← Chapters

အခန်း (၈၂၁-၈၂၄)

Vol. 42 Ch. 821-824

အခန်း (၈၂၁-၈၂၄)

Vol. 42 Ch. 821-824

Space and Rebirth 821

ကျင်းယွင်ကျောင်းတွင် အပြုံးပျပျရှိနေသော်လည်း သူမမျက်နှာထားသည် အေးစက်ပြီး သူစိမ်းတရံဆန်နေ၏။ လက်ရှိတွင် မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်နေသော တုရုန်းယန်အား သူမခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သူမသည် တည်ငြိမ်လေးတွဲနေသောမျက်လုံးများဖြင့် ဆက်ပြောလိုက်၏။

“ဆရာတု၊ ပစ္စည်းကိုလည်းရှာတွေ့ပြီဆိုတော့ ဘာထပ်ပြောချင်သေးလဲ?”

တုရုန်းယန်၏မျက်နှာထားသည် ကျောက်သားတမျှ တောင့်တင်းနေသည်။ သူသည် မလှုပ်မယှက်ဖြင့် ထိုနေရာတွင်သာရပ်နေ၏။

“ဌာနမှူး...ကျွန်တော်-ကျွန်တော်....ကျွန်တော် ဒီမှတ်စုတွေ ဘယ်လိုရောက်လာတာလဲဆိုတာ မသိဘူး၊ ဒါ-ဒါမှမဟုတ် ကျောင်းသားတစ်ယောက်က ကျွန်တော်မသိအောင်စားပွဲပေါ်မှာ တင်ထားလို့ ကျွန်တော်လည်း မသိလိုက်ဘာသာနဲ့ စာအုပ်စင်ပေါ်တင်လိုက်တာဖြစ်မယ်...”

“ဪ အဲ့လိုလား?’’

ဌာနမှူး မယုံကြည်ပါပေ။

သို့ရာတွင် တုရုန်းယန်မှာ A တက္ကသိုလ်၏ဆရာတစ်ဦးဖြစ်နေသောကြောင့် သတင်းများထွက်သွားလျှင် မကောင်းနိုင်ချေ။ နှစ်ဦးကြားရှိကိစ္စမှာ ကိုယ်ရေးကိုယ်တာရန်ငြိုးဖြစ်သောကြောင့် ဤကိစ္စအတွက်နှင့် တုရုန်းယန်အလုပ်ထုတ်ခံရနိုင်ချေမရှိပေ။ သို့ရာတွင် တုရုန်းယန်သည် သေချာပေါက်ဝေဖန်ခံရမည့်အပြင် တွဲဖက်ပါမောက္ခရာထူးကိုပါ မေ့ပစ်ရတော့မည်။ ထိုမျှမက အရေးကြီးဆုံးသောအရာမှာ စာသင်သည့်ပြသာနာဖြစ်၏။ တုရုန်းယန်သည် လက်တလောအတွင်း အလုပ်နားပြီး ကျင်းယွင်ကျောင်း၏အတန်းအား မသင်ဘဲနေရတော့မည့်ပုံပေါက်လေသည်။

တုရုန်းယန်အား လက်ပူးလက်ကြပ်မိသော်လည်း သူစကားကတ်ပြောလျှင် သူမလည်းမတတ်နိုင်ကြောင်း ကျင်းယွင်ကျောင်းစိတ်ထဲ၌သိထား၏။

သူ၏အံဆွဲထဲ၌ ရှာဖွေတွေ့ရှိသောအရာများမှာ လက်တွေ့တွင် သိပ်အကျိုးမရှိလှချေ။ အစောပိုင်းက သူလိမ်ညာပြောခဲ့သလိုပင် ဤကွန်ဒုံးများအား ကျောင်းသားတစ်ဦး၏အခန်းတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု စာကြောင်းတစ်ကြောင်းတည်းဖြင့် သေချာစွာရှင်းပြနိုင်၏။ အခြားသူများအား သူ့အားမယုံကြည်လျှင်ပင် သူအခိုင်အမာပြောနေသရွေ့ မည်သူမှ ဘာမှမလုပ်နိုင်ချေ။

အပြာစာအုပ်မှာလည်း သူ၏ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။ အခြားသူများအား ထိခိုက်မှုမရှိသလို လူတိုင်းအရှေ့တွင် ထုတ်ဖော်ပြသထားသောအရာလည်းမဟုတ်ပေ။ သူသာ စာအုပ်မှားထားမိပြီး နေရာမှားထားမိသည်ဟု ပြောကာ နောက်တစ်ဖန်လုပ်တော့မည်မဟုတ်ကြောင်း ကတိပေးလိုက်လျှင် ဤကိစ္စသည် မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားနိုင်၏။

သို့ရာတွင် အဆုံး၌ သူ၏ဂုဏ်သိက္ခာသည် ပျက်စီးရပေမည်။ တုရုန်းယန်ကဲ့သို့ ဟိတ်ဟန်ကြီးသောအောက်တန်းစားတစ်ဦးအတွက် ဂုဏ်သိက္ခာမရှိလျှင် အနာဂတ်လည်းမရှိတော့ချေ။ နောက်ဆက်တွဲအကျိုးဆက်များသည်လည်း သေးလှမည်မဟုတ်ပေ။

ထို့အပြင် တက္ကသိုလ်ဘဝမှာ ကြာမြင့်စွာကျန်သေး၏။ တုရုန်းယန်သည် သူ့ကိုယ်သူအရှက်ခွဲရန် အခွင့်အရေးများစွာ ရှိသေးပေသည်။ သူသည် ဤကိစ္စအား လက်မခံလျှင် အနှေးနှင့်အမြန်ဆိုသလို မိမိသေတွင်းတူးသလိုဖြစ်ပေမည်။

ယခု တုရုန်းယန်သည် သူမနှင့်ဝေးရာသို့ရောက်ရှိသွားသဖြင့် ကျင်းယွင်ကျောင်းဘဝမှာ များစွာအေးချမ်းတော့မည်။

အခန်းအပြင်ရှိကျောင်းသားများမှာ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ သူတို့သည် ချက်ချင်းဆိုသလို တုရုန်းယန်အား ရွံရှာသွားကြသည်။ ယခင်တစ်လတာအတွင်း တုရုန်းယန်မှ ကျင်းယွင်ကျောင်းအား ဆက်ဆံသည့်ပုံစံအား ပြန်တွေးကြည့်လိုက်သောအခါ ပို၍ပင်စက်ဆုပ်သွားကြ၏။ သူတို့သည် အနည်းနှင့်အများဆိုသလို ဆရာ့အပေါ်မှီခိုအားထားကြသော်လည်း ယခုမူ ဤဆရာသည် လက်တွေ့သင်ခန်းစာကို သင်ပေးလိုက်ချေပြီ။ ထိုသင်ခန်းစာမှာ လူတစ်ဦးအား အပြင်ပန်းအသွင်အပြင်ဖြင့် ဆုံးဖြတ်၍မရနိုင်ကြောင်း ဖြစ်၏။

ဤမျှလောက် ကြင်နာပုံပေါက်သောသူသည် လူနောက်ကွယ်တွင် ဤမျှလောက်ရွံစရာကောင်းမည်ဟု မထင်ထားခဲ့ကြချေ။

ကျင်းယွင်ကျောင်း၏အတန်းဖော်များသည် စိတ်ပျက်ဟန်ဖြင့် တုရုန်းယန်အား ကြည့်လိုက်ကြသည်။ သူ့အား အမှိုက်တစ်စကဲ့သို့ ကြည့်နေကြသောကြောင့် တုရုန်းယန်၏မာန အတော်ထိခိုက်သွား၏။

သူသည် ယခု A တက္ကသိုလ်တွင် အလုပ်လုပ်သည်မှာ နှစ်အတော်ကြာပေပြီ။ ထိုနှစ်များတစ်လျှောက် သူ၏နာမည်ဂုဏ်သတင်းသည် အတော်အတန်ကောင်းခဲ့၏။ အထူးသဖြင့် သူ၏ပုံပန်းအသွင်အပြင်သည် ဖြောင့်မတ်တည်ကြည်သည့်ပုံပေါက်သဖြင့် ကျောင်းသားများက သူ့အား အထူးရိုသေလေးစားကြသည်။ သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းကြောင့် ထိုလှပသောပုံရိပ်သည် ချက်ချင်းဆိုသလို အတိတ်တွင်ကျန်ခဲ့ချေပြီ။

သူ၏အနာဂတ်မှာ အတော်အတန်ဆိုသလို အရောင်မှိန်သွားသည်ဟု တုရုန်းယန်ခံစားမိလိုက်သည်။ သူသည် အံကိုကြိတ်ကာ ကျင်းယွင်ကျောင်းအနားသို့ကပ်လိုက်ပြီး စစ်မှန်သောပုံစံဖြင့် ပြောလိုက်၏။

“ကျောင်းသူ ကျင်းယွင်ကျောင်း၊ အားလုံးဆရာ့အပြစ်တွေပါ၊ မင်းကိုအထင်လွဲမိသွားတယ် ဆရာ့ကိုခွင့်လွှတ်ပေးနိုင်မလား...”

ကျင်းယွင်ကျောင်း သူ့အားဝေ့ကြည့်လိုက်၏။

“ဆရာတု၊ သမီးနဲ့ဝေးဝေးနေတာကောင်းမယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ ဆရာ့ကိုမြင်လိုက်တိုင်း သမီးပျို့လာလို့”

ထိုစကားကိုကြားလိုက်သောအခါ တုရုန်းယန်သည် ထိုနေရာတွင်ပင် ကျောက်ရုပ်တမျှဖြစ်သွားတော့သည်။ သူ၏စိတ်ရှည်မှုနှင့် သူတော်ကောင်းယောင်ဆောင်တတ်ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် ကျင်းယွင်ကျောင်းအား အမှန်ပင် လည်ပင်းညှစ်သတ်ချင်မိပေသည်။

ဌာနမှူးမှာ ကျင်းယွင်ကျောင်းပြောသောစကားများကို လွန်သည်ဟုမထင်ချေ။၊ တုရုန်းယန်မှာ သူစိုက်သည့်အတိုင်း ရိတ်ရသည်ဟုပင် ခံစားမိ၏။ ကျောင်းသားများအရှေ့တွင် သူသည် မလျော်မကန်သောစကားများကို မပြောဘဲနေနေသော်လည်း ဆရာတု၏လုပ်ရပ်များကို ခွင့်လွှတ်သည်ဟူသောအဓိပ္ပာယ်တော့မဟုတ်ပေ။

ခဏအကြာတွင် ဌာနမှူးမှ ကျောင်းသားများအား အတန်းဆီသို့ ပြန်လွှတ်လိုက်သည်။ ကျင်းယွင်ကျောင်းသည်လည်း ပြန်သွား၏။ သို့သော် တုရုန်းယန်မှာမူ ဌာနမှူး၏ ဆူပူဆုံးမခြင်းကိုခံရန် ရုံးခန်းထဲ၌ ကျန်နေခဲ့လေသည်။

Space and Rebirth 822

တုရုန်းယန်၏လုပ်ရပ်မှာ ဆိုးလှသည်ဟု သတ်မှတ်နိုင်သဖြင့် သူ့အား ထိုနေ့တွင်ပင် လူစားထိုးလိုက်ကြသည်။

ကျောင်းသားများစိတ်ကျေနပ်စေရန် ဌာနမှူးကိုယ်တိုင်ထွက်လာပြီး ဆရာအသစ်အား မိတ်ဆက်ပေးလေသည်။ ရလဒ်အနေဖြင့် တစ်တန်းလုံး အတန်ငယ်အသက်ဝင်လှုပ်ရှားသွား၏။ ဆရာအသစ်မှာ နာမည်အရသာ တွဲဖက်ပါမောက္ခဖြစ်သည်။ သူသည် တုရုန်းယန်ထက် အနည်းငယ်အသက်ကြီးသည်။ သူ၏အတန်းများမှာ စည်းစနစ်ကျပြီး နားလည်ရလွယ်ကူ၏။ သင်ခန်းစာများအား ဟာသနှော၍လည်း ပြောပြတတ်သည်။ ထို့ကြောင့် သူသည် တုရုန်းယန်ထက် များစွာရေပန်းစားပေသည်။

ဆရာအသစ်မှာ ကျင်းယွင်ကျောင်း၏မှတ်စုများနှင့်ပတ်သတ်၍ သိနေသဖြင့် သူမမှတ်စုများအားယူကာ ဖတ်လိုက်သေး၏။ ဖတ်ရှုအပြီးတွင် အထဲတွင် စာရွက်ပိုင်းအချို့ကိုညှပ်၍ ကျင်းယွင်ကျောင်းအား ပြန်ပေးလိုက်သည်။ ထိုစာရွက်ပိုင်းများတွင် မမှန်ကန်သောစာကြောင်းများကို ကျင်းယွင်ကျောင်းအတွက် အမှန်ပြင်ပေးထား၏။ ထိုဆရာ၏ပုံစံမှာ လေးနက်တည်ကြည်ပြီး တာဝန်သိစိတ်ရှိသည့်ပုံပေါက်ပေသည်။

ဆရာလူစားလဲပြီးနောက် ကျင်းယွင်ကျောင်းသည်လည်း ဆရာ၏ပြောစကားတိုင်းကို လိုက်လံမှတ်တမ်းတင်စရာမလိုတော့ချေ။ သို့ရာတွင် ဤဆရာအသစ်မှာ သူမ၏လက်ရေးလက်သားနှင့်ပတ်သတ်၍ အထူးစိတ်အားထက်သန်သဖြင့် သူမစီစဥ်ကူးရေးရန် စာရွက်စာတမ်းအချို့ပေးခဲ့၏။ ထိုတာဝန်မှာမူ သေးငယ်လွန်းသဖြင့် သူမအချိန်သိပ်မယူရပေ။ ထို့အပြင် ထိုစာရွက်စာတမ်းများကိုလည်း ဆရာအသစ်မှ အားလုံးစီစဥ်ပေးထားပြီး အတန်းသားတိုင်း တစ်ရွက်စီရရှိလေသည်။ ဤအရာကြောင့် ကျောင်းသားများကြားတွင် ကျင်းယွင်ကျောင်း၏နာမည်ကြီးမှုသည် တိုးတက်သွားတော့သည်။

ဆရာအသစ်နှင့်ယှဥ်လျှင် တုရုန်းယန်၏ဘဝသည် များစွာခက်ခဲကြမ်းတမ်းနေ၏။

သူသည် တိုက်ရိုက်စွန့်ပစ်ခံလိုက်ရပြီး သူ၏အလုပ်မှာလည်း လက်ထောက်ဆရာတစ်ဦး၏ အလုပ်သာသာဖြစ်သွားသဖြင့် အလွန်ပင်သုန်မှုန်နေတော့သည်။

လက်ထောက်ဆရာတစ်ဦးနှင့် လက်ထောက်ပါမောက္ခတစ်ဦးကြားရှိ ကွာခြားချက်မှာ ကြီးမားလှသည်။ လက်ထောက်ဆရာဟူသည်မှာ သာမန်ဆရာတစ်ဦးဖြင့်ပင် ယှဥ်၍မရနိုင်သဖြင့် အလုပ်ပိုမိုအားလပ်သောရာထူးဖြစ်၏။ အမြဲတစေ လောကဒဏ်များကို ကြံ့ကြံ့ခံနိုင်ခဲ့သော တုရုန်းယန်သည် ဆက်လက်သည်းမခံနိုင်တော့ချေ။ သူသည် နေ့စဥ်ရက်ဆက် ဒေါသထွက်နေရတော့၏။ ထိုထက်အရေးကြီးသည်မှာ ယခင်က သူနှင့်ခင်မင်ခဲ့သော ဆရာများနှင့် ပါမောက္ခများသည် သူရာထူးချခံလိုက်ရသောအကြောင်းရင်းကို ကြားသောအခါ ချက်ချင်းဆိုသလို သူနှင့်ခွာသွားကြခြင်းဖြစ်သည်။

A တက္ကသိုလ်မှ ဆရာများ၏ အကျင့်စာရိတ္တနှင့်ပတ်သတ်၍ ဝေဖန်စရာမရှိချေ။ ဆရာတစ်ဦးကိုရွေးချယ်ရာ၌ အဆင့်ပေါင်းများစွာကျော်ဖြတ်ရပြီး သူတို့၏နောက်ကြောင်းရာဇဝင်သည်လည်း လုံးဝရှင်းလင်းနေရမည်။ ယေဘုယျအားဖြင့် သူတို့အားလုံး ပထမဆုံးအလုပ်ဝင်စဥ်က အလွန်ကြာမြင့်သောအစမ်းခန့်ကာလတစ်ခုရှိပြီး ထိုကာလတွင် အကျင့်စာရိတ္တဖောက်ပြန်မှု တစ်စုံတစ်ရာတွေ့ရှိပါက အလုပ်ရမည်မဟုတ်ပေ။ ထိုတင်းကြပ်လှသော အလုပ်ခန့်လုပ်ငန်းစဥ်သည် A တက္ကသိုလ်၏ စည်းကမ်းကြီးမားသော ကျောင်းအငွေ့အသက်ကို ဖန်တီးခဲ့ပေသည်။

တုရုန်းယန်သည်သာ အလွန်စိတ်မရှည်ခဲ့လျှင် သူသည် ယခုအချိန်ထိ အလုပ်မြဲနေမည်မဟုတ်ပေ။

သူ၏နှစ်ပေါင်းများစွာသော ကြိုးစားအားထုတ်မှုများသည် သဲထဲရေသွန်ဖြစ်သွားသောကြောင့် တုရုန်းယန်၏ရင်ထဲတွင် သွေးအန်နေခဲ့သည်။

တစ်နေ့တွင် ကျင်းယွင်ကျောင်းမှ သူ၏ရုံးခန်းတံခါးရှေ့မှ ဖြတ်သွားသည်ကို မြင်လိုက်ရ၏။ ခဏမျှစဥ်းစားပြီးနောက် တုရုန်းယန်သည် သူမအနောက်သို့ လျင်မြန်စွာ လိုက်သွားတော့သည်။

“ကျင်းယွင်ကျောင်း”

ယဥ်ကျေးသောလေသံဖြင့် သူခေါ်လိုက်၏။

ကျင်းယွင်ကျောင်းလှည့်ကြည့်လိုက်သောအခါ တုရုန်းယန်၏ အားအင်မရှိသောမျက်နှာကို မြင်လိုက်ရသည်။ သူ၏မျက်လုံးများသည် အသက်မဲ့နေပြီး သူ့ကြည့်ရသည်မှာလည်း အလွန်အမင်းအိုစာနေ၏။ သို့တိုင်အောင် သူသည် သပ်ရပ်ကျနစွာ ဝတ်စားထားသေးသည်။ သူ၏မေးပေါ်တွင်ရှိသော မှဲ့ကြီးမှအပ မည်သည့်နေရာကကြည့်စေကာမူ သူသည် အလွန်ပင်ဂုဏ်သိက္ခာရှိသော လူကြီးမင်းတစ်ဦးပုံစံပေါက်ပေသည်။

“ဆရာတု၊ ဘာကိစ္စရှိလို့လဲ?”

ကျင်းယွင်ကျောင်းပြုံးလိုက်၏။ သို့သော် သူမသည် အဓိပ္ပာယ်မဖော်နိုင်လောက်အောင် အေးစက်နေပေသည်။

“မင်း....ငါမင်းကိုရှင်းပြချင်တယ်...ဒါပေမယ့် ငါဘာပြောပြော မင်းယုံမှာမဟုတ်ဘူးဆိုတာ သိပါတယ်...”

တုရုန်းယန် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ ခေတ္တအကြာမှ သူဆက်ပြောလိုက်၏။

“မင်းနဲ့စကားကောင်းကောင်းပြောချင်လို့ပါ”

ကျင်းယွင်ကျောင်းသည် ခေတ္တမျှစဥ်းစားတွေးတောကြည့်ပြီး ပြောလိုက်၏။

“ဆရာတု၊ ပြောစရာရှိရင် အခုပဲပြောလိုက်ပါ”

ဤတုရုန်းယန်သည် လူကောင်းလုံးဝမဟုတ်ချေ။ ထိုသို့သောလူမျိုးက သူမနှင့်စကားပြောချင်သည်လော? ဤလူတွင် အကြံအစည်တစ်ခုခုသာရှိရမည်။ သို့ရာတွင် ဤတုမျိုးနွယ်လူသည် မည်သို့ကြံစည်နေသည်ကို သူမသိချင်မိ၏။

“ဆရာအခု ဆေးဌာနရဲ့ အဆောင်ဟောင်းထဲသွားပြီး ရှာစရာတစ်ခုခုရှိလို့ အခုတော့အဆင်မပြေသေးဘူး ဆရာနဲ့...လိုက်ခဲ့ပေးနိုင်မလား?”

တုရုန်းယန် ထပ်ပြောလိုက်ပြန်၏။

ကျင်းယွင်ကျောင်းသည် တိုးဖွဖွဖြင့် ဟမ့်ခနဲအသံပြုလိုက်၏။

“ဆရာတုက အင်္ဂလိပ်စာသင်တာလေ ဆေးဌာနနဲ့ ဘာလုပ်စရာရှိမှာလဲ?”

“ဟုတ်ပါတယ် ဒါပေမယ့် ဆရာ့သူငယ်ချင်းတစ်ယောက်က ဆေးပစ္စည်းတွေလိုချင်နေတာ၊ အဲ့အဆောင်ဟောင်းမှာ မသုံးတော့တဲ့ပစ္စည်းတွေအများကြီးရှိတာနဲ့ သွားငှားမလို့ပါ၊ တခြားကျောင်းသားတွေကို အနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူး ကျင်းယွင်ကျောင်း၊ ဆရာလုပ်ခဲ့တာတွေမှားပါတယ် စိတ်ရင်းနဲ့လည်းတောင်းပန်ပါတယ် ဒီအခွင့်အရေးကိုသုံးပြီး ဆရာတို့ကြားက အထင်လွဲမှုတွေရှင်းဖို့နဲ့ ပိုရင်းနှီးအောင်လုပ်ချင်ရုံပါ”

Space and Rebirth 823

တုရုန်းယန်၏မျက်နှာသည် သုန်မှုန်နေသော်လည်း သူ၏မျက်လုံးထဲတွင် ပြာပြာသလဲဖြစ်နေဟန်များရှိသည်။ သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေလေ၏။

သူသည် ယခင်က ကျောင်းသားများနှင့် စကားပြောဖူးသော်ငြား ထိုအချိန်က ကျောင်းသားများ၏အမှတ်များ၊ အဆင့်များနှင့် ဝေဖန်ချက်မျိုးစုံသည် သူ၏လက်ထဲတွင်ရှိခဲ့၏။ ထို့အပြင် သူသည် လူကြောက်တတ်ပြီး ရှက်တတ်သောကျောင်းသားများကိုသာ ရှာဖွေပြောဆိုတတ်သဖြင့် သူတို့အများစုသည် သူ၏စကားကိုနားထောင်ကြလေသည်။ သို့ရာတွင် သူယခု ရင်ဆိုင်နေရသူမှာ ကျင်းယွင်ကျောင်းဖြစ်၏။ ဤမိန်းကလေးသည် အလွန်ပင်ထက်မြက်လှသောကြောင့် သူအောင်မြင်ချင်မှ အောင်မြင်လိမ့်ပေမည်။

သို့သော် သူစဥ်းစားနေဆဲတွင်ပင် ကျင်းယွင်ကျောင်းမှ ရုတ်ချည်းဆိုသလို ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပြီလေ သွားကြည့်ကြတာပေါ့”

သူမသည် ထိုအဆောင်ဟောင်းနှင့်ပတ်သတ်ပြီး သိထားလေသည်။ A တက္ကသိုလ်၏ အနောက်တောင် ထောင့်စွန်းတွင် တည်ရှိသောနေရာဖြစ်သည်။ ယခင်က ဘေးတစ်ဖက်ခြမ်းစီတွင် အဆောက်အုံအချို့ရှိနေခဲ့သော်လည်း ထိုအဆောက်အဦးမှာ သက်တမ်းအရင့်ဆုံးဖြစ်သဖြင့် တဖြည်းဖြည်းဖြင့် စွန့်ပစ်ခံလိုက်ရလေသည်။ ထိုအဆောင်ရှိ အခန်းအများစုအား ပစ္စည်းများသိုလှောင်သိမ်းဆည်းရန်အတွက်သုံးပြီး သူ၏အနီးဝန်းကျင်မှအဆောက်အဦးများကိုမူ ကျောင်းမှ အားကစားအသင်းများ၊ အနုပညာအသင်းများ၏ဆုံရပ်အဖြစ် အသုံးပြုကြတော့သည်။

ကျောင်းအသင်းများအသုံးပြုသော အဆောက်အဦးတွင် လူများဝင်ထွက်လေ့ရှိသော်လည်း ပစ္စည်းအဟောင်းများသိမ်းဆည်းထားသော အဆောက်အဦးမှာ ထိုသို့မဟုတ်ပေ။ ထိုနေရာသို့ လူများသွားလေ့သွားထမရှိသည့်အပြင် ကျောင်းပစ္စည်းများ သိုလှောင်သိမ်းဆည်းထားသောနေရာဖြစ်သောကြောင့် တိုက်အောက်တွင် အစောင့်အကြပ်များရှိ၏။ ထိုတိုက်ထဲသို့ ဝင်ထွက်ခွင့်ရရှိနိုင်ရန် လက်မှတ်တစ်ခု လိုအပ်ပေသည်။

တုရုန်းယန်တွင် မျှော်လင့်ချက်သိပ်မရှိခဲ့ချေ။ ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်ကို မြင်လိုက်ရသောအခါ သူသည် ကြောင်အမ်းသွား၏။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူသည် လျင်မြန်စွာပြုံးပြလိုက်ပြီး နားဝင်ချိုစွာ ပြောလိုက်၏။

“ဒါ-ဒါဆိုကောင်းတာပေါ့”

“အခုသွားကြရအောင်၊ တကယ်တော့ အဲဒီမှာ ဆေးဌာနက ပစ္စည်းတွေပဲရှိတာမဟုတ်ဘူး စာအုပ်အဟောင်းတွေလည်းရှိတယ်၊ အချက်အလက်တချို့ရှာချင်ရင် ဆရာကတော့ အဲ့ကိုပဲသွားတတ်တယ်၊ နောက်ကျ မင်းလိုချင်တာတစ်ခုခုရှာတွေ့ရင် ဆရာ့နာမည်နဲ့ ငှားလို့ရတာပေါ့၊ ပြသာနာမရှိဘူး”

တုရုန်းယန်သည် သုတ်သုတ်ပြာပြာဖြင့် ပြောလိုက်ပြီး ပုံမှန်ထက် ကြင်နာနေဟန်ရှိလေသည်။

ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်ကာ ဘာမှမဆက်မပြောချေ။

A တက္ကသိုလ်သည် ကျယ်ဝန်းလှပြီး အဆောက်အဦးဟောင်းမှာလည်း သူတို့အဆောင်နှင့် အနည်းငယ်လှမ်း၏။ ထို့ကြောင့် ထိုနေရာသို့ရောက်ရန် သူတို့သည် မိနစ် ၂၀ တိတိ အချိန်ယူလိုက်ရလေသည်။

အသွားလမ်းတွင် တုရုန်းယန်သည် သူမနှင့်စကားမပြတ်ပြောနေသည်ကို သူမသတိထားမိ၏။ သူမသည် ရုတ်တရတ်ဆိုသလို စိတ်ပြောင်းသွားပြီး သူ့နောက်မလိုက်တော့မည်ကို စိတ်ပူနေသကဲ့သို့ပင်။

အဆောက်အဦးတစ်ခုလုံး တိတ်ဆိတ်နေပြီး လူအဝင်အထွက်စာရင်းမှတ်သည့် အသက်ကြီးကြီးလူတစ်ဦးသာ အောက်ထပ်တွင် စောင့်ကြပ်နေလေ၏။

စာရင်းမှတ်တာဝန်ယူရသောလူမှာ တုရုန်းယန်၏အထောက်အထားကတ်ပြားကိုသာ ကြည့်ပြီး မည်သည့်မေးခွန်းမှမမေးချေ။ တုရုန်းယန်သည် ကျင်းယွင်ကျောင်းနှင့်အတူ အထဲသို့ဝင်သွားလိုက်၏။ အဆောက်အဦးထဲရှိ မီးအလင်းရောင်မှာ မှိန်ပျနေပြီး‌ လေထုမှာလည်း ဖုန်နံ့များဖြင့် ပြည့်နှက်နေသည်။ အလွန်ပင်ဆိတ်ငြိမ်လှသည်။ နှစ်ဦးသားသည် ဓာတ်လှေကားထဲသို့ ဝင်လိုက်၏။ သို့ရာတွင် တုရုန်းယန်သည် မြေအောက်ထပ် ၁ သို့ ခလုတ်နှိပ်လိုက်တော့သည်။ ကျင်းယွင်ကျောင်းမျက်လုံးများ လက်ခနဲဖြစ်သွားသည်။

သူမသည် A တက္ကသိုလ်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်၍ သိုလှောင်ရေးအဆောက်အဦး၏ မြေအောက်ထပ်တွင်ရှိသောအရာကို မသိဘဲ အဘယ်သို့နေမည်နည်း?

“ဆရာတုက ဆေးပစ္စည်းတွေရှာနေတာမဟုတ်ဘူးလား? ဘာလို့အလောင်းတွေရှိတဲ့နေရာကို သွားနေတာလဲ?”

ကျင်းယွင်ကျောင်းသည် ထူးဆန်းသောလေသံဖြင့် မေးလိုက်၏။

ထိုအသံသည် အေးတိအေးစက်နိုင်လွန်းသဖြင့် လူများအား ခေါင်းကျိန်းစေလေသည်။ တုရုန်းယန်ပင်လျှင် ၎င်းကိုကြားလိုက်သောအခါ နေမထိထိုင်မသာဖြစ်သွားသော်လည်း အောက်ထပ်မှ စိုစွတ်မှုနှင့် အအေးဒဏ်ကြောင့်ဖြစ်မည်ဟုသာ မှတ်လိုက်ပြီး အာရုံသိပ်မထားတော့ချေ။

မြေအောက်ထပ်တွင် ဆေးဌာနမှ ခွဲစိတ်ရေးနှင့် စောင့်ကြည့်လေ့လာရေးအတွက်အသုံးပြုရန် ဆေးများဖြင့်စီမံထားသော အလောင်းအချို့ရှိလေသည်။

“ဪ အရင်တစ်ခေါက်က ဆေးကျောင်းသားတစ်ယောက်က သူ့ပစ္စည်းတွေ ဒီမှာကျန်ခဲ့တယ်လို့ ကြားလိုက်လို့”

တုရုန်းယန်မှ ခြောက်ကပ်စွာ ရှင်းပြလိုက်သည်။

ဤမျှလောက် နမော်နမဲ့နိုင်သောမုသားတစ်ခုအား မည်သူကယုံမည်နည်း။ ကျင်းယွင်ကျောင်းသည် ခနဲ့သံဖြင့်သာ ရယ်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။

အလောင်းရှိသောနေရာအား သူမကြောက်နေလိမ့်မည်ဟု တုရုန်းယန်ထင်လိုက်သလော?

ကျင်းယွင်ကျောင်းသည် တစ်လှမ်းချင်းလှမ်းသွားလိုက်သည်။ တစ်ခန်းလုံးသည် အလောင်းမျိုးစုံဖြင့်ပြည့်နေပြီး ပျို့အန်လုဖွယ်အနံ့အသက်တစ်ခုက လွှမ်းထား၏။ အလောင်း၏အနံ့အသက်နှင့် ဆေးအနံ့များရောပြွန်းနေသဖြင့် စိတ်မခိုင်ချင်စရာဖြစ်ပေသည်။

“ဆရာတု၊ လိုချင်တာလည်းရသွားပြီဆိုတော့ ဆက်ဟန်ဆောင်စရာမလိုတော့ဘူးမှတ်လား?”

ကျင်းယွင်ကျောင်းမထေ့တထေ့ဖြင့် ပြောလိုက်သည်။

တုရုန်းယန်သည် ၎င်းကိုကြားလိုက်သောအခါ တံခါးကိုပိတ်ပြီး ကြမ်းကြုတ်စွာပြောလိုက်၏။

“မင်းကနပ်သားပဲ၊ ဒါဆို ဘာလို့ငါ့နောက်ကို စိတ်ပါပါနဲ့ လိုက်လာတာလဲ? ကျင်းယွင်ကျောင်း၊ မင်းငါပြောသလို လိမ်လိမ်မာမာလုပ်တာကောင်းမယ်၊ ဓာတ်ပုံတစ်ပုံရိုက်ပြီးတာနဲ့ မင်းကိုပြန်လွှတ်ပေးမှာ၊ လိမ်လိမ်မာမာမနေရင်တော့ ငါ့အဆိုးမဆိုနဲ့”

Space and Rebirth 824

ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ ခပ်ဟဟရယ်လိုက်တော့သည်။ ကျိုးမေ့ကျွန်းသည် တုရုန်းယန်အား သူမ၏လက်တုံ့ပြန်ပုံနည်းလမ်းများအား မပြောပြရသေးသည့်ပုံပေါက်လေသည်။ အမှန်တကယ်ပင် စိတ်မကောင်းစရာဖြစ်၏။

“ဓာတ်ပုံ? ဘယ်လိုဓာတ်ပုံမျိုးကို လိုချင်တာလဲ?”

ကျင်းယွင်ကျောင်းသည် ဟမ့်ခနဲအသံပြုကာ သူမအိတ်ကပ်ထဲမှဖုန်းကို ကိုင်လိုက်၏။

“ဘယ်လိုဓာတ်ပုံဖြစ်ရမှာလဲ?! ရူးချင်ယောင်ဆောင်မနေနဲ့ မင်းကမိန်းကလေးတစ်ယောက်ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါလိုယောက်ျားတစ်ယောက်ကို အားပြိုင်နိုင်မှာမဟုတ်ဘူး၊ မင်းခေါင်းငုံ့ခံရင် ပိုသက်သာလိမ့်မယ်၊ မဟုတ်လို့ကတော့ နောက်ပိုင်း ဒုက္ခအကြီးအကျယ်ရောက်ရမည့်လူက မင်းကိုယ်တိုင်ပဲ”

တုရုန်းယန်ဆက်ပြောလိုက်၏။

သူသည် ပြောပြောဆိုဆိုဖြင့် သူ၏ဖုန်းကို ထုတ်လိုက်လေသည်။

“မင်းဘာသာမင်းချွတ်စမ်း!”

ကျင်းယွင်ကျောင်း လှောင်ရယ်သံပြုလိုက်၏။

“ကျွန်မကိုဓာတ်ပုံတွေရိုက်ပြီး ခြိမ်းခြောက်ချင်တာလား? ရှင့်မှာ အပြစ်မရှိပါဘူးလို့ လိမ်ပေးရမှာလား ဒါမှမဟုတ် လက်ထောက်ပါမောက္ခရာထူးရအောင် ဆရာမိုကို စကားကောင်းပြောပေးရမှာလား? ဆရာတု၊ ဆရာတစ်ယောက်ဖြစ်နေရက်သားနဲ့ လူနောက်ကွယ်မှာ ဒီလိုတွေလုပ်နေတာ တကယ်အရှက်မရှိတာပဲ”

“ဟမ့်၊ မင်းစကားတတ်တာငါသိတယ် ကျင်းယွင်ကျောင်း၊ မင်းကမျက်ခွက်နဲ့လုပ်စားပြီး အဆင့်တက်လာတဲ့ တောသူမတစ်ယောက်သာသာပဲလို့ မေ့ကျွန်း ငါ့ကိုပြောထားတယ်၊ မိုကျန်းယန်မင်းဘက်ကကာပြောပေးနေလို့သာ ဒီလိုအမောက်ထောင်နိုင်တာ၊ မင်းအနောက်မှာ မိုကျန်းယန်သာမရှိရင် ဌာနမှူးကလည်း ငါ့ကို ပစ်ပစ်ခါခါဆက်ဆံမှာမဟုတ်ဘူး…”

"မင်းဒီနေ့အင်္ကျီချွတ်မှဖြစ်မယ်၊ ချွတ်ပြီးရင် ငါပြောသလိုပဲလုပ်၊ မဟုတ်ရင် မင်းပုံတွေကို လိုင်းပေါ်တင်ပြီး တစ်သက်လုံးခေါင်းမဖော် နိုင်အောင် လုပ်ပစ်မယ်၊ လူနောက်ကွယ်မှာ မင်းကဒီလိုလူစားမျိုးမှန်း ပါမောက္ခမိုလည်းသိရင် မင်းကိုတပည့်အနေနဲ့ လက်ခံတော့မယ်ထင်လား? မင်းလိုမိန်းကလေးမျိုးက ဘယ်လိုလုပ်ပြီး A တက္ကသိုလ်မှာ ဆက်နေနိုင်မှာလဲ?

တုရုန်းယန်သည် ယုံကြည်ချက်ပြည့်ဝနေဟန်ရှိသည်။ ကျင်းယွင်ကျောင်းတွင် ကျောထောက်နောက်ခံတစ်ဦးရှိသော်လည်း ထိုအရာမှာ တည်မြဲသလော? လုံးဝမတည်မြဲနိုင်ပါပေ!

မိုကျန်းယန်သည် သူမ၏ပါရမီအရည်အသွေးကြောင့်သာ သူမအား သဘောကျခြင်းဖြစ်သော်လည်း သူသည် အကျင့်စာရိတ္တရှိသူကို ပိုမိုတန်ဖိုးထားတတ်ကြောင်း တုရုန်းယန်ကောင်းကောင်းသိထား၏။ သူမအနာဂတ်မပျက်စီးလိုလျှင် သူ၏စကားကိုနားထောင်ရုံမှအပ အခြားရွေးချယ်စရာမရှိချေ။

“ဆရာတုပုံစံကြည့်ရသလောက် ဒီလိုပုံနဲ့လူတွေကို ခြိမ်းခြောက်တာ ပထမဆုံးအကြိမ်မဟုတ်ဘူးထင်တယ်”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်၏။

“သောက်ရေးမပါတာတွေ တော်စမ်း! မင်းချွတ်မှာလား မချွတ်ဘူးလား?!”

တုရုန်းယန်စကားပြောရင်း သူမထံလျှောက်လာလိုက်သည်။

ကျင်းယွင်ကျောင်းသည် နောက်သို့နှစ်လှမ်းဆုတ်ကာ ပြောလိုက်၏။

“ဆရာတု၊ ကြည့်ရတာ ဆရာ့ရဲ့အံဆွဲထဲကပစ္စည်းတွေကို ကျောင်းမှာသုံးတာထင်တယ်၊ မိန်းကလေးဘယ်နှစ်ယောက်လောက်ကို အနိုင်ကျင့်ပြီးပြီလဲ? ကျွန်မကိုလည်း သူတို့အတိုင်းခြိမ်းခြောက်မလို့လား?”

“စိတ်ပူမနေနဲ့၊ မင်းကရုပ်ရည်လေးရှိပေမယ့် ငါမင်းကိုစိတ်မဝင်စားဘူး၊ လက်ဖျားနဲ့တောင်မထိဘူး”

တုရုန်းယန်၏မျက်နှာထားသည် အလွန်စက်ဆုပ်ဖွယ်ကောင်းနေ၏။ သူသည် လက်ကိုလှမ်းကာ ကျင်းယွင်ကျောင်း၏အင်္ကျီများကို ဆွဲချွတ်ရန် ကြိုးစားလိုက်သည်။

ကျင်းယွင်ကျောင်း ပြုံးလိုက်သည်။ တုရုန်းယန်မှ သူမအား မထိနိုင်ခင်တွင်ပင် သူမကန်ထည့်လိုက်၏။ “ဖောင်း” ဟူသောအသံဖြင့် တုရုန်းယန်သည် အလောင်းများဖြင့်ပြည့်နှက်နေသော ရေကန်ထဲသို့ ပြုတ်ကျသွားတော့သည်။

ရေထဲတွင် ပေါလောပေါ်နေသောအလောင်းများသည် လွန်စွာမှပင် ရွံရှာဖွယ်ကောင်းလှပေသည်။ အလောင်းများ၏ အရောင်မှာ ထိုင်းမှိုင်းနေပြီး ၎င်းတို့၏အသားစိုင်မှာလည်း ဝက်အူချောင်းကဲ့သို့ဖြစ်နေသည်။ တုရုန်းယန်သည် ထိတ်လန့်တုန်လှုပ်သွားသဖြင့် ထိုကန်ထဲမှ လျင်မြန်စွာတွားသွား၍ ထွက်လာသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းတွင် ကျင်းယွင်ကျောင်းပစ်ချလိုက်သော နောက်ထပ်အလောင်းတစ်လောင်း၏အောက်တွင် ပိကျသွားလေ၏။

“ဆရာတု၊ မလာနဲ့နော်၊ မဟုတ်ရင် ဆရာ့အပေါ် အားနာနေတော့မှာမဟုတ်ဘူး…”

ကျင်းယွင်ကျောင်းသည် ဖုန်းကိုကိုင်ကာ မိုက်ခရိုဖုန်းထဲသို့အော်လိုက်ပြီး အသံမှတ်တမ်းတင်နေသည်ကို ရပ်လိုက်၏။

သူမမျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းလဲသောအပြုံးတစ်ခု ပေါ်ပေါက်လာသည်။

“ဆရာတု၊ အခုချိန်ကစပြီး ကျွန်မလုပ်သမျှက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပဲ၊ ဆရာနည်းနည်းထပ်ကြိုးစားရတော့မယ်ထင်တယ်”

တုရုန်းယန်၏ ရင်ဘတ်အစုံတုန်ယင်သွားသည်။ သူပြန်မပြောနိုင်ခင်တွင်ပင် သူ၏လက်မောင်းပေါ်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းဆိုသလို အော်ဟစ်လိုက်၏။ သို့ရာတွင် ဤသည်မှာ တိုက်ပျက်တစ်ခုဖြစ်ပြီး အနီးပတ်ဝန်းကျင်တွင်လည်း မည်သူမှမရှိပေ။ ထို့အပြင် ပထမထပ်တွင်လည်း လွန်စွာအသံလုံသော ထူထဲသည့်တံခါးကြီးတစ်ခုရှိသေးသည်။ သူလည်ချောင်းကွဲအောင်အော်လျှင်ပင် မည်သူမှလာမည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းသည် သူ၏လက်ကိုချိုးလိုက်ပြီးနောက် သူ့အား အလောင်းများထံဖိကပ်ပေးလိုက်သည်။ ချက်ချင်းဆိုသလို သူ၏မျက်နှာနှင့် ပါးစပ်သည် ဆေးစိမ်ထားသောအလောင်းများနှင့် ပူးကပ်ထိတွေ့သွားတော့၏။ တုရုန်းယန်သည် ပျို့အန်လုမတတ်ဖြစ်နေပြီး ခုခံရုန်းကန်ချင်သော်လည်း စက္ကန့်ပိုင်းအတွင်းတွင် ကျင်းယွင်ကျောင်း၏တိုက်ကွက်သည် မိုးသီးကြွေကျသကဲ့သို့ အိဆင်းကျလာတော့သည်။

All Chapters