အခန်း (၈၅၇-၈၆၀)
Vol. 43 Ch. 857-860
Space and Rebirth 857
ကျင်းယွင်ကျောင်းသည် ဆိုဖာပေါ်သို့ မှီချလိုက်၏။ လီရှောက်ယွင်သည် သူမအား ရင်ခွင်ထဲဆွဲသွင်းကာ ပြောလိုက်သည်။
“ပြောပါဦး ဘာလို့ရုတ်တရတ်ကြီး ရှုယွမ်ထက်ကို တွေ့ချင်နေတာလဲ? အဘိုးရှုက သူ့သားနှစ်ယောက်လုံးကို အိမ်ကနေနှင်ထုတ်လိုက်ပြီလေ၊ အဘိုးရှုကြောင့် သူ့ကိုတွေ့ချင်တာတော့ မဟုတ်ပါဘူးနော်?”
လီရှောက်ယွင်၏ရင်ခွင်သည် နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။ ကျင်းယွင်ကျောင်းသည် သူ့အား နှစ်ကြိမ်မျှထုလိုက်သော်လည်း ထိုရင်ခွင်ထဲမှ မရုန်းထွက်ချေ။ သူမသည် ရှက်သွေးဖြာကာ ပြောလိုက်၏။
“ရှုယွမ်ထက်ရဲ့မိန်းမ ရှန်ရှီက ကျွန်မနဲ့အဘိုးရှုကို တမင်ရှောင်နေတဲ့ပုံပဲ၊ အဲ့တော့ ရှုမိသားစုဆီ ပေါ်ပေါ်တင်တင်သွားဖို့ အခွင့်အရေးရှာပြီး ဒီရှန်ရှီဆိုတဲ့ အမျိုးသမီးအကြောင်း စုံစမ်းချင်လို့”
တစ်ဖက်လူမှ သူမအား မပေါ်လာစေချင်လေလေ သူမသည် ထိုအမျိုးသမီးရှေ့သို့ သွားချင်လေလေဖြစ်သည်။
“ရှန်ရှီတဲ့လား...”
လီရှောင်ယွင် အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“အဲ့မိန်းမက ကံကောင်းတာပဲ၊ မဟုတ်ရင် ရှုယွမ်ထက်လိုလူမျိုးကို လက်ထပ်နိုင်ခဲ့မှာမဟုတ်ဘူး”
ရှုယွမ်ထက်ငယ်စဥ်က ကောင်းကင်ဘုံမှ မျက်နှာသာပေးခဲ့ရသောသူဟု ပြောလျှင်ပင် ပိုရာကျမည်မထင်ပေ။ သို့ရာတွင် သူသည် ရုပ်ရည်အပြင် အခြားဘာကိုမှမပိုင်ဆိုင်သော အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့၏။
“ရှင်ပြောတာဘာဓိပ္ပာယ်လဲ?”
ကျင်းယွင်ကျောင်းချက်ချင်းစိတ်ဝင်စားသွား၏။
“အဲ့တုန်းက ရှုယွမ်ထက်ကို လူတစ်ယောက်က မျက်စိစပါးမွေးစူးနေခဲ့တာ၊ ဒါကြောင့်မို့ ပါတီတစ်ခုမှာ သူဆေးခတ်ခံရပြီး အမျိုးသမီးတစ်ယောက်နဲ့ မတော်တဆအိပ်မိသွားတယ်၊ အဲ့အမျိုးသမီးက အခုမဒမ်ရှုပဲ မင်းနားလည်ပြီလား?”
လီရှောက်ယွင်ပြောလိုက်၏။
“ဟုတ်လို့လား? အဘိုးရှုက ဆေးဝါးပညာရှင်လေ၊ ရှုယွမ်ထက်က မိသားစုစီးပွားရေးကို မဆက်ခံခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဆေးပညာတချို့တော့ရှိရမှာပေါ့ ဘယ်လိုဖြစ်လို့ ဆေးခတ်ခံလိုက်ရတာလဲ?”
ကျင်းယွင်ကျောင်းလုံးဝနားမလည်နိုင်ပေ။
“ကိုယ်လည်းသိချင်နေခဲ့တာ အကြောင်းရင်းက တကယ်တော့အရမ်းရှင်းပါတယ်၊ ရှုယွမ်ထက်က ငယ်မာန်လေးရှိနေပြီး ဆေးဝါးနယ်ပယ်မှာလည်း ထူးချွန်တော့ ဒီလိုပုံစံနဲ့ ချောက်တွန်းခံရမယ်လို့ သူဘယ်ထင်ခဲ့မလဲ? ဒါပေမယ့် တစ်ဖက်လူက ဆေးအမျိုးအစားအသစ်တစ်ခုကို သုံးခဲ့တာမို့ သူမရှောင်နိုင်ခဲ့ဘူး၊ ကံကောင်းလို့ အဲ့အချိန်တုန်းက ဆေးခတ်ခံနေရတဲ့ ရှုယွမ်ထက်က စောစောနိုးလာတာ၊ မဟုတ်ရင် သူနာမည်ပျက်ပြီး သူ့ရဲ့နိုင်ငံရေးအလုပ်လည်း တက်လမ်းပိတ်သွားခဲ့မှာ”
လီရှောက်ယွင်ဆက်ရှင်းပြလိုက်သည်။
ကျင်းယွင်ကျောင်းပြောစရာစကားများ ပျောက်ဆုံးနေသည်။ သူမသည်လည်း သူမဘာသာ အချက်အလက်များစွာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း လီရှောက်ယွင်မှ အေးအေးလူလူရှင်းပြနေသောအရာများလောက် အသေးစိတ်မကျပေ။
“မင်းစိတ်ဓာတ်ကျစရာမလိုပါဘူး၊ ဒီသတင်းက အဲ့ပါတီကိုတက်ပြီး အဖြစ်အပျက်တွေကို သိခဲ့ကြတဲ့လူတွေဆီက ပြန်ကြားရတာ၊ ကိုယ်လည်း တိုက်ဆိုင်လို့ ဒီလောက်အများကြီး သိခဲ့ရတာလေ”
လီရှောက်ယွင်မှ သူမအား မမေ့မလျော့နှစ်သိမ့်လိုက်သေး၏။
ကျင်းယွင်ကျောင်းမှာ စိတ်အားမလျော့ချေ။ သူမ၏သတင်းအချက်အလက်စုဆောင်းရေးအဖွဲ့သည် တည်ထောင်သည်မှာ မကြာသေးသော်လည်း အလုပ်ကို အလွန်ပိရိကောင်းမွန်စွာ လုပ်တတ်နေလေပြီ။
လီရှောက်ယွင်၏စကားများကို ကြားလိုက်ရသောအခါ ရှန်ရှီသည် အမှန်တကယ်ပင် ကြောင်သူတော်ကြွက်သူခိုးဆန်လှသည်ဟု ခံစားမိလိုက်၏။
သူမရရှိထားသောဓာတ်ပုံများတွင် ရှန်ရှီသည် မွေးစကတည်းက ဂုဏ်သိက္ခာရှိအသိုင်းအဝိုင်း၌ မွေးလာသကဲ့သို့ အထူးသဖြင့် အဆင့်အတန်းရှိသောပုံစံပေါက်နေသည်။ သူမမျက်နှာထားတွင် အပြစ်ထောက်စရာဟူ၍ တစ်ချက်မျှမရှိချေ။ လူတစ်ဦးသည် မည်မျှပင်ပြီးပြည့်စုံစေကာမူ ခံစားချက်များရှိရဦးမည်ဖြစ်သော်လည်း သူမတွင်မူ မျက်နှာတစ်ခုတည်းသာရှိ၏။
“ရှင်ကအရမ်းသိတာပဲ၊ ရှင့်အမြင်အရဆိုရင် ကျွန်မ ရှုယွမ်ထက်ကို တွေ့နိုင်အောင် ဘယ်လိုလုပ်ရမလဲ?”
ကျင်းယွင်ကျောင်းတမင်မေးလိုက်၏။
လီရှောက်ယွင်သည် သူ၏လက်ချောင်းများကို ခြေထောက်အပေါ် စည်းချက်ကျကျခေါက်လိုက်၏။
“မင်းနဲ့ အကြီးအကဲရှုရဲ့ နာမည်နဲ့ဆိုရင် မင်းသူ့ကိုအချိန်မရွေးသွားတွေ့လို့ရတာပဲ၊ ပြီးတော့ မင်းကရှုရှန်းလန်နဲ့ နည်းနည်းရုပ်ဆင်သေးတယ်၊ ဒါပေမယ့် မင်းပစ်မှတ်က ရှန်ရှီဆိုရင်တော့ နည်းနည်းထပ်စောင့်ပေးလို့ရလား? တစ်လအတွင်းမှာ လုပ်ငန်းတွေ့ဆုံပွဲတစ်ခုရှိတယ်၊ အဲ့အချိန်ကျရင် ဆေးဝါးစက်ရုံကိုလည်း ထုတ်လုပ်ရေးစလို့ရပြီ၊ ရှုယွမ်ထက်က ဆေးဝါးစက်ရုံကို အခုကတည်းက စုံစမ်းအကဲခတ်နေပြီဆိုတော့ အဲ့အချိန်ကျရင် ဆေးဝါးစက်ရုံပိုင်ရှင်အနေနဲ့ သူ့ကိုတွေ့ရင် ပိုသင့်တော်လိမ့်မယ်”
ကျင်းယွင်ကျောင်းစိတ်ထဲတွင် နားလည်လိုက်သည်။
သူမသာ တစ်စုံတစ်ဦးအား ကျောထောက်နောက်ခံအနေဖြင့် အသုံးချပြီး ရှုယွမ်ထက်ကို တွေ့ပါက သူမကိုယ်သူမ ယုံကြည်ချက်မရှိသည့်ပုံပေါက်လေမည်။
သို့ရာတွင် ဆေးဝါးစက်ရုံဖြင့်ဆိုလျှင် ထိုသို့မဟုတ်ချေ။ ထိုအချိန်တွင် ပွင့်လင်းမြင်သာပြီး တရားဝင်တွေ့ဆုံရသော အခြေအနေဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှုယွမ်ထက်၏ဇနီးအနေဖြင့် ရှန်ရှီသည်လည်း ထိုပွဲကိုတက်ရောက်လိမ့်မည်ဖြစ်သောကြောင့် သူမဆက်ပုန်းနိုင်တော့မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်တော့၏။
“အားကျောင်း ကိုယ်စကားပြောတာများသွားလို့...နှုတ်ခမ်းနည်းနည်းခြောက်သွားပြီ ပြန်စိုသွားအောင်လုပ်ပေးပါလား?”
မျက်စိတစ်မှိတ်အတွင်းတွင် လီရှောက်ယွင်သည် ရုတ်ချည်းဆိုသလို ဣန္ဒြေမရှိတော့ချေ။
ရည်းစားစုံတွဲများဟူသည်မှာ အချင်းချင်းတွေ့ကြလျှင် ထိတွေ့မှုတစ်ခုခုရှိကြစမြဲဖြစ်သည်။ သို့ရာတွင် သူမသည် ယခင်ကတည်းကပင် ခပ်ခွာခွာနေတတ်သူဖြစ်သောကြောင့် ကားထဲမှထိုအချိန်ကလွဲ၍ လီရှောက်ယွင်အား သူစိတ်ရှိသလို ပေးမလုပ်ဖူးပေ။ သို့ရာတွင် ယခုသူပြောချလိုက်သဖြင့် အခြေအနေသည် အနည်းငယ်ရိုးတိုးရွတဖြစ်သွားတော့သည်။ သူမတစ်ကိုယ်လုံး သူ၏ရင်ခွင်ထဲတွင် ကွေးနေသည်မှာ...အနည်းငယ် သဘာဝကျသလိုရှိပေသည်။
Space and Rebirth 858
လီရှောင်ယွင်ကိုယ်ပေါ်မှ စန္ဒကူးအနံ့ဖျော့ဖျော့သည် သူမနှာခေါင်းထိပ်တွင် ပြည့်နှက်သွား၏။ လီရှောက်ယွင်၏ နွေးထွေးသောအသက်ရှူသံကြောင့် သူမအသည်းညှာတစ်ခုလုံး ကိုင်လှုပ်သလိုခံစားရပြီး သူမ၏နှလုံးခုန်သံများ မြန်လာတော့သည်။
ကျင်းယွင်ကျောင်း၏ အတန်ငယ်အေးစက်နေတတ်သောမျက်နှာတွင် နီမြန်းသည့်အရိပ်အယောင်များရှိနေသဖြင့် လီရှောင်ယွင်အား မြှူဆွယ်နေသကဲ့သို့ဖြစ်နေလေသည်။ လီရှောင်ယွင်၏အကြည့်များမှာ ညင်သာနေပြီး မျက်လုံးများမှာ မှင်ရောင်ကဲ့သို့ နက်မှောင်နေသည်။ မသိလျှင် သူ၏ရှေ့မှောက်ရှိ မိန်းကလေးအား ချက်ချင်းဆိုသလို ဖိချပြီး သိမ်းပိုက်ချင်နေသကဲ့သို့ပင်။
သူတို့၏အသက်ရှူငွေ့များ ဖလှယ်လိုက်သောအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ခံစားရတော့သည်။
ပြင်းထန်လှသောအသက်ရှူသံကြောင့် ကျင်းယွင်ကျောင်းရှက်သွေးဖြာသွားသည်။ နိုဝင်ဘာရှိ ရာသီဥတုမှာ ဆောင်းအဝင်ဖြစ်သဖြင့် အနည်းငယ်အေးစက်နေပြီဖြစ်သော်လည်း ကျင်းယွင်ကျောင်းမှာမူ ပတ်ဝန်းကျင်လေထုကို မခံမရပ်နိုင်လောက်အောင် ပူလောင်နေသည်ဟု ခံစားမိ၏။
နက်ရှိုင်းလှသော လီရှောက်ယွင်၏အကြည့်များကို အတိုင်းအတာမသိသော အချိန်ပမာဏတစ်ခုစာမျှ ကြည့်ပြီးနောက် ကျင်းယွင်ကျောင်းသည် အကြည့်များကို ဘေးသို့လွှဲလိုက်တော့သည်။
“အားကျောင်း၊ မင်းနှုတ်ခမ်းတွေက အရမ်းချိုတာပဲ”
လီရှောက်ယွင်သည် ဖြည်းဖြည်းချင်းပြောလိုက်၏။
ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းသည် မီးပေါ်တွင်တင်ထားသော ပုစွန်ကင်လေးတစ်ကောင်နှင့် တဖြည်းဖြည်းတူလာတော့သည်။
“ရှင်လည်းမဆိုးပါဘူး”
သူမသည် စိတ်ငြိမ်ချင်ဟန်ဆောင်ကာ ပြောလိုက်သည်။
လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။ သူသည် ကျင်းယွင်ကျောင်း၏ရှက်ကိုးရှက်ကန်းဖြစ်နေပုံလေးကို မြင်နေရ၏။ ရုတ်ချည်းဆိုသလို လီရှောက်ယွင်သည် သူမ၏လက်အား သူ၏ရင်ဘတ်ပေါ်တင်လိုက်သည်။
“မင်းကဆေးကျောင်းသူဆိုတော့ ကိုယ့်ရင်ခုန်သံကို ခံစားလို့ရတယ်မှတ်လား? အားကျောင်း၊ ဒီနှလုံးသားက မင်းကြောင့် ဒီလောက်လှုပ်ရှားအသက်ဝင်နေတာ၊ ချက်ချင်းပေါက်ထွက်တော့မယ့်အတိုင်းပဲ၊ ကိုယ်အခုထိန်းလို့လည်းမရတော့ဘူး ဘာဆက်လုပ်ရမလဲ?”
သူသည် အတည်ပေါက်မေးနေဟန်ရသော်လည်း သူ၏စကားများမှာ ချိုသာနေပေ၏။ ကျင်းယွင်ကျောင်းသည် တစ်ကြိမ်တစ်ခါမှ အချိုမကြိုက်ခဲ့ဖူးသော်လည်း ဤအခိုက်အတန့်တွင် သူမရင်ထဲ၌ ချိုသာသောခံစားချက်တစ်ခုက ထကြွလာသည်။ အခြားသူများ၏ပါးစပ်၌ ထွက်လာသောအခါ ကြက်သီးထစရာကောင်းပြီး ရွံစရာကောင်းလှသည်ဟု သူမထင်ခဲ့သောစကားများသည် သူမနှစ်သက်သောယောက်ျား၏နှုတ်မှ ထွက်လာသောအခါတွင်မူ အလွန်ပင်အိထွေးချိုသာနေပေ၏။
သူတို့အကြည့်ချင်းဆုံသွားသောအခါ လီရှောက်ယွင်သည် ရုတ်တရတ်ဆန်စွာ ခန္ဓာကိုယ်ကို သူမအနားကိုင်းလာတော့သည်။ သူမသည် ရီဝေဝေဖြစ်သွားတော့၏။
သို့ရာတွင် အဘိုးရှု သို့မဟုတ် ဦးလေးရှုတို့တစ်ဦးဦးမှ ရုတ်တရုတ်ပေါ်ထွက်လာမည်ကို ကျင်းယွင်ကျောင်းအသေအလဲကြောက်သဖြင့် သူမသည် အလွန်နေမထိထိုင်မသာဖြစ်နေလေသည်။ သူမဇဝေဇဝါဖြစ်နေသော်လည်း လီရှောက်ယွင်ဘေးမှာခွာရန် အချိန်သိပ်မယူလိုက်ရပေ။
“ညလည်းနက်နေပြီဆိုတော့ ရှင်စောစောပြန်တာကောင်းမယ်၊ လမ်းမှာသတိထားသွားနော်”
သူမပုံစံမှာ တည်ကြည်လေးနက်နေသော်လည်း သူမ၏လက်များအား မည်သည့်နေရာတွင် ထားရကောင်းမှန်းမသိဖြစ်နေလေ၏။
လီရှောက်ယွင် ခပ်ဟဟရပ်လိုက်သည်။ သူမသည် အမြဲတစေ တည်ငြိမ်စွာနေခဲ့သော်လည်း အဆုံးတွင် မိန်းကလေးတစ်ဦးသာဖြစ်သည်။ လီရှောက်ယွင်သည် တွန့်ကြေသွားသောအင်္ကျီများအား ပြန့်ပြူးအောင်လုပ်ကာ ထရပ်ပြီး ပြောလိုက်သည်။
“အားကျောင်း ကိုယ့်ကိုအခွင့်ကောင်းယူပြီး တာဝန်မယူဘူးပေါ့? ဒီလောက်မြန်မြန်နှင်ထုတ်နေရလား?”
၎င်းကိုကြားလိုက်သောအခါ ကျင်းယွင်ကျောင်းမျက်နှာပေါ်ရှိသောကများ ပြေလျော့သွားသည်။ သူမသည် အနည်းငယ်ရှက်သွေးဖြာပြီး ပြုံးလိုက်၏။
“ဒီတိုဖူးတုံးလေးအတွက် ငွေချေချင်လို့လား? ဟွန့် ဒီလောက်ဆို လုံလောက်ပြီလား?”
သူမသည် ပြောပြောဆိုဆိုဖြင့် ငွေဒင်္ဂါးတစ်ခုကို ပစ်ပေးလိုက်၏။
“လောက်ပါပြီ ဒါပေမယ့် ကိုယ့်တိုဖူးကတော့ စားသုံးသူတစ်ယောက်ပဲရှိတယ် အဲဒါမင်းပဲ၊ နောက်တစ်ခေါက်ကျရင် အကြာကြီးမစောင့်နဲ့နော် မဟုတ်ရင် တိုဖူးတုံးကွဲသွားလိမ့်မယ်”
လီရှောက်ယွင်သည် ထိုငွေဒင်္ဂါးအား အိတ်ကပ်ထဲထည့်ကာ သက်ပြင်းချလိုက်သည်။ သူသည် အလွန်ပိရိစွာ သရုပ်ဆောင်လိုက်လေသည်။
သူ၏မျက်နှာမှာ ချောမောလွန်း၍ ပြည်ပင်ပျက်စေနိုင်၏။ သူ၏စရိုက်မှာလည်း သာမန်သခင်လေးတစ်ဦးပင် မယှဥ်ပြိုင်နိုင်သောအရာဖြစ်သော်လည်း သိက္ခာကိုမငဲ့ဘဲ သူမနှင့်အတူ အရွှန်းဖောက်နေလေသည်။
သို့ရာတွင် လီရှောင်ယွင်မှာ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်သည်။ သူသည် ယခုအချိန်တွင် ကလေးဆန်သောပုံပေါက်နေသော်လည်း အဓိပ္ပာယ်မဖော်နိုင်လောက်အောင်ပင် ရင့်ကျက်နွေးထွေးသောသူဖြစ်ပေသည်။
လီရှောက်ယွင်အား အိမ်ပြန်လွှတ်လိုက်ပြီးနောက် ကျင်းယွင်ကျောင်းသည် ထိုအိမ်တွင် တစ်ညအိပ်လိုက်သည်။ သူမသည် တဖြည်းဖြည်းဖြင့် ပို၍ရွှင်ပျလာတော့သည်။ နေရာလွတ်နယ်မြေထဲရှိ ကျောက်စိမ်းဝိညာဥ်များအား စုပ်ယူနှုန်းမှာ သူမ၏စိတ်အခြေအနေကြောင့် များစွာမြန်ဆန်လာတော့သည်။
ကျောက်စိမ်းဝိညာဥ်တစ်ဝက်ကျော်မျှကို စုပ်ယူပြီးဖြစ်သော်လည်း ပို၍စုပ်ယူလေလေ နှေးလာလေလေဖြစ်၏။ မသိလျှင် မှတ်ဉာဏ်များသည် သိပ်သည်းဆများလာသကဲ့သို့ဖြစ်သည်။
ကျင်းယွင်ကျောင်းမှာမူ အလျင်မလိုချေ။ သူမ၏လက်ရှိဆေးပညာစွမ်းရည်များကိုပင် မည်သူမှ တုနှိုင်းမမှီနိုင်သောကြောင့်ဖြစ်သည်။ ဘိုးဘေးမှချန်ရစ်ခဲ့သော ပညာများအားလုံးကို လေ့လာသင်ယူရန် သူမတွင် အချိန်လုံလုံလောက်လောက်ရှိပေသည်။
...
အဆိပ်ခတ်ဝိုင်ကိစ္စ ပြီးကတည်းက ရှန်ရှီသည် အလွန်ပင်တိတ်ဆိတ်နေခဲ့လေသည်။ သူမကိုယ်သူမ တမင်တကာ စိတ်ထိန်းထားသည်လော ကျင်းယွင်ကျောင်းမသိချေ။
ရှန်တုန်းပင်လျှင် ထိုကိစ္စမဖြစ်ခဲ့သလို ခံစားရ၏။ အရာအားလုံးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေပြီ။ သို့ရာတွင် သူမစိတ်ထဲတွင် သူမ၏အစ်မကြီးဖြစ်သူ ရှန်ရှီအပေါ်ထားရှိသော စိမ်းကားမှုများကို မဖယ်ရှားနိုင်တော့ချေ။
ရှန်ရှီမှ မလှုပ်ရှားသောကြောင့် ကျင်းယွင်ကျောင်းသည်လည်း လက်တလောတွင် သူမအားရန်စရန် မစီစဥ်တော့ပေ။ သူမ၏အချိန်အား၊ လုပ်အားများကို ဆေးဝါးစက်ရုံနှင့် အမတကြိုးကြာခန်းမဆီသာ စတင်ထည့်သွင်းတော့သည်။
Space and Rebirth 859
သူမသည် အမတကြိုးကြာခန်းမဆီသို့ ထပ်သွားသောအခါ ထိုအဘွားယုဖူလည်း ရှိနေလေ၏။ ကျင်းယွင်ကျောင်းအား မြင်လိုက်သောအခါ သူမ၏ပြုမူပြောဆိုပုံသည် ယခင်ကထက်များစွာ ယဉ်ကျေးနေသည်။ မိမိထက်ဝါနုသောသူကို ပြောသောပုံနှင့်မတူချေ။
ကျင်းယွင်ကျောင်းသည် အသက်ကြီးသူမျိုးဆက်များ၏ကြားတွင်ရှိသော ဆက်ဆံရေးအား နားမလည်သော်လည်း ဤအဘွားယုဖူသည် သူမအာဋ ဤသို့ဆက်ဆံနေခြင်းမှာ အဘိုးရှုကြောင့်သာဖြစ်ရပေမည်။
အမတကြိုးကြာခန်းမှာ အလွန်ကြီးမားကျယ်ဝန်းပြီး ရှေးခေတ်စည်းမျဉ်းများစွာကိုလည်း ထိန်းသိမ်းထားဆဲဖြစ်သည်။ ဆေးခန်းထဲတွင် သမားတော်ငါးဦးနှင့် ဆေးဝါးအလုပ်သင် အယောက် ၂၀-၃၀ ခန့်ရှိသည်။
လူတိုင်းကို စုဝေးပြီးနောက် ကျင်းယွင်ကျောင်းအား နံဘေးတွင်ထားကာ အဘွားယုဖူမှ ပြောလိုက်၏။
“ဒီနေ့ကစပြီး ဒီမိန်းကလေးက ရောဂါတချို့ကို ကြည့်ပေးဖို့ တစ်ခါတစ်လေ လာလိမ့်မယ်၊ မင်းတို့မဖြေရှင်းနိုင်တဲ့ ရောဂါပြသာနာတွေရှိရင် သမားတော်လေးကျင်းဆီသာ အပ်လိုက်ကြ”
ခေါင်းဆောင်သမားတော်ငါးဦးသည် အံ့အားသင့်မှုများ၊ သံသယစိတ်များဖြင့်ပြည့်နှက်သော မျက်လုံးများဖြင့် ကျင်းယွင်ကျောင်းအား သေသေချာချာအကဲခတ်လိုက်သည်။
သူမမျက်နှာမှာ ငယ်ရွယ်နုနယ်လှပြီး မိမိကျန်းမာရေးကို ဂရုစိုက်ရန် အခွင့်အရေးမရသောကြောင့် ဤပုံစံဖြင့် ရုပ်ဖျက်ထားသည့် အဘွားအိုတစ်ဦးနှင့် မတူပါချေ။
ထိုသို့ဆိုလျှင် သူမသည် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်မဟုတ်လော? သူတို့၏ အမတကြိုးကြာခန်းမမှာ ကမ္ဘာအနှံ့ဂိုဏ်းခွဲများရှိပြီး ယခုတွင် ကြပ်တည်းသောအခြေအနေတွင် ရှိနေသော်လည်း သူတို့၏နာမည်ဂုဏ်သိက္ခာမှာ မကျဆင်းသေးပါပေ။ ထို့အပြင် ဤနေရာရှိ ဆရာဝန်များအားလုံးမှာ မိမိတို့ဆရာများဆီက သင်ယူလေ့လာခဲ့သူများဖြစ်ပြီး ဆေးဝါးပညာနှင့် ရောဂါကုသနည်းများကို သင်ယူနိုင်ရန် ဆရာများနောက်သို့ လိုက်ခဲ့ရ၏။ သူတို့သည် အကြားတစ်မျိုး၊ အမြင်တစ်မျိုးဖြင့် ပညာသင်ခဲ့ပြီး အလုပ်သင်ကာလအား အသက်နှစ်ဆယ်ဖြင့် ပြီးဆုံးသူများပင်ရှိသော်လည်း သူတို့၏စွမ်းဆောင်ရည်များမှာ သာမန်အဆင့်တွင်သာရှိသောကြောင့် စဉ်ဆက်မပြတ်လေ့ကျင့်နေရဆဲဖြစ်သည်။ သူတို့ပင် မကုနိုင်သည့် ခက်ခဲရှုပ်ထွေးသောရောဂါများကို ဤမိန်းကလေးက အဘယ်သို့ကုသပေးနိုင်မည်နည်း?
“ဆရာမယု၊ သူ့မျိုးရိုးနာမည်က ကျင်း ဆိုတော့ အမတကြိုးကြာခန်းမနဲ့ ဆက်စပ်နေတဲ့လူများလား?”
အဘိုးအိုတစ်ဦးမှ မေးလိုက်သည်။
“မဟုတ်ဘူး”
အဘွားယုဖူမှ တစ်ချိုးတည်းငြင်းလိုက်၏။
“သမားတော်လေးကျင်းရဲ့ ဆေးပညာစွမ်းရည်က အလုပ်သင်အဆင့်ကိုကျော်သွားပြီ၊ ပြီးတော့ သူ့မှာ အတွေ့အကြုံလည်းရှိတယ်၊ အနာဂတ်မှာ အားလုံးရဲ့ဆေးပညာတွေ တိုးတက်လာဖို့ အချင်းချင်းလမ်းညွှန်သင်ပြပေးဖို့မျှော်လင့်တယ်၊ ဒါပေမယ့် သူကကျောင်းတစ်ဖက်နဲ့မို့ အချိန်ကြာကြာမလာနိုင်ဘူး အချင်းချင်းစကားပြောဖို့လောက်ပဲရမယ်”
ထိုသို့ပြောပြီးနောက် အဘွားယုဖူသည် သူမအားကူညီရန် အလုပ်သင်ဆရာဝန်နှစ်ဦးအားခေါ်ကာ ထွက်သွားတော့သည်။
ယုဖူထွက်သွားသည်နှင့် ကျန်သောလူအားလုံးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“ဟူး…”
အစောပိုင်းက သမားတော်အိုမှ သက်ပြင်းချကာ စိတ်ပျက်အားလျော့သောမျက်နှာထားဖြင့် ခါးကိုကုန်းကာထွက်သွားတော့သည်။
အတိတ်က အမတကြိုးကြာခန်းမသည် မည်မျှပင်ဂုဏ်သရေရှိခဲ့သနည်း? ဆေးပညာနယ်ပယ်ရှိ မိသားစုများအားလုံး၏ လေးစားမှုကိုခံရပြီး ဆေးဖက်ဝင်အပင်အခင်းများ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ လူ့စွမ်းအားအရင်းအမြစ်လည်း ဘယ်သောအခါမှ အားမနည်းပေ။ နှစ်စဉ်နှစ်တိုင်း သန်းဆယ်ဂဏန်းချီသောအလုပ်သင်များရှိခဲ့၏။ သို့ရာတွင် အမတကြိုးကြာခန်းမ အားလျော့သွားပြီးနောက် ထိုအလုပ်သင်များသည်လည်း အလုပ်ပြောင်းသူကပြောင်း၊ အနောက်တိုင်းဆေးပညာထဲသို့ ဝင်သူကဝင်ဖြင့် လူမကျန်တော့ချေ။ ဆေးခင်းများပင်လျှင် အခြားသူများ၏ပိုင်ဆိုင်မှုဖြစ်သွားတော့သည်။ ကျန်ရစ်သောအရာဟူ၍ ကြိုးကြာခန်းမကြီးနှင့် ခေါင်းမာသောအဘိုးကြီးတချို့သာဖြစ်၏။
အမတကြိုးကြာခန်းမအား သစ္စာရှိသူများမှာ ဤလူများသာမဟုတ်ပေ။ သို့သော်လည်း ကျင်းမျိုးဆက်လည်း ပြတ်သွားပြီး ဆေးကျမ်းများနှင့် ပညာအချို့မှာလည်း ပျောက်ဆုံးသွားသဖြင့် ဆရာဝန်များတွင် သင်ယူလေ့လာစရာ မရှိတော့ချေ။ ဦးဆောင်မည့်သူလည်းမရှိသဖြင့် ထိုသူတို့သည် မိမိတို့ကိုယ်ပိုင်ဂိုဏ်းထောင်သူကထောင်၊ အခြားဂိုဏ်းများအောက်ဝင်သူကဝင်ဖြင့် ပြိုကွဲသွားပြန်သည်။
လက်ရှိတွင် ကြိုးကြာခန်းမ၌ ဆရာဝန်အမှန်တကယ်ပင် လိုအပ်နေပေသည်။ သို့ရာတွင် မိန်းကလေးငယ်တစ်ဦးကပင် ဤအလုပ်ကို ဝင်လုပ်နိုင်လိမ့်မည်ဟု သူမထင်ခဲ့ချေ။ အမှန်တကယ်ပင်...ကြေကွဲဝမ်းနည်းဖွယ်ကောင်းလှ၏။
အသက်ကြီးသောသမားတော်များအားလုံးများသည် ဤအတွေးကို တွေးနေကြသည်။ သူတို့သည် အကျင့်စာရိတ္တကောင်းပြီး ပညာတတ်များဖြစ်သောကြောင့် လူအရှေ့တွင် မကြားဝံ့မနာသာဖြစ်ဖွယ်စကားများကို မပြောခဲ့ချေ။ သို့ရာတွင် သူတို့အတွက် မိန်းကလေးငယ်တစ်ဦးအား ဆက်ဆံပြောဆိုပြီး လမ်းညွှန်ပေးရန် အလွန်ခက်ခဲပေ၏။
“သမားတော်ကျင်း၊ ဒါတွေက အခုတလော ကိုင်တွယ်ရခက်တဲ့ လူနာတွေပါ၊ ဒီနေ့ သူတို့ရောဂါအတွက် နောက်ဆက်တွဲ တိုင်ပင်ဆွေးနွေးဖို့ ရောက်လာကြတာပါ”
ဆေးအလုပ်သင်လေးသည် များများစားစားမသိသော်ငြား ကျင်းယွင်ကျောင်းအပေါ် မဖော်ပြနိုင်လောက်အောင် ကြီးမားသောလေးစားမှုတစ်ခုရှိနေ၏။
သူ၏ရှေ့မှောက်တွင် လူနာမှတ်တမ်းအချို့ရှိနေသည်။ သမားတော်ငါးဦးမှ ပေးပို့လိုက်ခြင်းဖြစ်သည်။
သမားတော်ငါးဦးသည် ဟိတ်ဟန်ကြီးနေသော်လည်း ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတစ်ဦးဖြစ်သော ကျင်းယွင်ကျောင်းအား သူတို့နယ်မြေထဲ ဝင်မမွှေစေလိုပါပေ။ ထို့ကြောင့် သူတို့သည် သူမလုပ်ပုံကိုကြည့်ပြီး သူတို့၏အင်အားကိုပြချင်မိ၏။
“ဒါတွေက ကိုင်တွယ်ရခက်တာတွေတဲ့လား?”
ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ အတန်ငယ်အံ့အားသင့်ဟန်ဖြစ်သွား၏။
ဆရာဝန်အလုပ်သင်လေးသည်လည်း သေချာမသိချေ။
“တခြားသမားတော်တွေပြောတာတော့ သမားတော်ကျင်းပြေးချင်ရင် အရင်ဆုံးတစ်လှမ်းပြီးတစ်လှမ်း လမ်းလျှောက်ဖို့အရင်သင်ရမယ်တဲ့၊ ပြီးတော့ ဒီလူတွေရဲ့အခြေအနေက ဖြေရှင်းရခက်တယ်တော့မဟုတ်ပေမယ့် အရမ်းရှုပ်ထွေးပြီး ကုသရခက်တယ်တဲ့”
Space and Rebirth 860
ကျင်းယွင်ကျောင်းသည် ဆရာဝန်အလုပ်သင်လေး၏စကားကို ကြားသည်နှင့် သူမသည် အမုန်းခံနေရကြောင်း သဘောပေါက်လိုက်၏။ သို့သော်လည်း ဤသည်မှာ မထူးဆန်းပါချေ။ သူမ၏အသွင်အပြင်မှာ အမှန်တကယ်ပင် ယုံကြည်ရသည့်ပုံမပေါက်ပေ။ ယခင်က အဘိုးရှုအား ကျောထောက်နောက်ခံအဖြင့်သာမရှိခဲ့လျှင် သူမအား မသိခဲ့သော ထိုလူနာများသည် သူမအား ဆေးပေးကုလိမ့်မည်မဟုတ်ချေ။
သို့ရာတွင် သူမသည် အမြဲတစေ အဘိုးရှု၏နာမည်ကို အားကိုး၍မရသည့်အပြင် ယခုတွင် အလုပ်သင်တစ်ဦးလည်းမဟုတ်တော့ပေ။ သူမတွင် ယုံကြည်ချက်နှင့် အရည်အချင်းများ အပြည့်အဝရှိနေပေပြီ။
ကျင်းယွင်ကျောင်းသည် သူမဒေါသကိုထိန်းကာ ထိုလူများ၏မှတ်တမ်းများနှင့် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများရလဒ်ကို စိတ်ရှည်လက်ရှည်ကြည့်လိုက်သည်။
ပိတ်ကားချပ်များကိုအသုံးပြု၍ ကြိုးကြာခန်းမအား အကန့်ပေါင်းများစွာခွဲထားသည်။ ဆရာဝန်များအားလုံးသည် မိမိတို့နေရာတွင် ထိုင်နေကြပြီး ကြိုးကြာခန်းမ၏တံခါးများဖွင့်လိုက်သည်နှင့် တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြသောလူနာများကို မတက်တခေါက်အလုပ်သင်လေးများက လူနာများ၏အရေးကြီးမှုနှင့် အခြေအနေပေါ်မူတည်၍ အခန်းများထဲ ခွဲထည့်ပေးလိုက်၏။ ယနေ့ ကျင်းယွင်ကျောင်းတာဝန်ယူရသော လူနာများအားလုံးမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ဆယ်ယောက်မကရှိနေသည်။ ထို့ကြောင့် အနည်းငယ်ထူးဆန်းနေပေသည်။
အခြားသမားတော်များဆိုလျှင် အများဆုံးအနေဖြင့် လူတစ်ဦး-နှစ်ဦးသာ တန်းစီနေကြသည်။ လူနာများအားလုံးမှာ တစ်ပြုံတစ်ခေါင်းတည်းမလာတတ်ကြပေ။
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းနှင့် ချိန်းချက်ထားသောလူနာများမှာ ဒါဇင်ချီနေပေပြီ။ သူတို့သည် တစ်ပြိုင်နက်တည်းတွင် မချိန်းထားခဲ့သော်ငြား လူနာအများစုမှာ စောလာခဲ့ကြလေသည်။ ထို့ကြောင့် လူနာများစွာ သူမအရှေ့တွင် စုဝေးနေကြသည်။ ယခု သူမကိုမြင်လိုက်ကြသောအခါ သူတို့အားလုံးသည် အနည်းငယ်နေမထိထိုင်မသာဖြစ်သွားကြ၏။
“ခါတိုင်းငါ့ကိုကုနေတာ သမားတော်ဝမ်မဟုတ်ဘူးလား? ဘာလို့ဒီနေ့ကျ ဆရာဝန်အလုပ်သင်တစ်ယောက်ဖြစ်နေတာလဲ?”
ရုတ်ချည်းဆိုသလို လူနာတစ်ဦးမှ ဒေါသတကြီးပြောလိုက်သည်။
“သူက ကျွန်တော်တို့ရဲ့ သမားတော်အငယ်လေး ကျင်း ပါ”
လက်ထောက်လေးမှ သုတ်သီးသုတ်ပြာရှင်းပြလိုက်သည်။ ထိုလူနာမှာ မကျေနပ်ချေ။
“မင်းကတော့ သူ့ကိုသမားတော်လို့ပြောပေမယ့် သူဘယ်လောက်တောင် တော်နိုင်မှာတဲ့လဲ? ဘေးကမင်ဟဲ့ဆေးရုံမှာတောင် ဒီလိုဆရာဝန်မျိုးမရှိဘူး”
မင်ဟဲ့ဆေးရုံမှာ အလွန်ကြီးလှသည်။ ဆေးရုံခွဲများစွာရှိပြီး ဆေးရုံတိုက်ကြီးမှာလည်း တဖြည်းဖြည်းဖြင့် ကြီးမားခမ်းနားလာသည်။ သာမန်ဆေးရုံတစ်ခုဖြစ်သော်လည်း ထိုနေရာရှိ ဆရာဝန်အများစုသည် လူသားမဆန်ကြသောကြောင့် လူများသည် ထိုနေရာကို သိပ်ကြည့်၍မရပေ။ သူတို့သည် ဆေးဘက်ဆိုင်ရာကိရိယာများကို မှီခိုပြီး စကားအချို့သာပြောတတ်သဖြင့် ဆေးစရိတ်သာ ကြက်ပျောက်ငှက်ပျောက်ကုန်သွားပေလိမ့်မည်။
ထို့ကြောင့် လူနာများစွာသည် ထိုနေရာသို့ မသွားလိုပေ။
“ဟုတ်တယ် ဘေးအခန်းက သမားတော်ကြီးတွေမှာ တန်းစီနေတဲ့လူတွေ အဲ့လောက်လည်းမများဘဲနဲ့ ဘာလို့ ဒီသမားတော်အငယ်လေးဆီမှာ တန်းစီရမှာလဲ?”
“ငါ့ရောဂါအခြေအနေက ဘာဖြစ်နေလို့လဲ? ငါ့ကိုမကုချင်ကြတော့ဘူးလား?”
...
ချက်ချင်းဆိုသလို အုန်းအုန်းကျက်ကျက်ညံသွားတော့သည်။ လူတိုင်းသည် တန်းစီနေသော်လည်း မည်သူကမျှ မဝင်လိုပေ။
အခြားသော သမားတော်အိုများမှာလည်း ၎င်းကိုဂရုမစိုက်ချေ။ အလုပ်သင်များပင်လျှင် ကျင်းယွင်ကျောင်းကို မကျေမနပ်ဖြစ်နေကြ၏။ အလုပ်သင်လေးများသည် အတွေ့အကြုံနုပြီး ရိုးသားကြသော်လည်း ဤအခြေအနေမျိုးတွင် သူတို့ကိုယ်သူတို့ မထိန်းနိုင်ကြချေ။ တစ်ယောက်ချင်းစီတိုင်း ပြာပြာသလဲဖြစ်နေကြ၏။
ထို့အပြင် ကြိုးကြာခန်းမအား ထိန်းသိမ်းကြသောသူများလည်းရှိသေးသည်။ သို့သော် သူတို့မှာမူ ခဲလုံးများစားမိထားသည့်အတိုင်း မလှုပ်မယှက်ရှိနေကြ၏။
ဤစမ်းသပ်မှုအား မကျော်လွှားနိုင်လျှင် သို့မဟုတ် တစ်စုံတစ်ယောက်၏အကူအညီကို ယူမိလျှင် အနာဂတ်၌ ခြေလက်တုပ်မိလျက်သားဖြစ်သွားမည်ဖြစ်ကြောင်း ကျင်းယွင်ကျောင်းသိထား၏။
ထို့ကြောင့် သူမသည် မတ်တပ်ရပ်ပြီး လူတန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။ သူမသည် လူအုပ်ကြီးအား ဝေ့ပတ်ကြည့်ပြီး နောက်ဆုံးတွင် လူနာများထဲမှ တစ်ဦးကို ကြည့်လိုက်၏။ သူမထပြောလိုက်သည်။
“ဆေးမှတ်တမ်းတွေအရဆိုရင် အန်တီရဲ့မျက်လုံးက ဒီလိုဖြစ်နေတာ နှစ်ပတ် သုံးပတ်လောက်ရှိပြီမှတ်လား?”
တစ်ဖက်လူသည် ခေတ္တမျှကြောင်အမ်းသွားပြီး ခေါင်းငြိမ့်ပြလိုက်၏။
ဤအမျိုးသမီး၏မျက်ဆံသည် အနည်းငယ်ထူးဆန်းနေသည်။ သူမသည် အခြားသူများကို စေ့စေ့မကြည့်နိုင်ချေ။ သူမ၏မျက်ဆံဖြူနေရာတွင် အနည်းငယ်နီမြန်းနေပြီး သူမအသားအရောင်သည်လည်း သိပ်မကောင်းလှပေ။
ကျင်းယွင်ကျောင်းအမြင်အရ ရောဂါအားလုံးတွင် အကြောင်းရင်းတစ်ခုရှိစမြဲဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ကျန်းမာရေးကိုဂရုစိုက်ပြီး သာမန်ဘဝကိုဖြတ်သန်းကာ မိမိတို့၏ခံစားချက်များကို ကောင်းမွန်စွာထိန်းချုပ်နိုင်လျှင် နေမကောင်းဖြစ်နိုင်ချေသည် အလွန်နည်းပါးပေလိမ့်မည်။
“အန်တီ့မျက်လုံးတွေကို ကုပေးဖို့ ကျွန်မအခွင့်အရေးတစ်ခုပဲလိုတယ် စမ်းကြည့်ချင်လား?”
ကျင်းယွင်ကျောင်းဆက်ပြောလိုက်သည်။၊
ဆက်ပြောလျှင်လည်း အကျိုးမရှိချေ။ ဆေးပညာစွမ်းရည်နှင့်ပတ်သတ်လာလျှင် သူမအသက်အရွယ်မှာ ပြသာနာမဟုတ်ကြောင်း သူမသက်သေပြရန် လိုပေသေးသည်။
ထိုအမျိုးသမီးသည် အံ့အားသင့်သွားပြီး မသိစိတ်၏စေ့ဆော်မှုအရ မေးလိုက်သည်။
“ဘယ်လိုလုပ်မှာလဲ?”