အခန်း (၈၇၃-၈၇၆)
Vol. 44 Ch. 873-876
Space and Rebirth 873
ဌာနမှူးသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာသွေးဆုပ်သွားသည်။ သူသည် ဤဂြိုဟ်ကောင်များအားလုံးကို ကျောင်းထုတ်ပစ်ချင်မိသည်။
သို့သော် ထိုသို့သူမလုပ်နိုင်ပေ။
ဤကျောင်းသားများသည် ပြသာနာရှာတတ်ကြသူများဖြစ်သော်လည်း သူသာ ကျောင်းထုတ်လိုက်ပါက ကျောင်းဘက်မှ ငွေကြေးအမြောက်အများဆုံးရှုံးပေလိမ့်မည်။ ပထမအချက်အနေဖြင့် ကျောင်း၏သုတေသနဌာနသည် ရံပုံငွေပြတ်သွားမည်ဖြစ်ပြီး ငွေကြေးချို့တဲ့သောကျောင်းသားများအား ထောက်ပံ့သောကျောင်းစရိတ်နှင့် ကျောင်းဆောင်အသစ်များသည်လည်း စီးပွားရေးလုပ်ငန်းရှင်များ၏အကူအညီမပါလျှင် မဖြစ်မြောက်နိုင်ပေ။ ဤကျောင်းသားများ၏မိဘများသည် အဆိုပါစီးပွားရေးလုပ်ငန်းရှင်များဖြစ်၏။
ကျောင်းကြီးတစ်ခုအား ဦးစီးရန် မလွယ်ကူလှချေ။ ကျောင်းသားများအတွက် အကောင်းဆုံးအထောက်အကူကောင်းတစ်ရပ်ဖြစ်စေရန် အချို့နေရာတွင် စတေးစရာရှိသည်များကို စတေးရလေမည်။
သို့သော် သူတို့၏ဖြစ်တည်မှုမှာ အရေးကြီးသော်လည်း သူတို့အားပြသာနာပတ်ရှာခွင့်မပြုနိုင်ပါပေ။
“မင်းတို့တွေအရင်စတာဆို? အဲ့လိုဆိုရင် ကျင်းယွင်ကျောင်းရဲ့လုပ်ရပ်က ဘာအမှားမှမရှိဘူး၊ မင်းတို့သာ တကယ်ပဲဒီကိစ္စကို ဖြေရှင်းချင်ရင် မင်းတို့ပဲ ကျင်းယွင်ကျောင်းထက် ပိုကြီးလေးတဲ့ပြစ်ဒဏ်ကိုရမှာ၊ မင်းတို့မိဘတွေက သြဇာရှိတဲ့လူတွေမှန်းသိပေမယ့် ဒီနေရာက ကျောင်းပဲ၊ မင်းတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာမဟုတ်ဘူး၊ မင်းတို့တွေအားလုံးက မိန်းကလေးတစ်ယောက်ကို ဝိုင်းရိုက်ဖို့လုပ်တယ်ဆိုတာ သတင်းထွက်သွားရင် မင်းတို့လုပ်ရပ်ကိုမှန်တယ်လို့ မင်းတို့မိဘတွေလည်း ထင်မှာမဟုတ်ဘူး၊ ဆရာကတော့ ဒီကိစ္စကို လွှတ်ပေးလိုက်သင့်တယ်လို့ထင်တယ်၊ မင်းတို့မိဘတွေခေါ်လာချင်ရင်လည်း ခေါ်လာခဲ့ ဆရာကိုယ်တိုင်ရှင်းပြပေးလိုက်မယ်၊ အာ ဟုတ်သားပဲ ဒီနေ့လယ်တုန်းက ရှုယုမိဘတွေဖုန်းဆက်ပြီး သူ့ကိုဆူလိုက်တယ်၊ သူတို့လည်း ရှုယုရဲ့အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ကို သဘောမတူကြဘူး”
ဌာနမှူးမှာ တုံးအသောသူမဟုတ်ပေ။ နောက်ဆုံးတွင် သူသည် ရှုယွမ်ထက်၏နာမည်ကိုသာ သုံးလိုက်ရတော့၏။
ဤကျောင်းသားများသည် ရှုယုအား ဖားချင်သောကြောင့်သာ ပြသာနာရှာခဲ့ကြသည်မဟုတ်လော? သို့သော် ရှုယုတွင်သာ ရှုယွမ်ထက်ကဲ့သို့ အာဏာရှိဖခင်တစ်ဦးမရှိခဲ့လျှင် သူတို့သည်လည်း ဤမျှလောက်လိုလိုလားလားဖြင့် ရှုယုနောက်လိုက်များဖြစ်မည်မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် ရှုယွမ်ထက်နာမည်ထွက်လာသည်နှင့် လူအုပ်ကြီးတစ်ခုလုံး မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားကြ၏။
“ဌာနမှူး၊ မြို့တော်ဝန်ရှုကဘာပြောလိုက်လဲ?”
တစ်စုံတစ်ဦးမှ မဝံ့မရဲဖြင့်မေးလိုက်သည်။
“ငါမင်းတို့ကိုပြောလိုက်မယ်၊ ကျင်းယွင်ကျောင်းဆိုတာ ပါမောက္ခမိုကိုယ်တိုင် လက်ခံထားတဲ့တပည့်တစ်ယောက်ပဲ၊ သူတို့ဘယ်လောက်ရင်းနှီးလဲဆိုတာ မင်းတို့တွေးကြည့်လို့ရတယ်၊ ပါမောက္ခမိုနဲ့ မြို့တော်ဝန်ရဲ့အဖေကလည်း သူငယ်ချင်းကောင်းတွေ၊ သူတို့ကြားကဆက်ဆံရေးကြောင့် မြို့တော်ဝန်ရှုက ဒီနေ့ခေါ်လိုက်တာ၊ ပါမောက္ခမို ပြသာနာမရှာလို့သာ မင်းတို့သက်သာသွားတယ်မှတ်၊ မင်းတို့သာ ကျင်းယွင်ကျောင်းကို အနာတရဖြစ်အောင်လုပ်မိလို့ ပါမောက္ခခမိုဒေါသထွက်သွားပြီး မြို့တော်ဝန်ရှုကို သွားပြသာနာရှာရင် တကယ်ဒုက္ခရောက်မယ့်လူက မင်းတို့နဲ့ ရှုယုပဲဖြစ်လိမ့်မယ်”
သူတို့သည် ပြသာနာဖြစ်ရန် သီသီလေးလွတ်သွားသည့်အလား ဌာနမှူးသည် သူတို့အား သနားသောအကြည့်ဖြင့် ကြည့်လိုက်၏။
ဤအကြည့်ကြောင့် သူတို့သည် ချက်ချင်းဆိုသလို ပြာပြာသလဲဖြစ်သွားကြတော့၏။ သူတို့သည် ရှုယုနှင့်ရင်းနှီးသောကြောင့် ရှုမိသားစု၏အခြေအနေကို သိကြလေသည်။
ရှုယုသည် ပုံမှန်အားဖြင့် ထင်တိုင်းကြဲလေ့ရှိသော်လည်း သူစည်းကျော်မိပြီး ရှုယွမ်ထက်သိရှိသွားလျှင် နောက်ဆက်တွဲမှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပေသည်။ ယခင်က ရှုယုသည် ဖခင်အရင်းဖြစ်သူရှုယွမ်ထက်၏ လက်ချက်ဖြင့် လူငယ်ပြုပြင်ရေးစခန်းသို့ပင် အပို့ခံရဖူးပြီး မသေရုံတမယ် အရိုက်ခံခဲ့ရဖူးသည်။ သူ၏ဖခင်သည် သူ့အား ထမင်းမကျွေး၊ ရေမတိုက်ဘဲ သုံးရက်မျှ တိုက်ပိတ်ထားသဖြင့် သေလုမြောပါးအခြေအနေသို့လည်း ရောက်ခဲ့ဖူးသည်။
ထိုလူသားမဆန်သောပြစ်ဒဏ်အများစုမှာ ရှုယု၏အလွန်ခွင့်မလွှတ်နိုင်ဖွယ်လုပ်ရပ်များကြောင့်ဖြစ်ပြီး အချို့အပြစ်ပေးချက်များမှာမူ ရှုမိသားစု၏ အကြီးအကဲကြောင့်ဖြစ်သည်။
ရှုယုသည် ထိုအဘိုးနှင့်ပတ်သတ်၍ တစ်ခေါက်ပြောခဲ့ဖူးသည်။ သူတို့မြေးအဘိုးကြားတွင် သံယောဇဥ်တစ်စက်မှ မရှိကြောင်းဖြစ်၏။
အကြီးအကဲရှုနှင့် ရှုယွမ်ထက်ကြားမှ ဝေးကွာမှုကြောင့်သာမဟုတ်ခဲ့လျှင် သူသည် သူ၏မြေးဖြစ်သူ၏လုပ်ရပ်များကို သည်းမခံနိုင်ဘဲ သူ့အားအစဖျောက်ပစ်ရန် နည်းလမ်းတစ်ခုခုရှာခဲ့ပေလိမ့်မည်။
ထိုအထိတွေးပြီးနောက် သူတို့အားလုံးသည် ဘာမှဆက်မပြောတော့ဘဲ ဌာနမှူးရုံးခန်းမှသာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားတော့၏။
“ရှုယုနဲ့ ကျင်းယွင်ကျောင်းကြားမှာ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့၊ စိတ်မပူပါနဲ့”
သူတို့ထဲမှတစ်ဦးကပြောလိုက်သည်။
“ငါလည်းအဲ့လိုပဲတွေးတယ်၊ ရှုယုက ဒီလောက်ဒဏ်ရာအပြင်းအထန်ရသွားတာတောင် မြို့တော်ဝန်ရှုကိုယ်တိုင်မစွက်ဖက်ဘူးဆိုရင် ကျင်းယွင်ကျောင်းကတကယ်ပဲ သွားရန်မစသင့်တဲ့လူဆိုတာ သက်သေပြနိုင်လိမ့်မယ်၊ မြို့တော်ဝန်ရှုဝင်စွက်ဖက်ရင်တော့ အဲ့အချိန်မှ ငါတို့ကူညီလည်း နောက်မကျသေးပါဘူး၊ မဟုတ်ရင် လူမှားကူညီမိလို့ ငါတို့ပဲ အပြစ်တင်ခံရရင် ဘယ်လိုလုပ်မလဲ?”
နောက်တစ်ဦးမှ ချက်ချင်းသဘောတူလိုက်၏။
ထိုသို့ပြောလိုက်သောအခါ သူတို့အားလုံးသည် နားလည်သဘောပေါက်စွာဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့သည် မိမိအကျိုးအမြတ်အတွက်သာ ရှုယုနှင့် ပေါင်းသင်းနေခြင်းဖြစ်သည်။ မိမိတို့အတွက် ထိခိုက်နစ်နာမည့်လုပ်ရပ်မျိုး လုပ်မည်မဟုတ်ပါပေ။ အဆုံးတွင် သူတို့သည် အကျိုးအမြတ်လည်းမရဘဲ မြို့တော်ဝန်ရှု၏ မျက်မုန်းကျိုးခြင်းကိုပါ ခံရလိုက်လျှင် သူတို့သည် နှစ်ခါပြန်ရှုံးမည်မဟုတ်လော?
Space and Rebirth 874
သူတို့သည် သဘောတူညီချက်ရပြီးနောက် ရှုယုအား ကြည့်ရှုရန် ဆေးရုံသို့သွားလိုက်သည်။
တကယ်တမ်းတွင်မူ ရှုယုသည် အပြင်ဒဏ်ရာများသာ ရရှိခဲ့၏။ သူ၏မျက်နှာမှာ ပေါက်စီတစ်လုံးကဲ့သို့ ဖူးယောင်နေပြီး သူ၏ဝမ်းဗိုက်မှာလည်း ကျင်းယွင်ကျောင်း၏ကန်ချက်ကြောင့် ညိုမည်းစွဲနေသည်။ ၎င်းတို့အပြင် အခြားပြသာနာများမရှိချေ။
သူတို့ရောက်ရှိလာသောအခါ အလွန်ပင်သတိထားသည့်အနေဖြင့် ကျင်းယွင်ကျောင်း၏နာမည်ကို မဟခဲ့ပေ။
“မင်းတို့ပါ ဒဏ်ရာရသွားတာလား? အဲ့ခွေးမတော့...”
ရှုယုသည် အံကိုကြိတ်ကာ ချက်ချင်းဆိုသလို လေအေးတစ်ရှိုက် ရှူသွင်းလိုက်သည်။ သူသည် နာကျင်လွန်းသောကြောင့် မျက်နှာရှုံ့မဲ့သွား၏။
သူတို့သည် အချင်းချင်းကြည့်လိုက်ကြသည်။
ခဏအကြာတွင် သူဌေးကတော်တစ်ဦးသည် တံခါးပြင်ပမှ ဝင်လာတော့၏။ သူမကိုမြင်လိုက်သောအခါ အားလုံးသည် ချက်ချင်းဆိုသလို နှုတ်ဆက်ပြီး အပြင်ထွက်လိုက်ကြသည်။
ရှန်ရှီသည် သူမသား၏ လက်ရှိဖြစ်ပုံကိုကြည့်ပြီး ချက်ချင်းဆိုသလို အလွန်အမင်း စိတ်ဆင်းရဲသွားတော့သည်။
“အားယု၊ သားဘယ်လိုဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ? သားကိုဘယ်သူရိုက်လိုက်တာလဲ?!”
ရှန်ရှီဒေါသပုန်ထနေလေသည်။ သူမအသံသည် အေးစက်နေသော်လည်း သူမ၏ဣန္ဒြေသိက္ခာကို ထိန်းထားဆဲဖြစ်သည်။
“အမေ၊ အသာလုပ်ပါဗျ၊ နာတယ်”
ရှုယုအသံသည် သေးငယ်နေပြီး အံကိုကြိတ်ကာပြောလိုက်၏။
“သားကို မိန်းကလေးတစ်ယောက်ရိုက်လိုက်တာ၊ သားအာရုံစိုက်တာခံချင်လို့ဖြစ်မှာပေါ့”
“ဒီကလေးတော့၊ အရင်ကအမေမဆုံးမခဲ့ဘူးလား? အဲဒီပညာမတတ်တဲ့ မိန်းကလေးတွေနဲ့ မရောပါနဲ့လို့ပြောထားတယ်လေ ရှုမိသားစုရဲ့အနာဂတ်ချွေးမလောင်းဆိုတာ ရှုမိသားစုနဲ့ ဂုဏ်သိက္ခာတူ၊ အဆင့်အတန်းတူမှဖြစ်မယ်၊ အဲဒီညစ်ပတ်တဲ့မိန်းကလေးတွေက သားကိုလမ်းမှားရောက်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ?”
ရှန်ရှီအသံသည် တိုးဖွညင်သာနေ၏။ လူနာဆောင်ထဲတွင် မည်သူမှမရှိတော့သဖြင့် သူမသည် စကားကိုထိန်းမပြောတော့ချေ။
ဤအရာကို ရှုယု မအံ့သြပါပေ။
“အမေ၊ အဲ့လိုမဟုတ်ဘူး၊ ဒီမိန်းကလေးကအရမ်းလှတယ်၊ ပြီးတော့ အပျော်တွဲရုံပါပဲ သူ့ကို ရှုမိသားစုရဲ့ ချွေးမလုပ်ခိုင်းဖို့ ဆန္ဒမရှိပါဘူး၊ အာ ဟုတ်သားပဲ သားဆေးရုံရောက်နေတယ်လို့ အဖေ့ကိုမပြောလိုက်ဘူးလား သူဘာလို့မလာတာလဲ?”
“အမေပြောလိုက်တယ်၊ သူဘာလို့မလာလဲတော့မသိ...”
သူမစကားမဆုံးခင်တွင်ပင် ဗလတောင့်သောယောက်ျားကြီးနှစ်ဦးက သူတို့ရှေ့မှောက်တွင်ပေါ်လာသည်။ ထို့နောက် ရှုယွမ်ထက်ဝင်လာပြီး စကားတစ်ခွန်းမျှမဟဘဲ ရှုယုအား အပြင်သို့သယ်ဆောင်ခေါ်ထုတ်ရန် ထိုလူထွားကြီးနှစ်ဦးအား ခိုင်းစေလိုက်၏။
“အဖေ၊ ဘာလုပ်နေတာလဲ?!”
“ယောက်ျား! ကျွန်မတို့သားက ဒဏ်ရာရထားတယ်...”
ရှန်ရှီသည် စိတ်ပူပန်စွာဖြင့် ရှုယွမ်ထက်၏လက်မောင်းကို အလျင်အမြန်ဆုပ်ကိုင်လိုက်သည်။ ရှုယွမ်ထက်သည် သူမအား အေးစက်သောအကြည့်ဖြင့်ကြည့်ကာ ဆွဲဖယ်လိုက်၏။
“အမေကအလိုလိုက်တော့ သားကအသုံးမကျတော့ဘူး! အခုချိန်ထိ မမှတ်သေးပုံထောက်တော့ အရင်တစ်ခေါက် အပြစ်ပေးတာအရမ်းပေါ့သွားလို့ထင်တယ်! သူအတွေ့အကြုံရအောင် နိုင်ငံခြားပို့လိုက်ဖို့ စီစဥ်ပြီးသွားပြီ၊ ဒီတစ်ခေါက် အသက်ရှင်ရက်ပြန်လာနိုင်ရင် ဒီကိစ္စကိုလွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် သူသေရင်တော့ ရှုမိသားစုဝင်မဟုတ်တော့ဘူးလို့ပဲ မှတ်လိုက်ကြတာပေါ့!”
ရှုယွမ်ထက်ဒေါသပုန်ထနေလေသည်။ သူ၏သားကို လည်ပင်းညှစ်သတ်ချင်နေမိ၏။
သူကိုယ်တိုင်က ရက်စက်တတ်သူဖြစ်သော်ငြား သူ၏ရက်စက်မှုများကို သူ၏ရန်သူများဆီသာ ပစ်မှတ်ထားတတ်သည်။ တစ်ကြိမ်တစ်ခါမှ အဆင်အခြင်မဲ့စွာ မပြုမူခဲ့ဖူးပေ။ နှစ်ပေါင်းများစွာတစ်လျှောက် သူသည် လူများစွာကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ထိုလူများအားလုံးမှာ သေသင့်သောလူများသာဖြစ်သည်။ လူတစ်ယောက်ကိုသတ်၍ အပြစ်မရှိသောလူပေါင်းများစွာကို ကယ်တင်နိုင်လျှင် သူသည် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
သို့ရာတွင် သူ၏သားမှာမူ အဘယ်သို့လုပ်ခဲ့သနည်း? မူလတန်းကျောင်းမှစ၍ အခြားသူများကို အနိုင်ကျင့်ဖို့သာသိသည်။ သူဆယ်ကျော်သက်အရွယ်ရောက်သောအခါ အခြားသူများ၏သမီးပျိုများကို စတင်အန္တရာယ်ပေးခဲ့သည်။ ကျိုးကြောင်းပြရှင်းပြလျှင် နားမထောင်တတ်ဘဲ သူ၏ပြစ်မှုများသည် အသက်ကြီးလာလေ ပိုပြင်းထန်လာလေဖြစ်၏။
ယနေ့ နေ့လယ်ခင်းတွင် သူသည် ဌာနမှူးကို ဖုန်းဆက်ခဲ့သည်။ ရှုယုသည် ကျောင်းသူတစ်ဦးအား အတင်းအဓမ္မ လက်ပါခြေပါလုပ်ခဲ့သောကြောင့် သူမလက်ဖြင့် အရိုက်နှက်ခံခဲ့ရသည်ဟု ဌာနမှူးက သူ့ကိုပြောခဲ့၏။ ထိုမိန်းကလေးအား ဝိုင်းရိုက်ရန် ဒါဇင်ချီသောလူများကိုပင် လွှတ်ခဲ့သေးသည်။
ဌာနမှူးနှင့် ဆရာများရှိနေသော ကျောင်းတွင်ပင် ဤမျှလောက်ဆိုးရွားသောလုပ်ရပ်ကို လုပ်ရဲနေလျှင် သူ၏သတ္တိသည် တဖြည်းဖြည်းကြီးလာဟန်ထောက်၏။ ဤသို့ဆက်သွားနေလျှင် မကြာခင်၌ ရှုယွမ်ထက်၏နာမည်သည် ဤအကောင်ကြောင့် လုံးဝစွန်းထင်းပျက်စီးပေတော့မည်!
ထိုအချိန်တွင် ရှုယွမ်ထက်မှ ရှုယုအား နိုင်ငံခြားပို့မည်ဟု ရှန်ရှီကြားလိုက်သောအခါ သူမချက်ချင်းဆိုသလို ကြက်သေသေသွား၏။
“ယောက်ျား၊ အားယုမှာဘာအမှားရှိလို့လဲ? သူ့ကိုကောင်းကောင်းပြောလို့မရဘူးလား? အားယုက ဉာဏ်ကောင်းပါတယ် သူ့အမှားတွေသိပြီး ပြင်မှာပါ...”
“သူ့အမှားတွေသိပြီး ပြင်မယ်တဲ့လား?”
ရှုယွမ်ထက်သည် မှောင်ရိပ်သန်းနေသောမျက်လုံးများဖြင့် ရှန်ရှီကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။
“သူပြင်နိုင်လား မပြင်နိုင်လားဆိုတာ ငါစိတ်ထဲမှာသိတယ်!”
ရှန်ရှီသည် ရုတ်ချည်းဆိုသလို ရေခဲတွင်းထဲပစ်ချခံလိုက်ရသလို ဖြစ်သွား၏။ နှစ်နှစ်ဆယ်ကျော်ပြီးသည့်တိုင် ရှုယွမ်ထက်၏ ဤပုံစံကိုမြင်တိုင်း သူမကြောက်ရွံ့တုန်လှုပ်ဆဲဖြစ်သည်။
Space and Rebirth 875
ရှန်ရှီ၏ခြေလက်များ အေးစက်လာသည်။ သူမသည် ကြောက်လွန်းသဖြင့် အသံပင်မထွက်ရဲချေ။ သူမအသိပြန်ဝင်လာသောအခါ သူမသားသည် အပြင်သို့ဆွဲခေါ်ထုတ်ခံနေရလေပြီ။ သူမချက်ချင်းဆိုသလို အလျင်အမြန်ပြေးလွှားသွား၏။
“ယောက်ျား!”
“ဒီလိုမလုပ်ပါနဲ့ရှင် အားယုက ကျွန်မရဲ့တစ်ဦးတည်းသောသားပါ၊ သူသာတစ်ခုခုဖြစ်သွားရင် ကျွန်မအသက်ဆက်ရှင်နိုင်တော့မှာမဟုတ်ဘူး…ကျွန်မတစ်ဘဝလုံး ကျွန်မသားကိုပဲဂရုစိုက်ပြီးနေလို့ရတယ်လို့ ရှင်ပြောခဲ့တာလေ၊ အခုတော့ အားယုကို အဲ့လောက်အန္တရာယ်များတဲ့နေရာဆီ ပို့နေပြီလား ရှင်ကျွန်မကိုသေခိုင်းနေတာနဲ့အတူတူပဲ…•
ရှန်ရှီ ကပြာကယာဖြင့် ငိုချင်းချတော့သည်။
ရှန်ရှီသည် အသက်ကြီးပြီဖြစ်သော်လည်း သူမကိုယ်သူမ ကောင်းကောင်းဂရုစိုက်ခဲ့၏။ ထို့ကြောင့် သူမငိုနေလျှင်ပင် နူးညံ့ကြင်နာသောဟန်ပေါက်နေလေသည်။
ထိုအချိန်တွင် သူမ၏ငိုယိုသံကြောင့် ရှုယွမ်ထက် ပို၍ပင် ဒေါသပုန်ထသွားသည်။ သူမျက်နှာပျက်သွားတော့၏။
မတော်တဆဖြစ်ခဲ့စဉ်က သူ့တွင် ရွေးချယ်စရာနှစ်ခုရှိထဲ့သည်။ ပထမရွေးချယ်မှုမှာ ရှန်ရှီအားလက်ထပ်ရန်ဖြစ်သည်။ နောက်တစ်ခုမှာမူ သူမအား လျော်ကြေးပေးကာ အရာအားလုံးကို ဖုံးဖိထားရန်ဖြစ်၏။ သူသည် အစက ဒုတိယတစ်ခုကို ရွေးချယ်ခဲ့သည်။ ထိုအချိန်က သူသည် မိသားစုတစ်ခုတည်ထောင်ရန် ဆန္ဒမရှိခဲ့သလို အိမ်ထောင်ပြုလျှင်ပင် သူနှစ်သက်သဘောကျသူကို ယူရန်ကြံရွယ်ထား၏။
ရှန်ရှီမှာ အမှန်ပင် ရုပ်ရည်ချောမောလှပသော်လည်း သူသဘောကျသောမိန်းကလေးမျိုးမဟုတ်ပေ။
ထို့ကြောင့် သူမအား နစ်နာကြေးသာပေးကာ သူမလုပ်ချင်သလိုလုပ်ခွင့်ပေးလိုက်သည်။ ရှန်ရှီမှာ သူ၏စကားကို အလွန်ပင်ကျိုးနွံ၏။ သူမသည် နာခံမှုအပြည့်ဖြင့် ထွက်သွားပြီး သူ့အား နည်းနည်းမှ မခြိမ်းခြောက်ခဲ့ပေ။ သို့ရာတွင် နှစ်လကြာသောအခါ သူမသည် ဗိုက်တစ်လုံးနှင့်အတူ ပြန်ပေါ်လာခဲ့၏။
သူမနှင့်ပတ်သတ်၍ သံသယဝင်စရာတစ်ခုမှ မရှိချေ။ ထိုနှစ်က သူမထွက်သွားပြီးနောက် ရှုယွမ်ထက်သည် သူမအား လျှို့ဝှက်စောင့်ကြည့်ရန် လူအချို့စေလွှတ်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ သူ၏နိုင်ငံရေးရန်ဘက်များနှင့် သူမအင်အားပေါင်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သို့သော် ထိုနှစ်လအတွင်း သူမသည် အိမ်ထဲတွင်သာနေခဲ့သည်။ ထမင်းချက်ပြုတ်ရန်အတွက် အပြင်ထွက်စျေးဝယ်သည်မှအပ အခြားနေရာများသို့ မသွားခဲ့ပေ။
သူသည်လည်း ယောက်ျားတစ်ဦးဖြစ်သောကြောင့် ကိုယ်ဝန်ရှိနေသောရှန်ရှီကို လက်ထပ်ရုံမှအပ အခြားရွေးချယ်စရာမရှိချေ။ သို့ရာတွင် သူမသဘောကိုမေးခဲ့သေးသည်။ ရှန်ရှီမှာ စိတ်ပူပန်နေခဲ့ပြီး ဤကလေးကိုသာ ပျိုးထောင်ချင်ကြောင်း၊ အခြားအရာများလုပ်ပေးစရာမလိုကြောင်း ပြောခဲ့၏။ သူတို့နှစ်ဦးကြားမှ လက်ထပ်ထိမ်းမြားမှုမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်သည်မဟုတ်လော။
ရှုယွမ်ထက်သည်လည်း သူမအား ရှုမိသားစု၏ချွေးမတစ်ဦး ရသင့်ရထိုက်သော အခွင့်အရေးများအားလုံးကို ပေးမည်ဖြစ်ကြောင်းနှင့် သူမအား စွန့်ပစ်မည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် သူ၏ကတိကို မဖျက်ခဲ့ချေ။ ရှန်ရှီသည် သူ့အတွက် အိမ်အလုပ်များကို ဦးစီးပြီး ပွဲလမ်းသဘင်များကို တက်ရောက်ပေး၏။ ထိုအတွက် သူသည် ရှန်ရှီအား လုံလောက်သောငွေကြေးနှင့် ဂုဏ်သိက္ခာကို ပေးအပ်ခဲ့သည်။ သို့ရာတွင် သားသမီးကိစ္စနှင့်ပတ်သတ်လာလျှင်မူ ခေါင်းကိုက်စရာဖြစ်ပေသည်။
ရှုယုသည် ဘယ်လောက်ဆုံးမဆုံးမ မမှတ်ပါချေ။
သူ၏ခန္ဓာကိုယ်ထဲရှိ မကောင်းသောအကျင့်များမှာ မျိုးစေ့တစ်ခုနှယ်ဖြစ်သည်။ ထိုမကောင်းသောမျိုးစေ့သည် နှစ်ကာလများ ကျော်လွန်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း အမြစ်တွယ်လာပြီး တဖြည်းဖြည်းကြီးထွားရင့်သန်လာလေသည်။
ဖခင်တစ်ဦး၏တာဝန်ဝတ္တရားကျေပွန်စေရန် သူသည် ရှုယုကို ဆုံးမခဲ့၏။ သို့သော်လည်း ပြသာနာမှာ ရှုယုသည် ခေါင်းမာပြီး သူသင်ကြားပေးလေလေ အကျင့်ဆိုးလာလေလေဖြစ်သည်။
“ငါတို့ရှုမိသားစုထဲမှာ ဒီလိုဆန်ကုန်မြေလေးတစ်ယောက်ရှိလို့မရဘူး၊ သူကအကြီးဆုံးသားကမွေးတဲ့ အကြီးဆုံးမြေးဖြစ်နေတာတောင် ရှုမိသားစုကို အရှက်ခွဲနေသေးတယ်၊ သူအမှားတစ်ခုလုပ်ရင် ငါနဲ့ အဖေ့ရဲ့မျက်နှာကို အိုးမည်းသုတ်သလိုပဲ၊ ရှုမိသားစုက သာမန်သူဌေးမိသားစုဆိုရင် ဘာမှမဖြစ်ဘူးဆိုပေမယ့် နှစ်တစ်ထောင်ကျော် ဆေးဝါးပညာကို လက်ဆင့်ကမ်းလာတဲ့ မိသားစုကွ၊ ပထမဆုံးအနေနဲ့ သူဆေးမဖော်တတ်သလို ဒုတိယအနေနဲ့ အကျင့်စာရိတ္တလည်းမကောင်းဘူး၊ ဒီလိုပဲ ဆက်ပြသာနာရှာနေရင် ရှုမိသားစုရဲ့ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ ဆုံးမစကားတွေကို တံထွေးထွေးရာကျတော့မယ်!”
ရှုယွမ်ထက် အေးစက်စွာပြောလိုက်၏။ သူသည် လူထွားကြီးနှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်နှင့် ရှုယုအား ချက်ချင်းဆွဲထုတ်သွားတော့သည်။
ဆေးရုံအဝင်ဝတွင် ကားတစ်စီးကိုပြင်ဆင်ထားပြီး ကိုယ်ပိုင်ဂျက်လေယာဉ်ကိုလည်း ပြင်ဆင်ထား၏။ လမ်းတွင်လည်း သူ့အားလိုက်ပို့မည့် အစောင့်အကြပ်များရှိသောကြောင့် ရှုယုတွင် အတောင်ပံများရှိလျှင်ပင် ပျံသန်းထွက်ပြေးနိုင်မည်မဟုတ်ပေ။
ရှုယွမ်ထက်စကားများသည် ကျိုးကြောင်းဆီလျော်ပေသည်။
ရှုမိသားစုနှင့် ကျင်းမိသားစုမှာ တစ်မျိုးနွယ်တည်းဖြစ်ကြ၏။ နှစ်မိသားစုလုံးသည် တူညီသောဘိုးဘေးမှ ဆင်းသက်လာကြသည်။ ကျင်းမိသားစုသည် ဆေးကုသရေးပညာကို လေ့လာသင်ယူပြီး ရှုမိသားစုမှာ ဆေးဝါးဖော်စပ်ရေးကို လေ့လာခဲ့သည်။ နှစ်ဖွဲ့လုံးသည် နှစ်ပေါင်းများစွာ နီးကပ်ခဲ့ကြပြီး ဘိုးဘေးအဆုံးအမများမှာလည်း တစ်ထေရာတည်းဖြစ်သည်။ နောင်လာမျိုးဆက်တစ်ဦးမှ အကျင့်စာရိတ္တမကောင်းဘဲ ပြောင်းလဲမည့်ပုံလည်းမပြလျှင် ထိုလူအား မိသားစုထဲမှ နှင်ထုတ်ရပေမည်။
ရှုမိသားစုနှင့် ကျင်းမိသားစုသည် နေရာများစွာ၌ မိမိတို့ကိုယ်ပိုင် ဘိုးဘေးခန်းမများ အသီးသီးရှိကြ၏။ သို့ရာတွင် သူတို့၏ပင်မမျိုးဆက်မှာ မြို့တော်ထဲတွင်ဖြစ်သည်။ ဤခေတ်ဤအခါတွင်မူ နောင်လာနောက်သားမျိုးဆက်များကို မိသားစုထဲမှ နှင်ထုတ်သည်မှာ ရှေးခတ်အချိန်ကကဲ့သို့ အရေးကြီးသည့်ကိစ္စမဟုတ်တော့ပေ။
ရှုယုသည် ဆေးဝါးပညာကို မကျွမ်းကျင်ဘဲ အပေါ်ယံမျှတတ်လျှင်ပင် ရှုယွမ်ထက်ဒေါသထွက်မိမည်မဟုတ်ချေ။ သို့ရာတွင် သူသည် ပညာမတတ်ရုံမက စာရိတ္တလည်း ဆိုးရွားလှပေသည်။
Space and Rebirth 876
ရှုယွမ်ထက်နှင့် ရှန်ရှီမှလွဲ၍ သီးသန့်လူနာဆောင်ထဲတွင် မည်သူမှမရှိချေ။ ရှန်ရှီ၏မျက်လုံးများသည် နီမြန်းနေပြီး မည်သို့ဆက်လုပ်ရမည်ကို မသိဟန်ပေါက်၏။ သူမသည် ရှုယွမ်ထက်၏လက်မောင်းများကို ဖမ်းဆုပ်ကာ ပြောလိုက်သည်။
“အားယုက ဆေးလည်းမစပ်တတ်သလို တစ်ခါတလေလည်း အမှားတွေလုပ်မိတယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် သူကရှင့်သာမဟုတ်ဘူးလား? ကျွန်မတို့မိသားစုက ငွေဖြစ်ဖြစ် အာဏာဖြစ်ဖြစ် ဘာမှမလိုတော့တဲ့ မိသားစုပါရှင်၊ ကျွန်မတို့သား အမှားလုပ်မိလို့လည်း သူဘာမှဖြစ်မှာမဟုတ်ဘူး သူ့ကိုတစ်သက်လုံးကာကွယ်ပေးတာ ဘာများမှားနေလို့လဲ? ယောက်ျား၊ ဒီနှစ်တွေတစ်လျှောက် ကျွန်မသားနဲ့ပတ်သတ်တာကလွဲလို့ ကျွန်မတခြားဟာတွေဘာမှမတောင်းဆိုဖူးပါဘူး...”
“ရှန်ရှီ”
ရှုယွမ်ထက်မျက်လုံးများသည် မှောင်ရိပ်သန်းနေ၏။
“ရှုမိသားစုကချမ်းသာပြီး အင်အားကြီးတယ်ဆိုပေမယ့် အဲဒါတွေအားလုံးက ရှုယုသုံးဖြုန်းပျော်ပါးလိုက်ဖို့မဟုတ်ဘူး! သူကရှုမိသားစုရဲ့အရိပ်ကိုခိုပြီး ကြီးလာမှတော့ ရှုမိသားစုနဲ့ထိုက်တန်တဲ့မျိုးဆက်တစ်ယောက်ရဲ့တာဝန်ကို ယူမှဖြစ်မယ်၊ သူက ယောက်ျားတစ်ယောက်ဖြစ်နေပြီ၊ ကလေးမဟုတ်တော့ဘူး”
“ရှုယွမ်ထက်၊ ရှင်ဒီလောက်ထိ ရက်စက်မှဖြစ်မှာလား? ရှင်ဒီလိုလုပ်တာ ဘယ်နှစ်ခေါက်ရှိပြီလဲ? အမြဲတမ်း ရှင်ကကျွန်မသားကိုသတ်ချင်နေတော့တာပဲ...”
“သူက ငါ့သားဆိုလည်းဟုတ်ပါတယ် ငါလည်းဒီလိုလုပ်ရတာ ပျော်တယ်ထင်လား?”
ရှုယွမ်ထက်သည် စကားပြောပြီးနောက် စတင်ခြေလှမ်း၍ လူသွားစင်္ကြံအဆုံးဆီသို့ ပျောက်ကွယ်ထွက်သွားတော့၏။ ရှန်ရှီ၏ရင်ဘတ်တစ်လုံး ဗလာနတ္ထိဖြစ်သွားသလို ခံစားလိုက်ရသည်။ သူမသည် နံရံကိုအမှီသဟဲပြုကာ တစ်လှမ်းချင်းလှမ်း၍ သူမ၏လက်သည်းများကို နံရံထဲ တိုးဝင်ခြစ်ကုတ်လိုက်၏။
ဒဏ်ရာရခဲ့သူမှာ သူမ၏သားဖြစ်သည်...
သူမသား၏လုပ်ရပ်မှာ အသေးအဖွဲကိစ္စလေးသာဖြစ်ပေသည်။ ထိုကိစ္စကို မည်သူက ရှုယွမ်ထက်ထံ တိုင်ကြားလိုက်သနည်း? မည်သူကလုပ်ခဲ့သနည်း!
ရှန်ရှီ၏မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသော်လည်း သူမအမုန်းတရားသည် ပြင်းထန်နေ၏။ သူမသည် ဆေးရုံမှထွက်သည်နှင့် ရှုယု၏သူငယ်ချင်းကိုဆက်သွယ်လိုက်သည်။ လိုက်လံမေးမြန်းစုံစမ်းပြီးနောက် သူမတစ်ကိုယ်လုံး သွေးများဆူလာတော့သည်။ သူမသည် မုန်းတီးမှုများဖြင့် ပြည့်နှက်နေလေပြီ။
တရားခံမှာ ကျင်းယွင်ကျောင်းဖြစ်၏။
ဤတစ်ခေါက်တွင်လည်း သူမဖြစ်ပေသည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှာ အပြင်ထွက်ရန်စောလွန်းနေသည်ကို အခွင့်ကောင်းယူ၍ လီရှောက်ယွင်မှမိတ်ဆက်ပေးထားသော ဆေးဝါးစက်ရုံတာဝန်ခံကို သွားတွေ့နေလေ၏။ သူမမျက်ခွံများသည် ချက်ချင်းဆိုသလို တွန့်ခုန်သွားပြီး မကောင်းသောအနိဌာရုံတစ်ခုကို ခံစားမိလိုက်သည်။
သို့ရာတွင် ဤခံစားချက်မှာ သူမနှင့်မစိမ်းပါချေ။ သူမသည် လူများစွာကို ရန်စခဲ့သည်မဟုတ်လော။
ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်ပျက်လိမ့်မည်။ မတူညီသောအခြေအနေများအား မတူညီသောနည်းလမ်းများဖြင့် ဖြေရှင်းရုံသာရှိသည်။ မဖြစ်လာသေးသောအခြေအနေများအတွက် ကြိုတင်စိုးရိမ်ပူပန်နေစရာမလိုပါချေ။
ဆေးဝါးစက်ရုံမှာ သူမအပိုင်ဖြစ်သောကြောင့် ၎င်းအားတာဝန်ယူမည့်သူကို သူမသည်သာ ရွေးချယ်ရမည်ဖြစ်သည်။ လီရှောက်ယွင်၊ ပိုင်ယွီအန်းနှင့် ရှန်းကျင်ပင်လျှင် သူမအား လူအချို့မိတ်ဆက်ပေးထားခဲ့၏။ သူမသည် ထိုသူတို့၏ကိုယ်ရေးအချက်အလက်များကို အကြိမ်အနည်းငယ်မျှ ဂရုတစိုက်ကြည့်ရှုပြီး နောက်ဆုံးတွင် လီရှောက်ယွင် မိတ်ဆက်ပေးထားသော လူများထဲမှတစ်ဦးကို ရွေးချယ်လိုက်လေသည်။
ထိုလူ၏နာမည်မှာ ချင်းရွှေဖြစ်၏။ သူသည် အသက် ၄၅ နှစ်ရှိပြီး ယခင်က အခြားဆေးဝါးစက်ရုံများတွင် အလုပ်လုပ်ခဲ့ဖူးသည်။ သူသည် လွန်စွာအရည်အချင်းရှိပြီး တပ်ထဲသို့လည်း ဝင်ခဲ့ဖူး၏။ သူသည် ဇွဲကြီးသောလူဖြစ်ကာ စာရိတ္တလည်းကောင်းမွန်ပေသည်။
ကျောက်စိမ်းဆေးဝါးစက်ရုံရှိ အခြားရာထူးများကို လီရှောက်ယွင်ပေးထားသော လူစာရင်းထဲမှ ကောက်နှုတ်ရွေးချယ်နှင့်ပြီးဖြစ်သည်။ သို့ရာတွင် ချင်းရွှေမှာ အမိန့်တိုက်ရိုက်ပေးရမည့်သူဖြစ်သောကြောင့် သူမကိုယ်တိုင်တွေ့ဆုံရပေမည်။ အခြားရာထူးတွင်ရှိသော လူများကိုမူ ဆေးဝါးစက်ရုံကြီး လမ်းကြောင်းမှန်ပေါ်သို့ ရောက်မှသာ နားလည်သဘောပေါက်ရန် ကြိုးစားရပေမည်။ သူမတွင် အချိန်သိပ်မရှိပါချေ။
တွေ့ဆုံရန် ချိန်းချက်ထားသောနေရာသည် သူမအတွက် သွားလာရအဆင်ပြေစေရန် သူမကျောင်းအနီးတစ်နေရာတွင် သတ်မှတ်ထား၏။
အနီးအနားရှိ သာမန်စားသောက်ဆိုင်တစ်ဆိုင်တွင် သက်လတ်ပိုင်းလူကြီးတစ်ဦးသည် အချိန်အတော်ကြာစောင့်ဆိုင်းနေလေသည်။ သူသည် အဝတ်အစားကို သပ်ရပ်ကျနစွာဝတ်စားထားပြီး အနည်းငယ်စိတ်လှုပ်ရှားသည့်ပုံပေါက်နေ၏။ မကြာခဏဆိုသလို သူသည် အပြင်ဘက်ကို ဝေ့ကြည့်တတ်သည်။
လီရှောက်ယွင်ပြောပြခဲ့သော သူဌေးမှာ အဘယ်ကြောင့် A တက္ကသိုလ်က လာရမှန်း သူနားမလည်နိုင်ချေ။ ဧကန္တ ထိုလူသည် ဆေးဝါးဌာနရှိ ပါမောက္ခတစ်ဦးလော?
ကျင်းယွင်ကျောင်းသည် စားသောက်ဆိုင်သို့ဝင်ကာ ဘေးဘီဝဲယာကြည့်ရှုလိုက်၏။ နောက်ဆုံးတွင် သူမသည် ထိုသက်လတ်ပိုင်းလူကြီးရှေ့တွင် ထိုင်လိုက်သည်။ သူမသည် သူ၏ဓာတ်ပုံကို ယခင်ကမြင်ဖူးသောကြောင့် သူ့အားမှတ်မိနေလေသည်။ သို့ရာတွင် ချင်းရွှေမှာ ခေတ္တမျှ ကြောင်အမ်းသွား၏။ သူယဥ်ကျေးစွာပြောလိုက်သည်။
“ကျောင်းသူလေး၊ စိတ်မရှိပါနဲ့ ဒီခုံမှာ လူရှိတယ်...”
“ကျွန်မသိပါတယ်၊ ကျွန်မကရှင်စောင့်နေတဲ့လူပဲလေ”
ကျင်းယွင်ကျောင်းလက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ပြောလိုက်၏။
ချင်းရွှေနှုတ်ခမ်းစွန်းများတွန့်သွားသည်။ ယနေ့ခေတ် မိန်းကလေးများအားလုံး ဤမျှလောက် ထူးဆန်းကြသလော?
“ကျောင်းသူလေး၊ ဦးလေး အလုပ်ကိစ္စရှိနေလို့ ခုံပြောင်းထိုင်ပေးလို့ရမလား?”
ချင်းရွှေသည် ယဥ်ကျေးစွာ ပြောလိုက်ပြန်သည်။
“မင်္ဂလာပါ ဦးလေးချင်း၊ ခုနက ကျွန်မကိုယ်ကျွန်မ မမိတ်ဆက်မိလိုက်ဘူး ဒါပေမယ့် အခုလည်း နောက်မကျသေးဘူးထင်ပါတယ်၊ ကျွန်မနာမည်က ကျင်းယွင်ကျောင်းပါ၊ ဘာအချွတ်အချော်မှ မရှိဘူးဆိုရင် နောက်ပိုင်း ဦးလေးရဲ့သူဌေးဖြစ်လာမယ့်လူပေါ့၊ ဒါဆို အခုရော ကျွန်မဒီမှာထိုင်တာနဲ့ပတ်သတ်ပြီး ပြောစရာရှိသေးလား?”
ကျင်းယွင်ကျောင်းသည် သူမ၏ကျောင်းသားမှတ်ပုံတင်ကတ်ပြားကို ထုတ်ပြလိုက်၏။ သူမနာမည်ကို ထိုကတ်ပြားပေါ်တွင် ကြည်လင်ပြတ်သားစွာ ရေးသားထားလေသည်။
ချင်းရွှေသည် သူမကို ကောင်းကောင်းမသိသော်လည်း သူမနာမည်ကိုမူ သိထား၏။