← Chapters

အခန်း (၈၄၉-၈၅၂)

Vol. 43 Ch. 849-852

အခန်း (၈၄၉-၈၅၂)

Vol. 43 Ch. 849-852

Space and Rebirth 849

ဤဇာတ်ကောင်သည် ဇာတ်လမ်းတစ်ခုလုံးတွင် သနားစရာအကောင်းဆုံးဇာတ်ရုပ်ဖြစ်သည်မှာ သေချာ၏။

သူမသည် ဘဝတွင် ကံကြမ္မာကောင်းနှင့် မတွေ့ခဲ့လိုက်ရချေ။ မိန်းမစိုးများ အင်အားကြီးစဥ်က သူမသည် လူကောင်းအရာရှိ၏သမီးဖြစ်သည်။ မိန်းမစိုးများ အင်အားယုတ်လျော့လာစဥ်တွင် သူမသည် လူတိုင်းကမုန်းတီးရသော လူဆိုးအရာရှိ၏သမီးဖြစ်သွားတော့သည်။ သူမ၏ယုတ်မာမှုသည်လည်း အကြောင်းရင်းရှိခဲ့ပေသည်။

ရှောင်ဟိုင်ချင်းနှင့် ကျန်နှစ်ဦးသည် အချိန်အတော်ကြာကြာယူပြီး ဇာတ်လမ်းတစ်ခုလုံးကို ဖတ်ကြည့်လိုက်၏။ ဖတ်ကြည့်ပြီးနောက် ဤရှင်းဟန်မှာ အမှန်တကယ်ပင် လူရွေးရခက်သောဇာတ်ကောင်ဖြစ်ကြောင်း သူတို့ခံစားမိလိုက်သည်။

“သမီးရဲ့လောကအမြင်တွေ သိပ်မကောင်းဘူးထင်ပါတယ် သူက...တော်တော်သနားစရာကောင်းတာပဲ”

ရှောင်ဟိုင်ချင်းသည် ခေါင်းကိုကုတ်ကာ အပြစ်ကင်းစင်သောမျက်လုံးများဖြင့် ကျင်းယွင်ကျောင်းကိုကြည့်လိုက်သည်။ ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုကွေးကာ ပြုံးလိုက်၏။

သူမသည် အမှန်တကယ်ပင် သနားစရာကောင်းပေသည်။

သို့ရာတွင် သူတို့သည် ရှင်းဟန်အား ညှာတာသနားနိုင်သော အကြောင်းရင်းမှာ သူမ၏ဘဝသည် ခက်ခဲခဲ့သောကြောင့်ဖြစ်၏။ သူမသည် အခြားသူများက အတင်းအကြပ်ပေးအပ်ထားသော နာမည်နှင့်အကျိုးဆက်များကို ခံစားရပြီး ကမ္ဘာလောက၏အမှောင်ဆုံးနေရာတွင် နေခဲ့ရသည်။

သူမအား အနိုင်ကျင့်ခဲ့သော မိန်းမစိုးများနှင့် အတူနေခဲ့ရသဖြင့် သူမ၏အကျင့်စရိုက်သည်သာ မဆိုးဝါးသွားလျှင် ထူးဆန်းပေတော့မည်။ သူမသည် အနိုင်ကျင့်ခံရလျှင်ပင် စိတ်ကောင်းရှိခဲ့သေး၏။ သို့ရာတွင် နတ်ဘုရားများက သူမအား ကောင်းကောင်းမဆက်ဆံဘဲ သူမ၏တစ်ခုတည်းသောစိတ်ထားကောင်းကိုပင် ယူသွားသည်မှာ သနားစရာပင်။

“သမီးလည်း ဒီဇာတ်ကောင်ကိုကြိုက်တယ်”

ခဏအကြာတွင် ကျင်းယွင်ကျောင်းသည်လည်း ထပြောလိုက်၏။

အစက ရှင်းဟန်သည် လူကောင်းအရာရှိ၏သမီးအနေဖြင့် သူမ၏သိက္ခာအတွက်၊ ပြည်သူများအတွက် စွန့်စားပြီး မိန်းမစိုးများဆီမှ ခိုးယူခဲ့ခြင်းဖြစ်၏။ သူမသည် ခေါင်းဆောင်မင်းသမီးကို ဆန့်ကျင်နေသော်လည်း သူမမျက်လုံးထဲတွင် သူမမိဘများအား သတ်ဖြတ်ခဲ့သော လူဆိုးအရာရှိ၌ မျိုးဆက်မကျန်သင့်ကြောင်း သူမထင်သောကြောင့်သာဖြစ်၏။ သူမလက်စားချေရန်အတွက် ထိုသို့လုပ်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်...

ရှောင်ဟိုင်ချင်းမှာ ဖြူစင်သောဇာတ်ကောင်နှင့်မလိုက်ကြောင်း ကျင်းယွင်ကျောင်းလည်း ပြောထား၏။

“ယွင်ကျောင်း၊ နင်သူ့ကိုကြိုက်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကို မရမကယူမှဖြစ်မယ်! ငါတော့ ဒီဇာတ်ကောင်ကို ကိုင်တွယ်နိုင်မယ်ထင်တယ် သတင်း‌ကောင်းကြားရဖို့သာ စောင့်လိုက်တော့!”

ရှောင်ဟိုင်ချင်း ဟက်ဟက်ပက်ပက်ဖြင့် ရယ်လိုက်သည်။

“ဒီဇာတ်ကောင်က ဆိုးပေမယ့် သူဆိုးတဲ့ပုံက ကိုယ့်ကိုယ်ကျိုးအတွက်ပဲကြည့်တဲ့လူဆိုးတွေနဲ့မတူဘူး၊ အဲ့တော့ သမီးအမိအရသရုပ်ဖော်နိုင်မှဖြစ်မယ်၊ သမီးပုံစံကို မြင်ပြီးတဲ့နောက် ဒီဇာတ်ကောင်ကို တခြားတစ်ယောက်ဆီပေးလိုက်ရင်တောင် ကြည့်ရတာ အဆင်ပြေတော့မယ်မထင်ဘူး”

ရှန်တုန်းသည်လည်း ရယ်လိုက်၏။

တကယ်တမ်းတွင် အခြားသောဇာတ်ကောင်များလည်းရှိသော်ငြား ဤဇာတ်ကောင်မှာ သူမနှင့် အလိုက်ဖက်ဆုံးဖြစ်မည်ဟု ရှန်တုန်းခံစားနေရသည်။ ရှောင်ဟိုင်ချင်းသည် စိတ်လှုပ်ရှားမှုမီးလျှံများ ပြည့်နှက်နေသောမျက်လုံးများဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

သူမသည် ဤသို့သောစိတ်ဖောက်ပြန်သည့် ဇာတ်ကောင်မျိုးကို အမှန်တကယ်သဘောကျပေသည်။ အထူးသဖြင့် ကံကောင်းပြီး မိမိကိုယ်ကိုအမွန်မြတ်ဆုံးထင်နေသော ခေါင်းဆောင်မင်းသမီးနှင့်စာလျှင် ဤဇာတ်ကောင်မှာ ပို၍လူသားဆန်ပေသည်။

ထို့အပြင် သူမ၏ဇာတ်လမ်းအသွားအလာမှာ လိုအပ်သောနေရာဟူ၍ တစ်စက်မျှမရှိပေ။ အစက သူမသည် အခြားသူများလက်မှထွက်ပြေးနေစဥ် ငယ်ရွယ်သူဖြစ်သောကြောင့် ကြောက်ရွံ့နေခဲ့သည်။ သူမအား မကောင်းသောသူတစ်ဦးဟု ခေါင်းဆောင်မင်းသားမှ ဒေါသတကြီး စွပ်စွဲအော်ငေါက်စဥ်က သူမသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး မလုပ်သင့်သည်များကို လုပ်ခဲ့၏။ နောက်ပိုင်းတွင် သူမသည် နန်းတွင်းထဲရောက်သောအခါ ကြောက်ရွံ့မှု၊ ခုခံရုန်းကန်မှု၊ နာခံမှု၊ ရင့်ကျက်မှု၊ ကလဲ့စား စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားခဲ့သည်....ဤဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှပေသည်။

“အန်တီတုန်း၊ ကျေးဇူးအများကြီးတင်ပါတယ်”

ရှောင်ဟိုင်ချင်းမှ စိတ်ရင်းမှန်ဖြင့် ပြောလိုက်ပြန်သည်။

“ရပါတယ်ကွယ်၊ အရာအားလုံးကို ကံတရားလက်ထဲမှာပဲပုံအပ်ထားတယ်လို့ ယွင်ကျောင်းကိုလည်း အန်တီပြောပြီးပါပြီ၊ ပြီးတော့ သမီးက အရမ်းထူးခြားတဲ့မိန်းကလေးတစ်ယောက်လေ၊ အန်တီမမိတ်ဆက်ပေးရင်တောင် တစ်နေ့ကျ သမီးဘာသာသမီး ထင်ပေါ်အောင်လုပ်လာနိုင်တဲ့တစ်နေ့ ရောက်လာမှာပဲ “

ရှန်တုန်းမှ အမှန်အတိုင်းဖြေလိုက်သည်။

ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားသောအခါ ရှန်တုန်း၏အဆက်အသွယ်များကို တွေးမိသွားပြီး သူမတွင် အေးဂျင့်ကောင်းကောင်းတစ်ဦးရှိလောက်မည်ဟု ခံစားမိလိုက်သည်။၊

သူမ၏အတိတ်ဘဝတွင် လွန်ခဲ့သောနှစ်နှစ်ခန့်လောက်က အလွန်ဆင်းရဲသောအေးဂျင့်တစ်ဦးသည် ရုတ်ချည်းဆိုသလို ဦးမော့လာပြီး တက်သစ်စလူတစ်ဦးအား နာမည်ကြီးလာအောင် တွန်းတင်ပေးခဲ့သည်။ သို့ရာတွင် ထိုတက်သစ်စသရုပ်ဆောင် နာမည်ကြီးလာသောအခါ ထိုအေးဂျင့်သည် အလုပ်ထုတ်ခံလိုက်ရ၏။ အတက်အကျများအပြီးတွင် အေးဂျင့်သည် လောကီရေးရာများကိုစိတ်ကုန်သွားပြီး ဘုန်းကြီးဝတ်လိုက်လေသည်။ ထိုအချိန်က တီဗီရှိ သတင်းချန်နယ်များသည် ဤကိစ္စအကြောင်းကို နေ့တိုင်းပြောခဲ့ကြ၏။ ထိုအေးဂျင့်မှာ အရည်အချင်းရှိလှသော်လည်း ကံမကောင်းခြင်းသာဖြစ်ကြောင်း ပြောကြသည်။

“အန်တီတုန်း၊ လင်းလင်းဆိုတဲ့...အေးဂျင့်ကိုသိလား?”

ကျင်းယွင်ကျောင်းမေးလိုက်၏။

“ညီမလင်းလား? သိတာပေါ့ သူကလူကောင်းတစ်ယောက်လေ တာဝန်သိစိတ်အပြည့်ရှိတာ၊ ဒါပေမယ့် သူ့သရုပ်ဆောင်ကို တခြားလူတွေနဲ့ ပေးမလွှတ်လို့ အကောင်ကြီးကြီးတစ်ယောက်ကို ရန်စသလိုဖြစ်သွားခဲ့တယ်လေ၊ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း သူ့ခမျာဖိနှိပ်ခံရပြီး နာမည်ကိုအဖတ်မဆယ်နိုင်ခဲ့ဘူး...”

ရှန်တုန်းအံ့အားသင့်သွား၏။

“မဟုတ်မှလွဲရော သမီးက...”

Space and Rebirth 850

ရှန်တုန်းစကားမဆုံးခင်တွင်ပင် ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“ဟိုင်ချင်းက အနာဂတ်မှာ အားကိုးရတဲ့မန်နေဂျာတစ်ယောက် သေချာပေါက်လိုလာလိမ့်မယ် ဒါပေမယ့် သမီးတို့နှစ်ဦးလုံးက ဒီကိစ္စမှာတော့ အရမ်းလူရွေးတာမို့...”

ရှင်းရှင်းပြောရလျှင် ထိပ်သီးအေးဂျင့်များမှာ ဟိုင်ချင်းကဲ့သို့ တက်သစ်စတစ်ဦးကို တာဝန်ယူချင်လိမ့်မည်မဟုတ်ပေ။ သို့ရာတွင် သူမနှင့် ဟိုင်ချင်း၏စရိုက်ဖြင့်ဆိုလျှင် အတွေ့အကြုံနုသည့် သာမန်မန်နေဂျာတစ်ဦးကိုလည်း ယုံကြည်နိုင်မည်မဟုတ်။ လင်လင်းသည် ယခုအချိန်တွင် ကြပ်တည်းနေသော်လည်း သူမသည် အကျင့်စာရိတ္တကောင်းပြီး အရည်အချင်းရှိမှုကြောင့် နာမည်ကြီးခဲ့သူဖြစ်၏။ ဟိုင်ချင်းသာ သူမနှင့်စာချုပ်ချုပ်နိုင်လျှင် နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်ပေမည်။

“ဒါပေမယ့် ညီမလင်းအကြောင်း ဘယ်လိုသိခဲ့တာလဲ? သူနာမည်မရှိတော့တာတောင် တော်တော်ကြာပြီ....”

“ဒီလိုပဲ သွားရင်းလာရင်း သူ့အကြောင်းကြားမိတာပါ”

ကျင်းယွင်ကျောင်းမှ ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်သည်။

သူမ၏အတိတ်ဘဝမှ သိခဲ့သောသူဟု အဘယ်သို့ပြောနိုင်မည်နည်း။

“ဟုတ်ပြီလေ သူ့ကိုဆက်သွယ်ပေးပြီး သူဘယ်လိုမြင်လဲဆိုတာမေးပေးမယ်၊ သူက သူကိုင်တဲ့မင်းသားမင်းသမီးတွေနဲ့ပတ်သတ်ပြီး သတ်မှတ်ချက်မြင့်တယ်လေ”

ရှန်တုန်းသည် မေးခွန်းများထပ်မမေးတော့ဘဲ ခေါင်းငြိမ့်သဘောတူလိုက်၏။

ကျင်းယွင်ကျောင်းသက်မချလိုက်တော့သည်။ ရှောင်ဟိုင်ချင်းလည်း ဤကိစ္စကို မငြင်းဆိုချေ။ ဤကမ္ဘာတွင် သူမ၏အဖေအရင်းမှအစ သူမအား ထိခိုက်နာကျင်စေလိုသောသူများစွာရှိသော်လည်း ကျင်းယွင်ကျောင်းမှာ ထိုသို့သောသူမဟုတ်ပေ။

သူတို့သည် အလုပ်ကိစ္စပြောပြီးနောက် ရှန်တုန်းနှင့် ရှောင်ဟိုင်ချင်းသည် ဇာတ်ညွှန်းထဲမှ ဇာတ်ကောင်အကြောင်း အနည်းငယ်စကားဆက်ပြောကြတော့သည်။ သူမမှာ ဝါရင့်မင်းသမီးတစ်လက်ဖြစ်သောကြောင့် ရှောင်ဟိုင်ချင်းသည် သူမပြောသမျှကို ဂရုတစိုက်နားထောင်လေသည်။ ထိုအခါ ရှောင်ဟိုင်ချင်းသည် ပညာအချို့ကိုရလိုက်ပြီး ရှန်တုန်းအား ပို၍လေးစားသွားသောအကြည့်ဖြင့် ကြည့်လိုက်၏။

နေ့လယ်ခင်းလောက်တွင် သုံးဦးသားသည် ရှန်တုန်းအိမ်မှ ပြန်လိုက်တော့သည်။

သို့ရာတွင် သုံးဦးသားပြန်ပြီးနောက် ရှန်တုန်း ရင်တုန်သွားတော့သည်။ အထူးသဖြင့် သူမဖုန်းမြည်ပြီး ရှန်ရှီ၏နာမည်ကို ဖန်သားပြင်တွင်တွေ့သောအခါ သူမမည်သို့လုပ်ရမည်ကို မသိတော့ချေ။

အမွှေးနံ့သာနှင့် ဝိုင်ကိစ္စကြောင့် သူမစိတ်ထဲတွင် သံသယများဝင်လာ၏။ ထို့အပြင် ကျင်းယွင်ကျောင်းထွက်သွားသည်နှင့် ရှန်ရှီသည် ချက်ချင်းဖုန်းခေါ်ခဲ့လေသည်...ဤသည်မှာ ထူးဆန်းလွန်းလှသည်။

ဝိုင်ပုလင်းကိုကြည့်ပြီးနောက် ရှန်တုန်းသည် ခေတ္တမျှစဥ်းစားတွေးတောပြီး ဖုန်းကိုင်လိုက်သည်။

“အစ်မ၊ ဘာလို့ဖုန်းဆက်တာလဲ?”

“ဪ...မေးစရာရှိလို့...ဝိုင်ကဘယ်လိုလဲ? ကျင်းယွင်ကျောင်းကြိုက်ရဲ့လား?”

ဖုန်းတစ်ဖက်ခြမ်းတွင် ရှန်ရှီသည်လည်း အနည်းငယ်သံသယဖြစ်နေ၏။ အဘယ်ကြောင့် ရှန်တုန်းသည် သူမထင်သလို ပြာပြာသလဲဖြစ်မနေရသနည်း?

ရှန်တုန်းလက်သီးများကိုဆုပ်မိတော့သည်။

“သူတို့ကကျောင်းသူတွေလေ၊ အယ်လ်ကိုဟောပမာဏမများပေမယ့် အရက်သောက်ရတာမကြိုက်ကြဘူး...”

“ဟုတ်လား? ဒါဆိုရင်...နင့်ဆီလာပြီး ဝိုင်ကိုပြန်ယူလို့ရလား? ဒီဝိုင်အမျိုးအစားကနည်းနည်းလောက် ထပ်သိမ်းထားပြီးမှ အရသာရှိလာမှာဆိုတာကို ငါမေ့သွားလို့...”

ရှန်ရှီပြောလိုက်၏။ ထိုအခါ ရှန်တုန်း ပို၍ပင် မျက်နှာပျက်သွားတော့သည်။

“အစ်မ၊ ညီမဝိုင်ပုလင်းကို ဖောက်လိုက်ပြီးပြီ၊ သောက်တော့မသောက်ရသေးဘူး အနံ့တော်တော်ကောင်းတာပဲ၊ ဒီဝိုင်က အသားအရေလှစေတယ်လို့ အစ်မပြောလိုက်တယ်မလား? ဒါကြောင့် ဒီဝိုင်ကို ညီမသူငယ်ချင်းတစ်ယောက်ရဲ့ သုတေသနဌာနဆီ ယူသွားမလို့၊ ပါဝင်ပစ္စည်းတွေ ကြည့်ခိုင်းပြီး အလှအပရေးရာအတွက် အထောက်အကူဖြစ်စေတဲ့ဓာတ်တွေကို ခွဲထုတ်လို့ရမလားကြည့်မလို့လေ၊ ဖြစ်နိုင်ရင် နောက်ကျ ဒီဝိုင်ချက်နည်းပါ ရောင်းပါလား...”

ရှန်တုန်းပြောလိုက်သည်။

ဤသည်မှာ သူမတစ်ဘဝလုံးတွင် အစ်မဖြစ်သူကို ပထမဆုံးလိမ်လိုက်ခြင်းဖြစ်သည်။

“မဖြစ်ဘူး!”

ရှန်ရှီ၏အသံပြာယာခတ်သွား၏။

“တကယ်တော့ ဒီဝိုင်က ငါ့ယောက်ျားရဲ့ ကိုယ်ပိုင်ပစ္စည်းမှန်း ခုနကမှ သိလိုက်ရတာ၊ သူများကိုပေးလိုက်တယ်ဆိုတာသာ သူသိသွားရင် ငါ့ကိုဒေါသထွက်လိမ့်မယ်၊ အဲ့တော့ သူများဆီမပေးလိုက်နဲ့...ငါအခုချက်ချင်းပြန်လာယူမယ်”

ရှန်တုန်း၏နှလုံးသားကျိုးကြေသွားတော့သည်။

သူမစစ်ဆေးကြည့်စရာပင်မလိုတော့ချေ။ မည်သည့်ကိစ္စများဖြစ်ပွားနေသည်ကို သူမသိလိုက်ပေပြီ။

“ဟုတ်ပြီလေ၊ အစ်မလာယူလိုက်...ညီမ အရက်မသောက်ဖို့လုပ်ထားလို့သာပေါ့ မဟုတ်ရင် ဒီဝိုင်ကိုတကယ်မြည်းကြည့်ချင်မိမှာ...”

ရှန်တုန်းမှ ဝမ်းနည်းစွာပြောလိုက်သည်။

ရှန်ရှီသည် ဖုန်းတစ်ဖက်ခြမ်းတွင် ခြောက်ကပ်စွာရယ်လိုက်၏။

...

ရှန်တုန်းဆီမှထွက်လာပြီးနောက် သုံးဦးသားသည် လမ်းပတ်လျှောက်လိုက်သည်။ ကျင်းယွင်ကျောင်းသည် စစ်တပ်မှ ဆေးဝါးစက်ရုံတည်နေရာအား သတ်မှတ်လိုက်ကြောင်း မှတ်မိသွားသဖြင့် ၎င်းကိုသွားကြည့်တော့၏။

ဆေးဝါးစက်ရုံသည် ကြီးမားလှပြီး နေ့မနားညမနား ဆောက်လုပ်နေဆဲဖြစ်သည်။ သူမ၏ကိုယ်ပိုင်ဆေးဝါးစက်ရုံဆိုသော်ငြား ဆောက်လုပ်ရေးနှင့် လုပ်သားလက်ခအတွက် တစ်ပြားမှထုတ်စရာမလိုချေ။ ၎င်းမှာ အံ့သြစရာကောင်းလှသည်ဟု သူမခံစားမိလိုက်၏။

Space and Rebirth 851

စစ်တပ်၏အကူအညီဖြင့်ဆိုလျှင် ဆေးဝါးစက်ရုံဆောက်လုပ်ရေးပြီးဆုံးရန် အချိန်သိပ်ကြာမည်မဟုတ်ချေ။ လီရှောက်ယွင်မှ သူမအားမိတ်ဆက်ပေးလိုသော စက်ရုံမန်နေဂျာမှ မည်သည့်အချိန်တွင် အလုပ်စလုပ်မည်ကို သူမမသိပေ။ ဤတစ်ခေါက်တွင် သူမသည် အမှန်တကယ်ပင် ဘာမှလုပ်စရာမလိုသော သူဌေးဖြစ်၏။ ဘာကိုမှစိတ်ပူစရာမလိုဘဲ ဆေးညွှန်းပေးကာ ငွေဝင်မည့်အချိန်ကို စောင့်ဆိုင်းရုံသာရှိသည်။

ကျင်းယွင်ကျောင်းသည် ကားထဲတွင် ‌ဆေးဝါးစက်ရုံကို ဖြတ်သွားစဥ်၌ အချိန်အတော်ကြာ ငေးကြည့်နေသဖြင့် ရှောင်ဟိုင်ချင်းနှင့် စူးချူသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

ခဏအကြာတွင် ရှောင်ဟိုင်ချင်းအား ဖုန်းအဝင်တစ်ခုရောက်လာသည်။ သူမအား မနက်ဖြန်လူရွေးလာရောက်ပေးရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ သူမတို့ထွက်သွားသည်နှင့် ရှန်တုန်းသည် ဒါရိုက်အားချက်ချင်းပြောလိုက်ခြင်းဖြစ်မည်။ မဟုတ်လျှင် ဤမျှလောက်မမြန်နိုင်ပေ။

“ဟိုင်ချင်း၊ နင်နာမည်ကြီးလာရင် ငါ့ကိုလက်မှတ်တွေထိုးပေးရမယ်နော်၊ ငါ့အခန်းဖော်တွေကိုပေးပြီး သူတို့အားကျသွားအောင်လုပ်ရမယ်”

စူးချူမျက်လုံးထဲတွင် အသည်းပုံအရိပ်များပေါ်နေ၏။

“ငါ့ကိုအဲ့လောက်ထိသစ္စာမရှိတဲ့လူလို့ထင်နေတာလား? ငါနာမည်ကြီးသွားရင် ငါ့ကိုနေ့တိုင်းနှစ်နာရီငှားခွင့် နင်တို့ကိုပေးမယ်၊ နင်တို့စိတ်ရှိသလောက်လည်း လာလည်လို့ရတယ်”

ရှောင်ဟိုင်ချင်းသည် ခေါင်းကိုမော့ကာ သဘောထားကြီးသည့်ပုံပေါက်နေလေသည်။

စူးချူ ရယ်ချင်မိသွားသည်။ ရှောင်ဟိုင်ချင်းထပ်ပြောလိုက်၏။

“အနာဂတ်စူပါစတားကို အရင်ထိခွင့် နင်တို့ကိုပေးရမလား?”

နံဘေးရှိ နှစ်ဦးသား ရန်သတ်နေသည်ကိုကြည့်ပြီး ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။

ကျွဲနှစ်ကောင်ခွေ့လျှင် အလယ်မှပုရွက်ဆိတ်သာ မြေစာပင်ဖြစ်စရမြဲဖြစ်သည်။ သူမသည် သူတို့နှစ်ဦးအလယ်တွင်ရှိနေသောကြောင့် ရှောင်၍လည်းမရချေ။ သူမဆံပင်မှာ အနည်းငယ်ပွသွားသော်လည်း သူမဆက်သည်းမခံနိုင်တော့သဖြင့် ရန်ပွဲထဲဝင်ကာ နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဆော်လိုက်သည်။

“ပျင်းစရာကောင်းလိုက်တာ၊ ယွင်ကျောင်း နင်ကအားအရမ်းသန်လွန်းလို့ ငါနင့်ကိုဆွဲလို့တောင်မရဘူး...”

“ဟုတ်တယ် အစ်မ၊ အားနည်းတဲ့သူကို အနိုင်ကျင့်နေတာပဲ၊ ငါလို ဣန္ဒြေသိက္ခာနဲ့နေတဲ့မိန်းကလေးအပေါ် ကြမ်းလိုက်တာ...”

“နင်တို့ကိုဘယ်သူက အားနည်းခိုင်းလဲ?”

ကျင်းယွင်ကျောင်းသည် အပြုံးတစ်ခုဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။

...

ပျော်ရွှင်စရာနေ့ရက်အပြီး အိမ်ပြန်လာသောအခါ ကျင်းယွင်ကျောင်းသည် ရင်ထဲတွင် တစ်ခုခုလိုနေသလို ခံစားရ၏။ သို့ရာတွင် သူတို့တစ်ယောက်ချင်းစီတိုင်း ကျေနပ်အားရဖွယ်ဘဝဖြင့် အသက်ရှင်နေသည်ကို တွေ့မိလိုက်သဖြင့် သူမအနည်းငယ်ပီတိဖြာမိပေသည်။

ဒုတိယညတွင် ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းဆီမှ ဖုန်းခေါ်သံကို ကြားလိုက်ရသည်။ ထင်ထားသည့်အတိုင်းပင် သူမသည် “ရှင်းဟန်” ဇာတ်ကောင်အတွက် အ‌ရွေးခံရလေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းအား လူရွေးပွဲတွင်ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ပြောပြသောအခါ ရှောင်ဟိုင်ချင်းပုံစံသည် များစွာလေးနက်သွား၏။

ရှင်းဟန်၏ဇာတ်ကောင်မှာ ခေါင်းဆောင်မင်းသမီးလည်းမဟုတ်သလို ဒုတိယမင်းသမီးလည်းမဟုတ်သော်လည်း အရေးကြီးသောနေရာဖြစ်သည်။ သူမသည် လူဆိုးများ၏ အကြံပေးတစ်ဦးပင် မဟုတ်သလော။ ထို့အပြင် သူမသည် ဇာတ်လမ်းအစပိုင်း၌ ခေါင်းဆောင်မင်းသားကို တွေ့ခဲ့ဖူးကာ အလွန်စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံကို ရရှိခဲ့၏။ ထို့ကြောင့် B အဆင့်နှင့် C အဆင့် အနုပညာရှင်များသည် ထိုဇာတ်ကောင်အတွက် ပြိုင်ဆိုင်နေခဲ့ကြသည်။

ရှန်တုန်း၏မိတ်ဆက်ပေးမှုကြောင့်မဟုတ်ခဲ့လျှင် သူမသည် လူရွေးပွဲဝင်ခွင့်ပင်ရမည်မဟုတ်ချေ။ ထို့အပြင် ရှန်တုန်း၏မျက်နှာကြောင့် ဒါရိုက်တာသည် သူမအပေါ် ပို၍မျက်နှာပေးဆက်ဆံ၏။ သူမအား ခြုံငုံသုံးသပ်ချက်မှာ “သူ့မျက်နှာနဲ့ပုံစံက လိုက်တယ်၊ သူသရုပ်ဆောင်ပုံကတော့ နည်းနည်းလိုသေးတယ်ဆိုပေမယ့် မဆိုစလောက်လေး လေ့ကျင့်ပေးရင် လုံလောက်ပါပြီ” ဟူ၍ဖြစ်သည်။

အခြားသရုပ်ဆောင်များ၌ ရှာမတွေ့နိုင်သောစွမ်းအင်မျိုးကို သူမထံ၌ ရှာတွေ့ခဲ့လေသည်။ ထို့ကြောင့် ဒါရိုက်တာသည် ကျေနပ်အားရစွာဖြင့် သူမအား ရွေးချယ်လိုက်၏။

ကျင်းယွင်ကျောင်းသည် ၎င်းအားခေတ္တမျှတွေးပြီး ညဘက်တွင် စာမဖတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူမသည် အင်တာနက်ပေါ်တွင် စတင်လျှောက်ကြည့်တော့သည်။

“ဒါဘာလဲ? တရားဝင်ဖန်ကလပ်? ယွင်ကျောင်း....နင်ဖျားနေတာလား...?”

ဟော်ထျန်းရှန်းသည် လက်ကိုလှမ်းပြီး သူမနဖူးအား စမ်းကြည့်လိုက်သည်။ သူမသည် သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ဖြစ်နေ၏။

သူမထိုသို့ပြောလိုက်သောအခါ ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့လည်း ချက်ချင်းဆိုသလို အိပ်ရာမှထလိုက်ကာ ထိတ်လန့်အံ့အားသင့်စွာဖြင့် ကွန်ပြူတာဖန်သားပြင်ကို ကြည့်လိုက်သည်။

သူတို့၏စိတ်ထဲတွင် ကျင်းယွင်ကျောင်းမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သြဇာညောင်းသော စီအီးအိုတစ်ဦး၏လမ်းစဥ်ကို လျှောက်လှမ်းနေသူဖြစ်သည်။ ထိုသို့သောသူက ချက်ချင်းဆိုသလို နာမည်ကြီးအနုပညာရှင်များအား ရူးရူးမူးမူးအားပေးတတ်သူဖြစ်သွားသလော? မဟုတ်သေးပါပေ!

ကျင်းယွင်ကျောင်းသည် သူမလက်အား ဆွဲဖယ်လိုက်၏။ သူမစိတ်ကြည်လင်နေလေသည်။

“ဖန်ကလပ်နာမည်ကို ဘယ်လိုပေးရမလဲ? အနုပညာရှင်နာမည်က ‌ရှောင်ဟိုင်ချင်းတဲ့...ငါအချိန်အကြာကြီးစဥ်းစားပေမယ့် နာမည်ကောင်းကောင်းမထွက်လာဘူးဖြစ်နေတယ်...”

“ငါအိပ်မက်မက်နေတာဖြစ်မယ်...”

ဘေဘီယောင်နှုတ်ခမ်းများကိုသပ်လိုက်၏။

“ရှောင်ဟိုင်ချင်း? အဲဒါဘယ်သူလဲ? အဲ့လိုမင်းသမီးမျိုး တစ်ခါမှမကြားဖူးဘူး”

ဟော်ထျန်းရှန်းသည်လည်း ကြောင်အမ်းသွားသည်။ ကျင်းယွင်ကျောင်းပုံစံမှာ သရဲတစ္ဆေဝင်ပူးနေသလိုဖြစ်နေ၏။

“သူကလောလောဆယ်မှာ အနုပညာလောကထဲ ခြေလှမ်းမစရသေးပေမယ့် မကြာခင်မှာ ဝင်လာတော့မယ်”

ကျင်းယွင်ကျောင်းသည် မျက်လုံးများကိုမှေးကာ ပြုံးလိုက်၏။ ထို့နောက် သူမသည် အလွန်တရာနူးညံ့သောအကြည့်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ဘာနာမည်ပေးရမလဲ...”

Space and Rebirth 852

ကျင်းယွင်ကျောင်းသည် လက်ပေါ်မေးထောက်ပြီး လေးနက်သောမျက်နှာထားဖြင့် တွေးလိုက်သည်။ သူမရှေ့မှောက်တွင် အလွန်ကြော့ရှင်းသောလက်ရေးဖြင့် ရေးသားထားသည့် စက္ကူတစ်ရွက်ရှိနေသည်။ ဟော်ထျန်းရှန်းသည် ထိုစာရွက်အားယူကြည့်လိုက်သောအခါ ကျောရိုးတစ်လျှောက်စိမ့်သွားပြီး ပို၍ပင်အံ့အားသင့်သွားတော့သည်။ သူမသည် နှုတ်ခမ်းစွန်းများတွန့်ကာ တံတွေးကိုမြိုချလိုက်ပြီး ယန်ရှင်းယွဲ့အား ပြောလိုက်၏။

“ငါတို့...အပြင်သွားပြီး မကောင်းဆိုးဝါးနှင်ဖို့ နတ်ဆရာတစ်ယောက်သွားပင့်ကြမလား?”

ဤစာရွက်မှာ သူမတွေးထားသော ဖန်ကလပ်နာမည်များဖြင့် ပြည့်နှက်နေ၏။ ၎င်းနံဘေးတွင် အခြားအနုပညာရှင်များ၏ ဖန်နာမည်များကို စာရင်းလုပ်ထားသည်။ ကျင်းယွင်ကျောင်းသည် ဤအရာအား အထူးစုံစမ်းလေ့လာထားကြောင်း သိသာနေ၏...

စာရွက်ပေါ်ရှိနာမည်များမှာ အလွန်ပင်လူသုံးများသောနာမည်များဖြစ်သည်။

“ယွင်ကျောင်း? ဒီရှောင်ဟိုင်ချင်းဆိုတာ နင့်သူငယ်ချင်းလား?

ယန်ရှင်းယွဲ့သည် အချိန်ယူတွေးကြည့်ပြီးနောက် မေးလိုက်၏။ ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

ဟော်ထျန်းရှန်းနှင့် ယန်ရှင်းယွဲ့တို့ အချင်းချင်းကြည့်လိုက်ကြ၏။ ခဏအကြာတွင် ဟော်ထျန်းရှန်းမှ စမေးလိုက်သည်။

“နင်တို့နှစ်ယောက်သိတာဘယ်လောက်ကြာပြီလဲ?”

“သုံးနှစ်ကျော်ပြီ”

ကျင်းယွင်ကျောင်းအမှန်အတိုင်းဖြေလိုက်သည်။ သူတို့နှစ်ဦးသားသည် အထက်တန်းကျောင်း ပထမဆုံးစာသင်နှစ်က မရင်းနှီးခဲ့သော်လည်း အချင်းချင်းသိနေခဲ့ကြသေးသည်။

ဟော်ထျန်းရှန်း၏မျက်နှာတွင် အတွေးပေါက်သွားဟန်ရှိသည်။

“ဒါကြောင့်ကိုး၊ နင့်သူငယ်ချင်းက တော်တော်ကံကောင်းတာပဲ”

ဟော်ထျန်းရှန်းသည် ထိုသို့ပြောလိုက်ပြီး အနည်းငယ်အားကျမိသွား၏။ သူတို့မှာမူ ကျင်းယွင်ကျောင်းအားသိသည်မှာ မကြာသေးချေ။ ထို့ကြောင့် ရှောင်ဟိုင်ချင်းကဲ့သို့ သူမနှင့်ရင်းနှီးရန်မှာ မဖြစ်နိုင်သောအရာဖြစ်၏။ သူမသည် ဤကိစ္စအား တစ်ခါမှမတွေးဖူးသော်လည်း ကျင်းယွင်ကျောင်း၏ပုံစံကို မြင်လိုက်ရသောအခါ အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။

သူမတွင် သူငယ်ချင်းများစွာ ရှိခဲ့ဖူး၏။ သူမသည် ရောက်သည့်နေရာတိုင်းတွင် သူငယ်ချင်းများရှိသည်ဟု ပြောနိုင်သည်။

သူမသည် ငယ်စဥ်ကတည်းကပင် လူမျိုးစုံကြားတွင် ကြီးပြင်းခဲ့၏။ ထိုလူအုပ်ကြားထဲတွင် သူမသည် အဓိကဇာတ်ဆောင်တစ်ဦးကဲ့သို့ နေထိုင်ခဲ့သည်။ သူမအား မည်သူမှ အသံကျယ်ကျယ်ဖြင့် မအော်ဟစ်ခဲ့ဖူးသလို သူမအား မကျေမနပ်ဖြစ်သူများလည်းမရှိခဲ့ပေ။ သူမကမ္ဘာသည် ချောမွေ့ပြည့်စုံနေသည်ဟု ပြောနိုင်သည်။ သို့ရာတွင် သူမသည် တုံးအသောသူမဟုတ်ပါပေ။ သူမသည် ထိုသူငယ်ချင်းများနှင့် ပျော်ရွှင်စရာများကို ဝေမျှနိုင်သော်လည်း သူမ၏သောကများ၊ ဝမ်းနည်းမှုများကိုမူ မမျှဝေနိုင်ပေ။ သူတို့အား သူငယ်ချင်းများဟုခေါ်မည့်အစား နောက်လိုက်များဆိုလျှင် ပိုမှန်ပေမည်။ မိမိတို့အကျိုးအမြတ်များကိုတွေးရင်း သူမကိုကြည့်သူများသာဖြစ်သည်။

သူမအနီးအနားရှိလူများသည် မိမိတို့ယုံကြည်ရသူများ အသီးသီးရှိကြပြီး သူမအား မိမိတို့၏ရင်တွင်းဖြစ်စကားများကို ပြောသောသူ တစ်ယောက်မှမရှိပါချေ။

သူမသာ ပျော်ချင်လျှင် ဒါဇင်ချီသောလူများအား ဖုန်းတစ်ချက်ဆက်သည်နှင့် လူစုနိုင်ပေသည်။ သို့ရာတွင် သူမ၏အတွင်းရေးကိစ္စများကို ပြောပြချင်လျှင်မူ ခေါ်နိုင်သောလူအရေအတွက်မှာ သုညဖြစ်၏။

“ကျင်းကျင်း၊ ငါ့အထင် ယွင်ရှောင် (ကောက်ညင်းမုန့်လုံး) ဆိုတဲ့နာမည်က ပိုကောင်းတယ်ထင်တယ်၊ ချစ်စရာကောင်းပြီး အရသာရှိတယ်၊ ခေါ်လို့လည်းလွယ်တယ်”

ဘေဘီယောင်မှာ နာမည်ရွေးခြင်း၌ ပါဝင်နေလေပြီ။

“ဒါပေမယ့် ချင်းစစ် (ဆံနက်ရှည်) ဆိုတဲ့နာမည်က ပိုအဓိပ္ပာယ်ရှိတယ်လို့ ငါတော့ထင်တယ်”

ကျင်းယွင်ကျောင်းတုံ့ဆိုင်းသွားသည်။

“ဟုတ်သားပဲ...ဒါနင့်သူငယ်ချင်းလား? သူ့ကို‌ထျန်းရှန်းနဲ့တူမယ်လို့ထင်ထားတာ....”

ဘေဘီယောင်သည် ကျင်းယွင်ကျောင်းတင်ထားသောပုံကို လက်ညှိုးထိုးပြီး ဂရုတစိုက်ကြည့်လိုက်၏။

ဤဓာတ်ပုံကို မနက်စောစောစီးစီး လူရှင်းသောပန်းခြံတွင် ဟိုင်ချင်းနှင့် စူးချူအား သိုင်းပညာသင်စဥ်က သူမရိုက်ထားသောပုံဖြစ်သည်။ ဓာတ်ပုံထဲတွင် ရှောင်ဟိုင်ချင်းသည် သပ်ရပ်စွာဖြင့် အားကစားဝတ်အင်္ကျီကို ဝတ်ထားသော်လည်း သူမ၏လှပသောခန္ဓာကိုယ်အချိုးအစားကို အတိုင်းသားမြင်နေရသည်။ သူမသည် လန်းဆန်းတက်ကြွနေသည့်ဟန်ပေါက်လေသည်။ သူမအနောက်တွင်လည်း နေထွက်နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင်အနုပညာဆန်လှသည်။

ဟော်ထျန်းရှန်းသည်လည်း ထိုဓာတ်ပုံကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။

“ရုပ်လေးကမဆိုးဘူးပဲ”

သူမသည် ခေါင်းမငြိမ့်ချင်ငြိမ့်ချင်ဖြင့် ငြိမ့်ကာ ချီးကျူးလိုက်သည်။

သူမအသားအရေမှာ ကြည်လင်ဝင်းပပြီး သူမမျက်လုံးများမှာ အလွန်တောက်ပ၏။ ထို့အပြင် သူမနှာခေါင်းမှာလည်း မြင့်မားသဖြင့် အလွန်ကျက်သရေရှိကာ ကြော့ရှင်းသည့်ပုံပေါက်လေသည်။ သူမသည် တစ်ပြိုင်နက်တည်းတွင် နူးညံ့နိုင်သလို ကြမ်းကြုတ်နိုင်၏။ ဓာတ်ပုံထဲတွင် သူမသည် ဆံပင်တိုနှင့်ဖြစ်သောကြောင့် ရဲစွမ်းသတ္တိရှိသည့်ဟန် အနည်းငယ်ပေါက်နေလေသည်။ သို့ရာတွင် သူမသည် မက်မွန်းပန်းအရောင် မျက်လုံးတစ်စုံကို ပိုင်ဆိုင်သဖြင့် သူမတွင်သာ ဆံပင်ရှည်ရှိလျှင် အလွန်မိန်းကလေးဆန်ပြီး နုအက်နေမည်မှာ သေချာပေ၏။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ သဘောတူလိုက်သည်။ ဟော်ထျန်းရှန်းဆက်ပြောလိုက်၏။

“ငါကတော့ ချင်းစစ်ကိုပိုကောင်းတယ်လို့ထင်တယ်၊ ချင်းစစ်ဆိုတာ အရမ်းရှုပ်ထွေးပြီး အဓိပ္ပာယ်ကောင်းကောင်းရှိတယ်၊ အနာဂတ်မှာ ပရိသတ်တွေအများကြီးရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ၊ ပြီးတော့ ချင်းစစ်ကို ဖြတ်ပစ်ဖို့လည်း အရမ်းခက်တယ်၊ ဒါကြောင့်မို့ အနာဂတ်မှာ သူ့ဖန်တွေနဲ့ သူနဲ့ကြားကဆက်ဆံရေးက ဖြတ်တောက်ရခက်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ”

“နင်လည်းကောင်းတယ်လို့ထင်တာလား? ဒါဆိုအဲဒါပဲရွေးလိုက်ကြတာပေါ့!”

ကျင်းယွင်ကျောင်းမျက်လုံးများဝင်းလက်သွားသည်။ လက်ရှိတွင် သူမသည် သူမတစ်ဦးတည်းသာရှိသော ဖန်ကလပ်ကို ဖန်တီးလိုက်လေ၏။

All Chapters