← Chapters

အခန်း (၈၉၇-၉၀၀)

Vol. 45 Ch. 897-900

အခန်း (၈၉၇-၉၀၀)

Vol. 45 Ch. 897-900

Space and Rebirth 897

ရှောင်ဟိုင်ချင်းအတွက်မူ ဤသည်မှာ ကောင်းကင်ဘုံကပေးသနားသော လက်ဆောင်ဖြစ်၏။ တစ်ညနှင့် တစ်ဝက်မပြောနှင့် တစ်ညမျှသာ မနားမနေ အလုပ်လုပ်ရလျှင်ပင် မလွယ်ကူလှချေ။ ယခုမူ ထိုပြသာနာသည် ထမင်းတစ်ပွဲနှင့် ဖြေရှင်းပြီးလေပြီ။ ဒါရိုက်တာမှာ ဤမျှလောက် အစားမက်တတ်ကြောင်း သူမသိခဲ့လျှင် ကျင်းယွင်ကျောင်းဆီမှ ဟင်းချက်နည်းအချို့သင်ခဲ့မိပေမည်။

ရှောင်ဟိုင်ချင်းသည် ယိဝမ်နှင့် မုရူကို ဝေ့ကြည့်လိုက်၏။ မုရူမှာမူ သူမလိုပင် အလွန်ပျော်ရွှင်နေသည်။ သူမသည် ဤဆုံးဖြတ်ချက်ကြောင့် အကျိုးအမြတ်ရမည့်လူတစ်ဦးပင် မဟုတ်လော။ သို့ရာတွင် ယိဝမ်မျက်နှာမှာမူ သိပ်မကောင်းလှချေ။ သူမစိတ်ဓာတ်ကျသွားဟန်ရ၏။

သို့တိုင်အောင် ရှောင်ဟိုင်ချင်းမှာ ပြသာနာဖြစ်မည်ကို ကြောက်ရွံ့တတ်သည့်လူစားမျိုးမဟုတ်ပေ။ မူရင်းအခန်းများအား ဖြတ်လုခဲ့သည်မှာ ယိဝမ်ဖြစ်သောကြောင့် ယခုတွင် သူမသည် ၎င်းတို့အား ပြန်မရနိုင်တော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ ယိဝမ်ဒေါသထွက်ထွက်၊ မထွက်ထွက် သူမနှင့်မဆိုင်သောကိစ္စဖြစ်၏။

ဒါရိုက်တာ၏ဆုံးဖြတ်ချက်မှာ ရိုက်ကူးရေးတစ်ဖွဲ့လုံးနှင့် သက်ဆိုင်သည်။ ထို့အပြင် ရှောင်ဟိုင်ချင်းမှာလည်း ရိုက်ကူးရေးအဖွဲ့သားများကြားတွင် ကောင်းသတင်းရှိသောကြောင့် လူများစွာသည် သူမအတွက် စိတ်အေးသွားကြသည်။

ကျင်းယွင်ကျောင်းသည် ဒါရိုက်တာအား ယခုမှသာ အမြင်ကြည်တော့သည်။ စိတ်ရှိသလောက် စားသောက်ထားသောကြောင့် ဒါရိုက်တာသည် တက်ကြွအားတက်နေပြီး ရိုက်ကူးရေးကို ပြန်စတော့သည်။

ရှောင်ဟိုင်ချင်းသည်လည်း စိတ်ပျော်နေ၏။ ရိုက်ကူးရေးမှာ အချွတ်အချော်မရှိဘဲ ကောင်းကောင်းမွန်မွန် ရှေ့ဆက်နိုင်ခဲ့သည်။ မနက်က ယိဝမ်၏အခြေအနေနှင့်ယှဥ်လိုက်လျှင် ယခုမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်၏။ ထိုမျှမက ဒါရိုက်တာသည် ယခင်ကထက် များစွာစိတ်ကြည်လင်လာသည်ဟု လူတိုင်းကခံစားမိလိုက်သည်။ တစ်ခန်းရိုက်ကူးပြီးတိုင်းတွင် သူသည် ရှောင်ဟိုင်ချင်းအား အလွန်ဂရုတစိုက်ရှင်းပြပေးတတ်၏။ ဤသည်မှာ ရှားပါးလွန်းလှဿည်။

ဒါရိုက်တာဝမ်မှာ အလွန်နာမည်ကြီးသောသူဖြစ်သည်။ နာမည်ကြီးစတားများစွာသည် သူ့အားမြင်လိုက်လျှင် ယဥ်ယဥ်ကျေးကျေးဆက်ဆံရ၏။ သူ၏လမ်းပြသွန်သင်မှုအား ခံယူနိုင်ခဲ့သော အနုပညာရှင်အများစုသည် အနာဂတ်တောက်ပတတ်စမြဲဖြစ်သည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့ထဲတွင်‌ ရှောင်ဟိုင်ချင်းသည် ချက်ချင်းဆိုသလိုပင် အဆင့်တက်သွားတော့သည်။

ထိုအချိန်တွင် ယိဝမ်မှာ သူမလက်သီးများကို ဆုပ်ထား၏။ သူမသည် ကားဆီသို့ပြန်လိုက်ပြီး လူတစ်ဦးအား ဖုန်းဆက်ရန် သူမ၏မန်နေဂျာကို စေခိုင်းလိုက်သည်။

ကျင်းယွင်ကျောင်းနှင့် ဟော်ထျန်းရှန်းမှာ ရှောင်ဟိုင်ချင်း၏ရိုက်ကူးရေးကို ကြည့်နေကြ၏။ ၎င်းအား အလွန်စိတ်ဝင်စားစရာကောင်းလှသည်ဟု နှစ်ဦးသားမြင်ပေသည်။ သို့ရာတွင် တစ်နာရီခန့်ကြာသောအခါ သတင်းထောက်အချို့သည် ရုတ်ချည်းဆိုသလို ရိုက်ကူးရေးအဖွဲ့သားများနား ချည်းကပ်လာပြီး ယိဝမ်၏ကားဆီသို့ အုံလာကြတော့သည်။

“ယိဝမ်၊ အစက ရိုက်ဖို့လုပ်ထားတဲ့ ဇာတ်ဝင်ခန်းကို ကျောထောက်နောက်ခံရှိတဲ့ တက်သစ်စတစ်ယောက်ဆီက ဖြတ်လုခံလိုက်ရတယ်လို့ သတင်းရတယ်၊ အဲဒါအမှန်ပဲလား?”

“အဲ့လိုမဟုတ်ပါဘူး၊ ဒါရိုက်တာက အမြဲတမ်းလူတိုင်းကို တန်းတူညီမျှဆက်ဆံပါတယ်၊ ကျွန်မအခန်းကလည်း အစက ညပိုင်းမှာရိုက်ဖို့ လျာထားတာပါ”

ယိဝမ်ပြုံးလိုက်သည်။

“အဲ့လိုဆိုရင် ဘာလို့ အခုချိန်မှာ ရိုက်ကူးရေးအဖွဲ့ထဲ ထိုင်စောင့်နေတာလဲ? ဒီတက်သစ်စသာ ဇာတ်ဝင်ခန်းတွေ လုနိုင်သွားရင် မင်းသမီးကို ကြီးကြီးမားမားထိခိုက်သွားမှာမဟုတ်ဘူးလား? ဇာတ်ဝင်ခန်းတစ်ခုထဲက မင်းသမီးရဲ့အပိုင်းကိုလည်း သူရသွားတယ်ကြားတယ် အဲဒါအမှန်ပဲလား?”

သတင်းထောက်မှ ထပ်မေးလိုက်ပြန်သည်။

“မိန်းမစိုးနန်းတော်” ဟူသောဇာတ်လမ်းတွဲသည် ယခုတစ်လောပိုင်းတွင် အလွန်ရေပန်းစားနေ၏။ သူတို့စတင်ရိုက်ကူးစဥ်ကလည်း လာရောက်ကြည့်ရှုကြသော သတင်းထောက်များရှိခဲ့သည်။ သို့ရာတွင် ထုတ်လုပ်ရေးအဖွဲ့၏ဒါရိုက်တာမှာ သူ၏ဒေါသကြောင့် နာမည်ကြီးသူဖြစ်ပေသည်။ သူ၏ထုတ်လုပ်ရေးအဖွဲ့နှင့်ပတ်သတ်၍ သတင်းမရှိသလောက်နီးပါးဖြစ်သည်။ ယခုတွင်မူ ရှားရှားပါးပါး အငြင်းပွားမှုဖြစ်နေသောကြောင့် သတင်းထောက်များသည် အပြေးအလွှားလာရောက်၍ စုံစမ်းကြတော့သည်။

ယိဝမ်သည် နေရခက်နေသောဟန်ဖြင့် သတင်းထောက်အား ဝေ့ကြည့်လိုက်သည်။ သို့ရာတွင် သူမ၏အကြည့်ကြောင့် သတင်းထောက်၏အမြင်တွင် သူမသည် မတရားခံနေရသောပုံစံ ပေါက်သွားစေ၏။

ထိုသတင်းအားရရှိလိုက်ပြီးနောက် သူသည် ယိဝမ်အား ဓာတ်ပုံတစ်ပုံရိုက်ကာ အင်တာနက်ပေါ်တွင် စာနှင့်တကွ တွဲတင်လိုက်သည်။ သူသည် ရိုက်ကူးရေးအစက လာရောက်ကြည့်ရှုခဲ့သောကြောင့် ထိုတက်သစ်စမှာ မည်သူဖြစ်ကြောင်း အလိုလိုသိနေလေသည်။ ထို့ကြောင့် ရှောင်ဟိုင်ချင်းပုံကိုပါ တွဲတင်လိုက်သည်။ သတင်းခေါင်းစဥ်မှာ “ရှက်ဖွယ်ကောင်းသောကိစ္စကြီး! ကျောထောက်နောက်ခံကြီးသည့် တက်သစ်စတစ်ဦးမှ ဇာတ်ဝင်ခန်းများဖြတ်လုပြီး ယိဝမ်အား နာရီပေါင်းများစွာ စောင့်ဆိုင်းခိုင်းခြင်း!”

ယိဝမ်၏ပရိသတ်များသည်လည်း သူမ၏ဇာတ်လမ်းတွဲသတင်းအား နားစွင့်နေကြသောကြောင့် ဤသတင်းထွက်လာသောအခါ ချက်ချင်းဆိုသလိုပင် ဟုန်းဟုန်းထသွားတော့သည်။ သူမပရိသတ်များသည် အစက ရှောင်ဟိုင်ချင်း၏ရိုက်ကူးနေပုံကို ဓာတ်ပုံရိုက်ခဲ့သော်လည်း အဝေးမှဖြစ်သောကြောင့် သူမ၏ပုံရိပ်ကိုသာ အကြမ်းဖျင်းမြင်ရသည်။

“ဒီခွေးမက အကျင့်ကောင်းတဲ့လူမဟုတ်တာ သေချာတယ်၊ အစကတည်းက တတိယမင်းသမီးနေရာမှာ သရုပ်ဆောင်နေတာဆိုတော့ ဇာတ်ဝင်ခန်းတွေ အများကြီးရှိနေပြီမဟုတ်ဘူးလား! ဇာတ်လမ်းထဲ များများပါနိုင်အောင် ဒါရိုက်တာနဲ့ အိပ်ခဲ့တာပဲဖြစ်မယ်!”

“ဒါရိုက်တာဝမ်က မျှတတဲ့လူပဲ၊ မသိဘဲနဲ့ ရမ်းသမ်းမပြောနဲ့၊ သူဒါရိုက်တာနဲ့ အိပ်ခဲ့တာမဖြစ်လောက်ဘူး ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်နဲ့ အိပ်ခဲ့တာပဲဖြစ်မှာ”

“ဒီသောက်ကျင့်မကောင်းတဲ့ခွေးမနာမည်က ရှောင်ဟိုင်ချင်းတဲ့၊ အခုမှ ၁၈ နှစ်ပဲရှိသေးတယ်၊ သူ့မှာ ကျောထောက်နောက်ခံမရှိဘူးလို့ ငါ့ကိုဓားထောက်ပြောရင်တောင် မယုံဘူး!”

...

ရုတ်ချည်းဆိုသလို ယိဝမ်၏ Weibo တွင် အုန်းအုန်းကြွနေတော့သည်။ ကောမန့်အများစုမှာ ရှောင်ဟိုင်ချင်းအား ဆဲဆိုထားပြီး သူမအားနှစ်သိမ့်ထားသောစကားများဖြစ်၏။

*****

Space and Rebirth 898

စိတ်နောက်ကျိစရာကောမန့်များ ထွက်လာသည်နှင့် တစ်စုံတစ်ယောက်သည် ချက်ချင်းဆိုသလို ရိုက်ကူးရေးအဖွဲ့အား ဆက်သွယ်လိုက်၏။ မကြာခင်တွင် ဒါရိုက်တာလည်း ထိုကိစ္စအား သိသွားတော့သည်။ သတင်းထောက်အရေအတွက်မှာလည်း တဖြည်းဖြည်းဖြင့် တိုးလာသောကြောင့် သူ့အတွက် ခေါင်းကိုက်စရာဖြစ်နေပေသည်။

ကျင်းယွင်ကျောင်းသည် အစကအခြေအနေကို မသိခဲ့သော်လည်း သတင်းထောက်များနှင့် ယိဝမ်ပရိသတ်များ ရောက်လာသောကြောင့် သူမနားမလည်ချင်ခဲ့လျှင်ပင် အရာအားလုံးကို ရှင်းရှင်းလင်းလင်းသိသွားတော့သည်။ သူမသည် ချက်ချင်းဆိုသလို ရှောင်ဟိုင်ချင်း၏ ဖန့်ပေချ့် Weibo အကောင့်ထဲဝင်ကာ ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ယိဝမ်၏ပရိသတ်များက ထိုအကောင့်အား ရှာဖွေတွေ့ရှိသွားပြီး အချိန်တိုအတွင်းတွင် သူမအားဆဲဆိုထားကြသော ကောမန့်အရေအတွက်မှာ ထောင်သောင်းချီနေပေပြီ။ ထို့အပြင် ယခုအချိန်ထိ အရေအတွက်မှာ တဖြည်းဖြည်း တိုးမြင့်လာနေသေး၏။

“ဒီမိန်းမက တကယ်သရုပ်ဆောင်တတ်တာပဲ”

ဟော်ထျန်းရှန်းသည် ထိုသတင်းကိုကြားသောအခါ ယိဝမ်ရှိနေသောနေရာသို့ မျက်စောင်းထိုးကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် ဒါရိုက်တာမှာ သတင်းထောက်များစွာ၏ ဝန်းရံခြင်းကို ခံနေရသည်။ ကင်မရာများသည် ရှောင်ဟိုင်ချင်းကိုဦးတည်၍ တဖျတ်ဖျတ်ရိုက်နေကြ၏။ ရှောင်ဟိုင်ချင်းသည် ထိတ်ထိတ်ပျာပျာဖြစ်မနေပေ။ သူမသည် ရိုက်ကူးရေးလုပ်နေဆဲဖြစ်သည်။ မည်သည့်ကိစ္စများဖြစ်ပွားနေသည်ကို သူမမသိသော်ငြား သူမသာ ကောင်းကောင်းသရုပ်မဆောင်နိုင်လျှင် အနာဂတ်၌ သူမ၏နာမည်အစွန်းအထင်းဖြစ်မည်ဖြစ်ကြောင်း သိနေလေ၏။

“ဒါရိုက်တာဝမ်၊ ရှင်းဟန်ဇာတ်ရုပ်အတွက် ပြိုင်ဆိုင်ခဲ့ကြတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးရှိတယ်လို့ကြားတယ်၊ ဘာလို့ အခုမှ အနုပညာလောကထဲ ခြေစလှမ်းတဲ့ တက်သစ်စ ရှောင်ဟိုင်ချင်းကို ရွေးချယ်ခဲ့တာလဲ?”

သတင်းထောက်တစ်ဦးမှ မာန်ပါပါဖြင့် မေးလိုက်သည်။

ဒါရိုက်တာမှ ဒေါသထွက်လွန်းသဖြင့် မျက်နှာများနီမြန်းနေလေပြီ။ ယနေ့တွင် ရိုက်ကူးရေး၌ ခရီးပေါက်ရန် မလွယ်ကူခဲ့ပေ။ ယခုတွင်လည်း ဤကိစ္စမျိုး ဖြစ်ပြန်သည်။

သူသည် အနုပညာလောကထဲတွင် ရှိသည်မှာ ကြာပြီဖြစ်၍ ခေါင်းဆောင်မင်းသမီး၏ အရေးကြီးမှုကို နားလည်သဘောပေါက်၏။ ပရိသတ်များ၏လှုံ့ဆော်မှုအားကိုလည်း သိထားလေသည်။ ထို့ကြောင့် ယိဝမ်မျက်နှာပျက်စေမည့်အရာများအား တစ်ခုမှ မပြောနိုင်ချေ။

“ဒါတွေအားလုံးက သူ့ပါရမီကြောင့်ပါ၊ ရှောင်ရှောင်က ကျွန်တော်အများကြီးမျှော်မှန်းထားတဲ့ မင်းသမီးတစ်လက်ပါပဲ၊ သူ့မှာ အနာဂတ်ကောင်းကောင်းရှိတယ်လို့ ပြောရမှာပေါ့၊ ရှင်းဟန်ဇာတ်ရုပ်ကိုလည်း သူကျွမ်းကျွမ်းကျင်ကျင်သရုပ်ဆောင်နိုင်ခဲ့တယ်”

ဒါရိုက်တာမှ မဆိုင်းမတွပြောလိုက်သည်။

“ဒါပေမယ့် လူရွေးပွဲမှာ လုပ်လေ့လုပ်ထရှိတဲ့လမ်းစဥ်အတိုင်း အရွေးမခံခဲ့ဘူးလို့ ကြားတယ်၊ အနုပညာလောကထဲက သြဇာရှိတဲ့လူတစ်ယောက်က မိတ်ဆက်ပေးထားတာဆို? အဲ့လူက ဘယ်သူများလဲဗျ?”

သတင်းထောက်မှ ထပ်မေးလိုက်ပြန်၏။

“ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ရဲ့ အရည်အချင်းကိုပဲ ကြည့်တတ်တယ်ဆိုတာ အားလုံးသိတဲ့အချက်ပါ”

“ဒါရိုက်တာပြောချင်တာက ရှောင်ဟိုင်ချင်းကို လူတစ်ယောက်ယောက်က သွင်းပေးခဲ့တယ်ဆိုတဲ့သဘောလား?”

ဒါရိုက်တာ၏မျက်နှာအေးစက်သွားသည်။

ရှောင်ဟိုင်ချင်းလည်း စိတ်မပျော်တော့ချေ။ ကျင်းယွင်ကျောင်းသည် ကောမန့်များအားကြည့်ကာ လူသတ်ချင်သည့်ပုံပေါက်နေ၏။

သူမသည် ဤအကောင့်အား လွန်ခဲ့သောရက်ပိုင်းအတွင်း ကိုင်ထားစဥ်က အမြဲတစေ ငြိမ်းချမ်းပြီး ဖော်ရွေနေခဲ့သည်။ ယခုမူ ရိုင်းစိုင်းအောက်တန်းကျသောလူအပေါင်း၏ စုဝေးရာနေရာဖြစ်နေလေပြီ။ သူမဆက်သည်းမခံနိုင်တော့ပေ။

ကျင်းယွင်ကျောင်းသည် သတင်းထောက်များ၊ ပရိသတ်များ၏ နှစ်သိမ့်ခြင်းကို ခံနေရသော ယိဝမ်အားကြည့်ကာ ဟမ့်ခနဲအသံပြုလိုက်သည်။ စဥ်းစားကြည့်လိုက်ပြီးနောက် သူမသည် ရှန်တုန်းအား ဖုန်းတစ်ချက်ဆက်လိုက်၏။

“အန်တီတုန်း၊ အန်တီ့ကို အကူအညီတောင်းချင်တာလေး တစ်ခုရှိလို့ပါ...ဗီဒီယိုအတိုအထွာလေးတစ်ခုရိုက်ပေးဖို့ပါပဲ...ဟုတ်ကဲ့...”

ဖုန်းပြောသောအချိန်မှာ တိုတောင်းလှသော်လည်း မကြာမီတွင် ရှန်တုန်းသည် ဗီဒီယိုတစ်ခုကို ပို့လိုက်လေ၏။

ကျင်းယွင်ကျောင်းသည် တစ်ကြိမ်မျှစစ်ဆေးကြည့်ရှုပြီးနောက် ထိုဗီဒီယိုအား ချက်ချင်းတင်လိုက်တော့သည်။

“ရှန်တုန်း? ဒါက ရှန်တုန်းနဲ့ဘာဆိုင်လို့လဲ?”

နံဘေးရှိ သတင်းထောက်များသည် ဇဝေဇဝါဖြစ်ကုန်တော့သည်။ တစ်ပြိုင်နက်တည်းတွင် သူတို့အားလုံးသည် ဖုန်းများကိုဖွင့်ကာ ကျင်းယွင်ကျောင်း၏ Weibo ထဲဝင်ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလို ကြောင်အမ်းသွားကြတော့၏။

မကြာသေးမီကပင် “ယွင်ရှောင်” ဟူသော အကောင့်ပိုင်ရှင်သည် ဗီဒီယိုတစ်ခုအား တင်ထားခဲ့သည်။ နှစ်ပေါင်းများစွာကြာသည်အထိ သရုပ်‌ဆောင်လောကမှ တရားဝင်အငြိမ်းစားယူခဲ့သော ရှန်တုန်းသည် ကင်မရာအား လေးလေးနက်နက်ကြည့်ကာ စကားပြောနေ၏။

“အင်တာနက်ပေါ်မှာ ရှောင်ဟိုင်ချင်းနဲ့ပတ်သတ်လို့ ရုတ်တရတ်ပေါ်လာတဲ့ ကောမန့်တွေကို ဖတ်ရတာ ကျွန်မအရမ်းစိတ်မကောင်းဖြစ်မိတယ်၊ ‘မိန်းမစိုးနန်းတော်’ ဇာတ်လမ်းအတွက် လူခေါ်တုန်းက ဒါရိုက်တာဝမ်မှာ ရှင်းဟန်ဇာတ်ရုပ်အတွက် သင့်တော်တဲ့လူမရှာနိုင်လို့ အရမ်းကိုစိတ်ဖိစီးနေခဲ့တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလည်း ရှောင်ဟိုင်ချင်းကို တွေ့ခဲ့ပြီး သူ့အလားအလာနဲ့စွမ်းဆောင်ရည်က ကျွန်မကို အံ့သြစေခဲ့တယ်၊ ဒါကြောင့်မို့ပဲ သူ့ကို ဒါရိုက်တာဝမ်ဆီ ညွှန်းပေးခဲ့တာပါ...”

ဗီဒီယိုမှာ အလွန်တိုတောင်းသော်လည် လွှမ်းမိုးနိုင်မှုအပြည့်ရှိ၏။

ရှန်တုန်းသည် သရုပ်ဆောင်လောကမှ အငြိမ်းစားယူထားသည်မှာ အနှစ်နှစ်ဆယ်ရှိပေပြီ။ လူတိုင်းနီးပါး၏နှလုံးသားထဲတွင် သူမသည် နေရာတစ်ခုရှိ၏။ ယခင်က သူမသရုပ်ဆောင်ခဲ့သောဇာတ်ရုပ်များမှာလည်း အလွန်လှပကြော့ရှင်းပေသည်။ ယခု သူမအား ပြန်မြင်လိုက်ရသောအခါ သူမရုပ်ရည်မှာ သိပ်မပြောင်းလဲကြောင်း သိလိုက်ကြရသည်။ လှဂုဏ်မပျောက်ဆုံးဘဲ ရင့်ကျက်မှုအငွေ့အသက်မျာသာ ဆင့်တိုးလာလေသည်။

*****

Space and Rebirth 899

ရှန်တုန်းသည် ဗီဒီယိုထဲတွင် မလိုလားအပ်သောအရာများကို မပြောခဲ့ချေ။ ရှောင်ဟိုင်ချင်း၏ လူရွေးပွဲအကြောင်းသာ ရှင်းပြပြီး သူမအား လူတိုင်းမှ အားပေးရန် မျှော်လင့်ကြောင်းသာ ပြောပြခဲ့သည်။ သို့သော် စကားလုံးအနည်းငယ်ခန့်ဖြင့် လူထု၏သဘောထားသည် ချက်ချင်းဆိုသလို ပြောင်းလဲသွား‌တော့သည်။

ရှန်တုန်းသည် တရုတ်ပြည်မသို့ ပြန်ရောက်ပြီးနောက် သူမအား အင်တာဗျူးချင်ခဲ့သော မီဒီယာဌာနများရှိခဲ့သော်လည်း သူမသည် ၎င်းတို့အားလုံးကို ငြင်းဆိုခဲ့၏။

သူမတွင် အာဏာနှင့် လွှမ်းမိုးနိုင်မှုမရှိတော့သော်လည်း အနုပညာလောကထဲတွင် တုနှိုင်းမမှီနိုင်သော အဆင့်အတန်းတစ်ခုရှိပေသည်။ ထို့ကြောင့် သူမအား ပရိသတ်ရှေ့မှောက်သို့ ဆွဲခေါ်ရန် သတင်းထောက်များစွာက တတ်နိုင်သမျှကြိုးစားခဲ့ကြသော်လည်း ယခုမူ ထိုအရာကို ရှောင်ဟိုင်ချင်းမှ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပေသည်။

“ညီမလေးရှောင်၊ ရှန်တုန်းနဲ့ဘယ်လိုဆက်ဆံရေးရှိတာလဲ? အမျိုးတွေလား?”

ရုတ်ချည်းဆိုသလို သတင်းထောက်များသည် ရှောင်ဟိုင်ချင်းဘေးနားသို့ တိုးတိုက်ဝင်သွားပြီး မေးလိုက်၏။ သူမအား ခေါ်ဝေါ်ပုံပင်လျှင် ပို၍နူးညံ့သွားသည်။

ရှောင်ဟိုင်ချင်း စကားစရှာမရဖြစ်သွား၏။ သူမသည် ကျင်းယွင်ကျောင်းရှိရာသို့ ဝေ့ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း၏အပြုံးကို မြင်လိုက်ရသည်။ ထိုအခါ သူမသည် ချက်ချင်းသဘောပေါက်သွားတော့သည်။

“မဟုတ်ပါဘူး၊ တစ်ခါလောက်ပဲ အခွင့်အခါကြုံလို့ တွေ့ခဲ့ရတာပါ သူသာ ကျွန်မကို ဒါရိုက်တာဝမ်ဆီ မမိတ်ဆက်ပေးခဲ့ရင် ကျွန်မမှာ လူရွေးပွဲဝင်ဖြေဖို့တောင် အခွင့်အရေးရှိခဲ့မှာမဟုတ်ပါဘူး”

ရှောင်ဟိုင်ချင်း အမှန်အတိုင်းသာ ပြောလိုက်သည်။

သူမသည် စကားကို လှလှပပပြောခဲ့ပေ၏။ သူမသည် လူရွေးပွဲဖြေရန် အခွင့်အရေးသာတောင်းခဲ့ကြောင်း၊ ရှင်းဟန်ဇာတ်ရုပ်အား တိုက်ရိုက်မတောင်းခဲ့ကြောင်း အခြားသူများအား သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

များမကြာမီတွင် သတင်းထောက်များသည် သူမအား ပစ်မှတ်ထား၍ မေးခွန်းများတရစပ်မေးကြသော်လည်း ရှောင်ဟိုင်ချင်းပုံစံမှာ အစမှအဆုံးအထိ သိပ်မပြောင်းလဲချေ။ သူမသည် ရှန်တုန်းအကြောင်းပြောလျှင်ပင် ယဥ်ကျေးနှိမ့်ချမှုအပြည့်ရှိနေ၏။ သူမအပြုံးသည် တောက်ပကာ လှပနေသောကြောင့် အခြားသူများသည် သူမအား အကောင်းမမြင်မိဘဲ မနေတော့ချေ။

ရှန်တုန်းမှာ အနုပညာလောကထဲတွင် ဝါရင့်တစ်ဦးဖြစ်ပြီး မင်းသားကြီး၊ မင်းသမီးကြီးများနှင့်သာမက ဒါရိုက်တာများနှင့်ပါ ရင်းနှီး၏။ သူမ၏မျက်နှာအား ပထမဆုံးပြခြင်းမှာ တက်သစ်စတစ်ဦးအတွက်ဖြစ်သောကြောင့် သတင်းထောက်များသည်လည်း သူမမျက်နှာကို ထောက်ရပေတော့မည်။

ယိဝမ်မှာ အမှန်တကယ်ပင် ရေပန်းစားလှသော်လည်း သူမကဲ့သို့ အနုပညာရှင်များစွာရှိပေသည်။ ဇာတ်လမ်းတွဲအချို့ကြောင့် နာမည်ထောင်တက်လာသော်လည်း များမကြာမီတွင် အခြားသူများနှင့် အစားထိုးခံရတတ်စမြဲဖြစ်သည်။ ရှန်တုန်းနှင့် ယှဥ်၍မရပေ။

ထို့အပြင် ဒါရိုက်တာဝမ်၏ အမွမ်းတင်မှုသာမက ရှန်တုန်း၏ကာကွယ်မှုပါ ပေါင်းစပ်လိုက်လျှင် အနာဂတ်၌ ရှောင်ဟိုင်ချင်းအခြေအနေ ပြောင်းလဲသွားနိုင်ပေသည်။ သူမပေါ်ပေါ်လာပုံနှင့် သူမ၏ပြုမူပြောဆိုပုံမှာ အမှန်တကယ်ပင် တစ်မူထူးခြားလှ၏။ နောက်ပိုင်းတွင် သူမသည် သူတို့ဖားရမည့်လူဖြစ်လာနိုင်သည်။

ထိုအချိန်ရောက်လာလျှင် သူတို့သည် သူမအား ကောင်းကောင်းမဆက်ဆံချင်လျှင်ပင် စကားများကို သေချာရွေးချယ်ရလိမ့်မည်။

“ညီမလေးရှောင်၊ လူတွေပြောတာတော့ ညီမလေးက ယိဝမ်ကို စောင့်ရအောင်လုပ်ခဲ့တယ်တဲ့ ဘာတွေဖြစ်နေတာများလဲ?”

နောက်သတင်းထောက်တစ်ဦးမှ မေးလိုက်သည်။

ရှောင်ဟိုင်ချင်း ထပ်လောင်းပြောလိုက်၏။

“နားလည်မှုလွဲတာဖြစ်မှာပါ၊ ဒီနေ့ မိန်းကလေးမုရူနဲ့ ကျွန်မက ရိုက်ကွင်းကို ငါးနာရီကျော်မှာ ရောက်ခဲ့တယ်၊ ခဏနေကျတော့ မိန်းကလေးယိဝမ်က ညပိုင်းမှာ ရှိုးပွဲတစ်ခုအတွက် ပြင်ဆင်ရမှာမို့ ကျွန်မတို့ အခန်းတွေကို ယာယီဆိုင်းငံ့လိုက်တယ်၊ မူရင်းအစီအစဥ်ကို ပြန်ပြောင်းလိုက်ရတဲ့အကြောင်းရင်းက မိန်းကလေးယိဝမ်ရဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းခက်ခဲတာမို့ ရိုက်ကူးရေးလုပ်ရတာ အဆင်မပြေဖြစ်သွားလို့ပါ”

ကျင်းယွင်ကျောင်းနှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။

ရှောင်ဟိုင်ချင်းသည် အရိပ်ပြအကောင်မမြင်တတ်သော ငတုံးမတစ်ဦးမဟုတ်ပေ။ သတင်းထောက်များသည် ရုတ်ချည်းဆိုသလို ဘယ်နေရာကမှန်းမသိ ပေါက်ချလာသောကြောင့် နောက်ကွယ်မှ အကြောင်းရင်းမှာ မည်သူဖြစ်ကြောင်းကို လွယ်ကူစွာပင် သဘောပေါက်ပေသည်။

သို့သော် ယခုတွင် ယိဝမ်မှာ နာမည်ကြီးနေသောကြောင့် သူမသည်သာ ယိဝမ်အား ရန်စနေလျှင် ဒုက္ခခံရမည့်သူမှာ သူမသာဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ယိဝမ်ဘက်မှ နေပေးသည်က အကောင်းဆုံးရွေးချယ်မှုဖြစ်ပေသည်။

ဇာတ်ဝင်ခန်းများမှာ အမှန်တကယ် ခက်ခဲသည်၊ မခက်ခဲသည်ကိုမူ....ဇာတ်လမ်းထုတ်လွှင့်သောအချိန်တွင် သိကြပေလိမ့်မည်။ ပရိသတ်များ၏အမြင်သည် စူးရှပေသည်။

ခက်ခဲမှုအဆင့်အရပြောရလျှင် ရှင်းဟန်၏ဇာတ်ဝင်ခန်းများမှာ အရှုပ်ထွေးဆုံးနှင့် အခက်ခဲဆုံးဖြစ်သည်။

“မုရူတို့ ယိဝမ်တို့ကို တရင်းတနှီးမခေါ်ရတဲ့အကြောင်းရင်းက သူတို့နဲ့ ဆက်ဆံရေးအဆင်မပြေလို့များလား?”

သတင်းထောက်တစ်ဦးမှ တစ်ခုခုလွဲနေသည်ဟု ခံစားမိလိုက်သည်။

ရှောင်ဟိုင်ချင်းပြုံးလိုက်၏။

“အစ်မယိဝမ်နဲ့ မုရူက ဇာတ်လမ်းထဲမှာ သခင်မလေးတွေအဖြစ် သရုပ်ဆောင်နေတာမို့ ကျွန်မသူတို့ကို နာမည်ပြောင်ပေးထားတာပါ”

သတင်းထောက်သည် အံ့သြသွားတော့၏။

လူတိုင်းတွင် ဦးနှောက်ရှိသော်လည်း ဤမျှလောက် ဖြတ်ထိုးဉာဏ်ရှိသော မင်းသမီးအား တွေ့ရန် ခက်ခဲပေသည်။

“ဒါဆို ညီမလေးရှောင်က ဇာတ်လမ်းတွဲထဲက မုရူနဲ့ ယိဝမ်ရဲ့ သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ပြောစရာများရှိလား?”

သတင်းထောက်သည် ဆက်လက်သတင်းနှိုက်နေဆဲဖြစ်၏။

“သူတို့ရဲ့သရုပ်ဆောင်မှု? ကျွန်မက အခုမှတက်သစ်စဆိုတော့ ပရိသတ်အမြင်နဲ့ပဲ ပြောလို့ရမယ် တစ်ပြိုင်နက်တည်းမှာ...အံ့သြစရာကောင်းပြီး မိုက်လည်းမိုက်တဲ့အပြင် သနားစရာလည်းကောင်းတယ်လို့ပြောရမယ်...ဒါပေမယ့် နှစ်ယောက်လုံးက ဇာတ်လမ်းထဲမှာ ရန်ဘက်တွေဆိုတော့ သူတို့ကိုချီးကျူးလွန်သွားရင် ဇာတ်လမ်းကို မညှာရာကျသွားလိမ့်မယ်၊ ဒါရိုက်တာဝမ် ကျွန်မကိုဆူတာမခံနိုင်ပါဘူးရှင် အဲ့တော့ အစ်မတို့ အစ်ကိုတို့ပဲ ကျွန်မကိုလွှတ်ပေးကြပါ”

Space and Rebirth 900

ရှောင်ဟိုင်ချင်းသည် စကားပြောပြီးနောက် သူမအနီးရှိလူတိုင်း သက်မချလိုက်တော့သည်။ သူမသည် မဆင်မခြင်ဖြင့် တစ်ခုခုမှားပြောမိပြီး မိမိအတွက်လည်းအကျိုးမရှိ တစ်ပါးသူများကိုလည်း ထိခိုက်စေနိုင်မည့်စကားများထွက်သွားမည်ကို ဒါရိုက်တာဝမ်ကြောက်နေမိခဲ့သည်။ ယခုမူ သူမစကားများကို ကြားလိုက်သောအခါတွင် သူမကဲ့သို့ ပါရမီရှင်မျိုးမှာ ရှားလှသည်ဟု ခံစားမိလိုက်၏။

ဤမျှလောက် အသက်ငယ်ငယ်ရွယ်ရွယ်တွင် သူမသည် စကားကိုရှေ့တိုးနောက်ဆုတ်တတ်ပေသည်။ သူမသည် ရှားပါးလှသော မျိုးစေ့တစ်စေ့ဖြစ်၏။

မန်နေဂျာဖြစ်သူ လင်လင်းပင်လျှင် နှလုံးခုန်သံမြန်လာသော သူမရင်ဘတ်ကို ပွတ်ကာ သက်မကြီးချလိုက်တော့သည်။

ရှောင်ဟိုင်ချင်းအား ပထမဆုံး အလုပ်အပ်စဥ်က သူမသည် အနည်းငယ်စိတ်ပူနေခဲ့သည်။ အဓိကအားဖြင့် ဤမိန်းကလေးသည် လှပပြီး အခြားသူများအား မိန်းမောတွေဝေစေသောခံစားချက်မျိုးရှိသောကြောင့်ဖြစ်၏။ ဤသို့သောပုံစံမျိုးသည် လွယ်လင့်တကူဖြင့် ပြသာနာများစွာကို ဖိတ်ခေါ်နိုင်ပေသည်။ သူမသာ ပါးနပ်မှုမရှိလျှင် ဤလမ်းမှာ လျှောက်ရလွယ်ကူမည်မဟုတ်ပေ။ သို့သော် ယခုတွင် သူမအတွေးလွန်သွားဟန်ရ၏။

သို့ရာတွင် ထိုအချိန်၌ အချို့လူများပျော်နေပြီး အချို့မှာမူ ဒေါသထွက်နေသည်။ ဘေးသို့ပထုတ်ခံလိုက်ရသော ယိဝမ်၏မျက်နှာသည် အလွန်အမင်းပျက်နေလေသည်။

ရှောင်ဟိုင်ချင်း၏စကားများမှာ...ပရိသတ်များအား မျှော်လင့်ချက်ကြီးအောင် လုပ်နေသည်မဟုတ်လော? ထိုစကားနှင့်တန်အောင် သူမမကြိုးစားလျှင် သေချာပေါက်ပရိသတ်၏ဆဲဆိုခြင်းကို ခံရပေမည်။

ဤဇာတ်ကားထဲတွင် အချောအလှများပေါများပြီး အလွန်ပြိုင်ဆိုင်မှုကြီးသောကြောင့် သူမမငြင်းဆိုနိုင်ပေ။ သူမသည် နှိမ့်ချချင်ယောင်သာဆောင်နိုင်၏။ သို့ရာတွင် ၎င်းမှာအကျိုးမရှိပေ။

ဤမိန်းကလေးသည် သူမအားနင်းကာ အပေါ်သို့တက်ရန် ကြိုးစားနေ၏။

ဒါရိုက်တာမှ သူမအပေါ် ကောင်းနေသည်မှာ မထူးဆန်းပါချေ။ ရှန်တုန်းမှ မိတ်ဆက်ပေးထားသောလူဖြစ်သောကြောင့်ပေတည်း။

ယိဝမ်သည် တိတ်တခိုးဖြင့် အံကိုကြိတ်လိုက်သည်။ အနုပညာလောကထဲတွင် ရှန်တုန်း၏လွှမ်းမိုးမှုကို သူမသိနေသောကြောင့် ထင်တိုင်းကြဲ၍မဖြစ်ပေ။ ရှောင်ဟိုင်ချင်းမှာ တတိယမင်းသမီးသာဖြစ်သည့်အပြင် သူမ၏ငယ်ရွယ်သောအသက်ကြောင့် လမ်းများစွာလည်းပွင့်သေးမည်မဟုတ်ချေ။ ထို့ကြောင့် သူမနှင့်ယှဥ်ပြိုင်စရာအကြောင်းမရှိချေ။ ဤအသေးအဖွဲကိစ္စအား စိတ်မပူတော့ရန်သာ ဆုံးဖြတ်လိုက်တော့၏။

ယိဝမ်သည် သက်မကိုချပြီး အပြုံးတစ်ပွင့်ဖြင့် သတင်းထောက်များကို ရင်ဆိုင်လိုက်သည်။ သူမသည် ခြေကိုကြွကာ ရှောင်ဟိုင်ချင်းရှိရာသို့ လမ်းလျှောက်သွားလိုက်၏။ ထို့နောက် ရှောင်ဟိုင်ချင်းအား ညီမလေးတစ်ဦးသဖွယ်ကြည့်ကာ လူအုပ်ကြီးဘက်သို့ လှည့်ပြောလိုက်တော့သည်။

“ကျွန်မကြောင့် လူတိုင်းစိတ်ပူရပြီ၊ ကျွန်မနဲ့ ညီမလေးရှောင်က ဆက်ဆံရေးကတကယ်ကောင်းပါတယ်၊ သူကငယ်သေးတာမို့ အားလုံးပဲ သူ့အပေါ် ပိုသည်းခံပေးကြဖို့ မျှော်လင့်ပါတယ်”

“ကျေးဇူးပါ...”

ရှောင်ဟိုင်ချင်း စိတ်မပါတပါဖြင့် ပြောလိုက်သည်။

“ဒါပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ အစ်မယိဝမ်ကို အနိုင်ကျင့်ရမှာမို့ ဇာတ်လမ်းလွှင့်တဲ့အချိန်ကျရင် “ပဲလုံးလေးတွေ” က ကျွန်မကိုညှာတာပေးဖို့ တောင်းဆိုပါတယ်ရှင်...”

“ပဲလုံးလေးများ” ဟူသည်မှာ ယိဝမ်ပရိသတ်များ၏ နာမည်ပြောင်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ထိုမြင်ကွင်းကိုကြည့်ကာ ကျေနပ်အားရဟန်ဖြင့် ပြုံးလိုက်သည်။

အနည်းဆုံးအနေဖြင့် ဤယိဝမ်သည် ဦးနှောက်ရှိပေသည်။

သို့ရာတွင် သူမစိတ်ထဲ၌မူ အလွန်ခံပြင်းနေလိမ့်မည်။ သူမသည် အစက ရှောင်ဟိုင်ချင်းအား လူတစ်လုံး၊ နာမည်တစ်လုံးမထွက်မည့်သူဟု ထင်ထားသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် မိမိကိုယ်မိမိ ကြော်ငြာနေလေပြီ။ ထို့ကြောင့် ယိဝမ်သည် အံသာကြိတ်ကာ ဒေါသများကို ပြန်မြိုချလိုက်ရ၏။

“နင့်သူငယ်ချင်းက....တော်တော်ဉာဏ်ကောင်းတာပဲ၊ နင်နဲ့ဆင်တယ်ပြောရမယ် နင်တို့နှစ်ယောက်လုံးက ဘယ်အခြေအနေမျိုးမဆို စိတ်အေးအေးထားပြီး ဣန္ဒြေရှိရှိနေနိုင်တယ်၊ ငါသာ သာမန်လူတစ်ယောက်ဆိုရင် မတရားတာကို မတရားဘူးလို့ ပြောပြီး မျက်ရည်ကျမိနေလောက်ပြီ”

ဟော်ထျန်းရှန်း သက်ပြင်းချကာ လက်မထောင်ပြလိုက်၏။

အနုပညာရှင်တစ်ဦးမှ ဘာမဟုတ်သောကိစ္စဖြင့် မျက်ရည်ကျနေလျှင် ပရိသတ်များ သဘောကျလောက်မည်မဟုတ်ချေ။ အထူးသဖြင့် နာမည်မရှိသေးသောသူဖြစ်သောကြောင့် သူမအား မျက်ရည်ချူစားနေသူအဖြစ် စွပ်စွဲခံရနိုင်ပေသည်။

သူမ၏လက်ရှိပုံစံမှာ အနေတော်ဖြစ်ပေသည်။ ခေါင်းငုံ့ခံခြင်းလည်းမဟုတ်သလို ပလွှားမှုလည်းမရှိပေ။ လူများအား အလွယ်တကူ မျက်စိစပါးမွေးစူးစရာမပါသောကြောင့် အံ့သြစရာကောင်းလှသည်ဟု ပြောရမည်။

“ရောမရောက်ရင် ရောမလိုကျင့်ရမှာပေါ့”

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းရှိရာသို့ ကြည့်ကာ နူးညံ့ညင်သာစွာ ပြုံးလိုက်၏။

ရှောင်ဟိုင်ချင်းသည် အစက ထိုသို့သောလူမဟုတ်ပေ။ သူမသည် ပြောစရာရှိသည်ကို ဘွင်းဘွင်းပြောပြီး အရိပ်အခြည်မကြည့်သူဖြစ်သည်။ သူမသည် မတရားမှုကို လုံးဝသည်းမခံနိုင်ပေ။ သူမမကြိုက်သောအရာကိုမြင်လျှင် အပြေးအလွှားဖြင့် အခြားသူများအား ရိုက်နှက်တတ်သူဖြစ်၏။ သို့ရာတွင် သူမသည် ရင့်ကျက်လာသည်နှင့်အမျှ ပြောင်းလဲလာခဲ့ပေသည်။ သူမသာ ယခင်အတိုင်း မပြောင်းမလဲရှိနေလျှင် သူမ၏မိထွေးသည် ဒုက္ခမခံစားရဘဲ ရှိနေခဲ့ပေမည်။

သတင်းထောက်များစွာရှိနေသောကြောင့် အထင်လွဲမှုများ လုံးဝပြေပျောက်သွားရန် အချိန်သိပ်မယူလိုက်ရချေ။ နောက်တစ်နေ့မနက်တွင် ရှောင်ဟိုင်ချင်းသည် နာမည်ကြီးမင်းသမီးယိဝမ်နှင့်အတူ ရှာဖွေမှုစာရင်း ထိပ်ဆုံးသို့ ရောက်သွားလေ၏။

လင်လင်းမှာလည်း ဉာဏ်ကောင်းသောမန်နေဂျာဖြစ်သည်။ သူမသည် ဤအခွင့်အရေးအားယူကာ မီဒီယာဌာနအချို့ကို လာဘ်ထိုးပြီး ရှောင်ဟိုင်ချင်းယခင်က သရုပ်ဆောင်ခဲ့သောအခန်းအချို့ကို တင်ခိုင်းလိုက်သည်။ ထို့အပြင် ရိုက်ကူးရေးအဖွဲ့သားများနှင့် လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်များ၏ ကောမန့်များလည်းရှိသေးသည်။ ရှောင်ဟိုင်ချင်း၏ ယခင်ဇာတ်ရုပ်များတွင် ပြကွက်သိပ်မရှိခဲ့သော်လည်း သူမ၏ပုံရိပ်သည် အလွန်အပြုသဘောဆောင်ပြီး လှပသေသပ်စွာ ဝတ်စားထားပေ၏။ သူမသည် လူကြားထဲထင်ပေါ်နေပြီး သူမသရုပ်ဆောင်သောဇာတ်ကောင်တိုင်း၏ပုံစံနှင့် တစ်ထေရာတည်းတူသည့်အပြင် စရိုက်လည်းကောင်းသောကြောင့် အချိန်တိုအတွင်း ပရိသတ်အရေအတွက်များစွာ ရရှိသွားတော့သည်။

All Chapters