← Chapters

အခန်း (၈၃၃-၈၃၆)

Vol. 42 Ch. 833-836

အခန်း (၈၃၃-၈၃၆)

Vol. 42 Ch. 833-836

Space and Rebirth 833

အဘိုးရှုသက်ပြင်းချလိုက်သည်။ သူသည် ကျင်းယွင်ကျောင်း၏မျိုးရိုးကို သံသယမဖြစ်ပါပေ။ အစောပိုင်းက သူမနှင့် လီထျန်းယီနှင့်အတူ ဒီအန်အေစစ်ဆေးချက်လုပ်ခိုင်းရန် တွေးခဲ့သော်လည်း အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် မလုပ်တော့ရန် ဆုံးဖြတ်ချက်ချခဲ့၏။

လွန်ခဲ့သော ၁၈ နှစ်အတွင်း လီထျန်းယီသည် သူ့တွင်သမီးတစ်ဦးရှိကြောင်း တစ်ခါမှမပြောခဲ့ဖူးပေ။ သူသည် လီမိသားစုဝင်တစ်ဦးဖြစ်သောကြောင့် တမင်တကာဖုံးကွယ်ရန် အကြောင်းအရင်းရှိပေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ မိဘမရှိသော မိဘမဲ့တစ်ဦးဖြစ်၏။ သူတို့သာ အမှန်တကယ်သားအဖဆိုလျှင် သူ၏သမီးဖြစ်သူ ရှန်းလန်မှာ အဘယ်သို့ ရောက်နေသနည်း?

အဘိုးရှု၏ခြေလှမ်းများသည် တဖြည်းဖြည်းလေးလံလာ၏။ ခဏအကြာတွင် သူသည် အသိစိတ်ပြန်စုစည်းကာ ဆက်လက်၍ စျေးဝယ်ထွက်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ကြီးမားသောပစ္စည်းများစွာကို ဝယ်ယူခဲ့ပြီး ၎င်းတို့အားလုံးကို ကုန်တိုက်မှ ပို့ဆောင်ပေးလေ၏။ ပို့ဆောင်နှုန်းမှာလည်း အလွန်ပင်လျင်မြန်လှသည်။ သူတို့နှစ်ဦးသားပြန်ရောက်ပြီး မကြာခင်တွင်ပင် ပစ္စည်းများအား တစ်ခုပြီးတစ်ခုနေရာချလိုက်သည်။

အဘိုးရှုအိမ်မှာ ခေါင်ဖျားသောနေရာတွင်မဟုတ်သော်လည်း ကုန်းမြင့်ပေါ်တွင် တည်ရှိ၏။ တောင်ကုန်းတစ်ဝက်စာခန့် အကွာအဝေးရှိသည်။ အနီးအနားတွင်လည်း ဆောက်လုပ်ဆဲ အိမ်ကြီးအချို့ရှိနေသည့်အပြင် ရှုခင်းမှာ အလွန်ကောင်းမွန်လှပြီး လေကောင်းလေသန့်ရှိ၏။ အိမ်ကြီးရခိုင်ကဲ့သို့ မကြီးမားလှသော်လည်း ခြံဝင်းမှာ အလွန်ကျယ်ဝန်းသဖြင့် စျေးနိမ့်မည်မဟုတ်ချေ။

အိမ်၏အခန်းဖွဲ့ပုံမှာလည်း ကောင်းလှသည်။ အဘိုးရှုသည် မြေညီထပ်တွင် နေထိုင်၏။ ထိုမှသာ သူ့အတွက် ဝင်ထွက်ရာ၌ အဆင်ပြေချောမွေ့ပေမည်။ ရှုရှင်းယွမ်၏အခန်းမှာ သူ၏နံဘေးတွင်ဖြစ်၏။ သူ၏အခန်းသို့ သွားလာကူးလူးရလွယ်ကူစေသည်။ တတိယထပ်ကိုမူ ကျင်းယွင်ကျောင်းအတွက် ဖယ်ပေးထား၏။ အခန်းများထဲမှတစ်ခန်းအား စာအုပ်စင်များဖြင့် ဖြည့်ထားသဖြင့် စာကြည့်တိုက်တစ်ခုနှင့်တူနေလေသည်။ ဒုတိယထပ်ကိုမူ ဧည့်သည်များနေထိုင်ရန်အတွက် သတ်မှတ်ပေးထားသည်။

ရှင်းလင်းသန့်ရှင်းရေးအတွက် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးကို ငှားရမ်းပြီးနောက် အရာအားလုံးသည် နေ့လယ်ခင်းတွင် အဆင်သင့်ဖြစ်သွားလေ၏။ ကျင်းယွင်ကျောင်းသည် သူမ၏လက်စွမ်းကိုပြကာ ဟင်းချက်လိုက်သည်။

ထမင်းစားပွဲတွင် ကျင်းယွင်ကျောင်းသည် အတော်ကြာစဥ်းစားတွေးတောပြီး မေးလိုက်လေ၏။

“အဘိုးရှု၊ မြို့ထဲလည်းပြန်ရောက်ပြီဆိုတော့ ဦးလေးတို့ကို မပြောချင်ဘူးလား?”

ဦးလေးဟူသည်မှာ အဘိုးရှု၏သားများကို ဆိုလိုခြင်းဖြစ်၏။

“မလိုဘူး”

အဘိုးရှုသည် ကျင်းယွင်ကျောင်းအား မာန်အပြည့်ဖြင့် စူးစိုက်ကြည့်ကာ ဆက်ပြောလိုက်၏။

“မင်းအတွက်ဒီအခန်းကိုဖယ်ပေးထားမယ်၊ မင်းအားရင်အားသလို လာနေလို့ရတာပေါ့၊ ငါသင်‌ပေးထားတာတွေကိုလည်း မမေ့နဲ့ဦး ပြီးတော့ မင်းအတွက် ဆေးခန်းတစ်ခုရှာထားတယ်၊ နောက်အပတ်ကစပြီး တစ်လကို ရက်နည်းနည်းလောက် အဲ့ဆေးခန်းဆီသွားပြီး ပညာသင်လိုက်”

ကျင်းယွင်ကျောင်းမျက်လုံးများ ဝင်းလက်သွားသည်။

“ဆေးခန်းကဘယ်မှာလဲ?”

“ဒီနေရာနဲ့သိပ်မဝေးဘူး၊ ကြိုးကြာခန်းမလို့ခေါ်တယ် မြို့တော်ရဲ့အကြီးဆုံးဆေးရုံဘေးမှာရှိတာလေ၊ ဒီကြိုးကြာခန်းမက သမိုင်းကြီးပြီး သူ့ဆီသွားကြတဲ့သူလည်းများတယ်၊ နည်းနည်းခက်တဲ့ရောဂါတချို့ဆိုရင် မင်းကိုကြည့်ခိုင်းဖို့ ဆေးခန်းပိုင်ရှင်ကိုငါပြောထားတာမို့ အားရင် စိတ်ပြေလက်ပျောက်သွားလိုက်ပေါ့”

အဘိုးရှုမှပြောလိုက်၏။

သူမမှတ်မိသောအရာ မှန်သည်ဆိုလျှင် ပရော်ဖက်ဆာမိုနှင့်အတူသွားခဲ့သော ဆေးခန်းမှာ ထိုနေရာဖြစ်ပြီး အမတကြိုးကြာခန်းမ၏ပိုင်ရှင်မှာ ယုဖူဟုခေါ်သော အဘွားတစ်ဦးဖြစ်သည်။ ယုဖူသည် အနည်းငယ်ထူးဆန်းရုံမက သူမကိုပါ ကြိုးကြာခန်းမ၏ဘိုးဘေးများကို ကန်တော့စေချင်သေးသည်။

“အဘိုးရှု....သမီး အမတကြိုးကြာခန်းမကို တစ်ခေါက်ရောက်ဖူးတယ်၊ အဲ့အန်တီကြီး ယုဖူက သမီးကို သူတို့ဘိုးဘေးကျောက်ပြားတွေအတွက် အမွှေးတိုင်ထွန်းပေးစေချင်တဲ့ပုံပဲ အဲဒါဘာလို့များလဲ?”

ကျင်းယွင်ကျောင်းကွေ့ဝိုက်မနေဘဲ မေးလိုက်၏။

ထိုအရာကိုကြားလိုက်သောအခါ အဘိုးရှုမျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ အဲ့နေရာကို သွားတာလဲ?”

“ဒီလိုပါ A တက္ကသိုလ်မှာ သမီးကဆရာတစ်ယောက်ကိုသိတယ်လေ၊ သူ့မျိုးရိုးနာမည်က မို တဲ့၊ သူနေလို့မကောင်းတာနဲ့ သူနဲ့အတူသွားခဲ့တာလေ သိပ်ကြာကြာမနေခဲ့ပေမယ့် အဲ့မှာထူးတော့ထူးဆန်းတယ်”

ကျင်းယွင်ကျောင်းအတိုချုံးရှင်းပြလိုက်သည်။

အဘိုးရှုသည် “မို” ဟူသောစကားလုံးကို ကြားလိုက်သောအခါ ဖြစ်ပျက်သောအရာများကို နားလည်သွားသည်။

“ငါသိပြီ မင်းစိတ်ပူစရာမလိုဘူး၊ ယုဖူက အသက်ကြီးနေပြီဆိုတော့ အရမ်းခေါင်းမာတယ်၊ သူငယ်ငယ်တုန်းက သခင်မလေးရဲ့ဘေးမှာ အလုပ်လုပ်ခဲ့တဲ့ အစေခံရဲ့သမီးဖြစ်ခဲ့တာလေ အဲ့သခင်မလေးဆီကပဲ ဆေးပညာသင်ခဲ့တာ၊ ဒါပေမယ့် အဲ့သခင်မလေးကလည်း သေသွားတာ ဆယ်စုနှစ်တွေအများကြီးရှိနေပြီ သူ့ကို အရိုအသေပေးမယ့်လူလည်းမရှိတော့ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် မင်းက အဲ့သခင်မလေးနဲ့ မျိုးရိုးနာမည်တူနေတော့ အဲ့သခင်မလေးရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ဟန်ဆောင်စေချင်တာထင်ပါတယ်၊ နောက်ကျရင် ငါယုဖူကို ပြောလိုက်မယ် မင်းက ရောဂါတွေကုပြီး လူ့အသက်ကိုကယ်ဖို့ပဲ သွားမှာလို့....ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကျန်းယန်က မင်းကိုတပည့်အနေနဲ့ ခေါ်တာဆိုတော့ လူကဲခတ်တော်တဲ့ပုံပဲ”

အဘိုးရှုခေါင်းငြိမ့်လိုက်သည်။ မိုကျန်းယန်ဟု ခေါ်လိုက်သောအခါတွင် သူ၏မျက်နှာ၌ မထီမဲ့မြင်ပြုဟန်ရှိသွားသည်။

Space and Rebirth 834

အဘိုးရှု၏စကားများကို ကြားလိုက်သောအခါ ကျင်းယွင်ကျောင်း၏သံသယများအားလုံး ကင်းစင်သွားတော့သည်။ သူမ၏မျိုးရိုးနာမည်ကြောင့် ဖြစ်နေခဲ့သည်ပင်။

“သမီးနားလည်ပြီ အချိန်ရရင် ကြိုးကြာခန်းမဆီသွားလိုက်ပါမယ်”

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။

မြို့တော်ထဲလာပြီးနောက် သူမ၏ဆေးပညာစွမ်းရည်ကို ထုတ်သုံးရန် အခွင့်အရေးသိပ်မရခဲ့ချေ။ သူမသည် ဆေးခန်းတစ်ခုရှာပြီး အချိန်ပိုင်းအနေဖြင့် လုပ်ချင်ခဲ့သော်လည်း သင့်တော်သောနေရာကို ရှာမတွေ့သေးပေ။ ထို့အပြင် အဘွားယုဖူမှ သူမအား အမွှေးတိုင်ထွန်းပေးရန် မတောင်းဆိုခဲ့လျှင် သူမသည်လည်း ကြိုးကြာခန်းမ၌ အလုပ်လုပ်ဖြစ်ခဲ့ပေမည်။ ထိုနေရာမှာ လူနာအရေအတွက်ပိုများပြီး အဆင့်အတန်းလည်းရှိသောနေရာ မဟုတ်သလော။

အဘိုးရှုသည် ကျေနပ်အားရဟန်ဖြင့် ခေါင်းကိုငြိမ့်ကာ ပြောလိုက်သည်။

“အဲဒီအဘိုးကြီးမိုကျန်းယန်က နည်းနည်းဖင်ခေါင်းကျယ်ပေမယ့် တရုတ်အမျိုးသားပညာမှာတော့ တော်တဲ့လူလို့ပြောရမယ်၊ သူ့ဆီကသေချာသင်ခဲ့ ဒါပေမယ့် သူ့‌အကျင့်ကိုတော့ အမွေမယူခဲ့နဲ့၊ ကိုယ်တိုင်အတွက်ရော တခြားလူတွေအတွက်ပါ မကောင်းနိုင်ဘူး”

ကျင်းယွင်ကျောင်းသုတ်သီးသုတ်ပြာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ပြောရလျှင် ပရော်ဖက်ဆာမိုမှာ အနည်းငယ်သနားစရာကောင်းလှသည်။ သူသည် အသက်ကြီးနေပြီဖြစ်သော်လည်း လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာက စိတ်ဒုက္ခဆင်းရဲကို ခံစားနေရဆဲဖြစ်၏။ အဘွားယုဖူ၏ အော်ငေါက်ခြင်းကို စကားတစ်ခွန်းမျှပြန်မပြောနိုင်ဘဲ ခံယူရသည်သာမက ယခု အဘိုးရှု၏ အမြင်ကတ်ခြင်းကိုပါ ခံနေရလေသည်...

နှစ်ဦးသားထိုင်ချလိုက်ပြီး အေးအေးချမ်းချမ်းဖြင့် ထမင်းစားလိုက်ကြ၏။ ညစာစားပြီးနောက် အဘိုးရှုသည် သူမအား ထပ်မံစစ်ဆေးပြန်သည်။ ယခင်က သူမအားပေးခဲ့သော စာအုပ်၏အကြောင်းအရာများကို မေးမြန်းပြီး သူ၏မေးခွန်းများအားလုံးကို လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်ပြီးမှသာ သူမအားလွှတ်လိုက်လေသည်။

ထိုညက ကျင်းယွင်ကျောင်းသည် အဘိုးရှုအိမ်တွင် မအိပ်ခဲ့ချေ။ ပိုင်ယွီအန်းမှ အလုပ်များကို လက်စသတ်ပြီးနောက် ထိုတစ်ညအတွက် အဘိုးရှုနှင့်အတူနေခဲ့လေသည်။ ထို့ကြောင့် အိမ်ကြီးသည် လစ်ဟင်းပြီး တစပြင်ကဲ့သို့ ဖြစ်မနေတော့ပေ။

သို့သော် ထိုအချိန်တွင် ကျင်းယွင်ကျောင်းရင်းနှီးမြုပ်နှံခဲ့သော အလှပြင်ဆိုင်၌ ရှန်တုန်းသည် သူမနံဘေးရှိအမျိုးသမီးအား ဇဝေဇဝါဖြင့် ကြည့်နေလေ၏။

“အစ်မ? ကုန်တိုက်ထဲမှာတုန်းက လူတစ်ယောက်ယောက်ကို တမင်ရှောင်နေတာလား? မဟုတ်မှလွဲရော ကျင်းယွင်ကျောင်းကိုသိတာလား?”

ရှန်တုန်းမေးလိုက်၏။

ထိုအမျိုးသမီး၏ခန္ဓာကိုယ် တုန်ယင်သွား‌တော့သည်။

“မသိပါဘူး....ဒီတိုင်း နေလို့မကောင်းလို့...”

“ဟုတ်လား?”

ရှန်တုန်းမှာ အနည်းငယ်သင်္ကာမကင်းဖြစ်နေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းကြောင့် သူမ၏အလှပြင်ဆိုင်ကို ချဲ့နိုင်ပြီး အချိန်တိုအတွင်း ပြင်ဆင်မွမ်းမံနိုင်ခဲ့သည်။ သူမသည် ပရိဘောဂအသစ်များ ဝယ်ယူရန် သူမအစ်မဖြစ်သူနှင့် ကုန်တိုက်သို့သွားခဲ့၏။ ကုန်တိုက်ထဲတွင် လျှောက်ပတ်ကြည့်ပြီးနောက် သူမသည် ကျင်းယွင်ကျောင်းအား အဘိုးအိုတစ်ဦးနှင့်အတူ တွေ့ခဲ့လေသည်။ ကျင်းယွင်ကျောင်းအား သူမသွားနှုတ်ဆက်ရန်ဟန်ပြင်ဆဲတွင် သူမအစ်မဖြစ်သူ၏မျက်နှာသည် ချက်ချင်းဆိုသလို ဖြူဖတ်ဖြူရော်ဖြစ်သွားတော့သည်။ ထို့နောက် ခေါင်းမူးပြီး နေမထိထိုင်မသာဖြစ်နေသည်ဟု ပြောကာ သူမအား ပြန်ဆွဲခေါ်ခဲ့လေသည်။

သူမအစ်မသည် ကျင်းယွင်ကျောင်းအားသိနေသည်ဟု ခံစားမိသော်လည်း သူမစိတ်ထဲတွင် မသေချာပေ။ ကျင်းယွင်ကျောင်းမှာ မြို့တော်ကလူလည်း မဟုတ်သောကြောင့်ဖြစ်သည်။ ကျင်းယွင်ကျောင်းသည် ကျောင်းတက်ရန်အတွက်သာ မြို့တော်သို့လာခဲ့ခြင်းဖြစ်ပြီး သူမအစ်မဖြစ်သူမှာလည်း ရှုမိသားစု၏ချွေးမဖြစ်သောကြောင့် အပြင်သို့ထွက်ပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံလေ့မရှိပေ။ ယုတ္တိကျကျပြောရလျှင် သူတို့နှစ်ဦးကြားတွင် ဆက်သွယ်မှုမရှိသင့်ပါချေ။

“နင်ခုနကပြောတဲ့ကျင်းယွင်ကျောင်းက....အလှပြင်ဆိုင်ချဲ့ဖို့ ရင်းနှီးမြုပ်နှံခဲ့တဲ့လူလား?”

မဒမ်ရှု၏မျက်နှာသည် ဖြူဆုပ်နေသေးသော်လည်း ကျင်းယွင်ကျောင်းအကြောင်း မေးလိုက်သေး၏။

ရှန်တုန်းခေါင်းငြိမ့်လိုက်သည်။

“တကယ်တော့ ညီမလည်း သူ့ကိုတစ်ခါပဲတွေ့ဖူးတယ် ဒါပေမယ့် သူနဲ့ ဟော်မိသားစုက ကောင်မလေးက အတန်းဖော်လား အဆောင်အတူနေတာလားမသိဘူး၊ အရင်တစ်ခေါက်က စိတ်ရူးပေါက်သွားတဲ့ပရိသတ်တစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောတယ်မလား? အဲ့တုန်းက သူပဲညီမကိုကူညီပေးခဲ့တာလေ တကယ်ထူးခြားတဲ့မိန်းကလေးလို့ပြောရမယ်”

မဒမ်ရှုသည် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

ထိုနေ့က ထိုမိန်းကလေးအား သူမတွေ့ပြီးနောက် နောက်ကြောင်းစုံစမ်းကြည့်သောအခါ သူမသည် မိဘမဲ့တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏မျိုးရိုးနာမည်မှာ ကျင်း ဖြစ်ကြောင်းကိုလည်း သိသွားခဲ့၏။ ထိုအချိန်က သူမသည် ရှုမိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ သူမနှင့် ပေးတွေ့၍မဖြစ်ကြောင်း သိလိုက်သော်လည်း....

သူမ၏ယောက္ခထီးသည် အဘယ်ကြောင့် ကျင်းယွင်ကျောင်းနှင့်အတူရှိနေရသနည်း? သူသိနေသည်ဟူသော အဓိပ္ပာယ်လော?

သူမသည် ထိတ်ထိတ်ပျာပျာဖြစ်နေကာ ပြာပြာသလဲဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။ မဖြစ်နိုင်ပါပေ။ ထိုအချိန်က ထိုစုံတွဲမှလွဲ၍ ရှုရှန်းလန်တွင် ကလေးတစ်ဦးရှိခဲ့ကြောင်း သိသောသူမှာ သူမတစ်ဦးတည်းသာရှိသည်။ ထို့အပြင် ထိုကလေးမှာလည်း အသက်မရှိနိုင်ပါပေ။ အသက်ရှိနေလျှင်ပင် ထိုမိန်းကလေးနှင့် ရှုမိသားစုကြားမှဆက်သွယ်မှုကို သူမယောက္ခထီးသည် ဆက်စပ်ကြည့်နိုင်မည်မဟုတ်တန်ရာ။ ကျင်းယွင်ကျောင်းနှင့် ရှုရှန်းလန်သည် ရုပ်ဆင်သောကြောင့်သာ ကျင်းယွင်ကျောင်းအား အနားတွင်ထားထားခြင်းဖြစ်မည်...

မဒမ်ရှု၏မျက်နှာထားသည် အဓိပ္ပာယ်ဖော်ရခက်နေ၏။ သူမနံဘေးတွင်ရှိနေသော ရှန်တုန်းမှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားတော့သည်။

“အစ်မ၊ ဘာဖြစ်လို့လဲ?”

ရှန်တုန်းလျင်မြန်စွာမေးလိုက်သည်။

“မဖြစ်ပါဘူး မဖြစ်ပါဘူး...အာ ဟုတ်သားပဲ အားတုန်း၊ ကျင်းယွင်ကျောင်းက ဒီလောက်များတဲ့ပိုက်ဆံကို ဘယ်ကရခဲ့တာလဲ? နင်မေးဖူးလား?”

Space and Rebirth 835

ရှန်တုန်းခေါင်းခါလိုက်သည်။ သူမအစ်မဖြစ်သူ၏ သောကရောက်နေပုံကိုမြင်သောအခါ တစ်ခုခုမှားနေသည်ဟု ခံစားရပေသည်။ သို့သော် သူမသည် များများစားစားမတွေးလိုက်ချေ။

“ညီမလည်းသေချာမသိဘူး၊ ကျင်းယွင်ကျောင်းက အရမ်းလျှို့ဝှက်တတ်တဲ့ပုံပေါက်တယ် ပြီးတော့ ဒါကလည်း သူ့ကိုယ်ရေးကိုယ်တာကိစ္စပဲလေ၊ ညီမတို့က အခုစီးပွားဖက်တွေ ဖြစ်နေပြီဆိုပေမယ့် အချင်းချင်းလည်းအရမ်းမရင်းနှီးကြဘူး၊ ဒါပေမယ့်...”

“အစ်မသူနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ မိတ်ဆက်ပေးလို့ရတယ်လေ၊ သူ့ပုံစံကအေးတိအေးစက်နိုင်ပေမယ့် တကယ်တော့ အရမ်းချစ်စရာကောင်းတဲ့ကလေးမလေးပါ...”

ရှန်တုန်းဆက်ပြောလိုက်သည်။

မဒမ်ရှုသည် အလျင်အမြန်ပင် ခေါင်းခါပြလိုက်၏။

“မလိုဘူး အစ်မအသက်ကဒီလောက်တောင်ကြီးနေပြီကို ငယ်ငယ်ရွယ်ရွယ်ကလေးတစ်ယောက်ကိုသိပြီး ဘာလုပ်ရမှာလဲ?”

“အစ်မ၊ ကိုယ့်ကိုယ်ကို အရမ်းအထင်သေးလွန်းနေပြီ အစ်မကအခုချိန်ထိ လှတုန်းနုပျိုတုန်းပါနော်၊ မဟုတ်ရင် ဒီနှစ်တွေအများကြီးတစ်လျှောက် ခဲအိုကလည်း အစ်မကို သည်းသည်းလှုပ်ချစ်နေမှာမဟုတ်ဘူး၊ ဒါနဲ့ ခဲအိုကို မတွေ့တာတောင် နှစ်ချီနေပြီ သူ‌ရောအခုဘယ်လိုလဲ? ရှုမိသားစုက အဘိုးကြီးက အိမ်ကနေထွက်သွားတယ်လို့ပြောတာ အခုပြန်ရောက်ပြီလား?”

အကြီးအကဲရှုအကြောင်းပြောလိုက်သည်နှင့် မဒမ်ရှုမျက်နှာ မှောင်ရိပ်သန်းသွားသည်။

“နင့်ခဲအိုက အဆင်ပြေပါတယ်၊ ယောက္ခထီးကတော့....ဘယ်သိမလဲ? တစ်နေ့နေ့ပြန်လာရင်လာမှာပေါ့”

အကြီးအကဲရှုသည် မြို့တော်သို့ပြန်ရောက်သည့်တိုင် ရှုမိသားစု၏သားသမီးမြေးမြစ်များကို အသိမပေးခဲ့ချေ။ ထိုအဘိုးကြီးမည်သို့တွေးနေသည်ကို သူမမသိပါပေ။

သို့သော် သူသည် ယန်ခရိုင်ရှိ နယ်မြို့လေးတစ်ခုတွင် အငြိမ်းစားယူရန်လုပ်ထားကြောင်း ယခင်က ပြောကြားခဲ့သည်။ အဘယ်ကြောင့် ရုတ်ချည်းဆန်စွာ စိတ်ပြောင်းသွားရသနည်း? ကျင်းယွင်ကျောင်းကြောင့်လော?

“အစ်မ၊ ညီမကတော့ အကြီးအကဲရှုကို မမြင်ဖူးပေမယ့် သူ့သမီးကို ဆုံးရှုံးလိုက်ရတာကို နည်းနည်းသနားမိတယ်၊ အစ်မယောက်မက အရမ်းလှပြီးစိတ်ထားကောင်းတဲ့လူလို့ကြားတယ်၊ အဲ့မိန်းမလှလေးမှာ ပါရမီတော်တော်ပါပေမယ့် ဘဝကိုလွယ်လွယ်ကူကူမဖြတ်သန်းခဲ့ရတာ နှမြောစရာပဲ၊ ဒါကြောင့်မို့ အမျိုးသမီးတွေက ကိုယ့်ရဲ့စွဲလမ်းမှုအောက်မှာပဲ ဘဝဆုံးရတတ်တယ်လို့ပြောကြတာ၊ ညီမလိုမျိုး ကိုယ့်သားကလွဲပြီး တခြားစိတ်ပူစရာရှိမနေရင် ဘယ်လောက်ကောင်းမလဲ?”

ရှန်တုန်းသက်ပြင်းချလိုက်သည်။

ရှုရှန်းလန်နှင် လီထျန်းယီမှာ ယခင်က နေနှင့်လ၊ ရွှေနှင့်မြ ဖြစ်ခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် အစက တစ်မြေတည်းတစ်ရေတည်းသောက်ခဲ့သော မိသားစုနှစ်စုသည် အကြောင်းရင်းတစ်ခုခုကြောင့် ရန်သူများဖြစ်သွားခဲ့ကြ၏။ ရှုရှန်းလန်နှင့် လီထျန်းယီသည် ခိုးပြေးပြီး မိမိတို့ဘဝကို မိမိတို့ဘာသာတည်ထောင်ရုံသာရှိတော့သည်။ သူတို့သည် မသေမျိုးများကိုပင် အားကျစရာမလိုဘဲ လက်တွဲဖော်တစ်ဦးတည်းသာ ထားတတ်ကြသည့် ငန်းမောင်နှံများဘဝဖြင့်သာ နေရလိမ့်မည်ဟု ထင်ခဲ့ကြ၏။ မထင်မှတ်ထားစွာဖြင့် သူတို့၏လှပသောအချစ်ဇာတ်လမ်းသည် ကြာကြာမခံခဲ့ချေ။

အဓိကဇာတ်ဆောင်နှစ်ဦးတွင် တစ်ဦးမှာ ဒုက္ခိတဖြစ်သွားပြီး စကားတစ်ခွန်းမျှမပြောဘဲ တစ်နေ့လုံး မိမိအိမ်ထဲတွင်သာ ပိတ်လှောင်ကာနေထိုင်လေသည်။ နောက်တစ်ဦးမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားပြီး ယခုဆိုလျှင် ကွယ်လွန်သွားလောက်ပေပြီ။

ရှန်တုန်းသည် တိုးဖွစွာဖြင့် သက်ပြင်းချလိုက်သည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သောအရာများကို သူမရှင်းရှင်းလင်းလင်းမသိချေ။ သူမအစ်မထံမှသာ အချို့အရာများကို ကြားဖူးသည်။

မဒမ်ရှုအား အသားအ‌ရေထိန်းသိမ်းရေး လုပ်ပြီးပြီဖြစ်၍ ခဏအကြာတွင် သူမထွက်သွားတော့သည်။ သူမစိတ်ထဲတွင် တစ်ခုခုကိုတွေးနေဟန်ရှိ၏။

ရှန်တုန်းသည် စဥ်းစားကြည့်လိုက်ပြီးနောက် ယနေ့ ကျင်းယွင်ကျောင်းကိုတွေ့ချိန်တွင် မနှုတ်ဆက်လိုက်ရသည်မှာ မယဥ်ကျေးရာကျသည်ဟု ခံစားနေရဆဲဖြစ်သဖြင့် ကျင်းယွင်ကျောင်းအား အထူးဖုန်းဆက်လိုက်၏။

ကျင်းယွင်ကျောင်းသည် အဆောင်သို့ပြန်ရောက်သောအခါ သူမဖုန်းတွင် ရှန်တုန်း၏ဖုန်းနံပါတ်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။

“ဟယ်လို အန်တီတုန်း၊ အလှပြင်ဆိုင်မှာ သမီးတစ်ခုခုကူညီပေးစရာရှိလို့လား?”

ကျင်းယွင်ကျောင်းမှ ယဥ်ကျေးစွာမေးလိုက်၏။

“မရှိပါဘူးကွယ် မရှိပါဘူး၊ ဒီမှာအားလုံးအဆင်ပြေနေပါတယ် သမီးနဲ့ကိုယ်ရေးကိုယ်တာကိစ္စတချို့ပြောစရာရှိလို့ပါ”

ရှန်တုန်းသည် စကားကိုခေတ္တမျှရပ်ပြီးမှ ဆက်ပြောလိုက်၏။

“မနက်တုန်းက သမီးကို ကုန်တိုက်မှာတွေ့ခဲ့တယ်၊ လာနှုတ်ဆက်ပြီး ထမင်းဝယ်ကျွေးချင်ပေမယ့် အန်တီ့ရဲ့အစ်မက နေလို့မကောင်းတာနဲ့ မလာလိုက်ရဘူး၊ သမီးအကူအညီတစ်ခုခုများလိုမလားလို့ မေးတာပါ၊ အန်တီက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကုန်တိုက်မှာပဲစျေးဝယ်နေကျဆိုတော့ ပစ္စည်းတွေရဲ့တံဆိပ်တွေ၊ အရည်အသွေးတွေနဲ့ပတ်သတ်ပြီး ကောင်းကောင်းရင်းနှီးတယ်လေ”

ရှန်တုန်း၏အသံသည် ယဥ်ကျေးပျူငှာနေပြီး ကျင်းယွင်ကျောင်းအား သူမ၏အငယ်တစ်ဦးလို မဆက်ဆံချေ။

ကျင်းယွင်ကျောင်းကြားသောအခါ သူမ၏ကျုံ့ထားသောမျက်ခုံးများကို ဖြေလျှော့လိုက်ပြီး ပြောလိုက်၏။

“ပစ္စည်းတွေက ဝယ်ပြီးပါပြီ ဒါပေမယ့် အခုအန်တီတုန်းပြောတော့မှ မှတ်မိတယ် အန်တီတုန်းကို အကူအညီတောင်းစရာတစ်ခုရှိတယ် ပစ္စည်းဝယ်ဖို့တော့မဟုတ်ဘူး”

Space and Rebirth 836

အန်တီတုန်းသည် အနုပညာလောကတွင် အဆင့်အတန်းတစ်ခုရှိပြီး သြဇာညောင်းကြောင်း ကျင်းယွင်ကျောင်းရုတ်တရတ်မှတ်မိသွား၏။ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ဟော်ထျန်းရှန်း၏စကားအရဆိုလျှင် အန်တီတုန်းသည် အဆက်အသွယ်များစွာရှိသေးသည်။ ယနေ့အချိန်တွင် အန်တီတုန်းအား ရုပ်ရှင်ရိုက်ရန် လာရောက်ကမ်းလှမ်းကြသော ဒါရိုက်တာများနှင့် နာမည်ကြီးပုဂ္ဂိုလ်များစွာရှိသော်လည်း သူတို့အားလုံး အငြင်းခံခဲ့ရ၏။

မနက်ဖြန်တွင် သူမသည် ဟိုင်ချင်းနှင့်အခြားသူများအားတွေ့ရန် စီစဥ်ထားသည်။ ဟိုင်ချင်းမှာ သရုပ်ဆောင်ပညာကို သင်ယူနေသည်။ မကြာသေးမီကပင် ရိုက်ကူးရေးအဖွဲ့အချို့ထံမှ သင်ယူလေ့လာရန် အခွင့်အရေးများရခဲ့ပြီး ဇာတ်ဝင်ခန်းအသေးစားတစ်ခုတွင်ပင် နေရာရခဲ့သည်။ မနက်ဖြန်အတွက်ပင် သူမသည် အချိန်များစွာဖယ်ထားခဲ့ရ၏။ ဟိုင်ချင်းအတွက်သာ သူမလမ်းဖွင့်ပေးနိုင်ပြီး အဆက်အသွယ်များ ပိုရစေခဲ့လျှင် ကောင်းသောအရာဖြစ်ပေမည်။

ရှန်တုန်းမှ ဟိုင်ချင်းအား မကူညီပေးနိုင်လျှင်ပင် သူမ၏အလှပြင်ဆိုင်မှတဆင့် ဟိုင်ချင်းအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သေးသည်။ သူမသာ အနုပညာရှင်တစ်ဦးဖြစ်လိုလျှင် မျက်နှာပန်းလှရမည်မဟုတ်လော။

သို့ရာတွင် ရှန်တုန်းမှာ ဤကိစ္စကို အလေးအနက်ထားလေ၏။ သူမလျင်မြန်စွာမေးလိုက်သည်။

“မိန်းကလေးကျင်း၊ လိုအပ်တာရှိရင် ပြောသာပြောပါ၊ အကူအညီပေးနိုင်တဲ့ကိစ္စဆိုရင် သေချာပေါက်ကူညီပါ့မယ်”

“အန်တီတုန်းနဲ့ တစ်ယောက်ယောက်ကိုမိတ်ဆက်ပေးချင်ရုံပါ၊ လူကိုကြည့်ပြီး မကူညီချင်ဘူးဆိုလည်း ငြင်းလို့ရပါတယ်”

ကျင်းယွင်ကျောင်းသည် ရှန်တုန်းအား အတင်းအကြပ်မကူညီခိုင်းလိုပေ။

ဟိုင်ချင်းမှာမူ သူမအလွန်တန်ဖိုးထားရသောပုဂ္ဂိုလ်ဖြစ်၏။ သူမ၏မိသားစုဝင်တစ်ဦးဖြစ်ပြီး သူမအယုံကြည်ရဆုံးလူဟုပြောလျှင်ပင် အပိုစကားဖြစ်မည်မထင်ချေ။ ထိုသို့သောသူက အနုပညာရှင်တစ်ဦးဖြစ်ချင်ကြောင်း သိလိုက်ရသောအခါ သူမအား ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ပင်တိုင်မော်ဒယ်ဖြစ်စေချင်မိသည်။ သို့ရာတွင် အတွေ့အကြုံမရှိ၊ ကျော်ကြားမှုမရှိသောလူတစ်ဦးအား ထုတ်ကုန်ပစ္စည်းတစ်ခုကို ကမူးရှူးထိုးကြော်ငြာခိုင်းသည်က ကုမ္ပဏီအတွက်ရော ဟိုင်ချင်းအတွက်ပါ နစ်နာနိုင်ကြောင်း သူမသိပေသည်။ ထို့ကြောင့် သူမစောင့်ဆိုင်းနေခြင်းဖြစ်သည်။

ယခုအချိန်ထိ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် မည်သည့်အနုပညာရှင်နှင့်မျှ စာချုပ်မချုပ်ရသေးပေ။

ပိုင်ယွီအန်းသည် သူမအား တစ်ကြိမ်မက နားချခဲ့သော်လည်း သူမငြင်းဆိုခဲ့မြဲသာဖြစ်၏။ ရှောင်ဟိုင်ချင်းနာမည်ကြီးလာမည့်နေ့ကို သူမစောင့်နေခြင်းဖြစ်ပေသည်။ ထို့အပြင် ကျောက်စိမ်းဝိညာဥ်ကုမ္ပဏီသည်လည်း ထိုအချိန်တွင် ပိုမိုကျော်ကြားလာလောက်ပြီဖြစ်၍ နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းသောအရာဖြစ်ပေသည်။

ကျင်းယွင်ကျောင်း၏ရိုးရှင်းသော ရှင်းပြချက်အပြီးတွင် ရှန်တုန်းသည် စိတ်ထဲတွင် သဘောပေါက်နှင့်လေပြီ။ အနုပညာရှင်တစ်ဦးဖြစ်ချင်နေသော လူတစ်ဦးအား ကြည့်ခိုင်းပြီး ထိုသူအတွက် လမ်းဖွင့်ပေးစေလိုခြင်းဖြစ်၏။

နှစ်ပေါင်းများစွာအတွင်း လူများစွာသည် သူမအားချည်းကပ်ခဲ့သော်လည်း သူမသည် ထိုလူများအားလုံးကို ငြင်းခဲ့သည်။ ကျင်းယွင်ကျောင်းမှ သူမအား အတင်းအကြပ်လုပ်ခိုင်းလျှင် သူမသည် ပါးစပ်တောင်မဖွင့်နိုင်ဘဲ ငြင်းနိုင်မည်မဟုတ်ပေ။

သူမသည် သဘောထားသေးသိမ်သူမဟုတ်ပါချေ။ ကျင်းယွင်ကျောင်းမိတ်ဆက်ပေးသောသူက အလားအလာရှိပြီး လူကောင်းတစ်ဦးဖြစ်လျှင် သူမကူညီနိုင်ပေသည်။

“ကိစ္စမရှိပါဘူး၊ မိန်းကလေးကျင်းမိတ်ဆက်ပေးမယ့်သူက ဘယ်လိုလူစားမျိုးဖြစ်မလဲဆိုတာ အန်တီလည်းသိချင်နေပြီ”

ရှန်တုန်းပြုံးလိုက်၏။ ထို့နောက် သူမအစ်မဖြစ်သူအကြောင်း စဥ်းစားမိသွားသဖြင့် ပြောလိုက်သည်။

“ဒါနဲ့ မိန်းကလေးကျင်း၊ ရှန်ရှီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကိုသိလား? အသက်ကတော့ ၄၅-၄၆ လောက်ရှိပေမယ့် သူကသူဌေးကတော်တစ်ယောက်ဆိုတော့ ရုပ်နုပြီး စိတ်ထားရည်မွန်တယ်...”

“မသိဘူး”

ကျင်းယွင်ကျောင်းဖြေလိုက်၏။

“ဟုတ်လား? ဒါဆို အန်တီပဲ အတွေးလွန်နေတာထင်ပါရဲ့ အန်တီ့ရဲ့အစ်မနဲ့အတူ ကုန်တိုက်သွားတုန်းက သမီးကိုတွေ့လိုက်ကြတယ်လေ အဲ့တုန်းက သူမျက်နှာသိပ်မကောင်းဘူး၊ အဲ့တော့ သမီးတို့နှစ်ယောက်သိနေကြပြီး အရင်တုန်းက အချင်းချင်းအထင်လွဲနေတာများရှိကြမလားလို့ ထင်လိုက်တာပါ အန်တီလည်းလန့်သွား...”

ရှန်တုန်းသည် ပြောလက်စစကားတန်းလန်းဖြင့် ရပ်လိုက်၏။

အစ်မသည် ကျင်းယွင်ကျောင်းအား သိမနေလျှင် သူမဘေးမှ အဘိုးအိုအား သိနေသည်လော?

“မိန်းကလေးကျင်း၊ မနက်တုန်းက မိန်းကလေးနဲ့အတူ စျေးဝယ်ထွက်တဲ့အဘိုးကဘယ်သူလဲဟင်? စိတ်မရှိပါနဲ့ အမေးအမြန်းထူမိသွားပြီ ဒါပေမယ့် အန်တီ့အစ်မနဲ့ပတ်သတ်နေတဲ့ကိစ္စဆိုတော့...”

ရှန်တုန်းအသံသည် အနည်းငယ်ပြာပြာသလဲဖြစ်နေပြီး ဗျာများနေဟန်ရ၏။

ထိုအချိန်က ရှန်ရှီ၏တုံ့ပြန်ပုံမှာ ထူးဆန်းလွန်းလှသဖြင့် သူမသည် အမှန်တကယ်စိတ်ပူနေခဲ့ပေသည်။ ရှန်ရှီသည် အနည်းငယ်ကြောက်ရွံ့နေဟန်ရသလို အနည်းငယ်လည်း နာကျည်းနေပုံရသည်...အလွန်ထူးဆန်းလှပေ၏။

ကျင်းယွင်ကျောင်းစဥ်းစားကြည့်လိုက်ပြီးနောက် ဖုံးကွယ်ထားစရာမလိုကြောင်း ခံစားမိလိုက်သဖြင့် သူမပြောချလိုက်သည်။

“သမီးရဲ့အုပ်ထိန်းသူတစ်ယောက်ပါ၊ သူ့မျိုးရိုးနာမည်က ရှု တဲ့၊ နာမည်အပြည့်အစုံက ရှုကျင်းကျီ”

သူမစကားပြောပြီးနောက်တွင် ဖုန်းလိုင်းတစ်ဖက်ခြမ်းမှလူသည် ထူးထူးဆန်းဆန်းငြိမ်ကျသွားတော့၏။ ကျင်းယွင်ကျောင်းသည် ရှန်တုန်း၏ အသက်ရှူသံပြင်းပြင်းကိုသာ ကြားနေရသည်။ သူမသည် မကြားသင့်သောစကားကို ကြားလိုက်ရသကဲ့သို့ တုံ့ပြန်ချက်ပြင်းထန်နေလေသည်။

All Chapters