← Chapters

အခန်း (၉၀၁-၉၀၄)

Vol. 46 Ch. 901-904

အခန်း (၉၀၁-၉၀၄)

Vol. 46 Ch. 901-904

Space and Rebirth 901

ကျင်းယွင်ကျောင်း၏ ဖန်အကောင့်တွင်လည်း လူအာရုံစိုက်မှုများစွာ ခံရသော်လည်း သူမမည်သူမည်ဝါဖြစ်ကြောင်းကိုမူ အပြင်လောကမှမသိကြချေ။ ရှောင်ဟိုင်ချင်း၏လှုပ်ရှားမှုများကို ခြေရာခံနိုင်ရန် ကျင်းယွင်ကျောင်း၏ဖန်အကောင့်သည် တဖြည်းဖြည်းဖြင့် ပရိသတ်များတိုးပွားလာပြီး တစ်နေ့တည်းဖြင့် မယုံနိုင်လောက်အောင် ကြီးထွားလာတော့၏။

ယိဝမ်နှင့် မုရူကဲ့သို့ A အဆင့်နှင့် B အဆင့် အနုပညာရှင်များနှင့် မယှဥ်နိုင်သော်ငြား ကျော်ကြားခြင်းလမ်းစဥ်တစ်ခုဖြစ်နေဆဲပင်။

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအတွက် အမှန်တကယ်ပျော်ရွှင်မိ၏။ ဒါရိုက်တာဝမ်သည်လည်း သူမအား အကောင်းမြင်သောကြောင့် နောက်ရုပ်ရှင်အတွက် စိတ်ပူစရာမလိုတော့ပေ။ အနာဂတ်တွင် သူမနာမည်မကြီးဘဲနေရန်သာ ခက်ခဲပေမည်။

သို့ရာတွင် ဤအချိန်၌ ကျင်းယွင်ကျောင်း၏တက္ကသိုလ်တွင် အခြားကိစ္စတစ်ခုနှင့် အုန်းအုန်းထနေ၏။

ကျိုးမေ့ကျွန်းသေဆုံးသောသတင်းမှာ ပျံ့သွားချေပြီ။ ယခင်က သူမနှင့်သိကျွမ်းခဲ့သောလူများသည် အနည်းငယ်စိတ်မကောင်းဖြစ်မိကြ၏။ ကျိုးမေ့ကျွန်းသည် ကျင်းယွင်ကျောင်းနှင့် မတည့်သော်ငြား သူမနှင့်ပြိုင်ဘက်မဟုတ်သောလူများကိုမူ ကောင်းပေသည်။ ထိုလူများနှင့် ခင်ခင်မင်မင်နေနိုင်ရန်ပင် အတတ်နိုင်ဆုံးကြိုးစားခဲ့၏။ ထို့ကြောင့် သူမသည် အတန်းထဲတွင် အလွန်ရေပန်းစားလေသည်။

ယခုမူ ရုတ်ချည်းဆိုသလို သူမအသတ်ခံလိုက်ရသောသတင်း ထွက်လာသောကြောင့် လူများစွာသည် ထိတ်လန့်အံ့အားသင့်သွားတော့သည်။ ကံကောင်းစွာဖြင့် ဤကိစ္စသည် ကျင်းယွင်ကျောင်းနှင့် မဆိုင်တော့ချေ။ သူမနှင့်သက်ဆိုင်နေပါက မလွဲမသွေပင် အကြီးအကျယ်ဖြစ်လိမ့်မည်။

သို့သော် သူမသည် ထိုကိစ္စအား ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထောင်ကဲ့မှာ မရှောင်နိုင်ခဲ့ပေ။

ရဲစခန်းတွင် နှစ်ရက်မျှ ဖမ်းချုပ်ခံရပြီးနောက် ထောင်ကဲ့အား ပြန်လွှတ်ခဲ့ကြ၏။ သို့ရာတွင် သူမအတန်းထဲရှိကျောင်းသားများမှာမူ သူမအလွှတ်ခံရတိုင်း အပြစ်ကင်းသောသူဟု မမှတ်ယူကြချေ။ သက်သေမတွေ့၍သာ ပြန်လွှတ်လိုက်ခြင်းဖြစ်၏။ အတန်းဖော်တစ်ယောက်အား သတ်နိုင်သောလူမှာ နတ်ဆိုးတစ်ပါးသာဖြစ်သည်။ ထို့ကြောင့် မည်သူမှ သူမကို အကောင်းမမြင်ကြတော့သလို မကူညီချင်ကြတော့ချေ။ သူမအား ကပ်ရောဂါတစ်ပါးနှယ် ရှောင်တိမ်းကြလေ၏။ သူမသည် ရုတ်ချည်းဆိုသလို ထပေါက်ကွဲပြီး သူမပတ်ဝန်းကျင်မှလူများအား ဒုက္ခပေးမည်ကို ကြောက်နေကြသည်။

ဤအချိန်တွင် ထောင်ကဲ့မိဘများသည်လည်း မြို့တော်သို့ ရောက်လာခဲ့ကြသည်။ သူတို့သည် ဌာနမှူးအားရှင်းပြရန် ကျောင်းသို့ အထူးတလည်လာခဲ့ကြ၏။ ကျင်းယွင်ကျောင်းသည်လည်း သူတို့အား အဝေးတစ်နေရာမှ ကြည့်လိုက်သည်။ သူတို့သည် အလုပ်ကြိုးစားသောလင်မယားများဖြစ်ကြောင်း ပြောနိုင်ပေသည်။

နှစ်ယောက်လုံးသည် တောင်တစ်လုံးကဲ့သို့ လေးလံသောမျက်ရည်များဖြင့် ပြည့်နှက်နေ၏။ သနားစရာကောင်းလှသည်။

ဤကိစ္စအပြီးတွင် ထောင်ကဲ့၏ ပြုမူပြောဆိုပုံများအားလုံး ပြောင်းလဲသွားသည်။ သူမသည် တိတ်ဆိတ်သုန်မှုန်သွားလေ၏။ မိန်းကလေးတစ်ဦးဖြစ်သော သူမသည် ရဲစခန်းတွင် နည်းမျိုးစုံဖြင့် စစ်မေးခံခဲ့ရသောကြောင့် သူမရင်ထဲရှိ အမှောင်ထုသည် ချက်ချင်းမပျောက်ကွယ်သွားတော့ချေ။ ထို့အပြင် သူမသည် ထိုနေ့က သွေးအိုင်ထဲတွင်လဲနေသော ကျိုးမေ့ကျွန်းအား ပြန်မြင်ယောင်မိလိုက်သောအခါ အိပ်မက်ဆိုးမျာဖြင့် ခြောက်ခြားနေတော့၏။

ပထမဆုံးအနေဖြင့် သူမသည် နောင်တရမိပေသည်။ ထိုစဥ်က သူမသာ ကျင်းယွင်ကျောင်းအား အပြစ်မပုံချခဲ့လျှင် ကျင်းယွင်ကျောင်းသည်လည်း သူမအား လွှတ်ပေးခဲ့ပေမည်။ သူမသာ ကျင်းယွင်ကျောင်းအား အခက်တွေ့အောင်မလုပ်ခဲ့လျှင် ကျင်းယွင်ကျောင်းသည်လည်း တဖြည်းဖြည်းဖြင့် ခေါင်းမာခဲ့မည်မဟုတ်ပေ။ သူမသာ ကျင်းယွင်ကျောင်းနှင့်ပတ်သတ်သော အငြိုးအတေးနှင့် မကျေနပ်မှုများကို လက်လျှော့ခဲ့လျှင် ယခုကဲ့သို့ အပြစ်ပေးခံရမည်မဟုတ်ချေ။ ထိုအတိုင်းပင် သူမသည် ယွမ်တစ်သိန်းကိုမက်ပြီး ကျိုးမေ့ကျွန်းနောက်လိုက်မသွားခဲ့ပါက သံသယရှိသူတစ်ဦးဖြစ်ခဲ့မည်မဟုတ်ပေ။

သူမသည် ယခင်က ထူးချွန်သောကျောင်းသူတစ်ဦးဖြစ်ခဲ့၏။ မဟုတ်ပါက A တက္ကသိုလ်သို့ ဝင်နိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် ယခုတွင် သူမသည် A တက္ကသိုလ်ထဲ၌ရှိနေသော်လည်း အကျဥ်းကျနေသည်နှင့် အလားတူပေ၏။

အထူးသဖြင့် သူမမိဘများ၏မျက်နှာပေါ်မှ ပူပန်သောကရိပ်များနှင့် စိတ်ပျက်မှုများကို မြင်လိုက်သောအခါ သူမသည် ဘယ်သောအခါမှ ပြန်ထွက်မလာနိုင်သော အသူရာချောက်နက်အတွင်းသို့ ကျသွားသကဲ့သို့ ခံစားရလေသည်။

ထိုအချိန်တွင် ထောင်ကဲ့သည် အလွန်ပင်သနားစရာကောင်းသောပုံပေါက်နေသော်လည်း ကျင်းယွင်ကျောင်းသည် သူမအား ဂရုမစိုက်ဟန်ဖြင့်သာ ကြည့်လိုက်သည်။

ဤလောကကြီးတွင် ထောင်ချီသောရွေးချယ်မှုများရှိလေသည်။ သူမသည် အရွေးမှားသည်မှာ တစ်ခါမကခဲ့ပေ။ သူမတွင် အချိန်မီပြင်ဆင်နိုင်ရန် အခွင့်အရေးရှိခဲ့ပေသည်။ ယခု သူမကိုယ်တိုင် အကြီးအကျယ်ခံစားရမှသာ မိမိအမှားကိုဝန်ခံချင်သောဆန္ဒရှိတော့သည်။ သို့သော် ယခု သူမသည် အမှားများကိုဝန်ခံလျှင်ပင် မိမိလုပ်ခဲ့သောလုပ်ရပ်များအတွက် အဖိုးအခကို ပေးဆပ်ရချေမည်။

ကျိုးမေ့ကျွန်းနှင့်ယှဥ်လိုက်လျှင် ထောင်ကဲ့မှာ ကံကောင်းသေးသည်ဟု ပြောရမည်။ အနည်းဆုံးအနေဖြင့် သူမသည် အသက်ရှိနေဆဲဖြစ်ပြီး ဘဝအား ကြိုးစားနေထိုင်ရန် အခွင့်အရေးရှိသေး၏။ သူမသည် A တက္ကသိုလ်တွင် ဆက်လက်တက်ရောက်နိုင်ပြီး အနာဂတ်ကို မိမိစိတ်ရှိသလို ပုံဖော်နိုင်သေးသည်။ သူမသည် ဤမျှလောက်သေးငယ်သောပြစ်ဒဏ်ကိုပင် မခံနိုင်ပါက အဘယ်သို့ ဘဝဆက်ရန် ထိုက်တန်မည်နည်း?

ကျင်းယွင်ကျောင်းသာ အနည်းငယ်ဉာဏ်နည်းသွားကာ ကျိုးမေ့ကျွန်းအား စိတ်ရှိသလို အနိုင်ပေးကျင့်ထားပြီး ထောင်ကဲ့၏မုသားများကိုပါ ပေါင်းစပ်လိုက်လျှင် သူမသည် ဤနေရာတွင် ရှိနိုင်တော့မည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်းအား သတ်ခဲ့သောလူကိုလည်း အလွတ်ပေးမည်မဟုတ်ပေ။ သူမ၏လက်အောက်ငယ်သားများအား ထိုလူ၏အနောက်လိုက်ရန် စေခိုင်းထား၏။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် နေရာလွတ်နယ်မြေထဲရှိ လူသတ်လက်နက်နှင့် သက်သေများကို စဥ်းစားမိသွားကာ မျက်လုံးများမှေးသွားသည်။ အတန်းပြီးသောအခါ သူမသည် နေရာလွတ်နယ်မြေထဲမှ ဘောပင်ကိုထုတ်၍ ဟန်နန်ဆီသို့ လျှောက်သွားလိုက်၏။

Space and Rebirth 902

ကျင်းယွင်ကျောင်းမှ ဟန်နန်ဆီသို့ လျှောက်သွားချိန်တွင် အတန်းထဲ၌ လူသိပ်မရှိချေ။ ကျင်းယွင်ကျောင်းသည် ယဥ်ကျေးစွာဖြင့်သွားပြီး သူ၏စားပွဲပေါ်တွင် ဘောပင်ကိုတင်လိုက်သည်။

ကျင်းယွင်ကျောင်းလျှောက်လာသည်ကို မြင်လိုက်သောအခါ ဟန်နန်သည် စိတ်လှုပ်ရှားမိသွားသော်လည်း ဘောပင်ကို မြင်လိုက်သည်နှင့် သူသည် ကြက်သေသေသွားတော့၏။

“ဒါဘာသ‌ဘောလဲ?”

“စိတ်မရှိပါနဲ့ နင်ပေးထားတဲ့ဘောပင်ဘူးကိုပါ ပြန်ပေးမလို့ပဲ ဒါပေမယ့် ငါမေ့ကျန်ခဲ့လို့၊ ဒီရောက်မှ သိတာနဲ့...”

ကျင်းယွင်ကျောင်း အားနာဟန်ဖြင့် ပြောလိုက်သည်။

ဘောပင်အား အချိန်ကြာမြင့်စွာ မပေးဘဲ ဆိုင်းငံ့ထားသည်မှာ အထင်လွဲစရာကောင်းလှသည်မဟုတ်လော။

“မင်း....ငါ့ကိုပြန်ပေးနေတာလား?”

ဟန်နန်မယုံကြည်နိုင်ချေ။

ထိုအချိန်က ဘောပင်ဘူးသည် အလွတ်ဖြစ်နေခဲ့၏။ ကျင်းယွင်ကျောင်းသည် သေချာပေါက် သူ၏လက်ဆောင်ကို လက်ခံခဲ့ပေသည်...

“ငါတောင်းပန်ပါတယ် ဒါပေမယ့် ငါဒီဘောပင်ကို မသုံးရသေးဘူး၊ ငါ့အမှားကြောင့် နင်ဆိုင်ကိုပြန်ပေးလို့မရရင် ဘောပင်ဖိုး ငါပြန်ပေးပါ့မယ်”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်၏။

ဟန်နန်သည် အနည်းငယ် ပြာပြာသလဲဖြစ်သွားတော့သည်။

“ငါထင်တာက.... ကျင်းယွင်ကျောင်း၊ ဒီလက်ဆောင်ကိုလက်ခံလို့မရဘူးလား? ငါအမှားတစ်ခုခုလုပ်မိတာရှိရင်ပြောပါ ငါပြင်ပေးပါ့မယ်...”

ချစ်သင်္ကေတအနေဖြင့် ပေးထားသောကြောင့် ကျင်းယွင်ကျောင်းသည် ဘောပင်ကို လက်ခံပြီး ဘောပင်ဘူးအား သူ့အား ပြန်ပေးခဲ့ခြင်းဖြစ်သည်ဟု ဟန်နန်အစက ထင်ခဲ့မိသည်။ ထိုဘောပင်ဘူးကိုလည်း သူသည် သေချာသိမ်းဆည်းထားလေသည်။ ဘူးထဲရှိဘောပင်မှာ သူမလက်ထဲတွင်ရှိနေကြောင်း တွေးလိုက်သောအခါ သူသည် အလွန်ပျော်ရွှင်သွားခဲ့၏။

“ငါနင့်ကိုပြန်ပေးနေတာ၊ ပြီးတော့ အတန်းခေါင်းဆောင် နောက်တစ်ခါကျရင် ငါ့ကိုလက်ဆောင်ထပ်မပေးပါနဲ့လား၊ ငါကတခြားလူတွေရဲ့ပစ္စည်းကို အလကားယူရတာမကြိုက်ဘူး”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်၏။ သူမသည် ပြောပြီးသည်နှင့် ချက်ချင်းလှည့်ထွက်သွားလေသည်။

ဟန်နန်သည် ကပြာကယာဖြင့် ကျင်းယွင်ကျောင်း၏လက်မောင်းအား ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ တစ်စုံတစ်ယောက်မှ သူမ၏လက်အား ထိလိုက်သောကြောင့် ကျင်းယွင်ကျောင်းသည် သူ၏လက်အား ချက်ချက်းဆွဲဖယ်လိုက်၏။

“မင်း.... ကျင်းယွင်ကျောင်း၊ ငါမင်းကိုသဘောကျတယ်၊ ငါ့ကောင်မလေးဖြစ်ပေးနိုင်မလား!”

ဟန်နန်သည် ရုတ်ချည်းဆိုသလို ထပြောလိုက်တော့၏။

သူ၏အသံသည် အလွန်ကျယ်လောင်လှသည်။ အတန်းထဲတွင် လူသိပ်မရှိသော်လည်း လူတိုင်းသည် သူ၏အသံကို ရှင်းလင်းပီသစွာ ကြားလိုက်ရ၏။ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် အားလုံးသည် လက်ခုပ်လက်ဝါးများတီးကာ အားပေးကြတော့သည်။

သူတို့၏မျက်လုံးတွင် ကျင်းယွင်ကျောင်းနှင့် ဟန်နန်မှာ လိုက်ဖက်လှသည်။ ကျင်းယွင်ကျောင်းမှာ အတန်းထဲတွင် အတော်ဆုံးကျောင်းသူဖြစ်ပြီး ‌ကျောင်းထဲတွင် မိန်းမလှတစ်ဦးဖြစ်၏။ ဟန်နန်မှာ သူမလောက် မတော်သော်ငြား အနည်းဆုံးအနေဖြင့် အတန်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကျင်းယွင်ကျောင်းအား အခြားသူများက ကောက်ယူသွားသည်ထက် မိမိတို့အတန်းခေါင်းဆောင်နှင့် တွဲလိုက်သည်ကသာ ပိုကောင်းဦးပေမည်!

“အရမ်းလိုက်တယ်! ကျင်းယွင်ကျောင်း လက်ခံလိုက်ပါတော့! ငါတို့အတန်းခေါင်းဆောင်က အရမ်းစိတ်ထားကောင်းပါတယ်ဟ နင့်ကိုဆိုရင် အကောင်းဆုံးဆက်ဆံပေးမှာ!”

“အတန်းခေါင်းဆောင်၊ သူငယ်ချင်းကောင်းမပီသလိုက်တာ ဖွင့်ပြောမယ်ဆိုရင် ပန်းတစ်စည်းလောက်ပေးရမှာပေါ့...”

“တွဲကြ! တွဲကြ...”

အတန်းထဲရှိလူအားလုံးသည် တစ်ပြိုင်နက်တည်း စကားပြောနေကြသောကြောင့် ခေါင်းကိုက်စရာဖြစ်ပေသည်။ ကျင်းယွင်ကျောင်းသည် ဟန်နန်အား အေးစက်စွာ ဝေ့ကြည့်လိုက်သည်။

“စိတ်မရှိပါနဲ့ ငါ့မှာကောင်လေးရှိတယ်”

ကျင်းယွင်ကျောင်းပြောပြီးသည်နှင့် တစ်တန်းလုံး တိတ်သွားတော့သည်။ ဟန်နန်၏မျက်နှာ သွေးဆုပ်သွားတော့၏။

“ဘယ်သူ...”

ဟန်နန်မေးလိုက်သည်။

“သူကဒီကျောင်းကမဟုတ်ဘူး နင့်ကိုမိတ်ဆက်ပေးစရာလည်းလိုမယ်မထင်ဘူး၊ အတန်းခေါင်းဆောင် ငါ့အပေါ်ထားတဲ့စိတ်အတွက်တော့ ကျေးဇူးတင်ပေမယ့် ငါတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်နိုင်တော့ဘူး”

ကျင်းယွင်ကျောင်းသည် ပြောစရာရှိသည်ကို ပြောပြီးနောက် သူမထိုင်ခုံဆီပြန်လိုက်သည်။ မထိုင်ခင်တွင် သူမသည် အခြားသူများကို ပြောလိုက်သေးသည်။

“ငါနဲ့တခြားလူတွေကို မစပါနဲ့လား၊ ငါ့ကောင်လေးက အရမ်းသဝန်တိုတတ်တာမို့ သူသိသွားရင် ပျော်မှာမဟုတ်ဘူး”

သူမပြောလိုက်သောအခါ တစ်တန်းလုံး အံ့အားသင့်သွား‌တော့သည်။

ကျင်းယွင်ကျောင်းမှာ တခြားကမ္ဘာကလာသောသတ္တဝါတစ်ဦးနှင့် တူပြီး ဘယ်သောအခါမှ ရည်းစားမထားမည့်သူအဖြစ် သူတို့ထင်ခဲ့ကြသည်။ ချက်ချင်းဆိုသလို ထိုကောင်‌လေးအား သူတို့သိချင်သွားကြလေသည်...

ဟန်နန်၏ပုံစံမှာ နေရခက်ဟန်ဖြစ်နေသည်။ သူသည် လက်ထဲတွင် ဖောင်တိန်ဘောပင်အား ကိုင်ပြီး ထိုင်ချလိုက်သော်လည်း ကျင်းယွင်ကျောင်း၏စကားများကို မယုံကြည်ချေ။

သူ့အား မကြိုက်သောကြောင့်သာ ကျင်းယွင်ကျောင်းသည် အကြောင်းပြချက်တစ်ခုခုအား ရှာဖွေလိုက်ခြင်းဖြစ်မည်။

သူ့အား မကြိုက်စရာဘာရှိမည်နည်း? သူ၏အမှတ်များသည် သူမလောက်မကောင်းသော်လည်း မဆိုးသောအခြေအနေတွင်ရှိနေဆဲဖြစ်သည်။ သူ၏ရုပ်ရည်မှာလည်း မဆိုးလှချေ။ ချမ်းသာသောမိသားစုမှ မလာခဲ့သော်ငြား ဝတ်နိုင်စားနိုင်ပေသေးသည်။

သူသည် ကျင်းယွင်ကျောင်းအား တိတ်တခိုးဝေ့ကြည့်လိုက်ကာ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်လိုက်ဟန်များဖြင့် ပြည့်နှက်သွားတော့သည်။ သူသည် လွယ်လွယ်ဖြင့် လက်လျှော့မည်မဟုတ်ချေ။ ကျင်းယွင်ကျောင်းအကြောင်း တွေးလိုက်တိုင်း သူသည် ရူးမတတ်ဖြစ်ရသည်။ သူမအား မပိုင်ဆိုင်နိုင်လျှင် သူသည် ဘယ်သောအခါမှ ပျော်ရွှင်နိုင်မည်မဟုတ်ပေ။

Space and Rebirth 903

ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် တစ်တန်းလုံး တိတ်ဆိတ်သွားတော့သည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ဒေါသမှာ သွားဆွသင့်သည့်အထဲတွင် မပါသဖြင့် သူမအားရန်စသည့်အနေဖြင့် မည်သူမှ ဤကိစ္စအား တမင်တကာထုတ်ပြောကြမည်မဟုတ်ပေ။ အပြင်ပန်းတွင် ဘာမှမပြောကြသော်လည်း သူမအပေါ်ရှိနေဆဲဖြစ်သော ဟန်နန်၏ခံစားချက်များကိုမူ တစ်တန်းလုံးသိနေသေးပေသည်။

ကျင်းယွင်ကျောင်းသည် သူမနည်းလမ်းအတိုင်းသာ အလုပ်ဆက်လုပ်နေလေသည်။ အတန်းပြင်ပတွင် သူမအား တွေ့ခဲ၏။ သူမသည် တစ်ကျောင်းလုံးတွင် အလျှို့ဝှက်ဆုံးလူဖြစ်နေလေပြီ။

သို့ရာတွင် သူမဖုံးကွယ်ထားလေလေ အခြားသူများက သိချင်လေလေဖြစ်၏။ ကျင်းယွင်ကျောင်းပေါ်လာတိုင်း ယောက်ျားလေးများသည် သူမအား စိတ်အားထက်သန်သောအကြည့်များဖြင့် ကြည့်ကြတော့သည်။

ကျင်းယွင်ကျောင်းမှာမူ အမတကြိုးကြာခန်းမဆီသို့ နောက်တစ်ကြိမ်မျှ ပြန်သွားပြီးနောက် သူမနှင့် ချင်းရွှေသည် ဆေးဝါးစက်ရုံကိစ္စများဖြင့် အလုပ်ရှုပ်နေလေ၏။

အမတကြိုးကြာခန်းမရှိ သမားတော်အိုကြီးများမှာ သူမအား အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ကြလေသည်။ စိတ်မကောင်းစွာဖြင့် သူမသည် အခြားသူများ၏ထိန်းချုပ်မှုအား ခံရသည်ကို မနှစ်မြို့ချေ။ ထို့ကြောင့် သူမသွားလျှင်ပင် သူတို့သိချင်သောမေးခွန်းများကို မဖြေချေ။ ထိုအခါ သမားတော်အိုကြီးများသည် ပို၍ပင် ထိုင်မရထမရဖြစ်ကြတော့၏။ အချို့ဆိုလျှင် သူမအား သီးသန့်အကြံဉာဏ်ပင် တောင်းခံချင်ကြသည်။ သို့ရာတွင် သူတို့မှာ မေးချင်စိတ်သာရှိပြီး လက်တွေ့လုပ်ရန် မရဲကြချေ။

သူမသည် သဘောထားသေးသိမ်သူမဟုတ်ပါပေ။ မာနကြီးရုံသာဖြစ်၏။

ဤသမားတော်အိုကြီးများသည် သူမအား ငယ်ရွယ်သူဖြစ်သောကြောင့် အထင်သေးခဲ့သည့်အပြင် သူမ၏ပညာများကို လေ့လာချင်နေသေးပေသည်။ သူတို့အား တစ်ဦးပြီးတစ်ဦး သင်ပြလောက်သည်ထိ ကျင်းယွင်ကျောင်း မတုံးပါပေ။ သို့ရာတွင် သူမအား တလေးတစားဖြင့် လာရောက်အကြံဉာဏ်တောင်းခံပါက ပြောပြပေးပေမည်။ သူတို့အားလုံးသည် ဆေးပညာကိုလိုက်စားနေကြသူများပင်မဟုတ်လော။ မိမိတို့ဘိုးဘေးများ၏ မူပိုင်လျှို့ဝှက်ကျင့်စဥ်မဟုတ်သရွေ့ အသိပညာအား ဖြန့်ကျက်နိုင်လျှင် ကောင်းသောအရာဖြစ်ချေမည်။

ထို့ကြောင့် သူမသည် စောင့်ဆိုင်းနေ၏။ ဤသမားတော်အိုကြီးများမှ နှိမ့်ချသောစိတ်ဖြင့် ပညာတောင်းခံမည်ကို စောင့်ဆိုင်းနေလေသည်။

ဆေးဝါးကုမ္ပဏီမှာမူ အရှိန်အဟုန်မြင့်နေပေသည်။ စစ်တပ်အား ကျောထောက်နောက်ခံအနေဖြင့် ရထားသောကြောင့် အခြားကုမ္ပဏီများနှင့်မတူချေ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား ပျိုး‌ထောင်ရသည်ထက်ပင် လွယ်ကူချောမွေ့နေ၏။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီပေါ်ပေါက်စဥ်က နယ်ပယ်တူကုမ္ပဏီများစွာသည် အရှေ့တွင် လမ်းဖောက်သွားရောက်နှင့်ပေပြီ။

ကျောက်စိမ်းအကိုက်အခဲပျောက်ဆေးများကို လူထုကြားထုတ်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရေပန်းစားသွားတော့၏။ ဆေးရုံများစွာက ထိုဆေးအား လာရောက်မှာယူကြတော့သည်။ ရလဒ်အနေဖြင့် လူသုံးများသော အခြားဆေးများကိုလည်း အလွန်ကောင်းမွန်စွာ ရောင်းရတော့၏။

သို့ရာတွင် ဤသည်မှာ အစသာရှိသေးသည်။ ရင်းနှီးမြုပ်နှံမှုငွေမှာ မသေးလှချေ။ အမြတ်ငွေများဝင်လာရန် အချိန်တစ်ခုစောင့်ရပေမည်။ ထို့အပြင် စက်ရုံမှာ ထုတ်လုပ်ရေးစရုံသာရှိသေးသည်။ အကြီးစားကုမ္ပဏီဖြစ်သည့်တိုင် အရာအားလုံးကို သိမ်းကျုံးလုပ်၍မဖြစ်ပေ။ စစ်တပ်ဘက်မှ မှာယူထားသော အကိုက်အခဲပျောက်ဆေးအော်ဒါနှင့်ပင် သူတို့အလုပ်ရှုပ်နေလေပြီ။ ဆေးရုံများသို့ ဖြန့်ဖြူးနိုင်သော အကိုက်အခဲပျောက်ဆေးပမာဏသည်လည်း အတိုင်းအတာရှိပေသည်။

ပရော်ဖက်ဆာမိုပြောခဲ့သော လီမိသားစု၏ဆေးရုံကြီးအပါအဝင် မြို့တော်ထဲရှိ ဆေးရုံကြီးများအားလုံးသည် သူမအား ဆက်သွယ်ထားလေသည်။

သူမသည် စိတ်ထဲ၌ အနည်းငယ်နေမထိထိုင်မသာဖြစ်မိ၏။ ပရော်ဖက်ဆာမိုဖြစ်စေ၊ အကြီးအကဲရှုဖြစ်စေ၊ အမတကြိုးကြာခန်းမ၏ အဘွားယုဖူပင်ဖြစ်စေ လီမိသားစု၏ဆေးရုံအား အလွန်မနှစ်မြို့ကြသောသူများသာဖြစ်သည်။ ဤဆက်ဆံရေးအလွှာဖြင့်ဆိုလျှင် ကျင်းယွင်ကျောင်းသည် လီမိသားစု၏ မင်ဟဲ့ဆေးရုံအား အကိုက်အခဲပျောက်ဆေးများ အများအပြားပေး၍မဖြစ်ပေ။ လီမိသားစု၏ဆေးရုံအား စာရင်းထဲမှဖယ်ခိုင်းရန်ပင် ချင်းရွှေအား ခိုင်းလုနီးပါးဖြစ်သွားခဲ့သည်။

ကုမ္ပဏီမှာ သူမအပိုင်ဖြစ်သောကြောင့် သူမစိတ်ရှိသလို လုပ်ပိုင်ခွင့်ရှိပေသည်။

ကျင်းယွင်ကျောင်းသည် အဘယ်ကြောင့် ဤဆေးရုံကြီးများနှင့် မပေါင်းဘဲ ဆက်ဆံရေးဖြတ်တောက်နေရသည်ကို ချင်းရွှေနားမလည်သော်ငြား သူမသည် သူဌေးဖြစ်သောကြောင့် သူမပြောသောစကားကို နားထောင်မှဖြစ်ချေမည်။

မျက်စိတစ်မှိတ်အတွင်း တစ်လဟူသောအချိန်သည် လျင်မြန်စွာကုန်ဆုံးသွား၏။

ဤပွဲမှာ တကယ်တမ်းတွင် ဒါနအလှူအတန်းပွဲတစ်ခုဖြစ်သည်။ တက်ရောက်သူအများစုမှာ နာမည်ကြီးအနုပညာရှင်များ၊ သူဌေးသူကြွယ်များ စသည်တို့ဖြစ်၏။ ဤပွဲအား ကျင်းပရသည့်အကြောင်းရင်းမှာ အစိုးရဝန်ထမ်းများနှင့် သူဌေးများကြားမှ ဆက်ဆံရေးအား တိုးတက်လာစေရန်ဖြစ်ပြီး လှူငွေ၊ ထောက်ပံ့ငွေအချို့ရရှိရန်ဖြစ်သည်။

ထိုကြောင့်သာ ရှုယွမ်ထက်လည်း တက်ရောက်ခြင်းဖြစ်၏။ အစိုးရဘက်မှ ထောက်ပံ့ငွေလိုအပ်ပြီး သူဌေးများမှာ နာမည်ကျော်ကြားမှုကို လိုချင်ကြသည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသောပွဲဖြစ်ပေသည်။

ဒီဇင်ဘာအကုန် ရာသီဥတုဖြစ်သဖြင့် အနည်းငယ်အေးနေလေပြီ။ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်ရန် အချိန်သိပ်မကျန်တော့ချေ။ ကျင်းယွင်ကျောင်းသည် ကျောင်းမှခွင့်ရက်ယူကာ အထူးတလည် တက်ရောက်ခဲ့၏။

ပွဲအတွက် သူမဝတ်ဆင်မည့်အင်္ကျီများမှာ လွန်ခဲ့သောတစ်လကတည်းကပင် ချုပ်လုပ်ရန် မှာယူအပ်နှံထားခဲ့ပေသည်။ ဟိုတယ်ထဲတွင် နွေးနေသော်လည်း သူမအင်္ကျီများကြောင့် အနည်းငယ်အေးနေပေသည်။ ကျင်းယွင်ကျောင်းသည် ခန္ဓာကိုယ်အား အတွင်းအားဖြင့် ဖုံးလွှမ်းထားသောကြောင့် အအေးဒဏ်ကို အံတုနိုင်နေ၏။

Space and Rebirth 904

ထိုညက ကျင်းယွင်ကျောင်းသည် အကြီးအကဲရှုအိမ်တွင် အဝတ်အစားလဲခဲ့သည်။ ချင်းရွှေကိုယ်တိုင် သူမအား ကားဖြင့် လာရောက်ကြိုခဲ့လေသည်။ သူမ၏အင်္ကျီများမှာ တရုတ်ရိုးရာစတိုင်ဘက်သို့ ယိမ်းသောပုံစံမျိုးဖြစ်၏။ ကျင်းယွင်ကျောင်းဝတ်လိုက်သောအခါ ဂန္တဝင်ဆန်ဆန်ဆွဲဆောင်မှုကို ပေးစွမ်းနေသည်။ သို့တိုင်အောင် လှပမှု၊ ဖက်ရှင်ကျမှုအငွေ့အသက်များလည်း ရှိနေပေသည်။ အင်္ကျီအပေါ်ပိုင်းတွင် မှင်ချည်ထိုးထားသောပန်းပွင့်များသည် အထူးသဖြင့် လှပနေ၏။ သူမ၏တစ်ကိုယ်လုံးနှင့် လိုက်ဖက်လှပြီး သူမအား ပို၍ နတ်သမီးဆန်သွားစေသည်။

သူမသည် တရုတ်ကျီးကန်းပြာရောင်အိုးတစ်လုံးကဲ့သို့ နူးညံ့သိမ်မွေ့သောအငွေ့အသက်များ ထွက်ပေါ်နေသည်။

အကြီးအကဲရှုသည် ကျင်းယွင်ကျောင်း၏ဝတ်စုံကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝံ့ကြွားဟန်ပေါက်သွားသည်။ သူမသည် သူ၏အကြီးဆုံးသားအား မကြာခင်တွေ့တော့မည်ဖြစ်ကြောင်း တွေးလိုက်သောအခါ သူ၏စိတ်သည် ပို၍ပင် ရှုပ်ထွေးသွားသည်။

“ဥက္ကဌကျင်း”

ချင်းရွှေ၏မျက်လုံးများသည် အံ့သြရိပ်များသန်းသွားသော်လည်း လေးစားယဥ်ကျေးမှုရှိနေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းသည် အလွန်ပင် နန်းဆန်နေ၏။ သူမတစ်ကိုယ်လုံးမှ အခြားသူများ စေ့စေ့မကြည့်ရဲသော အငွေ့အသက်မျိုးတစ်ခု ထွက်ပေါ်နေသည်။ အလွန်ပင် စိတ်အာရုံဖမ်းစားဖွယ်ကောင်းလှသည်။

ကျင်းယွင်ကျောင်းကားထဲသို့ဝင်လိုက်၏။ ရှန်ရှီအကြောင်းတွေးလိုက်သောအခါ သူမမျက်လုံးများ အေးစက်သွားသည်။

သူမနံဘေးတွင်ထိုင်နေသော ချင်းရွှေမှာ အဓိပ္ပာယ်မဖော်နိုင်စွာ ကျောချမ်းသွားပြီး တစ်ကိုယ်လုံးတုန်ယင်သွားသည်။

ဥက္ကဌကျင်းမှာ ပွဲတက်ရန်သွားခြင်းမဟုတ်ဘဲ ပြသာနာသွားရှာသည့်ပုံစံနှင့် တူပေသည်။ သို့သော် အဘယ်ကြောင့် ထိုသို့ဖြစ်နိုင်မည်နည်း? ဥက္ကဌကျင်းမှာ အလွန်ဣန္ဒြေရှိပြီး တည်ငြိမ်လှသော မိန်းကလေးငယ်တစ်ဦးဖြစ်၏။ သူမသည် အဘယ်ကြောင့် ကြောက်မက်ဖွယ်ကောင်းနိုင်မည်နည်း? သူမ၏ပုံစံကြောင့် သူသည် အတွေးမှားနေရခြင်းဖြစ်မည်။

များမကြာမီတွင် ကျင်းယွင်ကျောင်းသည် ပွဲကျင်းပရာနေရာသို့ ရောက်လာတော့သည်။

ဟိုတယ်အပေါက်ဝရှေ့တွင် သတင်းထောက်များလည်းရှိနေသော်လည်း သူတို့အားလုံးသည် အလွန်ပင်အေးအေးဆေး‌ဆေးရှိလှသည်။ ယခင်က သူမတွေ့ခဲ့သော မာန်ပါသည့်သတင်းထောက်များနှင့် တခြားစီပင်ဖြစ်၏။

သတင်းထောက်ချင်းတူလျှင်ပင် အမျိုးအစားများစွာရှိသည်။

ချင်းရွှေသည် ဖိတ်စာကိုထုတ်ပြီး ကျင်းယွင်ကျောင်းနှင့်အတူ ဝင်သွားလိုက်သည်။

ယခုတွင် ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏ ရှယ်ယာ ၉၀% ကျော်ကျော်သည် ကျင်းယွင်ကျောင်းလက်ထဲတွင်ရှိနေ၏။ ကျန်သော ၅% မှာ စစ်တပ်၏လက်ထဲတွင်ရှိသည်။ ထို့အပြင် ချင်းရွှေကို ၁% ပေးထားသည်။ ၎င်းမှာ သိပ်မများလှသော်လည်း ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံမှာ အနာဂတ်တွင် အလားအလာများစွာရှိပေ၏။ ချင်းရွှေသည် လုပ်ငန်းကိုသာ ဦးစီးရပြီး အခြားရင်းနှီးမြုပ်နှံမှုများမရှိချေ။ ဤပမာဏမှာ လစာအပြင် ကျင်းယွင်ကျောင်းမှ ထပ်လောင်းပေးသောငွေဟု ပြောနိုင်၏။

ဟိုတယ်အထဲတွင် အလွန်မျက်စိကျိန်းဖွယ်မြင်ကွင်းဖြစ်သည်။ လူများသည် ကော်ဇောနီတစ်လျှောက် လျှောက်လှမ်းကာဝင်နေကြ၏။

ချင်းရွှေမှာ လူသစ်မဟုတ်ပေ။ သူသည် ယခင်က ဤကဲ့သို့ပွဲပေါင်းများစွာကို တက်ရောက်ဖူးသောကြောင့် ဤပွဲများနှင့် အလွန်ရင်းနှီးနေပေသည်။ မကြာခင်တွင် သူသည် အခြားလူများနှင့် နှုတ်ဆက်မိတ်ဖွဲ့တောသည်။

ကျင်းယွင်ကျောင်းသည် သူနှင့်အတူ လာခဲ့သော်လည်း သူ့နောက်သို့လိုက်၍ အခြားသူများနှင့် နှုတ်ဆက်စကားဖလှယ်ရန် စိတ်ကူးမရှိပေ။ သူမသည် နေရာတစ်နေရာရှာထိုင်ကာ ရှုယွမ်ထက်ပေါ်လာမည့်အချိန်ကို ဆိတ်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်သည်။

အပေါ်ဘက်တွင် ကြီးမားသောဖန်သားပြင်ကြီးတစ်ခုရှိပြီး ဆောက်လုပ်ရေးအစီအဥ်အချို့ကို ပြသထား၏။ ပါတီပွဲအား တရားဝင်စသောအခါ တစ်စုံတစ်ဦးမှ မိန့်ခွန်းပြောကြားပြီး မကြာခင်တွင် စင်အောက်မှ လုပ်ငန်းရှင်အချို့ ငွေလှူဒါန်းရန်အချိန် ရောက်ရှိလာလေသည်။

သို့သော် ဤသို့သောတရားဝင်ပွဲများသည် ကလေးများဆော့ကစားနိုင်သောနေရာမဟုတ်ပေ။ ထို့ကြောင့် သူမနှင့်သက်တူရွယ်တူလူငယ်များ မရှိသလောက်နီးပါးဖြစ်၏။ ဤလုပ်ငန်းရှင်များသည် သူတို့၏အတွင်းရေးမှူးများ သို့မဟုတ် ဇနီးများကိုသာ ခေါ်လာကြသည်။ ကျင်းယွင်ကျောင်းမှာ ထိုလူများကြားတွင် အနည်းငယ်အာရုံဖမ်းစားဖွယ်ဖြစ်နေလေသည်။

“မြို့တော်ဝန်ရှုရောက်ပြီ...”

မကြာမီတွင် တစ်စုံတစ်ဦးမှပြောသည်ကို ကျင်းယွင်ကျောင်းကြားလိုက်သည်။ သူမချက်ချင်းဆိုသလို လှည့်ကြည့်လိုက်ပြီး သူမအကြည့်များ နက်ရှိုင်းသွား၏။ ထင်ထားသည့်အတိုင်းပင် ရှန်ရှီလည်း ရောက်လာလေသည်။

ရှုယွမ်ထက်မှာ ဤနှစ်တွင် ၄၇-၄၈ နှစ်ရှိပြီဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် ခန့်ညားနေသေးသည်။ သူ၏နှာတံမှာ မြင့်မားပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများမရှိချေ။ သူ၏မျက်လုံးအိမ်မှာ နက်ရှိုင်းလေးနက်နေပြီး သူ၏မျက်ခုံးများမှာ ပိရိပြတ်သားနေသည်။ သူ၏မျက်နှာအသွင်အပြင်မှာ သာမန်ထက် အလွန်ထူးခြားပေသည်။ ရုပ်ရှင်မင်းသားလုပ်၍ပင်ရ၏။

သူ၏မျက်နှာတွင် အကြီးအကဲရှု၏ အရိပ်များကို မြင်နေရသည်။

သူ၏အနောက်တွင်ရှိသောသူမှာ သူဌေးကတော်ရှန်ရှီဖြစ်၏။ သူမသည် အနည်းငယ်ရှေးရိုးဆန်သောအင်္ကျီနှင့် ကျောက်စိမ်းလက်ကောက်တစ်စုံကို ဝတ်ဆင်ထားသည်။ သူမဆံပင်ရှည်ကို အပေါ်သို့စည်းနှောင်ထားပြီး ကြင်နာဟန်ရှိသောမျက်နှာပေါ်တွင် သွားမပေါ်ဘဲပြုံးနေ၏။ သူမသည် ရှုယွမ်ထက်၏လက်မောင်းကိုကိုင်ကာ ဂုဏ်သိက္ခာရှိမိသားစုတစ်စု၏ဟန်ပန်အပြည့်ဖြင့် အေးအေးလူလူလျှောက်နေသည်။

ကျင်းယွင်ကျောင်းသည် ၎င်းအား စကားတစ်ခွန်းမျှမဟဘဲ ကြည့်နေ၏။ ရှန်ရှီသည် ရှုယွမ်ထက်နှင့်အတူ အခြားသူများနှင့် နှုတ်ဆက်စကားဖလှယ်လိုက်သည်။ သူမလက်ထဲတွင် ရှန်ပိန်ခွက်တစ်ခွက်ကို ကိုင်ထားသည်။ သူမသည် ရှန်ပိန်ခွက်ကို အနည်းငယ်မြှောက်ကာ အပြုံးရေးရေးဖြင့် ပြုံးပြလိုက်သောအခါ လူများစွာက သူမအား ခေါင်းငြိမ့်ဦးညွှတ်ကြ၏။

မြို့တော်ဝန်အနေဖြင့် ရှုယွမ်ထက်သည် လူတိုင်းအား ဂရုတစိုက်နှုတ်ဆက်ရပေမည်။ ပါတီပွဲပြီးရန်လည်း အချိန်များစွာကြာသေးသဖြင့် ကျင်းယွင်ကျောင်းသည် အလျင်လိုမနေချေ။ သူမသည် အေးအေးလူလူသာ စောင့်ဆိုင်းနေ၏။

All Chapters