အခန်း (၈၄၁-၈၄၄)
Vol. 43 Ch. 841-844
Space and Rebirth 841
အကြမ်းဖက်ခဲ့သော ထိုမိန်းကလေးမှာ ယောက်ျားလျာတစ်ဦးနှင့် တူလှသည်။ သူမဆံပင်သည် တိုနေပြီး သူမမျက်နှာသည်လည်း ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ သူမပုံစံမှာ အာဟာရမပြည့်သည့်ပုံပေါက်ပြီး ဝတ်စားတတ်ပုံလည်းမရချေ။ သူမရုပ်ရည်မှာ ရွက်ကြမ်းရေကျိုရှိသော်လည်း စိတ်ကြီးလှသည်။
ထိုနေရာတွင် ပေရေစုတ်ပြတ်စွာဖြင့် ထိုင်နေသောမိန်းကလေးမှာ နုနယ်သည့်ပုံပေါက်၏။ သူမ၏ဆံနွယ်ရှည်သည် လေထဲတွင်လွင့်ပျံနေပြီး ကူကယ်ရာမဲ့နေသော ငှက်ကလေးတစ်ကောင်နှင့် တူလှသည်။ သူမသည် ပြာပြာသလဲဖြင့် ကူညီအားကိုးရာမရှိသည့်ပုံပေါက်နေသောကြောင့် အခြားသူများက ဝင်ရောက်ကာကွယ်ပေးချင်မိသော မိန်းကလေးမျိုးဖြစ်သည်။
“မင်းရူးနေပြီလား?!”
ထိုကောင်လေးသည် ချက်ချင်းပင် ထရပ်လိုက်ပြီး ဆံပင်ရှည်ဖြင့်မိန်းကလေး၏ကိုယ်ပေါ်မှ အညစ်အကြေးများကို သုတ်သီးသုတ်ပြာဖြင့် ကူညီသန့်ရှင်းပေးလိုက်သည်။
“မြေခွေးမ! ရှင်ပြောတော့ ဒီနေ့ ရှင့်အခန်းဖော်နဲ့ ထမင်းထွက်စားမှာဆို?! ဒီကောင်မက ရှင့်ကိုမြှူဆွယ်လိုက်တာလား!”
သောင်းကျန်းနေသောမိန်းကလေးသည် စိတ်ပျက်ဝမ်းနည်းပုံပေါက်ကာ ဒေါသမာန်အပြည့်ရှိနေ၏။
ကျင်းယွင်ကျောင်းမျက်ခုံးများကို ပင့်လိုက်သည်။
“နင့်အခန်းဖော်နာမည်ကဘာလဲ?”
“တင်းယုတဲ့၊ ဘာဖြစ်လို့လဲ?”
ရှောင်ဟိုင်ချင်း ဇဝေဇဝါဖြစ်သွားသည်။
“သူ့ပုံကြည့်ရတာ သိပ်မဟန်ဘူး၊ သူ့ခြေလှမ်းတွေက အားနည်းနေပြီး မျက်ဖြူလည်းဆိုက်နေတယ်၊ အဲဒါအပြင် နည်းနည်းလည်း မူးနောက်နောက်ဖြစ်နေတဲ့ပုံပဲ၊ အခု သူသွေးပူပြီး ဒေါသထွက်နေလို့သာ ဘာမှမဖြစ်တာ၊ ခဏနေရင် ဘိုင်းခနဲလဲသွားလိမ့်မယ်”
ကျင်းယွင်ကျောင်းသည် ပုခုံးကိုတွ့န်ပြကာ အနောက်သို့မှီလိုက်သည်။
“ပြသာနာပဲ သူ့အတွက် အရေးပေါ်ကားခေါ်ပေးကြမလား? ယွင်ကျောင်း နင်ဘာမှမလုပ်နဲ့ အာရုံနောက်ရုံပဲရှိမှာ”
ရှောင်ဟိုင်ချင်းပြောလိုက်၏။
သူမသည် နှလုံးသားမဲ့သောကြောင့်မဟုတ်ဘဲ အချို့လူများမှာ မိမိစေတနာနှင့် မထိုက်တန်သောကြောင့်သာဖြစ်သည်။ သူမသည် ယမန်နေ့က တင်းယုအား နားချဖျောင်းဖျရန် ကြိုးစားခဲ့သော်လည်း ဤအမျိုးသမီးသည် ယောက်ျားတစ်ဦးအတွက် တစ်လောကလုံးကို ဆန့်ကျင်နေလေ၏။ ထိုကောင်လေးမှာ လူကောင်းမဟုတ်ကြောင်း ပြောသောသူတိုင်းသည် သူမအတွက် လူဆိုးတစ်ယောက်သာသာပင်။ ထိုတင်မက ဥပမာပြရလျှင် ယခုတွင်လည်း သူမသည် ရန်လိုပြီး ပေါက်ကွဲမှုအားပြင်းထန်သော်လည်း ထိုကောင်လေးပေါ် အပြစ်တင်စိတ်နည်းပါးလှသည်။ ကောင်လေးမှာ လှည့်စားခံရသူတစ်ဦးဟုသာ သတ်မှတ်ထားပြီး သူ၏နံဘေးမှ ကောင်မလေးအပေါ်သာ သူမဒေါသများကို ပုံချနေလေ၏။ ထိုကောင်မလေးသာ သူ၏သောင်းကျန်းပုံကြောင့် ကြောက်ရွံ့၍ထွက်ပြေးသွားလျှင် ထိုအောက်တန်းစား၏နှလုံးသားကို ပြန်ရနိုင်မည်ဟု ထင်နေပုံထောက်သည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ သူမတွင် ဝင်စွက်ဖက်လိုစိတ်မရှိချေ။
ထိုမိန်းကလေး၏အခန်းဖော်ဖြစ်သူ ရှောင်ဟိုင်ချင်းပင် လက်လျှော့ထားသည်ဖြစ်ရာ သူမကဲ့သို့ အပြင်လူတစ်ဦးက အဘယ်ကြောင့် အခြားသူများ၏ကိစ္စကို ဝင်စွက်ဖက်ရမည်နည်း?
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းအား များစွာယုံကြည်၏။ သူမသည် ချက်ချင်းဆိုသလို အရေးပေါ်ကားတစ်စီးကို ခေါ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်လေးသည် ဆံပင်ရှည်နှင့်မိန်းကလေးအား ထူမပြီး ဒေါသတကြီးဖြင့် ပြန်ပက်လိုက်သည်။
“သူနဲ့ဘာမှမဆိုင်ဘူး! တင်းယု၊ မင်းကမှ ငါ့ကိုအထင်လွဲနေတာ၊ ငါဘယ်တုန်းကမှ မင်းနဲ့မတွဲချင်ခဲ့ဘူး ငါတို့ကဒီတိုင်းသူငယ်ချင်းတွေပဲ၊ မင်းဒီလောက်ထိတစ်ကိုယ်ကောင်းဆန်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး မင်းကိုယ်မင်းပြန်ကြည့်လိုက်ဦး၊ ဒီလောက် စိတ်ဆတ်တာတောင် သရုပ်ဆောင်ပညာကိုသင်လိုက်သေးတယ်၊ ဒီလိုပုံစံမျိုးနဲ့ အနုပညာလောကထဲဘယ်လိုဝင်မှာလဲ? မင်းကိုလူတွေ လှောင်နေကြတာမသိဘူးလား?”
တင်းယုသည် ၎င်းကိုကြားသောအခါ နားများအူသွားပြီး သူမအအရှေ့မှမြင်ကွင်းလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
ရုတ်ချည်းဆိုသလို သူမသည် ကမူးရှူးထိုးဖြင့် အရှေ့သို့ထွက်ကာ အခြားမိန်းကလေးကို ဆွဲလိုက်သည်။ ထိုမိန်းကလေးမှာ ကြောင်အမ်းနေပြီး ယခုဖြစ်ပျက်နေသောအရာများကို မသိသည့်ပုံပေါက်သည်။ ဤအခိုက်အတန့်တွင် သူမသည် အလွန်အမင်းထိတ်ထိတ်ပျာပျာဖြစ်နေလေသည်။
သို့ရာတွင် ထိုအရာမှာ ကြာကြာမခံလိုက်ချေ။ မကြာမီတွင် “ဘုန်း” ဟူသောအသံကို ကြားလိုက်ရ၏။ တင်းယု မြေပြင်ပေါ်သို့ မေ့လဲသွားချေပြီ။
ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်လိုက်သော်လည်း ရှေ့သို့မထွက်လိုက်ချေ။
ခဏအကြာတွင် အရေးပေါ်ကားရောက်ရှိလာ၏။ သူတို့နံဘေးမှလူများပင်လျှင် အနည်းငယ်ကြောင်တိကြောင်တောင်ဖြစ်သွားသည်။ အရေးပေါ်ကားသည် အချိန်ကိုက်လာရောက်ခဲ့သည်မဟုတ်လော။ မသိလျှင် သူမလဲမည်ကို ကြိုတင်စောင့်ဆိုင်းနေသကဲ့သို့ပင်။
ကျင်းယွင်ကျောင်းအတွက်မူ ဤသည်မှာ အဖြစ်အပျက်အသေးစားတစ်ခုသာဖြစ်သည်။ သုံးဦးသားသည် ထမင်းစားမပျက်ချေ။ စားသောက်၍ပြီးသောအခါ သူတို့သည် နေရာမှထ၍ ထွက်သွားရန် ပြင်လိုက်ကြ၏။ သို့သော် ကောင်လေးသည် ဆံပင်ရှည်နှင့်မိန်းကလေးအား ဖျောင်းဖျ၍မရတော့ကြောင်း မြင်လိုက်သောအခါ ရုတ်ချည်းဆိုသလို ရှောင်ဟိုင်ချင်းအရှေ့သို့သွား၍ သူမအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။
“တင်းယုကိုခေါ်လိုက်တာ မင်းမှတ်လား? ငါမင်းကိုသိတယ် မင်းကသူ့အခန်းဖော်ပဲ ငါတို့ဒီလိုဖြစ်သွားတာတွေ့တော့ မင်းကျေနပ်ပြီလား?”
“ငါနဲ့ဘာမှမဆိုင်ဘူး”
ရှောင်ဟိုင်ချင်းမျက်နှာသည် ချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွား၏။
“ငါမင်းကိုယုံမယ်ထင်လား? မင်းမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ? ခုနက သူမေ့လဲသွားတယ်၊ တစ်ဝက်...မဟုတ်ဘူး အများစုက မင်းတာဝန်ပဲ၊ မင်းသာ ငါ့အကြောင်းမဖော်ခဲ့ရင် သူလည်းဆေးရုံသွားရမှာမဟုတ်ဘူး!”
ထိုကောင်လေးမှ ထပ်ပြောလိုက်၏။
Space and Rebirth 842
ရှောင်ဟိုင်ချင်းသည် ခနဲ့သံပြုကာ လူသတ်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။ စူးချူမျက်နှာတွင်ပင် ဒေါသရိပ်စွန်းထင်းနေသည်။
စူးချူ၏သိုင်းပညာသည် ရှောင်ဟိုင်ချင်းလောက် မကောင်းပေ။ ရှောင်ဟိုင်ချင်းကိုမူ ကျင်းယွင်ကျောင်းကိုယ်တိုင် သင်ကြားပေးခဲ့သောကြောင့်ဖြစ်သည်။ သို့သော် သူမသည် ယောက်ျားကြီး ငါးဦး-ခြောက်ဦးလောက်ကိုမူ အသာလေးကိုင်တွယ်နိုင်ပေသည်။ ထို့အပြင် နှစ်ပေါင်းများစွာ ကျင်းယွင်ကျောင်း၏လွှမ်းမိုးမှုကို ခံစားခဲ့ရသဖြင့် စူးချူသည်လည်း ဒေါသကြီးပေသည်။ သခင်မလေးတစ်ဦး၏အသွင်အပြင်အောက်တွင်သာ ထိုဒေါသကို ကွယ်ဝှက်ထားခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းသည် အနောက်တွင်ရပ်နေသည်။ စူးချူနှင့် ရှောင်ဟိုင်ချင်းသည် သူမအား တစ်ချက်ကြည့်ပြီး အချင်းချင်းအချက်ပြလိုက်၏။ သူတို့၏မျက်လုံးများတွင် စိန်ခေါ်သောအပြုံးရိပ်များဖြင့် ပြည့်နှက်နေသည်။
ကျင်းယွင်ကျောင်းသည် ၎င်းကိုကြည့်ပြီး နားလည်မှုရှိစွာဖြင့် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းတွင် နှစ်ဦးသားသည် တစ်ပြိုင်နက်တည်းနီးပါး ထိုကောင်လေးအား ကန်ချက်ကျွေးလိုက်၏။
ချက်ချင်းဆိုသလို အားလုံးထိတ်လန့်အံ့အားသင့်သွားတော့သည်။ ကောင်လေးသည် ရုတ်ချည်းဆိုသလို အနောက်သို့ခြေလှမ်းအနည်းငယ်ခန့် ယိုင်သွားပြီး နံရံကိုမှီလိုက်ရသည်။ ထို့နောက် သူသည် ရင်ဘတ်ကိုဖိကာ နှစ်ကြိမ်မျှချောင်းဆိုးလိုက်သည်။ သူသည် အလွန်ဒေါသပုန်ထနေပြီး ချက်ချင်းဆိုသလို ကမူးရှူးထိုးဖြင့် ပြေးလွှားလာတော့၏။
သူ့ဘက်မှ ပြန်မထလာလျှင် ရှောင်ဟိုင်ချင်းတို့ လွှတ်ပေးလိုက်ပေမည်။ သို့သော် ယခုတွင် သူသည် ကြမ်းတမ်းသောမျက်နှာဖြင့် ပြေးလွှားလာသောကြောင့် ရှောင်ဟိုင်ချင်းနှင့် စူးချူသည် ချက်ချင်းဆိုသလို ပြန်တိုက်ခိုက်တော့၏။ သူတို့သည် လုပ်ရမည့်တာဝန်ကိုဝေခွဲပြီး သူ၏လက်မောင်းနှစ်ဖက်လုံးကို ဆွဲလိုက်၏။ ထို့နောက် သူတို့သည် “ဂျွတ်” ဟူသောအသံမြည်သည်အထိ ထိုလက်နှစ်ဖက်အား ပြင်းထန်စွာလှည့်လိုက်သည်။ ပြီးနောက် သူ၏ခါးအောက်ပိုင်းကို ထပ်ကန်လိုက်ပြန်သည်။ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်တွင် လူးလွန့်ပြီး အော်ဟစ်သွားရတော့၏။
“ကဲ နင့်အင်္ကျီကိုကြည့်ပါဦး ငါ့မှာတော့ နင်သင်ထားတာတွေ မေ့ပြီလို့တောင်ထင်တာ”
ရှောင်ဟိုင်ချင်းသည် လက်ခုပ်တီးကာ စူးချူအား လက်မထောင်ပြလိုက်၏။
စူးချူ၏နှုတ်ခမ်းစွန်းများ ကွေးတက်နေပြီး သူမမျက်နှာသည် အနည်းငယ်နီမြန်းနေ၏။ သို့ရာတွင် သူမသည် စိတ်လှုပ်ရှားနေဟန်ရလေသည်။
“ငါအချိန်အကြာကြီးသင်ခဲ့ရပေမယ့် လက်တွေ့အသုံးချဖို့ အခွင့်အရေးသိပ်မရှိခဲ့ဘူး၊ ဒီလိုအခွင့်အရေးမျိုးရတာ ရှားတာပဲ”
စူးချူတွင် ဖြူစင်ရိုးသားသောမျက်နှာရှိသည်။ သူမမျက်နှာပေါ်တွင် ပါးချိုင့်ငယ်နှစ်ခုလည်းရှိသဖြင့် သူမပြုံးလိုက်လျှင် တည်ငြိမ်ပြီး ချိုသာသောအငွေ့အသက်များရှိ၏။ သူမသာ စိတ်ပါလျှင် ဤမျှလောက် အညှာအတာကင်းမဲ့နိုင်မည်ဟု မည်သူမှမထင်လောက်ချေ။
“သွားရအောင်”
ကျင်းယွင်ကျောင်းမှ အရှေ့ထွက်ကာ ပြောလိုက်သည်။
နှစ်ဦးသားသည် ၎င်းကိုကြားလိုက်သောအခါ ကြောင်ပေါက်များကဲ့သို့ နာခံကျိုးနွံစွာဖြင့် ဘေးချင်းယှဥ်လျှောက်ကာ လိုက်သွားလိုက်၏။ မြေပြင်ပေါ်ရှိကောင်လေးသည် ခါးပေါ်လက်ထောက်ကာ မနည်းကုန်းရုန်းထနေရသည်။ သူ၏နှာခေါင်းမှာလည်း သွေးလျှံနေသည်။
ထိုအချိန်တွင် ဆံပင်ရှည်နှင့်မိန်းကလေးသည် ရုတ်ချည်းဆိုသလို သူ့ရှေ့မှောက်တွင်ပေါ်လာပြီး သူ့အား ပါးရိုက်ချလိုက်၏။ ထိုပါးရိုက်သံသည် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ အနီးအနားမှလူများသည် ၎င်းကိုမြင်သောအခါ အလွန်နှစ်ထောင်းအားရဖြစ်မိသွားသည်။
ဤရန်ပွဲအပြီးတွင် စူးချူနှင့် ရှောင်ဟိုင်ချင်း၏စိတ်သည်လည်း များစွာကြည်လင်သွား၏။ သူတို့သည် အာဇာနည်သူရဲကောင်းမများ၏အငွေ့အသက်များဖြင့် လွှမ်းခြုံနေတော့သည်။
ကျင်းယွင်ကျောင်းသည် ဤနေရာသို့ တစ်ခါမှမရောက်ဖူးသောကြောင့် နှစ်ဦးသားသည် သူမအား လျှောက်ပတ်ပြလိုက်သည်။ နှစ်နာရီခန့်ကြာသောအခါ သူတို့သည် အလှပြင်ဆိုင်သို့ သွားကြတော့၏။
...
“ဆိုတော့ ဒီအလှပြင်ဆိုင်ကို ရှန်တုန်းဖွင့်ထားတာလား? အဲဒါကြောင့်ကိုး ဒီဆိုင်အကြောင်း လူတွေပြောကြတာ ခဏခဏကြားဖူးတယ်၊ စျေးလည်းအရမ်းကြီးပြီးတော့ VIP ကတ်ရှိတဲ့လူတွေကိုပဲ ကြိုဆိုကြတာတဲ့...”
ရှောင်ဟိုင်ချင်းအာမေဠိတ်ပြုလိုက်သည်။
အလှဆင်ပစ္စည်းများမှာ အလွန်တရာလှပပြီး ဧည့်သည့်များအား သက်တောင့်သက်သာရှိစေကာ တည်ငြိမ်သောခံစားချက်ကို ပေးစွမ်းနေ၏။
ကျင်းယွင်ကျောင်းသည် နှစ်ဦးသားအား ရှန်တုန်း၏အခန်းသို့ တစ်ခါတည်းခေါ်သွားလိုက်သည်။ ရှန်တုန်းသည် သူတို့အား အချိန်ကြာမြင့်စွာ စောင့်ဆိုင်းထားပုံရ၏။ ကျင်းယွင်ကျောင်းကိုတွေ့သောအခါ သူမချက်ချင်းဆိုသလို မတ်တပ်ရပ်လိုက်သည်။
“မိန်းကလေးကျင်း၊ ဒါသူငယ်ချင်းတွေလား? နှစ်ယောက်လုံးက တကယ်အချောလေးတွေပဲ၊ ကြည့်ရတာ အန်တီတော့ ဒီနေ့အရမ်းကံကောင်းပြီ”
ရှန်တုန်းပြောလိုက်၏။
ရှောင်ဟိုင်ချင်းနှင့် စူးချူ ကြောင်အမ်းသွားသည်။ ထို့နောက် ရှောင်ဟိုင်ချင်းမှ လေးနက်စွာပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကနဲ့ နည်းနည်းမှမကွာသွားဘူးပဲ၊ ယွင်ကျောင်းလိုမျိုး အန်တီတုန်းလို့ ခေါ်ရမှာ ရှက်မိပါတယ်”
ရှန်တုန်းရယ်လိုက်သည်။
“ချီးကျူးပေးလို့ကျေးဇူးပါကွယ်”
ထို့နောက် သူမသည် သုံးဦးသားကို အလျင်အမြန် ထိုင်ခိုင်းလိုက်၏။
တစ်ခန်းလုံး မွှေးကြိုင်သောအနံ့များဖြင့် ပြည့်နှက်နေသည်။ အနံ့မှာမပြင်းလှသော်လည်း အလွန်ပင်ထူးခြားပေ၏။ ကျင်းယွင်ကျောင်းအနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အရင်တစ်ခေါက် သမီးဒီကိုရောက်တုန်းက အန်တီတုန်းရဲ့ဆိုင်မှာ ဒီလိုအနံ့မရှိပါဘူး”
“ဒီအနံ့ကိုပြောတာလား? အန်တီ့အစ်မပေးထားတဲ့ ရေမွှေးအနံ့လေ၊ အနံ့ကဖျော့ပေမယ့် အန်တီတော့ကြိုက်တယ်”
ရှန်တုန်းပြုံးလိုက်၏။
Space and Rebirth 843
ကျင်းယွင်ကျောင်းသည် သူမအား သံသယရှိစွာဖြင့် ကြည့်လိုက်သည်။
“ဒီရေမွှေးကိုဘယ်ကနေဝယ်ခဲ့တာလဲ?”
“ဝယ်ခဲ့တာမဟုတ်ဘူး၊ အန်တီမနေ့က ဖုန်းထဲမှာ မပြောမိလိုက်ဘူးလား? အန်တီ့အစ်မက အကြီးအကဲရှုရဲ့ အကြီးဆုံးချွေးမလေ”
“ရှုမိသားစုဆီမှာ မရေမတွက်နိုင်လောက်အောင်များတဲ့ ဆေးကျမ်းတွေရှိတယ်၊ သူက အဲ့မိသားစုထဲရောက်တာ နှစ်ချီနေပြီဆိုတော့ သူတို့အကျင့်တွေကူးသွားတယ်ထင်ပါတယ်၊ ဒီလိုဟာမျိုးတွေကို လျှောက်ဖော်စပ်ရတာကြိုက်တယ်လေ၊ ဒီရေမွှေးကိုလည်း သူပဲပေးထားတာ၊ အာ ဟုတ်သားပဲ ဒီမနက်က ဧည့်သည်တွေလာမယ်ကြားလို့ ပန်းဝိုင်တစ်လုံးလည်း ပို့ထားသေးတယ်၊ သူ့အိမ်မြေအောက်ခန်းမှာ ရှာတွေ့ထားတဲ့ ရတနာတဲ့လေ၊ အယ်လ်ကိုဟောပမာဏမများတဲ့အပြင် အသားအရေကိုလည်းလှပစေတယ်ဆိုလို့ သမီးတို့ကို တိုက်ဖို့လုပ်နေတာ...”
ရှန်တုန်းစကားပြောပြီးနောက် သူမနံဘေးရှိ ဗီရိုတစ်ခုမှ လက်ရာမြောက်သောပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ ၎င်းအား ပန်းရောင်ရှိသော ပန်းများဖြင့် ဖုံးလွှမ်းထားပြီး ပုလင်းမဖောက်မီတွင်ပင် ၎င်း၏သင်းပျံ့သောရနံ့ကို ရရှိနိုင်သည်။ ကျင်းယွင်ကျောင်း ပို၍မျက်မှောင်ကြုတ်လိုက်၏။
စားပွဲငယ်လေးပေါ်တွင် အချိုပွဲအချို့ရှိသည်။ ရှန်တုန်းသည် ဝိုင်သုံးခွက်လောင်းထည့်ပြီးနောက် သူမအတွက် ရေတစ်ခွက် ငှဲ့လိုက်သည်။
“အန်တီရောမသောက်ဘူးလား?”
ကျင်းယွင်ကျောင်းသည် အေးစက်သောအကြည့်များဖြင့် မေးလိုက်၏။
“အန်တီလား? အရက်မသောက်တာ နှစ်နှစ်ဆယ်ကျော်ပြီလေ အရက်သောက်ရင် လုပ်ရကိုင်ရရှုပ်ထွေးတတ်လို့ အရက်တစ်စက်မှကိုမသောက်ဘူး၊ တခြားလူတွေနဲ့ ပွဲသွားပွဲလာရှိတိုင်း သောက်ချင်ယောင်ဆောင်တတ်ပေမယ့် အန်တီနဲ့ရင်းနှီးတဲ့လူတွေကတော့ အန်တီ့အကျင့်ကိုသိတယ်...ဒီဝိုင်က သမီးတို့အတွက်လေ၊ စိတ်မကောင်းပေမယ့် အန်တီကတော့ အတူသောက်ပေးလို့မရဘူး”
ရှန်တုန်းမှ သုတ်သုတ်ပြာပြာဖြေရှင်းလိုက်သည်။
ကျင်းယွင်ကျောင်းမျက်လုံးများ လက်ခနဲဖြစ်သွား၏။
“အန်တီတုန်း၊ ဒီရေမွှေးကိုသုံးနေတာ ဘယ်လောက်ကြာပြီလဲ?”
ရှန်တုန်းသည် ခေတ္တမျှရပ်ပြီး တွေးလိုက်သည်။
“နည်းနည်းတော့ကြာပြီ၊ အရင်တစ်ခေါက် သမီးလာတုန်းက အန်တီ့ပရိသတ်တစ်ယောက် ရုတ်တရတ်ကြီးပေါ်လာတယ်မှတ်လား? အဲဒီလူကြောင့် ရက်တော်တော်ကြာကြာ ကောင်းကောင်းမအိပ်ခဲ့ရဘူး အဲဒါကြောင့်မို့ အန်တီ့အစ်မက အထူးအနေနဲ့ ဒီရေမွှေးကိုပေးလိုက်တာ၊ ရင်ဘတ်ထဲမှာ မွန်းကြပ်ပြီး နည်းနည်းနေလို့မကောင်းပေမယ့် အနည်းဆုံးအနေနဲ့ ညဘက်အိပ်ပျော်တာပေါ့”
ရှန်တုန်းပုံစံမှာ သာမန်သာဖြစ်နေပြီး မှားယွင်းမှုတစ်စုံတစ်ရာကို ကျင်းယွင်ကျောင်းမတွေ့ရချေ။ ဤသည်မှာ လှည့်ကွက်တစ်ခုဆိုလျှင် သူမ၏သရုပ်ဆောင်စွမ်းရည်များသည် ပြောင်မြောက်လွန်းလှသည်ဟုပြောရမည်။ မည်မျှပင် နာမည်ကျော်မင်းသမီးတစ်ဦးဟုဆိုလျှင်ပင် ဤမျှလောက် သရုပ်ဆောင်မကောင်းနိုင်ပေ။
“ယွင်ကျောင်း၊ ဘယ်နေရာမဆို နင့်အလုပ်ကိုသယ်လာတာ တကယ်ရောဂါပဲနော်”
ရှောင်ဟိုင်ချင်းရယ်ရယ်မောမောဖြင့် ဝိုင်ခွက်အားကိုင်ရန် သူမလက်ကိုမြှောက်လိုက်သော်လည်း ကျင်းယွင်ကျောင်း၏တားဆီးခြင်းကို ခံလိုက်ရသည်။
ရှောင်ဟိုင်ချင်း အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။ ကျင်းယွင်ကျောင်းသည် ဝိုင်အား ထပ်မံ၍ အနံ့ရှူကြည့်ပြီး တစ်ငုံခန့်မျှပင် သောက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ချက်ချင်းဆိုသလို ထိုဝိုင်အား နှုတ်ခမ်းပေါ်မှ လက်ဖြင့်သပ်ကာ လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်၏။
“အန်တီတုန်း၊ သမီးတို့ ဒီဝိုင်ကိုသောက်လို့မရဘူးထင်တယ်”
“ဒါ....ဘာအဓိပ္ပာယ်လဲ?”
ရှန်တုန်းလန့်ဖျပ်သွား၏။ ကျင်းယွင်ကျောင်းမှာ အနည်းငယ်ဒေါသထွက်နေဟန်ပင်ရသော်လည်း အကြောင်းအရင်းကိုမူ...သူမမသိချေ။
“ဒီဝိုင်းကို သေချာမသန့်စင်ထားတဲ့ မြက်အမြစ်တွေနဲ့ ကြိုထားတာ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“ပန်းအနံ့ကိုတော့ နောက်မှထည့်လိုက်တာဖြစ်မယ်၊ ရှင်းရှင်းပြောရရင် ဒီဝိုင်က အဆိပ်ရှိတယ်၊ ဒီပမာဏနဲ့ဆို သမီးတို့သုံးယောက်လုံးကိုပါ သေစေနိုင်တယ်”
၎င်းကိုကြားလိုက်သောအခါ ရှန်တုန်းကြက်သေသေသွား၏။ ကျင်းယွင်ကျောင်းနောက်ပြောင်နေသည်ဟု ထင်လိုက်တော့သည်။
သို့ရာတွင် ရှောင်ဟိုင်ချင်းနှင့် စူးချူမှာ ကျင်းယွင်ကျောင်းစကားကို လုံးဝသံသယမဝင်ပေ။ သူတို့သည် ချက်ချင်းဆိုသလို ဝိုင်ခွက်ကို တွန်းဖယ်လိုက်ပြီး ဒေါသတကြီးဖြင့် ရှန်တုန်းအား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။
သို့ရာတွင် ဤသည်မှာ သူတို့အတွက် ရှန်တုန်းကိုပထမဆုံးတွေ့ဖူးခြင်းဖြစ်သဖြင့် သူတို့အား အဘယ်ကြောင့် ဤသို့အကောက်ကြံရကြောင်း သူတို့မသိပေ။ ကျင်းယွင်ကျောင်းပင်လျှင် သူမနှင့် သိပ်မရင်းနှီးသောသူဖြစ်၏။ ယခင်ကလည်း အချင်းချင်း ရန်ငြိုးရန်စများမရှိခဲ့ရာ အဘယ်ကြောင့် အကြောင်းအရင်းမရှိဘဲ သူတို့အား အဆိပ်ခတ်ရသနည်း?
“မဟုတ်တာ...”
ရှန်တုန်းမှ နေမထိထိုင်မသာဖြင့် ပြောလိုက်၏။
“မိန်းကလေးကျင်း၊ အန်တီတို့က...ရုပ်ရှင်ရိုက်နေတာလည်းမဟုတ်ဘူး ဘာလို့ဒီလိုမျိုး....ဖန်တရာတေနေတဲ့ လုပ်ဇာတ်မျိုးရှိနိုင်မှာလဲ? အဆိပ်ခတ်တယ်ဆိုတာတွေက အရမ်းထူးဆန်းလွန်းတယ်မဟုတ်ဘူးလား...”
သူမသည် ဤသို့သောအဆိပ်ခတ်သည့် မြင်ကွင်းမျိုးကို ရှေးဟောင်းနန်းတွင်းဇာတ်လမ်းများတွင်သာ မြင်ခဲ့ဖူး၏။
“ဝိုင်တင်မဟုတ်ဘူး၊ အခန်းထဲက အမွှေးနံ့ကလည်း ပြသာနာရှိတယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“တရုတ်နှင်းဆီ၊ သစ်ခွနဲ့ တခြားပန်းတွေရောထားတာမို့ အနံ့ကပြသာနာမရှိပေမယ့် အရမ်းပြင်းလွန်းရင် မကောင်းဘူး၊ တရုတ်နှင်းဆီတွေက အနံ့ပြင်းပြီး အရမ်းရှူမိရင် ရင်ဘတ်ထဲတင်းကြပ်သလို ဖြစ်တတ်တယ်၊ ဒီထက်ပြင်းထန်လာရင် မွန်းပြီး အသက်ရှူရခက်ခဲလာမယ်၊ အန်တီတုန်းရဲ့ အမွှေးနံ့သာတွေကို ပန်းအဆီအနှစ်တွေဆီက ထုတ်ယူထားတာလေ...”
Space and Rebirth 844
ကျင်းယွင်ကျောင်း၏ရှင်းပြချက်သည် ရှင်းလင်းပြီး ယုတ္တိကျသော်လည်း ရှန်တုန်းသည် လုံးဝဇဝေဇဝါဖြစ်နေ၏။
အဘယ်သို့ဖြစ်နိုင်မည်နည်း? ဤသည်မှာ ရှန်ရှီဆီမှ လက်ဆောင်ဖြစ်သည်။ ရှန်ရှီသည် ဆေးပညာ၌ မနှံ့စပ်လျှင်ပင် အနည်းနှင့်အများဆိုသလို ကျွမ်းကျင်မှုတစ်ခုရှိပေ၏။ ဤမျှလောက် ပြသာနာများသောအရာအား အဘယ်ကြောင့် ပို့ရသနည်း?
“မိန်းကလေးကျင်း၊ တစ်ခုခုကိုအထင်လွဲနေပြီထင်တယ် ဒါမဖြစ်နိုင်ဘူး”
ရှန်တုန်း အတွေးများရှုပ်ထွေးနေ၏။
“အန်တီတုန်း၊ ယွင်ကျောင်းက မလိမ်တတ်ပါဘူး အထူးသဖြင့် ဆေးကျင့်စဥ်တွေ၊ ဆေးဝါးတွေနဲ့ ပတ်သတ်လာရင်ပေါ့၊ သူက နင်းမြို့တော်မှာလည်း နာမည်ကြီးတဲ့ တိုင်းရင်းဆေးဆရာဝန်တစ်ယောက်ပါ၊ သမီးကိုမယုံဘူးဆိုရင် သက်ရှိသတ္တဝါတစ်ကောင်နဲ့ စမ်းသပ်တာဖြစ်ဖြစ်၊ ရဲခေါ်ပြီး စစ်ခိုင်းတာဖြစ်ဖြစ်လုပ်လို့ရပါတယ်၊ ဒါပေမယ့် အဆိပ်ရှိတာဖြစ်နေရင်တော့ အန်တီ့အတွက် ကောင်းနိုင်မှာမဟုတ်ပါဘူး”
ရှောင်ဟိုင်ချင်း ကွေ့ဝိုက်မနေဘဲ ပြောလိုက်၏။
ရှန်တုန်းသည် အဘယ်ကြောင့် ဤသို့လုပ်ခဲ့သည်ကို မသိသော်ငြား သူမအား မျက်နှာပြောင်တိုက်ပြီး အဆိပ်ခတ်နေသည်ကိုမူ သည်းမခံနိုင်ပါချေ။
ကျင်းယွင်ကျောင်းခေါင်းခါလိုက်၏။
“ရဲခေါ်လို့လည်းအကျိုးမရှိဘူး၊ အဆိပ်ရှိကြောင်း စစ်ဆေးလို့ရပေမယ့် တရုတ်နှင်းဆီကို လူတွေက မကြာခဏသုံးတတ်ကြတာမို့ မတော်တဆဆိုတာ ဖြစ်လေ့ဖြစ်ထရှိပြီးသားပဲ”
“အန်တီတုန်း၊ သမီးတို့ကြားမှာ ဘာရန်ငြိုးမှလည်းမရှိတာမို့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့တဲ့လူက အန်တီလို့သမီးမထင်ဘူး၊ အန်တီသေချာစဥ်းစားကြည့်ဖို့ပဲ မျှော်လင့်ပါတယ်၊ အန်တီ့ရဲ့ အစ်မကြီးက ဘာတွေဖြစ်နေတာလဲ? အန်တီတုန်းဆီ ဘယ်ဧည့်သည်တွေလာမလဲဆိုတာရော သူသိလား?”
ကျင်းယွင်ကျောင်းဆက်မေးလိုက်၏။
ရှန်ရှီမှာ ရှန်တုန်း၏အစ်မဖြစ်သောကြောင့် ရှန်တုန်းမှာ အရက်မသောက်တတ်ကြောင်း သိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုဝိုင်အား သူမတို့သုံးဦးအတွက် အထူးတလည်ပြင်ဆင်ထားခြင်းဖြစ်၏။ အမွှေးနံ့သာများကိုမူ ပုံမှန်အားဖြင့် ရှန်တုန်းမှ အသုံးပြုသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် အသက်အန္တရာယ်မထိခိုက်စေသော်ငြား လူများအား ဘေးထွက်ဆိုးကျိုးရှိစေနိုင်ပေသည်။
“သူ...သိတယ်”
ရှန်တုန်း အဖြေမရှာနိုင်ချေ။
“မနေ့က သမီးကိုဖုန်းဆက်ပြီးတော့ အကြီးအကဲရှုကို မနှောင့်ယှက်ဖို့ သူ့ဆီအန်တီဖုန်းဆက်လိုက်တယ်၊ ဒါပေမယ့် သူဖုန်းမကိုင်ဘူး၊ ဒီမနက်ကျမှ ပြန်ဆက်တယ်လေ၊ သူ့ကိုမေးကြည့်လိုက်တော့ အကြီးအကဲရှုက မြို့ထဲရောက်နေတာကို သူမသိဘူးလို့ပြောတယ်၊ မနေ့က ကုန်တိုက်ထဲမှာလည်း သူ့ကိုမမြင်လိုက်ဘူးတဲ့ အဲဒါနဲ့...သမီးအကြောင်းပြောဖြစ်ပြီးတော့ ဒီနေ့ကျရင် သမီးလာမယ်ဆိုတာ ပြောလိုက်တယ်၊ သူလည်းလာချင်လားလို့ အန်တီမေးလိုက်ပါသေးတယ်၊ သမီးက အကြီးအကဲရှုနဲ့ အတူရှိခဲ့တဲ့လူဆိုတော့ သူတွေ့ချင်မယ်ထင်လို့မေးလိုက်ပေမယ့် သူလက်မခံခဲ့ဘူး၊ သူလုပ်စရာတစ်ခုရှိလို့တဲ့လေ ဒါပေမယ့် အကြီးအကဲရှုကို စောင့်ရှောက်ပေးလို့ သမီးကိုကျေးဇူးတင်တဲ့အနေနဲ့ ဝိုင်တစ်ပုလင်းပို့လိုက်မယ်ပဲ ပြောခဲ့တယ်...”
ကျင်းယွင်ကျောင်းမျက်လုံးများ မှောင်ရိပ်သန်းသွားသည်။ ဤကိစ္စအား ဆက်လက်မဖြေရှင်းနိုင်တော့မည့်ပုံပေါက်၏။
အစောပိုင်းက ရှန်တုန်း၏စကားအရ ရှန်ရှီသည် ဤဝိုင်အား မြေအောက်ခန်းထဲတွင် ရှာဖွေတွေ့ရှိခဲ့၏။ မည်သူကဖော်စပ်ထားသောဝိုင်မှန်း မသိသောကြောင့် ရှန်ရှီမှ တမင်လုပ်ခဲ့ခြင်းလော မပြောနိုင်ပေ။
ထို့အပြင် သူမသည် ထိုအမျိုးသမီးအား တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသည်ဖြစ်ရာ သူမအား အဘယ်ကြောင့် လုပ်ကြံသတ်ဖြတ်စရာရှိနိုင်မည်နည်း?
သို့သော် သူမသည် အကြောင်းအရင်းမသိသော်ငြား အဖြစ်အပျက်များသည် ထင်သလောက်မရိုးရှင်းကြောင်း ခံစားမိ၏။ ဥပမာအားဖြင့် ဤအမွှေးနံ့သာကို ကြည့်ပါလေ။ သူမအား တိုက်ရိုက်ပစ်မှတ်ထားနေခြင်း မဟုတ်သော်လည်း အနည်းငယ်ထူးဆန်းပေသည်။
အဘိုးရှုသည် အလွန်ခေါင်းမာပြီး ဆေးဝါးပညာနှင့်ပတ်သတ်၍ ရူးသွပ်၏။ အခြားသူများမှ တိုင်းရင်းဆေးများကို စော်ကားပြီး မိမိမသိကျွမ်းသောအရာများအား သိချင်ဟန်ဆောင်လျှင် အလွန်မုန်းသည်။ အဘိုးရှု၏ချွေးမတစ်ဦးအနေဖြင့် ရှန်ရှီသည် အဘိုးရှုမရှိလျှင်ပင် သူမကျွမ်းကျင်နှံ့စပ်မှုမရှိသော ဆေးဖက်ဝင်အပင်များအား ထင်တိုင်းကြဲအသုံးပြု၍မဖြစ်ပေ။ သို့ရာတွင် သူမသည် စိတ်ရှိသလို အသုံးပြုခဲ့ပြီး သူမ၏လက်ရာများကို အခြားသူများထံပင် လက်ဆောင်ပေးခဲ့သေး၏။ ရှုမိသားစု၏အခြေအနေနှင့် အလွန်ပင်ဆန့်ကျင်နေလေသည်။
“အန်တီတုန်း၊ အန်တီတုန်းရဲ့ အစ်မနဲ့ပတ်သတ်လို့ အရှင်းဆုံး ပုံဖော်ပြပါလား?”
ကျင်းယွင်ကျောင်းမေးလိုက်၏။
ရှန်တုန်းသည် အနည်းငယ်ရင်တုန်စိတ်လှုပ်ရှားနေဟန်ပေါက်သေးသည်။ သူမသည် ဝိုင်ထဲတွင် အဆိပ်ရှိသည်ကို မယုံချင်သော်ငြား ကျင်းယွင်ကျောင်းမှာလည်း နောက်ပြောနေသည့်ပုံမပေါ်ချေ။ ထို့အပြင် ဝိုင်ထဲတွင် အဆိပ်ရှိမရှိကိုလည်း ဆေးရုံဓာတ်ခွဲခန်းတွင် စစ်ကြည့်လျှင် အဖြေပေါ်နိုင်ပေ၏။
“အစ်မက...စိတ်ထားနူးညံ့တဲ့အမျိုးသမီးပါ၊ ဆယ်စုနှစ်ပေါင်းများစွာကတည်းက အဲ့အတိုင်းပဲ၊ ကြင်နာပြီး သဘောထားကြီးတယ်”
“အန်တီ့အစ်မနဲ့ အန်တီက အဖေတူအမေကွဲညီအစ်မတွေပါ၊ အန်တီ့ထက် လေးနှစ်ကြီးတယ်လေ၊ အန်တီတို့က ပညာလည်းကောင်းကောင်းမသင်ခဲ့ရသလို မိသားစုနောက်ခံကလည်း သာမန်ပဲ၊ အန်တီကသာ ကံကောင်းပြီး ငယ်ငယ်တုန်းက နာမည်ကြီးသွားလို့ မိသားစုကိုထောက်ပံ့နိုင်တဲ့ ပိုက်ဆံရခဲ့တာ၊ အစ်မက အမြဲတမ်း အန်တီ့အတွက် ဂုဏ်ယူပြီး အန်တီ့ရဲ့ကြိုးစားမှုတွေကို သိနေခဲ့တယ်၊ နောက်ပိုင်းကျ ကိုယ်ရေးကိုယ်တာကိစ္စအတွက်နဲ့ နိုင်ငံခြားထွက်ပြီး အောက်ဆုံးထိကျသွားတော့လည်း အစ်မရဲ့ထောက်ပံ့မှုအပေါ် မှီခိုခဲ့ရတယ်”