← Chapters

အခန်း (၈၇၇-၈၈၀)

Vol. 44 Ch. 877-880

အခန်း (၈၇၇-၈၈၀)

Vol. 44 Ch. 877-880

Space and Rebirth 877

ကျောင်းသားကတ်ပေါ်ရှိ နာမည်ကိုတွေ့လိုက်ရသောအခါ ချင်းရွှေ၏မျက်နှာအိုတစ်ခုလုံး ပြင်းထန်စွာတွန့်သွား၏။ သူသည် အတော်အတန်ပြင်းစွာ ဓာတ်လိုက်သွားသကဲ့သို့ သူ၏နားစည်များ အူလာတော့သည်။

“မင်းက ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံရဲ့ သူဌေးလား?”

ချင်းရွှေသည် သူ့ကိုယ်သူဆွဲဆိတ်ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

သူ၏သူဌေးဖြစ်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိထားသော်လည်း သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ သိပ်မတွေးခဲ့ချေ။ အသက် ၄၀ အရွယ်အမျိုးသမီးကြီးတစ်ဦးဖြစ်လောက်မည်ဟုသာ ထင်ထားခဲ့၏။ ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံမှာ အလွန်ကြီးမားပြီး စစ်တပ်ဘက်မှ တိုက်ရိုက်ထောက်ပံ့ထားသောလုပ်ငန်းပင်မဟုတ်လော။ ဤမျှလောက်သတ္တိကြီးသော သူဌေးတစ်ဦးဆိုလျှင် အနည်းဆုံးအနေဖြင့် ဆယ်စုနှစ်ကျော်ကြာသော အတွေ့အကြုံရှိခဲ့ရပေမည်။ ထိုသူဌေးမှာ ကျောင်းသူတစ်ဦးဖြစ်နေမည်ဟု သူမထင်ခဲ့ချေ။

ချင်းရွှေ၏မျက်လုံးများထဲတွင် သံသယရိပ်များ သန်းသွားပြီး ကျင်းယွင်ကျောင်းမှ ခေါင်းခါ၍ငြင်းမည်ကို စိတ်ထဲတွင် အနည်းငယ်မျှော်လင့်မိသွားသည်။ သို့သော် လက်တွေ့မှာ စိတ်ကူးနှင့် တခြားစီပင်။ ကျင်းယွင်ကျောင်းသည် တုံ့ဆိုင်းမှုမရှိ ခေါင်းငြိမ့်လိုက်၏။

“ဟုတ်ပါတယ်”

“မင်းက...A တက္ကသိုလ်က ကျောင်းသူမဟုတ်ဘူးလား? ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ?”

ချင်းရွှေ မနေနိုင်မထိုင်နိုင်မေးမိတော့၏။ ထိုမေးခွန်းကိုမေးလိုက်သည်နှင့် သူသည် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။

“၁၈ နှစ်ပါ”

ကျင်းယွင်ကျောင်းမှာ သူ့အားသံယောင်လိုက်၍ အဖြေပြန်ပေးလိုက်သည်။

ချင်းရွှေခေါင်းတငြိမ့်ငြိမ့်ဖြင့် အနည်းငယ်နေရခက်သွားသည်။ သခင်လေးလီသည် အဘယ်ကြောင့် သူ့အားအလုပ်ခန့်ချင်ခဲ့မှန်း သူနားလည်သွားလေပြီ။

သခင်လေးလီသည် သူ့ထိန်းချုပ်မှု‌အောက်တွင်ရှိပြီး သစ္စာရှိမည့်လူကို လိုအပ်၏။ သူသည် ယခင်က တပ်ထဲတွင် တာဝန်ထမ်းဆောင်ဖူးပြီး နောက်ပိုင်းတွင် အခြားဆေးဝါးစက်ရုံတစ်ခု၏ ဒု-ဥက္ကဌဖြစ်လာခဲ့သည်။ သို့ရာတွင် ထိုစက်ရုံ၏ ထုတ်လုပ်ရေးအပိုင်း၌ ပြသာနာအနည်းငယ်ရှိသည်ကို သူသိရှိသွားသောအခါ သူ၏အထက်လူကြီးနှင့် အငြင်းပွားခဲ့ရပြီး ထောင်ထဲသို့ ရောက်လုနီးပါးပင်ဖြစ်ခဲ့၏။ ထိုအချိန်တွင် သခင်လေးလီသည် သူ့အား ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏အကြောင်းကို ပြောခဲ့ခြင်းဖြစ်သည်။

ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏ အထွေထွေမန်နေဂျာရာထူးထက် သူ၏ကိုယ်ခန္ဓာကို ရောင်းစားလိုက်ခြင်းဆိုလျှင် ပိုမှန်ပေမည်။ သူသည် ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံအတွက် မိမိတစ်ဘဝစာလုံး ပေးဆပ်၍ အလုပ်လုပ်နိုင်ပေ၏။ သူသာ ကုမ္ပဏီအား သစ္စာဖောက်မည့်လုပ်ရပ်မျိုးလုပ်ခဲ့လျှင် သခင်လေးလီသည် သူ့အား ရှာဖွေအပြစ်ပေးပေလိမ့်မည်။

သူသည် တာဝန်ယူရန် ခေါင်းမရှောင်ခဲ့ပါပေ။ သူသာ ဤအခွင့်အရေးကို မရရှိခဲ့လျှင် ဘဝသက်တမ်းတစ်လျှောက်လုံး‌ ထောင်ထဲတွင် ဖြတ်သန်းရပေလိမ့်မည်။ သူသည် ဤအခွင့်အရေးအတွက် ကျေးဇူးတင်ရုံမှအပ အခြားရွေးချယ်စရာမရှိချေ။

သက်ပြင်းကို ဖူးခနဲမှုတ်ထုတ်လိုက်ပြီး ချင်းရွှေသည် မိမိကိုယ်မိမိ မျက်နှာပန်းလှအောင် တတ်နိုင်သမျှအကောင်းဆုံးကြိုးစားလိုက်သည်။

“စီအီးအိုကျင်း၊ ကျွန်တော့်ရဲ့ အလုပ်လျှောက်လွှာကိုတွေ့လိုက်တယ်မလား? အဲဒါနဲ့ပတ်သတ်လို့...ဘယ်လိုများထင်လဲ?”

သူသည် အသက်လေးဆယ်ဝန်းကျင် သက်လတ်ပိုင်းယောက်ျားကြီးတစ်ဦးဖြစ်၏။ ဤအသက်အရွယ်ဖြင့်ဆိုလျှင် ကျင်းယွင်ကျောင်း၏အဖေအရွယ်လောက်ရှိနေချေပြီ။ သူသည် ဤအရာနှင့်ပတ်သတ်၍ စိတ်ကြိုတင်မပြင်ဆင်ထားသောကြောင့် နေရခက်နေတော့သည်။

“ကျွန်မမြင်လိုက်တယ်၊ အရင်ကုမ္ပဏီတုန်းက စက်ကိရိယာတွေဝယ်ပြီး ငွေအများကြီးသုံးခဲ့ပြီး ကုမ္ပဏီရဲ့ဒါရိုက်တာကို ခြိမ်းခြောက်ခဲ့တယ်လို့ကြားတယ်၊ နောက်ဆုံးတော့ ထွက်လာတဲ့ ဆေးအရည်အသွေးကလည်း အဆင့်အတန်းမမီခဲ့ဘူး...”

“ကျွန်တော်စွပ်စွဲခံရတာပါ၊ စက်ပစ္စည်းတွေနဲ့ပတ်သတ်လို့ ပြသာနာရှိနေတာ ကျွန်တော်သိသွားတာနဲ့ အဲဒါတွေကိုလွှင့်ပစ်ချင်ခဲ့ပေမယ့် အဲ့အချိန်တုန်းက...”

ချင်းရွှေမျက်နှာနီမြန်းလာပြီး သုတ်သီးသုတ်ပြာဖြင့် စတင်ရှင်းပြတော့သည်။

ကျင်းယွင်ကျောင်းလက်ကာပြကာ ဆက်ပြောလိုက်၏။

“ရှင်းပြစရာမလိုပါဘူး၊ ကျွန်မဒီတိုင်းပြောပြတာပါ၊ ကိုယ့်မိသားစုရဲ့စည်းစိမ်တစ်ဝက်လောက်ကို ပရဟိတအသင်းတွေဆီလှူလိုက်တဲ့လူက တခြားလူတွေရဲ့အသက်ကို ပေါ့ပေါ့တန်တန်တွေးမှာမဟုတ်လောက်ဘူးလို့ ကျွန်မထင်လို့ ရှင့်ကိုယုံယုံကြည်ကြည်နဲ့ အလုပ်ခေါ်လိုက်တာပါ”

လီရှောက်ယွင်ပေးထားသော အချက်အလက်များမှာ အလွန်အသေးစိတ်ကျ၏။ ချင်းရွှေသည် တက္ကသိုလ်မှဘွဲ့ရပြီး အနှစ်နှစ်ဆယ်ကျော်သည်အထိ နှစ်စဥ်နှစ်တိုင်း မိဘမဲ့ဂေဟာသို့ ငွေအမြောက်အများလှူဒါန်းလေ့ရှိသည်။ ထိုငွေအရင်းအမြစ်မှာလည်း သန့်ရှင်းပေသည်။ ထိုတင်မက နောက်ပိုင်းတွင် သူပိုမိုချမ်းသာလာသောအခါ ငွေကြေးချို့တဲ့သောကျောင်းသားများစွာကို ထောက်ပံ့ခဲ့၏။ သူအလုပ်အားလပ်သောအချိန်များတွင် ဆင်းရဲသောနေရာများသို့ စုံစမ်းသွားရောက်ကာ ကူငွေများရရှိနိုင်ရန် ကူညီပေးခဲ့သည်။ သို့ရာတွင် နှစ်ပေါင်းများစွာတစ်လျှောက် သူ၏ကိုယ်ပိုင်အသုံးစရိတ်မှာ သနားစရာကောင်းလောက်အောင် ပမာဏနည်းလှပေသည်။

ချင်းရွှေတွင် မိဘများမရှိချေ။ သူ၏ဇနီးသည်မှာ အလွန်ဖြောင့်မတ်တည်ကြည်သောသူဖြစ်၏။ သူ၏သမီးဖြစ်သူမှာလည်း သူ၏ဆိုဆုံးမမှုများကြောင့် ငယ်စဥ်ကတည်းက ဖခင်နှင့်အတူ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ လုပ်ခဲ့လေသည်။ သူ၏မိသားစုဘဝမှာ သာမန်မိသားစုတစ်ခုနှင့် မခြားပါပေ။ နှစ်ပေါင်းများစွာ ကုမ္ပဏီကြီးတစ်ခု၏ ဒု-ဥက္ကဌရာထူးကို ရထားသူအဖို့ လူနေမှုစတိုင်မှာ ကွာခြားလွန်းလှ၏။

သူ၏တစ်နှစ်စာဝင်ငွေအား မည်သည့်နေရာတွင်သုံးသည်ကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ သူသည် လူအများလေးစားရပြီး သနားစရာလည်းကောင်းသောလူတစ်ဦးဖြစ်လေသည်။

သူသည် ကြင်နာစိတ်ရှိသော်လည်း အလုပ်အပေါ်တွင်လည်း အလေးအနက်ထားကာ တာဝန်သိစိတ်အပြည့်ရှိ၏။ သူသည် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ပိုင်းခြားတတ်ပေသည်။ သူသည် လူများစွာကိုကူညီခဲ့သော်လည်း ကူညီနိုင်သောအတိုင်းအတာထဲတွင်သာ ကူညီ၏။ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိပေသည်။ ယခင်ကုမ္ပဏီတွင် အလုပ်လုပ်စဥ်က ထိုကုမ္ပဏီတိုးတက်ကြီးပွားလာအောင် သူသည်များစွာ အထောက်အကူပြုခဲ့သည်။ သို့ရာတွင် အဆုံး၌ အစွန့်ပစ်ခံလိုက်ရသည်မှာ စိတ်မကောင်းစရာပင်ဖြစ်၏။

Space and Rebirth 878

သူမသည် ဆေးဝါးစက်ရုံတစ်ခုအား ဦးစီးနေခြင်းဖြစ်သည်။ အကျိုးအမြတ်များ၊ ငွေကြေးများရရှိရန် ကုမ္ပဏီထောင်ခြင်းဖြစ်သော်လည်း အချို့အရာများကိုမူ ထိပါး၍မရပါချေ။ ချင်းရွှေထက် အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးမားသူများ များစွာရှိသော်လည်း သူတို့သည် ချင်းရွှေထက် ပို၍အန္တရာယ်များကြ၏။

ထို့ကြောင့် ယေဘုယျအားဖြင့် သူမသည် ချင်းရွှေအား အလွန်ပင်ကျေနပ်အားရလေသည်။

“ဥက္ကဌကျင်း၊ ယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ်”

ထိုအချိန်မှသာ ချင်းရွှေသည် သက်မကိုချပြီး ပြောလိုက်တော့သည်။

“ဆေးဝါးစက်ရုံကို နှစ်ရက်အတွင်း စလည်ပတ်နိုင်မှာပါ၊ စက်ရုံအလုပ်သမားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုလည်း သခင်လေးလီက ကူရှာပေးပြီးသွားပါပြီ၊ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာ တုရှန်းသွေးတိတ်ဆေးကို ထုတ်လုပ်လို့မရနိုင်ဘူး...”

ကျင်းယွင်ကျောင်းသည် စာချုပ်တစ်ခုနှင့် ဆေးညွှန်းအချို့ကို ပြင်ဆင်ထားပြီးချေပြီ။ စာချုပ်မှာ လျှို့ဝှက်ချက်မပေါက်ကြားရေးစာချုပ်ဖြစ်သည်။ ဤဆေးညွှန်းများအား ချင်းရွှေဆီ အပ်လိုက်ရမည်ဖြစ်သဖြင့် အချို့အရာများကို လက်မှတ်ထိုးမှဖြစ်ပေမည်။

“ထုတ်လုပ်ရမယ့်ဆေးတွေအားလုံးက ခွင့်ပြုမိန့်ရပြီးပါပြီ၊ ရဲရဲကြီးတာဝန်ယူလို့ရပါတယ် ဒါပေမယ့် ဒီဆေးတွေနဲ့ပတ်သတ်ပြီး ဘာပြသာနာမှမဖြစ်ချင်တာမို့ ဦးလေးချင်း ဂရုစိုက်မှဖြစ်မယ်”

ကျင်းယွင်ကျောင်းပြောလိုက်၏။

သူတို့ထုတ်လုပ်မည့်ဆေးဝါးများမှာ အများပြည်သူသုံးစွဲနေကျဆေးများဖြစ်သည်။ ဆေးအာနိသင်များမှာ အလွန်ထိရောက်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါး၏။ သို့ရာတွင် ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏ နာမည်ဂုဏ်သတင်းတက်စေရန် အကိုက်အခဲပျောက်‌ဆေးအသစ်တစ်မျိုးကိုလည်း ထုတ်လုပ်ရန်ပြင်ဆင်ထားသည်။ ဤ‌ဆေးအား စျေးကွက်ထဲဖြန့်သည်နှင့် သုံးစွဲသူဘက်မှ တုံ့ပြန်မှုများမည်ဖြစ်ကြောင်း သူမယုံကြည်ထား၏။ အစက စစ်တပ်ဘက်မှ ဤအကိုက်အခဲပျောက်‌ဆေးကို အပိုင်သိမ်းချင်သော်လည်း ကျင်းယွင်ကျောင်းမှ ငြင်းဆန်လိုက်သည်။ သူတို့သည် တုရှန်းသွေးတိတ်ဆေးကိုလည်း အခွင့်ကောင်းယူနှင့်ပြီဖြစ်သဖြင့် အကိုက်အခဲပျောက်ဆေးကိုပါ လုယူလိုက်လျှင် သူမဆေးဝါးစက်ရုံသည် အရှုံးကြီးရှုံးပေတော့မည်။

ထို့ကြောင့် အဆုံးတွင် စစ်တပ်ရှိလူများက ဆေးဝါးစက်ရုံမှ သတ်မှတ်ထားသော အကိုက်အခဲပျောက်ဆေးပမာဏတစ်ခုကို သက်သာသောစျေးနှုန်းဖြင့် နှစ်စဥ်နှစ်တိုင်းဝယ်ယူမည်ဟု ဆုံးဖြတ်လိုက်တော့၏။ စကားအရရိုးရှင်းသော်လည်း ဤငွေပမာဏမှာ ဆေးဝါးစက်ရုံ၏တစ်နှစ်စာအမြတ်ထက်ပင် များသေး၏။

ချင်းရွှေ မအံ့သြမိဘဲမနေချေ။ သူ၏ရှေ့မှောက်တွင်ရှိသောမိန်းကလေးအား သူအထင်သေးမိသည့်ပုံပေါက်ပေသည်။

သူမသည် ငယ်ရွယ်သော်လည်း စကားကို ရှင်းလင်းပြတ်သားစွာ ပြောတတ်၏။ ဤမျှလောက် အကြီးစားကုမ္ပဏီတစ်ခုအား တာဝန်ယူထားရသည့်တိုင် သူမမျက်နှာတွင် စိတ်လှုပ်ရှားဟန်မရှိချေ။ သူမတစ်ကိုယ်လုံးမှ အထက်လူကြီးဆန်သောအငွေ့အသက်များ ထွက်ပေါ်နေပြီး သူမ၏ဦးဆောင်မှုကို မလိုက်ဘဲမနေနိုင်ဖြစ်စေ၏။

အစောပိုင်းကထက်စာလျှင် အချိန်တိုအတွင်း၌ ချင်းရွှေသည် ကျင်းယွင်ကျောင်းအပေါ် လေးစားမှုတစ်ခုရှိသွားတော့သည်။

ယခုအချိန်မှစပြီး သူသည် အခြားသူများအတွက်သာ အလုပ်လုပ်ပြီး မျှော်လင့်ချက်မဲ့သောဘဝနှင့် အသက်ရှင်ရလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုတွင်မူ သူအစကတွေးထားခဲ့သောအရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေလေ၏။

ရုတ်ချည်းဆိုသလိုပင် သူသည် ကျင်းယွင်ကျောင်းနှင့် စကားများစွာပြောမိတော့သည်။ သို့ရာတွင် သူမနှင့်စကားပြောလေလေ ကျင်းယွင်ကျောင်းအား လေးစားအံ့သြမိလေလေဖြစ်သည်။ သူမသည် ဗဟုသုတနှံ့စပ်ပေ၏။ အထူးသဖြင့် ဆေးဝါးနယ်ပယ်၌ဖြစ်သည်။ ဤမျှလောက် များစွာသိရှိရန် အလွန်ကြိုးစားအားထုတ်ထားကြောင်း သိသာနေ၏။ ဤမျှလောက်ငယ်ရွယ်သောအသက်တွင် သူမလောက် အလွန်ထူးချွန်နိုင်သည်မှာ ရှားပါးလှသည်။ စစမြင်ချင်းတွင် သူ၏သူဌေးဖြစ်သူမှာ ရုပ်သေးရုပ်သူဌေးဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုမူ သူ၏အထင်နှင့်အမြင် တက်တက်စင်လွဲနေလေပြီ။

နှစ်ဦးသားသည် နာရီပိုင်းမျှ ကုမ္ပဏီ၏တိုးတက်မှုအတွက် စကားပြောခဲ့ကြပြီးနောက် အပြင်ဘက်မှကောင်းကင်သည်လည်း တဖြည်းဖြည်းဖြင့် မှောင်လာတော့သည်။

ကျင်းယွင်ကျောင်းသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား စတင်တည်ထောင်ခဲ့သောအချိန်ကို ပြန်သတိရမိတော့၏။ ထို့ကြောင့် သူမသည် ခံစားချက်များပြည့်နှက်နေသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ကျင်းယွင်ကျောင်းအဆောင်သို့ပြန်ရောက်ချိန်တွင် ည ၉ နာရီရှိနေလေပြီ။ ကျင်းယွင်ကျောင်းမှ ဘေးမသီရန်မခပြန်လာသည်ကို မြင်လိုက်ကြရသောအခါ ဟော်ထျန်းရှန်းနှင့် အခြားသူများ သက်မချလိုက်တော့၏။ သူတို့သည် ချက်ချင်းဆိုသလိုပင် သူမအား သွားရောက်နှုတ်ဆက်တော့သည်။

ဟော်ထျန်းရှန်းမျက်စောင်းထိုးကာ ပြောလိုက်၏။

“ငါတို့ဖုန်းဆက်တော့လည်း နင်မကိုင်ဘူး၊ နေ့ခင်းကြောင်တောင်ကြီး နင်ပြန်ပေးဆွဲခံလိုက်ရလားလို့ ငါတို့တွေးနေတာ”

ကျင်းယွင်ကျောင်းသည် သူမဖုန်းအား ထုတ်ကြည့်လိုက်ပြီး ဆယ်ကြိမ်မက ဖုန်းဝင်ထားကြောင်းတွေ့လိုက်ရ၏။ သူမသည် ထိုအချိန်က ချင်းရွှေနှင့် အလုပ်ကိစ္စအကြောင်း ပြောနေသဖြင့် သူမဖုန်းအား အသံပိတ်ထားမိလေသည်။

“နင်တို့ကို ရှုယု ပြသာနာလာရှာလို့လား?”

ကျင်းယွင်ကျောင်းချက်ချင်းမေးလိုက်၏။ ရုတ်ချည်းဆိုသလို သူမ၏သတ်ဖြတ်လိုစိတ်များသည် သိပ်သည်းလာတော့သည်။ သူမအမုန်းဆုံးနှင့် သည်းမခံနိုင်ဆုံးအရာမှာ အခြားလူများက သူမအနီးရှိလူများအား ထိပါးခြင်းဖြစ်၏။

“မရှာဘူး”

ဟော်ထျန်းရှန်းချက်ချင်းဆိုသလို ပြောလိုက်၏။

“ငါကြားတာတော့ ရှုယုကိုနိုင်ငံခြားပို့လိုက်ပြီတဲ့၊ တစ်လ-နှစ်လကြာမှ ပြန်ရောက်မယ်ထင်တယ် သူ့အဖေကိုယ်တိုင်လွှတ်လိုက်တာဆိုပဲ၊ သူ့နောက်လိုက်တွေက ရှုယုနိုင်ငံခြားအပို့ခံလိုက်ရတာကို နင့်ဆီအပြစ်လာပုံချနေမှာစိုးလို့ ငါတို့စိတ်ပူနေတာ”

Space and Rebirth 879

ဟော်ထျန်းရှန်းမှ ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း ငြိမ်ကျသွားသည်။

“ဒါပေမယ့် ငါအလကားစိတ်ပူနေတာဖြစ်မှာပါ၊ ဒီနယ်ပယ်ထဲမှာ ဘယ်သူကအဲ့လောက်သစ္စာရှိနိုင်မှာလဲ?”

ဟော်ထျန်းရှန်းသည် လှောင်ထေ့သံစွတ်သောလေသံဖြင့် ပြောလိုက်၏။

သူမသည် ရှုယုနှင့် အခြေအနေချင်းတူပေသည်။ သူမတွင် ဘာကိစ္စမှမရှိလျှင် သူမအနီးတွင် သူငယ်ချင်းပေါ၏။ ကိစ္စတစ်ခုခုဖြစ်သည်နှင့် ထိုသူငယ်ချင်းများအားလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတတ်သည်။ ရှုယုအား သူ၏ဖခင်ကိုယ်တိုင် နိုင်ငံခြားသို့လွှတ်လိုက်ခြင်းဖြစ်၍ သူ၏သူငယ်ချင်းများသာ ဦးနှောက်ပါလျှင် ပြသာနာလာရှာကြမည်မဟုတ်ပေ။ အရူးတစ်ယောက်သာ မိမိအတွက်အကျိုးမရှိသည့်အလုပ်ကို ကြိုးစားပမ်းစားလုပ်ပေလိမ့်မည်။

ကျင်းယွင်ကျောင်းမှ သူမပုခုံးကိုပုတ်လိုက်သည်။

“အရင်တုန်းက နင်နဲ့စိတ်ကူကိုယ်တူသူငယ်ချင်းမျိုးကို နင်မတွေ့ခဲ့ဖူးလို့ပါ၊ အခုချိန်မှာဆိုရင်တော့ နင်အကူအညီလိုတာနဲ့ ငါရယ်၊ ဘေဘီရယ်၊ ရှင်းယွဲ့ရယ်က နင့်အတွက်အသင့်ပဲ”

ဟော်ထျန်းရှန်းနှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။ ထို့နောက် သူမခေါင်းမော့လိုက်သည်။

“နင်ဘယ်အချိန်ကတည်းက ဒီလိုအသည်းယားစရာကောင်းတဲ့စကားတွေ ပြောတတ်သွားတာလဲ?”

“ယွင်ကျောင်းကအရင်ကတည်းက အဲ့လိုပါပဲ၊ အပြင်ပန်းမှာတော့ အေးတိအေးစက်နိုင်ပေမယ့် တကယ်တမ်းကျ စိတ်ရင်းနွေးထွေးတဲ့လူလေ”

ယန်ရှင်းယွဲ့သည် ကီးဘုတ်ကိုရိုက်ရင်း ပြောလိုက်၏။

“ချီးကျူးပေးလို့ကျေးဇူးပါဟာ”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်၏။ ထိုအခါ ဟယ့်ဒိသည် ချက်ချင်းဆိုသလို ခုန်ပျံလာလေသည်။

“ဟယ့်ဒိကအကျင့်ပုပ်လိုက်တာ၊ ယွင်ကျောင်းထက်စာရင် ငါနဲ့ဘေဘီက သူ့ကိုအလိုလိုက်ဆုံးပဲ၊ ငါတို့မှာသူ့ကိုမုန့်လည်းကျွေးရ၊ အတူလည်းကစားရတဲ့အပြင် သူ့ကိုစကားပြောတတ်အောင်ပါ သင်ပေးတာကို အချိန်ဘယ်လောက်ကြာကြာ နင့်ကိုပဲကပ်တယ်”

ဟော်ထျန်းရှန်းပုံစံမှာ မကျေမနပ်ဖြစ်နေဟန်ရသော်လည်း သူမမျက်လုံးများမှာ အားကျစိတ်များဖြင့် ပြည့်နှက်နေ၏။

ကျင်းယွင်ကျောင်းတိတ်တခိုးရယ်မိလိုက်သည်။ ညတိုင်းဆိုသလို သူမသည် စောင်အောက်တွင် အိပ်ချင်ယောင်ဆောင်နေသော်လည်း တကယ်တမ်းတွင် နေရာလွတ်နယ်မြေထဲ၌ ဟယ့်ဒိနှင့်ဆော့နေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူတို့၏ဆက်ဆံရေးသည် တစ်မူထူးခြားနေလေသည်။

“ဒါနဲ့ ငါခုနက အနုပညာသတင်းဖတ်ကြည့်လိုက်တာ “မိန်းမစိုးနန်းတော်” ကိုဒီနေ့ရိုက်ကူးရေးစမယ်တဲ့၊ နင့်သူငယ်ချင်းက အဲ့ဇာတ်လမ်းထဲ သရုပ်ဆောင်မှာလား?”

ဟော်ထျန်းရှန်းထပ်မေးလိုက်ပြန်၏။

ကျင်းယွင်ကျောင်းမှ အနုပညာရှင်များနှင့်ပတ်သတ်၍ အရူးအမူးဖြစ်ကတည်းက ဟော်ထျန်းရှန်းသည် သူမအား တိတ်တခိုးစောင့်ကြည့်နေခဲ့လေသည်။ မည်သို့သောမိန်းကလေးမျိုးက အေးတိအေးစက်နိုင်သော ကျင်းယွင်ကျောင်းအား ဤမျှလောက်စိတ်အားထက်သန်စေခဲ့သည်ကိုလည်း သူမသိချင်မိ၏။

ကျင်းယွင်ကျောင်း၏ပုံဖော်မှုအပေါ် အခြေခံ၍ သူမသည် ရိုက်ကူးရေးစတော့မည့် ဇာတ်လမ်းတွဲအချို့ကို ရှာဖွေခဲ့သည်။ ၎င်းတို့အထဲတွင် “မိန်းမစိုးနန်းတော်” ဟူသော ဇာတ်လမ်းတွဲသာ ပုံဖော်ပုံနှင့် ကိုက်ညီပေသည်။

“ရိုက်ကူးရေးစနေပြီလား?”

ကျင်းယွင်ကျောင်းမျက်လုံးများ ဝင်းလက်တောက်ပသွား၏။

ဟော်ထျန်းရှန်း နှုတ်ခမ်းများကိုစေ့ကာ အနည်းငယ်အားကျမိသွားသည်။ ကျင်းယွင်ကျောင်းသည် သူမအား ကျေးဇူးတင်ကာ ချက်ချင်းဆိုသလို သူမကွန်ပြူတာကိုဖွင့်ပြီး စစ်ဆေးလိုက်၏။

ရိုက်ကူးရေးပြီးဆုံးရန် အနည်းဆုံး လေးလ-ငါးလခန့်ကြာမည်ဟု ခန့်မှန်းချေရှိသည်။ ရိုက်ကူးရေးအပြီးထုတ်လုပ်ရေးနှင့်ဆိုလျှင် တီဗီ၌လွှင့်ရန် တစ်နှစ်ခန့်ကြာပေမည်။

သို့ရာတွင် ယခင်က ရှောင်ဟိုင်ချင်းသည် ဇာတ်ကောင်အသေးစားများအား သရုပ်ဆောင်ခဲ့ဖူး၏။ သူမတွင် ဇာတ်ကွက်သိပ်မရလျှင်ပင် အနည်းဆုံးအနေဖြင့် မျက်နှာပြနိုင်သေးသည်။ ယခုတွင် လင်းလင်၏ စူပါမန်နေဂျာအကူအညီများကိုပါ ရရှိနေသောကြောင့် သူမသည် ရုပ်ရှင်မလွှင့်ခင်တွင်ပင် ပရိသတ်အချို့ရနိုင်သည်ဟု ယုံကြည်ထား၏။

ကျင်းယွင်ကျောင်းသည် ဖန်ပေ့ချ်ကို ဖွင်ကြည့်လိုက်သောအခါ သူမပရိသတ်အရေအတွက်သည် အလှအပရေးရာအကြံများ တင်ပြီးကတည်းက မိုးပါ်ထောင်တက်လာကြောင်း တွေ့လိုက်ရသည်။

သူမသည် ချက်ချင်းဆိုသလို ရှောင်ဟိုင်ချင်း၏ဇာတ်လမ်းတွဲအတွက် ဂုဏ်ပြုစကားတင်လိုက်၏။ ထိုအခါ လူများစွာက ကောမန့်ပေးကြတော့သည်။ ကောမန့်ပေးသူများ တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည်ဖြင့် စာပြန်ပြီးနောက် သူမအိပ်ရာဝင်လိုက်သည်။

ဟော်ထျန်းရှန်းသည် သူမအား လေးနက်သောမျက်နှာဖြင့် ကြည့်ကာ သူမစိတ်ကိုချုပ်တည်းထား၏။ သူမသည် အိပ်ရာမှထကာ ကျင်းယွင်ကျောင်းကွန်ပြူတာကို သွားကြည့်လိုက်သည်။ ရှောင်ဟိုင်ချင်း၏ ဓာတ်ပုံကို မြင်လိုက်ရသောအခါ သူမသည်လည်း သူငယ်ချင်းဖြစ်ချင်မိသွားသည်။

သူမသည် ဤမိန်းကလေးအား အားကျနေသော်လည်း မနာလိုစိတ်မရှိပါချေ။

ယခင်က အတူသောက်စားပျော်ပါးရန် သူငယ်ချင်းများရှိသည်မှာ ကောင်းလှသည်ဟု သူမထင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းကိုမြင်ပြီးနောက် သူမအတွေးများလည်း ဖြည်းဖြည်းချင်းပြောင်းလဲသွားတော့သည်။ ကျင်းယွင်ကျောင်း၊ ယန်ရှင်းယွဲ့နှင့် ဘေဘီယောင်ကဲ့သို့လူများ သူမအနီးတွင် ပိုရှိလာရန် မျှော်လင့်လာမိသည်။

ကျင်းယွင်ကျောင်းသည် ကြေးမုံတစ်ချပ်ကဲ့သို့ဖြစ်သည်။ မိမိတို့၏ပြစ်ချက်၊ အားနည်းချက်များအား သူမကိုကြည့်၍ မြင်လာစေနိုင်၏။

သို့ရာတွင် ထို့ကြောင့်လည်း လူအများက သူမကိုမုန်းတီးရခြင်းဖြစ်သည်။ ဟော်ထျန်းရှန်းသည် စိတ်ထဲတွင်သာ ရေရွတ်ပြီး ပြုံးလိုက်၏။ သူမသည်လည်း ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်း၏ blog အား follow လုပ်ထားပြီး သူတို့၏နံပါတ်တစ်ပရိသတ်ဖြစ်လာခဲ့၏။ သူမမျက်နှာထားမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ဟန်ရှိသွားပြီး ခဏအကြာတွင် ဘာမှမသိချင်ယောင်ဆောင်ကာ ကိုယ်လက်ဆေးကြောအနားယူလိုက်သည်။

Space and Rebirth 880

ရှုယုမရှိသောကြောင့် ကျင်းယွင်ကျောင်းသင်ခန်းစာပေးလိုက်သော သူဌေးသားသခင်လေးများသည်လည်း မပေါ်လာတော့ချေ။ သို့ရာတွင် ရှုယုအနီးတွင်ရှိသော ဦးနှောက်မရှိသည့်အမျိုးသမီးများမှာမူ လက်မလျှော့သေးပေ။

ကျောင်းဝင်းမှာ ကျယ်ဝန်းလှသော်လည်း ရန်သူများအတွက်မူ ကျဥ်းမြောင်းသောလမ်းဖြစ်၏။ ကျင်းယွင်ကျောင်းသည် သူတို့တစ်ယောက်မဟုတ် တစ်ယောက်နှင့် ပက်ပင်းတိုးနိုင်ချေရှိသည်။ သူတို့အချင်းချင်းပြိုင်ဆိုင်နေကြသည်ကို မြင်သောအခါ သူမစကားစရှာမရဖြစ်သွားတော့သည်။

သူတို့တစ်ဦးချင်းစီတိုင်းသည် ရင်သားသာကြီးပြီး ဦးနှောက်မရှိကြပေ။ ရုပ်ရည်လေးလည်းလှကာ ကျောင်းကောင်းကောင်းသို့ရောက်ကြသော်လည်း နှမြောစရာပင်။

“ကျင်းယွင်ကျောင်း၊ ငါတို့နင့်ကိုဘာမှမလုပ်ရသေးဘူး၊ နင်ကသာ ငါတို့ကိုလာလုပ်ရဲရင်တော့ နင့်ကိုဘယ်သူမှကာကွယ်နိုင်မှာမဟုတ်ဘူးနော်”

မနက်စောစောစီးစီးတွင် သစ်ပင်များခြံရံထားသောလမ်းအား ကျင်းယွင်ကျောင်းဖြတ်စဥ်၌ သူမလမ်းကို အမျိုးသမီးနှစ်ဦးမှ ပိတ်ကာဆီးလိုက်သည်။

ဤအမျိုးသမီးများ၏ဦးနှောက်အလုပ်လုပ်ပုံကို ကျင်းယွင်ကျောင်းအမှန်ပင် နားမလည်ချေ။ ကိုယ်ခံပညာအင်အားအရကြည့်လျှင်ပင် သူမအား လုံးဝအနိုင်မယူနိုင်ကြသော်လည်း သူမအား လာရောင်လှောင်ပြောင်သရော်နေသေးသည်၊ ဧကန္တ စကားတစ်ခွန်း၊ နှစ်ခွန်းတည်းဖြင့် သူမသွေးအန်သွားမည်ဟု ထင်နေသလော?

ထို့အပြင် သူမဘက်မှ အခြားသူတစ်ဦးကို စတင်ရိုက်နှက်လျှင်ပင် ပရော်ဖက်ဆာမိုရှိနေသရွေ့ သူမအပြစ်ပေးခံရမည်မဟုတ်သလို ကျောင်းထုတ်ခံရမည်မဟုတ်ချေ။ သူမအား ကျောင်းထွက်စေနိုင်သောသူမှာ သူမကိုယ်တိုင်သာဖြစ်၏။

ဤလူများမှာ ပိန်းတိန်းလွန်းသဖြင့် သိကြားမင်းဆင်းကယ်၍ပင်မရတော့ချေ။

“ဘေးဖယ်ကြစမ်း”

ကျင်းယွင်ကျောင်းသည် သူမရှေ့မှောက်ရှိ “ဒေါင်းမ” နှစ်ကောင်အား စူးစိုက်ကြည့်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်၏။

“ငါအခုဗီဒီယိုရိုက်နေတယ်နော်၊ နင်လုပ်ရဲရင်လုပ်လိုက်...”

အမျိုးသမီးတစ်ဦးသည် သူမဖုန်းအားကျစ်ကျစ်ကိုင်ထားကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ ဆက်ပြောလိုက်သည်။

“နင့်နေရာနင်သိစမ်းပါ၊ ငါတို့က ဒီတိုင်းနင်နဲ့စကားပြောဖို့လာတာ၊ ကျင်းယွင်ကျောင်း နင့်လိုမျိုး ထင်တိုင်းကြဲနေတဲ့မိန်းကလေးက သခင်လေးယုကို အပိုင်ကြံဖို့မစဥ်းစားနဲ့၊ သခင်လေးယုပြန်လာရင် နင့်ဘက်ကစပြီးတောင်းပန်တာကောင်းမယ်၊ မဟုတ်ရင် နင်နောင်တရလိမ့်မယ်နော်”

ကျင်းယွင်ကျောင်း လှောင်ရယ်ရယ်လိုက်သည်။

(နောင်တရမယ်? နောင်တရနေတဲ့လူက ငါမဟုတ်ဘူးမှတ်လား?)

ကျင်းယွင်ကျောင်းသည် သက်ပြင်းသာချကာ သူတို့ထံလျှောက်သွားလိုက်၏။ သူမသည် လက်ကိုလှမ်းကာ ဖုန်းအားဆွဲလုလိုက်သည်။ ထို့နောက် လက်ထဲသို့အားထည့်၍ညှစ်လိုက်၏။ ချက်ချင်းဆိုသလို ဖုန်းမျက်နှာပြင်သည် ခွမ်းခနဲ ကွဲသွားတော့သည်။

“အရူးမတွေ”

သူတို့နှစ်ဦးသည် ၎င်းကိုမြင်သောအခါ မျက်လုံးပြူးမျက်ဆန်ပြာဖြစ်သွားတော့သည်။ သူတို့ဘာမှမပြောနိုင်ခင်တွင် ကျင်းယွင်ကျောင်းစပြောလိုက်၏။

“နင်တို့ငါ့ကိုဒီလိုမျိုးဆက်ပြသာနာရှာနေမယ်ဆိုရင် နောက်တစ်ခေါက် ငါချိုးမယ့်ပစ္စည်းက နင်တို့ဖုန်းမဟုတ်ဘဲ နင်တို့အရိုးတွေဖြစ်သွားလိမ့်မယ်၊ ဆက်အာရုံမနောက်နဲ့တော့”

သူမသည် စကားပြောပြီးသည်နှင့် ဖုန်းကိုကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ ဖုန်းတစ်ခုလုံး အပိုင်းပိုင်းအစစကျိုးကြေသွားမှသာ သူမထွက်သွားတော့၏။

ဤလမ်းပျောက်နေသော သိုးသူငယ်လေးများသည် အဘယ်ကြောင့်လမ်းပြန်မရှာတတ်ကြသနည်း? ငွေလိုအပ်လျှင် ငွေရှာရန်နည်းလမ်းများကို မတွေးနိုင်ကြတော့သလော? အဘယ်ကြောင့် ရှုယုကဲ့သို့ ယောက်ျားတစ်ဦးအပေါ် မှီခိုနေရသနည်း? နောက်ပိုင်းနှစ်အနည်းငယ်အတွင်း ရှုယုမရှိတော့လျှင် မည်သည့်ဘဝမျိုးဖြင့်နေမည်ဟု စဥ်းစားထားကြသနည်း?

သို့သော် သူတို့သည် A တက္ကသိုလ်သို့စဝင်စဥ်က ဤသို့ပုံစံမျိုး ဖြစ်ချင်မှဖြစ်ပေမည်။ ဤနေရာသို့ ရောက်လာကြသော ကျောင်းသားတိုင်းသည် ထူးချွန်သူများဖြစ်ကြ၏။ သို့သော် အချို့လူများ၏မျက်လုံးထဲတွင် တက္ကသိုလ်ဟူသည်မှာ သူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ထို့ကြောင့် ပန်းတိုင်ရောက်သည်နှင့် သူတို့သည် သောက်စားပျော်ပါးကာ မိမိဘဝအဆုံးသတ်ရန် ထိုင်စောင့်ကြတော့သည်။ အချို့လူများအတွက်မူ တက္ကသိုလ်ဆိုသည်မှာ ဘဝ၏အစဖြစ်သည်။

“ကျင်းယွင်ကျောင်း...”

ကျင်းယွင်ကျောင်းသည် ထောင်ချိုးတစ်ခုကို ကွေ့လိုက်ပြီး အပေါ်ထပ်သို့တက်ရန် ပြင်နေဆဲတွင် သူမအနောက်မှခေါ်သံကို ကြားလိုက်ရ၏။ သူမလှည့်ကြည့်လိုက်သောအခါ စိတ်အားထက်သန်စွာဖြင့် သူမကိုကြည့်နေသော ဟန်နန်ကို မြင်လိုက်ရသည်။

ကျင်းယွင်ကျောင်းယဥ်ကျေးပျူငှာစွာ ခေါင်းငြိမ့်နှုတ်ဆက်ကာ သူ့အတွက် လမ်းဖွင့်ပေးလိုက်သည်။

“ခုနကမင်းနဲ့ ဟိုစီနီယာအစ်မနှစ်ယောက်ကို တွေ့လိုက်တယ်...မင်းအဆင်ပြေရဲ့လား?”

ဟန်နန်သည် စိတ်ပူပန်စွာဖြင့် မေးလိုက်၏။

“နင်မြင်‌ရောမြင်လိုက်ရဲ့လား? စိတ်ပူရမယ့်လူက ငါ့ကိုမဟုတ်ဘူး”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

“ဟုတ်တော့ဟုတ်တယ်နော်...”

ဟန်နန်သည် ခြောက်ကပ်စွာရယ်လိုက်ပြီး သူ၏အိတ်ထဲမှ မနက်စာထမင်းဘူးတစ်စုံကို ထုတ်လိုက်သည်။

“ငါထမင်းဘူးအပိုတစ်ခုယူလာတယ် မင်းထမင်းစားပြီးပြီလား? မစားရသေးရင်...”

“ကျေးဇူးပဲ ဒါပေမယ့် ရပါတယ်”

ကျင်းယွင်ကျောင်းသည် ယဥ်ကျေးသောအပြုအမူဖြင့် ရှိနေဆဲဖြစ်သည်။

ဟန်နန်သည် အနည်းငယ်စိတ်ပျက်သွားသော်လည်း ကျင်းယွင်ကျောင်း၏တုံ့ပြန်ပုံကို ကြိုတင်ခန့်မှန်းထားသည့်ပုံပေါက်သည်။ သူသည် ‌ခေါင်းကိုငုံ့ကာ သူ၏အိတ်ကပ်ထဲမှ ဘူးရှည်တစ်ဘူးကို ထုတ်လိုက်ပြန်သည်။

“ငါ...ဒါမင်းအတွက်”

သူသည် စကားပြောပြီးသည်နှင့် ဝှစ်ခနဲဆိုသလို လေအဟုန်နှင့်အတူ ပျောက်သွားတော့သည်။ ကျင်းယွင်ကျောင်းသည် ခေတ္တမျှကြောင်အမ်းသွား၏။ သူမသည် ထိုဘူးအား လှမ်းမယူမိသောကြောင့် ၎င်းသည်မြေပြင်‌ပေါ်သို့ တည့်တည့်ကျသွားလေသည်။ သို့ရာတွင် လူများစွာဖြတ်သွားဖြတ်လာရှိနေသောကြောင့် ဤအတိုင်းထားခဲ့ရန် မသင့်တော်ချေ။ ထိုမှသာ သူမသည် မျက်မှောင်ကြုတ်ကာ ကောက်ယူလိုက်၏။

ဘူးကိုဖွင့်လိုက်သောအခါ အတွင်းတွင် အလွန်လက်ရာမြောက်သော ဖောင်တိန်ဘောပင်တစ်ချောင်းရှိနေလေသည်။

All Chapters