← Chapters

အခန်း (၈၈၅-၈၈၈)

Vol. 45 Ch. 885-888

အခန်း (၈၈၅-၈၈၈)

Vol. 45 Ch. 885-888

Space and Rebirth 885

ကျင်းယွင်ကျောင်းသည် နေရာလွတ်နယ်မြေထဲရှိစဥ်အတွင်း ပြင်ပ၌ဖြစ်သောလှုပ်ရှားမှုများကိုလည်း နားစွင့်နေ၏။ အစောပိုင်းက ဓားဖြင့်ထိုးခဲ့သောလူသည် ပြန်ရောက်လာပြီး လူအုပ်ကြီးတစ်အုပ်ဖြင့် သူတို့အား ချက်ချင်းဝန်းရံလိုက်သည်။

“ဘယ်လိုလဲ?”

ရဲများရောက်ချလာသည်နှင့် အခင်းဖြစ်ရာနေရာကို ချက်ချင်းစစ်ဆေးလိုက်ပြီး မိန်းကလေးတစ်ဦးသေဆုံးနေကြောင်း တွေ့လိုက်ရ၏။ သူတို့၏မျက်နှာထားများ ပို၍လေးနက်သွားပြီး ချက်ချင်းမေးလိုက်သည်။

အစောပိုင်းက အနီးတစ်ဝိုက်ရှိလူတစ်ဦးသည် ရဲစခန်းအားဖုန်းဆက်အား ဆောက်လုပ်ဆဲအဆောက်အအုံနား၌ ညှီနံ့တစ်ခုရကြောင်း၊ အလောင်းနံ့ဖြစ်နိုင်ကြောင်း သတင်းပေးဖုန်းဆက်ခဲ့၏။ သူတို့သည် မဆိုင်းမတွပင် လာရောက်ရှာဖွေခဲ့သော်လည်း ထိုညှီနံ့၏အရင်းအမြစ်မှာ လမ်းဘေးခွေးများ၊ ကြောင်များမှ လာခြင်းသာဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့စခန်းသို့ လှည့်ပြန်ရန်လုပ်စဥ်တွင် လူတစ်ဦးမှ ပြာပြာသလဲပြေးဆင်းလာပြီး တစ်စုံတစ်ယောက်သေနေကြောင်း ပြောလိုက်လေသည်။

ထောင်ကဲ့သည် ခေါင်းနောက်ကျိစွာဖြင့် နိုးလာပြီး အခင်းဖြစ်ရာနေရာကို မြင်လိုက်ရသောအခါ ကြက်သေသေသွား၏။

ကျိုးမေ့ကျွန်းသည် သူမအားရှာပြီး ကျင်းယွင်ကျောင်း၏လျှို့ဝှက်ချက်ကြီးတစ်ခုကို သိထားကြောင်း၊ သူမနှင့်အတူ သွားရောက်ကြည့်ရှုရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်ကို သူမမှတ်မိသွားသည်။ အစက သူမသဘောမတူခဲ့ပေ။ သူမသည် ယခင်က ကျောင်းဟစ်တိုင်ကောမန့်များကိစ္စတွင် ပါဝင်ခဲ့သောကြောင့် အပြစ်ပေးခံရပြီးလေပြီ။ ဤတစ်ခေါက် တစ်ခုခုထပ်ဖြစ်လျှင် သူမကျောင်းထုတ်ခံရနိုင်ချေများ၏။

သို့သော် ထိုအချိန်က ကျိုးမေ့ကျွန်းသည် သူမအား လှောင်ပြောင်သရော်ခဲ့သောကြောင့် သူမသည် အလွန်မခံချင်ဖြစ်သွား‌တော့သည်။ နောက်ပိုင်းတွင် သူမနှင့်အတူလိုက်ရဲပါက သူမအား ယွမ်တစ်သိန်းပေးမည်ဟု ပြောခဲ့ပြန်သည်။ ထို့ကြောင့် သူမသည် ငွေမျက်နှာဖြင့် ကျိုးမေ့ကျွန်းနောက်လိုက်လာခဲ့၏။ ဤကိစ္စအား လေးနက်မည်ဟု မထင်ခဲ့သောကြောင့်ဖြစ်သည်။

သို့သော် သူမကားထဲသို့ရောက်သည်နှင့် ကျိုးမေ့ကျွန်းမှ သူမအားဖြန်းလိုက်သောအရာတစ်ခုကြောင့် သူမသတိမေ့သွားခဲ့လေသည်။ သူမနိုးလာသောအခါ ဤအခြေအနေတွင်ဖြစ်နေတော့၏။

သူမရှေ့မှောက် သုံးမီတာအကွာတွင် ကျိုးမေ့ကျွန်းသည် သွေးအိုင်ထဲတွင် လဲနေသည်။ သူမမျက်လုံးများသည် မကျေမနပ်ဖြင့် သေဆုံးသွားရသကဲ့သို့ အပြူးသားဖြစ်နေလေသည်။ အခြေအနေအား စစ်ဆေးရန် မှုခင်းဆေးဆရာဝန်အချို့လည်း ရောက်နေ၏။

“ကျောင်းသူလေး၊ ဘာဖြစ်ခဲ့လဲမှတ်မိလား?”

ရဲအရာရှိတစ်ဦးမှ သူမအား မေးလိုက်၏။

“သ-သမီးမသိဘူး...”

သူမဇဝေဇဝါဖြစ်နေသည်။

တစ်ပြိုင်နက်တည်းတွင် ထိုလူသည် ရဲများအား အာပေါင်အာရင်းသန်သန်ရှင်းပြနေ၏။

“ကျွန်တော်က မေ့ကျွန်းရဲ့ရည်းစားပါ၊ ကျွန်တော်တို့ဆက်ဆံရေးက သိပ်မဆိုးဘူးပြောရမယ်၊ မေ့ကျွန်းက အစတုန်းက A တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပေမယ့် ကျင်းယွင်ကျောင်းလို့ခေါ်တဲ့ ကျောင်းသူတစ်ယောက်ကြောင့် ကျောင်းထုတ်ခံလိုက်ရတယ်၊ သူကအဲ့ကိစ္စနဲ့ပတ်သတ်ပြီး သိပ်မကျေနပ်တာမို့ ထောင်ကဲ့လို့ခေါ်တဲ့ ဒီကျောင်းသူကိုခေါ်ပြီး ကျင်းယွင်ကျောင်းနဲ့စကားသွားပြောဖို့လုပ်နေတာပါ၊ သူတို့ကိုကျွန်တော်ပဲ ကားမောင်းလိုက်ပို့ခဲ့ပေမယ့် သုံးယောက်လုံးက မိန်းကလေးတွေဆိုတော့ ကျွန်တော့်လိုယောက်ျားတစ်ယောက်ရှိနေရင် နေရခက်မှာစိုးလို့ ကျွန်တော်လည်း ဟိုနားမှာ စောင့်နေခဲ့တာပါ...”

ထိုလူညွှန်ပြလိုက်သောနေရာအား ရဲများမှတ်တမ်းတင်ပြီးနောက် သူဆက်ပြောလိုက်သည်။

“သူတို့ဆယ်မိနစ်စာလောက်စကားပြောပြီး မကြာခင်မှာ တစ်ခုခုနဲ့ပတ်သတ်ပြီး စကားစများကြရော၊ ကျွန်တော်သေချာနားထောင်ကြည့်လိုက်တော့ ကျင်းယွင်ကျောင်းက ကျိုးမေ့ကျွန်းနဲ့ပတ်သတ်ပြီး မကောင်းတဲ့ဓာတ်ပုံတချို့ရိုက်ခဲ့ပုံပဲ၊ သူတို့ကြာကြာစကားများလေလေ ပိုဆိုးလာလေလေပဲ အဲဒါနဲ့ ကျွန်တော်လည်း မေ့ကျွန်းကိုခေါ်သွားမလို့လုပ်နေတုန်းမှာ ကျင်းယွင်ကျောင်းက မေ့ကျွန်းလည်ပင်းကို ဓားနဲ့လှီးလိုက်တာတွေ့လိုက်တယ်...”

“မေ့ကျွန်းတစ်ခါတည်းသတိလစ်သွားပြီး ထောင်ကဲ့ဆိုတဲ့မိန်းကလေးလည်း မေ့လဲသွားတယ်၊ ကျွန်တော်မြင်လိုက်တော့ အရမ်းလန့်သွားပြီး ဘာလုပ်ရမှန်းမသိတော့ဘူး၊ ကျွန်တော့်ဘာသာတောင် မသိလိုက်ခင်မှာပဲ ဒီနေရာကထွက်ပြေးခဲ့တယ်၊ အဲ့အချိန်မှာ အနီးအနားက ရဲကားသံတွေကြားပြီး ခင်ဗျားတို့ကိုရှာခဲ့တာပဲ...”

ထိုလူ၏မုသားများသည် အလွန်အကွက်စေ့လှ၏။ နေရာလွတ်နယ်မြေထဲတွင် ကျင်းယွင်ကျောင်းသည် ၎င်းကိုနားထောင်ပြီး လှောင်ရယ်ရယ်မိနေသည်။

ထောင်ကဲ့ကြားလိုက်သောအခါ သူမသည်လည်း ထိတ်လန့်အံ့အားသင့်သွား၏။ သူမတစ်ကိုယ်လုံးအေးစက်သွားသည်။ အထူးသဖြင့် ကျိုးမေ့ကျွန်း၏မျက်လုံးများကို တွေ့လိုက်ချိန်တွင်ဖြစ်သည်။ သူမကြောက်ဒူးတုန်သွားသောအကြောင်းအရင်းမှာ...အမှန်တရားသည် သူပြောသည့်အတိုင်းမဟုတ်သောကြောင့်ဖြစ်၏။

သူမသည် အစကတည်းက မေ့မျောနေခဲ့သည်။ ကျင်းယွင်ကျောင်းနှင့် လုံးဝစကားများရန်မဖြစ်ခဲ့သည့်အပြင် ကျင်းယွင်ကျောင်း၏မျက်နှာကိုပင် မမြင်ခဲ့ပေ။ သူမသည် ဘာကိုမှမသိလိုက်သူဖြစ်၏။

“ကျောင်းသူလေး၊ သူပြောတာအမှန်တွေပဲလား? မင်းတို့ဘာပြောခဲ့ကြတာလဲ?”

ရဲအရာရှိမှ ထပ်မေးလိုက်ပြန်သည်။

ထောင်ကဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ သူမရှေ့မှောက်တွင် ကျိုးမေ့ကျွန်း၏အလောင်းကရှိနေသည်။ သူမသည် အလောင်းနှင့်အနီးဆုံးဖြစ်၏။ သူမသာ ကျင်းယွင်ကျောင်းအား မမြင်ခဲ့ကြောင်း ပြောလိုက်လျှင် သူမလည်း ဤသို့ဖြစ်သွားမည်လော?

သူမသည် ချက်ချင်းဆိုသလို ထိုလူနှင့်အကြည့်ချင်းဆုံမိသွားပြီး တစ်ကိုယ်လုံးတုန်ယင်သွား၏။ သူမမသိလိုက်ခင်မှာပင် ခေါင်းကိုငြိမ့်မိတော့သည်။

“ဟ-ဟုတ်ပါတယ်...”

Space and Rebirth 886

ရဲအရာရှိသည် ထောင်ကဲ့အား ဝေ့ကြည့်ကာ သူမကိုနှစ်သိမ့်ပေးလိုက်၏။ သူမအား အတန်ငယ်ပင် သနားညှာတာမိသည်။ သူမကဲ့သို့ မိန်းကလေးတစ်ဦးသည် ဤသို့သောမှုခင်းကို မျက်မြင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသောကြောင့် သေချာပေါက် စိတ်ခြောက်ခြားဖွယ်ဖြစ်ပေမည်။

“အနားမှာတော့ သံသယဖြစ်စရာလူမတွေ့ခဲ့ဘူး၊ လူသတ်လက်နက်လည်း ရှာမတွေ့ခဲ့ပါဘူး”

ခဏအကြာတွင် ရဲသားတစ်ဦးမှ ရှာဖွေရေးရလဒ်များကို အစီရင်ခံလိုက်သည်။

ထိုလူသည် ၎င်းကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။

(မဖြစ်နိုင်တာ၊ ဒီအနီးတဝိုက်မှာပဲ ပုန်းနေတာနေမှာပေါ့၊ ငါထွက်ပြေးတုန်းကတောင် သူဒီနေရာမှာ ရပ်နေတဲ့ကိစ္စ၊ ဒီလောက်အချိန်တိုအတွင်း‌ ဝေးဝေးမပြေးနိုင်လောက်ဘူး)

ထိုလူသည် စိတ်ထဲ၌ ရေရွတ်လိုက်သည်။ ကျင်းယွင်ကျောင်းသာ အတောင်ပံပေါက်၍မထွက်ပြေးသွားလျှင် သူမ၏ခြေရာလက်စလက်နများ ကျန်ခဲ့ပေမည်။ ထွက်ပြေးနေစဥ် ရဲများနှင့်ပက်ပင်းတိုးပြီး တစ်ခါတည်း အဖမ်းခံရနိုင်ချေပါရှိ၏။

ယခုတွင် အရေးအကြီးဆုံးဖြစ်သော လူသတ်လက်နက်ပျောက်ဆုံးသွားသဖြင့် ခေါင်းကိုက်စရာဖြစ်ပေပြီ။

သူသည် အပေးအယူလုပ်ထားသော ငွေပမာဏအပြည့်အဝ မရနိုင်လောက်တော့ချေ။

“ကျွန်‌တော်တို့ဒီနယ်မြေတစ်ဝိုက် လိုက်မေးကြည့်ပြီးပါပြီ၊ မိန်းကလေးတစ်ယောက် ဝင်ထွက်တာကို ဘယ်သူမှမမြင်လိုက်ပါဘူးတဲ့”

သူ့အားပြောပြီးနောက် ရဲအရာရှိမှ ဆက်အမိန့်ပေးလိုက်သည်။

“လူနှစ်ယောက်နေခဲ့ပြီး ဆက်ရှာကြ၊ ကျန်တဲ့လူတွေက ငါနဲ့အတူစခန်းပြန်မယ်”

“အာ ဟုတ်သားပဲ၊ ခင်ဗျားတို့လည်း ကျွန်တော်နဲ့အတူ စခန်းပြန်လိုက်ခဲ့ပါ”

အရွယ်ကောင်းမိန်းကလေးတစ်ဦးအသတ်ခံရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။

ဤအချိန်တွင် ကျင်းယွင်ကျောင်းမှာ နေရာလွတ်နယ်မြေမှတဆင့် ဖြစ်ပျက်နေသောအခြေအနေများကို ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ကြည့်နေ၏။

ဤလူသည် သိုင်းအနည်းငယ်တတ်ပြီး လက်လှုပ်ရှားမှုများ မြန်ဆန်သည်။ သူသည် အနောက်မှတိုက်ခိုက်ခဲ့ပြီး လက်အိတ်လည်းဝတ်ထားသောကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးတစ်စက်မှမရှိချေ။ လက်အိတ်တစ်စုံဆိုသည်မှာလည်း အစဖျောက်ရန် လွယ်ကူပေ၏။ ထို့အပြင် ထိုလက်အိတ်ပေါ်၌လည်း အစအနများများစားစားမကျန်ပေ။

အမှန်အတိုင်းပြောရလျှင် ထိုအချိန်က သူမသည် ကျိုးမေ့ကျွန်းက ကယ်ခဲ့နိုင်၏။ ဤနောက်ဆက်တွဲပြသာနာများကိုပင် ရှောင်နိုင်ခဲ့ဦးမည်။

သို့ရာတွင် ထိုသို့လုပ်စရာမလိုပေ။

သူမအား မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ကြောင်း သေချာနေ၏။ ကျိုးမေ့ကျွန်းမှာမူ မိမိကိုယ်ကိုရော သူများကိုပါ ဒုက္ခပေးခဲ့သောကြောင့် ခံရသောဝဋ်ဟု သတ်မှတ်နိုင်ပေသည်။ အကြောင်းအရင်းမှာ မည်သို့ပင်ဖြစ်စေ သူမသည် သေသင့်သေထိုက်ပေ၏။ ထောင်ကဲ့မှာ ထိုလူ၏စကားများကို ဝန်ခံနေလေသည်။ အမှန်တကယ်ပင် ဦးနှောက်မရှိလှပေ။

ကျိုးမေ့ကျွန်း၏အလောင်းအား ရဲများမှ အလျင်အမြန်သယ်ဆောင်သွားပြီးနောက် အခင်းဖြစ်ရာနေရာသည် များစွာဆိတ်ငြိမ်သွားသည်။ နေရစ်ခဲ့သောရဲသားနှစ်ဦးသည်လည်း ဘာကိုမှမတွေ့သောကြောင့် မြန်မြန်ဆန်ဆန်ပြန်လိုက်ကြတော့သည်။

မှောင်ရိပ်ပျိုးသောအခါ ကျင်းယွင်ကျောင်းသည် နေရာလွတ်နယ်မြေထဲမှထွက်လာ၏။ သူမထံသို့ ချက်ချင်းဆိုသလို ဖုန်းဝင်လာတော့သည်။

“ယွင်ကျောင်း၊ နင်ဘာဖြစ်နေတာလဲ? ခုနလေးတင် ရဲတွေက နင့်ကိုကျောင်းမှာလာရှာသွားတယ်၊ နင်လူသတ်တာကို မြင်လိုက်တဲ့လူတစ်ယောက်ရှိတယ်တဲ့”

ဟော်ထျန်းရှန်း အလွန်ပင်ထိတ်ထိတ်ပျာပျာဖြစ်နေလေသည်။

“ဟုတ်လား?”

ကျင်းယွင်ကျောင်းအသံမှာ တည်ငြိမ်နေ၏။

“နင်တို့စိတ်ပူစရာမလိုပါဘူး၊ ငါအဆင်ပြေပါတယ် ဒီကိစ္စတွေလည်း အဆင်ပြေသွားလိမ့်မယ်၊ မနက်ဖြန်ကျရင်တော့ ဟိုင်ချင်းဆီသွားဖို့ မဖြစ်နိုင်တော့ဘူး နောက်တစ်ခေါက်မှသွားကြတော့ပေါ့”

“နင်ဒီညပြန်မလာတော့ဘူးလား?”

ဟော်ထျန်းရှန်းသည် အံ့အားသင့်မှုအပြည့်ဖြင့် မေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် ဤအရာအတွက် စိတ်ပြင်ဆင်ထားကြောင်း သူမခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူတစ်ဦးဆိုလျှင် လူသတ်မှုဟုကြားပါက ထိုလူတွင် အမှန်တကယ်အပြစ်ကင်းစင်လျှင်ပင် အခြေအနေအား ကပြာကယာဖြင့် မေးချေမည်။

“အင်း မနက်ဖြန်မနက်ကျမှ ပြန်လာခဲ့မယ်၊ ရဲတွေနဲ့ပတ်သတ်ပြီး နင်တို့စိတ်ပူစရာမလိုဘူး”

ကျင်းယွင်ကျောင်းပြောလိုက်၏။

ထိုသို့ပြောပြီးနောက် သူမသည် ညွှန်ကြားချက်အချို့ပေးကာ အဘိုးရှုအိမ်သို့သွားရန် အမှောင်ထဲမှ ထွက်လိုက်သည်။

မျက်မြင်သက်သေများမှာ သူမအတွက် အရေးမပါပေ။ အရေးအကြီးဆုံးဖြစ်သော လူသတ်လက်နက်ကိုပင် သူမနေရာလွတ်နယ်မြေထဲ ပစ်လိုက်ပြီဖြစ်သောကြောင့် သူမအား အဘယ်သို့ လူသတ်မှုဖြင့် စွဲချက်တင်နိုင်မည်နည်း?

ယခင်က သူမသည် ရှန်ရှီအတွက် အကြောင်းပြချက်ရှာပေးကာ အရာအားလုံးကို တိုက်ဆိုင်မှုတစ်ခုဟု ပြောနိုင်လျှင် ယခုအချိန်မှစပြီး ရှန်ရှီသည် သူမအပေါ် အကြံယုတ်များရှိကြောင်း ၁၀၀% သေချာသွားလေပြီ! သူမသည် ဤကိစ္စအား အဆုံးစွန်ထိ လိုက်မှဖြစ်လေမည်။

တစ်လအကြာတွင်ဖြစ်မည့် သူမနှင့်ရှန်ရှီကြားမှ တွေ့ဆုံချိန်ကို သူမအမြန်ရောက်ချင်နေမိသည်။

ကျင်းယွင်ကျောင်းသည် ထိုညက အဘိုးရှုအိမ်တွင် နေထိုင်ခဲ့သည်။ နောက်တစ်နေ့မနက်ခင်းတွင် သူမကျောင်းသို့ပြန်ရောက်ချိန်၌ ရဲများသည် ချက်ချင်းဆိုသလို သူမတံခါးဝသို့ ရောက်လာတော့သည်။

“ကျင်းယွင်ကျောင်း၊ မနေ့က ညနေ ၄ နာရီမှာ မင်းဘယ်သွားနေခဲ့လဲ?”

ရဲသားများသည် ကွေ့ဝိုက်မနေဘဲ မေးလိုက်၏။

“မနေ့ကလား? ကျွန်မရဲ့ အကြီးအကဲတစ်ယောက်ဆီသွားဖို့ တက္ကစီစီးနေခဲ့တာ၊ ဒါပေမယ့် လမ်းမှာ ကျိုးမေ့ကျွန်းရယ် ထောင်ကဲ့ရယ်နဲ့တွေ့ခဲ့တယ်လေ ကျွန်မကိုတွေ့ချင်လို့ဆိုပြီး အတင်းခေါ်ကြတယ်၊ အဲဒါနဲ့ သူတို့တက္ကစီထဲဝင်လိုက်ပေမယ့် သူတို့ကကျွန်မကို လူခြေတိတ်တဲ့နေရာဆီခေါ်သွားဖို့လုပ်နေတာ သိလိုက်တော့ သူတို့အကြံအစည်တွေကို ကြောက်တာနဲ့ ကျွန်မလည်း ကားပေါ်က အရင်ဆင်းလိုက်တော့တယ်၊ အဲ့နောက်ပိုင်းမှာတော့ တစ်လျှောက်လုံး အကြီးအကဲရဲ့အိမ်မှာပဲ နေခဲ့တာ”

ထိုအချိန်က တစ်လမ်းလုံး စောင့်ကြည့်ရေးကင်မရာများရှိနေသောကြောင့် ကျင်းယွင်ကျောင်းသည် အမှန်တရားကို ကွယ်ဝှက်ထား၍မရချေ။ သို့ရာတွင် နောက်ပိုင်းကိစ္စများမှာမူ လူသူမရှိသောလမ်းတွင်ဖြစ်သောကြောင့် သူမသည် ကားပေါ်မှဆင်းလိုက်သည်ဟု ပြောနိုင်ပေသည်။

Space and Rebirth 887

ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ ရဲသားများသည် အနည်းငယ်သံသယရှိသွားသောကြောင့် သူမအား ရဲစခန်းသို့ပြန်ခေါ်သွားကာ စုံစမ်းမေးမြန်းခြင်းကို ဆက်လက်လုပ်ဆောင်လိုက်၏။

ကျင်းယွင်ကျောင်းမှာ တည်ငြိမ်နေပြီး မလုံမလဲဖြစ်နေဟန် တစ်စက်မှမရှိချေ။ ထို့ကြောင့် ရဲသားများသည် သူမကိုမြင်လိုက်သောအခါ သူမ၏ထွက်ဆိုချက်ကို အနည်းငယ်ယုံကြည်မိကြတော့သည်။ ဤကိစ္စသည် လူသားတစ်ဦး၏အသက်နှင့် သက်ဆိုင်နေသည်မဟုတ်လော။ သူမသာ လူတစ်ဦးအား သတ်ဖြတ်ပြီး ဘာမှမဖြစ်ချင်ယောင်ဆောင်နိုင်သေးလျှင် အလွန်ကြောက်မက်ဖွယ်ကောင်းပေတော့မည်။ ၁၈ အရွယ်မိန်းကလေးတစ်ဦးက အဘယ်သို့ ထိုမျှလောက်စိတ်ဖောက်ပြန်နိုင်မည်နည်း?

“မနေ့က မင်းကျိုးမေ့ကျွန်းကိုသတ်နေတာကို လူတစ်ယောက်က သူတို့မျက်စိနဲ့ မြင်လိုက်ရတယ်ပြောတယ်...”

“သေသွားတဲ့မိန်းကလေးနဲ့ တခြားကျောင်းသူတစ်ယောက်က ကျွန်မနဲ့ရန်ငြိုးရှိတဲ့အပြင် နောက်မျက်မြင်သက်သေတစ်ယောက်ကလည်း ကျိုးမေ့ကျွန်းရဲ့ရည်းစားဆိုတော့ ကျွန်မကိုမတရားစွပ်စွဲတာ အံ့သြစရာမဟုတ်ပါဘူး၊ ပြီးတော့ လူသတ်လက်နက်က ဓားတစ်ချောင်းလို့ ဦးလေးတို့ပြောခဲ့တယ်မလား? အဲ့ဓားကရောဘယ်မှာလဲ? မဟုတ်မှလွဲရော ကျွန်မက အခင်းဖြစ်တဲ့နေရာကနေ မြေလျှိုးမိုးပျံပြီး တခြားနေရာကို ရောက်သွားတာများလား?”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်သည်။

“ကျွန်မမိသားစုထဲက လူကြီးတွေ ခဏနေရောက်လာကြလိမ့်မယ်၊ လူသတ်မှုဖြစ်တုန်းက ကျွန်မတစ်ချိန်လုံး အိမ်မှာရှိနေတယ်ဆိုတာကို သက်သေပြပေးကြလိမ့်မယ်”

အဘိုးရှုနှင့် ရှုရှင်းယွမ်သည် ဤကိစ္စအား ရှန်ရှီနှင့် သက်ဆိုင်နေကြောင်း မသိသော်လည်း ကျင်းယွင်ကျောင်းမှာ လူသတ်မှုဖြင့် မတရားစွပ်စွဲခံရကြောင်းကိုမူ သိထား၏။ ရဲသားများသည် ဇဝေဇဝါဖြစ်နေပြီး ဤအမှုမှာ အမှန်တကယ်ပင် အာရုံနောက်စရာကောင်းလှသည်ဟု ခံစားမိကြလေသည်။

“ဒါနဲ့ ကျွန်မနဲ့ရင်ဆိုင်ဖို့ ထောင်ကဲ့ကိုခေါ်လာလိုက်ပါ၊ တချို့အမှန်တရားတွေက အရှင်းသားဖြစ်သွားပါလိမ့်မယ်”

ကျင်းယွင်ကျောင်းပြုံးကာ မော့ကြည့်လိုက်၏။

သူမထိုသို့ပြောသောအခါ ရဲသားများသည်လည်း သဘောတူလိုက်သည်။ ခဏအကြာတွင် အဘိုးရှုနှင့် ရှုရှင်းယွမ်တို့သည်လည်း သူမဘက်မှ သက်သေထွက်ဆိုပေးရန် ‌ရောက်လာကြ၏။

ကျင်းယွင်ကျောင်းနှင့် ထောင်ကဲ့တို့မှာ တစ်ဦးကိုတစ်ဦးမျက်နှာချင်းဆိုင်ပြီး အခန်းတစ်ခန်းထဲတွင် ရှိနေသည်။ အခန်းထဲရှိကင်မရာတွင် အနီရောင်အစက်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး တစ်ခန်းလုံး အပ်ကျမသံကြားရလောက်အောင် တိတ်ဆိတ်နေသည်။

“ထောင်ကဲ့၊ ငါလူသတ်လိုက်တယ်ဆိုပြီး နင်ရဲတွေကို ပြောလိုက်တယ်ကြားတယ်၊ နင်ကိုယ်တိုင်မြင်လိုက်တာလား?”

ကျင်းယွင်ကျောင်းသည် ခနဲ့သံစွတ်ကာ ‌မေးလိုက်၏။

ထောင်ကဲ့မှာ စိတ်လှုပ်ရှားနေပြီး သူမလက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

“ငါ...ငါမြင်လိုက်တယ်...”

သူမသည် ယမန်နေ့က ဝန်ခံလိုက်စဥ်တွင် အလွန်စိတ်လှုပ်ရှားပူပန်နေခဲ့ပြီး ထိုလူကြီးမှာလည်း အလွန်ကြောက်ဖို့ကောင်းနေခဲ့သည်။ ထို့အပြင် သူမသည် သက်ဆိုင်ရာလူတစ်ဦးဖြစ်သောကြောင့် နောက်ပိုင်းတွင် အန္တရာယ်ပေးခံရနိုင်၏။ ထိုမျှမက သူမသည် သတိလစ်နေစဥ်က ဖြစ်ပျက်ခဲ့သောအရာများကို မသိချေ။ ကျင်းယွင်ကျောင်း၏လုပ်ရပ်ဟု ထိုလူကြီးမှ သက်သေထွက်ဆိုသောကြောင့် သူမလုပ်ရပ်ဖြစ်နိုင်သည်မဟုတ်လော?

ကျင်းယွင်ကျောင်းတွင် ကြမ်းတမ်းသောစရိုက်ရှိ၏။ သူမသည် စစ်ရေးလေ့ကျင့်စဥ်က သိုင်းပညာရှင်တစ်ဦးကိုပင် အနိုင်ယူခဲ့သည်။ ကျိုးမေ့ကျွန်းသည်လည်း သူမအား မုန်းတီးလှသောကြောင့် နှစ်ဦးသားစကားရန်ဖြစ်လျှင် မတော်တဆဖြစ်နိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။

“ဪ”

ကျင်းယွင်ကျောင်းသည် ဒေါသထွက်ရမည့်အစား ရယ်သာရယ်လိုက်သည်။

“ဒါဆို ငါဘယ်လိုလုပ်ခဲ့တယ်ထင်လဲ? ကျိုးမေ့ကျွန်း ရုန်းခဲ့သေးလား?”

“နင်-နင်ဒီတိုင်း သူ့လည်ပင်းကိုလှီးလိုက်တာ၊ သူ-သူရုန်းတာပေါ့ ဒါပေမယ့် နင်ကသိုင်းတတ်တော့...”

ထောင်ကဲ့စကားများသည် အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်နေ၏။

ကျင်းယွင်ကျောင်း‌ခေါင်းငြိမ့်လိုက်သည်။

“ထောင်ကဲ့၊ နင်ဘာလို့ဒီလောက်ဂနာမငြိမ်ဖြစ်နေတာလဲ? ချွေးစေးတွေပါပြန်လို့ပါလား”

“ဒီတိုင်း စကားနည်းနည်းပါးပါးပြောရုံပဲလို့ သတ်မှတ်လိုက်စမ်းပါ၊ နင်သေချာစဥ်းစားကြည့် ငါတို့နှစ်ယောက်လုံးက ဟွားနင်ခရိုင်ကပဲဆိုပေမယ့် စတွေ့ကတည်းက ထိပ်တိုက်ရန်ဖြစ်နေခဲ့ရတာ၊ ဝမ်းနည်းစရာကောင်းတယ်လို့မထင်ဘူးလား?

ကျင်းယွင်ကျောင်းသည် စားပွဲကို ခေါက်ကာ ဆက်ပြောလိုက်သည်။

“အရင်တုန်းက ငါနင့်ထက်အရာအားလုံးမှာ သာနေလို့ နင်ငါ့ကိုမုန်းနေခဲ့တာမှတ်လား? ဥပမာပြောရရင် ဒီအင်္ကျီတွေလိုပေါ့၊ ငါ့မိသားစုနောက်ခံနဲ့ဆိုရင် ဒီလိုအင်္ကျီတွေကို ဝယ်မဝတ်နိုင်ဘူးလို့ နင်ထင်နေတာလေ...”

“အင်္ကျီဆိုလို့ပြောရဦးမယ်၊ ထောင်ကဲ့ ငါမနေ့ကပိုလှလား ဒီနေ့ပိုလှလား?”

ကျင်းယွင်ကျောင်းစကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။

ထောင်ကဲ့တစ်ကိုယ်လုံးတုန်ယင်သွားပြီး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားတော့သည်။

သူမအဘယ်သို့သိမည်နည်း? ယမန်နေ့က သူမသည် ကျင်းယွင်ကျောင်းကို မြင်ပင်မမြင်ခဲ့ချေ!

“ဒီလောက်အရေးမပါတဲ့မေးခွန်းကို ငါမဖြေချင်ဘူး”

သူမချက်ချင်းပြောလိုက်သည်။

“အရေးမပါဘူး? အရေးမပါဘူးဆိုရင် နင်ဘာလို့အဲ့လောက်ကြောက်နေတာလဲ? မဟုတ်မှလွဲရော ငါမနေ့က ဘာဝတ်ခဲ့လဲဆိုတာတောင် နင်မသိဘူးလား? အဲ့တော့ နင်အစကနေအဆုံးထိ လိမ်နေခဲ့တာပေါ့?”

ကျင်းယွင်ကျောင်းအပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

ဤအပြုံးမှာ အလွန်အေးစက်လွန်းလှသည်ဟု ထောင်ကဲ့ခံစားမိလိုက်၏။ အေးစက်လွန်းလှသဖြင့် သူမအရိုးများကိုပင် ဖောက်ထွင်းနိုင်ဟန်ရှိလေသည်။

သူမနောင်တရမိပေသည်။ ကျိုးမေ့ကျွန်းမှ ကျင်းယွင်ကျောင်းနောက်သို့လိုက်မည်ဟု ပြောစဥ်က သူမသဘောမတူခဲ့သင့်ချေ။

Space and Rebirth 888

စိတ်မကောင်းစွာဖြင့် ဤလမ်းကို သူမရွေးချယ်လိုက်ပြီဖြစ်၍ အနောက်သို့လှည့်ပြီး အစမှပြန်မစနိုင်တော့ပါပေ။

ထောင်ကဲ့သည် ကျင်းယွင်ကျောင်းအား မျက်နှာချင်းဆိုင်၍ ထိုင်နေပြီး သူမရင်ဘတ်အစုံ ပြုတ်ကျလုမတတ်ဖြစ်နေသည်။

“ထောင်ကဲ့၊ နင်ကဒီလောက်ယုတ်မာတဲ့လူဖြစ်မယ်လို့ ငါမထင်ခဲ့ဘူး၊ ငါကားထဲရောက်တုန်းက နင်အိပ်နေတာလေ အဲဒါကိုတောင် နင်ငါ့ကိုတွေ့ခဲ့တယ်လို့ ပြောနေသေးတာလား? ငါသာကားပေါ်က မဆင်းခဲ့ဘူးဆိုရင် ငါဝတ်ခဲ့တာကို နင်ဘာလို့မသိလဲ? အဲဒါထက် အရေးကြီးတာက နင်ဘာလို့လိမ်ခဲ့တာလဲ? မဟုတ်မှလွဲရော ကျိုးမေ့ကျွန်းကို နင်သတ်လိုက်တာလား?”

ကျင်းယွင်ကျောင်းတမင်တကာ ပြောလိုက်၏။

ထောင်ကဲ့ချက်ချင်းထရပ်လိုက်သည်။

“မဟုတ်ဘူး! ငါသူ့ကိုသတ်ခဲ့တာမဟုတ်ဘူး!”

“ငါနဲ့ ကျိုးမေ့ကျွန်းကြားမှာ အထင်လွဲမှုတွေရှိတယ်ဆိုတာမှန်ပါတယ်၊ နင်တို့နှစ်ယောက်က အတူတူပဲ၊ ကျိုးမေ့ကျွန်းသာ ငါ့ကိုချောက်မချခဲ့ရင် နင်လည်းအပြစ်ပေးခံခဲ့ရမှာမဟုတ်ဘူး၊ ဒါပေမယ့် ငါ့ကိုလာရန်တွေ့လို့မရတာနဲ့ နင်ကျိုးမေ့ကျွန်းနဲ့စကားများပြီး အဲ့လူနဲ့အတူ သူ့ကိုမတော်တဆသတ်ခဲ့မိတာမှတ်လား? နောက်ဆုံးတော့ နင်ကအဲ့လူနဲ့ပေါင်းပြီး ငါ့ကိုစွပ်စွဲဖို့ စီစဥ်ခဲ့တာပဲ...”

“ဒါပေမယ့် ဒီလောကမှာ အရာအားလုံးက သက်သေလိုတယ်ဆိုတာ နင်မေ့သွားပြီထင်တယ်၊ ငါရုတ်တရတ်ကြီး ကားပေါ်တက်လိုက်ရတော့ ငါ့ဆီမှာ ဘယ်လိုလုပ်ဓားပါလာနိုင်မှာလဲ? နင်ကတော့ ငါတို့အားလုံးတွေ့ဖို့ ကြိုတင်ချိန်းချက်ထားတာမို့ ဓားတစ်ချောင်းပြင်လာနိုင်တယ်လေ”

ကျင်းယွင်ကျောင်းသည် စကားလုံးတစ်လုံးချင်းစီအား ပီပီသသသနှင့် စည်းစနစ်ကျကျဖြင့် ဖြည်းဖြည်းချင်းရွတ်လိုက်သည်။

ထောင်ကဲ့သည် ၎င်းကိုကြားလိုက်သောအခါ မေ့လဲတော့လုမတတ်ဖြစ်သွားသည်။

“နင်လိမ်နေတာ၊ ငါဘယ်သူ့ကိုမှမသတ်ခဲ့ဘူး အဲ့လူကြီးကိုတောင် ငါသိတာမဟုတ်ဘူး...”

“ငါလိမ်နေတယ်လို့ထင်ရင် မနေ့က ငါဘာဝတ်ထားလဲ၊ ဘယ်လိုအိတ်လွယ်ထားလဲဆိုတာ ပြောပြလေ၊ ပြီးတော့ ငါတို့စကားပြောခဲ့တယ်မှတ်လား? ဘာတွေပြောခဲ့လဲ? အဲ့လူလည်းကားထဲမှာရှိတာပဲ၊ တစ်ယောက်တစ်ခန်းနေပြီး ရေးထားကြ၊ နင်တို့နှစ်ယောက်အဖြေတူရင် ငါယုံပေးမယ်”

“ထောင်ကဲ့ နင့်မှာဉာဏ်မရှိရင် ဒီလိုဟာမျိုးကိုလုပ်ဖို့ မကြိုးစားနဲ့၊ ငါလူသတ်ခဲ့တယ်ဆိုတာ အမှန်တရားမဟုတ်မှန်း နင်သိတာပဲမဟုတ်လား? ငါ့ကိုစွပ်စွဲဖို့ကြိုးစားလေလေ နင်အပြစ်ရှိတယ်ဆိုတာ သိသာလေလေပဲ”

ကျင်းယွင်ကျောင်းမှာ တည်ငြိမ်နေဆဲဖြစ်သည်။

ထောင်ကဲ့၏နှလုံးသားပေါက်ထွက်လုမတတ်ဖြစ်နေ၏။ မျက်လုံးဖွင့်လိုက်သည်နှင့် သွေးအိုင်ထဲတွင်သေဆုံးနေသောသူကို တွေ့ခဲ့သောကြောင့် သူမအား အချိန်အတော်ကြာ စိတ်ခြောက်ခြားဖွယ်ဖြစ်နေပေပြီ။ ယခု ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ သူမရုန်းရင်းဆန်ပြာဖြစ်သွားတော့သည်။

“ငါမသိဘူး...ငါဘာမှမသိဘူး၊ ကျင်းယွင်ကျောင်း နင်သတ်လားမသတ်လား ငါမသိပေမယ့် ငါ့မှာတော့ အပြစ်မရှိဘူး! ငါကဒီတိုင်းကားထဲလိုက်ဝင်ပြီး သူ့နောက်လိုက်ပေးဖို့ပဲ ကတိပေးခဲ့တာ၊ ဒါပေမယ့် ကားထဲရောက်သွားတာနဲ့ ငါသတိမေ့သွားခဲ့တယ်၊ ငါနိုးလာတော့ သူသေနေတော့တာပဲ”

နောက်ဆုံးတွင် ထောင်ကဲ့ အမှန်အတိုင်းပြောလိုက်ပေသည်။

ကျင်းယွင်ကျောင်း ခပ်ဟဟရယ်လိုက်တော့သည်။

“အစကတည်းက အမှန်အတိုင်းပြောလို့ရပေမယ့် မနေ့က နင်မပြောခဲ့ဘူး”

ကျင်းယွင်ကျောင်းအသံသည် အေးအေးလူလူရှိနေပြီး အေးစက်နေ၏။

ကျင်းယွင်ကျောင်းသည် မတ်တပ်ထရပ်ကာ အခန်းထဲမှထွက်လာလိုက်သည်။ အံ့အားသင့်နေသောရဲသားများကိုကြည့်ပြီး သူမဆက်ပြောလိုက်၏။

“အခုကျွန်မမှာအပြစ်မရှိဘူးဆိုတာကို သက်သေပြလို့ရပြီမှတ်လား? ကျွန်မကိုမမြင်ခဲ့ဘူးလို့ ထောင်ကဲ့လည်း ဝန်ခံခဲ့တာမို့ ကျွန်မလိမ်နေတာမဟုတ်ဘူးဆိုတာ သက်သေပဲ၊ ဒါကိုတောင် ကျွန်မတို့သုံးယောက်စကားများနေခဲ့တယ်လို့ အဲ့လူကြီးက ဆက်ပြောနေတာမို့ ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတာ ရှင်းပါတယ်၊ အခုကျွန်မနဲ့လည်းမဆိုင်တော့တာမို့ သွားလို့ရပြီလား?”

ရဲသားများ ခေါင်းငြိမ့်လိုက်သည်။

“ရပြီဆိုပေမယ့် လုပ်ရိုးလုပ်စဥ်အရတော့ တချို့အရာတွေကို အရင်လုပ်ရဦးမယ်”

ကျင်းယွင်ကျောင်းခေါင်းငြိမ့်၍ ထွက်သွားလိုက်သည်။

‌ထောင်ကဲ့၊ ကျိုးမေ့ကျွန်းနှင့် ထိုလူကြီးကြားမှ ဆက်သွယ်ချက်သည် ဆင်တူလှသည်။ လူသတ်လက်နက်နှင့် လက်ဗွေရာများမရှိလျှင် ထောင်ကဲ့နှင့် ထိုလူတို့ နှစ်ဦးကြား၌ မည်သူက ကျိုးမေ့ကျွန်းအား သတ်ခဲ့ကြောင်း ပိုင်းခြားနိုင်ရန် ခက်ခဲပေ၏။

ထောင်ကဲ့သာ အစကတည်းက အမှန်အတိုင်းပြောခဲ့လျှင် သူမသည် နောက်ပိုင်းတွင် သူမ၏အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ခဲ့ပေမည်။ လူသတ်တရားခံဟု စွဲချက်အတင်မခံရလျှင်ပင် ကောလဟာလများဖြင့် သူမဘဝပျက်နိုင်သည်မဟုတ်လော။ သို့ရာတွင် ထောင်ကဲ့သည် လိမ်ညာပြောဆိုပြီး မိမိအပြစ်လွတ်ရန် သူများအား အပြစ်တင်ခဲ့၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းအား ညှာတာမှုမရှိသူဟု ပြော၍မရပါချေ။

ကျင်းယွင်ကျောင်းသည် အဘိုးရှုအား တွဲကူကာ အတူတကွထွက်သွားလိုက်သည်။ သူမအကြည့်များသည် အေးစက်နေ၏။ ထောင်ကဲ့သည် အဖမ်းခံရမည်မဟုတ်ကြောင်း သူမသိနေသော်လည်း လူသတ်တရားခံတစ်ဦးဖြင့် ပတ်သတ်နေရသောကြောင့် သူမအတွက် ကောင်းနိုင်စရာမရှိချေ။ မည်သူမဆို မိမိတို့ရွေးချယ်မှုအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရစမြဲဖြစ်ပေသည်။

All Chapters