အခန်း (၈၈၉-၈၉၂)
Vol. 45 Ch. 889-892
Space and Rebirth 889
ကျင်းယွင်ကျောင်းထွက်သွားပြီးနောက် ထောင်ကဲ့တစ်ဦးတည်းသာ စုံစမ်းစစ်ကြောရေးအခန်းတွင် ကျန်ခဲ့၏။ ရဲများ၏စစ်ကြောရေးကိုခံရပြီးနောက် သူမကိုယ်သူမမကာကွယ်နိုင်တော့ချေ။ သူမသည် မည်သူ့ကိုမှမသတ်ခဲ့ကြောင်း ငြင်းရုံမှအပ အခြားသူမလုပ်နိုင်သောအရာမရှိပေ။
“မင်းတို့နှစ်ယောက်ကြားထဲ ဘာရန်ငြိုးတွေများရှိနေလို့ လူသတ်မှုနဲ့တောင် စွပ်စွဲရဲရတာလဲ?”
ရဲစခန်းအပြင်တွင် အဘိုးရှုမှမေးလိုက်သည်။
ဤကောင်မစုတ်လေးသည် မည်သူ့ကိုမှမသတ်ခဲ့ကြောင်း သူယုံကြည်နေလေသည်။ သူမသည် စိတ်ထားကောင်းသောကြောင့်မဟုတ်ဘဲ သူမသာ အမှန်တကယ်လူသတ်ခဲ့လျှင် ဤမျှလောက် သိသာထင်ရှားသောသက်သေများ ထားခဲ့မည်မဟုတ်သောကြောင့်ဖြစ်၏။
“ဘယ်သိမလဲ? သမီးကို အနိုင်ကျင့်ရလွယ်တယ်လို့ မှတ်နေတာဖြစ်မှာပေါ့”
ကျင်းယွင်ကျောင်းပြုံးကာ စိတ်ထဲမထားသည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
အကြီးအကဲရှု နှုတ်ခမ်းများကို စေ့လိုက်သည်။
အနိုင်ကျင့်ရလွယ်တယ်?
အခြားသူတစ်ဦးဆိုလျှင် သူသည် ယုံကြည်ဦးမည်။ သို့သော် ကျင်းယွင်ကျောင်းမှာ...
ဤကောင်မစုတ်လေးမှာ သူ့တပည့်ဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်-သုံးနှစ်ကဆိုလျှင် သူမအား ထိန်းချုပ်ရလွယ်ကူမည်ဆိုသော်လည်း ယခုမူ အသက်အရွယ်ပိုင်း၊ ဗဟုသုတပိုင်း၊ အတွေ့အကြုံပိုင်း မည်သည့်ဘက်ကပင် ကြည့်စေကာမူ သူမ၏စရိုက်သည် ယခင်ကနှင့်မတူတော့ချေ။ သာမန်လူများအား သူမအား ချောက်တွန်းနိုင်ရန် ခက်ခဲပေ၏။
“ကောင်မစုတ်လေး၊ မင်းဘယ်သူ့ကိုများရန်စခဲ့လဲ? ငါ့ကိုငတုံးလို့မထင်လိုက်နဲ့ လူသတ်သမားကဘယ်သူပဲဖြစ်ဖြစ် သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိကိုရှိနေရမယ်၊ လူသတ်တယ်ဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်ဘူးလေ၊ အကျိုးအမြတ်ကြီးကြီးမားမားမရှိရင် အဲ့နှစ်ယောက်ကလည်း လုပ်ခဲ့မှာမဟုတ်ဘူး”
အဘိုးရှုသည် ဟမ့်ခနဲအသံပြုကာ ကားပြတင်းမှန်ပြင်ပရှိ ရှုခင်းကို လှည့်ကြည့်လိုက်၏။
“အဘိုးက အရမ်းပါးနပ်တာပဲ ဒါပေမယ့် သမီးပုံစံက နည်းနည်းတုံးတဲ့ပုံပေါက်သွားမှာပေါ့”
ကျင်းယွင်ကျောင်းအမှန်အတိုင်းမပြောခဲ့ချေ။ ထိုအစား သူမသည် ဤသို့သာပြောလိုက်၏။
“စိတ်မပူပါနဲ့ သမီးကိုယ်သမီးကာကွယ်နိုင်ပါတယ်၊ တခြားသူတွေက သမီးကိုထိခိုက်အောင်လုပ်ဖို့ မလွယ်ဘူး”
ကျင်းယွင်ကျောင်းသည် တိုက်ရိုက်မပြောပြခဲ့သော်လည်း အကြီးအကဲရှုသည် နားလည်သွားပြီး ဆက်မမေးတော့ချေ။
“မြို့တော်ဆိုတာ သားကောင်ကိုချောင်းနေတဲ့ နဂါးတွေ၊ ကျားတွေနဲ့ ပြည့်နေတဲ့နေရာပဲ၊ မင်းသိုင်းပညာက အဆင့်နည်းနည်းမြင့်တယ်ဆိုပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူး၊ နောက်ကျရင် လီမိသားစုကကောင်လေးကိုပြောပြီး လက်ဆော့လို့ရမယ့် သေနတ်ကောင်းကောင်းတစ်လက်ရှာခိုင်းလိုက်”
အဘိုးရှုပြောလိုက်၏။
“ဟုတ်ပါပြီ ဒါနဲ့ အဘိုးရှု သမီးအဘိုးရှုကို ပြောစရာတစ်ခုရှိတယ်”
ကျင်းယွင်ကျောင်းသည် သူမခန္ဓာကိုယ်ကိုလှုပ်ရှားကာ ချီတုံချတုံဖြင့် ပြောလိုက်၏။
“ပြောလေ”
“သမီးဆေးဝါးစက်ရုံတစ်ခုကို ထောင်လိုက်ပြီ အရွယ်အစားကလည်းမသေးဘူး၊ နောက်တစ်လနေရင် စီးပွားရေးတွေ့ဆုံပွဲတစ်ခုရှိမှာဆိုတော့ အဲ့ပွဲကို သမီးတက်သင့်တယ်ထင်တယ်၊ ဦးလေးရှုလည်း အဲ့နေရာမှာ သေချာပေါက်ရှိမှာတော့ဆိုတော့ အဲ့အချိန်ကျ သူသမီးကိုတွေ့လို့ရတာပေါ့”
ကျင်းယွင်ကျောင်းပြောလိုက်၏။
သူမသည် အဘိုးရှုနောက်ကွယ်တွင် ရှုယွမ်ထက်ကို မတွေ့လိုချေ။ အဘိုးရှုအား ဒေါသမထွက်စေလိုသောကြောင့်ဖြစ်သည်။
ရှန်ရှီ၏အရေးကိစ္စများနှင့်ပတ်သတ်ပြီး မဖြေရှင်းနိုင်သောအချက်များစွာရှိသေးသည်။ ရှန်ရှီမှာ အဘယ်ကြောင့် သူမအား ရန်လိုနေရသည်ကို သူမမသိသေးချေ။ လက်တလောပိုင်းတွင် အဘိုးရှုအား လျှို့ဝှက်ထားသည်က ပိုကောင်းမည်ဟု သူမခံစားမိပေသည်။ သူသည် အသက်ကြီးပြီဖြစ်သောကြောင့် ဤအာရုံနောက်ဖွယ်ကိစ္စများနှင့် ဝေးလေလေ ကောင်းလေလေဖြစ်၏။ ထို့အပြင် ရှန်ရှီမှ သူမအား မျက်မုန်းကျိုးနေရခြင်းအကြောင်းရင်းမှာ ရှုရှန်းလန်နှင့် ပတ်သတ်နိုင်ချေများသည်။ သူမသာ ဤကိစ္စအား အဘိုးရှုကိုပြောလိုက်လျှင် အဘိုးရှုသည် စားဝင်အိပ်ပျော်နိုင်တော့မည်မဟုတ်ပေ။ ရှုရှန်းလန်မှာ အဘိုးရှု၏ အသက်သွေးကြောဖြစ်ခဲ့သည်မဟုတ်လော။
“ကောင်မစုတ်လေး၊ ယွမ်ထက်နဲ့တွေ့ချင်ရင် တွေ့ချင်တယ်ပြောမှပေါ့၊ ကုမ္ပဏီထောင်ဖူးတာ ပထမဆုံးလည်းမဟုတ်ဘူး နောက်ကွယ်ကကြိုးကိုင်တဲ့သူဌေးဖြစ်နေတာလည်း နှစ်နှစ်လောက်ရှိနေပြီ၊ အခုချိန်ကျမှ တာဝန်ယူချင်နေတာလား? ဘယ်သူ့ကိုတစ်ပတ်ရိုက်ဖို့ ကြိုးစားနေတာတုန်း?”
အဘိုးရှုသည် ကျင်းယွင်ကျောင်း၏အတွေးများကို စကားတစ်ခွန်းတည်းဖြင့် တိုက်ရိုက်ထောက်ပြလိုက်သည်။
ရှားရှားပါးပါး ကျင်းယွင်ကျောင်း၏မျက်နှာ နီမြန်းသွား၏။ ဤအဘိုးမှာ သူမနှင့်လူအမျိုးအစားတူသောကြောင့် သူ၏ရှေ့မှောက်တွင် ဘာကိုမျှ ကွယ်ဝှက်မထားနိုင်ပေ။
“ဟုတ် ဦးလေးရှုကိုတွေ့ချင်လို့”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်ဝန်ခံလိုက်သည်။
“ဘာလို့လဲ?”
အဘိုးရှု ဟမ့်ခနဲအသံပြုကာ အနည်းငယ်မော်ကြွားဟန်ပေါက်သွားသည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်ချိန်တွင် “မင်းငါ့လက်က ပြေးမလွတ်ပါဘူး” ဟု သူ၏မျက်လုံးများက ပြောနေသလိုခံစားရ၏။
Space and Rebirth 890
ရှုရှင်းယွမ်သည် ကားမောင်းနေရင်း အဘိုးရှုကြောင့် ဘူးပေါ်သလိုပေါ်သွားသော ကျင်းယွင်ကျောင်းအား မြင်လိုက်သည်။ သူ၏လေးနက်တည်ကြည်သောမျက်နှာတွင် အပြုံးတစ်ခုပေါ်လာတော့၏။ ခဏတာမျှစဥ်းစားပြီးနောက် ကျင်းယွင်ကျောင်းမှ လေးနက်စွာပြောလိုက်သည်။
“အဘိုးရှု၊ အဘိုးကို သမီးက သမီးအဘိုးအရင်းလို၊ ဆရာတစ်ယောက်လို သတ်မှတ်ထားတာပါ၊ ဦးလေးရှုက အဘိုးရဲ့ သားအကြီးဆုံးဆိုတော့ သူ့ကိုတွေ့ချင်တယ်ဆိုတာ ဖြစ်သင့်တာပဲလေ၊ ပြီးတော့ ဦးလေးရှုက မြို့တော်ဝန်ပဲ၊ သူနဲ့ဆက်ဆံရေးကောင်းကောင်းရှိနိုင်ရင် ကုမ္ပဏီအတွက်လည်း ကောင်းတဲ့ကိစ္စဖြစ်မှာပေါ့”
အဘိုးရှုသည် သူမအား ဝေ့ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
“မင်းမှာ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်းများလာတာပဲ”
ကျင်းယွင်ကျောင်းမှာ အဆက်အသွယ်များအပေါ် မှီခိုအားထားတတ်သောလူစားမျိုးမဟုတ်ပေ။ ထိုသို့သောလူမျိုးဖြစ်ခဲ့ပါက သူမသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ သူဌေးဖြစ်ကြောင်း သတင်းဖြန့်နှင့်လေပြီ။
သူမသည် အပေါ်ယံဆန်သော ကျော်ကြားမှုနှင့် စည်းစိမ်များကို အလွန်ရှင်းလင်းစွာ မြင်ခဲ့ဖူးသည်။ စည်းစိမ်နှင့်ကျော်ကြားမှုအား ပိုင်ဆိုင်မိသည်နှင့် မိမိ၏လွတ်လပ်ခွင့်ကဲ့သို့သော အခြားအရာများကိုလည်း စွန့်လွှတ်စတေးပစ်ရပေမည်။ ထို့ကြောင့် သူမသည် လွန်ခဲ့သောနှစ်နှစ်အတွင်း သာမန်လူတစ်ဦးကဲ့သို့ ဂရုစိုက်နေထိုင်ခဲ့ခြင်းဖြစ်၏။
“ထားလိုက်တော့ မင်းသွားချင်လည်း သွားလို့ရတယ်၊ ဒါပေမယ့် ကောင်မလေး၊ ယွမ်ထက်က ငါ့သားပဲ၊ သူဘယ်လိုလူစားမျိုးလဲဆိုတာ ငါသိတယ်၊ သူ့နာမည်က...မင်းအတွက် အကျိုးအမြတ်တွေယူလာပေးနိုင်တယ်ဆိုတာ မှန်ပေမယ့် သူသာဆိုရင် ငါကြောက်မိတာက...”
အဘိုးရှုစကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်သည်။
သူ၏သားသည် အလွန်သံသယစိတ်ကြီး၏။ ကျင်းယွင်ကျောင်းကိုတွေ့ပြီးနောက် သူမနှင့် ရှန်းလန်ကြားမှ ဆက်သွယ်မှုကို သေချာပေါက်သံသယဝင်ပေမည်။
ထိုအချိန်ရောက်လာလျှင် ရှန်းလန်၏ဒီအန်အေဖိုင်နှင့် ကျင်းယွင်ကျောင်း၏ဒီအန်အေကို သူယှဥ်ကြည့်ပေလိမ့်မည်။
သူကိုယ်တိုင်သည်လည်း ကျင်းယွင်ကျောင်း၏မျိုးရိုးကို ယခင်ကတည်းက စစ်ကြည့်ချင်ခဲ့သော်ငြား မလုပ်ရဲခဲ့ပေ။
ကျင်းယွင်ကျောင်းသည်သာ သူ၏မြေးမလေးဖြစ်နေခဲ့လျှင် သူ၏သမီးသည် ဤကမ္ဘာပေါ်မှ အပြီးတိုင်ထွက်သွားပြီဟူသော သဘောမဟုတ်လော။ သူ၏သမီးသည် ဤကမ္ဘာကြီးမှ ထွက်သွားပြီဆိုသည်ထက် မမြင်နိုင်သောအကြောင်းတရားတစ်ခုခုကြောင့် တစ်နေရာရာတွင် ပျော်ရွှင်သောဘဝကို ဖြတ်သန်းနေလောက်မည်ဟုသာ သူယုံကြည်ချင်ပေသည်။ ထို့အပြင် ကျင်းယွင်ကျောင်းသာ သူ၏မြေးမဟုတ်ခဲ့လျှင်...
သူစိတ်ပျက်ဝမ်းနည်းမိပေမည်။
နှစ်ပေါင်းများစွာတစ်လျှောက် သူမအပေါ်ကောင်းခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ သူ၏နှလုံးသားသည် ကြေးမုံတစ်ချပ်ကဲ့သို့ ကြည်လင်နေပြီး အရာအားလုံးကို သိနေသော်လည်း ထိုမှန်ကြည်လွှာတစ်ချပ်ကို မခွာချင်ပေ။ သူသည် အသက်ကြီးပြီဖြစ်သောကြောင့် ငြိမ်းချမ်းသောဘဝကို ဖြတ်သန်းချင်၏။ သူ၏ရင်ကိုဆွခဲ့သော ထိုဖြစ်ရပ်များသည် သူ့အတွက် အလွန်ရက်စက်ခဲ့သော်လည်း ယခုမူ...
အဘိုးရှု၏မျက်နှာလေးနက်သွားသည်။ သူသည် ထုံတေတေဖြစ်နေသည်မှာ နှစ်နှစ်-သုံးနှစ်ခန့်ရှိပေပြီ။ သို့သော် သူသည် ဤကဲ့သို့ဆက်မသွားနိုင်ချေ။ ဤမိန်းကလေးမှာ အလွန်ငယ်သေးလွန်းလှ၏။
သူသည် အရာအားလုံးကိုမေ့ကာ ဖြစ်ချိန်တန်၍ ဖြစ်သည့်ကိစ္စများဟုသာ မှတ်လိုက်ပေတော့မည်။
“ဘာကိုကြောက်တာလဲ အဘိုး?”
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ကြောင်အမ်းသွားပြီး မေးလိုက်သော်လည်း အဘိုးရှုမှာ မျက်လုံးမှိတ်အနားယူကာ မကြားချင်ဟန်ဆောင်နေလေပြီ။
ကျင်းယွင်ကျောင်းတွေးကြည့်လိုက်ပြီးနောက် အဘိုးရှုပြောချင်သောသဘောကို အကြမ်းဖျင်းခန့်မှန်းကြည့်လိုက်သည်။ အဘိုးရှုသည် ရှုယွမ်ထက် အထင်လွဲမည်ကို စိုးရိမ်နေဟန်ထောက်၏။
သို့သော် ယခုခေတ်တွင် မျိုးရိုးစစ်ရသည်မှာ လွယ်ကူသောကိစ္စဖြစ်သည်။ ရှုရှန်းလန်မရှိတော့သော်လည်း ရှုမိသားစုထဲတွင် သူမ၏လက်စလက်နများ ကျန်နေသေးသည်။ အချိန်တန်လာလျှင် သူတို့သိကြလိမ့်မည်။
အဘိုးရှုအား အိမ်ပြန်ပို့ပြီးနောက် ကျင်းယွင်ကျောင်းလည်း ကျောင်းသို့ပြန်လိုက်သည်။ သူမသည် ရဲလက်ထဲ ထိန်းသိမ်းမခံရကြောင်း မြင်လိုက်ရသောအခါ ဟော်ထျန်းရှန်းနှင့် အခြားသူများလည်း စိတ်အေးသွားဟန်ဖြင့် သက်မချလိုက်တော့၏။
ကံကောင်းစွာဖြင့် ထိုရက်မှာ စနေနေ့ဖြစ်သောကြောင့် အနီးအနားတွင် ကျောင်းသားများများစားစားမရှိပေ။ ရဲများရောက်လာစဥ်က ပွတ်လောမညံခဲ့သည့်အပြင် ကျင်းယွင်ကျောင်းအား မေးခွန်းအနည်းငယ်ခန့် မေးချင်သည်ဟုသာ ပြောခဲ့သောကြောင့် သူမနှင့်ပတ်သတ်၍ မကောင်းသောကောလဟာလများလည်း မရှိခဲ့ချေ။
သူမသည် အဆင်ပြေသော်လည်း ထောင်ကဲ့မှာမူ ကွာခြားလှ၏။ ထောင်ကဲ့အား ရဲများခေါ်သွားသည့်အချိန်မှစ၍ သူမပြန်မလာသေးချေ။ လုပ်ကြံဇာတ်လမ်းတစ်ခုပင်လျှင် အမှန်တရားဖြစ်လာနိုင်သည်။
“ရဲတွေကို ရှင်းပြလိုက်ပြီလား? ဘာတွေဖြစ်နေတာလဲ? ထောင်ကဲ့လည်း ပြန်မရောက်သေးဘူး၊ မဟုတ်မှလွဲရော...”
ဟော်ထျန်းရှန်းမျက်မှောင်ကြုတ်လိုက်သည်။ သူမအလွန်ထိတ်လန့်အံ့အားသင့်နေ၏။
ထောင်ကဲ့သည် ကျိုးမေ့ကျွန်းအား သတ်လိုက်သလော?
သို့ရာတွင် ထောင်ကဲ့မှာ မိမိကိုယ်ကိုအလွန်ချစ်တတ်သောသူဖြစ်သည်။ ထိုမျှလောက် သွေးသံရဲသောကိစ္စအား လုပ်ရဲလောက်မည်မဟုတ်ချေ။ လည်ကိုလှီးလိုက်သည့်အမှုပင်မဟုတ်လော။ စိတ်ကြိုတင်ပြင်ဆင်ထားမှု မရှိသူက အဘယ်သို့ ထိုသို့သောကိစ္စအား လုပ်နိုင်မည်နည်း? ထောင်ကဲ့နှင့်စာလျှင် ကျင်းယွင်ကျောင်းကပင် လည်လှီးရဲသည့်သတ္တိရှိနိုင်ပေသေးသည်။
“သိပ်တွေးမနေပါနဲ့ လူသတ်တဲ့သူက သူဖြစ်ဖြစ် တခြားသူဖြစ်ဖြစ် ငါတို့နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူး”
ကျင်းယွင်ကျောင်းနူးညံ့ညင်သာစွာ ပြောလိုက်၏။
Space and Rebirth 891
ကျိုးမေ့ကျွန်းကို သတ်ခဲ့သူမှာ အခြားလူတစ်ဦးဖြစ်ကြောင်း ဝန်ခံလောက်သည်ထိ ကျင်းယွင်ကျောင်းမတုံးပါပေ။ သူမသာ ထိုသို့ပြောလိုက်လျှင် သူမအလီဘိုင်သက်သေအားလုံး ပျောက်ဆုံးပေတော့မည်။ ထို့အပြင် သူမသည်လည်း အပြစ်လွတ်နေပြီဖြစ်သည်။ ထောင်ကဲ့သည် သူမအား ကျိုးမေ့ကျွန်းအားသတ်မှုဖြင့် စွပ်စွဲခဲ့သောကြောင့် မိမိ၏မုသားအတွက် ဝဋ်ပြန်လည်ရန် ထိုက်တန်ပေသည်။
ဟော်ထျန်းရှန်းသည် သံသယအကြည့်ဖြင့် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်သည်။ သူမသည် ခေတ္တမျှတွေးသွားပြီးနောက် မည်သို့ဖြစ်နေသည်ကို ခန့်မှန်းနိုင်သွားသည်။
သူမသည် ငယ်စဥ်ကတည်းက ဟော်မိသားစုထဲတွင် ကြီးပြင်းလာရသောကြောင့် ပြောသင့်မပြောသင့်သောစကားများကို သေသေချာချာသိလေသည်။ ကျင်းယွင်ကျောင်းပုံစံမှာ အလွန်သိသာနေသောကြောင့် သူမသည် ရူးမိုက်စွာဖြင့် ကျင်းယွင်ကျောင်းထံသွား၍ မေးခွန်းများထပ်မမေးနိုင်ပါချေ။
ဘေဘီယောင်သည်လည်း သိချင်နေသော်လည်း ယန်ရှင်းယွဲ့နှင့် ဟော်ထျန်းရှန်းမှ သူမအား တားလိုက်သည်။
“ယွင်ကျောင်း၊ ငါတို့ဒီနေ့ ရှောင်ဟိုင်ချင်းကို ရိုက်ကူးရေးမှာ သွားလည်ဖို့ပြောထားတယ်လေ”
ဟော်ထျန်းရှန်းသည် ခေါင်းကိုမော့ကာ ကျင်းယွင်ကျောင်းအား မျက်စိမှိတ်ပြလိုက်သည်။
“ဒါပေမယ့် အခု အချိန်က...”
“ဟီးဟီး ငါလူတစ်ယောက်ကိုမေးပြီး စုံစမ်းထားတယ်၊ အစက သူဒီနေ့ မနက်ပိုင်းရှုတင်ကို ရိုက်မလို့ပဲ ဒါပေမယ့် နောက်ဆုံးအချိန်ရောက်မှ ညပိုင်းရိုက်ဖို့ ပြောင်းလိုက်ကြတယ်လေ၊ ငါတို့အခုသွားရင် တစ်နေ့လုံးရိုက်ကူးရေးနေရာမှာ စောင့်နေရတဲ့သူ့ကိုတွေ့ရလိမ့်မယ်၊ သူ့ကိုအဖော်လုပ်ပေးဖို့ ငါတို့သွားကြမယ်လေ နင်ဘယ်လိုထင်လဲ?”
ဟော်ထျန်းရှန်းသည် အောင်နိုင်သူအပြုံးဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ရုတ်တရတ်ကြီး ညပိုင်းပြောင်းလိုက်ကြတာလဲ? သူမနက်ဖြန်တစ်နေ့လုံး ရိုက်ကူးရေးဆင်းရရင် တစ်နေ့နှင့် တစ်ဝက်စာလောက် နားရမှာမဟုတ်ဘူးဆိုတဲ့သဘောပေါ့”
“ငါလည်းသေချာမသိဘူး၊ သွားကြည့်ကြရင် မကောင်းဘူးလား? သူ့အတွက် လက်ဆောင်တွေပြင်ပြီးသွားပြီ”
ဟော်ထျန်းရှန်းသည် ကြမ်းပြင်ပေါ်ရှိ လက်ဆောင်အပုံကို လက်ညိုးထိုးပြလိုက်သည်။
ကျင်းယွင်ကျောင်း စဥ်းစားကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်၏။ သို့ရာတွင် သူမသည် ဘေးသို့လှည့်ကြည့်ပြီး ကျင်းယွင်ကျောင်းအား ကြည့်လိုက်ချိန်တွင် အသံတစ်သံကို ကြားလိုက်ရတော့သည်။
“အစ်မ ၁...”
ဟော်ထျန်းရှန်း ချက်ချင်းဆိုသလို တစ်ကိုယ်လုံးကြက်သီးများထသွား၏။
“ဘာလဲဟ? ဘာလို့ရုတ်တရတ်ကြီး လေသံကချွဲပျစ်သွားတာလဲ?”
ဟော်ထျန်းရှန်းမျက်နှာတောင့်တင်းသွားသည်။
“ပြီးရော နင်ဘာလိုချင်တာလဲ?”
“ဟော်မိသားစုမှာ အိမ်တွေအများကြီးရှိတယ်မလား? ရိုက်ကူးရေးနဲ့နီးတဲ့အိမ် တစ်အိမ်လောက်ရှိလား? လမ်းမှာ လိုအပ်တဲ့ပစ္စည်းတွေဝယ်သွားပြီး သူ့အတွက် ဆန်ပြုတ်နဲ့တခြားဟင်းပွဲတွေ လုပ်ပေးသွားချင်လို့”
ကျင်းယွင်ကျောင်းမျက်နှာပေါ်တွင် လေးနက်သောဟန်ပန်ရှိနေဆဲဖြစ်သည်။
သူမသည် ရှောင်ဟိုင်ချင်းအား ကောင်းကောင်းသိ၏။ ထိုအမျိုးသမီးသည် ပုံမှန်အားဖြင့် ပွင့်လင်းမြင်သာပြီး အလွန်ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း သူမသည် ကိစ္စတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်သည်နှင့် မိမိအသက်ကိုပင် ဂရုမစိုက်ဘဲ အဆုံးစွန်ထိ လုပ်တတ်ပေသည်။
ထိုစဥ်က ဂျိမ်းစ်အား သူမရင်ဆိုင်ရချိန်တွင် သူမတွင် ဂျိမ်းစ်၏ဓာတ်ပုံများရှိကြောင်းပင် မပြောခဲ့ချေ။ သူမစိတ်ထဲတွင် နှစ်ဦးလုံးအတူတကွသေဆုံးရန်သာ စိတ်ပိုင်းဖြတ်ထားခဲ့၏။ ဤသို့သောစရိုက်ရှိသည့် လူမျိုးများသည် မိမိတို့ခန္ဓာကိုယ်အတွက် လုံးဝဂရုမစိုက်တတ်ကြချေ။ လက်တလောတွင် ရိုက်ကူးရေးသည် သူမအတွက် အလွန်ခက်ခဲပင်ပန်းခဲ့ချေမည်။ ရှင်းဟန်ဟူသည်မှာ အလွန်ကံဆိုးသောဇာတ်ကောင်မဟုတ်လော။ ရှောင်ဟိုင်ချင်းသာ ဇာတ်ကောင်ထဲနှစ်မြုပ်သွားသည်နှင့် သူမခန္ဓာကိုယ်ကိုလည်း ဂရုမစိုက်ဘဲပစ်ထားနိုင်ချေများပေ၏။
ဟော်ထျန်းရှန်း သက်မချလိုက်တော့သည်။ ကြီးကျယ်သောကိစ္စတစ်ခုခုဟု သူမထင်ခဲ့သော်လည်း သူမ၏မီးဖိုချောင်ကို ငှားရမ်းခြင်းသာဖြစ်ပေမည်။
“ကိစ္စမရှိဘူးလေ ဒါနဲ့ နင်ကဟင်းချက်တတ်တာလား? ငါလည်း နေ့လယ်စာမစားရသေးဘူး၊ ငါစားဖို့ပါ နည်းနည်းပိုချက်ပေးလို့ရလား?”
ဟော်ထျန်းရှန်းမှ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
“ရတာပေါ့”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
ဘေဘီယောင်မှာ ၎င်းကိုကြားလိုက်သောအခါ ပို၍ပင် ဗိုက်ဆာသွားတော့သည်။ ကံကောင်းစွာဖြင့် သူမသည် နောက်တစ်ကြိမ်မှလိုက်ရန် သဘောတူထားသဖြင့် သူတို့နောက် မလိုက်လာခဲ့ချေ။
ဟော်ထျန်းရှန်းတို့မိသားစုမှာ ရတနာလုပ်ငန်းကို လုပ်လေ၏။ တစ်နိုင်ငံလုံးအနှံ့ သူတို့၏ဆိုင်များ ထောင်ချီ၍ရှိသည်။ “ဟော်”ကော်ပိုရေးရှင်းမှာ အလွန်ကျော်ကြားပေသည်။ ဟော်ထျန်းရှန်း၏စကားအရဆိုလျှင် ဟော်မိသားစုရတနာလုပ်ငန်း၏ နှစ်စဥ်အနုတ်အသိမ်းငွေမှာ ယွမ်ဘီလီယံချီပေ၏။ စုစုပေါင်းအမြတ်ဝင်ငွေပင်လျှင် ဆယ်ဘီလီယံနီးပါးရှိနေလေပြီ။ “ဟော်” ကော်ပိုရေးရှင်း၏ သမီးအနေဖြင့် သူမ၏တစ်နှစ်စာဝင်ငွေမှာလည်း မနည်းလှချေ။
သို့ရာတွင် ကျင်းယွင်ကျောင်းမှာလည်း မဆိုးလှဟု ပြောရမည်။
ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ လက်ရှိအနုတ်အသိမ်းငွေမှာ “ဟော်” ကော်ပိုရေးရှင်းလောက် မမြင့်သော်လည်း အမြတ်ဝင်ငွေပမာဏမှာ ဆင်တူ၏။ ထို့အပြင် “ဟော်” ကောက်ပိုရေးရှင်းဆိုသည်မှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့သောကုမ္ပဏီဖြစ်သည်။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကိုမူ လက်တလောပိုင်းကသာ တည်ထောင်ခဲ့၏။ နောက်နှစ်နှစ်အတွင်း ကြီးထွားနိုင်ချေများစွာရှိသေးသည်။ မကြာခင်တွင် “ဟော်” ကော်ပိုရေးရှင်းကိုပါ ကျော်တက်သွားနိုင်၏။
သူတို့နှစ်ဦးသည် နယ်ပယ်တစ်ခုတည်းမဟုတ်သောကြောင့် ယှဥ်၍ရသည့်အရာလည်း သိပ်မရှိပါချေ။
Space and Rebirth 892
ဟော်ထျန်းရှန်းမှ ကျင်းယွင်ကျောင်းအားခေါ်သွားသောအိမ်မှာ သိပ်မကြီးလှပေ။ ဥယျာဥ်တွဲလျက်ပါသော ရှုခင်းလှ ဘန်ဂလိုအိမ်တစ်လုံးဖြစ်၏။
“ငါအသက်ပြည့်တုန်းက လက်ဆောင်အနေနဲ့ ငါ့အဖေပေးထားတဲ့အိမ်လေ၊ ငါလည်း ဒီတိုင်းလက်ခံလိုက်တာပဲ မလှဘူးလား?”
ဟော်ထျန်းရှန်း၏မျက်လုံးများ တောက်ပနေသည်။
“တော်တော်ကောင်းသားပဲ”
ကျင်းယွင်ကျောင်း စိတ်ရင်းအတိုင်း ပြောလိုက်သည်။
ဟော်ထျန်းရှန်းသည် မျက်ခုံးများကိုပင့်ကာ တောက်ပစွာ ပြုံးလိုက်၏။ ထို့နောက် ကျင်းယွင်ကျောင်းအား ပစ္စည်းများကူသယ်ပေးကာ မီးဖိုချောင်သို့ ဝင်လိုက်သည်။ မီးဖိုချောင်မှာ အလွန်ကျယ်ဝန်းပြီး အရာအားလုံး အဆင်သင့်ရှိနေပေသည်။ သို့ရာတွင် ဤအိမ်တွင် မည်သူမှမနေသောကြောင့် အနည်းငယ်အေးစက်ပြီး အသက်ဝင်မှုရှိမနေချေ။ လေထဲတွင် ဖုန်အနံ့လည်း ရှိနေသေး၏။
“ငါအရင်ပြောလိုက်ဦးမယ်၊ ငါကဟင်းမချက်တတ်ဘူးနော် အဲ့တော့...နင်ချက်တာပဲ ထိုင်ကြည့်လို့ရမယ်”
ဟော်ထျန်းရှန်း ပုခုံးတွန့်ပြလိုက်၏။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ ဘာမှဆက်မပြောတော့ချေ။ ဤပစ္စည်းများကို သူမဝယ်လာခဲ့သော်လည်း နေရာလွတ်နယ်မြေထဲရှိ ရိက္ခာပစ္စည်းများနှင့် တိတ်တခိုးလဲလှယ်လိုက်သည်။ ထို့နောက် မီးဖိုချောင်အား အပေါ်ယံမျှသန့်ရှင်းရေးလုပ်ပြီးနောက် သူမစတင်ချက်ပြုတ်တော့သည်။
ဟော်ထျန်းရှန်းသည် ဘေးမှကြည့်နေပြီး အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေ၏။
ကျင်းယွင်ကျောင်း၏ဓားကိုင်စွမ်းရည်များမှာ ပြီးပြည့်စုံလှသည်။
“ဒုတ် ဒုတ် ဒုတ်”
ဓားခုတ်သံများကို အဆက်မပြတ်ကြားနေရပြီး စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက်များသည် အရွယ်အစားတူညီလုနီးပါး ဖြတ်တောက်ခံလိုက်ရ၏။ စက်ဖြင့် လှီးဖြတ်ထားသလိုပင်။
ထိုတင်မက သူမ၏အချက်အပြုတ်စွမ်းရည်များမှာ ပို၍ပင်ကောင်းသေးသည်။ ဟော်ထျန်းရှန်းသည် ငေးတိငေးကြောင်ဖြင့်သာ ကြည့်နေသော်လည်း သင်းပျံ့သောမွှေးရနံ့ကို ရနေလေပြီ။
ဟင်းပွဲတစ်ခုပြီးတစ်ခု စီစီရီရီထွက်လာပုံကို ကြည့်ပြီး သူမကြက်သေသေသွားသည်။
“နင်ဟင်းချက်တာကို သင်တန်းတစ်ခုမှာ သွားသင်ထားတာလား? နင့်လက်စွမ်းက ငါတို့ငှားထားတဲ့ အဆင့်မြင့်စားဖိုမှူးထက်တောင် ကောင်းနေသေးတယ်”
ဟော်ထျန်းရှန်းသည် မသိစိတ်၏စေ့ဆော်မှုအရ ပြောလိုက်၏။
“ဒီတိုင်း ခဏခဏဟင်းချက်နေရလို့ပါ”
ကျင်းယွင်ကျောင်း တိုးဖွစွာ ပြန်ဖြေလိုက်သည်။
သူမသည် စာရေးစာဖတ်မသင်ခင်ကပင် ဟင်းချက်တတ်နေလေပြီ။ သို့ရာတွင် အိမ်ချက်ဟင်းများသာဖြစ်၏။ သူမ၏လက်စွမ်းမှာ ထိုမျှလောက်မကောင်းခဲ့ချေ။ သို့ရာတွင် ဤဘဝ၌ သိုင်းပညာသင်ယူပြီးနောက် သူမ၏ဓားကိုင်စွမ်းရည်များသည်လည်း တဖြည်းဖြည်းပိုကောင်းလာခဲ့သည်။ ထိုမျှမက သူမ၏အနံ့ခံအာရုံနှင့် အရသာခံအာရုံသည်လည်း သာမန်လူများထက် ပိုကောင်းလာခဲ့၏။ ထို့အပြင် ဘိုးဘေး၏ ကျောက်စိမ်းဝိညာဥ်မှလည်း သူမများစွာရရှိခဲ့သည်။ ဆေးဖက်ဝင်ဟင်းချက်နည်းမှာ ၎င်းတို့ထဲမှတစ်ခုဖြစ်သည်။ သူမသည် ထိုအစွမ်းအား ပေါင်းစပ်လိုက်ပြီးနောက် သူမ၏အချက်အပြုတ်စွမ်းရည်သည်လည်း တိုးတက်လာခဲ့သည်။
ကျင်းယွင်ကျောင်းစရိုက်မှာ အဘယ်ကြောင့် အေးစက်နေကြောင်း ဟော်ထျန်းရှန်းတဖြည်းဖြည်းနားလည်လာတော့သည်။
သူမနှင့်သက်တူရွယ်တူမိန်းကလေးများမှာ ဟင်းချက်တတ်လျှင်ပင် ပျမ်းမျှသာဖြစ်သည်။ အများဆုံးအနေဖြင့် သူတို့၏အစားအသောက်များသည် အရသာရှိမည်ဖြစ်သော်လည်း ကျင်းယွင်ကျောင်းမှာ အရာအားလုံးကိုသိထားပြီး အခြားသူများထက် တတ်ကျွမ်းနားလည်ပေ၏။ ဤသည်မှာ ပုံမှန်မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် ဤစွမ်းရည်မျိုးသည် မွေးကတည်းက တတ်လာနိုင်သောအရာမဟုတ်သောကြောင့်ဖြစ်၏။ ခန့်မှန်းရလျှင် ကျင်းယွင်ကျောင်းသည် အသက်ရှင်ခဲ့သော ၁၈ နှစ်တာကာလအတွင်း၌ နေ့ရက်တိုင်း အလုပ်လုပ်ပြီး သင်ယူလေ့လာရင်းဖြင့်သာ ဘဝကိုကုန်ဆုံးခဲ့ပုံရသည်။
ကျင်းယွင်ကျောင်းသည် သူဌေးမိသားစုမှလာသော သခင်မလေးတစ်ဦးမဟုတ်သော်ငြား သူမဘဝသည် သာမန်လူတစ်ဦးထက်ပင် ပိုပင်ပန်းပေသည်။ အနည်းဆုံးအနေဖြင့် သူမ ဟော်ထျန်းရှန်းတွင် လိုအပ်သည့်အရာတိုင်းကို ပိုင်ဆိုင်ခဲ့ရ၏။ သူမသည် မိဘမေတ္တာငတ်ခဲ့ရသော်လည်း အခြားရုပ်ဝတ္ထုပစ္စည်းများစွာကို ပိုင်ဆိုင်ခဲ့ပေသည်။
ကျင်းယွင်ကျောင်း၏ဟင်းချက်နှုန်းမှာ အလွန်မြန်ဆန်ပေ၏။ သူမသည် ရှောင်ဟိုင်ချင်းအကြိုက်အတိုင်းသာ အရာအားလုံးကိုချက်ပြုတ်ခဲ့ခြင်းဖြစ်သည်။ အရာအားလုံးကို သိမ်းဆည်းရှင်းလင်းပြီးသည့်တိုင် ဟင်းရနံ့သည် လေထုထဲ၌ စွဲကျန်ရစ်နေသေး၏။
အားလုံးအဆင်သင့်ဖြစ်သောအခါ သူတို့စတင်ထွက်ခွာတော့သည်။
ဤတစ်ခေါက်တွင် ဟော်ထျန်းရှန်းသည် ဂုဏ်မောက်၍မသွားတော့ချေ။ ချီကျုံးအားတွေ့စဥ်ကလို အနီရောင်ပြိုင်ကားတစ်စီးအား မမောင်းနှင်တော့ပါပေ။ ထိုအစား သူမသည် အလွန်ရိုးရှင်းသော လူနေယာဥ်တစ်စီးကိုသာ မောင်းနှင်ခဲ့၏။ အဓိကအားဖြင့် ရှောင်ဟိုင်ချင်းအနားယူရ လွယ်ကူစေရန် ဖြစ်ပေသည်။
များမကြာမီတွင် သူတို့သည် ရိုက်ကူးရေးနေရာသို့ ရောက်လာလေ၏။ ကျင်းယွင်ကျောင်းသည် အစက သူမအား ဖုန်းဆက်လိုက်သော်လည်း မည်သူမှ ဖုန်းမကိုင်ပါပေ။ စဥ်းစားကြည့်လိုက်ပြီးနောက် သူမသည် ဟော်ထျန်းရှန်းနှင့်အတူ ကားထဲမှထွက်ပြီး ရိုက်ကူးရေးနေရာအား ရှာဖွေလိုက်သည်။
ဤနေရာ၏ရှုခင်းမှာ အလွန်လှပပေသည်။ အနီးအနားတွင် ရှေးဟောင်းအဆောက်အအုံများရှိနေ၏။ နေရာတိုင်းတွင် ရိုးရှင်းနန်းဆန်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ရိုက်ကူးရေးနေရာအတိအကျကို ရှာဖွေရန် လွယ်ကူသောကြောင့် နှစ်ဦးသား အလျင်အမြန်သွားလိုက်သည်။
သူမတို့ရှေ့မှောက်တွင် အလုပ်ရှုပ်နေကြသော အမျိုးသား၊ အမျိုးသမီးများစွာရှိနေ၏။ အချို့မှာ ထိုင်စောင့်နေကြပြီး အချို့မှာ ရိုက်ကူးနေဆဲဖြစ်သော သရုပ်ဆောင်မင်းသား၊ မင်းသမီးများကို ဂရုတစိုက်ကြည့်ရှုနေကြသည်။
ကျင်းယွင်ကျောင်းဘေးဘီဝဲယာပတ်ကြည့်ပြီးနောက် ရှောင်ဟိုင်ချင်းကို မြင်လိုက်ရတော့သည်။