← Chapters

အခန်း (၉၁၃-၉၁၆)

Vol. 46 Ch. 913-916

အခန်း (၉၁၃-၉၁၆)

Vol. 46 Ch. 913-916

Space and Rebirth 913

ရှန်ရှီ၏ထိတ်လန့်အံ့အားသင့်သွားသောမျက်နှာကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်း ချက်ချင်းဆိုသလို စိတ်အားရကျေနပ်သွားသည်။ သူမသည် ရှန်ရှီအား မာယာများပြီး အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်၏။ ထိုအချိန်တွင် သူမစကားများကိုကြားလိုက်ရသဖြင့် အနီးအနားရှိလူများသည် ဇဝေဇဝါဖြစ်ကုန်ပြီး မလုံမလဲဖြစ်သွားကြသည်။

အထူးသဖြင့် မဒမ်ဝမ်သည် ပို၍ပင် နားမလည်နိုင်ဖြစ်သွား၏။

ယနေ့မှာ သူမအတွက် အလွန်ထူးဆန်းလွန်းလှသည်။ သူမသည် မဒမ်ရှုဘက်မှ ကာကွယ်၍ပြောပေးခဲ့သော်လည်း အကြောင်းပြချက်မရှိဘဲ ဝိုင်ခွက်ဖြင့် အပက်ခံခဲ့ရ၏။ သူမ မတရားခံရသည်မှာ သိသာနေသော်လည်း မဒမ်ရှုမှာ သူမအား ဝိုင်ဖြင့်ပက်ခဲ့သော တရားခံမိန်းကလေး၏ဘက်တွင် ရှိနေလေသည်။ ယခုတွင် ဤမိန်းကလေးသည် မျက်စိတစ်မှိတ်အတွင်း ဥက္ကဌကျင်းဖြစ်နေကာ မြို့တော်ဝန်ရှုနှင့်ပင်ရင်းနှီးနေသေးသည်လော?

“မဒမ်ရှုပြောတော့ ဒီကောင်မလေးက...တောက တက်လာတာဆို....”

မဒမ်ဝမ် အလွန်စိတ်ထိခိုက်သွားတော့၏။ ရှန်ရှီသည် အဘယ်ကြောင့် ဤလုပ်ရပ်မျိုးလုပ်ခဲ့သနည်း? ဧကန္တ သူမအား တမင်ဒုက္ခပေးလိုခဲ့ခြင်းလော?

မဒမ်ဝမ် အနည်းငယ်ဒေါသထွက်သွားပုံကို ရှန်ရှီမြင်လိုက်ရသောအခါ သူမသည် စိတ်တိုလွန်း၍ သွားများကျိုးလုမတတ် အံကိုကြိတ်လိုက်တော့၏။ ယခင်က ကျင်းယွင်ကျောင်းအား သာမန်မိန်းကလေးတစ်ဦးဟု သူမထင်ခဲ့သော်ငြား ယခုတွင် ထိုသို့ဖြစ်နေဟန်မရချေ။ ကျင်းယွင်ကျောင်း ပေါ်ပေါက်အချိန်မှစ၍ ယခုအချိန်ထိ သူမအားဒုက္ခသာပေးခဲ့ပြီး အဆုံးတွင် မခံမရပ်နိုင်လောက်အောင် နစ်နာသွားသူမှာ သူမရှန်ရှီသာဖြစ်သည်။ သူမပေါ်လာသည်မှာ တိုက်ဆိုင်မှုမဟုတ်လောက်ချေ။ ကြိုတင်စီစဥ်ထားမှုတစ်ခုဖြစ်နိုင်၏။

ထိုအဘိုးကြီးလည်း သဘောတူခွင့်ပြုထားပုံရပေသည်...

ရှန်ရှီသည် နေရခက်နေသော်လည်း ဤတစ်ခေါက်တွင် သူမသည် မဒမ်ဝမ်အား ရှင်းပြ၍မရချေ။ မဒမ်ဝမ်အားမှားနေသည်ဟုပင် သူမပြောခဲ့ရ၏။ ဤမဒမ်ဝမ်မှာလည်း လုပ်ငန်းရှင်တစ်ဦး၏ ဇနီးတစ်ယောက်သာဖြစ်သော်ငြား သူမသည် အထက်တန်းလွှာထဲတွင် လူသိများသောသူဖြစ်ပြီး လူများစွာနှင့်ရင်းနှီး၏။ ထိုသို့သောအမျိုးသမီးအား စိတ်ခုစေမိပါက အနာဂတ်တွင် သူမသည် မိတ်ဆုံစားပွဲများသို့ ဖိတ်ခေါ်ခံရမည်မဟုတ်တော့ချေ။

သူမသည် မြို့တော်ဝန်ကတော်ဖြစ်ပြီး ဤလူများ၏သဘောထားများကို ဂရုစိုက်စရာမလိုသော်လည်း ဣန္ဒြေသိက္ခာရှိပြီး လေးစားရသောအမျိုးသမီးတစ်ဦးအဖြစ် အများကမြင်စေရန် သူမနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရ၏။ ထိုကြိုးစားအားထုတ်မှုများအားလုံး သဲထဲရေသွန်ဖြစ်သွားသောကြောင့် သူမဒေါသမထွက်ဘဲနေရန်ခက်ခဲပေသည်။

ခဏအကြာတွင် ထင်ထားသည့်အတိုင်း ရှုယွမ်ထက်ရောက်လာတော့၏။

သူ၏အကြည့်များသည် အခြားသူများထံမသက်ရောက်ဘဲ ကျင်းယွင်ကျောင်းဆီသို့ တည့်တည့်မတ်မတ် ကျရောက်နေသည်။ သူသည် မျက်မှောင်ကိုကြုတ်လိုက်ကာ ပုံမှန်ထ်ထက် ပို၍လေးနက်သောအကြည့်များဖြင့် ကြည့်လိုက်သည်။

“ဘာတွေဖြစ်ကြတာလဲ?”

ရှုယွမ်ထက်မေးလိုက်၏။

“ကျွန်မက မြို့တော်ဝန်ရှုကိုယ်တိုင်ဖိတ်ထားတဲ့ ဧည့်သည်မှတ်လား?”

ကျင်းယွင်ကျောင်းမျက်ခုံးကိုပင့်ကာ မာန်ပါပါဖြင့် မေးလိုက်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ကျင်းယွင်ကျောင်းနှင့် ရှုယွမ်ထက်သည် အနည်းငယ်ရုပ်ဆင်မှုရှိကြောင်း အပြင်လူများမြင်နိုင်ပေသည်။ သူတို့၏ဟန်ပန်အမူအရာများပင်လျှင် တစ်ထေရာတည်းဖြစ်၏။ ကြက်သီးထဖွယ်ကောင်းလှပေသည်။

“အင်း”

ရှုယွမ်ထက်သည် သူမမျက်နှာအားကြည့်ကာ ခေါင်းငြိမ့်လိုက်၏။

“ဒါပေမယ့် ခုနတုန်းကတော့ မဒမ်ရှုက ကျွန်မကို နယ်ကတက်လာတဲ့ ကလေးမလေးတစ်ယောက်သာသာပြောပြီး သူတောင်းစားလိုမျိုး ပိုက်ဆံအတင်းထိုးပေးခဲ့တယ်၊ ဒါက ဂုဏ်သိက္ခာရှိမိသားစုက လာတဲ့လူတစ်ဦး လုပ်သင့်တဲ့လုပ်ရပ်လားရှင့်? ပြီးတော့ မဒမ်ဝမ်ကလည်း ကျွန်မကို မြေခွေးမလို့ခေါ်ခဲ့တယ်...မြို့တော်ဝန်ရှု၊ ကျွန်မ အကြီးအကဲရှုနဲ့ သုံးနှစ်လောက်အတူနေခဲ့တယ်၊ ကျွန်မတို့ဆက်ဆံရေးက မြေးအဘိုးဆက်ဆံရေးလိုပဲ၊ အကြီးအကဲရှုက ကျွန်မကို မတော်တရားမဆက်ဆံခဲ့ဖူးဘူး၊ ဘယ်လိုဖြစ်လို့ သူကကျွန်မကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒီလိုပွဲမျိုးမှာ စွပ်စွဲနေရတာလဲ?”

ကျင်းယွင်ကျောင်းသည် ရှန်ရှီအား ချောက်ချရန် စိတ်ပိုင်းဖြတ်ထား၏။

အစောပိုင်းက ရှန်ရှီ၏တုံ့ပြန်ပုံအရ သူမသည် ရှုယွမ်ထက်အား အလွန်ကြောက်အားသန်ပုံထောက်သည်။ ထိုသို့ဆိုလျှင် ကျင်းယွင်ကျောင်းသည် ဤအခွင့်အရေးအား လက်လွှတ်ခံ၍မဖြစ်ချေ။

အငြိုးဟောင်းများ၊ အငြိုးအသစ်များအားလုံးကို စုပုံသိမ်းဆည်းထားသည်မှာ ကြာပေပြီ။ ယနေ့တွင် သူမသည် ၎င်းတို့အား အတိုးဖြင့် ပြန်ဆပ်ရပေမည်။

ကျင်းယွင်ကျောင်းမျက်နှာထားမှာအေးစက်ပြီး ရန်လိုဟန်အပြည့်ရှိနေ၏။ သူမမျက်လုံးများသည် ခံစားချက်ကင်းမဲ့နေသောကြောင့် ရှန်ရှီအား ဒေါသဖြင့် တုန်ယင်လာစေသည်။

သို့သော် သူမ‌ပေါက်ကွဲ၍မဖြစ်ချေ။ အထူးသဖြင့် ရှုယွမ်ထက်အရှေ့တွင်ဖြစ်၏။

ကျင်းယွင်ကျောင်းစကားပြောပြီးနောက် ရှုယွမ်ထက်သည် မျက်ခုံးကိုပင့်ကာ ရှန်ရှီကို ဝေ့ကြည့်လိုက်သည်။

“ရှင်းပြစမ်း”

သူနှင့် ရှန်ရှီမှာ နှစ် ၂၀ ကျော် အိမ်ထောင်သက်တမ်းရှိလေသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းစကားကိုသာယုံပြီး မိမိ၏ဇနီးဖြစ်သူကို အပြစ်စီရင်၍မဖြစ်ပေ။ သို့သော် ကျင်းယွင်ကျောင်းပြောခဲ့သလိုပင် သူမသည် အကြီးအကဲရှုနှင့် သုံးနှစ်မျှ အတူနေထိုင်ခဲ့သူဖြစ်၏။ ထိုသို့ဆိုလျှင် အကြီးအကဲရှုသည် သူမ၏အကျင့်စာရိတ္တကို ယုံကြည်၍သာ အနီးကပ်ထားခြင်းဖြစ်ရမည်။ သူမစကားမှာ အနည်းငယ်ချဲ့ကားထားလျှင်ပင် အမှန်တရားအချို့တော့ရှိရချေမည်။

Space and Rebirth 914

ရှုယွမ်ထက်သည် ကျင်းယွင်ကျောင်းအား ပထမဆုံးအကြိမ်တွေ့ခြင်း ဖြစ်သည့်တိုင် သူတို့နှစ်ဦးထဲမှတစ်ဦးကို ရွေးချယ်ခိုင်းပါက ကျင်းယွင်ကျောင်းကိုသာ သေချာပေါက်ရွေးချယ်ပေလိမ့်မည်။ သူသည် ရှန်ရှီအား အနှစ်နှစ်ဆယ်ကျော်အတွင်း ဘယ်သောအခါမှ အမှန်တကယ်နားမလည်ခဲ့ချေ။ သူမလိုချင်သောအရာကို နားမလည်ခဲ့သလို နားလည်ချင်စိတ်လည်းမရှိခဲ့ပေ။

ယခင်က သူတို့၏လက်ထပ်မှုသည် အပေးအယူတစ်ခုကဲ့သို့ဖြစ်သည်။ သူသည် ရှန်ရှီအား ရွေးချယ်မှုတစ်ခုပေးခဲ့ပြီး သူမသည်လည်း ၎င်းအား တုံ့ဆိုင်းမှုမရှိ ရွေးချယ်ခဲ့၏။ ထိုအခိုက်အတန့်တွင် ရှန်ရှီသည် သူဌေးသူကြွယ်မိသားစုတစ်စု၏ လူနေမှုဘဝနှင့်ပတ်သတ်၍ တုနှိုင်းမမီသော စွဲလမ်းမှုတစ်ခုရှိကြောင်း သူခံစားခဲ့ရသည်။ ထို့ကြောင့် ရှန်ရှီ၏ ဂရုစိုက်မှုနှင့် ကြင်နာမှုများအားလုံးသည် အပေါ်ယံဟန်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း သူအမြဲတစေ ခံစားခဲ့ရ၏။

သူတို့အိမ်ထောင်ပြုစက ငယ်ရွယ်သောရှုယု၏မျက်နှာကိုထောက်၍ ရှန်ရှီအပေါ် ခင်ပွန်းအစစ်အမှန်တစ်ဦးကဲ့သို့ ဆက်ဆံနေထိုင်ရန် စဥ်းစားခဲ့ဖူးသည်။ သို့ရာတွင် ၎င်းမှာ အတွေးတစ်ခုအဖြစ်သာ ပျောက်ကွယ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမအား စိတ်ထဲမှ အလိုလိုခွာမိနေသောကြောင့်ဖြစ်သည်။

သူမသည် နားလည်သိတတ်မှုရှိပြီး နူးညံ့သိမ်မွေ့ကာ ဣန္ဒြေရှင်အမျိုးသမီးတစ်ဦးဖြစ်၏။ သူမသည် ဤအသိုင်းအဝိုင်းနှင့် နီးစပ်နိုင်ရန် အားကုန်ကြိုးစားခဲ့သည်။ သူမစိတ်မပျော်ရွှင်လျှင်ပင် နူးညံ့ချိုသာကာ သဘောထားကြီးနေဆဲဖြစ်ခဲ့သည်။ အခြားသူများ၏လှောင်ပြောင်မှုများကို ကြုံလာသောအခါ၌လည်း သူ့အား ဆက်ဆံသည့်အတိုင်း ချိုသာယဥ်ကျေးနေဆဲဖြစ်၏။ ရှင်းရှင်းပြောရလျှင် သူမ၏တုံ့ပြန်ပုံအားလုံးမှာ သာမန်လူတစ်ဦးနှင့်မတူချေ။ ကြိုတင်ချိန်ကိုက်ထားသော ဇာတ်ရုပ်တစ်ရုပ်နှင့်တူသည်။ သူမသည် ထိုဇာတ်ရုပ်ထဲဝင်ရန် အကောင်းဆုံးကြိုးစားခဲ့ကာ မည်သို့သောပေးဆပ်မှုမျိုးရှိပါစေ သူမသည် လူတိုင်းကို တန်းတူညီမျှဆက်ဆံခဲ့၏။ ထို့ကြောင့် ဤအမျိုးသမီးသည် ဘယ်သောအခါမှ သူ၏နှလုံးသားကို သိမ်းပိုက်နိုင်လိမ့်မည်မဟုတ်ဟု ရှုယွမ်ထက်ထင်ခဲ့ပေသည်။

ထို့အပြင် ကျင်းယွင်ကျောင်း၏သွေးကြောထဲ၌ သူ့ဖခင်၏သွန်သင်ဆုံးမချက်များအပြင် ရှန်းလန်၏သွေးလည်း စီးဆင်းနေနိုင်သေး၏။ ဤအချက်များသည် သူ၏ကိုယ်ပိုင်စုံစမ်းမှုများထက် ပို၍အားကိုးရလေသည်။

ထိုအချိန်တွင် ရှုယွမ်ထက်၏ အေးစက်သောစကားလုံးများကြောင့် ရှန်ရှီသည် ရေခဲတိုက်ထဲ ရောက်သွားသလိုခံစားလိုက်ရသည်။ သူမမျက်နှာသည် အကြိမ်အနည်းငယ်မျှ တုန်ယင်သွားပြီးနောက် သူမကိုယ်သူမ ဟန်ကိုယ်ဖို့လိုက်၏။ သူမမျက်နှာပေါ်တွင် စိတ်ထိခိုက်သွားဟန်ရသော အပြုံးနုနုတစ်ခုပေါ်ပေါက်လာပြီး ပြောလိုက်သည်။

“ယောက်ျား၊ မိန်းကလေးကျင်းအထင်လွဲနေတာပါ”

“ယောက်ျားကိုမပြောရသေးတာတစ်ခုရှိတယ်၊ မိန်းကလေးကျင်းနဲ့ အဖေက မြို့တော်ထဲရောက်နေတာ ကြာပြီဆိုတာကို ကျွန်မသိထားပါတယ်၊ ဒါပေမယ့် အဖေက ကျွန်မတို့ကို မတွေ့ချင်ကြတာမို့ သူရောက်နေတာ ဘယ်သူ့ကိုမှမပြောဖို့ ကျွန်မကိုပြောထားခဲ့တယ်၊ ဒါကို မိန်းကလေးကျင်းကိုယ်တိုင် ကျွန်မညီမကိုပြောထားတာမို့ ကျွန်မလည်း မိန်းကလေးကျင်းကို ဟွားနင်ခရိုင်က သာမန်မိန်းကလေးတစ်ယောက်လို့ထင်လိုက်တာပါ၊ သူ့ကိုပျော်စေချင်လို့ သူ့မှာပိုက်ဆံမရှိမှာစိုးတာနဲ့ ကျွန်မလည်း...ကျွန်မကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ဝင်ရှုပ်မိသလိုဖြစ်သွားတယ်ထင်ပါရဲ့၊ မိန်းကလေးကျင်းက အရည်အချင်းရှိလွန်းလို့ ကုမ္ပဏီတစ်ခုကိုပါ ထောင်နိုင်နေပြီလို့ ကျွန်မမထင်ထားခဲ့ဘူး...”

“ခုနက မြေခွေးမဆိုတာကတော့...”

ရှန်ရှီသည် စိတ်လှုပ်ရှားနေသော မဒမ်ဝမ်ကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“မဒမ်ဝမ်က စိတ်ပူလို့စကားမှားထွက်မိသွားတာပါ၊ မိန်းကလေးကျင်းက ရှန်းလန်နဲ့တူနေလို့ ကျွန်မတို့ကို ဒုက္ခပေးမယ့် မကောင်းတဲ့လူတစ်ယောက်လို့ထင်လိုက်တာ...”

“မိန်းကလေးကျင်း တောင်းပန်ပါတယ်”

...

သူမနံဘေးတွင် မဒမ်ဝမ်သည် ဒေါသထွက်လွန်းသဖြင့် စကားစပင်ရှာမရချေ။ ကျင်းယွင်ကျောင်းကိုယ်တိုင်ပင် သူမနှင့်ပတ်သတ်၍ စကားတစ်ခွန်းမဟသေးသော်လည်း ရှန်ရှီမှာမူ သူမအားအပြစ်တင်ရန် ကရားရေလွှတ်ပြောနေချေပြီ...

“မဒမ်ဝမ်၊ ဒီကလေးကို မကောင်းတဲ့မိန်းမတစ်ယောက်နဲ့ နှိုင်းရအောင် ဘယ်လိုသက်သေများရှိနေလို့လဲ?”

ရှုယွမ်ထက်မျက်နှာ အလွန်အမင်းပျက်နေ၏။

ဒီအန်အေစစ်ဆေးချက်ကို မလုပ်ရသေးသော်လည်း သူ၏စိတ်ထဲတွင် ကျင်းယွင်ကျောင်းအား သူ၏တူမအဖြစ် သတ်မှတ်နှင့်လေပြီ။ သူ၏တူမအား ယောက်ျားများကို မြှူဆွယ်တတ်သောမိန်းမအဖြစ် စွပ်စွဲရသလော? အဘယ်ကြောင့် ဤမျှသတ္တိရှိနေရသနည်း?

“မြို့တော်ဝန်ရှု”

မဒမ်ဝမ် စကားပြန်ပြောခါနီးတွင် ကျင်းယွင်ကျောင်းအရင်ခေါ်လိုက်၏။

“ပြောရရင် ကျွန်မက မဒမ်ဝမ်ကို တောင်းပန်ရမှာပါ၊ ခုနက မဒမ်ဝမ်အပေါ် ဝိုင်နဲ့ပက်မိတာကို အရမ်းတောင်းပန်ပါတယ်”

မဒမ်ဝမ် အလွန်ပင် ဇဝေဇဝါဖြစ်သွား‌တော့၏။ ယခု ကျင်းယွင်ကျောင်း၏လုပ်ရပ်မှာ အဘယ်နည်း? မိတ်ဆွေသည် ရန်သူဖြစ်ပြီး ရန်သူသည် မိတ်ဆွေဖြစ်နေလေပြီ!

“မဒမ်ဝမ်က စိတ်ထားဖြောင့်မတ်ပြီး ပွင့်ပွင့်လင်းလင်းသမားဆိုတော့ မဒမ်ရှုက ကျွန်မကိုပိုက်ဆံပေးတာကို ကျွန်မမယူတာနဲ့ သူနည်းနည်းမကျေမနပ်ဖြစ်သွားရုံပါ အဲဒါနဲ့ပဲ ကျွန်မကို ဆုံးမစကားနည်းနည်းပြောခဲ့တယ်၊ ကျွန်မကလည်း အသက်ငယ်သေးတဲ့လူမို့ စိတ်မြန်လက်မြန်ရှိတာနဲ့ မဒမ်ဝမ်အပေါ် အမှားလုပ်မိသွားတာပါ၊ အဲ့တော့ ဒီကိစ္စက သူနဲ့ဘာမှမဆိုင်ပါဘူး”

ကျင်းယွင်ကျောင်းပါးစပ်ကိုဖွင့်ကာ သူမဘက်မှ ကာပြောပေးလိုက်သည်။ မဒမ်ဝမ်သည် အကြောင်းရင်းမရှိဘဲ ဤကိစ္စထဲ ဆွဲသွင်းခံလိုက်ရသူဖြစ်လေသည်။

Space and Rebirth 915

ရှန်ရှီ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ဤကျင်းယွင်ကျောင်းသည် အလွန်မာယာများလှပေသည်!

မဒမ်ဝမ်မှာ သူမနှင့်တစ်ဖွဲ့တည်းရှိနေခဲ့သဖြင့် အကြောင်းပြချက်မရှိဘဲ ဝိုင်ဖြင့်ပက်ခဲ့၏။ သို့ရာတွင် ယခုအချိန်၌မူ မဒမ်ဝမ်ဘက်မှကာကွယ်ပေး၍ မျက်နှာကောင်းယူရန် ကြိုးစားနေပြန်သည်!

ရှုယွမ်ထက်မှာလည်းပါးနပ်ပေသည်။ ဤအချိန်တွင် ကျင်းယွင်ကျောင်း၏ ရှန်ရှီအပေါ်ရန်လိုမှုများကို သူအသေအချာခံစားနေရသည်။

“ဒီကိစ္စက အပြင်လူတွေနဲ့မဆိုင်မှတော့ အိမ်ပြန်ရောက်မှ ဆက်ပြောကြတာပေါ့”

ရှုယွမ်ထက်သည် ရှန်ရှီအား လေးနက်စွာကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျင်းယွင်ကျောင်းသာ သူ၏တူမဖြစ်နေလျှင် ဤနှစ်ဦးသား တစ်မိုးအောက်တွင် နေရမည့်အချိန် ရောက်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ရှန်ရှီသည် ဦးနှောက်ရှိလာရန်သာ သူမျှော်လင့်မိသည်။ ငယ်ရွယ်သောမျိုးဆက်သစ်များ၏ အတွေးများကိုပင် သူမအဓိပ္ပာယ်မဖော်နိုင်မည်ကို ရှုယွမ်ထက်စိုးရိမ်မိ၏။

သို့သော် သူ့တွင်သာ အိမ်ထောင်မရှိဘဲ တူမလေးကို ရှာတွေ့ခဲ့လျှင် သူ၏မေတ္တာနှင့် ဂရုစိုက်မှုများအားလုံးကို ထိုတူမလေးထံ ပုံပေးပေမည်။

ရှုယွမ်ထက် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၍ ရှန်ရှီသည် ကျိုးနွံစွာဖြင့်သာ ခေါင်းငြိမ့်လိုက်သည်။ သူမသည် ရင်ထဲတွင် အလွန်အော့အန်ချင်နေ၏။ သူမယောက်ျားသည် မကျေမနပ်ဖြစ်နေသော်လည်း အပြင်လူများစွာရှေ့တွင် ဒေါသမပေါက်ကွဲနိုင်သောကြောင့် သူမသိက္ခာကိုဆယ်သည့်အနေဖြင့် ထိုသို့လုပ်လိုက်ကြောင်း သူမသိနေခဲ့သည်။

ထိုအချိန်ရောက်သောအခါ ပွဲ၏အဓိကအချိန်ကို ရောက်လာလေသည်။ စင်မြင့်ပေါ်ရှိလူများသည် ဤတစ်ခေါက် ပရဟိတစီမံကိန်းအား မိတ်ဆက်ပေးကြတော့သည်။

စီမံကိန်းများကို အခန်းကဏ္ဍများစွာခွဲထား၏။ အဓိကအခန်းများမှာ ဆေးဝါးကုသရေးဆိုင်ရာနှင့် လူမှုမြှင့်တင်ရေးဖြစ်သည်။ မကြာခင်တွင် ရရှိထားသော ထောက်ပံ့ငွေပမာဏကို ကြေညာကြတော့ပေမည်။ ဤအပိုင်းနှင့်သက်ဆိုင်သောကုမ္ပဏီများအတွက်မူ ဤသည်မှာ လှပပြီး ဂုဏ်အသရေဆောင်သောအရာဖြစ်၏။ ထို့ကြောင့် ယခင် ပရဟိတရန်ပုံငွေပွဲများထက် ဤစီမံကိန်းသည် များစွာပိုကြီးမားသည့်အလျောက် ရရှိထားသော ထောက်ပံ့ငွေပမာဏမှာလည်း ယခင်ကထက် ဆယ်ဆများလေသည်။ ဤလုပ်ငန်းရှင်များဆီမှ ရရှိထားသောငွေအပြင် အစိုးရဘက်မှလည်း ငွေများထောက်ပံ့သဖြင့် ပွဲပြီးလျှင် အများအာရုံစိုက်စရာကြေညာချက်ဖြစ်ပေမည်။

အစောပိုင်းက အဖြစ်အပျက်များအပြီးတွင် မဒမ်ဝမ်နှင့် အခြားအမျိုးသမီးများသည် မိမိတို့ခင်ပွန်းများအား အဖော်ပြုရန်ထွက်သွားကာ အလွန်ငြိမ်ကျသွားတော့၏။ သို့ရာတွင် သူတို့သည် ရှန်ရှီအား စိတ်ပျက်အေးစက်သောအကြည့်များဖြင့် ကြည့်လိုက်ကြသေးသည်။

ထို့အပြင် သူတို့သည် အစောပိုင်းက ကျင်းယွင်ကျောင်း၏အကြောင်းကိုလည်း သိချင်မိသေးသည်။ ထိုငွေသန်းရှစ်ဆယ်မှာ လုပ်ကြံပြောထားခြင်းလော၊ အစစ်အမှန်လော သိချင်နေကြပေသည်။

စီမံကိန်းမိတ်ဆက်အား ပြောကြားပြီးသောအခါ စင်မြင့်အောက်မှ လူများသည် သူတို့၏လက်ကိုင်ကတ်ပြားများကို မြှောက်လိုက်ကြ၏။ သူတို့သုံးစွဲမည့်ပမာဏအား အရင်ဦးစွာ ခန့်မှန်းချေတွက်ပြီးမှ လူထုဆီသို့ ကြေညာလေမည်။ သူတို့၏သိက္ခာကိုငဲ့ကွက်ခြင်းတစ်မျိုးဖြစ်ပြီး အနာဂတ်တွင်လည်း ပေးချေလွှာအတွက် သက်သေရှိရန်ဖြစ်သည်။

“ပိုင်ချန်စီမံကိန်းမှ ယွမ်ရှစ်သန်း...”

“ဒါ့ကျင်းစက်မှုလုပ်ငန်းမှ ယွမ် ၁၁ သန်း...”

“‌ရေဒီယိုဖိုနစ် မီဒီယာဌာနမှ...ယွမ် ၂၀ သန်း...”

“ဟော်ရတနာလုပ်ငန်း..ယွမ် ၂၅ သန်း...”

...

“ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီ...ယွမ်သန်းရှစ်ဆယ်!”

...

ယွမ်သန်းတစ်ဆယ်-နှစ်ဆယ် အသံများကြားတွင် ရုတ်ချည်းဆိုသလို အလွန်ကြီးမားသောပမာဏတစ်ခုကို ကြေညာလိုက်ကြ၏။ လူတိုင်းနီးပါး ခေါင်းကိုလှည့်ကာ လူအုပ်ကြားထဲတွင် ထိုဆိုင်းဘုတ်ပြားအား ကိုင်ထားသော စားပွဲထိုးအား ရှာလိုက်ကြသည်။ သူတို့သည် စိတ်ထဲ၌ သံသယဝင်မိသွားတော့၏။ အစီအစဥ်မှူးမှ မှားခေါ်မိသလော?

ယွမ်သန်းရှစ်ဆယ်ဟူသည်မှာ နှစ်စဥ် ယွမ်ဘီလီယံချီရနေသောကုမ္ပဏီတစ်ခုအတွက် မိုးထိမြင့်မားသောပမာဏမဟုတ်ပေ။ သို့ရာတွင် မိမိအလိုရှိသလို လွှင့်ပစ်နိုင်လောက်သည်ထိ သေးငယ်သောပမာဏလည်းမဟုတ်ပါပေ။

ဤငွေပမာဏဖြင့်ဆိုလျှင် ကုမ္ပဏီတစ်ခုကိုပင် ဝယ်နိုင်၏။ ရက်ရောပေးကမ်းခြင်းမှာ အရေးကြီးသော်လည်း ဤမျှလောက်ပမာဏအား လှူဒါန်းပစ်လိုက်ခြင်းမှာ စိတ်ကူး၍မရနိုင်သောအရာဖြစ်ပေသည်။

ထို့အပြင် ဤကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီမှာလည်း တည်ထောင်ခါစကုမ္ပဏီဖြစ်၏။ ကုမ္ပဏီအသစ် စတင်လည်ပတ်လျှင် ငွေများစွာ လိုအပ်တတ်သည်မှာ သဘာဝမဟုတ်လော။

သို့ရာတွင် လှည့်ကြည့်လိုက်ကြသောအခါ အားလုံးသည် ၎င်းအား အနည်းငယ်ထူးဆန်းလှသည်ဟု တွေးမိသွားကြ၏။ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီ၏ဥက္ကဌမှာ အနည်းငယ်အူကြောင်ကြောင်နိုင်လှသည်။ သူ၏အရှေ့တွင် မိန်းကလေးငယ်တစ်ဦးကို ရပ်ခိုင်းထားပြီး သူကိုယ်တိုင်က လက်အောက်ငယ်သားတစ်ဦးကဲ့သို့ အနောက်တွင်နေနေ၏...

အစောပိုင်းက ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီ၏ဥက္ကဌအား မိန်းကလေးငယ်တစ်ဦးဖြစ်လောက်မည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့သည်။ ထိုစကားမှာ မှန်နေသလော?

ကျင်းယွင်ကျောင်းသည် သူမဆီသို့ဦးတည်လာသော လူကြီးများ၏အကြည့်ကို မရှောင်ဖယ်သလို သိပ်လည်းရှင်းပြမနေတော့ချေ။

သူမသည် ငွေနှင့်ပတ်သတ်လာလျှင် အစွဲအလမ်းမကြီးသောသူဖြစ်၏။ ဆေးဝါးကုမ္ပဏီအား စထောင်စဥ်ကလည်း ကောင်းမှုကုသိုလ်ပြုခြင်းဟုသာ စိတ်ထဲ၌တွေးမှတ်ထားသည်။ ဤငွေသန်းရှစ်ဆယ်မှာ ကုမ္ပဏီလည်ပတ်မှုအား တစ်ပြားသားမျှ မထိခိုက်ချေ။ ထိုအရာအားလုံးကို အစကတည်းက လှူလိုက်ရန် စဥ်းစားထားသောကြောင့် လှူလက်စဖြင့် လက်ဦးမှုယူပြီး လူများအာရုံစိုက်ခံရစေရန် လုပ်ရပေမည်။ သူမသည် မိမိနာမည်ဂုဏ်သတင်းကို မြှင့်တင်နိုင်ပြီး လိပ်ပြာသန့်စွာ ဆက်လက်နေထိုင်နိုင်မည်ဖြစ်သည်။

Space and Rebirth 916

ရှုယွမ်ထက်ပင်လျှင် သန်းရှစ်ဆယ်ကြောင့် အနည်းငယ်ထိတ်လန့်သွား၏။ သူသည် ကျင်းယွင်ကျောင်းအား နားမလည်နိုင်သောပုံဖြင့် ကြည့်လိုက်သည်။

ကျင်းယွင်ကျောင်းသာ အမှန်တကယ် သူ၏တူမဖြစ်နေလျှင် သူသည် ဤကိစ္စနှင့်ပတ်သတ်၍ ခံစားချက်ကောင်းနိုင်မည်မဟုတ်ပေ။ ဤကလေးသည် ယခုနှစ်မှ ၁၈ နှစ်သာရှိသေးသော်လည်း သူမအတွေးများမှာ နက်နဲလှပြီး သူမ၏လုပ်ရည်ကိုင်ရည်မှာလည်း တည်ငြိမ်လွန်းလှသည်။ ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် လက်ရှိအောင်မြင်မှုများကို သူမဆွတ်ခူးနိုင်လျှင် အတိတ်က သူမသည် အလွန်ဒုက္ခခံစားခဲ့ရသည်ဟူသော သဘောသက်ရောက်လေသည်။

ဤကုမ္ပဏီအား သူ၏ဖခင်အကူအညီမပါဘဲ ထောင်ခဲ့ကြောင်း သူယုံကြည်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်မှာ ထိုသို့သောလူစားမျိုးမဟုတ်သောကြောင့်ဖြစ်သည်။ သူသည် မိမိသားသမီးအရင်းများကိုပင် ဝင်စွက်ဖက်မှုမရှိဘဲ လွှတ်ပေးတတ်၏။ ကလေးများ၏ပါးစပ်ထဲသို့ အရန်သင့် ထမင်းခွံ့ကျွေးမည့်လူမဟုတ်ပါချေ။ အခြားသူများကိုသာ မှီခိုအားထားတတ်သောလူများကို သူအလွန်မုန်းတီးပေ၏။

သို့သော် သူမသည် ဤသို့ဖြစ်လေလေ ရှုမိသားစု၏သွေးပါသောသူတစ်ယောက်ဟု သူမြင်လာလေလေဖြစ်သည်။

သူ၏အသုံးမကျသောသားနှင့်ယှဥ်လိုက်လျှင် သူမသည် အဆပေါင်းများစွာသာလေသည်။

လူအုပ်များ၏သက်ပြင်းချသံများကြားတွင် ပရဟိတပွဲသည် ပြီးဆုံးသွားတော့၏။ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီသည် လူများစွာ၏အာရုံစိုက်ခြင်းကို ခံခဲ့ရလေသည်။

ထိုညက လူအများစုသည် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီအား စုံစမ်းခဲ့ကြ၏။ ထိုကုမ္ပဏီ၏ဥက္ကဌမှာ အမှန်တကယ်ပင် အလွန်တရာလှပသောမိန်းကလေးငယ်တစ်ဦးဟုတ်၊မဟုတ်ကို လူတိုင်းနီးပါးက သိချင်ခဲ့ကြသည်။ စိတ်မကောင်းစွာဖြင့် ရလဒ်မှာ အတူတူသာဖြစ်သည်။ ချင်းရွှေသည် မန်နေဂျာတစ်ဦးသာဖြစ်ကြောင်း သိလိုက်ရသော်လည်း သူ၏သူဌေးမှာမည်သူဖြစ်ကြောင်း သူတို့မရှာနိုင်ခဲ့ကြချေ။

ပွဲမှထွက်လာပြီးနောက် ကျင်းယွင်ကျောင်းသည် ကျောင်းသို့မပြန်ခဲ့ချေ။ ထိုအစား သူမသည် ရှုယွမ်ထက်၏ကားပေါ်တက်လိုက်၏။ ထိုညက နှစ်ဦးသားသည် ပွဲအပြီးတွင် မျိုးရိုးစစ်ဆေးရာဌာနသို့ တန်းသွားခဲ့လေသည်။

ရှုယွမ်ထက်သည် သူ၏အသိများကို ဆက်သွယ်ထားပြီး သူကိုယ်တိုင်သွားရောက်ခဲ့လေသည်။ သူ၏အကြည့်များမှာ လေးနက်နေသဖြင့် ကျင်းယွင်ကျောင်းအနည်းငယ်နေရခက်သွားသည်။ လူကြားထဲသူမပေါ်လာသည်နှင့် ရှုယွမ်ထက်သည် မျှော်လင့်ချက်များကြီးမားသွားမည်ဖြစ်ကြောင်း အကြီးအကဲရှုမှ သူမကိုပြောထားခဲ့သည်။ ဤအမျိုးသားသည် သူမအပေါ်ယဥ်ကျေးပြီး ပြောဆိုဆက်ဆံပုံမဆိုးလှချေ။ သို့ရာတွင် စစ်ဆေးချက်အပြီးတွင် သူသည် သေချာပေါက်စိတ်ပျက်သွားလိမ့်မည်။

ကျင်းယွင်ကျောင်းသည် ဤနေရာသို့ရောက်သောအခါ အနည်းငယ်ငူတူတူဖြစ်သွား၏။ သူမသည် မိဘအရင်းများရှာသည့်ကိစ္စနှင့်ပတ်သတ်၍ တစ်ကြိမ်တစ်ခါမျှ စိတ်အားမထက်သန်ခဲ့ဖူးချေ။ ထိုအရာမှာ အနည်းငယ်မှားနေခဲ့သလော?

သို့ရာတွင် သူမသည် နှစ်များစွာတစ်လျှောက် ကြုံဆုံခဲ့ရသည့်ကိစ္စများ များပြားလွန်းလှသဖြင့် သူမတစ်ခါမှမရရှိခဲ့ဖူးသော မိဘများအကြောင်း တွေးလိုက်သောအခါ စိတ်ဖိစီးမိပေသည်။ သူမ ရင်မဆိုင်ချင်သည့် တစ်ခုတည်းသောအရာဖြစ်၏။

သူမသည် မိမိ၏ခံစားချက်များကို ထိန်းချုပ်နိုင်ပြီး မိမိနှင့်သွေးမတော်သားမစပ်သည့် လူများအား ဖြေရှင်းကိုင်တွယ်တတ်သည်။ သို့ရာတွင် မိမိ၏မိသားစုဝင်ဖြစ်ပါက ထိုလူများအား အဘယ်သို့ပြောဆိုဆက်ဆံရမည်ကို မသိတော့ချေ။

ကျင်းယွင်ကျောင်းခါးသီးစွာပြုံးလိုက်၏။ သူမသည် အမှန်တကယ်ပင် မြို့တော်ဝန်ရှု၏ခံစားချက်ဓာတ်များ ကူးစက်သွားခဲ့ပေသည်။ ထို့ကြောင့်လည်း သူမသည် ရုတ်ချည်းဆိုသလို ခံစားချက်များပြင်းထန်သွားခြင်းဖြစ်၏။

ရှုယွမ်ထက်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် ရှုရှန်းလန်၏ဒီအန်အေ အစအနများကို သိမ်းထားခဲ့သည်။ ဆံချည်များ၊ သွေးများ စသည်တို့ဖြစ်၏။ အစက ကျင်းယွင်ကျောင်းသည် ဆံပင်တစ်ပင်ကိုသာ နှုတ်ပေးရန် ရှိသော်လည်း ရှုယွမ်ထက်မှာ အလွန်သတိကြီးပြီး သံသယများသူဖြစ်သည့်အလျောက် နောက်ဆုံးတွင် သူမ၏ဆံပင်သာမက သွေးစစ်ဆေးချက်ပါယူရန် ဆုံးဖြတ်လိုက်သည်။

သူ၏ရာထူးအာဏာနှင့်ဆိုလျှင် စောင့်ဆိုင်းချိန်ကာလသည် အခြားဆေးရုံများကဲ့သို့ ရက်လချီမည်မဟုတ်ချေ။ သို့တိုင်အောင် အစောဆုံးအနေဖြင့် သူသည် နောက်တစ်နေ့မနက် အရုဏ်တက်ချိန်ထိ စောင့်ရပေဦးမည်။

ကျင်းယွင်ကျောင်းမှ ဆံပင်နှင့်သွေးများကို ပေးလိုက်ပြီးနောက် ရှုယွမ်ထက်သည် သူမအား ထွက်သွားခွင့်မပေးချေ။

“ဓာတ်ခွဲဆောင်မှာ နားနေခန်းတစ်ခုရှိတယ်၊ အဲ့ထဲမှာ အရင်သွားနားနှင့်လိုက်ပါလား”

ရှုယွမ်ထက်ပြောလိုက်၏။

“မြို့တော်ဝန်ရှုရော ဘယ်မှာနေမှာလဲ? ကျွန်မတို့ ဒီမှာ ဘယ်အချိန်ထိစောင့်ရမှာလဲ?”

ကျင်းယွင်ကျောင်းအနည်းငယ် အံ့အားသင့်သွား၏။

“အင်း”

ရှုယွမ်ထက်သည် သက်မချကာ သူ၏နာရီပေါ်မှ အချိန်ကိုကြည့်လိုက်သည်။

“ကံကောင်းတာက အဖြေထွက်လာတာနဲ့ စာရွက်စာတမ်းတွေချက်ချင်းပို့ဖို့ လူတစ်ယောက်ကိုပြောထားတယ်၊ လုပ်လက်စနဲ့ အစအဆုံးကို လုပ်လိုက်ပါမယ်၊ ဒီအတောအတွင်း တစ်ခုခုလုပ်ရင်း အချိန်ဖြုန်းတာပေါ့”

သူသည် နှစ်ပေါင်းများစွာအတောအတွင်း အဘယ်သို့နေထိုင်ခဲ့သည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။ သူမျက်စိပိတ်လိုက်တိုင်းတွင် ရှန်းလန်မှ သူ၏လက်မောင်းကိုဆုပ်ကိုင်ကာ သူမအားလွှတ်ပေးရန် ပြောနေသည်ကို မှတ်မိလေ၏။

လီထျန်းယီမှာ လီမိသားစုဝင်တစ်ဦးဖြစ်သော်လည်း သူသည် ထိုလူတို့နှင့်မတူကြောင်း သူမပြောခဲ့သည်။ မြို့တော်ထဲတွင်ဆက်နေပြီး မိသားစုနှစ်စု၏ အငြိုးအတေးများကို ရင်ဆိုင်မည့်အစား မြို့တော်မှထွက်ပြီး အခြားနေရာတစ်ခုခုတွင် ငြိမ်းချမ်းသောဘဝကို ဖြတ်သန်းရသည်က ပိုကောင်းလိမ့်မည်ဟု သူမပြောခဲ့ပေသည်။

လီထျန်းယီနှင့် အတူမရှိနိုင်ပါက နှစ်ဦးသားသည် လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာက ကျင်းဝမ်ယွဲ့နှင့် မိုကျန်းယန်ကဲ့သို့ တစ်သက်လုံးစိတ်ဆင်းရဲရမည်ဟု သူမပြောခဲ့၏။

All Chapters