← Chapters

အခန်း (၈၉၃-၈၉၆)

Vol. 45 Ch. 893-896

အခန်း (၈၉၃-၈၉၆)

Vol. 45 Ch. 893-896

Space and Rebirth 893

နှစ်ဦးသားခြေလှမ်းကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။ သူတို့ချည်းကပ်လာသည်နှင့် ကျင်းယွင်ကျောင်း၏မျက်နှာ မှောင်ရိပ်သန်းသွား၏။

“ညီမရှောင်၊ ဒီကော်ဖီကို သကြားမထည့်ထားဘူးလား? ဘာလို့အဲ့လောက်ခါးနေတာလဲ?”

ထိုသို့ပြောပြီးနောက် ထိုအမျိုးသမီးသည် ကော်ဖီခွက်အား ဘေးသို့တစ်ခါတည်း လွှင့်ပစ်လိုက်ပြီး ကြမ်းပြင်တစ်ခုလုံး ကော်ဖီများမှောက်သွားတော့၏။

“ပိုက်ဆံလိုချင်ရင် ပေးလို့ရတယ်၊ နောက်တစ်ခွက်သာယူလာပေး၊ သကြားထည့်ဖို့မမေ့နဲ့ဦး ငါကခါးတာတွေမကြိုက်ဘူး”

“ရှောင်ရူ၊ စိတ်မရှိပါနဲ့ အစ်မတို့ညီမလေးရှောင်က ဇာတ်ညွှန်းဖတ်ရဦးမှာမို့ ကော်ဖီဝယ်ဖို့အချိန်မရှိဘူး၊ ဒီလိုလုပ်ပါလား အစ်မပဲဝယ်ပေးမယ်လေ”

ရှောင်ဟိုင်ချင်း၏အေးဂျင့်ဖြစ်သူ လင်လင်းမှ ချက်ချင်းပြုံးကာ ပြောလိုက်သည်။

“အစ်မလင်း၊ လူမခေါ်လာတာ နှစ်ချီပြီမှတ်လား? ရုတ်တရတ်ကြီး ညီမရှောင်ကိုခေါ်လာတော့ ညီမတောင် အံ့သြသွားတာပဲ၊ ဒါပေမယ့် ညီမရှောင်ကိုမြင်လိုက်တာနဲ့ သူ့ပုံစံကို သိနေတယ်၊ ကံကောင်းလို့ ညီမကြောင့် သူ့ကို အချိန်မီပြင်ပေးနိုင်တာ၊ မဟုတ်ရင် ဒီအချိန်ထိ အချိုးပြေမှာမဟုတ်ဘူး”

ထိုအမျိုးသမီး၏ ပြောဆိုပြုမူပုံမှာ မယားငယ်တစ်ဦးနှင့် တူနေသည်။

“ညီမလေးရှောင်၊ ဝယ်ပေးဦး၊ အစ်မပိုက်ဆံမပေးချင်လို့မဟုတ်ဘူး၊ အစ်မလင်း အစ်မကအတွေ့အကြုံရှိတာပဲ ဒီနယ်ပယ်မှာ ဘယ်လိုလုပ်ရလဲဆိုတာ သူ့ကိုသင်ပြလိုက်ပါဦး”

ထိုသို့ပြောပြီးသည့်တိုင် ရှောင်ဟိုင်ချင်းနှင့် လင်လင်းသည် မလှုပ်ချေ။ ကျင်းယွင်ကျောင်းသည် သူမ၏တောင့်တင်းနေသောခန္ဓာကိုယ်ကို မီတာအနည်းငယ်ကပင် ခံစားမိ၏။

“ညီမလေးရှောင်၊ ရော့ ဒီမှာပိုက်ဆံ၊ မြန်မြန်သွားနော် မကြာနဲ့ဦး”

အမျိုးသမီးသည် စကားပြောပြီးသည်နှင့် ငွေစက္ကူတစ်ရွက်ကို သူမရှေ့မှောက်ရှိ စားပွဲပေါ်တင်လိုက်ပြီး မျက်လုံးမှိတ်အနားယူလိုက်သည်။

ကျင်းယွင်ကျောင်းသည် အသက်ကိုပြင်းပြင်းရှူကာ သူတို့ထံ လျှောက်သွားလိုက်၏။

“ကော်ဖီထွက်ဝယ်ဖို့တောင် ဒုက္ခမခံနိုင်ရင် ဘာလို့ကော်ဖီသောက်ချင်သေးလဲ?”

ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ခနဲ့သံပြုကာ ရှောင်ဟိုင်ချင်းကိုမေးလိုက်သည်။

“ခုနကကော်ဖီအတွက်ရော သူပိုက်ဆံပေးလိုက်လား?”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်နေပုံကို ရှောင်ဟိုင်ချင်းကြည့်ပြီး ခေါင်းခါလိုက်သည်။

ကျင်းယွင်ကျောင်းသည် စားပွဲပေါ်ရှိပိုက်ဆံအား တစ်ခါတည်းယူကာ ရှောင်ဟိုင်ချင်းအိတ်ကပ်ထဲ ထိုးသိပ်ထည့်လိုက်သည်။

“အဲ့လိုဆိုရင် နင်ဒီပိုက်ဆံကို သိမ်းထားလို့ရတယ်၊ သွားခလာခပါတွက်ရင် နည်းသေးတယ်ဆိုပေမယ့် ဒီလိုလူမျိုးနဲ့တွေ့မှတော့ ဘာမှလုပ်လို့မရဘူး”

“ဟုတ်ပြီလေ ဒါနဲ့ နင်ဒီနေ့မလာဖြစ်တော့ဘူးလို့ မနေ့ကဖုန်းဆက်လိုက်တယ်မဟုတ်ဘူးလား?”

‌ရှောင်ဟိုင်ချင်းမေးလိုက်သည်။

“ရှင်းစရာရှိတဲ့ကိစ္စတွေရှင်းပြီးပြီ၊ နင်ဒီညမှ ရိုက်ကူးရေးစမှာသိလို့ ငါလာကြည့်တာ”

ကျင်းယွင်ကျောင်းသည် လင်လင်းအား ဝေ့ကြည့်လိုက်သည်။

“အစ်မလင်း၊ အစ်မကို ဟိုင်ချင်းအနောက် လိုက်ခိုင်းတာက သူ့အတွက် လမ်းဖွင့်ပေးဖို့ပဲမဟုတ်ဘူး၊ သူအနိုင်ကျင့်မခံရအောင် ကူညီပေးဖို့လည်းပါတယ်၊ အစ်မက အတွေ့အကြုံရှိတဲ့မန်နေဂျာဆိုတော့ အဲ့လောက်တော့ လုပ်နိုင်တယ်မှတ်လား?”

ထိုစဥ်က သူမသည် လင်လင်းအား သူမတွေးမိသွားသော်လည်း လင်လင်းမှာ အလုပ်ရော ဝင်ငွေပါ မရှိခဲ့သည်မှာ အချိန်အတော်ကြာချေပြီ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ရှန်တုန်း၏လမ်းစဥ်အတိုင်းလိုက်ကာ သူမနှင့် စာချုပ်ချုပ်လိုက်၏။ လင်လင်း၏လစာကို ကျင်းယွင်ကျောင်းမှပေးပြီး ထိုလစာအတွက် လင်လင်းသည် ဟိုင်ချင်း၏နေ့စဥ်ဘဝအား ကိုင်တွယ်ပေးရန် တာဝန်ယူရတော့သည်။

“ညီမလေးက...”

“အစ်မလင်း၊ ဒါကယွင်ကျောင်းပါ အစ်မနဲ့သမီးကို မိတ်ဆက်ပေးခဲ့တဲ့လူလေ”

ရှောင်ဟိုင်ချင်းရှင်းပြလိုက်သည်။ ထို့နောက် သူမသည် ကျင်းယွင်ကျောင်းထံလှည့်ပြောလိုက်၏။

“စိတ်မဆိုးပါနဲ့ဟာ ဒီအသိုင်းအဝိုင်းထဲမှာ ဒီလိုပါပဲ”

“မိန်းကလေးကျင်း”

အစ်မလင်းသည် သူမနာမည်ကိုကြားလိုက်သည်နှင့် မည်သူဖြစ်ကြောင်း သိသွားပြီး ချက်ချင်းနှုတ်ဆက်လိုက်တော့သည်။

လင်လင်းမှာ အသက်သုံးဆယ်ဝန်းကျင်ရှိလေသည်။ သူမရုပ်ရည်မှာ ရွက်ကြမ်းရေကျိုသာဖြစ်သော်လည်း ပွင့်လင်းမြင်သာသောသူတစ်ဦးဖြစ်သည်မှာ သိသာ၏။

ကျင်းယွင်ကျောင်းသည် သူမအား သတိပေးခြင်းသာဖြစ်သည်။ တချို့အရာများကို သူမနားလည်နှင့်ပြီးဖြစ်သောကြောင့် ခေါင်းသာငြိမ့်ကာ ဆက်မပြောတော့ချေ။ သို့ရာတွင် ထိုအချိန်၌ သူတို့နံဘေးမှ အမျိုးသမီးသည် ထရပ်လိုက်သည်။

“နင်ကဘယ်သူလဲ?”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်၏။

သူမရှေ့မှောက်ရှိအမျိုးသမီးမှာ အသက် ၂၃-၂၄ ခန့်ရှိမည်။ သူမသည် အလွန်လှပသော်လည်း သူမ၏မိတ်ကပ်ကြောင့် သူမမျက်လုံးစွန်းများကို စောင်းနေစေ၏။ သူမသည် ဆွဲဆောင်မှုရှိပြီး ညှို့ယူဖွယ်ကောင်းသောခံစားချက်မျိုးကို ပေးစွမ်းနေသည်။ မည်သို့ပင်ကြည့်စေကာမူ မကောင်းသောမိန်းမတစ်ဦးနှင့် တူပေသည်။

“ယွင်ကျောင်း၊ ဒါက အစ်မ မုရူတဲ့၊ သူကဒီဇာတ်လမ်းထဲမှာ ဒုတိယခေါင်းဆောင်မင်းသမီးလေ၊ သူနဲ့အတူတွဲသရုပ်ဆောင်ရတာများတယ်”

‌ရှောင်ဟိုင်ချင်းရှင်းပြလိုက်သည်။

ကျင်းယွင်ကျောင်းစိတ်ထဲတွင် နားလည်မှုတစ်ခုရှိသွားသည်။

(ဒါကြောင့်ကိုး)

သူမသည် ဇာတ်လမ်းအတွင်းတွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ ကောင်းသောလူမဟုတ်ပါပေ။

ကျင်းယွင်ကျောင်းသည် ဤဇာတ်လမ်း၏ ဇာတ်ညွှန်းကို ဖတ်ခဲ့ဖူး၏။ ဒုတိယခေါင်းဆောင်မင်းသမီး၏ဇာတ်ရုပ်မှာ အလွန်ပက်စက်ဆိုးရွားလှပေသည်။

“မနက်ပိုင်းမှာ နင်ရိုက်စရာမရှိဘူးမှတ်လား? ငါဟင်းချက်ထားတယ်၊ ငါနဲ့အတူကားဆီပြန်လိုက်ပြီး အနားယူလိုက်လေ”

ကျင်းယွင်ကျောင်းပြောဆိုပုံမှာ ပြတ်သားနေ၏။ သူမသည် လင်လင်းကိုပါ ဆွဲခေါ်သွားလိုက်သည်။

*****

Space and Rebirth 894

ကျင်းယွင်ကျောင်း၏ရုပ်ရည်အသွင်အပြင်မှာ ပြောင်မြောင်လွန်းလှသည်။ သူမပေါ်လာသည်နှင့် လူများစွာ၏အာရုံစိုက်ခြင်းကို ခံခဲ့ရလေသည်။ ရှောင်ဟိုင်ချင်းသည် စားစရာရှိကြောင်း ကြားလိုက်သောအခါ မုရူနှင့် အာရုံနောက်မခံချင်တော့ဘဲ ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းအနောက် လိုက်သွားတော့၏။

“ယွင်ကျောင်း၊ နင်ကငါ့အပေါ်အကောင်းဆုံးပဲ၊ ဒီနေရာထိတောင်လာပြီး ငါ့ကိုမုန့်လာကျွေးတယ်...အာ ဟုတ်သားပဲ ဒါက...”

သူမသည် ဟော်ထျန်းရှန်းအား ညွှန်ပြလိုက်သည်။ ဟော်ထျန်းရှန်းသည် စိတ်ကုန်ဟန်ဖြင့် သူတို့အား ကြည့်နေ၏။ ယခုမှသာ သူမအား မြင်ကြလေတော့သည်။ ဟော်မိသားစု၏သမီးဖြစ်သူက ဤအတိုင်းအတာထိ လျစ်လျူရှုခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

“ဒါကငါ့အခန်းဖော်လေ၊ သူ့နာမည်က ဟော်ထျန်းရှန်းတဲ့”

ကျင်းယွင်ကျောင်းမိတ်ဆက်ပေးလိုက်သည်။

ဟော်ထျန်းရှန်း ခေါင်းကိုမော့ကာ ပြုံးလိုက်၏။

“ရှောင်ဟိုင်ချင်း၊ ငါနင့်ကိုသိတယ်၊ ညီမလေးနှစ်က နင်နဲ့ပတ်သတ်ပြီး ခဏခဏပြောတတ်တယ်လေ”

သူမသည် စိတ်ကြည်လင်နေသောအခါ ကျင်းယွင်ကျောင်းအား မတူညီစွာ ခေါ်ဝေါ်တတ်၏။

“ဟုတ်လား?”

ရှောင်ဟိုင်ချင်းသည် တဒင်္ဂမျှ အံ့အားသင့်သွားသော်လည်း အလျင်အမြန် ပြန်ပြောလိုက်သည်။

“ယွင်ကျောင်းကို ဂရုစိုက်ပေးလို့ကျေးဇူးပါ၊ နောက်ကျ အခွင့်အရေးရှိရင် တစ်ခွက်တစ်ဖလားသောက်ပြီး စကားပြောကြတာပေါ့”

“ဟုတ်ပြီလေ”

ဟော်ထျန်းရှန်းသည် စိတ်တက်ကြွနေဆဲဖြစ်သည်။

ဤရှောင်ဟိုင်ချင်းမှာ အနည်းငယ်ခင်မင်ချင်စရာကောင်း၏။ သူမသည် ကြည့်ကောင်းပြီး နားဝင်ချိုသောအသံရှိသည်။ သို့တိုင်အောင် သူမတွင် အပေါ်ယံဟန်ဆောင်မှုမရှိချေ။ သူမ၏လှုပ်ရှားမှုတိုင်းသည် ကြော့ရှင်းနေပြီး သူမအားကြည့်လျှင် စိတ်ကိုလန်းဆန်းစေ၏။

“မုရူကဘာဖြစ်တာလဲ? သူ့ကြောင့် ညပိုင်းရိုက်ကူးရေးပြောင်းသွားပြီး နင်ဒီမှာစောင့်နေရတာလား?”

ကျင်းယွင်ကျောင်းသည် ကားထဲရှိစားစရာကိုထုတ်ပြီး‌ မေးလိုက်၏။

“သူလား? တကယ်တော့ ဒေါသထွက်စရာမရှိပါဘူး မုရူပုံစံကိုက အဲ့လိုပဲ၊ သူက အကျင့်ယုတ်ပြီး စရိုက်မကောင်းတဲ့ပုံပေါက်ပေမယ့် အဲဒါတွေအားလုံးက အပြင်ပန်းသာသာပဲ၊ ငါကသူနဲ့ ရိုက်စရာများတယ်၊ သူနဲ့စကားပိုပြောဖြစ်ရင် ရိုက်ကူးရေးလည်း ချောချောမွေ့မွေ့ပြီးသွားပါလိမ့်မယ်”

ရှောင်ဟိုင်ချင်းမှ တက်ကြွစွာ ပြောလိုက်သည်။

“ငါ မုရူအကြောင်းကြားဖူးတယ်၊ သူ့အတွက် B အဆင့်အနုပညာရှင်စာရင်းထဲ ရောက်ဖို့တောင် လွယ်တာမဟုတ်ဘူး၊ သူက တခြားသူတွေထက် မိန်းမဆန်ပြီး ပျော့ပြောင်းတော့ သူ့ပရိသတ်တွေအများစုက နှာဘူးတွေပဲ”

ဟော်ထျန်းရှန်း ဆက်ပြောလိုက်၏။

“ဒါဆို နင့်ရိုက်ကူးရေးက ညပိုင်းပြောင်းသွားတာကရော?”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။ သူမ မမေ့သေးချေ။

“တကယ် မုရူအပြစ်မဟုတ်ပါဘူးဆို၊ ပြီးတော့ သူလည်း ငါ့လိုစောင့်နေရတာ”

ရှောင်ဟိုင်ချင်းသည် ဟင်းလျာရနံ့များကို တစ်ရှိုက်ရှူကာ ဆက်ပြောလိုက်၏။

“ဒီဇာတ်လမ်းရဲ့ ခေါင်းဆောင်မင်းသမီးက ‌တော်တော်နာမည်ကြီးတယ်၊ အခုတလော သူ့အချိန်ဇယားကကြပ်နေတာ၊ ဒီညလည်း သူဖျော်ဖြေရေးပွဲတစ်ခုတက်ရမယ်ပြောလို့ သူ့အခန်းတွေကို အရင်ရိုက်နေတာလေ”

ထိုမှသာ ကျင်းယွင်ကျောင်း၏မျက်နှာထား အနည်းငယ်ပြေလျော့သွားသည်။

လင်လင်းမှာ ကားထဲတွင် ဇောချွေးများ ပြန်နေလေပြီ။ သူမသည် ရှောင်ဟိုင်ချင်းအား အနိုင်ကျင့်ခံရန် လွှတ်ထားသည်ဟု ကျင်းယွင်ကျောင်းထင်သွားမည်ကို စိုးနေလေ၏။

“ဒါနဲ့ ငါဟင်းတွေအများကြီးချက်လာတယ်၊ နင့်သူငယ်ချင်းတွေကိုခေါ်ပြီး ကျွေးချင်လား? ပြီးတော့ ထျန်းရှန်းကလည်း လက်ဆောင်တွေယူလာသေးတယ်”

ကျင်းယွင်ကျောင်းပြောလိုက်၏။

ရှောင်ဟိုင်ချင်းမငြင်းဆိုချေ။ ကျင်းယွင်ကျောင်းသည် သူမကောင်းဖို့အတွက်သာ လုပ်ထားခြင်းဖြစ်ကြောင်း သူမသိ၏။ ထို့အပြင် သူတို့ရောက်လာစဥ်က လူများစွာမြင်သွားခဲ့သည်။ နောက်ပိုင်းတွင် ထိုလူများသည် သူမအား ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ မေးကြတော့မည်။

ချက်ချင်းဆိုသလို သုံးဦးသားသည် လက်ဆောင်များကို ကားထဲမှသယ်ထုတ်လိုက်ကြ၏။ ရှောင်ဟိုင်ချင်းသည် လူများစွာနှင့် နှုတ်ဆက်စကားဖလှယ်ပြီး လက်ဆောင်များကို ပေးပို့လိုက်သည်။ ဗိုက်ဆာသောသူရှိပါက သူမနှင့်အတူစားနိုင်ကြောင်းကိုလည်း ကြေညာလိုက်သေးသည်။ သို့ရာတွင် အများစုမှာ သတိကြီးသူများဖြစ်သဖြင့် သူမနှင့် အပေါင်းအသင်းလာမဖွဲ့ကြချေ။

ဟော်ထျန်းရှန်းသည် လူတိုင်းအတွက် လက်ဆောင်များ လုံလုံလောက်လောက်ပြင်ဆင်လာ၏။ လက်ဆောင်မှာ အလွန်လှပစွာထုပ်ပိုးထားသော သလင်းလက်ကောက်ဖြစ်သည်။ စျေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ မျက်နှာပန်းလှသောလက်ဆောင်ဖြစ်ပေ၏။

“ဒါဘာအနံ့လဲ?”

သုံးဦးသားလက်ဆောင်များပေးပြီး ကားဆီသို့ ပြန်လာစားချိန်တွင် ကားတံခါးနားမှ အသံထွက်လာ၏။

“ဒါရိုက်တာ?”

ရှောင်ဟိုင်ချင်းထိတ်လန့်အံ့အားသင့်သွားသည်။

“ဆရာ...အတူစားချင်လို့လား?”

ဒါရိုက်တာမှာ အသက်လေးဆယ်-ငါးဆယ်ဝန်းကျင်ရှိနေလေပြီ။ သူသည် အလွန်ပင်အရည်အချင်းရှိသူဖြစ်၏။ သူရိုက်ကူးထားသော ဇာတ်လမ်းများအားလုံးသည် နာမည်ဂုဏ်သတင်းမွှေးပြီး ရလဒ်ကောင်းသည်။ သို့ရာတွင် သူသည် ဒေါသကြီးသောစရိုက်ကြောင့်လည်း နာမည်ကြီး၏။ ရှန်တုန်းကြောင့်သာ သူမအား ကောင်းကောင်းဆက်ဆံသော်လည်း ပေါင်းရသင်းရလွယ်ကူသောသူတော့မဟုတ်ပေ။ ထို့ကြောင့် ရှောင်ဟိုင်ချင်းသည် ယဥ်ကျေးသမှုဖြင့်သာ မေးလိုက်ခြင်းဖြစ်၏။

သို့ရာတွင် စက္ကန့်ပိုင်းအတွင်း ဒါရိုက်တာမှ ပြန်ဖြေလိုက်သည်။

“အလုပ်နားချိန်လည်း ရောက်နေတော့...စားကြည့်တာပေါ့

*****

Space and Rebirth 895

ရှောင်ဟိုင်ချင်းသည် မအံ့သြမိဘဲမနေတော့ချေ။ သူမသည် ဒါရိုက်တာအား အံ့အားသင့်စွာဖြင့် စူးစိုက်ကြည့်လိုက်သည်။ ဒါရိုက်တာသည် သူမအား မမြင်ချင်ယောင်ဆောင်ကာ ကားဆီသို့ လူနှစ်ဦးအားထပ်ခေါ်လိုက်သည်။ သူမအား အပြင်လူတစ်ဦးကဲ့သို့ လုံးဝမဆက်ဆံချေ။

“ဒီဟင်းတွေကို ဘယ်စားသောက်ဆိုင်ကဝယ်ခဲ့တာလဲ? ထမင်းဘူးရော ရောင်းလား?”

ဒါရိုက်တာသည် စားစရာများထဲမှ ကောင်းသောအရာအချို့ကို ‌ရွေးချယ်ကာ ပန်းကန်တစ်ကန်ပေါ်ပုံ၍ မေးလိုက်သည်။

ကျင်းယွင်ကျောင်းရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ဒါရိုက်တာသည် အားနာမနေပါချေ။

“ကျွန်မသူငယ်ချင်းကိုယ်တိုင်ချက်ထားတာပါ”

ရှောင်ဟိုင်ချင်းသည်လည်း စကားစရှာမရဖြစ်နေသည်။ ဒါရိုက်တာမှ စားစရာများအားလုံးကို စားလိုက်မည်စိုးသဖြင့် သူမသည် ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းနှင့်သူမအတွက် စားစရာများစွာကို ကောက်ယူဖယ်ထားလိုက်၏။ ဒါရိုက်တာခေါ်လိုက်သော ယောက်ျားလေးနှင့် မိန်းကလေးလက်ထောက်များသည်လည်း အနည်းငယ်နေရခက်သွားသည်။ သူတို့သည် အစားအသောက်ကောင်းများစွာကို သူတို့ဘာသာမစားရဲချေ။ သူတို့သည် အပြစ်လုပ်မိသလိုခံစားရ၏။

ဤသည်မှာ ဤမိန်းကလေးများ၏ ကိုယ်ပိုင်သီးသန့်ကားမဟုတ်လော။ ဒါရိုက်တာသာ တစ်ယောက်တည်းလာခဲ့ပြီး တစ်စုံတစ်ဦးမှ ဓာတ်ပုံရိုက်လိုက်လျှင် အထင်လွဲစရာများဖြစ်ပြီး သူ့ကိုယ်သူရှင်းပြနိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့်လည်း သူတို့နှစ်ဦးကို ခေါ်လိုက်ခြင်းဖြစ်၏။

ဒါရိုက်တာသည် ၎င်းကိုကြားသောအခါ အံ့အားသင့်စွာဖြင့် ကျင်းယွင်ကျောင်းနှင့် ဟော်ထျန်းရှန်းအား မော့ကြည့်လိုက်သည်။ ဤကိစ္စမတိုင်ခင်တွင် သူသည် အစားအသောက်အနံ့ကိုသာ ရှူဖူးပြီး မမြင်ခဲ့ရသေးချေ။ သို့သော် ယခုအချိန်၌ ဟင်းပွဲများကို သေချာကြည့်လိုက်သောအခါ သူ၏မျက်လုံးများ ဝင်းလက်သွားသည်။

“မင်းကလည်း ရုပ်ရှင်နဲ့ အနုပညာအကယ်ဒမီကလား? အရင်တုန်းက သရုပ်ဆောင်ဖူးတာတွေရှိလား? ဘယ်ဇာတ်ရုပ်ကို သရုပ်ဆောင်ဖူးလဲ?”

ဒါရိုက်တာသည် အံ့သြမှုကို ကွယ်ဝှက်မထားဘဲ ချက်ချင်းမေးလိုက်သည်။

“ဒါရိုက်တာ၊ ကျွန်မသူငယ်ချင်းနှစ်ယောက်က A တက္ကသိုလ်က ကျောင်းသူတွေပါ၊ သူတို့တစ်ခါမှ သရုပ်မဆောင်ဖူးပါဘူး”

ရှောင်ဟိုင်ချင်း ပြောစရာစကားများ ပျောက်ဆုံးနေ၏။

ဤဒရမ်မာရိုက်ကူးရေးစသည်မှာ သိပ်မကြာသေးသောကြောင့် သူမသည် ဒါရိုက်တာနှင့် နှစ်ဦးတည်းသီးသန့် စကားများများစားစားမပြောဖူးချေ။ အများဆုံးအနေဖြင့် ဒါရိုက်တာမှ သူမအား ညွှန်ကြားချက်အချို့ပေးကာ မည်သည့်အရာကမှားသည်၊ မည်သည့်ခံစားချက်မျိုးကို လှုံ့ဆော်ရမည် စသဖြင့်သာ ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် လုံးဝမရင်းနှီးကြပေ။

သို့သော် ယခုတွင် ဒါရိုက်တာမှ ဟင်းပွဲများအား သွားရည်ကျနေပုံအား ကြည့်ပြီး သူမကြောက်မနေတော့ချေ။

“အရင်ကတစ်ခါမှ သရုပ်မ‌ဆောင်ဖူးဘူးတဲ့လား?”

ဒါရိုက်တာသည်ခေတ္တမျှ မှင်တက်သွားသည်။ သူသည် ယခင်က ရှောင်ဟိုင်ချင်းနှင့် သက်တူရွယ်တူ သရုပ်ဆောင်များစွာကို တွေ့ခဲ့ဖူး၏။ ထိုသရုပ်ဆောင်လေးများထံသို့ သူငယ်ချင်းများ လာရောက်လည်ပတ်တိုင်းတွင် အခြားအကြံအစည်များ ရှိတတ်ကြစမြဲဖြစ်၏။ သူတို့အများစုသည် ထိုသရုပ်‌ဆောင်နှင့်ရင်းနှီးမှုအား အခြေပြုကာ ဖြတ်လျှောက်ဇာတ်ကောင်အချို့ လိုချင်ကြပေသည်။ စိတ်သန့်သန့်ဖြင့် လာရောက်အားပေးကြသော သူငယ်ချင်းများ နည်းလှ၏။

ဤမိန်းကလေးနှစ်ဦးသည် ရုပ်ရည်ချောမောပေသည်။ သူ၏မျက်လုံးထဲတွင် သူတို့နှစ်ဦးသည် ထိပ်သီးအလှမျိုးဖြစ်၏။ အထူးသဖြင့် ရှောင်ဟိုင်ချင်းနံဘေးတွင် ထိုင်နေသော မိန်းကလေးဖြစ်သည်။ သူမမျက်လုံးများသည် အေးစက်နေပြီး မှင်ရောင်ကဲ့သို့ မျက်ဆန်များမည်းနက်နေသည်။ အဆုံးအစမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ပင်။ ဤကဲ့သို့ ရုပ်ရည်မျိုး၊ ဤကဲ့သို့စရိုက်မျိုးဖြင့်ဆိုလျှင် ဂန္တဝင်ဇာတ်ကောင်အချို့ကို ဖန်တီးနိုင်ရန် လွယ်ကူပေ၏။

သူသည် ရှောင်ဟိုင်ချင်းအား သဘောခွေ့သွားရသည်မှာလည်း ဤအချက်ကြောင့်ဖြစ်သည်။ ရှန်တုန်းကြောင့်မဟုတ်ပေ။ အရေးအကြီးဆုံးအရာမှာ ဤမိန်းကလေးသည် အချိန်ကာလတစ်ခုစာမျှ လေ့ကျင့်သင်ကြားပြီးလျှင် ကန့်သတ်ချက်မရှိသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရနိုင်ပေသည်။

“သမီးတို့နှစ်ယောက်လုံး သရုပ်ဆောင်ဖို့ စိတ်ဝင်စားကြလား? ဦးလေးထင်တာမမှားဘူးဆိုရင် ဦးလေးရဲ့နောက်ကားကလည်း နန်းတွင်းကားဆိုတော့ သမီးတို့သုံးယောက်အတွက် သင့်တော်မယ့် ဇာတ်ရုပ်တွေရှိလိမ့်မယ်”

ဒါရိုက်တာမှပြောလိုက်၏။

ရှောင်ဟိုင်ချင်းသည် ထိတ်လန့်အံ့အားသင့်သွားပြီး ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်သည်။

“စိတ်မရှိပါနဲ့ သရုပ်ဆောင်ဖို့ကို ကျွန်မစိတ်မဝင်စားပါဘူး”

ကျင်းယွင်ကျောင်းအရင်ပြန်ဖြေလိုက်သည်။

“ကျွန်မရောပဲ”

ဟော်ထျန်းရှန်းသည် မျက်ခုံးများကိုပင့်ကာ မော်ကြွားဟန်ဖြင့် ပြုံးလိုက်သည်။ သူမသာသရုပ်ဆောင်နေကြောင်း သူမမိဘများသိသွားခဲ့လျှင် အသေသတ်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် သူမအား အနာဂတ်တွင် ကုမ္ပဏီဆက်ခံနိုင်ရန်အတွက် ပညာများသင်ယူလေ့လာစေလိုသောကြောင့်ဖြစ်၏။

ဒါရိုက်တာသည်လည်း ပါးနပ်သူဖြစ်သည်။ တစ်ဖက်လူ၏လေသံကိုကြားလိုက်သည်နှင့် သူတို့သည် ယဥ်ကျေးသမှုဖြင့် ငြင်းနေခြင်းမဟုတ်ကြောင်း သိလိုက်လေသည်။ သူသည် စိတ်ထဲ၌သာ သက်ပြင်းချလိုက်သည်။ သို့သော် တွေးကြည့်လိုက်လျှင် အနုပညာနယ်ပယ်ဟူသည်မှာလည်း အလွန်နက်နဲပေသည်။ ဤမိန်းကလေးနှစ်ဦးသည် အကျင့်စာရိတ္တကောင်းကြဟန်ပေါက်၏။ ဤလောကထဲဝင်၍ စာရိတ္တပျက်ပြားသွားလျှင် နှမြောစရာဖြစ်ပေမည်။

ဒါရိုက်တာလည်း နေရာတွင်မရှိသောကြောင့် အပြင်ဘက်မှ ဇာတ်ခန်းကို မရိုက်ကူးနိုင်ကြချေ။ ထို့ကြောင့် လူတိုင်းသည် သူဘယ်သွားသည်ကို သိချင်သွားကြပြီး ကျင်းယွင်ကျောင်းတို့ကား၏မလှမ်းမကမ်းတွင် စုဝေးကာ ရပ်ကြည့်နေကြတော့၏။

ဟင်းရနံ့ မွှေးပျံ့လာသည်ကို ခံစားမိလိုက်ကြပြီး သူတို့အားလုံး ပါးစပ်တပြင်ပြင်ဖြစ်လာတော့သည်။ အစောပိုင်းက ရှောင်ဟိုင်ချင်းဖိတ်ခေါ်ခဲ့သောလူများသည် စောစောမလာမိသောကြောင့် နောင်တရမိကြ၏။ ဤဟင်းနံ့များသည် ဤမျှမြိန်ရေရှက်ရေဖြစ်ဖွယ်ကောင်းကြောင်း သိခဲ့လျှင် အတူတကွစားသောက်ခဲ့မိပေမည်။ ယခုတွင် အနည်းငယ်နောက်ကျပြီဖြစ်၏။

“ဒါရိုက်တာ? ဒီမှာလာပြီး ထမင်းစားနေတာလား? ကျွန်မတို့လည်း လာပြီးစားလို့ရလား?”

*****

Space and Rebirth 896

ကားပြင်ပတွင် အမျိုးသမီးနှစ်ဦးရောက်ချလာပြီး ပြောလိုက်၏။ ဒါရိုက်တာပြန်ပြောရန်ပင်မစောင့်ဘဲ သူတို့သည် ရိုက်ကူးရေးအဖွဲ့သားများစားသော ထမင်းဘူးနှင့်အတူ ရှေ့တိုးလာလေသည်။ သို့ရာတွင် ဒါရိုက်တာ၏မျက်နှာမှာ လေးနက်သွားသည်ဟု ကျင်းယွင်ကျောင်းအသေအချာခံစားမိလိုက်သည်။ သူသည် ချက်ချင်းဆိုသလို အစားအသောက်များစွာခူးခပ်ပြီး ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။

ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ တွန့်သွားတော့၏။ သူမခံစားရသည်မှာ မှန်သည်ဆိုလျှင် ဒါရိုက်တာသည် သူ၏အစားအသောက်များကို ကာကွယ်ချင်နေပေသည်။

သို့သော် စိတ်မကောင်းစရာမှာ တံခါးပြင်ပရှိ အမျိုးသမီးနှစ်ဦးသည် ဒါရိုက်တာနှင့် ရင်းရင်းနှီးနှီးနေလိုကြ၏။

အမျိုးသမီးနှစ်ဦးရောက်ချလာသောအခါ ဒါရိုက်တာသည် သိပ်မပျော်ရွှင်သည့်ဟန်ဖြစ်သွားသည်။ သို့ရာတွင် ဘာကြောင့်မှန်း သူမမပြောတတ်ချေ။ အမျိုးသမီးတစ်ဦးမှပြုံးကာ ပြောလိုက်၏။

“ညီမလေးရှောင်၊ ဟင်းပွဲတွေက အရမ်းစားလို့ကောင်းတာပဲ၊ ကြည့်ရတာ ရိုက်ကူးရေးအဖွဲ့သားတွေအတွက် ထမင်းဘူးကို ညီမလေးပဲ တာဝန်ယူရတော့မယ်ထင်တယ်...”

စကားပြောလိုက်သောအမျိုးသမီးမှာ မုရူဖြစ်သည်။ သူမနံဘေးရှိ အမျိုးသမီးမှာမူ ဤဇာတ်လမ်းတွဲ၏ ခေါင်းဆောင်မင်းသမီးဖြစ်ပေသည်။ သူမပုံစံအား မျက်မှန်းတန်းမိနေသောကြောင့် နာမည်ကြီးစတားတစ်ဦးဖြစ်ရမည်။

“ဒီအစားအသောက်တွေကို ညီမသူငယ်ချင်းချက်ထားတာပါ၊ ပုံမှန်ဆိုရင်တော့ သူက တခြားသူတွေကို မကျွေးဘူး”

ရှောင်ဟိုင်ချင်းသည် ယဥ်ကျေးနေဆဲဖြစ်သည်။ ကျင်းယွင်ကျောင်းကို သူမအနည်းငယ် အားနာမိသွား၏။

သူမချက်ထားသောဟင်းပွဲများမှာ အရသာရှိလှသော်လည်း ယခုမူ အလကားဖြစ်သွားပေတော့မည်။ မုရူ၊ ယိဝမ်နှင့် သူမကြားမှဆက်ဆံရေးမှာ ပျမ်းမျှသာသာဖြစ်သည်။ ဆက်ဆံရေးမကောင်းလှဟုပင် ပြောနိုင်သည်။

သူမသည် အနုပညာနယ်ပယ်ထဲတွင် တက်သစ်စတစ်ဦးသာဖြစ်၏။ သူမသည် ရိုက်ကူးရေးအဖွဲ့သားများနှင့် ဆက်ဆံရေးကောင်းသော်လည်း ဤအမျိုးသမီးနှစ်ဦးမှာ ခြွင်းချက်ဖြစ်သည်။ မုရူမှာ မနာလိုစိတ်ပြင်းသောလူဖြစ်၏။ မုရူအရှေ့တွင် တစ်စုံတစ်ယောက်က ရှောင်ဟိုင်ချင်းအား ငယ်ရွယ်လှပသည်ဟု ချီးကျူးခဲ့သောကြောင့် မုရူသည် အလျဥ်းသင့်သလို သူမအား မကြာခဏ လှောင်ပြောင်ပစ်မှတ်ထားတတ်သည်။ သို့ရာတွင် ဤအမျိုးသမီး၌ ပက်စက်ယုတ်မာသော အကြံဆိုးများမရှိချေ။ ပုံမှန်အားဖြင့် ဤအသေးအဖွဲကိစ္စများမှာ ရှောင်ဟိုင်ချင်းအတွက် ထိခိုက်နစ်နာမှုမရှိသောအရာများသာဖြစ်၏။

သို့သော် ယိဝမ်မှာ ထိုသို့မဟုတ်ချေ။

သူမသည် ဇာတ်လမ်းတွဲများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော A အဆင့် နာမည်ကျော်စတားတစ်ဦးဖြစ်၏။ လက်ရှိအချိန်တွင် သူမသည် နာမည်ကြီးမှုထိပ်ဆုံးအဆင့်သို့ ရောက်နေသည်။ သူမသည် အပြင်ပန်းအရ နူးညံ့သိမ်မွေ့သော်လည်း တကယ်တမ်းတွင် မာနထောင်လွှားပြီး ဒါရိုက်တာမဟုတ်သော အခြားလူများကို အေးတိအေးစက်ဆက်ဆံတတ်သည်။ ယခုအချိန်ထိ ဇာတ်ညွှန်းတွင် ပြောကြားရသော ဒိုင်ယာလော့ခ်များမှအပ နှစ်ဦးသားသည် အပြင်ဘက်တွင် စကားတစ်ခွန်းမျှမပြောခဲ့ကြသည်မှာ ရက်ပေါင်းများစွာရှိပေပြီ။

ကျင်းယွင်ကျောင်းသည်လည်း အခြားသူများကို စကားမပြောတတ်သော မိန်းကလေးမျိုး ဖြစ်သော်ငြား သူမသည် ယိဝမ်နှင့် လုံးဝမတူပါချေ။ ယိဝမ်ဟူသည်မှာ မိမိထက်အားနည်းသူများကို ဖိနင်းတတ်သောလူစားမျိုးဖြစ်၏။ ကျင်းယွင်ကျောင်းမှာမူ လူတိုင်းကို ထိုနည်း၎င်းသာ တန်းတူညီမျှ ဆက်ဆံပေသည်။

သို့သော် သူတို့မှာ ရိုက်ကူးရေးတစ်ဖွဲ့တည်းတွင်ရှိပြီး သူမကိုယ်တိုင်မှာလည်း တက်သစ်စဖြစ်သောကြောင့် အပြင်ပန်းတွင် ဆက်ဆံရေးကောင်းကောင်းထားရန် ရှောင်ဟိုင်ချင်း ဆုံးဖြတ်လိုက်၏။

“ဒါရိုက်တာ၊ ခုနတုန်းက ကျွန်မ နည်းနည်းနေမကောင်းဘူးဖြစ်သွားတယ်၊ ကျွန်မအတွက်ပါ ဖြည့်ပြီးကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်နော်”

ဒါရိုက်တာခေါင်းငြိမ့်လိုက်သည်။

“ဒီနားချိန်မှာ ကောင်းကောင်းအနားယူပြီး နောက်တစ်ခန်းအတွက် ပြင်လိုက်ပေါ့”

ကျင်းယွင်ကျောင်းမပြုံးမိဘဲ မနေနိုင်ချေ။ ဒါရိုက်တာ၏စိတ်ထဲတွင် “နေမကောင်းပေမယ့် ထမင်းကိုတော့ ပျော်ပျော်ကြီးစားနိုင်သေးတယ်ပေါ့?” ဟုတွေးနေဟန်ထောက်၏။

“ဒါနဲ့ ဒါရိုက်တာ၊ ဒါပြီးရင် မိဖုရားဆောင် ဇာတ်လမ်းတွဲရိုက်မှာဆို?”

သူမ၏ဇာတ်ကောင်အများစုမှာ အူကြောင်ကြောင်နိုင်ပြီး ကြင်နာတတ်သော ဇာတ်ရုပ်များဖြစ်ပြီး ၎င်းတို့ကို ပရိသတ်များကြည့်ရသည်မှာ ပျင်းနေလေပြီ။ သူမသာ ဒါရိုက်တာ၏ နောက်ဇာတ်လမ်းတွဲတွင် အမျိုးသမီးဇာတ်ဆောင်နေရာရနိုင်လျှင် သူမ၏သရုပ်ဆောင်စတိုင်ကို ပြောင်းလဲနိုင်ရန် အခွင့်အရေးကောင်းဖြစ်၏။

“ဒီဇာတ်လမ်းတွဲကို ရိုက်ပြီးမှ ဆက်ပြောကြတာပေါ့”

သို့ရာတွင် ဒါရိုက်တာသည် သူမအား အဖတ်မလုပ်ချေ။ အစကတည်းကပင် စကားနည်းသောသူဖြစ်သည့်အပြင် ပါးစပ်ထဲသို့လည်း အစားအသောက်များ ထိုးသွပ်လိုက်သောကြောင့် ဆက်စကားပြော၍မရတော့ဘဲ ဖြစ်သွား၏။ ယိဝမ်သည် ပညာသားပါပါ အငြင်းခံလိုက်ရလေသည်။ သူမမျက်နှာသည် ရှက်ကိုးရှက်ကန်းဖြစ်သွားသော်ကြား အရိပ်အကဲသိသောကြောင့် ဆက်မမေးတော့ပေ။

ကျင်းယွင်ကျောင်းချက်ထားသော အစားအသောက်ပမာဏမှာ မနည်းလှချေ။ ယုတ္တိကျကျပြောရလျှင် လူနှစ်ဦးထပ်လာလျှင်ပင် လုံလောက်ဦးမည်ဖြစ်၏။ သို့ရာတွင် သူမသည် ဒါရိုက်တာ၏ စားနိုင်စွမ်းကို လျှော့တွက်မိသွားသည်။ ဒါရိုက်တာထလိုက်သောအချိန်တွင် သူ၏ရှေ့မှောက်ရှိ စားစရာများအားလုံး အပြောင်ရှင်းနှင့်ပြီးဖြစ်လေသည်။ ဟင်းရည်တစ်ပေါက်မျှပင် မကျန်ချေ။

“ဒါနဲ့ ရှောင်‌ရှောင်၊ ဒီနေ့ သရုပ်ဆောင်ရမယ့်အခန်းသိပ်မရှိဘူးမှတ်လား? သမီးအခန်းတွေကို အရင်ရိုက်ကြမလား? အဲ့လိုဆိုရင် တစ်ညလုံးစောင့်စရာမလိုတော့ဘူးပေါ့”

ဒါရိုက်တာသည် ကားထဲမှထွက်ပြီးသည်နှင့် လူတိုင်းရှေ့တွင် ပြောလိုက်၏။

ထိုအရာကိုကြားလိုက်သောအခါ ယိဝမ် မိန်းမောတွေဝေသွားသည်။

“ဒါရိုက်တာ၊ ဒီည ကျွန်မမှာ တက်စရာပွဲရှိ...”

“ဖျော်ဖြေရေးပွဲဆိုတာ နှစ်နာရီ၊ သုံးနာရီလောက်ဆို ရပြီ၊ မင်းသမီးက နေမကောင်းဘူးဆိုတော့ ပြန်အားဖြည့်ဖို့ အချိန်နည်းနည်းပေးရမှာပေါ့”

ထိုသို့ပြောပြီးနောက် ဒါရိုက်တာသည် အခြားသူများကို လှည့်ပြောလိုက်သည်။

“မူရင်းအခန်းတွေကို ရိုက်ဖို့ အသင့်ပြင်မယ်”

*****

All Chapters