← Chapters

အခန်း (၈၁၇-၈၂၀)

Vol. 41 Ch. 817-820

အခန်း (၈၁၇-၈၂၀)

Vol. 41 Ch. 817-820

Space and Rebirth 817

ကျင်းယွင်ကျောင်းနှုတ်ကိုဟလိုက်သည်နှင့် တစ်တန်းလုံးငြိမ်ကျသွားပြီး သူမအားလှည့်ကြည့်လိုက်ကြသည်။

အတန်းသားအချင်းချင်းသိကြသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ အနည်းနှင့်အများဆိုသလို နားလည်မှုတစ်ခုရှိကြလေသည်။ ပုံမှန်အားဖြင့် သူမသည် အတန်းထဲ၌ ဆရာဖြစ်သူ၏ တောင်းဆိုချက်မဟုတ်သရွေ့ မိမိဘက်မှ စကားစပြောလေ့မရှိသူဖြစ်၏။ သူမဘက်မှ တော်ချင်တတ်ချင်ဟန်ဆောင်ခြင်းမျိုး ဘယ်သောအခါမှမရှိခဲ့သော်လည်း ခက်ခဲသောပြသာနာတစ်ခုကို ရင်ဆိုင်ရတိုင်း ၎င်းအား ပြီးပြည့်စုံစွာဖြေရှင်းနိုင်သူဖြစ်၏။ နတ်ဘုရားသဖွယ်ကျောင်းသားတစ်ဦးဟု တင်စားနိုင်ပေသည်။

ကျောင်းဟစ်တိုင်းပေါ်တွင် သူမကြောင့် ဖြစ်ပျက်ခဲ့သော ယခင်တစ်ခေါက်မှ နာမည်ကျော်အဖြစ်အပျက်ကိုပါ ထည့်တွက်လိုက်လျှင် လူတိုင်းသည် မိမိတို့နှင့်လက်လှမ်းမမီသောကျင်းယွင်ကျောင်းအား အထင်ကြီးလေးစားကြ၏။

သူတို့သည် တရုတ်အမျိုးသားရေးရာဌာနမှ မဟုတ်သောကြောင့် ပရော်ဖက်ဆာမိုအကြောင်း သိပ်မသိသည့်တိုင် ကျင်းယွင်ကျောင်းအား လေးစားအားကျနေကြဆဲဖြစ်သည်။

“ကျင်းယွင်ကျောင်း၊ ဆရာအပြစ်ပေးတာကို သဘောမတူဘူးလား?”

တုရုန်းယန်မှ ယဥ်ကျေးစွာမေးလိုက်သည်။

တုရုန်းယန်သည် အနောက်တိုင်းဝတ်စုံကို ဝတ်ထားသဖြင့် အလွန်တရာပင် ဂုဏ်သိက္ခာရှိသည့် လူကြီးမင်းတစ်ဦးနှင့်တူနေလေသည်။ သူစကားပြောလျှင် ဖြည်းဖြည်းမှန်မှန်ပြောပြီး မျက်နှာတွင် ဒေါသရိပ်များ၊ မကျေမနပ်ဖြစ်ဟန်များ စိုးစဥ်မျှမရှိပေ။ သူ့အားကြည့်ရသည်မှာ စိတ်ရှည်သည်းခံသောဆရာတစ်ဦးနှင့် တူလေသည်။

“ဆရာတု၊ တခြားကျောင်းသားတွေပြောတာမကြားလိုက်ဘူးလား? အဲ့မှတ်စုတွေကို သမီးရေးခဲ့တယ်ဆိုတာ လူတော်တော်များများက သက်သေခံပေးနိုင်တယ်၊ ပြီးတော့ အစကတည်းက ဒီအလုပ်ကို အတင်းလုပ်ခိုင်းခဲ့တာလည်းဆရာပဲ အခုကျ ဒီအိမ်စာအပိုအတွက်နဲ့ အပြစ်ပေးနေပြန်ပြီလား? နည်းနည်းမမျှတဘူးလို့ မထင်ဘူးလား?”

ကျင်းယွင်ကျောင်းဘွင်းဘွင်းသာ မေးလိုက်သည်။

တုရုန်းယန်သည် ဤအချိန်ထိ အလွန်ပင်တည်ငြိမ်နေသေး၏။

သို့သော် သူသည် သူမအားတမင်ပြသာနာရှာနေမှန်း ကျင်းယွင်ကျောင်းခံစားမိနေသည်။ သူမအား အပြစ်ရှာလေ့ရှာထမရှိသော်လည်း အတန်းထဲတွင် သူမအား ခက်ခဲသောမေးခွန်းများကို မေးတတ်၏။ ခက်ခဲမှုအဆင့်မှာ အခြားမေးခွန်းများထက် လွန်စွာမြင့်မားလေသည်။ သို့သော် ဤသည်မှာ သာမန်အတန်းတစ်တန်းဖြစ်သဖြင့် တုရုန်းယန်တမင်လုပ်နေကြောင်း သူမသိနေသည့်တိုင် ဘာမှပြန်မပြောနိုင်ခဲ့ချေ။ တုရုန်းယန်ဘက်မှ အပြည့်အဝမမှားသောကြောင့်ဖြစ်သည်။

သို့သော် ယခုမူ အခြေအနေမတူတော့ချေ။

“ကျင်းယွင်ကျောင်း၊ အထက်တန်းကျောင်းတုန်းက မင်းအမှတ်တွေက အရမ်းကောင်းတယ်၊ ဆရာတစ်ယောက်အနေနဲ့လည်း အဲဒါကိုတကယ်ပီတိဖြစ်မိတယ် ဒါကြောင့်လည်း မင်းကိုဘက်ပေါင်းစုံကနေ လေ့ကျင့်ပေးချင်ခဲ့တာ...”

တုရုန်းယန်ပုံစံမှာ စိတ်ပျက်ဝမ်းနည်းနေဟန်ရလေသည်။

“ဟုတ်လား? ဒါပေမယ့် ဆရာတုပဲပြောတော့ အထက်တန်းတုန်းက သမီးအမှတ်တွေက ဘာအဓိပ္ပာယ်မှမရှိတော့ဘူးဆို? အရင်ကပြောတာနဲ့ အခုပြောတာနဲ့ နည်းနည်းဆန့်ကျင်ဘက်ဖြစ်နေတယ်မထင်ဘူးလား?”

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကို ကွေးညွှတ်ကာ မထေ့တထေ့ဖြင့် ပြောလိုက်၏။

“ပြီးတော့ ဆရာတုက သမီးကိုအထူးတလည် လေ့ကျင့်‌ပေးတာကို သမီးငြင်းနေတာမဟုတ်ပါဘူး ဒါပေမယ့် လေ့ကျင့်ပုံလေ့ကျင့်နည်းကတော့ မှန်သင့်တယ်မထင်ဘူးလား? ဆရာတုကိုယ်တိုင်တောင် ကိုယ်ပြောသမျှအရာတိုင်းကို လိုက်မှတ်နိုင်မယ်မထင်ဘူး”

“ကျင်းယွင်ကျောင်း၊ ငါ့ပြစ်ဒဏ်က မင်းအတွက်ပြင်းထန်တယ်ထင်ရင်လည်း ကိစ္စမရှိဘူး၊ ဒီစာအုပ်ကို ဘာသာမပြန်တော့လည်းရတယ် တောင်းပန်စာရေးရင်ရပြီ ဒါပေမယ့် ဆရာကတော့ မင်းကိုတော်တော်စိတ်ပျက်မိတယ်၊ ဒီအတန်းရဲ့ သင်ခန်းစာတွေကို လိုက်မှတ်ခိုင်းတုန်းကလည်း မလုပ်ခဲ့ဘဲနဲ့ ဘာတွေမကျေမနပ်ဖြစ်နေတာလဲ?”

တုရုန်းယန်၏မျက်နှာမှာ မပျော်မရွှင်ဖြစ်နေသော်လည်း သူ့ကြည့်ရသည်မှာ ဒေါသဖြစ်ရုံအပြင် ရွေးချယ်စရာမရှိသည့်ပုံစံပေါက်နေလေသည်။

အတန်းထဲရှိအခြားကျောင်းသားများမှာ ချက်ချင်းဆိုသလို ချွေးစေးများပြန်လာကြတော့၏။ အပြင်ပန်းအရ တည်ငြိမ်ဟန်ရသော ဤစကားဖလှယ်မှုထဲတွင် သတ်ဖြတ်လိုစိတ်များ ပုန်းကွယ်နေသည်ဟု သူတို့ခံစားနေရသဖြင့် တစ်ကိုယ်လုံးနေမထိထိုင်မသာဖြစ်လာကြသည်။

ထို့အပြင် ကျင်းယွင်ကျောင်းပုံစံမှာ ခါတိုင်းထက်ပင် အေးစက်နေ၏။ သူတို့နှင့် သက်တူရွယ်တူမိန်းကလေးတစ်ဦးဖြစ်မှန်း သိသာထင်ရှားသော်လည်း သူမစကားလုံးများမှာ အပိုအလိုမရှိချေ။ ဤဆရာတုမှာ အမှန်တကယ်ပင် လွန်လွန်းလှသည်ဟု သူတို့အား ခံစားရစေပေသည်။

ယခင်က တုရုန်းယန်မှ ဤတာဝန်ကိုပေးအပ်ခဲ့စဥ်တွင် အနည်းငယ်ခက်ခဲသောအရာဖြစ်ကြောင်း သူတို့သိခဲ့ကြပေသည်။ သို့ရာတွင် ထိုအချိန်က ကျင်းယွင်ကျောင်းမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အဆင့်တစ်ကျောင်းသူတစ်ဦးဖြစ်ခဲ့သည့်သတင်းတွင် အားလုံးကနစ်မြောသွားကြသဖြင့် သူမဘက်မှ ကာကွယ်ပြောဆိုရန် မေ့လျော့သွားခဲ့ကြပေသည်။ ယခုသူတို့စဥ်းစားကြည့်လိုက်သောအခါ ဆရာ၏နည်းလမ်းများသည် အမှန်ပင် တွေးစရာဖြစ်၏။

ကျောင်းသားများအား လေ့ကျင့်ပေးရန် နည်းလမ်းများစွာရှိသော်လည်း ဆရာတု၏နည်းလမ်းသည် သူမအားတမင်ပစ်မှတ်ထားနေသကဲ့သို့ဖြစ်သည်။

ကျင်းယွင်ကျောင်း ဒေါသမထွက်ပါချေ။ ထိုအချိန်တွင် သူမသည် သူမအိတ်ထဲမှ မှတ်စုစာအုပ်မိတ္တူကိုသာယူကာ တုရုန်းယန်ထံလျှောက်သွားလိုက်၏။ သူမသည် ထိုစာအုပ်အား တုရုန်းယန်အရှေ့တွင်ချကာ ပြောလိုက်သည်။

“မူရင်းစာအုပ်ပျောက်သွားပေမယ့် ဒါက သမီးမှတ်မိသလောက်ရေးထားတဲ့ ဒုတိယကော်ပီပါ၊ ဆရာတု၊ ကောင်းကောင်းကြည့်လိုက်နော် ဒါပေမယ့် ဖတ်ပြီးရင်တော့ သမီးကိုပြန်ပေးလို့ရလား ဌာနမှူးကိုပြရမှာမို့လို့လေ”

Space and Rebirth 818

အတန်းစင်မြင့်ပေါ်တွင် ထူထဲသောမှတ်စုစာအုပ်တစ်အုပ် ရှိနေသည်။ တုရုန်းယန်ထိတ်လန့်သွားသော်လည်း အနည်းငယ်သံသယဝင်မိ၏။ သူဖွင့်ကြည့်လိုက်သောအခါ ချက်ချင်းမျက်နှာပျက်သွားတော့သည်။

ကျင်းယွင်ကျောင်း၏လက်ရေးမှာ သေသပ်နေပြီး ကပြက်ကချော်ဖြစ်နေသည့်ဟန် လုံးဝမရှိချေ။ ထို့အပြင် စာလုံးများမှာလည်း ချောမွေ့နေကာ သူနှင့်တရင်းတနှီးရှိနေသည်။ အမှန်တကယ်ပင် သူ၏သင်ခန်းစာများဖြစ်၏။ သို့ရာတွင် ဌာနမှူးအားပြမည်ဟု သူမပြောလိုက်သလော? ထိုစကား၏အဓိပ္ပာယ်မှာ အဘယ်နည်း? သူ့အား တိုင်ကြားရန်လော?

“မင်းမှတ်စုစာအုပ်မပျောက်ဘူးပဲ...”

“ဆရာ၊ သမီးစာအုပ်မပျောက်သွားတာမဟုတ်ဘူး တစ်အုပ်ထက် ပိုရေးထားတာ၊ ပြီးတော့ အခုဆရာ့ရဲ့ အကျင့်စာရိတ္တကို သမီးအရမ်းသံသယဝင်မိတယ်၊ သမီးတို့ကိုသင်ပေးနိုင်တဲ့အရည်အချင်းမျိုး ဆရာ့မှာရှိတယ်မထင်ဘူး၊ ခုနက သမီးအတွက် သက်သေခံပေးတဲ့ ကျောင်းသားတွေရှိနေရက်နဲ့ သူတို့ကိုလိမ်နေတာလို့ သတ်မှတ်လိုက်တယ်၊ ကိုယ့်ကျောင်းသားတွေကို မယုံတဲ့ဆရာတစ်ယောက်အပေါ် သမီးတို့က ဘယ်လိုလုပ်စိတ်ချလက်ချရှိနိုင်မှာလဲ?”

ကျင်းယွင်ကျောင်းခနဲ့လိုက်သည်။

တုရုန်းယန်မှ သူမအား စိန်းစိန်းဝါးဝါးကြည့်လိုက်တော့သည်။

“ကျင်းယွင်ကျောင်း၊ သူတို့က မင်းဘက်ကကာပြောနေတယ်လို့ ငါထင်ရုံပဲ၊ ပြီးတော့ နောက်တစ်အုပ်ရှိနေတာကို ဘာလို့မထုတ်ဘဲနေနေတာလဲ?”

“ဆရာတုက သူများတွေကို တကယ်အဆိုးမြင်တာပဲ”

ကျင်းယွင်ကျောင်း၏မျက်နှာထားသည် အထင်သေးနေဟန်ရှိ၏။ သူမသည် လက်ကိုလှမ်းကာ သူမ၏မှတ်စုစာအုပ်ကို ယူလိုက်သည်။ ထို့နောက် ခြေလှမ်း၍ အတန်းထဲမှထွက်သွားတော့သည်။

တုရုန်းယန်မှ သူမအား တိတ်တခိုးပစ်မှတ်ထားနေခဲ့သော်လည်း သူမအား သင်ခန်းစာများကို မှတ်တမ်းတင်ခိုင်းသည့် အခိုက်အတန့်မှစ၍ သူသည် ရှုံးနိမ့်သွားချေပြီ။

ထို့အပြင် တုရုန်းယန်မှ သူမအား တစ်ခုခုလုပ်ခိုင်းထားသည်ဖြစ်ရာ သူမအဘယ်သို့ မပြင်ဆင်ထားဘဲ နေမည်နည်း?

ကျင်းယွင်ကျောင်း၏လှုပ်ရှားမှုများသည် ရှင်းလင်းပိရိနေ၏။ တုရုန်းယန်သည် သူမအား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

“မင်းတို့တွေ ကိုယ့်ဘာသာစာကြည့်ထားကြ”

ထိုသို့ပြောပြီးနောက် သူသည် ကျင်းယွင်ကျောင်းအနောက်သို့ လျင်မြန်စွာ လိုက်သွားတော့သည်။

သို့သော် ဤအတန်းထဲရှိကျောင်းသားများမှာ ယေဘုယျအားဖြင့် ပညာဂုဏ်မောက်ပြီး ထိန်းသိမ်းရခက်ခဲသူများဖြစ်၏။ ထိုသို့သောကိစ္စမျိုးကို မြင်ရသောအခါ သူတို့သည် သိချင်စိတ်များသွားကြတော့သည်။ ထို့ကြောင့် တုရုန်းယန်ထွက်သည်နှင့် သူတို့လည်းအနောက်မှ ချက်ချင်းဆိုသလို လိုက်သွားကြတော့၏။ လူသွားစင်္ကြံပေါင်းများစွာကို ဖြတ်သန်းပြီးနောက် သူတို့သည် ဌာနမှူး၏ရုံးခန်းတွင် ရောက်ရှိသွားလေသည်။

ကျင်းယွင်ကျောင်းမှာ ရောက်နှင့်နေပြီဖြစ်ကာ ဌာနမှူးအား ဇာတ်ကြောင်းကုန်စင်ပြောပြနေသည်။

တုရုန်းယန်မှာ ချွေးစေးများဖြင့် စိုရွှဲနေ၏။ သူသည် အလျင်စလိုဖြင့် ရှင်းပြလိုက်သည်။

“ဌာနမှူးလည်းမြင်တာပဲ သူ့မှာလုပ်နိုင်စွမ်းရှိ...”

“ကျွန်မမှာ လုပ်နိုင်စွမ်းရှိတိုင်းသာ လုပ်ရမယ်ဆိုရင် ဌာနမှူးမှာလည်း ကိုယ့်ပိုင်ဆိုင်မှုတွေအားလုံးကို တခြားသူတွေဆီ လှူလိုက်ဖို့ အစွမ်းအဆရှိတာပဲ လှူလိုက်မှာလား?”

သူမပက်ခနဲပြန်ပြောလိုက်သည်။

“ဌာနမှူး၊ ဒီတစ်လအတွင်းမှာ သူပြောသမျှကိုမှတ်တမ်းတင်ဖို့ ကျွန်မတာဝန်ယူထားရတာမို့ ကျွန်မမှာ သင်ခန်းစာတွေကို စဥ်းစားဖို့တောင် အချိန်မရှိခဲ့ဘူး ကျွန်မပညာရေးအတွက် တော်တော်ထိခိုက်ခဲ့တယ်၊ ပြီးတော့ ကျွန်မဘယ်တော့မှ အရေးမရပ်တာကို ဆရာတုက သေချာမြင်ခဲ့တဲ့အပြင် ကျွန်မမှတ်စုစာအုပ်နဲ့ပတ်သတ်ပြီး ပြသာနာမရှိပါဘူးလို့ သက်သေခံပေးတဲ့ကျောင်းသားတွေရှိတာတောင် ကျွန်မကို အတင်းအဓမ္မအပြစ်ပေးခဲ့တယ်၊ ဒါကျွန်မကိုတမင်ပစ်မှတ်ထားနေတာလို့ပဲ မြင်ပါတယ်”

“ဌာနမှူး၊ သူကကလေးဆိုတော့ ပေါက်ပန်းလေးဆယ်တွေပြောနေတာပါ ကျွန်တော်က သူ့ကိုဘာလို့ပစ်မှတ်ထားမှာလဲဗျ?”

တုရုန်းယန်မှ ချက်ချင်းဆိုသလို ပြောလိုက်သည်။

ဌာနမှူးသည် ကျင်းယွင်ကျောင်းကိုသိနေ၏။ သူမသည် မိုကျန်းယန်၏တပည့်ပင် မဟုတ်လော။ သူမအား မသိရန် ခက်ခဲပေသည်။

“ဆရာတု၊ သမီးတကယ်ပြောလိုက်ရမှာလား?”

ကျင်းယွင်ကျောင်းမျက်လုံးထဲတွင် ရိပ်ခနဲဖြစ်သွားကာ သူမဆက်ပြောလိုက်သည်။

“သမီးဆရာနဲ့ သမီးကို ကျောင်းဟစ်တိုင်မှာ ပို့စ်တင်ပြီး စွပ်စွဲခဲ့တာ ဆရာ့တူမပဲမဟုတ်ဘူးလား? စစ်ရေးလေ့ကျင့်ကတည်းက သူနဲ့ကျွန်မမတည့်ခဲ့ဘူး အဲ့တော့ ဆရာက ကိုယ့်တူမဘက်က နာပေးနေတာဖြစ်မှာပေါ့”

အစက သူမသည် ဤကိစ္စနှင့်ပတ်သတ်၍ မသိခဲ့ချေ။ သို့သော် ဟော်ထျန်းရှန်းသည် တုရုန်းယန်ထံမှ မကောင်းသောအာရုံရနေသဖြင့် သူမအတွက် စုံစမ်းကြည့်ပေးခဲ့သည်။ ထို့ကြောင့် ဤအချက်ကို သူမသိလိုက်ရခြင်းဖြစ်သည်။

သူမထိုသို့ပြောလိုက်သည်နှင့် တုရုန်းယန်တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

ကျိုးမေ့ကျွန်းမှာ သူ၏တူမဖြစ်ကြောင်း ကျောင်းမှတာဝန်ရှိသူများ မသိကြပေ။ သူသည် လက်ထောက်ပါမောက္ခတစ်ဦးသာဖြစ်ပြီး ကျိုးမေ့ကျွန်းမှာလည်း ကျောင်းသားသစ်တစ်ဦးသာဖြစ်သဖြင့် သူတို့အား မည်သူကမှ သိပ်ဂရုမပြုမိသောကြောင့်ဖြစ်သည်။

ကျင်းယွင်ကျောင်းမှ ဤကိစ္စအား သိနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ဌာနမှူး၏မျက်နှာသည်လည်း လေးနက်တည်ကြည်သွား၏။

“ဆရာတု၊ ကျင်းယွင်ကျောင်းပြောတာ အမှန်တွေလား?”

“ဌာနမှူး! ကျိုးမေ့ကျွန်းက ကျွန်တော့်တူမဆိုတာဟုတ်ပေမယ့် သူလည်း ကျောင်းထုတ်ခံလိုက်ရပါပြီ ပြီးတော့ ကလေးတွေကြားက ရန်ငြိုးအတွက်နဲ့ ကျွန်တော်ကဘာလို့ သူ့ကိုပစ်မှတ်ထားရမှာလဲ? တကယ်ပဲ သူကောင်းဖို့လုပ်ပေးရုံပါ ကျွန်တော့်ကိုမယုံရင် အတန်းထဲကကျောင်းသားတွေကို မေးလို့ရပါတယ် ပုံမှန်ဆိုရင် ကျွန်တော်သူ့ကိုပစ်မှတ်ထားနေလားဆိုတာကိုပေါ့ အဲဒါအပြင် သူ့ကိုစံပြအနေနဲ့ထားဖို့ အတန်းထဲကလေးတွေကိုမှာထားပြီး လူတွေနဲ့တွေ့တိုင်းလည်း သူ့အကြောင်းချီးကျူးနေတာပါ ကျွန်တော်သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းစကားမျိုး တစ်ခါမှတောင် မပြောခဲ့ပါဘူးဗျာ!”

Space and Rebirth 819

တံခါးအပြင်ဘက်ရှိကျောင်းသားများကို သတိပြုမိလိုက်သော တုရုန်းယန်သည် အနောက်သို့လှည့်ကာ ဟန်နန်ကိုဆွဲခေါ်လိုက်၏။ သူသည် မျက်နှာပေါ်တွင် နာကျင်ဝမ်းနည်းနေဟန်ဖြင့် မေးလိုက်သည်။

“ကျောင်းသားဟန်နန်၊ ဆရာ့ကိုပြောစမ်းပါ ကျင်းယွင်ကျောင်းနဲ့ပတ်သတ်ပြီး အတန်းထဲမှာ ဆရာမကောင်းပြောခဲ့တာများရှိလား? ဒါမှမဟုတ် ဆရာ့စကားထဲမှာ အနှောင့်အသွားမလွတ်တာပါခဲ့ဖူးလား?”

ဟန်နန်သည် အချိန်မီတုံ့ပြန်နိုင်စွမ်းမရှိသဖြင့် မသိစိတ်၏စေ့ဆော်မှုအရ ခေါင်းခါလိုက်သည်။

“ဌာနမှူး၊ သူကဒီအတန်းရဲ့ အတန်းခေါင်းဆောင်ပါ သူ့စကားတွေက အရမ်းယုံရပါတယ် ပြီးတော့ ကျွန်တော်ပြောတာမှန်သမျှကို ကျင်းယွင်ကျောင်းလည်း မှတ်ထားခဲ့တာမဟုတ်ဘူးလား? ပြန်ဖတ်ကြည့်လို့ရပါတယ် ဖတ်ကြည့်ရင် ကျွန်တော့်မှာအပြစ်မရှိကြောင်း သိသာသွားမှာပါ”

တုရုန်းယန်ပြောလိုက်၏။

ကျင်းယွင်ကျောင်းမျက်ခုံးများကို ပင့်လိုက်သည်။

“ဆရာတု၊ ဆရာ့ဘာသာ ပါးစပ်ထိန်းထားတာနဲ့ပဲ သမီးကိုပစ်မှတ်မထားတာတော့ မဟုတ်ဘူးလေ ပြီးတော့…”

“ဆရာဝန်မခံချင်မှတော့ သွားရှာကြတာပေါ့၊ ကံကောင်းရင် သမီးမှတ်စုစာအုပ်ကို ဆရာ့ရုံးခန်းထဲမှာပါ တွေ့ချင်တွေ့မှာ”

ကျင်းယွင်ကျောင်းပြောလိုက်၏။

ထိုမှတ်စုစာအုပ်သည် သောကြာနေ့တွင် ပျောက်ဆုံးသွားခဲ့၏။ အခြားသူများအား ပေးကိုင်ထားသောအရာဖြစ်သောကြောင့် သူမသည် ကြိုတင်ကာကွယ်ရေးအစီအမံတချို့ထားသည့်အနေဖြင့် ၎င်းအပေါ်တွင် အမှုန့်တစ်ခုကို ဖြူးထားခဲ့လေသည်။ တစ်စုံတစ်ဦးမှ ထိုစာအုပ်အားကိုင်တိုင်း သူတို့လက်ပေါ်တွင် ထိုထူးခြားသောအမှုန့်များ ကပ်ကျန်ခဲ့မည်ဖြစ်သည်။ သုံးရက်အတွင်း မည်မျှပင် လက်ကိုဆေးကြောစေကာမူ အနံ့များ စွဲကျန်ရစ်နေဦးမည်။

တုရုန်းယန်၏လက်ပေါ်ရှိ အနံ့မှာ အလွန်ပြင်းထန်နေဆဲဖြစ်သောကြောင့် ထိုစာအုပ်အား မလွှင့်ပစ်ရသေးကြောင်း သူမယုံကြည်ထား၏။ အခြားကျောင်းသားများလက်ပေါ်ရှိ အနံ့လောက် မဖျော့ချေ။ ထိုစာအုပ်အား သူသည် ယနေ့အတွင်း ကိုင်ခဲ့လောက်မည်။

ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ တုရုန်းယန်မျက်နှာဟန်ပန်ပြောင်းသွားသည်။

“ဌာနမှူး၊ သူပြောသလိုဆိုရင် ကျွန်တော်ကသူခိုးပေါ့?”

တုရုန်းယန် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ့အားစွပ်စွဲလိုက်သလိုမျိုး မခံမရပ်နိုင်ဖြစ်ဟန် ပေါက်နေ၏။

မှတ်စုစာအုပ်တစ်အုပ်အတွက်နှင့် ဆရာတစ်ဦး၏ရုံးခန်းကိုရှာသည်မှာ အလွန်ပင်အဓိပ္ပာယ်မရှိသောကိစ္စဟု ဌာနမှူးမြင်လေသည်။ သို့သော် ကျင်းယွင်ကျောင်းမှာ အခိုင်အမာပြောကြားနေလေ၏။

“ဆရာတုရဲ့ရုံးခန်းကိုဝင်ရှာမယ်၊ ဌာနမှူးဆုံးဖြတ်ချက်မချပေးနိုင်ရင် ကျွန်မဆရာကိုပြောပြီး ကျောင်းအုပ်ကြီးကို မေးခိုင်းလို့ရတယ်”

ဤကျောင်းတွင် မိုကျန်းယန်မှာ သူမ၏ကျောထောက်နောက်ခံဖြစ်သည်။

သူမသည် မိမိ၏ရာထူးအာဏာအား အခွင့်ကောင်းယူပြီး အခြားသူများအား အနိုင်မကျင့်ရန် ဆုံးဖြတ်ထားသော်လည်း တုရုန်းယန်ကဲ့သို့လူမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရလျှင် သူမတွင် အဘယ်ရွေးချယ်စရာရှိတော့မည်နည်း?

ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ ဌာနမှူးမျက်နှာမကောင်းတော့ချေ။ သူပြောလိုက်တော့၏။

“ဒီလိုလုပ်ပါလား ရှောင်တု? မင်းရုံးခန်းထဲတစ်ချက်ကြည့်ဖို့ သူ့ကိုခေါ်သွားလိုက်၊ သူဘာမှမတွေ့ရင် ခုနကမင်းပြောတဲ့ပြစ်ဒဏ်အတိုင်း ပေးလိုက်ပေါ့၊ တောင်းပန်စာဖြစ်ဖြစ် ဘာသာပြန်ခိုင်းတာဖြစ်ဖြစ် အပြစ်ပေးချင်သလိုပေးလို့ရတယ် ဘယ်လိုထင်လဲ?”

သူတို့သည် ဌာနတစ်ခုတည်းမဟုတ်ကြသော်လည်း မိုကျန်းယန်၏အောင်မြင်မှုအဆင့်အတန်းမှာ မည်သူမှလျစ်လျူရှု၍မရသောအခြေအနေတွင် ရောက်ရှိနေသည်။ ကျောင်းအုပ်ကြီးနှင့်သူသည် မိတ်ဆွေများဖြစ်ကြသည်မှာ နှစ်ပေါင်းများစွာကြာချေပြီ။ ဤကဲ့သို့အသေးအဖွဲကိစ္စလေးဖြင့် ရုတ်ရုတ်သဲသဲဖြစ်လျှင် မကောင်းပေ။

ထို့အပြင် မိုကျန်းယန်သည် တရုတ်အမျိုးသားအနုပညာပြပွဲ၌ ကျင်းယွင်ကျောင်းအား ကောင်းမွန်စွာကာကွယ်ဂရုစိုက်ပေးခဲ့၏။ သူမသာ ပါမောက္ခမိုအား သွားတိုင်ကြားလျှင် ရလဒ်မှာ ထိုနည်း၎င်းသာဖြစ်လိမ့်မည်။ ထို့အပြင် လုပ်ငန်းစဉ်တစ်ခုထပ်တိုးလာသောကြောင့် ကျောင်းအုပ်ကြီးမှ သူ့အား အထင်သေးသွားနိုင်၏။

တုရုန်းယန်၏ခေါင်းများသည် ထိုးကိုက်လာပြီး အံကိုတင်းတင်းကြိတ်ထားသည်။

သို့ရာတွင် ဌာနမှူးမှ အမိန့်ပေးလိုက်ပြီဖြစ်သဖြင့် သူ့တွင် ပြန်ချေပနိုင်စွမ်းမရှိတော့ချေ။ ကျင်းယွင်ကျောင်းနှင့် ဌာနမှူးအား သူ၏ရုံးခန်းထဲသို့ ခေါ်သွားရန်သာရှိတော့သည်။ သူသည် စိတ်ထဲ၌သာ တိတ်တခိုးဘုရားစာရွတ်မိတော့၏။

တုရုန်းယန်သည် လူနှစ်ယောက်တွဲရုံးခန်းကို အသုံးပြုသည်။ စာအုပ်စင်များနှင့် စားပွဲများအား သပ်သပ်ချေချေစီထားသဖြင့် အချင်းချင်းနှောင့်ယှက်မှုမရှိပေ။ ဤအချိန်တွင် ရုံးခန်းထဲ၌ မည်သူမှလည်းမရှိသဖြင့် ကျင်းယွင်ကျောင်းတန်းဝင်သွားလိုက်သည်။ တုရုန်းယန်၏မျက်နှာသည် အနည်းငယ်သုန်မှုန်နေ၏။ သူ၏မျက်လုံးများသည် တုံဏှိဘာဝေဖြစ်နေသော်လည်း တည်ငြိမ်ချင်ဟန်ဆောင်ထားသေးသည်။

စာအုပ်စင်ပေါ်တွင် စာအုပ်များစွာရှိပြီး မှတ်စုစာအုပ်များလည်း များပြားလှသည်။ ကျင်းယွင်ကျောင်း၏မှတ်စုစာအုပ်မှာ အလွန်သာမန်ဆန်သောကြောင့် ရှာဖွေရမလွယ်ကူပေ။

သို့ရာတွင် အခြားစာအုပ်တစ်အုပ်ဆိုလျှင် ကိစ္စမရှိသော်ငြား သူမ၏ထိုစာအုပ်မှာ ဆေးမှုန့်ဖြင့်ဖြူးထားသဖြင့် သူမအလွယ်တကူရှာဖွေနိုင်သောအရာဖြစ်ပေသည်။ စာမျက်နှာအချို့ကိုပင် ဆေးရည်များဖြင့် သုတ်လိမ်းထားသောကြောင့် ထိုအနံ့သည် သူမနှာခေါင်းထဲ၌ စူးရှနေတော့၏!

Space and Rebirth 820

“ဟုတ်ပြီ ကျင်းယွင်ကျောင်း၊ ရှာလို့တော့ရတယ် လျှောက်မဖွနဲ့”

ဌာနမှူးဖြစ်သူမှ မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောလိုက်၏။

သူ၏အမြင်တွင် တုရုန်းယန်ကဲ့သို့ သိက္ခာရှိဆရာတစ်ဦးမှာ ဤကဲ့သို့သောလုပ်ရပ်မျိုးကို မလုပ်လောက်ဟု သူယုံကြည်နေဆဲဖြစ်သည်။ ဤလုပ်ရပ်အား လူသိသွားလျှင် အလွန်ရှက်ဖွယ်ကောင်းမည်မဟုတ်လော။ သို့သော် ကျင်းယွင်ကျောင်း၏စရိုက်မှာလည်း ထူးဆန်းလွန်းလှသည်။ သူသာပေးမဝင်ပါက သူမသည် သေချာပေါက်စိတ်ကျေနပ်မည်မဟုတ်ပေ။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ စာအုပ်စင်အနားသို့ တိုးသွားလိုက်၏။

ထို့နောက် သူမလက်ချောင်းထိပ်ဖျားများနှင့် စာအုပ်စင်ပေါ်ရှိ စာအုပ်များ၏အနားသားများကို ပွတ်သပ်လိုက်သည်။ သူမကြည့်ရသည်မှာ မည်သည့်စာအုပ်မှန်း မသိသည့်ပုံပေါက်နေလေသည်။ သို့ရာတွင် ဤသည်မှာ ကျင်းယွင်ကျောင်း၏လှည့်ကွက်တစ်ခုသာဖြစ်သည်။ သူမသာ သူမစာအုပ်အား တန်းထုတ်လိုက်ပါက တုရုန်းယန်အား အကွက်ဆင်ချောက်ချနေသည့်ပုံပေါက်သွားပေမည်မဟုတ်လော။ တုရုန်းယန် ဆက်လက်အာချောင်နိုင်ခွင့်အား သူမသေချာပေါက်ပေးမည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းသည် စာအုပ်စင်အား အေးအေးလူလူဖြင့် ကြည့်နေ၏။ မကြာခဏဆိုသလို စာအုပ်တစ်အုပ်အားဆွဲထုတ်ကာ လှန်လျောဖတ်ရှုကြည့်သည်။ ထို့နောက် သူမသည် စားပွဲသို့သွားကာ စားပွဲပေါ်ရှိ အခြားအရာများကို ကြည့်လိုက်ပြန်သည်။

အောက်ဘက်အံဆွဲများအားလုံးကို သော့ခတ်ထားလေ၏။ ကျင်းယွင်ကျောင်းသည် သူမ၏အတွင်းချီစွမ်းအားကိုသုံးကာ အံဆွဲများကိုဆွဲထုတ်လိုက်သည်။ အံဆွဲအပေါ်ဘက်ရှိသစ်သားစမှာ အနည်းငယ်ကျိုးပဲ့ပျက်စီးသွားတော့၏။

“ဒီစားပွဲရဲ့ အရည်အသွေးကသိပ်မကောင်းဘူးပဲ ကျွန်မတမင်လုပ်တာမဟုတ်ဘူးနော်”

ကျင်းယွင်ကျောင်းရိုးရှင်းစွာသာပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမသည် တိတ်တခိုးဖြင့်ပြုံးကာ အံဆွဲထဲရှိအရာများကို စားပွဲပေါ်တင်လိုက်သည်။

တုရုန်းယန် မျက်ခုံးလှုပ်သွားတော့၏။ ကျင်းယွင်ကျောင်း၏ ဆက်လက်စကားပြောသံကို သူကြားလိုက်ရသည်။

“ဆရာတု၊ ရုံးခန်းထဲမှာ ဒီလိုဟာတွေပါရှိနေမယ်လို့ မထင်ခဲ့ဘူး၊ ဘူးထဲမှာ နှစ်ခု-သုံးခုပဲကျန်တော့တာပဲ ကြည့်ရသလောက် ဒါကိုမကြာခဏသုံးတဲ့ပုံပေါက်တယ်”

ကျင်းယွင်ကျောင်းထုတ်လိုက်သောအရာမှာ ကွန်ဒုံးဘူးဖြစ်သည်။ သူမကိုယ်တိုင်လည်း မထင်မှတ်သောအရာဖြစ်၏။

တုရုန်းယန်တွင် ဇနီးနှင့် သားတစ်ဦးရှိလေသည်။ သူ၏ဇနီးဖြစ်သူမှာ အိမ်တွင်ရှိသောကြောင့် သူသည် ဤသို့သောအရာမျိုးကို မသုံးနိုင်ချေ။ အထူးသဖြင့် သူ၏ရုံးခန်းထဲတွင်ဖြစ်၏။ ဤသတင်းသာပျံ့သွားလျှင် လူများစွာက မိမိတို့၏ထင်ကြေးကို ပေးကြပေတော့မည်။

ချက်ချင်းဆိုသလို တုရုန်းယန် ကမန်းကတန်းပြောလိုက်တော့သည်။

“ဌာနမှူး! ကျွန်တော့်ကိုနားထောင်ပါဦး ကျွန်တော်...ကျွန်တော်ဒါကိုကျောင်းသားတစ်ယောက်ဆီက သိမ်းခဲ့တာပါ!”

ဌာနမှူးသည် တုရုန်းယန်အား အေးစက်စွာ ဝေ့ကြည့်လိုက်သည်။ သူသည် ဤလူအတွက် အရှက်ရမှုသာ ခံစားရသည်။

ဆရာတစ်ဦးဖြစ်နေလျက်ဖြင့် မိမိကျောင်းသားတစ်ဦးဆီမှ ဤသို့သောအရာမျိုး ရှာဖွေတွေ့ရှိခံရသည်မှာ အလွန်ပင်ရွံရှာဖွယ်ကောင်းလှ၏။

ထို့နောက် ကျင်းယွင်ကျောင်းသည် အံဆွဲထဲမှစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ သူမသည် ထိုစာအုပ်ကိုဖွင့်ကာ ပြုံးလိုက်တော့၏။ ထို့နောက် ဌာနမှူးထံသို့ စာအုပ်ကို ကမ်းပေးလိုက်သည်။

“ကြည့်ရတာ ဒါကအင်္ဂလိပ်စာပေဖြစ်တဲ့ပုံမတူဘူး၊ အထဲကအကြောင်းအရာတွေကို အပြည့်အဝနားမလည်ပေမယ့် အဓိပ္ပာယ်ကိုတော့ အကြမ်းဖျင်းခန့်မှန်းလို့ရတယ်၊ ဒီစာအုပ်ကိုသာ ဘာသာပြန်လိုက်ရင် အပြာစာပေဖြစ်မှာမှတ်လား? ဒါပေမယ့် ဒီပစ္စည်းကိုလည်း ကျောင်းသားတစ်ယောက်ဆီက သိမ်းလာတာများလား? ဒီစာအုပ်မျိုးကို ဘာသာပြန်ပြီးဖတ်နိုင်တဲ့ ပထမနှစ်ကျောင်းသား သိပ်မများလောက်ဘူးနော်?”

သူသည် အင်္ဂလိပ်စာဆရာတစ်ဦးပီသပေသည်။ သူဖတ်ရှုသော အပြာစာပေများပင်လျှင် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်၏။

တုရုန်းယန်၏မျက်နှာအသွင်အပြင်ကို ပုံဖော်ရာ၌ “မကောင်းသော” ဟူသော နာမဝိသေသနတစ်လုံးဖြင့်ပင် လုံလောက်တော့မည်မထင်ချေ။

ကျင်းယွင်ကျောင်းသည် သူ့အားဆက်လက်၍ ဆော့ကစားလိုစိတ်မရှိတော့သဖြင့် စာအုပ်စင်ဆီသို့ ဖြည်းညင်းစွာသွားကာ ထပ်မံကြည့်လိုက်ပြန်သည်။ နောက်ဆုံးတွင် အခြားသောစာအုပ်အဖုံးဖြင့် ကပ်ထားသော သူမ၏မှတ်စုစာအုပ်ကို ထုတ်လိုက်လေ၏။

တုရုန်းယန် ခေါင်းကိုက်နေလေပြီ။

အစက သူသည် ဤမှတ်စုစာအုပ်အား လွှင့်ပစ်ရန် ရည်ရွယ်ထားသော်လည်း မပစ်ခင်တွင် ဖတ်ကြည့်လိုက်သောအခါ အနည်းငယ်ချီတုံချတုံဖြစ်သွားခဲ့၏။ သူ၏သင်ခန်းစာများကို မှတ်တမ်းတင်ထားရာ၌ ပြစ်ချက်မရှိဖြစ်နေသောကြောင့် လွှင့်ပစ်ရန် နှမြောနေခဲ့မိခြင်းဖြစ်သည်။

ယနေ့အတန်းမစခင်တွင် သူသည် သင်ခန်းစာအကြောင်းအရာများကိုပါ တစ်ချက်ကြည့်ခဲ့သေး၏။ ဤမှတ်စုများကြောင့် သူသည် အနည်းငယ် ပို၍ယုံကြည်ချက်ပြည့်ဝသွားသည်။ ဤအဆင့်ဖြင့်ဆိုလျှင် တွဲဖက်ပါမောက္ခရာထူးအတွက် စာမေးပွဲဖြေခါနီးဖြစ်နေသည့် လက်ထောက်ပါမောက္ခတစ်ဦးမဟုတ်ဘဲ ပါမောက္ခအစစ်တစ်ယောက်ဖြစ်နိုင်သည်ဟုပင် ခံစားမိလေ၏။

သို့ရာတွင် ထိုမှတ်စုများအား ယူသွားသောသူမှာ သူဖြစ်ကြောင်း ကျင်းယွင်ကျောင်းသတိပြုမိသွားပြီး သူ၏ရုံးခန်းထဲပါ ဝင်ရှာရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

အကွက်တစ်ကွက်မှားသည်နှင့် ကစားပွဲတစ်ခုလုံးအား ရှုံးသွားခဲ့ခြင်းဖြစ်၏။ အရာအားလုံး ပြီးဆုံးသွားချေပြီ။

ဌာနမှူးသည် သူမထုတ်ယူလိုက်သောမှတ်စုများကို ကြည့်ကာ ဒေါသပုန်ထသွား၏။

“တုရုန်းယန်၊ မင်း-မင်းတကယ်ပဲ...ငါမင်းကိုဘယ်လိုပြောရမယ်ကိုမသိဘူး! တကယ်ရှက်ဖို့ကောင်းတယ်!”

အပြာစာပေဆိုလျှင် ကိစ္စမရှိချေ။ သူသည်လည်း ယောက်ျားတစ်ဦးဖြစ်သောကြောင့် တတ်နိုင်သမျှကြိုးစား၍ နားလည်ပေးနိုင်ပေသည်။ သို့ရာတွင် ကျောင်းသားတစ်ဦး၏မှတ်စုများကို တမင်ဝှက်ထားပြီး ထိုကျောင်းသားအား မတရားစွပ်စွဲခြင်းမှာ သာမန်ဆရာတစ်ဦးလုပ်လောက်မည့် လုပ်ရပ်မျိုး သေချာပေါက်မဟုတ်ပါပေ!

တုရုန်းယန် စွပ်စွဲခံရသည်ဟုပင် သူထင်မိခဲ့သေးသည်။ သူ၏စေတနာနှင့် မတန်သောသူပါပေ!

All Chapters