အခန်း (၈၈၁-၈၈၄)
Vol. 45 Ch. 881-884
Space and Rebirth 881
ဟန်နန်မှ သူမအားပေးခဲ့သော ဘောပင်မှာ ထိုမျှလောက်စျေးမကြီးသော်လည်း အလွန်ပင်သေသပ်လှပပေ၏။ သို့ရာတွင် သူမဘက်မှ ဤမျှလောက်ထူးဆန်းသော လက်ဆောင်ကို လက်ခံစရာအကြောင်းမရှိပါပေ။
သူမသည် သက်ပြင်းသာချကာ အပေါ်သို့တက်လိုက်သည်။
သို့သော် သူမအတန်းထဲရောက်သောအခါ ဟန်နန်မရှိကြောင်း သတိထားမိလိုက်၏။ ကျင်းယွင်ကျောင်းသည် အတန်းမစခင် ပရော်ဖက်ဆာမိုထံသို့ သွားရမည်ဖြစ်သောကြောင့် ဘောပင်အား ဟန်နန်၏စားပွဲအံဆွဲထဲတွင် ထားခဲ့လိုက်သည်။
ကံကောင်းစွာဖြင့် သူမသည် အတန်းထဲသို့စောစောရောက်နေသဖြင့် အတန်းထဲတွင် လူတစ်ဦးမျှမရှိချေ။ မဟုတ်လျှင် အထင်လွဲစရာများ ဖြစ်ကုန်လိမ့်မည်။
ပရော်ဖက်ဆာမိုထံမှ ကျင်းယွင်ကျောင်းပြန်လာချိန်တွင် အတန်းထဲ၌ ကျောင်းသားများအားလုံး ရောက်နေလေပြီ။ ဟန်နန်၏စားပွဲပေါ်တွင် အနက်ရောင်ဘူးရှည်အား မြင်လိုက်ရသဖြင့် ကျင်းယွင်ကျောင်းစိတ်အေးသွားသည်။
“ညီမလေးနှစ်၊ ရော့”
ဟော်ထျန်းရှန်းသည် အတန်းချိန်နှစ်ခုကြားရှိ အားလပ်ချိန်တွင် သူမအား ရေတစ်ဘူးကမ်းပေးလိုက်သည်။ သူမပုံစံမှာ အနည်းငယ်ထူးဆန်းနေလေသည်။
“နင်ဘာဖြစ်နေတာလဲ?”
ကျင်းယွင်ကျောင်းသည် ရေဘူးကိုယူဖွင့်ပြီး နှစ်ငုံမျှသောက်ပြီးနောက် ခုံပေါ်ပြန်ချလိုက်၏။
“ဒီအပတ်ကျောင်းပိတ်ရက်မှာ ငါတို့ ရှောင်ဟိုင်ချင်းရဲ့ရိုက်ကူးရေးနေရာကို သွားလည်ကြမလား?”
ဟော်ထျန်းရှန်းချောင်းဟန့်လိုက်၏။ သူမပုံစံမှာ အနည်းငယ်တောင့်တင်းနေလေသည်။
ကျင်းယွင်ကျောင်းသည် ခေတ္တမျှကြောင်အမ်းသွားတော့သည်။ ဟော်ထျန်းရှန်း၏အကြည့်မှာ အနည်းငယ်သတိလွတ်သလိုဖြစ်နေပြီး ရှက်ကိုးရှက်ကန်းဖြစ်နေဟန်ပေါက်ကြောင်း ထိုမှသာ သူမသတိထားမိလိုက်သည်။
ကျင်းယွင်ကျောင်းမရယ်မိဘဲ မနေတော့ချေ။
“ရတယ်လေ၊ ဒါပေမယ့် လက်ဆောင်တချို့ဝယ်သွားဖို့ မမေ့နဲ့ဦး၊ စျေးကြီးစရာမလိုဘူး ပုံမှန်ပစ္စည်းဆိုလည်း အဆင်ပြေတယ်”
သူမသည်လည်း သွားချင်ခဲ့သော်လည်း ရှောင်ဟိုင်ချင်းမှာ တက်သစ်စသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူမသည်သာ ကမူးရှူးထိုးဖြင့် သူငယ်ချင်းတစ်ဦးခေါ်လာခဲ့လျှင် စီနီယာများ၏ငြိုငြင်မှုကို ခံရနိုင်သည်။ ထို့ကြောင့် လက်ဆောင်တစ်ခုယူသွားလျှင် ပို၍ယဥ်ကျေးရာကျပေမည်။ သူမသည် ဟော်ထျန်းရှန်းနှင့် ရင်းနှီးသောကြောင့်သာ ဤစကားများကို ပြောလိုက်ခြင်းဖြစ်သည်။ တခြားသူတစ်ဦးဆိုလျှင် သူမသည် ချက်ချင်းငြင်းလိုက်ပေမည်။
ဟော်ထျန်းရှန်းခေါင်းမော့လိုက်သည်။
“လက်ဆောင်တစ်ခုပဲဟာ ဘာမှအပန်းမကြီးပါဘူး”
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏နှလုံးသားကို အမိအရဖမ်းဆုပ်နိုင်သောကြောင့် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါသောသူဟုတ်၊ မဟုတ် သူမကြည့်ချင်မိပေသည်။ ဟော်ထျန်းရှန်းသည် ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူဖြစ်၏။ သူမသာဆိုလျှင် ဟိုင်ချင်းနှင့် အပေါင်းအသင်းဖြစ်နိုင်သည်ဟု ကျင်းယွင်ကျောင်းခံစားမိလိုက်သည်။
ကျင်းယွင်ကျောင်းပြန်ဖြေလိုက်သည်နှင့် ဟော်ထျန်းရှန်းသည် အလွန်ပျော်ရွှင်သွားသော်လည်း သူမမျက်နှာထားကို တမင်ထိန်းချုပ်ထား၏။ အခြားသူများမှ သူမအား လှောင်ပြောင်သရော်မည်ကို စိုးရိမ်နေသကဲ့သို့ပင်။
ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့လည်း သူမအား မြင်ချင်သောကြောင့် အတူလိုက်ပါလိုသော်လည်း သူတို့အနေဖြင့် ရိုက်ကူးရေးနေရာကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ရှောင်ဟိုင်ချင်းနှင့်လည်း လုံးဝမခင်သောကြောင့် လူအရေအတွက်များလျှင် မကောင်းနိုင်ကြောင်း ဟော်ထျန်းရှန်းသိထား၏။ ထို့ကြောင့် သူမသည် ထိုအကြံကိုငြင်းလိုက်ပြီး မိမိတို့မှ ထိုနေရာကို အရင်စူးစမ်းလေ့လာပြီးမှသာ နောက်တစ်ခေါက်တွင် ဆုံးဖြတ်ကြမည်ဟု ကတိပေးလိုက်သည်။ ဘေဘီယောင်၏စိတ်အားထက်သန်နေသောမျက်နှာကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်းနှင် ဟော်ထျန်းရှန်းသည် သူမအား ရိုက်ကူးရေးအဖွဲ့မှ မင်းသားကြီး၊ မင်းသမီးကြီးများ၏ လက်မှတ်အား ယူခဲ့ပေးမည်ဟု ကတိပေးလိုက်ရ၏။ ထိုမှသာ သူတို့လက်လျှော့တော့သည်။
ကျောင်းပိတ်ရက်ရောက်ရန် ရက်အနည်းငယ်လိုသေးသဖြင့် ဘေဘီယောင်သည် တစ်ရက်လျှင် အကြိမ်အနည်းငယ်ခန့် ဤကိစ္စအား ရေရွတ်မိလေသည်။ သောကြာနေ့လယ်ခင်းတွင် အတန်းမရှိသောကြောင့် ဘေဘီယောင်၏ နားပူနားဆာလုပ်ခြင်းကို မခံနိုင်သဖြင့် ကျင်းယွင်ကျောင်းသည် ထိုတစ်ညအတွက် အကြီးအကဲရှုအိမ်တွင် သွားအိပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ထိုနေရာသို့သွားနေစဥ် ကျိုးမေ့ကျွန်းထံမှ ဖုန်းဝင်လာခဲ့သည်။
“ကျင်းယွင်ကျောင်း ငါနင့်အနောက်တည့်တည့်မှာ၊ ငါ့ကိုလာတွေ့ဦး!”
ကျိုးမေ့ကျွန်း၏ စူးရှသောအသံက ဖုန်းထဲမှထွက်လာ၏။
ကျင်းယွင်ကျောင်းသည် တက္ကစီထဲတွင် ထိုင်နေသည်။ သူမအနောက်သို့လှည့်ကြည့်လိုက်သောအခါ သူမကားနောက်သို့ကပ်ပြီး လိုက်လာသော ကားတစ်စီးကိုတွေ့လိုက်ရ၏။ သို့ရာတွင် ကားလမ်းမမှာကြပ်နေသဖြင့် ကားတစ်စီးလိုက်လာသည်ကို သူမအစောပိုင်းက သတိမထားမိခဲ့ချေ။
“ငါမအားဘူး”
ကျင်းယွင်ကျောင်းသည် သူမ၏အချိန်များကို တစ်စက္ကန့်မျှ မဖြုန်းလိုပါပေ။
“ငါ့ကိုမတွေ့ချင်ဘူးပေါ့လေ? ဒါဆိုလည်း နင်တို့ကို အနောက်ကနေတိုက်ခိုင်းဖို့ ကားဆရာကိုခိုင်းရုံပဲပေါ့!”
ကျိုးမေ့ကျွန်းအသံမာကြောသွားသည်။
“ငါဒီတိုင်းနင်နဲ့တွေ့ချင်ရုံပဲ၊ နင်ဘာပဲ့ပါသွားမှာလို့လဲ? သဘောတူမှာလား မတူဘူးလား?”
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။
“နင်ရူးသွားပြီလား? ကျိုးမေ့ကျွန်း တော်စရာရှိတာတော်လိုက်တော့နော်၊ မဟုတ်ရင် ငါနင့်နာမည်ကို ချက်ချင်းဖျက်ပစ်လိုက်မယ်”
ကျင်းယွင်ကျောင်းအေးစက်စွာပြောလိုက်သည်။ ဤကိစ္စများဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း ကျိုးမေ့ကျွန်းကျောင်းထုတ်ခံလိုက်ရသောကြောင့် ဓာတ်ပုံများတွင်လည်း တန်ဖိုးသိပ်မရှိတော့ချေ။ အများဆုံးအနေဖြင့် ကျိုးမိသားစုမှ သူမကို မုန်းရုံသာရှိမည်။ ထို့အပြင် ယန်ရှင်းယွဲ့အရဆိုလျှင် မစ္စတာကျိုးသည် ကျိုးမေ့ကျွန်းအား အလွန်စိတ်ပျက်နေလေ၏။ ထို့ကြောင့် ဤဓာတ်ပုံများအား ဖြန့်ဖြန့်၊ မဖြန့်ဖြန့် သူမအတွက် ကိစ္စမရှိပါချေ။
Space and Rebirth 882
ကျင်းယွင်ကျောင်းမှ သူမအား ခြိမ်းခြောက်လိုက်သည်နှင့် ကျိုးမေ့ကျွန်းအသံလည်း ချက်ချင်းစူးရှသွားတော့သည်။
“လူလွှတ်ပြီး ငါ့အနောက်ကို နောင်ယောင်ခံလိုက်ခိုင်းထားတာလား?”
“တခြားလူတွေကို မသိစေချင်ရင် အစကတည်းက မလုပ်ဘဲနေခဲ့ရမှာပေါ့၊ မိန်းကလေးကျိုး ဒီလမ်းမပေါ်က ချက်ချင်းထွက်သွားလိုက်၊ မဟုတ်ရင် နင့်ပထွေးက နင့်လုပ်ရပ်တွေကို ချက်ချင်းမြင်သွားစေရမယ်၊ ရှင်းယွဲ့ဆီကနေ ငါသူ့ဖုန်းနံပါတ်ကိုတောင်းထားတယ်၊ နင်သဘောပေါက်လား?”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်၏။
ဖုန်းတစ်ဖက်ခြမ်းမှလူသည် ချက်ချင်းဆိုသလို ငြိမ်ကျသွားတော့သည်။
ကျင်းယွင်ကျောင်းသည် သူမကားအား ဝေ့ကြည့်ပြီး ကားဒရိုင်ဘာအား ဖြည်းဖြည်းမှန်မှန်ဆက်မောင်းခိုင်းလိုက်သည်။
“ကျင်းယွင်ကျောင်း၊ နင်အဲ့ဓာတ်ပုံတွေကိုဖြန့်ရင် ငါချက်ချင်းယန်ရှင်းယွဲ့ကို အုပ်စုဖွဲ့အနိုင်ကျင့်ဖို့ လူတွေလွှတ်လိုက်မှာ၊ ကျိုးမိသားစုက အမြဲတမ်း သူမဟုတ်ရင် ငါပဲ၊ နင်ငါ့ကိုကံဆိုးစေချင်တာဆိုရင် သူလည်း ကံဆိုးစေရမယ်! နင်သူ့ကို ၂၄ နာရီ စောင့်ကြည့်နိုင်လား? ငါ့ကိုသတ်ပစ်နိုင်လား? အဲဒါတွေမလုပ်နိုင်ရင်တော့ သူတစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘဝပျက်စေရမယ် နင်လုပ်ချင်တာလုပ်ကြည့်လိုက်လေ! နင်အခုငါ့ကိုတွေ့ပြီး ဓာတ်ပုံတွေပေးရင်ပေး၊ မပေးရင် ယန်ရှင်းယွဲ့ရဲ့ ဘဝအဆုံးသတ်သွားစေရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နင့်ခြိမ်းခြောက်စကားတွေကို ငါလုံးဝမကြောက်ဘူး!”
ကျိုးမေ့ကျွန်းသည် ကျင်းယွင်ကျောင်းထင်မှတ်ထားသည့်အတိုင်း ဤသို့ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် သူမနားထင်များကိုပွတ်ကာ အလွန်ပင်အာရုံနောက်သွားတော့သည်။ ဤသည်မှာ ဓာတ်ပုံများအား တစ်ခါတည်းမဖြန့်ပစ်ခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်သည်။ ကျိုးမေ့ကျွန်းကဲ့သို့လူမျိုးသည် ပန်းတိုင်တစ်ခုရှိနေသေးသရွေ့ မိမိ၏ဆင်ခြင်တုံတရားကို ထိန်းသိမ်းနိုင်ပေသည်။ သို့ရာတွင် သူမသည် အရာအားလုံးကို ဆုံးရှုံးလိုက်သည်နှင့် လုံးဝစိတ်ဖောက်ပြန်သွားနိုင်ပေသည်။
သူမအား အဘယ်သို့သတ်ပစ်နိုင်မည်နည်း? ကျိုးမေ့ကျွန်းသည် သက်ရှိလူသားတစ်ဦးဖြစ်၏။ သူမအနီးတွင် မိသားစုဝင်များ၊ သူငယ်ချင်းများရှိပေသည်။ ကျင်းယွင်ကျောင်းအဘယ်ကြောင့် ထိုသို့လုပ်နိုင်မည်နည်း?
“ကောင်းပြီလေ တွေ့ကြတာပေါ့၊ နေရာပြောလိုက်”
ကျင်းယွင်ကျောင်းမျက်လုံးထဲတွင် လူသတ်လိုသောအရိပ်အယောင်များ သန်းသွားတော့သည်။
ကျိုးမေ့ကျွန်းစိတ်အေးသွားပုံရကာ ချက်ချင်းပြောလိုက်၏။
“ငါ့ကားပေါ်တက်”
ကျင်းယွင်ကျောင်းစိတ်ထဲတွင် သံသယရိပ်တစ်ခုက စိုးမိုးသွားသည်။
ကျိုးမေ့ကျွန်းသည် သူမအားတွေ့စရာအကြောင်းမရှိပေ။ အထူးသဖြင့် ဓာတ်ပုံများအကြောင်းမသိခင်ကဆိုလျှင် တွေ့စရာအကြောင်းပိုမရှိပေ။
ဤသံသယစိတ်အား စွဲစွဲမြဲမြဲကိုင်ထားပြီး ကျင်းယွင်ကျောင်းသည် တက္ကစီကိုရပ်ကာ အနောက်ဘက်မှ ကိုယ်ပိုင်ကားသို့ ခြေလှမ်းဦးတည်လိုက်သည်။ ကားထဲတွင် ကျိုးမေ့ကျွန်းနှင့် ဒရိုင်ဘာခုံတွင်ထိုင်နေသော ယောက်ျားတစ်ဦးမှအပ ထောင်ကဲ့လည်းရှိနေ၏။ သို့ရာတွင် ထောင်ကဲ့မှာ တစ်ချိန်လုံး ထိုင်ခုံပေါ်မှီ၍လှဲနေလေသည်။ သူမသည် သတိမေ့နေဟန်ရ၏။
အလျင်အမြန်စဥ်းစားကြည့်ပြီးနောက် ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။
“ဆိုတော့ နင်ကငါ့ကိုထောင်ချောက်ဆင်ချင်တာလား? ဒါပေမယ့် ဒီလိုသတ္တိမျိုး နင်ဘယ်ကရလဲ ငါသိချင်မိတယ်၊ ငါကလူတစ်ယောက်ယောက်ကို သတိမေ့အောင်လုပ်ပြီး သတ်ပစ်လိုက်တယ်လို့ စွပ်စွဲချင်တာလား?”
ကျိုးမေ့ကျွန်းလက်များတုန်ယင်နေ၏။ သူမမျက်နှာသည် ဖြူဆုပ်နေပြီး အလွန်စိတ်လှုပ်ရှားပြီး သောကရောက်နေသည့်ပုံပေါက်လေသည်။ ကျင်းယွင်ကျောင်းသည် ဓာတ်ပုံထဲမှလူကိုမြင်ဖူး၏။ သူသည် အသက်အလွန်မကြီးသေးပေ။ အသက် ၂၈-၂၉ နှစ်မျှ ရှိပေပြီ။ သူသည် လူမိုက်တစ်ဦးဖြစ်၏။
“ပါးစပ်ပိတ်ထား...”
ကျိုးမေ့ကျွန်းအသံလည်း တုန်ယင်နေပေသည်။ သူမသည် လက်ကိုဖြန့်ကာ ပြောလိုက်၏။
“နင့်ဖုန်းပေး”
ကျင်းယွင်ကျောင်းသည် ငြင်းဆန်မနေဘဲ သူမအား ဖုန်းပေးလိုက်သည်။ ဖုန်းထဲတွင် ဓာတ်ပုံများ သိမ်းထားသည်မှန်သော်လည်း ၎င်းတို့မှာ မူရင်းပုံများမဟုတ်ပေ။ ထို့ကြောင့် သူမမည်သို့လုပ်စေကာမူ ကိစ္စမရှိပါချေ။
ကျိုးမေ့ကျွန်းသည် ဖုန်းကိုယူလိုက်သော်လည်း မြဲမြဲမဆုပ်ကိုင်နိုင်သောကြောင့် ကားထိုင်ခုံပေါ်သို့ကျသွား၏။ သူမသည် ကပြာကယာဖြင့် ကောက်ယူလိုက်ကာ ဓာတ်ပုံများကို အလျင်စလိုရှာလိုက်ပြီး တစ်ပုံချင်းစီဖျက်ပစ်တော့သည်။ အလွန်ရိုးရှင်းသောအရာဖြစ်သော်လည်း သူမသည် အချိန်ဆယ်မိနစ်နီးပါးမျှ ယူလိုက်ရ၏။ ကျင်းယွင်ကျောင်းသည် သူမမျက်လုံးထဲရှိ မျက်ရည်စများကိုပင် မြင်နေရသည်။
“ပြန်ယူလို့ရပြီ”
ကျိုးမေ့ကျွန်းသည် သူမထံသို့ ဖုန်းကိုပြန်ပစ်ပေးကာ ပြောလိုက်သည်။
“ငါ့ကိုအပြစ်မတင်နဲ့ ဒါတွေက နင့်ကြောင့်ဖြစ်တာ၊ ငါလည်းဘာမှမတတ်နိုင်ဘူး”
“ဟ”
ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်သည်။
(ဘာမှမတတ်နိုင်ဘူး? သူ့ကိုဘယ်သူကအတင်းအကြပ်လုပ်ခိုင်းလို့လဲ?)
သို့ရာတွင် စဥ်းစားကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းမျက်လုံးများ စူးရှသွားသည်။
“ငါနင့်ကိုတွေ့ပြီးကတည်းက အကောင်းဆိုလို့ တစ်ခုမှမရှိဘူး၊ ကျင်းယွင်ကျောင်း ငါ့အတွက် A တက္ကသိုလ်ကို ဝင်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ခဲ့ဘူး၊ ငါ့ပထွေးက ငါ့အတွက်ဂုဏ်ယူလာအောင်လုပ်ဖို့ မလွယ်ခဲ့ဘူး၊ နင့်ကြောင့် ငါအရာအားလုံးကို ဆုံးရှုံးလိုက်ရပြီ၊ ပြီးတော့ ထောင်ကဲ့ရောပဲ သူသာ ငါတို့နှစ်ယောက်ကြား ရန်မတိုက်ပေးခဲ့ရင် သူလည်းဒီလိုဖြစ်မှာမဟုတ်ဘူး”
ကျိုးမေ့ကျွန်းသည် တုန်ယင်သောအသံဖြင့် စကားအချို့ပြောလိုက်၏။ ထို့နောက် ရုတ်ချည်းဆိုသလို သူမငြိမ်ကျသွားတော့သည်။
ကျင်းယွင်ကျောင်းသည် ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်ရှုလိုက်သောအခါ သူမမျက်လုံးများ ပိုအေးစက်သွား၏။ ကျိုးမေ့ကျွန်းသည် စကားပြောနေစဥ်တွင် သူမလက်သည် အမြဲတစေ ညာဘက်တွင်ရှိနေသည်။ သူမသည် တစ်ခုခုကို ကိုင်ထားနေဟန်ရ၏။ နှစ်ဦးလုံးသည်လည်း လက်အိတ်များ ဝတ်ထားသည်။
ထို့အပြင် ခရီးသည်ထိုင်ခုံပေါ်၌ အိတ်အကြည်တစ်လုံးရှိနေသေးသည်။ အထဲတွင် တစ်ခုခုရှိသည့်ပုံပေါက်သော်လည်း ထိုအရာအား သူမအလွန်ရင်းနှီးနေလေသည်။
Space and Rebirth 883
ကျင်းယွင်ကျောင်းသည် လက်တလောတွင် ဖြစ်ပျက်ခဲ့သောအရာများကို ပြန်တွေးကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းဒေါသထွက်လာတော့သည်။ ထိုအိတ်ထဲတွင် သူမထိတွေ့ကိုင်တွယ်ခဲ့သမျှ ပစ္စည်းများရှိနေလေသည်။ ဟန်နန်မှ သူမအားပေးခဲ့သော ဖောင်တိန်ဘောပင်မှအစ သူမသောက်သုံးခဲ့သောရေဘူးနှင့် သူမအဆောင်ထဲမှ သစ်သီးလှီးဓားပါ ပါဝင်၏။
ကား၏လေထုထဲတွင်လည်း မေ့ဆေးအနံ့တစ်ခု ရှိနေသည်။ ထိုဆေး၏ဖွဲ့စည်းပုံမှာထူးခြားပြီး ကျောက်စိမ်းဝိညာဥ်အတွင်း သူမသင်ယူခဲ့သောအရာနှင့် ဆင်တူ၏။ ဤအနံ့အသက်၏ အရင်းအမြစ်သည် ကျိုးမေ့ကျွန်းခန္ဓာကိုယ် သို့မဟုတ် သူမလက်ထဲတွင်ကိုင်ထားအရာမှလာခြင်း ဖြစ်ရပေမည်။
ထို့ကြောင့်လည်း သူမသည် အကြောက်တရားကင်းမဲ့နေခြင်းဖြစ်ပေသည်။ ကျင်းယွင်ကျောင်းသည် သိုင်းတတ်ကြောင်း သိထားလျက်ဖြင့်ပင် ကားတစ်စီးတည်းအတူထိုင်ရဲခြင်းမှာ ဤဆေးကြောင့်ဖြစ်၏။
“နင်ဘာလိုချင်တာလဲ?”
ကျင်းယွင်ကျောင်းသည် သုန်မှုန်သောအကြည့်ဖြင့် သူမကိုမေးလိုက်သည်။
ကျိုးမေ့ကျွန်းသည် အနည်းငယ်အသိစိတ်လွတ်နေဟန်ရ၏။ သူမမျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွေးဆုပ်နေသော်လည်း သူမစကားမပြောသေးချေ။ ခဏအကြာတွင် ကားသည် ၎င်း၏ခရီးပန်းတိုင်သို့ ရောက်သွားတော့သည်။ ထိုနေရာတွင် မည်သူမှမရှိပေ။ ဆောက်လုပ်ဆဲ အဆောက်အဦးတစ်ခုဖြစ်ပေ၏။ ထိုတိုက်ထဲသို့ဝင်ပြီးနောက် ကားရှေ့ခန်းရှိယောက်ျားကြီးသည် ကားထဲမှထွက်လာပြီး သတိလစ်နေသောထောင်ကဲ့အား လျှို့ဝှက်နေရာတစ်ခုသို့ သယ်ဆောင်သွားလိုက်သည်။
“ဒါကိုယူပြီး ငါ့နောက်လိုက်ခဲ့”
ကျိုးမေ့ကျွန်းသည် ကျင်းယွင်ကျောင်းအား စပရေးဖြန်းသောအရာတစ်ခုဖြင့် ညွှန်ကာ ပြောလိုက်၏။ ထိုအရာသည် သူမအနားသို့ချည်းကပ်လာသည်နှင့်အမျှ ဆေးအနံ့သည်လည်း ပို၍ကြည်လင်ပြတ်သားလာသည်။
“နင့်ကိုဒါဘယ်သူပေးလိုက်တာလဲ?”
ကျင်းယွင်ကျောင်းမခုခံချေ။ သူမသည် အိတ်ကိုယူကာထွက်သွားရင်း မေးလိုက်၏။
မှောင်ခိုစျေးကွက်တွင် မေ့ဆေးများ ရောင်းသော်လည်း သူတို့၏အာနိသင်မှာ ဤမျှလောက်မပြင်းထန်ပါပေ။ မှောင်ခိုစျေးတွင်ရောင်းသော မေ့ဆေးအား သောက်လိုက်လျှင်ပင် ဆေးအာနိသင်ရရန် မိနစ်နှစ်ဆယ်ခန့်အချိန်ယူရ၏။ သို့ရာတွင် ကျိုးမေ့ကျွန်းလက်ထဲရှိဖြန်းဆေးမှာ ထိုသို့မဟုတ်ပေ။ ၎င်းသည် ပဒိုင်းပင်အပါအဝင် အဆိပ်ရှိအပင်များနှင့် အဆိပ်ရှိမှိုအမျိုးအစားများစွာနှင့် ဖွဲ့စည်းဖော်စပ်ထားသည်။ ထိုမှိုအမျိုးအစားများမှာလည်း ရှာဖွေရလွယ်ကူသောမှိုများမဟုတ်ပေ။ ယနေ့အချိန်ထိ သူမ၏နေရာလွတ်နယ်မြေထဲတွင်ပင် ရှာဖွေရလွယ်ကူသော အဆိပ်ရှိအပင်အနည်းငယ်သာရှိ၏။
သူမသာ ကျောက်စိမ်းဝိညာဥ်အား မစုပ်ယူခဲ့လျှင် ထိုဆေးအနံ့သည် သူမစိတ်ထဲတွင် စွဲကျန်ရစ်ခဲ့ပေလိမ့်မည်။ သူမသည် ထိုအနံ့ကိုရှူနိုင်ခဲ့မည်မဟုတ်ပေ။
သူမသည် ဘိုးဘေး၏ဆေးများအား စျေးကွက်ထဲတွင် တစ်ခါမှမတွေ့ခဲ့ဖူးချေ။ ယနေ့အချိန်ထိ အဘိုးရှုတစ်ဦးတည်းသာ သူမနှင့်ရင်းနှီးနေသောအရာများကို တစ်ခါတစ်ရံထုတ်ပြတတ်၏။
ရှင်းရှင်းပြောရလျှင် ဤမျှလောက်လှည့်ကွက်များသည့် မေ့ဆေးအား ကျိုးမေ့ကျွန်းဝယ်နိုင်မည်မဟုတ်ချေ။ ဤသည်မှာ ရှုမိသားစုမှ ရှန်ရှီ၏လက်ချက်သာဖြစ်ဖို့များပေသည်!
ကျိုးမေ့ကျွန်းသည် သူမအား စိတ်လှုပ်ရှားစွာကြည့်လိုက်၏။
“ကျင်းယွင်ကျောင်း၊ ငါတောင်းပန်ပါတယ် ငါလည်းတခြားရွေးချယ်စရာမရှိဘူး၊ နင့်ခြေထောက်နဲ့နင်မသွားရင် ငါဆေးသုံးရလိမ့်မယ်”
ဤဆေး၏အာနိသင်နှင့်ပတ်သတ်၍ သံသယဝင်စရာမရှိချေ။ သူမရှူမိသည်နှင့် ဆယ်စက္ကန့်အတွင်း မြေပြင်ပေါ်လဲကျသွားပေလိမ့်မည်။
၎င်းအား ကျိုးမေ့ကျွန်းလက်ထဲမှ တစ်ခါတည်းလုနိုင်ကြောင်း ကျင်းယွင်ကျောင်းသိသော်လည်း ခေတ္တမျှစဥ်းစားကြည့်လိုက်သောအခါ သူမသည် ကျိုးမေ့ကျွန်း၏စကားကို နားထောင်လိုက်၏။
ယောက်ျားကြီးသည် ထောင်ကဲ့အား မြေပြင်ပေါ်သို့ ချလိုက်သည်။ ကျိုးမေ့ကျွန်းလျှောက်လာပြီးနောက် နှစ်ဦးသားကို ကြည့်လိုက်၏။ ထို့နောက် သူမသည် ကျင်းယွင်ကျောင်းထံမှ သစ်သီးလှီးဓားကိုယူလိုက်သည်။
ကျိုးမေ့ကျွန်းသည် မျက်လုံးကိုမှိတ်ရင်း လက်များတုန်ယင်နေ၏။ နောက်ပိုင်းတွင် မည်သို့ဖြစ်မည်ကို သူမအတိအကျသိနေလေသည်။
သူမသည် ဤမျှလောက်မရက်စက်လိုပေ။ သူမဘဝတွင် အခြားသူများအား သတ်ဖြတ်ရန်ပင် တစ်ခါမှ မတွေးခဲ့ဖူးချေ။
သို့ရာတွင် ယွမ်ဆယ်သန်း...
သူမသည် ကျင်းယွင်ကျောင်းအား လူသတ်မှုဖြင့် အောင်အောင်မြင်မြင်စွပ်စွဲနိုင်သည်နှင့် ယွမ်ဆယ်သန်းရရှိပေမည်။ ထို့အပြင် သူမသာမလုပ်နိုင်ခဲ့လျှင် သေရမည့်သူမှာ သူမဖြစ်ပေသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်းတွင် သူမသည် ဖုန်းများ၊ မက်ဆေ့ချ်များမှတဆင့် မျိုးစုံခြိမ်းခြောက်ခံခဲ့ရ၏။ သူမသာ တစ်ခုခုမလုပ်လျှင် ဖုန်းထဲမှ ခြိမ်းခြောက်သောစကားအတိုင်း သူမသည် ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း သိနေလေသည်။
သူမသည် မည်သူ့အား စော်ကားမိမှန်းမသိပါချေ။ သို့သော် သူမ၏အသက်သည် အခြားသူများ၏လက်ထဲတွင် ရှိနေသည်ကိုမူ အသေအချာသိပေ၏။ လွန်ခဲ့သောရက်ပိုင်းအတွင်း သူမသည် အပြင်ထွက်တိုင်း အန္တရာယ်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ သူမအား ခြိမ်းခြောက်ခြင်းသာဖြစ်သော်လည်း ဤခြိမ်းခြောက်မှုသည် နောက်တစ်ကြိမ်တွင် လက်တွေ့ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ကို သူမအာမမခံနိုင်ပါပေ။
Space and Rebirth 884
ကျင်းယွင်ကျောင်းသည် သူတို့ထံလျှောက်လာပြီး မျက်လုံးများထဲတွင် နက်ရှိုင်းသောအဓိပ္ပာယ်ဖြင့် မြေပြင်ပေါ်ရှိ ထောင်ကဲ့အား စူးစိုက်ကြည့်လိုက်သည်။
“ကျိုးမေ့ကျွန်း၊ နင်က ကိုယ့်ကိုယ်ကိုရော သူများတွေကိုပါ ဒုက္ခပေးနေတာပဲ”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို သူမကျောပြင်ကိုကြည့်ရင်း ပြောလိုက်သည်။
“အဲဒါဘာအဓိပ္ပာယ်လဲ?”
ကျိုးမေ့ကျွန်းနားမလည်ချေ။ သူမစကားပြောပြီးသည်နှင့် လည်ပင်းတွင် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလို သူမကိုယ်ထဲသို့ ပူနွေးသောလျှပ်စစ်စီးကြောင်းတစ်ခု ထိုးဖောက်ဝင်လာသကဲ့သို့ဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲသွားတော့သည်။ သူမတစ်ကိုယ်လုံးတွန့်လိမ်နေပြီး နေရာတိုင်းတွင် သွေးများပန်းထွက်နေ၏။
ကျိုးမေ့ကျွန်းသည် အနောက်တွင် ယောက်ျားကြီးပေါ်လာသည်ကို မမြင်လိုက်ချေ။ ထိုလူ၏ရာဘာလက်အိတ်များပေါ်တွင် တစ်ခုခုကိုကပ်ထား၏။ လက်ဗွေရာ Mask တစ်ခုဖြစ်ကြောင်း သိသာသည်။ ထိုလူသည် ဟောဟဲလှိုက်နေပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူစတင်လှုပ်ရှားပြီးသည်နှင့် ဓားကို မြေပြင်ပေါ်သို့ပစ်ကာ သူ၏အိတ်ထဲမှ မေ့ဆေးတစ်ဘူးကိုထုတ်လိုက်ပြီး ကျင်းယွင်ကျောင်းထံ ဖြန်းလိုက်၏။
ထောင်ကဲ့မှာ ကျိုးမေ့ကျွန်းအား အာရုံလှည့်စားရန် ငါးစာတစ်ခုသာဖြစ်ကြောင်း ကျင်းယွင်ကျောင်း ယခင်ကတည်းက ခန့်မှန်းမိနေလေသည်။
ကျင်းယွင်ကျောင်းသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ဆေးနံ့သည် အလွန်ပြင်းလွန်းလှ၏။ ထိုဆေးနံ့သည် လေထုထဲ ပြည့်နှက်သွားပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ သူမသည် အသက်ကိုအောင့်ကာ အနောက်ဆုတ်လိုက်သည်။ ထိုလူသည် ထိုအခွင့်အရေးကိုယူကာ မြေပြင်ပေါ်ကျနေသော အခြားမေ့ဆေးဘူးကို ကောက်ယူလိုက်၏။ ကျင်းယွင်ကျောင်းသည် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိနေသဖြင့် သူသည် တိုက်ခိုက်ရန်မကြိုးစားဘဲ အလျင်အမြန်အနောက်သို့လှည့်၍သာ ထွက်ပြေးလိုက်သည်။
ကျင်းယွင်ကျောင်းသည် ထိုလူ၏ကျောပြင်ကိုသာကြည့်ပြီး သူ့နောက်မလိုက်ခဲ့ချေ။
မြေပြင်ပေါ်တွင် ကျိုးမေ့ကျွန်းသည် မျက်လုံးအပြူးသားဖြင့် ရှိနေကာ သွေးများစိမ့်ထွက်နေဆဲဖြစ်သည်။ သူမသည် နောက်မိနစ်ပိုင်းကြာလျှင် သေဆုံးပေတော့မည်။ ကျင်းယွင်ကျောင်းသက်ပြင်းသာချကာ သူမအသက်ကိုကယ်ရန် မလုပ်ခဲ့ချေ။
ဤနေရာမှာ တောရိုင်းနယ်မြေမဟုတ်သော်လည်း လူခြေတိတ်သောနေရာဖြစ်၏။ သူမလည်အလှီးခံရသည်နှင့် သွေးများပန်းထွက်လာခဲ့သည်။ ထိုသွေးများယိုစိမ့်ထွက်လာမှုကြောင့် သူမသည် မျက်စိတစ်မှိတ်အတွင်း ကိုယ်တွင်းသွေးပမာဏများစွာ ဆုံးရှုံးသွားရသဖြင့် သူမ၏သွေးဖိအားကို ရပ်တန့်ရန် ခက်ခဲပေသည်။
အဆုံးတွင် ကျိုးမေ့ကျွန်းသည် အလွန်တုံးအလွန်းခဲ့ပေ၏။
ထောင်ကဲ့အားသတ်မှုဖြင့် သူမအား စွပ်စွဲမည်လော? ကျိုးမေ့ကျွန်းသည် နည်းနည်းမျှမစဥ်းစားခဲ့ချေ။ သူမသည် ထောင်ကဲ့အား သတ်စရာအကြောင်းမရှိသောသူဖြစ်၏။ ထောင်ကဲ့နှင့်သူမကြားတွင် အငြင်းပွားမှုများရှိခဲ့သော်လည်း ၎င်းမှာ လွန်ခဲ့သောလအနည်းငယ်ကဖြစ်ပြီး ထိုအချိန်မှစ၍ သူတို့ကြားတွင် မည်သည့်ဆက်သွယ်ပြောဆိုမှုမှမရှိခဲ့တော့ပေ။ ကြာမြင့်လှပြီဖြစ်သော အချိန်တစ်ခုက အသေးအဖွဲကိစ္စလေးကြောင့် သူမသည် ထောင်ကဲ့အား သတ်လိုက်သည်ဟု မည်သူကယုံကြည်မည်နည်း?
သူမအား လူသတ်မှုဖြင့် စွပ်စွဲချင်လျှင် အကောင်းဆုံးသားကောင်မှာ ကျိုးမေ့ကျွန်းဖြစ်၏။
နှစ်ဦးကြားတွင် ရန်ငြိုးအဟောင်းရော အသစ်ပါရှိကြရုံမက သူမကြောင့် ကျိုးမေ့ကျွန်းသည် A တက္ကသိုလ်မှ ကျောင်းထုတ်ခံခဲ့ရသည်။ သူတို့ထဲမှတစ်ဦး ပြသာနာဖြစ်သည်နှင့် ကျန်တစ်ဦးမှာ အလိုလို သံသယရှိစရာဖြစ်ချေမည်။
ထို့အပြင် အစောပိုင်းက သူမတို့ကားထဲမှထွက်စဥ်တွင် ထိုလူသည် ထောင်ကဲ့အား ပစ်မှတ်ထားနေပုံပေါက်သော်လည်း လက်တွေ့တွင် သူ၏မျက်လုံးများသည် ကျိုးမေ့ကျွန်းအပေါ်သာရှိ၏။ သူ၏ခန္ဓာကိုယ်သည်လည်း ကျိုးမေ့ကျွန်းဘက်သို့ အနည်းငယ်စောင်းနေသဖြင့် သူ၏ပစ်မှတ်အစစ်အမှန်မှာ ကျိုးမေ့ကျွန်းသာဖြစ်လေသည်!
ရှန်ရှီ၏လှည့်ကွက်သည် အလွန်ပင်အကွက်စေ့လှ၏။
သူမသာ မေ့ဆေးကိုမသုံးခဲ့လျှင် သူမလက်ချက်ဖြစ်မှန်း ကျင်းယွင်ကျောင်းရိပ်မိမည်မဟုတ်ချေ။
သို့ရာတွင် သူမသည် အဆိပ်ရှိဝိုင်အား မသောက်လိုက်ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ အနံ့ရှူနိုင်ခြင်းကြောင့်ဖြစ်သည်ကို ရှန်ရှီသတိမထားမိခဲ့ခြင်းဖြစ်မည်...
..သူမသည် ကျိုးမေ့ကျွန်းအား သတ်လိုက်သူအဖြစ် သူမအား စွပ်စွဲရန် ဤမျှလောက်လှည့်ကွက်ကျအောင် စီစဥ်ခဲ့၏။ သူမအား လူသတ်လက်နက်ဖြင့် ထွက်ပြေးခွင့် ပေးမည်မဟုတ်လောက်ချေ။ မကြာခင်တွင် ရဲများရောက်ချလာလိမ့်မည်။ ထိုအချိန်တွင် ဤလူသည် မည်သို့ဖြစ်သွားမည်နည်း? မျက်မြင်သက်သေတစ်ဦးဖြစ်လာပေမည်။
ထို့အပြင် ထောင်ကဲ့မှာ...
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို အေးစက်စွာရယ်လိုက်၏။
ရှန်ရှီသည် အကွက်ချစီစဥ်ရာ၌ မဆိုးလှချေ။ သူမသည် အဘယ်ကြောင့် သိသာနေသောအဖြေကို မတွေ့ခဲ့ရသနည်း? ထောင်ကဲ့မှာ တစ်စုံတစ်ယောက်၏အသုံးချခြင်းကို ခံနေရ၏။ သူမနိုးလာပြီး သေနေသောကျိုးမေ့ကျွန်းကို တွေ့သောအခါ သူမဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေချာပေါက်လိမ်ညာသက်သေထွက်ဆိုပေလိမ့်မည်။ ကျင်းယွင်ကျောင်းမှ ကျိုးမေ့ကျွန်းအား သတ်လိုက်သည်ကို ဝိုးတဝါးမြင်လိုက်ရသည်ဟု လိမ်ပြီး အရေးအကြီးဆုံးမျက်မြင်သက်သေဖြစ်လာလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် ထိုလူထွက်ပြေးပြီး နှစ်မိနစ်မျှကြာသောအခါ ရဲကားအချက်ပေးသံများကို ကျင်းယွင်ကျောင်းကြားလိုက်ရ၏။
ရှန်ရှီသည် ရဲများကိုပင် ကြိုတင်ပြင်ဆင်ထားလေသည်။
ကျင်းယွင်ကျောင်းသည် ခေါင်းကိုငုံ့၍ မြေပြင်ပေါ်ရှိ သူမလက်ဗွေရာစွန်းထင်းနေသော သစ်သီးလှီးဓားကို ကောက်ယူကာ နေရာလွတ်နယ်မြေထဲသို့ တစ်ခါတည်းပစ်လိုက်၏။ သူမ၏ပိုင်ဆိုင်မှုဖြစ်ကြောင်း သက်သေပြနိုင်သည့် မြေပြင်ပေါ်ရှိ ဘောပင်နှင့် ဘူးအလွတ်ကိုပါ ၎င်းအတိုင်းလုပ်လိုက်သည်။
ရဲများရောက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ကျင်းယွင်ကျောင်းသည် အရင်ဆုံး တိုက်လွတ်ကြီးထဲသို့ဝင်လိုက်သည်။ ထို့နောက် သူမသည် နေရာလွတ်နယ်မြေထဲသို့ဝင်ကာ အစရှာမရဖြစ်သွားတော့သည်။