← Chapters

အခန်း (၈၆၅-၈၆၈)

Vol. 44 Ch. 865-868

အခန်း (၈၆၅-၈၆၈)

Vol. 44 Ch. 865-868

Space and Rebirth 865

ကျင်းယွင်ကျောင်းဘက်မှ ပြောပေးသောမိန်းကလေးသည် သူမအတွက် ခံပြင်းဒေါသထွက်နေ၏။ ပထမနှစ်ကျောင်းသားအများစုမှာ ကျင်းယွင်ကျောင်းအား မကိုးကွယ်ရုံတမည်ဖြစ်ကြသည်။ သူမသည် ပရော်ဖက်ဆာလုမှ တရားဝင်လက်ခံထားသော ပထမဆုံးတပည့်ဖြစ်သောကြောင့်ဖြစ်၏။

ကျင်းယွင်ကျောင်းသည် မည်သည့်စီနီယာမှ မစွမ်း‌ဆောင်နိုင်သောအရာကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် သူမသည် ရုပ်ရည်ချောမောပြီး ကျောင်းတွင် မိန်းမလှတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်သည်။ ထိုတင်မက သူမ၏အိမ်မွေးငှက် ဟယ့်ဒိမှာလည်း ပရိသတ်များစွာရှိနေ၏။ သူမကို အားကျနေသောသူများစွာရှိနေပေသည်။

“ဒါပေမယ့်၊ အတန်းဖော်ကျင်း နင်မခံမရပ်နိုင်ဖြစ်နေရင်တောင် ဒီကိစ္စကိုမေ့ထားလိုက်တာပဲကောင်းတယ်၊ စီနီယာယုဆိုတဲ့လူက...ဒေါသတော်တော်ကြီးတယ်၊ သူကျောင်းစဝင်တုန်းက ပွဲဖြစ်သွားသေးတယ်လို့ တခြားစီနီယာတွေဆီက ငါကြားဖူးတယ်၊ သူဌေးသားသခင်လေးတွေအများကြီးက ဇိမ်ခံကားတွေမောင်းပြီး သူ့ကိုကျောင်းအထိလိုက်ပို့ခဲ့ကြတာလေ၊ ကျောင်းစတက်တဲ့တတိယနေ့မှာတင် တစ်ကျောင်းလုံးရဲ့အချောဆုံးမိန်းကလေးကို အောင်အောင်မြင်မြင်လိုက်နိုင်ခဲ့တယ်၊ နောက်ကျတော့ အဲ့မိန်းကလေးကို ကျောင်းသူတစ်ယောက်ကရန်စမိလို့ သူ့သူငယ်ချင်းတွေနဲ့ အတူသွားပြီး အဲ့ကျောင်းသူလေးကိုအရှက်ခွဲခဲ့တာ...သိပ်မကြာခင်မှာပဲ အဲဒီကျောင်းသူလည်း ကျောင်းထွက်သွားတယ်...”

“ပြီးတော့ စီနီယာယု ဘက်စကတ်ဘောဆော့တိုင်း လူတိုင်းကို အပီအပြင်နှိပ်ကွပ်ပစ်တာ၊ သူတော်လွန်းလို့တော့မဟုတ်ဘူး သူ့ကိုဘယ်သူမှ အနိုင်မယူရဲလို့လေ၊ သူမနိုင်ရင် အဲ့ညမှာ တခြားနည်းလမ်းသုံးပြီး လက်စားချေမှာ သေချာတယ်၊ သူက တခြားကျောင်းသားတွေကို အနိုင်ကျင့်လို့ဆိုပြီး နာမည်ကြီးတယ်၊ သူပွေခဲ့တဲ့ မိန်းကလေးတွေကလည်း လက်ချိုးရေလို့တောင်မရတော့ဘူး၊ ကျောင်းမှာတင် အနည်းဆုံး ရည်းစား ကိုးယောက်-ဆယ်လောက်လောက် ထားခဲ့တာ၊ နင်သာသူ့ကိုရန်စမိရင်.....

ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုအရင်ဆုံးသေချာစဥ်းစားကြည့်သင့်တယ်...”

ကျင်းယွင်ကျောင်းမှာ ရုပ်ရည်ချောမောပြီး ကျိုးမေ့ကျွန်းမှာ သူမအား မယှဥ်နိုင်ချေ။ သို့ရာတွင် ရှုယုမှာ သူ၏ရည်းစားများအား ကာကွယ်ပေးတတ်လွန်းသည်ဟု နာမည်ကြီး၏။ ထိပ်တိုက်ရင်ဆိုင်ရသောအချိန်ရောက်လာလျှင် သူမမည်မျှပင်လှပနေစေကာမူ ရှုယုသည် သူမအားအရင်သင်ခန်းစာပေးပေမည်။

ကျင်းယွင်ကျောင်းသည် ဤသုံးသပ်ချက်ကို ကြားလိုက်ရသောအခါ ထိတ်လန့်အံ့အားသင့်သွား၏။

အဘိုးရှု၏မြေးဖြစ်သူသည် အဘယ်ကြောင့် ဤမျှလောက်နိုင်လိုမင်းထက်ဖြစ်နေရသနည်း? ထိုသို့မဖြစ်သင့်ကြောင်း သူမခံစားလိုက်ရသည်။

သူမသည် အဘိုးရှု၏လက်အောက်တွင် နှစ်ပေါင်းများစွာ ပညာသင်ယူခဲ့သောကြောင့် အဘိုးရှုသည် စာရိတ္တတရားအား အလေးထားသူဖြစ်ကြောင်း သူမသိထား၏။ ထို့အပြင် ဖြောင့်မတ်ကောင်းမွန်သောလူများသာ ကောင်းမွန်သောဆေးများကို ဖော်စပ်နိုင်သည်ဟု သူမကြာခဏပြောဖူးသည်။ ထိုသို့ဆိုလျှင် ရှုယုသည် အဘယ်ကြောင့် ဤမျှဆိုးသွမ်းနေရသနည်း?

“ကျေးဇူး”

ကျင်းယွင်ကျောင်းပြောပြီးထွက်သွားလိုက်သည်။

ထိုမိန်းကလေးများသည် သူမ၏ကျောပြင်အား ဝင်းလက်သောမျက်လုံးများဖြင့် ကြည့်ရင်း ကျန်ရစ်ခဲ့ကြ၏။

“ကျင်းယွင်ကျောင်းက အနီးကပ်ကြည့်တော့ ပိုတောင်လှတယ်၊ သူကမိတ်ကပ်လိမ်းထားတဲ့ပုံမပေါက်တာတောင် အသားအရေကကောင်းလွန်းလို့ ချွေးပေါက်တွေတောင် မမြင်ရဘူး၊ ချောလွန်းလိုက်တာ...”

“ဒါပေမယ့် သူက ရှုယုကို ရန်စမိသွားပြီ၊ ကျင်းယွင်ကျောင်းက ဒီလောက်လှကြောင်း ရှုယုသာသိရင် သူ့မိဖုရားအုပ်စုထဲ ထည့်မလားပဲ”

သူမအနောက်တွင် ထိုမိန်းကလေးများ သက်ပြင်းချလိုက်ပြန်၏။ ကျင်းယွင်ကျောင်းသည် ထိုစကားများအား ရှင်းလင်းပြတ်သားစွာ ကြားလိုက်သော်လည်း သူမမျက်နှာထားသည် မပြောင်းလဲချေ။ ခေတ္တမျှတွေးလိုက်ပြီးနောက် သူမသည် ဦးလေးရှုရှင်းယွမ်ကို ဖုန်းဆက်လိုက်သည်။

“ဦးလေးရှု၊ အဘိုးဘယ်မှာလဲ?”

ဖုန်းဝင်သွားသည်နှင့် ကျင်းယွင်ကျောင်းမေးလိုက်၏။

“ဆရာက နေ့လယ်တစ်ရေးတစ်မောအိပ်နေတယ်၊ သူ့ကိုနှိုးလိုက်ရမလား?”

ရှုရှင်းယွမ်မှာ သူမထက်ကြီးသော လူကြီးတစ်ဦးဖြစ်သော်လည်း သူမအား ယဥ်ကျေးစွာ ဆက်ဆံနေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းသုတ်သီးသုတ်ပြာဖြင့် သူ့အားတားဆီးကာ မေးမြန်းလိုက်သည်။

“ဦးလေးနဲ့စကားပြောချင်တာပါ၊ ခုနတုန်းက အတန်းဖော်တစ်ယောက်က စီနီယာယုအကြောင်းပြောတာကြားလိုက်တယ်၊ အဲဒါနဲ့ သူ့ကိုသေချာမေးကြည့်လိုက်တော့ ရှုယုဆိုတာက အဘိုးရှုရဲ့မြေးတဲ့၊ အဲ့ကျမှ အဘိုးရှုက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူ့မြေးအကြောင်းတစ်ခါမှ မပြောခဲ့ဖူးတာကို မှတ်မိလိုက်တယ်...သူဘာလို့စီနီယာယုအကြောင်း မဟခဲ့တာလဲ?”

“ရှုယုလို့ပြောလိုက်တာလား?”

ရှုရှင်းယွမ်မေးကာ ဆက်ပြောလိုက်သည်။

“ဆရာက သူ့သားရဲ့ မိသားစုအကြောင်းတွေ သိပ်စိတ်မဝင်စားတတ်သလို သခင်လေးကလည်း ဒီနှစ်တွေအတွင်း သူ့မိသားစုကို ပြန်မကြည့်ဖြစ်ဘူး၊ အဲ့ကလေးကို ငယ်ငယ်ကတည်းက မဒမ်ရှု ပျိုးထောင်ခဲ့တာမို့ အကြီးအကဲရှုနဲ့ သိပ်မရင်းနှီးဘူး၊ အရေးအကြီးဆုံးအချက်က သူ့အကျင့်စရိုက်က သိပ်မကောင်းတာပဲ၊ အကြီးအကဲရှုရော သခင်လေးရှုရော အဲဒါကိုမကြိုက်ဘူး ဘယ်လောက်ပဲ အဲ့ကလေးကို သင်ပြသင်ပြ ဒုံရင်းပဲပြန်ဖြစ်သွားတာမို့ သူတို့လည်း လက်လျှော့လိုက်ကြတော့တယ်”

“အကျင့်စရိုက်မကောင်းဘူးဆိုတာ...ဘာကိုပြောချင်တာလဲ?”

ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။

“သောက်စားပျော်ပါးပြီး မကောင်းတဲ့အပေါင်းအသင်းတွေအများကြီးနဲ့ စည်းလွတ်ဝါးလွတ်နေတာလေ၊ သူဆယ်ကျော်သက်တုန်းက သခင်လေးရှုကိုယ်တိုင် သူ့ကို လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းပို့ခဲ့ဖူးတယ်၊ ဒါပေမယ့် အဲ့ထဲကထွက်လာတောင် သူ့အချိုးက မပြောင်းသွားဘူး၊ သခင်လေးရှုကလည်း မဒမ်ရှုအပေါ် အပြစ်လုပ်မိသလိုခံစားမိတာနဲ့ သူ့လုပ်ရပ်တွေကို နောက်ပိုင်း မမြင်ချင်ယောင်ပဲဆောင်တော့တယ်”

ရှုရှင်းယွမ်မှ မကွယ်မဝှက်ပြောလိုက်တော့၏။

ကျင်းယွင်ကျောင်းမျက်နှာတောင့်တင်းသွားသည်။ သူမသည် အမှန်တကယ်ပင် အံ့သြသွား၏။

သို့သော် စဥ်းစားကြည့်လိုက်သောအခါ ရှုယု၏မိခင်မှာ ရှန်ရှီဖြစ်သည်။ ရှန်ရှီ၏သူတော်ကြောင်စရိုက်နှင့်ဆိုလျှင် အကောင်းဆုံးမျိုးရိုးပင် သူမလက်ထဲ၌ ပျက်စီးသွားနိုင်၏။

Space and Rebirth 866

ကျင်းယွင်ကျောင်းမှ ရုတ်တရတ်ဆိုသလို ရှုယုအကြောင်း မေးနေသဖြင့် ရှုရှင်းယွမ်လည်း တစ်ခုခုလွဲနေသည်ဟု ခံစားမိကာ ကပြာကယာမေးလိုက်၏။

“ရှုယုတစ်ခုခုလုပ်ခဲ့တာလား? သူမင်းကိုလာရန်စရင် ဗျင်းသာဗျင်းခဲ့၊ သူ့ကိုဆော်လိုက်ရင်တောင် ဘယ်သူကမှ မင်းကိုအပြစ်တင်မှာမဟုတ်ဘူး သခင်လေးရှုလည်း ဂရုမစိုက်ဘူး”

သူသည် ကျင်းယွင်ကျောင်း၏စွမ်းဆောင်ရည်နှင့်ပတ်သတ်၍ အသေအချာသိထားသဖြင့် သူမ အနိုင်ကျင့်ခံလာရမည်ကို စိုးရိမ်မနေချေ။

“သမီးကိုရန်မစပါဘူး၊ ပရော်ဖက်ဆာမိုနဲ့ သမီးက မတော်တရားဆက်ဆံရေး ရှိနေတယ်လို့စွပ်စွဲခဲ့တဲ့ မိန်းကလေးကို သူပြန်ခေါ်လာခဲ့တာလေ၊ ကြည့်ရတာ အဲ့မိန်းကလေးကိုကျောင်းပြန်သွင်းဖို့ ဌာနမှူးကို ပြောချင်နေတဲ့ပုံပဲ၊ အခုထိတော့ သူနဲ့မတွေ့ရသေးဘူး”

ကျင်းယွင်ကျောင်းပြောလိုက်၏။

“ဟုတ်လား? ဒါဆိုလည်း သူနဲ့တွေ့စရာမလိုဘူး၊ အခု သခင်လေးရှုကို ဖုန်းဆက်လိုက်မယ်၊ သူသာ အပေါ်ကဖိလိုက်ရင် ရှုယုလည်း ဘာမှမလုပ်နိုင်ဘူး”

ရှုရှင်းယွမ်သည် ဘွင်းဘွင်းပြောချလိုက်၏။

ရှုရှင်းယွမ်မှာ အဘိုးရှု၏တပည့်တစ်ဦးသာဖြစ်သည့်တိုင် သူ၏မျိုးရိုးနာမည်မှာ ရှု ဖြစ်နေဆဲဖြစ်သည်။ သူသည် ငယ်စဥ်ကတည်းကပင် အဘိုးရှု၏နံဘေးတွင်ရှိနေခဲ့သောကြောင့် သူ၏သားအရင်းနှင့်မခြားသောသူဖြစ်၏။

ကျင်းယွင်ကျောင်းလည်း ခေါင်းငြိမ့်သဘောတူလိုက်သည်။ ထိုမှသာ သူတို့များစွာ အာရုံနောက်သက်သာပေမည်။

ကျင်းယွင်ကျောင်းဖုန်းချလိုက်သည်နှင့် ရှုရှင်းယွမ်သည် ရှုယွမ်ထက်ကို ဆက်သွယ်လိုက်သည်။ ရှုရှင်းယွမ်၏အသံကို ကြားသောအခါ ရှုယွမ်ထက်သည် အနည်းငယ်တုန်လှုပ်သွား၏။ အဘိုးရှုတစ်ခုခုဖြစ်သည်ဟု ထင်လိုက်သောကြောင့်ဖြစ်သည်။ သို့သော် အခြေအနေအကြောင်းစုံကို ကြားလိုက်သောအခါ သူ၏ပူပန်မှုများသည် မကျေနပ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။

သူ၏သားမှာ အမှန်တကယ်ပင် ရှုမိသားစု၏အရှက်ရစရာဖြစ်၏။

ရှုမိသားစုမျိုးဆက်တိုင်းတွင် ငယ်စဥ်ကတည်းက ဘိုးဘေးတို့၏အဆုံးအမများကို တင်းတင်းကြပ်ကြပ် သင်ယူလေ့လာရစမြဲဖြစ်သည်။ ဤမျှလောက် မိဘကျေးဇူးကန်းသောသားမျိုး ရှုမိသားစုရာဇဝင်တွင် မရှိခဲ့ဖူးချေ။ သို့ရာတွင် သူသည် ထိုအချိန်က ရှန်ရှီအပေါ် အပြစ်ပြုခဲ့မိ၏။ ဤနှစ်များတစ်လျှောက် သူမအား မုဆိုးမတစ်ဦးကဲ့သို့ နေထိုင်စေခဲ့ပေသည်။ သူမနံဘေးတွင် အဖော်ပြုမည့်သူဟူ၍ သူမသားတစ်ဦးသာရှိသောကြောင့် ထိုကလေးအား ကြပ်ကြပ်မတ်မတ်ဆုံးမရန် သူမအတွက် မလွယ်ကူခဲ့လောက်ချေ။ ထို့ကြောင့်သာ သူသည် ရှုယုအား ထောင်ထဲတိုက်ရိုက်ပို့ပြီး တစ်ဘဝစာလုံး မိမိအမှားများအား ပြန်လည်မသုံးသပ်ခိုင်းသေးခြင်းဖြစ်၏။

သူသည် အကြောင်းရင်းကိုမသိသော်လည်း ဤသားအပေါ် သံယောဇဥ်သိပ်မရှိချေ။ ဤကလေးမှာ သူ၏အလိုဆန္ဒကြောင့်မဟုတ်ဘဲ သူ၏နိုင်ငံရေးရန်ဘက်များ၏ ချောက်တွန်းမှုရလဒ်ကြောင့်သာ ဖြစ်တည်လာရသောကြောင့်ဖြစ်မည်။

ထို့အပြင် ရှုမိသားစုမှာ ယခင်ကတည်းကပင် လူကြားထဲ ထင်ပေါ်စွာမနေခဲ့ပေ။ စောင့်ကြည့်ဆုံးမမည့် အကြီးအကဲများမရှိလျှင်ပင် မိမိတို့အသွေးအသားထဲ၌ အမှန်အမှားကို ပိုင်းခြားတတ်၏။ သို့ရာတွင် ရှုယုမှာ ထိုသို့မဟုတ်ချေ။ သူသည် ငယ်စဥ်ကတည်းကပင် မာန်မာန‌ထောင်လွှားပြီး နိုင်လိုမင်းထက်ရှိသူဖြစ်၏။ သူ့အား ဆုံးမသင်ပြခြင်းမရှိဘဲ မနေခဲ့ပေ။ ဆုံးမခဲ့ပေသည်။ သို့ရာတွင် ကြပ်ကြပ်မတ်မတ်မဆုံးမခဲ့ခြင်းသာဖြစ်သည်။

ထို့အပြင် သူသည် အလုပ်သွားရမည့်သူဖြစ်သောကြောင့် ရှုယုအား အချိန်ပြည့် မစောင့်ကြည့်နိုင်ပါပေ။

“ဘာလို့အဖေက ရုတ်တရတ်ကြီး ရှုယုကို စိတ်ဝင်စားသွားတာလဲ? ငါပြောချင်တာက ရှုယုက ငါ့နာမည်ကိုသုံးပြီး ဌာနမှူးကို ဖိအားပေးနေတယ်ဆိုတာကို သူဘယ်လိုသိခဲ့လဲ?”

ရှုယွမ်ထက်သည် တည်ငြိမ်သောအသံဖြင့် ဖုန်းထဲမှလူကိုမေးလိုက်၏။

“ရှုယုကူညီချင်တဲ့မိန်းကလေးက ပရော်ဖက်ဆာမိုကို စော်ကားခဲ့တာလေ၊ ဆရာက ပရော်ဆာမိုနဲ့ ရင်းနှီးတော့ ဒီတိုင်းဖြတ်သွားဖြတ်လာ ကြားမိသွားတာ”

ရှုရှင်းယွမ် အမှန်အတိုင်းမပြောလိုက်ချေ။

ရှုယွမ်ထက် သက်ပြင်းချလိုက်၏။

“အဖေရောနေကောင်းလား...”

“မဆိုးပါဘူး အရင်ကထက်တော့ အများကြီးပိုကောင်းလာတယ်”

ရှုရှင်းယွမ်ပြောလိုက်၏။

ကျင်းယွင်ကျောင်းရှိလျှင် အကြီးအကဲရှုသည် ယခင်ကထက် များစွာလိမ္မာရေးခြားရှိ၏။ ပုံမှန်အားဖြင့် ဆေးဖော်စပ်လေ့ရှိသောနေရာအပြင် ခြံဝင်းထဲတွင် လမ်းလျှောက်ထွက်လာတတ်ပြီး ကျန်းမာ‌ရေးအတွက် ကျင်းယွင်ကျောင်းနှင့်အတူ လက်ဝှေ့ထိုးလေ့ကျင့်ခန်းများပါ သင်ယူခဲ့သေးသည်။ အရက်သောက်သောပမာပင်လျှင် အတိုင်းအတာရှိလာပြီး သူ့ကိုသာမြင်လျှင် တစ်နှစ်အတွင်း အဆဘယ်နှစ်ကြိမ်မျှတိုးတက်လာကြောင်း ရှုမိသားစုသိသွားပေလိမ့်မည်။

“ကောင်းတာပေါ့ ဒီတစ်လျှောက်လုံး အဖေ့ကိုကြည့်ပေးလို့ မင်းကိုကျေးဇူးတင်တယ်၊ အဖေပြန်လာချင်ရင် ငါ့ကိုသာပြောလိုက် ငါသူ့ကိုလာခေါ်မယ်”

ရှုရှင်းယွမ်မှ အင်းဟုဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ မိမိဘာသာရေရွတ်မိသွားသည်။

(သူပြန်လာချင်တော့မယ်မထင်ဘူး)

အကြီးအကဲရှုထွက်သွားစဥ်က ရှုယွမ်ထက်သည် လူငှားပြီး သူ့အနောက်သို့ နောက်ယောင်ခံလိုက်၍ ကြည့်ရှုကာကွယ်ပေးရန် စေခိုင်းခဲ့သည်။ သို့သော် ထိုအချိန်က ၎င်းကိုသိလိုက်ရသော အကြီးအကဲရှုသည် ဒေါသထွက်လွန်းသဖြင့် သောင်းကျန်းတော့၏။ ထိုအချိန်မှစပြီး သူသည် ထိုလုပ်ရပ်မျိုးကို မလုပ်ရဲတော့ချေ။

ရှုယွမ်ထက်မှာ ရာထူးမြင့်သောနေရာတွင် ရှိနေသော်လည်း အကြီးအကဲရှုအား ကြောက်ရသေး၏။ စိတ်မကောင်းစွာဖြင့် အတိတ်မှဖြစ်ရပ်တစ်ခုကြောင့် သားအဖဆက်ဆံရေးသည် ဝေးကွာခဲ့ရပေသည်။ နှစ်ဦးသား ပြန်လည်သင့်မြတ်ရန် ခက်ခဲလှ၏။

ရှုရှင်းယွမ်မှာ အကြီးအကဲရှု၏လူဖြစ်သည်။ သူစိတ်ရင်းဖြင့် ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သူ၏စကားများကို ရှုရှင်းယွမ်အလေးအနက်ထား၏။ ဖုန်းချလိုက်ပြီးနောက်တွင် သူသည် ချက်ချင်းဆိုသလို သားဖြစ်သူ၏ကျောင်းအား ဆက်သွယ်လိုက်တော့သည်။

Space and Rebirth 867

ထိုအချိန်တွင် ရှုယုမှာ ဌာနမှူးရုံးခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး ခြေထောက်ကိုချိတ်ကာ ဌာနမှူးကိုကြည့်နေ၏။ ဌာနမှူးမျက်နှာမှာ ဒေါသထွက်လွန်းသဖြင့် ပြာနှမ်းနေလေပြီ။ ကျိုးမေ့ကျွန်းသည် အလွန်နာခံရိုကျိုးသောဟန်ပန်ဖြင့် သူ၏နံဘေးတွင် ရပ်နေသော်လည်း စိတ်ထဲတွင်မူ သူမအလွန်ပျော်နေလေသည်။

အလွန်ကြာမြင့်စွာ မတရားခံရပြီး နောက်ဆုံးတွင် သူမသည် သူမနှင့်ထိုက်တန်သောသိက္ခာကို ပြန်လည်ရရှိခဲ့လေပြီ။

“ပါမောက္ခမိုက မင်းရဲ့ အကြီးအကဲတစ်ယောက်ပဲ၊ သူကမင်းအဘိုးနဲ့ အရမ်းရင်းနှီးတာတော့မဟုတ်ပေမယ့် အသိမိတ်ဆွေတွေဖြစ်နေတုန်းပဲ၊ ဒီလိုလုပ်ချင်ရင် မင်းသူ့ကိုရှင်းပြမှဖြစ်မယ်၊ အဲဒါအပြင် ဒီမိန်းကလေးကို ကျောင်းထုတ်လိုက်ပြီဆိုတော့ ဘယ်လိုမှကျောင်းပြန်တက်ခွင့်မပေးနိုင်ဘူး၊ မင်းကိုအကူအညီတောင်းတဲ့မိန်းကလေးက အကျင့်စာရိတ္တမကောင်းဘူးလို့ မင်းအဖေလည်း ဖုန်းဆက်ပြောထားတယ်၊ သူ A တက္ကသိုလ်ကို ပြန်မတက်နိုင်ရုံမက ကျိုးမိသားစုရဲ့သမီးဖြစ်နေရင်တောင် ဒီမြို့တော်ထဲ သူ့ကိုလက်ခံမယ့်ကျောင်းရှိမှာမဟုတ်ဘူး၊ မင်းအဖေအိမ်ပြန်ရောက်ရင် လူလွှတ်ပြီး ကျိုးမိသားစုကို သတင်းပေးလိမ့်မယ်၊ သူကဘယ်လောက်ပဲ မွေးစားသမီးဖြစ်ဖြစ် သူ့ကိုသေချာဆုံးမမှဖြစ်မှာပေါ့”

ရှုယွမ်ထက်မှာ အဆက်အသွယ်ပေါပြီး ရာထူးမြင့်သဖြင့် လူတစ်ဦး၏နောက်ကြောင်းအား စုံစမ်းရန် အလွန်လွယ်ကူပေ၏။ သူသည် ပရော်ဖက်ဆာမိုအား စော်ကားခဲ့သောမိန်းကလေး၏အကြောင်းကိုသိရန် အနည်းငယ်သာ မေးမြန်းစုံစမ်းလိုက်ရသည်။ သိပ်အားမထုတ်လိုက်ရချေ။

ဌာနမှူးမှ ထိုသို့ပြောလိုက်သည်နှင့် ရှုယုသည် ဆိုဖာပေါ်မှ ဝှစ်ခနဲထလိုက်၏။ ချက်ချင်းဆိုသလို ကျိုးမေ့ကျွန်းမျက်နှာ သွေးဆုပ်သွားတော့သည်။

“မဖြစ်နိုင်တာ! ကျွန်တော့်အဖေနာမည်ကိုသုံးပြီး ကျွန်တော့်ကိုခြောက်ဖို့မစဥ်းစားနဲ့ သူကဘာလို့ဒီကိစ္စကို စိတ်ဝင်စားမှာလဲ?”

ရှုယု ချက်ချင်းပြောလိုက်၏။

ဌာနမှူးသည် ခပ်ဟဟရယ်ပြီး ဒေါသကိုထိန်းလိုက်သည်။

“သူကမင်းအဖေလေ မင်းဘာသာသူ့ကိုဖုန်းဆက်ပြီး မေးကြည့်လိုက်ပါလား?”

ဌာနမှူးအနေဖြင့် သူသည် ဤရှုယုအား မကြောက်ပေ။ သူသည် လူငယ်လေးတစ်ဦးသာဖြစ်၏။ သို့ရာတွင် ရှုယွမ်ထက်ဟူသောလူမှာမူ ရက်စက်တတ်သော ကျားကြီးတစ်‌ကောင်ဖြစ်သည်။ ထိုသို့သောသူက မိမိသားအား အလိုလိုက်လွန်းလျှင် အနာဂတ်၌ ဒုက္ခသာပွားများလိမ့်မည်။

သို့သော် ယခုကြည့်လိုက်သောအခါ ရှုယွမ်ထက်အပေါ် သူ၏အတွေးများမှားသွားဟန်ရှိ၏။

“ပြောစရာမလိုဘူး အခုချက်ချင်းခေါ်ပြမယ်!”

ရှုယုသည် ဟမ့်ခနဲအသံပြုကာ ဖုန်းကောက်ဆက်လိုက်၏။ သို့ရာတွင် “အဖေ” ဟုသာ ခေါ်ရသေးစဥ်တွင် ဖုန်းလိုင်းတစ်ဖက်ခြမ်းမှ ဖိအားအငွေ့အသက်များကို ခံစားလိုက်ရသည်။

“မင်းသေချင်လို့လား? မင်းကို ငါအရင်ကလွှတ်ပေးခဲ့တယ်မှတ်လား? အခုတော့ မင်းက မင်းအဘိုးရဲ့ မိတ်ဆွေကိုတောင် စော်ကားရဲနေပြီပေါ့? မင်းကျောင်းမှာဆက်မနေချင်မှတော့ ထောင်ထဲချက်ချင်းပို့ပစ်လိုက်မယ်!”

ရှုယွမ်ထက်အသံသည် အေးစက်နေပြီး သူ၏အရှိန်အဝါမှာ ကျောချမ်းဖွယ်ကောင်းလှ၏။ ရှုယုသည် ၎င်းကိုကြားသောအခါ ချက်ချင်းဆိုသလို မျက်နှာစူပုပ်သွားပြီး ဒေါသပြင်းစွာထွက်သွားတော့၏။

“အစ်ကိုရှု၊ ဌာနမှူးပြောတာ...အမှန်တွေလား?”

ကျိုးမေ့ကျွန်းအသံတုန်ယင်နေ၏။

ရှုယုမျက်နှာပျက်သွားသည်။ သူသည် ဌာနမှူးအားတစ်ချက်မျှ ဝေ့မကြည့်ဘဲ အပြင်သို့ထွက်သွားတော့၏။ ၎င်းအား ကျိုးမေ့ကျွန်းမြင်လိုက်သောအခါ သူမသည် ချက်ချင်းဆိုသလို သူ၏အနောက်မှ လိုက်သွားတော့သည်။

“အကိုရှု၊ အစ်ကိုပြောတာက...”

“ငါပြောတာ? ငါဘာပြောခဲ့လို့လဲ? မင်းရန်စခဲ့တဲ့လူက ပါမောက္ခမိုပါလို့ မင်းငါ့ကိုဘာလို့မပြောခဲ့တာလဲ”

ရှုယု၏မျက်နှာမှာ အေးစက်နေပြီး ဒေါသတကြီးဖြင့် ဖုန်းကိုပစ်ပေါက်လိုက်၏။

သူသည် ပရော်ဖက်ဆာမိုအကြောင်းသိထားသည်။ သူ၏အဘိုးဖြစ်သူနှင့် ပရော်ဖက်ဆာမို၏ဆက်ဆံရေးမှာ ရင်းနှီးသည်ဟု မပြောနိုင်သော်လည်း အသိအကျွမ်းဟောင်းများဖြစ်ကြသည်။ သူတို့သည် အချင်းချင်းပြိုင်ဆိုင်နေကြသော်ငြား တစ်ချိန်တည်းတွင်ပင် ခင်မင်ကြ၏။ ကျိုးမေ့ကျွန်းနှင့်ရန်ဖြစ်ခဲ့သောသူမှာ ပရော်ဖက်ဆာမိုဖြစ်ကြောင်း သူသိခဲ့လျှင် ဤအရှုပ်တော်ပုံထဲ သူပါခဲ့မည်မဟုတ်ချေ။

သူသည် ရှုမိသားစု၏တစ်ဦးတည်းသော မြေးယောက်ျားလေးဖြစ်သည်မှာ မှန်သော်လည်း သူသည် လူတိုင်းကို လိုက်ရန်မစနိုင်ပေ။ အနည်းဆုံးအနေဖြင့် သူသည်းခံရမည့်သူ သုံးဦးရှိ၏။ ထိုသုံးဦးမှာ သူ၏အဘိုး၊ သူ၏အဖေနှင့် သူ၏ဦးလေးဖြစ်သည်။

သူ၏ဦးလေးမှာ တစ်နှစ်ပတ်လုံး အိမ်တွင်မရှိတတ်ဘဲ ပုံမှန်အားဖြင့် သူ၏အရေးကိစ္စများအား စိတ်မဝင်စားချေ။ သို့သော် သူ၏အဘိုးမှာမူ ထိုသို့မဟုတ်ပေ။ မိမိ၏မြေးအရင်းဖြစ်သူအား ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ခြင်းမျိုး မရှိသည်သာမက ဂရုစိုက်ကြင်နာမှုကိုလည်း မပေးစွမ်းတတ်သူဖြစ်၏။ သူ၏ဖခင်မှာ အမြဲဆိုသလို အဘိုး၏စကားများကို ဘုရင်အမိန့်တော်ကဲ့သို့ နာခံတတ်သည်။ ထို့ကြောင့် သူ၏အဘိုးအား စိတ်ခုစေနိုင်သည့်အရာများကို လုပ်၍မဖြစ်ပေ။ မဟုတ်လျှင် သူသည် ဆက်လက်၍ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်မည်မဟုတ်။

ကျိုးမေ့ကျွန်းသည် ကြောက်လွန်းသဖြင့် တုန်ယင်နေလေပြီ။

“အစ်ကိုရှု...သခင်လေးရှု....ဒါဆို ညီမတကယ်ကျောင်းပြန်တက်လို့မရဘူးပေါ့?”

ကျိုးမေ့ကျွန်း တီးတိုးပြောလိုက်၏။

“ဒီကိစ္စကိုမေ့လိုက်တော့”

ရှုယုသည် ၎င်းကို အာရုံလုံးဝမရှိချေ။ ထိုသို့ပြောပြီးနောက် သူသည် မျက်ခုံးများကိုပင့်ကာ စျေးကြီးဆေးလိပ်တစ်လိပ်ကိုထုတ်ပြီး မီးညှိလိုက်၏။

“မင်းနဲ့ရန်ဖြစ်ခဲ့တဲ့မိန်းကလေးက ပရော်ဖက်ဆာမိုရဲ့တပည့်လို့ပြောလိုက်တာ ငါမှတ်မိတယ် သူ့နာမည်ကဘာလဲ? ဘယ်လိုပုံရှိလဲ?”

Space and Rebirth 868

ရှုယု မြာပွေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာချေပြီ။ သူ့တွင် အခြားစွမ်းရည်များမရှိသော်လည်း အမျိုးသမီးများအား အပိုင်ချုပ်တတ်၏။ ကျိုးမေ့ကျွန်းကဲ့သို့မိန်းကလေးများမှာ နေရာတကာတွင်ရှိပေသည်။ ရုပ်ရည်ချောမောလှပသော်လည်း ငွေအနည်းငယ်သုံးပြလိုက်သည်နှင့် ဆော့ယူကစား၍ရနိုင်၏။ သူမ၏မိသားစုနောက်ခံမှာလည်း မဆိုးလှချေ။ သူမသည် ကျိုးမိသားစု၏မယားပါသမီးဖြစ်သည်။ သို့သော် လက်တွေ့တွင် သူမသည် ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်ပေသည်။

သူသည် မိမိသိက္ခာအား အဖတ်ဆယ်ချင်သောကြောင့် ကျိုးမေ့ကျွန်းဘက်မှ ရပ်တည်ပေးလိုခဲ့ခြင်းဖြစ်သည်။ “ရှုယု၏ရည်းစားကောင်မလေး” ဟူသောဘွဲ့နာမကို ပိုင်ဆိုင်သည့် မိန်းကလေးတစ်ဦးအား အခြားသူများမှ အနိုင်ကျင့်လျှင် သူမျက်နှာပျက်ရချေမည်။

သို့ရာတွင် ကျိုးမေ့ကျွန်းမှာ သူ့အား အသုံးချနေခြင်းသာဖြစ်ကြောင်း စိတ်ထဲတွင် သိထား၏။ သူတို့နှစ်ဦးလုံးသည် မိမိအကျိုးအတွက် တစ်ယောက်ကို တစ်ယောက်အသုံးချနေခြင်းသာဖြစ်သည်။

သူ့အားအသုံးချသည်ကို လက်ခံနိုင်သော်လည်း အမှန်တရားအားဖုံးကွယ်ထားသည်ကိုမူ လက်မခံနိုင်ပါပေ။ သူမသာ ပရော်ဖက်ဆာမို၏နာမည်ကို မဖုံးထားခဲ့လျှင် ယနေ့ သူ၏ဖခင်ဆီမှလည်း အငေါက်ခံရမည်မဟုတ်ခဲ့ချေ။ သူအိမ်ပြန်လျှင် သူ၏မိခင်ဖြစ်သူအား အကူအညီတောင်းရတော့မည်။

ရှုယုမျက်လုံးများထဲတွင် ကြောက်မက်ဖွယ်အရိပ်အယောင်တစ်ခုရှိနေ၏။ ၎င်းကိုမြင်လိုက်သောအခါ ကျိုးမေ့ကျွန်း နှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသည်။

အထူးသဖြင့် သူ၏ပါးစပ်မှ ကျင်းယွင်ကျောင်းအကြောင်း ‌ပြောနေသည်ကို ကြားလိုက်သောအခါ သူမပို၍ပင်ပြာပြာသလဲဖြစ်သွား၏။

“ဘာလို့ဘာမှမပြောတာလဲ?”

ရှုယုအသံကိုနှိမ့်ကာ မေးလိုက်သည်။

“ညီမ...”

“မေ့ကျွန်း၊ ငါမင်းကိုအလိုလိုက်တယ်ဆိုတိုင်း မင်းစိတ်ရှိသလို လုပ်လို့ရတယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်? ငါ ရှုယု မလိုက်နိုင်တဲ့မိန်းမဆိုတာရှိလား? ခုနကကိစ္စကို မင်းနဲ့မရှင်းရသေးဘူး၊ မင်းသာအမှန်အတိုင်းမပြောလို့ကတော့ မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ ထပ်မတွေ့စေရဘူးလို့ ပြောရင် မင်းယုံမလား?”

ရှုယုသည် ဆေးလိပ်ဖင်ဆီခံအား ကျိုးမေ့ကျွန်း၏လက်မောင်းတွင် ဆွဲပွတ်လိုက်သည်။

ချက်ချင်းဆိုသလို သေးငယ်သောမီးပွားက သူမအင်္ကျီများအပေါ်တွင် အပေါက်ရာတစ်ခုဖြစ်သည်အထိ ကျွမ်းသွားပြီး သူမ၏နုနယ်လှသောအသား လောင်သွားသည်။

ကျိုးမေ့ကျွန်း ချက်ချင်းဆိုသလို ခြေလှမ်းနောက်ဆုတ်လိုက်သော်လည်း ရှေ့သို့ပြန်ဆွဲခေါ်ခံလိုက်ရ၏။ ထိုအခါ သူမသည် ဆက်လက်၍ မဖုံးကွယ်ထားရဲတော့ချေ။ သူမသုတ်သုတ်ပြာပြာဖြင့် ပြောလိုက်တော့သည်။

“သူ-သူ့နာမည်က ကျင်းယွင်ကျောင်းတဲ့၊ အရမ်းလည်းလှတယ်...”

“မင်းထက်ပိုလှလား?”

ရှုယုမှ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“အင်း...”

သူမဝန်မခံချင်သော်လည်း ရှုယုကိုယ်တိုင်စုံစမ်းမည်ဖြစ်ကြောင်း သိနေသဖြင့် မလိမ်ရဲချေ။ သူမလိမ်နေကြောင်း သူသိရှိသွားလျှင် သူမအနေအစားချောင်မည်မဟုတ်ချေ။

သူမသည် စိတ်ထဲ၌သာ တိတ်တခိုးကျိန်ဆဲမိ၏။ သူမသည် ဤတစ်ခေါက်တွင် တစ်ကျော့ပြန်လာနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ရှုယုကဲ့သို့လူက ပရော်ဖက်ဆာမိုအား ရန်မစရဲဘဲရှိနေလိမ့်မည်ဟု သူမမထင်ခဲ့ပေ! ထိုသူမှာ ပါမောက္ခတစ်ဦးသာဖြစ်၏။ ရှုယုမှာမူ မြို့တော်ဝန်၏သားဖြစ်သည်။ သူသည် အဘယ်ကြောင့် ဤမျှလောက် အသုံးမကျရသနည်း...

ရှုယုလက်ကိုလွှတ်လိုက်သည်။

“ဟုတ်လား? မိန်းမလှလေးတစ်ယောက်ကို ငါဘယ်လိုရက်ရက်စက်စက်လုပ်နိုင်မှာလဲ...”

“မင်းဘာလို့ရပ်ကြည့်နေတာလဲ? ငါ့ကိုခေါ်သွားပြလေ၊ တကယ်ပဲ မင်းပြောတဲ့အတိုင်းမှန်ရင် ငါဒီကိစ္စကိုလွှတ်ပေးမယ်၊ မဟုတ်ရင်တော့ ခွေးရူးတွေရှိနေတဲ့ တောထဲမင်းကိုပစ်ပြီး အတွေ့အကြုံကောင်းလေးတစ်ခုရအောင် လုပ်ပေးလိုက်မယ်”

ရှုယုသည် သူ၏လက်မဖြင့် ကျိုး‌မေ့ကျွန်းနှုတ်ခမ်းစွန်းများကို ညင်သာစွာပွတ်လိုက်သည်။ သူ၏ပုံစံမှာ အထက်စီးဆန်ပြီး အရာအားလုံးကို ပေါ့တန်တန်မှတ်ယူနေပုံရ၏။

ကျိုးမေ့ကျွန်းတစ်ကိုယ်လုံးတုန်ယင်သွားသည်။

သူမသည် ရှုယုနှင့် စတင်ရင်းနှီးခဲ့စဥ်က သူ့အားစိတ်ကွက်စေသူများအားလုံးသည် လူမသိသူမသိ ညှင်းပန်းနှိပ်စက်ခံရတတ်သည်ဟု အခြားလူများထံမှ ကြားခဲ့ဖူး၏။ ခွေးရူးများစုဝေးရာနေရာသို့ အပို့ခံလိုက်ရသဖြင့် လူရုပ်မပေါက်တော့သည်အထိ ကိုက်ဖြဲခံခဲ့ရသောလူတစ်ဦးပင် ရှိခဲ့ဖူးသည်။

ရှုယုဆိုသည်မှာ မိမိကိုယ်မိမိထိန်းချုပ်ရကောင်းမှန်းမသိသောလူဖြစ်သည်။ သူ၏ဖခင်တွင် ငွေကြေးနှင့်အာဏာရှိပေ၏။ ဖခင်ဖြစ်သူမှ သူ့အားမကူညီလျှင်ပင် သူ့အား ကူညီလူသတ်ပေးမည့်လူများ မရေမတွက်နိုင်အောင်ရှိနေသည်။ သူ၏လျှို့ဝှက်ချက်အား မပေါက်ကြားစေရန် ရှုယု၏အပေါင်းအပါများသည် နည်းလမ်းမျိုးစုံကိုသုံးခဲ့လေသည်။

၎င်းကိုစဥ်းစားလိုက်သောအခါ သူမသုတ်သီးသုတ်ပြာဖြင့် ပြန်ဖြေပြီး ကျင်းယွင်ကျောင်းထံသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

ရှုယုမှာ အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။ အထူးသဖြင့် A တက္ကသိုလ်တွင် သူ့အား လူတိုင်းနီးပါးသိလေသည်။

သူဖြတ်သွားတိုင်း လမ်းမပေါ်မှ “စီနီယာယု” သို့မဟုတ် “သခင်လေးယု” ဟုခေါ်ကြသောသူများကို သူမတွေ့လိုက်ရသည်။

ကျင်းယွင်ကျောင်းသည် စာသင်ခန်းပြတင်းပေါက်မှ ရပ်ကြည့်နေပြီး သူမ ထင်မှတ်ထားသူကို မြင်လိုက်ရ၏။

သူမသည် ရှုရှင်းယွမ်နှင့် စကားပြောလိုက်သောကြောင့် ဦးလေးရှုသည် နည်းလမ်းတစ်ခုခု သေချာပေါက်တွေးပေးခဲ့လိမ့်မည်။ အမြန်ဆုံးနည်းလမ်းမှာ ရှုယွမ်ထက်အား သူ၏သားကိုဆုံးမခိုင်းခြင်းဖြစ်၏။ ရှုယုသည် သူလိုချင်သည်ကို မရသဖြင့် မလွဲမသွေဒေါသထွက်ပေလိမ့်မည်။ ဤဒေါသသည် တဖြည်းဖြည်းဖြင့် သူမဆီသို့ကူးပြောင်းလာမည်မှာ သိသာ၏။

ကျိုးမေ့ကျွန်းသည် ကျင်းယွင်ကျောင်းကိုမတွေ့ချင်ခဲ့သော်လည်း ယခုတွင် ရွေးချယ်စရာမရှိချေ။ သူမသည် အောက်ထပ်သို့ဆင်းကာ အပေါ်သို့မော့ကြည့်လိုက်ချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကျင်းယွင်ကျောင်းမှ ငုံ့ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူတို့သည် ဝေးကွာနေသော်လည်း သူမလန့်ဖျပ်သွားသေးသည်။

“သခင်လေးရှု၊ ပြတင်းပေါက်နားကတစ်ယောက်ပါ...”

All Chapters