အခန်း (၈၅၃-၈၅၆)
Vol. 43 Ch. 853-856
Space and Rebirth 853
ကျင်းယွင်ကျောင်းစိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ သုံးဦးသားသည်လည်း ရှောင်ဟိုင်ချင်းလက်ခံလိုက်သော ဇာတ်လမ်းကို သိချင်သွား၏။ အနုပညာနယ်ပယ်ဟူသည်မှာ လူများအလွယ်တကူရှင်သန်နိုင်သောနေရာ မဟုတ်သောကြောင့်ဖြစ်သည်။ ရှောင်ဟိုင်ချင်းမှာ ကြည့်ကောင်းသော်လည်း အနုပညာနယ်ပယ်ထဲတွင် မိန်းမလှများ ရိုက်သတ်၍မကုန်ချေ။
သို့ရာတွင် ကျင်းယွင်ကျောင်းမျက်နှာပေါ်၌ လျှို့ဝှက်သောအပြုံးတစ်ခုရှိနေသည်။ ရိုက်ကူးရေးတရားဝင်စတင်ပြီးမှသာ သူမသည် အခြားသူများအားပြောပြမည်ဟု ပြောလိုက်သည်။ သူမ၏ကလေးဆန်လှသောအသွင်အပြင်ကို တွေ့လိုက်ရသဖြင့် ဟော်ထျန်းရှန်းစိတ်ကုန်ဟန်ဖြင့် ကြည့်လိုက်သည်။
နောက်ဆုံးတွင် ကမ္ဘာပေါ်၌ လူနှစ်ဦးသာ ကျင်းယွင်ကျောင်းအားပြောင်းလဲစေနိုင်ကြောင်း သူမသိသွားလေပြီ။ ပထမတစ်ဦးမှာ ရန်စ၍မရနိုင်သောပုံပေါက်သည့် သူမ၏ရည်းစားဖြစ်ပြီး ဒုတိယတစ်ဦးမှာ သူမ၏အချစ်ဆုံးသူငယ်ချင်း ရှောင်ဟိုင်ချင်းဖြစ်၏။
စိတ်မကောင်းစွာဖြင့် သူမ ဟော်ထျန်းရှန်းမှာ ထိုနှစ်ဦးထဲမှတစ်ဦးမဟုတ်ခဲ့ချေ။
သူမသည် ဟော်မိသားစု၏သမီးဖြစ်ပြီး ဤအရာမျိုးအား လုံးဝဂရုမစိုက်သော်လည်း အဘယ်ကြောင့် အလွန်ပင်မနာလိုဖြစ်မိရသနည်း?
ဖန်ကလပ်ထောင်လိုက်ပြီဖြစ်သဖြင့် တစ်ဦးတည်းသောဖန်ဖြစ်သော ကျင်းယွင်ကျောင်းသည် ပုံမှန်လုပ်ရမည့်အလုပ်တစ်ခု တိုးသွားတော့သည်။ ၎င်းမှာ ရှောင်ဟိုင်ချင်း၏ နေ့စဥ်ဘဝမှ ဓာတ်ပုံများကိုတင်ရန်ဖြစ်၏။
ရှောင်ဟိုင်ချင်းသည် အစက ကျင်းယွင်ကျောင်း၏လုပ်ရပ်များကို အဓိပ္ပာယ်ဖော်မရချေ။ သို့ရာတွင် သူမသည် ကျင်းယွင်ကျောင်းကို ငြင်းဆန်၍လည်းမရသဖြင့် ကျင်းယွင်ကျောင်းတောင်းသောအခါ တစ်နေ့တည်းဖြင့် ဆယ်လ်ဖီပေါင်းတစ်ရာခန့်ကို အရူးတစ်ယောက်ကဲ့သို့ ရိုက်ပြီး ချီးကျူးခံချင်သောပုံစံလေးဖြင့် ကျင်းယွင်ကျောင်းထံပို့လိုက်တော့၏။
ဖန်ကလပ်နာမည်မှာ ချင်းစစ်ဖြစ်သည်။ ကျင်းယွင်ကျောင်းသည်လည်း သူမကိုယ်သူမ “ယွင်ရှောင်” ဟု နာမည်ပြောင်တစ်ခုပေးထားသည်။ ရှောင်ဟိုင်ချင်းဓာတ်ပုံများအပြင် သူမသည် ရံဖန်ရံခါဆိုသလို အလှအပရေးရာအကြံပြုချက်များ၊ ဝိုင်အမျိုးအစားများ၊ ပန်းများစသည်ဖြင့် ဖြတ်သွားဖြတ်လာများကို ဆွဲဆောင်စေနိုင်သောပို့စ်အချို့ကို တင်တတ်သေးသည်။ လူများသည် ရှောင်ဟိုင်ချင်းမည်သည့်နေရာမှလာသည်ကို မသိသော်လည်း ဓာတ်ပုံများမှာလှပပြီး သူမ၏နေ့စဥ်ဘဝအား ကြည့်ရသည်မှာ ကြည်နူးဖွယ်ကောင်းလှသည့်အပြင် အလှအပရေးရာအကြံပြုချက်များမှာလည်း အကျိုးရှိသဖြင့် ဖန်ကလပ်ထဲဝင်လာကြသည်။ ဤသို့ဖြင့် နေ့စဥ်နေ့တိုင်း လာရောက်အားပေးကြသော အမာခံပရိသတ်အချို့ကို ရရှိသွားလေသည်။
ဖန်ကလပ်အား စီမံခန့်ခွဲရင်းဖြင့် အလုပ်ရှုပ်နေသော်လည်း ကျင်းယွင်ကျောင်းသည် ရှန်ရှီကို မမေ့ပါပေ။ သူမယခင်က အသုံးပြုခဲ့သော အလွတ်တမ်းစုံထောက်များအားလုံးကို ရှန်ရှီအားစုံစမ်းရန် လွှတ်ထား၏။
...
ငှားရမ်းထားသောအခန်းတစ်ခန်းတွင် လူရှစ်ယောက်-ကိုးယောက်ခန့်ရှိနေသည်။ အချို့မှာ ကွန်ပြူတာကို စိုက်ကြည့်နေကြပြီး အချို့မှာ မိမိတို့စက်ပစ္စည်းများမှအသံကို နားထောင်နေကြသည်။ သူတို့အားလုံးသည် မိမိတို့အလုပ်ကို အာရုံစိုက်နေကြ၏။ ကျင်းယွင်ကျောင်းဝင်လာသောအခါ သူတို့အားလုံးသည် ချက်ချင်းဆိုသလို ပုံစံပြောင်းသွားပြီး သူမအား နှုတ်ဆက်လိုက်သည်။
“ဘယ်လိုလဲ?”
ကျင်းယွင်ကျောင်းသည် လိုရင်းကိုတန်းမေးလိုက်၏။
“ချန်းဇီနှင့် ပိုင်ကိုးက သူ့အနောက်လိုက်တာ နှစ်ပတ်လောက်ရှိပြီဆိုပေမယ့် ဒီမဒမ်ရှုက ထူးထူးဆန်းဆန်းတော့ ဘာမှမလုပ်သေးပါဘူး၊ တစ်ခါတစ်လေ တစ်နေ့လုံးအပြင်မထွက်တဲ့နေ့တွေလည်းရှိတယ်၊ သူအပြင်ထွက်ရင်လည်း ရတနာဆိုင်တွေ၊ နာမည်ကြီးဇိမ်ခံပစ္စည်းဆိုင်တွေပဲ သွားတတ်တယ်၊ သူ့အသိုင်းအဝိုင်းကအရမ်းရိုးရှင်းပြီးတော့ သူဌေးကတော်ဖြစ်တဲ့အလျောက် မကြာခဏဆိုသလို ပွဲသွားပွဲလာရှိတတ်တယ် ဓာတ်ပုံတွေအားလုံး ဒီအတိုင်းပါပဲ...”
သူသည် စကားပြောရင်းဖြင့် ဓာတ်ပုံအုပ်တစ်ခုကို ကမ်းပေးလိုက်သည်။
ဓာတ်ပုံထဲတွင် ရှန်ရှီ၏ပုံရိပ်များကို မြင်ရသည်။ သူမသည် အသက်ကြီးပြီဖြစ်သော်လည်း အလွန်လှပနုပျိုဆဲဖြစ်ပြီး ရှန်တုန်းနှင့် အနည်းငယ်ဆင်ပေ၏။ ဓာတ်ပုံတိုင်းသည် အလွန်တရာပင် လှပကြော့ရှင်းနေသည်။ ဓာတ်ပုံအားလုံးနီးပါးတွင် သူမသည် တူညီသောမျက်နှာထားရှိပြီး နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားကာ အလွန်ဂုဏ်သိက္ခာရှိသည့် အမျိုးသမီးတစ်ဦးနှင့် တူနေလေသည်။
“အာစရိ၊ သူ့နောက်ဆက်လိုက်ရဦးမှာလား?”
သူမနံဘေးရှိလူမှ မေးလိုက်သည်။
ဤလူများထဲတွင် အချို့မှာ ဟွားကျဲ့မှ ပို့လွှတ်လိုက်သောလူများဖြစ်သည်။ သူတို့သည် အနာဂတ်တွင် သူမအနောက်လိုက်ပြီး အချို့သောအသေးအဖွဲကိစ္စများကို သူမအတွက် ဖြေရှင်းပေးချေမည်။ ဟွားကျဲ့ပြောသော အသေးအဖွဲကိစ္စများမှာမူ အများစုအနေဖြင့် ခြိမ်းခြောက်မှုများဖြစ်၏။ ဤလူများထဲတွင် အချို့မှာ နောက်ယောင်ခံလိုက်ကျွမ်းပြီး အချို့မှာ ကားမောင်းတော်ကာ အချို့မှာ လိမ္မာပါးနပ်သည်။ အများစုမှာ ကျွမ်းကျင်မှုတစ်ခုမဟုတ်တစ်ခုရှိသူများဖြစ်ပေသည်။ A တက္ကသိုလ်မှ သူမခေါ်ယူထားသော ကွန်ပြူတာပညာရှင်နှစ်ဦးပင်ရှိသေးသည်။ သူတို့နှစ်ဦးမှာ ညီအစ်ကိုများဖြစ်၏။ တစ်ဦးမှာ စုန်းဝမ်ဟုခေါ်ပြီး တစ်ဦးမှာ စုန်းဝူဖြစ်၏။ သူတို့မိသားစုနောက်ခံမှာ သိပ်မကောင်းချေ။ အလွန်ဆင်းရဲလှသူများဖြစ်သည်။
“စုန်းဝမ်၊ သူနဲ့ပတ်သတ်လို့ အချက်အလက်ဘယ်လောက်ရပြီလဲ?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်၏။
“အားလုံးနီးပါးတော့ရပြီ၊ ဒါပေမယ့် အာစရိ၊ သူက သွားရန်စလို့ရတဲ့လူမဟုတ်ဘူးထင်တယ်...”
စုန်းဝမ်သည် အနည်းငယ်တုံ့ဆိုင်းနေ၏။ ကျင်းယွင်ကျောင်း၏မပြောင်းလဲသောမျက်နှာထားကို မြင်လိုက်ရသောအခါ သူဆက်ပြောလိုက်သည်။
“ရှန်ရှီက ဒီနှစ်မှာ ၄၆ နှစ်ပြည့်ပြီ၊ သူကလေးအရွယ်ကတည်းက သူ့မိသားစုက အရမ်းမပြည့်စုံဘူး၊ အထက်တန်းကျောင်းပြီးတဲ့အချိန် သာမန်စက်ရုံတစ်ခုမှာ နှစ်နည်းနည်းကြာအောင် အလုပ်လုပ်ခဲ့တယ်၊ ပြီးတော့ သူ့ညီမရှန်တုန်းက နာမည်ကြီးသွားတယ်၊ အဲ့အချိန်မှာ သူလည်း အလုပ်ထွက်ပြီး ရှန်တုန်းရဲ့ လက်ထောက်တစ်ယောက်ဖြစ်လာခဲ့တယ်...”
Space and Rebirth 854
“ဒါပေမယ့် ရှန်တုန်းအလုပ်လုပ်ခဲ့တဲ့ အေဂျင်စီကအချက်အလက်တွေကို hack ကြည့်လိုက်တော့ သူ့လက်ထောက်က တခြားလူတစ်ယောက်ဖြစ်နေတယ်၊ အဲ့လူကလည်း အခုအရမ်းနာမည်ကြီးနေတာ၊ ကြည့်ရတာ ရှန်ရှီကလစာပဲယူပြီး ဘာအလုပ်မှမလုပ်ခဲ့တဲ့ပုံပဲ....ရှန်တုန်းနာမည်ကြီးတဲ့နှစ်တွေတစ်လျှောက် ရှန်ရှီလည်း ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တယ် ဒါပေမယ့် တစ်နေ့ကျတော့ ရုတ်တရတ်ကြီး ရှုယွမ်ထက်နဲ့ အိမ်ထောင်ပြုသွားတယ်၊ ဒီရှုယွမ်ထက်က အတော်အာဏာရှိတဲ့လူပဲ သူက ရှုမိသားစုရဲ့ အလားအလာကောင်းတဲ့ “အိမ်ရှေ့စံ” ဖြစ်ပြီးတော့ နိုင်ငံရေးပိုင်းမှာလည်း ရာထူးမြင့်တယ်၊ ဒီနှစ်ယောက်ကြားမှာ အမှန်တော့ ဘာဆက်သွယ်မှုမှ မရှိခဲ့သင့်ဘူး...”
“အဲဒါကအဓိကအချက်မဟုတ်သေးဘူး၊ အဓိကအချက်က ဆေးရုံမှတ်တမ်းတွေအရဆိုရင် ရှန်ရှီက လက်ထပ်ပြီး ခုနစ်လအကြာမှာ ကလေးမွေးခဲ့တယ်၊ လမစေ့ဘဲမွေးတဲ့ကိုယ်ဝန်လည်းမဟုတ်ဘူးဆိုတော့ ဗိုက်ကြီးပြီး လက်ထပ်ပွဲလုပ်ခဲ့တာထင်တယ်...”
“ဒါနဲ့ သူ့ကိုရန်မစသင့်ဘူးလို့ပြောတဲ့အကြောင်းရင်းက ရှန်ရှီရဲ့ယောက်ျား ရှုယွမ်ထက်က အခုချိန်မှာ ဒီမြို့ရဲ့ မြို့တော်ဝန်ဖြစ်နေလို့ပဲ...”
စုန်းဝမ်သည်လည်း အလွန်အံ့အားသင့်နေသည်။ ကျင်းယွင်ကျောင်းသည် အဘယ်ကြောင့် ဤအမျိုးသမီးအား စုံစမ်းခိုင်းရသနည်း? ဤစုံစမ်းရေးအတွက် သူတို့သည် ရဲစခန်း၏ဝက်ဆိုဒ်ကိုပါ hack ခဲ့ရ၏။ ကံကောင်းစွာဖြင့် သူတို့ညီအစ်ကိုနှစ်ဦးသည် အလွန်အရည်အချင်းရှိလှသဖြင့် ကိုယ်လွတ်ရုန်းနိုင်ခဲ့ပြီး ခြေရာပင်မကျန်ခဲ့ချေ။
ကျင်းယွင်ကျောင်းသည်လည်း အံ့အားသင့်သွားသည်။ ရှုယွမ်ထက်မှာ အဘိုးရှု၏သားအကြီးမှန်း သိသော်လည်း ဤမျှလောက်အောင်မြင်နေသောသူဟု မထင်ခဲ့ချေ။
“တခြားဘာရှာတွေ့ခဲ့သေးလဲ? မကောင်းတာတွေရော?”
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။
“အင်း”
မျက်နှာချင်းဆိုင်ရှိ စုန်းဝူမှ ပြောလိုက်၏။
“မဒမ်ရှုဖုန်းကနေ ခေါ်ထားတဲ့ ဖုန်းနံပါတ်တစ်ခုကိုတွေ့ခဲ့တယ်၊ အဲ့ဖုန်းနံပါတ်ပိုင်ရှင်က ရှန်ရှီရဲ့ဖုန်းကိုကိုင်ပြီးတိုင်း တခြားလူတွေကို ဖုန်းထပ်ဆက်တတ်တယ်၊ သူဖုန်းထပ်ဆက်တဲ့လူတွေက အများစုအားဖြင့် ပြစ်မှုမှတ်တမ်းရှိတဲ့လူတွေဖြစ်ပြီးတော့ အဲ့လူတွေထဲကတစ်ယောက်က လက်ရှိမှာ စိတ်ရောဂါဆေးရုံမှာရှိနေတဲ့အပြင် ဆေးသုံးဖူးတဲ့မှတ်တမ်းလည်းရှိတယ်”
ကျင်းယွင်ကျောင်းခေတ္တမျှ တောင့်တင်းသွားသည်။
စိတ်ကျန်းမာရေးဆေးရုံ?
“အဲ့လူတွေရဲ့ဓာတ်ပုံတွေရော ရှိလား?”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို တစ်ခုခုကိုတွေးမိသွားပြီး အလျင်အမြန်မေးလိုက်၏။ စုန်းဝူခေါင်းငြိမ့်ပြလိုက်သည်။
လူပေါင်း ငါးယောက်-ခြောက်ယောက်ခန့်ရှိသော်လည်း ကျင်းယွင်ကျောင်းသည် စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်နေသောလူ၏ပုံကိုသာ ကွက်ကွက်ကွင်းကွင်းမြင်နေသည်။ ဤလူမှာ ထိုနေ့က အလှပြင်ဆိုင်တွင် ရှန်တုန်းအား တိုက်ခိုက်ခဲ့သောလူဖြစ်သည်...
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းစွန်းများကိုကွေးပြီး အေးတိအေးစက်ဖြင့် ခနဲ့သံပြုလိုက်သည်။ ရှန်ရှီမှာ အမှန်တကယ်ပင် အပြစ်ကင်းစင်သည်ဟုပင် သူမခေတ္တမျှတွေးမိသွားသော်လည်း သူမအတွေးမှားသွားချေပြီ။
ကျင်းယွင်ကျောင်းသည် ထိုစာရွက်စာတမ်းများကို စူးစိုက်ကြည့်ပြီး ရှုယွမ်ထက်၏ဓာတ်ပုံများကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် ခဏမျှအကြာတွေးပြီး ပြောလိုက်တော့သည်။
“ရှုယွင်ထက်သွားနေကျနေရာတွေကို ရှာပေးနိုင်လား?”
ရှန်ရှီနှင့် ရှုယွင်ထက်ကြားမှဆက်ဆံရေးအား ထည့်သွင်းစဥ်းစားလိုက်လျှင် သူမသည် ရှုယွင်ထက်ကို တွေ့မှဖြစ်ပေမည်။
“အင်း ဒါပေမယ့် လူအင်အားတော့မရှိဘူး၊ မဒမ်ရှုရဲ့လူတွေနောက်ကို လိုက်ကြည့်ရမလား?”
စုန်းဝူမှပြောလိုက်၏။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
မဒမ်ရှုသည် နောက်ကြောင်းမရှင်းကြောင်း သိလိုက်ရုံဖြင့် သူမသည် အခြားအရာများကို သိပ်ဂရုစိုက်စရာမလိုတော့ချေ။
ရှန်ရှီသည် သူမ၏ညီမကိုပင် တစ်ခုခုလုပ်နိုင်ပါက သူမနှင့်ရှုရှန်းလန်ကြားမှ ခင်မင်မှုမှာလည်း သူမ၏လှည့်ကွက်တစ်ခုဖြစ်ပေလိမ့်မည်။ ဤသို့ဆိုလျှင် ကျင်းယွင်ကျောင်းကိုလည်း သူမတစ်ခုခုကြံစည်နိုင်ချေရှိပေသည်။ ကျင်းယွင်ကျောင်းမှာ ရှုရှန်းလန်နှင့် ရုပ်ဆင်ပြီး အကြီးအကဲရှုနှင့်ပါ အတူရှိခဲ့သည်မဟုတ်လော။ သူမအား ရှုရှန်းလန်၏သမီးဟု ရှန်ရှီထင်လိုက်လျှင် ဤအရာအား သေချာပေါက်သည်းခံနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ကျင်းယွင်ကျောင်းမှာ အနည်းငယ်လည်း မလုံမလဲဖြစ်မိ၏။
ရှန်ရှီမှာ အဘိုးရှု၏ ချွေးမဖြစ်သောကြောင့် သူမသည် အဘိုးရှုအတွက် အခြေအနေများ ခက်ခဲရှုပ်ထွေးအောင် မလုပ်လိုပေ။ ကျင်းယွင်ကျောင်းသည် လူအချို့အတွက် အလုပ်တာဝန်များခွဲဝေပေးပြီး အဘိုးရှု၏အိမ်သို့ သွားလိုက်သည်။
ခါတိုင်းလိုပင် အဘိုးရှု၏မျက်နှာသည် မကြည်မလင်ဖြစ်နေ၏။ သို့ရာတွင် သူမအတွက် တွေးပေးဆဲဖြစ်သည်။ ဤအိမ်သည် နွေးထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် သူမအခန်းတွင်ဖြစ်၏။ သူမသည် ထိုအခန်းတွင် မနေဖြစ်သော်လည်း အခန်းထဲတွင် ဖုန်တစ်စက်မှပင်မရှိချေ။
အဘိုးရှုမှ သူမအား ဤမျှလောက်ဂရုစိုက်ပေးသည်ကို မြင်လိုက်သောအခါ သူမသည် ပို၍ပင်မလုံမလဲဖြစ်သွားသည်။ အဘိုးရှုသည် သူမအပေါ်ကောင်းသော်လည်း ရှန်ရှီမှာ သူ့ချွေးမအရင်းဖြစ်၏။
သူမသည် ရှုရှန်းလန်နှင့်တူသော သူမမျက်နှာကို အကြောင်းပြု၍ အဘိုးရှုထံမှ ပညာများစွာကို သင်ယူခဲ့ရသည်။ ထို့ကြောင့် အဘိုးရှုအား စိတ်ဆင်းရဲစေမည့်အရာများကို သူမမပြောချင်ပေ။
Space and Rebirth 855
ကျင်းယွင်ကျောင်းသည် အတွေးများနေဟန်ရသည်။ ထို့ကြောင့် အဘိုးရှုသည် သူမအား အူကြောင်ကြောင်ကောင်မလေးဟုခေါ်ကာ ခေါင်းကိုတစ်ချက်ခေါက်လိုက်သည်။ သူမပြောရန် တုံ့ဆိုင်းနေစဥ်တွင် နောက်လူတစ်ဦးက အိမ်ကြီးထဲသို့ ရောက်ရှိလာသည်။
လီရှောက်ယွင်သည် လက်ဆောင်ဘူးတစ်ဘူးနှင့် ဝင်လာ၏။ ထိုဘူးထဲတွင် သူတစ်နေရာရာမှ ယူလာသော ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေသည်။ အဘိုးရှုသည် ဝင်းလက်တောက်ပသောမျက်လုံးများဖြင့် ၎င်းအား ပျော်ရွှင်ကျေနပ်စွာ ယူလိုက်တော့သည်။
“ဒီဆေးဖက်ဝင်အပင်တွေက စျေးမပေါဘူးနော်”
ကျင်းယွင်ကျောင်းသတိပေးလိုက်၏။ အဘိုးရှုသည် ထိုလက်ဆောင်အားလက်ခံရာ၌ အလွန်ဣန္ဒြေမရခဲ့သောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။
“ကောင်မစုတ်လေး၊ မင်းကသူ့အပိုင်ဖြစ်နေပြီပဲ သူ့ဆီက လက်ဆောင်နည်းနည်းယူတော့ ဘာဖြစ်လဲ?”
အဘိုးရှုသည် မျက်စောင်းထိုးကြည့်ကာ ကျင်းယွင်ကျောင်းမှ ပြန်ပေးခိုင်းမည်စိုးသဖြင့် လက်ဆောင်ပစ္စည်းများအား သိမ်းဆည်းရန် ရှုရှင်းယွမ်အား ပြောလိုက်သည်။
“ဟုတ်တယ် အခုမင်းကငါ့အပိုင်ဖြစ်သွားပြီ”
လီရှောက်ယွင်သည် မျက်ခုံးများကိုပင့်ကာ အဓိပ္ပာယ်မဖော်နိုင်သောအကြည့်များဖြင့် သူမကိုကြည့်လိုက်သည်။
“ရှင်ဒီနေ့လေ့ကျင့်ရေးဆင်းစရာမလိုဘူးလား?”
ကျင်းယွင်ကျောင်းသည် အဘိုးရှုအား ဝေ့ကြည့်ကာ လီရှောက်ယွင်ကိုမေးလိုက်သည်။
လီရှောက်ယွင်သည် သူမဘေးတွင်ထိုင်ချပြီး ဆိုဖာခုံအနောက်သို့ လက်ကိုပစ်ကာ သူမဆံပင်များကိုပွတ်သပ်လိုက်၏။ သူသည် ကျင်းယွင်ကျောင်းအား မထိတထိသာကိုင်လိုက်သော်လည်း သူ၏အပြုအမူများသည် အလွန်ပွတ်ကာသီကာနိုင်လှသည်။
“မင်းကိုလွမ်းလို့”
ကျင်းယွင်ကျောင်းမျက်နှာသည် ချက်ချင်းဆိုသလို နီမြန်းသွားတော့၏။
“အဘိုးရှု ရှိသေးတယ်...”
“အဘိုးရှုက ဒီကိစ္စတွေကို အတွေ့အကြုံရှိပြီးသားပဲ”
လီရှောက်ယွင်မှ အလွန်ပွင့်လင်းစွာ ပြောလိုက်သည်။
အဘိုးရှုသည် လီရှောက်ယွင်အား မျက်စောင်းခဲကာ ရေရွတ်လိုက်၏။
“ဒီကောင်မစုတ်လေးက ငယ်သေးတယ်၊ မင်းသည်းခံနိုင်ရင်တော့ခံပေါ့၊ မခံနိုင်ရင် တခြားတစ်ယောက်သာရှာလိုက်တော့”
လီရှောက်ယွင်သာ အဖိုးတန်ဆေးများကို မပေးခဲ့လျှင် အဘိုးရှု၏လေသံသည်လည်း ဤသို့ဖြစ်မည်မဟုတ်ချေ။
သို့ရာတွင် အဘိုးရှု၏စကားများကို ကြားပြီးနောက် ကျင်းယွင်ကျောင်းပြုံးလိုက်သည်။ လီရှောက်ယွင်သည်လည်း အားနည်းဟန်မပြချေ။
“အကြီးအကဲရှု၊ ကျွန်တော်သိသမျှ ကောင်လေးတွေထဲမှာ ကျွန်တော့်လက်ထဲကလူကို လုနိုင်တဲ့အရည်အချင်း ဘယ်သူမှမရှိကြဘူး၊ ပြီးတော့ အားကျောင်းကလည်း သူတို့ကိုမကြိုက်ဘူး၊ ဒီဘဝမှာတော့ ဝယ်ပြီးပစ္စည်းပြန်လဲလို့မရတော့ဘူးဗျို့”
အဘိုးရှု၏နှုတ်ခမ်းမွေးများ တွန့်သွားတော့၏။ သူအဘယ်သို့မသိဘဲနေမည်နည်း?
လီရှောက်ယွင်သည် သူနှင့်သက်တူရွယ်တူယောက်ျားများကြားထဲတွင် အတော်ဆုံးဖြစ်သည်။ သူသည် အရည်အချင်းရှိပြီး တည်ကြည်သောစရိုက်ရှိ၏။ ထူးချွန်သောယောက်ျားလေးများ များစွာရှိသည်မှန်သော်လည်း သူတို့သာ လီရှောက်ယွင်အား ရန်စမိလျှင် ထိုကလေးများသည် မျက်စိတစ်မှိတ်အတွင်း ပြာကျသွားနိုင်သည်။
သူ၏အဘိုး၏အရှိန်အဝါကိုထည့်မတွက်ဘဲ လီရှောက်ယွင်တစ်ဦးတည်းကိုသာ ပြောလျှင်ပင် သူ၏အောင်မြင်မှုများသည် မသေးချေ။ အပြင်လူများမှာ မသိလောက်သော်လည်း အဘိုးရှုမှာမူ သူ၏လက်အောက်တွင် လက်ရွေးစင်တပ်ဖွဲ့တစ်ဖွဲ့ရှိသည်ကို ကောင်းကောင်းသိထား၏။ ထိုလက်ရွေးစင်တပ်သား တစ်ယောက်ချင်းစီတိုင်းတွင် ကြောက်မက်ဖွယ်အရည်အချင်းများ၊ အတွေ့အကြုံများရှိပြီး သူတို့အားလုံးသည် လီရှောက်ယွင်၏စကားကို တစ်သွေမတိမ်းနားထောင်ကြသည်။
အသက်အရွယ်နှင့် ဝါကြောင့်သာမဟုတ်ခဲ့လျှင် လီရှောက်ယွင်သည် သူ့အား ယဥ်ကျေးစွာဆက်ဆံမည် မဟုတ်ပေ။
ပြောရလျှင် သူသည် ဤကလေးအား ယခင်ကမြင်ခဲ့ဖူး၏။ သူ၏မျက်လုံးများမှာ မိုးထိုးသောမာနများဖြင့် ပြည့်နှက်နေပြီး သူ၏စရိုက်မှာ အေးစက်ပြီး မော်ကြွားသည်။ သူ၏ပုံစံမှာ ကျားတစ်ကောင်မှ ပြုံးနေသည်နှင့်တူပေသည်။ ယခုမူ ဤကလေးသည် သူ၏အရှေ့တွင် အလွန်လိမ္မာရိုကျိုးနေလေ၏။ ဤအရာများအားလုံးမှာ ကျင်းယွင်ကျောင်းမျက်နှာကြောင့်ဖြစ်သည်။
“ဒီကောင်မစုတ်လေးကို ရောင်းကုန်လိုမျိုးဆက်ဆံနေတာလား? လီမျိုးရိုးက ကောင်စုတ်လေးကတော့ ငါ့ကိုအရမ်းအထင်သေးလွန်းနေပြီ”
သို့ရာတွင် အဘိုးရှုမှာ အရည်အချင်းများ၊ မိသားစုနောက်ခံများကို မြူတစ်မှုန်မှ ဂရုမစိုက်သောသူဖြစ်၏။
လီရှောက်ယွင်သည် မျက်လုံးများကိုမှေးလိုက်ပြီး ရယ်သွေးသွမ်းလိုက်သည်။
“အကြီးအကဲရှု၊ ဘယ်လိုပဲကြည့်ကြည့် သူကကျွန်တော့်အပိုင်ပဲမဟုတ်ဘူးလား? ပြီးတော့ ခုနကကျွန်တော့်စကားမဆုံးသေးဘူး၊ ကျွန်တော်သိတဲ့ယောက်ျားလေးတွေထဲမှာ ကျွန်တော့်ကိုယှဥ်နိုင်တဲ့လူမရှိသလို ဒီကမ္ဘာပေါ်က အမျိုးသမီးတွေထဲမှာလည်း အားကျောင်းကို ပြိုင်တုနိုင်တဲ့လူမရှိဘူး၊ ပြောရရင် ကျွန်တော်က အကြီးအကဲရှုကို အခွင့်ကောင်းယူနေတာပါ၊ အကြီးအကဲရှုက အားကျောင်း တန်ဖိုးအထားရဆုံးလူတစ်ယောက်လေ၊ သူကျွန်တော့်ကို ဆက်သဘောကျနိုင်ဖို့ဆိုရင် အဘိုးရှုက ကျွန်တော့်ကိုနည်းနည်းဂရုစိုက်ပေးမှဖြစ်မယ်”
သူသည် ပွင့်လင်းမြင်သာစွာဖြင့် အဘိုးရှုအား လာဘ်ထိုးရန် ကြိုးစားနေလေသည်။
ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ ထိုစကားသည် အလွန်ချိုသာလွန်းသဖြင့် သူမသွားများပင် ကျွတ်ကျလုမတတ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
အကြီးအကဲရှုသည် ခေတ္တမျှ အံ့အားသင့်သွားတော့၏။ ထို့နောက် သူ၏မျက်နှာအိုနီမြန်းသွားပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“မင်းကမဆိုးဘူးပဲ၊ ဒီကောင်မစုတ်လေးက စိတ်အပြောင်းအလဲများတဲ့လူမဟုတ်ဘူး၊ မင်းသာသူ့ကို ကောင်းကောင်းဆက်ဆံရင် တစ်နေ့နေ့တစ်ချိန်ချိန်ကျ သူနဲ့တွဲရကျိုးနပ်လာလိမ့်မယ်”
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများသည် ပြင်းထန်စွာတုန်ခါသွား၏။ အဘိုးရှု၏စကားများအရ သူမသည် လီရှောက်ယွင်အား အနိုင်ကျင့်လွန်းနေသကဲ့သို့ပင်။
“အကြီးအကဲရှုပြောတာမှန်တယ်”
လီရှောက်ယွင်သည် အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်သဘောတူလိုက်သည်။
Space and Rebirth 856
ဤနှစ်ဦးမှ အချင်းချင်းစကားခွန်းတုံ့ပြန်နေသည်ကို ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် သူမကိုယ်သူမ အရေပြားပါးလှသည်ဟု ခံစားလိုက်ရသည်။ လီရှောက်ယွင်၏တစ်ဝက်မျှသာ အရေထူလျှင် အနည်းငယ်အစခံရရုံဖြင့် မျက်နှာရော နားရွက်များပါ နီမြန်းသောအခြေအနေသို့ ရောက်မည်မဟုတ်ချေ။
လီရှောက်ယွင်သည် အဘိုးရှုအား အဖော်ပြုကာ စစ်တုရင်နှစ်ပွဲ ကစားလိုက်သည်။ အဘိုးရှု၏နှလုံးသားသည် ဆေးဖက်ဝင်အပင်များကြောင့် ယိမ်းယိုင်သွားပြီဖြစ်၍ အခြားအတွေးများမရှိတော့ချေ။ သူသည် နှစ်ပွဲလုံး ဆိုးဆိုးဝါးဝါးရှုံးသွားပြီးနောက် သူ၏ဆေးဖက်ဝင်အပင်များအား သုတေသနလုပ်ရန်သာ ရှူးရှူးရှဲရှဲဖြင့် ထွက်သွားတော့သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းအစကပြောရန် ပြင်ဆင်ထားသောစကားလုံးများကို ပြောခွင့်မရလိုက်ချေ။
“မင်းတစ်ခုခုပြောမလို့လုပ်ထားပေမယ့် ရပ်လိုက်တယ်မလား ဘာဖြစ်လို့လဲ?”
အဘိုးရှုထွက်သွားသည်နှင့် လီရှောက်ယွင်မေးလိုက်၏။
“အစက အဘိုးရှုရဲ့ သားအကြီးဆုံးကိုတွေ့ချင်တယ်လို့ ပြောမလို့ပဲ ဒါပေမယ့် သူ့ကိုဘယ်လိုပြောရမယ်မသိဘူး”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှန်တုန်း၏စကားများကို ကြားပြီးနောက် ရှန်ရှီသည် သူမအား တမင်တကာရှောင်တိမ်းနေသည်ဟု ခံစားမိလိုက်သည်။ ရှန်ရှီအားတွေ့ချင်လျှင် ရှုမိသားစု၏အကြီးဆုံးသားအား အရင်တွေ့ရန်သာ ကြိုးစားရတော့မည်။
“ရှုယွမ်ထက်?”
လီရှောက်ယွင်မျက်ခုံးများကိုပင့်လိုက်ပြီး သူ၏မျက်နှာသည် အနည်းငယ်တည်ကြည်သွားသည်။
“သူကအရမ်းကိုအကြံများတဲ့လူပဲ၊ သူသာ နိုင်ငံရေးထဲမဝင်ရင် သူ့အတွက် အသင့်တော်ဆုံးအလုပ်က လူဆိုးခေါင်းဆောင်ဖြစ်မှာ”
အဖြူနှင့် အမည်းဆိုသည်မှာ အဆုံးစွန်တွင်ရှိကြသော ဆန့်ကျင်ဘက်နှစ်ခုဟု သတ်မှတ်နိုင်သော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့သည် ပန်းတိုင်တစ်ခုတည်းသို့သွားနေကြသည့် မတူညီသောလမ်းကြောင်းများသာဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ ထိတ်လန့်အံ့အားသင့်သွားတော့သည်။
“အဘိုးရှုရဲ့သားနှစ်ယောက်စလုံးက မိဘအပေါ်အရမ်းသိတတ်ပြီး ပါရမီရှိတယ်လို့ ဦးလေးရှင်းယွမ်ဆီက ကျွန်မကြားထားတာပါ...”
“ဟုတ်တာပေါ့ သူကသူ့မိသားစုကိုတော့ အရမ်းကာကွယ်တတ်တာ၊ ကိုယ်ကမင်းကိုကာကွယ်ပေးတတ်သလိုမျိုးပေါ့”
လီရှောက်ယွင်သည် မိမိအတွက် စကားလှလှပြောရန် မမေ့လျော့ချေ။
ယခင်ကနှင့်စာလျှင် ကျင်းယွင်ကျောင်းသည် ထိုစကားများကို အနည်းငယ်ထုံနေချေပြီ။ သူမနှုတ်ခမ်းစွန်းများ အနည်းငယ်ကွေးတက်သွားသော်လည်း သူမမျက်နှာထားသည် မပြောင်းလဲပေ။ သူမဆက်ပြောလိုက်၏။
“ဒါဆို ရှုယွမ်ထက်နဲ့ပတ်သတ်လို့ ကျွန်မကိုထပ်ပြောပြလို့ရမလား?”
ကျင်းယွင်ကျောင်းအသံသည် ညင်သာနေသောကြောင့် လီရှောက်ယွင်အတွက် အလွန်နားဝင်ပီယံရှိလှပေသည်။
“ရှုမိသားစုရဲ့မျိုးရိုးက တကယ်အားကောင်းတယ်၊ အကြီးအကဲရှုရဲ့ ကလေးသုံးယောက်လုံးက ဉာဏ်ကြီးရှင်တွေချည်းပဲ၊ အကြီးဆုံးသားရှုယွမ်ထက်ကတော့ သူတို့ထဲမှာ အထူးချွန်ဆုံးပေါ့၊ ရှုမိသားစုနောက်ကြောင်းတစ်လျှောက် ဆေးဝါးပညာကို လက်ဆင့်ကမ်းလာခဲ့ကြပေမယ့် ရှုယွမ်ထက်ကတော့ တိုင်းရင်းဆေးလောကထဲ မဝင်ချင်ခဲ့ဘူး၊ သူနိုင်ငံရေးသမားဖြစ်တဲ့အချိန်ကတည်းက သူ့ပြိုင်ဘက်တွေအပေါ် အရမ်းရက်စက်တတ်တယ်၊ မင်းလည်း ရှုရှန်းလန်နဲ့ပတ်သတ်လို့ သိတယ်မှတ်လား? ရှုရှန်းလန်ပျောက်သွားတဲ့အချိန်တုန်းက ရှုယွမ်ထက်က အသက် ၃၀ ပဲရှိသေးတယ်၊ အဲ့သတင်းကြားတာနဲ့ သူဒေါသပုန်ထပြီး လီထျန်းယီရဲ့ခြေထောက်ကို နာလန်ပြန်မထူနိုင်အောင် ချိုးပစ်လိုက်တာ၊ နောက်ကျ လီထျန်းယီရဲ့ ညီကိုပါ သတ်ခဲ့တယ်လေ၊ လီမိသားစုက လောလောဆယ်မှာ ချမ်းသာကုံလုံနေပေမယ့် မိသားစုရဲ့ သားတစ်ယောက်ကသေပြီး တစ်ယောက်က ဒုက္ခိတဖြစ်သွားပြီ၊ အကြီးအကဲရှုက အဲဒါကို အရမ်းဒေါသထွက်နေတာပေါ့၊ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိပေမယ့် တွေးကြည့်ရင် ဦးနှောက်ရှိတဲ့လူတိုင်း သိနိုင်တဲ့ကိစ္စပဲလေ”
“အဲဒါအပြင် သူကဒီအချိန်ထိ လီမိသားစုကို ဒုက္ခပေးနေခဲ့တာ၊ လီမိသားစုပြိုလဲခဲ့တဲ့အချိန်တွေအားလုံးက သူ့ကြောင့်ပဲ”
လီရှောက်ယွင်အသေးစိတ်ပြောလိုက်သည်။
သူတို့သည် အစက ခမည်းခမက်ဆက်ဆံရေးဖြစ်ခဲ့ကြသော်လည်း ယခုမူ ရန်သူများဖြစ်သွားချေပြီ။
“ဒါဆိုကြည့်ရတာ သူကသူ့ညီမ ရှုရှန်းလန်ကို သံယောဇဥ်ရှိတာပဲ”
ကျင်းယွင်ကျောင်း သက်ပြင်းချလိုက်သည်။
“သံယောဇဥ်ရှိတာထက်ပိုတယ်၊ မင်းလည်း အဘိုးရှုရဲ့စရိုက်ကို မြင်တာပဲ အရင်တုန်းကဆို သူဒီထက်တောင် ပိုဆိုးတယ်၊ ဆေးစပ်နေရင် တခြားဘာမှဂရုမစိုက်တော့ဘူး၊ ဒါကြောင့်မို့ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ဘူးပေါ့၊ ရှုယွမ်ထက်က အစ်ကိုကြီးအဖအရာအနေနဲ့ ရှုရှန်းလန်ကို သူတစ်ယောက်တည်း ပျိုးထောင်ခဲ့ရတာ၊ သူ့ညီမကို သူ့အသက်ထက် ပိုချစ်တယ်၊ အဲ့အချိန်တုန်းက ရှုယွမ်ထက်က သူ့နှမထိဓားကြည့်ဖြစ်နေလို့ လူတိုင်းစိတ်ထဲမှာ ရှုရှန်းလန်ကို အိပ်မက်ဆိုးတစ်ခုလို ကြောက်နေခဲ့ကြတာလေ၊ ရှုရှန်းလန်ကို ထိပါးချင်တဲ့သူတိုင်း သူ့လက်ထဲမှာ ဆိုးဆိုးရွားရွားသင်ခန်းစာအပေးခံလိုက်ရတယ်”
လီရှောက်ယွင်သည် ၎င်းကိုပြောနေစဥ်အတွင်း သူ၏မျက်လုံးထဲ၌ လေးစားအားကျရိပ်များ သန်းသွားသည်။
“ရှင်ကသူတို့နဲ့ အသက်အရွယ်လည်းမတူဘဲနဲ့ သူတို့ခေတ်ကအကြောင်းတွေကို ဘာလို့အဲ့လောက်တောင်သိနေတာလဲ?”
ကျင်းယွင်ကျောင်းရုတ်တရတ်မေးလိုက်၏။
“သူတို့နဲ့တွေ့ဖူးပေမယ့် သူတို့အကြောင်းအရမ်းမရင်းနှီးဘူးလေ၊ အဲ့တော တစ်ခုခုကြုံလာရင် ဖြေရှင်းလို့ရအောင် နောက်ကြောင်းစုံစမ်းထားတာ”
ကျင်းယွင်ကျောင်းသည် နားလည်မှုရှိစွာဖြင့် ခေါင်းငြိမ့်လိုက်၏။ လီရှောက်ယွင်၏မိသားစုဖြင့်ဆိုလျှင် သူ၏အနီးတဝိုက်၌ ကိစ္စပေါင်းများစွာကို ကြုံတွေ့ခဲ့ပေမည်။ ထို့ကြောင့်လည်း သူသည် သူမကဲ့သို့ အရာအားလုံးကို သတိကြပ်ကြပ်ထားတတ်ခြင်းဖြစ်သည်။
သို့ရာတွင် သူ၏စကားများကိုကြားပြီးနောက် သူမသည် ရှုယွမ်ထက်အား ကြောက်ရမည့်အစား လေးစားမှုများသာ တိုးပွားလာသည်။