← Chapters

အခန်း (၈၄၅-၈၄၈)

Vol. 43 Ch. 845-848

အခန်း (၈၄၅-၈၄၈)

Vol. 43 Ch. 845-848

Space and Rebirth 845

ရှန်တုန်း၏အသံတွင် လိမ်ညာဟန်မရှိချေ။ သူမလျင်မြန်စွာ ဆက်ပြောလိုက်၏။

“အဘိုးရှုကိုသိတယ်ဆိုတော့ အစ်မကြီးလက်ထပ်ထားတဲ့ လူကိုလည်း သိမှာပေါ့၊ သူကနှစ်တွေတစ်လျှောက် အရမ်းဂရုစိုက်ပြီး နေခဲ့တာလေ၊ ဒီပစ္စည်းမှာ အဆိပ်ရှိတယ်ဆိုရင် သူတမင်တကာလုပ်တာ သေချာပေါက်မဟုတ်ရပါဘူး၊ မိန်းကလေးကျင်း ဒီကိစ္စကို မ‌တော်တဆမှုတစ်ခုလို မှတ်ပေးဖို တောင်းဆိုပါတယ်ကွယ်၊ နောက်ကျရင် သူ့ကိုသေချာပေါက် မေးမြန်းပေးပါ့မယ်...”

“အစ်မကြီးနဲ့ အန်တီက အဲ့လိုမျိုးယုတ်မာတဲ့လူတွေမဟုတ်ပါဘူး၊ ပြီးတော့ သမီးတိုကလေးသုံးယောက်နဲ့လည်း ရန်ငြိုးမရှိတာကို ဘာလိုအဲ့လောက် အကြံပက်စက်မှာလဲကွယ်?”

ကျင်းယွင်ကျောင်းသည် အကြီးအကဲရှုကို သိသော်လည်း အကြီးအကဲရှု၏မိသားစုနှင့်ပတ်သတ်၍ သိပ်မသိချေ။

“မနေ့က သမီးနဲ့အဘိုးရှုကို တွေ့လိုက်တဲ့အချိန်မှာ အန်တီရှီက မူမမှန်ဖြစ်သွားတယ်လို ပြောခဲ့တယ်မှတ်လား?”

ကျင်းယွင်ကျောင်းသေချာစဥ်းစားကြည့်ကာ မေးလိုက်၏။

သူမနှင့်ရှုမိသားစုကြားတွင်ရှိသည့် တစ်ခုတည်းသောဆက်သွယ်ချက်မှာ ရှုရှန်းလန်ဖြစ်သည်။ အကြီးအကဲရှုဖြစ်စေ ရှုရှင်းယွမ်ဖြစ်စေ သူမ၏မျက်နှာမှာ ရှုရှန်းလန်နှင့် အလွန်တူသည်ဟု နှစ်ဦးလုံးပြောခဲ့ကြဖူး၏။ အခြားဘက်ပေါင်းစုံမှသာ မထောက်ကြည့်ခဲ့လျှင် သူမကို ရှုရှန်းလန်၏သမီးဟုပင် သံသယဝင်စရာရှိသည်။

“ဟုတ်တယ် ဒါပေမယ့် သူခေါင်းမူးပြီး နေမကောင်းလိုသာ အဲ့လိုဖြစ်သွားတယ်လို ပြောတယ်၊ အစ်မကြီးမှာ ဘာနေမကောင်းစရာများရှိလိုလဲတော့မသိဘူး...”

ရှန်တုန်းသည်လည်း အဖြေရှာရခက်နေသည်။

သူမအစ်မကြီးသည် သူမအား ရှင်းပြခဲ့သော်လည်း သူမ၏သံသယစိတ်များမှာမူ ကွယ်ပျောက်မသွားသေးချေ။

“ရှန်ရှီနဲ့ သူ့ယောက်မ ရှုရှန်းလန်က အရင်တုန်းက ခင်ခဲ့ကြလား?”

စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် ကျင်းယွင်ကျောင်းထပ်မေးလိုက်၏။

ရှန်တုန်းကြောင်အမ်းသွားတော့သည်။

“ဘာလိုရှုရှန်းလန်အကြောင်းပြောတာလဲ?”

“အန်တီတုန်း၊ အန်တီ့ရဲ့အစ်မကြီးက တကယ်ပဲ သမီးကြောင့် မူမမှန်ဖြစ်သွားတာဆိုရင် အကြောင်းရင်းက ရှုရှန်းလန်ကြောင့်ပဲဖြစ်ရမယ်၊ သမီး အရင်တုန်းက ရှန်ရှီကိုမမြင်ဖူးတာသေချာပေမယ့် ရှရှန်းလန်က သူနဲ့တစ်ခုခုပတ်သတ်နေတယ်၊ ပြီးတော့ သမီးကလည်း ရှုရှန်းလန်နဲ့ ၆၀-၇၀ ရာခိုင်နှုန်းလောက် ရုပ်တူတာဆိုတော့ သမီးကိုအဝေးကကြည့်ပြီး သမီးအမူအကျင့်တွေကို သတိမထားမိရင် သူနဲ့တော်တော်တူသွားမယ်ထင်တယ်”

ကျင်းယွင်ကျောင်းသည် မကွယ်မဝှက်ဘဲ အမှန်တရားကို ပြောလိုက်သည်။

ရှန်တုန်းသည် ၎င်းကိုကြားလိုက်သောအခါ ပို၍ပင် အံ့သြသွားတော့၏။ အမှန်တကယ်ပင် ဤအကြောင်းရင်းကြောင့်လော?

“ရှုရှန်းလန်...အရင်တုန်းကတော့ သူကအရမ်းနာမည်ကြီးခဲ့တဲ့ ပါရမီရှင်အမျိုးသမီးပေါ့၊ ရှုရှန်းလန်သာ မင်းသမီးလုပ်ဖိုရွေးခဲ့ရင် အန်တီတောင် အိုးစာကွဲမှာလို အစ်မကြီးပြောဖူးတယ်၊ သူက ကလေးအရွယ်ကတည်းက ရှေးဟောင်းကျမ်းတွေကို နှံစပ်ပြီး စောင်းတီး၊ စစ်တုရင်၊ လက်ရေးပညာနဲ့ ပန်းချီပညာကို တတ်တယ်လို ကြားဖူးတယ်၊ အန်တီတို အဆင့်အတန်းက အမျိုးသမီးတွေနဲ့ လုံးဝကွာခြားတာပေါ့၊ သူ့အကျင့်စရိုက်နဲ့ပတ်သတ်လို သူကအရမ်းဖော်ရွေတတ်တယ်လိုပဲ ကြားဖူးတယ်၊ တကယ်တော့ သူမတော်တဆဖြစ်တဲ့အချိန်မှာ အန်တီက နိုင်ငံခြားရောက်နေတာလေ၊ သူတိုနှစ်ယောက်က ဆက်ဆံရေးကောင်းပြီး ညီအစ်မအရင်းတွေလောက် ခင်ကြတယ်လို အစ်မကြီးပြောတာပဲကြားဖူးတယ်”

ရှန်တုန်းသည် အတိတ်ကအကြောင်းအရာများထဲ အတွေးနစ်မြောနေဟန်ရှိ၏။

ကျင်းယွင်ကျောင်းသည် ပို၍ပင် ဇဝေဇဝါဖြစ်သွားတော့သည်။ ရှန်တုန်း၏ရှင်းပြချက်ကို ကြားလေလေ ရှန်ရှီမှာ ပြီးပြည့်စုံသောသူပုံစံ ပေါက်လာလေလေဖြစ်၏။

အဘိုးရှုသည် နယ်မြိုသို ‌ရွှေ့ပြောင်းနေထိုင်သည်မှာ နှစ်အနည်းငယ်သာရှိသေးသည်။ သူသည် ယခင်က သူ၏သားသမီးများ၊ မြေးမြစ်များ၊ ချွေးမများနှင့် နေထိုင်ခဲ့၏။ သူ၏ဒေါသကြီးပုံမျိုးနှင့်ဆိုလျှင် ရှန်ရှီသာ အမှားတစ်စုံတစ်ရာကျူးလွန်ခဲ့ပါက သူမအား မိသားစုထဲမှ မဆိုင်းမတွနှင်ထုတ်ခဲ့လောက်ပေမည်။

သိုရာတွင် ရှန်ရှီမှာ ရိုးသားပုံပေါက်လေလေ ကျင်းယွင်ကျောင်းစိတ်ထဲတွင် တစ်ခုခုလွဲနေသလို ခံစားရလေဖြစ်သည်။

သူမသည် ရှုမိသားစုဝင်တစ်ဦးဖြစ်ပြီး သူမခင်ပွန်းမှာလည်း သာမန်ယောက်ျားတစ်ဦးမဟုတ်ပေ။ သူမသည် နှစ်ပေါင်းများစွာ လူရိုသေရှင်ရိုသေဖြစ်အောင် ကြိုးစားခဲ့ရပေမည်။ သိုသော် အဘယ်ကြောင့် ထိုသိုသောသူက ရုတ်ချည်းဆိုသလို တစ်နေ့တည်းဖြင့် ပြသာနာတက်စေနိုင်မည့်ပစ္စည်းနှစ်ခုကို ပေးခဲ့ရသနည်း?

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်ကာ သူမအတွေးများကို ရှင်းလင်းစီစဥ်လိုက်သည်။

ဝိုင်ကိုမှားသောက်မိသဖြင့် သူမ၊ ဟိုင်ချင်းနှင့် ကျန်နှစ်ဦးသာ တစ်ခုခုဖြစ်ခဲ့လျှင် မည်သိုဆက်ဖြစ်မည်နည်း? ဝိုင်အား လက်ဆောင်ပေးခဲ့သောသူမှာ ရှန်ရှီဖြစ်သော်လည်း ရှုမိသားစုသည် တိုင်းရင်းဆေးပညာရှင်မိသားစုဖြစ်သဖြင့် ရံဖန်ရံခါ မတော်တဆများဖြစ်တတ်သည်ကို နားလည်နိုင်ပေသည်။ သိုသော် သူတိုဆီသို ကိုယ်တိုင်ကိုယ်ကျ ဝိုင်လောင်းထည့်ပေးသော ရှန်တုန်းမှာမူ ဘဝပျက်ရပေမည်။

ဤသတင်းသည် သေချာပေါက်ပျံ့သွားလိမ့်မည်။

သူမသည် နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်ခဲ့သောကြောင့် မကောင်းသတင်းများအား ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပေလိမ့်မည်။ လူအများရှေ့တွင် သူမမျက်နှာပျက်ရပြီး သူမနာမည်သေသည်နှင့် သူမလုပ်ငန်းသည်လည်း စီးပွားပျက်ရချေမည်။ အတိုချုံးပြောရလျှင် သူမ၏အနာဂတ်ဘဝသည် မကောင်းနိုင်ချေ။

ထိုအပြင် ကျင်းယွင်ကျောင်းသေဆုံးသွားလျှင် သမီးဆုံးရှုးရသောဝေဒနာကို ခံစားခဲ့ရသော အဘိုးရှုသည်လည်း ဤတစ်ခေါက်တွင် ကြီးကြီးမားမားစိတ်ထိခိုက်သွားနိုင်သည်။ ဤဝိုင်မှာ ရှုမိသားစုဆီမှ လာခဲ့သောကြောင့် အဘိုးရှုနှင့် သူ၏သားသမီးများကြားမှ ဆက်ဆံရေးသည်လည်း ပိုဆိုးရွားသွားမည်မှာ သေချာပေ၏။

သိုသော် သူမသည် ဖြစ်နိုင်ချေများစွာကို တွေးနိုင်သော်လည်း အဓိကအချက်ကို ရှာမတွေ့သေးဟု ခံစားနေရဆဲဖြစ်သည်။

သူမသေဆုံးသွားလျှင်...ရှန်ရှီတွင် ရနိုင်စရာဘာရှိမည်နည်း? အဘိုးရှုနှင့် ရှုမိသားစုသားသမီးများမှာ ဆက်ဆံရေးမကောင်းသောအခြေအနေတွင် ရှိနေလေပြီ။ ဤထက်ပိုပြီး ဆိုးရွားအောင်လုပ်စရာမလိုတော့ပေ။ ထိုပြင် ဤသည်မှာ ရှန်တုန်းအား ပစ်မှတ်ထားသောစနက်ဆိုလျှင်လည်း ကျင်းယွင်ကျောင်းတိုကိုမဟုတ်ဘဲ အခြားသူများကိုလည်း အဆိပ်ခတ်နိုင်ပေသည်။ ဤနေရာမှာ ဧည့်သည်များစွာ လာတတ်သောနေရာမဟုတ်သလော။ အဘယ်ကြောင့် သူမကိုမှ ပစ်မှတ်ထားရသနည်း?

ကျင်းယွင်ကျောင်းခေါင်းများပူလောင်လာသည်ကို ခံစားလိုက်ရ၏။ သူမသည် ဆိုးဆိုးဝါးဝါး ခေါင်းကိုက်လာတော့သည်။

Space and Rebirth 846

ရှန်ရှီနှင့် ရှန်တုန်းမှာ ညီအစ်မများဖြစ်၏။ ထို့ကြောင့် ရှန်တုန်း၏အမြင်တစ်ခုတည်းကို အခြေပြု၍ ရှန်ရှီကို မသုံးသပ်နိုင်ကြောင်း ကျင်းယွင်ကျောင်းသိထားသည်။ မည်သို့ပင်ဖြစ်စေ ရှန်ရှီအား တွေ့ဆုံနိုင်ရန် သူမနည်းလမ်းတစ်ခုရှာရပေမည်။

တစ်ဖက်လူမှ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ်စေ သူမအား အဆိပ်မိလုနီးပါးဖြစ်စေခဲ့သော အမျိုးသမီးတစ်ဦးအား မသိချင်ဟန်ဆောင်၍မရပါပေ။

သို့ရာတွင် အဘိုးရှုကို ဤကိစ္စနှင့်ပတ်သတ်၍ ပြောပြလျှင် မကောင်းနိုင်ရာ။ မပြောလျှင်ပင် အဘိုးရှုသည် သူ၏သားသမီးများနှင့် သူစိမ်းဆန်နေချေပြီ။ ဤကိစ္စအား ပြောလိုက်လျှင် နှစ်ဦးနှစ်ဖက်ကြား ခလောက်ဆန်သွေးခွဲသည်ဟု သူမအား ထင်သွားကြလိမ့်မည်။ ထို့အပြင် ဇာတ်လမ်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမသိရသေးသောကြောင့် ယခုပြောလိုက်လျှင် အနည်းငယ်စောသွားပေမည်။

ကျင်းယွင်ကျောင်း၏တည်ငြိမ်နေသောမျက်နှာကို မြင်လိုက်ရသောအခါ ရှန်တုန်းသည် အနည်းငယ်နေရခက်သွား၏။ မည်သို့ဖြစ်နေသည်ကို သူမနားမလည်နိုင်ပါချေ။

ခဏအကြာတွင် ရှန်တုန်းသည် မရဲတရဲဖြင့် မေးလိုက်၏။

“မိန်းကလေးကျင်း၊ အစ်မကြီးက ရှုရှန်းလန်နဲ့ ရန်ငြိုးရှိခဲ့လို့ သမီးကိုမြင်တဲ့အချိန်မှာ မူမမှန်ဖြစ်သွားတယ်လို့ ထင်နေတာလား?”

ကျင်းယွင်ကျောင်းသည် မကွယ်မဝှက်ဘဲ ခေါင်းငြိမ့်လိုက်သည်။

“အန်တီတုန်း၊ သမီးအန်တီ့ကို မြင်တာပထမဆုံးလည်းမဟုတ်တာမို့ အန်တီ့ရဲ့အကျင့်စာရိတ္တနဲ့ပတ်သတ်ပြီး သမီးမှာယုံကြည်မှုရှိတယ်၊ ဒါပေမယ့် အဲဒီအန်တီရှန်ရှီကတော့ သိပ်မဟုတ်ဘူးလို့ ခံစားရတယ်...အာ ဟုတ်သားပဲ၊ ရဲစခန်းဆီပို့လိုက်တဲ့ ဟိုပရိသတ်ရော ဘာဖြစ်သွားပြီလဲ?”

သူမသည် လူကဲခတ်တော်ပေ၏။ ရှန်တုန်းမှာ စိတ်ရင်းမှန်သောလူဖြစ်သည်။ မဟုတ်လျှင် ဟော်ထျန်းရှန်းကဲ့သို့ သူဌေးသမီးတစ်ဦးမှာ သူမအား ဤမျှလောက် လေးစားသမှုရှိနေမည်မဟုတ်ချေ။

“ရဲတွေစုံစမ်းလိုက်တော့ အဲ့လူက စိတ်ရောဂါရှိနေတဲ့လူလို့ ပြောကြတယ်၊ မီဒီယာကပစ်မှတ်ထားတာ ခံနေရဦးမှာစိုးလို့ ရေးကြီးခွင်ကျယ်မလုပ်ချင်တာနဲ့ သူ့ကိုစိတ်ကျန်းမာရေးဆေးရုံတစ်ခုဆီပဲ ပို့လိုက်တယ်”

ရှန်တုန်းပြောလိုက်၏။

“အန်တီတုန်း၊ နိုင်ငံခြာကပြန်လာပြီးတဲ့နောက်မှာ ဒီလိုဟာမျိုးကိုကြုံရတာ တစ်ခါနှစ်ခါ မကဘူးလို့ ပြောခဲ့တယ်မှတ်လား?”

ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။ ရှန်တုန်းခေါင်းငြိမ့်လိုက်သည်။

“ဟုတ်တယ်၊ နောက်ထပ်ကိစ္စကြီးတစ်ခုလည်းရှိသေးတယ်၊ ပရိသတ်တစ်ယောက်က အန်တီနဲ့အတူသေချင်တယ်လို့ပြောပြီး အန်တီ့ကို အတင်းဖက်ထားခဲ့တာလေ၊ အဲ့အချိန်တုန်းက လမ်းပေါ်မှာလူတွေအများကြီးရှိတော့ အန္တရာယ်တော့မများခဲ့ဘူး၊ ကြောက်စရာတော့ကောင်းတာပေါ့ အဲဒါအပြင် အန်တီ့ဆီ ပြေးလာပြီးတော့ သူတို့ကလေးကိုမွေးပေးဖို့ ပြောတဲ့လူတွေလည်းရှိတယ်၊ နည်းနည်းတော့ထူးဆန်းပေမယ့် အဆုံးမှာတော့ ဒီပုံစံတွေချည်းပါပဲ၊ အန်တီကတော့ တစ်ခေါက်ပြီးတစ်ခေါက် အံ့သြနေရတယ်”

ကျင်းယွင်ကျောင်းမျက်ခုံးများကို ပင့်လိုက်သည်။

“အန်တီတုန်း၊ သတိမထားလို့မဖြစ်ဘူး၊ အန်တီတုန်းအနားက လူတွေကို နည်းနည်းပိုဂရုစိုက်ရမယ်ထင်တယ်”

“မိန်းကလေးကျင်း? တစ်ယောက်ယောက်က ဒါကို တမင်စီစဥ်ခဲ့တယ်လို့ပြောနေတာလား?”

ရှန်တုန်းမျက်နှာသည် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်နေသည်။

သူမသည် ယခင်ကတည်းကပင် နာမည်ကျော်ကြားသူဖြစ်ပြီး ပရိသတ်များအား ကြင်နာစွာဆက်ဆံခဲ့၏။ နှစ်ပေါင်းများစွာတစ်လျှောက် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ရန်ငြိုးရန်စမရှိခဲ့ချေ။ ထို့အပြင် သူမသည် လွန်ခဲ့သောသုံးနှစ်ကမှ နိုင်ငံခြားမှပြန်ရောက်လာခဲ့သဖြင့် သူမအပေါ် နက်နက်ရှိုင်းရှိုင်းမုန်းတီးနိုင်သောလူလည်း မရှိပေ။

“တကယ်တော့ အရင်တစ်‌ခေါက်ကလည်း အန်တီ့ကို သမီးသတိပေးခဲ့ပါတယ်၊ ရှင်းရှင်းပြောရရင် သမီးက သာမန်လူတစ်ယောက်လိုမျိုး သဘောထားမကြီးဘူး၊ သမီးမျက်လုံးထဲမှာတော့ ဘယ်နေရာကမှန်းမသိ ပေါ်လာတဲ့ အန္တရာယ်ဆိုတာမရှိဘူး၊ အထူးသဖြင့် ဆက်တိုက်ဖြစ်နေရင် ပိုသံသယဝင်စရာကောင်းတာပေါ့”

ကျင်းယွင်ကျောင်းပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

သူမသည် မတရားစွပ်စွဲခံရပြီး စိတ်ဒဏ်ရာရရှိခဲ့သူဖြစ်သည်။

သူမ၏အတိတ်ဘဝတွင် ချောင်ဟုန်ယဲ့သည် တိုက်ဆိုင်မှုမျိုးစုံကို အသုံးပြု၍ ကောလဟာလများ ဖန်တီးခဲ့သည်။ သူမပြန်မွေးဖွားလာသောအခါတွင်လည်း ထိုနည်း၎င်းသာဖြစ်သည်။ အပင်မြင့်လျှင် လေတိုက်စမြဲဟူသည့်အတိုင်း သူမသာ လူအများကြားထင်ပေါ်နေလျှင် အချို့လူများသည် မကျေမနပ်ဖြစ်ကာ အန္တရာယ်သည် သူမနောက်သို့ လိုက်လာတတ်၏။

ရှန်တုန်းမှာမူ ဂန္တဝင်ဇာတ်လမ်းများစွာကို ဖန်တီးခဲ့သူဖြစ်သည်။ နှစ်နှစ်ဆယ်ဟူသည်မှာ လူတစ်ဦးအား မေ့လျော့ရန် လုံလောက်သောအချိန်ကာလဖြစ်၏။ ထို့အပြင် သူမသည် ဘဝကို တိုးတိုးတိတ်တိတ်ဖြတ်သန်းနေသည်ဖြစ်ရာ အဘယ်ကြောင့် ဤမျှအရူးအမူးစွဲလမ်းနေသောပရိသတ်များစွာကို ပိုင်ဆိုင်နိုင်မည်နည်း?

ရှန်တုန်းမျက်နှာ သုန်မှုန်သွား၏။ သူမခေါင်းထဲတွင် အတွေးများစွာဝင်လာပုံရသည်။

ဤအမွှေးနံ့သာကို တွေးကြည့်လိုက်သောအခါ သူမအစ်မကြီးဖြစ်သူ ရှန်ရှီ၏ပုံရိပ်သည် သူမခေါင်းထဲတွင် ရိပ်ခနဲပေါ်လာသော်လည်း အလျင်အမြန်ပင် ဖယ်ရှားလိုက်၏။ ထို့နောက် သူမသည် ခြောက်ကပ်စွာရယ်ပြီး ထရပ်ကာ ဝိုင်ကိုပြန်ယူလိုက်သည်။ ခေတ္တမျှစဥ်းစားပြီးနောက် ရေသုံးခွက်ခပ်ပေးရန် လူတစ်ဦးအား ခိုင်းလိုက်၏။

“သမီးတို့ကို လန့်အောင်လုပ်မိလို့ အန်တီတောင်းပန်ပါတယ်”

ရှန်တုန်းပြောလိုက်သည်။

“ရပါတယ် ကြည့်ရတာ အန်တီတုန်းက သမီးထက်ပိုလန့်သွားတဲ့ပုံပဲ”

ကျင်းယွင်ကျောင်းပြုံးကာ ရေတစ်ငုံနှစ်ငုံမျှသောက်လိုက်သည်။

ရှန်တုန်းစိတ်အေးသွားဟန်ဖြင့် သက်မချလိုက်တော့၏။ ရေထဲတွင် အဆိပ်ရှိနေသည်ဟု ကျင်းယွင်ကျောင်းမှ ရုတ်ချည်းဆိုသလို ထပြောမည်ကို သူမအမှန်တကယ်စိုးရိမ်နေမိသည်။ သူမအတွက် အမှန်တရားကို လက်ခံနိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး ဖြစ်ပျက်ခဲ့သောကိစ္စများကို စဥ်းစားလိုက်သောအခါ ကြောက်ဒူးတုန်သွားသည်။

Space and Rebirth 847

ကျင်းယွင်ကျောင်းစိတ်လျှော့လိုက်သည်။ ထိုမှသာ ရှောင်ဟိုင်ချင်းနှင့် စူးချူတို့၏မျက်နှာလည်း အနည်းငယ်ကောင်းသွား၏။ သို့သော် ယခင်က ခင်မင်ဖော်ရွေသော အခြေအနေမှာ ပုံမှန်အတိုင်းပြန်မဖြစ်တော့ချေ။ တစ်ခန်းလုံး အနည်းငယ်တိတ်ဆိတ်နေ‌လေ၏။

ရှန်တုန်းသည် လက်တလောတွင် သူမ၏သံသယစိတ်များကို ဖယ်ရှားရန်ကြိုးစားကာ ကျင်းယွင်ကျောင်ခေါ်လာသော မိန်းကလေးနှစ်ဦးအား စတင်၍ သေချာအကဲခတ်လိုက်သည်။

စူးချူဟုခေါ်သောမိန်းကလေးမှာ သူမနာမည်နှင့်လိုက်ဖက်ပေသည်။ သူမသည် သစ်ခွပန်းကဲ့သို့ အလွန်ဣန္ဒြေရှိသောအလှမျိုးကို ပိုင်ဆိုင်၏။ သူမမျက်နှာသည်လည်း ချိုသာလှပြီး စရိုက်မှာ တည်ငြိမ်ပေသည်။ သို့ရာတွင် သူမအား ပြိုင်ဘက်ကင်းအလှဟု မပြောနိုင်ပေ။ ကျင်းယွင်ကျောင်းကူညီချင်သော မိန်းကလေးမှာ သူမသာဆိုလျှင် အနာဂတ်၌ ကောင်းမွန်စွာတိုးတက်နိုင်ရန် ခဲယဥ်းပေ၏။

သူမရုပ်ရည်မှာ မဆိုးလှသော်လည်း အနုပညာလမ်းကြောင်းတွင် အလုပ်လုပ်လျှင်မူ သေချာပေါက် ကန့်သတ်ချက်များကို ကြုံတွေ့ရနိုင်သည်။ ထို့အပြင် ဤမိန်းကလေးမှာလည်း လူပါးဝတတ်သည့်ပုံမပေါ်ပေ။ သူမသည် အဖြူရောင်အတိပြီးသော စက္ကူတစ်ရွက်ကဲ့သို့ဖြစ်ပြီး အနုပညာလောကမှာ ယခုတွင် မင်အိုးတစ်အိုးနှယ်ဖြစ်သည်။ ထိုစက္ကူအား စွန်းထင်းစေလျှင် နှမြောစရာဖြစ်ပေမည်။

သူမနံဘေးရှိ ရှောင်ဟိုင်ချင်းဟူသောမိန်းကလေးမှာမူ ပို၍စိတ်မာသည့်ဟန်ရသည်။

သူမသည် ဆွဲဆောင်မှုရှိသော်လည်း မိန်းမပျက်အလှမျိုးမဟုတ်ပေ။ သူမအကျင့်စရိုက်သည် ပွင့်လင်းမြင်သာသည့်ပုံပေါက်သော်လည်း ရင်သားသာကြီးပြီး ဦးနှောက်မရှိသောမိန်းကလေးများကဲ့သို့မဟုတ်ချေ။ သူမမျက်နှာသည် အလွန်လှပ၏။ ပြိုင်ဘက်ကင်းအလှဟုခေါ်၍မရနိုင်သော်ငြား တိုးတက်နိုင်သောအလားအလာများစွာရှိသည်။ သူမခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့်၊ အသက်အရွယ်နှင့် အကျင့်စရိုက်တို့အားလုံးသည် အနုပညာလမ်းကြောင်းအတွက် သင့်တော်လှသည်။

ကျင်းယွင်ကျောင်းကူညီစေချင်သောမိန်းကလေးမှာ သူမသာဖြစ်ရမည်။

သူမသည် အနုပညာကုမ္ပဏီများစွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒါရိုက်တာများစွာကို ရင်းနှီးပြီး သူတို့အများစုမှာ သူမ၏ပြောမနာဆိုမနာသူငယ်ချင်းများဖြစ်၏။ နှစ်ပေါင်းများစွာတစ်လျှောက်တွင် သူမဘက်မှ ပါရမီတစ်ဦးကို ရည်ညွှန်းဖူးသည်မှာ ရှားပါးလှသည်။ သူမသာတောင်းဆိုလျှင် မည်သူကမှ ငြင်းမည်မဟုတ်ချေ။

လွန်ခဲ့သောရက်ပိုင်းခန့်ကာ သူမ၏ဒါရိုက်တာသူငယ်ချင်းတစ်ဦးသည် ကျေနပ်အားရဖွယ်မင်းသမီးကို မရှာဖွေနိုင်သဖြင့် လက်မှိုင်ကျနေခဲ့သည်။ ထိုအချိန်က သူမသည် သင့်တော်သောမင်းသမီးကိုတွေ့ပါက အကြောင်းပြန်မည်ဟု ထိုသူအား ပြောခဲ့၏။

သို့ရာတွင် ထိုဒါရိုက်တာ၏သတ်မှတ်ချက်များမှာ မြင့်လှသည်။ မင်းသမီးဖြစ်သူသည် အသက် ၂၅ နှစ်အောက်ရှိရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဇာတ်ကောင်၏အသက်အရွယ်မှာလည်း မကြီးသောကြောင့်ဖြစ်သည်။ အသက် ၂၀ ကျော်သောအမျိုးသမီးများမှာ မိတ်ကပ်မည်မျှပင်လိမ်းစေကာမူ ထိုမျှငယ်ရွယ်သောအသက်အရွယ်ကို သရုပ်မဆောင်နိုင်ချေ။

တိုက်တိုက်ဆိုင်ဆိုင် ရှောင်ဟိုင်ချင်းမှာ ထိုနေရာအတွက် သင့်တော်နေလေ၏။ ထို့အပြင် မင်းသမီးဖြစ်သူသည် လှပပြီး လူအများကြား အထင်းသားဖြစ်နေရမည်။ ဤဇာတ်ကောင်မှာ ဇာတ်ပို့သာဖြစ်သော်လည်း သူမ၏အကျင့်စရိုက်မှာ လူကြားထဲ ထင်ထင်ပေါ် ပေါ်နေတတ်သောစရိုက်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းသာလှပြီး သရုပ်ဆောင်စွမ်းရည်မရှိသောလူကို အသုံးမပြုနိုင်ပေ။

ရှောင်ဟိုင်ချင်း၏သရုပ်ဆောင်စွမ်းရည်များ မည်မျှကောင်းသည်ကို သူမမသိသော်လည်း သူမကိုယ်တိုင်ညွှန်းသောလူပင် လူရွေးပွဲကို မဖြစ်မနေဖြေရပေမည်။ ထိုအချိန်တွင် သူမအား အသုံးပြုနိုင်၊ မပြုနိုင်မှာ ဒါရိုက်တာအပေါ်တွင် မူတည်ပေသည်။

“မိန်းကလေးရှောင်၊ သရုပ်ဆောင်မေဂျာကို ယူထားတာလား?”

ရှန်တုန်းမှ စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

ရှောင်ဟိုင်ချင်းခေါင်းငြိမ့်လိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းမှ စကားဆက်ပြောလိုက်သည်။

“အန်တီတုန်း၊ အဲ့လောက်ယဥ်ကျေးစရာမလိုပါဘူး၊ သမီးတို့အားလုံးက အန်တီတုန်းရဲ့တူမအရွယ်တွေပဲဟာ၊ သမီးတို့နာမည်ကိုခေါ်ပြောလို့ရပါတယ်”

ရှန်တုန်းပြုံးလိုက်၏။

“အဲဒါဆို ပိုကောင်းတာပေါ့ကွယ်၊ ပိုရင်းနှီးသွားတာပေါ့”

သူတို့ကြားမှလေထုသည် အနည်းငယ်ပြေလျော့သွားဟန်ရသည်။

“လက်တလောမှာ လူရှာလို့မရဖြစ်နေတဲ့ ဒါရိုက်တာတစ်ယောက်ကို သိထားတယ်၊ လူရွေးပွဲဖြေကြည့်ချင်လား?”

ရှန်တုန်းသည် သူမအား တမင်ကွယ်ဝှက်ထားခြင်းမရှိဘဲ တစ်ခါတည်းမေးလိုက်၏။

၎င်းကို ရှောင်ဟိုင်ချင်းကြားလိုက်သောအခါ သူမသည် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်သည်။ သူမအနည်းငယ်အံ့အားသင့်နေ၏။ ထိုရုတ်ရုတ်သဲသဲဖြစ်သော အခြေအနေအပြီးတွင် ရှန်တုန်း၌ သူမအားကူညီချင်စိတ် ရှိသေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ကျေးဇူးတင်ပါတယ်၊ ဘယ်လိုဇာတ်ကောင်လဲဆိုတာ သမီးသိခွင့်ရှိမလား?”

ရှောင်ဟိုင်ချင်းမှ ယဥ်ကျေးစွာ ပြန်မေးလိုက်၏။

ရှန်တုန်းမျက်လုံးထဲတွင် သူမအား လေးစားအထင်ကြီးသောအရိပ်အယောင်များ သန်းသွားသည်။

ယေဘုယျအားဖြင့်ပြောရလျှင် ဤအရွယ်မိန်းကလေးများသည် မည်သည့်ဇာတ်ကောင်ကိုမဆို တုံ့ဆိုင်းခြင်းမရှိ လက်ခံတတ်ကြ၏။ သို့ရာတွင် သူမအမြင်အရမူ မိမိအတွက် မသင့်တော်သောဇာတ်ကောင်မှာ အချိန်ကုန်ရုံသာရှိပေသည်။ ရှောင်ဟိုင်ချင်းသာ မျက်စိကျိန်းဖွယ်အကောင်းဆုံးမင်းသမီးဖြစ်ချင်လျှင် အစပြုကတည်းက သေချာရွေးချယ်ရပေမည်။

“ဒီဒါရိုက်တာက ဒီတစ်ခေါက်တော့ နန်းတွင်းကားရိုက်နေတာ၊ တခြားအရေးကြီးတဲ့ဇာတ်ကောင်တွေကိုတော့ လူခေါ်ပြီးသွားပြီ၊ ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေအားလုံးက အရမ်းကိုအရည်အချင်းရှိပြီး နာမည်ကြီးတဲ့လူတွေချည်းပဲ၊ သမီးဇာတ်ကောင်ကို သမီးသာကောင်းကောင်းသရုပ်ဆောင်ပြနိုင်ရင် တစ်ခုခုပြန်ရလိမ့်မယ်ဆိုတာ သေချာတယ်၊ ကောင်းကောင်းသရုပ်မဆောင်နိုင်ရင်တော့ ဇာတ်ကောင်နောက်ခံကရှုပ်ထွေးပြီး အတွင်းဇာတ်လမ်းတွေများတာမို့ လူကြားထဲ အရမ်းရေပန်းစားတော့မှာမဟုတ်ဘူး၊ သမီးရဲ့ သရုပ်ဆောင်စွမ်းရည်အတွက် စစ်ဆေးချက်တစ်ခုဖြစ်မှာပေါ့”

ရှန်တုန်းမှ သူမအား သတိပေးလိုက်၏။

Space and Rebirth 848

ရှောင်ဟိုင်ချင်းသည် ၎င်းကိုကြားသောအခါ စိတ်ဝင်စားသွား၏။

ဤသည်မှာ သူမ၏သရုပ်ဆောင်စွမ်းရည်အတွက် ပြိုင်ပွဲတစ်ခုဆိုလျှင် သူမကြောက်နေစရာမလိုချေ။ သူမသည် အနုပညာနယ်ပယ်ထဲ၌ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း အခြားသူများထက် ပိုကြိုးစားပေ၏။ ဤနယ်ပယ်ထဲသို့ စဝင်ကတည်းက သူမကောင်းကောင်းမနားရသေးချေ။ ထို့အပြင် သူမသည် ဤအပိုင်း၌ အလွန်ပါရမီပါသောသူဖြစ်၏။

ယခုရှန်တုန်းမှ ရှင်းပြလိုက်သောအခါ မည်သို့သောဇာတ်လမ်းမျိုးဖြစ်ကြောင်းကို သူမသဘောပေါက်သွား၏။

ယခုတလောတွင် ရိုက်ကူးရေးစမည့် နန်းတွင်းကားဟူ၍ တစ်ခုသာရှိလေသည်။ ၎င်းမှာ “မိန်းမစိုး၏နန်းတော်” ဟုအမည်ရပြီး နန်းတွင်းတစ်ခုလုံးကို နောက်ကွယ်မှကြိုးကိုင်သည့် မိန်းမစိုးတစ်ယောက်၏အကြောင်းဖြစ်သည်။ ထိုဇာတ်လမ်းမှာ အလွန်နာမည်ကြီးနေသော်လည်း ဇာတ်လမ်းအကြောင်းအရာကို သူမမသိချေ။ ထို့ကြောင့် ရှန်တုန်းပြောနေသောဇာတ်ကောင်မှာ မည်သူဖြစ်ကြောင်းကိုပါ သူမမသိပေ။

သို့ရာတွင် “မိန်းမစိုး၏နန်းတော်” ဇာတ်လမ်းအား လွှင့်သည်နှင့် ကြည့်ရှုသူနှုန်းမြင့်မည်မှာ သေချာပေ၏။ အရေးကြီးဆုံးမှာ ဤဇာတ်လမ်းတွင် သရုပ်ဆောင်မည့်သူများကို ဂရုတစိုက်ရွေးချယ်ထားခြင်းဖြစ်သည်။ သူမသာ ထိုသို့သောဇာတ်လမ်း၌ အ‌ရွေးခံရလျှင် ဘက်ပေါင်းစုံမှ သူမအတွက် အထောက်အကူကြီးတစ်ရပ်ဖြစ်ပေမည်။

ရှောင်ဟိုင်ချင်း၏စိတ်ဝင်စားမှုကို မြင်လိုက်ရသောအခါ ရှန်တုန်းသည် သုတ်သုတ်ပြာပြာဖြင့် အခန်းထဲမှထွက်သွားသည်။ များမကြာမီတွင် သူမသည် ဖိုင်တွဲတစ်ခုဖြင့် ပြန်လာတော့၏။

“အဲ့အချိန်တုန်းက ဒါရိုက်တာက သူငယ်ချင်းဟောင်းဆိုတော့ အန်တီ့ကို ခေါင်းဆောင်ဇာတ်ကောင်တစ်နေရာယူစေချင်တာလေ၊ ဒါပေမယ့် အန်တီလည်း အနုပညာလောကကို ကျောခိုင်းထားတာ ကြာပြီဆိုတော့ ပြန်မသွားချင်တော့ဘူး၊ ဇာတ်ညွှန်းကိုတော့ သိမ်းထားခဲ့တယ် သမီးကြည့်ချင်ကြည့်လိုက်လေ၊ အာ ဟုတ်သားပဲ ဒါက သမီးဇာတ်ကောင်အကြောင်း...”

ရှန်တုန်းသည် ဖိုင်တွဲအား ကမ်းပေးလိုက်၏။

ရှောင်ဟိုင်ချင်းသည် လေးနက်တည်ကြည်စွာဖြင့် ၎င်းကိုယူလိုက်သည်။

“သမီးဇာတ်ကောင်နာမည်က ရှင်းဟန်တဲ့၊ ဇာတ်လမ်းနောက်ခံက...သမီးလက်ခံနိုင်မလားတော့မသိဘူး”

ရှန်တုန်းမျက်နှာသည် အနည်းငယ်ထူးဆန်းသွားသည်။ ထိုအခါ ကျင်းယွင်ကျောင်းသည်လည်း စိတ်ဝင်စားသွားတော့သည်။ သူမနှင့်စူးချူသည် ခန္ဓာကိုယ်ကိုကိုင်းပြီး အတူဖတ်ကြည့်လိုက်ကြ၏။

ဇာတ်လမ်းမှာ ဤကဲ့သို့ပင်။ နတ်ရွာစံသွားသော ဧကရာဇ်မှာ အသက်ရှိစဥ်က ပိုင်းခြားနိုင်စွမ်းမရှိခဲ့သဖြင့် ယုတ်မာသောအရာရှိတစ်ဦးနှင့် မိန်းမစိုးတစ်ဦးကို မျက်နှာသာပေးခဲ့၏။ ဤလူဆိုးနှစ်ဦးမှာ ငယ်ရွယ်စဥ်ကတည်းကပင် သွေးသောက်ညီအစ်ကိုများဖြစ်ခဲ့ပြီး ကြီးပြင်းလာသည့်တစ်လျှောက်လုံး အချင်းချင်းကူညီထောက်ပံ့ပေးခဲ့လေသည်။

လူဆိုးများဖြစ်သည့်အလျောက် သူတို့သည် မကောင်းသောလုပ်ရပ်များအားလုံးကို လုပ်ရလေသည်။ သူတို့သည် သစ္စာရှိသောအရာရှိတစ်ဦးကို ချောက်တွန်းခဲ့၏။ ထိုသစ္စာရှိမင်းမှုထမ်းမှာ သူ၏မိသားစုသိက္ခာကိုစတေးပြီး လူဆိုးအရာရှိအား သူနှင့်အတူဆွဲချခဲ့လေသည်။ သူတို့သည် အတူတကွ ကွပ်မျက်ခံလိုက်ရ၏။ မိန်းမစိုးမှာ သူ၏ညီအစ်ကိုကို ကူညီရန် နည်းမျိုးစုံကြိုးစားခဲ့သည်။ ထိုမကောင်းသောမင်းမှုထမ်း၏ သမီးအား တတ်နိုင်သမျှကြိုးစားကာကွယ်ကာ ကုန်သည်တစ်ဦးထံ မွေးစားရန် ပေးခဲ့၏။ ထိုမိန်းကလေးမှာ ခေါင်းဆောင်မင်းသမီးဖြစ်သည်။

သို့ရာတွင် ခေါင်းဆောင်မင်းသမီး၏ မိသားစုနောက်ခံအစစ်အမှန်မှာ ထိုသို့မဟုတ်ပေ။ အမှန်မှာ သစ္စာရှိမင်းမှုထမ်းသည် မသေခင်က သူ၏သားသမီးများကို ကာကွယ်ချင်ခဲ့သည်။ သူ၏သားသမီးများအား အဝေးသို့လွှတ်လျှင်ပင် မိန်းမစိုး၏လက်မှ မလွတ်နိုင်ကြောင်း သိသဖြင့် သူထောင်ထဲတွင်ရှိစဥ်က သတ္တိအားလုံးသုံးပြီး မိသားစုနှစ်စု၏ ကလေးများကို လဲလှယ်ရန် ထောင်မှူးနှင့်ကြံစည်ခဲ့သည်။

အပြင်ပန်းတွင်မူ သစ္စာရှိပြီး အကျင့်စာရိတ္တကောင်းသော ခေါင်းဆောင်မင်းသမီးမှာ သစ္စာဖောက်တစ်ဦး၏သမီးအနေဖြင့် အပြင်လောကတွင် ကြီးပြင်းလာခဲ့ရလေသည်။ သူမသည် ဝတ်ရန်စားရန်မပူရဘဲ ပညာပြည့်ပြည့်စုံစုံသင်ကြားခဲ့ရသော သခင်မလေးတစ်ဦးဖြစ်လာခဲ့သည်။ သူမသည် ရိုးသာကြင်နာပြီး တက်ကြွကာ မိန်းမစိုးများ၏ကာကွယ်မှုအောက်တွင် ရှိခဲ့၏။ လူဆိုးအရာရှိ၏ သမီးမှာမူ မိန်းမစိုး၏ မျက်စိစပါးမွေးစူးစရာဖြစ်လာတော့သည်။ သူမသည် ငယ်စဥ်က ထောင်ထဲမှ ခက်ခက်ခဲခဲ ကယ်ဆယ်ခံရသော်ငြား အခြားသူများ၏အနိုင်ကျင့်ခြင်းကို အဆက်မပြတ်ခံခဲ့ရပြီး နာကျင်မှုပေါင်းများစွာကို ခံစားခဲ့ရသည်။ ဤမိန်းကလေးမှာ ရှန်တုန်းမိတ်ဆက်ပေးသော ဇာတ်ကောင် “ရှင်းဟန်” ဖြစ်၏။

ဇာတ်လမ်းထဲတွင် ရှင်းဟန်ငယ်စဥ်က အတောင်မစုံသေးသော ခေါင်းဆောင်မင်းသားနှင့် တွေ့ခဲ့လေသည်။ သူတို့သည် အချိန်တစ်ခုစာမျှ အချင်းချင်းမှီခိုခဲ့ကြသော်လည်း အဆုံးတွင် သူမသည် ‌ခေါင်းဆောင်မင်းသမီးမဟုတ်ပါပေ။ နောက်ပိုင်းတွင် သူမ၏ဝမ်းရေးအတွက် ခိုးနေသည်ကို ခေါင်းဆောင်မင်းသားက မြင်လိုက်သဖြင့် သူမအား မုန်းတီးသွားခဲ့သည်။ သူမတောင်းပန်ရန်ကြိုးစားနေချိန်တွင် မိန်းမစိုး၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

မိန်းကလေးတစ်ဦးအနေဖြင့် မိန်းမစိုး၏လက်အောက်တွင် နန်းတွင်းအစေခံတစ်ဦးဖြစ်ရန် နန်းတော်ထဲသို့ အပို့ခံလိုက်ရလေသည်။

သူမသည် အခက်ခဲဆုံးသောအလုပ်များကို လုပ်ဆောင်ခဲ့ပြီး အပြင်းထန်ဆုံးသောပြစ်ဒဏ်များကို ခါးစည်းခံခဲ့ရ၏။ ထိုအချိန်က မိန်းမစိုးများသည် မာနထောင်လွှားပြီး ယုတ်မာပက်စက်ခဲ့သည်။ တဖြည်းဖြည်းဖြင့် သူမကိုယ်သူမကာကွယ်ရန် ရှင်းဟန်သည်လည်း ယုတ်မာပက်စက်ရတော့သည်။ သူမသည် အစက မိမိကိုယ်မိမိ လူကောင်းအရာရှိ၏သမီးဟု ထင်နေဆဲဖြစ်သည်။ ထို့ကြောင့် လူဆိုးအရာရှိ၏သမီးဖြစ်သူ ခေါင်းဆောင်မင်းသမီးကို မြင်လိုက်ရသောအခါ သူမသည် ရွံရှာမုန်းတီးမူများဖြင့် ပြည့်နှက်ပြီး ခေါင်းဆောင်မင်းသမီးအားပစ်မှတ်ထားခဲ့၏။ ခေါင်းဆောင်မင်းသမီးမှာ သေသင့်သည်ဟု သူမခံစားရပြီး သူမအကျင့်စရိုက်မှာလည်း တဖြည်းဖြည်းဖြင့် ပိုယုတ်မာလာ၏။

ခေါင်းဆောင်မင်းသမီး၏ အကျင့်စရိုက်မှာ ကြင်နာသနားတတ်ပြီး ရှင်းဟန်မှာ သူမအနောက်မှ တကောက်ကောက်လိုက်နေသော အရိပ်မည်းဖြစ်သည်။

သို့ရာတွင် ရှင်းဟန်အား ဒုတိယခေါင်းဆောင်မင်းသမီးဟု သတ်မှတ်၍မရချေ။ သူမသည် ရက်စက်ယုတ်မာသော်လည်း သူမ၏အဆင့်အတန်းမှာ မမြင့်သဖြင့် ဒုတိယခေါင်းဆောင်မင်းသမီးဖြစ်သူနှင့်သာ အလုပ်တွဲလုပ်နိုင်သည်။ ဒုတိယခေါင်းဆောင်မင်းသမီး၏ စစ်ရေးအကြံပေးဟု သတ်မှတ်နိုင်ပေသည်။

ဇာတ်လမ်းအပြီးတွင် ရှင်းဟန်သည် သေသွားခဲ့သော်လည်း သူမ၏သေဆုံးမှုမှာ အလွန်ဝမ်းနည်းပူဆွေးဖွယ်ကောင်းလှသည်။

သူမသည် အကျင့်မကောင်းသော်ငြား လူကောင်းမင်းမှုထမ်း၏သမီးအနေဖြင့် သူမ၏သိက္ခာကို ဂုဏ်ယူနေခဲ့သည်။ သို့သော် အဆုံးတွင် သူမသည် လူဆိုးမင်းမှုထမ်း၏သမီးဖြစ်ကြောင်း သိလိုက်ရသောအခါ လုံးဝပြိုလဲသွားခဲ့သည်။ သူမစိတ်ထဲရှိသော လက်ကျန်ကြင်နာစိတ်များအားလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့သည်။ ထို့အပြင် သူမသည် သူမ၏အမှားများကိုပြင်ရန် မကြိုးစားခဲ့သောကြောင့် ခေါင်းဆောင်မင်းသား၏သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

All Chapters