အခန်း (၈၂၉-၈၃၂)
Vol. 42 Ch. 829-832
Space and Rebirth 829
တုရုန်းယန်သည် ကျင်းယွင်ကျောင်းအား အသေမုန်းတီးနေ၏။ မဒမ်ကျိုးမှ ငိုငိုယိုယိုဖြင့် လာလည်သောအခါ သူသည် ကြမ်းကြုတ်သောမျက်နှာဖြင့် ကျင်းယွင်ကျောင်းအား ကျိန်ဆဲလိုက်သည်။ မဒမ်ကျိုးပင် အချိန်မီမတုံ့ပြန်လိုက်နိုင်ချေ။
သူမတွင် မောင်လေးတစ်ဦးတည်းသာရှိ၏။ သူမစိတ်ထဲတွင် သူမမောင်လေးမှာ နူးညံ့ညင်သာပြီး သိက္ခာရှိယောက်ျားတစ်ဦးဖြစ်သည်။ ငယ်စဥ်ကတည်းကပင် လိမ္မာရေးခြားရှိခဲ့သူဖြစ်သည်။ ထိုသို့သောသူက ကျောင်းသူများအား လိင်အကြမ်းဖက်သည်ဟု ရဲအရာရှိများက ပြောသောအခါ သူမသည် တစ်ခွန်းမျှမယုံကြည်ဘဲ ရှေ့နေတစ်ဦးပင် ငှားခဲ့သေးသည်။ သို့သော် သူမမောင်ဖြစ်သူ၏ကိစ္စကို စုံစမ်းလေ့လာလေလေ အစ်မတစ်ဦးအနေဖြင့် တုရုန်းယန်အား သူမနားမလည်ကြောင်း သိလာလေလေဖြစ်သည်။
သူမသည် စိတ်ပျက်သွားရသော်လည်း သူမ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သည့်အလျောက် စွန့်ပစ်မထားခဲ့နိုင်ပေ။
ထို့ကြောင့် သူမမောင်ဖြစ်သူမှ ကျင်းယွင်ကျောင်းအား မုန်းတီးနေသည်ကို မြင်သောအခါ သူမသည်လည်း ဒေါသပုန်ထရ၏။
ကျင်းယွင်ကျောင်းကြောင့် သူမသမီးဖြစ်သူသည် ကျောင်းထုတ်ခံရပြီး ထိုမိန်းကလေးကြောင့်ပင် သူမမောင်လေး၏အနာဂတ်ပျက်စီးခဲ့ရသည်။ ဤကောင်မလေးသည် သူမ၏ကမ္ဘာ့ရန်ဘက်ဖြစ်လေသည်!
သို့ရာတွင် သူမသည် သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သည်။ မဒမ်ကျိုးရာထူးမှ အကျိုးအမြတ်များများစားစားမရရှိချေ။ ကျိုးမိသားစု၏ဘဏ္ဍာရေးမှာ သူမလက်ထဲတွင် မရှိသည့်အပြင် သူမအနောက်တွင်လည်း မည်သည့်အင်အားမျှမရှိရုံသာမက သူမအမျိုးသားကိုလည်း အကူအညီတောင်းခံ၍မရသောအခြေအနေတွင်ရှိနေ၏။ ထို့ကြောင့် သူမသည် တောက်ခေါက်၍သာနေနိုင်တော့သည်။ ကျင်းယွင်ကျောင်းအား လုံးဝလက်တုံ့မပြန်နိုင်ပါပေ။
တစ်ချိန်တည်းတွင်ပင် ကျောင်းထဲတွင်လည်း သတင်းများပျံ့နှံ့နေ၏။ တုရုန်းယန်သည် ကျင်းယွင်ကျောင်းအား အမှားလုပ်မိသဖြင့် ပရော်ဖက်ဆာမိုမှ သူ့အားအလုပ်ထုတ်လိုက်သည်ဟု အချို့ကပြောကြသည်။ အချို့ကမူ တုရုန်းယန်မှ အစက ကျင်းယွင်ကျောင်းအား လူသေရုံသို့ခေါ်ပြီး သတိပေးချင်ခဲ့သော်လည်း အဆုံးတွင် သူသာ ကြောက်သွားရသည်ဟုလည်း ပြောကြ၏။ သူသည် လူနောက်ကွယ်တွင် မဖွယ်မရာများစွာ လုပ်ခဲ့ပြီး လူမိသွားသဖြင့် ယခုထောင်ထဲသို့အပို့ခံနေရသည်ဟု ပြောကြသောလူများစွာလည်း ရှိပေသည်...
သို့ရာတွင် မည်သို့သောသတင်းဖြစ်စေကာမူ မည်သူမှ သက်သေမပြနိုင်ချေ။ A တက္ကသိုလ်တွင် ဆရာများစွာရှိသဖြင့် ဆရာတစ်ဦးအား အလုပ်ထုတ်ရုံဖြင့် ကျောင်းသားများ ထိခိုက်နစ်နာမှုမရှိသွားပေ။ အများဆုံးအနေဖြင့် နှစ်ရက်တာမျှ ညစာထမင်းဝိုင်းတွင် ဆွေးနွေးအတင်းပြောကြရုံသာရှိမည်။
အခြေအနေများငြိမ်ကျသွားရန် အချိန်မကြာလိုက်ချေ။ ကျောင်းသားများမှာ တုရုန်းယန်၏ဖြစ်တည်မှုကိုပင် မေ့လျော့ကုန်လေပြီ။ တုရုန်းယန်၏အနိုင်ကျင့်ခြင်းခံခဲ့ရသော မိန်းကလေးများမှာ ထိုမှသာ စိတ်အေးလက်ချနေနိုင်ကြတော့သည်။ ကျင်းယွင်ကျောင်းသည် ထိုကျောင်းသူများ မည်သူဖြစ်ကြောင်းကို သိလည်းမသိသလို သိချင်စိတ်လည်းမရှိချေ။
...
ကျောင်းပိတ်ရက်တွင် ကျင်းယွင်ကျောင်းသည် အပြင်ထွက်ရန် ပြင်လိုက်ပြန်၏။
သူမထုပ်ပိုးနေသည်ကို ဟော်ထျန်းရှန်းမြင်သောအခါ ချက်ချင်းမေးလိုက်သည်။
“ချိန်းတွေ့ဦးမလို့လား?”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။
“မြို့ထဲကို သူငယ်ချင်းတစ်ယောက်လာလည်မှာမို့ သူ့ကိုသွားတွေ့မလို့”
ကျင်းယွင်ကျောင်းဖြေလိုက်၏။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က ပိုင်ယွီအန်းသည် သူ့ကိုဖုန်းဆက်ပြီး အလုပ်ကိစ္စဆွေးနွေးရန် မြို့ထဲသို့လာမည်ဟု ပြောခဲ့သည်။ ကုမ္ပဏီ၏အခြေအနေကိုလည်း သူမအား အစီရင်ခံချင်နေပေသည်။
သူမသည် ပိုင်ယွီအန်းကိုသာမက မနက်ဖြန်တွင် ဟိုင်ချင်းနှင့်အခြားသူများကိုပါ တွေ့ရတော့မည်။ သူမသည် သူမ၏အချိန်ဇယားကို ပြင်ဆင်နှင့်ပြီဖြစ်သည်။
သို့သော် ချိန်းတွေ့မည်ဟူသောစကားကြောင့် ကျင်းယွင်ကျောင်းရှက်သွေးဖြာသွားတော့သည်။ သူမသည် လီရှောက်ယွင်နှင့်ဆက်ဆံရေးအား အတည်ပြုပြီးသည့်အချိန်မှစ၍ အချိန်အတော်ကြာပြီဖြစ်သော်လည်း နှစ်ဦးသားသည် ပြန်မတွေ့ရသေးချေ။ လီရှောက်ယွင်သည် လက်တလောပိုင်းတွင် စစ်ဆင်ရေးလေ့ကျင့်မှုတစ်ခုကို ထမ်းဆောင်နေရသဖြင့် နေ့တိုင်း အလွန်အလုပ်ရှုပ်နေလေသည်။ သူမဖုန်းဆက်လိုက်တိုင်း သူ၏ဘေးမှ လေ့ကျင့်သံများနှင့် သေနတ်သံများကိုကြားနေရပြီး သူ့ကိုယ်ပိုင်အသံမှာလည်း အလွန်ပင်ပန်းနေသည့်ပုံပေါက်လေသည်။
“နင့်ကိုသိလာလေလေ နင့်ပုံစံက ပိုပြီးလျှို့ဝှက်နက်နဲလာလေပဲ”
ဟော်ထျန်းရှန်းသည် မျက်ခုံးများကိုပင့်ကာ ပြုံးလိုက်၏။ ထို့နောက် သူမအား ကတ်တစ်ခုကမ်းပေးကာ ပြောလိုက်သည်။
“နင်အနောက်တိုင်းစားသောက်ဆိုင်သွားမှာဆိုရင် ဒီနေရာသွားလို့ရတယ်၊ ငါ့ကတ်ကိုသုံးပြီး အထူးဧည့်သည်အနေနဲ့သွားပေါ့၊ ဪ ပြီးတော့ ပြောရဦးမယ် နင့်သူငယ်ချင်းတွေက လက်ဝတ်ရတနာဖြစ်ဖြစ် တခြားဟာဖြစ်ဖြစ် ဝယ်ချင်တာရှိရင် ဟော်မိသားစုဆိုင်ကိုလာခဲ့လေ၊ ငါမိတ်ဆက်ပေးရင် နင်တို့လျှော့စျေးတွေအများကြီးရမှာ”
ဤဆိုင်များသည် အလွန်ပင်ငွေကုန်ကြေးကျများ၏။ သူတို့ပထမဆုံးစတွေ့စဥ်က သူမသည် ကျင်းယွင်ကျောင်း၏နောက်ခံကို မသိသဖြင့် သူမအား ဘာမှမပေးချင်ခဲ့ချေ။ သို့သော် ယခုတွင် သူမများများစားစားတွေးစရာမလိုပေ။ ကျင်းယွင်ကျောင်းသည် ငွေပေါများသောသူဖြစ်၏။
တောက်ပြောင်နေသောကတ်နှစ်ကတ်သည် အလွန်ပင် ထူးခြားသည့်ပုံပေါက်လေသည်။ ကျင်းယွင်ကျောင်းသည် သူမ၏ကြင်နာမှုကို မငြင်းဘဲ ထိုကတ်များကို သိမ်းလိုက်သည်။
သူမ၏အိတ်ထဲတွင် VIP ကတ်များစွာရှိပြီး နင်းမြို့တော်ကကတ်များလည်းရှိ၏။ ကတ်အုပ်မှာ ထူထဲလှသော်လည်း သူမသည် ၎င်းတို့အများစုကို မသုံးချေ။ ကျင်းယွင်ကျောင်းသည် သူမအထုပ်အပိုးများကို ထုပ်ပိုးပြီး မြို့ထဲသို့သွားလိုက်တော့သည်။
Space and Rebirth 830
ပိုင်ယွီအန်းသည် သူ၏ကိုယ်ပိုင်ကားကို မောင်းလာသောကြောင့် သူမသည် သူ့အားဘူတာရုံသို့ သွားကြိုစရာမလိုပေ။ နှစ်ဦးသားသည် မြို့ထဲရှိ အထင်ကရအဆောက်အဦးတစ်ခု၌ တွေ့ဆုံကြရန် ချိန်းထား၏။ ကျင်းယွင်ကျောင်းရောက်လာသောအချိန်တွင် ပိုင်ယွီအန်းကားမှာ ထိုနေရာတွင် ပါကင်ထိုးထားကြောင်း မြင်လိုက်ရသည်။
ဤကားမှာ ကျင်းယွင်ကျောင်းထံမှရထားသော အလုပ်ခံစားခွင့်တစ်ခုဖြစ်၏။ ပိုင်ယွီအန်းနှင့် ရှန်းကျင်တွင် တစ်ယောက်တစ်စီးစီရှိလေသည်။ သူတို့အပြင် ကုမ္ပဏီ၏အခြားအုပ်ချုပ်ရေးအဖွဲ့ဝင်များသည်လည်း အပိုဆုကြေးငွေများစွာ ရရှိထား၏။
ကျင်းယွင်ကျောင်းသည် ထိုကားထံသို့ လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကားတံခါးပွင့်သွားပြီး ပိုင်ယွီအန်းသည် အရပ်ဝတ်အင်္ကျီကို ဝတ်ဆင်၍ ထွက်လာသည်။ သို့ရာတွင် သူမအား မကြည့်ပေ။ ထိုအစား တစ်ဖက်ခြမ်းသို့သွား၍သာ ကားတံခါးကို ဖွင့်လိုက်၏။
နောက်လူတစ်ဦးပါလာသည်လော? ကျင်းယွင်ကျောင်းခေတ္တမျှကြောင်အမ်းသွား၏။
စက္ကန့်ပိုင်းအတွင်းတွင် အတန်ငယ်အိုစာသောမျက်နှာတစ်ခုက ကျင်းယွင်ကျောင်းရှေ့မှောက်တွင် ပေါ်ပေါက်လာသည်။ ရုတ်ချည်းဆိုသလို သူမ၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးတက်သွား၏။ သူမသည် ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန်လျှောက်သွားလိုက်သည်။
“အဘိုးရှု”
သူမအသံသည် ချိုသာကြည်လင်နေပြီး အံ့သြရိပ်များပြည့်နှက်နေ၏။
ပိုင်ယွီအန်းသည် တစ်ယောက်တည်းလာခဲ့မည်ဟု သူမအား အသေအချာပြောခဲ့သည်။ အဘိုးရှုပါ ပါလာမည်မှန်း သူမသိခဲ့လျှင် သူကောင်းစွာအနားယူနိုင်ရန် အဘိုးရှုအကြိုက်ဟိုတယ်တစ်ခုခုအား ဘိုကင်တင်ခဲ့ပေမည်။
အကြီးအကဲရှုသည် သိပ်အသုံးမဝင်သောတုတ်ကောက်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်၏။ သူသည် ညင်သာစွာဖြင့် နှာကိုမှုတ်ကာ ပြောလိုက်၏။
“ကောင်မစုတ်လေး၊ အဘိုးကိုလာတွဲပေးစမ်း၊ ကြီးသူလေးစား ငယ်သူသနားဆိုတဲ့စကားကို မကြားဖူးဘူးလား?”
“ဟုတ်!”
ကျင်းယွင်ကျောင်းပျော်ရွှင်စွာဖြင့် သွားရောက်ကူညီပေးလိုက်သည်။ အဘိုးအိုမှ ကျေနပ်အားရဟန်ဖြင့် တုတ်ကောက်အား ကားထဲသို့ပြန်ပစ်လိုက်သည်ကို သူမကြည့်လိုက်၏။
အဘိုးရှုရောက်လာသဖြင့် မြို့တော်သည် အိမ်၏အငွေ့အသက်များ အနည်းငယ်ရရှိသွားလေသည်။
“အဘိုးရှုပဲ မြို့ထဲပြန်မလာချင်ဘူးလို့ ပြောထားတာမဟုတ်ဘူးလား? ဟုတ်သားပဲ ဦးလေးရှင်းယွမ်ရော? သူလိုက်မလာဘူးလား?”
ကျင်းယွင်ကျောင်းသည် ရွှင်မြူးသောလေသံဖြင့် မေးလိုက်၏။
အဘိုးရှုသည် သူမအား စိုက်ကြည့်လိုက်သည်။
“အရင်တုန်းကမလာချင်ပေမယ့် အခုလာချင်သွားပြီ၊ ရှင်းယွမ်ကတော့...နယ်မှာ ဆေးဝါးလုပ်ငန်းတချို့ကို အပြီးသတ်စရာလေးရှိလို့ မပါလာဘူး၊ အဲ့အလုပ်ကိစ္စပြီးရင် လိုက်လာလိမ့်မယ်”
အဘိုးရှု၏စကားများကြောင့် ကျင်းယွင်ကျောင်းကြောင်အသွားသည်။ နှစ်စက္ကန့်မျှအကြာတွင် သူမသည် အံ့အားသင့်စွာဖြင့် မေးလိုက်တော့၏။
“အဘိုးရှုပြောနေတာက...မြို့တော်ထဲမှာ အခြေချချင်တယ်ဆိုတဲ့ အဓိပ္ပာယ်လား?’
သူမသည် နယ်မြို့လေးမှ ထွက်လာစဥ်က အဘိုးရှုပါ သူမနှင့်အတူ မြို့ထဲလိုက်လာရန် မျှော်လင့်ခဲ့မိသည်။ ပထမအချက်အနေဖြင့် သူမသည် အဘိုးရှုအား သူမ၏မိသားစုဝင်အရင်းကဲ့သို့ သတ်မှတ်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အဘိုးရှု၏သားများအားလုံးသည် မြို့တော်ထဲတွင်ရှိကြသဖြင့် မိသားစုအချင်းချင်း ပြန်လည်ဆုံစည်းစေလိုသောကြောင့်ဖြစ်၏။
သို့ရာတွင် အကြီးအကဲရှုသည် ထိုအကြံကို လုံးဝသဘောမတူခဲ့ချေ။
သူမသည် ကန်စုန့်ပိုင်အား သူမ၏မွေးစားအဘိုးအနေဖြင့် လက်ခံခဲ့သော်လည်း ရင်းချာမှုနှင့်ပတ်သတ်လာလျှင် အဘိုးရှုမှာ သူမ၏မိသားစုဝင်နှင့် ပိုတူပေ၏။ အဘိုးကန်မှာ အစကတည်းက သားသမီးမြေးမြစ်များပြည့်နှက်နေသောအိမ်တွင် နေသူဖြစ်သောကြောင့် သူ့အား ခြေဆုပ်လက်နယ်ပြုစုပေးမည့် လူငယ်များမပြတ်ချေ။ ထို့အပြင် သူမအား အနည်းနှင့်အများဆိုသလို သနားစိတ်ရှိပြီး သူမအပေါ် အတန်ငယ်ယဥ်ကျေးပျူငှာလေသည်။ သို့ရာတွင် အဘိုးရှုမှာ ထိုသို့မဟုတ်ပေ။ သူသည် သူမအား စကားကောင်းကောင်းတစ်ကြိမ်မျှ မပြောသော်လည်း သူမအား အလွန်ကောင်းမွန်စွာ ဆက်ဆံ၏။
ဤအခိုက်အတန့်တွင် သူမအလွန်ပျော်ရွှင်နေကြောင်း မြင်လိုက်ရသောအခါ အကြီးအကဲရှု၏မျက်နှာထားသည်လည်း ယခင်ကထက် များစွာပို၍ ပြေလျော့သွား၏။
“ယွင်ကျောင်း၊ မင်းမရှိတဲ့အတောအတွင်းမှာ အကြီးအကဲရှုက အရမ်းပျင်းနေခဲ့တာ၊ မင်းပြောတဲ့အတိုင်း သူ့ဆီကို အပတ်တိုင်း ဝိုင်တွေသွားပို့တယ်လေ၊ အဲ့အချိန်တိုင်းမှာ အကြီးအကဲရှုက မင်းရဲ့လက်ရှိအခြေအနေကို မေးမေးနေတာ၊ အဲ့တော့ ငါလည်း သူ့ကိုခေါ်လာရုံပဲတတ်နိုင်တော့တယ်...”
ပိုင်ယွီအန်း မနေနိုင်မထိုင်နိုင် ရယ်လိုက်တော့၏။ အကြီးအကဲရှု၏ဒေါသကို ကျင်းယွင်ကျောင်းသာ ထိန်းချုပ်နိုင်ကြောင်း သူမြင်နေရသည်။
အကြီးအကဲရှုသည် ဝိုင်သောက်ရသည်ကို နှစ်သက်သဖြင့် သူသည် အလွန်အကျွံသောက်သုံးမည်ကို ကျင်းယွင်ကျောင်းစိုးရိမ်သောကြောင့် သူ၏အိမ်သို့ ဝိုင်များပုံမှန်ပို့ပေးရန် မှာကြားခဲ့သည်။ ထိုမှသာ သူသောက်သုံးသောပမာဏကို ထိန်းချုပ်သတ်မှတ်နိုင်ပေမည်။ အကြီးအကဲရှုသည် သူ့အားတွေ့တိုင်း စိတ်မကြည်မလင်ဖြစ်ကာ အလွန်ဒေါသကြီးနေခဲ့သည်။ အစက သူလာရောက်ပေးပို့သော ဝိုင်အိုးကိုပင် ပစ်ခွဲလိုက်သောကြောင့် သူမည်သို့လုပ်ရမည်ကို မသိခဲ့ချေ။ အကြီးအကဲရှု၏တပည့်ဖြစ်သူမှ သူ့အား သတိပေးပြီးမှသာ အကြီးအကဲရှုသည် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်နေကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် သူသည် စိတ်ရှည်လက်ရှည်ဖြင့် ကျင်းယွင်ကျောင်းအကြောင်းအချို့ကို ပြောပြလိုက်၏။ ထိုမှသာ အကြီးအကဲရှု၏ဒေါသသည်လည်း အနည်းငယ်ငြိမ်ကျသွားတော့သည်။
သို့ရာတွင် ဤအဘိုးအိုသည် အလွန်ပင်ခေါင်းမာလေ၏။ ကျင်းယွင်ကျောင်းမှ သူ့အားဖုန်းဆက်သည့်တိုင် ထိုအချိန်တိုင်း အမြဲတစေ လေးနက်သောလေသံဖြင့်သာ စကားပြောသည်။ သူမအား စကားအပိုအလိုမပြောဘဲ ကျောင်းပညာအား လေးလေးနက်နက်သင်ယူလေ့လာရန်သာ မှာကြားလေ့ရှိသည်။ သူသည် အမှန်တကယ်ပင် ခေါင်းမာလှသည့်အပြင် သိက္ခာကိုတစ်ပြားသားမျှ အကျမခံချေ။
Space and Rebirth 831
ကျင်းယွင်ကျောင်းမှာ အဘိုးရှု၏ဒေါသကို သိနှင့်ပြီးဖြစ်သောကြောင့် မအံ့သြချေ။
ထိုအချိန်တွင် အကြီးအကဲရှုမှ ပိုင်ယွီအန်းအား စိန်းစိန်းဝါးဝါးကြည့်ကာ ဟောက်လိုက်၏။
“မင်းအပိုတွေမပြောနဲ့တော့”
သို့သော် သူ၏မျက်နှာထားမှာ ခက်ထန်နေသည့်တိုင် ပိုင်ယွီအန်းအား ရွံရှာမုန်းတီးဟန်များမရှိချေ။
“အဘိုးရှု၊ ဒီကိုလာတုန်းက ထမင်းမစားခဲ့ရဘူးမှတ်လား? နီးနီးနားနားမှာ တစ်ခုခုစားချင်လား?”
ကျင်းယွင်ကျောင်းမေးလိုက်၏။
“စားတော့စားချင်ပေမယ့် မင်းချက်တဲ့ဟင်းကိုပဲစားချင်တယ်၊ ကဲ အရင်ဆုံးကုန်တိုက်ကိုသွားပြီး ပရိဘောဂတွေ ဝယ်ကြတာပေါ့”
အဘိုးရှုသည် ယခင်ကထက် ညင်သာသောလေသံဖြင့် သူ၏အရှေ့မှကုန်တိုက်ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ပရိဘောဂ? အဲ့အိမ်မှာ...”
ကျင်းယွင်ကျောင်းအနည်းငယ်လန့်ဖျပ်သွားသဖြင့် အဘိုးရှုဆက်ပြောလိုက်သည်။
“အိမ်အိုကြီးတစ်ခုရှိတယ် ဆေးဖော်ဖို့အရမ်းအဆင်ပြေတဲ့နေရာပေါ့ ဒါပေမယ့် အထဲကပရိဘောဂတွေက အရမ်းမကောင်းဘူး၊ ငါတို့မရောက်လာခင် အထဲကဟာတွေကို အကုန်ပစ်ပြီး ပစ္စည်းတွေအားလုံးကိုအသစ်လဲဖို့ လူတွေကိုခိုင်းထားတယ်”
ပိုင်ယွီအန်းသည် မျက်ခုံးကိုပင့်ကာ အဓိပ္ပာယ်မဖော်နိုင်သောမျက်နှာထားဖြင့် ဘေးသို့ပြုံးကြည့်လိုက်သည်။
သူ၏သူဌေးမဖြစ်သူ ကျင်းယွင်ကျောင်းက အကြီးအကဲရှုအား ကြည့်ရှုစောင့်ရှောက်ရန် အမိန့်ပေးထားသဖြင့် သူသည် သူမအမိန့်ကိုနာခံရပေမည်။ ဤအချိန်တွင် အကြီးအကဲရှု၏ဆန္ဒကိုပင် လိုက်နာကာ မြို့တော်ထိလိုက်ပို့ခဲ့သည်မဟုတ်လော။ သို့ရာတွင် အကြီးအကဲရှုမှ ကျင်းယွင်ကျောင်းအား မပြောခိုင်းထားသဖြင့်သာ ဘာမှမပြောခဲ့ခြင်းဖြစ်သည်။ ဤနေရာသို့ သူလာရသောအကြောင်းရင်းမှာ အလွန်ရိုးရှင်းပေသည်။ ၎င်းမှာ အကြီးအကဲရှု၏အိမ်အား ကူညီသန့်ရှင်းပေးရန်ဖြစ်၏။
ဤအိမ်မှာ အိမ်အိုမဟုတ်သည့်အပြင် အိမ်တွင်းရှိပရိဘောဂများလည်း ဆိုးလှသည်မဟုတ်ပေ။ ပရိဘောဂအရည်အသွေးမှာ ခုနစ်ဆယ်-ရှစ်ဆယ်ရာခိုင်နှုန်းခန့် သစ်လွင်သော်ငြား ကြည့်ရသည်မှာ အနည်းငယ်ငြီးငွေ့ဖွယ်ကောင်း၏။ တစ်ချက်ကြည့်ရုံဖြင့် ဤသည်မှာ အဘိုးကြီးတစ်ယောက်၏နေအိမ်မှန်း သိသာသည်။
အကြီးအကဲရှု၏ပန်းတိုင်မှာ ကျင်းယွင်ကျောင်းအား သူနှစ်သက်သောစတိုင်ကို ရွေးချယ်စေလိုခြင်းဖြစ်သည်။
သို့သော် ဤအချိန်တွင် ပိုင်ယွီအန်းသည်လည်း ဘာမှမပြောသဖြင့် ကျင်းယွင်ကျောင်း များများစားစားတွေးမနေဘဲ အဘိုးရှုအား ကုန်တိုက်ထဲသို့ တွဲကူခေါ်သွားပေးလိုက်သည်။
ကုန်တိုက်ထဲတွင် ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။ ကျင်းယွင်ကျောင်းသည် မည်သို့သောပစ္စည်းမျိုးအား ဝယ်ရမည်ကို မသိသောကြောင့် မေးလိုက်သည်။
“အဘိုးရှု၊ အိမ်ကဘယ်လောက်ကျယ်တာလဲ? ပရိဘောဂပဲလိုတာမှတ်လား?”
“မီးဖိုချောင်ကလွဲပြီး ကျန်တာဘာမှမရှိဘူး မင်းအဆင်ပြေတယ်ထင်ရာသာ ရွေးလိုက်၊ အရောင်လင်းတဲ့ဟာတွေရွေးပြီး မင်းအတွက် ပိုကြီးတဲ့စာအုပ်စင်တစ်ခု တစ်ယောက်ယောက်ကို တပ်ခိုင်းရမယ်”
ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူတို့သည် ပမာဏကြီးကြီးမားမားဝယ်ရမည့်ဟန်ပေါက်လေသည်။
ပိုင်ယွီအန်လာရောက်ခြင်း၏ ရည်ရွယ်ချက်မှာ ကုန်သည်များနှင့် ညှိနှိုင်းဆွေးနွေးရန်ဖြစ်၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူ့အား ဆွဲမထားချေ။ သို့သော် အဘိုးရှုမှ ပစ္စည်းများရွေးချယ်ဝယ်ယူပြီးမှသာ ထွက်သွားမည့်ပုံပေါက်လေသည်။ သူ့တွင်အလျင်လိုစရာလည်းမရှိသောကြောင့်ဖြစ်သည်။
အဘိုးအိုတစ်ဦးနှင့် လူငယ်မိန်းကလေးတစ်ဦးသည် ကုန်တိုက်ကြီးထဲတွင် လျှောက်ပတ်ကြည့်ရှုလိုက်၏။
အဘိုးရှု၏စကားအရ အိမ်ကြီးသည် ဆေးများဖော်စပ်ရန် အသုံးပြုမည့်နေရာဖြစ်သည်။ ခြံဝင်းမှာ အလွန်ကျယ်ပြီး သုံးထပ်တိုက်ဖြစ်၏။ တစ်ခန်းချင်းစီ၏ အကျယ်အဝန်းသည် မသေးလှဘဲ ပစ္စည်းများစွာဆံ့သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် တုံ့ဆိုင်းခြင်းမရှိ ပစ္စည်းတစ်ခုပြီးတစ်ခု ဝယ်လိုက်သည်။
“အဘိုးရှု၊ ဒီလှုပ်ထိုင်ခုံကို ဘယ်လိုသဘောရလဲ? သစ်သားကမမာတော့ လှဲရတာ သက်တောင့်သက်သာရှိမယ်ထင်တယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
အဘိုးရှုခေါင်းငြိမ့်လိုက်သည်။
“မဆိုးဘူး ဝယ်လိုက်လေ၊ သူ့ဘေးက နွယ်စင်လည်းလှသားပဲ၊ အဲ့ပေါ်မှာ ပန်းပင်တချို့စိုက်လို့ရတယ်”
“အဘိုးရှုကတော့လုပ်ပြီ ခြံဝင်းထဲမှာ ဘယ်လောက်ပဲ ပန်းပင်တွေစိုက်စိုက် နောက်ဆုံးကျရင် ဆေးထဲထည့်ကြိုဖို့ အခြောက်ခံမှာပဲမဟုတ်လား?”
ကျင်းယွင်ကျောင်းမရယ်မိဘဲမနေနိုင်ချေ။ သူမပြောသည်မှာ အမှန်တရားဖြစ်၏။ ယခင်က ခြံဝင်းထဲတွင် သက်ရှိအပင်ဟူ၍ တစ်ပင်မျှမရှိချေ။
“ကောင်မစုတ်လေး”
အကြီးအကဲရှုသည် သူမအား မျက်စောင်းထိုးကာပြောလိုက်၏။
“မင်းကမိန်းကလေးလေ၊ ပန်းတွေနဲ့ ပိုပြီးထိတွေ့မှုရှိသင့်တာပေါ့ ငါတို့မတွေ့ရတာဘယ်လောက်ကြာပြီလဲ? မင်းဝတ်ထားတဲ့အင်္ကျီတွေကတောဆန်လိုက်တာ ယောက်ျားလေးအတန်းဖော်တွေက ဒီလိုရုပ်ဆိုးဆိုးအင်္ကျီတွေ လက်ဆောင်ပေးထားတာလား?...”
ကျင်းယွင်ကျောင်းသည် သူမကိုယ်ပေါ်မှဂါဝန်ကိုကြည့်ပြီး ပြောစရာစကားများ အနည်းငယ်ပျောက်ဆုံးသွားသည်။
“လီရှောက်ယွင်ရွေးထားပေးတာ...”
ကျင်းယွင်ကျောင်းမှ မှုန်တေတေဖြင့် ပြောလိုက်၏။
အဘိုးရှု၏မျက်နှာတွန့်သွားသည်။
“သူဝယ်ပေးထားတာလား? ဒါဆိုကောင်းပါတယ်လေ”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ရှက်ကိုးရှက်ကန်းဖြစ်သွား၏။
“အဘိုးရှု နည်းနည်းမျက်နှာလိုက်တယ်မထင်ဘူးလား? ဘာလို့သူဝယ်မှန်းသိတာနဲ့ ချက်ချင်းအဆင်ပြေသွားတာလဲ?”
ယခင်က လီရှောက်ယွင်မှ အဘိုးရှုကိုသွားတွေ့တိုင်း အဘိုးအိုနှင့် လူငယ်လေးသည် အချင်းချင်းစိန်းစိန်းဝါးဝါးကြည့်လေ့ရှိသည်။ ယခုမူ သူတို့၏တုံ့ပြန်ပုံမှာ အနည်းငယ်ထူးဆန်းနေပေသည်။
Space and Rebirth 832
အဘိုးရှုသည် သူ၏နှုတ်ခမ်းကိုစေ့ကာ ဟမ့်ခနဲအသံပြုလိုက်သည်။ ကျင်းယွင်ကျောင်းမှာကလေးမဟုတ်တော့ချေ။ သူ၏သမီးဖြစ်သူပင် ကျင်းယွင်ကျောင်းအရွယ်က နှစ်သက်သဘောကျသူရှိနေပြီဖြစ်သည်။ ဤဂါဝန်အား သူမအား ကပ်ဖားရပ်ဖားလုပ်ရန် ယောက်ျားလေးတစ်ဦးဦးမှ လက်ဆောင်ပေးလိုက်ခြင်းဖြစ်မည်စိုးသောကြောင့်သာ သူ၏နှုတ်ကိုဖွင့်ပြီး သူမအား စမ်းသပ်လိုက်ခြင်းဖြစ်၏။
သို့သော် အခြားသူများနှင့်ယှဥ်လိုက်လျှင် လီရှောက်ယွင်မှာ အဆင်ပြေပေသည်။
အနည်းဆုံးအနေဖြင့် သူသည် လီမိသားစုအား ကောင်းစွာသိကျွမ်း၏။ လီရှောက်ယွင်မှာ အကြံသမားဟု ပြောနိုင်သော်လည်း သူ၏အကျင့်စရိုက်မှာ လီကျွန်းဝေနှင့် တူလှသည်။ မိမိ၏တိုင်းပြည်ကိုဖြစ်စေ၊ မိမိမိသားစုကိုဖြစ်စေ သစ္စာစောင့်ထိန်းပေသည်။ ထို့အပြင် လီမိသားစု၏အဆင့်အတန်းဖြင့်ဆိုလျှင် ဤကောင်မစုတ်လေးနှင့် မထိုက်တန်ရုံတမယ်သာရှိသည်။
အမှန်အတိုင်းပြောရလျှင် ဤအင်္ကျီမှာ မဆိုးလှပါချေ။ အရည်အသွေးကောင်းပြီး သူမအသားအရောင်နှင့်လိုက်ဖက်၏။ ဂျာကင်တိုတစ်ထည်နှင့် တွဲဝတ်လိုက်လျှင် ငယ်ရွယ်နုပျိုစေပြီး သူမအသက်အရွယ်ကို ပေါ်လွင်စေသည်။
“လီမိသားစုက အဲ့ကလေးရှိနေတယ်ဆိုတော့ ငါမင်းအတွက်စိတ်ပူပေးစရာမလိုတော့ဘူး”
အဘိုးရှုမှ တိုးပျပျပြောကာ စကားကိုရပ်တန့်လိုက်သည်။
“အရင်တုန်းက မင်းကြည့်ရတာ လက်ဆောင်တွေ လက်ခံတတ်တဲ့ပုံမပေါ်ပါဘူး...”
ကျင်းယွင်ကျောင်း အနည်းငယ်ဆိုသလို စကားစရှာမရဖြစ်သွားပြီး အတန်ငယ်ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ထိုနေ့ရက်အပြီးတွင် သူမသည် လီရှောက်ယွင်၏ဘဏ်အကောင့်ထဲသို့ ငွေပြန်လွှဲပေးချင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
နောက်ဆုံးတွင် ဤအင်္ကျီကိုသာ လက်ခံလိုက်ရသည်။
“အဘိုးရှု၊ လီရှောက်ယွင်နဲ့သမီးကအခု တွဲနေကြပြီ”
ကျင်းယွင်ကျောင်းကွယ်ဝှက်မထားဘဲ ပြောလိုက်၏။
အခြားသူတစ်ဦးကိုဆိုလျှင် အခြေအနေများ တည်ငြိမ်သွားအောင်စောင့်ပြီးမှ ပြောခဲ့ပေမည်။ သူမနှင့်လီရှောက်ယွင်တို့ဆက်ဆံရေးတည်ဆောက်ထားသည်မှာ သိပ်မကြာသေးသည့်အပြင် အနာဂတ်မှာလည်း မရေရာဆဲဖြစ်သည်။ သို့သော် သူမအရှေ့တွင်ရှိနေသောလူမှာ အကြီးအကဲရှုဖြစ်၏။ အဘိုးရှုသည် ယခင်ကတည်းကပင် အမြင်အာရုံစူးရှပြီး ပါးနပ်သောကြောင့် သူမအား အကြံဉာဏ်အချို့ပေးကောင်းပေးနိုင်သည်။
သို့သော် အဘိုးရှုမှာ ဤစကားကြောင့် လုံးဝမအံ့သြသွားပေ။
“လီမိသားစုရဲ့ အဲ့ကလေးက မဆိုးဘူး၊ အမြဲတမ်း အေးတိအေးစက်နိုင်ပြီး သူများတွေကိုအဖတ်မလုပ်တတ်ပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မင်းကိုနေရာတိုင်းမှာ ကူညီပေးနေခဲ့တာ၊ မင်းအတွက်နဲ့ ငါ့ခြံထဲကို ခဏခဏလာပြီး ထမင်းစားတတ်တယ်၊ ဒီအချိန်ထိ သည်းခံနိုင်တာပဲ ကျေးဇူးတင်ရမယ်”
အဘိုးရှုမှ မဆိုင်းမတွပြန်ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် ခေတ္တမျှ ကြောင်အမ်းသွားတော့၏။
“အဘိုးအရင်ကတည်းက သိနေတာလား?”
“ကောင်မစုတ်လေး၊ မင်းအရမ်းတုံးတာပဲ”
အဘိုးရှုမှ ခေါင်းခါလိုက်သည်။
“အရင်တုန်းက လီရှောက်ယွင်အကြောင်းကို နည်းနည်းသိထားတယ်၊ သူကအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တဲ့လူလေ၊ စစ်တပ်ထဲမှာ တစ်နှစ်ကိုအနည်းဆုံး ရက် ၃၀၀ လောက်နေတယ်ကြားတယ် ဒါပေမယ့် မင်းနဲ့တွေ့ပြီးတဲ့နောက်မှာ ဘာလို့အဲ့နယ်မြို့သေးသေးလေးထဲမှာ နေခဲ့တာတုန်း?”
“သူ့အဘိုးနဲ့ငါက မိတ်ဆွေတွေလို့ပြောလို့ရမယ်၊ ဒါပေမယ့် သူငယ်ချင်းအရင်းကြီးတွေတော့မဟုတ်ဘူး အဲဒါကိုတောင် ငါ့ဆီမကြာမကြာလာလည်တယ်ဆိုတော့ သူ့အဘိုးမိတ်ဆွေဖြစ်တဲ့ငါ့ကိုတွေ့ချင်လို့ ဘယ်ဟုတ်ပါ့မလဲ တခြားအကြံအစည်တစ်ခုခုရှိတာပဲဖြစ်ရမှာပေါ့ မင်းတစ်ယောက်ပဲမမြင်နိုင်တာ”
ကျင်းယွင်ကျောင်းသည် ထိတ်လန့်အံ့အားသင့်သောမျက်နှာဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ထိုအချိန်က အဘိုးရှုနှင့် လီမိသားစုအကြီးအကဲများသည် သူငယ်ချင်းများဟု သူမထင်ခဲ့၏။
သူမသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူမနှုတ်ခမ်းတွင် အပြုံးရေးရေးတစ်ခု ပေါ်ပေါက်လာသည်။
“အဘိုးရှု၊ လီမိသားစုရဲ့အခြေအနေကိုသိလား? လွန်ခဲ့တဲ့ရက်ပိုင်းကတင် အဘိုးလီကို သမီးသွားတွေ့သေးတယ် သူက သမီးကိုကောင်းကောင်းဆက်ဆံပြီး စကားပြောလို့လည်းကောင်းတယ်”
ကျင်းယွင်ကျောင်းတည်ငြိမ်စွာပြောလိုက်၏။
“လီမိသားစုတစ်စုလုံးကို အဲ့သောက်အဘိုးကြီးက မျက်စိဒေါက်ထောက်ကြည့်နေတော့ တခြားသူတွေခမျာ ဘာမှတောင်မလုပ်နိုင်ရှာဘူး၊ လီကျွန်းဝေမရှိရင်တောင် လီရှောက်ယွင်နဲ့ဆိုရင် မင်းဘာမှစိတ်ပူစရာရှိမှာမဟုတ်ဘူး၊ အဲ့ကလေးက စိတ်ပိုင်းဖြတ်လိုက်ရင် သူ့မိသားစုကိုတောင် သံယောဇဥ်ဖြတ်နိုင်တယ်၊ ကောင်မစုတ်လေး စိတ်မပူနဲ့၊ ဒါပေမယ့် မင်းအခုငယ်ပါသေးတယ် ဒီအရှုပ်အယှက်တွေကို မစဥ်းစားသေးနဲ့ဦး၊ မင်းတို့ကြားက သံယောဇဥ်ခိုင်မာလာအောင် လုပ်လို့ရပေမယ့် ဆင်ခြင်တုံတရားကင်းမဲ့တဲ့လုပ်ရပ်တွေ လုပ်လို့တော့မဖြစ်ဘူးနော်”
အဘိုးရှုမှပြောလိုက်၏။ သူသည် စကားပြောဆိုနေရင်း ကျင်းယွင်ကျောင်းကိုကြည့်လိုက်သည်။ ထိုအခါ သူ၏မျက်နှာအို မှောင်ရိပ်သန်းသွားပြီး မျက်လုံးထဲတွင် စိတ်ပူပန်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကျင်းယွင်ကျောင်း၏မျက်နှာသည် သူ၏သမီးဖြစ်သူနှင့် အနည်းနှင့်အများဆိုသလို တူလှသည်။ အထူးသဖြင့် သူတို့သဘောကျသောအမျိုးသားအကြောင်း ပြောချိန်တွင် သူတို့နှစ်ဦး၏မျက်လုံးများသည် တစ်ထေရာတည်းနီးပါးရှိ၏။
နှစ်ဦးကြားမတူညီသောကွာခြားချက်မှာ သူ၏သမီးသည် အချစ်အား အရာအားလုံး၏အထက်တွင် ဦးစားပေးခဲ့သည်။ လီထျန်းယီဟူသောအမျိုးသားအတွက် သူမ၏အရာအားလုံးကို စွန့်စားလောင်းကြေးထပ်နိုင်၏။ တစ်ဖက်တွင်မူ ဤမိန်းကလေးမှာ ထိုသို့မဟုတ်ပေ။ သူမသည် ပို၍လက်တွေ့ဆန်ပြီး မိမိကိုယ်ကိုကာကွယ်ရကောင်းမှန်းသိ၏။ ဤသို့သောအကျင့်စရိုက်မျိုးမှာ ပိုကောင်းသည်ဟု ပြောရပေမည်။