ်လိုက်သောအခါ အတန်ငယ်ပိုမိုလေးနက်သောပုံစံပေါက်သွား၏။
သူမလက်ထဲတွင် မှတ်စုများမရှိချေ။ သူမသည် တစ်ရွက်ချင်းတွဲထားသောစာအုပ်ကို အသုံးပြုနေသည်။ သူမသည် အတန်းပြီးသည်နှင့် မှတ်စုအသစ်တိုင်းကို အတန်းခေါင်းဆောင်ဖြစ်သူဟန်နန်ကို လက်လွှဲပေးလေ့ရှိသည်။ သူမမှတ်စုများအား လာရောက်ငှားရမ်းသူ အလွန်များပြားလွန်းပြီး စီမံခန့်ခွဲရသည်မှာ အာရုံနောက်လှသဖြင့် ဟန်နန်အားပေးထားလျှင် စိတ်ပူစရာမရှိတော့ချေ။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ဟန်နန်ကိုကြည့်လိုက်တော့သည်။ ဟန်နန်သည် သူ၏အံဆွဲအားမွှေနှောက်ရှာဖွေနေ၏။ သူ့အားကြည့်ရသည်မှာ ပြာပြာသလဲဖြစ်နေဟန်ရသည်။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူသည် မတ်တပ်ရပ်ပြီး ပြောလိုက်၏။
“ဆရာတု၊ သူ့မှတ်စုတွေကို ကျွန်တော့်ဆီအပ်ထားတာပါ ဒါပေမယ့်...အဲ့မှတ်စုတွေမရှိတော့ပါဘူး ကျောင်းသားတစ်ယောက်ယောက်က ကြည့်ဖို့ယူသွားတာထင်တယ်”
ဟန်နန်သည်လည်း အနည်းငယ်ကျွဲမြီးတိုနေ၏။ ပုံမှန်ဆိုလျှင် တစ်စုံတစ်ဦးမှ မှတ်စုငှားချင်ပါက ထိုသူ၏နာမည်နှင့် ငှားရမ်းသောစာရွက်နံပါတ်များကို ရေးချမှတ်သားထားလေ့ရှိသည်။ သူသည် အချိန်တိုင်းလိုလို ၎င်းတို့ကို စစ်ဆေးတတ်၏။ သို့သော် ယခင်သောကြာနေ့ကပင် သူ၏အံဆွဲထဲတွင်ရှိနေခဲ့သေးသော မှတ်စုများသည် ယခုတွင် ပျောက်ဆုံးသွားချေပြီ။
ကျောင်းသားတစ်ဦးဦးမှ သူ့အားမပြောမဆိုဖြင့် မှတ်စုများကို ယူလိုက်ခြင်းဖြစ်မည်။
“အဲ့လိုလား? ဒါဆိုရင် အဲ့မှတ်စုတွေယူသွားတဲ့ကျောင်းသားက ဆရာ့ဆီယူခဲ့လိုက်”
တုရုန်းယန်သည် ခေါင်းကိုငုံ့ကာ သင်ပုန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။ သူသည် ဟန်နန်ကို ယုံကြည်သည့်ပုံပေါက်လေသည်။
ဟန်နန်သည် ကျင်းယွင်ကျောင်းအား အားနာဟန်ဖြင့် ကြည့်လိုက်၏။ သို့သော် ကျင်းယွင်ကျောင်းမှာ ခပ်ဟဟသာရယ်လိုက်သည်။
ထင်ထားသည့်အတိုင်းပါပင်။ တုရုန်းယန်မှ သူမအား မှတ်စုများရေးခိုင်းသည့်နေ့ကတည်းက ဤသို့ဖြစ်မည်ကို သူမထင်နှင့်ပြီးသားဖြစ်သည်။
တစ်တန်းလုံးတိတ်ဆိတ်သွား၏။ တုရုန်းယန်သည် မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြစ်ဟန်စွတ်နေသောလေသံဖြင့် ပြောလိုက်သည်။
“ဘာတွေဖြစ်နေကြတာလဲ? မှတ်စုကိုယူတဲ့လူမရှိဘူးလား? အတန်းခေါင်းဆောင်၊ ကျင်းယွင်ကျောင်းအတွက် မင်းကာပြောပေးနေတာလား? အတန်းသားအချင်းချင်း ရိုင်းပင်းကူညီကြတာကောင်းပေမယ့် လူတစ်ယောက်မှာ ကိုယ့်အပြစ်အတွက် တာဝန်ယူရဲတဲ့သတ္တိလည်းရှိရမှာပေါ့”
“မဟုတ်ပါဘူး ဆရာတု၊ ကျင်းယွင်ကျောင်းက တကယ်အလေးအနက်ထားပြီး မှတ်စုတွေရေးခဲ့တာပါ၊ ကျောင်းသားတော်တော်များများလည်း သိပါတယ်၊ အဲ့မှတ်စုတွေကိုလည်း အားလုံးကဖတ်နေကျပါ...”
ဟန်နန်အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွားသဖြင့် အလျင်စလိုပြောလိုက်တော့သည်။
ကျင်းယွင်ကျောင်း၏မှတ်စုများအား ကြိမ်ရေအများဆုံးငှားရမ်းခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်။ အဓိကအားဖြင့် သူသည် ကျင်းယွင်ကျောင်းအား ပိုမို၍စကားပြောချင်သောကြောင့်ဖြစ်သည်။ ကံကောင်းစွာဖြင့် ကျင်းယွင်ကျောင်းသည် သူ့အားယုံကြည်ပေးပြီး ထိုမှတ်စုများအား ထိန်းသိမ်းပေးရန် သူ့အားအပ်ထားခဲ့သော်လည်း သူသည် ၎င်းတို့ကိုပျောက်ဆုံးခဲ့လေပြီ။ ဤသို့သောအမှားမျိုးကြောင့် သူသည် အရှက်ရသွားတော့၏။
“ဆရာတု၊ ကျင်းယွင်ကျောင်းရဲ့ မှတ်စုတွေနဲ့ပတ်သတ်လို့ ဘာပြသာနာမှမရှိပါဘူး၊ အရင်အပတ် တနင်္ဂနွေကတောင် သမီးတချို့ငှားခဲ့ပါသေးတယ်”
ကျောင်းသားတစ်ဦးမှ ရုတ်ချည်းဆိုသလို ထပြောလိုက်၏။
တုရုန်းယန်သက်ပြင်းချကာ သူ၏မျက်မှန်များအား ပင့်တင်လိုက်ပြီး ဟန်ပါပါဖြင့် ပြောလိုက်သည်။
“ကလေးတွေ၊ ကျင်းယွင်ကျောင်းက မင်းတို့ကြားထဲနာမည်ကြီးတာ ဆရာသိပေမယ့် ဒါက မင်းတို့ဆရာကိုယ်တိုင် သူ့ကိုပေးထားတဲ့တာဝန်ပဲ၊ ဘယ်လိုအကြောင်းရင်းပဲရှိရှိ အဲ့တာဝန်ကိုပျက်ကွက်တာ အပြစ်တစ်ခုပဲ ဒါပေမယ့် ဆရာက တရားမမျှတတဲ့လူမဟုတ်ပါဘူး... ကျင်းယွင်ကျောင်း၊ ဒီစာအုပ်ကိုဘာသာပြန်ပြီး အလုံးရေငါးထောင်ရှိတဲ့ တောင်းပန်စာရေးခဲ့...ဟုတ်ပြီ အတန်းဆက်ကြမယ်...”
သူစကားပြောပြီးသည်နှင့် တစ်တန်းလုံးရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
တုရုန်းယန်ရွေးလိုက်သော အင်္ဂလိပ်စာအုပ်မှာ အလွန်ပင်ထူလှ၏။ အနည်းဆုံး စာမျက်နှာပေါင်း လေး-ငါးရာခန့်ရှိပေမည်။ ထိုစာအုပ်မှာ ခက်ခဲသောစကားလုံးများစွာပါသောကြောင့် နာမည်ကြီးသည့်စာအုပ်လည်းဖြစ်၏။ စာအုပ်တစ်အုပ်လုံးတွင် ပုံတစ်ပုံမှမပါဘဲ စာလုံးများမှာ အလွန်ပင်အသေးစိတ်ကျလှသည်။ ဤစာအုပ်၏အကြောင်းအရာများအားလုံးကို ဘာသာပြန်ရန် မလွယ်ကူချေ။
ထို့အပြင် စာလုံးရေးငါးထောင်ပါ တောင်းပန်စာမှာလည်း ရေးရအလွန်ခက်ပေ၏။ တရုတ်ဘာသာစကားဖြင့်ဆိုလျှင်ပင် စာလုံးရေငါးထောင်အား ရေးရသည်မှာ မလွယ်ကူရာ အင်္ဂလိပ်ဘာသာစကားဖြင့်ဆိုလျှင် ပြောစရာပင်မလိုချေ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ပင် အရှည်ဆုံးစာစီစာကုံးမှာ စာလုံးရေရှစ်ရာဖြစ်၏!
“ဆရာတု၊ သမီးဘက်က ဘာမှတောင်မပြောလိုက်ရဘဲ အပြစ်ပေးနေပြီလား? အရမ်းမြန်လွန်းတယ်မထင်ဘူးလား?”
ကျင်းယွင်ကျောင်းသည် လက်ထဲတွင်ဘောပင်ကို ကိုင်ထားရင်း တဲ့တိုးဆန်စွာ မေးလိုက်၏။