အခန်း (၈၃၇-၈၄၀)
Vol. 42 Ch. 837-840
Space and Rebirth 837
“အန်တီတုန်း?”
ကျင်းယွင်ကျောင်းအံ့အားသင့်စွာဖြင့် ခေါ်လိုက်သည်။
ဖုန်းလိုင်းတစ်ဖက်ခြမ်းတွင် ရှန်တုန်းသည် ဇဝေဇဝါဖြစ်ကာ အဖြေမရှာနိုင်ဖြစ်နေ၏။
သူမသည် ရှုကျင်းကျီအား တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသော်လည်း သူ့အကြောင်းကိုမူ ကြားဖူးနေလေသည်။ ထိုသူမှာ သူမခဲအို၏ အဖေအရင်းဖြစ်ပြီး ဆေးဝါးပညာ၌ ဆရာတစ်ဆူဖြစ်၏။ သို့သော် ထိုသူမှာ ရှန်ရှီ၏ယောက္ခထီးဆိုလျှင် သူမသည် အဘယ်ကြောင့် သွားမနှုတ်ဆက်ရသနည်း? အဘယ်ကြောင့် နေမကောင်းချင်ယောင်ဆောင်ရသနည်း?
ထိုအချိန်က ရှန်ရှီသည် အကြီးအကဲရှုအား သေချာပေါက်တွေ့လိုက်ပြီး သူ့အားတွေ့လိုက်သည်နှင့် ရုတ်ချည်းဆိုသလို ခေါင်းမူးသွားခဲ့သည်။ အခြားအချိန်ဆိုလျှင် ရှန်ရှီမှာ အမှန်တကယ်နေမကောင်းဖြစ်နေသည်ဟု သူမယုံကြည်ပေဦးမည်။ သို့သော် မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိ ထိုအချိန်က သူမ၏သံသယစိတ်သည် ပြင်းထန်နေခဲ့၏။ ရှန်ရှီ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ တစ်စုံတစ်ဦးထံမှပုန်းရန်ဟု သူမခံစားနေခဲ့မိသည်။
သို့ရာတွင် တစ်နှစ်ပတ်လုံး အခြားမြို့တစ်မြို့တွင် အနားယူနေထိုင်နေခဲ့သော အဘိုးကြီးတစ်ဦးထံမှ အဘယ်ကြောင့်ပုန်းစရာရှိမည်နည်း?
ထို့အပြင် ရှန်ရှီနှင့် သူမစကားပြောစဉ်က အကြီးအကဲရှုအကြောင်း သူမပြောလိုက်သော်လည်း ရှန်ရှီသည် သူမအား အမှန်အတိုင်းမပြောခဲ့ချေ…
“အန်တီတုန်း?”
သူမအတွေးများ ကယောက်ကယက်ဖြစ်နေချိန်တွင် ကျင်းယွင်ကျောင်းမှ ထပ်မံခေါ်လိုက်၏။
“ဪ…ဘာမှမဟုတ်ပါဘူး ဒီတိုင်းထူးဆန်းတာတစ်ခုခုတွေးမိသွားလို့…”
ရှန်တုန်းမှ ခြောက်ကပ်စွာရယ်လိုက်သည်။
ကျင်းယွင်ကျောင်းကြောင်အမ်းသွား၏။
“အဘိုးရှုကြောင့်လား? အဘိုးရှုက အန်တီရှန်ရှီနဲ့ ရန်ငြိုးရှိနေတာလား?”
“မဟုတ်ပါဘူး အန်တီက အဘိုးရှုကိုတစ်ခါမှမမြင်ဖူးပေမယ့် သူ့အကြောင်းတော့ကြားဖူးတယ်လေ၊ အဲ့တော့ သမီးကသူနဲ့သိနေတယ်ဆိုလို့ အန်တီလည်း အံ့ဩသွားတာ၊ ရှန်ရှီဆိုတာ အန်တီ့အစ်မပါ သူကအခုတော့ရှုမိသားစုဝင်ဖြစ်နေပြီ၊ အကြီးအကဲရှုရဲ့အကြီးဆုံးသားရဲ့ မိန်းမပေါ့”
ရှန်တုန်းရှင်းပြလိုက်သည်။
(အဘိုးရှုရဲ့ချွေးမ?)
မြို့တော်သည် ကျဉ်းလွန်းလှ၏။ သူမသိခဲ့သောလူအကြောင်းအား တစ်ချက်မျှပတ်မေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။
အချိန်တိုင်းဆိုသလို အဘိုးရှုနဲ့ တစ်ခုခုပတ်သတ်စမြဲဖြစ်၏။ အနည်းငယ်ထူးဆန်းလှပေသည်။ မသိလျှင် အရာအားလုံးကို တစ်ယောက်ယောက်မှ ကြိုတင်စီမံထားသလိုပင်။
မကြာသေးမီက သူမသည် ပရော်ဖက်ဆာမိုနှင့် အဘွားယုဖူအား အကြောင်းတိုက်ဆိုင်စွာ တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် အဘွားယုဖူသည် အဘိုးရှုနှင့်ပါ ရင်းနှီးကြောင်းသူမသိလိုက်ရ၏။ ရှန်တုန်းကိုလည်း သူမအခန်းဖော် ဟော်ထျန်းရှန်းမှတဆင့် သိခဲ့ရသည်။ ရှန်တုန်း၏အစ်မမှာ အဘိုးရှု၏ချွေးမဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့ရာတွင် ယခုအချိန်၌ အဘိုးရှုသည် သူ၏မိသားစုကို တွေ့ချင်စိတ်မရှိသောကြောင့် ကျင်းယွင်ကျောင်းပြောလိုက်သည်။
“အန်တီရှန်ရှီလည်း အဘိုးရှုကိုတွေ့လိုက်တာလား? အန်တီတုန်း၊ အဘိုးရှုက နားအေးပါးအေးနေချင်တာမို့ သူမြို့တော်ထဲရောက်လာတဲ့ကိစ္စကို လက်တလောမှာ ရှုမိသားစုကိုမပြောဖို့ အန်တီရှီကို ပြောပေးလို့ရမလား?
အဘိုးရှုမှ သူ၏သားသမီးမြေးမြစ်များကို မတွေ့ဘဲရှောင်ဖယ်နေရခြင်းမှာ ဟန်ဆောင်မှုတစ်ခုမဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် အဘိုးရှုအား သူ၏သားသမီးမြေးမြစ်များနှင့် အတူရှိစေချင်သော်လည်း သူ၏ပျော်ရွှင်မှုက ပိုအရေးကြီးပေသည်။ အနာဂတ်တွင် ကိစ္စများအားလုံးကို သူသေချာစဉ်းစားပြီးမှ တွေ့ကြလျှင်ပင် နောက်မကျသေးချေ။
“အင်း…တကယ်တော့ အစ်မလည်း သေချာတွေ့လိုက်တယ်မထင်ပါဘူး…”
ရှန်တုန်းမှ အကြောင်းပြချက်တစ်ခုပေးလိုက်သည်။
အကြီးအကဲရှုတွင် သူ၏သားသမီးမြေးမြစ်များကို မတွေ့ချင်သောအကြောင်းအရင်းရှိသော်လည်း သူ၏အစ်မဖြစ်သူကဲ့သို့ မိသားစု၏ချွေးမတစ်ဦးက အကြီးအကဲရှုအား ရှောင်တိမ်းနေသည်မှာ မူမမှန်ပါပေ။
ကျင်းယွင်ကျောင်းခေါင်းတငြိမ့်ငြိမ့်ဖြင့် နှုတ်ဆက်စကားအချို့ဖလှယ်ကာ ဖုန်းချလိုက်သည်။
ရှန်တုန်းနှင့် ကျင်းယွင်ကျောင်းတို့နှစ်ဦးလုံး ကြောင်အမ်းနေချိန်တွင် ရှန်ရှီမည်သို့ဖြစ်နေသည်ကို မသိကြချေ။ သူမသည် ရှုမိသားစုအိမ်သို့ ပြန်ပြီးနောက် ကြော့ရှင်းသပ်ရပ်ဆဲ သပ်ရပ်မြဲဖြစ်နေသော သူမအမျိုးသားနှင့် ခန့်ညားပျော်ရွှင်နေသော သူမသားကိုမြင်လိုက်ရ၏။ ထိုအချိန်တွင် သူမမျက်လုံးထဲတွင် စိတ်ခိုင်မာမှုနှင့် ရက်စက်သောအရိပ်အယောင်များသည် ရိပ်ခနဲဖြတ်ပြေးသွားပေသည်။
နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်း၊ ရှောင်ဟိုင်ချင်းနှင့် စူးချူသည် ချိန်းချက်ထားသောနေရာတွင် တွေ့ကြတော့၏။
အချင်းချင်းမတွေ့ရသည်မှာ ကြာပြီဖြစ်၍ နှစ်ဦးသားသည် များစွာပြောင်းလဲသွားချေပြီ။ စူးချူမှာ လီနင်သားအင်္ကျီများကို ဝတ်ဆင်ထားပြီး ယခင်ကထက် ပို၍ကျက်သရေရှိသည့်ပုံစံပေါက်နေသည်။ သူမအပြုံးမှာ အထူးချိုသာနေပြီး သူမကိုယ်ပေါ်မှ တည်ငြိမ်အေးချမ်းသောအငွေ့အသက်များ ထွက်ပေါ်နေသည်။
ယခင်က သူမသည် တက်ကြွဖျတ်လတ်သောမိန်းကလေးတစ်ဦးဖြစ်ခဲ့၏။ သူမ၏စရိုက်သည် ယခင်ကနှင့် များစွာကွဲပြားသွားလိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း? တက္ကသိုလ်ဟူသည်မှာ အမှန်တကယ်ပင် ဘဝကိုပြောင်းလဲစေသောနေရာဖြစ်၏။
ကျင်းယွင်ကျောင်း အရှေ့သို့လျှောက်လာသောအခါ ရှောင်ဟိုင်ချင်းသည် ချက်ချင်းထရပ်ပြီး သူမအား တင်းကြပ်စွာပွေ့ဖက်လိုက်သည်။
“ယွင်ကျောင်း၊ ငါနင့်ကိုအရမ်းလွမ်းနေတာ! နင်အနံ့ရှူကြည့်ဦးမယ် ထင်တဲ့အတိုင်း ယွင်ကျောင်းကိုယ်သင်းနံ့ကအမွှေးဆုံးပဲ…”
Space and Rebirth 838
ကျင်းယွင်ကျောင်းခန္ဓာကိုယ်တွင် တိုင်းရင်းဆေးနံ့သင်းနေပြီး ထိုအနံ့မှာ အများနှင့်မတူ တစ်မူထူးခြားလှသည်။ ရှောင်ဟိုင်ချင်းပြောရင်းဖြင့် ကျင်းယွင်ကျောင်း၏ခါးကို ညင်သာစွာဆိတ်ကြည့်လိုက်၏။
“ယွင်ကျောင်း၊ နင်ဘာလို့ဝမလာတာလဲ?”
ကျင်းယွင်ကျောင်းခါးသက်စွာပြုံးပြီး သူမလက်အား ရိုက်ချလိုက်သည်။
“နင်မိတ်ကပ်လိမ်းထားတာလား?”
ကျင်းယွင်ကျောင်းမှ တည်ငြိမ်စွာမေးလိုက်၏။
“ပါးပါးပဲလိမ်းထားတာပါ၊ နင်ကတော့မသိပေမယ့် ငါ့အတန်းဖော်တွေဆို နေ့တိုင်း ပြင်ပြင်ဆင်ဆင်နေကြတာ၊ မိတ်ကပ်လိမ်းထားတဲ့အချိန်နဲ့ မလိမ်းထားတဲ့အချိန်ကိုယှဥ်လိုက်ရင် ဆီနဲ့ရေလိုပဲ၊ ပြီးတော့ ငါသာမိတ်ကပ်မလိမ်းထားရင် သူများတွေကြားထဲ ငါတစ်ယောက်တည်းထင်းချင်နေတာလားဆိုပြီး ထင်သွားကြလိမ့်မယ်၊ ကံကောင်းလို့ နင်ပေးထားတဲ့ဆေးနဲ့ဆိုရင် မိတ်ကပ်လိမ်းထားရင်တောင် ငါ့အသားအရေကိုမထိခိုက်တော့ဘူး”
ရှောင်ဟိုင်ချင်းမှ အပြုံးတစ်ပွင့်ဖြင့် ဖြေလိုက်သည်။
သုံးဦးသားသည် စကားများပြောရင်းဖြင့် အနီးအနားရှိစားသောက်ဆိုင်တစ်ဆိုင်သို့သွားကာ ဝင်ထိုင်လိုက်သည်။
သူတို့တွေ့ဆုံရန် ရွေးချယ်ထားသောနေရာမှာ ရှောင်ဟိုင်ချင်း၏ကျောင်းအနီးတွင်ဖြစ်၏။ ဤသည်မှာ တက္ကသိုလ်ကျောင်းများပေါသောမြို့ဖြစ်သဖြင့် အနီးအနားတွင် ကျောင်းများစွာရှိသည်။ ရှောင်ဟိုင်ချင်း၏ကျောင်းနားတွင် လူများစွာဖြင့် လွန်စွာအသက်ဝင်ပြီး စူးချူပင်လျှင် မကြာခဏဆိုသလို ဤနေရာသို့လာတတ်သည်။ ဤနေရာတွင် ပါရမီရှင်လက်သစ်များအား ကွင်းဆင်းရှာဖွေသူများစွာရှိလေသည်။ နာမည်ကြီးအနုပညာရှင်များသည်လည်း ကျောင်းတက်ရင်းဖြင့် အေဂျင်စီများ၏ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းတွင် နာမည်ကြီးသွားတတ်ကြသည်သာဖြစ်၏။
“ဟိုင်ချင်း၊ နင်ဝိတ်တော်တော်ကျသွားတယ်လို့ ငါထင်သလိုပဲ”
စူးချူသည် သူမ၏အသီးဖျော်ရည်ကိုသောက်ပြီး မေးလိုက်၏။
“သိသာလား? အဲ့လိုဆိုရင်တော့ အာနိသင်ရှိတယ်ပြောရမှာပေါ့”
ရှောင်ဟိုင်ချင်းသည် မျက်လုံးများကိုမှေးကာပြောလိုက်၏။
“ဒီနယ်ပယ်ထဲမှာ အပြိုင်အဆိုင်ကတော်တော်များတော့ လူတိုင်းနာမည်မကြီးနိုင်ဘူးလေ၊ ငါ့ခန္ဓာကိုယ်ကအရင်တုန်းကလည်း အရမ်းကောင်းပေမယ့် အချိုးအစားညီရုံပဲရှိတာ...”
“အမှန်အတိုင်းပြောစမ်း”
ကျင်းယွင်ကျောင်းသည် ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် နံဘေးမှပြောလိုက်သည်။
ရှောင်ဟိုင်ချင်းစကားကိုရပ်ကာ နှုတ်ခမ်းကိုစေ့ပြီး မတတ်သာဟန်ဖြင့် ပြောလိုက်၏။
“အင်း...ငါအခုတလော ပြေးလွှားနေရတာတွေများလို့ပါ”
သူမသည် လက်ရှိအချိန်တွင် ကျော်ကြားမှုမရှိသေးချေ။ သူမတွင် လှပသောမျက်နှာကို ပိုင်ဆိုင်သော်လည်း အနုပညာလောကတွင် မိန်းမလှများဟူသည်မှာ ရိုက်သတ်၍မကုန်ပေ။ ဤအနီးတဝိုက်အတွင်း မှီခိုအားထားရမည့်သူလည်းမရှိသဖြင့် အနုပညာနယ်ပယ်ထဲရှိလူများ၊ ပစ္စည်းများဖြင့်သာ ပြောဆိုဆက်ဆံနိုင်တော့သည်။ တစ်နေရာတွင် ရိုက်ကူးရေးရှိကြောင်း သူမကြားတိုင်း ထိုနေရာသို့ သွားကြည့်ရန်နည်းလမ်းများကို ရှာတတ်၏။ သူမသာ ဖြတ်လျှောက်တစ်နေရာရလျှင် အကောင်းဆုံးဖြစ်ပေမည်။ လူသေတစ်ဦး သို့မဟုတ် အိမ်ဖော်တစ်ဦးဖြစ်လျှင်ပင် ကိစ္စမရှိချေ။ သရုပ်ဆောင်အနေနှင့် အလုပ်လုပ်ရသောအတွေ့အကြုံကိုသာ သူမအဓိကလိုချင်ပေ၏။
ထိုသို့ရုန်းကန်ကြိုးစားအပြီးတွင် သူမသည် ဝိတ်များစွာကျသွားခဲ့သည်။
သို့ရာတွင် သူမသည် များစွာသင်ယူခဲ့ရ၏။ စာသင်ခန်းထဲတွင် သင်ကြားသောအရာနှင့် လက်တွေ့အခြေအနေကြားတွင် ကွာခြားချက်ရှိတတ်စမြဲမဟုတ်လော။
ဤကာလအတွင်းတွင် သူမသည် သရုပ်ဆောင်မျိုးစုံ၊ ဒါရိုက်တာမျိုးစုံနှင့် တွေ့ကြုံခဲ့ရ၏။ အချို့မှာ စိတ်အားထက်သန်ပြီး တက်ကြွကြသော်လည်း အချို့မှာ အေးတိအေးစက်နိုင်ပြီး မာန်မာနပလွှားကြသည်။ အချို့မှာမူ အခြားသူများအား အနိုင်ကျင့်တတ်ကြ၏။ သူမသာ ဤလောကထဲ၌ ရှင်သန်ချင်လျှင် လိမ္မာပါးနပ်မှုရှိရန် သင်ယူရပေမည်။ သူမသည် လူများစွာနှင့်လည်း သိကျွမ်းပြီးဖြစ်ကာ သူတို့အားလုံး၏နာမည်ကို မှတ်ထား၏။ သူတို့၏အကျင့်စရိုက်များ၊ နာမည်များအားလုံးကို သူမခေါင်းထဲတွင် နည်းနည်းစီ မှတ်သားထားလေသည်။
ကျင်းယွင်ကျောင်းကြောင့် သူမသည် သိုင်းပညာကိုသင်ယူခဲ့ရပြီး ၎င်းမှာ ယခုအလွန်အသုံးဝင်လာလေသည်။ သူမအား စိတ်ထဲစွဲကျန်ရစ်သွားသည့် ဒါရိုက်တာနှစ်ဦး၊ သုံးဦးနှင် ရိုက်ကူးရေးအဖွဲ့ဝင်အချို့ရှိလာသည်။
ရှောင်ဟိုင်ချင်းထပ်ပြောစရာပင်မလိုပေ။ သူမအတွက် မည်မျှခက်ခဲခဲ့မည်ကို ကျင်းယွင်ကျောင်းသိလေ၏။
သူမမျက်လုံးများသည် အနည်းငယ်ခြောက်ကပ်နီမြန်းနေသည်။ ညဘက်တွင် အိပ်ရေးမဝထားသောမျက်လုံးအား မိတ်ကပ်ပါးပါးလိမ်း၍ ဖုံးကွယ်ထားကြောင်း သိသာပေ၏။ သူမ၏မုသားမှာ အလွန်ပင်ပိရိလှသည်။
“နင့်လက်ကိုပေးစမ်း ငါကြည့်ဦးမယ်”
ကျင်းယွင်ကျောင်းမျက်ခုံးများကိုပင့်ကာ အမိန့်သံဖြင့် ပြောလိုက်၏။
ရှောင်ဟိုင်ချင်းခါးသီးစွာပြုံးလိုက်သည်။
“နင့်ဆီကဘာမှဖုံးထားလို့မရဘူးပဲ”
သူမလက်ကို ဆန့်တန်းလိုက်သောအခါ ကျင်းယွင်ကျောင်းသည် သူမ၏သွေးခုန်နှုန်းကိုစမ်းလိုက်၏။ ခဏအကြာတွင် လက်ကိုလွှတ်လိုက်သည်။
“နင်ကအပူဓာတ်နည်းနည်းများနေတယ်၊ နင်ပြန်ရောက်ရင် ပန်းလက်ဖက်ရည်ခွက်တစ်ခွက်ဖျော်ပေးမယ်၊ နောက်ပိုင်းကျ ညတိုင်းအိပ်မောကျနိုင်အောင် မအိပ်ခင် တစ်ခွက်စီသောက်ရမယ်၊ မျက်နှာကပ်တဲ့ mask တွေကိုတော့ ငါလည်းလုပ်တတ်တယ်၊ ပြီးတော့ မျက်နှာလိမ်းခရင်မ်တွေအကုန်သုံးလိုက်ပြီလား? တခြားလူတွေကို မျက်နှာလုပ်ဖို့ ငါနင့်ကိုထပ်ပေးရမလား?”
ကျင်းယွင်ကျောင်းသည် မေးခွန်းများကို ကရားရေလွှတ်မေးလိုက်၏။
“ခွီး-“
စူးချူသည် သူမပါးစပ်ကိုပိတ်ကာ ခွီလိုက်သည်။
“အစ်မ၊ မသိရင် ဟိုင်ချင်းရဲ့အမေကြီးကျနေတာပဲ ဆူလို့မပြီးတော့ဘူး!”
Space and Rebirth 839
ကျင်းယွင်ကျောင်းသည် မတတ်သာဟန်ဖြင့် သူမခေါင်းအားခါပြလိုက်သည်။
“ယွင်ကျောင်းနဲ့ငါက တစ်ယောက်အတွက်တစ်ယောက် အနွေးဓာတ်ဖြစ်ပေးနေတာကြာပြီ ဆူတော့ဘာဖြစ်လဲ? ငါကတော့ကြိုက်တယ်”
ရှောင်ဟိုင်ချင်း ဟက်ဟက်ပက်ပက်ရယ်လိုက်၏။
ရှောင်ဟိုင်ချင်းသည် မျက်နှာအခြေခံကောင်းပေသည်။ မတူညီသောမိတ်ကပ်အမျိုးအစားကို လိမ်းရုံဖြင့် သူမအား ဖြူစင်ရိုးသားဟန်ပေါက်စေနိုင်သလို ဆွဲဆောင်မှုလည်း ရှိလာစေနိုင်၏။ ယခုတွင် သူမလိမ်းထားသော မိတ်ကပ်ပါးပါးမှာ အနေတော်ဖြစ်သည်။ သူမသည် လှပသော်လည်း အလွန်အကျူးမဖြစ်ဘဲ လူကြားထဲထင်ပေါ်စေ၏။ အနုပညာလောကသို့ သူမ၏အနာဂတ်လမ်းခရီးအတွက် ကျင်းယွင်ကျောင်းတွင် သံသယလုံးဝမရှိချေ။
ခဏအကြာတွင် ဟင်းပွဲများရောက်ချလာသည်။
“ဟိုင်ချင်း၊ ရှန်တုန်းကိုသိလား?”
ကျင်းယွင်ကျောင်းမေးလိုက်၏။
“အရင်တုန်းကတော့ သူက အနုပညာလောကထဲမှာ နံပါတ်တစ်မိန်းမလှလေးပဲ၊ ကြည့်ကောင်းရုံမက သရုပ်ဆောင်လည်းကောင်းတယ် ဂန္တဝင်ဇာတ်ဝင်ခန်းတချို့မှာ ဝင်သရုပ်ဆောင်ဖူးတဲ့လူလေ၊ အခုတော့ ငါ့မှာ အဲ့ဇာတ်ဝင်ခန်းတွေကို နေ့တိုင်းမှတ်နေရတော့ သူ့ကိုအရမ်းလေးစားမိတာပဲ၊ ဘာကြောင့်မှန်းမသိ အနှစ်နှစ်ဆယ်ကျော်လောက် ဒီလောကထဲက ပျောက်သွားတာ တကယ်နှမြောစရာပဲ မဟုတ်ရင် အခုအနုပညာလောကထဲက ဟိုအစ်မကြီးတွေထက် အများကြီးပိုသာနေမှာ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှန်တုန်းသည် အလွန်ငယ်ရွယ်စဥ်ကတည်းက အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့၏။ သူမ၏ပညာကို အထင်သေး၍မရချေ။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
“နင်သူ့ကိုသိတယ်ဆိုတော့ ကောင်းတာပေါ့၊ တော်ကြာ သူ့ကိုမမှတ်မိရင် မျက်နှာပူစရာတွေ ဖြစ်ကုန်လိမ့်မယ်”
သူမသည် ရှန်တုန်းအား ရှောင်ဟိုင်ချင်းနှင့်ပတ်သတ်၍ မိတ်ဆက်ပေးဖူးသော်လည်း ရှောင်ဟိုင်ချင်းသာ ရှန်တုန်းအကြောင်း တစ်ခုမှမသိလျှင် အနည်းငယ်မယဥ်ကျေးရာကျပေမည်။
ရှောင်ဟိုင်ချင်းအား ရှန်တုန်းကို ကပ်ဖားရပ်ဖားလုပ်ခိုင်းခြင်းမဟုတ်ပေ။ သူမပြောချင်သောအရာမှာ အလွန်ရှင်းလင်း၏။ ရှန်တုန်းသာ ကူညီနိုင်သည်ဟုခံစားမိလျှင် သူမကူညီလိမ့်မည်။ ရှန်တုန်းမှ ဟိုင်ချင်းအားမကြိုက်လျှင်မူ မတတ်နိုင်ပေ။ ဟိုင်ချင်းသည် အခြားသူများအား မြှောက်ပင့်ပြောဆိုတတ်သောလူမဟုတ်သောကြောင့်ဖြစ်သည်။
“နင်ဘာပြောလိုက်တယ်?”
ရှောင်ဟိုင်ချင်းကြက်သေသေသွား၏။
“မမှတ်မိမှာစိုးတယ်? ရှန်တုန်းကို?”
“အင်း ငါရှန်တုန်းရဲ့အလှပြင်ဆိုင်မှာ ရင်းနှီးမြုပ်နှံခဲ့လို့ ငါတို့ကအခုစီးပွားဖက်တွေဖြစ်နေပြီ၊ သူကလူကောင်းတစ်ယောက်ဆိုတော့ နင်နဲ့သူ့ကိုမိတ်ဆက်ပေးလို့ အကျိုးယုတ်စရာမရှိဘူးလို့ ငါထင်လိုက်တာ၊ သူမကူညီနိုင်ဘူးဆိုရင်တောင် ငါကအလှပြင်ဆိုင်ရဲ့ ရှယ်ယာရှင်ဆိုတော့ အနာဂတ်မှာ နင်အဲ့ဆိုင်သွားတိုင်း လျှော့စျေးနဲ့ရနိုင်တယ်လေ”
ကျင်းယွင်ကျောင်းပြန်ဖြေလိုက်သည်။
ထင်သလိုမဖြစ်လာလျှင်ပင် ရှောင်ဟိုင်ချင်းမှာ သူမအားသူမကိုးတတ်သောသူဖြစ်သဖြင့် သိပ်စိတ်ပူစရာမရှိပေ။
ယခု ကျင်းယွင်ကျောင်းမှစကားပြောပြီးသောအခါ ရှောင်ဟိုင်ချင်းသည် ပြောစရာစကားများပျောက်ဆုံးသွားပြီး သူမမျက်လုံးများ ဝင်းလက်လာတော့၏။
“ယွင်ကျောင်း၊ နင်လက်မြန်လိုက်တာ၊ နင်မြို့တော်ထဲရောက်တာ ဘယ်လောက်ကြာသေးလို့ ရှန်တုန်းနဲ့တောင် သိနေတာလဲ?! ငါလည်း ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ သိတယ်ဆိုပေမယ့် သူတို့နဲ့ရင်းနှီးဖို့ တော်တော်ကြိုးစားခဲ့ရတာ....ယှဥ်လို့မရဘူးဆိုပေမယ့် ငါတကယ်နင့်ကိုချစ်သွားပြီ!”
သူမသည် အလွန်ကျေးဇူးတင်နေဟန်ဖြင့် မျက်လုံးများ တလက်လက်တောက်ပနေသည်။
ကျင်းယွင်ကျောင်းသည် အခြားသူများထံမှ အကူအညီတောင်းခံတတ်သောသူမဟုတ်ပေ။ သူမအတွက်သာ မဟုတ်ခဲ့လျှင်...
“ယွင်ကျောင်း၊ ငါတကယ်နင့်ကိုကျေးဇူးကြွေး အကြီးကြီးတင်သွားပြီ၊ ဒီလိုလုပ်ပါလား...နင်ငါ့ကိုအပိုင်သိမ်းလိုက်လေ ငါတို့တစ်ဘဝစာလုံး နှစ်ယောက်တည်းအတူနေသွားကြရင် မကောင်းဘူးလား?”
ရှောင်ဟိုင်ချင်းသည် ကျေးဇူးဆက်တင်နေလျှင် အကျိုးမရှိကြောင်း သိသဖြင့် စကားလမ်းကြောင်းလွှဲကာ ကျီစယ်လိုက်သည်။
“မလိုဘူး ငါ့မှာရည်းစားရှိနေပြီ”
ကျင်းယွင်ကျောင်းစကားများကြောင့် သူမထိတ်လန့်သွားသည်။
“အဟွတ် အဟွတ်...”
စူးချူထမင်းနင်သွား၏။
ရှောင်ဟိုင်ချင်းသည် ပါးစပ်အဟောင်းသားဖြင့် ကျင်းယွင်ကျောင်းကိုကြည့်လိုက်သည်။
“အစ်မ၊ ရည်းစားရနေပြီလား? ဝမ်းကွဲအစ်ကို ဒါမှမဟုတ် ကျစ်ဟွားနဲ့ တွဲလိမ့်မယ်လို့ ထင်ထားတာ...”
စူးချူသည် နှမြောတသဖြစ်နေဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
ကန်ကျင်းချန်၏ကျောင်းမှာ အပြင်လူဝင်ခွင့်ပိတ်ထားပြီး ထန်ကျစ်ဟွားမှာမူ X မြို့တော်သို့ထွက်သွားသဖြင့် သူ့အားတွေ့ရန် ပို၍ပင်ခက်ခဲပေသည်။ စူးချူသည် နှစ်ဦးသားအတွက် စိတ်ထဲတွင် တိတ်တခိုးသက်ပြင်းချမိ၏။ အထူးသဖြင့် ထန်ကျစ်ဟွားအတွက်ဖြစ်သည်။ အဘိုးထန်သည် ကျင်းယွင်ကျောင်းအပေါ်အလွန်ကောင်းပြီး သူမအား ထန်မိသားစု၏ မြေးချွေးမတစ်ဦးဖြစ်စေချင်ကြောင်း စူးချူအမှတ်ရမိသည်။ ယခုတွင် နောက်လူတစ်ဦးမှ ကျင်းယွင်ကျောင်းအား ဖြတ်ခုတ်သွားလေပြီ။
Space and Rebirth 840
နှစ်ဦးလုံးကျင်းယွင်ကျောင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကြသည်။ ခေတ္တအကြာတွင် ရှောင်ဟိုင်ချင်းမှ စတင်မေးလိုက်၏။
“ဘယ်သူလဲ? မဟုတ်မှလွဲရော ကျောင်းမှာ နင့်ကိုစိတ်ဝင်စားနေတဲ့ ရည်ရည်မွန်မွန် ကောင်လေးတစ်ယောက်ယောက်ရှိနေတာလား? မဟုတ်ဘူး...အဲ့လိုလူမျိုးရှိနေရင်တောင် နင့်စရိုက်နဲ့ဆိုရင် ဒီလောက်အချိန်တိုအတွင်း တွဲဖို့မဖြစ်နိုင်ဘူး....ဆိုတော့ စဥ်းစားကြည့်လိုက်ရင်...”
“သခင်လေးလီလား?”
ရှောင်ဟိုင်ချင်းထပ်မေးလိုက်၏။ ထိုအခါ ကျင်းယွင်ကျောင်းခေါင်းငြိမ့်ပြလိုက်တော့သည်။
ရှောင်ဟိုင်ချင်း၏မျက်နှာသည် အားမလိုအားမရဖြစ်သွားသည်။
“ဘာလဲဟ? တခြားတစ်ယောက်ရှိနေတာထင်လို့...”
သခင်လေးလီဆိုလျှင် အံ့သြစရာမရှိချေ။ သခင်လေးလီသည် ကျင်းယွင်ကျောင်းအား ဆက်ဆံပုံမှာ အခြားသူများနှင့်မတူကြောင်း သူမသိနှင့်ပြီးဖြစ်၏။ သူတို့သည် ထိုအချိန်က ငယ်ရွယ်သူများဖြစ်ခဲ့သောကြောင့် သူမအသေအချာမပြောရဲရုံသာရှိသည်။
“ငါကတော့ နှမြောစရာလို့ထင်တယ်၊ ငါ့အစ်မကို ဝမ်းကွဲယောက်မဖြစ်စေချင်ခဲ့တာ၊ အဲ့လိုဆိုရင် တကယ့်မိသားစုဖြစ်သွားပြီလေ”
စူးချူ၏မျက်နှာသည် ခါးသီးနေ၏။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။ ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားသည် သူမအတွက် သူငယ်ချင်းများသာဖြစ်၏။ ထို့အပြင် နှစ်ဦးသားသည် သူမအပေါ် ရည်ရွယ်ထားခြင်းမရှိသောကြောင့် သူတို့နှစ်ဦးနှင့်ဆက်ဆံရေးကို အဘယ်သို့အဆင့်တက်နိုင်မည်နည်း? ထို့အပြင် သူမသည် ယခင်ဘဝက အသက် ၂၀ ထိ ရှင်သန်ခဲ့သောကြောင့် သူမမျက်လုံးထဲတွင် ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားမှာ မောင်လေးပိစိကွေးများသာဖြစ်သည်။ သူတို့အား အခြားသောအမြင်ဖြင့် သူမမကြည့်နိုင်ပါပေ။
“ယွင်ကျောင်း၊ သခင်လေးလီက နင့်ကိုဘယ်လိုဆက်ဆံလဲ? အသောက်အစား၊ အပျော်အပါးရှောင်တဲ့ယောက်ျားတွေက အရမ်းကြောက်ဖို့ကောင်းတာနော်...”
ရှောင်ဟိုင်ချင်းသည် ထူးဆန်သောလေသံ၊ ကျီစယ်သောမျက်နှာထားဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ ထမင်းနင်လုမတတ်ဖြစ်သွားသည်။ သူမသည် အစားအသောက်အချို့ကိုယူကာ ရှောင်ဟိုင်ချင်းအရှေ့တွင် ချလိုက်၏။
“ထမင်းစားပြီး ပါးစပ်ပိတ်ပေးပါလား?”
“ဒီတိုင်းမေးတာပါဟ”
ရှောင်ဟိုင်ချင်းသည် မျက်လုံးကိုမှေးကာ ပြုံးလိုက်သည်။
“ဒါပေမယ့် နင့်ကြည့်ရတာ ရည်းစားရသွားတဲ့ပုံလည်းမပေါ်ဘူး၊ နင်ကငါ့အခန်းဖော်နဲ့ တော်တော်ကွာတယ် သူဆိုပိုက်ဆံမရှိပေမယ့် သူ့ရည်းစားကောင်လေးအကြိုက်ဆုံး ဂိမ်းစက်ဝယ်ပေးဖို့ တစ်နေ့ကို ထမင်းတစ်နပ်ပဲစားတယ်လေ၊ သူကတော့ ဝိတ်ချနေတာလို့ပြောတာပဲ၊ သိပ်မကြာသေးခင်ကလည်း နာမည်ကြီးတစ်ယောက်ရဲ့ ရှိုးပွဲကိုသွားဖို့ လက်မှတ်လိုချင်တယ်လို့ သူ့ကောင်လေးကပြောလို့ အဲ့ကောင်မလေး အသည်းအသန်ပိုက်ဆံစုပြီး နောက်ဆုံးမှာ အကြွေးတွေအများကြီးတင်သွားတယ်လေ၊ မနေ့ကလည်း ပိုက်ဆံလာချေးတော့ ငါလည်းငြင်းပြီး စေတနာနဲ့သတိပေးလိုက်တာကို ငါ့တောင် ပြန်အော်သွားသေးတယ်၊ ယွင်ကျောင်း နင်အသိစိတ်ကပ်သေးတာ တကယ်ကံကောင်းတာပဲ”
ရှောင်ဟိုင်ချင်းသက်ပြင်းချလိုက်၏။
အချစ်ရူးရူးသွားသော အမျိုးသမီးတစ်ဦး၏အကြည့်ကို သူမအမှန်တကယ် နားမလည်ပါချေ။ ယောက်ျားအတွက်နှင့် မိမိ၏ဖြစ်တည်မှုကို မေ့လျော့သွားလျှင် ထိုအမျိုးသမီးသည် ကပ်ပါးတစ်ကောင်နှင့် အဘယ်သို့ကွာခြားမည်နည်း?
ကွယ်လွန်သွားသော သူမမိခင်သည်လည်း ထိုနည်း၎င်းသာဖြစ်၏။ သူမမိခင်သည် တစ်ဘဝလုံး ခြိုးခြုံချွေတာ၍ နေထိုင်ခဲ့ပြီး သူမဖခင်အား တစ်ခါမှ ပြသာနာမရှာခဲ့ပေ။ ရှောင်ဟိုင်ချင်းသည် ၎င်းအား ချစ်ခြင်းမေတ္တာဟုထင်ခဲ့သော်လည်း လက်တွေ့တွင် ထိုအရာမှာ မိမိကိုယ်ကိုဖျက်ဆီးခြင်းသာဖြစ်ကြောင်း သူမယခုသိရှိလေပြီ။
တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိချစ်ရသူနှင့် ဆုံတွေ့ရလျှင် သူမ ရှောင်ဟိုင်ချင်းသည် လူဆိုးမတစ်ဦးသာဖြစ်နိုင်မည်။ အနည်းငယ်တစ်ကိုယ်ကောင်းဆန်သည်ဆိုလျှင်ပင် သူမ၏နှလုံးသားကို သူမကိုယ်တိုင်ကာကွယ်ပေမည်။
“နင့်အခန်းဖော်က အရမ်းတုံးလွန်းတာမဟုတ်ဘူးလား? ဒါပေမယ့် တချို့လူတွေက နားချလို့မရရင် သူတို့ကိစ္စထဲဝင်မပါတာကောင်းတယ်၊ မဟုတ်ရင် သူတို့ကိုချောက်တွန်းနေတာလို့ ထင်သွားကြတာ”
စူးချူစဥ်းစားကာ ပြောလိုက်၏။
အောက်တန်းစားတစ်ယောက်ကို အရူးအမူးဖြစ်နေသော အမျိုးသမီးတစ်ဦးသည် သနားဖွယ်ကောင်းလှသော်လည်း အပြင်လူတစ်ဦးက အဘယ်သို့ဂရုစိုက်နိုင်မည်နည်း?
“ဟုတ်တယ်နော်”
ရှောင်ဟိုင်ချင်း ခေါင်းငြိမ့်သဘောတူလိုက်၏။ သူမသည် ပြောပြောဆိုဆိုဖြင့် အနီးအနားတွင် ဖြတ်လျှောက်သွားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ပုံရိပ်ကို လှစ်ခနဲမြင်လိုက်၏။ သူမနှုတ်ခမ်းစွန်းများတွန့်သွားတော့သည်။
“တခြားလူတွေရဲ့အတင်းကို သူတို့နောက်ကွယ်မှာ တကယ်ပြောလို့မရဘူးပဲ၊ ကြည့်စမ်း အဲဒီလူက ခုနကပြောတဲ့အောက်တန်းစားလေ၊ ဒါပေမယ့် ကောင်မလေးကတော့ ငါ့အခန်းဖော်မဟုတ်ဘူး၊ အဲ့အောက်တန်းစားကောင်ဖမ်းမိထားတဲ့ နောက်ထပ်ငါးတစ်ကောင်ပဲဖြစ်မှာပေါ့ မဟုတ်ဘူးလား?”
ရှောင်ဟိုင်ချင်းကြည့်နေသောနေရာသို့ သူတို့လိုက်ကြည့်လိုက်သောအခါ တန်းလျား၏တစ်ဖက်ခြမ်းရှိ စားပွဲဝိုင်းတွင် အချင်းချင်းကြည်နူးစွာဖြင့် ခွံကျွေးနေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ကြသည်။ ထိုမြင်ကွင်းမှာ အထူးသဖြင့် ချိုမြိန်လှပေသည်။
“မကြည့်စမ်းပါနဲ့၊ အတင်းလည်းမပြောနဲ့တော့”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။
သူမစကားပြောပြီးသည်နှင့် သုံးဦးသားသည် မြေပြင်ပေါ်သို့ ခွက်ကျကွဲသောအသံကို ကြားလိုက်ရ၏။ သူတို့ခေါင်းလှည့်ကြည့်လိုက်သောအခါ ထိုကောင်လေး၏မျက်နှာသည် အသီးဖျော်ရည်များဖြင့် စိုရွှဲနေကြောင်း မြင်လိုက်ရတော့သည်။ သူနှင့်ဆန့်ကျင်ဘက်တွင် ထိုင်နေသော ကောင်မလေးမှာလည်း ကြက်သေသေနေ၏။ သူမမတုံ့ပြန်နိုင်ခင်တွင် စားကြွင်းစားကျန်များဖြင့် အပက်ခံလိုက်ရတော့သည်။
သူတို့နံဘေးသို့ ဒေါသောမောသောဖြစ်နေသော မိန်းကလေးတစ်ဦးသည် ကမူးရှူးထိုးဖြင့် ရောက်ချလာပြီး သူမမျက်နှာထားသည်လည်း ကြမ်းကြုတ်နေ၏။