အခန်း (၉၀၅-၉၀၈)
Vol. 46 Ch. 905-908
Space and Rebirth 905
ရုပ်ရည်အသွင်အပြင်အရကြည့်လျှင် ရှန်ရှီမှာ ရှုယွမ်နှင့်ထိုက်တန်သောအမျိုးသမီးတစ်ဦးဖြစ်ပေသည်။ သူမသည် လှပချောမောပြီး ရှန်တုန်းနှင့် အနည်းငယ်ရုပ်ဆင်၏။ သူမ၏ဟန်ပန်အမူအရာမှာလည်း အလွန်ယဥ်ကျေးသည်။ သူမသည် အထက်တန်းစားမိသားစုမှ မဆင်းသက်လာသော်လည်း သူမတွင် သြဇာညောင်းသောအရှိန်အဝါတစ်ခုရှိနေသည်။သူမသည် နှစ်ပေါင်းများစွာ သူဌေးကတော်တစ်ဦးအနေဖြင့် နေခဲ့သောကြောင့် သဘာဝဆန်ဆန်ပင် အခြားသူများကလေးစားရိုကျိုးရသည့် အငွေ့အသက်များထွက်နေ၏။
“ခင်ဗျားက ဥက္ကဌချင်းလား? တွေ့ရတာဝမ်းသာပါတယ်”
ရှုယွမ်ထက်သည် ချင်းရွှေကိုတွေ့သွား၏။ သူသည် တစ်ဖက်လူ၏ လုပ်ငန်းကတ်ကိုယူကာ စတင်နှုတ်ဆက်လိုက်သည်။
ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏ တိုးတက်မှုမှာ အလွန်ရုတ်တရတ်ဆန်ပေသည်။ သူသည် လူများလွှတ်၍ ၎င်းအားစုံစမ်းခိုင်းခဲ့သော်လည်း ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏ အထွေထွေမန်နေဂျာဖြစ်သူ ချင်းရွှေအကြောင်းသာ သိခဲ့ရသည်။ နောက်ကွယ်မှ တာဝန်ရှိသူအစစ်ကိုမူ စစ်တပ်ဘက်မှ ကာကွယ်ရမည့်လူတစ်ဦးအနေဖြင့် မှတ်တမ်းတင်ထား၏။ ဆေးဝါးစက်ရုံ၏ဆောက်လုပ်မှု မပြီးစီးခင်ထိ သူ့တွင် ၎င်းအား စုံစမ်းရန် အခွင့်အာဏာမရှိခဲ့ချေ။ ဤကဲ့သို့အခြေအနေမျိုးမှာ ရှားပါးလှသောကြောင့် သူကိုယ်တိုင်ပင် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
သို့သော် ဤသည်မှာ တည်ထောင်စဆေးဝါးကုမ္ပဏီဖြစ်သောကြောင့် သူ၏အာရုံအားလုံးကို ၎င်းအထဲတွင် မနှစ်မြုပ်ခဲ့ပေ။
“မြို့တော်ဝန်နဲ့ မဒမ်ကို ကျွန်တော်နှုတ်ဆက်ပါတယ်၊ အနာဂတ်မှာကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးဖို့လည်း မျှော်လင့်ပါတယ်...”
ချင်းရွှေသည် ပြောစရာရှိသည်ကို တစ်ခါတည်းပြောလိုက်၏။ သူသည် အခြားလူများ၊ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ အောက်ကျို့ခြင်းလည်းမရှိသလို မာန်မာနပလွှားခြင်းလည်းမရှိချေ။
“ယဥ်ကျေးလွန်းနေပါပြီ ဥက္ကဌချင်း၊ ခင်ဗျားရဲ့ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီက တကယ်လျှို့ဝှက်ချက်များတာပဲ၊ တကယ့်ဥက္ကဌအစစ်ကို ကျွန်တော်တွေ့ချင်နေတာကြာပြီ ဒါပေမယ့် လက်တလောအတွင်း ဝင်မစွက်ဖို့ စစ်တပ်ဘက်က ပြောထားတော့ ကျွန်တော်လည်း တော်တော်သိချင်မိသွားတယ်...”
ရှုယွမ်ထက်သည် ခြောက်ကပ်စွာရယ်လိုက်ပြီး သူ၏မျက်လုံးများ မီးပွင့်သွား၏။ သူသည် ဒေါသထွက်နေသည်လော၊ ပျော်ရွှင်နေသည်လော ပြောရခက်ပေသည်။
“ခုနကမတွေ့လိုက်ဘူးလားဗျ? ကျွန်တော်တို့ဥက္ကဌက ဒီနေ့သူကိုယ်တိုင်တက်ရောက်ဖို့ အထူးခွင့်ယူထားတာလေ၊ မြို့တော်ဝန်က သူလေးစားရတဲ့သူတစ်ယောက်လို့ကြားတယ် ဒါကြောင့်မို့လည်း မြို့တော်ဝန်ကိုတွေ့ဖို့ အထူးတလည်အနေနဲ့ လာခဲ့တာပေါ့”
ချင်းရွှေပြုံးလိုက်သည်။ သူသည် ကျင်းယွင်ကျောင်း၏ရည်ရွယ်ချက်ကို သိလေသည်။
“ဪ ခင်ဗျားဥက္ကဌပါရောက်နေတာလား?”
ရှုယွမ်ထက်သည် အမှန်ပင် အံ့အားသင့်သွား၏။ ဤလျှို့ဝှက်ဆန်းကြယ်သောဥက္ကဌသည် လူကြားထဲပေါ်လာလိမ့်မည်မဟုတ်ဟု သူထင်နေခဲ့သည်။ သူမည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ထုတ်လိုသောကြောင့် စစ်တပ်အား လျှို့ဝှက်ခိုင်းထားခဲ့သည်မဟုတ်လော။
သို့သော် ခွင့်ယူသည်ဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း? ဤပုဂ္ဂိုလ်သည် အခြားတစ်နေရာရာတွင် အလုပ်လုပ်နေဆဲလော?
ချင်းရွှေသည် ပြုံးနေသော်လည်း သူ၏မျက်နှာထားမှာ အနည်းငယ်ထူးဆန်းနေသည်။ သူသည် လက်ကိုမြှောက်ကာ ကျင်းယွင်ကျောင်းရှိရာသို့ ညွှန်ပြလိုက်သည်။ ရှုယွမ်ထက်လှည့်ကြည့်လိုက်သောအခါ အလွန်တရာလှပသော ကျောပြင်ကို မြင်လိုက်ရ၏။
“အမျိုးသမီးတစ်ယောက်ပဲ”
ရှုယွမ်ထက်သည် ခေတ္တမျှအံ့သြသွားသော်လည်း သူ၏ရင်ထဲတွင် ရုတ်ချည်းဆိုသလို အလွန်ထူးဆန်းသောခံစားချက်တစ်ခုက ပေါ်ပေါက်လာတော့သည်။ ဤအခိုက်အတန့်သည် အလွန်အရေးကြီးလှသည်ဟု သူ၏အာရုံအားလုံးက စေ့ဆော်နေသည်...
“ရှန်ရှီ၊ မင်းဘာသာအရင်လျှောက်ပတ်ကြည့်နှင့်လိုက်”
ရှုယွမ်ထက်ပြောကာ ကျင်းယွင်ကျောင်းထံလျှောက်သွားလိုက်သည်။
ရှန်ရှီသည် သူမအား ဝေ့ကြည့်လိုက်ပြီး ဂရုမစိုက်ချေ။ တစ်ဖက်လူမှာ အမျိုးသမီးဖြစ်သော်လည်း ရှုယွမ်ထက်မှာ တဏှာကျသောလူမဟုတ်ပေ။ ထို့ကြောင့်လည်း သူမသည် နှစ်ပေါင်းများစွာတိုင်အောင် ရှုယွမ်ထက်၏တစ်ဦးတည်းသောဇနီးအဖြစ် ရပ်တည်နိုင်ခဲ့လေသည်။
သူမသည် ချက်ချင်းဆိုသလို ချင်းရွှေအား ပြုံးပြလိုက်ပြီး စကားအချို့ထပ်ပြောလိုက်၏။ ထို့နောက် သူမမိတ်ဆွေများရှိရာသို့ ဦးလှည့်သွားတော့သည်။
ထိုအချိန်တွင် ရှုယွမ်ထက်မှာ ကျင်းယွင်ကျောင်းထံချည်းကပ်လာလေလေ စိတ်လှုပ်ရှားလေလေဖြစ်နေ၏။ နှစ်ပေါင်းများစွာတစ်လျှောက် သူသည် ဤသို့တစ်ခါမှမဖြစ်ခဲ့ဖူးပေ။
တစ်စုံတစ်ဦးမှ သူမအနောက်သို့ချည်းကပ်လာသည်ကို ခံစားမိလိုက်သော ကျင်းယွင်ကျောင်းသည် ဝိုင်ခွက်အားချကာ အနောက်သို့လှည့်လိုက်သည်။
ရုတ်ချည်းဆိုသလို ရှုယွမ်ထက်သည် ခြေလှမ်းများရပ်ကာ ထိုနေရာတွင် ကြက်သေသေသွားသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ သူသည် အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းရှေ့မှောက်တွင် ချက်ချင်းရပ်လိုက်သည်။ သူသည် ကျင်းယွင်ကျောင်းအား လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ ပြောလိုက်တော့၏။
“ရှန်းလန်?”
“မင်္ဂလာပါ မြို့တော်ဝန်ရှု၊ ကျွန်မနာမည်က ကျင်းယွင်ကျောင်းပါ”
ရှုယွမ်ထက်၏မျက်လုံးများသည် ပျော်ရွှင်နေရာမှ အေးစက်သွားတော့၏။ သူသည် ချက်ချင်းဆိုသလို စိတ်ငြိမ်အောင်လုပ်ပြီး သူ၏လက်ကိုဆန့်တန်းလိုက်သည်။
“မင်းကဘယ်သူလဲ?”
“မြို့တော်ဝန်ရှု ကျွန်မအခုလေးတင်ပြောလိုက်တယ်လေ”
ကျင်းယွင်ကျောင်းပြုံးလိုက်၏။
ရှုယွမ်ထက်မျက်လုံးများ မှောင်ရိပ်သန်းသွားသည်။ ဤမိန်းကလေးသည် သူ၏ညီမမဟုတ်သော်ငြား သူ၏ညီမဖြစ်သူနှင့် အလွန်ရုပ်ဆင်၏။ သို့သော် သူမနှင့်ဤမျှလောက် ရုပ်ဆင်သော မိန်းကလေးသည် အဘယ်ကြောင့် ရုတ်တရတ်ဆန်စွာ သူ့ရှေ့မှောက်တွင် ပေါ်လာခဲ့ရသနည်း? အကြံအစည်တစ်ခုခုရှိပုံရ၏။ ဧကန္တ သူ၏ပြိုင်ဘက်များမှ စီစဥ်ထားသောအရာတစ်ခုလော?
သို့သော် ဤပုဂ္ဂိုလ်မှာ ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံ၏ ပိုင်ရှင်ဖြစ်ပြီး စစ်တပ်ဘက်မှ ကာကွယ်ထားသူဖြစ်၏။ သူမသည် သူ၏ပြိုင်ဘက်များနှင့် ဘာမှမသက်ဆိုင်လောက်ချေ။
“ဥက္ကဌကျင်း၊ တွေ့ရတာဝမ်းသာပါတယ်”
သူသည် အသံကို လည်ချောင်းထဲမှ မနည်းညှစ်ထုတ်လိုက်ရ၏။
ကျင်းယွင်ကျောင်းပြုံးကာ သူဆန့်တန်းလိုက်သောလက်ကို ဆွဲယူနှုတ်ဆက်လိုက်သည်။
Space and Rebirth 906
ကျင်းယွင်ကျောင်း၏လက်များသည် အေးစက်လွန်း၍ အခြားလူများ၏နှလုံးသားကိုပင် စိမ့်သွားစေ၏။ ရှုယွမ်ထက်သည် သူ၏ညီမဖြစ်သူနှင့် အလွန်ရုပ်ဆင်လှသောမျက်နှာကိုကြည့်ပြီး ရှင်းမပြတတ်စွာ ရင်ထဲနာကျင်သွားရသည်။
သူ၏ညီမ ရှုရှန်းလန်မှာ ကမ္ဘာပေါ်တွင် သူ့အတွက်အရေးကြီးဆုံးအမျိုးသမီးဖြစ်ခဲ့၏။ သူ၏ညီမနှင့်ရုပ်ဆင်သော အမျိုးသမီးများစွာကို ယခင်ကတွေ့ခဲ့ဖူးသော်လည်း ယခုသူ၏ရှေ့မှောက်တွင်ရှိနေသော မိန်းကလေးလောက်တူသောသူမရှိခဲ့ဖူးချေ။ ရုပ်ရည်အသွင်အပြင်အရကြည့်လျှင် သူတို့သည် ၆၀-၇၀% ခန့်ဆင်တူ၏။ ကွာခြားချက်ဟူ၍ သူမ၏ပြုမူပြောဆိုပုံဖြစ်သည်။
ရှန်းလန် (အမတသစ်ခွ) မှာ သူမ၏နာမည်အတိုင်းပင် တစ်ယောက်တည်းအလှပဆုံးပွင့်လန်းနေသော သစ်ခွပန်းကဲ့သို့ဖြစ်ပြီး ဖော်ရွေတတ်သောမိန်းကလေးဖြစ်၏။ သူ၏ရှေ့မှောက်တွင်ရှိနေသောမိန်းကလေးမှာမူ အလွန်အေးစက်ကာ သူစိမ်းဆန်လှသည်။ သူမသည် ညင်သာစွာပြုံးနေသော်လည်း သူမ၏ချောက်နက်သဖွယ်မျက်လုံးများထဲမှ အေးစက်မာကြောမှုကို ခံစားနေရသေးသည်။ အတွင်းထဲမှလာသော အေးစက်မှုတစ်ခုပင်ဖြစ်၏။
သူသည် လူကဲခတ်ရာ၌ အမြဲတစေ ကျွမ်းကျင်ခဲ့သည်။ သူသည် ဤမိန်းကလေးအား တစ်ချက်ကြည့်ရုံဖြင့် သေချာသလောက်နီးပါးရှိပေသည်။ သူမသည် ငယ်ရွယ်ပုံရသော်လည်း ရိုးရှင်းသော သာမန်မိန်းကလေးတစ်ဦးမဟုတ်ပေ။
“မြို့တော်ဝန်၊ ခုနက အရမ်းစိတ်လှုပ်ရှားသွားတဲ့ပုံရတယ် ကျွန်မက မြို့တော်ဝန်ရဲ့ညီမနဲ့တူလို့မှတ်လား?”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ဤရှုယွမ်ထက်သည် နှစ်လိုဖွယ်ကောင်းသောစရိုက်မျိုးရှိဟန် ရလေသည်။ သူသည် သူမ၏ရည်ရွယ်ချက်နှင့်ပတ်သတ်၍ ရင်ထဲ၌သံသယများစွာ ရှိနေလောက်မည်ဖြစ်သော်လည်း သူမမျက်နှာရှေ့တွင် သူသည် ဣန္ဒြေသိက္ခာများအားလုံးကို မေ့သွားတော့၏။ ထင်ထားသည့်အတိုင်း ရှုရှင်းယွမ်နှင့် လီရှောက်ယွင်ပြောသလိုပင် သူသည် သူ၏ညီမကို အသက်တမျှချစ်လေသည်။
ရှုရှန်းလန်မှာ အလွန်ပျော်ရွှင်ဖွယ်ကောင်းသောဘဝကို ပိုင်ဆိုင်ခဲ့သည့် အမျိုးသမီးဖြစ်ပေမည်။
“ဘယ်လိုသိတာလဲ? ကြည့်ရတာ ဥက္ကဌကျင်းက ကျွန်တော့်အကြောင်းကောင်းကောင်းသိနေပုံပဲ”
ရှုယွမ်ထက်သည် တိတ်တခိုးဖြင့် လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်သည်။
“သိတာပေါ့ ဦးလေးရှင်းယွမ်က ကျွန်မကို မြို့တော်ဝန်ရဲ့အကြောင်း ခဏခဏပြောတတ်တယ်လေ”
ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် ဖုံးကွယ်မထားတော့ချေ။
ထိုအရာကိုကြားလိုက်သောအခါ ရှုယွမ်ထက်တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူသည် အံ့အားသင့်ဟန်ဖြင့် သူမကိုကြည့်လိုက်သည်။
“မင်း....မင်းဘယ်သူလဲ?”
“မြို့တော်ဝန်ကြည့်ရတာ နည်းနည်းသောကရောက်နေတဲ့ပုံပဲ၊ ကျွန်မကမြို့တော်ဝန်အပေါ် တခြားအကြံတွေရှိနေတဲ့ လူဆိုးတစ်ယောက်မဟုတ်ပါဘူး၊ ဒီတိုင်းရှုမိသားစုနဲ့ပတ်သတ်ပြီး သိနေရုံပါ၊ ဒီလိုပါ ကျွန်မက ဟွားနင်ခရိုင်ကလာပါတယ် ဦးလေးရှင်းယွမ်နဲ့သိနေတာ သုံးနှစ်လောက်ရှိပါပြီ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“ဒါဆို ရှုကျင်းဇီကိုလည်း သိလား?”
ရှုယွမ်ထက်မေးလိုက်ပြန်၏။
“သိပါတယ် အဘိုးရှုက ဆေးပညာပိုင်းမှာ ကျွန်မရဲ့ဆရာတစ်ပိုင်းလို့ ပြောရမှာပေါ့”
ကျင်းယွင်ကျောင်း ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။
ဤတစ်ခေါက်တွင် ရှုယွမ်ထက်သည် ပို၍ပင်အံ့အားသင့်သွား၏။ သူသည် သူ၏ဖခင်၏စရိုက်ကို ကောင်းကောင်းသိပေသည်။ ယခင်က သူသည် ရှန်းလန်အား မြို့တော်မှထွက်နိုင်ရန် ကူညီခဲ့ပြီး သူမအား မတော်တဆဖြစ်စေခဲ့သောကြောင့် သူ၏ဖခင်သည် သူနှင့် ဒုတိယညီလေးအား မုန်းတီးနေခဲ့သည်မှာ နှစ်ချီနေလေပြီ။ နှစ်ပေါင်းများစွာတိုင်အောင် သူ့အား လျစ်လျူရှုခဲ့၏။ ထိုအမုန်းတရားမှာ သူ့ထံသို့ ဦးတည်ရုံမက မိမိ၏ကိုယ်ပိုင်မြေးအရင်းကိုပါ မျက်နှာလွှဲခဲပစ်လုပ်ခဲ့လေသည်။
သူတို့၏ဖခင်သည် ရှန်းလန်ကို အချစ်ဆုံးဖြစ်၏။ သုံးဦးသားသည် အစက ဆေးဝါးဖော်စပ်နည်းကို အတူတူသင်ခဲ့ကြသော်လည်း အဆုံးတွင် ရှုမိသားစု၏ ဆေးဖော်စပ်နိုင်သောပညာအား အမွေဆက်ခံခဲ့သူမှာ သူတို့၏ညီမငယ်ဖြစ်သည်။ သို့ရာတွင် သူမမတော်တဆဖြစ်ပြီးနောက် ရှုမိသားစု၏ဆေးဖော်စပ်နည်းပညာ တစ်သက်လုံးပျောက်ကွယ်သွားလျှင်ပင် သူတို့ညီအစ်ကိုနှစ်ဦးအား လက်လွှဲပေးမည်မဟုတ်ဟု သူတို့ဖခင်မှ ပြောခဲ့လေသည်။
အဆုံးတွင် ရှုရှင်းယွမ်သာ ရှုမိသားစု၏ အမွေဆက်ခံသူဖြစ်လာလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ထိုနေရာသို့ ရှန်းလန်နှင့် အလွန်ရုပ်ဆင်လှသောမိန်းကလေးတစ်ဦးက အစားထိုးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော် ထိုအချိန်တွင် သူသည် သက်မချလိုက်တော့၏။
“ဒါကြောင့် အကြီးအကဲရှုနဲ့ ရင်းနှီးနေတာပဲ ဟွားနင်ခရိုင်ကလာခဲ့တာကိုး...မိန်းကလေးကျင်း၊ စိတ်မရှိပါနဲ့ မေးခွန်းတစ်ခုလောက် ထပ်မေးပါရစေ မိန်းကလေးကျင်းရဲ့ မိဘတွေကဘယ်သူလဲ?”
ကျင်းယွင်ကျောင်းသည် တိတ်တခိုးဖြင့် မျက်ခုံးများကိုပင့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ရှုယွမ်ထက်သည် ထိုမေးခွန်းကို မေးနေလေပြီ။
“ကျွန်မကမိဘမဲ့ပါ”
ကျင်းယွင်ကျောင်းသည် နောက်ဆက်တွဲစကားကို ချက်ချင်းပြောလိုက်၏။
“ဒါပေမယ့် မြို့တော်ဝန်ရှုကို စိတ်ပျက်အောင်လုပ်မိလိမ့်မယ်ထင်တယ်၊ အဘိုးရှုလည်း ဒီမေးခွန်းကိုမေးခဲ့ပါတယ် ဒါပေမယ့် သူလိုချင်တဲ့အဖြေကိုတော့ မရခဲ့ဘူ၊ မြို့တော်ဝန်ရဲ့ ညီမနဲ့ ထွက်ပြေးသွားတဲ့ ယောက်ျားကလည်း သမီးရှိတဲ့အကြောင်း ဝန်မခံခဲ့ဘူးလို့ ဦးလေးရှင်းယွမ်ပြောခဲ့တယ်”
“ဟုတ်လား?”
ရှုယွမ်ထက်သည် ထိုစကားကို တိုးဖွစွာ ပြောလိုက်၏။
သူ၏ဖခင်သည် မိမိကိုယ်ကို လှည့်စားကုသပြီး ထိုကိစ္စအား ထုံသွားအောင်လုပ်နေခြင်းဖြစ်မည်။ ဤမိန်းကလေးသည် မိဘမဲ့တစ်ဦးဟု ပြောခဲ့သောကြောင့် သူမမိခင်ကို မသိခဲ့သည့်သဘောတွင်ရှိမည်။ ထိုသို့ဆိုလျှင် ရှန်းလန်၏သေဆုံးနိုင်ချေမှာ ပို၍မြင့်သွားချေပြီ။ ထို့ကြောင့်လည်း သူ၏ဖခင်သည် သူမအား ရှုမျိုးဆက်ဖြစ်ကြောင်း မဝန်ခံရဲခြင်းဖြစ်မည်။
Space and Rebirth 907
ရှုယွမ်ထက်၏အကြည့်များသည် ကျင်းယွင်ကျောင်းအားကြည့်နေရင်း နူးညံ့သွားသည်။ သူသည် အနည်းငယ်စိတ်ခံစားချက်ပြင်းထန်မိသွား၏။
ဤကိစ္စနှင့်ပတ်သတ်လာလျှင် သူသည် အကြီးအကဲရှုထက် ပို၍လက်တွေ့ဆန်ပေသည်။ သူသည် သူ၏ညီမအား အမှန်တကယ် သည်းသည်းလှုပ်ချစ်ခဲ့သော်ငြား ရှုမိသားစု၏လက်ရှိအရည်အချင်းဖြင့်ဆိုလျှင် နှစ်ပေါင်းများစွာတိုင်အောင် လူတစ်ဦးဦးကိုမရှာနိုင်ပါက ထိုလူသည် ဤလောကတွင် မရှိကြောင်း ၈၀-၉၀% မျှသေချာနေလေပြီ။ လီထျန်းယီကြောင့် သူ၏ညီမဖြစ်သူတွင် ဤမျှလောက်အသက်အရွယ်ကြီးပြီဖြစ်သော ရှိနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ သို့ရာတွင် ကျင်းယွင်ကျောင်းသာ အမှန်တကယ် သူ၏တူမဖြစ်နေလျှင် သူသည် ပိုစိတ်သက်သာရာရမိပေမည်။ အည်းဆုံးအနေဖြင့် သူ၏ညီမဖြစ်သူတွင် အမွေဆက်ခံသူတစ်ဦးရှိလာပေတော့မည်မဟုတ်လော။
“မိန်းကလေးကျင်း၊ ကျွန်တော်တို့အတွက် ဆေးစစ်ချက်တစ်ခုလောက် လုပ်ပေးနိုင်မလား?”
ရှုယွမ်ထက် ယဥ်ကျေးစွာမေးလိုက်၏။
သူသည် သူ၏ရှေ့မှောက်ရှိမိန်းကလေးမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိသေးချေ။ သူမဆီမှ ရင်းနှီးမှုဓာတ်ခံများ ခံစားနေရသော်လည်း သူသည် မျှော်လင့်ချက်ကြီးကြီးထား၍မဖြစ်ပါပေ။ ကျင်းယွင်ကျောင်းမှာ ဤအခြေအနေအား ခန့်မှန်းထားနှင့်ပြီးဖြစ်၍ မငြင်းဆိုဘဲ ခေါင်းငြိမ့်လိုက်သည်။
“မြို့တော်ဝန်ရှု၊ ဆေးစစ်ချက်အဖြေရလာရင် အရမ်းစိတ်မပျက်သွားဖို့ပဲ မျှော်လင့်ပါတယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“အဲ့လိုဖြစ်မှာမဟုတ်ပါဘူး”
ရှုယွမ်ထက်ပြုံးကာ သူ၏စိတ်အားတည်ငြိမ်စေရန် ရှန်ပိန်တစ်ငုံသောက်လိုက်သည်။ ထို့နောက်ဆက်မေးလိုက်၏။
“မိန်းကလေးကျင်းက ငယ်ပေမယ့် အလားအလာအတော်ရှိတာပဲ၊ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီကို ထောင်ခဲ့တာဆိုတော့ တကယ်အထင်ကြီးဖို့ကောင်းတယ်၊ အထူးသဖြင့် စစ်တပ်ရဲ့ထောက်ခံမှုပါရထားတာဆိုတော့ တကယ့်ရှားပါးဖြစ်ရပ်ပဲ၊ ဒါပေမယ့် ရှုမိသားစုက ဆေးစပ်တာပဲလုပ်တတ်တာပါ၊ ဆေးညွှန်းတွေဘာတွေ မရေးတတ်ဘူး၊ မိန်းကလေးကျင်းကုမ္ပဏီအတွက် ဆေးကို ဘယ်ကနေရခဲ့တာလဲ?”
“မြို့တော်ဝန်ရှု၊ စိတ်မပူပါနဲ့ အဲ့ဆေးတွေနဲ့ပတ်သတ်ပြီး ဘာပြသာနာမှမရှိပါဘူး၊ ဆေးစပ်တာအပြင် ကျွန်မက ဆေးလည်းနည်းနည်းကုတတ်ပါတယ်၊ ကုမ္ပဏီကဆေးညွှန်းတွေအားလုံးကို ကျွန်မဆရာက သင်ပေးခဲ့တာပါ”
ဆရာ?
ရှုယွမ်ထက်အံ့သြသွားတော့၏။
ဤမိန်းကလေးသည် အတော်အတန်ကံကောင်းပုံထောက်သည်။
သူ၏ဖခင်မှာ အလွန်ထူးချွန်သော ဆေးဝါးပညာရှင်တစ်ဦးဖြစ်၏။ သူသည် တပည့်များလက်ခံရာ၌ အလွန်လူရွေးသည်။ ပါရမီမပါသောလူမျိုးအား ဘယ်သောအခါမှ တပည့်အဖြစ်လက်ခံမည်မဟုတ်ပေ။ ထို့အပြင် ဆေးဝါးသင်ချင်သောသူများအား အမြဲတစေ ဆေးဝါးပညာလမ်းကိုသာ အာရုံစိုက်ခိုင်းတတ်၏။ ဥပမာပြရလျှင် သူ နိုင်ငံရေးလောကထဲဝင်ချင်သောအခါက သူ၏ဖခင်သည် သူ့အားဆေးဝါးသီအိုရီများ သင်ကြားပေးခြင်း ရပ်လိုက်လေသည်။
ကျင်းယွင်ကျောင်းသည် အခြားသူတစ်ဦးဆီမှ ဆေးကုသရေးကျင့်စဥ်များသင်နေစဥ် သူ၏ဖခင်ဆီမှ ဆေးဝါးပညာကို သင်နိုင်ခဲ့၏။ အမှန်တကယ် ထူးဆန်းလှပေသည်။ ထိုတင်မက သူမသည် ယခုအချိန်တွင် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီ၏ပိုင်ရှင်ဖြစ်နေပေပြီ။
“မိန်းကလေးကျင်းရဲ့ ကုမ္ပဏီက အနာဂတ်တော်တော်ကောင်းတယ်၊ နောက်ပိုင်းမှာ ပြသာနာတစ်ခုခုရှိရင် ကျွန်တော့်ကိုဆက်သွယ်လို့ရပါတယ်၊ အာ ဟုတ်သားပဲ ကျွန်တော့်အဖေက အခု ဟွားနင်ခရိုင်မှာ မဟုတ်တော့ဘူးမှတ်လား?”
ရှုယွမ်ထက်ထပ်မေးလိုက်ပြန်၏။ ဤသည်မှာလည်း အစောပိုင်းက သူခန့်မှန်းလိုက်သောအရာဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သူ၏ဖခင်ကိုသိနေသောကြောင့် သူ၏ဖခင်အား အသိမပေးဘဲ ဤလုပ်ငန်းမိတ်ဆုံစားပွဲသို့ လာခဲ့မည်မဟုတ်ပေ။ ယခုတလောပိုင်းတွင် သူ၏ဖခင်အခြေအနေသည် အနည်းငယ်ထူးဆန်းနေခဲ့၏။ အထူးသဖြင့် ရှုရှင်းယွမ်နှင့် ဖုန်းပြောခဲ့စဥ်တွင် တစ်ခုခုမှားနေသည်ဟု ခံစားခဲ့ရပေသည်။ ယခု သူသည် ကျင်းယွင်ကျောင်းကိုတွေ့လိုက်သောအခါ ဖြစ်ပျက်နေသောအရာများကို နားလည်သွားတော့၏။
“မြို့တော်ဝန်ထင်တာမှန်ပါတယ်”
ကျင်းယွင်ကျောင်းအမှန်အတိုင်းသာ ဖြေလိုက်၏။
“ထင်တဲ့အတိုင်းပဲ”
ရှုယွမ်ထက် ခြောက်ကပ်စွာရယ်လိုက်သည်။
“မိန်းကလေးကျင်းက A တက္ကသိုလ်မှာ ကျောင်းတက်နေတယ်ကြားတယ်၊ ပါမောက္ခမိုရဲ့တပည့်ဖြစ်သွားတဲ့ ကျောင်းသားများလား?”
“ဟုတ်ပါတယ်”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်ပြန်၏။
ရှုယွမ်ထက်သက်ပြင်းချလိုက်သည်။ ဤကဲ့သို့ဖြစ်မည်ကို သူကြိုသိနေခဲ့၏။
ရှုရှင်းယွမ်မှာ အေးတိအေးစက်နိုင်သောလူဖြစ်သည်။ သူသည် အကြီးအကဲရှု၏စကားသာ နားထောင်ပြီး အပြင်လူများအား လုံးဝဂရုမစိုက်ချေ။ သို့ရာတွင် သူသည် အကြောင်းမရှိဘဲ ရှုယုအား ဖုန်းခေါ်ပြီး သူ့အား ဆူပူခဲ့၏။ ရှုယုသည် ပါမောက္ခမိုအား မျက်နှာပျက်စေခဲ့သည်ဟုပင် ပြောခဲ့သည်။ ပါမောက္ခမိုနှင့် သူ၏ဖခင်မှာ အသိမိတ်ဆွေအဆင့်သာရှိသောကြောင့် သူ့အတွက် ဤမျှမားမားမတ်မတ်ရပ်တည်ပေးရန် မဖြစ်နိုင်ချ။ ယခု စဥ်းစားကြည့်လိုက်သောအခါ အရေးကြီးဆုံးသောအကြောင်းရင်းမှာ ပါမောက္ခမို၏တပည့်ဖြစ်သော ကျင်းယွင်ကျောင်းကြောင့်ဖြစ်ပေမည်။
သို့ရာတွင် ဤအရာကိုတွေးကြည့်ပြီးနောက် ရှုယွမ်ထက်၏စိတ်အခြေအနေသည် များစွာကြည်လင်သွားတော့သည်။
သူ၏ဖခင်သည် ဤနှစ်ပေါင်းများစွာတစ်လျှောက် ခေါင်းမာနေခဲ့၏။ ရှုရှင်းယွမ်မှအပ သူ၏အနီးတွင် မည်သူမှမရှိခဲ့ချေ။ ယခုတွင်မူ ကျင်းယွင်ကျောင်းကဲ့သို့ မိန်းကလေးငယ်တစ်ဦးပေါ်လာသောကြောင့် သူ့အတွက် ကောင်းသောအရာဖြစ်ပေသည်။ အထူးသဖြင့် ဤမိန်းကလေးသည် ရှန်းလန်နှင့် ရုပ်ချင်းဆင်ပြီး ရှုမိသားစု၏မျိုးဆက်တစ်ဦးဖြစ်နိုင်ချေရှိ၏...
Space and Rebirth 908
ရှုယွမ်ထက်သည် သူ၏နှလုံးသားထဲရှိ ရင်ခုန်စိတ်လှုပ်ရှားမှုအား ဖိနှိပ်မြိုသိပ်ပြီးနောက် ကျင်းယွင်ကျောင်းအား လေးလေးနက်နက်ကြည့်ကာ အခြားနေရာများထံ လှည့်ထွက်သွားလိုက်သည်။ ဤနေရာတွင် လူများစွာရှိသောကြောင့် သူသည် ကျင်းယွင်ကျောင်းကိုသာ စကားပြောနေ၍မဖြစ်ပေ။
ဤနေရာသို့ ကျင်းယွင်ကျောင်းလာရသောရည်ရွယ်ချက်မှာ တစ်ဝက်မျှ အောင်မြင်လေပြီ။ ရှုယွမ်ထက်ထွက်သွားပြီးနောက် သူမသည် ရှန်ရှီထံသို့ လျှောက်သွားလိုက်သည်။
“မဒမ်ရှုရဲ့အသားအရေက ကောင်းကောင်းထိန်းသိမ်းထားမှန်းအရမ်းသိသာတယ်၊ ရှုမိသားစုက နှစ်တစ်ထောင် တိုင်းရင်းဆေးပညာကို လက်ဆင့်ကမ်းလာကြတာဆိုတော့ လျှို့ဝှက်ဆေးနည်းများ တစ်ခုခုရှိနေလား?”
“ကြည့်ပါဦး၊ ကျွန်မနဲ့ သက်တူရွယ်တူဆိုပေမယ့် မဒမ်ရှုကြည့်ရတာ အသက်နှစ်ဆယ်ဝန်းကျင် မိန်းကလေးကျနေတာပဲ၊ ဘေးနားမှာရပ်ရတာတောင် ကျွန်မရှက်မိတယ်”
အမျိုးသမီးအချို့သည် အတူတကွရပ်နေပြီး သူတို့၏ရယ်သံများညံနေ၏။ ရှန်ရှီသည် ထိုအမျိုးသမီးအုပ်၏ အလယ်တွင် ရှိနေသည်။ အခြားသောအမျိုးသမီးများသည် သူမကို အားကျသောအကြည့်များဖြင့် ကြည့်နေကြပြီး ချီးမွမ်းသံများ ဝင်လာမစဲ တသဲသဲဖြစ်နေ၏။
“မဟုတ်တာ၊ ကျွန်မဒီလောက်အိုနေပြီကို ဘယ်လိုလုပ် ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတစ်ယောက်နဲ့ ယှဥ်နိုင်မှာလဲရှင်?”
ရှန်ရှီသည် ဝိုင်နီအား တစ်ငုံမျှသောက်ပြီး ခပ်ရေးရေးပြုံးလိုက်သည်။
ဤအပြုံးကြောင့် ထိုအမျိုးသမီးများ၏မျက်လုံးများသည် အံ့သြရိပ်များဖြင့် ပြည့်နှက်သွား၏။
အချိန်ဟူသည်မှာ သူတို့ကဲ့သို့အမျိုးသမီးများအတွက် ကျိန်စာတစ်ခုနှင့် မခြားပင်။ သူတို့၏ခင်ပွန်းများသည် သာမန်လူများမဟုတ်သောကြောင့် တစ်ချက်ခေါ်လိုက်သည်နှင့် မရေမတွက်နိုင်သော မိန်းမမျိုးစုံသည် ပြေးလာနိုင်ပြီး သူတို့၏မယားကြီးအဆင့်အတန်းကို ခွာချပစ်နိုင်၏။ ရှန်ရှီ၏အသက်အရွယ်တွင် ရှိနေသောအမျိုးသမီးများအတွက် ထိုသို့အဖြစ်များကြသည်။ သူတို့၏ခင်ပွန်းအများစုတွင် အငယ်အနှောင်းများရှိနေကြပြီး မိမိတို့အား ချိုချိုသာသာပင် မဆက်ဆံတော့ချေ။
သို့ရာတွင် ရှန်ရှီ၏အချိန်မှာမူ မရွေ့သွားဟန်ရှိ၏။ သူမသည် ဣန္ဒြေရှိမြဲ လှပသိမ်မွေ့မြဲဖြစ်သည်။ ရှုယွမ်ထက်သည် ငွေကြေးချမ်းသာပြီး အာဏာရှိရုံမက အကျင့်စာရိတ္တတရားလည်း အလွန်ကောင်းမွန်ပေသည်။ သူသည် ယောက်ျားကောင်းတစ်ဦးဖြစ်သောကြောင့် နာမည်ကြီး၏။ ရှန်ရှီ၏ ကောင်းမွန်သောဘဝကို လူအများက အားကျနေရလေသည်။
“မဒမ်ရှုနဲ့ မြို့တော်ဝန်ရှုက တကယ်စံပြလင်မယားပဲ၊ မဒမ်တို့သားကလည်း နာမည်ကြီးတက္ကသိုလ်က ကျောင်းသားပဲမှတ်လား၊ စကားကြုံလို့ပြောရရင် ကမ္ဘာတစ်ဝက်စာလောက် လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ ရှန်တုန်းဆိုတာကလည်း မဒမ်ရှုရဲ့ ညီမလေးပဲ၊ သူကတော့ မဒမ်လောက် ကံမကောင်းဘူးပေါ့ ဒါနဲ့ စကားမစပ် ကျွန်မဝမ်းကွဲတစ်ယောက်က ရှန်တုန်းရဲ့ အမာခံပရိသတ်လေ၊ တစ်နေ့လောက် သူတို့ကို မိတ်ဆက်ပေးလို့ရမလား? ဘယ်ပြောနိုင်မလဲ သူ့အတွက် ခင်ပွန်းကောင်းတစ်ယောက် ရသွားနိုင်တယ်နော်!”
ထိုစကားများကြောင့် ရှန်ရှီ၏မျက်နှာသည် အမူအရာပျက်သွားသည်။ သို့သော် ၎င်းသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
“ဟုတ်လား? တိုက်ဆိုင်လိုက်တာ၊ တစ်ရက်လောက်တွေ့ခိုင်းကြတာပေါ့...ဒါပေမယ့် ကျွန်မညီမလေးက နည်းနည်းမာနကြီးတယ်၊ သူ့ကိုဖျောင်းဖျလို့ရချင်မှရမှာ ဒါပေမယ့် ကျွန်မအကောင်းဆုံးကြိုးစားကြည့်ပေးပါ့မယ် ဟုတ်ပြီလား?”
ရှန်ရှီသည် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
သူမထိုသို့ပြောလိုက်သည်နှင့် တစ်ဖက်အမျိုးသမီးသည် အနည်းငယ်နေရခက်သွားသည်။
ယခင်က ရှန်တုန်းသည် လူတိုင်း၏ပါးစပ်ဖျားတွင် အမွမ်းတင်ခံခဲ့ရသော်လည်း အဆုံးတွင် သူမသည် လူများ၏အာရုံစိုက်ခြင်းကို မခံချင်တော့သဖြင့် နိုင်ငံခြားသို့ထွက်ပြေးခဲ့သည်မဟုတ်လော? သူမသည် မင်းသမီးတစ်ဦးသာဖြစ်ပေသည်။ သူမတွင် မာနကြီးပိုင်ခွင့် ရှိသေးသလော?
ရှန်တုန်းသာ သူမအစ်မဖြစ်သူ ရှန်ရှီ၏တစ်ဝက်လောက် စိတ်ကောင်းရှိပြီး ယဥ်ကျေးလျှင် လူပုံအလယ်တွင် သူမ၏အလှပြင်ဆိုင်ကို မဖွင့်ရလောက်ချေ။
“မဒမ်ရှု၊ သူများမကောင်းကြောင်းကို သူများနောက်ကွယ်မှာပြောနေတာ မဟုတ်သေးဘူးလို့ မထင်ဘူးလား?”
ထိုအခိုက်အတန့်တွင် သူတို့နောက်ကွယ်မှ အေးစက်သောအသံတစ်သံသည် ရုတ်ချည်းဆိုသလို ထွက်လာ၏။ အားလုံးကြောင်အမ်းသွားတော့သည်။ သူတို့အနောက်လှည့်ကြည့်လိုက်သောအခါ မျက်နှာပေါ်တွင် အပြုံးရေးရေးတစ်ခုကို ဆင်မြန်းထားသော မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။ သူမသည် ရှန်ရှီအား စိန်းစိန်းဝါးဝါးကြည့်နေ၏။ သူမ၏မျက်လုံးများသည် အဓိပ္ပာယ်ဖော်ရခက်ပြီး လူတိုင်းအား ကျောချမ်းစေပေသည်။
ရှန်ရှီသည် သူမအား မြင်လိုက်သောအခါ လက်များတုန်လာပြီး ဝိုင်နီများ အနည်းငယ်မှောက်ကုန်၏။ သူမသည် အလျင်အမြန်ပင် ပေသွားသောဝိုင်များကို သုတ်လိုက်သည်။
“နင်က...”
သူမသည် အံကြိတ်ရင်းဖြင့် မေးလိုက်၏။
ကျင်းယွင်ကျောင်းသည် အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း?
“မဒမ်ရှု ကျွန်မကိုမသိဘူးလား? ကျွန်မက ကျင်းယွင်ကျောင်းပါ၊ ကျွန်မသောက်ဖို့တောင် အန်တီတုန်းကို ဝိုင်တစ်ပုလင်းပို့လိုက်သေးတယ်လေ?”
ကျင်းယွင်ကျောင်းသည် မထုံတတ်သေးသောလေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် ရှန်ရှီဖိတ်စင်စေခဲ့သော ဝိုင်နီအားကြည့်ကာ ခပ်ဟဟရယ်လိုက်၏။
“မဒမ်ရှု ကျွန်မကိုတွေ့ရတာ အဲ့လောက်တောင် အံ့သြသွားလား?”
“မိန်းကလေးကျင်းကိုး...မအံ့သြပါဘူး ဒီတိုင်းရုတ်တရတ်ဆန်သွားလို့ပါ...”
ရှန်ရှီသည် ထရပ်ကာ အကြီးအကဲတစ်ဦး၏လေသံမျိုးဖြင့် ဖော်ရွေစွာပြောလိုက်သည်။
“သမီးက A တက္ကသိုလ်က ကျောင်းသူလို့ ရှန်တုန်းပြောတာကြားဖူးတယ်၊ ဘယ်လိုဖြစ်လို့ ဒီနေ့ဒီနေရာကိုလာဖို့ အချိန်ရှိတာလဲ? ဒါပေမယ့် သမီးသာ ဒီမိတ်ဆုံစားပွဲကို လာချင်မှန်း သိခဲ့ရင် လူတစ်ယောက်လွှတ်ပြီး ဖိတ်စာပို့ပေးလိုက်ပါတယ်၊ တခြားလူတွေကို သမီးတောင်းဆိုစရာမလိုတော့ဘူးပေါ့”