← Chapters

အခန်း (၈၆၁-၈၆၄)

Vol. 44 Ch. 861-864

အခန်း (၈၆၁-၈၆၄)

Vol. 44 Ch. 861-864

Space and Rebirth 861

အမျိုးသမီးသည် မေးလိုက်ပြီးနောက် အနည်းငယ်နေရခက်သွားသည်။ သူမရှေ့မှောက်တွင်ရှိသော သမားတော်မှာ အလွန်ငယ်ရွယ်လွန်းလှ၏။ ကုသစဥ်အတွင်း တစ်စုံတစ်ရာဖြစ်ခဲ့လျှင် ဒုက္ခခံရမည့်သူမှာ သူမသာဖြစ်သည်။

သို့ရာတွင် သူမမျက်လုံးသည် ဤအတိုင်းဆက်သွားပါက သူမရူးချေတော့မည်။ သူမ၏အိမ်ထောင်ရေးသည် ယခုပင်လျှင် ပြသာနာတက်နေပြီဖြစ်ပြီး ဤအတိုင်းဆက်သွားလျှင် ဤမျက်လုံးကြောင့် အိမ်ထောင်ရေးလုံးဝပျက်စီးသွားမည့် အခြေအနေသို့ ရောက်နေလေ၏။

“အန်တီ့မျက်လုံးပြသာနာမဖြစ်ခင်မှာ ပြောင်းလဲမှုကြီးကြီးမားမားတွေ ဖြစ်ခဲ့တယ်မလား?”

သူမသည် အပြည့်အဝမယုံကြည်သေးကြောင်း ကျင်းယွင်ကျောင်းတွေ့လိုက်ရသဖြင့် သူမသွေးခုန်နှုန်းအား စမ်းရန် လက်ကိုလှမ်းလိုက်ပြီး အေးအေးလူလူဖြင့် ပြောလိုက်၏။ ထိုသို့ပြောလိုက်သောအခါ သူမသည် ရမ်းကုဆရာဝန်တစ်ဦးနှင့် ပိုတူသွားတော့သည်။

“အင်း...အင်း...”

အမျိုးသမီးသည် ခေတ္တမျှ တုံ့ဆိုင်းနေ၏။

သူမအား မြုံနေသည်ဟု သူမယောက္ခမဖြစ်သူက ထင်သွားသဖြင့် သူမ၏အမျိုးသားအား သူမနောက်ကွယ်တွင် အခြားအမျိုးသမီးများနှင့်တွေ့ရန် စီစဥ်ပေးခဲ့လေသည်။ ထိုအချိန်က သူမသည် သူမ၏ယောက္ခမနှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့၏။ သူမစဥ်းစားကြည့်လေလေ ပို၍ဒေါသထွက်ဝမ်းနည်းလာလေလေဖြစ်သည်။

သို့ရာတွင် ဤသည်မှာ မိသားစုအတွင်းရေးကိစ္စဖြစ်သည်။ သူမရောဂါနှင့် အဘယ်သို့သက်ဆိုင်နိုင်မည်နည်း?

“ဒါကမျက်လုံးပြသာနာဖြစ်တာမဟုတ်ဘူး၊ တိတိကျကျပြောရရင် မျက်လုံးက ပြသာနာတွေထဲက တစ်ခုပဲ ကျွန်မထင်တာမှန်တယ်ဆိုရင် နေမကောင်းမဖြစ်ခင်က အရမ်းကိုစိတ်ဆင်းရဲပြီး ဒေါသထွက်နေခဲ့လိမ့်မယ်ထင်တယ်၊ အန်တီ့ရဲ့ ဒီခံစားချက်တွေ၊ ဒေါသမာန်တွေကြောင့် အသည်းကို ထိခိုက်သွားခဲ့တယ်၊ အသည်းထိသွားတာနဲ့ ချီစွမ်းအင်စီးဆင်းမှု ရပ်တန့်သွားပြီး သွေးခဲသွားတယ်၊ စိတ်ကျရောဂါကြောင့်ပဲ အသည်းမီးက ပူသွားတာမို့ သွေးတွေ တစ်ခါတည်း ခေါင်းကိုဆန်တက်တဲ့အချိန်မှာ မျက်လုံးကို ထိသွားတာပဲ”

ကျင်းယွင်ကျောင်းသည် ချက်ကျလက်ကျဆန်စွာ ပြောနေသော်လည်း စည်းဘောင်အတွင်း၌ ပြောနေသေး၏။ အချို့အရာများမှာ မိမိတို့နားမလည်မှသာ ပိုယုံကြည်ဖွယ်ကောင်းပြီး ထူးဆန်းအံ့သြဖွယ်ရာကောင်းမည်မဟုတ်လော။

အမျိုးသမီးမှ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်တယ် အဲ့အချိန်တုန်းက ပြသာနာတစ်ခုရှိလို့ မိသားစုနဲ့ အကြီးအကျယ်ရန်ဖြစ်ခဲ့တာ”

“ရောဂါကိုကုဖို့ နည်းလမ်းနှစ်ခုရှိတယ် ပထမတစ်ခုက အရင်သမားတော်ကပေးထားတဲ့ ဆေးညွှန်းကိုသုံးဖို့ပဲ ဒါပေမယ့် ပျောက်ဖို့အချိန်ကတော့ကြာမယ်၊ နောက်တစ်ခုက ကျွန်မနည်းလမ်းကိုပါ တွဲသုံးဖို့ပဲ ကျွန်မနည်းလမ်းကတော့ အပ်စိုက်ပြီး အန်တီ့ရဲ့သွေးပုပ်တွေကိုဖယ်ထုတ်မယ်၊ အန္တရာယ်လည်းမရှိသလို နောက်ဆက်တွဲဆိုးကျိုးလည်းမရှိဘူး၊ အန်တီ့မျက်လုံးပြသာနာကို ချက်ချင်းကုပေးနိုင်လိမ့်မယ် ဒါပေမယ့် ပြန်မဖြစ်အောင်ဆိုရင်တော့ ကျွန်မပေးတဲ့ဆေးကို အန်တီသောက်မှဖြစ်မယ်၊ ဒီဆေးက အသည်းထဲက ချီစွမ်းအင်ကို တည်ငြိမ်အောင်လုပ်ပေးပြီး ယန်စွမ်းအင်ကို ဖုံးထားပေးတယ်၊ ဒါပေမယ့် ဆေးကိုအကြာကြီးသောက်စရာမလိုပါဘူး သုံးရက်ဆိုရပြီ”

ကျင်းယွင်ကျောင်းပြောလိုက်၏။

ယခင်သမားတော်မှ ဖွင့်ပေးထားသောနည်းလမ်းမှာ အလွန်အေးဆေးတည်ငြိမ်ပြီး သုံးနေကျနည်းလမ်းတစ်ခုဖြစ်၏။ သူမ၏အပ်စိုက်ကုသရေးမှာမူ လျှို့ ဝှက်ကျင့်စဥ်တစ်ခုဖြစ်သည်။

အမျိုးသမီးသည် ၎င်းကိုကြားလိုက်သောအခါ ချီတုံချတုံဖြစ်သွားသည်။

သူမသည် သူမ၏မျက်လုံးများကြောင့် အပြင်သွားရန် မလွယ်ကူပေ။ တစ်ခါတစ်ရံတွင် သူမအပြင်ထွက်စရာရှိလျှင် သူမယောက်ျားမှ ခေါ်ထုတ်ပေးရန် လိုပေသည်။ သို့တိုင်အောင် သူမမသွားနိုင်သေးချေ။ သူမသည် တစ်ကိုယ်လုံးကျန်းမာရေးပြသာနာများရှိနေသဖြင့် အပြင်ထွက်လျှင် ရှက်စရာကောင်းသည်ဟု သူမယောက္ခမဖြစ်သူက ပြောသောကြောင့်ဖြစ်သည်။

သူမအမျိုးသားဖြစ်သူသည် ၎င်းကိုမကျေနပ်သော်လည်း သူမယောက္ခမမှာ ပညာသားပါပေသည်။ ဤသို့ဆက်သွားပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူသည်လည်း သူ့မိခင်ဖြစ်သူ၏ ထောင်ချောက်ထဲသို့ မလွဲမသွေကျပေလိမ့်မည်။

“အကယ်၍...တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? သမီးကဒီလောက်ငယ်သေးတာကို...”

ထိုအမျိုးသမီးသည် ဆုံးဖြတ်ရခက်နေဟန်ရှိသည်။

ကျင်းယွင်ကျောင်းပြုံးလိုက်သည်။

“ကျွန်မငယ်သေးတယ်ဆိုတာ မှန်ပေမယ့် ကြိုးကြာခန်းမကတော့ နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲ၊ ကျွန်မမှာသာ အရည်အချင်းမရှိရင် အမတကြိုးကြာခန်းမလိုနေရာက ငယ်ငယ်ရွယ်ရွယ်ဆရာဝန်တစ်ယောက်ကို တာဝန်ယူခိုင်းပါ့မလား၊ အပ်စိုက်ကုသရေးက မိနစ် ၂၀ လောက်ပဲကြာတာပါ ဒါတောင် စိုးရိမ်နေသေးတယ်ဆိုရင် အန်တီ့ဘေးကလူကို အဖော်အနေနဲ့ လိုက်ခိုင်းလို့ရတယ်၊ တစ်ခုခုလွဲနေတယ်လို့ ခံစားမိရင်လည်း ချက်ချင်းရပ်လို့ရတယ်”

ကျင်းယွင်ကျောင်းစကားများကို ကြားလိုက်သောအခါ ထိုအမျိုးသမီး၏စိတ်ယိမ်းယိုင်သွားသည်။

“ဟုတ်ပြီလေ....စမ်းကြည့်မယ်....”

ထိုအမျိုးသမီးမှ ပြောလိုက်၏။

သူမမျက်လုံးများသည် မိနစ်နှစ်ဆယ်အတွင်း ပုံမှန်အတိုင်းပြန်ဖြစ်ပေမည်။ သူမသည် သုံးရက်ခန့် ဆေးသောက်ရမည်ဆိုသော်လည်း သုံးရက်ဆိုသည်မှာ ကြာမြင့်သောအချိန်မဟုတ်ပါပေ။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ ထိုအမျိုးသမီးအား အတွင်းခန်းသို့ ဖိတ်ခေါ်လိုက်၏။ ထိုအမျိုးသမီးမှာ စိတ်ပူပန်နေဆဲဖြစ်သဖြင့် နောက်အမျိုးသမီးလူနာတစ်ဦးအား သူမနှင့်အဖော်လိုက်ရန် တောင်းဆိုလိုက်သည်။ သူမအဝတ်အစားများကို ချွတ်ပြီးနောက် ကျင်းယွင်ကျောင်းသည် စတင်၍ အပ်စိုက်ကုသတော့သည်။ အပြင်ဘက်ရှိလူများအားလုံးသည် ခေါင်းတမော့မော့ဖြင့် စောင့်နေကြပြီး အတွင်းမှ ရုတ်ချည်းဆိုသလို ကြောက်မက်ဖွယ်အော်သံတစ်ခု ထွက်လာမည်ကို စိုးရိမ်နေကြ၏။

မိမိတို့ဖုန်း၌ အချိန်စတင်မှတ်ထားသော လူအချို့ပင်ရှိသည်။

မိနစ်နှစ်ဆယ်မှာ မကြာလှသဖြင့် မကြာမီတွင် ပြီးဆုံးသွားတော့သည်။

“ဘာလို့မထွက်လာသေးတာလဲ? မိနစ်နှစ်ဆယ်ကျော်သွားပြီလေ ဘာမှမဖြစ်သွားဘူးမှတ်လား?”

ရုတ်ချည်းဆိုသလို အပြင်မှလူအချို့သည် ဂနာမငြိမ်ဖြစ်လာတော့၏။

Space and Rebirth 862

အားလုံးသည် အနည်းငယ်သံသယဖြစ်နေကြပြီး ဆိုးဆိုးဝါးဝါးတစ်စုံတစ်ခုဖြစ်မည်ကို စိုးရိမ်နေကြ၏။ သမားတော်ကြီးငါးဦးပင်လျှင် အတန်ငယ်ပူပန်သွားသည်။ သူတို့သည် စဥ်းစားကြည့်လိုက်ပြီးနောက် ဆေးဝါးအကူကောင်လေးတစ်ဦးအား လွှတ်ကာ ကြည့်ခိုင်းလိုက်သည်။ သို့သော် ထိုကောင်လေးအထဲသို့ မဝင်ခင်တွင်ပင် ကျင်းယွင်ကျောင်းမှာ လူနာအား ခေါ်ထုတ်လာချေပြီ။

အပ်စိုက်ကုသရေးမှာ အမှန်တကယ်ပင် မိနစ်နှစ်ဆယ်သာကြာ၏။ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများအားချွတ်ချိန်ကို ထည့်တွက်လိုက်သဖြင့်သာ ထင်ထားသည်ထက် မိနစ်အနည်းငယ်ပိုကြာသွားခြင်းဖြစ်သည်။

လူနာအမျိုးသမီးသည် ကျင်းယွင်ကျောင်းအနောက်မှ လိုက်ထွက်လာ၏။ သူမမျက်နှာထားမှာ ဝင်သွားသည်ကထက် များစွာပိုကောင်းနေပြီး ပျော်ရွှင်နေသည့်ဟန်ပါပေါက်လေသည်။

လူတိုင်းသည် သူမမျက်လုံးများကို ကြည့်လိုက်သောအခါ သူတို့ပါ ထိတ်လန့်အံ့အားသင့်သွားကြ၏။ အစောပိုင်းက သူမဝင်သွားစဥ်တွင် သူမမျက်ဆံများမှာ အနည်းငယ်စောင်းနေကြောင်း သိသိသာသာမြင်ရသော်လည်း ယခုတွင် သာမန်လူတစ်ဦး၏မျက်လုံးများနှင့် သိပ်မကွာခြားတော့ချေ။ ဤမျှလောက်အချိန်တိုအတွင်း အမှန်တကယ် ကုသလိုက်သည်လော?

“ကျေးဇူးပါ သမားတော်လေး ခုနက ကျွန်မ...”

လူနာအမျိုးသမီးသည် အနည်းငယ်အရှက်ရနေ၏။

သူမဝင်သွားစဥ်က အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သော်လည်း သမားတော်မိန်းကလေး၏ တိုးဖွသောအသံက သူမအား နှစ်သိမ့်မှုတစ်ခုဖြစ်စေခဲ့သည်။ အတွင်းခန်းရှိ မွှေးရနံ့ကလည်း သူမအား များစွာစိတ်သက်သာရာရစေခဲ့သည်။ အလွန်နာကျင်စရာကောင်းလောက်မည်ဟု သူမထင်ခဲ့သော်လည်း ငွေအပ်များက မိမိအသားအား ထိရာ၌ စူးခနဲဖြစ်သွားရုံမှအပ နာကျင်မှုမရှိခဲ့ချေ။

“ရပါတယ် အခုကုလိုက်တာက အပေါ်ယံပဲ၊ ဆေးညွှန်းတစ်ခုရေးပေးလိုက်မယ်၊ အဲ့ဆေးကိုဝယ်ပြီး အချိန်မှန်သောက်ပေါ့ ပြီးတော့ စိတ်ကိုလျှော့ပြီး ဒေါသမထွက်အောင်လည်းဂရုစိုက်ပါ”

ကျင်းယွင်ကျောင်းဖြည်းဖြည်းချင်းပြောလိုက်၏။ သူမပြောပြီးနောက် စားပွဲအရှေ့တွင်ထိုင်ကာ ဘောပင်တစ်ချောင်းကိုယူ၍ ဆေးညွှန်းရေးပေးလိုက်တော့သည်။

ဤဆေးညွှန်းမှာ လျှို့ဝှက်ထားရမည့်အရာမဟုတ်သဖြင့် တမင်တကာဖုံးကွယ်ထားစရာမလိုပါပေ။ အခြားသောသမားတော်များက ၎င်းကိုမြင်လိုက်သောအခါ ကျင်းယွင်ကျောင်းအပ်စိုက်ကုသခဲ့သော အကြောမှတ်များကို အနည်းငယ်သိချင်မိသွား၏။ သို့ရာတွင် သူတို့သည် မိမိဂုဏ်သိက္ခာကို ငဲ့ကွက်ရဦးမည်ဖြစ်သည်။ ဤအချိန်တွင် လူများစွာရှိနေသောကြောင့် မိမိတို့ဘက်မှစတင်၍ သွားမေးရန် မသင့်တော်ချေ။

ကျင်းယွင်ကျောင်းလက်ရေးကြောင့် လူနာအမျိုးသမီးအံ့အားသင့်သွားပြန်၏။ နောက်လူနာတစ်ဦးမှ ရှေ့တိုးပြီးကြည့်လိုက်သောအခါ သူတို့သည်လည်း ထိတ်လန့်အံ့အားသင့်ဟန်ဖြစ်သွားသည်။

ဤလက်ရေးမှာ သာမန်ကျောင်းသူတစ်ဦး၏လက်ရေးနှင့်မတူချေ။ ပညာရှင်တစ်ဦး၏ဟန်ပန်များရှိနေ၏။ သူတို့သည် တရုတ်အမျိုးသားအနုပညာနှင့်ပတ်သတ်၍ သိပ်မသိသော်လည်း အလှတရားကိုမူ ခံစားတတ်သေးသည်။

သူတို့သည် စိတ်ထဲ၌ ကျင်းယွင်ကျောင်းအား မယုံကြည်ဘဲ မနေနိုင်တော့ချေ။

ထိုအမျိုးသမီးသည် ဆေးညွှန်းကိုယူကာ ဆေးဝယ်ရန် ထွက်သွားတော့၏။ အခြားသူများမှ ဝင်ရမည်လော၊ မဝင်ရမည်လော ဝေခွဲရခက်ပြီး တုံ့ဆိုင်းနေသောအချိန်တွင် ကျင်းယွင်ကျောင်း၏အပ်စိုက်ကုသရေးကို ကိုယ်တိုင်ကြည့်ခဲ့သော နောက်လူနာအမျိုးသမီးတစ်ဦးမှ အရင်ပြောလိုက်သည်။

“သမားတော်လေး၊ ကျွန်မကိုအရင်ကြည့်ပေးလို့ရမလား?”

“ဟုတ်ပြီလေ ထိုင်ပါ”

ကျင်းယွင်ကျောင်းဟန်ပန်မှာ သမားတော်အိုကြီးတစ်ဦးနှယ်ဖြစ်နေ၏။

“ကျွန်မကလေးမွေးထားတာ မကြာသေးပါဘူး၊ အခုတလော စိတ်ဂနာမငြိမ်ဖြစ်နေမိတယ်၊ အရမ်းဝမ်းနည်းပြီး အမြဲတမ်းငိုချင်နေတယ်၊ ခဏခဏလည်း သမ်းချင်နေတယ်...”

ထိုအမျိုးသမီးမှ ပြောလိုက်၏။

သူမသည် စိတ်အားလျော့ပြီး ငူတူတူဖြစ်နေသည့်ပုံပေါက်လေသည်။ ရင်သွေးတစ်ဦးကိုမွေးထားသည့် မိခင်အသစ်တစ်ယောက်၏ ပျော်ရွှင်မှုအား ခံစားရသည့်ပုံမပေါ်ချေ။

သူမသွေးခုန်နှုန်းမှာ အလွန်တိုးဖျော့အားနည်းလှသည်။ ထို့အပြင် ထိုင်နေရင်းဖြင့် အနည်းငယ်ဂနာမငြိမ်ဖြစ်ကာ အကြိမ်အနည်းငယ်ခန့် ရှေ့တိုးနောက်ဆုတ်လုပ်နေလေ၏။

”ပြသာနာကြီးကြီးမားမားမရှိပါဘူး...”

ကျင်းယွင်ကျောင်းသည် သူမအား နှစ်သိမ့်ပေးပြီး ဆေးညွှန်းကို စတင်ရေးလိုက်သည်။

“ဟုတ်တယ်၊ အရင်ကသမားတော်လည်း အဲ့လိုပဲပြောတယ်၊ ကလေးမွေးထားတာမကြာသေးလို့ သွေးအားနည်းနေတာတဲ့...”

လူနာအမျိုးသမီးမှ လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။

“မီးနေသည်အတွက် စိတ်ဆတ်နိုင်တဲ့အကြောင်းရင်း အများကြီးရှိတယ်၊ ရှင်က ကလေးမွေးထားတာ မကြာသေးဘူးဆိုပေမယ့် နှလုံးသွေးအားနည်းတာမျိုးတော့မဟုတ်ဘူး၊ ကိုယ်တွင်းအပူဓာတ်များနေတာပဲ၊ အခုတလော ညသန်းခေါင်ကြီး အိပ်မက်ဆိုးတွေအများကြီးမက်လို့ အိပ်ရာပေါ်က ဆတ်ခနဲနိုး‌လာပေါင်းမနည်းဘူးမှတ်လား? ဝမ်းရောချုပ်လား?”

လူနာအမျိုးသမီးမှ ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို အပူဓာတ်များနေတာပဲ၊ နှလုံးသွေးအားနည်းနေရင် လျှာပေါ်က တံတွေးအလွှာလည်း ပါးပြီးပမာဏနည်းတတ်တယ်၊ တစ်ဖက်မှာတော့ ယင်ဓာတ်ချို့တဲ့ပြီး အပူဓာတ်များနေတာဆိုရင် အဲ့လိုမဟုတ်ဘူး၊ လျှာအလွှာက အဝါကျင့်ကျင့်ဖြစ်ပြီး လျှာအရောင်ကနီလိမ့်မယ်၊ အခုကျွန်မပေးလိုက်တဲ့ ဆေးညွှန်းက ယင်ဓာတ်ကိုအားဖြည့်ပေးပြီး အပူဓာတ်ကို ငြိမ်းအောင်လုပ်ပေးလိမ့်မယ်၊ ဒါပေမယ့် အရမ်းစိတ်မပူပန်မိအောင်ကြိုးစားပြီး စိတ်အေးလက်အေးနဲ့ အိပ်ရေးဝဝအိပ်ဖို့တော့ အကြုံပြုချင်တယ်”

ကျင်းယွင်ကျောင်းရှင်းပြချက်မှာ တိကျရှင်းလင်းနေသောကြောင့် ကြားရသူမျှန်သမျှကို စိတ်အေးသက်သာရာရစေလေ၏။

ဤအမျိုးသမီးသည် ကလေးမွေးထားသည်မှာ မကြာသေးသောကြောင့် ထိုကလေးအတွက် စိတ်ပူလွန်ပြီး ကောင်းကောင်းမအိပ်နိုင်မစားနိုင် ဖြစ်နေလောက်ပေသည်။ သူမသည် မကြာခဏဆိုသလို အိပ်မက်ဆိုးလည်းမက်သေး၏။ ထို့အပြင် ထိုကလေး၏လိုအပ်များကြောင့် သူမ၏နိစ္စဓူဝအလုပ်များကို ထိခိုက်လာသဖြင့် ပြသာနာရှိနေခြင်းဖြစ်သည်။

Space and Rebirth 863

ကျင်းယွင်ကျောင်းသည် နှင်းပန်းနှင့် တိလပုပ္ဖိအရောဆေးရည်ကို သူမအတွက် ညွှန်းပေးလိုက်ပြီး သူမအတွက် ဆေးယူလာပေးရန် ဆေးဝါးအကူကောင်လေးကို ပြောလိုက်၏။ သို့ရာတွင် ကျင်းယွင်ကျောင်းအနည်းငယ်‌တွေးမိသွားသည်။ ယုတ္တိရှိရှိပြောရလျှင် ဝမ်းတွင်းစိတ်ဆတ်မှု၏ လက္ခဏာအမျိုးအစား များစွာရှိလှသော်လည်း ၎င်းတို့အား ပိုင်းခြားသိရှိရန် အထူးတလည် ခက်ခဲမနေပါချေ။ ဤသမားတော်အိုကြီးများဆိုလျှင် မှားနိုင်စရာမရှိပေ။

သို့ရာတွင် ယခုအချိန်၌ ၎င်းကိုသိပ်ဂရုမစိုက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအချိန်၌ တန်းစီနေသောလူများသည် ငြိမ်ကျသွားပြီဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် အနည်းငယ်ပင် သိချင်စိတ်ပြင်းပြပြီး ထိုလူနာအား မည်သို့ကုသမည်ကို စောင့်ဆိုင်းနေကြ၏။

ထိုအချိန်တွင် သူမဘေးအခန်းရှိ သမားတော်အိုကြီးသည် သူ၏အကြီးဆုံးတပည့်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် အလွန်ပင် ‌ဒေါသူပုန်ထနေလေ၏။

ဤမျှလောက် သိသာထင်ရှားသောရောဂါလက္ခဏာကိုပင် သူသည် မှန်မှန်ကန်ကန် မစစ်ဆေးနိုင်ခဲ့ချေ။ နောက်ဆုံးတွင် ကျင်းယွင်ကျောင်းမှ ထောက်ပြခဲ့ရလေ၏။ အလွန်ပင်ရှက်စရာကောင်းလှသည်။ ကံကောင်းစွာဖြင့် လူနာအမျိုးသမီးသည် ဤကိစ္စအား ပြသာနာပြန်မရှာခြင်းဖြစ်သည်။ မဟုတ်လျှင် သူ၏မျက်နှာကို ထားစရာနေရာပင်ရှိမည်မဟုတ်ချေ။

သမားတော်အိုကြီးများသည် စိတ်ထဲ၌ ခံစားချက်များရှုပ်ထွေးသွား၏။ ကျင်းယွင်ကျောင်းသည် ဤမျှလောက်အရည်အချင်းရှိလိမ့်မည်ဟု သူတို့မထင်မှတ်ထားခဲ့ကြချေ။ သူမပေးလိုက်သော ဆေးညွှန်းများကို သူတို့မြင်လိုက်ကြ၏။ ထိုဆေးညွှန်းများနှင့်ပတ်သတ်၍ ပြသာနာတစ်စုံတစ်ရာမျှမရှိပေ။

သူမသည် အမှန်တကယ်ပင် ပညာပါရမီရှိပြီး ဗဟုသုတနှံ့စပ်သောပုဂ္ဂိုလ်ဖြစ်ပေသည်။

သူတို့မှာလည်း အပိုင်ကြံတတ်သောလူများမဟုတ်ပါပေ။ တိုင်းရင်းဆေးလောက၏ လူငယ်မျိုးဆက်၌ ဤမျှလောက်ထူးချွန်သောပါရမီရှင်တစ်ဦးရှိသည်မှာ ကောင်းလှသည်ဟု မြင်မိကြသည်။ အစောပိုင်းက သူတို့ သဘောထားသေးသိမ်မိသည်ကိုသာ နောင်တရကြလေသည်။

ကျင်းယွင်ကျောင်းမျက်နှာထားမှာ မပြောင်းလဲသလို သူမအံ့လည်းမအံ့သြချေ။ လူနာတစ်ဦးပြီးတစ်ဦး သူမဆီသို့ ဝင်လာကြပြီးသောအခါ သူမပြောသမျှစကားတိုင်းသည် အရေးကြီးကြောင်း သိသွားကြလေ၏။ အချို့လူနာများကို သူမကိုယ်တိုင် အပ်စိုက်ကုသပေးပြီး အချို့ကိုမူ သူမ၏လျှို့ဝှက်ဆေးညွှန်းအသုံးပြုလိုက်သဖြင့် သမားတော်ငါးဦးသည် တဖြည်းဖြည်းဖြင့် နေရခက်လာကြတော့သည်။

ကျင်းယွင်ကျောင်းသည် နေ့လယ်ခင်း နှစ်နာရီ-သုံးနာရီခန့် ရောက်သောအခါ ဒါဇင်ချီ‌သောလူနာများကို ကြည့်ပြီးလေပြီ။ ထိုလူနာများအား စစ်ဆေးရာ၌ ပြစ်ချက်တစ်ခုမှ မရှိခဲ့ချေ။

လူနာများအားကုသရာ၌ သူမ၏ကျွမ်းကျင်မှုမှာ အလွန်ပင်မြင့်မား၏။ ထို့အပြင် အချို့လူများ၏ရောဂါအခြေအနေများကို သူမယခင်က မြင်ခဲ့ဖူးသဖြင့် မည်သို့လုပ်ရမည်ကို သူမသိနေလေသည်။ သူမသည် အလုပ်ပြီးသည်နှင့် ထိုင်မနေဘဲ ကြိုးကြာခန်းမအား လျှောက်ပတ်ကြည့်တော့သည်။ ခဏအကြာတွင် သူမသည် ဆေးဝါးယူရာ၌ လက်မြန်ပြီး ကျင့်သားရစေရန် ဆေးဗီရိုဆီသို့ သွားကြည့်လိုက်၏။

သူမလှုပ်ရှားလိုက်သည်နှင့် သမားတော်အိုကြီးများ ထိတ်လန့်အံ့အားသင့်သွားရပြန်သည်။

ဆေးဖက်ဝင်အပင်ဖြစ်သည်နှင့် သူမသည် အတိအကျရှာဖွေနိုင်လေ၏။ သူတို့၏ဆေးဗီရိုမှာ ရှုပ်ထွေးလှပြီး ဆေးဖက်ဝင်အပင်အမျိုးအစားလည်း များစွာရှိသည်။ ပုံမှန်အားဖြင့် ဆေးရှာဖွေသည့်အပိုင်း၌ ဆေးဝါးအကူကောင်လေးကို တာဝန်ပေးထားသဖြင့် အမှားလုပ်နိုင်ချေမှာ နည်းလှသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ ရောက်ခါစလူဖြစ်သည့်တိုင် ဆေးဖက်ဝင်အပင်များထားရာနေရာကို တစ်ချက်ကြည့်ရုံဖြင့် အားလုံးကိုမှတ်မိနေလေ၏။

ဆေးဝါးများအားယူသည့်နှုန်းမှာ ဆေးဝါးအကူကောင်လေးထက်ပင် မြန်ဆန်တိကျလှသည်။ သူမတစ်ခုယူလိုက်တိုင်းတွင် အလေးချိန်စက်အသေးလေးတစ်ခုအားသုံး၍ ချိန်ကြည့်လိုက်လျှင် အခေါက်တိုင်း၌ အလေးချိန်တစ်ထေရာတည်းနီးပါးရှိ၏။

ဤစွမ်းရည်ကြောင့် အချို့လူများ စိတ်လွတ်သွားတော့သည်။

“သမားတော်ယု၊ ဒီမိန်းကလေးကို ဘယ်ကနေများရှာလာခဲ့တာလဲ? သူ့အရည်အချင်းက တကယ်အံ့သြဖို့ကောင်းတာပဲ၊ သူ့ကိုယ်နေဟန်ထားကိုကြည့်ရတာ သခင်မလေးအသက်ရှိတုန်းက လူနာတွေကိုကုနေတဲ့အတိုင်းပဲ”

“ပွင့်ပွင့်လင်းလင်းပြောရရင် သခင်မလေးတောင် အဲ့တုန်းက ဒီလိုပါရမီမျိုးမရှိဘူး ဒီမိန်းကလေးက အသက်ဘယ်နှစ်နှစ်ရှိပြီမို့လို့လဲ? သမားတော်ယုကို ငါမေးကြည့်လိုက်တော့ ၁၈ နှစ်ပဲရှိသေးတယ်ဆိုပဲ ဒါပေမယ့် ဒီကလေးကို အကြီးအကဲရှုက မိတ်ဆက်ပေးတာလို့ သမားတော်ယုပြောတယ်”

“အကြီးအကဲရှုရဲ့တပည့်တဲ့လား? မဟုတ်တာ၊ အကြီးအကဲရှုက ဆေးပညာစွမ်းရည်ရှိတယ်ဆိုပေမယ့် ဆေးစပ်ရတာပဲကြိုက်တဲ့လူလေ၊ လူ့အသက်ကယ်တဲ့နည်းကို သိတာမဟုတ်ဘူး သူလိုလူက သူ့တပည့်ကို ဘယ်လိုလုပ်ဆရာဝန်လုပ်ခိုင်းမှာလဲ?”

...

သမားတော်အိုကြီးများအားလုံးသည် အချင်းချင်းစကားပြောရင်း ကျင်းယွင်ကျောင်းအကြောင်း အလွန်သိချင်နေမိကြ၏။ ၂-၃ နာရီမျှအကြာတွင် ကျင်းယွင်ကျောင်းမှ ပစ္စည်းများထုပ်ပိုးနေသည်ကို မြင်လိုက်ရသောအခါ သူတို့သည့် အကြည်းချင်းဖလှယ်ပြီး သူမအား သွားမေးလိုက်ကြသည်။

“သမားတော်လေးကျင်း...”

“လိုအပ်တာများရှိသေးလို့လား? ကျွန်မက ကျောင်းပြန်တက်ရဦးမှာဆိုတော့ တခြားကိစ္စထွေထွေထူးထူးမရှိတော့ဘူးဆိုရင် နောက်တစ်ခေါက်မှ ပြန်တွေ့ပါရစေ”

တစ်ဖက်လူမှ ခေါ်နေသော်လည်း ကျင်းယွင်ကျောင်းမှာ ယဥ်ကျေးစွာသာ ငြင်းလိုက်၏။ ထို့နောက် သူသည် ခြေစတင်လှမ်းကာ အင်္ကျီလက်များကိုခါပြီး အပြင်သို့ထွက်သွားတော့သည်။ သူမအနောက်တွင် မြေမှုန်တစ်စက်မျှပင် မချန်ရစ်ခဲ့ချေ။

ထိုကျောပြင်ကြောင့် သမားတော်အိုကြီးများ၏မျက်နှာ တွန့်သွားသည်။

ကျင်းယွင်ကျောင်းထွက်သွားသောအခါ သူမမျက်နှာတွင် အပြုံးစစရှိနေ၏။ ဤသမားတော်အိုကြီးများသည် သူမအားအထင်သေးပြီး သူမအားတမင်အရှက်ခွဲရန် ကြိုးစားခဲ့သည်။ ကံကောင်းစွာဖြင့် သူမသည် အရည်အချင်းရှိနေခြင်းဖြစ်သည်။ မဟုတ်လျှင် ယနေ့တွင် သူမသည် အလုပ်ပြီးနိုင်မည်မဟုတ်ချေ။ ထို့အပြင် သူမနောက်ကွယ်၌ သူတို့ပြောသောစကားများကိုလည်း ရှင်းရှင်းလင်းလင်းကြားခဲ့သေးသည်။

ထို့ကြောင့် သူတို့၏သိချင်သောဆန္ဒများကို ယနေ့တွင် မဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်လေ၏။

Space and Rebirth 864

ကျင်းယွင်ကျောင်းထွက်သွားသည်နှင့် သူမအနောက်တွင်ကျန်နေခဲ့သော သမားတော်အိုကြီးများသည် မကျေမနပ်ဖြစ်လွန်း၍ ခြေဆောင့်လိုက်ကြသည်။ သူမ၏အပ်စိုက်ကုသရေးကျင့်စဥ်နှင့် အချို့ဆေးညွှန်းများ၏အဓိပ္ပာယ်စသည်ဖြင့် သူတို့သိချင်သောအရာများစွာရှိနေသေးပေသည်။ သူတို့သည် အသက်ကြီးပြီဖြစ်သော်လည်း ရင်ထဲတွင် အတင်းတုပ်ချင်စိတ်များ ကျန်နေသေးသဖြင့် ကျင်းယွင်ကျောင်းနှင့် အကြီးအကဲရှု၏ကြားမှဆက်ဆံရေးကိုလည်း သူတို့သိချင်ပေသည်။

အကြီးအကဲရှု၏ဆေးများမှာ ဆေးဝါးပညာရှင်များကြားထဲတွင် အကောင်းဆုံးဖြစ်၏။ သူသည် ဆေးဖက်ဝင်အပင်များ၏ ဆေးဝါးဂုဏ်သတ္တိများကို အဆုံးစွန်ထိ ဖော်ထုတ်နိုင်သည်။ အချို့သော ရှားပါးအပင်မျိုးစိတ်များဆိုလျှင် ပို၍ပင်ကောင်းသေး၏။ စိတ်မကောင်းစွာဖြင့် အကြီးအကဲရှုမှာ မြို့တော်သို့ရောက်သည်မှာ မကြာသေးသဖြင့် သူ၏ဆေးများအား ရှာရခက်ပေသည်။

ကျင်းယွင်ကျောင်းသည် ကြိုးကြာခန်းမသို့ ခဏခဏလာ၍လည်းမရသောကြောင့် ဤသမားတော်အိုကြီးများ၏ သိချင်စိတ်များသည် အချိန်ကြာမြင့်စွာ ကိန်းအောင်းနေရတော့ပေမည်။

သို့ရာတွင် အဘွားယုဖူမှာ ဒုက္ခရောက်တော့သည်။ ရုတ်တရတ်ဆိုသလို သမားတော်အိုကြီးများသည် ကျင်းယွင်ကျောင်းအား အလုပ်သို့ မကြာခဏလာခိုင်းရန် သူမအား ဆူညံပူညံလာလုပ်ကြတော့၏။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ အလွန်အလုပ်များသောလူဖြစ်ပြီး ဤသမားတော်အိုကြီးများ၏သဘောအတိုင်း ဘယ်သောအခါမှ လုပ်မည့်လူမဟုတ်ကြောင့် အဘွားယုဖူသိနှင့်ပြီးဖြစ်သည်။ နောက်ဆုံးတွင် သူမသည် မည်သို့လုပ်ကိုင်ရမည်ကို မသိတော့သည်အထိ အာရုံနောက်လာသောကြောင့် နောက်ဖေးခြံဝင်း၏တံခါးကိုသာပိတ်ကာ မည်သူ့ကိုမှ ဝင်ခွင့်မပေးတော့ချေ။

ကျင်းယွင်ကျောင်းမှာ ပုံမှန်အတိုင်း အတန်းသို့သွားလိုက်သည်။ ကျောင်းဝင်းထဲတွင် အေးနေပြီဖြစ်သော်လည်း အပေါ်တွင်ကုတ်အင်္ကျီဝတ်ပြီး အောက်ဘက်တွင် အတိုဝတ်၍ ပေါင်တံများကိုလှစ်ဟပြထားသော လှချင်ရက်စက်စက်ယိုမိန်းကလေးများ ရှိနေသေး၏။

“ငါပြောပြမယ်၊ စီနီယာယုက ကျိုးမေ့ကျွန်းကို ဌာနမှူးဆီခေါ်သွားတယ်တဲ့၊ သူ‌ကျောင်းပြန်တက်နိုင်အောင် ကူညီပေးမလို့လားမသိဘူး...”

“မဖြစ်နိုင်လောက်ဘူးမှတ်လား? အရင်တုန်းက ကောလဟာလတွေက တော်တော်ဆိုးခဲ့တာ ပြီးတော့ ပါမောက္ခမိုနဲ့ သက်ဆိုင်နေတာလေ၊ အဲ့တော့ ဌာနမှူးက ဒီတစ်ခေါက်တော့ စီနီယာယုမျက်နှာကိုလည်း ငဲ့နေမှာမဟုတ်လောက်ဘူး”

“ပြောရခက်တယ်ဟ၊ သူ့မိသားစုနောက်ခံက တောင့်တယ်ဆိုတာ နင်မေ့သွားပြီလား? စီနီယာယုသာ သူ့အဖေကိုသွားပြောရင် ဌာနမှူးလည်း ခြေတစ်လှမ်းဆုတ်ရမယ်မထင်ဘူးလား?”

...

ကျောင်းဥယျာဥ်ဝင်းကိုဖြတ်သွားသောအခါ ကျင်းယွင်ကျောင်းသည် မိန်းကလေးအချို့၏ တီးတိုးပြောသံများကို ကြားလိုက်၏။ ကျိုးမေ့ကျွန်းနာမည်ကို ကြားလိုက်သောအခါ ကျင်းယွင်ကျောင်းသည် ခြေလှမ်းများကိုရပ်လိုက်တော့သည်။

“နင်တို့ဘာတွေပြောနေကြတာလဲ?”

ကျင်းယွင်ကျောင်းသည် သူတို့ထံသို့ တန်းလျှောက်သွားလိုက်ပြီး တဲ့တိုးသာမေးလိုက်၏။

ထိုမိန်းကလေးများ ခေါင်းမော့ကြည့်လိုက်တော့သည်။ ကျင်းယွင်ကျောင်းကိုမြင်သောအခါ သူတို့မျက်နှာများသည် အနည်းငယ်ထူးဆန်းသွားကြ၏။ မိန်းကလေးများထဲမှတစ်ဦးက သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်သည်။

“အဲဒါက...မဟုတ်တန်းတရားတွေလျှောက်တင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျိုးမေ့ကျွန်းအကြောင်း ငါတို့ပြောနေတာပါ...”

“သိတယ် ငါ့အရိပ်အကဲကြည့်စရာမလိုဘူး၊ စီနီယာယုက ဘာလို့သူ့ကို ဌာနမှူးဆီခေါ်သွားလဲဆိုတာပဲ ငါမေးချင်တာ”

ကျင်းယွင်ကျောင်းမှ တည်ငြိမ်စွာမေးလိုက်၏။

“တကယ်တော့ ငါတို့လည်း သေချာမသိဘူး၊ သူကစီနီယာယုနဲ့အတူ လာတာကို တစ်ယောက်ယောက်ကမြင်ခဲ့တယ်လို့ ငါကြားခဲ့တာ၊ စီနီယာယုအဖေနဲ့ဦးလေးက ချမ်းလည်းချမ်းသာပြီး အာဏာလည်းရှိတယ်လေ၊ သူကတကယ့်သူဌေးမိသားစုက သခင်လေးတစ်ယောက်ပဲ သူ့စကားတွေကအရမ်းသြဇာ‌ညောင်းတယ်”

ထိုမိန်းကလေးသည် စိတ်ငြိမ်သွားပြီး ကျင်းယွင်ကျောင်းအား သေချာရှင်းပြလိုက်၏။

ကျင်းယွင်ကျောင်းမျက်ခုံးများကိုပင့်လိုက်သည်။ သူမသည် ဌာနမှူးနှင့် ပြောဆိုဆက်ဆံဖူးသောကြောင့် ဌာနမှူးမှာ ငွေကြေးအာဏာရှိတိုင်း မျက်နှာသာပေးတတ်သည့်လူမဟုတ်ကြောင်း သူမသိထား၏။

ကျိုးမေ့ကျွန်းမှာ ကျောင်းထုတ်ခံလိုက်ရပြီဖြစ်သည့်တိုင် ကျောင်းသို့ပြန်လာချင်သေးသလော? လုံးဝမဖြစ်နိုင်ပါပေ။

“နင်တို့ပြောနေတဲ့ ဒီစီနီယာယုဆိုတာ ဘယ်သူလဲ?”

ကျင်းယွင်ကျောင်းမေးလိုက်၏။

“သူကမြို့တော်ထဲက နာမည်ကြီးသခင်လေး ၄ ယောက်ထဲက တစ်ယောက်လေ၊ သူ့အဖေက မြို့တော်ဝန်ရှုယွမ်ထက်ပဲ၊ ငါတို့ A တက္ကသိုလ်မှာတော့ သွားရန်စလို့မရနိုင်ဆုံးလူတစ်ယောက်ပေါ့”

ထိုမိန်းကလေးမှပြောလိုက်သည်။

ကျင်းယွင်ကျောင်းမျက်လုံးထဲတွင် အံ့သြရိပ်များသန်းသွားသည်။ အဘိုးရှု၏မြေးမှာ A တက္ကသိုလ်တွင် ကျောင်းတက်နေလိမ့်မည်ဟု သူမမထင်ခဲ့သလို အဘိုးရှုမှ ပြောခဲ့ဖူးသည်ကိုလည်း မကြားဖူးချေ။

ယုတ္တိကျကျပြောရလျှင် ဤသားဖြစ်သူမှာ အဘိုးရှုကြောင့် မိသားစုထဲမှာ ကန်ထုတ်ခံရပြီဖြစ်သော်လည်း မြေးဖြစ်သူမှာမူ ရှုမိသားစုဝင်တစ်ဦးဖြစ်နေပေသေးသည်။ အသက်ကြီးသူများသည် သူတို့၏မျိုးဆက်များကို တန်ဖိုးထားတတ်ကြသည်ဖြစ်ရာ သူမအား ပြောခဲ့သင့်သည်မဟုတ်လော? ထို့အပြင် ရှုရှင်းယွမ်မှာလည်း ထိုနည်း၎င်းသာဖြစ်ကြောင်း သူမသတိရသွား၏။ သူသည် ရှုမိသားစုအကြောင်းပြောတိုင်း “ရှုမိသားစုရဲ့သားသမီးမြေးမြစ်တွေ” ဟုသာခေါ်ဝေါ်တတ်၏။ မြေးဖြစ်သူနှင့် သားဖြစ်သူကို အကန့်တစ်ခုထဲတွင်ထားပြီး သူတို့အား လုံးဝဂရုစိုက်သည့်ပုံမပြချေ။

“စီနီယာယုက စတုတ္ထနှစ်ကျောင်းသားဆိုပေမယ့် အတန်းသိပ်မတက်ဘူး၊ အဲဒီကျိုးမေ့ကျွန်းက သူ့ကိုအပိုင်ချည်နိုင်တာ တကယ်ကံကောင်းတာပဲ၊ ဒီတစ်ခေါက်တော့ ဌာနမှူးက သူ့ကိုကျောင်းပြန်တက်ခွင့်မပေးရင်တောင် စီနီယာယုက နည်းလမ်းတစ်ခု မရမကရှာလိမ့်မယ်၊ ပြစ်မှုမှတ်တမ်းအဖျောက်ခံရမလားမသိဘူး အဲ့လိုဆိုရင် သူတခြားကျောင်းကောင်းကောင်းတစ်ခုကို ပြောင်းလို့ရပြီ...”

All Chapters